အောက်လမ်းဘိုးထင် နှင့် မင်္ဂလာဆောင်

” အောက်လမ်းဘိုးထင် နှင့် မင်္ဂလာဆောင် ”
+++++++++++++++++++++

မောင်ဘိုးထင်အား သာရမှာ ခေါ်ထား၍ ဖိုးထွေးနှင့် အတူ မန်ကျည်းပင် ရိပ်အောက်တွင် စောင့်နေသည် ၊ ဖိုးထွေး နှင့် သာရသည် လယ်ပိုင်ရှင် လူကြီးသား နှင့် လယ်ပိုင်ရှင် သူဌေးသားများဖြစ်၍ သူတို့လုပ်ချင်သည်များကို မဆူမငေါက်ပဲ မိဘများက လွှတ်ထားချင်းဖြစ်သည် ၊ ယခုလည်း မောင်ဘိုးထင် နှင့် ဖိုးထွေးသည် သာရကိုစောင့်နေရင် မန်ကျည်ပင် အောက်တွင် စကားစမြည်ပြောနေကြသည်
“ကိုဖိုးထွေ ”
“အေးပြော ဘိုးထင် ”
“ကိုသာရက ကျုပ်တို့ကို ဘာလို့ခေါ်တာလဲ ”
“မင်း သာရ အကို ကိုပေါက်တူးကို သိလား ”
“ကိုကြီး သာမြကြီးကိုပြောတာလား ”
“အေးလေ သူငယ်နာမည်က ပေါက်တူးတဲ့ကွ သာရ ငါ့ပြောဘူးတာ ရှိတယ် သူ့အကို ကိုပေါက်တူးက လူရိုးကြီးကွ”
“ဟုတ်တယ် လေ လူရိုးကြီးပါ ကျုပ်သိတယ် ”
“အေး အဲ့လူရိုးကြီးက ငါတို့ ရွာဘေးက ရေအိုးစင် ရွာက အမကြီးကို ကြိုက်လို့တဲ့ကွာ ”
“အဲ့တာ ကျုပ်နဲ့ ဘာဆိုင်လို့လဲ ”
“အဲ့တာ လာမှ သိလိမ့်မယ် ကွာ ”
မောင်ဘိုးထင် နှင့် ဖိုးထွေး စကားပြောနေစဉ် သူတို့ရှိနေသည် မန်ကျည်းပင်ကြီး နားသို့ သာရ နှင့် သူ၏ အကို သာမြ ရောက်လာပြီး သာရမှ မောင်ဘိုးထင်ကို စကားဆိုလိုက်၏။
“ဘိုးထင်ရေ နောက်ကျသွားတယ်ကွာ ငါ့အကိုကိုယ် စောင့်နေရလို့ ”
သာရသည် သူ၏အကို သာမြခေါ် ပေါက်တူးအား မေးငေါ့ပြရင်း စကားဆိုလေသည် ၊ သာမြသည် အရပ် ပုပြတ်ပြတ် နှင့် အမြဲ ပြုံးစိစိ နှင့်နေသူဖြစ်သည် ၊ သွားလေးက အနည်းငယ် ခေါသယောင် ရှိနေသည့်အတွက်လည်း အမြဲ ပြုံးနေသည့်ပုံစံ ပေါ်နေသည်လည်းဖြစ်နိုင်သည် ၊ မည်သို့ဆိုစေကာမူ သာမြသည် ရုပ်အဆိုးကြီးထဲ မပါပေ ၊ခင်ဖို့ကောင်းသော ရုပ်သွင်ကို ဆောင်နေသည့် သာမြခေါ် ပေါက်တူးသည် မောင်ဘိုးထင်အားကြည့်ကာ –
“ခေါင်းဖီးနေလို့ကြာသွားတာ ဘိုးထင်ရ ”
မောင်ဘိုးထင် သည် ပေါက်တူး၏ ခေါင်းကိုကြည့်လိုက်သည် ဆံပင်သည်က ကောက်နေရာ ခေါင်းဖီးသည် ဖြစ်စေ မဖီးသည် ဖြစ်စေ ဒီပုံစံအတိုင်း ရှိနေမည်ဆံပင်ဖြစ်၏ ၊သို့ပေမဲ့ မောင်ဘိုးထင် စောဒက မတက် ခေါင်းညိတ်အသိမှတ် ပြုပေးလိုက်ရာ ပေါက်တူးမှ စကားဆက်ဆိုလာသည်။
“‌ဘိုးထင် မင်းကို သာရပြောထားလား ”
“ဘာမှ ပြောမထားဘူး ကိုပေါက်တူး”
‌ပေါက်တူးသည် သူ၏ ညီသာရကို တချက်ကြည့်လိုက်ပြီး မောင်ဘိုးထင်ကို မျက်စာ ပစ်ပြကာ –
“သာရ ပြောထားဘူးလား ကွ”
“ကိုယ့်တိုင်းကို ပြောဗျာ ”
“လုပ်ပါ သာရ ငါရှက်လို့ကွ ”
“ဘိုးထင်ကို တောင်ရှက်နေရင် မ‌ဆွဲမိ ကို ဘယ်လို လုပ်ပြောမလဲ ”
မောင်ဘိုးထင် သည် သာရ တို့ ညီကို နှစ်ယောက် ပြောစကားကို နားမလည်ပေ ၊ သာရသည် သူ၏ အကို ပေါက်တူးအား မကြည်သလို တချက်ကြည့်ပြီး မောင်ဘိုးထင်အား
“ဘိုးထင် ငါ့အကိုက ရေအိုးစင်ရွာက မဆွဲမိကို ကြိုက်နေတာကွ။ အဲ့တာ သူ့ကို ပြန်ကြိုက်အောင် ပီယဆေး တောင်းခိုင်းနေလို့ ”
“ဟ အဲ့တာက ကျုပ်လည်း သိပ်မသိသေးဘူးဗျ”
မောင်ဘိုးထင်မှ မသိသေးသည့် အကြောင်းပြောသောအခါ ပေါက်တူးသည် မောင်ဘိုးထင်အနားထိုင်လိုက်ပြီး မောင်ဘိုးထင် ပုခုံးကို ဖက်ကာ
“ဘိုးထင်ရ လုပ်ပါကွာ ငါဆွဲမိကို အသေရရ အရှင်ရရ လိုချင်နေလို့ပါ ”
“ဟ ကိုပေါက်တူး ခင်ဗျားကတော့ လွန်ပြီဗျာ အသေရရ အရှင်ရရ ဆိုတာကြီးကတော့ ”
“စကားအဖြစ် ပြောတာပါကွာ ငါဆွဲမိကို မရရင် ငါသေသွားလိမ့်မယ်ကွာ”
မောင်ဘိုးထင် သည် ကြေကွဲစွာ စကားဆိုနေသော ပေါက်တူးအား ကြည့်လိုက်သည် ၊ မောင်ဘိုးထင်နည်း တူ ဖိုးထွေး နှင့် သာရ လည်းကြည့်နေသည် ၊ သူတို့အားလုံး ပေါက်တူးအား သနားချင်ပေမဲ့ အမြဲပြုံးနေဟန် သူ၏ မျက်နှာက ကြေကြေကွဲကွဲ ဟန်အမူအယာ နှင့် ပြောလိုက်သည့်အတွက် မောင်ဘိုးထင်တို့ မရယ်မိအောင် မနည်းထိန်းသည့် ကြားမှ ဖိုးထွေး၏ရယ် သံပေါ်လာရာ ပေါက်တူးသည်ဖိုးထွေးအားကြည့်ကာ –
“ဟေ့ကောင် ဖိုးထွေး မင်းက ငါ့ကို လှောင်တာ လား ”
“မဟုတ် အဟီးး ရပါဘူး ဗျာ ”
“မင်းကွာ ငါခံစားနေရတာကို လှောင် ဝံ့တယ် ကွာ ”
ပေါက်တူး စိတ်ဆိုးချေပြီ စိတ်ဆိုးနေသော ပေါက်တူးအား ကြည့်ကာ သူတို့အားလုံးရယ် ချင်လာပြန်ရာ အခု တခါရယ်လို့မဖြစ်ချေဘူးဟု တွေးပြီး ရယ်လုလု ဖိုးထွေးကို မောင်ဘိုးထင် လက်ကဆွဲခေါ်ပြီး ပေါက်တူးနှင့် သာရအား –
“မနက်ဖြန် လာခဲ့ကြဗျာ ဒီနေရာက ပဲစောင့် ကျုပ်စီစဉ်ပေးမယ် ”
ဖိုးထွေးအား ဆွဲခေါ်ပြီး ပြောသွားသော မောင်ဘိုးထင်အား မန်ကျည်းပင် အောက်တွင် ကျန်ခဲ့သော သာရ နှင့်‌ ပေါက်တူး အနက်ပေါက်တူးမှ ပျော်ရွှင်သွားကာ –
“ဘိုးထင် သေချာတယ်နော် မင်းကျေးဇူး သာမြ တသက်မမေ့ပါဘူးကွာ”
သာမြ ခေါ် ပေါက်တူးသည်က သူကိုယ်တိုင်‌ေခါ်မှ ကြားရမည့် သူ၏နာမည် အရင်းကို ထည့်ပြောပြီး ဝမ်းသာအားရ စကားဆိုနေတော့သည် ၊ မောင်ဘိုးထင်သည်က ပေါက်တူးတို့ နှင့် အတန်ဝေးရောက်သည့်တိုင် ရယ်ချင်နေသည့် အမူအယာဖြစ်နေသော ဖိုးထွေးအား –
“ကိုဖိုးထွေးရာ ကိုပေါက်တူးကို အားနာစရာ ဘာလို့ ရယ်တာလဲ ဗျာ ”
“ဟားး ဟားး မင်းကကော ကိုပေါက်တူး မျက်နှာ ကြီး ကြည့်ပြီး မရယ်ချင်ဘူးလား ဘိုးထင်ရ ”
“ဟုတ်တော့ ဟုတ်တယ်ဗျ ဆွဲမိမှ မရရင် ငါသေသွားလိမ့်ဆိုပြီးပြောတဲ့ မျက်နှာကြီးက ရယ် ချင်စရာကြီး ဟားး ဟား ”
မောင်ဘိုးထင် ထိုသို့ပြောပြီး ရယ်လိုက်ရာ ဖိုးထွေးကပါ မောင်ဘိုးထင် ပုခုံးကို ဖက်ပြီး ရယ်မောနေပါလေ တော့သည်။

မောင်ဘိုးထင်သည် ဦးအုန်းအား သေချာဂရုစိုက်နေသည် ထမင်းစားချိန် လက်ဆေးရေ အသင့် ထမင်းစားပြီးရင် ဝါးဖို့ ကွမ်းအစ်မှ ကွမ်းယာပေးနေပြန်သည် ၊ ကွမ်းယာပြီးသော အခါ ဦးအုန်းအား ကွမ်းကို ပါးစပ်ထဲခွံ့လိုက်ပြီး ဆေးပေါ်လိပ် အသင့်ပြင် ပေးနေပြန်သည် ဦးအုန်းမှ လက်ကာပြပြီး –
“ဘိုးထင် တော်လောက်ပြီး တော်လောက်ပြီ ဘာလိုချင်လို့လဲ ပြောစမ်းပါဦး”
“အဘကလည်း ကျုပ်ဆို အပြစ်ပြောဖို့ပဲ တကယ် စေတနာ နဲ့ လုပ်ပေးနေတာပါဗျာ ”
“မင်း ဘာမှ မတောင်းဘူး ပေါ့ ”
“မတောင်းပါဘူးဗျ ဒါပေမဲ့ တခုတော့ သင်ပြဦး ”
“ထင်တော့ ထင်ပါတယ် မင်းက အကျိုးမျှော်ပြီး ညောင်ရေလောင်းနေတယ် ဆိုတာ ”
“မဟုတ်ပါဘူး အဘရာ ကျုပ်သိချင်တာ‌ေလးတွေ ပေးမလို့ပါ”
“မေးကွာ ငါလည်း ပျင်းနေတာနဲ့ အတော်ပဲ ”
“အဘ ဆေးမပေါက်ပဲ ပီယဆေး ‌လုပ်လို့ရလား ”
“အင်းရတယ်ကွ နေပါဦး နေပါဦး မင်းပေါက်ကရလုပ်မလို့လား ”
“ဗာဟုသုတအနေနဲ့မေးတာပါဗျာ ”
“လူသေအလောင်း နဲ့တော့ လုပ်လို့ရတယ်ကွ ”
“အရပ်ထဲက ပြောသလို ဟို ကြိမ်လုံးနဲ့ သနပ်ခါးသွေးခိုင်းတာလား ”
“အဲ့လိုတော့ မဟုတ်ဘူးကွ မြေကြီးထဲက တော့ အလောင်းကို ဖော်စရာမလိုပါဘူးး။ ရွာထဲက ကွမ်းတောင်ကိုင် ရွာအပြင်မှာ အစိမ်းသေရင် ရပြီ”
“ဘယ်လို လုပ်ရတာလဲ အဘ ”
“ရွာ အပြင်မှာ သေတဲ့ မသာကို ရွာသင်္ချိုင်းမှာ စင်ထိုးထားတယ် မဟုတ်လား ”
“ဟုတ်တယ် အဘ ”
“အေး စောင့်တဲ့ ကောင်တွေဆိုတာ လည်း အရက်သမားပဲ ရှိမှာပါကွာ အဲ့‌‌ေတာ့ အလောင်းကောင်ကို ဖုတ်သွင်းပြီး သနပ်ခါးသွေးခိုင်းပေါ့ သနပ်ခါးသွေးခိုင်းတယ် ဆိုရာမှ သနပ်ခါးအတုံးကြီးနဲ့ သွားမသွေးခိုင်းနဲ့ ကောင်ရေ တော်ကြာ ခေါင်းထုလိုက်လို့ ဂိနေဦးမယ် ”
“ဟုတ်တယ်နော်အဘ သတိထားရမယ် ”
“သီးခဲလေးယူသွားကောင်ရေ သီးခဲလေးဆို တချက် နှစ်ချက် သွေးတာနဲ့ သနပ်ခါးတန်းရတယ် ဟ ”
“ဟုတ်အဘ ဖုတ်သွင်းရမှာလား အဘ ”
“သေတဲ့ သူနာမည်တော့ သိရမယ် ကွ သေတဲ့သူက သရဲ မဖြစ်နေဘူးဆိုရင် တခြားသူ ခေါ်‌သွင်းပေါ့ ကွာ ”
“သိပြီ အဘ သိပြီ ကျေးဇူးတင်တယ် အဘရာ ကျုပ်ရွာထဲ သွားလိုက်ဦးမယ် ”
“‌ကောင်လေး အိမ်ပေါ်က‌ေန ဆေးလိပ်သောက်ချင်လို့မီးခြစ်လေး ယူပေးပါလားကွ”
“အဘရေ အားတော့နာတယ် တက်ယူလိုက်တော့ဗျာ လမ်းလေးဘာလေး လျှောက်တော့ ကျန်းမာရေးကောင်းတာပေါ့ဗျာ ”
အချိုးပြောင်းသွားသော မောင်ဘိုးထင်ကို ကြည့်ကာ ဦးအုန်း စိတ်ဆိုးရခက် ရယ်ရခက်ဖြစ် ဆေးပေါ်လိပ်ကို လက်ကကိုင်ပြီး ငေးနေပါလေတော့သည်။

မောင်ဘိုးထင် မနေ့က ကိုပေါက်တူးနှင့် တွေ့ရသည် မန်ကျည်းပင် ပေါ် တက်ပြီး နေလေသည် ၊ မကြာသော အချိန်တွင် ဖိုးထွေး နှင့် သာအေး ရောက်လာပြီး ဟိုကြည့် ဒီကြည့်နှင့် ထိုင်နေသည် ၊ နောက်ထပ်မကြာသောအချိန် တွင် သာရ နှင့် ပေါက်တူး ညီအကို ရောက်လာပြီး ဖိုးထွေးအား ကိုပေါက်တူးမှ –
“ဖိုးထွေး ဘိုးထင်ကော မလာသေးဘူးလားဟ ”
“အေးဗျာ ဒီကောင်က တခါမှနောက်မကျပါဘူးဗျ”
မောင်ဘိုးထင် မန်ကျည်းပင်ခေါင်ဖျာထိတက်သွားလိုက်သည် မန်ကျည်းပင် ခေါင်ဖျားဆိုရင်ဖြစ် အပင်အောက်မှ သူများ မမြင်ရနိုင်ပေ ထို့နောက် မောင်ဘိုးထင်သည် အသံခပ်ကျယ်ကျယ်ဖြစ်
“ဘိုးထင်ကို တောင်းတနေတာလားဟေ့”
ထိုအသံကြောင့် မန်ကျည်းပင်အောက်မှ ဖိုးထွေးတို့ အပင်ပေါ်မော့ကြည့်ပြီး
“ဒါဘိုးထင်အသံဟ အပင်ပေါ်မှာလား မသိဘူး ”
“ဟာ မရှိဘူးဟ ဒီကောင် ပညာတွေ မြင့်နေပြီလား မသိဘူး ”
“ဟူတ်လောက်တယ် ဘိုးထင် သူအိမ်ကနေပြီး ကျုပ်တို့ပြောတာတွေ သိနေတာလားမသိဘူးနော် ”
သာအေး၏ ပြောစကားကြောင့် မောင်ဘိုးထင် ရယ်ချင်လာ၏ ထိုနောက့် မောင်ဘိုးထင်သည်
“ငါ့ကို စောင့်နေတာလားဟေ့ ”
“ဟုတ်တယ် ဟ လာခဲ့တော့ ”
ပေါက်တူး၏အသံဖြစ်သည် ထိုနောက် သာအေးသည် လေးဂွကို ထုတ်ကာ အပင် ပေါ်သို့ ချိန်လိုက်ပြီး
“ဘိုးထင်ရေ မင်းက အိမ်မှာဆို အသံလာရာကို ပစ်ကြည့်မယ်ကွာ မင်းကို ထိလားဆိုတာ သိချင်လို့ ”
သာအေး၏ စကားကြောင့် မောင်ဘိုးထင် ပြာပြာသလဲ
“ဟ မပစ်နဲ့ဟ ငါက အပင် ခေါင်ဖျားမှာ လာပြီး လာပြီ”
မောင်ဘိုးထင် အပင်အောက်ဆင်းလာသည်၊ ဆင်းလာသော မောင်ဘိုးထင်အား အားလုံးက ပြစ်တင်ပြောဆိုပြီး ပေါက်တူးမှ –
“ဘိုးထင် အခြေအနေ ”
“ရွာအပြင်မှာ အစိမ်းသေတဲ့ အပျို မသာရှိရင် ရပြီ ”
*ဟ အဲ့လိုကြီးလားဟ ”
“အေးပေါ့ဗျာ လွယ်လွယ် နဲ့ ရမလား ”
“အဲ့တာဆို ဘယ်လို လုပ်ရမလဲ ဟ ”
သူတို့ခဏ ငြိမ်ပြီးစဉ်းစားနေကြသည် ခဏကြာသောအခါ သူတို့ထိုင်နေသော မန်ကျည်းပင်နားသို့ ပေတူးရောက်လာ၏ ပေတူးသည် မောင်ဘိုးထင်တို့အား။မြင်သောအခါ –
“ဟေ့ကောင်ဘိုးထင် ဘာလုပ်နေတာလဲ ”
“မသာ အကြောင်းစဉ်းစားနေတာကွာ ”
“ဘာမသာ လဲဟ ”
“ရွာအပြင်မှာ သေတဲ့ မသာကွာ ”
“ငါအဖေ ရွာက မလေပြေ လိုလားဟ ”
ပေတူး၏ စကားကြောင့် အားလုံး ပေတူးဆီ အကြည့်များရောက်လာပြီး ပေါက်တူးမှ –
“ဘာပြောလိုက်တာလဲ ပေတူး”
“ဟုတ်တယ် လေ ကျုပ်အဖေပြောတာ ကြက်ဆူရွာက မလေပြေဆိုတဲ့ အမကြီး တောထဲမှာ ရေနစ်သေလို့တဲ့ဗျ ရွာအပြင်မှာ သေတာဆိုတော့ ရွာသားတွေက ရွာထဲ မသွင်းခိုင်းလို့ သင်္ချိုင်းမှ စင်ထိုးထားရတယ် တဲ့ ”
ပေတူး၏ စကားကြားသောအခါ ပေါက်တူး ဝမ်းသာသွားပြီး
” ကြက်ဆူရွာနော် ‌ေ‌ပတူး ”
“ဟုတ်တယ် ဗျ”
ပေါက်တူ အဘယ်ကြောင့် လူတယောက်သေဆုံးသည်ကို ပျော်ရွှင်နေမှန်း ပေတူးမသိပါ ၊ မောင်ဘိုးထင်သည် ပေါက်တူးအား သေချာကြည့်၍
“ကြက်ဆူရွာက ဘယ်လောက်ဝေး လဲ ကိုပေါက်တူး”
“မဝေးပါဘူးကွ နှစ်နာရီ‌ေ လာက်သွားရင်ရောက်ပြီ ”
“အဲ့တာဆို အခု ညသွားကြမယ် ဗျာ ဘယ်လိုလဲ ”
“သွားမယ် သွားမယ် ဘိုးထင် ”
ပေါက်တူးကတော့ တက်ကြွပြီး အားရဝမ်းသာ သွားမည်ဟုပြောပေမဲ့ ကျန်လူများသည်က အင်တင်တင် ဖြစ်နေပါလေတော့သည် ။

‌မောင်ဘိုးထင်တို့ အဖွဲ့ ကြက်ဆူရွာ သင်္ချိုင်းသို့သွားနေကြပါသည် ၊ မောင်ဘိုးထင်တို့ အဖွဲ့တွင် ဖိုးထွေး နှင့် ကိုပေါက်တူး သူ၏ညီ သာရတို့ဖြစ်သည် ၊ ကိုပေါက်တူးသည် တောချက်အရက်များကို လည်း ဂါလံပုံးဖြူဖြစ်ထည့်လာသည် သာရမှ လွယ်အိတ်ထဲ ကျောက်ပျဉ် နှင့် သနပ်ခါးခဲ ထည့်လာသည် ၊ သူတို့တွေ စကား တပြောပြော နှင့် လမ်းလျှောက်လာသည် မောင်ဘိုးထင်သည် ရှေ့မှ ဦးဆောင်ပြီး လိုအပ်သည်များ မှာကြားနေသည်
“ကျုပ်ပြောမယ် နော် အလောင်းကောင်ကြီး ထလာရင် ကြောက်ပြီးထွက် မပြေးကြနဲ့ လန့်ပြီး သတိလစ် မယ် ထင်တဲ့သူတွေ အခုကတည်းက ပြန်ကြ‌နော် ”
“ငါတော့ စိတ်ချပါ မင်းနောက်လိုက်ဘူးပါတယ် ”
“ဟုတ်တယ် ဖိုးထွေးပြောတာ ငါလည်း မင်းနောက် လိုက်ဘူးပါတယ် ”
“ခင်ဗျားတို့ နှစ်ယောက်ကို ကျုပ်ယုံတယ် မယုံတာ ဟော့ဟိုက ကိုပေါက်တူး ”
မောင်ဘိုးထင်မှာ ပေါက်တူးအား ပြောသောအခါပေါက်တူးသည် ဘိုးထင်အား ကောင်းကင်မှ သာနေသော လ၏ အလင်းရောင်အကူအညီဖြစ် သေချာကြည့်ပြီး –
“ဘိုးထင် ပေါက်တူးဆိူတဲ့ ကောင်က အချစ်အတွက် ဆို အသက်ပါပေးဝံ့သူပါကွ ဒီလောက် ကြောက်စရာတော့ သနားတယ် ”
“ပြီးတာပဲ ပြီးတော့ မှ လန့်ပြီး အသက်ထွက်လို့ကတော့ မလေပြေ နဲ့ တူတူ တင်ခဲ့မယ် ကြားလား”
“ဖက် လွဲပါစေ ဖယ်ပါစေ ဖွက်ဖွက် ”
ပေးတူးပြောပြထားသော သေဆုံးသူ၏ နာမည်ကို မှတ်မိသောမောင်ဘိုးထင်မှ ပေါက်တူးအား သေဆုံးသူ နှင့် တူတူ ထားပြစ်မည် ဟုပြောသောကြောင့် မျက်နှာ အကြီးအကျယ် ပျက်ကာနေပါတော့သည်။ သူတို့ အတော်ကြာ လမ်းလျှောက်လာရာ ကြက်ဆူရွာ သင်္ချိုင်းသို့ရောက်ပြီ ဖြစ်သည် ကြက်ဆူရွာ သင်္ချိုင်း၏ အုန်းသျှစ်ပင်ကြီး အောက်တွင် စင်တစင်ထိုးထားပြီး စင်ပေါ်တွင် မိန်းမပျိုအလောင်းကို တင်ထားကာ စင် ဝန်းကျင်တွင် ရေနံဆီမီးခွက် ထည့်ထားသော မီးအိမ်များရှိလေ သည် ၊ စင်ဘေး မလှမ်းမကမ်းတွင်တော့ လူကြီး တချို့ နှင့် လူရွယ် ငါးဦးခန့် အရက်သောက်ရင်း ဖဲ ရိုက်နေကြသည် ၊ မောင်ဘိုးထင်တို့သည် ထို မိန်းမပျို၏ အလောင်း တင်ထားသောစင် အနားသို့ သွားလိုက်ပါလေတော့သည်။

မောင်ဘိုးထင်တို့ အလောင်းစင်နားရောက်‌ေသာခါ အလောင်းစင်နီးတွင် ဖဲရိုက်နေသော လူများ သူတို့အား လှမ်းကြည့်ပြီး –
“ဘယ်သူတွေ လဲ ဟေ့ ”
“ကျုပ်တို့ ငှက်လိုက်ပြစ်တဲ့ သူတွေပါ ”
“ငှက်ပစ်တဲ့ ကောင်တွေ မီးတောင်မပါ ပါဘာလားဟ ”
“ဟုတ်တယ် ဦးကြီးရ ကျုပ်တို့က နေ့လယ်ကတည်းက ငှက်ပစ်ထွက်တာ လမ်းပျောက်ပြီး ဒီကို ရောက်လာကြတာ ”
“အေးအေး လာကြ မကြောက်တက်ရင် ပေါ့ကွာ”
ဖဲ ရိုက်နေသော လူကြီး လူရွယ်များသည်မောင်ဘိုးထင် တို့ကို မြင်သောအခါ
“ဟေ့ ကလေးသာသာ တွေပါလားဟ ဟိုကောင်ပဲ ကြီးတာပါ ပါ့လား”
လူကြီးများသည် ပေါက်တူအား ကြည့်ပြီးပြောချင်းဖြစ်သည် ၊ ထိုနောက့် ထိုလူများထဲ မှ လူတယောက်သည် မောင်ဘိုးထင်တို့ ထဲမှ ဖိုးထွေးကို ကြည့်ပြီး –
“နေ ဦး နေဦး မင်းက ပေပင်ရွာလူကြီး ဦးလှမြိုင်ရဲ့သား မဟုတ်လား ”
“ဟုတ်တယ်ဗျ ”
“ဟေ့ကောင်တွေ ပေပင်ရွာ နဲ့ တို့ရွာက အတော်လှမ်းပါတယ်ဟ မင်းတို့ ဘာလာလုပ်တာလဲ ”
“ငှက်ပစ်ရင်း နဲ့ လမ်းပျောက်လာတာ ဗျာ ”
“‌ေဟ့ကောင် မဖြစ်နိုင်တာ ပေပင်သားတွေက ကြက်ဆူရွာလောက်ကို လမ်းပျောက်ပြီး ရောက်လာရာအောင် မင်းတို့က မြို့သားတွေ မဟုတ်ဘူး”
ဖိုးထွေးကို သိသော ရွာသားတယောက်မှ မယုံသင်္ကာဖြစ်ပြီးပြောလိုက်ရာ ပေါက်တူးမှ လွယ်အိတ်ထဲ မှ အရက်ပုံးကို ထုတ်ပြီး –
“ဒါကြောင့် မျက်စိလည် တာပေါ့ဗျာ ”
“ဘာတွေလဲ ဟ ”
“ပေပင်ရွာက အကောင်းဆုံး ချက်အရက်လေဗျာ ”
“နာမည်တော့ကြီးသားဟ တကယ်ကော ကောင်းလား ”
“တခွက်ဝင်တာ နဲ့ အကိုတို့ တပတ်လည်ထွက်သွားမယ် ”
“ညွှန်းလာချည်လား ပေပင်သားရ”
“ကျုပ်တို့က အပြောမဟုတ်ဘူး လက်တွေ့ စမ်းကြည့်ဗျာ နည်းနည်းလေးသောက် လို့ကတော့ အရာမထင်ဘူးနော် ကြက်ဆူသားတွေ သောက်ကော သောက်နိုင်ပါ့မလားဗျာ ”
“မင်းတို့ပေပင် ရွာသားတွေ ဘယ်လောက်သောက်နိုင်လို့လဲ ”
“အကိုကြီးကလည်းဗျာ ကျုပ်တို့ ပေပင်သားတွေက ဒီတပုံး လောက်တော့ ငါးယောက်တောင် မလိုဘူးဗျ”
“ကြည့်ထားလိုက်စမ်းပါ ကောင်ရာ ငါ့တို့ကြက်ဆူသား ဇ ပြရ‌တာပေါ့ ”
မောင်ဘိုးထင်တို့ ပေါက်တူး၏ အာဝဇ္ဇန်း ကို သဘောကျနေကြသည် လူရိုးကြီး ပေါက်တူး တယောက် အချစ်အတွက် စကားတွေ တက်နေသည် မဟုတ်ပါလား ၊ အလောင်းစောင့်သော ကြက်ဆူရွာသားများကတော့ ပေါက်တူး၏ စကားကို မခံချင်ဖြစ်ကာ ချက်အရက်များကို နင့်ကန်သောက်ပြီး စကားတပြောပြောနှင့် အချိန် အတန်ကြာသော အခါ မှောက်ကုန်ကြတော့သည် ၊ မောင်ဘိုးထင်သည်။ အရက်မူးပြီး မှောက်ကုန်သော ကြက်ဆူရွာသားများကို လက်နှင့် လိုက်လှုပ်နိုးကြည့်လိုက်ပြီး အခြေအနေကောင်းသောအခါ
“ကိုသာရ ကျောက်ပျဥ်ထုတ် သနပ်ခါးကော ရေကောဗျာ ”
“ဘိုးထင်ရ တခု ချင်းတောင်းပါဟ မင်းကလည်း”
“အေးပါဗျ မြန်မြန် ”
သာရသည် လွတ်အိတ်ထဲ မှ ကျောက်ပျဉ် ထုတ်ပေးလိုက်သည် ၊ မောင်ဘိုးထင် သည် ကျောက်ပျဥ်အား အလောင်းကောင်၏ ပေါင်ပေါ်တင် လိုက်ပြီး
” သီးခဲ ကော ”
“ရော့ရော့ ဒီမှာ ”
“ရေရေ ”
“ရေက မပါဘူးဟ ဟိုက အရက်သမားတွေ ဆီရှာကြည့်ပါဦး ဖိုးထွေး”
“တွေ့ပြီ ရေအိုး ”
ဖိုးထွေးသည် အိပ်ပျော်နေသော ကြက်ဆူရွာသားများ၏ ဘေးမှ ရေအိုးကို တွေ့ရာ ဘာနှင့် ခပ်ရမှန်း မသိဖြစ်နေ၏။
“ဘိုးထင် ရေခွက် မရှိဘူးဟ ဘာနဲ့ ခပ်ရမှာ လဲ ”
“ရှိတာ နဲ့ မြန်မြန် ခပ်ဗျာ ”
ဖိုးထွေးလည်း ထွေထွေ ထူးထူးစဉ်းစားမနေတော့ပဲ ကြက်ဆူရွာသားများ သောက်ထားသော အရက်ပုလင်းခွံဖြစ် နှစ်ပြီးခပ်လိုက်ကာ မောင်ဘိုးထင်အားပေးလိုက်တော့သည်။
“ရော့ ရေ ရေ”
“ဟ ခင်ဗျာဟာ အရက်ပုလင်းကြီးလား ဗျ ”
“ခွက် မရှိဘူးဟ အရက်ပုလင်း ရှိတာတောင် ကံကောင်း”
“အေးဗျာ ပြီးရော ”
မောင်ဘိုးထင်သည် အလောင်းပေါင်ဘေးတွင် ရေထည့်ထားသော အရက်ပုလင်းကို ချလိုက်၏၊ ကျန်သူများကလည်း မောင်ဘိုးထင် ၏ မလှမ်းမကမ်း တွင် ရပ်ကြည့်နေလေသည် ၊ မောင်ဘိုးထင်သည် အလောင်းအားသေချာကြည့်ကာ မာန်ပါပါ နှင့်
“လေပြေ ဆိုတဲ့ သရဲမ နင်ဒီနားရှိနေရင် နင့် ခန္ဓာကိုယ်ထဲ အခုဝင်စမ်း ငါဘိုးထင် ရဲ့ အမိန့် ”
မောင်ဘိုးထင်၏ စကားဆုံးသည်နှင့် အလောင်း၏ မျက်နှာကို အုပ်ထားသော စောင်ပါးလေးသည် ဘေးသို့ တဖြည်းဖြည်း လျောကျလာသည် နှင့် လရောင် နှင့် မီးအိမ်များ၏ အရောင်အောက်တွင် အလောင်းကြီးမှ မျက်စိ ဖျတ်ခနဲပွင် ့လာတော့သည် ၊ အလောင်းကောင် မျက်စိပွင့်လာသည် နှင့် ပေါက်တူးတို့ တသိုက်၏ ရင်ထဲတွင်လည်း လှိုက်ကနည်းဖြစ်သွားတော့သည် ၊ မောင်ဘိုးထင်သည်က ဟန်မပျက် မျက်လုံးဖွင့်နေသော အလောင်းကို စူးဆိုက်ကြည့်ကာ
“ဟဲ့လေပြေ ထစမ်း ”
ဘိုးထင်၏ စကားဆုံးသည် နှင့် အလောင်းကြီးသည် ခြေဆင်းထိုင် လျက်ကြီးဖြစ်သွားသည် ၊ မောင်ဘိုးထင်သည် ဆက်ပြီး –
“သနပ်ခါး‌သွေးစမ်း ”
“ဟဲ့ သနပ်ခါးသွေးစမ်း”
အလောင်းကောင်သည်မလှုပ်ပေ မောင်ဘိုးထင်တို့ကိုသာ မျက်တောင်မခက် ဆူးစိုက်ကြည့်နေလေသည် ထိုအခါ ဖိုးထွေသည် လေသံတိုးတိုးလေးဖြစ် မောင်ဘိုးထင်အား –
“ဘိုးထင် အဲ့တာ သနပ်ခါးမဟုတ်ဘူးဟ သီးခဲကြီး သနပ်ခါးကော ပါလားမသိပါဘူး ရွံ့တွေနဲ့များလုပ်ထားလားမသိဘူး ”
မောင်ဘိုးထင် ခေါင်းတချက်ညိတ်လိုက်ပြီး
“ဟဲ့ ကောင်မ နင့်ပေါင်ပေါ်တင်ထားတဲ့ ကျောက်ပျဥ်အပေါ်က အတုံးလေးကို သွေးစမ်း ”
မောင်ဘိုးထင် ထိုသို့ပြောမှ အလောင်းကောင်ကြီးသည် သီးခဲလေးအား ကျောက်ပြင်နှင့် သွေးနေလေသည် ၊ ပေါက်တူးသည် ဘိုးထင်အား တိုးတိုးနှင့်
“ဘိုးထင် ရေ ရေ ထည့်ခိုင်းးဦးလေ ”
‌မောင်ဘိုးထင် ခေါင်းညိတ်လိုက်ပြီး
“ဟဲ့ကောင်မ ရေထည့်းစမ်း ”
အလောင်းကောင်က မထည့်ပေ သီးခဲကိုသာ ကျောက်ပျဉ် နှင့် သွေးနေလေရာ မောင်ဘိူထင် း ရေထည့်ထားသော ပုလင်းကို ကြည့်ပြီး ပြုံးလိုက်ကာ
“ဟဲ့ကောင်မ အရက်ထည့်သွေး”
ထိုအခါမှ အလောင်းကြီးသည် အရက်ပုလင်းထဲမှ ရေကို ထည့်လေသည် ရေအနည်းငယ် ထည့်ပြီးသောအခါ မောင်ဘိုးထင်က တော်ရန်အမိန့်ပေးလိုက်ပြီး သီးခဲ အားသွေးစေသည် ၊ အတန်ကြာသွေး၍ သနပ်ခါး တော်တော်ရသောအခါ
“ဟဲ့ကောင်မ ရပြီ ထွက်တော့ ”
မောင်ဘိုးထင် စကားဆုံးသည် နှင့် အလောင်းကောင်သည် နောက်သို့ ချက်ချင်းလန်ကျသွားပြီး မျက်လုံးများပိတ်သွားတော့သည်၊ ထိုအခါမှ မောင်ဘိုးထင်သည် ပေါက်တူးကို ကြည့်ကာ
“ကိုပေါက်တူး ကျောက်ပျဉ်သွားယူ ပြန်ရတော့အောင် ”
“မယူရဲဘူး ဟ ”
“မယူရဲရင် ထားခဲ့ ဗျာ ကိုဖိုးထွေး ကိုသာရ ပြန်ရအောင် ”
“အေးအေး ”
မောင်ဘိုးထင် ထိုသို့ပြောမှ ပေါက်တူး ကြောက်ရဲ ကြောက်ရဲ ဖြစ် ကျောက်ပျဉ်ကိုယူလိုက်သည် ထိုအခါ မောင်ဘိုးထင်သည် ပေါက်တူးကိုကြည့်ကာ –
“ကိုပေါက်တူး တလက်စထဲ ဟိုစောင်လေး ပြန်အုပ်ပေးခဲ့ ဦး ”
“ဟာကွာ ”
မောင်ဘိုးထင်သည် အလောင်း၏ မျက်နှာကို အုပ်ပေးသော စောင်လေးကို လက်ညှိုး ထိုးပြီးပြောလိုက်ရာ ပေါက်တူး မကျေမနပ်ဖြစ်နေပါတော့သည်၊ သို့ပေမဲ့ သူမလုပ်ပဲ မနေရဲပါ အဘယ်ကြောင့်ဆိုသော ဒီကိစ္စအားလုံးသည်က သူအတွက် လုပ်ရချင်း မဟုတ်ပါလား ဤသို့ နှင့် ပိယဆေး ယူသောအလုပ်သည်က အောင်မြင်စွာ ပြီးဆုံးပြီဖြစ်ပါလေတော့သည်။

ပီယဆေး ယူပြီးနောက် မောင်ဘိုးထင်တို့ မန်ကျည်းပင်ကြီးအောက်တွင် ပြန်လည်စုရုံးနေပြီ ဖြစ်သည် မောင်ဘိုးထင်သည် အလောင်းကောင် သွေးထားသော သနပ်ခါးအား ဘူးထဲ ထည့်သိမ်းထားသည် ပေါက်တူကို ပေးပေမဲ့ ပေါက်တူးသည် မောင်ဘိုးထင်ကို သာသိမ်းခိုင်းထားသည် ယခု မောင်ဘိုးထင် တို့ တိုင်ပင်နေကြပြန်သည် ။
“ကိုပေါက်တူး ရေအိုးစင်ရွာ ကို ခုသွားမှာလား ”
“နေဦးဟ နေ့လယ်လောက်သွားမယ် ရေအိုးစင်က ရွာနာမည်က သာရေအိုးစင် ရေကတော့ ရှားတယ်ကောင်ရ သူတိုက ရေကို လှည်းနဲ့ တိုက်တာဟ ငါစုံစမ်း ရသလောက် ငါ့ရဲ့ ဆွဲမိလေးက သူအကို ဝတယောက်ရယ် ‌တခြား လှည်းတစီး နဲ့ တပတ် တရက် နေ့လယ်ရေသွားတိုက်တယ် တဲ့ကွ ဒီနေ့ သူတို့ ရေတိုက်မဲ့ နေ့ ပဲ”
“ကောင်းတာပေါ့ ဗျာ ”
“နေပါဦး ဘိုးထင် ပီယ ဆေး ဘယ်လို ခပ်ရမှာလဲ ဟ ”
ဖိုးထွေး၏ စကားကြောင့် အားလုံး ငြိမ်ပြီး တွေးနေကြသည် ၊ ခဏ ကြာသောအခါ မောင်ဘိူးထင်မှ
“ဟုတ်ပြီ ”
“ဟ အသာလုပ်ပါဟ ဆွဲမိ နဲ့ စိတ်ကူး ထဲမှာ ညားနေတာ လန့်လိုက်တာ ”
ပေါက်တူး၏ စကားကြောင့် အားလုံး ပေါက်တူးအား ဘုကြည့် ကြည့်လိုက်ပြီး ဘိုးထင်မှ
“ကိုပေါက်တူးတို့ အိမ်မှာ သံပုရာပင် ရှိတယ် မဟုတ်လား ”
“ရှိတယ်လေကွာ ”
“သကြားကော ”
“ရှိတယ် ”
“အဲ့တာဆို ကိုပေါက်တူးတို့က သံပုရာရည်ဖျော်ထားဗျာ ”
မောင်ဘိုးထင် သည် ဖိုးထွေးအားကြည့်လိုက်သည် ဖိုးထွေးသည်လည်း ဘာလဲ ဟု သဘော နှင့် မေးငေါ့ပြရာ မောင်ဘိုးထင်သည် ရယ်ပြီး –
“ကိုဖိုးထွေး ခင်ဗျားက လူကြီးသားဆိုတော့ ရေတကောင်း နဲ့ ခွက်တွေ ယူခဲ့ ဗျာ နော် ”
“ဟေ့ကောင် အဲ့တာ ဘုံပစ္စည်းတွေဟ အလှူတို့ ဘာတို့မှာ သုံးတာ ”
“ကျုပ်တို့လည်း အခု သံပုရာ ရည် အလှူ လုပ်မှာ လေဗျာ ယူခဲ့စမ်းပါ ”
“အေး ဘိုးထင် ပြောတာ ဟုတ်တယ် ဟ ”
“ဟုတ်မနေနဲ့ ကိုသာရ ခင်ဗျားက လှည်းကောက်ခဲ့ ဦး”
“အဘ ပြောလိမ့်မယ် ”
“သာရကလည်း အဘက ငါပါရင် ပြောမလားဟ ”
ပေါက်တူးသည် ညီဖြစ်သူ သာရအား ကိုယ်ရည်သွေးစကားဆိုလိုက်၏ ၊ ဤသို့ နှင့် မောင်ဘိုးထင်မှ တာဝန်ကိုယ်စီ ခွဲပေးလိုက်ပြီး လူစုခဏ ခွဲလိုက်‌ေတာ့သည် နေ့လယ်တွင်တော့ ရေအိုးစင် ရွာသို့ လှည်း နှင့် သွားမည် ဖြစ်ပြီး ရေအိုးစင်ရွာမှ ရေတိုက်သွားသော ဆွဲမိတို့ အား သံပုရာရည်ကုသိုလ် ပြုမည်ဖြစ်သည် ။

မောင်ဘိုးထင် တို့ လေးယောက် လှည်း တစီးနှင့် ရေအိုးစင် ရွာမှ ရေသွားတိုက်ရသော တောရ ဘုန်းကြီးကျောင်း နှင့် မလှမ်း မကမ်း တွင် လှည်းကို ရပ်ပြီး စောင့်နေကြသည်။ ဖိုးထွေးသည် သံပုရာ ရည်တကောင်းကို ကိုင်ထားပြီး မောင်ဘိုးထင်သည်က ရေခွက် နှစ်ခွက်ကို အောက်ချပြီး ပီယဆေး အနည်းငယ် ထည့်ထားသော ခွက်အား မှတ်သားထားလိုက်သည် ဘယ်တခွက် ညာတခွက်မှ ညာဘက်က ပီယဆေး ထည့်ထားသော ခွက်ဖြစ်သည် ၊ သူဘာကြောင်ဒီလို မှတ်ရလည်းဆိုတော့ ဖိုးထွေးယူလာသော ခွက်များသည် အရောင်တူများဖြစ်၏ ၊ မောင်ဘိုးထင်သည် ခွက် နှစ်လုံးကို ဖိုးထွေးအား သံပုရာရည်ဖြည့်စေပြီး ဘယ် တခွက် ညာတခွက် ကိုင်ထား၏ ပေါက်တူးသည်က နောက်ထပ် သံပုရာရည် နှစ်ခွက်ကို ဘယ်တခွက် ညာတခွက် ကိုင်ပြီး ဆွဲမိတို့ လှည်း အလာကို စောင့်နေသည် ၊ မကြာလှသော အချိန်တွင် ရေစီ လှည်း လေး နှစ်စီး ‌တရွေ့ရွေ့ နှင့် သူတို့အနား ရောက်လာသည် အရှေ့က လှည်းတွင် ဖိုးထွေးတို့ အရွယယ် ကောင်‌ေလးနှင့် ကောင်မလေး နှစ်ယောက်ဖြစ်သည် ပေါက်တူး သည် သူလက်ထဲမှရှိသော သံပုရာ ရည်ခွက်ကို အရှေ့မှလာသောလှည်းမှ နှစ်ယောက်ကို တိုက်လိုက် ပြီး ‌မောင်ဘိုးထင်နားလာကာ –
“ဘိုးထင်ရေ နောက်က လှည်က ကောင်မလေးက ငါ့ဆွဲမိဟ လှည်းမောင်းနေတာက သူ့အကို ကြည့် အာဠာဝက ရုပ်နဲ့ တယောက်လေ ”
” အင်း အင်း ညာဘက်က ပီယဆေး ခပ်ထားတာနော် ဘယ်ဘက်က ရိုးရိုး ”
“အေးအေး မင်းကျေးဇူး ငါ မြေးတွေ ရတဲ့ အထိ မ‌ေမ့ပါဘူးကွာ သာမြအိုရတော့မယ် ဟီးး”
“ကိုပေါက်တူး ညာဘက်က ပီယဆေးနော် ဘယ်ဘက်က ရိုးရိုး ”
“အေးပါဟ ငါ့အဲ့လောက် မအပါဘူး ”
ပေါက်တူးသည် မောင်ဘိုးထင် ထံမှာ သံပုရာရည်ခွက်ကို ယူကာ ဆွဲမိတို့ လှည်းအနားသွားလိုက်သည် ၊ ဆွဲမိသည် ပေါက်တူးကို မြင်သည်နှင့် ပြုံးပြနေသည် ရှေ့တွင် လှည်းမောင်းသော ဆွဲမိအကို သည်က ခပ်တည်တည် ၊ မောင်ဘိုးထင် ပေါက်တူးအားသေချာကြည့်နေသည် ၊ပေါက်တူးသည် ဆွဲမိတို့လှည်းအနားတွင် ခေတ္တရပ်လိုက်ပြီး သူ၏ လက်ကို ကြည့်ကာ သူ၏ ဘယ်ဘက်မှ သံပုရာရည်ခွက် ကို ဆွဲမိ၏ အကို ကိုတိုက်လိုက်ပြီး ဆွဲမိကိုတော့ သူ၏ ညာဘက်မှ အချိုရည်အားတိုက်လိုက်ရာ မောင်ဘိုင်းထင် အပါအဝင် ဖိုးထွေးနှင့် သာရတို့ တယောက် မျက်နှာ တယောက်ကြည့်ကာ
“ဘိုးထင် လွဲကုန်ပဟ ”
“ကျုပ်က ကျုပ်ညာဘက်ကို ပြောတာ ”
“အေးလေ မင်းညာဘက်ဆို သူက ဘယ်ဘက် မဟုတ်လား ”
“ဟုတ်တယ် ”
“ထားလိုက်ဗျာ မဆွဲမိက လည်း သူ့ကိုသဘောကျနေတဲ့ ပုံပါ ”
“ဟုတ်တယ် သူကကို ကြောက်နေတာ အခုကြည့်ပါလား ပီယဆေး တိုက်ပြီးပြီထင်ပြီး စကားတွေပြောနေတာ ”
သာရပြောမှ မောင်ဘိုးထင်တို့ ကြည့်လိုက်မိသည် ပေါက်တူးတယောက် လှည်းမောင်းနေသည်တိုင် လှည်းဘေးတွင် လိုက်ပြီး စကားတွေ ပြောနေသည် ဆွဲမိ၏ အကိုသည်လည်း ပီယဆေး အစွမ်းကြောင့် ‌ပေါက်တူးအား မည်သို့မှ မပြောပဲ လှည်းမောင်းနေရင် ပြုံးပြုံးပြနေတော့သည်။
ပေါက်တူး သည် လှည်းများ တောရကျောင်းထဲ ဝင်သွားမှ မောင်ဘိုးထင်တို့ ရှိသော လှည်းအနားကို လက်သီး လက်မောင်း တန်းပြီးရောက်လာကာ လှည်ပေါ်မှ မောင်ဘိုးထင်အား ပွေ့ချီလိုက်ပြီး
“ကျေးဇူးရှင်လေး နတ်သားလေး တန်ခိုးရှင်လေး မွမွ”
ပေါက်တူးသည် မောင်ဘိုးထင်အား ချီပြီး မောင်ဘိူးထင်၏ ခေါင်းကိုနမ်း‌ေလပြီး အပျော်လွန်နေပါလေတော့သည်။

ယခုဆို ‌ပေါက်တူး နှင့် ဆွဲမိ ရည်ငံနေသည်မှာ တလပင်ရှိပြီ ဖြစ်သည် ဆွဲမိမှာ ပေါတူးအား တောင်ရမ်းခိုင်းရာ ပေါက်တူ၏ မိဘများမှ တောင်းရမ်းပေးသော ကြောင့် ဆွဲမိနေထိုင်သော ရေအိုးစင်ရွာတွင် မင်္ဂလာပွဲကျင်းပမည်ဖြစ်သည် ပေါက်တူးသည် မောင်ဘိုးထင် နှင့် ဖိုးထွေးအား သာရကိုအခေါ်ခိုင်းလိုက်ပြီး ရွာအပြင်ထန်းတောတွင် ကာလာသားချက် ကြွက်ကြော် ကြက်ကြော် နှင့် ထန်းရည်ချိုတို့ ဖြစ်ဧည့်ခံလေသည်
“ဟေ့ကောင်တွေ သောက်ကြကွာ စားကြ ထန်းရည်က အချိုပါကွ ထန်းလျက် ချက်မဲ့ ထန်း ရည် မင်းတိုသောက်လို့က
ရတယ် အပြင်းတွေတော့ ငါ့ညီတွေကို မတိုက်ပါဘူးကွ”
“မင်းတို့ကို ကျေးဇူးတင်တယ်ကွာ မင်းတို့ ကျေးဇူးကြောင့် ငါမိန်းမရတော့မယ် အသက်ကလည်း မငယ်တော့ဘူးဆိုတော့ သုံးနှစ်သုံးမိုး မစောင့်နိုင်တော့ဘူးကွာ ယူတော့မယ် မင်းတို့ ရေအိုးစင် မင်္ဂလာဆောင် လိုက်ခဲ့ရမယ် နော် ”
“ကျုပ်က အဘဆီခွင့်တောင်းရဦးမှာဗျာ အဘက လိုက်ဆို လိုက်မယ် ”
“ငါလိုက်ပြောပေးပါမယ် ကွာ မလိုက်လို့မရဘူး”
“အင်းပါဗျာ လိုက်ခဲ့ပါမယ် ”
ပေါက်တူးသည် ထန်းရည်တခွက်ကို သောက်ရင်း တခုခုကိုတွေးနေဟန် နှင့် မောင်ဘိုးထင်တို့အား စကားဆိုလာသည်။
“ဟေ့ကောင်တွေ ငါတခု စိတ်ပူတယ် ကွာ ”
“ပြောလေ ကိုပေါက်တူး ”
“ပီယဆေး အရှိန်ပြေသွားရင် ဆွဲမိ ငါ့ကို မုန်းများမုန့်သွားမလား”
“ဟားးးး ဟားးး ဟားး”
မောင်ဘိုးထင်တို့ ခွက်ထိုးခွက်လန်ရယ်နေသော ကြောင့် ပေါက်တူး ကြောင် အမ်းအမ်း ဖြစ်ငေးနေပြီး
“ဘာလဲ ကွ မင်းတို့က ငါ့စကားက ရယ်စရာ ပါလို့လား ”
မောင်ဘိုးထင်သည် ရယ်နေတာကို ရပ်လိုက်ပြီး ထန်းရည် နှစ်ခွက်ကို ကိုင်ကာ
“ကိုပေါက်တူ ရော့ နှစ်ခွက် လုံးကိုင်ဗျာ ”
“ဘာလဲဟ ဘိုးထင် ”
“ရော့ကိုင်ပါ ညာဘက်ခွက်ကို သောက်ဗျာ ”
‌ပေါက်တူးသည် ဘိုးထင်ပေးသော ထန်းရည်နှစ်ခွက်ကို ယူပြီး သူ၏ ညာဘက်မှ ခွက်ကို သောက်လိုက်ပြီး ဘာလဲဆိုသည် သေဘောဖြစ်မေးငေါ့ပြရာ
“ဟို တခါ ပီယဆေး တိုက်ခိုင်းတာ ကျုပ်ညာဘက်ကို ပြောတာ ဗျာ ဟားဟား ”
“အဲ့တာဆို ငါ ငါ ဆွဲမိအကို ကို ပီယဆေးတိုက်မိတာပေါ့ ”
“ဟုတ်ပဗျာ ”
မောင်ဘိုးထင်၏ စကားကြောင် ပေါက်တူး စိတ်သက်သာရာ ရဟန်နှင့် ရယ်မောပြီး စကားဆိုလာပြန်သည်
“အေးကွာ ငါစဉ်းစားနေတာ ယောက်ဖ ငါ့အပေါ်တော်တော် ကောင်းပါလားလို့ သူ့ညီမ နဲ့ ချိန်းတွေ့ရင်တောင် သူလိုက်ပို့တာ ဟ ငါကတော့ဆွဲမိ ကို ပီယဆေး တိုက်ထားပြီ အပိုင်ပဲဆိုပြီးတော့ ချစ်ကြောင်း ကြိုက်ကြောင်းတွေ ပြောချင်သလိုပြော နေတာ ဟ ပြန်ချစ်လို့တော်ပါသေးရဲ့ ”
“ကိုပေါက်တူးက ကြောက်နေတာကို ဗျာ မဆွဲမိရုပ်ကြည့်ကတည်းက ခင်ဗျားကို သဘောကျနေတာ ”
“အေး ယောက်ဖကို ပီယဆေးတိုက်လိုက်တာ ပိုအဆင်ပြေသွားတယ်ဟ တော်သေးတယ် ငါ့ကို မကြိုက်လို့ဟေ့ ဟားဟား ”
“ပီယဆေး ဆိုတာ အဘပြောဘူးတာတော့ လင်မယား လို ချစ်တာ တခုတည်း မဟုတ်ဘူးတဲ့ဗျ ကိုပေါက်တူး ယောက်ဖ အာဠာဝက ကို ပီယဆေး တိုက်လိုက်မိတာ အတော်ဖြစ်သွားတယ်ဗျို့ ”
ဤ သို့ နှင့် ပေါက်တူး၏ မင်္ဂလာဆောင် အကြိုဂုဏ်ပြုပွဲလေးသည်က တဝါးဝါး တဟားဟား နှင့် ပြီးမြောက်သွားတော့သည် ပေါက်တူးသည်လည်း ဆွဲမိမှ သူအား ပီယဆေး အစွမ်းကြောင့် မဟုတ်ပဲ စိတ်ရင်း နှင့် ချစ်ကြောင်းသိသွားသောကြောင့် အတော်ပင် ကျေနပ်ဝမ်းသာ ဖြစ်သွားရပါလေတော့သည်။

မောင်ဘိုးထင်သည် ဦးအုန်းအား ပေါက်တူး၏ ရေအိုးစင်ရွာ မင်္ဂလာဆောင်ကို လိုက်သွားခွှင့်ပြုရန်ပြောနေလေသည်
“အဘ ကျုပ်လိုက်သွားလို့ရမလား ”
“ကောင်လေး ပေါက်တူး ရဲ့ ယောက်က္ခမတွေက အထက်လမ်း ယောင်ယောင်ကွ မင်းကို လည်း ငါတပည်မှန်း သိတယ် ”
“သူက ဘယ်လို လုပ်သိတာလဲ အဘ ”
“ဘယ်လို သိတာလည်း မမေးနဲ့ မင်းသည်းခံနိုင်ရင် လိုက် သည်းမခံနိုင်ရင် မလိုက်နဲ့ ကောင်လေး”
“ကိုပေါက်တူးက အတင်းခေါ်နေတာ ဆိုတော့လည်း လိုက်သွားလိုက်မယ် အဘရာ ”
“အင်း မင်းသဘောပါ ဒါနဲ့ မင်းရွာက လူတယောက် လူကြုံစကားပါလိုက်တယ် မင်းအဖေ မင်းကို တွေ့ချင်လို့တဲ့ ”
“ထူးထူး ဆန်းဆန်းပါလား အဘ ရ ”
“အေး အဲ့တာ မင်းသွားမှာလား ”
“ကိုပေါက်တူး တို့ မင်္ဂလာဆောင် ပြီးရင် သွားလိုက်မယ် အဘ ”
“အေးအေး ”
မောင်ဘိုးထင်သည် သူ၏ ဖခင်မှ လူကြုံဖြစ်တေွ့ချင်သည်ဟုသော စကားကြောင့် အနည်းငယ် ကျေနပ်နေမိသည် ၊ နောက်တ‌ေခါက် ရွာသွားရင် သာအေး နှင့် ဖိုးစိန်ကို ခေါ်မည်ဟုလည်း တွေးလိုက်ပါတော့သည်။

ပေါက်တူ ဖိုးထွေး သာရ တို့ နှင့် အတူ မောင်ဘိုးထင် ရေအိုးစင် သို့ လှည်းတစီး အတူစီး၍ သွားနေသည် သာရက လှည်းမောင်းနေသည် ၊ သူတို့လှည်း နှင့် မလှမ်းမကမ်းတွင်တော့ ပေါက်တူ၏ မိဘများနှင့် တခြားရပ်ရွာလူကြီးများ ၏ လှည်း နှစ်စီး သွားနေသည် ပေါက်တူးသည် အဝတ်အစားသစ်နှင့် ဘိုးထင်ကို ကြည့်ပြီး –
“ဘိုးထင် မင်းငါတို့ရွာက လူတွေအကုန်လုံးကို ပီယဆေး ခပ်ထားတားလားဟ ”
“ဟ ထူးထူးဆန်းဆန်း ဘာဖြစ်လို့လည်းကိုပေါက်တူး ”
“မင်းအတွက် ဆိုပြီး ငါ့အဖေ နဲ့ အမေက အဝတ်အစားအသစ် ဝယ်ခိုင်းထားလို့ဝယ်ထားတယ်ရော့ ”
ပေါက်တူးသည် မောင်ဖိုးထင်အား အဝတ်စားထုတ်ကို ပေးပြီးစကားဆိုလိုက်၏
“မခပ်ပါဘူးဗျာ ကိုပေါက်တူးက ကျုပ်ကို မယုံဘူးလား ”
“စတာပါ ဟ ဘိုးထင်ရ မင်းက လူရည်လည်းသန့်တယ် ချစ်စရာလည်းကောင်းတော့ ရွာကလူတွေက ချစ်တာ မဆန်းပါဘူး ”
“အဲ့တာတော့ ဟုတ်တယ် ကိုပေါက်တူးရေ ကျုပ်ဆို အဲ့ကောင်ဘိုးထင်ကို မုန့်းလို့ကို မရဘူးဗျို့ တခါတခါတော့ တွေးမိတယ် ကျုပ်ကို ဒီကောင်ပီယဆေး ခက်ထားလားလို့ပေါ့ ”
ဖိုးထွေး၏ စကားကြောင့် အားလုံး ရယ်မော‌လိုက်ကြပါသည် လှည်းလေးကလည်း တရွေ့ရွေ့ နှင့် ရေအိုးစင်ရွာသို့ သွားနေလေပါတော့သည်။
▪️အခန်း-၉
ပေါက်တူး၏ သတိုးသမီး ဆွဲမိတို့ အိမ်အဝင်တွင်ဖြစ်သည် လှည်းများနှင့်လာသော ပေါက်တူးတို့အား အိမ်ထဲ အဝင်မခံ၍ စကားများနေကြသည် ၊ အိမ်ဝိုင်းထဲတွင်လည်း မင်္ဂလာမန်းဏ္ဍပ် ကြီးက ထိုးပြီးနေပြီးဖြစ်သည် ၊ ယခု ပေါက်တူးတို့အား အိမ်ထဲ အဝင်မခံရသော အကြောင်းမှာ မောင်ဘိုးထင်ကြောင့်ဖြစ်သည် ပေါက်တူး၏ မိဘများ နှင့် ဖိုးထွေး၏ အဖေ ရွာလူကြီးတို့ နှင့် ဆွဲမိ၏ အဖေ စကားများနေချင်းဖြစ်သည်
“ကျုပ်ရဲ့ မင်္ဂလာရှိတဲ့ အိမ်ကို အဲ့အောက်လမ်းရဲ့ တပည် အောက်လမ်း ပေါက်စလေးကို အဝင်မခံနိုင်ဘူး ”
“ခင်ဗျား လူကြီးစကားပြော ကျုပ်တို့ ဘိုးထင်က ခင်ဗျားကို ဘာလုပ်လို့လဲ ”
“မသိဘူး အဝင်မခံနိုင်ဘူး ”
ရှေ့လှည်းမှ ပြောစကားများကို မောင်ဘိုးထင်ကြားနေရသည် ထိုအခါ မောင်ဘိုးထင်သည် လှည်းပေါ်မှ ဆင်းပြီး လှည်းလမ်း အတိုင်း နောက်‌ေကြာင်း ပြန်သွားရာ သာရနှင့် ၊ဖိုးထွေး လှည်းပေါ်မှ ဆင်းပြီး မောင်ဘိုးထင်၏ လက်ကို လိုက်ဆွဲလိုက်သလို ပေါက်တူး လည်း မောင်ဘိုးထင် အနားရောက်လာပြီး
“ဘိုးထင် မင်း ဘာမှ ပြန်စရာ မလိုဘူးး ဒီလူကြီးက ဘာဖြစ်နေတာလဲ သာရ နဲ့ ဖိုးထွေး မင်းတို့ ဘိုးထင် အနားနေ ငါခဏနေ ပြန်လာခဲ့မယ် ”
ပေါက်တူး ဒေါသထွက်နေသည်မှာ သိသာနေသည် ၊ ပေါက်တူးသည် အိမ်ဝိုင်းအဝ တွင် စကားများနေသော နေရာ သို့ သွားလိုက်ပြီး အိမ်ဝိုင်းထဲ ဝင်သွားကာ မင်္ဂလာမန်းဏ္ဍပ်တိုင် ဘေးမှ ဝါးကပ် စည်းရိုးကို ကန်လိုက်ပြီး
“ယောက္ခမလောင်းကြီး ခင်ဗျားက ကျုပ်တို့ကို အဝင်မခံဘူးလား ”
ပေါက်တူး၏စကားက ကျယ်လောင်စွာ ထွက်ပေါ်လာရာ လူများ‌အားလုံး သတိုးသား ပေါက်တူးကို ဝိုင်းကြည့်နေကြသည် ၊ ‌ပေါက်တူးအနားသို့ ဆွဲမိနှင့် သူ၏ အကို ရောက်လာကာ
“ယောက်ဖ စိတ်လျှော့ပါကွာ ငါ့ အဖေက လူ့ကန့်လန့်ကွာ အမေမလာသေးလို့ပါ့ကွာ အဖေက အမေ့ ပြောရင် ရပါတယ်ကွ ”
“ယောက်ဖပဲစဉ်းစားကြည့် မင်းလည်း ဘိုးထင်ကို သိတယ် ဘိုးထင်က ဘာဖြစ်နေလို့လဲကွာ ဘိုးထင်ကို အဝင်မခံတာက ငါတို့ကို အဝင်မခံတာနဲ့တ ူတူပဲ ”
ပေါက်တူးဒေါသ အင်မတန်ထွက်နေသည် ဆွဲမိမှလည်း ပေါက်တူးအားချော့မော့နေရသည် ၊
ဒေါသထွက်နေသော ပေါက်တူးအနားသို့ သူ၏ ယောက္ခမလောင်းကြီးရောက်လာကာ
“မင်းက ဘာဖြစ်နေတာလဲ မင်းတို့ တရွာလုံးက အောက်လမ်းတယောက်အတွက် နာနေတာလား ”
“ဦးလေး ခင်ဗျားကို ကျုပ်တို့ဘိုးထင် ဒုက္ခပေးဘူးလားပြောခင်ဗျားက ဘာဖြစ်နေတာလဲ ”
“အောက်လမ်းကို ငါ့အိမ်ထဲ ပေးမဝင်ဘူး မင်းတို့ ဝင်လို့ရတယ် အဲ့ကောင်လေးကို ပြန်လွှတ်လိုက်”
“ဘိုးထင် အဝင် မခံရင် ကျုပ်လည်းပြန်မယ် ”


ပေါက်တူး ကြမ်းပြီးဖြစ်သည် ၊ ဘာအပြစ်မှ မရှိသည့် ကလေးတယောက်ကို အသလွတ် မုန်းတီးနေသော ယောက္ခမ အထီးကြီး ကိုလည်း တော်တော် စိတ်တိုနေ၏ ပေါက်တူး၏ စကားကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည် ၊ ရေအိုးစင်ရွာမှ ရွာလူကြီးများ နှင့် လူရွယ်များက ပေါက်တူးတို့ပြောတာကို သဘောကျသည်။ ထိုအ ချိန် ဆွဲမိ၏ အမေရောက်လာပြီး
“တော်က ဘာဖြစ်နေတာလဲ အထက်လမ်းယောင်ယောင် ဘာယောင်ယောင် နဲ့ ကျမအကုန်သိပြီးပြီ အခုပါလာတဲ့ ကလေးမပြောနဲ့ ဦးအုန်းကကော ကျမတို့ကို ဘာဒုက္ခပေးဘူးလည်း အထက်လမ်း ယောင်ယောင် ဘာယောင်ယောင် နဲ့ အရက်တောင် မဖြတ်နိုင်တဲ့ သူက ကအပြစ်မရှိတဲ့ က‌ေလးကို အိမ်ထဲ ပေးမဝင်ဘူး ဘာဘူး နဲ့ အဲ့ ကလေး ဘယ်မှာလဲ ကျမကိုတိုင် ချီပြီးခေါ်မယ် ”
ပေါက်တူး၏ ယောက္ခမ အမကြီးက သဘောကောင်းသူ လူဖြောင့်ကြီးမှန်းသိသာသည့် သူမ၏ တုတ်တုတ်ခိုင်ခိုက် ကိုယ်ခန္ဓာကို ကြည့်ပြီးပြောချင်းမဟုတ်ပေ သူ၏ စိတ်နေစိတ်ထားကိုကြည့်ပြီးပြောချင်းပါ ၊ ပေါက်တူး၏ ယောက္ခမ အမကြ‌ီးကြောင့် ပေါက်တူးတို့ ဖြစ်နေသော ပြဿနာက ပြီးဆုံးပြီဖြစ်သည် ၊ ပေါက်တူး၏ ယောက္ခမ အမကြီးသည် ဘိုးထင်ကို မြင်သော အခါ ပို၍ပင် ချစ်ခင်သွားကာ လက်မှဆွဲပြီး သူမ၏ ယောကျ်ားဖြစ်သူကို အော်ပြီး –
“ကလေးလည်းကြည့်ဦး ရုပ်လည်းသေချာ မမြင်ဘူးပဲ နဲ့ အောက်လမ်းဆိုတိုင်း စုတ်တီးစုတ်ပဲလေးထင်နေတဲ့ ကိုယ်အဝှာရေ”
ပေါက်တူး၏ ယောက္ခမကြီး အမကြီးသည် မောင်ဘိုးထင်အား ပုခုံးကိုဖက်ရင်းပြောလိုက်ရာ ပေါက်တူး၏ ယောက္ခမအထီးကြီးမှ ဘိုးထင်ကိုကြည့်ပြီး –
“ဟုတ်သားဟ ကျုပ်မှားပါတယ်ဗျာ တောင်းပန်ပါတယ် မိန်းမရေ ငါမှားတာရှိရင်တောင်းပန်ပါတယ်ဟ ဝင်ကြပါ ဝင်ကြပါ ”
ပေါက်တူး၏ ယောက္ခမအထီးကြီး စကားကြောု့် အားလုံးသဘောကျနေကြသည် ဤသို့ နှင့် ပေါက်တူး နှင့် ဆွဲမိ၏ မင်္ဂလာဆောင်သည်က အောင်မြင်းစွာ ပြီးဆုံးမည်ဆိုတာ ဘယ်သူမှ မပြောလည်း သိနိုင်ကြမည်ဖြစ်ပါလေတော့သည်။ ။

ပြီးပါပြီ။
မောင်တင်ဆန်း

Leave a Comment