အင်ကု မှင်စာ —အပိုင်း(၇)

အင်ကု မှင်စာ —အပိုင်း(၇)

ရေးသားသူ—ပီပီ(မန္တလေး)

+++++++++++

အခန်း၁၃-

” သူ ပါးစပ်က လှုပ်နေတာကိုပဲ ရိပ်ဖမ်းသံဖမ်း ဘာသာပြန်လို့ရမယ် ကံဆောင် — ။ ဒီကောင် သက်တမ်းရင့် မိစ္ဆာအကြီးစားကွ ။ တို့ဆီမှာဆို အဲ့ဒီလို မကောင်းဆိုးဝါးကောင်ကို နတ်ဆိုးလို့ပဲ ခေါ်ကြတယ်။ သူတို့က လူ့အသက်ကို ဖမ်းစားပြီး သူတို့ရဲ့ စွမ်းအင်ကို အားကြီးအောင် လုပ်ယူလေ့ရှိကြတယ်ကွ ။ ”
အင်ကု မှင်စာထံမှ အသံတိုးတိုးလေး ကြားလိုက်ရခြင်း ဖြစ်သည်။
” သူ ဘာပြောနေတာလဲ အင်ကု ”
” သတ်ပစ်လိုက် သတ်ပစ်လိုက်တဲ့ သူတို့ ၂ယောက်စလုံးကို သတ်ပစ်တဲ့ … အဲ့ဒါ မင်းအဖေ မဟုတ်ဘူး ၊ မင်းအဖေ ဟန်ဆာင်ထားတဲ့ သရဲကြီး တဲ့ ”
ဟင်! မကောင်းဆိုးဝါးကောင်သည် မြသောင်းအား အဖသတ်သား ဖြစ်အောင် ယင်းသွင်းနေပါရော့လား။ အင်မတန် ကြောက်စရာကောင်းသည့် မိစ္ဆာနတ်ဆိုးပင်။
ကံဆောင်သည် မြသောင်းအား အသေအချာ အကဲခတ်လိုက်သည့်အခါ …
မြသောင်းသည် သူ့ဖခင် ဦးစံလွင်အား မကျေမနပ်ပ်ဖြစ်ဟန်တူ၏။ဦးစံလွင်အား စူးစူးစားစားကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့အကြည့်သည် ယခုပင် လူသတ်ရန် ဝန်မလေးသည့် ပုံ ပေါက်နေ၏။မြသောင်း ကြည့်နေသည်က ဦးစံလွင်တယောက်တည်းကိုလားဆိုတော့မဟုတ်။ မြသောင်း အကြည့်သည် သူ့နှမ ဝမ်းကွဲ အေးအေးချိုကိုပါ မကျေမနပ်ပ် ကြည့်နေခြင်း ဖြစ်သည်။
အေးအေးချိုသည် ကွယ်လွန်သူ ဒေါ်မြစိန်ဘက်က ဆွေးမျိုးတော်စပ်သူ ဖြစ်၏။ မြသောင်းနှင့်ဆို ၂ဝမ်းကွဲ မောင်နမတော်လိမ့်မည်ထင်သည်။ မြသောင်းထက် အသက် ၂နှစ်ကြီး၏။ ၂၁နှစ်ခန့့် ရှိလိမ့်မည်။
အေးအေးချို သည် အဖေမရှိ အမေမရှိ ။ တကောင်ကြွက် ဖြစ်ပြီး၊ ဒေါ်မြစိန်ရှိစဥ်က အိမ်မှုကိစ္စများနှင့် လက်တိုလက်တောင်း ခိုင်းရအောင် အိမ်သို့ ခေါ်ထားခြင်း ဖြစ်သည်။ လုံးကြီးပေါက်လှ ယဥ်ညိုချောလေးဖြစ်သည်။ကလက်တက်တက် အမူအယာ မရှိ။ ယုန်သူငယ်လေးပမာ အားလုံးကို ကြောက်ရွံနေဟန်တူသည်။ ဦးစံလွင်၏ နှမဖြစ်ဟန်တူသူ မိန်းမအနား ခပ်ကုပ်ကုပ်ဖြင့် သင်္ချိုင်းသို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
အင်ကု ပြောသလိုဆိုရင် မြသောင်းသည် သူ့အဖေ ဦးစံလွင်နှင့် အေးအေးချိုအား မုန်းတီးစိတ်နဲ့ ကြည့်နေခြင်း ဖြစ်လိမ့်မည်။
ဘာကြောင့် မြသောင်း ထို၂ယောက်ကို မုန်းတီးနေပါသလဲ။ ဒီအဖြေကို ကာလသားခေါင်း ကံဆောင် ရိပ်စားမိလေ၏။ ဘာကြောင့်လဲဆိုတော့ ဒေါ်မြစိန်သည် ကံဆောင့်ကို တူသားအရင်းအချာလို သဘောထား၍ ရင်ဖွင့်ဖူးသောကြောင့် ဖြစ်လေ၏။
ဦးစံလွင်သည် ရှေးက ဆိုခဲ့ဖူးသလို လယ်ယာခွင် ဆင်းရမည်ကို ပျင်းရိတတ်သူဖြစ်သည်။ ထို့ကြောင့် ဒေါ်မြစိန်ခမျာ ယောက်ကျားသားရှိပါလျက် သူရင်းငှါး ခေါ်ယူရသည်ည်။ ဦးစံလွင်သည် လယ်တောကို ပေါက်ပြားထမ်းပြီး လူမြင်ကောင်းရုံသာ သွားတတ်၏။ အလုပ်ကို ခါးချိုး လုပ်သူမဟုတ်။ လေပြေအေးလေး ရွှေပြည်အေး တရားဟောကောင်းသူ တယောက်သာ။ စာအုပ်တွေဖတ်ပြီး တတ်ယောင်ကား လုပ်တတ်၏။ နွားနဲ့ဖက်ပြီး လယ်တောထဲ ရွံ့လူးချင်သူမဟုတ်။ ကျော့ကျော့လေး နေတတ်သည်။
ဘိုကေလေးတသသ ၊ ပလေကပ်လေး တရွရွနဲ့ ရွာရိုးကိုးပေါက် လျှောက်သွားပြီး တနေကုန် အလာပသလာပ ပြောချင်ပြောနေတတ်သည်။ အထူးသဖြင့် မိန်းမသနာများ ရှိရာအရပ်၌ ဟိုဟိုဒီဒီ ပြောနေတတ်သည်။
မိန်းမသနာဆိုတာက အရွယ်ကောင်း မုဆိုးမတို့ တခုလပ်တို့ အချင်းချင်း စုဝေးကာ အားအားယားယား ဟီးလားတိုက်တတ်သည့် မိန်းမအုပ်စုကို ဆို၏။
ထိုနေရာမျိုးဆို ဦးစံလွင်သည် မကြာခဏဆိုသလို ရောက်လာတတ်သည်။ အချိုအချဥ် မုန့်တွေ ၊ အပူအအေး အဖျော်တွေ သူက အိပ်စိုက်ထုတ်၍ ဧည့်ခံတတ်သေး၏။ ငါးထောင်မျိုး တသောင်းမျိုး ကုန်ချင်သလောက်ကုန်ပလေ့စေ ၊ အပြုံးမပျက်တတ်ပေ။
ဒါ့အပြင် သူ့အား သနားအောင်၊ ကျအောင် ပြောတတ်သော မိန်းမကြီးငယ် ဟူသမျှကို ငွေထုတ်ချေးပေးတတ်သေး၏။ ပြီးလျင် ကျေးဇူးဆပ်ဖို့သာ ပြင်ပဲ။
ဤသို့ သာယာတတ်သော လူစားဖြစ်၏။
ဒေါ်မြစိန်ကို ကြောက်ရလို့သာတော်တော့သည်။ မကြောက်များ မကြောက်ရရင် ဘယ်သို့ရှိမည်မသိနိုင်။
အမှန်တော့ ဦးစံလွင်သည် ရိုင်းရိုင်းဆိုရလျင် ကြောင်သူတော် ကြွက်သူခိုးဟု ဆိုလိုက်ချင်သည်။ မိန်းမရှေ့နှင့် အိမ်နီးချင်းတို့ အမြင်မှာ မခုတ်တတ်သည့် ကြောင်ပမာ။ ကွယ်ရာတွင်တော့ သူ့ဗီဇ ဖြစ်သော အသွေးအသားကို ခိုးစားတတ်သူ ဖြစ်၏။
ရွာတောင်ပိုင်းက မုဆိုးမ မဝါနုသည် ဦးစံလွင်နဲ့ မကင်းမကင်းဟု သတင်းထွက်နေသည်။ ဒေါ်မြစိန်ကြားတော့ လိုက်ချောင်းသည်။
ဖြစ်ချင်တော့ နေ့ခင်းကြောင်တောင် ခြင်ထောင်ထဲ တူတူပုန်းတမ်း ကစားနေသည့် ဦးစံလွင်နဲ့မဝါနုကို ဒေါ်မြစိန် မြင်တွေ့ခဲ့ရသည်။ ငွေတိုး မပေးလို့ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဟစ်ဆဲဆိုတတ်သည့် ဒေါ်မြစိန် ။ သူ့ယောက်ကျားနဲ့ ဖေါက်ပြန်တဲ့ မဝါနုကို ပတ်ကြမ်းမတိုက်ခဲ့ပါ။
တိုးတိုးတိတ်တိတ် ကြိတ်လျော်ခဲ့ပြီး ၊ သူ့လင်ကို ဗိုက်ခေါက် ဆွဲလိမ်ခေါ်ခဲ့၏။
သား၂ယောက်ပင် လူပျိုဖြစ်လို့ အိမ်ထောင်သားမွေး အရွယ်ရောက်ကြပြီမဟုတ်လား။ ကလေးတွေကို သူ့အဖေ ဖေါက်ပြန်တာ မသိစေလို။ကလေး အရှက်မရစေလိုသည့် မိခင် စေတနာက သူ့ဝေဒနာကို ရေငုံနုတ်ပိတ်စေခဲ့သည်။
ဒီတော့ ဦးစံလွင်က နောင်တရသွားသလား ။ မရပါချေ။ ခွေးမြီးကောက် ကျည်တောက်စွပ်လို့ ဖြောင့်ရိုးလားလေ။
ဒါပေမဲ့ မဝါနုကိစ္စအပြီးမှာတော့ ဦးစံလွင်ဟာ ပါးရည်နပ်ရည် ရှိသွားတယ် ပြောရမယ်။ အနှီကိစ္စများကို သိုသိုသိပ်သိပ်သာ လှုပ်ရှားတော့လေ၏။
ဒေါ်မြစိန် မရိပ်မိအောင် ဟန်ဆောင်ကောင်းနေတော့သည်။ ဒေါ်မြစိန် ရိပ်စားမိပါကလည်း ဦးစံလွင်သည် အထူးပင် ခြေငြိမ်နေတတ်သည်။
ဒီလိုနဲ့ အေးအေးချို သူတို့အိမ်ကို ရောက်လာခဲ့သည်။ ဒေါ်မြစိန်က ဆင်းရဲသော ခိုကိုးရာမဲ့နေသည့် တူမဖြစ်သူကို ခေါ်ယူကျွေးမွေးရင်း အိမ်အလုပ်တွေပါ ကူလုပ်စေရန် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။
အိမ်မှာက ယောက်ကျားသား ၃ယောက်ရှိလေတော့ အေးအေးချိုကို ခေါ်ယူရန် ဒေါ်မြစိန်ခမျာ အတော် စဥ်းစားရသည်ည်။ အေးအေးချိုကလည်း လှသည်မဟုတ်လား။
နောက်တော့ ဒါက ကိုယ့်တူမပဲ၊ သား၂ယောက်နဲ့ဆိုလည်း မောင်နှမတွေ ဆိုလေတော့ ၊ အရဲစွန့် ခေါ်လိုက်မိလေ၏။
ဒေါ်မြစိန် တွေးမထားတာက၊ အေးအေးချိုဟာ ဆွေမျိုးတော်ပေမဲ့ ၊ အနေဝေးသည်လေ။ စိန်သောင်းနဲ့မြသောင်းက အေးအေးချိုကို နှမလေးလို့ မြင်ရင်တော့အကောင်းသားပေါ့။
ဒီနှစ်ကောင်ကလည်း အဖေ့့သွေး တထပ်တည်းပါကြသူတွေ။ တရွာလုံးက အပျိုတွေ ဒင်းးတို့ ညီအစ်ကို မပိုးမပန်းဖူးသူ မရှိစလောက် ရှား၏။
အခု လုံးကြီးပေါက်လှ အေးအေးချို ရောက်လာတော့ရော ၊ အလွတ်ပေးမယ် ထင်သလား။ အကြီးကောင် စိန်သောင်းကတော့ အေးအေးချိုအပေါ် သိပ်စိတ်ဝင်စားဟန်မပြဘူး။ အဲ — အငယ်ကောင် မြသောင်းက အေးအေးချိုကို မြင်လျင် စားမတတ်ဝါးမတတ် ကြည့်တတ်သည်။ ရမ္မက်ထန်သော အကြည့်စူးစူးများပင်။
သို့ပေမဲ့ အမေဖြစ်သူ ဒေါ်မြစိန်က အဟန့့်ကောင်း၍ မြသောင်း သိပ်ပြီး အတင့်မရဲသာ။ ဒေါ်မြစိန်က အေးအေးချိုအား သူ အပြင်ထွက်တိုင်း ခေါ်သွားလေ့ရှိ၏။ သူ စိတ်မချတာက သူ့လင် ကိုစံလွင်။
ဦးစံလွင်တို့ကလည်း အံဩစရာ။ ဒီရက်ပိုင်း ခြေငြိမ်နေလိုက်ပုံများ ။ စာအုပ်တအုပ်နဲ့ တန်းလျားခုံပေါ်က မထတော့ဘူး။ စာကြည့်မျက်မှန်ကြီး ကျော်ကျော်ပြီး အေးအေးချို၏ ကိုယ်လုံးအလှကို ခိုးကြောင်ခိုးဝှက်နှင့် ကသိုဏ်းရှု့နေ၏။ စားနေကျ ကြောင်ပါးကြီးက အင်မတန် ဣန္ဒြေရနေ၏။
” ဟဲ့ အေးချို ၊ တူမကြီး ဦးကြီး ဇက်ကြောတွေ တက်နေလို့ ဆွဲပေးစမ်းကွယ်”
ဒေါ်မြစိန် လစ်ရင် လစ်သလို အေးအေးချို၏ အထိအတွေ့ကို လူကြီးမာယာသုံး၍ သာယာတတ်သည်။
” အေးချို … ညီး ကလစ်မရှိဘူးလား ၊ ဆံပင်တွေ အမြဲ ဖါးလျားချနေတော့ ခေါင်းခနခန လျှော်နေရတော့မပေါ့ ။ နေပါအုံး ၊ ငါ ကြုံရင် နင့့်အတွက် ကလစ်လှလှလေးတွေ ဝယ်ခဲ့ပါအုံးမယ် ”
“အေးချိုရေ… ဟိုဘက်အိမ်က မညိုတို့အိမ်မှာ မြို့က လာတဲ့ အထည်သည် ရောက်နေတယ်လို့ ကြားတယ် ။ င့ါတူမလေး အဝတ်ကောင်းကောင်း ဝတ်တာမမြင်ဖူးဘူး။ သွား သွား ညည်းကြိုက်ရာ အဝတ်လှလှလေးတွေ ရွေးယူချေ ၊ ရော့ ညည်းအဒေါ် မကပ်ပ်စီး မသိစေနဲ့ ၊ ဦးကြီးဆီက ပိုက်ဆံယူသွား …”
ဤသို့လည်း ဟိုပစ္စည်းလေး ဝယ်လာပေးလိုက်၊ ဒီပစ္စည်းလေး ဝယ်လာပေးလိုက်နှင့် အေးအေးချိုကို တစစ သိမ်းသွင်းတတ်လေ၏။
ဦးစံလွင်က အင်မတန် အကွက်မြင်၏။ လူငယ်တွေလို ဒုန်းဒိုင်းအုန်းဂျမ်းနဲ့ မပိုး။ အသာလေး သူလိုချင်တာကို တဖြည်းဖြည်းချင်း အကွက်ချ ယူတတ်တ်သူ ဖြစ်သည်။
အတိုချုံးပြောလျင် သိပ်မကြာသေးသောကာလတခုမှာ အေးအေးချိုခမျာ မနုဿမုဆိုးကြီး ဦးစံလွင်ရဲ့ ကျော့ကွင်းမှာ အလိုမတူပဲ သက်ဆင်းခဲ့ရရှာသည်။
” နင့် အဒေါ်ကို ပြန်တိုင်ရင်၊ နင်ပဲ အိမ်ပေါ်က ခေါင်းနဲ့ဆင်းရမှာ အေးချို ၊ နင်လိမ်မာရင် ဟောဒီအိမ်နဲ့ ငါပိုင်တဲ့ လယ်ယာတွေ နင့်အပိုင်ဖြစ်စေရမယ် ၊ ငါ ကြံစည်ရင် ဖြစ်ကိုဖြစ်စေရမယ် စိတ်ချ ”
ချောက်လိုက် ချော့လိုက်နဲ့ ဦစံလွင်ရဲ့ မာယာရမ္မက် ရေယဥ်ကြောမှာ ရိုးအတဲ့ အေးချိုလေးခမျာ မြုပ်ချည်တလှည့် ပေါ်ချည်တခါ တိတ်တဆိတ်စီးမြောခဲ့ရရှာ၏။
အေးချိုခမျာ ဦးစံလွင်အား နေ့အခါမှာ ဦးကြီး ၊ ညအခါမှာ ကိုကြီး ဖြစ်သွားလေတော့သည်။
ဒေါ်မြစိန်ကသာ မရိပ်စားမိတာ၊ ဒီ ကိစ္စကို စိန်သောင်းရော၊ မြသောင်းပါ သိနေကြပြီ။
ဒါကြောင့် စိန်သောင်းက စိတ်ညစ်၍ အိမ်သိပ်မကပ်တော့။ သူ့အမေ ဆုံးသည့်ညကပင် ဘုန်းကြီးကျောင်း သွားအိပ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ မမြင်ချင် မကြားချင်တာတွေ မြင်နေရကြားနေရမည်ကို မလိုလားသောကြောင့် ဖြစ်လိမ့်မည်။
ခမျာလည်း မကောင်းဆိုးဝါးကောင်လက်ချက်ဖြင့် သေရှာ၏။
အခု မြသောင်းသည် ဦးစံလွင်နဲ့ အေးချိုကို မလိုမုန်းတီးဟန်နှင့် ကြည့်နေသည်မှာ အထက်ပါ အကြောင်းများကြောင့် ဖြစ်မည်။နောက်တကြောင်းက သူ့ကိုယ်ပေါ်က မကောင်းဆိုးဝါးကောင်ရဲ့ တိုက်တွန်းမှုကြောင့်လည်း ဖြစ်နိုင်၏။
မြသောင်း၏ မျက်လုံးများသည် ၎င်း၏မူရင်းစိတ်နှင့်မကောင်းဆိုးဝါး၏ချုပ်ကိုင်မှုကိုကြောင့် သံချောင်းကို မီးဖုတ်ထားသည့့်အလား ရဲရဲတောက် ပူလောင်နေတော့လေ၏။
+++++++++
အခန်း ၁၄။

အလောင်းကို မြေကျွင်းထဲ ချပြီးသွားတော့ လူတွေ အလျိုလျိုနဲ့ ရွာဘက်ကို ပြန်သွားကြပြီ။
မြသောင်းကို ကံဆောင်က သိပ်သဘောမတွေ့တာနဲ့ ဖိုးလှကို နာရေးအိမ် လိုက်သွားပြီး အထူးစောင့်ကြည့်ရန် မှာလိုက်သည်။
အင်းကုန်းသုသာန်မှာ သုဘရာဇာကြီးနှင့် ကံဆောင် နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
” မကောင်းဆိုးဝါးရဲ့ ဝိဉာဥ်ကိုတော့ ငါ မမြင်ရဘူး ကံဆောင်။ ဒါပေမဲ့ … စိန်သောင်းရဲ့ ဝိဉာဥ်ကိုတော့ ငါ မြင်လိုက်ရတယ် ။ သနားစရာလေးကွာ ။ မျက်နှာလေးက ဆီးရွက်လောက်ပဲ ရှိတော့တယ် ။ မျက်နှာငယ်လေးနဲ့ ။အဲ့ဒီကောင် ငါ့ကို ကြည့်တော့ ၊ ငါ မျက်နှာလွှဲနေရတယ်။ သူ့ကို ငါမြင်တာ မသိစေချင်ဘူးလေ ”
ကံဆောင်က သတိရသွားဟန်ဖြင့် …
” ဟာ သုဘရာဇာကြီး ၊ အခု စိန်သောင်း ဘယ်မှာလဲ ။ ခင်များ မြင်ရသေးလား ”
” ဟေ … ဘာလုပ်မလို့လဲ ၊ ဝိဉာဥ် ဖိတ်တဲ့ကောင်က အသေအချာ ဖိတ်တော့ ခုနအဖွဲ့နဲ့ ပါသွားပြီလေ ”
” အော် … ဒီမှာ ရှိသေးရင် မေးစရာ ရှိလို့ပါ ”
” မင်းက ဘာမေးမလို့လဲ ကံဆောင်၊ ဟမ် ! ဟ … ဟ နေပါအုံး မင်းက ဝိဉာဥ်တွေနဲ့ စကားပြောလို့ ရတာလား ”
” ဟာ … အဲ့သလိုတော့ မဟုတ်ဘူးပေါ့ ။ ဒါပေမဲ့ ကျုပ်ကို တစ္ဆေတွေနဲ့ မြင်တွေ့ စကားပြောနိုင်အောင် ကူညီပေးနေတဲ့ မှင်စာတကောင် ရှိသဗျ ”
” ဟေ ! ဟုတ်ရဲ့လားကွာ ”
” အော် ဟုတ်ပါတယ်ဗျ ၊ ခင်များကို ကျုပ်က ဘာလို့ လိမ်ညာပြောရမှာလဲ ၊ မှင်စာနာမည်က အင်ကု တဲ့ ၊ ဒီလိုဗျ —– ”
ကံဆောင်က သူ မှင်စာနဲ့ ဆုံတွေ့ခဲ့ကြပုံအကြောင်း ၊ သူ့ကို အကူအညီ ပေးနေတဲ့အကြောင်း ဦးဘသာအား ရှင်းပြလိုက်သည်။
” ဒါဆို ငါက အဲ့ဒီမှင်စာကို ဘာလို့ မမြင်ရတာလဲ ”
” ဒါက သူ့တန်ခိုးနဲ့ ကိုယ်ဖျောက်ထားတာကိုး ၊ ဘယ်မြင်ရပါ့မလဲ ။ ကဲ … ခင်များ မြင်ချင်သပဆို ကျုပ် သူ့ကို ပြောလိုက်ပါ့မယ် ”
ထိုသို့ ပြောပြီး ကံဆောင်က အင်ကုအား ပြသရန် လှမ်းပြောလိုက်သည်။
အင်ကုသည် သူ၏ ကိုယ်ကို ထင်ရှားပြသလိုက်၏။
ဦးဘသာကြီးက ကံဆောင့်ပခုန်းပေါ်က အင်ကု ကို မြင်တွေ့သွားပြီး —
” အံမယ်လေး … ဘာလေးတုန်းဟ ၊ စုပ်ချွန်းချွန်းနဲ့ ဗမာတော့ဟုတ်ဟန်မတူဘူး ”
ကံဆောင်က ရယ်၏။
” ဟားဟားဟား အဲ့ဒါ ဗမာမှင်စာမဟုတ်ဘူး ၊ ဂျပန် နတ်သူငယ်မှင်စာလို့ ခေါ်တယ် ဦးဘသာကြီးရေ ၊ ရုပ်မဆိုးပါဘူးဗျ ။ သူနဲ့ ကြာကြာနေရင် ချစ်စရာကောင်းတာ ခင်များ သိလာလိမ့်မယ် ။ သူကလည်း သူ့အစွမ်းနဲ့သူနော် ။ ပြုစားတတ်တယ် ကျိန်စာတိုက်တတ်တယ်ဗျ ”
ဦးဘသာကြီးသည် အင်ကုအား ကြည့်၍ တစုံတရာကို စဥ်းစားမိသွားဟန်တူသည်။ သူ၏ တဲအိမ်လေးထဲသို့ ခပ်သုတ်သုတ် ဝင်သွားလေ၏။
တခဏအကြာ ဦးဘာသာသည် လက်နောက်ပြန်ပစ်၍ ပြန်ထွက်လာ၏။ သူ့မျက်နှာမှာ ရယ်ကျဲကျဲ ရှိလေသည်။
” ငါ တခါက ဒီသင်္ချိုင်းထဲကို မျက်စိလည်လမ်းမှားရောက်လာတဲ့ ဗမာမှင်စာတကောင်ကို လိုက်ဖမ်းခဲ့ဖူးတယ်ကွ ။ မှင်စာရဲ့ ဦးထုပ်ကို ရရင် ကိုယ်ပျောက်နိုင်တယ်လို့ ရှေးလူကြီးတွေက ဆိုကြတာကိုး ။ ဒါနဲ့ ငါလည်း အဲ့ဒီ မှင်စာကို မရမက လိုက်ဖမ်းတယ်။ အံမယ် မောင်ရေ ၊ အတော်လျင်တဲ့ မှင်စာဗျ ။ ငါ့ ဖမ်းမမိိဘူး ။ ဒီကောင်က ငါ့ကို နောက်နောက်ပြောင်ပြောင် လာလာလုပ်တယ်။
ငါ အိပ်ပျော်နေချိန်ဆို မျက်နှာကို အိုးမည်းနဲ့ လာသုတ်တယ်။ ငါ မြေတူးနေချိန်ဆို ၊ ငါ့အရက်တွေ ခိုးသောက်၊ ငါ့ထမင်းဟင်းတွေ ခိုးစားပေါ့ ။
အတော်မလွယ်တဲ့ မှင်စာကွ။ ဒါနဲ့ တရက်တော့ ငါက အိပ်ပျော်ချင်ယောင်ဆောင်ပြီး ဒီကောင့်ကို စောင့်နေလိုက်တယ် ။ လားလား ကံဆောင်ရေ ၊ မှင်စာဆိုတဲ့အကောင်များ လျော့မတွက်လေနဲ့ ။ ငါ့တဲကို မဝင်ခင် သူက ငါ့ကိုအရင်င် အိပ်မွေ့ချသဗျ ။ ငါ အိပ်ပြီးဆိုမှ ဝင်တယ် ။
မှင်စာကို ငါ ဘယ်လိုမှ မနိုင်ိုင်တော့ ငါလည်း တတ်တဲ့ ပညာ မနေသာဆိုသလို ၊ မှင်စာဖမ်းဖို့ ငါ့တဲကို စည်းချရတယ်။
စည်းက အဝင်တော့ ကြိုက်သလို ဝင်ရတယ်။အဲ့ဒီစည်းကို ငါ မဖျက်မချင်း ဝင်တဲ့ ပရလောကသား ပြန်ထွက်မရဘူး။ ဒါပေမဲ့ ငါချထားတဲ့စည်းက ၃နာရီပဲ ခံတယ်။ ၃နာရီအတွင်းတော့ ငါအပိုင်ပဲပေါ့။
ဒီလိုနဲ့ ငါ အဲ့ဒီမှင်စာကို ရအောင် ဖမ်းခဲ့တယ်။ ဖမ်းပြီးတော့ ငါ သူ့ဦးထုပ်ကို ဇွတ်အတင်း ချွတ်တာပေါ့ကွာ။
အဲ့ဒီအခါ မှင်စာက ဒီဦးထုပ်တော့ မယူပါနဲ့ ။ ဦးထုပ်က သူ့အသက်မို့ပါတဲ့ ။ တခြား လိုချင်တာ တောင်းပါ သူပေးပါ့မယ်တဲ့ ။ ရွှေလိုချင်သလား၊ ငွေလိုချင်သလားတဲ့ ။
ဒါနဲ့ ငါက သူ့ကို မေးတယ်။ မင်းရဲ့ ဦးထုပ်ကို ရရင် ငါက ကိုယ်ပျောက်နိုင်မယ်ဆိုတာ ဟုတ်သလားလို့ မေးတော့ ။
သူက ငါ့ကို သဘောကျပြီး တဟားဟားတောင် ရယ်လိုက်သေးတယ်။ ပြီးတော့ ခင်များ ကြည့်တော့ လူကသာ သုဘရာဇာ ၊ ဒီလို ပညာရပ်တွေလည်း တတ်သကိုးတဲ့ ။
အဲ့ဒါက လူတွေ လျှောက်ပြောကြတာပါတဲ့ ။ ဒီဦးထုပ်ဟာ ကျုပ်တို့ရဲ့ အသက်ဗျတဲ့ ။ အောက်လမ်းဆရာတွေက မှင်စာကို ဖမ်း၊ မှင်စာရဲ့ အသက်ဓာတ်တည်ရာ ဦးထုပ်ကို လုယူထားပြီး သူတို့ လိုသလို ခိုင်းစားကြတာဗျ တဲ့။
မှင်စာက သူ့ရဲ့ ဦးထုပ်ကို ငါ့ချွတ်ပေးပြီး … ရော့ ခင်များ ကိုယ်ပျောက်တယ်ဆို ဆောင်းကြည့်ဆိုပြီး ငါ့ကို ပေးတယ်။ ပေးပြီးတော့ ငါ့ကို ဘာပြောလဲဆိုတော့ ၊ ကျုပ် ခင်များဆီက ထမင်းဟင်းစားရလို့ ခင်များကို ခင်မင်နေမိတယ်။ ခင်များနဲ့ ပြေးတမ်းလိုက်တမ်း ကစားရတာလဲ ပျော်တယ်။ ခင်များကြည့်ရတာ လောဘမရှိဘူး ။ ဒါကြောင့် ကျုပ်ဦးထုပ်ကို ခင်များကို ယုံယုံကြည်ကြည်ပေးလိုက်တာပဲ လို့ပြောသကွ။
သူပြောသလိုပါပဲ မှင်စာရဲ့ ဦးထုပ်ကို ငါ ယူဆောင်းကြည့်တယ်။ ဘယ်လိုမှ မနေပါဘူး။ ကိုယ်လည်း မပျောက်ပါဘူးကွာ ။ဒါနဲ့ မှင်စာကို သူ့ဦးထုပ် ပြန်ပေတော့ မှင်စာက ဦးထုပ်ကို မဆောင်းသေးပဲ လက်က ကိုင်ထားပြီး …
သုဘရာဇာကြီး ခင်များ ရွှေ ယူမလားတဲ့ ။ ငါက ခေါင်းရမ်းပြလိုက်တယ်။ မလိုချင်ပါဘူးပေါ့။ ဒါဆို ငွေယူမလား ထပ်မေးပြန်တယ်။ ငါလည်း ခုနကလိုပဲ ခေါင်းပဲ ရမ်းပြလိုက်တယ်လေ။ ငါမှ မလိုချင်တာ။ အဲ့ဒီတော့ မှင်စာက စဥ်းစားသလို လုပ်ပြီး … ဒါဖြင့် ခင်များအတွက် ကျုပ် လက်ဆောင် တခု ပေးမယ်ဗျာ ဆိုပြီး သူ့ဦးထုပ်ကို ခါရမ်းလိုက်တယ်။ အဲ့ဒီမှာ ဦးထုပ်ထဲက ဒါလေး ကျလာတယ် ။ ရော့ ဒီမှာကြည့် … ”
ဦးဘသာက နောက်ပစ်ထားတဲ့ လက်ကို ရှေ့ထုတ်ပြလိုက်သည်။ ထိုအခါ ကံဆောင့် ပခုန်းပေါ်က မှင်စာသည် ကြောက်လန့့်တကြား ခုန်ဆင်းပြေးလေ၏။
သို့သော် ဝေးဝေး မပြေးနိုင်။ အဘယ်ကြောင့်ဆိုသော် ဦးဘသာကြီးက …
” ဟိတ်ကောင် … ဒီကို ပြန်လာခဲ့ ” ဟု အမိန့်သံဆန်ဆန် အော်ပြောလိုက်သောကြောင့်ပင်။
ကံဆောင် တအံတဩနဲ့ ဦးဘသာလက်ထဲက ကြေးဝါချောင်းလေးကို ယူကြည့်လိုက်သည်။ ကြေးပုလွေ တချောင်း ဖြစ်ပြီး ၊ ပုလွေရိုးပေါ်တွင် ဘူးသီးကြော် စာပေါင်းသိုက်လို ရှုပ်ပွနေသော အက္ခရာများ ရေးထွင်းထား၏။ ဂျပန်စာများ ဖြစ်လိမ့်မည်။
“ဟားဟားဟား အင်ကု မင်း ဒီပုလွေကို ကြောက်တယ်မဟုတ်လား ။ ဒီပုလွေသံကြားရင် မင်း သေမတတ်ခံစားရတယ်မဟုတ်လား အင်ကု ”
အင်ကုသည် ကြောက်ရွံဟန် အထင်းသားနဲ့ ဦးဘသာကို ခေါင်းငြိမ့်ပြလေ၏။
” အေး ဒါ ငါ့ကို ဗမာမှင်စာက လက်ဆောင်ပေးသွားတာကွ။ ငါတို့ စဥ့်ကူးနယ်ဘက်ကို ဂျပန် ချစ်ကြည်ရေးအဖွဲ့က အရိုးလာကောက်ကြတုန်းက ပါလာတဲ့ ဂျပန် ဇင်ဘုန်းကြီးတပါးဆီက သူ ခိုးယူလာခဲ့တာတဲ့ ။ အဲ့ဒီတုန်းက ငါ့ကို ဗမာမှင်စာက နောင်တချိန်ကျ ခင်များအတွက် အသုံးဝင်ကောင်း ဝင်လိမ့်မယ်တဲ့ ။ ယူထားလိုက်ဆိုပြီး လက်ဆောင် ပေးသွားတာကွ။
ဒါကြောင့် ငါ ယူထားလိုက်တာ။ ဒီပုလွေနဲ့ ငါ တခါ စမ်းပြီးပြီ။ ငါ့သင်္ချိုင်းထဲ လာသောင်းကျန်းနေတဲ့ ဂျပန်တစ္ဆေတကောင်ကို ဒီပုလွေနဲ့ပဲ နှင်လွှတ်ခဲ့တာလေ ။ ဒါကြောင့် မင်း အင်ကုက ဂျပန်မှင်စာဆိုတော့ သေချာပေါက် ကြောက်မယ်မှန်း ငါသိတာပေါ့ကွာ ဟားဟားဟား ”
“နေပါအုံး ဦးဘသာရ၊ ခင်များ သင်္ချိုင်းကို ဂျပန်တစ္ဆေက ဘယ်က ရောက်လာတာလဲဗျ ”
” ဟ ကောင်လေးရ ၊ ငါတို့ စဥ့်ကူးနယ်တကြောမှာ လွတ်လပ်ရေး မရခင် ဖက်ဆစ်တော်လှန်ရေးကာလတုန်းက ဂျပန်ကောင်တွေ သေလိုက်ကြတာမှ တပုံံကြီးပဲလေ ။ အဲ့ဒီကတည်းက မကျွတ်လွတ်တဲ့ ဂျပန် တစ္ဆေကောင်တွေမှ အများကြီး ။ တစ္ဆေဘဝရောက်တာတောင် တို့ဗမာတစ္ဆေတွေအပေါ်ကို အခုထက်ထိ အနိုင်ကျင့်ချင်တုန်း မောင်ရေ”
ကံဆောင်က ကြောက်နေသော အင်ကုကို ကြည့်၍ —
” ကဲပါ ခင်များ ဂျပန်ပုလွေကို သိမ်းထားပါအုံး ။ ဟိုမယ် … ကျုပ် အင်ကု ခင်များ ပုလွေကြည့်ပြီး ကြောက်ဒူးတုန်နေရှာပြီ ”
ဦးဘသာက ရယ်ဖြဲဖြဲနှင့်
” ရော့ ကံဆောင် ၊ ဒီပုလွေ မင်းသာ သိမ်းထားလိုက်တော့ ၊ အင်ကုက မင်းလက်ထဲမှာဆိုတော့ မင်းပဲ ယူလိုက်တော့ ”
ကံဆောင့်ကို ဦးဘသာက ကြေးပုလွေလေး လှမ်းပေးလိုက်သည်။ ကံဆောင်က ပလွေကို သူ့ခါးကြားထိုးထားလိုက်ပြီး ၊
” အင်ကု လာ ၊ ဘာမှ မကြောက်နဲ့ ။ ငါ မင်းကို ဘာမှ မလုပ်ဘူး ” ဟုဆိုလိုက်မှ ၊ ကံဆောင့်ပခုန်းပေါ် သူနေမြဲအတိုင်း တက်လာ၏။
ကဲ … ဦးဘသာ ၊ ကျုပ် ရွာထဲ လိုက်သွားအုံးမှ ဖြစ်မယ်ဗျ ၊ ဟိုကောင် မြသောင်း ဘာပြသနာရှာအုံးမလဲ လိုက်ကြည့်ရအုံးမယ် … ”
နုတ်ဆက်ပြီး ကံဆောင် ထွက်လာခဲ့သည်။ လမ်းတွင် အင်ကုက ထိုကြေးပုလွေလေး အကြောင်း ပြောပြလာခဲ့သည်။
” ဒီ ကြေးပုလွေက ဘယ်လိုလုပ်ပြီး အင်းကုန်းသုဘရာဇာ လက်ထဲ ရောက်လာသလဲ ။
ကြေးပုလွေ ရဲ့ မူလပိုင်ရှင်က ‘ ရှင်တို ‘ ဗုဒ္ဓဘာသာ ဘုရားကျောင်းကွ ။ ဒီကြေးပုလွေရဲ့ မူရင်းဇစ်မြစ်ကို ဘယ်သူမှ မသိကြဘူး။
တချို့က ဒီကြေးပုလွေက နတ်မင်းကြီး အိုနို ကာနိရဲ့ လက်ထဲက ပုလွေလို့လည်း ပြောကြတယ်။
သေချာတာကတော့ ဒီပုလွေကို ပိုင်တဲ့သူဟာ ငါတို့ရဲ့ သခင်ပဲ ကံဆောင်။ ဒီပုလွေပေါ်က စာတွေဟာ ရှင်တို ဘုရားကျောင်းက ဘုရားစာတွေပဲ။ အဲ့ဒီ ဘုရားစာရွတ်ရင် နတ်မင်းကြီးလေးပါးက လာစောင့်ရှောက်တယ်လို့ ငါတို့က ယုံကြည်ကြတယ်။
မင်းတို့ ဗမာတွေ ရွတ်ဖတ်တဲ့ နတ်ချစ်ဂါထာလို့ပေါ့ကွာ။
အခု မင်းက ဒီ ကြေးပုလွေကို ပိုင်ဆိုင်သွားပြီဆိုတော့ မင်းက ငါ့သခင် ဖြစ်သွားပြီ ကံဆောင်။ အဲ … အဲ … သခင် ။
ဒီကနေ့ ဒီအချိန်ကစပြီး ကျွန်တော်မျိုး အင်ကုဟာ သခင့့် အခိုင်းိုင်းအစေတယောက်က် ဖြစ်သွားပါပြီ။ သခင် ခိုင်းလိုရာကို ခိုင်းပါ ။ ကျွန်တော်မျိုး သခင့့်အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ပါ့မယ် ”
အင်ကု ရဲ့ အောက်ကျို့လွန်းသော လေသံကြောင့် ကံဆောင်က အားတုံ့အားနာ ဖြစ်သွားပြီး ၊
” ဟာ ! ငါက အဲ့သလို သဘောမထားပါဘူးကွာ ၊ မင်းနဲ့ငါနဲ့ ခါတိုင်းလိုပဲ နေကြရအောင်ပါ ။ ငါလည်း သခင် မဖြစ်ချင်သလို ၊ မင်းကိုလည်း ကျေးကျွန်အဖြစ် ငါ မဆက်ဆံရက်ပါဘူး ။
အခုလောလောဆယ်မှာ ငါတို့ အင်းကုန်းရွာကို ဒုက္ခပေးမယ့့် ကျတ်တစ္ဆေကြီး ရန်ကိုသာ ကူညီ တိုက်ဖျက်ပေးပါ ။
မင်း ကြောက်နေတဲ့ ငါ့ခါးကြားက ပုလွေကို ငါ လွှင့်ပစ်လိုက်ပါ့မယ် ”
အင်ကုကတော့ သူတို့ မှင်စာစည်းမျဥ်းစည်းကမ်းအတိုင်း ကံဆောင် ဘယ်လိုတားတား မရတော့ပေ။ ကံဆောင်အား သူ၏ သခင်ဟု သတ်မှတ်လိုက်လေပြီ ဖြစ်၏။
” အဲ့ဒီအတွက် မပူပါနဲ့ သခင်။ အင်ကု အစွမ်းရှိသလောက် နတ်ဆိုးကို ပြန်လည် တိုက်ခိုက်မှာပါ။
ပြီးတော့ ဒီကြေးပုလွေဟာ သခင် သုံးတတ်ရင် အရမ်းပဲ အသုံးဝင်ပါတယ်။ ဒါ့ကြောင့် လွှင့်မပစ်ပါနဲ့ ။ ကြေးပုလွေပေါ်က စာအချို့ဟာ ကျွန်တော်မျိုးတို့လို မှင်စာတွေအတွက် စွမ်းအင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ခွန်အား အသစ်ကိုလည်း ဖြစ်စေပါတယ်။
ခက်တာက သခင်က ဂျပန်စာ မဖတ်တတ်ဘူးဖြစ်နေတယ်။ အကယ်၍ သခင်သာ ဂျပန်စာကို ဖတ်တတ်၍ ကြေးပုလွေပေါ်က စာသားအချို့ကို ဖတ်လိုက်လို့ရှိရင် ကျွန်တော်မျိုးကို နတ်မင်းကြီး အိုနို ကာနိက တန်ခိုးစွမ်းအင် အချို့ ပေးသုံးပါလိမ့်မယ်။
အဲ့ဒီအခါကျရင် ကျွန်တော်မျိုးဟာ အင်းကုန်းရွာကို ဖျက်ဆီးမယ့့် နတ်ဆိုးကို ယှဥ်ပြိုင် အနိုင်ယူနိုင်ပါလိမ့်မယ် သခင် ”
” ခက်တာက ငါမှ မဖတ်တတ်တာ အင်ကုရယ် ၊ ဘယ့့်နှယ် လုပ်ရပါ့ ”
နှစ်ဦးသား ဆွေးနွေးရင်း နာရေးအိမ်သို့ ရောက်လာကြသည်။ ဖိုးလှသည် ကံဆောင် ဝင်လာသည်ကို မြင်သည်နှင့် ပြေးလာပြီး …
” ကိုကြီးကံဆောင် ပြောသလို ၊ ကျုပ် မြသောင်းကို စောင့်ကြည့်နေတာ ၊ မြသောင်းက ရေတိုင်နားက စမြိန်ထုပ်တွေဆီ သွားပြီး …
အမေ … အမေနဲ့ အစ်ကို့ကို သတ်တဲ့ ဟိုကောင်ကြီးကို ကျုပ် အရင်သတ်ပေးမယ် ၊ ပြီးတော့မှ အမေ့ကို လာကယ်လှဲ့မယ် လို့ ပြောသဗျ ”
” ဟေ ! ”
ကံဆောင် အံဩသွားသည်။ မြသောင်း ကိုယ်ပေါ်က မကောင်းဆိုးဝါးက ဒေါ်မြစိန်နဲ့ စိန်သောင်းကို သတ်ခဲ့သည်ဟု ထင်ခဲ့မိတာ မှားနေပါရောလား ။
ဒါဆိုရင် မြသောင်းကိုယ်ပေါ် မကောင်းဆိုးဝါးက ဘယ်ကလဲ။
ပြီးတော့ ဟောဒီအိမ်ထဲက ရေတိုင်မှာ စမြိန်ထုပ်ချကျွေးပြီး တစ္ဆေမွေးတာကရော ဘယ်သူလဲ ။
ထိုအခိုက် ရေတိုင်နားဆီသို့ အိမ်ထဲမှ လူတယောက်က်သည် ခိုးကြောင်ခိုးဝှက်နှင့် သွားနေတာကို ကံဆောင် မြင်လိုက်ရသည်ည်။ သူ ခြေ အသာဖွ၍ ရေတိုင်နှင့် မလှမ်းမကမ်းက စံပယ်အိုပုတ်ပင်ကို ကွယ်ကာ ချောင်းကြည့်လိုက်သည်။
အိမ်ထဲမှာလာသူသည် ရင်ခွင်ထဲ ဒန်အိုးတလုံး ပိုက်လာ၏။ ထိုအိုးထဲမှ ထမင်းဖြူ နှင့် အမဲသားဟင်းတို့ကို ဖက်ခွက်ထဲ အညီအမျှ လိုက်ပုံနေသည်ကို မြင်လိုက်ရသည်ည်။
ကံဆောင် ကြည့်နေသည့့် စပယ်အိုပုတ်ပင်မှာ ၎င်းက ကျောပေးထားသဖြင့် မျက်နှာကို မမြင်ရသေးချေ။ ဦးခေါင်းပိုင်းကိုလည်း ပုဆိုးတထည်ဖြင့် ခြုံထား၏။ ထို့ကြောင့် သူ့ဘက်လှည့်လာတောင် ဘယ်သူဘယ်ဝါ သိရန် ခက်ခဲမည်ဟု ကံဆောင်တွေးလိုက်မိသည်။
ကံဆောင်၏ အတွေးကို အင်ကုက ရိပ်စားမိသည်။ ကံဆောင့် ပခုန်းတဖက် ပေါ့သွားသည်။ မှင်စာသည် သရဲစာကျွေးနေသူထံ လျစ်ခနဲ ရောက်သွားပြီး နောက်ကနေ ခေါင်းပေါ်က ပုဆိုးစကို ဆွဲချလိုက်၏။


ပုဆိုးစ နောက်သို့ လျောကျသွားသောအခါ ပြန်ကောက်ယူရန်အတွက် ထိုလူသည် ကံဆောင့်ဘက်သို့ မျက်နှာလှည့်လာ၏။
” ဟင် ! အေး အေး ချို ”
ဥတလုံး တကောင်ကြွက်မို့ သနားပြီး ခေါ်ယူ မွေးစားခဲ့သော ဒေါ်မြစိန် ၏ တူမ အေးအေးချို ။
တနှာရူးကြီး ဦးစံလွင်၏ မတရားသိမ်းပိုက်ခံရသော နှုံနှုံအအနဲ့ ရိုးသားပါသည်ဆိုသည့် အေးအေးချို ။
အနှီ အေးအေးချိုက အမွှေးထူလပြစ်နဲ့ အစွယ်ထွက်နေသော သဘက်ကြီး ၃ကောင်ကို မွေးပြီး ကျေးဇူးရှင်ဖြစ်သော ဒေါ်မြစိန်၏ ဝိဉာဥ်ကို ချုပ်ထားပါသတဲ့လေ။
ပြီးတော့ သူ့လက်ချက်နဲ့ ဒေါ်မြစိန်ရော ၊ စိန်သောင်းပါ အသက်သေရသည်ည်ဟု မြသောင်းက ဆိုလေတော့ —

အပိုင်း(၈)ဆက်လက်ဖတ်ရှုပါရန်-

Leave a Comment