အောင်မြတ်သာနှင့် မြင်းဖြူကတဲ့ယာဉ်

အောင်မြတ်သာနှင့် မြင်းဖြူကတဲ့ယာဉ်
စာရေးဆရာ —ဇေယန(ရာမည)
+++++++++++

တပေါင်းလပြည့်နေ့ဖြစ်တဲ့အတွက် တိမ်သားကင်းစင်ပြီး ကြည်လင်တောက်ပနေတဲ့ သော်တာလမင်းကြီးရဲ့ အလင်းဓါတ်တွေက ဇလုပ်မြို့‌ပေါ်ကို ယိုဖိတ်ကျလျက်ရှိနေခဲ့တယ်။ အေးမြတဲ့လရောင်အောက်မှာတော့ ဇလုပ်မြို့သူ မြို့သားတွေက ဝတ်ကောင်းစားလှတွေဝတ်ဆင်ပြီး မြို့ဦးစေတီဘက်ကို ပျော်ရွှင်စွာ သွားလာနေကြတယ်။ အချို့ယောင်္ကျားလေးတွေကတော့ လမ်းမှာတွေ့တဲ့ မိန်းမပျိုလေးတွေကို ယဉ်ကျေးတဲ့အမူအယာနဲ့စနောက်ကြ ရယ်မောကြနဲ့ သွားလာနေကြသလို အချို့ကြတော့လဲ ကြင်သူရဲ့လက်ကိုဆွဲကိုင်ကာ နှစ်ယောက်တစ်ကမ္ဘာထင်ပြီး သွားလာနေကြတယ်။
များမကြာမီ မြို့ဦးစေတီရင်ပြင်တစ်ဝိုက်မှာ ဘုရားလာဖူးသူတွေပြည့်သွားခဲ့တယ်။ အချို့ တွေက အိမ်ကနေယူလာတဲ့ ဆီမီးတွေ၊ ပန်းတွေကို သင့်တင့်လျောက်ပတ်တဲ့နေရာမှာ ပူဇော်နေကြ တယ်။ ညရှစ်နာရီထိုးတော့ ရင်ပြင်တော်မှာရှိတဲ့ ဓမ္မာရုံကနေ အချက်ပေးခေါင်းလောင်းသံ တစ်ခု ထွက်ပေါ်လာခဲ့တယ်။
မြို့သူမြို့သားတွေလဲ ခေါင်းလောင်းသံကြားတာနဲ့ ရောက်တဲ့နေရာကနေ ဓမ္မာရုံရှိရာဘက်ကို စုပြုံတိုးဝှေ့လာခဲ့ကြတယ်။ ဓမ္မာရုံထဲမှာတော့ ဆန်အိမ်ပေါင်းများစွာကို ကျကျနနစီထားပြီး ဆန်အိတ်တွေအရှေ့မှာတော့ ခပ်ဝဝမျက်နှာချိုချိုနဲ့ မိန်းမကြီးတစ်ယောက်က ထန်းလက် ယပ်တောင်လေးကို တစ်ဖြတ်ဖြတ်ခပ်ပြီး စုရုံးတန်းစီနေကြတဲ့ လူအုပ်ကြီးကို ကြည့်နေခဲ့တယ်။ လူစုံလောက်ပြီဆိုတာနဲ့ မြို့ဦးစေတီဂေါပကဥက္ကဌကြီးက သံချေးတက်နေတဲ့မိုက်ကိုကိုင်ပြီး
“ ဇလုပ်မြို့သူ မြို့သားအပေါင်းတို့ ဒီနေ့က ကျုပ်တို့ဗုဒ္ဓဘာသာတွေရဲ့ အထွဋ်အမြတ် ထားရှိရာ တပေါင်းလပြည့်နေ့ပဲ ဖြစ်ပါတယ်။ အခုလို မင်္ဂလာကျက်သရေရှိတဲ့ နေ့ထူးနေ့မြတ်မှာ ဟောဒီမှာထိုင်နေတဲ့ သူဌေးမကြီးမစိန်ခင်က မြို့သူမြို့သားတွေကို တစ်အိမ်ထောင် ဆန်တစ်အိတ် နှုန်းပေးလှူသွားမှာဖြစ်ပါတယ်။ အိမ်ထောင်စုစာရင်းတွေကို ကျုပ်တို့ရထားပြီးဖြစ်လို့ အားလုံး မတိုး ကြပါနဲ့ ကျုပ်တို့နာမည်‌ခေါ်တဲ့လူက ရှေ့ထွက်လာခဲ့ပါ” လို့ပြောလိုက်တော့ ခုနက စုပြုံတိုးဝေ့ နေကြတဲ့ မြို့သူမြို့သားတွေဆီကနေ “ ဟေးးးး”ဆိုတဲ့အသံထွက်ပေါ်လာခဲ့တယ်။
ဥက္ကဌကြီးကလဲ လက်ထဲမှာကိုင်ထားတဲ့ အိမ်ထောင်စုစာရင်းထဲမှာပါတဲ့ နာမည်တွေကို‌ ခေါ်ကာ ဆန်အိမ်တွေဝေငှပေးခဲ့တယ်။ မြို့သူမြို့သားတွေကလဲ အမြဲတမ်းလိုလို အလှူအတန်းတွေ လုပ်ပေးတတ်တဲ့ သူ‌ဌေးမကြီးဒေါ်စိန်ခင်ရဲ့ နာမည်ကိုခေါ်ပြီး ဆုတောင်းမေတ္တာတွေ ပို့ပေးခဲ့ ကြတယ်။
ဒေါ်စိန်ခင်ဆိုတာက ဇလုပ်မြို့ရဲ့ အချမ်းသာဆုံးသူဌေးတစ်ဦးဖြစ်တဲ့အပြင် အလှူအတန်း ရက်ရောမှုကလဲ သူမတူခဲ့ဘူး။ စားစရာမရှိရင် ဒေါ်စိန်ခင်အိမ်ကိုသွားဆိုပြီး ပြောရ‌လောက်တဲ့ထိ ပေးလှူခဲ့တယ်။ ဒါကြောင့် မြို့သူမြို့သားတွေက ဒေါ်စိန်ခင်ကိုအတော်ချစ်ခင်ကြသလို လေးလဲ လေးစားခဲ့ကြတယ်။ အခုလဲ အယုတ်အလတ်အမြတ်မရွေးကို ဆန်အိမ်တွေလှူပေးပြီးတဲ့ အချိန်ရောက်တော့ ခေါင်းထဲရိပ်ခနဲ ဖြစ်လာပြီး မတ်တပ်ရပ်နေရာကနေ လဲကျသွားခဲ့တယ်။
ကံတရားကဆန်းကြယ်တယ်လို့ပဲပြောရမလား သေမင်းက အကောင်းကြိုက်တယ်ပဲ ပြောရမလားပဲ။ မူးပြီးလဲကျရာကနေ လုံးဝသတိပြန်မလည်လာတော့ပဲ ည၁၂နာရီတိတိမှာ ဘဝ တစ်ပါးကိုကူးပြောင်းသွားခဲ့တယ်။ သားသမီးဆွေမျိုးတွေကတော့ ရွှေတောင်ကြီးပြိုကျသလို စိတ်မကောင်းကြီးစွာဖြစ်ခဲ့ကြပြီး မြို့သူမြို့သားအပေါင်းကလဲ စုတ်တစ်သတ်သတ်နဲ့ ဂရုဏာ သက်ခဲ့ကြတယ်။
ဒေါ်စိန်ခင် အသုဘမြေချတော့ လိုက်ပို့ကြတဲ့လူအုပ်ကြီးက ဆယ်စုနှစ်အတွင်း အခမ်းနားဆုံး နာရေးတစ်ခုဖြစ်ခဲ့တယ်။ ရက်လည်ပြီးတဲ့အချိန်မှာတော့ ကျန်ခဲ့တဲ့ လုပ်ငန်းတွေကို သားသမီးတွေက ဆက်လက်ဦးစီးလုပ်ကိုင်ခဲ့ကြတယ်။ ဒေါ်စိန်ခင် ကိုယ်တိုင်ဦးစီးတဲ့ စိန်ခင် ဆေးလိပ်ခုံလုပ်ငန်းကိုတော့ အငယ်ဆုံးသမီးဖြစ်သူက တာဝန်ယူလုပ်ကိုင်ခဲ့တယ်။ စိန်ခင် ဆေးလိပ်ခုံဆိုတာက ဇလုပ်မြို့မှာအကြီးဆုံးဆေးလိပ်ခုံဖြစ်သလို အလုပ်သမအများဆုံး ဆေးလိပ်ခုံ လဲဖြစ်ခဲ့တယ်။ အချို့အလုပ်သမတွေဆိုရင် နေ့ချင်းပြန်လို့မရတဲ့အတွက် ဆေးလိပ်ခုံအနောက်မှာ ဆောက်ထားပေးတဲ့ တန်းလျားလေးမှာစုပြီးနေထိုင်ရတယ်။
ရက်လည်ပြီးလို့ဆယ်ရက်လောက်အကြာမှာတော့ တန်းလျားမှာနေတဲ့ မိငယ်ဆိုတဲ့ မိန်းကလေး ညဘက်အိမ်သာသွားရင်းမေ့လဲလို့ မနည်းနှာနှပ်ယူခဲ့ရတယ်။ မိငယ်သတိပြန်ရ လာတော့ အတူနေသူငယ်ချင်းတွေက
“ ကောင်မ နင်ဘယ်လိုဖြစ်တာလဲ ငါတို့က နင်သွားတာကြာလှချည်ရဲ့ဆိုပြီး လာကြည်တော့ နင်က အိမ်သာရှေ့မှာမေ့နေတာမြင်ရတာပဲ”
မိငယ်က သူငယ်ချင်းမိန်းကလေးတွေစကားကြောင့် ခဏစဉ်းစားလိုက်ပြီး
“ညက အလုပ်ကကျွေးတဲ့ ပဲဟင်းနဲ့ ငါးပိထောင်းစားပြီး ဗိုက်နာလာလို့ အိမ်သာသွားတာ ငါလဲ ပဲဟင်းတန်ခိုးနဲ့ ဇိမ်ကျနေတဲ့အချိန် အိမ်သာတံခါးကို လက်သည်းနဲ့လာကုတ်တဲ့အသံတစ်ခုကို ကြား လိုက်ရတယ် ငါလဲစိတ်ထင်တာဖြစ်မှာပါဆိုပြီး နေနေတုန်း နောက်ထပ်တစ်ခေါက်ထပ်ကြားလိုက် ရတယ်။ အဲဒါနဲ့ ကိစ္စကို အမြန်အဆုံးသတ်ပြီး အိမ်သာတံခါးကိုဖွင့်လိုက်တဲ့အချိန် အမလေးလေး ဆံပင်ကြီးဖားလားချပြီး အိမ်သာကိုကျောပေးပြီးရပ်နေတဲ့မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ် ငါလဲရုတ်တရက်မြင်လိုက်ရတော့ လန့်ဖြန့်ပြီးသတိလစ်သွားတာဖြစ်မယ် အခုပြောနေရင်းတောင် ကြက်သီးတွေထလာပြီ”
မိငယ်ကပြောပြီးတာနဲ့ အိပ်ယာပေါ်ကိုသွားကာ စောင်ကိုခေါင်းမြီးခြုံပြီး အိပ်နေလိုက်တယ်။ နောက်တစ်နေ့မနက်ရောက်တော့ မိငယ်ညကသရဲခြောက်ခံရတယ်ဆိုတဲ့ သတင်းက ဆေးလိပ်ခုံ တစ်ခုလုံးပျံ့သွားခဲ့တယ်။ အချို့တွေကတော့ ယုံကြည်ကြသလို အချို့တွေကလဲ မယုံကြည်ကြဘူး။ အဲဒီထဲမှာမှ စနေမဆိုတဲ့မိန်းကလေးက
“ အမြဲတမ်းလိုလို သံဃာတော်တွေပင့်ပြီး တရားနာနေတဲ့ ငါတို့ဆေးလိပ်ခုံမှာ သရဲရှိပါ့မလား မိငယ်ကို တစ်ယောက်ယောက်က စနောက်ပြီး ခြောက်လှန့်လိုက်တဲ့အချိန် ဟိုက သတိလစ်သွားတော့ သူ့ဘက်အမှုပတ်မှာဆိုးပြီး မပြောတာဖြစ်မှာပါ” ဆိုပြီးပြောလိုက်တော့မှ ကျန်တဲ့သူတွေအားလုံး အကြောက်တရားတွေပြေပျောက်သွားခဲ့တယ်။
ညသန်းခေါင်အချိန်ရောက်တော့ စနေမတစ်ယောက် ဗိုက်ထဲကနေ ရစ်ပြီးနာလာခဲ့တယ်။ အဲဒါနဲ့မထူးပါဘူးဆိုပြီး ရေနံဆီမီးအိမ်ကို အလင်းမြှင့်လိုက်ကာ အိမ်သာရှိတဲ့ဘက်ကို ထွက်လာ ခဲ့လိုက်တယ်။ အိမ်သာက တန်လျားနဲ့ ပေတစ်ရာလောက်ဝေးတဲ့အတွက် ညဘက်လက်နဲ့ မီးအိမ်ကို ကိုင် ဘယ်ဘက်လက်နဲ့ ဗိုက်ကိုပွတ်ပြီး လမ်းလျောက်လာတဲ့အချိန် အနောက်ကနေ လိုက်လာတဲ့ ခြေသံကို ကြားလိုက်ရတယ်။
ခြေသံက အနောက်ကနေ ထင်ထင်ရှားရှားကြီးထွက်လာတာမို့ တော်ရုံမ‌ကြောက်တတ်တဲ့ စနေမ ကြက်သီး‌မွှေးညှင်းတွေထလာပြီး ခေါင်းတစ်ခုလုံးကြီးသွားခဲ့တယ်။ အဲဒီအချိန် ဗိုက်ထဲကလဲ ရစ်ပြီးထပ်နာလာတာမို့ အနောက်ကိုလှည့်မကြည့်ရဲပဲ အိမ်သာရှိတဲ့ဘက်ကိုခပ်သုတ်သုတ် လျောက်လာခဲ့တယ်။ အိမ်သာရှေ့ကိုရောက်တော့ အေးစက်စက်အရာတစ်ခုက စနေမရဲ့ အင်္ကျီစကို လာထိပြီး အရှေ့ကိုဆက်သွားလို့မရအောင်ဖြစ်နေခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ကြောက်စိတ်က ငယ်ထိပ်ထိတက်ဆောင့်ပြီး မေးဖျားတွေပါရိုက်လာ ခဲ့တယ်။ စနေမလဲ ဆက်သွားလို့မရတဲ့အခြေအနေမို့ ကိုယ့်စိတ်ကိုအားတင်းပြီး အနောက်ကို လှည့်ကြည့်လိုက်တဲ့အချိန် အိမ်သာအရှေ့မှာပေါက်နေတဲ့ ဇီးကိုင်းက အင်္ကျီစကိုလာချိတ်ပြီး ဆွဲထားသလိုဖြစ်နေတာမြင်လိုက်ရတယ်။
