အောင်မြတ်သာနှင့်ရေကန်စောင့်မောင်နှမ

” အောင်မြတ်သာနှင့်ရေကန်စောင့်မောင်နှမ ”
မူရင်းရေးသားသူ — ဆရာဇေယန(ရာမည)
+++++++++++

ဆရာနဲ့ကျွန်တော် ထန်းခေါက်ကုန်းရွာကိုစဝင်တော့ –
ရွာအဝမှာ ရေကန်ကြီးတစ်ကန်ကို အရင်တွေ့လိုက်ရတယ်။ ကန်ရဲ့ဘေးမှာတော့ ထုံးဖြူ နဲ့ရေးထားတဲ့ “ရေဆင်းမကူးရ အန္တရာယ်ရှိသည်”တဲ့ ။
ရေကန်ရဲ့ဘေးမှာတော့ တစ်ပိုင်းတစ်စ စေတီလေးတစ်ဆူကိုဖူးမြင်လိုက်ရတယ်။
တစ်ပိုင်းတစ်စနဲ့တည်ထားတာတော်တော်ကြာနေပီဆိုတာ အောက်ခြေကရေညှိတွေကိုကြည့်ပြီး သိလိုက်ရတယ်။
ရွာကလူတွေကိုမေးကြည့်တော့ –
“ဒီစေတီတည်တော့ ရေကန်ကအစောင့်တွေမကြိုက်ဘူး –
ရေကန်ကလဲနှစ်တိုင်းလူသေတယ်။ တစ်နှစ်တစ်ယောက်ပုံမှန်ရေနစ်သေတယ်။ ရွာကလူတွေရေထဲမဆင်းရင်တောင် စိတ်မမှန်တဲ့သူတွေ၊ ဝက်ရူးပြန်တဲ့လူတွေက အလိုလိုရေထဲခုန်ချပြီးသေကြတာ၊ ဒီစေတီတည်တော့လဲ အနှောင့်အယှက်တွေပေးကြတယ်၊ ဘယ်သူမှမတည်ရဲကြတော့ဘူး”လို့ပြောတာကိုကြားခဲ့ရတယ်။
ဒီလိုနဲ့ကျွန်တော်တို့လဲ ရွာမှာတစ်ညတာ အိပ်စက်အနားယူဖြစ်ခဲ့တယ်။
မလင်းမမှိန်ထွန်းလင်းနေတဲ့ လရောင်အောက်မှာ ထန်းခေါက်ကုန်းရွာလေးက ငြိမ်သက်တိတ်ဆိတ်နေသလို တစ်ခါတစ်ရံ မြည်တွန်နေတဲ့ ကျေးငှက်တွေရဲ့အသံကလဲ ညချမ်းအချိန်အခါလေးကို ပို၍အဓိပ္ပါယ်ပြည့်စုံစေခဲ့သည်။
ထိုအချိန်မှာပဲ–
“လုပ်ကြပါဦး ကိုထွန်းမောင် ဘာဖြစ်လဲမသိဘူး –
အိမ်နံရံကိုခေါင်းနဲ့တိုက်နေတယ် လုပ်ကြပါဦး”ဆိုတဲ့ အသံကိုကြားလိုက်ရတယ်။
အိမ်ထဲကလူတွေ ပြေးထွက်လာတာတွေ့တော့ ကျွန်တော်ဆရာကိုလှည့်ကြည့်လိုက်မိတယ်။
ဆရာက “သက်ခိုင် မင်းလိုက်ကြည့်ပေးလိုက်ကွာ မကောင်းတာဝင်နှောက်ယှက်တာဖြစ်မယ် ”
ကျွန်တော်လဲဆရာအမိန့်ရတော့ လူအုပ်ကြားထဲကို ပြေးဆင်းသွားလိုက်တယ်။
အိမ်အောက်ကနေလှမ်းကြည့်လိုက်တော့ အသက်၄၀အရွယ်လူတစ်ယောက် အိမ်ပေါ်မှာဆောင့်ကြောင့်ထိုင်ပြီး အော်ဟစ်နေတာကို လှမ်းတွေ့လိုက်ရတယ်။
ခေါင်းတစ်ခုလုံးလဲ သွေးတွေနဲ့ ရဲပဒေါင်းခတ်နေတယ်။
“ဘယ်လိုဖြစ်တာလဲ ”
“မသိဘူးဗျ ဘာအမှားတွေလုပ်ခဲ့ပီလဲမသိပါဘူး
အိမ်တိုင်ကိုခေါင်းနဲ့ဆောင့်နေတာ ဆွဲလဲမရ၊ တားလဲမရ ရွာမှာဆေးကုတဲ့ အဘကလဲ ခရီးသွားတယ် ဒုက္ခပါပဲဗျာ”
“ကျွန်တော်က ခရီးသွားတစ်ယောက်ပါ ပယောဂလဲအနည်းငယ်ကုတတ်ပါတယ် – အဆင်ပြေတယ်ဆိုရင် ကျွန်တော်ကြည့်ပေးပါ့မယ်”
“ဟာ အဆင်သင့်လိုက်လေဗျာ ဆရာ ကူညီပါဦး”
ကျွန်တော်အိမ်ပေါ်ကိုတက်လာတော့ ဆောင့်ကြောင့်ထိုင်နေတဲ့သူက ကျွန်တော့်ကို မျက်စောင်းထိုးကာ ကြည့်လေတော့သည်။
ကျွန်တော်လဲ သမထအာရုံကိုစူးစိုက်ကာ လူနာကိုကြည့်လိုက်တယ်ဆိုရင်ဖြင့် ဒူးတစ်ချောင်းထောင်၊ ဒူးတစ်ချောင်းထောက်ကာ ထိုင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လိုက်ရတယ်။
ကျွန်တော်လဲဘုရားစင်ရှေ့ဝင်ထိုင်လိုက်ပြီး ဘုရားရှိခိုးခြင်း၊ အထက်ဆရာကြီးများထံခွင့်တောင်းခြင်း၊ စည်းချခြင်းတွေကိုအစဉ်တိုင်း ဆောင်ရွက်လိုက်တယ်။
ပြီးတာနဲ့ လူနာဘက်ကိုလှည့်ပြီး –
“ဘာများမကျေမနပ်ဖြစ်ပြီး ဝင်ပူးရတာလဲ –
ဒီလူက ဘာအမှားတွေလုပ်လို့လဲ”လို့မေးလိုက်တော့ –
“ဒီလူက ငါတို့မကြိုက်တဲ့အရာတွေကိုလုပ်ဖို့ စီစဉ်နေတယ်၊ အရင်ထဲက ငါတို့မကြိုက်လို့ မပေးလုပ်တာကို လုပ်ဖို့စီစဉ်နေတယ်၊ အဲဒါကြောင့် သူ့ကိုအပြစ်ပေးတာ”
“မကြိုက်တဲ့အရာတွေကိုလုပ်ဖို့စီစဉ်နေတယ်ဆိုတာ ဘာတွေများလဲ”
“ငါတို့နေတဲ့ရေကန်ဘေးမှာ ဘုရားတည်ဖို့ စီစဉ်နေတယ်- ငါတို့မကြိုက်ဘူး ဘုရားတည်မှာကိုမလိုချင်ဘူး -ဘုရားတည်ရင် ငါတို့နေရာဖယ်ပေးရမယ် အဲဒါကြောင့် အပြစ်ပေးတာ”
ကျွန်တော်ဒေါသထောင်းခနဲဖြစ်သွားတယ်။
ဘုရားတည်ဖို့စီစဉ်တာကို ခုလိုနှောက်ယှက်တယ်ဆိုတော့ ဒီပုဂ္ဂိုလ်ဟာကောင်းတဲ့ပုဂ္ဂိုလ်တော့မဟုတ်ဘူးဆိုတာ နားလည်လိုက်တယ်။
“ကောင်းပီလေ အခုလောလောဆယ် ဒီလူရဲ့ကိုယ်ထဲကနေ ထွက်သွားလိုက်ပါ။ ထပ်နှောက်ယှက်နေမယ်ဆိုရင် ငါထုတ်ရလိမ့်မယ်။ ငါထုတ်တဲ့အခါကျရင် အသားနာလိမ့်မယ် ကိုယ်တိုင်ထွက်မလား ငါထုတ်ရမလား”
အဲဒီလိုပြောတော့ ဝင်ပူးနေတဲ့သူက –
“မထွက်နိုင်သေးဘူး မှတ်လောက်သားလောက်အောင် ပညာပေးရဦးမယ် ဒါမှနောက်တစ်ခါ မလုပ်ရဲမှာ”
ကျွန်တော်ဘာမှဆက်မပြောတော့ပဲ ကြည့်နေတဲ့ ရွာသားတွေထဲက တစ်ယောက်ကို ရေတစ်ခွက်ခပ်ခိုင်းလိုက်တယ်။
ရေရလာတော့ ဘုရားစင်ဘက်လှည့်ကာ လေးကွက်အင်းလေးကြိမ်တိတိချလိုက်တယ်။
အင်းချထားတဲ့ရေစင်နဲ့ တောက်လိုက်တော့—
“အား အား ပူတယ် ပူလိုက်တာ
ဘာတွေနဲ့ပက်တာလဲ အမလေး ပူတယ်”ဆိုပြီး အိမ်ထဲပတ်ပြေးနေပါလေရော။
တစ်ကိုယ်လုံးလဲ ရေစင်ရဲ့အစွမ်းကြောင့် အခိုးငွေ့တွေထွက်နေတာကို တွေ့လိုက်ရတယ်။
“မင်းထွက်မလား ရေစင်ထပ်တောက်ရမလား”
“ထွက်မယ် ထွက်မယ် ပူတယ် အား — အား— ”
“ခဏနေဦး ဒီတိုင်းထွက်လို့မရဘူး – နင်ပေးထားတဲ့ ခေါင်းကဒဏ်ရာနင်ပြန်ယူသွား မယူသွားရင် ပြန်ခေါ်ပြီး ဆုံးမရလိမ့်မယ်”
“ယူသွားပါ့မယ် ယူသွားမယ် နောက်မလုပ်ရဲတော့ပါဘူး”ဆိုတဲ့စကားအဆုံးမှာ ဝင်ပူးနေတဲ့လူနာက လဲကျသွားပါလေရော။
လဲနေတဲ့လူကိုဂုတ်ကြောတွေဆွဲ လှုပ်နှိုးတော့ သတိပြန်ရလာတယ်။ သတိရလာတော့ ခုနက ခေါင်းမှာပေါက်ပြဲနေတဲ့ ဒဏ်ရာက ချက်ချင်းဆိုသလို သွေးတိတ်ကာ အနာကျက်သွားတာကို ထူးဆန်းစွာတွေ့လိုက်ရတယ်။
ဝင်ပူးခံထိတဲ့လူနာပြန်သတိရလာတော့ ကျွန်တော်လဲ တည်းခိုတဲ့နေရာ ပြန်လာခဲ့လိုက်တယ်။
တည်းတဲ့အိမ်ရောက်တော့ ဆရာက –
“သက်ခိုင် ဒီနေ့မင်းကုပေးလိုက်တာက ဒီရွာမှာ တို့တွေဆက်နေရမယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်သွားတယ်၊ ဇင်းကျိုက်ခရီးစဉ်ကိုဒီရွာရဲ့အခက်အခဲပီးမှဆက်သွားကြတာပေါ့ မင်းလဲနားလိုက်ဦး ၊ မနက်ဖြန်လူနှစ်ယောက်ဒီကိုလာကြလိမ့်မယ် ”
ကျွန်တော်လဲ ခြေလက်ဆေးဘုရားရှိခိုးကာ အိပ်ယာဝင်လိုက်တယ်။ မနက်နိုးလာတော့ လုပ်စရာရှိတဲ့ဝေယျာဝစ္စတွေလုပ်နေတုန်း –
“ဆရာလေးတို့ဆီက အကူညီလေးတောင်းစရာရှိလို့ တက်လာမယ်နော်”ဆိုတဲ့အသံနဲ့အတူ မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက် အိမ်ပေါ်ကိုတက်လာတာမြင် လိုက်ရတယ်။ သူတို့အိမ်ပေါ်တက်လာတဲ့အချိန် အလွန်မွှေးပျ့ံတဲ့အန့ံတစ်ခုပါ ပါလာခဲ့တယ်။
ကျွန်တော်ကြည့်လိုက်တော့ ယောက်ျားလေးဖြစ်သူက သျှောင်တစ်စောင်းကိုကျကျနန ထုံးထားပြီး၊ မိန်းကလေးဖြစ်သူက စိမ်းနုရောင်ဝမ်းဆက်ကိုဝတ်ထားတယ်။ ဆရာကတော့ ဘုရားစင်ရှေ့ထိုင်နေရင်း လှည့်မကြည့်ပဲ –
“အေး အေး လာကြ – မနေ့ထဲက မင်းတို့ရောက်လာမယ်ဆိုတာသိနေတယ်”
ကျွန်တော်လဲဆရာဘေးမှာဝင်ထိုင်လိုက်တယ်။
“မင်းတို့မောင်နှမ ဘာကိစ္စလဲ၊ မင်းတို့လာတာ ကောင်းသောလာခြင်းလား၊ ဆိုးသောလာခြင်းလား”
“အစကတော့ ဆိုးသောလာခြင်းနဲ့လာမလို့ပါပဲ –
ဒါပေမယ့် ဆရာအကြောင်းကို သိုက်ချုပ်ဘိုးဘိုး လာပြောတဲ့အတွက် ကောင်းသောလာခြင်းနဲ့ပဲ လာခဲ့တာပါ”
ကျွန်တော်အခုမှသဘောပေါက်သွားတယ်။ ဒီမောင်နှမက သာမန်လူတွေမဟုတ်ပဲ ဥစ္စာစောင့်မောင်နှမဆိုတာ ခုမှသိလိုက်ရတယ်။
“ဘာကိစ္စနဲ့လာတာလဲ လိုရင်းကိုပြောဦး”
“ကျွန်တော်တို့က ဒီရေကန်ဘေးမှာရှိတဲ့ တောင်ကမူလေးမှာနေပါတယ်၊ အရင်ကတော့ ရေကန်မှာနေပါတယ်၊ ကျွန်တော်တို့မောင်နှမရဲ့တာဝန်က ရတနာပစ္စည်းတွေကို နောင်ပွင့်မယ့်ဘုရားကိုလှူဒါန်းဖို့ပါ၊ ဘုရားကိုလှူပီးမှ ကျွတ်တမ်းဝင်မှာဖြစ်တဲ့အတွက် ဒီပစ္စည်းတွေကို စောင့်နေရတာပါ၊ အစကတော့ ရေကန်အောက်မှာရှိတဲ့ လှိုဏ်ဂူထဲမှာပစ္စည်းတွေကို ထားပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်မှာ ဒီနေရာကို သဘက်ကြီးတစ်ကောင် ရောက်လာခဲ့တယ်၊ သူက စတုမဟာရာဇ်အောက်နတ်ထဲ ပါတယ်လို့လဲသိရပါတယ်၊ ကျွန်တော်တို့ကိုလဲအနိုင်ကျင့်ပီးနေရာကနေမောင်းထုတ်လိုက်တယ်၊ သူစိတ်မထင်ရင်မထင်သလို ကျွန်တော်တို့မောင်နှမကို ရိုက်နှက်အနိုင်ကျင့်ပါတယ်၊ သိုက်ချုပ်အဘိုးကိုပြောပြရင် ကျွန်တော်တို့မောင်နှမ နာမယ်လို့လဲ ကြိမ်းဝါးထားပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ရေကန်ဘေးက တောင်ကမူလေးမှာနေနေရတာပါ”
“ဟုတ်ပီ ဒါဆိုရင် အခုကန်စောင့်မောင်နှမဖြစ်ချင်တာက ဘာလဲ ကျုပ်ကဘာကူညီပေးရမလဲ”
“အရင်က ဒီရေကန်ကို နတ်ရေကန်လို့ခေါ်ကြပါတယ်၊ ဆင်ဖြူ ရှင်မင်းတရားကြီးလက်ထက် ယိုးဒယားနိုင်ငံကို စစ်ချီပြီးပြန်လာတဲ့အချိန်ဒီရွာလေးမှာခေတ္တနားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီရေကန်ကိုတူးဖော်ခဲ့တာပါ၊ ဆင်ဖြူ ရှင်
မင်းတရားကိုယ်တိုင် နတ်ရေကန်ဆိုပြီး အမည်ပေးခဲ့ပါတယ်၊ ဒီရေကန်ရဲ့အောက်ခြေမှာလဲ ရတနာပစ္စည်းတွေ မြှပ်နှံခဲ့တယ်၊ ကျွန်တော်တို့က အဲဒီအချိန်ဒီရွာသူကြီးရဲ့ သားနဲ့သမီးပါ၊ ကျွန်တော်တို့နှစ်ယောက်ကိုလဲ ဒီရေကန်ကိုစောင့်ရှောက်ဖို့မှာခဲ့ပါတယ်၊ အခုဆိုရင် ဒီရေကန်ကို စောင့်နေတာ နှစ်၂၀၀ကျော်ခဲ့ပါပြီ”
“ရေကန်ရဲ့ဘေးမှာတည်ထားတဲ့ဘုရားက သိုက်တူးသမားတွေတည်ဖို့ကြိုးစားခဲ့တာ၊ ရွာသားတွေကိုအယုံသွင်းပြီး ဘုရားတည်မလိုနဲ့ သိုက်တူးဖို့လုပ်ခဲ့ကြတယ်၊ ဒါကြောင့် ကျွန်တော်တို့မောင်နှမ တားဆီးခဲ့တာပါ၊ မနေ့ညကဝင်ပူးတာ ကျွန်တော်တို့မောင်နှမရဲ့တပည့်ပါ၊ ဆရာတို့ရဲ့အစွမ်းကြောင့် သူတော်တော်ကြောက်လန့်နေပါတယ်”
“တကယ်လို့ဆရာတို့အနေနဲ့ ကူညီနိုင်မယ်ဆိုရင် ကျွန်တော်တို့နေခဲ့တဲ့ ရေကန်မှာပြန်နေနိုင်အောင်ကူညီပေးစေလိုပါတယ် ၊ စေတီကိုလဲပြန်တည်နိုင်အောင် ကူညီပေးပါ့မယ်”
“ကောင်းပီလေ ရေကန်မှာနေရာလုထားတဲ့ကောင်ကို သွားကြည့်ပီးဆုံးမပေးပါ့မယ်၊ သူ့ဆိုင်ရာပိုင်ရာကိုလဲ ပြောထားလိုက်မယ်၊ မင်းတို့ကို ဘာအန္တရာယ်မှမပေးနိုင်အောင် အင်းချပ်၃ချပ်ပေးလိုက်မယ်၊ သိုက်နန်းအဝမှာတစ်ခုကပ်ထား၊ ကျန်နှစ်ခုကို မင်းတို့ဆောင်ထားကြ”ဆိုပြီး မိုင်းကိုင်စက္ကူပေါ်မှာ ၁၆ကွက်အင်းဆွဲပြီး ပေးလိုက်တယ်။
မောင်နှမနှစ်ယောက်ပြန်သွားတော့ –
“သက်ခိုင် ညနေကျရင် ရေကန်ကိုသွားကြတာပေါ့
သွားတဲ့အခါ မြင်အပ်မမြင်အပ်တွေကိုမြင်ရလိမ့်မယ်
ရတနာပစ္စည်းတွေကိုလဲမြင်ရနိုင်တယ်၊ လောဘတော့မတက်မိစေနဲ့”
ကျွန်တော်လဲခေါင်းညိမ့်ပြလိုက်တယ်။
ညနေစောင်းတော့ ဆရာနဲ့တူတူ ရေကန်ရှိရာကို ထွက်လာခဲ့လိုက်တယ်။
ရေကန်အစပ်ရောက်တော့ ရုတ်တရက်ဝင်လာတဲ့
ပုတ်အဲ့အဲ့အန့ံဆိုး၊
ဆရာကိုကြည့်လိုက်တော့ ခေါင်းဆတ်ပြတယ်။
ကျွန်တော်လဲ အာရုံစုစည်းပြီး ကြည့်လိုက်တယ်ဆိုရင်ဖြင့် —
ပေ၂၀၀ပတ်လည်ရှိတဲ့ရေကန်ကြီးကို ခြေထောက်ခွကာ ရပ်နေတဲ့ သဘက်ကြီးကိုတွေ့လိုက်ရတယ်။
ခြေထောက်တစ်ချောင်းက ထန်းပင်အမြင့်လောက်ရှိတယ်။ ခြေထောက်မှာပေါက်နေတဲ့အမွှေးတွေက ဝါးတစ်ပြန်စာလောက်ရှည်ကျနေတယ်။ အပေါ်ကိုမော့ကြည့်လိုက်တော့ မျက်နှာကိုမမြင်ရ၊ ရေကန်ဘေးမှာတော့ မျက်နှာငယ်လေးတွေနဲ့ထိုင်နေတဲ့ သူ၁၅ယောက်လောက်ကိုတွေ့လိုက်ရတယ်။
ကျွန်တော်လဲဆရာကို လှမ်းကြည့်လိုက်တယ်။
ဆရာက ရေကန်ပေါ်ခွရပ်နေတဲ့ သဘက်ကြီးကို –
“မင်းအစွမ်းရှိတာငါသိပါတယ် ဒီလောက်ကြီးဟန်ဆောင်ထားစရာမလိုဘူး ၊ တစ်ခြားသူတွေပဲ မင်းခြောက်လို့ကြောက်မယ်၊.ငါတော့မကြောက်ဘူး”လို့ပြောလိုက်တော့ –
ရေကန်အပေါ်ခွရပ်ထားတဲ့ခြေထောက်ကို ကွေးကာ ထိုင်ချလိုက်တယ်။ ခန္ဓာကိုယ်လဲတစ်ဖြေးဖြေးသေးလာပြီးတော့ သာမန်လူတစ်ယောက်ပုံစံပြောင်းလဲသွားတာတွေ့လိုက်ရတယ်။ ရှေးဟောင်းမောက်တိုဆောင်းထားပြီး ခါးတောင်းကျိုက်ထားတဲ့စစ်သည်တစ်ယောက်ပုံစံဖြစ်သွားတယ်။
“မင်းမကြောက်ဘူးဆိုတော့ ငါပုံအမှန်ကိုပြရတာပေါ့ – ငါ့နာမည်က ငလက်တို ၊ မင်းတို့ဘာကိစ္စနဲ့ငါနေတဲ့နေရာကိုလာရတာလဲ”
“မင်းနေရာက ဒီမှာမဟုတ်ဘူး မင်းကိုအပိုင်စားပေးထားတဲ့နေရာကိုပြန်သွား ”
“ငါ့ကိုအမိန့်လာမပေးနဲ့ ငါဒီနေရာမှာပဲနေမယ်၊ ဒီနေရာက ငါသေခဲ့တဲ့နေရာ၊ ငါပိုင်တဲ့ပစ္စည်းဝေစုက ဒီနေရာမှာရှိတယ်၊ မင်းတို့ကို ဟိုမောင်နှမ ပြောလို့သိတာမဟုတ်လား”
“မင်းဒီနေရာကမဖယ်ရင် ဆိုင်ရာပိုင်ရာတွေနဲ့ လာခေါ်ခိုင်းရလိမ့်မယ်၊ ဒါမှမဟုတ်ငါကိုယ်တိုင်ဆုံးမရလိမ့်မယ်”
“ဒီနေရာမှာ ငါရွှေတွေရှိတယ် ၊ ငါမတရားအသတ်ခံရတာ၊ ငါ့ရွှေတွေငါစောင့်ရှောက်မယ်၊ မသွားနိုင်ဘူး”
“မင်းမသွားရင် ငါအဆိုးမဟုတ်တော့ဘူးနော် –
သက်ခိုင် ဒီနေရာတစ်ဝိုက်ကိုစည်းချလိုက်”
ကျွန်တော်လဲခေါင်းညိမ့်ပြကာ
ရေကန်တစ်ဝိုက်ကိုစည်းချလိုက်တယ်
ကျွန်တော်စည်းချအပြီးမှာတော့ –
လေးကွက်အင်းကိုမြေကြီးပေါ်မှာ ဆရာကိုယ်တိုင်ဆွဲနေတာမြင်လိုက်ရတယ်။
လေးကွက်အင်းလဲဆွဲအပြီး အင်းကွက်ထဲကနေ ရွှေရောင်ဝတ်စုံနဲ့ ဓားတွေ၊ တုတ်တွေ၊ လှံတွေကိုင်ထားတဲ့ အင်းစောင့်ပုဂ္ဂိုလ်တွေခုန်ထွက်လာတာကို တွေ့လိုက်ရတယ်။
အင်းစောင့်ပုဂ္ဂိုလ်တွေထွက်လာတော့
မောက်တိုဆောင်းထားတဲ့သူရဲ့ ပါးစပ်ကနေ ကြောက်မက်ဖွယ်အသံကြီးတစ်ခုထွက်ပေါ်လာတယ်။
မရှေးမနှောင်းမှာပဲ ရေကန်ထဲကနေ ကုတ်ဖဲ့တက်လာသော မကောင်းဆိုးဝါးများကို ချောက်ချားဖွယ်ရာမြင်လိုက်ရတယ်။
တစ်ချို့က ခေါင်းပြတ်တွေ၊ တစ်ချို့က မီးလောင်ထားတဲ့မျက်နှာတွေနဲ့၊ တစ်ချို့က လျှာတွဲလဲ မျက်လုံးကအပြင်ကိုပြူး ထွက်နေတယ်။
ကျွန်တော်တို့ဆီကိုရန်ပြုဖို့အလာ–
“ရွှပ်”
“စွပ်”
“ဖြောင်း”ဆိုတဲ့အသံနဲ့အတူ အနောက်ကို လွင့်လွင့်ထွက်သွားတယ်။
အင်းစောင့်ပုဂ္ဂိုလ်တွေရဲ့လက်စအစွမ်းတွေကို ဒီကောင်တွေအလူးအလဲခံနေရတယ်။
အင်းစောင့်တွေကိုသေချာကြည့်လိုက်တော့
နဖူးမှာ လေးကွက်အင်းဆွဲထားတဲ့ ပိုးသားအနီခေါင်းစီးတွေစီးထားတာကိုတွေ့လိုက်ရတယ်။
အနားမကပ်ရဲတော့တဲ့ပုံစံမျိုးစုံ နာနာဘာဝတွေကို ဘေးဖယ်ပြီး သူကိုယ်တိုင်တက်လာခဲ့တယ်။
လက်ထဲမှာလဲ လှံတိုတစ်ချောင်း၊ဒိုင်းတစ်လက်နဲ့ –
အင်းစောင့်တွေနဲ့ဓားချက်၊လှံချက်တွေကို ဒိုင်းနဲ့ကာပြီး အရှေ့ကိုဆက်တက်လာတယ်။
အင်းစောင့်တွေကိုလက်ထဲက လှံတိုနဲ့ရိုက်လိုက်တဲ့အချိန် အင်းစောင့်တွေလွင့်ထွက်ကုန်တယ်။
အင်းစောင့်တွေလွင့်ထွက်သွားတဲ့အချိန် ဆရာက ၁၆ ကွက်အင်းကိုထပ်ဆွဲလိုက်တယ်။
၁၆ကွက်အင်းလဲဆွဲအပြီး အင်းကွက်တွေထဲက တင်းပုတ်တွေ၊ သန်လျက်တွေကိုင်ထားတဲ့ ယက္ခတွေခုန်ထွက်လာတယ်။
ယက္ခတွေလဲ ကျွန်တော်တို့ကိုဝိုင်းထားပြီး လှံချက်တွေကို ကာကွယ်ပေးနေတာကိုတွေ့ရတယ်။
တစ်ချက်မှာတော့ ခါးစီးပန်းရောင်နဲ့ယက္ခရဲ့တင်းပုတ်စာကြောင့် မောက်တိုဆောင်းထားတဲ့လူ လွင့်ထွက်သွားတယ်။
လွင့်ထွက်သွားတဲ့လှံတိုကိုကောက်ပြီးပြန်အထမှာ –
“ဟဲ့ ငမိုက်သား.ရပ်လိုက်စမ်း”ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
အသံကြားရာကိုကြည့်လိုက်တော့
ရွှေရောင်တဝင်းဝင်းတောက်နေတဲ့
နတ်ဘီလူးလေးပါး၊ လက်ထဲမှာလဲ သန်လျက်ကိုယ်စီနဲ့
“တယ် ငါလုပ်လိုက်ရ ခေါင်းရှစ်စိတ်ကွဲတော့မယ်
နတ်မင်းကြီးရဲ့အမိန့်အရ မင်းကိုလာဖမ်းတာပဲ
အမိန့်မနာခံရင် ခေါင်းရှစ်စိတ်ကွဲအောင် လုပ်ဖို့မှာခဲ့တယ်-
ငါတို့သတိမထားမိတာနဲ့ မင်းက တာဝန်ပေးထားတဲ့နေရာကနေ ထွက်ပြေးတယ်၊ ဒီတစ်ခေါက်မင်းကို စတုမဟာရာဇ်အောက်ခြေနတ်အဖြစ်ပေးထားတဲ့ အစွမ်းတွေ အကုန်ပြန်နှုတ်တယ်၊ မင်းရဲ့အပြစ်အတွက် ထိုက်သင့်တဲ့အပြစ်ဒဏ်ကိုခံရစေမယ်၊ ညီတော်ဣသိဃ ဒီကောင်ကို ကြိုးနဲ့တုပ်ခဲ့စမ်း”
အမိန့်ပေးလိုက်သည်နှင့် မောက်တိုဆောင်းထားတဲ့လူရဲ့ကိုယ်မှာ ငွေမျှင်ရောင်ကြိုးတွေချည်လျက်သားဖြစ်သွားတယ်။ ကြိုးစကို ဣသိဃလို့ခေါ်တဲ့ နတ်ဘီလူးက ကိုင်ထားတာကိုတွေ့လိုက်ရတယ်။
ပြီးတော့ဆရာအရှေ့ကိုလာပြီး –
“ဒီကောင်က သာမန်မကောင်းဆိုးဝါးမဟုတ်ဘူး ဆင်ဖြူ ရှင်မင်းရဲ့ တပ်တော်မှာပါလာတဲ့ တပ်မှုးတစ်ယောက်ပဲ၊ စစ်ရေးအခြေအနေအရ ပါလာတဲ့ရွှေတွေကို ဒီကန်အောက်မှာမြုပ်တာကိုမကျေနပ်ပဲ ပုန်ကန်လို့ အသတ်ခံရတာ၊ သေပြီးတော့ သူ့ဝိဉာဉ်ကို ဒီမြို့ရဲ့မြို့စောင့်ရာထူးပေးပြီး ဆက်စောင့်ခိုင်းခဲ့တာ”
“ဆရာလေး အကျွန်ုပ်တို့ရဲ့ ပေါ့လျော့မှုအတွက် တောင်းပန်ပါတယ်။ နောက်ထပ်ဒီလိုမဖြစ်အောင် ဆုံးမပေးပါ့မယ်”လို့ပြောပြီး ဖျတ်ခနဲပျောက်သွားတယ်။
ရေကန်ဘေးမှာမျက်နှာငယ်လေးတွေနဲ့ထိုင်နေတဲ့သူတွေက

သူတို့ကဒီရေကန်မှာရေနစ်သေခဲ့တဲ့သူတွေဖြစ်ကြောင်း ပြောပြီး ဆရာကိုကန်တော့ကြတယ်။ ဘုရားထီးတင်တဲ့အခါ သူတို့ကိုအမျှတန်းဝေဖို့လဲပြောခဲ့တယ်။
အဲဒီညမှာတော့ ရေကန်ဘေးကတောင်ကမူလေးပေါ်ကနေ ရေကန်ထဲကို ရတနာပစ္စည်းတွေမီးရောင်တဝင်းဝင်းနဲ့ရွှေ့ပြောင်းနေတာကို လှမ်းမြင်လိုက်ရတယ်။
စေတီပြန်တည်ဖို့ရွာခံလူထုတွေကိုပြောတော့ အားတက်သရောထောက်ခံကြတယ်။
စေတီတည်နေစဉ်အတွင်း ရေကန်စောင့်မောင်နှမကလဲ လိုအပ်တဲ့ဌာပနာပစ္စည်းတွေကို လာရောက်လှူဒါန်းခဲ့တယ်။
ကျွန်တော်တို့ဆရာတပည့်နှစ်ယောက် ထန်းခေါက်ကုန်းရွာမှာသုံးလကြာပြီးတဲ့နောက် စေတီထီးတင်မယ့်နေ့ကိုရောက်လာခဲ့တယ်။
စေတီရဲ့ဘွဲ့တော်ကိုလဲ ရန်ပြေမာန်ပြေစေတီလို့ သမုတ်ခဲ့တယ်။
စေတီထီးတင်ပွဲမှာ လူရော၊ နတ်ရော၊ ဥစ္စာစောင့်တွေပါမကျန်လာရောက်ဖူးမျှော်ကြတာကို ထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။
စေတီထီးတင်ပွဲမှာ အမျှဝေတော့ ရေကန်ထဲကရေတွေက လေမတိုက်ပဲ လှိုင်းလုံးတွေထလာတာကို ထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။
စေတီထီးတင်ပွဲပီးတဲ့နေ့မှာပဲ လူတွေမသိအောင် ရွာထဲကနေထွက်ခွာလာခဲ့လိုက်တယ်။ ကျွန်တော်တို.ဒီတစ်ခေါက်သွားရမယ့်နေရာကတော့ ဇင်းကျိုက်စေတီတော်။
ဇင်းကျိုက်စေတီတော်မှာ နှစ်ပတ်အဓိဌာန်ဝင်ဖို့ သွားရမယ်ဆိုတဲ့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို လမ်းမှာစုဆောင်းရင်း တစ်ဖြေးဖြေးခရီးဆက်ခဲ့ကြတယ်။
ဇင်းကျိုက်စေတီတော်မှာအဓိဌာန်ဝင်နေစဉ်အတွင်း ဘယ်လိုအခက်အခဲ၊ အနှောက်အယှက်တွေကြုံတွေ့ရမလဲ၊ ဘယ်လိုအကူအညီတွေလာတောင်းကြမလဲဆိုတာကိုတော့ အောင်မြတ်သာဝတ္တုလေးကိုစောင့်မျှော်ဖတ်ရှုပေးကြပါလို့ မေတ္တာရပ်ခံရင်း—။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment