အောင်မြတ်သာနှင့်နယ်ပိုင်စက်ကြိုး

” အောင်မြတ်သာနှင့်နယ်ပိုင်စက်ကြိုး ”
ရေးသားသူ—ဇေယန(ရာမည)
+++++++++++

” ဟဲ့အကောင် ဘိုးဒိန်း— နင်ကဘယ်လိုဖြစ်ပြီး အမောတကောပြေးလာရတာလဲ”
ပြောင်းဖူးဖက်ဆေးလိပ်ကို ရဲနေအောင်ဖွာရှိုက်ရင်း​မေးလိုက်တဲ့ ဒေါ်မှုံရဲ့စကားကြောင့် အသက်ကိုပြင်ပြင်းရှူနေတဲ့ ဘိုးဒိန်းက –
” ဟိုကောင်လေး အနားမှာ ဘယ်ကမှန်းမသိတဲ့ဆရာတွေရောက်နေတယ်၊ သူတို့နေတဲ့ အိမ်နားကိုကပ်လိုက်တာနဲ့ အသားတွေပူလာလို့ ပြန်ပြေးလာတာဗျ”
” ပူမှာပေါ့ဟဲ့ —  သူတို့က သာမန်ဆရာတွေမှမဟုတ်တာ၊ နင်ပြောတော့ ဒီကိစ္စကို တစ်ယောက်ထဲလုပ်နိုင်ပါတယ်ဆို”
” အစကတော့ သူတို့ကိုလျော့တွက်ခဲ့မိတယ်၊ အခုတော့ အမေကြီး ကူညီမှ ရတော့မယ်ထင်ပါရဲ့”
” နင်က ငါ့ရဲ့ သားတပည့်လိုဖြစ်နေတာရယ်၊ ငါ့ပညာတွေမထုတ်သုံးတာကြာနေတာရယ်ကြောင့် ဒီပွဲမှာ ငါဝင်ပါရတော့မှာပေါ့၊ ပြောစမ်း နင်ဘယ်လိုဖြစ်ချင်သလဲ”
” ကျုပ်ဆီကပညာသင်ပြီး ကျုပ်အကို သိုင်းခြုံကို ရူးသွပ်အောင်လုပ်ခဲ့တဲ့ ငတိကိုတော့ တစ်သက်လုံး လူစိတ်မဝင်အောင်လုပ်ချင်တယ်၊ ကျန်တဲ့သူတွေကိုတော့ အမေကြီး သဘောအတိုင်း ပညာဂုဏ်ပြပေးလိုက်ပါ”
” အဟက်အဟက်… မယ်မှုံဆိုတာ သူ့နယ်ထဲရောက်လာရင် ဘယ်သူ့ကိုမှ ဗိုလ်မထားတာ ဒီကောင်တွေသိစေရမှာပေါ့– ဘိုးဒိန်း နင်ဗိုက်တာနေတယ်မဟုတ်လား၊ အမဲသားဟင်းချက်ထားတာရှိတယ်… စားချင်ရင်ယူစား”
ဒေါ်မှုံစကားကြောင့် ဘိုးဒိန်းက အိမ်နောက်ဘေးထဲဝင်သွားပြီး အုပ်ဆောင်းအောက်မှာ ရှိနေတဲ့ အမဲသားဟင်းနဲ့ထမင်းကို အားရပါးရစားနေလိုက်တယ်။ စားပြီးလို့အပြင်ထွက်လာတော့ ဒေါ်မှုံက ဖယောင်းတိုင်မီးထွန်းထားတဲ့ စင်ရှေ့မှာ တင်ပလ္လင်ခွေထိုင်နေခဲ့သလို အနီးနားမှာရှိတဲ့ ပြူတင်းပေါက်လိပ်ကာစတွေက လေမတိုက်ပဲ တဖျတ်ဖျတ်လှုပ်ခါနေတာကိုလဲမြင်လိုက်ရတယ်။

– – – – – – – – –

” ဘကြီးလွန်း–  ဆရာက ဘယ်သူ့ကိုမှမခေါ်ပဲ ဘယ်ထွက်သွားလဲသိလား”
ရေနွေးကြမ်ဒသောက်နေရင်းမေးလိုက်တဲ့ ခွန်းလှစကားကြောင့် ဆေးတံဖွာနေတဲ့ ဦးလွန်းတင်က
” သူကိစ္စရှိလို့ သွားတာနေမှာပေါ့ကွယ်၊ မောင်ကောင်းကရော သူဘယ်ကိုသွားတယ်မြင်လဲ”
” ကျွန်တော်အထင်ပြောရရင် ဟိုနေ့ညက စက်ကြိုးလွှတ်တဲ့ကိစ္စနဲ့ပတ်သတ်မယ်လို့ထင်တယ်၊ ဘကြီးလွန်းက ဒီမှာနေတာကြာပီဆိုတော့ ဘယ်သူဖြစ်မယ်ဆိုတာ ခန့်မှန်းမိတယ်မဟုတ်လား”
” ငါက နေတယ်ဆိုပေမယ့် ကိုယ့်ဘာသာအေးဆေးနေတာများတယ်၊ ဒါပေမယ့် ဒီနယ်တစ်ခွင်မှာ အမေမှုံလို့ခေါ်တဲ့ ပညာသည်တစ်ယောက်တော့ရှိတယ်၊ ငါ့ဆီဆေးလာကုတဲ့သူတွေပြောတာကတော့ ဘယ်ပညာသည်ပဲပြုစားပြုစား သူ့ဆီသွားတောင်းပန်လိုက်ရင် ကောင်းသွားရောတဲ့”
” ဟင်… ဒါဆို သူက ဒီနယ်တစ်ခွင်က ပညာသည်တွေရဲ့ခေါင်ချုပ်ဖြစ်မယ်ထင်တယ်၊ သူနဲ့ရော ထိပ်တိုက်တွေ့ဖူးလား”
” ထိပ်တိုက်တော့မတွေ့ဘူးဘူး… သူလဲ ငါ့ကိုဒုက္ခမပေးတော့ ငါလဲ မသိသလိုပဲနေနေလိုက်တာ၊ ဒီလောကဆိုတာကလဲ ဝင်ပါရင်ဝင်ပါသလို ရှုပ်ထွေးတယ်ကွယ့်”
” ကျွန်တော်တော့ ဆရာ့တစ်ယောက်ထဲ သွားတာကိုစိတ်မချဘူးဗျာ၊ ဒီပညာသည်တွေကမာယာလဲများသလို အချို့ဆို သေရင် အဝိဇိငရဲကို တန်းသွားမယ်ဆိုပြီး ကြုံးဝါးထားကြတာ၊ ဟင်း— ”
ခွန်းလှရဲ့စိတ်ပူတဲ့လေသံကြောင့် ဦးလွန်းတင်ရော မောင်ကောင်းပါ အနည်းငယ်ပြုံးလိုက်ပြီး –
” မင်းက စိတ်ပူလွန်နေတာပါ… ကဲကဲ ကိုယ်လုပ်စရာရှိတာကို အာရုံစိုက်ပြီးလုပ်၊ ငါတို့လဲ ဘုရားရှိခိုးလိုက်ဦးမယ်”
မောင်ကောင်းက ခွန်းလှပခုံးကိုပုတ်ကာပြောလိုက်ပြီး ဘုရားဝတ်ပြုဖို့ ထသွားခဲ့တယ်။

– – – – – – – – –

ညသန်းခေါင်အချိန်မို့ တစ်မြို့လုံး တိတ်ဆိတ်နေပြီး မအိပ်သေးတဲ့ လူနေအိမ်အချို့ဆီကနေသာ စကားပြောသံသဲ့သဲ့ထွက်နေခဲ့တယ်။ အဲဒီအချိန် လမ်းသွယ်လေးတစ်ခုမှာရှိတဲ့ နတ်ကွန်းရှေ့မှာတော့ အောင်မြတ်သာတစ်ယောက် မတ်တပ်ရပ်ကာ နတ်ကွန်းကိုစိုက်ကြည့်နေခဲ့တယ်။
” မြို့စောင့်အဘိုးဒီမှာရှိနေတယ်ဆိုလို့ လာရှာတာပါ… ကျုပ်ပြောတာကြားရင် ထွက်လာခဲ့ပါဦး”
နတ်ကွန်းကိုစိုက်ကြည့်ရင်းပြောလိုက်တဲ့အသံကြောင့် မျက်နှာကိုပဝါနဲ့အုပ်ထားတဲ့အဖိုးအိုတစ်ယောက် ရုပ်ထုနောက်ကနေ ထွက်လာခဲ့တယ်။
” ကျုပ်ခုနက တရားထိုင်နေလို့ ဆရာလေးကိုထွက်မတွေ့နိုင်တာပါ… ဒါနဲ့ ဘာကိစ္စကြောင့် ကျုပ်ဆီကိုရောက်လာတာလဲ”
” အဘိုးက ဒီမြို့ပိုင်ဆိုတော့ သိချင်တာလေးတွေမေးချင်လို့ပါ”
” မေးပါ ဆရာလေး… ကျုပ်သိတယ်ဆိုရင် ဖြေပေးပါ့မယ်”
” ဒီနယ်တစ်ဝိုက်မှာ ကောင်းကောင်ပေါ်စက်ကြိုး စက်ကြိုးချိတ်နိုင်တဲ့ပညာသည်ရှိတယ်မဟုတ်လား”
အောင်မြတ်သာစကားကြောင့် မြို့စောင့်အဘိုးက သက်ပြင်းတစ်ချက်ချလို​က်ပြီး
” ရှိတာတော့ရှိတယ်ဆရာလေး… သူ့နာမည်က ဒေါ်မှုံလို့ခေါ်တယ်”
” သူ့ပညာအဆင့်ကရော ဘယ်အထိရှိလဲ သိလား”
” သူက ၁၂ကြိုးကို ဒိတ်ဒိတ်ကြဲ အဆင့်နဲ့ အောင်ထားတာ၊ သူအနေနဲ့ စက်ကြိုးစင်ပြီး ကောင်းကင်ပေါ်သွားတဲ့ အခါ ဘ၀င် စိတ်နဲ့ တင်မဟုတ်ပဲ အပြင်က ရုပ်ခန္ဓာကိုယ်ကြီးကို ပါသယ်သွားနိုင်တဲ့အထိ စွမ်းတယ်”
” ဒီအဆင့်က တော်ရုံမှမဟုတ်ပဲ၊ ဒါကြောင့် နယ်တစ်ခွင်လုံးကို ချုပ်ကိုင်ထားနိုင်တာကိုး”
” ကျုပ်တို့တောင် သူ့ကိုအာမခံရဲဘူး… သူတပည့်တွေထဲမှာလဲ အတော်စွမ်းတဲ့သူတွေရှိသေးတယ်”
” ဒါဖြင့် ကျုပ်က သူ့ကိုထိတာနဲ့ ကျန်တဲ့ပညာသည်တွေဝိုင်းတိုက်တာခံရမယ့်ပုံပဲ”
” ဆရာလေးတို့လို ပညာရည်မြင့်တဲ့သူတွေအတွက်ကတော့ ဒီလောက်ကကိစ္စမရှိပေမယ့်၊ ကျုပ်တို့အတွက်ကတော့ ခုလိုပြောတာတောင် အပြစ်တစ်ခုလိုဖြစ်နေရတယ်”
” သိပ်လဲစိတ်ပူမနေပါနဲ့… အဘိုးကိုဘယ်သူမှ ဒုက္ခမပေးစေရပါဘူး၊ ဒါနဲ့ နောက်ဆုံးတစ်ခုမေးချင်တာက ဒေါ်မှုံဆိုတဲ့ မိန်းမကြီးက ဘယ်အရပ်ဒေသမှာနေတာလဲ”
” သူနေတဲ့နေရာအတိအကျကိုမသိပေမယ့် သူရှိတဲ့နေရာမှာဆို အားပြင်းတဲ့စက်တွေလွှတ်ထားတတ်တယ်၊ အရပ်စကားပြောရရင် ဒီနေရာမှာ ငါရှိတယ်ဆိုတဲ့သဘောပေါ့”
” ဒီလောက်ဆို ကျုပ်နားလည်ပါပြီ၊ အဘိုးကိုလဲ ကျေးဇူးတင်ပါတယ်၊ ကျုပ်ပေးဝေတဲ့အမျှတန်းတွေကိုလဲရတယ်မဟုတ်လား”
” ရတာပေါ့ဆရာလေးရယ်၊ ကျုပ်အခုဝတ်ထားတဲ့ အဝတ်အစားကိုပဲကြည့် အရောင်တွေမတောက်ပနေဘူးလား၊ ဒါတွေက ဆရာလေး​တဲ့ အမျှတန်းကြောင့်လေ”
မြို့စောင့်အဘိုးစကားကြောင့် အောင်မြတ်သာ မျက်နှာပြုံးရွှင်သွားပြီး –
” အဘိုးလဲ လုပ်စရာရှိတာလုပ်ပါ၊ ကျုပ်လဲ ဒီကိစ္စနဲ့ပတ်သတ်ပြီး လုပ်စရာရှိသေးလို့ သွားလိုက်ပါဦးမယ်” လို့ပြောကာ နတ်ကွန်းရှေ့ကနေ ထွက်လာခဲ့လိုက်တယ်။