အဲဒီတော့မှ သက်ပြင်းချနိင်ပြီး အိမ်သာထဲကို ဝင်လာခဲ့လိုက်တယ်။ တစ်ခါမှညဘက်တွေ အိမ်သာမတက်ဘူးတဲ့ စနေမတစ်ယောက် ဒီလိုအဖြစ်တွေကြားပြီးခါမှ အိမ်သာတက်ချင်လာရတဲ့ အကြောင်းကိုတွေးပြီး တနုံ့နုံ့ဖြစ်နေတုန်း အိမ်သာရှေ့ကနေ လမ်းလျောက်ပြီး ဖြတ်သွားတဲ့ ခြေသံတစ်ခုကိုကြားလိုက်ရတယ်။
“ဟေ့ ဘယ်သူလဲ အိမ်သာထဲမှာ လူရှိတယ်နော်။ အေးသီလား စန်းဝင်းလား နင်တို့နော် ငါ့ကို မခြောက်ကြနဲ့ “
စနေမက သူ့ကိုစနေကြ သူငယ်ချင်းတွေထင်ပြီး အော်ပြောလိုက်တဲ့အချိန် ခြေသံက ရပ်သွားခဲ့တယ်။ ခဏနေ‌တော့ အိမ်သာထရံကို လက်နဲ့လာပုတ်တဲ့အသံကိုကြားလိုက်ရတယ်။ ပထမအကြိမ်လာပုတ်တော့ စနေမက သူ့ကိုစနေတယ်ထင်ပြီး လှမ်းဆဲလိုက်သေးတယ်။ ဒုတိယအကြိမ်ရောက်တော့ ပုတ်တဲ့အသံက ကျယ်လာခဲ့တယ်။ ဒီတစ်ခါတော့ အနည်ထိုင်နေတဲ့ ကြောက်စိတ်တွေ တစ်ကိုယ်လုံးကိုစီးဆင်းသွားပြီး ခြေဖျားလက်ဖျားတွေကအစ တုန်ရီလာခဲ့တယ်။ စနေမလဲ ကိစ္စပြီးတာနဲ့ အိမ်သာတံခါးကိုဖွင့်မလို့အလုပ် မိငယ်ပြောတဲ့စကားက နားထဲဝင်လာ ခဲ့တယ်။
“ မဖြစ်ဘူး ငါအိမ်သာတံခါးဖွင့်လိုက်လို့ ဆံပင်ကြီးဖားလျားချပြီး ရပ်နေတာမြင်ရင် ငါသေ သွားလိမ့်မယ် ငါဘယ်လိုလုပ်ရမလဲ။ မဖွင့်လို့ကလဲမရဘူး ငါနှော် စိတ်တွေအတော်ဆင်းရဲလာပြီ”
စနေမက တစ်ယောက်ထဲ ရေရွတ်လိုက်တဲ့အချိန် ခြောက်ကပ်ကပ်ရယ်သံတစ်ခုက အိမ်သာ အနီးတစ်ဝိုက်ကနေ ထွက်လာခဲ့တယ်။
“ ဒီတိုင်းမိုးလင်းတဲ့ထိနေဖို့ကလဲ မဖြစ်နိုင်ဘူး မထူးပါဘူးလေ ဖြစ်ချင်ရာဖြစ်”ဆိုပြီး သံဗုဒ္ဓေ ဂါထာကိုရွတ်ပြီး တံခါးဖွင့်လိုက်တဲ့အချိန် အိမ်သာအပြင်ကနေ ဖြတ်ပြေးသွားတဲ့ ခွေးတစ်ကောင်ကို မြင်လိုက်ရတယ်။
“ ဟင်း လက်စသတ်တော့ ညိုနက်ကိုး ဒင်းကို ငါက သရဲထင်နေတာ ဟီးဟီး “
စနေမက ကျေနပ်သွားတဲ့ဟန်နဲ့ အိမ်သာထဲကနေထွက်လာပြီး တန်းလျားကိုပြန်ဖို့ အလုပ် –
“ စ စ နေ နေ မ” ဆိုတဲ့အသံက ကျောအနောက်ဘက်ကနေ ထွက်လာခဲ့တယ်။
စနေမလဲ သူ့နာမည်ခေါ်တဲ့အသံကြောင့် ရုတ်တရက်အနောက်လှည့်ကြည့်လိုက်တဲ့အချိန် တစ်ကိုယ်လုံးပုတ်ပွပြီး အပုတ်ရည်တွေ တစ်တောက်တောက်ကျနေတဲ့ မိန်းမတစ်ယောက်ကို တွေ့ လိုက်ရတယ်။ ဒီတစ်ခါမှာတော့ စနေမ တစ်ယောက် လက်ထဲမှာကိုင်ထားတဲ့ မီးအိမ်ကို လွှတ်ချပြီး ငယ်သံပါအောင်အော်ပြေးပါလေရော။ စနေမအော်သံကြောင့် တန်းလျားထဲမှာ အိပ်နေတဲ့လူတွေ ထွက်လာပြီး ကြည့်လိုက်တော့ မျက်ဖြူလန်ကာ အမောဖောက်နေတဲ့ စနေမကိုတွေ့လိုက်ရတယ်။ တတ်သိနားလည်တဲ့ အသက်ကြီးကြီးမိန်းမတွေက သတိရအောင်ပြုစုပြီးတဲ့အချိန် တစ်ကိုယ်လုံး ပူကျစ်လာပြီး ကြောက်ဖျားဖျားပါလေရော။
အလုပ်သမတွေကတော့ အခြေအနေကို ကြည့်ပြီး ပိုင်ရှင်ကိုပြောဖို့လုပ်ထားပေမယ့် မိငယ်နဲ့စနေမနှစ်ယောက် ကြုံပြီးတဲ့နောက် ဘာသံမှမကြားရတော့ပဲ ငြိမ်သွားခဲ့တယ်။ တစ်ပတ် လောက်ကြာတော့ ခြောက်လှန့်တဲ့ကိစ္စက ထပ်ပြီးပေါ်လာခဲ့တယ်။
လူခြေတိတ်နေချိန် တန်လျားအပြင်ဘက်ကနေ လက်နဲ့လာပုတ်လိုက် အပုတ်နံ့ပေးလိုက် ခြင်ထောင်ခြေရင်းမှာလာရပ်လိုက်နဲ့ဖြစ်လာတော့ အလုပ်သမတွေမနေရဲတော့ပဲ ဆေးလိပ်ခုံကို ဦးစီးလုပ်ကိုင်နေတဲ့ အစ်မရွှေခင်ကို အကျိုးအကြောင်းပြောပြတော့
“ နင်တို့စိတ်ထင်တာဖြစ်မှာပါ ဒီလိုအဖြစ်မျိုး ဘယ်တုန်းကကြုံဖူးလို့လဲ ငါက ဒီဆေးလိပ်ခုံမှာ ကြီးလာတာပါ နင်တို့ပြောတဲ့စကားတွေက ဆုံးသွားတဲ့ငါ့အမေကို စော်ကားသလိုဖြစ်နေတယ် နောက်တစ်ခါထပ်ပြောရင် နင်တို့အထုပ်ပြင်ပြီး ပြန်ဖို့ပြင်ထား” ဆိုပြီးပြောခဲ့တယ်။
အလုပ်သမတွေကလဲ ဒီအလုပ်တစ်ခုနဲ့ အသက်မွေးနေရတာဖြစ်လို့ ထွက်ဖို့မဖြစ်နိုင်တဲ့ အတွက် စကားပြောဆင်ခြင်ကြဖို့ တစ်ယောက်နဲ့တစ်ယောက်မှာပြီး ဆက်နေထိုင်ခဲ့ကြတယ်။ ခြောက်လှန့်မှုကလဲ တစ်ရက်ထက် တစ်ရက်ပိုပိုဆိုးလာသလို ပိုပြီးလဲကြမ်းတမ်းလာခဲ့တယ်။ တစ်ခါတစ်လေ တန်းလျားအရှေ့ဘက်မှာလျောက်သွားနေတဲ့ မိန်းမတစ်ယောက်ကိုမြင်ရပြီး တစ်ခါ တစ်လေကြတော့လဲ ဆေးလိပ်ခုံအရှေ့အုတ်ခုံမှာ ငုတ်တုတ်ထိုင်နေတတ်တဲ့ မိန်းမတစ်ယောက်ကို မြင်တွေ့ခဲ့ကြတယ်။ ဇလုပ်မြို့မှာရှိကြတဲ့သူတွေကတော့ သူဌေးမကြီးက မကျွတ်လွတ်ပဲ သူလုပ်ကိုင်ခဲ့တဲ့ ဆေးလိပ်ခုံကိုစွဲနေတယ်ဆိုပြီးပြောကြပေမယ့် သားသမီးတွေကတော့ ကောင်းမှု ကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့သူတို့မိခင်က ဒီလိုဘဝမျိုးဘယ်တော့မှရောက်မှာမဟုတ်ဘူးဆိုပြီး ပြောရာကနေ အလုပ်သမတွေနဲ့ စကားအခြေအတင်ဖြစ်တဲ့ထိ ပြင်းထန်လာခဲ့တယ်။
အချို့အလုပ်သမားတွေက ခြောက်လှန့်မှုကို သည်းမခံနိုင်တော့တဲ့အတွက် အလုပ်ကနေ အပြီးတိုင်ထွက်သွားခဲ့ကြတယ်။ ဒီလိုနဲ့ နှစ်လလောက်ကြာတော့ နယ်ကလာလုပ်ကြတဲ့ အလုပ်သမ တွေထဲမှာ ခင်ဖြူဆိုတဲ့ ကလေးမလေးတစ်ဦးသာကျန်ရှိခဲ့တယ်။ ကျန်တဲ့အလုပ်သမားတွေက မြို့ပေါ်ကဖြစ်တဲ့အတွက် အလုပ်ပိတ်ချိန်ဆိုရင် မိမိတို့နေတဲ့အိမ်အသီးသီးကိုပြန်သွားကြတဲ့အတွက် ညဘက်ရောက်ရင် တန်းလျားထဲမှာ ခင်ဖြူတစ်ယောက်သာ ကျန်ရှိခဲ့တယ်။ ခုံပိုင်ရှင်ကတော့ ခင်ဖြူ အလုပ်ထွက်လဲ မြို့ထဲမှာအလုပ်လိုချင်တဲ့သူတွေရှိနေတာပဲဆိုတဲ့ သဘောနဲ့ နေထိုင်လို့အဆင်ပြေ မပြေဆိုတာကို တစ်ခွန်းမှမေးဖော်မရခဲ့ဘူး။
ခင်ဖြူကလဲ သူအလုပ်ထွက်ရင် နေထိုင်မကောင်းတဲ့ မိဘတွေဆေးဖိုးမရှိတော့မှာ စိုးရိမ်ပြီး ကြောက်တဲ့စိတ်ကိုအားတင်းကာ တန်းလျားထဲမှာ တစ်ယောက်ထဲအံကြိတ်ကာနေထိုင်ခဲ့တယ်။ ညဘက်တွေဆိုရင် တန်းလျားအပြင်ဘက်ကနေ တဟီးဟီးနဲ့ ငိုနေတဲ့အသံကို နေ့တိုင်းလိုလို ကြားခဲ့ရတယ်။ တစ်ခါတစ်လေ အပြင်ကိုထွက်လာဖို့ ခေါ်နေတဲ့အသံတွေကိုလဲ ကြားခဲ့ရတယ်။ ခင်ဖြူက ညတိုင်းညတိုင်း ခြောက်လှန့်မှုတွေကို ကြုံနေရတော့ မိုးချုပ်မှာကိုတောင် ကြောက်ရတဲ့ အထိဖြစ်လာခဲ့တယ်။ တစ်နေ့မှာတော့ ခင်ဖြူအိပ်ပျော်နေတုန်း ယောဂီဝတ်စုံကို ကျနစွာဝတ်ထား တဲ့ လူတစ်ယောက်ကိုအိမ်မက်ထဲမှာမြင်လိုက်ရတယ်။ အရပ်က ခြောက်ပေနီးပါးလောက်မြင့်ပြီး ဖြောင့်တန်းစွာသွယ်ကျနေတဲ့နှာခေါင်း၊ ဘေးကိုကားနေတဲ့ ပါးရိုးတွေအပြင် ကြည်လင်တောက်ပ နေတဲ့မျက်ဝန်းတွေပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က ခင်ဖြူကို စူးစိုက်ကြည့်ပြီး
“ သမီး အရမ်းကြောက်နေပြီလား ဒါတွေက ကြောက်စရာလို့ထင်ရပေမယ့် တကယ်တော့ ကြောက်စရာမဟုတ်ပါဘူး သူတို့ဘဝတွေက အရမ်းသနားဖို့ကောင်းပါတယ် အထက်ဆရာကြီး တွေက မိဘကိုလုပ်ကျွေးနေတဲ့သမီးကို ကူညီဖို့ ဆရာတို့ကိုစေလွှတ်ထားပါတယ် ဒါကြောင့် ဆရာ အခုပေးတဲ့ဂါထာကို ညမှောင်စပျိုးတာနဲ့ သမီးရွတ်ပါ ထူးခြားလာပါလိမ့်မယ်” လို့ပြောကာ ပါဋိဂါထာတော်တစ်ပုဒ်ကိုရွတ်ပြကာပျောက်ကွယ်သွားခဲ့တယ်။
ခင်ဖြူအိမ်မက်မက်ပြီး လန့်နိုးလာတော့ အိမ်မက်ထဲကလူရွတ်ပြတဲ့ ဂါထာက နားထဲမှာ ကြားယောင်နေဆဲဖြစ်တဲ့အတွက် မီးအိမ်ကိုအလင်းမြှင့်ကာ အိပ်ယာဘေးမှာချထားတဲ့ စာရွက်နဲ့ခဲတံကိုကောက်ကိုင်ပြီး ရေးချလိုက်တယ်။ ခင်ဖြူ ငယ်စဉ်က ရွာဦးဆရာတော်ထံမှာ ပါဋိစာပေ တွေကိုသင်ကြားခဲ့တဲ့အတွက် အိမ်မက်ထဲက လူရွတ်ပြတဲ့ဂါထာကို အခက်အခဲမရှိ ရေးမှတ်ထားနိုင်ခဲ့တယ်။ ခင်ဖြူလဲ စက္ကူပေါ်မှာရေးထားတဲ့ ဂါထာကို အစမ်းအနေနဲ့ ရွတ်ဖတ် လိုက်တဲ့အချိန် တန်းလျားအပြင်ဘက် လူတစ်ယောက် ကြောက်လန့်တစ်ကြားထွက်ပြေးသွားတဲ့ ခြေသံကို ကြားလိုက်ရတယ်။
အဲဒီနေ့ကစပြီး စာအုပ်ထဲမှာရေးထားတဲ့ ဂါထာကို ညမှောင်စပျိုးတာနဲ့ ရွတ်ဖတ်ခဲ့တယ်။ ဂါထာစရွတ်တဲ့အချိန်ကနေစပြီး တန်းလျားဘက်မှာ ဘာတစ်ခုမှမကြားရတော့ပဲ ငြိမ်သက်သွား ခဲ့တယ်။ တန်းလျားဘက်မှာ ငြိမ်တော့ ဆေးလိပ်ခုံဘက်မှာ ထူးခြားလာပြန်ရော။ အရင်က ညဘက် တွေသာ ခြောက်လှန့်မှုတွေရှိခဲ့ပေမယ့် အခုဆို နေ့လည်ဘက်တွေတောင် မထင်ရင် မထင်သလို ခြောက်လှန့်လာခဲ့တယ်။
ပိုင်ရှင်အစ်မကတော့ အစက သိပ်မယုံပေမယ့် အပြောများလာတော့ တစ်ဖြေး‌ဖြေး ယုံချင် သလိုဖြစ်လာခဲ့တယ်။ တစ်ရက်မှာတော့ သူကိုယ်တိုင် ယုံကြည့်ရလောက်တဲ့အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။
ရွှေခင်လဲ သင်္ကြန်တွင်းပိတ်ရက်ဖြစ်တဲ့အတွက် ဆေးလိပ်ခုံကို ပိတ်ထားပြီး အိမ်မှာပြန် နားကာ သင်္ကြန်အပြီးပေးရမယ့် အော်ဒါစာရင်းတွေကိုပြုစုနေခဲ့တယ်။ စာရင်းလုပ်နေရင်း ဦးဆန်းလွင်တို့အိမ်ကိုနှစ်ဆန်း တစ်ရက်နေ့အရောက် ဆေးလိပ်အစည်း၁၀၀ပေးဖို့ကျန်နေတာ သတိထားမိသွားတယ်။ သင်္ကြန်တွင်းဖြစ်လို့ အလုပ်သမားတွေလဲ မရှိတာနဲ့ အိမ်နံရံမှာ ချိတ်ထားတဲ့ ခြံသော့ကိုယူကာ ဆေးလိပ်ခုံကိုတစ်ယောက်ထဲထွက်လာခဲ့လိုက်တယ်။
ဆေးလိပ်ခုံရောက်တော့ ပါလာတဲ့သော့နဲ့ဖွင့်လိုက်ပြီး အထဲမှာအသင့်ရှိနေတဲ့ ဆေးလိပ်အစည်း ၁၀၀ကိုဝင်ယူဖို့အလုပ် ဆေးလိပ်သမတွေ အလုပ်လုပ်တဲ့ခုံပေါ်မှာ သီချင်းလေး ညီးပြီး ဆေးလိပ်လိပ်နေတဲ့ မိန်းမတစ်ယောက်ကို ကျောပေးတဲ့အနေအထားနဲ့တွေ့လိုက်ရတယ်။ တံခါးပိတ်ထားချိန် အထဲမှာ တစ်ယောက်ထဲထိုင်ပြီး ဆေးလိပ်လိပ်နေတဲ့မိန်းမတစ်ယောက်ကို တွေ့တော့ ခေါင်းနပန်းတွေကြီးသွားကာ ထွက်ပြေးဖို့အလုပ် အမှိုက်တွေထည့်တဲ့ခြင်းနဲ့ခလုပ်တိုက် မိကာ အနောက်ကိုလန်ကျသွားခဲ့တယ်။
အမှိုက်ခြင်းတွေလဲကျသွားတဲ့အသံကြောင့် ဆေးလိပ်လိပ်နေတဲ့ မိန်းမကြီးက ညီးနေတဲ့ သီချင်းကိုဆက်မဆိုတော့ပဲရပ်လိုက်ပြီး ခေါင်းကိုအနောက်ဘက်တစ်ဖြေးဖြေးလှည့်လာခဲ့တယ်။ ခန္ဓာကိုယ်က အရှေ့မှာကျန်နေပြီး မျက်နှာကအနောက်ရောက်လာတဲ့ အဖြစ်ကိုမြင်တော့ ရွှေခင် တစ်ယောက် တစ်ကိုယ်လုံးလှုပ်ရှားလို့မရတော့လောက်အောင် ကြောက်လန့်သွားခဲ့တယ်။
မျက်နှာတစ်ခုလုံးဖောသွပ်နေပြီး မျက်လုံးအိမ်ထဲက အပုတ်ရည်တွေစီးကျနေတဲ့ မိန်းမကြီးက ရွှေခင်ကိုမြင်တော့ မတ်တပ်ထရပ်လိုက်ပြီး ပြုံးပြလိုက်ရာ ပါးစပ်က နားရွက်အထိ ပြဲထွက်သွားခဲ့တယ်။ ထိတ်လန့်ဖွယ်အဖြစ်အပျက်ကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ ရွှေခင်က ရှိတဲ့အားတွေကိုစုစည်းကာ မတ်တပ်ထရပ်လိုက်ပြီး ခြံအပြင်ဘက်ကို သွေးရူးသွေးတန်းထွက်ပြေး ပါလေရော။
“သရဲ သရဲ သရဲ ကယ်ကြပါဦး”
ရွှေခင်ရဲ့ငယ်သံပါအောင်အော်တဲ့အသံကြောင့် လမ်းသွားလမ်းလာတွေနဲ့ အနီးအနားက လူတွေထွက်လာတော့ ခြံဝမှာသတိလစ်မေ့မျောနေတဲ့ ရွှေခင်ကိုတွေ့လိုက်ရတယ်။ အဲဒီအဖြစ် အပျက်တွေအပြီးမှာတော့ ဆေးလိပ်ခုံကိုဘယ်အလုပ်သမမှမလာရဲတော့ပဲ ပိတ်လိုက်ရတဲ့ထိ ဖြစ်သွားခဲ့တယ်။ သင်္ကြန်တွင်း အိမ်ပြန်သွားခဲ့တဲ့ခင်ဖြူက ဒီအဖြစ်အပျက်တွေကို မသိပဲ အလုပ်ဆင်းဖို့ ဆေးလိပ်ခုံရှိရာကိုပြန်လာတော့ သော့ခတ်ထားတဲ့ခြံတံခါးဝမှာ လူသုံးယောက် မတ်တပ်ရပ်ပြီး အထဲကိုစူးစိုက်ကြည့်နေတာမြင်လိုက်ရတယ်။
