ဦးဖိုးဝေ နှင့် မိတ်ဆွေကောင်းများ

” ဦးဖိုးဝေ နှင့် မိတ်ဆွေကောင်းများ ”
ရေးသားသူ—မောင်တင်ဆန်း
+++++++++++

*အခန်း (၁)

ဦးဖိုးဝေ၊သူရိယ နှင့် ဘိုးတော်ပေတို့သည် သတိပဋ္ဌာန် ကျောင်းတိုက်သို့ သွားနေကြသည်။လမ်းတလျှောက်တွင် စကားများများ အတော်ပြောဖြစ်ကြသည် ။ ဘိုးတော်ပေသည် သူရိယအား အတော်ကို သဘောကျနေ ပြီး နှုတ်မှ လည်း ချီးမွမ်းခန်း ဖွင့်နေလေသည်။
‘ဦးဖိုးဝေ ခင်ဗျားကတော့ တပည့်ကောင်းတယောက် ရထားတာပဲ ဒီ အသက် ဒီ အရွယ်နဲ့ အထက်လမ်း ပညာတွေကို တတ် မြောက်ဖို့ ဆိုတာ တော်တော် မလွယ်တာ ပဲဗျ”
“သူက သတိပဋ္ဌာန် ဆရာတော် နဲ့ အနီးကပ် နေခဲ့ ရတာကိုးဗျ ကျောက်ကောင်းတပွင့် ရထားတယ်ဆိုပါတော့ဗျာ ဒါနဲ့ ဘိုးတော်ပေ တို့ လမ်းစဉ်က ဘယ်လို ရှိလဲ ဗျ ကျုပ်သိချင်စမ်းပါဘိ”
“ပြောရမှာ လည်း ရှက်ပါတယ်ဗျာ ကျုပ်တို့ လမ်းစဉ်ဆိုတာ ဘာမှန်းကို မသိတာ သေချာတာတော့ လူတွေကို ဒုက္ခပေးတာ မဟုတ်ဘူးဆိုတာတော့ ကျုပ် အာမခံတယ်”
“အဓိက ကလည်း လူတွေ ကို ဒုက္ခမပေးဖို့ ပဲ မဟုတ်ပေလားဗျ လူတွေကို ဒုက္ခမပေးဘူး ဆိုကတည်းက ဘိုးတော် တို့ လမ်းစဉ်က ကောင်းနေပါပြီ”
“ဦးဖိုးဝေကတော့ စကားကို သူများနားထောင်လို့ ကောင်းအောင် တယ်ပြောသကိုး ဗျ”
“နားထောင်ကောင်းအောင် ပြောတာကလည်း နားထောင်ကောင်းအောင်ပြောဖို့ ထိုက်တန်တဲ့ အလုပ် လုပ်တဲ့ သူကိုမှ ပြောလို့ရတာကိုး ဗျ”
“အေးပါဗျာ ဦးဖိုးဝေကတော့ စကား‌ပြောတယ်ကောင်းသဗျို့ ”
ဦးဖိုးဝေတို့ သည် တယောက် ကို တယောက် ချီးမွမ်းခန်းဖွင့်လိုက်ကြပြီး သတိပဋ္ဌာတိုက် ကျောင်းသို့ ပျော်ရွှင်စွာ ခရီးဆက် နေကြပါလေတော့သည် ။

*အခန်း (၂)

နှစ်ရက်မျှ ခရီးသွားပြီးချိန်တွင် ဦးဖိုးဝေတို့သည် သတိပဋ္ဌာန် တရားရိပ်သာသို့ ရောက်လာပြီ ဖြစ်သည် ။ကျောင်းမုခ်ဦးသို့ ရောက်သော အခါ သူရိယသည် ကျောင်းထဲသို့ အရင်ဝင်သွားပြီး
“အဘ ကျနော် ကိုရင်လေးကို ရှာလိုက်ဦးမယ် ”
“အေးအေး အဘတို့ ဆရာတော်ကျောင်းပေါ် မှာစောင့်မယ် ”
ပြုံးပျော်နေသော သူရိယကို ကြည့်ပြီး ဘိုးတော်ပေသည် ဦးဖိုးဝေ အား စကားဆိုလေသည်။
“ဦးဖိုးဝေ မောင်သူရိယက အတော်ပျော်နေပါလားဗျ ”
“မပျော်ရိုးလား။ဘိုးတော်ပေ ရေ ဒီကျောင်းက သူလူမှန်းသိတတ်စအရွယ် ကတည်းက နေလာတာကိုး ”
“ဪ ”
ဘိုးတော်ပေသည် ကျောင်းတိုက်တွေ ဘက်ကို ဝင်သွားသော သူရိယကို ကြည့် ကာ ခေါင်းကို အသာအယာ ညိတ်လိုက်လေသည်။ထို့နောက် ဦးဖိုးဝေ၏ ဦးဆောင်မှု့ဖြင့် ဆရာတော် သီတင်းသုံးသည့် ကျောင်းနီကြီးဆီသို့ တက်ရောက်သွားကြသည်။ ကျောင်းကြီးပေါ် ရောက်သောအခါ ဆရာတော်သည် သစ်သားပလ္လင်လေးပေါ်တွင် ထိုင်ပြီး စံနေတော်မူ၏ ။ထို့နောက် ဦးဖိုးဝေကို မြင်သော အခါ
“ဒကာကြီး ရောက်လာတာကိုး ဧည့်သည်ရော ပါပေါ့လား လာလာ ထိုင်ကြပါ ”
ဆရာတော်သည် ဦးဖိုးဝေကို ကြည့်ပြီး မိန့်တော်မူလေသည်။ ထို့နောက် ဦးဖိုးဝေ နှင့် ဘိုးတော်ပေ သည် ဆရာတော်၏ ရှေ့ မလှမ်းမကမ်းတွင် ထိုင်လိုက်ပြီး ဦးချကန်တော့လိုက်ပြီးနောက် ဦးဖိုးဝေမှ ပြုံး၍ လျှောက်တင်တော် မူလေသည် ။
“တပည့်တော်တို့က ဒီကို ပဲလာတာပါဘုရား ဟော့ဒီက ဘိုးတော် ရဲ့ နာမည်က ဘိုးတော်ပေတဲ့ ဘုရား အရှင်ဘုရားတို့ ပေပင်ရွာသား ပါ ”
ဆရာတော်သည် ဦးဖိုးဝေ၏ စကားကြောင့် ဘိုးတော်ပေကို သေချာကြည့်ကာ
“ဒကာကြီးက ပေတူးလား ငယ်ရုပ်က မပေါ်တော့ ဘုန်းကြီးလည်း မမှတ်မိတော့ဘူး ”
“ဆရာတော်ကတော့ လုပ်ပြီ ပေတူးလေ ဘိုးထင်ကိုတော့ မှတ်မိပြီး တပည့်တော်ကိုတော့ ဘာလို့ မမှတ်မိတာလဲ ဘုရား ”
“အသက်ကြီးပြီလေ ဒကာကြီးရဲ့ ”
“ဘိုးထင် ကိုတွေ့တော့ လည်း အရှင်ဘုရား အသက်ကြီးနေပါပြီ”
ဘိုးတော်ပေ ၏ စကားကြောင့် ဆရာတော် မည်သည်စကားမှ ပြန်မမိန့် ပြုံး၍ သာနေပြီး ဘိုးတော်ပေကို ကြည့် နေလေသည် ။ ထို့နောက် ဦးဖိုးဝေကို ကြည့်ကာ
“ဒကာကြီး ကိုရင်ကြီးကော မပါဘူးလား”
“ပါ ပါတယ်ဘုရား ကိုရင်လေးကို သွားရှာနေပါတယ် ဘုရား”
“ကိုရင်လေးကလည်း ကိုရင်ကြီးတခါမှ ပေါ်မလာလို့ ဘုန်းကြီးကို တောင် အပြစ်ပြောနေသေးတယ် ”
“တင်ပါ့ဘုရား သူလည်းသတိရရှာ မှာပေါ့”
ဆရာတော်၊ဦးဖိုးဝေ နှင့် ဘိုးတော်ပေတို့ စကားပြောနေစဉ် ကိုရင်လေးနှင့် အတူ သူရိယ တို့ ကျောင်းကြီး ပေါ်တက် လာလေသည်။ထို့နောက် သူတို့ နှစ်ယောက်သည် ဆရာတော်၏ မလှမ်းမကမ်း တွင်ထိုင်ကာ ဦးချ ရှိခိုးလိုက်ပြီး သူရိယမှ ဆရာတော်အား
“ဆရာတော်ဘုရား ကျန်းမာပါရဲ့လားဘုရား ”
“အင်း ဇရာက နည်းနည်းထောင်းလာပြီဆိုတော့ အသက်ငယ်ရွယ် စဉ်ကလောက်တော့ ဘယ်ကျန်းမာနိုင် မလဲ ကိုရင်ကြီး ရယ် ”
ဆရာတော်သည် သူရိယအား ယခု အချိန်ထိ ကိုရင်ကြီးဟု နာမ်စား ခေါ်ဆို နေဆဲ ဖြစ်၏။ထို့နောက် ဆရာတော်သည် ကိုရင်လေးကို ကြည့်ကာ
“ကဲ ကိုရင်လေး အမျိုးသား ယောဂီအဆောင်ကို ဒကာကြီး ဘိုးထင်နဲ့ အမျိုးသမီး အဆောင်က ဒကာမကြီး မယ်လှကို ဆရာတော် ကျောင်းပေါ် လာခဲ့ ဖို့ ခေါ်ပေးပါဦး မိတ်ဆွေဟောင်း တွေရောက်နေတယ် ပြောခေါ်ခဲ့ ကွယ် ”
“တင်ပါ့ ဘုရား ”
“ဪ တခါတည်း စားဖိုချောင်ဘက်က ရေနွေးကြမ်းအိုးလေးပါ ယူခဲ့ပါဦး ကိုရင်လေး ”
ဆရာတော်သည် ကိုရင်လေးအား မိန့်နေစဉ် သူရိယသည် ဆရာတော်အား ဦးချကန်တော့ လိုက်ပြီး
“အရှင်ဘုရား တပည့်တော် ပါ ကိုရင်လေးနောက် လိုက်သွားလိုက်ပါ့မယ် ဘုရား ”
ဆရာတော်သည်ခေါင်းကို သာ အသာအယာ ညိတ်ပြီး ခွင့်ပြုလိုက်ရာ သူရိယသည် ကိုရင်လေး နှင့် အတူ ကျောင်းကြီး အောက်သို့ ဆင်း ၍ သွားကြပါလေတော့သည်။

*အခန်း (၃)

များမကြာသော အချိန်တွင် ကိုရင်လေး တို့ နှင့် အတူ ဦးဘိုးထင် နှင့် ဒေါ် မယ်လှ ပါလာလေသည် ။ဦဘိုးထင် သည် အင်္ကျီအဖြူ နှင့် ပုဆိုးကို ဝတ်ဆင်ထားပြီး ဒေါ်မယ်လှသည် ယောဂီ ဝတ်စုံ နှင့် ဖြစ်သည် ။သူတို့သည် ဆရာတော် နှင့် မလှမ်းမကမ်းတွင် ထိုင်လိုက်ပြီး ဆရာတော်အား ဦးချ ရှိခိုးလိုက်ကာ ဦးဘိုးထင်မှ ဆရာတော်အား လျှောက်တင်လေသည် ။
“အရှင်ဘုရား တပည့်တော် တို့ ကို ခေါ်တယ် ဆိုလို့ဘုရား ”
“ဟုတ်တယ် ဒကာကြီး၊ဒကာကြီးတို့ ဘေးမှာ ဘယ်သူရောက်နေလဲ ကြည့်စမ်းပါဦး ”
ဦးဘိုးထင် နှင့် ဒေါ်မယ်လှသည် သူတို့ ၏ ဘေးတွင် ရှိနေသော ဦးဖိုးဝေ နှင့် ဘိုးတော်ပေကို ကြည့်ပြီး ဆရာတော်အား လက်အုပ်ချီ၍ လျှောက်တင်ပြန်လေသည်။
“ဒီဘက်က ဆရာကြီးက ဦးဖိုးဝေပါဘုရား ”
“ဟို တယောက် ကရော ”
“မသိပါဘူးဘုရား ”
ဦးဘိုးထင်မှ မသိကြောင်း ပြောလိုက်သောအခါ ဘိုးတော်ပေသည် မျက်နှာကို ရှုံ မဲ့ကာ
“ဟေ့ကောင် ဘိုးထင် မင်းမေကြီးတော် ငါ့ကို မသိတာလား”
ဘိုးတော်ပေ၏ စကားကြောင့် ဦးဘိုးထင်ပါ မက ကျန်သော သူများ အကုန် အထူးအဆန်းဖြင့်
“နောင်ကြီး ဘုန်းကြီးကျောင်းမှာ ဘယ်လိုတွေ ပြောနေတာလဲ ”
“ဟေ့ကောင်ဘိုးထင် ငါ ပေတူးလေကွာ မင်းက ငါ့ကို ဘာလို့ မမှတ်မိတာ လဲ ”
“ပေတူး ဟုတ် လား ”
“ဟုတ်တယ်လေကွာ မင်းသူငယ်ချင်းပေတူး ”
ဦးဘိုးထင်သည် ပေတူး ဆို‌စကားကြောင့် ‌ဘိုးတော်ပေ အနား တိုးလာပြီး
“မင်း မင်းတကယ် ပေတူးလား ”
“ဟ ငါ ပေတူးပါ ကွာ ”
“ပေတူးမင်း ဘယ်တွေ လျှောက်သွားနေတာလဲ ကွာ ကိုဖိုးထွေးနဲ့ ကိုသာရဆို သူတို့ ရဲ့နောက်ဆုံး အချိန်ထိ မင်းကို တတွတ်တွတ် မေးနေခဲ့တာ မင်းကွာ အတော် ရက်စက်တဲ့ ကောင် မင်းအမေဆို ငါတို့ သွားတိုင်း မင်းကို သတိရလို့ ငိုငို နေတာ သူသေတဲ့ အချိန်ထိ ပဲ ကွာ ”
ဘိုးတော်ပေ မည်သည့် စကားမျှ မပြောနိုင် ပဲ ငြိမ်သွားလေသည်။ထို့နောက် ဘိုးတော်ပေသည် ဦးဘိုးထင်၏ ပုခုံးကို ဖက်ပြီး
“ငါ အခုတော့ လိမ္မာနေပါပြီကွာ ဒါနဲ့ သာအေးရော ငါ အောင်သန်းကို မေးတော့ လည်း သာအေးအကြောင်း ကောင်းကောင်း မသိခဲ့ ရဘူး”
သာအေးအကြောင်း မေးသော အခါ ဦးဘိုးထင်သည် မဖြေ သောကြောင့် ဒေါ်မယ်လှ မှ ဘိုးတော်ပေအားကြည့်ကာ
“ပေတူး နင်ငါ့ကို ကော မှတ်မိရဲ့လား ”
“မယ်လှရဲ့ နင်တို့ ပေါက်ကရလုပ်တဲ့ သူတွေကို ငါ မမှတ်မိပဲ နေမလား။အခုထိ အော်ကျယ် အော်ကျယ်လုပ်တုန်းလား ”
ဆရာတော် နှင့် ဦးဖိုးဝေတို့သည် သူငယ်ချင်းဟောင်းများပြန် တွေ့သည်ကို ကြည့်ရင်း ပြုံးနေကြသည်။ထို့နောက် ဆရာတော်သည် ချောင်းဟမ့်သံ တချက်ပေးကာ
“အဟမ်း ကဲ ကဲ ဒကာကြီးပေတူး နဲ့ ဦးဖိုးဝေတို့က ဒီမှာ နေဦးမှာ မလား”
“တင့်ပါ နေဦးမှာ ပါ ဘုရား ”
“ကဲ ကဲ ရောက်တုန်းရောက်ခိုက် စကားပြောကြဦး ဘုန်းကြီးလည်း ခဏ နားလိုက်အုံးမယ် ”
ဆရာတော်သည် ထိုသို့ပြောပြီး သစ်သားပုလ္လင်လေးပေါ်မှ ဆင်းသွားရာ ဦးဖိုးဝေတို့ အားလုံး ဦးချကန်တော့ လိုက်ကြပါလေတော့သည်။

*အခန်း (၄)