+++++++++

” ဝုတ် .. ဝုတ်.. ဝုတ်… ဂူး ဂူး”
ကျောင်းရှေ့ကနေ ထွက်လာတဲ့ ခွေးဟောင်သံကြောင့် အင်းဆွဲပြီးစဖြစ်နေတဲ့ ခွန်းလှတစ်ယောက် ခေါင်းထောင်လာခဲ့တယ်။
” အကို… ခွေးဟောင်သံကြားလား”
” အင်း ကြားတယ်လေ… ဘာဖြစ်လို့လညီလေး”
” ဒီကောင်တွေပြောနေတာက မြို့အနောက်ဘက် ကွင်းပြင်မှာ လူစိမ်းတွေရောက်နေတယ်တဲ့”
” ဟင်… ခွေးတွေက ပြောတာလား”
” ဟုတ်တယ်ဗျ… ဒီကောင်တွေအတော်ကြောက်နေတဲ့ပုံကြည့်ရတာ အဲဒီလူတွေက ပညာသည်တွေဖြစ်ဖို့များတယ်”
” နေဦး.. ဒီနေ့က လကွယ်နေ့မဟုတ်လား”
” ဟုတ်တယ် ဒီနေ့က လကွယ်နေ့ပဲ”
” ဟိုလေ… ဆရာက ငါတို့ကို ဒီကျောင်းကနေ ဘယ်မှမသွားဖို့ မမှာခဲ့ဘူးမလား”
” ဆရာပြောတာကတော့ အကိုက ကျွန်တော်ကို သေချာဂရုစိုက်ဖို့ပဲပြောခဲ့တာ”
ခွန်းလှစကားကြောင့် မောင်ကောင်းက ဘေးမှာချထားတဲ့လွယ်အိတ်ကို လွယ်လိုက်ပြီး –
” ငါတို့ မြို့အနောက်ဘက်ကွင်းပြင်ကိုသွားရအောင်၊ ငါထင်တာမမှားဘူးဆိုရင် ဒီညက သူတို့တွေပညာပြိုင်တဲ့နေ့ပဲဖြစ်ရမယ်”
” ကျွန်တော် ရှမ်းပြည်ဘက်မှာ ပညာသင်တုန်းက တစ်ခါမြင်ဖူးတယ်၊ ဒီဘက်မှာတော့ ဘယ်လိုမျိုးဖြစ်မလဲသိချင်နေပြီ”
နှစ်ယောက်သားအတိုင်ဖောက်ညီစွာ ကျောင်းပေါ်ကနေ ဆင်းလာတဲ့အချိန် ကျောင်းအောက်မှာအိပ်နေတဲ့ ခွေးနှစ်ကောင်က အမြှီးလေးတစ်နှံ့နှံ့နဲ့ထလာခဲ့တယ်။
” ဟိုနှစ်ကောင် မင်းတို့လိုက်မရဘူးလေ… ကျောင်းမှာပဲနေခဲ့”
ခွန်းလှစကားကို ခွေးနှစ်ကောင်က နားလည်တဲ့အလား လှေကားရင်းကိုခေါင်းလေးတင်ကာ တအီအီလုပ်နေခဲ့တယ်။
မကြာခင် လမ်းမကြီးအတိုင်း လျောက်သွားကြတဲ့ လူနှစ်ယောက်ရဲ့ ပုံရိပ်က အမှောင်ထုထဲမှာ ဝိုးတဝါးပျောက်ကွယ်သွားခဲ့တယ်။

– – – – – – – –

လကွယ်နေ့ညမို့ အလင်းရောင်ကမရှိသလောက် မဲမှောင်နေခဲ့တယ်။ အဲဒီချိန် မြို့အစွန်ဘက်ကနေ ရဲရဲတောက်နေတဲ့ မီးလုံးတစ်လုံး ကောင်းကင်ပေါ်ကို စူးခနဲတက်သွားခဲ့တယ်။
မကြာခင် မြို့ရဲ့နေရာအနှံ့အပြားကနေ မီးလုံးသုံးလေးလုံးခန့်ပျံတက်လာပြီး ကောင်းကင်ပေါ်မှာ လူးလွန့်ပျံသန်းနေခဲ့ကြတယ်။
မကြာမီ မီးလုံးတွေက တစ်လုံးချင်းပြုတ်ကျလာပြီး နောက်ဆုံးတစ်လုံးကသာ အရောင်ဝါတောက်ပစွာကျန်ရစ်ခဲ့တယ်။
ဒီအချင်းအရာကို အိမ်ရှေ့ကွပ်ပြစ်မှာထိုင်နေတဲ့ ဒေါ်မှုံက ကြည့်ပြီး –
” ဒီနှစ်ထဲမှာ မိတင့် အတော်တိုးတက်လာတာပဲ၊ ဘိုးဒိန်း နင်ရော သူတို့နဲ့ပြိုင်ကြည့်ဦးမလား”
” အမေကြီး ပြိုင်စေချင်တယ်ဆို ကျုပ်ပြိုင်မယ်လေ”
” အေးအေး… ငါလဲ နင့်ပညာတွေ ဘယ်လောက်ရှိနေပီလဲသိချင်တယ်”
ဒေါ်မှုံက စကားဆုံးတာနဲ့ ကောင်းကင်ပေါ်ပျံဝဲနေတဲ့ မီးလုံးကိုစိုက်ကြည့်တာ နှုတ်ကနေ တတွတ်တွတ်ပြောလိုက်ပြီး –
” မိတင့်က နင့်ကိုစောင့်နေတယ်တဲ့… ဒါမယ့် တစ်ယောက်နဲ့တစ်ယောက် အနိုင်ရရုံပဲပြိုင်ကြနော်၊ ကျိုးပဲ့သေကြေတာတွေမမြင်ချင်ဘူး”
” စိတ်ချပါအမေကြီးရယ်… ကျုပ်အဲလောက်ထိ မလုပ်ပါဘူး”
ဘိုးဒိန်းက ကောင်းကင်ကိုမော့ကြည့်ပြီး စုန်းတောက်စားလိုက်တဲ့ချိန် မီးတောက်တစ်ခုအဖြစ်ပြောင်းသွားပြီး ကောင်းကင်ပေါ်ပျံတက်သွားခဲ့တယ်။
မီးလုံးနှစ်လုံးက ကောင်းကင်ပေါ်မှာ ယိမ်းထိုးလှုပ်ရှားနေရင်း ပညာပြိုင်နေခဲ့တယ်။ ဒါပေမယ့် အချိန်အတန်ကြာတဲ့အထိ အနိုင်အရှုံးမပေါ်သေးတာကြောင့် ဒေါ်မှုံက
” ဟိုကောင်နဲ့ ကောင်မ ဒီလောက်ဆိုရပြီ ပြန်ဆင်းလာခဲ့တော့” လို့ပြောလိုက်ရာ မီးလုံးနှစ်လုံးက ကောင်းကင်ယံကနေ ကွပ်ပြစ်ရှေ့ကို စူးခနဲထိုးဆင်းလာခဲ့ရာ အနားရောက်တော့ ဘိုးဒိန်းနဲ့ မယ်တင့်တို့အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။
” ညဉ်းက ဘိုးဒိန်းကိုတောင် ယှဉ်တိုက်နိုင်တာပဲ”
ဒေါ်မှုံစကားကြောင့် ကိုယ်လုံးတောင့်တောင့် မျက်နှာထားတင်းတင်းနဲ့မိန်းမက –
” အမေကြီးသင်ပေးလို့ ဒီလောက်ထိ ယှဉ်နိုင်ခဲ့တာပါ၊ တစ်ဖက်လူကလဲ အလျော့ပေးထားတာလဲဖြစ်နိုင်ပါတယ်”
” ဟဲ့ ဘိုးဒိန်း.. နင် အလျော့ပေးခဲ့သလား”
” ဟား ဟား… အလျော့မပေးပါဘူးဗျာ၊ ပညာကုန်သုံးပြီးတိုက်ခဲ့တာ အမေကြီး သိနေတာပဲ”
” အဟက်အဟက်… မယ်တင့် နင်ကိုမိတ်ဆက်ပေးရမယ်၊ သူ့နာမည်က ဘိုးဒိန်းလို့ခေါ်တယ်၊ ငါ့ရဲ့ လက်ဟောင်းတပည့်တစ်ယောက်ပဲ”
” ဒါကြောင့် ဒီနယ်မှာတစ်ခါမှမမြင်ဘူးတာကိုး၊ ကျွန်မနာမည်က မယ်တင့်လို့ခေါ်ပါတယ်”
” အခြားပညာသည်တွေရော အခြေအနေဘယ်လိုရှိလဲ”
” ဒေါ်ဖွားလုံနဲ့ မလှထုံကတော့ သူတို့ဘာသာအရှုံးပေးခဲ့တာမို့ ဘာဒဏ်ရာမှမရခဲ့ပေမယ့်၊ မခင်အေးနဲ့ ဘကွန့်ကတော့ အရှုံးမပေးလို့ အသေတိုက်လိုက်ရတယ် အမေကြီး”
” ငါလဲ ငယ်ငယ်က နင့်လိုမျိုးပဲကွယ့်… ဒီနယ်မှာ ငါနဲ့ခြေရာချင်းတိုင်းတဲ့သူတွေကို ခုလိုညတွေမှာ စိန်ခေါ်ပြီး အသေတိုက်ခဲ့တာတောင်သတိရသွားတယ်”
” ဒါနဲ့ အမေကြီးကိုပြောစရာရှိသေးတယ်”
” အေး ဘာများလဲ…”
” ကျွန်မတို့နယ်မြေထဲကို လူစိမ်းသုံးယောက် ရောက်နေကြတယ်၊ တစ်ယောက်က အရှေ့ဘက် ဇရပ်မှာရှိနေပြီး၊ နောက်နှစ်ယောက်က ကုက္ကိုပင်တန်းဘက်မှာ ရှိနေကြတယ်”
” သူတို့ကိုလာစေချင်လို့ ဒီည ပညာပြိုင်ဖို့ စီစဉ်ခဲ့တာလေ… ဘာလဲ နင်က သူတို့ကိုကြောက်နေလို့လား”
” ကြောက်သွေးပါရင် ဖောက်ထုတ်လိုက်မှာပေါ့အမေကြီးရယ်… မယ်တင့်အကြောင်းလဲသိရဲ့သားနဲ့”
” ဟားဟား… ဒါဆို နင်နဲ့ ဘိုးဒိန်းက ကုက္ကိုတန်းဘက်က နှစ်ယောက်ကိုသွားဖမ်းလာခဲ့၊ ငါကတော့ ငါ့ဆီလာတဲ့ဧည့်သည်ကို ကိုယ်တိုင် ဧည့်ခံပေးလိုက်မယ်”
ဒေါ်မှုံက ပြောင်းဖူးဖက်ဆေးလိပ်ကို အားရပါးရဖွာရှိုက်​ပြီး မြေကြီးပေါ်မတ်တပ်ရပ်လိုက်တဲ့ချိန် ခန္ဓာကိုယ်ထဲကနေ သာမန်လူတွေမမြင်နိုင်တဲ့ လှိုင်းတွန့်တွေ အရှိန်ပြင်းပြင်းထွက်သွားခဲ့တယ်။

– – – – – – – – –

သစ်ရွက်သစ်ခက်တွေ အုပ်မှိုင်းနေတဲ့ ကုက္ကိုတန်း​အောက်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် မတ်တပ်ရပ်ကာ ကွင်းပြင်ဘက်ကို စိုက်ကြည့်နေခဲ့ကြတယ်။
” သူတို့အနိုင်အရှုံးပေါ်သွားပြီထင်တယ်၊ ထပ်ပြိုင်တာမတွေ့ရတော့ဘူး”
” မင်းပြောတာဖြစ်နိုင်တယ်၊ ဒါနဲ့ ဒီမြို့လောက်ပညာသည်များတဲ့မြို့မမြင်ဖူးဘူး… ဒီလိုလူတွေကြားထဲ ဘကြီးလွန်း ဘယ်လိုနေလဲမသိပါဘူး”
မောင်ကောင်းက ဦးလွန်းတင်ရဲ့အနေအထိုင် တည်ငြိမ်ပုံကို အားမလိုအားမရရေရွတ်လိုက်ပြီး ပြန်လှည့်ဖို့အလုပ် မျက်နှာပြင်ထက်ကို တဖျတ်ဖျတ်နဲ့ လာရိုက်ခတ်တဲ့ အထိအတွေ့ကို သတိထားမိခဲ့တယ်။
” ဒီကောင်တွေ ငါတို့ရောက်နေတာသိသွားပြီ ထင်တယ်… ဘာပဲဖြစ်ဖြစ် ငါ့ဘေးမှာပဲနေကြားလား”
ခွန်းလှလဲ ဒီလောက်ဆို သဘောပေါက်လိုက်ပြီမို့ လေတိုးသံတဖျတ်ဖျတ်ကြားတဲ့ဘက်ကို ကြည့်နေလိုက်တယ်။ မကြာမီ ကွင်းပြင်ဘက်ကနေ တစ်ရှိန်ထိုးပျံတက်လာတဲ့ မီးလုံးနှစ်လုံးက ကုက္ကိုတန်းပေါ်မှာ ဝေ့ဝိုက်ပျံသန်းနေခဲ့တယ်။
​မောင်ကောင်းတို့လဲ မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်အောင် လာရာလမ်းအတိုင်းပြန်လှည့်ဖို့အလုပ် မီးလုံးနှစ်လုံးက သွားနေတဲ့လမ်းရှေ့မှာ ထိုးကျလာပြီး လူနှစ်ယောက်အသွင်ပြောင်းသွားခဲ့တယ်။
” ခွန်းလှ နောက်ဆုတ်နေ–”
စကားသံမဆုံးခင်မှာပဲ ရပ်နေတဲ့ လူနှစ်ယောက်ဆီကနေ ရွှီးခနဲ လေတိုးသံနဲ့အတူ အရာတစ်ခုလွှင့်ထွက်လာတာကို မြင်လိုက်ရတယ်။
” ရွှီး… ဖောက်… ”
မောင်ကောင်းရဲ့ လက်ပြန်ရိုက်ချက်ကြောင့် သူတို့ဆီတန်းဝင်လာတဲ့အရာက လမ်းကြောင်းလွှဲသွားပြီး အနားမှာရှိတဲ့ ကုက္ကိုပင်မှာသွားစိုက်နေခဲ့တယ်။
” ဟေ့ကောင် ခွန်းလှ… မင်းငါ့ကိုမှတ်မိလား”
အလင်းရောင်မှိန်ပြပြအောက်မှာ ရပ်နေတဲ့ လူနှစ်ယောက်ဆီကနေ ထွက်လာတဲ့အသံကြောင့် အသေချာကြည့်လိုက်ရာ သူ့ကိုပညာသင်ပေးခဲ့တဲ့ ဆရာဘိုးဒိန်းဖြစ်နေတာကိုမြင်လိုက်ရတယ်။
” ဟင်–  ဆရာ ဘိုးဒိန်းပါလား၊ ခင်ဗျားက ဒီကိုဘယ်လိုရောက်လာတာလဲ”
” သိုင်းခြုံကိုမင်းလုပ်လိုက်တာကို မကျေနပ်လို့ရောက်လာတာပဲ၊ ဒီနေ့တော့ မင်းရော မင်းဘေးက ကောင်ပါ နာကျင်ခြင်းဆိုတဲ့အရသာကိုခံစားစေရမယ်”
ဘိုးဒိန်းက မာန်ပါပါကြုံးဝါးလိုက်ပြီး လက်နှစ်ဖက်ကို လေထဲဖမ်းဆုပ်လိုက်ရာ သစ်ပင်မှာစိုက်နေတဲ့ အရာက ပြန်ကန်ထွက်လာပြီး ခွန်းလှတို့ရှေ့ကိုကျလာခဲ့တယ်။
ဒီတစ်ခါမှာတော့ ရှေ့ကိုရောက်နေတဲ့အရာက မြွေတစ်ကောင်အဖြစ်ပြောင်းသွားပြီး ပါးပျဉ်းကိုထောင်ကာ တစ်​ရွေ့ရွေ့အနားကပ်လာခဲ့တယ်။
အခြေအနေကိုရိပ်စားမိတဲ့ မောင်ကောင်းက မြေကြီးပေါ်မှာ စည်းသုံးထပ်တားပြီး အနောက်ကိုအနည်းငယ်ဆုတ်ချလိုက်တယ်။
မြွေဟောက်ကြီးက စည်းနားကိုရောက်လာပြီး ကျော်လိုက်တာနဲ့ ဖောက်ခနဲမြည်သံနဲ့အတူ အနောက်ကိုလွှင့်ထွက်သွားကာ တစ်စစီဖြစ်သွားခဲ့တယ်။ ဒါပေမယ့် အပိုင်းအစဖြစ်သွားတဲ့ ခန္ဓာကိုယ်တွေက ချက်ချင်းဆိုသလို ရှည်ထွက်လာပြီး အစွယ်အဖွေးသားနဲ့ မြွေတွေပြန်ဖြစ်သွားခဲ့တယ်။
ဒီလိုနဲ့ စည်းနဲ့ထိလိုက် တစ်စစီဖြစ်လိုက် အကောင်သစ်ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေခဲ့ရာ ပတ်ဝန်းကျင်တစ်ခုလုံး ခြေချစရာနေရာမရှိလောက်အောင် မြွေတွေနဲ့ပြည့်နှက်နေခဲ့တယ်။
မြွေအကောင်ပေါင်းများစွာကလဲ အသေခံပြီး စည်းကိုဖြတ်ကျော်လာခဲ့တာ ပထမစည်းပေါက်ပြီး ဒုတိယစည်းနားထိကိုရောက်လာခဲ့တယ်။ ခွန်းလှကတော့ ဘိုးဒိန်းရဲ့အစွမ်းကိုသိထားသူမို့ အနည်းငယ်ကြောက်စိတ်ဝင်နေပေမယ့် မောင်ကောင်းကတော့ ကြောက်တဲ့ဟန်မပြပဲ နှုတ်ကနေ ဂါထာတစ်ပုဒ်ကိုခပ်တိုးတိုးရွတ်ဖတ်​နေတာကို မြင်လိုက်ရတယ်။
” အကို ကျွန်တော်တို့ပိတ်မိနေပြီထင်တယ်၊ ဒီကောင်တွေကို သတ်လို့မရဘူးဗျ”
” ခွန်းလှ စိတ်အေးအေးထားစမ်း… ဘယ်လောက်တော်တဲ့သူဖြစ်ဖြစ် ဟာကွက်တော့ရှိမှာပဲ၊ ငါတို့က ဒီအောက်လမ်းမိစ္ဆာတွေလက်ချက်နဲ့ ဘာမှမဖြစ်နိုင်ပါဘူး”
မောင်ကောင်းက ခွန်းလှကိုနှစ်သိမ့်ပေးပြီး မြေကြီးကိုဖနောင့်နဲ့ပေါက်ချလိုက်ရာ ပတ်ပတ်လည်မှာဝိုင်းနေတဲ့ မြွေဟောက်တွေအားလုံး အနောက်ကို အနည်းငယ်ပြန်ဆုတ်သွားခဲ့ကြတယ်။
” ဟိိတ် အမြင်တွေဝေဝါးအောင်လုပ်ထားရင် မူလပြန်စမ်း”
မောင်ကောင်းက မြွေတွေကို လက်ညိုးထိုးပြီး အမိန့်ပေးလိုက်တဲ့ချိန် မြွေအကောင်ပေါင်းများစွာက တစ်ကောင်နဲ့တစ်ကောင် လိမ်ပတ်ပူးကပ်လိုက်ရာ လူကြီးတစ်ဖက်စာလောက်ကြီးတဲ့ မြွေတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။
” ရှူး ရှူး… ဖလူး”
ဒေါသကြီးနေတဲ့မြွေဟောက်ကြီးက အရှိန်နဲ့လာပြီး စည်းကိုဖြတ်ကျော်ဖို့ကြိုးစားပေမယ့် မမြင်ရတဲ့အတားအဆီးတစ်ခုနဲ့ တိုက်မိသလိုဖြစ်ပြီး အနောက်ကိုလည်ကျသွားခဲ့တယ်။
ဘိုးဒိန်းနဲ့အတူပါလာတဲ့မိန်းမက မောင်ကောင်းတို့ခုခံနေတာကိုမြင်တော့ စိတ်မရှည်ဖြစ်လာပြီး အိတ်ကပ်ထဲပါလာတဲ့ ဇီးသီးခြောက်တွေကိုထုတ်ယူကာ လေပေါ်ပစ်တင်လိုက်တယ်ဆိုရင်ပဲ လက်သီးဆုပ်အရွယ်ရှိတဲ့ ပိတုန်းကောင်တွေအ​ဖြစ်ပြောင်းသွားပြီး မောင်ကောင်းတို့ကို တိုက်ခိုက်ဖို့ တိုးဝင်လာခဲ့ကြတယ်။
​ဧရာမမြွေကြီးက မြေပြင်စည်းကိုဖောက်ဖို့ကြိုးစားနေသလို ပိတုန်းကောင်တွေကလဲ ဝေဟင်စည်းကိုဖောက်ဖို့ကြိုးစားနေတာကြောင့် ကာကွယ်ထားတဲ့စည်းက မခံနိုင်တော့ပဲ ဖောက်ခနဲ ပြတ်ထွက်ကာ ကျိုးသွားခဲ့တယ်။
ဒီအခွင့်အ​ရေးကိုအသင့်စောင့်နေတဲ့ ဖိုးဒိန်းနဲ့မယ်တင့်က မိမိတို့ရဲ့စိတ်စွမ်းအားကိုအသုံးချပြီး အသေသတ်ဖို့ အနားကပ်လာတဲ့အချိန် မောင်ကောင်းရဲ့ညာဘက်လက်က မြေကြီးပေါ်ကို ဖျောင်းခနဲရိုက်ချလိုက်ရာ ကုက္ကိုပင်တွေပေါ်ကနေ ပိုက်ကွန်နဲ့ ဓါးလွတ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်လေးယောက်ခုန်ဆင်းလာခဲ့တယ်။
” မိစ္ဆာကောင်တွေရဲ့ အတိုက်ကို ကာကွယ်ကြ… ငါတို့အစွမ်းကိုပြကြလော့” ဆိုတဲ့အသံနဲ့အတူ ပိုက်ကွန်ကိုလေမှာဝှေ့ယမ်းပြီး ပိတုန်းကောင်တွေကြားထဲကို ပြေးဝင်သွားခဲ့ကြတယ်။
အစောင့်ပုဂ္ဂိုလ်တွေအနားမရောက်ခင်မှာပဲ မြွေဟောက်ကြီးက အမြှီးနဲ့ရိုက်ထုတ်ဖို့ကြိုးစားပေမယ့် လေအဟုန်လိုလျှင်မြန်တဲ့ အစောင့်တွေကိုမထိပဲ အနားမှာရှိတဲ့ သစ်ပင်တွေကိုသာ ရိုက်မိခဲ့တယ်။
” ရွှပ် ရွှပ် ရွှပ်”
ဖျတ်ခနဲ လက်ခနဲရွှေ့လျားသွားတဲ့ ဓါးချက်တွေကြောင့် မြွေဟောက်ကြီးရဲ့ ကိုယ်ကနေ ကန့်လန့်ဖြတ်အစင်းရာတွေထင်လာပြီး ညိုမဲမဲသွေးပုတ်ရည်တွေ စီးကျလာခဲ့တယ်။
အထိနာလာတဲ့မြွေဟောက်ကြီးက ဒေါသူပုန်ထပြီး မဲမဲမြင်ရာကို အမြှီးနဲ့ရိုက်ပုတ်နေတဲ့အတွက် အနားမှာရှိတဲ့ ကုက္ကိုပင်််အခေေါက်တွေ ဖွာခနဲ ဖွာခနဲ လွှင့်ထွက်ကုန်တယ်။ အချိန်ကြာလာတော့ မောပန်းစပြုနေပြီဖြစ်တဲ့မြွေဟောက်ကြီးကို လေးဖက်လေးတန်ဝိုင်းလိုက်ကြီး လက်ထဲကိုင်ထားတဲ့ပိုက်ကွန်ကို လေပေါ်ပစ်တင်လိုက်ရာ လေးခုသောပိုက်ကွန်တွေက တစ်စုစည်းထဲဖြစ်သွားပြီး ဒေါသခက်ထန်နေတဲ့ မြွေဟောက်ရဲ့ခန္ဓာကိုယ်ကိုလှုပ်မရအောင် ချုပ်နှောင်ထားလိုက်တယ်။
ရုန်းကန်လေ တင်းကြပ်လေဖြစ်နေတဲ့ ပိုက်ကွန်အောက်မှာ အမျက်ချောင်းချောင်းထနေတဲ့ မြွေဟောက်ကြီးက တီကောင်တစ်ကောင်လို တစ်ဖြေးဖြေးဝပ်ဆင်းလာခဲ့ရာ နောက်ဆုံး လက်ကောက်ဝတ်ခန့်ရှိတဲ့ ပိုးကြိုးအနက်ရောင်အဖြစ်ကိုပြောင်းသွားခဲ့တယ်။
ဘိုးဒိန်းနဲ့ မယ်တင့်တို့လဲ သူတို့ပညာကို အလွယ်တကူ ထိန်းချုပ်လိုက်တဲ့ မောင်ကောင်းကြောင့် အခြေနေမဟန်မှန်းရိပ်မိိိိပြီး စက်ကြိုးစီးကာထွက်ပြေးဖို့အလုပ်
” ဟိတ်… စက်ကြိုးမှန်သမျှ ပြတ်ကျစမ်း” ဆိုတဲ့အသံနဲ့အတူ လက်ဝါးစောင်းနဲ့ လေထဲကိုခုတ်ချလိုက်ရာ ကုက္ကိုပင်အဖျားနားရောက်နေပြီဖြစ်တဲ့ ဘိုးဒိန်းနဲ့ မယ်တင့်တို့ ကားကားကြီးပြုတ်ကျလာခဲ့တယ်။
အမြင့်ကနေ ပြုတ်ကျတဲ့အရှိန်ကြောင့် မြေကြီးပေါ်မှာ လူးလွန့်ညဉ်းတွားနေတဲ့အချိန် မောင်ကောင်းက အနားကိုကပ်သွားပြီး
” ဆိုင်ရာပုဂ္ဂိုလ်များ… ဒီပညာသည်နှစ်ယောက်ကို ကုက္ကိုပင်အောက်မှာ ချုပ်နှောင်ထားစေ၊ ကျုပ်အမိန့်မရပဲ မည်သူမှမတွေ့မြင်စေရ၊ မလွှတ်ပေးစေရ” လို့အမိန့်ပြန်လိုက်တယ်ဆိုရင်ပဲ လဲကျနေတဲ့ ဘိုးဒိန်းနဲ့ မယ်တင့်တို့လဲ့ခန္ဓာကိုယ်က ခြေထောက်ကနေ တရွတ်တိုက်ဆွဲခေါ်ခံထိသလိုပါသွားပြီး ကုက္ကိုပင်မှာစွဲကပ်နေခဲ့တယ်။
မောင်ကောင်းတို့နှစ်ယောက်နည်းတူ အခြားတစ်ဖက်မှာလဲ အောင်မြတ်သာနဲ့ ဒေါ်မှူံတို့ရဲ့ပညာပြိုင်မှုက ပတ်ဝန်းကျင်မှာနေတဲ့ ရုက္ခစိုးတွေတောင်ထွက်ပြေးကြရတဲ့ထိ ပြင်းထန်နေခဲ့တယ်။
တလင်းမြေလို ပြောင်ချောနေတဲ့ ဒေါ်မှုံရဲ့အိမ်ရှေ့မှာတော့ သျောင်တစ်စောင်းထုံးထားပြီး ယောဂီဝတ်စုံ ဝတ်ဆင်ထားတဲ့ လူတစ်ယောက် မလှုပ်မယှက်ရပ်နေခဲ့တယ်။ သူ့အရှေ့မှာတော့ ညိုပုတ်ပုတ်အဆင်ထဘီကို ခပ်တိုတိုဝတ်ထားပြီး ပြောင်းဖူးဖက်ဆေးလိပ်ကို ဟန်ပါပါဖွာရှိုက်နေတဲ့ အမယ်အိုတစ်ဦးက ဒူးတစ်ဖက်ကိုထောင် တစ်ဖက်ကိုချကာ ခပ်စိမ်းစိမ်းစိုက်ကြည့်နေခဲ့တယ်။
” ဟဲ့ ကောင်လေး… နင်က ဒီနယ်မြေကို အခွင့်မရှိပဲဝင်လာတဲ့ ဆရာပေါက်စမဟုတ်လား”
ဆေးလိပ်မီးစတွေကိုကြမ်းပေါ်ထိုးချေလိုက်ပြီး မေးလိုက်တဲ့ လေသံကြောင့် အောင်မြတ်သာက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ကြည့်လိုက်ပြီး –
” နယ်မြေတွေပိုင်နက်တွေပြောရအောင် အခုခေတ်က ပဒေသရာဇ်ခေတ်မှမဟုတ်တော့တာ အမေကြီးရယ်၊ ဘာလို့ ငါဆိုတဲ့အတ္တတွေစွဲကိုင်ထားနေတာလဲ”
” လူကဖြင့် မတောက်တခေါက်နဲ့ ငါ့ကိုတရားလာချနေတယ် အဟက်အဟက်၊ ဒီနယ်က ငါ့နယ် … ငါ့ပိုင်နက်.. မယ်မှုံနယ်ထဲဝင်လာရင် အပိုးကျိုးရင်ကျိုး မကျိုးရင် ငါကိုယ်တိုင်အရင်ကနေ ဆွဲချိုးပေးတဲ့ မိန်းမလေ အဟီး အဟက်အဟက်”
” ဒါဖြင့် ကျုပ်က အပိုးမကျိုးဘူးလို့ အမေကြီးပြောချင်တာလား”
အောင်မြတ်သာစကားကြောင့် ဒေါ်မှုံက မျက်စောင်းနဲ့စိုက်ကြည့်လိုက်ပြီး
” နင်နဲ့နင့်တပည့်နှစ်ယောက်ထဲ ပြန်ထွက်သွားမယ်ဆိုရင်မယ်မှုံက သဘောထားကြီးကြီးနဲ့ လွှတ်ပေးလိုက်မယ်၊ ဟိုတစ်ယောက်ကိုတော့ ငါ့ဆီအပ်ခဲ့”
” ကျုပ်ဘဝကို ချုပ်ကိုင်ဖို့ဆိုတာ သိပ်မလွယ်ဘူးထင်တယ်နော်၊ ဘာလို့ဆို ကျုပ်ကသိပ်ခေါင်းမာတဲ့ကောင်ဗျ”
” ဒီလိုဆိုတော့လဲ ငါ့ဘက်က သည်းခံနိုင်စွမ်းကုန်သွားပြီ၊ မနက်ကျရင် နင့်အလောင်းကို ကောက်ဖို့ တပည့်တွေကိုအကြောင်းကြားပေးရမှာပေါ့”
ဒေါ်မှုံက ထိုင်ရာကနေမထပဲ ဘေးမှာချထားတဲ့ မျက်ဖျာတစ်ချပ်ကို လက်နဲ့ပုတ်လိုက်ရာ မျက်စိအရှေ့မှာတင် တစ်တောင်သာသာရှိတဲ့ လင်းနို့တစ်ကောင်အဖြစ်ပြောင်းသွားပြီး အောင်မြတ်သာဆီကို တဟုန်ထိုးဝင်ရောက်လာခဲ့တယ်။
အနားရောက်ဖို့ လက်တစ်ကမ်းအလိုမှာတော့ ညာဘက်လက်နဲ့ လေထဲကိုဆွဲယူပြီးဘေးကိုပစ်ထုတ်လိုက်ရာ လင်းနို့ကြီးက ဆတ်ခနဲ ရွေ့သွားပြီး ခြံစည်းရိုးထောင့်မှာ သွားကပ်နေခဲ့တယ်။
” နင်က အလာကြီးပါလား… နင့်ကိုအထင်သေးလို့မရဘူးပဲ”
ဒေါ်မှုံက မကျေချမ်းတဲ့လေသံနဲ့ရေရွတ်ပြီး ခြံထဲမှာရှိတဲ့သစ်ပင်တွေကိူလက်ညိုးထိုးကာ နှုတ်ကနေ တတွတ်တွတ်ရေရွတ်လိုက်တယ်ဆိုရင်ပဲ သစ်ပင်ကြီးငယ်တွေပေါ်ကနေ ဇောက်ထိုးဆင်းလာတဲ့ ပုံသဏ္ဌာန်စုံအရွယ်စုံ နာနာဘာဝတွေကိုမြင်လိုက်ရတယ်။
” သားတို့သမီး ကလေးတို့ရေ… နင့်တို့အမေကြီးကို စော်ကားနေတဲ့ ဟောဒီ လူကို ဆုံးမကြလိုက်စမ်းကွယ့်၊ သူ့ကိုသတ်နိုင်တဲ့သူကို အမေကြီးကိုယ်တိုင် နေစရာဆောက်ပြီး ချီးမြှောက်ပေးမယ်” လို့ပြောလိုက်တော့ နာနာဘာဝတွေက သွေးပျက်ဖွယ်ငိုသံရယ်သံတွေ​ပေးပြီး အနားကိုတိုးကပ်လာခဲ့တယ်။
အောင်မြတ်သာက​တော့ နာနာဘာဝတွေကိုကြည့်ပြီး ညာခြေကိုဖောက်ခနဲပေါက်ချလိုက်ရာ မြေကြီးထဲကနေ ခါးကြိုးအနီစတွေစည်းထားတဲ့ ဂိုဏ်းစောင့်ဘီလူးတွေ ကုန်းထလာခဲ့တယ်။
ပါးစပ်ထဲကနေ ချွန်ထွက်နေတဲ့အစွယ်ဖွေးဖွေးတွေက ဝင်းခနဲလက်ခနဲဖြစ်နေပြီး ဆူးအပြည့်ပါတဲ့ တင်းပုတ်နှစ်လက်ကို ကိုင်ထားတဲ့ ဘီလူးတွေက နာနာဘာဝတွေထဲကို ခုန်ဝင်ပြီး တဘုန်းဘုန်းနဲ့ ရိုက်ပုတ်ပါလေရော။
အာဏာကုန်အပ်နှင်းခံထားရတဲ့ ဂိုဏ်းစောင့်ဘီလူးတွေရဲ့ ဝုန်းဒိုင်းကျဲမှုကြောင့် ဆောက်တည်ရာမရပဲ ထွက်ပြေးကြတဲ့နာနာဘာဝတွေရှိသလို ခေါင်းမာပြီး အတင်းဝင်ရောက်တိုက်ခိုက်ကြတဲ့ နာနာဘာဝတွေလဲရှိခဲ့ကြတယ်။
အဲဒီအချိန် ကောင်းကင်ပြင်ကနေ ပြိုးခနဲပျက်ခနဲ တက်လာတဲ့အရာကြောင့် အောင်မြတ်သာက လက်ညိုးထိုးပြီး –
” အကူအညီစက်တွေအားလုံး ဒီအိမ်နယ်နိမိတ်ထဲဲဲကို မဝင်စေရ၊ အားလုံးပြတ်တောက်စေ” လို့အမိန့်ပေးလိုက်ရာ စက်​တွေအားလုံး တစ်စစီဖြစ်သွားပြီး လွင့်ထွက်သွားခဲ့တယ်။
” အမေကြီး… ဒီလောက်ဆိုအရှုံးပေးပြီလား… ”
အောင်မြတ်သာစကားကို ဒေါ်မှုံက ဘာမှပြန်မပြောပဲ ခေါင်းငိုက်စိုက်ကျပြီး ပြောင်းဖူးဖက်ဆေးလိပ်ကိုသာ တစ်ဖွာပြီးတစ်ဖွာ ရှိုက်နေခဲ့တယ်။
” နင်လို လူငယ်တစ်ယောက်ကို ငါဘာလို့ တိုက်လို့မရတာလဲ၊ ငါ့ပညာတွေက နင်အနားရောက်တာနဲ့ အကုန်ပျက်သွားတာကို အံ့ဩနေတာ”
” ကျုပ်တို့က သူတော်ကောင်းပညာယူထားတာကိုးဗျ၊ ကျုပ်တို့ပညာကြောင့် သူတစ်ပါးမျက်ရည်ကြီးငယ်မကျခဲ့ရဘူး၊ သူတစ်ပါးအသက်မသေခဲ့ရဘူး၊ ဒါကြောင့် လောကပါလနတ်တွေက မကောင်းတဲ့အတတ်ပညာထက် ပိုသာအောင် ကြည့်ရှုပေးနေခဲ့တာပဲ”
” နင်နိုင်တယ်ဆိုတော့ အခုငါ့ကိုဘာလုပ်ချင်လဲ”
” အမေကြီးက မာန်မချသေးပါလား… ကျုပ်က ဒီနယ်ကိုလာတယ်ဆိုတာ ရှေးဆရာအဆက်ဆက်က တည်းခိုဖူးတဲ့ ဘုန်းကြီးကျောင်းဆီကိုပဲလာတာပါ၊ ဒါကိုအမေကြီးက ကျုပ်တို့တွေကို ဘာလို့ရန်ပြုချင်ရတာလဲ”
” ဘိုးဒိန်းဆိုတဲ့တပည့်တစ်ယောက်က နင့်ခေါ်လာတဲ့ ကောင်လေးကို သူပြန်ခေါ်သွားချင်တယ်ဆိုပြီးပြောလို့ တပည့်သံယောဇဉ်နဲ့ ကူညီမယ်ပြောလိုက်တာ၊ ဒါပေမယ့် နင်တို့က ငါထင်တာထက်ပိုပြီး စွမ်းနေခဲ့တယ် ဟင်း”
” အမေကြီးလဲ အသက်ကြီးနေပါပြီ… စိတ်တွေကိုလျော့သင့်တယ်လို့ အကြံပေးချင်တယ်၊ ဒီနယ်တစ်ဝိုက်မှာက ပညာသည်တွေများတာ​ကြောင့် အမေကြီးအနေနဲ့ မဖြစ်သင့်တာတွေမဖြစ်အောင် ထိန်းသိမ်းပေးစေချင်ပါတယ်”
” နင်ငါ့ကိုပညာမနှုတ်တော့ဘူးလား”
” ကျုပ်တို့က အောက်လမ်းပညာသည်တွေနဲ့ရင်ဆိုင်တိုင်းပညာနှုတ်တာမဟုတ်ပါဘူး၊ လုံးဝကိုပြောမရပဲ ကြမ်းတမ်းရိုင်းစိုင်းတဲ့သူတွေကိုမှ ပညာနှုတ်တာပါ၊ အခုအမေကြီးအနေနဲ့ ဒီပညာကိုအသုံးချပြီး မတရားမှုတွေ မဖြစ်အောင် ထိန်းကျောင်းပေးမယ်ဆိုရင် သစ္စာရေတိုက်ပြီးတာနဲ့ ကျုပ်တို့ကိုယ့်နေရာကိုယ်ပြန်မှာပါ”
” ငါကဘယ်လို သစ္စာမျိုးဆိုရမှာလဲ”
” အမေကြီးကိုယ်တိုင် တတ်အပ်ထားတဲ့ပညာနဲ့ တစ်ပါးသူအသက်သေစေအောင်မပြုစားပါဘူးဆိုတဲ့သစ္စာရယ်၊ အမေကြီးနယ်မြေထဲမှာ မကောင်းတဲ့ပညာသည်တွေကြောင့်ဒုက္ခရောက်နေတဲ့သူတွေကို ကြည့်ရှုပေးမယ်ဆိုတဲ့သစ္စာကိုဆိုရမှာပါ”
” နင်က အသက်သယ်ပေမယ့် ရင့်ကျက်သားပဲ၊ အခုကစပြီး နင်ပြောသလို လုပ်ဖို့ကြိုးစားပေးမယ်၊ ဒါကလဲ ငါရှုံးလို့လုပ်တာမဟုတ်ဘူး ငါစိတ်နဲ့ငါ လုပ်တာ”
အောင်မြတ်သာလဲ မာနစိတ်ကြောင့် နောက်ဆုံးအချိန်ထိ လေသံမာနေတဲ့ ဒေါ်မှုံကို ခပ်ပြုံးပြုံးကြည့်လိုက်ပြီး သစ္စာရေတိုက်ကာ ပြန်လာခဲ့လိုက်တယ်။