“ဒီအချိန်ထိ ဆေးလိပ်ခုံမဖွင့်‌သေးပဲ ဘာလုပ်နေလဲမသိပါဘူး”
ခင်ဖြူကတစ်ယောက်ထဲ တီးတိုးရေရွတ်ရင်း ခြံတံခါးဝမှာရပ်ကြည့်နေတဲ့ လူသုံးယောက်ရှိရာ ဘက်ကိုလျောက်လာလိုက်တယ်။ ခြံဝကိုရောက်တော့ ရပ်ကြည့်နေတဲ့ လူတွေက ခင်ဖြူဘက်ကို လှည့်လာပြီး
“ကလေးမ အလုပ်လာဆင်းတာလား ဒီဆေးလိပ်ခုံက သင်္ကြန်တွင်းထဲကပိတ်ထားတာ မသိဘူးလား”လို့ပြောလိုက်တော့ ခင်ဖြူအံ့သြသွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူအိမ်မက်ထဲမှာ တွေ့ခဲ့တဲ့လူက အခုသူ့အရှေ့မှာရှိနေလို့ပဲ။
“ အစ်ကိုတို့ကို အိမ်မက်ထဲမှာ တစ်ခါတွေ့ဖူးသလိုပဲ ညီမကို ဂါထာတစ်ပုဒ်ပေးခဲ့တာလေ ဟုတ်တယ်မလား”
ခင်ဖြူစကားကြောင့် ယောင်္ကျားပီသတဲ့မျက်နှာကျရှိတဲ့ လူက နှစ်လိုဖွယ်အပြုံးကို ပြုံးလိုက်ပြီး
“ဟုတ်တယ် ညီမကို ဂါထာတစ်ပုဒ်ပေးခဲ့တာအစ်ကိုပါပဲ အခု ဒီနေရာက ညီမတို့လို မိန်းမသားတွေမနေသင့်တဲ့နေရာတစ်ခုဖြစ်နေပြီ လောလောဆယ်ရွာကိုခဏပြန်လိုက်ပါဦး လမ်းစရိတ်နဲ့ အိမ်သုံးစရိတ်အတွက် ဒီငွေတွေကိုယူသွားပါ”လို့ပြောပြီး လွယ်အိတ်ထဲကနေ ပိုက်ဆံအချို့ကိုထုတ်ပေးလိုက်တယ်။
ခင်ဖြူက သူ့ကိုကမ်းပေးတဲ့ ငွေစက္ကူကို လက်ဖျားနဲ့တောင်မတို့ပဲ –
“မဟုတ်တာအစ်ကိုတို့ရယ် ညီမက သူတစ်ပါးပစ္စည်းကို အလကားမယူချင်ပါဘူး မယူပါရစေနဲ့နော်”လို့ပြောတော့ လူသုံးယောက်က သဘောကျစွာရယ်လိုက်ပြီး
“ ညီမကို အလကားပေးတာမဟုတ်ပါဘူး အစ်ကိုတို့သိချင်တဲ့ အရာတစ်ခုကို ဖြေနိုင်မှ ဒီငွေ တွေကိုပေးမှာပါ”   “ဟင် အစ်ကိုတို့က ဘာကိုသိချင်တာလဲဟင်”
“ဒီဆေးလိပ်ခုံ ပိုင်ရှင်နေတဲ့ အိမ်ကိုသိချင်တာပါ ညီမသိတယ်မဟုတ်လား”
“ အော် ဒီဆေးလိပ်ခုံပိုင်ရှင်က ဦးဖိုးဖြူလမ်းမှာနေတယ် အစ်ကိုတို့သွားချင်ရင် ညီမ လိုက်ပို့ပေးမယ်လေ”
“ ရတယ်ညီမ ဒီလောက်ဆို အစ်ကိုတို့သိပါပြီ ဒီငွေတွေကိုယူပြီး အိမ်ကိုပြန်သွားပါ နောက် သုံးရက်နေရင် ပြန်တက်လာခဲ့လို့ရပြီ”
ခင်ဖြူလဲ အိမ်မက်ထဲမှာမြင်တွေ့ခဲ့ရတဲ့ လူထူးဆန်းစကားကို ငြင်းဆန်နိုင်စွမ်းမရှိတော့ပဲ ငွေစက္ကူအချို့ကိုလက်ခံကာ ရွာကိုပြန်သွားခဲ့တယ်။

+++++++++++

ဦးဖြူလမ်းမှာရှိတဲ့ အုတ်ခံနှစ်ထပ်တိုက်အထဲမှာတော့ အဖျားတက်ပြီး အိပ်ယာထဲ လဲနေတဲ့ လူမမာဘေးမှာ သတင်းပေးလာကြတဲ့ မြို့ခံသူဌေးတွေက သုံးယောက်ထက်မနည်းရှိနေခဲ့တယ်။ လူမမာကတော့ သတင်းလာမေးကြတဲ့ ဧည့်သည်တွေကို စကားအနည်းငယ်ပြောပြီးတဲ့အချိန် ကိုယ်ထဲကနေချမ်းစိမ့်ပြီးတက်လာတာကြောင့် ဘေးမှာရှိတဲ့ရေနွေးခွက်ထဲက ရေအနည်းငယ်ကို သောက်ပြီး မှိန်းနေလိုက်တယ်။
“ မမလေး မမလေး အိမ်အောက်မှာ ဧည့်သည်သုံးယောက်ရောက်နေတယ် မမလေး ဖြစ်နေတဲ့ရောဂါကိုကုပေးမလို့ဆိုပြီးပြောတယ်”
“ ဘယ်က ဆေးဆရာတွေလဲ ငါလဲမခေါ်ထားပါဘူး သွား သွား ပြန်မောင်းထုတ်လိုက်”
နေမကောင်းဖြစ်နေတဲ့ ရွှေခင်စကားကြောင့် အိမ်မှာတောက်တိုမယ်ရ လုပ်ပေးနေတဲ့ အိမ်ဖော်မလေးက အိမ်အောက်ကို ခပ်သုတ်သုတ်ဆင်းသွားခဲ့တယ်။ ခဏကြာတော့ ပြန်တက် လာပြီး
“ မမလေး သူတို့မသွားကြဘူး ဘယ်လိုပြောပြောမသွားတာ ဆေးကုသခလဲ မယူဘူးတဲ့ သူတို့မကုရင် မမလေးရောဂါက ဘယ်တော့မှပျောက်မှာမဟုတ်ဘူးလို့လဲပြောတယ်”
“ ဟင်း ဒီလောက်ကုချင်နေရင် အိမ်ပေါ်ကိုသာခေါ်လာလိုက်တော့ ဒီကဧည့်သည်တွေ ကိုတော့ အားနာပါတယ်ရှင်”
ရွှေခင်စကားကြောင့် လူနာလာမေးကြတဲ့ဧည့်သည်တွေက လက်ကာပြပြီး
“ ဒီလူနဲ့ ဒီလူတွေက ပြောစရာမှမဟုတ်တာ မရွှေခင်လဲ နားလိုက်ပါဦး ကျုပ်တို့လဲ အလုပ်ကိစ္စလေးတွေရှိသေးလို့ ပြန်လိုက်ပါဦးမယ်”
ဧည့်သည်တွေက မရွှေခင်ကို နှုတ်ဆက်ပြီး ပြန်သွားတဲ့အချိန်မှာ‌တော့ လှေကားကနေ တက်လာတဲ့လူသုံးယောက်ကိုမြင်လိုက်ရတယ်။
ကြည်လင်ဝင်းပတဲ့အသားအရည် စူးရဲတောက်ပတဲ့ မျက်လုံးနဲ့ ယောင်္ကျားပီသတဲ့ ကိုယ်နေ အချိုးအစားကြောင့် အိပ်ယာထဲလဲနေတဲ့ မခင်ရွှေက ဖိုသီဖတ်သီဖြစ်နေတဲ့ ဆံပင်တွေကို လက်နဲ့ သိမ်းပြီးဘိစပတ်ထုံးထုံးလိုက်တယ်။
“ဒီကဆေးဆရာတွေကဘယ်ကလဲ ကျွန်မတစ်ခါမှမမြင်ဖူးဘူး”
“ ကျုပ်နာမည်က အောင်မြတ်သာပါ သူတို့က သက်ခိုင်နဲ့တောက်ရလို့ခေါ်တယ် ကျုပ်တို့က ဒီမြို့ကိုဖြတ်သွားရင်း မရွှေခင်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုကြားလို့ဝင်လာခဲ့တာပါ ကျုပ်တို့က ဆေးလဲကုသလို ပယောဂပိုင်းကိုလဲ အနည်းငယ်တီးမိခေါက်မိ ရှိပါတယ်”
“ ဒါဆို အတော်ပဲ ကျွန်မရဲ့ဆေးလိပ်ခုံမှာလဲ အခြောက်အလှန့်တွေအနည်းငယ်ရှိနေတယ် ဆရာတို့ကြည့်ပေးလို့ရနိုင်မလား”
“ ရပါတယ် ကျုပ်တို့မကြည့်ခင် ကျောင်းအစ်မကြီးဒေါ်စိန်ခင်နဲ့ပတ်သတ်ပြီး အနည်းငယ် ပြောလိုပါတယ်”
ဒေါ်စိန်ခင်လို့ပြောလိုက်တာနဲ့ မရွှေခင်မျက်နှာညိုးငယ်သွားပြီး
“ဒီကဆရာတို့က အမေအကြောင်းကိုသိနေကြတာလား”
“ဟုတ်ပါတယ် မနက်က ဆေးလိပ်ခုံအရှေ့ရောက်တော့ အထဲမှာလျောက်သွားနေတဲ့ ကျောင်းအစ်မကြီးကိုမြင်လိုက်ရတယ် မရွှေခင်မြင်လိုက်ရတဲ့သူက မကြာခင်က ကွယ်လွန်သွားခဲ့တဲ့ ကျောင်းအစ်မကြီးပဲ သူက တစ်ခုခုကိုစွဲလမ်းတဲ့စိတ်ကြောင့် အချိန်တစ်ခုထိ မကျွတ်လွတ်ပဲရှိနေ ခဲ့တာ”
“ ရှင်တို့ မဟုတ်တမ်းတရားတွေလာပြောမနေနဲ့ ကျွန်မအမေက သူတော်ကောင်းမကြီးရှင့် ဒီလိုနိမ့်ကျတဲ့ဘဝကိုဘယ်တော့မှရောက်မှာမဟုတ်ဘူး သွား အခုချက်ချင်း အိမ်ပေါ်ကနေ ပြန်ဆင်း သွားကြ”
မရွှေခင်က စိတ်ဆိုးမာန်ဆိုးနဲ့ အော်ပြောလိုက်တော့ ကုတင်ဘေးမှာထိုင်နေတဲ့လူက
“ ကျုပ်တို့ပြောပြတဲ့အခါ ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားပါ ကျောင်းအစ်မကြီးကိုလဲ အခုကျုပ်တို့ခေါ်ထားပါတယ် ဟော ပြောရင်းဆိုရင်း ခြံဝတောင်ရောက်နေပါရောလား ကဲကဲ အိမ်စောင့်နတ်ကလဲ မပိတ်ထားနဲ့တော့ ကျုပ်လုပ်စရာရှိတာ လုပ်ပြီးရင် သူပြန်မှာပါ”
အောင်မြတ်သာရဲ့ပဟေဠိဆန်ဆန်စကားကြောင့် အိပ်ယာပေါ်လဲနေတဲ့ မရွှေခင် ပြာပြာသလဲလဲ ဖြစ်သွားပြီး ငုတ်တုတ်ထထိုင်လိုက်တဲ့အချိန် ညှီစို့စို့ပုတ်အဲ့အဲ့အနံ့က အော်ဂလီဆန်ချင်စရာ ထွက်ပေါ်လာခဲ့တယ်။
“ကဲ သင့်အမေက သူ့ဗီဒိုထဲက အံဝှက်မှာ ပဝါဖြူနဲ့ထုတ်ထားတဲ့ စိန်တစ်ဆင်စာရှိတယ် လို့ပြောတယ် ဟုတ်မဟုတ် သွားကြည့်လိုက်ပါဦး”
အောင်မြတ်သာစကားကြောင့် မရွှေခင်က ကုတင်ပေါ်ကနေဆင်းပြီး အိပ်ခန်းထဲကိုဝင်သွားခဲ့တယ်။ ခဏကြာတော့ ငိုကြီးချက်မနဲ့ပြန်ထွက်လာပြီး
“ ဟုတ်တယ် အမေဗီဒိုထဲမှာ ဒီအထုပ်ကိုတွေ့တယ် ဒါဆို အမေက မကျွတ်လွတ်ပဲ ရှိနေတာပေါ့”
“ ဟုတ်ပါတယ် ကျောင်းအစ်မကြီးက အစွဲတစ်ခုကြောင့် မကျွတ်လွတ်ဘူးဖြစ်နေတယ် သူက သင်တို့ကိုစကားနည်းနည်းပြောချင်တယ်လို့ပြောတယ် အချိန်သိပ်မရတဲ့အတွက် ငါးမိနစ်ပဲ ပြောကြနော်”
အောင်မြတ်သာစကားအဆုံးမှာ အိမ်မှာတောက်တိုမယ်ရလုပ်နေတဲ့ မိန်းကလေးက တုန်တုန်ရင်ရင် ဖြစ်လာပြီး
“ရွှေခင် နင်က ငါ့အလုပ်သမားတွေကို ဘယ်လိုဆက်ဆံနေတာလဲ သူဌေးနဲ့အလုပ်သမား ဆိုတာ ဆွေမျိုးသားချင်းလိုနေရတယ် နင်လုပ်ပုံနဲ့ ငါ့ဆေးလိပ်ခုံနာမည်ပျက်တော့မယ်” လို့ပြောကာ ဆူပါလေရော။
ရွှေခင်ကလဲ သူ့အမေကို ဒီလိုအဖြစ်မျိုးနဲ့တွေ့ရတော့ ဝမ်းနည်းပြီး ရှိုက်ကြီးတငင်ငိုရင်း
“သမီး မှားသွားပါတယ် အမေစကားကိုနားထောင်ပါ့မယ်နော် သမီးက အမေမှန်းမသိလို့ ထွက်ပြေးခဲ့တာပါ အမေနေမယ်ဆိုရင် ဆေးလိပ်ခုံမှာအမြဲနေလို့ရပါတယ်”
“ ငါလဲ နင်တို့နဲ့အမြဲမနေနိုင်ဘူး ဘုရားမှာဆန်အိတ်လှူတဲ့ညထဲက ငါ့ကို မြင်းဖြူ ခြောက်ကောင်ကတဲ့ရထားနဲ့လာခေါ်တာ ငါလဲ သူတို့လာခေါ်တဲ့အချိန် ဦးသာကြီးမှာထားတဲ့ ဆေးလိပ်တွေပေးရဦးမယ်လို့တွေးနေတုန်း ရုတ်တရက်လဲကျသွားတာပဲ အဲဒီစိတ်နဲ့ ဆေးလိပ်ခုံမှာ မကျွတ်မလွတ်တဲ့ဘဝလာဖြစ်နေတာ ငါခဗျာနင်တို့အလုပ်သမားတွေကို ပြောပြမလို့ လုပ်ပေမယ့် ငါ့ကိုမြင်တာနဲ့ပြေးလိုက်ကြတာများ တန်းနေတာပဲ ဟဲ့ ရွှေခင် နင့်အလုပ်သမားတွေထဲမှာ ခင်ဖြူ ဆိုတဲ့ ကလေးမလေးကို ငါသဘောကျတယ် သူကရိုးသားတယ် စိတ်ထားလဲဖြူစင်တယ် သေချာ မြေတောင်မြှောက်ပေးကြားလား ဒီကဆရာလေးတို့မကယ်ရင် ငါပစ္စည်းတွေကိုစိတ်စွဲပြီး ဒီဘဝ ထပ်နေရဦးမှာ အခုတော့ စိတ်ရှင်းသွားပြီမို့ ငါသွားတော့မယ် ငါဒီလိုဖြစ်တာ နင်ပဲသိပါစေနော် ကျန်တဲ့သားသမီးတွေမသိစေနဲ့ ဟော ငါ့ကိုလာပြန်ခေါ်နေကြပြန်ပြီ ဒီတစ်ခါတော့ ငါလိုက်သွား တော့မယ် ရွှေခင် နင်လဲ လိမ်လိမ်မာမာနေခဲ့နော် ငါသွားတော့မယ်”လို့ပြောပြီး သတိလစ်သွား ခဲ့တယ်။
အဲဒီအချိန် ရွှေရောင်ချပ်ဝတ်တန်ဆာတွေ ဆင်ထားတဲ့ မြင်းဖြူခြောက်ကောင်ကတဲ့ ရထားတစ်စီး အိမ်တံခါးဝမှလာရပ်တာကို

အောင်မြတ်သာမြင်လိုက်ရတယ်။ ရထားမောင်းတဲ့ သူက လက်ခေါက်ကို တစ်ချက်မှုတ်လိုက်ရင်ပဲ လေထဲမှာရပ်နေတဲ့ ရထားက မြေကြီးပေါ်ကို တစ်ဖြေး‌ဖြေးနိမ့်ဆင်းလာခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ကျောင်းအစ်မကြီးက နောက်ဆံမတင်းတော့ပဲ မြင်းဖြူရထားပေါ်ကို တက်သွားတဲ့အချိန် အပုတ်ရည်တွေစီးကျပြီး ဖောသွပ်နေတဲ့ မျက်နှာက တစ်ဖြေး‌ဖြေး တင်းရင်း လာပြီး ၁၆နှစ်သမီးအရွယ်အဖြစ်ပြောင်းလဲသွားခဲ့တယ်။ ရထားမောင်းတဲ့သူကလဲ မြင်းဖြူ ခြောက်ကောင်ကိုထိန်းထားတဲ့ ဇက်ကြိုးကို အသာဆွဲလိုက်ရုံနဲ့ လှည်းက လေပေါ်ကို တစ်ဖြေးဖြေး ကြွတက်ကာ ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာလဲ ကျောင်းအစ်မကြီးပေးရမယ့် ဆေးလိပ်တွေကို ပြန်ပေးဖို့နဲ့ သူ့အတွက် ရည်စူးပြီး အလှူတန်းလုပ်ပေးဖို့မှာကြားကာ အိမ်အောက်ကိုပြန်ဆင်းလာခဲ့လိုက်တယ်။ မရွှေခင် ကတော့ နောက်ရက်တွေမှာ မိခင်ကြီးအတွက်ရည်စူးပြီး အလှူအတန်းတွေလုပ်ပေးခဲ့တယ်။ အလှူလုပ်ပြီး အမျှဝေတိုင်း အလွန်မွှေးကြိုင်တဲ့ရနံ့တွေရတတ်တယ်။ မရွှေခင်လဲ မိခင်ဖြစ်သူရဲ့ စကားအတိုင်း အလုပ်သမားတွေအပေါ် ဆွေမျိုးရင်းချာတွေလို ဆက်ဆံရင်း ဆေးလိပ်ခုံလုပ်ငန်း ကိုဆက်လက်လုပ်ကိုင်ခဲ့တယ်။
ခင်ဖြူကတော့ မရွှေခင်ဆေးလိပ်ခုံရဲ့ လူယုံတစ်ယောက်ဖြစ်လာခဲ့ပြီး လုပ်ငန်းအတော် များများကို မျက်နှာလွှဲရတဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ အောင်မြတ်သာတို့လဲ ဇလုပ်မြို့ကနေ ထွက်လာပြီးနောက်ပိုင်း နတ်ကျွန်းရွာကိုရောက်လာခဲ့တယ်။ နတ်ကျွန်းရွာမှာရှိတဲ့ အိမ်တွေရဲ့ အနောက်မှာတော့ စပလင်ပင်တွေထူထပ်စွာစိုက်ထားတာကိုမြင်တွေ့ခဲ့ရတယ်။ စပလင်ပင်တွေကို မြင်တော့ အောင်မြတ်သာမျက်မှောင်တစ်ချက်ကျုတ်လိုက်ပြီး စုတ်တစ်ချက်သပ်လိုက်ပြီး ခေါင်းကို ဖြေးညှင်းစွာခါရမ်းကာ
“မစွန့်ပစ်အပ်တဲ့အရာတွေကို ဒီအပင်တွေပေါ်ကို စွန့်ပစ်တဲ့အကျိုးဆက်ကို ငါတို့ဖြေရှင်း ရဦးမယ်ထင်ပါတယ်”လို့ပြောတာကို သက်ခိုင်နဲ့တောက်ရတို့ကြားလိုက်ရတယ်။
အောင်မြတ်သာပြောတဲ့အကျိုးဆက်က ဘာဖြစ်မလဲဆိုတာကိုတော့ အောင်မြတ်သာဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment