ဦးဖိုးဝေ နှင့် ကဝေမြောက်စုန်း မယ်တင်

” ဦးဖိုးဝေ နှင့် ကဝေမြောက်စုန်း မယ်တင် “(စ/ဆုံး)
ရေးသားသူ— မောင်တင်ဆန်း
+++++++++++

*အခန်း (၁)

တောင်ပြာပြာများနှင့် မလှမ်းမကမ်းရှိ ‌အတော်အတန်မြင့်သော တောင်ကြီးများ၏ အခြေတွင် ရွာတရွာရှိပြီး ထိုရွာလေး၏ အမည်သည်က တာပိုးရွာ ဖြစ်သည်။တာပိုးရွာသည် နတ်ကိုးကွယ်မှုများပြီး တရွာလုံးနီးပါးလောက် နတ်ကိုးကွယ်ကြသည်။သူတို့သည် ကြက်၊ဆိတ်များ ခေါင်းဖြတ်ကာ ယဇ်ပူဇော်ခြင်းအား လပြည့်လကွယ် နေ့တိုင်းကျင်းပကြသည်။ ထိုရွာသားများသည် သူတို့အထင် ‌ကဝေမြောက်စုန်းမယ်တင်အား နတ်ဘုရားဟု အထင်ရှိကာ သက်ရှိနတ်ဘုရားအဖြစ်မှတ်ယူကာ ကိုးကွယ်ကြသည်။ရွာထဲတွင် ပိုးထိကာသေဆုံး သို့မဟုတ် ခိုက်ရန်ဖြစ်ပွားပြီး ဆုံးပါးသူ အလွယ်နည်းနှင့်ပြောက အစိမ်းသေ သေသူများအား ကဝေမြောက်စုန်းမယ်တင် ထံသို့ အလောင်းအား ဆက်ရသည်။ထိုသို့အယူလွဲနေသော တာပိုးရွာ၏ အိမ်လေးတအိမ်အောက်တွင် ‌ဦးဖိုးဝေ နှင့် သူရိယမှာ အိမ်တိုင်ဖြင့်ပူးပြီး ကြိုးချည်ကာ အဖမ်းခံထားရသည်။သူတို့ ၏ ဘေးတွင်လည်း လှံတံကိုင်ထားသော ရွာသားနှစ်ယောက်သည် မျက်တောင်ပင်ခပ်ဖို့ မေ့‌နေသည်ဟု ထင်ရလောက်အောင် သူတို့ နှစ်ယောက်အား စောင့်ကြည့်နေကြသည်။ တာပိုး ရွာလူကြီးဖြစ်ဟန်တူသော လူကြီးသည် သူ၏ရွာသားများ နှင့် စကားပြောနေရင်း ဦးဖိုးဝေတို့အား မကြာမကြာအကဲခတ်နေလေ၏။

“ဟေ့ကောင်တွေ ဒီလူနှစ်ယောက်ကို မမလေးက အလိုရှိနေတယ်ဆိုတာ ဟုတ်လား ”

“ဟုတ်တယ် ရွာလူကြီး ”

“နေပါဦး ငါကြားတာတော့ ဒီလူတွေကို ကဝေတွေတောင် မနိုင်ဘူးဆို မင်းတို့က အလွယ်တကူ ဖမ်းလာနိုင်ပါလား”

“ကျုပ်တို့က သာမာန်လူတွေမို့လို့ ဖမ်းလာနိုင်တာ ဖြစ်မယ် ”

“ငါတို့က ဒီကောင်တွေကို ဘယ်လိုလုပ်ရမလဲ ကူစဉ်းစားပေးကြဦး”

“မမလေးရှိတဲ့နေရာကို သွားပို့ရင်ရော ရွာလူကြီး သူစိတ် ကွက်သွားတဲ့ကျုပ်တို့ရဲ့အမှားအတွက် ကျုပ်တို့ပြန်ပြီး ဖာထေးရမယ် ”

“မမလေးက ဘယ်သွားတာဖြစ်နိုင်မလဲ ပြောကြစမ်းပါဦး ”

“ကျွန်းလှရွာပဲ သွားမှာပေါ့ ”

“ကဲ အဲ့တာဆိုကောင်းပြီ ဒီလူတွေကို သေချာ ထိန်းသိမ်းပြီး သွားပို့လိုက်ကြ ”

ရွာလူကြီးသည် ဦးဖိုးဝေနှင့် သူရိယအား ကျွန်းလှရွာသို့ ပို့လိုက်ရန် အရေးကို သဘောတူလေ၏။ထိုစကားကို ကြားသော အခါ ဦးဖိုးဝေသည် ကြိတ်ပြုံး ပြုံးလိုက်မိသည်။သူတို့အား ဖမ်းလာသော တာပိုးရွာသားများသည် ကိုယ့်ကိုကိုယ် အထင် ကြီးနေသော သူများဖြစ်သည်။သူတို့၏ လက်မှ ဦးဖိုးဝေတို့ နောက်တခါ လွတ်အောင်ပြုနိုင်ခြင်းငှာ မစွမ်းနိုင်ဟု အသေလအချာထင်မှတ်ထားပုံ ရသည်။ထို့ကြောင့် ကဝေမြောက်စုန်းမယ်တင် ရှိရာ ကျွန်းလှရွာသို့ ပို့မည့် အစီအစဉ်အား ချခြင်းဖြစ်ပါလိမ့်သည် ။

*အခန်း (၂)

တောင်ခြေရှိလှည်းလမ်းလေးတွင် လှည်းဆယ်စီးခန့် အတန်းလိုက် သွားနေကြသည်။လှည်းကိုဆွဲသော နွားများ၏ လည်ပင်းမှ ခြူသံများသည် ပတ်ဝန်းကျင်တခုလုံးကို လွှမ်းမိုးနေသည်။ထိုလှည်းများသွားနေသော လှည်းလမ်းတလျှောက် မြက်ပင်များပေါက်နေသဖြင့် လှည်းများ တော်ရုံမသွားဖြစ်သောလမ်းလေး ဖြစ်ချေ၏။ထိုဆယ်စီးသော လှည်းတန်းကြီး ၏အလယ်တွင် သစ်လုံးများဖြင့် အချုပ်သဖွယ်ပြုလုပ်ထားပြီး ထိုအထဲတွင် ကြိုးအထပ်ထပ်တုပ်ထားသော ဦးဖိုးဝေ နှင့် သူရိယအား တင်ဆောင်လာသည်။လှည်းဆောင်ပန်းတွင်တော့ လှည်းမောင်းသူအပြင် လှံတံကိုင်ထားသော ရွာသားတယောက်သည် ဦးဖိုးဝေ နှင့် သူရိယအား ‌မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေလေ၏။ကျန်သောလှည်းများတွင်လည်း လက်နက် ကိုင်ဆောင်ထားသော တာပိုးရွာသားများသည် လှည်းများပေါ် စီးပြီး လိုက်ပါလာကြသည်။သူတို့ ထွက်လာသည်မှာ မနက်က တည်းကဖြစ်၍ နေမြင့်လာသည်နှင့် အပူချိန်တိုးလာသော‌ ကြောင့် ရေဆာလာကြသည်။ရွာသားများသည် သူတို့ယူလာသော ဘူးသီးခြောက်ရေဘူးထဲမှ ရေများကို သောက်နေကြသလို တချို့သည် သစ်သားစည်ထဲမှ ရေအား အိုးမှုတ်ခွက် ဖြင့် ခပ်သောက်နေကြသည်။အချုပ်ခံထားရသော ဦးဖိုးဝေတို့၏ လှည်းနောက်မှလိုက်ပါလာသော တာပိုးရွာသား လူရွယ်လေးတယောက်သည် ကြိုးအထပ်ထပ်တုပ်နှောင်ခံထား‌ရသော ဦးဖိုးဝေ နှင့် သူရိယကို တလှည့် သူ၏လက်မှ ကိုင်ထားသော ဘူးသီးခြောက်ရေဘူးလေးကို တလှည့်ကြည့်ပြီး လှည်းပေါ်မှ ခုန်ဆင်းကာ အချုပ်လှည်းဆီသို့ သွားလေသည်။အချုပ်လှည်းအနားရောက်သောအခါ

“ကိုပုည ဒီလူတွေကို ရေနဲ့ အစားအစာလေး နည်းနည်းကျွေးဦးမယ်ဗျာ သူတို့ကြည့်ရတာ အဆင်ပြေမနေဘူး ”

“လူကြီးသား မင်းက သနားနေတာလားကွ ရန်သူ့ကို ”

“နေပါဦး ဒီလူကြီးတွေက ကျုပ်တို့နဲ့ ဘယ်လိုလုပ်ပြီး ရန်သူ ဖြစ်ရတာလဲ ကိုယက္ခကြီး ”

“မမလေးရဲ့ ရန်သူက ငါတို့ရဲ့ရန်သူပေါ့ကွာ ”

“ခင်ဗျားတို့နဲ့လည်းခက်တယ် ကဲ ကျုပ် ရေတိုက်လိုက်ဦးမယ် တံခါးဖွင့်ပေးဦး ”

လူရွယ်လေး၏ စကားကြောင့် ယက္ခဟု အမည်ရသော လှံတံကိုင်ထားသည့် အချုပ်လှည်းအစောင့်သည် အချုပ်တံခါးကိုဖွင့်ပေးလိုက်သည်။ထိုအခါ လူရွယ်လေးသည် လှည်းထဲသို့ ဝင်လိုက်ပြီး သူ၏ လက်ထဲမှ ဘူးသီးခြောက်ရေဘူးကို ဦးဖိုးဝေကိုပြကာ

“ဦးကြီး ရေဆာနေရောပေါ့ သောက်ဗျာ ကြိုးဖြည်ပေးလို့တော့ မရဘူး ရေတော့တိုက်မယ် ”

“အေးကွာ ရေကတကယ်ဆာနေပြီ ”

“ကဲ ကဲ သောက် ဦးကြီး ဖြည်းဖြည်းသောက်နော် သီးနေဦးမယ် ”

“အေးအေး ကျေးဇူးကွာ ”

လူရွယ်လေးသည် ရေဘူးကို မြှောက်ပြီး ဦးဖိုးဝေ၏ ပါးစပ် အနားတေ့ကာ ရေလောင်းချပေးလိုက်သည်။ထို့နောက် သူ၏ လွယ်အိတ်ထဲမှ ဖက် နှင့် ထုတ်ထားသော ကြံသကာခဲလေးကို ယူကာ

ဦးကြီး ရော့ဗျာ အဆာပြေ ကြံသကာစား စားပြီးရင် ရေထပ် တိုက်မယ် ”

“မင်းက သဘောကောင်းလှပါလား ငါ့တူရ မင်းက ငါတို့ကို ရန်သူလို သဘောမထားဘူးလား ”

“အမှန်တိုင်းပြောရရင် ဦးကြီးတို့နဲ့ ကျုပ်တို့က ရန်သူတွေ မဟုတ်ပါဘူးဗျာ ကျုပ်တို့ရဲ့ အားနည်းချက်ကြောင့် ရန်သူ မဟုတ်တဲ့ သူတွေကို ရန်သူလို့ ထင်နေတာ ”

လူရွယ်လေးသည် သူရိယအား ရေတိုက်၊ကြံသကာ ကျွေးရင်းဖြင့် ဦးဖိုးဝေအား စကားဆိုနေခြင်းဖြစ်သည်။

“ငါ့တူကို ဦးကြီး မေးဦးမယ်။မင်းတို့ရွာက လူတွေက ဘာလို့ ငါတို့ကို ရန်လိုနေတာလဲ ပြီးတော့ ကဝေမြောက်စုန်းတယောက်ဆီကို ဘာလို့ပို့ချင်နေရတာလဲ ”

“ဗျာ ကဝေမြောက်စုန်း ဟုတ်လား အဲ့တာ ဘာပြောတာလဲ ဦးကြီး ”

“မင်းတို့ ရွာသားတွေ မမလေး မမလေး နဲ့ ခေါ် ခေါ် နေတဲ့ မိန်းကလေးက ကဝေမြောက်စုန်းမတယောက်ပဲကွ သူက လူအသွေးအသား နဲ့ အရိုးကို ကြိုက်နှစ်သက်တယ် တကယ်ကို မကောင်းတဲ့စုန်းမပေါ့ကွာ ”

“နတ်ဘုရား မဟုတ်ဘူးလားဗျ ”

“နတ်ဘုရားက လူသားကို စားပါ့မလား မင်းတို့ပြန်တွေးကြည့်ပါဦး ”

“ရွာထဲက အစိမ်းသေတဲ့ အလောင်းတွေဆိုရင်တော့ သူ့ဆီပို့ရတယ်”

“သူက အဲ့ ဒီအလောင်းတွေကို ဘာလုပ်တာလဲ မင်းတို့ဆီကို ပြန်ပို့လား ”

“အဲ့လိုတော့ ပြန်မပို့ဘူး ”

“‌ဘယ်ပို့မလဲ သူက အဲ့တာတွေကို စားတာလေ မင်းတို့ တရွာလုံးနီးပါး မကောင်းဆိုးဝါးကို ကိုးကွယ်နေကြတာ ”

လူရွယ်လေးသည် ဦးဖိုးဝေ၏ စကားကို နားထောင်ပြီး တွေ ဝေနေစဉ် အနောက်လှည်းပေါ်မှ လူတယောက်၏ အသံက ကျယ်လောင်စွာ ပေါ်ထွက်လာလေ၏ ။

‘”သီဟ မင်းဘာလုပ်နေတာလဲ အချုပ်လှည်းထဲက ပြန်ဆင်း စမ်း။ကိုယ့်လှည်းပေါ်ကို ကိုယ်ပြန်နေ၊ဟေ့ ယက္ခ မင်းလည်း လူကြီးသားမကလို့ ဘယ်သူဖြစ်ဖြစ် အချုပ်သားတွေ အနားကို ထပ်မကပ်စေနဲ့ ကြားလား ”

“ဟုတ် ဟုတ်ကဲ့ပါ ခင်ဗျ”

ရွာလူကြီး၏ သားဖြစ်သူ သီဟ နှင့် အချုပ်လှည်းစောင့်သော ယက္ခကြီးသည် ထိုလူကြီး၏စကားကို နားထောင်ကြရသည်။နားမထောင်၍လည်းမဖြစ် ယခုအဖွဲ့ကို ဦးဆောင်သည် မှာ ဦးဝဏ္ဏ ဖြစ်နေ၍ ဖြစ်၏။ဦးဝဏ္ဏသည် ကဝေမြောက်စုန်းမယ်တင်အား အလွန်အမင်း ယုံကြည်သူဖြစ်ပြီး သူ၏ရှေ့တွင် ကဝေမြောက်စုန်းမယ်တင်၏ မကောင်းကြောင်းအား မည်သူတဦးတယောက်မျှ မဆိုရဲပေ။ယခု သီဟသည် အချုပ်လှည်းလေးပေါ်မှ ဆင်းပြီး သူလိုက်ပါလာသော လှည်းပေါ်သို့ ပြန်တက်လိုက်သည်။အချုပ်လှည်းစောင့်ယက္ခကြီးလည်း အချုပ်တံခါးကို ပြန်ပိတ်ပြီး သေချာစွာစောင့်ကြပ်နေလေသည်။လှည်းများသည် အတန်းလိုက်ကျွန်းလှရွာသို့ သွားနေရာ အချိန်အတော်ကြာလာသောအခါ ရှေ့ဆုံးမှ လှည်းသည် ရပ်လိုက်၍ ကျန်သော လှည်းများသည်လည်း ရပ်တန့်လိုက်ရသည်။အဖွဲ့ ခေါင်းဆောင် ဦးဝဏ္ဏသည် လှည်းပေါ် မတ်တပ်ရပ်လိုက်ပြီး ရှေ့ဆုံးလှည်းကို ကြည့်ကာ

“ဟေ့ ရှေ့က လှည်းဘာလို့ ရပ်လိုက်တာလဲ ”

“မမလေးရဲ့ လက်ရုံး ဦးစံကွန့်တို့အဖွဲ့ ရောက်လာလို့ပါ ”

“ဟေ ဟုတ်လား ”

ဦးဝဏ္ဏသည် လှည်းပေါ်မှခုန်ဆင်းကာ လှည်းတန်း၏ထိပ်သို့ သွားလိုက်ပြီး သူ၏နောက်တွင်လည်း လက်နက်ကိုင်ထားသော လူငါးယောက်ခန့် လိုက်သွားသည်။လှည်းတန်းများထိပ်တွင်တော့ တိုက်ပုံ အင်္ကျီဝတ်ထားပြီး ကြယ်သီးမတပ်ပါပဲ ပုဆိုးကို ခပ်တိုတိုဝတ်ထားသည့် ဦးစံကွန့်ဆိုသော လူကြီးနှင့် မျက်နှာတည်ပြီး ရယ်ခြင်းပြုံးခြင်းကို သိဟန်မတူသော လူငါးယောက် ပါလာသည်။ဦးစံကွန့်သည် ဦးဝဏ္ဏကို ကြည့်ကာ

“မင်းတို့ ဘာလာလုပ်တာလဲ မမလေးရဲ့ အာရုံထဲမှာ လှည်းတန်းတခုလာနေတယ်ဆိုပြီး ငါတို့ကို လွှတ်လိုက်တာ လက်စ သတ်တော့ တာပိုးရွာသားတွေပါလား ”

“ကျုပ်တို့ မမလေးအတွက် လက်ဆောင်လာပို့တာပါ ”

“ဘာလက်ဆောင်လဲ မမလေးက မင်းတို့ အမှားလုပ်လို့ ငါတို့ ရွာကို ထားခဲ့ပြီး ကျွန်းလှရွာကို လာနေရတာ ”

“အဲ့တုန်းက ကျုပ်တို့ သေချာသတိမထားလို့ပါ အခု ကျုပ်တို့ မမလေး လိုချင်တဲ့ လူတွေကို လာပို့တာ ”

“ဘာ နောက်တခါ လာပို့ပြန်ပြီလား မင်းတို့ ဒီတခါ ဘယ်သူတွေကို ခေါ်လာပြန်တာလဲ ”

“ဘယ်သူတွေရမှာလဲ အရင်တခေါက် ကျုပ်တို့လက်က လွတ် သွားတဲ့ သူတွေပဲပေါ့ဗျာ ”

“ဦးဖိုးဝေ ဟုတ်လား မင်း မင်းတို့ရူးနေလား ငါတို့ သူ့လက်က လွတ်အောင် ပြေးရပါတယ်ဆို မင်းတို့က ထပ်လာပို့ပြန်ပြီ ”

ဦးစံကွန့်၏ မျက်စိမျက်နှာပျက်နေသည့် အမူအယာကို ဦးဝဏ္ဏ နှင့် အပေါင်းအပါများသည် ပြုံးစစဖြင့် ကြည့်လိုက်ရင်း

“ဘယ်လိုဖြစ်တာလဲဗျာ ခင်ဗျားတို့ ပညာသည်တွေက ဒီလူကြီးကိုတော်တော်ကြောက်ကြပါလား မပူစမ်းပါနဲ့ အခု ဒီလူတွေ မပြေးနိုင်အောင် ကျုပ်တို့သေချာ ဖမ်းထားတယ် ”

“မင်းတို့ ဖမ်းထားတယ်ဆိုရင် အဲ့လူတွေကို သတ်လိုက်”

“ဘာပြောတယ် ကျုပ်တို့က ကျုပ်တို့ကို မတိုက်ခိုက်တဲ့သူတွေကို အလကားသက်သက် မသတ်ဘူး ”

“မမလေးကလည်း သတ်ခိုင်းမှာပဲ သတ်လိုက်”

“တော်စမ်း ငါတို့ တာပိုးရွာသားတွေက ကြိုးတုပ်ပြီး လူမသတ်ဘူး ”

“မင်းတို့ မသတ်ရင် ငါတို့ သတ်မယ် ဘယ်မလဲ ပြစမ်း”

“ဟိတ် ဘယ်သူမှ ငါတို့ အချုပ်သားတွေကို မထိစေနဲ့ ငါတို့ မမလေးကလည်း ဒီလို မတရားတာ လုပ်ခိုင်းမယ်လို့ မထင်ဘူး လုပ်ခိုင်းရင်လည်း ငါတို့ တာပိုးရွာသားတွေရဲ့ သိက္ခာအရ မလုပ်ဘူး”

“ဟ ဝဏ္ဏ မင်းဘာဖြစ်တာလဲ ရူးသွားတာလား ဒီလူတွေကို ဖမ်းတောင် ဖမ်းပေးပြီးပြီ အခုမှ ဘာဖြစ်တာလဲ ”

“ကျုပ်တို့ ထင်ထားတာ ဒီလူက အပြစ်လုပ်ထားလို့ ခင်ဗျားတို့က ထိုက်သင့်တဲ့ အပြစ်ပဲပေးမယ် ထင်တာ လက်စသတ် တော့ ဒီလူတွေကို သတ်ချင်နေတာကိုး ဒါဆိုရင်တော့ ကျုပ်တို့ ဒီလူတွေကို ပြန်လွှတ်ပေးရလိမ့်မယ်။ကျုပ်တို့လည်း မမလေးကို အထင်မကြီးတော့ဘူး ”

“မင်း မင်း ဘာပြောတယ် မမလေးကြားရင် မင်းကို သတ်ပြီးစားလိမ့်မယ် ”

“သူတောင် ကျုပ်တို့ ဖမ်းလာတဲ့သူကို ကြောက်ပြီး လူမိုက်ပေါတဲ့ ကျွန်းလှရွာကို ပြေးလာတာမဟုတ်လား။ကျွန်းကလူတွေကလူမိုက်တွေမို့ သူ့စကားနားထောင်လိမ့်မယ်။ကျုပ်တို့က တော့ နားမထောင်ဘူး ဟေ့ ယက္ခ အဲ့ဒီလူတွေကို လွှတ်လိုက် ”

ဦးဝဏ္ဏ၏ စကားကိုကြားသည်နှင့် ယက္ခကြီးသည် ချက်ချင်း အချုပ်ခန်းတံခါးကို ဖွင့်ကာ ကြိုးဖြည်ပေးမည်ကြံစဉ် ဦးဖိုးဝေ နှင့် သူရိယသည် ကြိုးများမှာ ပြေနေသည်ကို ယက္ခကြီး အံ့ဩစွာငေးကြည့်နေ၍ သူရိယသည်

“ဦးယက္ခ ကျနော်တို့ကို ကြိုးမဖြည်ပေးရတော့ အညောင်းသက်သာတာပေါ့ ကျုပ်တို့ အပြင်ထွက်လို့ ရပြီလား ”

“ရ ရပါပြီ ”

ဦးဖိုးဝေ နှင့် သူရိယသည် အချုပ်လှည်းပေါ်မှ ဆင်းလိုက်‌ သည်။ထို့နောက် ဦးဝဏ္ဏတို့ရှိရာသို့ လမ်းလျှောက်လာစဉ် ဦးစံကွန့်မှ သူ၏ နောက်လိုက်များအား

“ဟေ့ ကြီးကျယ်နေတဲ့ တာပိုးရွာသားတွေကို မှတ်လောက် သားလောက်ရှိအောင် ခေါင်းကို ‌ဖိချေပစ်လိုက်ကြစမ်း ”

ဦးစံကွန့်သည် ပြောပြောဆိုဆို အရိပ်ပမာလျင်မြန်စွာနှင့် ဦးဝဏ္ဏတို့ အနားသို့ ကပ်လာစဉ်

“အနားမှာရှိတဲ့ အမှောင်ပညာသည် မှန်သမျှ အကုန်ချုပ်စေ ”

ဦးဖိုးဝေ၏ ခပ်မာမာအသံ နှင့်အတူ တာပိုးရွာသားများကို ရန်ပြုဖို့ရာ ကြိုးစားနေသောကဝေများသည် အရိပ်သဏ္ဍန်မှ ချက်ချင်း လူပုံစံပြန်ဖြစ်ကာ မြေပြင်တွင် ဒူးထောက်ပြီး လက်နောက်ပြန်ပုံစံအနေအထား ဖြစ်သွားသည်။ထိုအဖြစ်အပျက်ကို မြင်တွေ့လိုက်ရသော တာပိုးရွားသားမျာသည် ဦးဖိုးဝေအား အံ့ဩစွာကြည့်ရင်း သူတို့အား ကယ်တင်လိုက်သည့်အတွက် ကျေးဇူးတင်နေကြသည်။ဦးဖိုးဝေသည် မြေပြင်တွင်ဒူးထောက်လျက်သား ရှိနေသော ဦးစံကွန့်အား

“မင်းတို့က အပြစ်မရှိတဲ့ ရွာသားတွေကိုတောင် သတ်ဖို့လုပ်နေပြီ။ဒီလူတွေက မင်းတို့အတွက် ကြိုးစားပေးနေတာ မင်းတို့က အခုလို ကျေးဇူးဆပ်လိုက်တာလား”

“ဒီရွာသားတွေ မင်းတို့ကိုခေါ်လာတာ မဟုတ်လား မမလေးက ဒီရွာသားတွေကိုပါ သတ်ခိုင်းထားတာ ”

“တော်တော်ကို မိုက်တဲ့ ကဝေမ ”

တာပိုးရွာသားများသည် ဦးစံကွန့်၏ စကားကို ကြားသော အခါ ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြသည်။ဦးဝဏ္ဏသည် ဦးဖိုးဝေ၏ အရှေ့တွင်ဒူးထောက်လိုက်ရာ ကျန်သောရွာသားများ သည်လည်း ဒူထောက်လိုက်ကြ၏။ဦးဝဏ္ဏသည် လက်အုပ်ချီ ပြီး

“ဆရာကြီး ကျုပ်တို့ မှားသွားပါတယ် တသက်လုံး အမှားကို အမှန်ထင်လာတာ မကောင်းဆိုးဝါးကို ကိုးကွယ်ခဲ့မိတယ်။အခု ကျုပ်တို့ကို ဆရာကြီးက အသက်ကယ်လိုက်တာ ဆရာကြီးပေးတဲ့ အသက်ပဲ ရှိပါတော့တယ် ”

“ထကြပါ တကယ်တော့ မင်းတို့ မတရားတာကို မကြိုက်တဲ့ စိတ်ကြောင့် အခုလို အမှန်တရားကို သိတာပါ ထကြ ”

“ကျေးဇူးတင်ပါတယ် ဆရာကြီး ကျုပ်တို့ကို ခိုင်းစရာရှိတာ ခိုင်းပါ ”

“လိုအပ်ရင် ပြောပါမယ် အခုတော့ ဒီကလူတွေကို မေးရဦးမယ် ”

ဦးဖိုးဝေသည် ပြောပြောဆိုဆို ဦးစံကွန့်၏အနားသို့သွားကာ

“ကဲ ခေါင်းဆောင်မကောင်းလို့ မင်းတို့ ဒုက္ခရောက်နေရတာ ငါသိတယ် ငါမေးတာကို အမှန်အတိုင်းသာဖြေ မင်းတို့ကို ခွင့်လွှတ်ပေးမယ် ”

“ကျုပ် အစကတည်းက စေတလုံးပိုင်ကို မနိုင်ဘူးဆိုတာသိပါတယ် မမလေးက ကျုပ်ပြောတာကို နားမထောင်ဘူး သူ့ကိုလည်း အတိုက်အခံ သိပ်မပြောရဲဘူး ”

“နားလည်တယ် ကျွန်းလှရွာမှာ ဘာဖြစ်နေလဲ ပြောစမ်း ”

“ကျွန်းလှရွာသားလူမိုက်တချို့ကို သတ်၊ဖုတ်သွင်းပြီး သူ့ကို ကာကွယ်ဖို့ ပြင်ဆင်ထားတယ်။အခု တာပိုးရွာသားတွေကို လည်း သတ်ပြီး ဖုတ်သွင်းဖို့ လုပ်ခိုင်းလိုက်တာ ကျုပ်တို့က မသတ်ချင်ပါဘူး သူတို့ကို မသတ်ရင် ကျုပ်တို့ကို သတ်မယ်ဆိုလို့ လုပ်ရတာပါ။ကျွန်းလှရွာသားတွေကို သတ်တာ ကျုပ်တို့မဟုတ်ဘူးနော် မမလေးက သူ့ဘာသာ စိတ်ကြိုက်လူတွေ ရွေးပြီး သတ်တာ ”

“မင်းတို့လည်းမှားတယ် မိစ္ဆာတကောင်နောက်ကို လိုက်ပြီးလူတွေကို ဒုက္ခပေးဖို့ကြိုးစားနေတာ ”

“ကျုပ် ကျုပ်တို့ မှားမှန်းသိပါပြီ ဆရာကြီး ခွင့်လွှတ်ပါ ခင်ဗျ”

ဒူးထောက်နေသော ပညာသည်များသည် ငိုယို၍ ဦးဖိုးဝေအား တောင်းပန် နေလေသည်။ထို့နောက် ဦးဖိုးဝေသည် သူရိယကို ကြည့်ကာ

“လူလေး ကျွန်းလှရွာကို အဘပဲ သွားမယ် မင်းက ဒီရွာသားတွေကို ကာကွယ်ပြီး သူတို့ရွာကို ပြန်လိုက်ပို့ပေးတော့ ”

“အဘ ကျနော် လိုက်လို့မရဘူးလား ”

“အဘအထင် ရွာသားတွေကို ဒုက္ခပေးဖို့ ထပ်မလွှတ်ဘူးလို့ မပြောနိုင်ဘူး ”

ဦးဖိုးဝေမှ ထို့သို့ ပြောသောအခါ ဒူးထောက်ထိုင်နေရသော ဦးစံကွန့်သည်

“ဟုတ်တယ် ကျုပ်တို့ကို ခိုင်းတာ ထပ်ကြာရင် နောက်ထပ် ပညာသည်တွေ ထပ်လွှတ်မှာ ”

“ဟုတ်ပြီ မင်းတို့လည်း အခုအချိန်ကစပြီး မကောင်းတာ မလုပ်နဲ့တော့ မင်းတို့တွေက ပြစ်မှုမကျုးလွန်ရသေးတော့ ငါခွင့်လွှတ်လိုက်မယ်။နောက်တခါ ငါနဲ့ဆုံရင် အဝိစီမှာပဲ သွားနေရမယ် ကြားလား ”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာကြီး ”

ဦးဖိုးဝေသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ပညာသည်များ ဒူးထောက်နေရာမှ ထ၍ ရသွား၏။ထို့နောက် ဦးဖိုးဝေတို့ကို နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။ဦးဖိုးဝေသည် သူရိယနှင့် တာပိုးရွာသားများကို သူတို့၏ ရွာသို့ ပြန်စေကာ သူကိုယ်တိုင်မှာ ကျွန်းလှရွာသို့ ထွက်ခွာသွားပါလေတော့သည် ။

*အခန်း (၃)

နေမွန်းလွဲသောအချိန်ဖြစ်ပြီး ဦးဖိုးဝေသည် ကျွန်းလှရွာသို့ သွားသောလမ်းတွင် တယောက်တည်းလျှောက်လှမ်းလို့နေ၏။ထိုစဉ် သူ၏ မျက်နှာချင်းဆိုင်တွင် လမ်းလျှောက်လာသော လူတစု နှင့် ဆုံလေသည်။ထိုလူများ၏ ပုံစံအနေအထားကြည့်ခြင်းဖြင့် ပညာသည်များ ဖြစ်ကြသည်အား ဦးဖိုးဝေ သတိထားမိသည်။ထိုသူများသည် သာမာန်ရွာသားများပုံစံဖမ်းကာ ဦးဖိုးဝေအားစကားဆိုလေသည်။

“ဦးကြီး ကျုပ်တို့က ဒီအနားရွာကပါ ရွာထဲမှာ သရဲ၀င်ပူးနေတဲ့ သူတွေရှိနေလို့ အထက်လမ်းဆရာကို လိုက်ရှာနေတာ ဆရာကြီး လိုက်ခဲ့ပေးပါလား ”

“နေပါဦး ကျုပ်က အထက်လမ်းဆရာဆိုတာ ခင်ဗျားတို့က ဘယ်လိုလုပ်ပြီးသိတာလည်း ကျုပ် လည်ပင်းမှာ ပုတီးလည်း ဆွဲမထားဘူး နောက်ပြီး ကျုပ်ရဲ့ ပုံပန်းသဏ္ဍန်က အထက်လမ်းဆရာလို့ တန်းသိနိုင်လောက်တဲ့ ဥပဓိရုပ်လည်း မဟုတ်ပါဘူး ဆိုစမ်းပါဦး မင်းတို့က ဘယ်လိုလုပ်ပြီးသိတာလဲ ”

“ဟို အဲ့တာက ”

“ဖြေဖို့ခက်နေတယ် မဟုတ်လား ခက်မှာပေါ့ မင်းတို့က ကဝေမြောက်စုန်းရဲ့ တပည့်တွေ မဟုတ်လား ”

“ဟို မဟုတ်ပါဘူး ကျုပ်တို့က သာမာန်ရွာသားတွေပါ နောက် ပြီး ဒီမှာ မိန်းခလေးတွေလည်းပါနေတာ ဘယ်လိုလုပ်ပြီးမဟုတ်တာ လုပ်နိုင်မှာလဲဗျာ မကူညီချင်ရင်နေပါ ကျုပ်တို့ကို မဟုတ်တာ မပြောစမ်းပါနဲ့ဗျာ ”

ထိုလူစုထဲမှ လူတဦးသည် မိန်းခလေး နှစ်ယောက်ကို လက် ညှိုးထိုးပြရင်းမှ မကျေမနပ် စကားဆိုလေ၏။ထိုစဉ် မိန်းက လေးနှစ်ယောက်သည် သူတို့၏ ရှေ့မှ နွယ်တပင်ကို ဆုပ်ယူလိုက်ကာ ဦးဖိုးဝေ၏ အရှေ့သို့ ပစ်ချလိုက်ပြီး

“ဟဲ့ အသေကိုက်စမ်း ”

မိန်းကလေးနှစ်‌ယောက်သည် ဦးဖိုးဝေ သူတို့၏အဖော်အပေါင်းများနှင့် စကားဆိုနေ၍ သတိမထားမိဘူး အထင်နှင့် တိုက်မွေဖြင့် တိုက်လိုက်ခြင်းဖြစ်သည်။သူမတို့ လှမ်းပစ်လိုက်သော နွယ်ကြိုးသည် ရုတ်တရက် မဲနက်ကာ ပါးပျဉ်းထနေသော မြွေဟောက်ကြီးအဖြစ် ပြောင်းပြီး ဦးဖိုးဝေကို ပေါက်မည်ဟန်ပြင်နေစဉ် ဦးဖိုးဝေမှ အသံခပ်ကျယ်ကျယ်ဖြင့်

“မူလပြန်စမ်း ”

ဦးဖိုးဝေ ထိုသို့ ပြောလိုက်သည် နှင့် ပါးပျဉ်းထောင်လျက်ရှိနေသော မြွေကြီးနှစ်ကောင်သည် တဖြည်းဖြည်းချင်းနွယ်ကြိုးများအဖြစ်သို့ ပြန်ပြောင်းသွားလေ၏။ထိုအခါ ပညာသည်အဖွဲ့သည် တောက်ခေါက်သံများညံစီကာ ဦးဖိုးဝေအား ဆဲဆိုကျိန်းမောင်းလျက် ထပ်မံ တိုက်ခိုက်မည့်ဟန်ပြင်၏။သို့ပါသော် လည်း အဆင့်အတန်းမှာ မိုးနှင့် မြေ ပမာကွာဟနေသည်မို့ ဦး ဖိုးဝေ၏ စေတလုံးအမိန့်အောက်တွင် ထိုသူတို့၏ ပညာများ သည် သူတို့၏ ကိုယ်တွင် မရှိတော့ပဲ သူတို့၏ ပါးစပ်မှ တဆင့် ယင်‌ကောင်များသဏ္ဍန် အမဲအရိပ်များအဖြစ် ထွက်သွားပြီး မြေပြင်တွင် ဒူးထောက်လျက်သား အော်ကြီးဟစ်ကျယ် ငိုကျွေးခြင်းဖြင့်သာ တတ်နိုင်ကြတော့သည်။ဦးဖိုးဝေသည် ထိုသူများကို ထားခဲ့ပြီး ကျွန်းလှရွာသို့ သွားနေပြီ ဖြစ်၏။အချိန်အတော် ကြာ လမ်းလျှောက်သွား၍ နေဝင်ခါနီးအချိန်တွင်‌ ကျွန်းလှရွာသို့ ရောက်ရှိလာလေ၏။ဦးဖိုးဝေ ရွာထဲသို့ခြေလှမ်းစလိုက်သည်နှင့် ဒယီးဒယိုင်နှင့် ဖုတ်သွင်းခံထားရသော လူကြီးတယောက်သည် သူအား ပြေး၍ကိုက်လေ၏။သို့ပေမဲ့ အနားသို့ ရောက်သည်နှင့် ထိုဖုတ်သွင်းခံထားရသော သူသည် မြေပြင်တွင်လဲကျသွားပြီးနောက် ငြိမ်သက်သွားလေသည်။ထိုနောက် အိမ်များထဲမှ ဖုတ်သွင်းခံထားရသော ယောကျာ်းရင့်မာကြီးများသည် ပါးစပ်မှ တိရိစ္ဆာန်‌တကောင်ကဲ့သို့ အော်ဟစ်ကာ ဦးဖိုးဝေ၏အနားသို့ တဖြည်းဖြည်းတိုးလာကြသည်။ထိုအခါ သူသည် လက်သီးဆုပ်ကို နဖူး၌တည်ပြီး

“မကောင်းဆိုးဝါးမှန်သမျှ သူသက်ဆိုင်ရာနေရာသို့ ပြန်ရောက်စေ။လွတ်နေတဲ့ ပရလောကသားတွေကို သက်ဆိုင်သူတွေ အမြန်ထိန်းစေ။ဒီအနီးအနားမှာရှိတဲ့ စုန်းကဝေ အောက် လမ်း၊ဇော်ဂနီ၊ဇော်ဂနက် မှန်သမျှ ငါရှေ့ရောက်ဒူးထောက်စေ ”

ဦးဖိုးဝေမှ အသံခပ်ကျယ်ကျယ် နှင့် ထိုသို့သော စကားကို ဆိုလိုက်ရာ ဖုတ်သွင်းခံထားရသော အလောင်းကောင်များထဲမှ အရိပ်မဲများသည် တမဟုတ်ခြင်း ထွက်ခွာသွားလေ၏။ထိုသို့ ထွက်သွားသည်နှင့် အလောင်းကောင်များသည်လည်း မြေပြင်သို့ အရုပ်ကြိုးပြတ် လဲကျကုန်သည်။ထို့နောက် အလွန်လျင်မြန်လှသောအရှိန် နှင့် ဦးဖိုးဝေ၏ ပတ်လည်တွင် ကဝေမြောက်စုန်း မယ်တင် အပါအဝင် တခြားသော ပညာသည်များ ဒူးထောက်လျက် အနေအထားဖြင့် ရှိနေကြသည်။ဦးဖိုးဝေသည် ကဝေမြောက်စုန်းမ မယ်တင်ကို ကြည့်ကာ

“နင်ကြောင့် အပြစ်မဲ့တဲ့ သူတွေ ဘယ်လောက်သေကြေကုန်ကြလဲဆိုတာ သိလား ”

“ငါက သေသင့်တဲ့သူတွေကိုပဲ သတ်တာ ”

“နင့်ကိုနင် ဘာထင်နေလဲ စုန်းမ ငါဆိုတဲ့ ကောင်က ဘယ်ပညာသည်ကိုမှ နာကျင်အောင် မလုပ်ခဲ့ဘူး ဒါပေမဲ့ နင်လို ဆိုးသွမ်းတဲ့ စုန်းမကို ငါ ဆုံးမရလိမ့်မယ် လှံပိုင် လာစမ်း ဒီစုန်းမရဲ့ ဦးခေါင်းကို ထိုးစမ်း မသေစေနဲ့ ”

ဦးဖိုးဝေထိုသို့ ပြောလိုက်သည်နှင့် လှံတံကို ကိုင်ထားပြီး ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်သည် ချက်ခြင်းပေါ် လာကာ ကဝေမြောက်စုန်းမယ်တင်၏ ဦးခေါင်းအား ထိုးစိုက်ချလိုက်လေတော့သည်။သာမာန်လူများအဖို့ ထို မြင်ကွင်းကို မမြင်နိုင်ပေ။မယ်တင်သည်လည်း သူ၏ ဦးခေါင်းမှ သွေးမထွက်သည်သာ ရှိပြီး လှံတံအစိုက်ခံရသော ဝေဒနာမှာ ပြင်းစွာ ခံစားနေရမှန်း မျက်နှာကြည့်သည်နှင့် သိသာစေ၏။သို့ပေမဲ့ အော်ဟစ်ခြင်းအမှု မပြုပါပဲ အံကြိတ်ခံနေလေသည်။ထိုအခါ ဦးဖိုးဝေသည်

“ဓားပိုင် ဒီစုန်းမရဲ့ တကိုယ်လုံးကို ဓားနဲ့ မွန်းစေ ”

ထိုအခါ တောင်ရှည်ပုဆိုးကို ခါးတောင် မြောက်အောင်ကျိုက်ထားပြီး ခေါင်းပေါင်း ပေါင်းထားကာ ဓားနှစ်လက်ကို လွယ်ထားသော ပုဂ္ဂိုလ်သည် ချက်ချင်းပေါ်လာပြီး လွယ်ထားသော ဓားနှစ်ချောင်းလုံးကိုထုတ်ကာ မယ်တင်၏ ကိုယ်ခန္ဓာအား ဓားနှင့် မွန်းနေတော့သည်။ကဝေမြောက်စုန်းမယ်တင် သည် ယခုတကြိမ်တွင်လည်း မျက်ရည်များ တစက်ချင်းကျ နေကာ နှုတ်ခမ်းကို ကိုက်ပြီး ပေတေကာနေလေသည်။သူကိုက်ထားသော နှုတ်ခမ်းမှပင် ပေါက်၍ သွေးစလေးများပင် စီးကျလာလေသည်။ထိုသို့ ပေတေနေသော ကဝေမမယ်တင်အား တခြားသောပညာသည်များမှ မြင်ပြီး ကြောက်လန့်နေကြပြီး ဦးဖိုးဝေ၏ မျက်နှာကိုပင် မော်မကြည့်ရဲတော့ပေ။ဦးဖိုးဝေသည် နောက်ထပ် ဆင်ပိုင်အား ခေါ်မည်ကြံစဉ် သူ၏ နားထဲ တွင် အသံတသံက ပေါ်လာလေ၏။

“ဒကာလေး ငယ်ငယ်က သစ်ခေါင်းပေါက်ဖိုးဝေ ဘဝကို ပြန်ရောက်ချင်နေတာလား ”

သူ၏ ငယ်ဆရာတော်၏ အသံ နားထဲတွင် ကြားသောအခါမှ ဒေါသစိတ်ကို ထိန်းသိမ်းကာ သက်ပျင်းကို ချလိုက်ပြီး

“ဓားပိုင် နဲ့ လှံပိုင် သင်တို့ တာဝန်ပြီးပြီ ”

ဦးဖိုးဝေ စကားဆိုလိုက်သည့်အခါ ဓားပိုင် နှင့် လှံပိုင်သည် ဦးဖိုးဝေအား ဦးညွှတ်၍ ပျောက်ကွယ်သွားလေတော့သည်။ ထို့နောက် ဦးဖိုးဝေသည် ပညာသည်များကို တချက်ဝေ့ကြည့်ကာ

“နင်တို့တွေက အတော်ကို မိုက်မဲတဲ့ အပြစ်ကို ကျူးလွန်ခဲ့တာပဲ အဲ့တော့ နင်တို့နဲ့ သက်ဆိုင်သူတွေက နင်တို့ကို ထိုက်သင့်တဲ့ အပြစ်ပေးလိမ့်မယ် ”

“နင် နင် က မယ်တော်ကြီးတွေကို ခေါ်နိုင်တာလား မခေါ် နဲ့ ”

ဦးဖိုးဝေသည် မယ်တင်၏ စကားကို ဂရုမပြုတော့ပဲ မျက်စိကို မှိတ်လိုက်ပြီး

“ကဲ ဒီက အမိုက်မတွေရဲ့ခေါင်ချုပ် ငါ့အရှေ့ အခုရောက်စေ ”

ဦးဖိုးဝေမှ ထိုသို့ ခေါ်လိုက်သောအခါ လေပွေတခုသည် တဖြည်းဖြည်း သူတို့ အနားသို့ရောက်လာပြီး ငြိမ်သွား‌သော အခါ အသက်ငါးဆယ်ကျော် အမျိုးသမီးကြီး တယောက်ဖြစ်နေလေ၏။ထိုအမျိုးသမီးကြီးသည် ဦးဖိုးဝေကို အရိုအသေပေးကာ

“ကျမကို ခေါ်တာ ဘာဖြစ်လို့ပါလဲ စေတလုံးအရှင် ”

“ဒီပညာသည်တွေရဲ့ အပြစ်ကိုဆင်ခြင်ပြီး ထိုက်သင့်တဲ့ အပြစ်ပေး‌ပေတော့ ကျုပ်သွားပြီ ”

ဦးဖိုးဝေသည် ထိုမျှသာပြောပြီး ကျောခိုင်းလိုက်ကာ နေရာမှ ထွက်ခွါသွားလေသည်။မကြာမီ သူ၏ အနောက်ဘက်တွင်တော့ ကြောက်လန့်တကြား အော်ဟစ်သည့် မယ်တင်၏ အသံနှင့်အတူ အခြားသောပညာသည်များ၏ အသံများ ပေါ်ထွက်လို့ လာလေသည်။သို့ပေမဲ့ ဦးဖိုးဝေမှာ ယောင်၍ပင် နောက်သို့လှည့်မကြည့်ဘဲ ကျွန်းလှရွာလေးကိုသာ ကျောခိုင်းပြီး သွားနေပါလေတော့သည် ။

*အခန်း (၄)

ဦးဖိုးဝေ တယောက်တည်းလမ်းလျှောက်နေရာ မိုးစုန်းစုန်းချုပ်နေပြီး ကြယ်ရောင်အကူအညီဖြင့်သာ လမ်းကို ဝိုးတဝါးမြင်နေရသည်။ထိုစဉ် သူ၏ရှေ့တည့်တည့်မှ လူတစုသည် သူ့အားစောင့်နေကြလေသည်။ဦးဖိုးဝေ အနားရောက်သောအခါ ထိုလူရိပ်ထဲမှ လူတယောက်သည်

“ဆရာကြီး ကျုပ်က ငစံကွန့်ပါ ဆရာကြီးကို အကူအညီတောင်းချင်လို့ပါ ”

“ပြောပါ ”

“ကျုပ်တို့ ကျွန်းလှရွာက ကလေးသူငယ်တွေ နဲ့ သက်ကြီးရွယ်အိုတွေ ပြီးတော့ အမျိုးသမီးတွေကို ကယ်နိုင်သ‌လောက်ကယ်ထားပါတယ် သူတို့က ရွာကကြောက်စရာအဖြစ်အပျက်ကို မြင်ပြီး သွေးပျက်နေကြတယ်။ဆရာကြီး ကျုပ်တို့ ဘယ်လိုလုပ်ရမလဲ မသိတော့လို့ ဆရာကြီးဆီလာတာပါ ”

“အင်း မင်းတို့က ကောင်းတာတွေလည်း လုပ်ခဲ့သေးတာပဲ ကဲကဲ စိတ်မပူနဲ့ ကျုပ်ကူညီပါ့မယ် ”

သူတို့စကားပြောနေစဉ် မီးတုတ်များထွန်းထားသောလှည်းတန်းတခုသည် သူတို့ဘက်သို့ ဦးတည်လာနေသည်ကို တွေ့ရလေသည်။ထိုလှည်းတန်းသည် ဦးဖိုးဝေတို့ အနားရောက်သော အခါ မီးတုတ်များ၏ အလင်းရောင်ကြောင့် ဦးဖိုးဝေအနားတွင်ရှိနေသောဦးစံကွန့်တို့အား တုတ်၊ဓား၊လက်နက်များဖြင့် ချိန်ရွယ်ရင်း

“ဆရာကြီးကို မင်းတို့ ဘာဒုက္ခ ထပ်ပေးမလို့လဲ ”

“ကျုပ်ဆီက အကူအညီတောင်းနေတာပါ ရန်ပြုတာမဟုတ်ပါဘူး မင်းတို့က ရွာမပြန်ပဲ ဘာလို့ ဒီကို လိုက်လာကြတာလဲ ”

“ဆရာကြီးရဲ့ မြေးက စိတ်မချလို့တဲ့ဗျို့ ”

ထိုအခါ လှည်းပေါ်မှ သူရိယသည် လှည်းအောက်ဆင်းလာပြီး

“ကျနော်က အဘကို ပညာသည်တွေ နဲ့ စိတ်မချတာမဟုတ်ဘူး လူဆိုးလူမိုက်တွေ နဲ့စိတ်မချတာ ”

“အေးပါ လူလေးရယ် ကဲ အခု ကဝေမြောက်စုန်းမယ်တင်လည်း သူထိုက်သင့်တဲ့ အပြစ်ခံပြီးပြီ အဲ့တော့ အားလုံး ပြန်ကြ‌ရအောင် အဘတို့ အတွက်က အလုပ်နှစ်ခု ရှိတယ် ”

“ဘာအလုပ်လဲ အဘ ”

“တာပိုးရွာကို အယူမှန်အောင် လုပ်ဖို့နဲ့ ကျွန်းလှရွာသားတွေ ရဲ့ အကြောက်တရားတွေကို ဖယ်ရှားဖို့ပေါ့ လူလေးရေ ကဲ ကဲ အားလုံး ပြန်ကြရအောင် ဒီဘက်က ဦးစံကွန့်တို့လည်း ဘာမှမပူနဲ့ ကျုပ် လိုက်ခဲ့မယ် ”

“ကျေးဇူးတင်ပါတယ် ဆရာကြီး”

ဦးဖိုးဝေသည် တာပိုးရွာသားများအား ပြန်စေပြီးသူတို့သည်က ဦးစံကွန့် နှင့် ကျွန်းလှရွာသူရွာသားများရှိရာ နောက်သို့ လိုက်ပါသွားလေတော့သည်။

ပြီးပါပြီ။
ရေးသားသူ-မောင်တင်ဆန်း

Leave a Comment