အောင်မြတ်သာနှင့် အာခံတွင်းကဝင်းဝင်းတောက်တဲ့နဂါးစက်

” အောင်မြတ်သာနှင့် အာခံတွင်းကဝင်းဝင်းတောက်တဲ့နဂါးစက် ” (စ/ဆုံး)
မူရင်းရေးသားသူ — ဇေယန (ရာမည)
+++++++++++

သာလှနှင့် တက်ပု မြန်မြန်လုပ်ကြပါဟ –
နင်တို့နောက်ကျနေပုံနဲ့ တောထဲကထင်းတွေ သူများကောက်လို့ကုန်သွားပါဦးမယ်။
လာပီဟေ့ လာပီ ထမင်းမကျက်သေးလို့ စောင့်နေတာပါဟ။
ကဲ သွားကြရအောင် — ဓားတွေ၊ ကြိုးတွေရော ပါပီလား၊
ပါတယ်ဟေ့ ပါတယ် လေကြောရှည်နေတယ်
သူ့တို့ညီအကို ကိုပဲစောင့်နေရတယ်။

ငပုတောရွာကလေးမှာ နေထိုင်တဲ့ ရွာသူရွာသား အများစုကတော့ ဒီလိုပဲတောထဲသွား၊ ထင်းခွေပြီး ပြန်ရောင်းတဲ့အလုပ်နဲ့ အသက်မွေးမှုပြုကြတယ်။
တစ်ဖြေးဖြေးနဲ့ တောထဲတက်လာခဲ့ရာ အတန်တောနက်သည့် နေရာသို့ရောက်လာခဲ့တယ်။
အောင်ကြီးရေ ဒီနေရာလောက်ဆို အတော်ပဲကွ
ရွာနဲ့လဲသိပ်မဝေးတော့ သယ်ရတာလဲ အဆင်ပြေတယ်။
ဒီအနီးအနားမှာပဲ ထင်းရှာကြတာပေါ့ဆိုပြီး
နှစ်ယောက်တစ်တွဲဖြင့် တောထဲဝင်ခဲ့ကြတယ်။
သာလှနဲ့ တက်ပုတို့ညီအကိုကတစ်တွဲ
အောင်ကြီးနဲ့ တင်အောင်ကတစ်တွဲ
ရသမျှထင်းခြောက်တွေကို ခုတ်ထွင်ရှင်းလင်းရင်း
မြေကြီးပေါ်မှာစုပုံပြီး ကြိုးနဲ့ချည်လိုက်တယ်။
သာလှကတော့ အရှေ့နည်းနည်းဆက်သွားမယ် ဆိုပြီး တောထဲထပ်တိုးသွားတယ်။
ခဏနေတော့…
ဝေးးး- ဝေးးး – ဝေးးး
သာလှ ဆီကနေ အချက်ပြအော်သံ ကြားလိုက်ရတယ်။(တောထဲတွင် နာမည်ခေါ်ပါက သင်းခွေချပ်လိုအကောင်တွေက လူနာမည်ကို တုပခေါ်တတ်သဖြင့် နာမည်မခေါ်ကြခြင်း ဖြစ်ပါသည်)
တက်ပုကလဲ ဝေးခနဲ သိရှိကြောင်း အော်ပြီး သာလှရှိရာ နေရာဘက်သို့ ဝင်သွားလိုက်တယ်။
တက်ပု ဟေ့ကောင် ဒီမှာကြည့်စမ်း
နဂါးရုံဘုရားကြီးဟ ခြံနွယ်တွေနဲ့
ပိတ်ပေါင်းနေတာပဲ။
ဘယ်ထဲကရှိနေလဲမသိဘူးကွ ရွာကလူတွေလဲ မသိကြဘူးထင်တယ်။
ငါတို့ရွာလူကြီးကိုပြောပြီး ဒီဘုရားကို လာပြုပြင်ရင် မကောင်းဘူးလား။
နေရာမှတ်သွားကွာ ရွာကလူတွေနဲ့ တိုင်ပင်ပြီး လုပ်သင့်ရင်လုပ်ရမှာပေါ့။
ဒီလိုနဲ့ ထင်ခြောက်တွေစည်းပြီး ပြန်မလို့ပြင်နေစဉ်
လူလေးတို့—  လို့ခေါ်တဲ့အသံကြားလို့ လှည့်ကြည့်လိုက်တာ။
နဂါးရုံဘုရားအနောက်ကနေ လူတစ်ယောက် ထွက်လာတာတွေ့လိုက်တယ်။
သျှောင်တံစောင်းနဲ့ ချိတ်လုံချည်ခပ်နွမ်းနွမ်းလေး ဝတ်ထားတဲ့ လူကြီးရဲ့ပုံက အသက်ကြီးတယ် မထင်ရလောက်အောင် နုပျိုနေတယ်။
လူကလေးတို့က ရေစက်ရှိလို့ ဒီဘုရားကို ဖူးရတာကွဲ့။
ကိုယ်ရဲ့လုပ်ရပ်က ကိုယ့်ရဲ့ဘဝကို ပြောင်းလဲပေး လိမ့်မယ်။
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။
ဆိုးတာလုပ်ရင် ဆိုးတာဖြစ်လာလိမ့်မယ်။
လောဘကိုသတ်ပြီး ကောင်းမှုကိုရှေ့ရှုကြပါ။
ထိုလူကြီးပြောတာတွေကို နားထောင်နေရင်း သတိလွတ်ခနဲဖြစ်သွားတယ်။
ထိုစဉ် ဟေ့ကောင်တွေ
တက်ပုနဲ့သာလှ—
ပခုံးကိုတစ်စုံတစ်ခုနဲ့ လာရိုက်တာကြောင့် သတိဝင်လာခဲ့တယ်။
အရှေ့ကိုကြည့်လိုက်တော့ သူတို့နဲ့မလှမ်းမကမ်းမှာ အလွန်ကြီးမားတဲ့ စပါးကြီးမြွေကြီး —

မျက်လုံးတွေက သူတို့နှစ်ယောက်ကို စိုက်ကြည့်နေတာ။
ဟေ့ကောင်တွေ ပြေးဟ
အကုန်သေကုန်တော့မှာပဲဆိုတဲ့ အောင်ကြီးရဲ့ အော်သံကြားမှ စည်းထားတဲ့ ထင်းခြောက်တောင် မကောက်နိုင်ဘဲ တစ်ချိုးထဲပြေးပါလေရော။
တစ်အောင့်နေတော့
ဟူး ဟူး  မောလိုက်တာကွာ
တော်ပါသေးရဲ့ကွာ
မင်းတို့လှမ်းရိုက်လို့သာပဲ
နောက်ဆို ငါတို့ဘဝက ဟိုမြွေကြီးရဲ့ ဗိုက်ထဲ ရောက်နေလောက်ပီ။
အေး ဟုတ်တယ် ဟိုကမင်းတို့ကို ညှို့နေတာ
ပြီးရင် မင်းတို့ကိုယ်ကို ပတ်ပီး မြိုတော့မှာကွ တော်သေးတာပေါ့ကွာ။
အသက်အန္တရာယ်ဘာမှမဖြစ်တာပဲ ကံကောင်းတယ်။ ကဲ ငါတို့ရတဲ့ထင်းခြောက်ထဲကပြန်ခွဲပေးမယ်။
စိတ်မကောင်းလဲမဖြစ်ကြနဲ့တော့။
ခဏလေး မင်းတို့ ငါတို့ဆီရောက်လာတော့ ငါတို့အရှေ့မှာ နဂါးရုံဘုရားတစ်ဆူကိုတွေ့လား –
ဟမ် – ဘာမှမရှိဘူးလေ မင်းတို့ရှေ့မှာ ကညင်ပင်ပဲရှိတာ မြွေကြီးကအဲအနောက်တောထဲကနေ ထွက်လာတာ။ စိတ်ရူးပေါက်ပေါက်နဲ့ လျောက်တွေးနေပြန်ပီထင်တယ်။
ဟိုလေ ဟို —
တော်ပီ ပြန်ကြရအောင်
တောထဲမှာ ဘာအမှားတွေ လုပ်ခဲ့လဲမသိဘူး

အိမ်ပြန်ရောက်တော့ ညီအကိုနှစ်ယောက်လုံး အိပ်မပျော်ကြဘူး ။
ညနေကဖြစ်ခဲ့တာကိုပြန်တွေးနေမိတယ် –
နဂါးရုံဘုရားကို နှစ်ယောက်လုံးမျက်ဝါးထင်ထင် တွေ့ခဲ့ရပေမယ့်။
တစ်ခြားသူတွေက မတွေ့ဘူးဆိုတော့ ဒါတစ်ခုခုတော့ ထူးဆန်းနေတာအမှန်ပဲ။
တွေးရင်းနဲ့ သာလှ တစ်ယောက်အိပ်ပျော်သွားသည်
အိမ်ပျော်နေတုန်း အိမ်မက်ထဲမှာ နေ့လည်ကတွေ့ခဲ့တဲ့ သျောင်တစ်စောင်းနဲ့ လူကြီးက ပြန်ပေါ်လာတယ်။
ဟဲ့ ဟိုကလေးတွေ ငါကနင်တို့ကို အန္တရာယ်ပေးမှာ မဟုတ်ဘူး။ သာသနာပြုဖို့အကူအညီတောင်းတာကွယ့်။ နဂါးရုံဘုရားကြီးနေရာကို မင်းတို့မှတ်ထားတယ်မလား။ အဲနေရာမှာ နဂါးရုံဘုရားကြီး ပြန်ပူဇော်ပေးဖို့ အကူညီလာတောင်းတာ ။ နောက်နေ့ကျရင် မင်းတို့နှစ်ယောက်ထဲ ပြန်လာခဲ့ကြ။ ဘုရားကိုတွေ့တဲ့အခါ ဘုရားအရှေ့က ကညင်ပင် အောက်မှာ သာသနာပြုဖို့အတွက် ပစ္စည်းရယ်၊ မင်းတို့အတွက် သီးသန့်ပစ္စည်းရယ် ရှိတယ်။ လာယူကြ။
ဘုရားသာသနာအတွက် ပစ္စည်းကို ရွှေယွန်းအစ်နဲ့ ထည့်ထားတယ်။ မင်းတို့အတွက်က သစ်စေးသုတ်ထားတဲ့ ယွန်းဘူးနဲ့ ထည့်ထားတယ်။
ကိုယ့်ရတာ ကိုယ်ယူပြီး သာသနာပြု ကြကွယ့်။
လောဘကိုထိန်းနိုင်ကြပါစေကွယ်။
ထိုသို့မက်ပီး သာလှ ဖြတ်ခနဲ လန့်နိုးလာတယ်။
အလားတူ ဘေးမှာ အိပ်နေတဲ့ တက်ပုလဲ ထလာတယ်။
နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက်မိတယ်။
နောက်နေ့မနက်စောစော ဘယ်သူကိုမှမခေါ်ပဲ နှစ်ယောက်သား တောထဲထွက်လာခဲ့လိုက်တယ်။
မှတ်ထားတဲ့နေရာကိုရောက်တော့ နဂါးရုံဘုရားကြီးကို ဖူးမျှော်ရပြန်ရော။
အိမ်မက်ထဲကအတိုင်း ကညင်ပင်အောက်ကို တူးကြည့်တာ တစ်တောင်လောက်အရောက်မှာ ယွန်းဘူး၂-ဘူးကို ရတယ်။
နှစ်ယောက်သား ယွန်းဘူး၂-ဘူးကို လုံချည်နဲ့ပတ်ပြီး သေချာထုပ်ပိုးလိုက်တယ်။ အိမ်ပြန်ရောက်တော့
ဖွင့်ကြည့်လိုက်တာ အလိုလေး —
ရတနာပေါင်းများစွာပါလား။
ရွှေယွန်းဘူးထဲမှာတော့ အရည်အသွေးကောင်းတဲ့ ရတနာပစ္စည်းပေါင်းစုံတွေ့ရတယ်။ သစ်စေးသုတ်ထားတဲ့ယွန်းဘူးထဲမှာတော့ လက်ဝတ်လက်စား အနည်းငယ်ပဲပါတယ်။
ဒါကလဲ သူတို့လို ဘဝသမားတွေအဖို့ သူဌေးဖြစ်နိုင်တဲ့ပမာဏပဲလေ။ ထိုစဉ် တက်ပု မျက်လုံးတွေက ရွှေယွန်းဘူးထဲက ပတ္တမြားလက်စွပ်ဆီကို ရောက်သွားတယ်။
သာလှ ဒီလက်စွပ်လေး ငါသဘောကျတယ်
ဒီတစ်ကွင်းတော့ ငါယူလိုက်မယ်
ဟာ မလုပ်ပါနဲ့ဟာ
ငါတို့ကိုပေးတာပဲ ယူပါ
အိမ်မက်ထဲမှာ လာပြောတာ မင်းလဲမက်တာပဲ
လောဘမတက်ပါနဲ့ကွာ
တစ်ကွင်းထဲယူတာ ဘာဖြစ်မှာမို့လို့လဲ
မင်းမယူချင်နေ ငါတော့ ဒီတစ်ကွင်းယူလိုက်ပီဆိုပြီး ဖြတ်ခနဲလှမ်းယူလိုက်တယ်။
နောက်နေ့ရောက်တော့ တောထဲမှာ နဂါးရုံဘုရားပေါ်တော်မူတယ်ဆိုပြီး ရွာနီးချုပ်စပ်ကလူတွေမကျန် လုပ်အားပေးကြတာ။
ဘုရားကိုလဲသေချာမွမ်းမံဖို့ ရခဲ့တဲ့ ရတနာပစ္စည်းတွေကို ရွာဦးဆရာတော်နဲ့သူကြီးထံအပ်ပြီး ဆောင်ရွက်ခဲ့ကြတယ်။
ဘုရားကြီးလဲ ပြီးသင့်သလောက်ပြီးစီးခဲ့တယ်။
ဘုရားကြီးပြု ပြင်တော့ နဂါးရုံဘုရားအောက်ခြေကနေ ပုရပိုက်တစ်ရွက်ကို ရွာသားတွေရလာခဲ့တယ်။
ပါရပိုက်မှာပါတဲ့ ပါဠိစာတွေကို ဆရာတော်ဘာသာပြန်တဲ့အခါ ဒီနဂါးရုံဘုရားကြီးဟာ တောထဲတောင်ထဲ ဘုန်းတန်ခိုးလျော့ပါးနေချိန် ပျောက်ကွယ်နေရပေမယ့်။ဘုန်းတန်ခိုးကြီးမားတဲ့အချိန်ရောက်လာပီ ဖြစ်တဲ့အတွက် အသစ်ပြန်လည်တည်ဆောက်တဲ့ အချိန်ကာလကိုရောက်ခဲ့ရပီ။ ဒီဘုရားကြီးဆီကရတဲ့ ရတနာပစ္စည်းတွေကို ဘုရားကြီးအတွက် ကုန်သလောက်သုံးပြီး ပိုလျှံတဲ့ပစ္စည်းတွေကို ဘုရားကြီးမှာ ဌာပနာပြန်ထည့်ဖို့ ဆိုတဲ့အကြောင်း၊ မလိုအပ်ပဲ ယူထားမိပါက ကြီးလေးတဲ့အပြစ်ဒဏ်ကို ခံစားရမည်ဖြစ်ကြောင်း ရေးထားခဲ့တယ်။
နဂါးရုံဘုရားပြန်လည်မွမ်းမံပြီးစီးခဲ့တဲ့အတွက် နောက်၂- ရက်ဆို ဌာပနာပစ္စည်းထည့်ဖို့စီစဉ်နေကြတဲ့ အချိန်-
တက်ပု နေမထိထိုင်မသာဖြစ်ခဲ့ရတယ်။
ညအိပ်ရင်လဲ ဘုရားကိုမိုးထားတဲ့ နဂါးကြီးက တစ်ရစ်ချင်းခွာဆင်းလာပြီး တက်ပု အပေါ်ကနေမိုးပြီး ပါးစပ်ထဲကနေ မီးတောက်တွေနဲ့ မှုတ်တယ်လို့ အိမ်မက်မက်တယ်။
မနက်ဖြန်ဆို ဌာပနာထည့်တော့မယ်။
ရွာသားတွေအကုန်ပျော်ရွှင်နေကြချိန် –
တက်ပုတစ်ယောက် ဇောချွေးတွေပြန်နေတယ်။
ဒီအချိန်မှလဲ ဖွင့်မပြောရဲတော့။
တစ်ရွာလုံးအထင်သေးမှာ သူကြောက်နေတယ်။
ထိုစဉ်—
နတ်နဲ့နဂါးမလှည့်စားနဲ့
လှည့်စားမိတဲ့သူက ဘုန်းကံကြီးနေရင် မသိပေမယ့်
ဘုန်းကံနိမ့်ပါးတဲ့အချိန်မှာ အလူးအလဲခံစားရတတ်တယ်ဆိုတဲ့ အသံကြားလိုက်ရတယ်။
အသံလာရာလှည့်ကြည့်လိုက်တော့
ယောဂီဝတ်စုံနဲ့လူငယ်နှစ်ယောက် –
မနက်ဖြန် နဂါးရုံဘုရားကြီး ဘုန်းတန်ခိုး နေလိုလလို တောက်ပတော့မယ်။
ရွာနီးချုပ်စပ်ကပါမကျန် ဒီဘုရားကြီးကို လာရောက်ယူဇော်ကြတော့မယ်။
ဒီဘုရားကြီးဘုန်းမီးနေလတောက်ပဖို့ သင်တို့ညီအကိုကြိုးစားခဲ့တယ်။
သင်ရဲ့ဘဝကို ဒီလက်စွပ်လေးကြောင့် ညစ်နွမ်းစေတော့မှာလား။
သင်ရဲ့ပစ္စုပန်မှာ ဒီအမည်းစက်ကြောင့်
အလွန်တရာပူပြင်းတဲ့ ငရဲကိုသွားချင်တာလား
ဘုရားပစ္စည်း ငရဲမီးတဲ့
သင်–   သင်တို့က ဘယ်သူတွေလဲ
အရင်ကဒီရွာနားမှာမတွေ့ဖူးပါဘူး
ထိုစဉ်
လူငယ်လေးနှစ်ယောက်အနက်
သွယ်လျတဲ့မျက်နှာထား၊ နက်မှောင်တဲ့မျက်ခုံး၊
ဖြောင့်တန်းနေတဲ့နှာတံ၊ စူးရှတဲ့မျက်လုံးအသွင်ရှိတဲ့ လူငယ်က—
ကျုပ်က ဒီဘုရားကြီးဖြစ်မြောက်ဖို့ တာဝန်ယူ ရတဲ့လူတစ်ယောက်ဆိုပါတော့–
သင်တို့ညီအကိုကို အိမ်မက်ပေးတဲ့ လူဟာလဲ ကျုပ်ပဲ။
သင်တို့ရဲ့သီလကိုစမ်းသပ်တဲ့အခါ
သင့်ညီက သင့်ထက် သီလပိုခဲ့တယ်။
သင်ရဲ့အတ္တ၊ သင်ရဲ့လောဘကြောင့်
သင် အပယ်ငရဲကိုသွားရတော့မယ်။
သင်ရဲ့အပြစ်တွေကို သင်ကိုယ်တိုင်ဆေးကြောမှရမယ်။
ဟိုမှာကြည့်စမ်း–ဆိုပြီး
လက်ညိုးညွှန်တဲ့နေရာကို ကြည့်လိုက်တော့
ဟာ–
အိမ်အနောက်က ကျွန်းပင်ပေါ်မှာ ရစ်ခွေနေတဲ့
မြွေလိုလို နဂါးလိုလိုအကောင်ကို တွေ့လိုက်ရတယ်
ပါးစပ်ထဲကလဲ အခိုးငွေ့တွေ တစ်ငွေ့ငွေ့ ထွက်နေပြီး မျက်လုံးတွေကလဲ နေ့အခါမှာတောင် ရဲတောက်နေတာ။
သင်ရဲ့အသက်ကို ဒုက္ခပေးဖို့ ရောက်လာတဲ့
ဘုရားဌာပနာစောင့် ပုဂ္ဂိုလ်ပဲ။
သင်အရမ်းကြောက်သွားလား။
သင့်ကိုဒုက္ခမပေးဖို့ ကျုပ်မေတ္တာရပ်ခံထားပါတယ်။
သင်ရဲ့အပြစ်တွေကို သင်ပြန်ပေးဆပ်နိုင်ဖို့ မျှော်လင့်ပါတယ်။
လေသံအေးအေးနဲ့ ပြောသွားတဲ့ လူငယ်လေးရဲ့ နောက်ကျောကို ကြည့်ရင်း တက်ပု မျက်ရည်တွေ လိမ့်ကျလာတယ်။
တောဘက်ကိုထွက်သွားတဲ့ လူငယ်နှစ်ယောက်အနောက် ပြေးလိုက်ပီး လက်မှာဝတ်ထားတဲ့ လက်စွပ်ကိုချွတ်ကာ ပေးလိုက်တယ်။
လူငယ်လေးကလဲ

ထိုသို့ပေးတာကို လက်ခံပီး ဘာစကားမှမပြောပဲ တောထဲဝင်သွားခဲ့တယ်။
နဂါးရုံဘုရားကြီးဌာပနာထည့်လှူတဲ့အချိန်လေးဟာဖြင့် အစည်ကားဆုံးပြောရလိမ့်မယ်။
ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့လူတွေ
တစ်ခါမှမတွေ့ဖူးတဲ့ မျက်နှာစိမ်းတွေ
အလွန်တရာချောမောလှပတဲ့ မိန်းမပျိုတွေ
ယောကျ်ားပျိုတွေ—
ရွာသူရွာသားတွေအပြင်
ရွာဦးဆရာတော်ရဲ့ဘေးမှာ ဦးခေါင်းဆံပြည်းတုံးပြီး သင်္ကန်းစီးထားတဲ့ ဦးဇင်းတစ်ပါး—
ထိုဦးဇင်းက
တက်ပု(ခေါ်)ဦးနန္ဒောဘာသ
ထိုစဉ်–
ဦးဇင်းနန္ဒောဘာသနားထဲမှာ ကြားလိုက်ရတဲ့ စကားသံက—
အာခံတွင်းကဝင်းဝင်းတောက်တဲ့ နဂါးစက်ကနေ ဦးဇင်းလေးလွတ်မြောက်ခဲ့ပါပီဆိုတဲ့ လူငယ်လေးရဲ့ အသံ။
ထိုလူငယ်လေးတွေကို လူတွေကြားထဲ လိုက်ရှာကြည့်မိပေမယ့်။ အရိပ်အယောင်လေးမျှ မတွေ့ခဲ့ရချေ။

လေးစားစွာဖြင့် –
ဇေယန(ရာမည)

Leave a Comment