ဦးဖိုးဝေ ၊ ဘိုးတော်ပေ နှင့် ဦးဘိုးထင် ၊ ဒေါ်မယ်လှတို့သည် စောင်းတန်းရှိ ခုံတန်းတွင် ထိုင်ပြီး စကားပြောနေကြသည်။ ဦးဖိုးဝေ နှင့် ဦးဘိုးထင်တို့မှာ တရားအကြောင်းကို သာ အဓိက ထားပြီး ပြောနေပေငြား ဘိုးတော်ပေသည်က သူ၏ ရွာအကြောင်းအား ဒေါ်မယ် လှ နှင့် ဦးဘိုးထင်ကို ပြောပြနေလေသည် ၊ ကိုရင်လေး နှင့် သူရိယ သည်က ကျောင်းဝန်း ကို လျှောက်ကြည့် နေလေ၏၊
“ဆရာကြီးကို ကျုပ် ကျေးဇူးတင်တယ်ဗျာ ကျုပ်ရွာမှာ သတိပဋ္ဌာန် ကျောင်းလေး ‌ဆောက်လုပ် လှုဒါန်းနိုင်တာကို အတော့ကို ပီတိဖြစ်နေရတာ ”
“ကျုပ်ကို ကျေးဇူးတင်စရာမလိုပါဘူးဗျာ ဦးဘိုးထင်ကြောင့်သာ ကောင်းတဲ့ အရာတွေ ဖြစ်လာတာ ပေါ့ ”
“ဒါနဲ့ ဆရာကြီးတို့ ဘယ်ကို ဆက်ပြီး ခရီး ဆက်မယ် လို့ စဉ်းစားထားလဲ ‌”
“ကျုပ်ကတော့ လက်လုပ်တောင်ကို ပြန်ပြီး ခေတ္တ နားမယ် လို့ စဉ်းစားထားတယ် ”
“ဆရာကြီး တို့ မလာခင် ကျုပ် ဆီကို သတင်း တခုလာတယ် ဗျာ အဲ့တာက ကျုပ် သူငယ်ချင်း သာအေး အခုထိ မိုက်လုံးကြီး နေတုန်း မို့ ဆရာကြီး လမ်းပြပေးစေချင်တယ် ”
ဦးဘိုးထင်မှ ထိုသို့ ပြောသော အခါ ဘိုးတော်ပေသည် ဦးဘိုးထင်ကို သေချာကြည့်ပြီး
“နေစမ်းပါဦး ဘိုးထင်ရ သာအေးက ဘာဖြစ်လို့ လဲ ”
“မင်း မှတ်မိလားတော့ မသိဘူး ငါတို့ ငယ်ငယ် က မိုးကြိုးစင်တောင်ဝှေးသွားယူတဲ့ ရွာကို လေ ”
‌ဦးဘိုးထင်၏ စကားကို နားထောင်ပြီး ဘိုးတော်ပေ သေချာတွေးရင်း
“နာမည်ကို တော့ငါလည်း သိပ်မမှတ်မိတော့ဘူး ရိုးမတောင်ပေါ်မှာဆိုတာတော့ ငါမှတ်မိတယ် ”
“အေး အဲ့ဒီရွာမှာ သာအေးက ရွာသူကြီးလုပ်နေတယ်၊အမှောင်ပညာတွေ လိုက်စားနေတုန်းက တော့ အဲ့ဒီကောင် နဲ့ တခါ တလေ ဆုံပါတယ်၊ ဒါပေမဲ့ ငါ ဝိပဿနာ တရား‌အားထုတ်နေချိန် ဒီကောင်နဲ့ မတွေ့ ရတော့ဘူး မင်းမလာခင် တလ လောက်က မှာ သာအေးဆိုတဲ့ကောင်က အောက်လမ်းဆရာလုပ်ပြီး အဲ့ရွာမှာ နေနေတယ် တဲ့ကွာ ငါဒီကောင့်ကို လမ်းမမှားစေခြင်ဘူး ”
“ငါ သဘောပေါက်ပါတယ်ကွာ မင်းကို အခုလို မြင်ရတော့ ငါ တကယ် ဝမ်းသာတယ် ဘိုးထင် ငါ ထွက်သွားတဲ့ နောက်ပိုင်း မင်းတို့ အတိတ်အကြောင်းတွေ ငါမေးချင်ပေမဲ့ ငါမမေးတော့ဘူး မင်းလည်းပြောချင်မှာ မဟုတ်ဘူး ”
“ငါလည်း မပြောချင်တော့ပါဘူး ကွာ ငါ့ကြောင့် ငါ့သားနဲ့ သမီး ဆုံးရှုံး သွားရတာကွ ”
“ကဲ ဦးဘိုးထင် ကျုပ် ဘာကူညီရမလဲ ဆိုတာ သာပြောဗျာ ”
“ဖြစ်နိုင်ရင် ကျုပ်မိတ်ဆွေ သာအေးကို လူကောင်းတယောက် ဖြစ်အောင် လုပ်ပေးပါလို့ တောင်းဆိုချင်တာ ပါ”
“ဖြစ်အောင်လုပ်ပေးရမှာပေါ့ဗျာ ကျုပ်တို့ ဒီ မှာတ‌ရက် နှစ်ရက် နေပြီး ရင် သွားလိုက်ပါမယ် ဒါနဲ့ ဘိုးတော်ပေကရော ဘယ် ကို ခရီးဆက်မှာလဲ ”
“ကျုပ် လည်း သွားစရာ မရှိသေးဘူးဆိုတော့ ကျုပ်ရဲ့ ငယ်သူငယ်ချင်းကြီးကို လူကောင်းသူကောင်းဖြစ်အောင် လုပ်မဲ့ပွဲကို လိုက်ကြည့်မယ် ဗျာ ”
ဘိုးတော်ပေသည် သူ၏ ပုံစံအတိုင်း ပြုံးစစ နှင့် ပြောရင်းမှ ပါးစပ်ကို သပ်သပ်နေရင်း ‌ဦးဘိုးထင်ကို ငဲ့ စောင်းကြည့်ကာ
“ဘိုးထင် ဘာပြောပြော မင်းက အခု အိမ်ရှင် မဟုတ်လား”
“ဟေ့ကောင်ရ ငါက ဘုန်းကြီးကျောင်းမှာ နေ နေတာ ဘယ်က အိမ်ရှင် ရမှာလဲ ”
“မသိဘူးကွာ အခုတော့ ငါကဧည့်သည် ကွမ်းဝါးချင်တယ်ကွာ ကွမ်းယာလေး ဘယ်မှာ ရနိုင်မလဲ ”
“အဲ့တာတော့ ငါလည်းမသိဘူး ငါတရား ဘောင်ထဲဝင်ကတည်းက ကွမ်းကို ကြိတ်မှိတ် ဖြတ်ထားတာ ”
“ဟေ့ကောင် ကွမ်းတော့ ရှာပေးဦးကွာ ခံတွင်းချဉ် လာပြီဟ ”
ဘိုးတော်ပေသည် သူ၏ငယ်သူငယ်ချင်းအား တကျည်ကျည် ပူဆာနေလေသည် ။ထိုအခါ ‌ဦးဖိုးဝေသည် ဘိုးတော်ပေကို ကြည့်ကာ
“ကဲ ကဲ ဘိုးတော်ပေ ခဏတော့ စောင့် သူရိယကို ပဲ သွားဝယ် ခိုင်းလိုက်မယ် ရပ်ကွက်ထဲ ဆိုတော့ ကျုပ်တို့ တောလို ကွမ်းအစ်တွေ‌နဲ့ မဟုတ်တော့ဘူးဗျ ယာကွမ်းတွေရနေပြီ ”
“အဲ့တာဆိုလည်း မြန်မြန် သွားဝယ် ခိုင်းစမ်းပါ ဗျာ ကျုပ် ကအတော်ကို ခံတွင်းချဉ်နေပြီ ”
ဘိုးတော်ပေသည် ဦးဖိုးဝေကို စကားပြောနေရာ မှ မျက်နှာ ချက်ချင်း ပြုံးလာကာ
“သူရိယ ဟေ့ သူရိယ ”
“ဟေ့ကောင် မင်းကတော့ လုပ်လိုက်ရင်ဖြင့် ဒါတော မဟုတ်ဘူး ဘုန်းကြီးကျောင်း တရားရိပ်သာကွ မင်းအသံ ပြဲကြီးနဲ့ အော် မနေနဲ့ ”
“အေးပါကွ မင်းက တရားထိုင်ထားလို့သာ ပဲ တရားများမထိုင်ရင် ငါ့ကို ထထိုးမလားပဲ ”
ဦးဖိုးဝေ နှင့် ‌ဦးဘိုးထင်သည် ပေတူး၏ စကားကြောင့် ပြုံးစိစိ ဖြစ်သွားရ၏ ၊ မကြာသော အချိန် တွင် ကိုရင်လေးနှင့် သူရိယသည် သူတို့ အနားကို ရောက်လာလေသည် ။ ထိုအခါ ဘိုးတော်ပေသည် သူရိယအား ပြုံးပြကာ
“သူရိယ ငါ့ကို ကွမ်းလေးသွားဝယ်ပေးစမ်း ပါကွာ ”
ဘိုးတော်ပေ၏စကားကြောင့် သူရိယသည် ဦးဖိုးဝေအား ကြည့်လိုက်ရာ
“ကဲ ကဲ သွားဝယ်ပေးလိုက်ဦး ရပ်ကွက် ထဲ ကွမ်းယာဆိုင် ရှိတယ် မဟုတ်လား ”
“ရှိတယ် ဒကာ ကြီး ကိုရင် ပါ လိုက်သွားလိုက်မယ် ”
ထို့နောက် သူရိယ နှင့် ကိုရင် လေးသည် ရပ်ကွက်ထဲ ကွမ်းသွားဝယ် ရန် ထွက်သွားကြပါတော့သည် ။

*အခန်း (၅)

သူရိယသည် လမ်းဘေးတွင် ဈေးဆိုင်များ သူရှိစဉ်က ထက် များနေသော ရပ်ကွက် လမ်းလေးကို ကြည့် ပြီး ကိုရင်လေးအား စကားဆိုလိုက်သည်။
“ကိုရင်လေး တပည့်တော် မရှိတဲ့ အချိန် အတောအတွင်းမှာ တော်တော် ကို ပြောင်းလဲ သွားတာပဲ”
“ဟုတ်တယ် ကွမ်းယာဆိုင်တွေ ဆိုလည်း အများကြီးဖြစ်လာတယ် အရင်ကဆို တဆိုင်ထဲ ရှိတာ ”
“ဒါနဲ့ အခု ဘယ်ဆိုင်မှာ ဝယ်ရမလဲ ကိုရင်‌လေး”
“လူရှင်းတဲ့ ဆိုင်က ပဲဝယ်ကြတာပေါ့ ကိုရင်ကြီးရော ပညာတွေ တော်တော် တတ်နေပြီလား ”
“ပြောလောက်အောင် လည်း မဟုတ်သေးပါဘူး ထိုက်သင့်သလောက်တော့ တတ်နေပါပြီ ”
“ကိုရင်က ကျောင်းမှာ ပျင်းနေတာ ဒကာကြီးဘိုးထင် ရှိတော့ တော်သေးတယ် ”
“ဘာဖြစ်လို့ လဲ ”
“ဒကာကြီးက တရားထိုင် သီးသန့်ပဲ နေတာ မဟုတ်ဘူး ၊ ကျောင်းက ဝေယျာဝစ္စ တွေလည်း လုပ်ပေးတယ် တရားလည်း တော်တော်ထိုင်ပါတယ် ပြီးတော့ သူနဲ့ စကားတွေ ပြောနေရရင် မပျင်းဘူး ”
“‌ဆရာတော်ရော ကျန်းမာ ရဲ့လား ကိုရင်လေး ”
“ကျန်းမာပါတယ်”
ကိုရင်လေးနှင့် သူရိယ စကားတပြောတပြော နှင့် လမ်းလျှောက်လာရာ လူရှင်းသော ကွမ်းယာဆိုင် တွင် ကွမ်းယာဝယ်လိုက်လေသည် ။
“အမကြီး ကွမ်ယာ ၅၀ ဖိုးလောက်ပါ ”
“ခဏ စောင့်နော် ဒါနဲ့ ကို‌ရင်လေးက သတိပဋ္ဌာန်ကျောင်းကလား ”
ကွမ်းယာရောင်းသော အမျိုးသမီးသည် လက်ပိုက်ပြီး ရပ်နေသောကိုရင်လေးအား စကားဆိုလိုက်ရာ
“ဟုတ်ပါတယ် ဒကာမကြီး ”
“အော် တင်ပါ့တပည့်တော် ကွမ်းယာလိုက်ပါမယ် ”
ကွမ်းရောင်းသော အမျိုးသမီးသည် ကွမ်းယာ နေရင်းမှ သူရိယအား တလှည့် ကိုရင်လေးအား တလှည့်မသိမသာ ခိုးခိုးကြည့်နေသည် ။ထိုစဉ် စက်ဘီးဘဲသံ နှင့် အတူ လူတယောက် ၏ အသံက ပေါ်လာလေသည်။
“ဟ ကိုရင်ကြီး ဘယ်တုန်းက ရောက်တာလဲ လာပါဦး ”
သူရိယကိုရင် ဘဝ နှင့် ရှိစဉ်က ကျောင်းသို့ လုပ်အား အမြဲ လာပေးသော ရပ်ကွက်ထဲမှ ဦးကောင်းဆိုသော လူကြီးဖြစ်သည် ။ ထို့ကြောင့် သူရိယသည် ကိုရင်လေးအား ကွမ်း ဆိုင်တွင် ထားရစ်ခဲ့ကာ ဦးကောင်းစက်ဘီး ရပ်ထားသောနေရာ သို့ သွားလိုက်ပြီး
“ဦးကောင်း ဘာတွေ လုပ်နေတာ လဲ ဗျ ”
“ဒီလို ပါပဲဘုရား ဟိုဟာ လို လို ဒီဟာ လို လို ပါပဲ ”
“ကျနော်က လူဝတ်ကြောင် ဖြစ်နေပါပြီ ဗျ”
“မေ့လို့ ကိုရင်ကြီးရေ ”
ဦးကောင်းနှင့် သူရိယ တို့ စကားပြောနေစဉ် ကိုရင်လေးသည်ကွမ်းထုပ် ကို ကိုင်ကာ သူတို့အနား ရောက်လာလေသည်။ ထို့နောက် သူရိယ သည် ဦးကောင်းကို နှုတ်ဆက် ကာ ကျောင်းသို့ ကိုရင်လေး နှင့် အတူတူ ပြန်ခဲ့ကြလေသည်။ သူရိယ နှင့် ကိုရင်လေး မသိလိုက်သည်က ကွမ်းယာရောင်းသော အမျိုးသမီးသည် သူမ၏ နှုတ်ခမ်းကို တချက်ကိုက်လိုက်ကာ ပြုံး၍ နေခြင်း ပင် ။

*အခန်း (၆)

ဘိုးတော် ပေသည် ကွမ်းထုတ်ကိုင် ပြီး ကျောင်းထဲ ဝင်လာသော ကိုရင်လေး နှင့် သူရိယကို မြင်သော အခါ ဦးဖိုးဝေတို့နှင့် ပြောလက်စ စကားကို ချက်ချင်းရပ်လိုက်ပြီး
“ဟော ဟို မှာ သူရိယ တို့ လာပြီ ဟ”
“မြင်ပါတယ်ကွာ နည်းနည်း သိက္ခါဆယ်ပါဦး”
“ကြိုက် မရှက် ငတ်မရှက် ဟ ဘိုးထင်ရ ”
ဦးဘိုးထင် ပြုံး၍သာ နေလိုက်ပြီး ပေတူးကို ကြည့်လိုက်မိသည် ပေတူးသည် အသက်ကြီးလာတာကလွဲ ပြီး ကျန်တာက ငယ်ငယ် တုန်းက ဟန်ပန်တွေ ရှိသေးသည် ၊ ဒီပုံစံ နှင့် ဘယ်လို လုပ်ပြီး ဘိုးတော် လုပ်နေသည်ကိုလည်း သူတွေးမရ ဖြစ်နေလေသည်။ထို့နောက် ကိုရင်လေးသည် ဘိုးတော်ပေအား ကွမ်းထုတ်ကို ကမ်းပေးလိုက်ရာ ဘိုးတော်ပေသည် ကွမ်းကို နှစ်ယာထပ် ပြီး ဝါးလိုက်၏ ၊ ထို့နောက် ကွမ်းကို ညက်အောင်ဝါးပြီးသောအခါ မျက်နှာ ရှုံ့ မဲ့နေပြီး ဝါးနေသော ကွမ်းကို ထွေးထုတ်လိုက်ကာ
“ကိုရင်လေး ကွမ်းကို ဘယ်က များဝယ်လာတာ လဲ ဘုရား”
“ရပ်ကွက် ထဲ က လူရှင်းတဲ့ ဆိုင်မှာ ပဲ ဝယ် လိုက်တာ ”
“ဟားဟားဟား ကွမ်းယာသည်က ငါလို ဘိုးတော်ကို အပင်းထည့်ဖို့ လုပ်သေးတာကွ ငါ လျင်လို့ ဟေ့ ”
ဦးဖိုးဝေ သည် ကွမ်းယာကို သေချာ စိုက်ကြည့်လိုက်ရာ ဘိုတော်ပေ၏ လက်ထဲ မှ ကွမ်းယာသည် တဖြည်းဖြည်းမဲနက်သွားလေသည်။ မဲနက်နေသော ကွမ်းယာကို ကြည့်လိုက်ရင်း ဦးဖိုးဝေသည် သူရိယအား ကြည့်ကာ စကားဆိုလေသည်။
“လူလေး ပါသွားတာတောင် အပင်းထည့် ခံရသေးတာလား ”
“ကျနော်လည်း သတိမထားမိဘူးအဘ ရပ်ကွက် ထဲက ဦးကောင်းနဲ့ စကားပြောနေတာနဲ့ ”
“လူလေး သတိဆိုတာ ပေါ့ လို့ မရဘူးကွဲ့ ”
ထို့နောက်ဘိုးတော်ပေသည် သူရိယအား သတိပေးနေသော ဦးဖိုးဝေကို ကြည့်ကာ
“ထားလိုက်ပါ ဗျာ ကလေးတွေပဲ တခါတလေ တော့ရှိမှာပေါ့ ”
“နေပါဦး ပေတူး ရ မင်းက အပင်းဆိုတာ မသိဘူးလား ”
“သိတာပေါ့ ဘိုးထင်ရ ”
“ဘယ်လို သိတာ တုန်း”။
“မင်းကလည်း ဝါးကြည့်တော့သိတာပေါ့ကွာ ”
“အော် အော် တော်တော် ကောင်းတဲ့ ပညာပဲ မိထားတဲ့ အပင်းရော ပြန်ထုတ် တတ်လား ”
“တကယ်ကောင့် ဘိုးထင် မင်းက ငါ့ဆို အထင်သေးဖို့ပဲ ချောင်းနေတယ် ဒီမှာ ကြည့် ငါထုတ်ပြမယ် ”
ဘိုးတော်ပေသည် ကျောင်းအမှိုက် ပုံအနားကို သွားကာ ပါးစပ်ထဲ လက်ထိုးပြီး အန်နေသည်၊။ထိုအခါ ဘိုးတော်ပေ၏ ပါးစပ် ထဲမှ အမဲ ရောင် အရည်များ အန်ထွက်လာပါလေ၏ ၊ ထိုအချင်းအရာကို ကြည့် ပြီး ဦးဘိုးထင်သည် ဘိုးတော်ပေကြားလောက်သော အသံဖြင့်
“တော်တော် ကောင်းတဲ့ အပင်းထုတ်နည်း ပဲဟ ပေတူးရ ”
သူတို့အားလုံး ဘိုးတော်ပေကို ကြည့်ကာ ပြုံးနေကြသော်လည်း မပြုံးနိုင်သူမှ သူရိယ ဖြစ်သည် ။ ဘာမဆိုင် ညာမဆိုင် အပင်းထည့်သော ကွမ်းယာဆိုင် မှ ပညာသည်ကို တေးမှတ်ထားလိုက်ပါ လေတော့သည် ။

*အခန်း (၇)

ညနေထမင်းစားချိန်တွင် ညစာ ထမင်းစားမည့်ဟန် ပြင်နေသော ဘိုးတော်ပေအား ဦးဖိုးဝေသည် အံဩဟန်ကြည့်ကာ
“ဘိုးတော်ပေ ညစာလည်း စားတာပဲလားဗျ ”
“စားတာပေါ့ဗျ ဘုန်းကြီးမှ မဟုတ်ပဲ ”
“ကျုပ်က ဘိုးတော်ကို ညစာ မစားဘူးထင်နေတာ ”
“အိုး ဘိုးတော်လည်း အစာအိမ်နဲ့ပါဗျာ”
“အေးပါ ဘိုးတော်ပေ လာ လာ စားစား ”
“နေပါ ဦး သူရိယ လည်းမတွေ့ပါလား အဲ့ ကလေးက ညစာ မစားဘူးလား ”
“စားပါတယ် ကျုပ်လည်း ရှာနေတာ မတွေ့ဘူး ဖြစ်နေတာ ”
ထို့‌‌နောက် ဘိုးတော် ပေ နှင့် ဦးဖိုးဝေသည် ညစာ ထမင်းစားနေလေ၏ ၊ သူရိယသည် က တ‌ယောက်တည်း ရပ်ကွက် ထဲ သွားကာ သူတို့ ကွမ်းယာ၀ယ်သော ကွမ်းယာဆိုင်ကို သေချာ စောင့်ကြည့်နေပြီး မည်သည့် လူရိပ်လူ‌ယောင် မှ မတွေ့သော အခါ မှ သူရိယသည် ကွမ်းဆိုင် ရှေ့သို့သွားလိုက်ကာ
“ကိုယ့်ဆီ ကွမ်းလာဝယ်တဲ့ သူတယောက်ကို ဘာလို့ အပင်းထည့်တာ လဲ ”
“နင်ဘယ်သူ လဲ ငါ့ကို ဘာတွေ လာပြောနေတာလဲ ”
“ဘာမှ မပြောပါဘူး ဘာလို့ အပင်းထည့်တာလဲ ဆိုတာ မေးနေတာ”
“ကွမ်းယာမှာဆို ဝယ် မဝယ်ဘူးဆို ပြန်တော့ ငါ့ကို ရှုပ်ရှုပ် ယှက်ယှက် တွေ လာမပြောနဲ့ ”
“ဘာလို့ အပင်းထည့်တာလဲ ”
“ဟဲကောင်လေး နင်ဘာတွေ ပြောနေတာလဲ”
“ဘာလို့ အပင်းထည့်တာလဲ ”
သူရိယသည် သူမကို သာ တွင်တွင်မေးနေရင်းမှ သူ၏ မျက်လုံးတို့မှာ အမှောင်ထုထဲတွင် ရွှေရောင် အလင်းများတောက်လောက်လာရာ ကွမ်းယာသည် အမျိုးသမီးသည် ထိပ်ထိပ်ပြာပြာဖြစ်ပြီး
“ငါ ငါ ပညာစမ်းချင်ရုံ လုပ်လိုက်တာပါ ”
“ငါတို့ ဘုန်းကြီးကျောင်းက နင့်တို့ကို ဘာဒုက္ခပေးဘူးလို့လဲ ပြောစမ်း”
“မ မပေးပါဘူး ဒီတိုင်း ပညာစမ်းချင်ရုံပါ ကျောင်းကို လာတဲ့ သူတွေက ပေါ့ပေါ့ သေးသေး မဟုတ်ဘူးဆိုတာ သိလို့ ပညာစမ်းရုံပါ ခွင့်လွှတ်ပါ ဆရာလေး”
ကွမ်းယာ ရောင်းနေသော အမျိုးသမီးသည် သူရိယ၏ မျက်လုံးမှ လင်းလက်လာသော အရောင်များကို ကြည့်ပြီး မဟန်မှန်းသိကာ လက်အုပ် ချီ ပြီးတောင်း‌ပန် နေသည်။ထိုအခါ မှ သူရိယ သည် သူ၏ စိတ်ကို လျှော့ ချလိုက်ကာ
“နောက်တခါ ဆို အဲ့ဒီ လို မလုပ်ပါနဲ့ ခင်ဗျား ဝါသနာပါတဲ့ ပညာ လိုက်စားတာ ကျုပ် အပြစ်မပြောလိုဘူး ဘာမှ အပြစ် မရှိ‌တဲ့ လူတွေကို ဒုက္ခမပေးပါနဲ့ ”
“ဟုတ် ကျမနားလည်ပါပြီ တောင်းပန်ပါတယ် ကိုရင်လေး ”
ထို့နောက် သူရိယသည် ကွမ်းယာသည် အမျိုးသမီးကို လက်ကာ ပြလိုက်ပြီး ကျောင်းဘက်ဆီသို့ လက်နောက်ပစ် လို့ တဖြည်းဖြည်းချင်း လမ်းလျှောက် သွားပါလေတော့သည် ။

*အခန်း (၈)

ဦးဖိုးဝေတို့ သည် ကျောင်းတွင် နှစ်ရက်မျှနေပြီး ဆရာတော်ကို ဝတ်ပြုကန်တော့ကာ ပြန်ဖို့‌အတွက် လျှောက်တင်လေသည်။
“အရှင်ဘုရား တပည့်တော် တို့ အလုပ်ကိစ္စလေးရှိလို့ ပြန်ပါဦးမယ် ဘုရား”
“အင်း ‌ဒကာကြီးတို့ ရဲ့ လုပ်ငန်းဆောင်တာ ဆိုတော့ လူ့လောကကြီးအတွက် ကောင်းကျိုးပြုမဲ့ အရာဆိုတာဘုန်းကြီး သိပါတယ် ဒါနဲ့ ဒကာပေတူးကို မှာချင်တယ် ”
“တပည့်တော်ကိုလား ဘုရား ဘာဖြစ်လို့လဲ ဘုရား”
“ဒကာကြီး ပေတူးလည်း ဒကာကြီး သူငယ်ချင်း ဒကာကြီး ဘိုးထင်လို တရားအားထုတ် စေချင်တယ် ”
ဆရာတော်၏ စကားကြားသော အခါ ဘိုးတော်ပေသည် ခေါင်းလေးပု သွားပြီး
“တပည့်တော် တရားတော်တော် များများအားထုတ်ပြီးပါပြီဘုရား”
“တရားဆိုတာ တော်တော် များများလို့ မရှိဘူးဒကာကြီးရဲ့ သံသရာက လွတ်အောင် အားထုတ်ရမှာ ”
“မှတ် မှတ်ထားပါ့မယ် ဘုရား ”
“ကဲ ကဲ နေ့လယ်စာ စားပြီးမှ သွားကြ ကိုရင်ကြီးနဲ့ ဒကာကြီး ဘိုးထင်တို့ နေ့လယ်စာ ပြင်နေကြတယ် ထင်တယ် သွားစားကြဦး ”
ဦးဖိုးဝေ နှင့် ဘိုးတော်ပေလည်း ဆရာတော်အား ရှိခိုးဦးချပြီး ဆွမ်းစားကျောင်းဆီသို့ ခြေဦးလှည့်လိုက်ကြပါ‌လေတော့သည်။

*အခန်း (၉)

ဦးဖိုးဝေတို့သည် ဆွမ်းစား စားပွဲဝိုင်းကြီးတွင် ဝိုင်းဖွဲ့ ၍ ထမင်းစားနေကြသည် ။ထိုတွင် ဒေါ်မယ်လှတော့ မပါဝင်‌ပေ။ ဒေါ်မယ်လှ အားမမြင်သော အခါ ဘိုးတော်ပေသည် ဘေးတွင် ရှိသော ဦးဘိုးထင်အား တံတောင် ဖြင့်တို့ကာ
“ဟေ့ကောင် မယ်လှ ကော မတွေ့ပါလား”


“မယ်လှက တရားစခန်းဝင်တာ ငါက သာ တရားထိုင်လိုက် ကျောင်းဝေယျာဝစ္စ လုပ်လိုက်ပေါ့ကွာ ”
“ကောင်းပါတယ် ကွာ ငါတို့က သာအေး ကို သွားဆုံးမ”
“မင်းဆုံးမ ရ မှာ မဟုတ်ဘူး ဆရာကြီး ဆုံးမ ရမှာ ”
“အေးပါ သိပါတယ် အဲ့တာကြောင့် ငါတို့ လို့ပြောတာပါ မင်းက ငါ့ဆို အထင်ကို မကြီးဘူး မင်းထက်ငါက တော်တယ် မင်းကသာ ဆရာတော် လာပြီး ချွတ်လို့ ကျွတ်တာ ငါက အစကတည်းက မကောင်းတာတွေကို သိပြီးသား”
ဘိုးတော်ပေ၏စကားအား ‌ဦးဘိုးထင် ငြိမ်ပြီး နားထောင်နေမိသည် ။ သူပြောသည်မှာ ဟုတ်ပေသည်။ဆရာတော်သာ ရွာသို့ လာပြီး တရားပွဲ မလုပ်ခဲ့လျှင် သူ လမ်းမှန်ကို သိမြင်ရမည်မဟုတ်ပါ၊ထို့နောက် ပေတူးကို သေချာကြည့်လိုက်မိသည် ၊ ငယ်ငယ် တုန်းကလို မဟုတ်တော့ ဇရာတွေက ထောက်လာပြီဖြစ်သည်။ပေတူး ကို မြင်သောအခါ သူ နှင့် အတူတူ အမြဲ တွဲတွဲ ရှိ‌ခဲ့ ဘူးသော လူများကို အမှတ်ရမိသည် ။ ထိုသူများက ရွာတွင် တချို့ တလေသာ ရှိတော့သည် ကျန်သူများသည်က လူလောကကြီးထဲ တွင် ရှိမနေကြတော့ပါ ။ ထို့နောက် ဦးဘိုးထင်သည် သူ၏ မျက်နှာ ချင်းဆိုင် တွင် ရှိသော ဦးဖိုးဝေအား
“ဆရာကြီး သာအေးကို ဆုံးမလို့ရရင် ကျုပ်တို့ ဆီခေါ်ခဲ့ပါ ဦး”
“ဘာဖြစ်လို့လဲ ဦးဘိုးထင် ”
“သူကို မတွေ့ရတာ ကြာလို့ပါ ကျုပ်ရဲ့ ငယ်ပေါင်းကြီးဖော်ဆိုလို့ သူတို့တွေပဲ ရှိလို့ပါ သူတို့ကို တရားထူး တရားမြတ်လေးတွေ ရစေချင်တယ် ဗျာ ”
ဦးဖိုးဝေသည် ဦးဘိုးထင်အားသေချာကြည့် လိုက်မိသည်။ ဦးဘိုးထင်၏ မျက်နှာတွင်တော့ သူ၏ အပေါင်းအသင်းများအား တရားထူး၊တရားမြတ်ကို ရစေချင်သောစိတ် အမှန် တကယ် ရှိနေသည်ဆိုတာ မြင်သာလှ၏ ။ထို့ကြောင့် ဦးဖိုးဝေ၏ စိတ်ထဲတွင် တကယ်ကို ဦးဘိုးထင်တို့သည် မိတ်တွေကောင်းများဆိုတာ သိသာစေပါလေတော့သည် ။

ပြီးပါပြီ။
မောင်တင်ဆန်း

Leave a Comment