အင်ကု မှင်စာ-အပိုင်း(၈)

အင်ကု မှင်စာ-အပိုင်း(၈)
ရေးသားသူ— ပီပီ(မန္တလေး)
+++++++++++

အခန်း-၁၅

ချောင်းရေအလျင်သည် တဝေါဝေါနဲ့ အရှိန်အဟုန် ပြင်းပြင်း စီးဆင်းနေပါ၏။
ပရံနဝါချောင်းသည် လူသားကို စားလိုသလော မပြောတတ်။ ရေစီးသံကပင် ချောက်ချားစဖွယ် ကောင်းလှချေ၏။
ချောင်းရိုးတလျောက်တွင် နိမ့်သော ရေဝင် သဲသောင်ပြင် ရှိသလို မြင့်သော ချောက်ကမ်းပါး အမြင့်တွေလည်း ရှိပါ၏။
ထိုချောင်းရိုးရှိ ကမ်းပါးအမြင့်တခုကို မိညိုကမ်းပါးဟု ခေါ်ကြသည်။
လွန်ခဲ့သော နှစ်များစွာက ထိုကမ်းပါးတွင် တဆယ့်နှစ်ကြိုးသော စုန်းပညာရပ်ကို တဖက် ကမ်းခတ် တတ်မြောက်သည့် စုန်းမတဦး ရှိဖူးသည်ဟု လူကြီးသူမများက ပြောဆိုကြလေ၏။
ထိုစုန်းမသည် မသင့်သော အကြံကို ကြံစည်လေသောကြောင့် အနီးအပါးရွာများက လူအများစုဝေး၍ သူမ၏ စုန်းကဝေ ပညာရပ်တခု ဖြစ်သော ခန္ဓာကိုယ်မှာ စိတ်စေတသိတ်ကို ခွာ၍ တခြားတနေရာ၌ ပျော်မြူးနေစဥ် ၊ အသက်မဲ့နေသော ထိုခန္ဓာကိုယ်အား မီးရှို့ ဖျက်ဆီးခဲ့ကြသည်ဟု ဆိုကြလေ၏။
စုန်းမ မိညို၏ ဝိဉာဉ်သည် ယခုအထိ သူမ၏ ခန္ဓာကိုယ်ကို ရှာဖွေနေဆဲဟု ဒေသခံတို့က ယုံကြည်ကြပြီး ၊ ညအချိန်တွင် မိညိုကမ်းပါးကို မည်သူမျှ မသွားဝန့်ကြချေ။
အချို့ ရဲတင်းသတ္တိရှိကြလေသော ရွာသားတို့သည် မိညိုကမ်းပါးအထိ မသွားကြသော်လည်း ၊ အနီးအပါးမှ ဖြတ်သွားသည့်အခါ ၊ ချောက်ကမ်းပါး၌ မီးလုံးသဏ္ဍာန် နီနီရဲရဲ အလုံးကြီး မြင့်လိုက် မြှောက်လိုက် တွေ့ကြသည်ဟုဆို၏။ ထိုအရာကို စုန်းမီးဟု ဆိုကြပြန်၏။
တချို့ကျတော့ ညဘက် မိညိုကမ်းပါးမှ ငိုကြွေးသံကြီး ကြားရသည်ဟု ဆိုကြပြန်၏။
ထိုငိုသံမှာ ပရံနဝါ ချောင်းရေကျသံဟုလည်း ဆိုကြ၏။
ဘယ်ဟာက အမှန်တည်း။ ဘာကို ယုံရမည်မသိ။
သို့သော် သေချာသည်မှာ မိညိုကမ်းပါးချောက်သည် ညဘက် လူ အသွားအလာ လုံးဝ မရှိသော နေရာတည်း။
သို့ပေမဲ့ လကွယ်ညတညတွင် ထို မိညိုချောက်ကမ်းပါးသို့ ကံဆိုးမလေး အေးအေးချိုသည် ရောက်လာခဲ့ပါ၏။
သူမ ကိုယ်ပေါ်တွင် အဝတ်တထည်ကိုယ်တခု ၊ သို့ပေမယ့် သူမကို ကြည့်ရသည်မှာ ဝန်ထုပ်ဝန်ပိုးတခုကို ထမ်းရွက်လာသည့်အလား လေးလံနှေးကွေးလွန်းလှသည်။
မှန်ပါသည်။ အေးအေးချိုသည် ကြမ္မာရိုင်းငင်၍ သူမကိုယ်နှင့် မမျှသော ဒုက္ခတည်းဟူသော ဝန်စည်စလယ်တို့ကို တနင့်တပိုး သယ်ဆောင်ခဲ့ပါ၏။
အမိမဲ့ အဖမဲ့မို့ ကြီးဒေါ်လုပ်သူက ခေါ်ယူ မွေးစားခဲ့သည်။
အပျိုအရွယ် တူမငယ်ကို သူစိမ်းတွေ မစော်ကားရလေအောင် စောင့်ရှောက်ပါရစေဟု အသံကောင်းဟစ်ခဲ့ပြီး၊
အိမ်ကို ရောက်သည့်အခါ အလုပ်နဲ့လက်နဲ့ ဇယ်မပြတ်ရလေအောင် ခိုင်းစေခဲ့၏။
သူမ ခမျာ နားချိန်ဟူ၍ အိပ်စက်ချိန်သာ ရှိ၏။ ကျန်အချိန်များမှာ ဒေါ်မြစိန်၏ ပါးစပ်က တောက်လျှောက်ခိုင်းသမျှကို မငြီးမငြူ လုပ်ကိုင်ပေးနေရရှာသည်။
မတရား ခိုင်းစေတာတောင် ဒေါ်မြစိန်တို့က အထက်စီးက။
” မိန်းကလေးဆိုတာ ဒီလို ခိုင်းမှ အပိုးကျိုးတော့မပေါ့ ၊ သူတို့ လင်ရတဲ့အခါ အိမ်ထောင်မှုနိုင်နင်းအောင် ကျုပ်က တမင်သက်သက် ခိုင်းနေရတာပါတော်၊ အချိန်တန်လို့ လင်ရရင် လင်နောက်လိုက်သွားမယ်ဟာ ၊ ဒီအဒေါ့်ကျေးဇူး အဲ့ခါကျမှ သိလိမ့်မယ် ”
လူတွေ အိမ်လာလို့ အေးအေးချိုလေး ပင်ပန်းနေတာမြင်ရင် သနားစိတ်လေး ဝင်ပြီး လျှာမရှည်လေနဲ့။
” ဒီခေတ်ကြီး လူတယောက် စရိတ် နည်းတာမှတ်လို့ ၊ သနားရင် အိမ်ခေါ်သွားပါ့လား ။ ဒင်း အစားကြီးတာ၊ အနေအထိုင် မတတ်တာကို ရက်တပတ် ခံနိုင်ရိုးလား ”
ဒါမျိုးတွေ ပြောလွှတ်တာ။ ဒေါ်မြစိန်နဲ့ မကင်းနိုင်သူကများတော့ ဒေါ်မြစိန်အကြိုက် သံယောင်လိုက်ရတာပေါ့။
ဒေါ်မြစိန်က နေ့ခင်းဘက် တရေးတမော အိပ်တတ်၏။ ထိုအခါမျိုးမှာရော အေးအေးချို သက်သာမယ်မှတ်သလား။
စာကြီးပေကြီးတွေ ၊ ဓမ္မစာအုပ်တွေ ရှေ့မှချပြီး ၊ ဆေးဗိန္ဓော ၊ ဓာတ်ဗိန္ဓော စာအုပ်တွေသာ တွင်တွင်ဖတ်တတ်တဲ့ ဦးစံလွင်က ဇက်ကြောလေးဆွဲပေးပါအုံး ၊ ပခုန်းကြောလေး နှိပ်ပေးပါအုံးနဲ့ အပျိုမလေးရဲ့ အထိအတွေ့ကို သေခါနီး ရိက္ခာ ယူချင်သေး၏။
ဝမ်းကွဲ အစ်ကို ၂ယောက်ရှိ၍ နှမလေးပမာ ဆက်ဆံကြမည်လား မအောက်မေ့လေနဲ့။
တယောက်က ရှုသိုးသိုးနဲ့ မတူမတန်သလို ဆက်ဆံတတ်ပြီး၊ နောက်တယောက်က သူမ တကိုယ်လုံးအား စားမတတ်ဝါးမတတ် သိမ်းကြုံး ကြည့်တတ်၏။
သူမခမျာ ဒီအိမ်ထဲ နေရတာ ကျားလှောင်အိမ်ထဲ အထည့်ခံရတဲ့ ယုန်သူငယ်လိုပင်။
သူမက ဦးကြီးဟု တလေးတစား ခေါ်သော ဦးစံလွင်ကို အစက လူသူတော်ကောင်းကြီးဟု ထင်မှတ်ခဲ့၏။
သူမအပေါ် နားလည်မှု ရှိသည်ဟု ထင်မြင်ခဲ့သည်။ သူမအား တူမသားချင်းလို ချစ်ခင်ခဲ့သည်ဟု ထင်မြင်ခဲ့မိ၏။
ဆံညှပ်ကလစ်လေး ဝယ်ပေးလိုက်၊ အဝတ်အစားသစ်လေး ဝယ်ပေးလိုက် ၊ မုန့်ဖိုးပဲဖိုးလေး ပေးလိုက်ဆိုတော့ ၊ သူစိမ်းဆိုပေမယ့် ငါ့အပေါ် ဦးကြီးကတော့ ကောင်းရှာသားဟု ထင်မှတ်မှားခဲ့သည်။
အသားကိုလို၍ အရိုးတောင်းသည်ကို ရိုးသားနုံအသည့် သူမ မသိခဲ့။
မနေ့ညကတော့ သူမ ဘယ်သူက မုဆိုး ၊ ဘယ်သူက သားသမင်ဆိုတာ ကွဲပြားစွာ သိခဲ့ရလေပြီ။
အသိသည် နောက်ကျလေစွ။ အမိုက်မှောင်ထဲ ထိုးကျလေမှ အလင်းရောင်၏ တန်ဘိုးကို သိတော့၏။
အရင် ကြီးဒေါ် ဒေါ်မြစိန်က ဦးစံလွင်အပေါ် မျက်နှာသာမပေးပဲ ၊ အမြဲ ဆူပူနေခဲ့တာ ဒါကြောင့်ကိုးဟု သိလိုက်ရချိန်၊ သူမဘဝကို ဦးစံလွင်က ဟိုးအောက်ဆုံး ရောရုဝ ငရဲကို ဆွဲခေါ်သွားခြင်းကို ခံခဲ့ရရှာ၏။
ထိုညသည် သူမအတွက် တကယ့် ငရဲပင်။ ကျားဆိုးသည် သားကောင်ကို ဥပုသ်နေ့မို့ဆိုပြီး အလွတ်ပေးမည်မဟုတ်။
လစ်ရင် လစ်သလို ဖမ်းစားမည်သာ။ ကာမမုဆိုး ဦးစံလွင်သည် ထိုနေ့ နေ့လယ်က တနေကုန် ဘုန်းကြီးကျောင်းက ဥပုသ်ဇရပ်မှာ သီလ ယူသွားသည်ဟု ဆို၏။
ဘယ်သီလကို ဘယ်လို ယူခဲ့လဲမသိ။ ညဉ့်နက်သန်းခေါင်အချိန်၌ အေးအေးချို အိပ်ယာထဲ ဝင်ပြီး ၊ အဓမ္မကျင့်ကြံခဲ့သည်။
အရက်နံ့တွေ ဟောင်နေသော ဦးစံလွင်၏ စော်ကားမှုကို သတိ တချက်လွတ်ကာ ခံခဲ့ရရှာ၏။
ညဦးပိုင်းက ဦးစံလွင်သည် အိမ်ကို ပြန်ရောက်သည့်အခါ တအိမ်သာလုံးကို ဘုန်းကြီးကျောင်းက စွန့်လိုက်သည်ဆိုသော မကျည်းဖျော်ရည်များ တိုက်၏။
အေးအေးချိုလည်း ဖန်ခွက် တခွက် သောက်ခဲ့မိသည်။ ထိုဖျော်ရည်ထဲတွင် ဦးစံလွင်သည် အိပ်ဆေး မည်မျှ ခပ်ထားသည်မသိ။
တအိမ်သားလုံး စောစီးစွာ အိပ်မောကျကုန်လေ၏။
အဲ့ဒီ အခွင့်အခါကို တနှာရူးကြီး ဦးစံလွင်က ကောင်းစွာ အသုံးချသွားခြင်း ဖြစ်သည်။
ဆင်းရဲနုံချာလွန်းတဲ့ အေးအေးချို ဘာတတ်နိုင်မှာတုန်း။ သူတတ်နိုင်တာက ဝမ်းနည်းရင် မျက်ရည်ကျရုံပဲပေါ့ ။ ဆုံးရှုံးသွားတဲ့ အပျိုစင်ဘဝကို ငိုကြွေးရုံကလွဲလို့ ဘာတတ်နိုင်အုံးမှာလဲ ။
“နင့် အဒေါ်ကို ပြန်တိုင်ရင်၊ နင်ပဲ အိမ်ပေါ်က ခေါင်းနဲ့ဆင်းရမှာ အေးချို ၊ နင်လိမ်မာရင် ဟောဒီအိမ်နဲ့ ငါပိုင်တဲ့ လယ်ယာတွေ နင့်အပိုင်ဖြစ်စေရမယ် ၊ ငါ ကြံစည်ရင် ဖြစ်ကိုဖြစ်စေရမယ် စိတ်ချ ”
ဆူးပေါ် ဖက်ကျလည်း စူး။ ဖက်ပေါ် ဆူးကျလည်း စူးရုံပဲလေ။ဒီလိုနဲ့ အဲ့ဒီညက ချော့လိုက် ချောက်လိုက် ဦးစံလွင်က သူ့ရဲ့ မပြည့်နိုင်တဲ့ လိုအင်ဆန္ဒကို အေးအေးချိုအား ထပ်မံ အသုံးတော် ခံစေခဲ့သည်။
မနက် မိုးလင်းခါနီးမှ အေးအေးချို အခန်းမှ ထပြန်သွား၏။
အသွေးအသားတွေ စုပ်ယူ ဝါးမြိုခံရသလို အေးအေးချို ၊ နှုံးခွေ ကျန်ရစ်ခဲ့၏။ ခြေလက်တွေ မသယ်ချင် မလှုပ်ချင်။
ဒါပေမဲ့ သူမခမျာ အနားယူခွင့်မရ။
” ဟဲ့ မိအေးချို ! အံမယ် ခုချိန်ထိ သေအုံးမယ်ပေါ့ ၊ ထစမ်း ထစမ်း ၊ ဆွမ်းခံသံဃာတွေ မှီအောင် ထမင်းအိုး ထတည်စမ်းဟဲ့ ၊ ညည်းတို့အေ အပျင်းကြီးချက် ၊ ကြီးပွားမယ့်ဟာတွေ မဟုတ်ဘူး ”
မျက်ရည်တို့ကို ခပ်ကြမ်းကြမ်း ပွတ်သုတ် ပစ်ရသည်။ မလှုပ်ချင် မသယ်ချင် ဖြစ်နေသော ခန္ဓာကိုယ်ကို စိတ်တင်း၍ ထူမရသည်။
သူမ ဝတ္တရားရှိသည်တို့ကို ကြီးဒေါ်ရဲ့ မြည်တွန်တောက်တီးမှုတို့ဖြင့် စတင် လုပ်ဆောင် ရတော့လေ၏။
တနေကုန် လူကွယ်တိုင်း မျက်ရည်ကျရသည်က မိအေးချို ။ စိတ်လှပေမဲ့ ဘဝက မလှရှာ။ အရွယ်နဲ့ အလှရှိပေမယ့် သူများသမီးပျိုတွေလို လှလှပပ မနေရ။
အဖေ အမေ ဆုံးသွားလို့ ၊ လာခေါ်တဲ့ ကြီးဒေါ်ရဲ့ နွေးထွေးမှုက သူမ အိမ် မရောင်းခင် တဒင်္ဂသာ။ အိမ်ရောင်းရတဲ့ ပိုက်ဆံ လက်ထဲ ရောက်သွားကတည်းက ကီးဒေါ်မျက်နှာက မင်းသားခေါင်းဆောင်း ကျွတ်ကျသည့် ဘီလူးတကောင်ပမာ။
” နင် လင်ယူတော့ မျက်နှာမငယ်ရအောင် ငါသိမ်းထားပေးမယ် ” ဟုဆိုကာ လက်ဝါးကြီးအုပ် သိမ်းသွား၏။
ညနေစောင်းသော် ကြီးဒေါ်နှင့် အစ်ကိုကြီး စိန်သောင်းတို့ ရွာထဲ လှည့်ပတ် အကြွေးတောင်းထွက်၏။
ထိုအချိန် ဦးစံလွင်လည်း ပြန်မရောက်သေး။ လေးမျက်နှာဘုရား ထုံးသင်္ကန်းကပ်ရန် အစည်းအဝေး ရှိသည်ဟုဆို၏။ မြသောင်းက ဘယ် သဝေထိုးသည်မသိ။
အေးအေးချို ဆုံးဖြတ်ချက် တခုချလိုက်သည်။ သူမ ဒီအိမ်ကြီးမှာ ဆက်မနေတော့ဟု။ ဝတ်ထားသည့် ခါးဝတ်ခါးစားဖြင့်သာ ထွက်လာခဲ့သည်။
သူမ ခြေလှမ်းတွေက ရွာထဲက လူတွေ မသွားရဲသည့် မိညိုကမ်းပါးကို ။
လူတွေက သူမအား ရွံရှာဟန်ဖြင့် ကြည့်နေကြသည်ဟုသာ သူမ မြင်မိသည်။ သူမကိုယ် သူမ မသတီတော့ချေ။ အားငယ် ဝမ်းနည်းနေမိသည်။ စိတ်ဓာတ်တွေ ဟိုး … အောက်ဆုံးအထိ ဆွဲယူခံရသလိုပင်။
သို့ဖြင့် အေးချိုသည် ရွာပြင် ၂ဖါလုံခန့် ဝေးသော မိညိုချောက်ကမ်းပါးသို့ ရောက်လာခဲ့၏။
ချောက်ကမ်းပါးမှာ ခြေတွဲလွဲချ၍ အားပါးတရ ရှိုက်ငိုသည်။ မရှိတော့လေသော အမိအဖကို တမ်းတ သည်။
” အမေရယ် — အမေတို့ကတော့ အေးချမ်းသွားကြပြီပေါ့နော် ။ လောကကြီးအလယ်မှာ သမီးတယောက်ည်း ဘယ်လောက် ဒုက္ခပင်လယ်ဝေနေလဲဆိုတာ တချက်လောက်များ လှည့်ကြည့်ပါအုံးလား ဟီးအင့်အင့်အီး ”
ဒုက္ခသည်မလေးကား တယောက်တည်းငို တယောက်တည်း စကားဆိုနေရှာ၏။
ပြောလိုက် ငိုလိုက်နဲ့ အချိန်အတော်လင့်သွားပြီ ။ ညဥ့်ယံအမှောင်ထုကား နက်သထက် နက်ချေပြီ။ လကွယ်ညလည်း ဖြစ်သည်မဟုတ်လော။
ကမ်းပါးအနီး ကပ်လျက်ပေါက်ရောက်ကြသော ကနစိုပင်များအကြားက မြေတွင်းအောင်း ပုရစ်ကလေးများ၏ အသံတို့ပင် တိတ်ဆိတ်ငြိမ်သက်သွားလေပြီ။
ခပ်လှမ်းလှမ်းက ညောင်ညိုပင်မှ အတောင်ခတ်သံ တဖျတ်ဖျတ်ဖြင့် ညဥ့်ငှက်အချို့ပင် အစာရှာ ထွက်ကြလေပြီ။
တချက် တချက်မှာတော့ မိညိုကမ်းပါး ထက်ကောင်းကင်မှ ပျံဝဲကြလေသော ငှက်ဆိုးတို့သည် အသံပေး ခြောက်လှန့်သကဲ့သို့ ရှိလေ၏။
ဂီး ဂီး ဂစ်
ထို ငှက်ဆိုးထိုးသံကြောင့်လား မသိ။ အေးချို ငိုရှိုက်သံ တိတ်သွား၏။
ဟင်း — ဟင်း — ဟင်း
လူမမာ ညည်းငြူသံလား ၊ ခိုငှက် ငြီးတွားသံလား ။
အေးချို တကိုယ်လုံး ကြက်သီးမွှေးညှင်း ထသွားသည်။ ကျောရိုးတလျောက်က စိမ့်တက် အေးကျင်သွားသည်။ လက်မောင်းလက်ဖျံတို့ရှိ မွှေးညှင်းများကလည်း တရွရွ ရှိကြကုန်၏။
သမီး …
ရှင် ! ဟုပင် ပါးစပ်က လွဇတ်ခနဲ ထွက်သွား၏။ အင်မတန် တိုးညှင်းလွန်းသော အသံလေးသည် သူမ နားထဲ ဗုံးတလုံးကွဲသလို ကြားလိုက်ရသည်။ သူမ ဒီအသံကို ကောင်းစွာ မှတ်မိ၏။ အေးချို အမေ့အသံကို မေ့စရာဘားလေ။
” နင် … သူတို့ကို လက်စားချေချင်လား ”
ရှင် ! ထပ်မံ၍ ရှင်မိပြန်လေပြီ ။ အသံသည် သူမ တကယ် ကြားနေရ၏။ သို့သော် ဘယ်အရပ်က လာသနည်း။ သူမ ရှာဖွေ၏။ မတွေ့နိုင်။ မမြင်နိုင်။ သူမ ခေါင်းကိုသာ ငြိမ့်ပြလိုက်လေ၏။
” သမီး ကလဲစားချေမယ်ဆိုရင် အမေ ကူမှာပေါ့ ။ ကဲ သမီး အမေ့ဆီကို လာခဲ့ ။ ထခဲ့ ”
အသံသည် သံလိုက်ဓာတ်ကဲ့သို့ ဆွဲဆောင် အားကောင်း၏။ အေးချို မတ်တတ် ထရပ်လိုက်သည်။
သူမ ရပ်နေတာက ချောက်ကမ်းပါးစွန်းမှာဆိုတာ သူမ မေ့လျော့နေ၏။ ထိုသို့ မေ့လျော့အောင်လည်း တမင် ပြုစားနေသဘိကဲ့သို့ပင် ။
သူမ မျက်နှာမူရာသည် ပရံနဝါ ချောင်းရေလျင် အပေါ်က လေဟာနယ် ဖြစ်၏။
သို့သော် အေးချိုသည် ထိုသို့ မမြင်။ အေးချို၏ အမြင်က သူမသည် တိမ်ဆိုင်တိမ်လိပ်တွေအကြား ရောက်နေသည်ဟုပင်။
ထိုအခိုက် သူမ ရှေ့တည့်တည့်က ဖြူဖြူ အရိပ်တခု ဘွားခနဲ ပေါ်လာ၏ ။ ထို အရိပ်ကို မြင်လိုက်သည်နှင့် အေးချို မျက်နှာက ပြုံးရွှင်သွားသည်။
” အမေ — အမေ ”
အေးချို ဝမ်းသာအားရ ခေါ်လိုက်သည်။ အမေက သူ့ဆီလာရန် လက်ယပ်ခေါ်၏။
အေးချို တွေးဝေစဥ်းစားမနေပါ။ အမေရှိရာသို့ ခြေလှမ်း လှမ်းလိုက်လေ၏။
သူမရင်ထဲ အေးခနဲ ဖြစ်သွားသည်။သူမ ရခဲ့သော လူ့ ဘဝသည် သူမအတွက်တော့ ဒီလိုပဲ မကြာခဏ အနိမ့်ဆုံးသို့ ဆွဲခေါ်ယူနေကြမဟုတ်လား။
အေးချို ပြုံးပြုံးလေးနဲ့ အမေ့နောက်သို့ လိုက်ပါသွားခဲ့လေ၏။

+++++++++

အခန်း-၁၆

ဒေါ်မြစိန် မသေမီ ၃လခန့်အလိုက ဖြစ်သည်။ ညဉ့်နက်သန်းခေါင် နာရီပြန် ၁ချက်တီးခန့်က ၊ အေးအေးချို ၏ ခပ်ကျဥ်းကျဥ်းရှိသော အခန်းထဲ၌ ဦးစံလွင် အိပ်ပျော်ရာမှ နိုးထလာ၏။
ဒီကနေ့ ညဦးက ၊ ဦးစံလွင်သည် သူ့ဇနီး မမြစိန် စားမည့် အစာထဲတွင် အိပ်ဆေးခပ်ထား၏။
မမြစိန် နှစ်ခြိုက်စွာ အိပ်ပျော်သွားသည့်အခါ ၊ ဦးစံလွင်က သူ၏ အပျော်မယားအဖြစ် အတင်း အဓမ္မ သိမ်းပိုက်ထားသော အေးအေးချို၏ အခန်းသို့ ဆင်းသက်ပျော်ပါး၏။
ကာမဂုဏ် ရေယဥ်ကြောမှာ မျောချင်တိုင်း မျောလို့ ဝတော့ ၊ အေးအေးချို အိပ်ယာမှာပဲ အိပ်ပျော်သွား၏။
အေးအေးချိုက အတင်း ပြန်လွှတ်သော်လည်း ဦးစံလွင်က မပြန်။ ထိုညဦးက အေးအေးချိုသည် သူ့တကိုယ်လုံး နံ့သာဆီမွှေးများ လိမ်းကျံထား၏။ ဦးခေါင်းကိုလည်း လျှော်ထားဟန်တူ၏။
ပို၍ ထူးခြားသည်မှာ သူမအခန်း ထဲက ကျောက်ပြင်ပေါ် အလယ်တည့်တည့်မှာ ဖယောင်းတိုင် ၃တိုင်ပူး၍ မီးပူဇော်ထားခြင်း ဖြစ်၏။
အခါတိုင်းတော့ ခိုးကြောင်ခိုးဝှက်နှင့် ခိုးစားရသည်မို့ သူ့လိုဘပြည့်လျင် သူ့အခန်း သူပြန်၏။ ယခု မမြစိန်အား အိပ်ဆေးတိုက်ထားသည် ဖြစ်ရာ စိတ်ချလက်ချ နှပ်နေခြင်း ဖြစ်၏။
ကျောက်ပြင်ပေါ်က ၃တိုင်ပူးထွန်းထားသော ဖယောင်းတိုင်တို့ ငြိမ်းလေပြီ။
ညဉ့်သန်းခေါင်ယံ နာရီပြန် တချက်တီးလောက်မှာတော့ —
ဦးစံလွင် အိပ်ပျော်နေရာမှ တချိုးချိုးတချွတ်ချွတ်နဲ့ သူ့နားထဲ တခုခုကို ကိုက်ဝါးနေသံကြားရ၍ နိုးလာ၏။
ဦးစံလွင် မျက်လုံး ဖွင့်ကြည့်သည်။ သူ့အား ကျောပေးလျက် ဆံပင်ဖါးလျားချပြီး ငုတ်တုတ် ထိုင်နေတဲ့ အေးအေးချိုထံမှ အသံထွက်ပေါ်နေခြင်း ဖြစ်သည်။
ဦးစံလွင်၏ နှာခေါင်းထဲ သွေးညှီရနံ့ကြီး တိုးဝင်လာလေ၏။ ဦးစံလွင် သင်္ကာမကင်း ဖြစ်လာတော့ ကျောပေးနေတဲ့ အေးအေးချိုကို လက်ဖြင့် အသာပုတ်ရင်း …
” ချိုလေး … ” ဟု အသံပေး ခေါ်လိုက်သည်။
အေးအေးချို ဆတ်ခနဲ သူ့ဘက်လှည့်ကြည့်သည်။
အောင်မယ်လေး !
ဟု ဦးစံလွင် အော်လိုက်မိသည်။ အေးအေးချို၏ ပါးစောင်မှာ သွေးစိမ်းများ ယိုစီးကျလျက် ရှိပြီး ၊ သူမ လက်ထဲမှာတော့ ၊ အိမ်မွေး ကြောင်သေတကောင် ။
ဗိုက်ပေါက်လျက် အူလိမ်များက ထွက်ကျနေ၏။ ထိုကြောင်သေမှ သွေးများက အေးအေးချို၏ လက်နှင့် ပါးစပ်မှာ မြင်မကောင်း။
ကြောင်မှာ လတ်တလောမှ အရှင်လတ်လတ် ဗိုက်ဖေါက်ခံထားရသည် ဖြစ်တန်ရာ၏။
သွေးတို့မှာ ခပ်ရွှင်ရွှင် ထွက်ကျနေဆဲဖြစ်သည်။
ပထမတွင် အေးအေးချိုသည် ဦးစံလွင်အား ရန်မူရန် အနေအထားရှိ၏။ သို့သော် တခဏ၌ ကြောင်သေအား လွှတ်ချ၍ …
” အစ်ကိုကြီး အေးချို ကို မကြောက်နဲ့နော် ၊ အစ်ကိုကြီးကို ရန်မမူပါဘူး။
အစ်ကိုကြီးအတွက် အေးချို အဖွားကြီးကို လက်စတုံးပေးမယ် သိလား။
အေးချို သူ့ကို သတ်ဖို့ သရဲ ၃ကောင်ကို မွေးထားပြီးပြီ။ အဲ့ဒီမိန်းမကြီး သေရင် ၊ အစ်ကိုကြီးနဲ့ အေးချိုတို့ အခုလို ခိုးကြောင်ခိုးဝှက် တွေ့ဖို့ မလိုဘဲ လွတ်လွတ်လပ်လပ်ကြီး ပျော်ပါးလို့ရပြီလေ။ ခစ် ခစ် ခစ် ”
ရက်စက်ကြမ်းကြုတ်သော စကားတို့ကို ဆိုသည့်အခါ ၊ အေးအေးချို၏ မျက်နှာသည် သွင်ပြင် ပြောင်းလဲလာ၏။
နဖူးစပ်က ဆံစတိုသည် မီးဟပ်သကဲ့သို့ တွန့်လိမ်ကောက်ကွေးကြကုန်၏။
ခေါင်းထက်က ဆံစတို့သည် ချက်ချင်း ဖွေးဖွေးဖြူကုန်ကြ၏။
စိုပြေသော အေးအေးချို၏ မျက်နှာပြင် အသားအရေတို့သည် အရေးအကြောင်းတို့ဖြင့် အိုမင်းရွတ်တွခြင်းသို့ ပြောင်းလဲသွား၏။
” ဟင် ! နင် နင်က ဘယ်သူလဲ ”
” အော် အစ်ကိုကြီးကလဲ ကျမ အေးအေးချိုပေါ့လို့ ”
ဦးစံလွင်သည် အနီးနားရှိသော လေးထောင့်မှန်ပြင်ကို အေးအေးချိုအား ယူပြလိုက်သည်။
အေးအေးချိုက သူမ၏ မှန်ထဲက ရုပ်သွင်ကို မြင်ရသည့်အခါ သဘောကျစွာ ရယ်မော၏။
” ဟိဟိ … ခစ်ခစ် ”
” အော် … နင်က ငါ့ရဲ့ မူလသွင်ပြင်ကို မြင်သွားပြီကိုး …
အေး … ဟုတ်တယ် ၊ ငါက ပရံနဝါ ချောင်းချောက်ကမ်းပါးကို အပိုင်စားရတဲ့ စုန်းမ မိညိုပဲဟေ့ ၊
နင်က အေးအေးချိုကို စော်ကား အနိုင်ကျင့်လိုက်တော့ ၊ အေးအေးချိုက အဲ့ဒီနောက် ညမှာ ချောက်ကမ်းပါးကနေ ပရံနဝါချောင်းထဲ ခုန်ဆင်းသေပြီဟဲ့ ၊
ငါက သေသွားတဲ့ ၊အေးချိုရဲ့ နာမ်ရုပ်ကို ငါ့ရဲ့ နာနာအသက်သွင်း ပညာရပ်နဲ့ အသက်သွင်းပေးပြီး နင်တို့အိမ်ကို ပြန်လာစေခဲ့တာပဲ၊ ငါက အေးချိုတော့ အေးချိုပဲ ၊ ဒါပေမဲ့ အရင်လို နုံအအ အေးချိုတော့ မဟုတ်ဘူး၊ စုန်းမ မိညို အသစ်တဖန် အသက်သွင်း မွေးဖွားလိုက်တဲ့ အေးချိုပဲ ဟင်းဟင်းဟင်း ”
” ဟင်! နင် … နင် ”
ခွေးအကြီး လည်မြို တက်နင်းခံရသလို တနင်တည်း နင်နေတာက ဒီအိမ်ကြီးရဲ့ အိမ်ဦးနတ်သခင် ဦးစံလွင် ဖြစ်၏။
ဦးစံလွင်က ဖင်တရွတ်တွန်း၍ အနောက်သို့ ဆုတ်၏။
အေးအေးချိုက ငုတ်တုတ်ထိုင်လျက် တခစ်ခစ်ဖြင့် သဘောကျလျက်ရှိသည်။
မလုံ့တလုံ အဝတ်တို့ဖြင့်၊ ဖိုသီဖတ်သီနဲ့ သူမကိုယ်လေးကို လှုပ်ခါသည်အထိ သဘောကျလို့နေပါ၏။
အေးအေးချို၏ အဖြစ်မှန် အရင်းခံကို သိလိုက်ရလို့ ထိတ်လန့်ကြောက်ရွံနေတာက လူသားစားကြူးတဲ့ ရမ္မက် ဘီလူး ဦးစံလွင် ။
ဦးစံလွင် သူ၏ အင်္ကျီကို ပြန်လျိုလိုက်ပြီး ၊ ဟန် ကိုယ်ဘို့ အနေအထားဖြင့် သူတို့ တမိသားစုလုံး အမြဲနိုင်စားနေရသည့် အေးအေးချိုအား လေသံမာမာနှင့် ပြောလိုက်သည်။
” နင် တလုပ် စားဖူး ၊ သူ့ကျေးဇူးတဲ့ မကြားဖူးဘူးလား အေးချို ၊ စကောလောက်မှ ဇောက်မနက်တဲ့ နင့်အကြံကို အခု လက်လျော့လိုက်စမ်း …”
အေးအေးချိုက ရယ်မောနေရာမှ ချက်ချင်း မျက်နှာကို တင်းမာ ပစ်လိုက်ပြီး၊ ဒေါသရောင် တောက်ပနေသော မျက်လုံးအစုံနဲ့ ဦးစံလွင်ကို ပြန်ကြည့်လိုက်သည်။
ဦးစံလွင်သည် အေးအေးချို၏ မျက်လုံး အကြည့်ကို တုယှဥ် ပြိုင်မကြည့်ရဲ။ မျက်နှာလွှဲရ၏။
ဒီတခါ အေးအေးချိုပါးစပ်က ထွက်လာသည့် စကားများမှာ ကြမ်းလေ၏။
” ခွေးပါးစပ်က နတ်စကား မထွက်ချင်စမ်းနဲ့ စံလွင်၊
နင်တို့ ငါ့ကို နေစရာပေး၊ ထမင်းကျွေးတယ်ဆိုတာ ၊ ငါ့ကို နင်တို့ အလိုကျ အသုံးတော် ခံဖို့ ၊ နင်တို့ကို ငါ့အသွေးအသားနဲ့ ယဇ်ပူဇော်ဖို့ပဲမဟုတ်လား တနှာရူးကြီးရဲ့။
ဘာလဲ! နင်က ငါ့အကြောင်း သိသွားပြီဆိုတော့၊ နင့်မယားကြီးကို ပြန်တိုင်ချင်တာလား ။ တိုင်လေ တိုင်ပေါ့ ။ အေး … နင်တိုင်လို့ ငါ အိမ်ပေါ်က ဆင်းရမလား ။ ငါက နင် ငါ့ကို ဘယ်အချိန် ဘယ်လို စော်ကားပါတယ်လို့ လူသိရှင်ကြား ရွာလူကြီးဆီမှာ ပြန်တိုင်လိုက်မယ် ။ နင် ရွာထဲမှာ အရင်လို လူရိုသေ ခံရအုံးမလား စောင့်ကြည့် ။ ပြီးတော့ နင့်မယားကြီး ကရော ၊ ဒီတခါ နင့်ကို ဗိုက်ခေါက်လေး လိမ်ဆွဲရုံနဲ့ ပြီးသွားမလားဆိုတာ —
ဟင်းဟင်းဟင်း
နင် ထမင်းစားကြီးတာဆိုရင် ငါပြောတာ သဘောပေါက်လိမ့်မယ် ထင်တယ် စံလွင် ”
ဦးစံလွင် ခေါင်း ငိုက်စိုက်ကျသွားလေ၏။ ကြက်ကြီး လည်လိမ်ချိုးခံသကဲ့သို့ ရှိသည်။ ဦးစံလွင်သည် စုန်းမ အေးအေးချိုအား ဘာပြန်ပြောရမည်မသိ။
နောက်ဆုံးတွင် စုန်းမ အသက်သွင်းထားသော အေးအေးချိုအား အရှုံးပေး၍ ရေငုံနုတ်ပိတ် နေလိုက်ရသည်။
ထိုညသည် လကွယ်ည ဖြစ်၏။ လကွယ်ညတိုင်း စုန်းမ မိညို အသက်သွင်းထားသည့် အေးအေးချိုသည် တိရစ္ဆာန်တကောင်အား အရှင်လတ်လတ် ဖမ်းယူစားသုံးရ၏။
ထိုသို့ စားသုံးမှ သူမ၏ ကိုယ်ခန္ဓာသည် နုနယ်ပျိုမြစ်ခြင်း ရှိ၏။ အကယ်၍ မစားသုံးမိပါက ၊ သူမ၏ သေလွန်ပြီး မူလရုပ်ခန္ဓာဖြစ်သော အပုပ်ကောင်ဘဝသို့ တဖြည်းဖြည်း ပေါ်လွင်လာလိမ့်မည် ဖြစ်၏။
အေးအေးချ်ို၏ ဒုတိယ အသက်သွင်း ရုပ်ခန္ဓာကို ဖျက်ဆီးရန်မှာ တခုတည်းသော နည်းလမ်းသာ ရှိလေ၏။
ပရံနဝါ ချောင်းထဲ ခုန်ချ၍စ သတ်သေသွားသော ၊ အေးအေးချို၏ မူလအလောင်းကို ရှာဖွေ၍ မီးသင်္ဂြိုလ် ရမည် ဖြစ်၏။
ထိုအခါ စုန်းမ မိညို၏ ပညာသည် ပျက်စီးလိမ့်မည် ဖြစ်သည်။

+++++++++

အခန်း-၁၇

အင်ကု တလုံးချင်း စီကာပတ်ကုံး ရှင်းပြလေမှ ကံဆောင် သဘောပေါက် နားလည်သွားလေပြီ ။
အခုဆိုလျင် သူ့ရွာကို ဒုက္ခပေးမည့့်သူက မိစ္ဆာနတ်ဆိုး (ကျတ်တစ္ဆေမကြီး) တကောင်တည်းမဟုတ်တော့။
စုန်းမ မိညို ဆိုတာပါ ပါလာချေပြီ။
ကံဆောင်၏ ခိုင်းစေမှုကြောင့် အင်ကုသည် အေးအေးချို၏ ခေါင်းမြီးခြုံ ပုဆိုးကို နောက်မှ ဆွဲယူလိုက်စဥ်က အင်ကုသည် အေးအေးချိုအား လူသားစစ်စစ် မဟုတ်တော့မှန်း သိခဲ့၏။
အင်ကု မှင်စာတို့ သဘာဝမှာ အသုံးအဆောင်တခုကို ရပါက ထိုအသုံးအဆောင်ကို ကိုင်ဆောင် အာရုံခံနိုင်စွမ်း၏။
ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တို့သည် အင်ကု၏ အာရုံဝယ် ရုပ်ရှင်ပြကွက်များသဖွယ် စီကာရီကာ ပေါ် လွင်လာ၏။
ထို့ကြောင့် ကံဆောင်က ဒေါ်မြစိန်ကို မည်သူ သတ်ခဲ့သလဲဆိုတာ အင်ကုအား စုံစမ်းဖေါ်ထုတ်စေခဲ့သည်။
အထက်က ဆိုခဲ့သလို ၊ ဒေါ်မြစိန် နှင့် စိန်သောင်းတို့ သေရခြင်းမှာ စုန်းမ မိညို လက်ချက် ဖြစ်နေ၏။
အင်ကုကြောင့် စကားမပြောနိုင်သော ဒေါ်မြစိန်ကို စုန်းမ မိညိုက ကိုယ်ထင်ပြ သတ်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်မြစိန်မှာ မသေခင်က တဖက်ရွာမှာ လောကီဆရာတယောက်က်ကို ခေါ်၍ အရံအတား လုပ်ခဲ့ပါသေး၏။
သို့သော် အတွင်းလူဖြစ်သော အေးအေးချိုက ထိုအရံအတားများကို သူမ အလှကျော့ကွင်းမာယာမှာ မိနေသော ဦးစံလွင်အား ဖျက်ဆီးရန် စေခိုင်းခဲ့၏။
ထို့ကြောင့် ဒေါ်မြစိန် ကြိုတင် စီမံခဲ့သော အရံအတားတို့မှာလည်း အသုံးမဝင်တော့ချေ။
စိန်သောင်း ကိုယ်ပေါ်က မကောင်းဆိုးဝါးသည် အေးအေးချို မွေးထားသော သရဲသဘက်ကြီး ဖြစ်၏။
လူတယောက်က်ကို သရဲနဲ့ တိုက်သတ်လိုပါက ထိုလူအား ဘုန်းကံနိမ့်ပါးအောင် အရင်င်ပြုရ၏။
ဒီအတွက် စုန်းမ မိညို မခက်လှချေ။ သူမ အသက်သွင်းထားသော အေးအေးချိုကိုပဲ ခိုင်းလိုက်၏။ အေးအေးချိုက သူမ ရာသီသွေးကို စိန်သောင်း ခေါင်းအုံးမှာ သုတ်ခဲ့၏။ ပြီးတော့ ခေါင်းအုံးဖုံး အသစ်လဲပေးခဲ့သည်။
စိန်သောင်း ထိုခေါင်းအုံးကို အုံးမိသည်နှင့် ဘုန်းနိမ့်လေတော့၏။ ထိုအခါ စုန်းမ မိညိုက စိန်သောင်းအား သရဲနဲ့ တိုက်သတ်တော့လေ၏။


ဒေါ်မြစိန်ကို စုန်းမ မိညို ကိုယ်တိုင် သတ်ခဲ့၏။ စိန်သောင်းကိုတော့ သရဲဖြင့် တိုက်သတ်၏။ တရားခံသည် အရင်းစစ်တော့ စုန်းမ မိညို ဖြစ်လေ၏။
သို့သော် စုန်းမ မိညိုသည် အာဃာာတ အငြိုးနဲ့ ဒေါ်မြစိန်တို့ မိသားစုအား လုပ်ကြံသတ်ဖြတ်နေပေမယ့် …
တရွာလုံးကို ဒုက္ခပေးမည့်ကျတ်တစ္ဆေမကြီး က မြသောင်းကိုယ်ပေါ် ခွစီး ခိုင်းစေနေသည်ကိုတော့ ဘာကြောင့် မသိနိုင်သနည်း။
အာဃာတရားနှင့် အကုသိုလ် ဖိစီးလွန်းနေသော စုန်းမ မိညို
သည် သူမ ကံတရားကိုတော့ မြင်နိုင်မည်မဟုတ်။
ကျတ်တစ္ဆေဟုခေါ်ဆိုသော နတ်ဆိုးသည် သူမထက် ပညာသာလွန်နေသည် များလား ။
နောက်တခုက အင်ကုထံမှ အကျိုးအကြောင်း အကုန်သိရသော ကံဆောင်သည် ထိုစုန်းနှင့်နတ်ဆိုးကို မည်သို့ သုတ်သင်ရမည်ဆိုတာကို သူ၏ ဆရာသမားလို မိတ်ဆွေလို အားထားရသော သုဘရာဇာကြီး ဦးဘသာဆီ အင်ကုကို ပခုန်းပေါ်တင်၍ မိုး လင်းတာနဲ့ သင်္ချိုင်းသို့ ပြေးလေပြီမဟုတ်လား ။
ကံဆောင် ၊ အင်ကု နဲ့ ပညာသည် သုဘရာဇာကြီးတို့က တဖက်။
နတ်ဆိုး (ကျတ်တစ္ဆေ) ၊ အေးအေးချို ၊ စုန်းမ မိညိုတို့က တဖက် ။
ကြည့်ကောင်းအုံးမည့်ပွဲပေ—။

ပီပီ(မန္တလေး)
အပိုင်း(၉)ဆက်လက်ဖတ်ရှုပါရန်-

Leave a Comment