– – – – – – – – –

ကျောင်းပေါ်ပြန်ရောက်တော့ မနက်အရုဏ်တက်နေတဲ့ချိန်ဖြစ်နေပေမယ့် မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက်က တစ်ယောက်တစ်ထောင့်မှာ ထိုင်ပြီး အင်းကွက်တွေရေးဆွဲနေတာမြင်လိုက်ရတယ်။
” မောင်ကောင်း…”
” ဟုတ်ကဲ့ဆရာ”
” မင်းချုပ်ထားတဲ့ နှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်တော့”
ရုတ်တရက်ပြောလိုက်တဲ့ အောင်မြတ်သာစကားကြောင့် အင်းကွက်ဆွဲနေတဲ့ ခွန်းလှက ဆတ်ခနဲခေါင်းထောင်ကြည့်လိုက်တယ်။


” ဆရာ… ကျွန်တော်တို့က ဆရာ့စကား နားမထောင်…”
” မင်းတို့နှစ်ယောက်လုံးကိုအပြစ်မပြောပါဘူး၊ လောကီဆရာတစ်ယောက်လုပ်မယ့်သူဟာ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ရင်ဆိုင်နိုင်စွမ်းရှိရမယ်၊ ခွန်းလှလဲ ပိုကြိုးစားပါ၊ မင်းမှာက အခြားသူတွေနဲ့မတူနဲ့ပါရမီတစ်ခုပါနေတာကြောင့် ဒီပါရမီကိုအသုံးချပြီး လူတွေကိုကောင်းကျိုးပြုနိုင်အောင်လုပ်ပါ”
” ဟုတ်ကဲ့ ဆရာ.. သေချာ​ကြိုးစားသင်ယူပါ့မယ်”
မောင်ကောင်းလဲ စကားဆုံးတာနဲ့ ချက်ချင်းဆိုသလို ကုက္ကိုပင်အောက်မှာ ချည်နှောင်ထားတဲ့ နှစ်ယောက်ကို အမိန့်ပြန်ကာပြန်လွှတ်ပေးခဲ့လိုက်တယ်။
နှစ်လပြည့်လို့ပြန်ခါနီးအချိန်ရောက်တော့ ဒေါ်မှုံတစ်ယောက် ရောက်ချလာပြီး လမ်းခရီးမှာစားဖို့ အသီးအနှံတွေလာပေးခဲ့တယ်။ ဦးလွန်းတင်ကတော့ အောင်မြတ်သာကို ခပ်ပြုံးပြုံးကြည့်နေပြီး မျက်ရည်စတွေစီးကျလာခဲ့တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခေါက်ဆုံတွေ့ခြင်းက သူ့ဘဝရဲ့နောက်ဆုံးတွေ့ဆုံခြင်းဖြစ်နေလို့ပဲ။ ဦးလွန်းတင်ဆိုတာက တစ်ချိန်က လှံခွေလို့ဓါးကျိုးတဲ့ ဘမိုးဖြစ်ခဲ့တယ်ဆိုတာ အောင်မြတ်သာကလွဲပြီး ဘယ်သူသိနိုင်မှာလဲ။
(လူဆိုးလူမိုက်အရက်သမားအဖြစ်ကျင်လည်ခဲ့တဲ့ ဦးလွန်းတင်(ခေါ်)ဘမိုး အကြောင်းကိုဖတ်ချင်ရင်တော့ အောင်မြတ်သာနှင့်လှံခွေဓါးကျိုး မောင်ဘမိုးဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါတယ်)
– – – – – – – – –
နောက်ဝတ္တုမှာတော့ ဆရာတပည့်သုံးယောက် သွားတဲ့လမ်းမှာ အမှတ်မထင်ဆုံဖြစ်ခဲ့တဲ့ ပရလောကဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီအကြောင်းရာကိုတော့ အောင်မြတ်သာဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment