အောင်မြတ်သာနှင့်မဟာမြိုင်တောသို့အလည်တစ်ခေါက်

” အောင်မြတ်သာနှင့်မဟာမြိုင်တောသို့အလည်တစ်ခေါက် ” (စ/ဆုံး)
မူရင်းရေးသားသူ — ဇေယန (ရာမည)
+++++++++++
အောင်မြတ်သာလည်းသူဌေးကုန်းရွာကနေ ထွက်လာပြီးနောက်မှာ မြို့အထွက်စေတီလေးမှာ ခဏ နားရင်း မိမိလုပ်နေကျဖြစ်တဲ့ တရားထိုင်ခြင်း
လုပ်ငန်းကို ပြုလုပ်နေသကဲ့သို့သက်ခိုင်သည်လည်း မိမိ၏ အလုပ်ဖြစ်တဲ့ အင်းကွက်ရေးဆွဲခြင်း အလုပ်ကို စိတ်နှစ်ကာ ရေးဆွဲနေချိန်—
“ဖတ် ဖတ် ဖတ် ဖတ်”
ဝါးလုံးနဲ့တစ်စုံတစ်ရာကို.ရိုက်ခတ်သံကြားလိုက် ရတယ်။
သက်ခိုင်စိတ်မပျံ့လွင့်အောင် ချုပ်ထိန်းရင်း မိမိရေးဆွဲရမည့် အလုပ်ကို ပြီးပြတ်အောင် ရေးဆွဲနေ လိုက်တယ်။
သက်ခိုင် အင်းကွက်ရေးဆွဲပြီးချိန်မှာပဲ အောင်မြတ်သာ တရားဖြုတ်လိုက်တယ်။
ထိုစဉ်—
“ဖတ် ဖတ် ဖတ်”
ဝါးလုံးရိုက်သံက ကြားလာရပြန်ရော…အသံက စေတီအနောက် ဝါးရုံတောထဲက ကြားရတာ—
“ဆရာ ကြားလား”
“အိမ်း ငါတို့ကို စောင့်ကြည့်နေတာဖြစ်မယ်”
ထိုစဉ် ဝါးလုံးတစ်ချောင်းက.လေထဲမှာ လွင့်လာပြီး
စေတီဇရပ်ရဲ့ ကြမ်းခင်းကို တဖတ်ဖတ်နဲ့ လာရိုက်ပါလေရော။
ထိုအခါ အောင်မြတ်သာက..
“ကဲ ကိုယ့်ဆရာ သိဒိ္ဓ။င်ဝါးမြတ်ကို ဖယ်ပြီး စကား စမြည်ပြောကြ တာပေါ့ဗျာ”
လို့ပြောလိုက်တာကို သက်ခိုင် ကြားလိုက်တယ်
ထိုအခါ ဝါးလုံးက ဘုတ်ခနဲ ကြမ်းပြင်ပေါ် ပြုတ်ကျပြီး သက်ခိုင်တို့အရှေ့မှာ အဝတ်အစားခပ်နွမ်းနွမ်း လူလတ်ပိုင်းတစ်ဦးပေါ်လာခဲ့တယ်။
“ဟာ..”
သက်ခိုင်အံ့သြသွားတယ်။
အောင်မြတ်သာကတော့ ..
“ကဲ မြေလျှောက်ဝိဇ္ဇာကြီး ဘယ့်နှယ်ဘယ်လို
ဒီတောထဲရောက်နေရတာလဲ”
ထိုအခါ ညစ်နွမ်းနွမ်းလူကြီးက…
“ကျုပ်က ဇရပ်ပေါ်မှာ ဘယ်သူများလဲလို့ လာကြည့် တာပါ လက်စသတ်တော့ အင်းဝိဇ္ဇာလေး အောင်မြတ်သာ ဖြစ်နေတာကိုး ခင်ဗျားရဲ့ ဂုဏ်သတင်းတွေက မဟာမြိုင်တောကြီးထဲမှာ မွှေးပျံ့နေပါကော လားဗျာ အဘဆရာကြီးတွေဖြစ်တဲ့ အဘဘိုးမင်းခေါင်နဲ့ အဘဘိုးဘိုးအောင်တို့ကိုယ်တိုင် မဟာမြိုင်တောထဲလာဖို့ ဖိတ်ကြားခြင်းခံရတဲ့ အသက်အငယ်ဆုံး ထွက်ရပ်ပေါက်ဆရာလေး အောင်မြတ်သာကို ခုမှ တွေ့ဖူးတာပဲဗျို့ -ဟားဟားဟားဟား ကဲ ဆရာလေး ဒါက ဆရာလေးတပည့်လား ”
“ဟုတ်တယ်ဗျ – သူ့နာမည်က သက်ခိုင်တဲ့ ပဌာန်း ဆက်ရှိလို့ ကျုပ်ခေါ်ထားတာပဲ ”
“တယ်ဟုတ်ပါလားဗျ မှန်းစမ်း..အလိုလေး ပညာတောင် တော်တော်စုံနေပါကော ကဲ သက်ခိုင်ရေ
မင်းလည်းမင်းဆရာလို ထွက်ရပ်လမ်းစဉ်ကို လိုက်မလို့လား”
.
ထိုအခါ သက်ခိုင်က..
“မြေလျှောက်ဝိဇ္ဇာကြီး တစ်ခုလောက်မေးပါရစေ
ခုနက ဘာလို့ကိုယ်ပျောက်နေတာတုံး”
“ဟားဟားဟား ဒါက ဟောဒီဝါးမြတ်ရဲ့ အစွမ်းလို့ပြောရမှာပဲ ဒါကသာမန်ဝါးမဟုတ်ဘူး သိဒိ္ဓအစွမ်း ရှိတဲ့ အဆစ်မပါတဲ့ ဝါးမြတ်ပဲ ဒီဝါးမြတ်ကို ကိုင်ထားတဲ့သူ မည်သူမဆို ကိုယ်ပျောက်နိုင်တဲ့ အစွမ်း ရှိတယ်ကွဲ့ သာမန်လူတွေနဲ့ မသင့်လျော်တဲ့ ရတနာ တစ်ပါးဖြစ်လို့ အထက်ဆရာကြီးတွေက လာယူခိုင်း တာ ဖြစ်တယ်”
.
“ဒါဆို ဒီဝါးကို ဘယ်ယူသွားမလို့လဲ..”
“ဟားဟား ဒီဝါးကို မဟာမြိုင်တောကြီးထဲကို ယူသွားမှာပေါ့ – ဟိုမှာဒီထက်ပိုထူးဆန်းတဲ့ သဘာဝ လွန်အရာဝတ္တု တွေအများကြီးရှိတယ်ကွ..”
.
ထိုအခါအောင်မြတ်သာက…
“ကဲ မြေလျောက်ဝိဇ္ဇာကြီးဘယ်တော့ ပြန်မှာလဲဗျ”
“ကျုပ်တာဝန်က ဒီဝါးကိုသွားပို့ပြီးရင် တာဝန်ကျေပြီ
ကျုပ်ရဲ့ဝါသနာအရ နေရာအနှံ့ လျှောက်သွားမယ်
ဒါနဲ့ ဒီလူငယ်လေးကို သမထလိုင်းဘက်ကိုပဲ ပို့တော့မှာလား ဆရာအောင်မြတ်သာ”
ထိုအခါအောင်မြတ်သာက…
“ဒါကတော့ သက်ခိုင်ရဲ့ ဆန္ဒအရပေါ့”
ထိုအခါ သက်ခိုင်က……
“သမထနဲ့ ဝိပဿ နာက.ဘယ်လိုကွာလို့တုံး ဆရာ တို့..”
ထိုအခါ မြေလျောက်ဝိဇ္ဇာက…
“သမထဆိုတာ ဘုရားရှင်ပွင့်တော်မမူခင်ကတည်း ကပေါ်နေတဲ့ ကျင့်ကြံနည်းတစ်မျိုးကွ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ကျင့်ကြံရတာ စိတ်တည်ငြိမ်လာ ပြီဆိုရင် အမြင်အာရုံ အကြားအာရုံ ဈာန်သမာပတ်တွေရလာလိမ့်မယ် အဲဒါဆို အခန်းဆုံးပြီ အဲလိုရတဲ့ သူတော်စင်တွေကို ထွက်ရပ်ပေါက်တယ်လို့ခေါ်ကြ တယ် သူတို့တွေက မိမိရဲ့အသက်ကို လိုသလိုဆွဲ
ဆန့်နိုင်ကြတယ် ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းမှာ ထွက်ရပ်လမ်းစဉ်ရယ် နိဗ္ဗာန်ရောက် ကြောင်းဝိပဿ နာရယ်ဆိုပြီး လမ်းကြောင်း၂ခု ကွဲလွဲခဲ့တယ်”

ထိုအခါ သက်ခိုင်က…
“ဘယ်လိုကွာတာလဲဆရာ”
“ရှင်းရှင်းပြောရရင်ထွက်ရပ်လမ်းဆိုတာက အသက်ကို ဆွဲဆန့်ပြီး နောင်ပွင့်မယ့် ဘုရားကိုဖူးမျှော်ဖို့ စောင့်နေကြတာ ဝိပဿ နာကတော့ လက်ရှိဘဝ မှာပဲ နိဗ္ဗာန်ကို ရအောင်လုပ်တာ”

“အခုဆရာပြောမှပဲ ကွဲကွဲပြားပြားသိတော့တယ် –
ဒါဆို သမထဘက်ကနေ ဝိပဿ နာကို ကူးလို့ကော ရလားဆရာ”
“ဟာ ရတာပေါ့ကွ သမထဘက်ကနေ ဝိပဿ နာ ကိုကူးပြောင်းတဲ့ နည်းကဖြတ်လမ်းနည်းပဲ
နိဗ္ဗာန်ရောက်ကြောင်းအတွက် အလွယ်ကူဆုံးနည်း ပဲ..”
“ဒါဆိုဆရာတို့က ဘာလို့မပြောင်းဘဲ ထွက်ရပ်လမ်း စဉ်မှာ နေနေတာလဲ ”
“ဟာ မိကျောင်းမသားက တော်တော်အမေးထူတာ ပဲ–ငါတို့က နောင်ပွင့်မယ့်ဘုရားကို ဖူးမျှော်ဖို့ စောင့်နေတာ..”
“အခုမှပဲ ရှင်းတော့တယ်”
“ကဲ ဆရာလေးအောင်မြတ်သာ ကျုပ်မဟာမြိုင်တော ထဲကို သွားတော့မယ် လိုက်ဦးမလား”
“အိမ်း ကျုပ်လည်း မဟာမြိုင်တောထဲမရောက်တာ ကြာနေပြီ ဒီတစ်ခါလိုက်ခဲ့မယ်ဗျာ”
“ဆရာ ဆရာ ကျွန်တော်လည်းလိုက်ချင်တယ်”
ထိုအခါ မြေလျှောက်ဝိဇ္ဇာက…
“ဟာ ဒီကောင်ကို ဘယ်လိုလုပ်မလဲ”
“အလည်သဘောမျိုးခေါ်လို့ရရင်ရမှာ အထက်ဆရာ တွေဆီမှာ ခွင့်တောင်းကြည့်ဦးမယ်”
ဆိုပြီး အောင်မြတ်သာက မျက်လုံးအစုံကိုမှိတ်လိုက် တယ်။ ခဏကြာတော့..
“ကဲ သက်ခိုင်ရေ မင်းတော့ ကံထူးတာပဲ ခဏတော့ လိုက်လို့ရမယ် ပြီးတာနဲ့ မင်းပြန်ရမယ်”
“ရတယ်ဆရာ ခဏပဲဖြစ်ဖြစ် လိုက်မယ်ဗျာ”
“ဒါဆို လှဲအိပ်လိုက်”
သက်ခိုင်လည်း ဇရပ်ပေါ်လှဲချလိုက်တယ်။
“မျက်လုံးမှိတ်လိုက်”
သက်ခိုင်မျက်လုံးမှိတ်လိုက်တယ်။

“ရပြီ သက်ခိုင် ပြန်ဖွင့်တော့”
သက်ခိုင် မျက်လုံးဖွင့်ကြည့်လိုက်တော့…
“အိုး အလိုလေး ဒါ ဒါက…”
“ဒါက မဟာမြိုင်တောပဲ ဒီကိုလာရင် မဆူညံရဘူး
တရားကျင့်ကြံနေတဲ့ သူတော်စင်တွေရှိတယ်
ရောက်တုန်းရောက်ခိုက် လိုက်ကြည့်ကြည့်ဦး”
“ဆရာက ဘယ်သွားမလို့လဲ”
“ကျုပ်ဟိုသစ်ပင်အောက်မှာ တရားထိုင်နေမယ်
မင်းက လိုက်ကြည့်ချင်တယ်ဆို လိုက်ကြည့်နေ”
သက်ခိုင်လည်း ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့
အရမ်းကိုသာယာလှတဲ့နေရာပါလား…အရာရာငြိမ် သက်နေပြီး ကျေးငှက်တွေရဲ့ သာယာနာပျော်ဖွယ် အသံလေးတွေ..စမ်းချောင်းစီးကျသံတွေကလွဲပြီး
ဘာဆိုဘာမှမကြားရတဲ့ နေရာလေးပါလား
သက်ခိုင် လျှောက်ကြည့်နေရင်း…အလိုလေး..
သစ်ပင်တိုင်းမှာ တရားကျင့်ကြံနေတဲ့ သူတော်စင်တွေအပြည့်ပါလား..ဘုန်းတော်ကြီးတွေလည်းပါ တယ်…လူဝတ်တွေလည်းပါတယ်…ယောဂီတွေ
လည်း ပါတယ်…မုတ်ဆိတ်မွှေးအရှည်ကြီးနဲ့ ဆာဒူး ကြီးတွေလည်းရှိတယ်…တခြားနိုင်ငံက သူတွေကို လည်း တွေ့ရတယ်…သူတို့အားလုံး ငြိမ်သက်ပြီး တရားကျင့်ကြံနေကြတာပဲ။
မဟာမြိုင်တောကြီးက သူတော်စင်တွေအတွက် သီးသန့်ဖန်တီးထားတဲ့နေရာတစ်ခုပဲထင်ပါရဲ့။
သက်ခိုင် လိုက်ကြည့်နေရင်း စမ်းချောင်းတစ်ခုမှာ ရေထဲပေါလောမျောနေတဲ့ ကျောက်ဖျာတစ်ချပ်ကိုတွေ့လိုက်ရတယ်။
သက်ခိုင် အံံံ့သြပြီး ကျောက်ဖျာကို ကိုင်ကြည့်တယ် –
တကယ့်ကျောက်သားပဲ။ ဒါပေမယ့် ရေပေါ်ပေါ်နေ တယ်။
သူတော်စင်တွေကတော့ မျက်စိတစ်ဆုံး မကုန်နိုင်အောင် များပြားလှပါလား…အားလုံး ကိုယ့်အလုပ်နဲ့ ကိုယ် ကျင့်ကြံနေလိုက်ကြတာ။ ကြည်ညိုစရာ ကောင်းလိုက်တာ
ထိုစဉ်..
ဟော ကောင်းကင်ထက်မှာ ဈာန်သမာပတ်နဲ့
ပျံသန်းနေတဲ့ ဆာဒူးကြီးတွေ…ပိတ်ဖြူ စင်ကြယ်နဲ့
သူတော်စင်တွေ –
သက်ခိုင် ငေးမောရင်း လျှောက်လာစဉ်..
ဂူတစ်လုံးထဲက အရောင်တဖိတ်ဖိတ်ထွက်နေတာ တွေ့လိုက်ရတယ်။ သက်ခိုင်လည်း ဂူထဲဝင်ကြည့် လိုက်တော့ အလိုလေး…ဂူထဲမှာလည်း တရားကျင့် ကြံနေတဲ့သူတွေ အများကြီးပါလား..ဂူရဲ့အလယ်နေရာကနေ အလင်းရောင်တွေ တဖိတ်ဖိတ်လျှံထွက်နေတာ..
အလင်းရောင်ထွက်နေတဲ့ အရာကိုသေချာကြည့် လိုက်တော့ စိန်တုံးကြီးတစ်တုံး..
ဂူထဲမှာစိန်တုံးကထွက်တဲ့အလင်းရောင်ကြောင့် အရာအားလုံး ရှင်းလင်းစွာမြင်နေရတယ်။
သက်ခိုင်လည်း ဂူထဲကနေ ပြန်ထွက်လာပြီး
စမ်းချောင်းလေးဘေးမှာ ထိုင်ပြီး တရားမှတ်မယ်လို့ အလုပ်မှာ..
“ကဲ လူလေး အချိန်စေ့ပြီ ကိုယ့်နေရာ ပြန်တော့
မင်းဒီကိုလာချင်ရင် မင်းကြိုးစား”
ဆိုတဲ့ စကားသံ ကြားလိုက်ရတယ်။
သက်ခိုင်လည်းမျက်လုံးမှိတ်ပြီး ပြန်ဖွင့်လိုက်ရော-
“ဟင်..”
“သတိရလာပြီ.…သတိရလာပြီ ”


သူ့အနားမှာ လူတွေအုံနေတာ…
“ကျုပ်ဘာဖြစ်လို့လဲ”
“ဟာ.. မိတ်ဆွေက ဒီဇရပ်မှာ အိပ်ပျော်နေတာ
၂ရက်ရှိပြီဗျ”
“ဗျာ ၂ရက်တောင်ရှိပြီ မဟုတ်လောက်ဘူး ထင်တယ်နော် ခုနကမှ ကျုပ်အိပ်နေတာပါ”
“တကယ်ပြောတာဗျ မိတ်ဆွေအသက်ရှူ နေလို့သာ မသေမှန်းသိတာ”
“သြော်… ဟုတ်ကဲ့..ကျေးဇူးပါဗျာ”
လူတွေလည်းသက်ခိုင်သတိရလာတော့ ကိုယ့်အိမ်ကိုယ်ပြန်သွားကြတယ်။
သက်ခိုင်လည်း မဟာမြိုင်တောကိုရောက်သွားတာ ခဏပါပဲ ဘယ်လို ၂ရက်တောင်ကြာသွားလဲ
စဉ်းစားနေရင်း နားထဲမှာ..
“သက်ခိုင် မင်း နောက်၄ရက်လောက်ထိ ငါ့ကို ဇရပ်မှာပဲစောင့်နေ”ဆိုတဲ့ အသံကြားလိုက်ရတယ်။
သက်ခိုင်လည်း ဇရပ်ပေါ်မှာနေ – အနားမှာရှိတဲ့ ဘုန်း ကြီးကျောင်းက ဆွမ်းဟင်းအကျန်တွေ စားရင်း
မိမိအလုပ်ဖြစ်တဲ့ အင်းကွက်ကိုပဲ ရေးဆွဲနေခဲ့တယ်။
၄ရက်မြောက်မနက်မှာတော့..
“သက်ခိုင် ထတော့ မိုးလင်းနေပြီ” ဆိုတဲ့အသံကြားလို့ကြည့်လိုက်တာ အောင်မြတ်သာက သူ့အနားရောက်နေပြီ..
သက်ခိုင်လည်း လုပ်စရာရှိတာ ကောက်လုပ်ပြီး…
“ဒီတစ်ခါ ဘယ်ကိုခရီးဆက်မလဲဆရာ”
“အိမ်း ဒီတစ်ခါတော့ ယောနယ်ဘက်ကို ခရီးထွက်ရမယ်လို့ ညွှန်ကြားခဲ့တယ် အဲဒီနယ်မှာ ဆိုးသွမ်းနေတဲ့ အမျိုးသမီးတစ်ယောက်ကို ပညာနုတ်ဖို့ တာဝန်ပေးခံထားရတယ် – ကဲ သွားရအောင် ” ဆိုပြီး ဆရာတပည့်နှစ်ယောက်
ဇရပ်လေးပေါ်ကနေ ဆင်းလာခဲ့လိုက်တော့သည်။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment