အောင်မြတ်သာနှင့်ဖိုးရွှေမှုန်

” အောင်မြတ်သာနှင့်ဖိုးရွှေမှုန် ”
ရေးသားသူ — ဇေယန(ရာမည)
+++++++++++

” ဖြောင်း— ဖြောင်း—ဖြောင်း”
ညသန်းခေါင်အချိန် ကျယ်လောင်စွာထွက်ပေါ်လာတဲ့ လက်ခမောင်းခတ်သံကြောင့် အောင်မြတ်သာအပါအ၀င် တပည့်နှစ်ယောက်လုံး ခေါင်းထောင်လာခဲ့ကြတယ်။
” ဆရာ ကြားလိုက်လား— လူတစ်ယောက် လက်ခမောင်းခတ်နေတဲ့အသံလိုပဲဗျ”
ခွန်းလှစကားကြောင့် အောင်မြတ်သာက အသံကြားရာဘက်ကို နားစွင့်လိုက်တဲ့အချိန် ဒုတိယအကြိမ်လက်ခမောင်းခတ်သံတစ်ချက်ထွက်ပေါ်လာခဲ့တယ်။
” ဒီအနီးအနားမှာ ငါတို့မသိသေးတဲ့ပုဂ္ဂိုလ်တစ်ဦးရှိနေသေးတဲ့ပုံပဲ—”
” အခုကြားတဲ့အသံက ကျွန်တော်တို့ကိုသိစေချင်လို့ အသံပေးတာများလား”
မောင်ကောင်းစကားကြောင့် ခွန်းလှက လွယ်အိတ်ကိုဆတ်ခနဲကောက်ကိုင်ကာ မြောက်ဘက်မုဒ်ဘက်ကိုထသွားခဲ့တယ်။
” မောင်ကောင်း လိုက်သွားလိုက်—  ခွန်းလှက သူ့အပေါင်းအသင်းတွေကိုသတင်းမေးဖို့သွားတာဖြစ်မယ်”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းက ခွန်းလှအနောက်ကိုလိုက်သွားခဲ့ရာ လှေကားအတက်ဆင်းနားရောက်တော့ –
” ခွန်းလှ— မင်းတစ်ယောက်ထဲ ဘယ်ထွက်သွားတာလဲ– ငါ့လဲစောင့်ပါဦးဟ”လို့ပြောလိုက်တော့မှ –
” ဟီး— ကျွန်တော်လဲအတွေးတစ်ခုရတာနဲ့ ဆရာတို့ကိုပြောဖို့မေ့သွားတာ”
” မင်းကဘယ်သူနဲ့တွေ့ဖို့ အလောတကြီးထွက်သွားတာလဲ”
” ဟဲဟဲ— လှေကားအဆင်းရောက်ရင်သိမှာပေါ့ဗျာ”
ခွန်းလှက မောင်ကောင်းကို ရယ်ကျဲကျဲနဲ့ပြောပြီး လှေကားအောက်ခြေထိကိုဆင်းလာခဲ့လိုက်တယ်။ လှေကားရင်းရောက်တော့ လွယ်အိတ်ထဲပါလာတဲ့ ထန်းလျက်တစ်လုံးကို ပါးစပ်ထဲထည့်ကာစုပ်လိုက်ပြီး လမ်းဘေးမှာအိပ်နေတဲ့ ခွေးတစ်‌ကောင်ရဲ့ ဘေးကို ပစ်ချလိုက်တယ်။
အိပ်ပျော်နေတဲ့ခွေးက ထန်းလျက်အနံ့ရတော့ ထလာပြီး ကောက်ဝါးလိုက်တဲ့အချိန် ခွန်းလှက လက်‌ဖျစ်တီးကာအနားကပ်သွားပြီး ဦးခေါင်းကိုပွတ်သပ်နေလိုက်တယ်။
ခဏကြာတော့ ခွန်းလှက လွယ်အိတ်ထဲကနေ ထန်းလျက်နောက်တစ်လုံးကိုထုတ်ပြီး ကျွေးကာ မောင်ကောင်းဆီကိုပြန်လာခဲ့လိုက်တယ်။
” မင်းက ခွေးတွေနဲ့စကားပြောနိုင်တာ ငါမေ့နေတာ— ဒါနဲ့ ဘာအကြောင်းထူးလဲ”
” ခုနက လက်ခမောင်းခတ်သံအကြောင်း ဒီကောင်ကိုမေးနေတာ— သူပြောတာက အရှေ့ကလမ်းလေးခွဆုံမှာ ညောင်ပင်တစ်ပင်ရှိတယ်တဲ့— လက်ခမောင်းခတ်သံကအဲဒီညောင်ပင်မှာနေတဲ့သူဆီကနေထွက်လာတာတို့ပြောတယ်”
” ညောင်ပင်မှာနေတဲ့သူဆိုတော့ ဘီလူးလား— သရဲလား— သဘက်လား”
” အဲဒါတော့မပြောတတ်ဘူးဗျ… ငနီပြောတာကတော့ တစ်ခါတစ်လေ လမ်းလေးခွကို သူခြေထောက်နှစ်ဖက်နဲ့ ကားယားကြီးခွပြီးရပ်နေတတ်တယ်တဲ့”
” ဟ… ဒါဆို အတော်အကောင်ကြီးတာပဲ… ငါတို့ကိုဒုက္ခမပေးသရွေ့ သူ့ကိုလေးလေးစားစားဆက်ဆံရမှာပေါ့”
မောင်ကောင်းက ခွန်းလှပခုံးကိုပုတ်ကာပြောလိုက်ပြီး စေတီရင်ပြင်ပေါ်ကိုပြန်တက်လာခဲ့လိုက်တယ်။

– – – – – – – – –

မနက်အရုဏ်တက်ချိန်ရောက်တော့ အောင်မြတ်သာက စေတီတစ်ပတ်ပတ်ပြီး မေတ္တာပို့စင်္ကြန်လျောက်နေတဲ့အချိန် ကုက္ကားတိုင်စိုက်ထားတဲ့ဘက်‌ကနေ မိန်းကလေးလေးယောက် ပန်းရေချမ်းဆီမီးတွေကိုင်ပြီးတက်လာမြင်လိုက်ရတယ်။
အောင်မြတ်သာလဲ မြင်လိုက်ရတဲ့မြင်ကွင်းကို မသိကျိုးနွံပြုပြီး မေတ္တာကိုသာနိုင်နိုင်ပွားများနေခဲ့ရာ မိန်းမ ေလးယောက်က စနေထောင့်ဘက်ကိုထွက်သွားခဲ့တယ်။ စေတီတစ်ပတ်ပတ်နေရင်း စနေထောင့်ဘက်ကိုရောက်တော့ ပန်းရေချမ်းဆီမီးတွေပူဇော်ထားတာကိုသာမြင်လိုက်ရပြီး တက်လာတဲ့မိန်းမ လေးယောက်ကိုမမြင်ရတော့ပေ။ စနေထောင့်ရဲ့ဘေးမှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ မလှုပ်မယှက်ငြိမ်သက်စွာတရားထိုင်နေတာကိုမြင်လိုက်ရတယ်။
” ဒီစေတီမှာလဲအစောင့်အရှောက်တွေများတာပဲ” လို့ရေရွတ်ကာ စေတီကိုဒုတိယအကြိမ်လှည့်ပတ်နေလိုက်တယ်။ ဒုတိယအကြိမ်ရောက်တော့ ဗောဓိညောင်ပင်ရဲ့အနောက်မှာရှိတဲ့ ထန်းပင်ပေါ်ကနေ သပိတ်လုံးလောက်ရှိတဲ့ မျက်လုံးနှစ်လုံးက‌ အောင်မြတ်သာသွားတဲ့နောက်ကို လိုက်ကြည့်နေတာကြောင့် အာရုံကိုစုစည်းပြီးကြည့်လိုက်ရာ တစ်ကိုယ်လုံးမီးသွေးခဲလိုမဲညစ်နေတဲ့အသားအရည်၊ နှာခေါင်းနဲ့နားရွက်မှာလဲ ကြေးနီရောင်ကွင်းတွေတပ်ထားတဲ့ မိန်းမတစ်ယောက် ဆောင့်ကြောင့်ထိုင်ကြည့်နေတာမြင်လိုက်ရတယ်။
အောင်မြတ်သာလဲ ထန်းပင်ပေါ်မှာရှိတဲ့ မိန်းမကိုရည်စူးပြီးမေတ္တာပို့လိုက်ရာ မျက်လုံးပြူးပြူးအသားမဲမဲနဲ့မိန်းမက နားနှစ်ဖက်ကိုလက်နဲ့အုပ်ပြီး အောင်မြတ်သာဆီကို ထန်းသီးခြောက်တွေနဲ့လှမ်းပစ်ပါလေရော။ ဒါပေမယ့် ထန်းသီးခြောက်တွေက စေတီပေါ်ကိုမရောက်ခင်မှာပဲ တစ်စုံတစ်ခုနဲ့ဟန့်တားလိုက်သလို တဒုန်းဒုန်းနဲ့အပြင်ကိုပြန်ကန်ထွက်သွားခဲ့တယ်။
” ဟင်း—  မေတ္တာပို့တာကို မနှစ်သက်တဲ့ သူမျိုးလဲရှိတာပဲ” လို့ရေရွတ်ကာ ‌ရောင်နီပျို့လာတဲ့အရှေ့ဘက်ကို မျက်နှာမူပြီး စိတ်ကိုတည်ငြိမ်စွာထားကာ ထိုင်နေလိုက်တယ်။ အဲဒီအချိန် ခေါင်းလောင်းထားတဲ့ဘက်ကနေ ကလေးတစ်ယောက်ကိုလက်ဆွဲပြီး တုန်တုန်ယင်ယင်နဲ့ လမ်းလျောက်လာတဲ့ အဖိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။
အဖိုးအိုက နှပ်ချေးတွဲလောင်းဖြစ်နေတဲ့ကလေးငယ်ကို အောင်မြတ်သာရှေ့ခေါ်လာပြီး –
” ဆရာတို့ မနေ့ညက တရားထိုင်နေတုန်း အဖိုးမြေးလေး ဆော့ကစားမိခဲ့တယ်လို့ပြောတယ်၊ သူ့အပြစ်တွေကိုဗွေမယူဖို့ အဖိုးက လာတောင်းပန်တာပါ” လို့ပြောတော့ အောင်မြတ်သာက –
” ကျွန်တော်တရားဘက်ကိုအာရုံစိုက်နေတာနဲ့ သတိတောင်မထားမိပါဘူး… ကလေးဆိုတော့ ဆော့ချင်ရှာမှာပဲလေ… အဖိုးလဲ အရမ်းကြီးမဆူပါနဲ့ဗျာ”
” နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်ဆရာရယ်… ခုနက ကုလားမသရဲ ဆရာကို ထန်းသီးခြောက်တွေနဲ့ ကောက်ပေါက်တာကို အဖိုး ဟန့်တားပေးလိုက်သေးတယ်”
” အော်… ဒါကြောင့် ထန်းသီးခြောက်တွေက စေတီ‌ရင်ပြင်ပေါ်ကိုမရောက်လာတာကိုး… ”
” ဟုတ်ပါတယ်ဆရာ… အဲဒီကုလားမက အတော်ကိုပြောရဆိုရခက်တာ… လူ့ဘ၀တုန်းကလဲ သူတစ်ပါးအသက်ကိုသတ်ပြီး စီးပွားရှာရတဲ့သူဖြစ်ခဲ့တော့ အခုဘ၀ရာက်တဲ့ထိအောင် စိတ်ကြမ်းကိုယ်ကြမ်းဖြစ်နေတုန်းပဲ”
” သူကရော ဒီအနီးနားက သူတွေကို ဒုက္ခပေးတာမျိုးတွေရှိလား”
” သူနေတဲ့အပင်အောက်မှာ မဟုတ်တာလုပ်ရင်တော့ ခြောက်လှန့်ဖမ်းစားတာတွေလုပ်တတ်တယ်၊ သူ့ထက်ဆိုးတာက လမ်းလေးခွဆုံက ပုဂ္ဂိုလ်ပဲဆရာ”
” လမ်းလေးခွဆုံဆိုတော့ ညက လက်ခမောင်းထခတ်တဲ့ပုဂ္ဂိုလ်လား”
” ဟုတ်တယ်ဆရာ… သူလက်ခမောင်းခတ်ရင် တစ်ယောက်ယောက်ကိုမကျေနပ်လို့ပဲ… ညက ဘယ်သူ အမှားလုပ်မိပြန်လဲမသိပါဘူးဗျာ”
” အဖိုး အခုလိုရှင်းပြတော့မှပဲ ဇာတ်ရည်လည်သွားတော့တယ်… သူတို့က တရားဓမ္မတွေကိုမနှစ်သက်တဲ့ပုံစံပဲနော်”
” သိပ်သေချာတာပေါ့ဆရာရယ်… လူနေရပ်ကွက်ထဲက ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေကို စေတီကိုမရောက်အောင် အမြဲခြောက်လှန့်နေကြတာ… ဟိုတစ်လောကပဲ စေတီမှာတရားထိုင်နေတဲ့ ကျောင်းဆရာလေးကို ဘာတွေမြင်အောင်လုပ်လိုက်လဲမသိပါဘူး… စေတီပေါ်ကနေ ငယ်သံပါအောင်အော်ပြီးပြေးတာ.. မနက်ကျတော့ စိတ်ကပုံမှန်မဟုတ်တော့ဘူး”
အဖိုးက စိတ်မကောင်းစွာနဲ့ သက်ပြင်းရှည်တစ်ချက်ကိုချကာပြောလိုက်ပြီး ဘေးမှာရပ်နေတဲ့ ကလေးကို ငုံ့ကြည့်လိုက်တယ်။
” ကလေးက ချစ်စရာလေးပဲနော်— ရော့ ဒီမုန့်ကိုယူလိုက်”
အောင်မြတ်သာက လွယ်အိတ်ထဲပါလာတဲ့ မုန့်တစ်ထုပ်ကိုကမ်းပေးလိုက်ရာ နှပ်ချေးတွဲလောင်းကျနေတဲ့ ကလေးက လက်နှစ်ဖက်နဲ့လှမ်းယူလိုက်တယ်။
” ဆရာတို့ ဒီစေတီမှာရှိနေတဲ့ကာလပတ်လုံး အဖိုးအနေနဲ့နိုင်သလောက်ကြည့်ပေးပါမယ်—”
” အဖိုးရဲ့ စေတနာကို ကျွန်တော်တို့အသိမှတ်ပြုပါတယ်— နေ့စဉ်နေ့တိုင်းလဲ မေတ္တာပို့ပေးပါတယ်ဗျာ”
အောင်မြတ်သာစကားကြောင့် အဖိုးအိုရဲ့မျက်နှာပြုံးရွှင်သွားပြီး တောင်ဝှေးကိုတဒေါက်ဒေါက်ခေါက်ကာ ခေါင်းလောင်းထားတဲ့အမှောင်ထုထဲကို၀င်ရောက်ပျောက်ကွယ်သွားခဲ့တယ်။

– – – – – – – – –

” ဆရာ… ဒီနေ့တရားဖြုတ်တာ စောနေသလိုပဲ”
နေအလင်းရောင်မှိန်ဖျော့ဖျော့ထိုးကျနေတဲ့ တန်ဆောင်းထဲမှာ ရေနွေးကြမ်းထိုင်သောက်နေတဲ့ မောင်ကောင်းရဲ့စကားကြောင့် မိုင်းကိုင်စက္ကူတွေကိုခေါက်နေတဲ့ အောင်မြတ်သာက –
” ဒီမနက် တရားမထိုင်ဖြစ်ပဲ စင်္ကြန်ပဲလျောက်ဖြစ်ခဲ့တယ်… အော် ဒါနဲ့ မင်းတို့နှစ်ယောက် ရပ်ကွက်ထဲသွားလိုက်ကြဦး…”
“ရပ်ကွက်ထဲဘာများဖြစ်လို့လဲဆရာ”
” စေတီစောင့်အဖိုးပြောပုံအရ ထန်းပင်မှာနေတဲ့ ကုလားမကြီးကြောင့် ကျောင်းဆရာတစ်ယောက် စိတ်နောက်သွားတယ်တဲ့… ”
” ဟုတ်ကဲ့ဆရာ–  ကျွန်တော်တို့ ခရီးသွားဟန်လွှဲလုပ်ပြီး လေ့လာလိုက်ပါမယ်”
မောင်ကောင်းတို့လဲ သောက်လက်စရေနွေးကိုလက်စသတ်ပြီး လွယ်အိတ်ကိုယ်စီလွယ်ကာ ရပ်ကွက်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ မြောက်ဘက်မုဒ်လှေကားရင်းကိုရောက်တော့ ခွန်းလှရဲ့ဘော်ဒါက အမြှီးတနှံ့နှံ့နဲ့အသင့်ကြိုနေတာကိုမြင်လိုက်ရတယ်။
” ရပ်ကွက်ထဲမှာ သူတစ်ပါးပယောဂကြောင့် စိတ်နောက်နေတဲ့သူရှိတယ်ပြောတယ်… မင်းသိရင်ငါတို့ကိုခေါ်သွားပေးဦး”
ခွန်းလှက ငနီရဲ့ ခေါင်းကိုပွတ်ပြီးပြောလိုက်ရာ ငနဲသားက နားလည်တဲ့ဟန်နဲ့ အမြှီးကိုယမ်းကာ လူနေရပ်ကွက်ရှိတဲ့ဘက်ကိုထွက်သွားခဲ့တယ်။
အတော်သင့်သွားပြီးတဲ့နောက်မှာ ငနီက ခြံဝိုင်းတစ်ခုရှေ့မှာရပ်လိုက်ပြီး ခြံထဲကိုကြည့်ကာ စူးစူးဝါးဝါးထိုးဟောင်နေခဲ့တယ်။
ခွန်းလှတို့လဲ ငနီရဲ့အမူအယာကြောင့် ရှေ့ကိုဆက်မသွားပဲ အရိပ်အချည်ကိုစောင့်ကြည့်နေခဲ့ရာ ခဏကြာတော့ အိမ်ထဲကနေ ကလေးတွေ ငိုယိုပြီးပြေးထွက်လာတာမြင်လိုက်ရတယ်။
” ဆရာလေး… လိုက်ရိုက်နေလို့ … လုပ်ကြပါဦး… အီး ဟီး ဟီး”
ကလေးတွေက ငိုတဲ့သူငို အော်တဲ့သူအော်နဲ့ ထွက်ပြေးလာတဲ့နောက်မှာတော့ ရယ်ကျဲကျဲမျက်နှာနဲ့ တုတ်တစ်ချောင်းကိုကိုင်ကာ ပြေးထွက်လာတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်ကိုမြင်လိုက်ရတယ်။
” ဟဲ့ ဟဲ့… ကျော်စွာ… ကလေးတွေကို ဘာလို့ရိုက်နေတာတုန်း” ဆိုတဲ့အသံနဲ့အတူ သဘက်ပခုံးပေါ်တင်ပြီးပြေးထွက်လာတဲ့အမျိုးသမီးကြီးတစ်ယောက်။
ကလေးတွေအော်သံကြောင့် ဘေးနားမှာရှိတဲ့အိမ်ကလူတွေပါပြေးထွက်လာပြီးတားပေမယ့် ကြိမ်လုံးကိုင်ထားတဲ့လူငယ်က ဟီးဟီးဟားဟားရယ်ကာ တွေ့ရာလူကိုလိုက်ရိုက်ပါလေရော။
မောင်ကောင်းတို့လဲ အခြေအနေကိုရိပ်စားမိတာကြောင့် ခြံဝိုင်းထဲကိုပြေး၀င်သွားပြီး –
” ဟိတ် ရပ်လိုက်စမ်း” လို့အမိန့်ပေးလိုက်ရာ ရယ်မောနေတဲ့လူငယ်က မျက်ထောင့်နီနဲ့စိုက်ကြည့်ပြီး ချက်ချင်းဆိုသလို ကျောခိုင်းသွားခဲ့တယ်။
” ဒေါ်မြ… ခင်ဗျား သားက ဘယ်လိုဖြစ်လို့ ကလေးတွေကိုလိုက်ရိုက်နေတာလဲ… ”
” ဟုတ်တယ် … ဒီကောင်ကို မနေ့ထဲက ကြည့်နေတာ… ကျုပ်က ခင်ဗျားမျက်နှာကြောင့် ဘာမှမပြောတာဗျ”
ရပ်ကွက်ထဲကလူတွေက ဒေါ်မြဆိုတဲ့အမျိုးသမီးကို ဝိုင်းပြောနေတာမြင်တော့ ခွန်းလှက ကြားထဲ၀င်ပြီး
” နေကြပါဦးဗျာ… ဒီကောင်လေးပုံစံက သာမန်မဟုတ်ဘူး”
” ခင်ဗျားတို့က ဘယ်ကလဲ… ဒီကောင်နဲ့ ဘာတော်လို့ ၀င်ပြောနေကြတာလဲ ဟမ်”
” မိတ်ဆွေတို့ စိတ်ကိုအေးအေးထားပါဗျာ… ကျုပ်တို့က ဘယ်သူ့ကိုမှနစ်နာစေတဲ့စိတ်နဲ့၀င်ပြောတာမဟုတ်ပါဘူး.. ဒီကောင်လေးကြည့်ရတာ မကောင်းတဲ့အပမှီနေသလိုဖြစ်နေတယ်”
” တော်စမ်းပါဗျာ… ဒီကောင်က ရူးနေတာ… ရူးနေတာကို အပမှီတယ်လို့ပြောရတယ်လို့”
” ကျုပ်တို့ပြောတာကိုမယုံဘူးဆိုရင် လက်တွေ့ပြပါ့မယ်… အဲဒီတော့မှ မိတ်ဆွေတို့ သဘောတိုင်းဆုံးဖြတ်ကြပါ… အခုတော့ ကျုပ်တို့ကို အချိန်လေးနည်းနည်းပေးပါ”
ခွန်းလှစကားကြောင့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးထဲကနေ ပုဆိုးတိုတို၀တ်ထားတဲ့ လူတစ်ယောက်ထွက်လာပြီး –
” ကောင်းပြီလေ… ခင်ဗျားတို့ပြောတဲ့အတိုင်း စောင့်ကြည့်ပေးမယ်.. ”
ခွန်းလှတို့လဲ အခွင့်ရပီမို့ ကျောပေးထားတဲ့ လူငယ်ရဲ့ ဦးခေါင်းကိုလက်နဲ့ရွယ်မိုးကာ
” ကာယကံရှင်ရဲ့ကိုယ်ထဲမှာ မကောင်းတဲ့အမှောက်ပယောဂရှိနေတာပါက ချက်ချင်းဖယ်ခွာပြီး လူကောင်းပကတိဖြစ်စေ” လို့အမိန့်ပြန်လိုက်ရာ မျက်ထောင့်နီနဲ့အံကြိတ်နေတဲ့ လူငယ်က သတိပြန်၀င်လာပြီး စုရုံးစုရုံးဖြစ်နေတဲ့ လူအုပ်ကြီးကို အံ့ဩတဲ့အကြည့်တွေနဲ့ လိုက်ကြည့်နေခဲ့တယ်။
” အရီး… ဒီကောင်လေးကို အိမ်ပေါ်ခေါ်လာခဲ့ပါ”
” အေးအေး… အရီးခေါ်လာခဲ့ပါမယ်”
ခွန်းလှတို့အိမ်ပေါ်ရောက်တော့ လူအုပ်ကြီးကလဲ မြင်သာတဲ့နေရာကနေ အခြေအနေ‌ကို စူးစမ်းနေခဲ့ကြတယ်။
” အကိုကြီး…”
ခွန်းလှစကားကြောင့် ဘုရားကျောင်းဆောင်ပေါ်မှာ ဖယောင်းတိုင်မီးပူဇော်နေတဲ့ မောင်ကောင်းက လှည့်ကြည့်ပြီး
” ခွန်းလှ ဘာဖြစ်လို့လဲ”
” အကိုကြီးက ပညာသက်လဲရင့်တော့ ဒီလူနာကို… ”
” ခွန်းလှ… ဒီကောင်လေးက မင်းနဲ့ဆက်နွယ်လို့ သိရတာလေ… မင်းငါ့ကို အားနာမနေနဲ့ ကိုယ့်ဘာသာ ကုစရာရှိတာကု”
မောင်ကောင်းစကားကြောင့် ခွန်းလှက သူ့ရှေ့မှာရှိနေတဲ့လူနာကို ဘုရားဦးတိုက်ခိုင်းပြီး အထက်ဆရာတွေကိုခွင့်ပန်လိုက်တယ်။ ပြီးတာနဲ့ အိမ်တွင်းအိမ်ပြင် ခြံတွင်းခြံပြင်မှာ စောင့်ကြပ်နေတဲ့ အစောင့်အရှောက်တွေကို ခေတ္တဖယ်ခိုင်းပြီး လူနာရဲ့နဖူးကို လက်ညိုးနဲ့ထောက်ကာ –
” ကာယကံရှင်ရဲ့ စိတ်ကို မူးအောင်ဝေအောင် ကစဉ့်ကလျားဖြစ်အောင် ဖမ်းစားထားတဲ့ အစွဲအား ဆင့်ခေါ်လိုက်တယ်… ဤအမိန့်သံက ဖမ်းစားထားသူဆီကိုတိုက်ရိုက်ရောက်ပြီး ချက်ချင်း၀င်လာစေ” လို့ပြောပြီး လက်ကိုအားစိုက်ပြီးထောက်လိုက်ရာ အရှေ့မှာထိုင်နေတဲ့ လူငယ်ရဲ့ အသားတွေ တဆတ်ဆတ်တုန်ရီလာပြီး ဝုန်းခနဲထခုန်ပါလေရော။
” ဟိတ်—  အိမ်သူအိမ်သားတွေ ထိတ်လန့်အောင် မလုပ်နဲ့ … ကောင်းကောင်းမွန်မွန်နေစမ်း” လို့ပြောလိုက်တော့မှ ထခုန်နေတဲ့လူငယ်က ငြိမ်ကျသွားခဲ့တယ်။
” သင်ဘယ်သူလဲ… ”
” #$**@@$*&&++&”
” ဟင်… နင်က ဘာသာခြားလား… ငါတို့နားလည်အောင်ပြော… သူမပြောနိုင်ရင် ဆိုင်ရာပုဂ္ဂိုလ်တွေက ပြောနိုင်အောင် ကူညီပေးကြပါ…. ကဲ သင်ဘယ်သူလဲ ပြောစမ်း”
” ငါ ငါက လက်ချမီးလ်ပဲဟေ့”
” ဘယ်က လက်ချမီးလ်လဲ— ”
” ထန်းပင်ပေါ်က လချမီးလ်”
” နင်က သူ့ကိုဘာလို့ စိတ်နောက်အောင် လုပ်ထားတာလဲ… နင့်ကြောင့် ဒီကောင်လေးကို အကုန်လုံးမုန်းတီးနေကြပီ”
” အဟီးအဟီးဟက်ဟက်… သူက ငါနေတဲ့အပင်နားမှာ ငါမကြိုက်တာတွေလာရွတ်လို့ ကိုယ်ထင်ပြလိုက်တာ”
” နင်မကြိုက်တာလာရွတ်တာဟုတ်လား… သူက ဘာတွေရွတ်လို့လဲ”
” မသိဘူး… သူရွတ်တဲ့အသံကိုမကြားချင်ဘူး… ငါ့ကိုထပ်မမေးနဲ့”
ခွန်းလှလဲ ‌အဲဒီတော့မှ ‌အရီးဒေါ်မြဘက်ကိုလှည့်ပြီး
” ဒီကောင်လေး … ခုလိုမဖြစ်ခင် ဘာတွေလုပ်ခဲ့တာမြင်လဲအရီး”
” အရီး သားက လူရိုးလူအေးလေးပါကွယ်… ညနေဆို စေတီပေါ်မှာ ဘုရားသွားရှိခိုးတာကလွဲပြီး ဘာမှမလုပ်ခဲ့ပါဘူး”
” လက်ချမီးလ်…. နင်က သူဘုရားရှိခိုးတာကို မကြိုက်လို့ စိတ်နောက်အောင်လုပ်လိုက်တာလား”
” ဟုတ်တယ်… ငါ့အပင်နားမှာ သူလာရွတ်ရင် ငါနေလို့မရဘူးဟ.. ဒါကြောင့် ငါ့ခြေထောက်ကို သူ့မြင်အောင်ပြလိုက်တာ”
” တယ်… ဒီမိန်းမကတော့ … စေတီရှိမှတော့ ဘုရားသံတရားသံကြားရမှာပေါ့… ငါတို့လဲနေ့တိုင်း ဘုရားရှိခိုးနေတာ ဘာလို့ သူ့ကိုမှလုပ်ရတာလဲ”
” နင်တို့ကိုလုပ်မရလို့ပေါ့ဟဲ့… နင်တို့ကငါ့ထက်မြင့်နေလို့ သည်းခံနေတာ… လုပ်လို့ရရင် ဂုတ်ကနေဆွဲပြီး ထန်းပင်နဲ့ရိုက်သတ်တယ် ဟင်းဟင်း”
လက်ချမီးလ်စကားကြောင့် နားထောင်နေတဲ့သူတွေအားလုံး ထိတ်လန့်သွားကြပြီး ခွန်းလှကို လေးစားအားကျတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့ကြတယ်။
” အခု ငါတို့ကို လုပ်မရဘူးဆိုတာသိတယ်ဆိုတော့ ဒီကောင်လေးကိုလဲ ထပ်ပြီးမနှောက်ယှက်နဲ့တော့… စကားနဲ့ပြောနေချိန်လက်မခံဘူးဆိုရင်တော့ မွှေးညှင်းတစ်ပေါက်ကို ဓါးတစ်ချောင်းစိုက်ထည့်ရလိမ့်မယ်”
” ဟင်းဟင်း… နင်တို့ကိုမလွန်ဆန်နိုင်တော့လဲ… ပြောတဲ့အတိုင်းလုပ်ပေးရမှာတော့မှာပေါ့… နောက်တစ်ခါ ငါရှိတဲ့အပင်နားမှာ အခုလိုတွေလာမရွတ်ဖို့ပြောပေး”
” ဟာ… ဒီမိန်းမကတော့ ဘုရားစေတီဆိုမှတော့ ဘုရားသံတရားသံကြားရမှာပေါ့… သင်မကြားချင်တိုင်း ငါတို့ကမရွတ်ဖို့ပြောပေးရမှာလား … ငါလုပ်လိုက်ရ နာတော့မယ်”
ခွန်းလှရဲ့ မာန်မဲသံကြောင့် လက်ချမီးလ် ဘာမှထပ်မပြောတော့ပဲ ငြိမ်ကျသွားခဲ့တယ်။
” ရော့… ဒီသစ္စာရေသောက်… နောက်တစ်ခါ ထပ်လုပ်ရင် နင်၀မ်းထဲကနေ သွေးပွက်ပွက်အန်လိမ့်မယ်”
လက်ချမီးလ်က သစ္စာရေသောက်ဖို့ကို အင်တင်တင်လုပ်နေတာကြောင့် ဂိုဏ်းစောင့်တွေကိုဆင့်ခေါ်ပြီး လည်ပင်းကိုဓါးမိုး သောက်ခိုင်းခဲ့ရတယ်။
ကြည့်ရှုနေကြတဲ့ လူတွေလဲ ခွန်းလှတို့အစွမ်းကိုမြင်ပြီးမှ လာမိတ်ဆက်သူမိတ်ဆက်၊ သူ့အိမ်ကြွပါ– ငါ့အိမ်ကြွပါလို့ပြောတဲ့သူပြောဖြစ်ကုန်ကြတယ်။
ခွန်းလှတို့လဲ နေမွန်းတည့်နေပြီမို့ ဘယ်သူ့အိမ်မှဆက်မသွားတော့ပဲ စေတီကိုသာပြန်လာခဲ့လိုက်တယ်။

– – – – – – – – –

အချိန်ကမှောင်စပျိုးနေပီမို့ တောင်ကုန်းစေတီတစ်ခုလုံး တိတ်ဆိတ်နေပြီး ထီးတော်မှာချိတ်ဆွဲထားတဲ့ ဆည်းလည်းအသံလေးတွေကသာ ရံဖန်ရံခါထွက်ပေါ်လာခဲ့တယ်။
အဲဒီအချိန် စေတီပေါ်ကို ရေးကြီးသုတ်ပြာနဲ့တက်လာတဲ့ သူလေးယောက်ကို စောင်းတန်းထဲကနေ လှမ်းမြင်လိုက်ရတယ်။
” ဆရာ… ကျွန်တော်တို့တော့ ကိစ္စပေါ်ပြီထင်တယ်”
မောင်ကောင်းစကားကြောင့် အောင်မြတ်သာက သူတို့ဆီလျောက်လာတဲ့သူတွေကို လှမ်းကြည့်လိုက်ပြီး မိုင်းကိုင်စက္ကူတွေကို လွယ်အိတ်ထဲအစီအရီထည့်နေလိုက်တယ်။
” ဆရာလေး… ဆရာလေးတို့ကို လိုက်ရှာနေတာ မောလိုက်တာဗျာ”
နဖူးစပ်ပေါ်က ချွေးစတွေကို လုံချည်နဲ့သုတ်ရင်းပြောလိုက်တဲ့ မျက်နှာစိမ်းလူကြောင့် မောင်ကောင်းတို့ထိုင်နေရာကနေထလိုက်ပြီး –
” ကျုပ်တို့ကိုလိုက်ရှာနေတယ်ဆိုတော့ ဘာကိစ္စများရှိလို့လဲ”
” မနက်က ဆရာလေးတို့အစွမ်းကိုမြင်ပြီး လေးစားနေတာ၊ အခုလဲ ကျုပ်ရဲ့ညီတစ်၀မ်းကွဲ ဒုက္ခရောက်နေလို့ ကူညီပါဦးဗျာ”
” ဘယ်လိုဒုက္ခရောက်နေတာလဲ သေချာလေးပြောပါဦး”
” ဒီလိုပါဆရာလေး… မနေ့ညက ဒီကောင်အရက်မူးပြီး အိမ်ကိုပြန်ရောက်လာတယ်၊ ကျုပ်တို့လဲ ဒီကောင် နေ့တိုင်းမူးနေတာဆိုတော့ မသိချင်ယောင်ဆောင်ပြီး နေနေလိုက်တာပေါ့၊ ညသန်းခေါင်အချိန်ရောက်ဝောာ့ သူ့လည်ပင်းကို တက်နင်းထားတယ်လို့ အသံနက်ကြီးနဲ့ထအော်တာ၊ ပြီးတော့ ပြန်အိပ်ပျော်သွားတယ်… အဲဒီထိဘာမှမဖြစ်သေးဘူး.. ဆရာလေးတို့ ကျော်စွာကို ကုပေးပြီးတဲ့ချိန်ရောက်မှ ဒီကောင် ကပ်ပယ်အိတ်က တစ်ဖြေးဖြေးယောင်ကိုင်းလာတာ… အခု‌ဆို အပေါ့တောင်သွားမရအောင် ဖြစ်နေလို့ ကူညီပါဦးဆရာလေးတို့ရယ်”
” သူကအရင် ခုလိုမျိုးဖြစ်ဖူးလား”
” မဖြစ်ဘူးပါဘူးဆရာတို့ရယ်… ကျွန်တော်စိတ်ထင်ပြောရရင် ဒီကောင်ညက မူးမူးရူးရူးနဲ့ ဘာတွေလျောက်လုပ်ခဲ့လဲမသိပါဘူး… ဖြစ်နိုင်ရင် အိမ်ကိုလိုက်ပြီး ကြည့်ပေးပါလို့တောင်းဆိုပါတယ်”
မောင်ကောင်းနဲ့ခွန်းလှက အကူညီတောင်းခံသူတွေရဲ့စကားကြောင့် အောင်မြတ်သာကိုလှမ်းကြည့်လိုက်ရာ –
” အကူညီတောင်းနေတော့လဲ လိုက်သွားပေးရတာပေါ့… မင်းတို့နှစ်ယောက်ပါ လိုက်ခဲ့ကြ”
” ကျေးဇူးတင်ပါတယ် ဆရာတို့ရယ်… ကျွန်တော်တို့ရှေ့ကနေလမ်းပြပေးပါ့မယ်”
လူစိမ်းနှစ်ယောက်က အောင်မြတ်သာတို့ကိုခေါ်ပြီး စေတီပေါ်ကနေဆင်းလာတဲ့ချိန် လှေကားရင်းမှာ အမြှီးလေးတနှံ့နှံ့နဲ့စောင့်နေတဲ့ ငနီကိုမြင်လိုက်ရတယ်။
ခွန်းလှက ငနီကိုမြင်တော့ ထန်းလျက်တစ်လုံးကို စုပ်ပီး ပစ်ကျွေးလိုက်တယ်။
” ဒီကောင်က ဆရာလေးတို့နဲ့သိနေတာလား…”
” ဟုတ်တယ်လေ ဘာဖြစ်လို့လဲ… ငနီကိုသိလို့လား”
” ဒီရပ်ကွက်မှာ ငနီကိုမသိတဲ့သူမရှိဘူး… ဒီကောင်က အစာစားချိန်ဆို ရပ်ကွက်ထဲလာတတ်တယ်… သူလာပီဆိုရင် နယ်ခံခွေးတွေအကုန် အမြှီးကုပ်ပြီး ပြေးတာ”
” ဟင်… ဘာဖြစ်လို့လဲ”
” အဲဒါတော့မသိဘူး… ငနီက ဒီရပ်ကွက်မှာမွေးတာလဲမဟုတ်ဘူးဗျ… ဘယ်ကရောက်လာမှန်းလဲမသိဘူး… ထူဆန်းတာက သူ့ကိုဆို ဘယ်ခွေးမှမကိုက်ရဲတာပဲ”
” ဒါဆို ဒီကောင်က တော်တော်ထူဆန်းတာပဲ– အော် ဒါနဲ့ မိတ်ဆွေတို့နာမည်ကိုဘယ်လိုခေါ်ရမလဲ”
” အာ… ဟုတ်သားပဲ… လူနာအကြောင်းပြောနေတာနဲ့ မိတ်ဆက်ဖို့တောင် မေ့နေတာ… ကျွန်တော်နာမည်က မောင်စိုးလို့ခေါ်တယ်… သူကတော့ ၀င်းတင်တဲ့”
” ကျုပ်တို့နာမည်က ခွန်းလှနဲ့မောင်ကောင်းလို့ခေါ်တယ် –
ဒီဘက်ကတော့ ကျုပ်တို့ဆရာ အောင်မြတ်သာလို့ခေါ်ပါတယ်”
” ဆရာတို့နဲ့ဆုံရတာ အတော်ကံကောင်းတယ်… နောက်ဆို ဘယ်သူကို ပြလို့ပြရမှန်းသိမှာမဟုတ်ဘူး”
မောင်စိုးက စကားကိုရေပက်မ၀င်အောင်ပြောပြီး ခေါ်လာခဲ့ရာ ဖက်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းအိမ်တစ်လုံးရှေ့ကိုရောက်လာခဲ့တယ်။
” အေးခင်ရေ… ဆရာတွေကြွလာပြီ… နေရာလုပ်ထားဦး”
မောင်စိုးအသံကြောင့် အသက်လေးဆယ်အရွယ်မိန်းမကြီးတစ်ယောက်က ပြာပြာသလဲလဲနဲ့ ဘုရားကျောင်းဆောင်ရှေ့မှာ ဖျာတစ်ချပ်ခင်းချလိုက်တယ်။
” ဟဲ့… မိတင်စိန်… ကျော်အေးထွန်း နင်တို့ကလဲ လမ်းဖယ်ကြပါဦး… ဘာမှတောင်မသိရသေးဘူး စပ်စုဖို့ထိပ်ဆုံးကနေရာယူနေကြတာ”
အေးခင်ဆိုတဲ့မိန်းမကြီးက အိမ်ပေါက်၀မှာထိုင်နေတဲ့ သူတွေကို ပြောဆိုပြီး အောင်မြတ်သာတို့ကို ခေါင်းရင်းကိုပင့်လာခဲ့တယ်။
အိမ်ပေါ်ရောက်လို့ မျက်လုံးဝေ့ကစားလိုက်ရာ အိမ်ရှေ့မှာ စုတ်သသတ်သတ်နဲ့ညဉ်းတွားနေတဲ့ အသက်နှစ်ဆယ်ကျော်အရွယ်လူငယ်တစ်ယောက်ကိုမြင်လိုက်ရတယ်။
အောင်မြတ်သာလဲ အိမ်ပေါ်ရောက်တာနဲ့ ဘုရားမီးပူဇော်ပြီး အိမ်တွင်းအိမ်ပြင်မှာရှိတဲ့ အစောင့်ရှောက်တွေကိုနေတ္တာပို့ပြီး အထက်ဆရာတွေထံ ခွင့်ပန်လိုက်တယ်။
အမှုကိစ္စအ၀၀ပြီးပြီဆိုတာနဲ့ လူနာကို အရှေ့ခေါ်ပြီး စိုက်ကြည့်လိုက်ရာ ခန္ဓာကိုယ်ထဲကနေ အခြားသူပယောဂကြောင့်ဖြစ်ပေါ်နေတဲ့ အခိုးငွေ့တွေကိုမြင်တွေ့လိုက်ရတယ်။
” ကဲ… မင်း နာမည်ဘယ်လိုခေါ်လဲပြောပါဦး”
” ကျော်… ကျော်လင်းလို့ခေါ်ပါတယ်”
” မနေ့ညက မင်းဘာတွေလုပ်ခဲ့လဲ မှတ်မိလား”
” မနေ့ညဦးပိုင်းက ဒေါ်ဘုတ်ဆုံဘုံဆိုင်မှာ အရက်သောက်ခဲ့တယ်ဆရာ… ခါတိုင်းဒီလောက်မသောက်ပေမယ့် ညကအတော်ကိုသောက်မိသွားတာကြောင့် အသိစိတ်က လွတ်ထွက်သွားတာ… ကျွန်တော် အိမ်ကိုဘယ်လိုပြန်ရောက်လာလဲဆိုတာတောင် ဝိုးတဝါးပဲမှတ်မိတော့တယ်”
” လမ်းမှာရော… ဘယ်လိုအရာတွေလုပ်ခဲ့တယ်ဆိုတာ မှတ်မိလား”
” ဘုရားဘေးက ဖြတ်လာတော့ ငနီက ကျွန်တော်ကိုဟောင်တာတော့မှတ်မိတယ်–  ကျန်တာကို ပြန်စဉ်းစားလို့မရတော့ဘူး”
” အခု– မင်းဘယ်လိုခံစားနေရလဲ”
” ကျွန်တော် ဆီးအရမ်းသွားချင်နေတယ်ဆရာ…ဒါပေမယ့် ဆီးက မထွက်ပဲ ဟို… ဟိုနေရာက ဖောင်းတင်းလာတယ်… အခုဆို ဆီးမသွားရလို့ ကိုက်ခဲနေတာ ထမင်းတောင်မစားနိုင်ဘူးဆရာ”
” ဟုတ်ပီ… မင်း နေသာသလို နေနေပါ… ကျုပ်ကို ရေသန့်သန့်တစ်ခွက်ပေးလို့ရမလား”
“ဟုတ်ကဲ့ဆရာ အခုယူပေးပါမယ်”
အောင်မြတ်သာလဲ ရေသန့်ခွက်ရတာနဲ့ ညာလက်ညိုးကို ရေထဲစိမ်ပီး ဂါထာတစ်ပုဒ်ကိုကိုးခေါက်တိတိရွတ်ဖတ်နေလိုက်တယ်။ ပြီးတာနဲ့ ကျော်လင်းရဲ့ မျက်လုံးထဲကို ခပ်လိုက်ရာ
” အား… စပ်တယ် ဆရာ– ရေထဲမှာဘာပါလဲမသိဘူး”
” ဒေါ်အေးခင် အနားခဏလာပါဦး”
ဒေါ်အေးခင်အနားရောက်လာတော့ အောင်မြတ်သာက ရေခွက်ထဲကရေကိုပဲ မျက်လုံးထဲခပ်ပေးလိုက်ရာ –
” ဘယ်လိုခံစားရလဲ အရီး”
” ဘာမှမဖြစ်ပါဘူးဆရာ… မျက်လုံးထဲအေးနေတာပဲ”
” ကျုပ်လဲ အကုန်လုံးကိုစိတ်ရှင်းစေချင်လို့ စမ်းပြတာပါ– ကျော်လင်းကိုခပ်တဲ့အချိန်စပ်ရတယ်ဆိုတာက သူ့ကိုယ်မှာ အခြားသူတစ်ယောက်ရဲ့ အမှောင့်ပယောဂရှိနေလို့ပဲ”
” ကျွန်မတို့ ဘယ်လိုလုပ်ရပါ့မလဲဆရာ”
” ဒီကိစ္စမှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ မသိရသေးတာမို့… သေချာအောင်ခေါ်မေးရတော့မယ်”
အောင်မြတ်သာလဲ ကျော်လင်းရဲ့ ဦးခေါင်းကိုလက်နဲ့ကိုင်ပြီး –
” ကာယကံရှင်မှာ ဖြစ်ပေါ်ခံစားနေရတဲ့ ရောဂါဝေဒနာဟာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပဲ တစ်စုံတစ်ယောက်က ပြုလုပ်ထားတာဆိုရင် ပြုလုပ်ထားတဲ့ပုဂ္ဂိုလ် အခုချက်ချင်းရောက်စေ” လို့ပြောလိုက်ရာ ‌တင်ပလ္လင်ခွေထိုင်နေတဲ့ ကျော်လင်းက ဝုန်းခနဲထရပ်ကာ ပုဆိုးကိုခါးတောင်းကျိုက်ပီး လက်ခမောင်းကို တဖြောင်းဖြောင်းခတ်ပါလေရော။
” ကဲကဲ… ရောက်လာပြီဆိုတော့ ဘုရားကိုအရင်ဦးတိုက်လိုက်ပါဦး”
ကျောင်လင်းတစ်ဖြစ်လဲ ၀င်စီးနေတဲ့သူက အောင်မြတ်သာစကားကိုကြားတော့ ဒူးနှစ်ဖက်ကို ဝုန်းခနဲပစ်ချပြီး ကြမ်းကိုနဖူးနဲ့ဆောင့်ကာ ဘုရားကိုဦးတိုက်ခဲ့တယ်။
” ဒုန်း ဒုန်း ဒုန်း… ခွပ်”
ပြင်းထန်လှတဲ့ ခေါင်းဆောင့်ချက်ကြောင့် ကျော်လင်းရဲ့ နဖူးကနေ သွေးတွေဖြာခနဲ ကျဆင်းလာခဲ့တယ်။
ကျော်လင်းက နဖူးကသွေးတွေကို လက်ညိုးနဲ့ကော်ယူပြီး ‌ပေါင်ပေါ်မှာ ထိုးကွင်းမှင်ကြောင်ပုံစံရေးဆွဲကာ အောင်မြတ်သာကို ထီမထင်တဲ့မျက်နှာပေးနဲ့ကြည့်နေခဲ့တယ်။
” ကဲ… သင်အမှုကိစ္စပြီးပြီဆိုတော့ ကျုပ်မေးရမယ့်အလှည့်ပေါ့… အခု၀င်ရောက်ပူးကပ်နေတာ ဘယ်သူများလဲ”
ပထမအကြိမ်… ဒုတိယအကြိမ်မေးတာကိုမဖြေတာကြောင့် ရေမန်းခွက်ထဲက ရေနဲ့တောက်ဖို့လုပ်တော့မှ
” ငါက ရွှေမှုန်ပဲကွ….ငါ ဒီကောင်ကို သတ်မလို့ လုပ်ထားတာ… နင်တို့ဘာ၀င်ရှုပ်တာလဲ”
” သူ့ကဘာအမှားလုပ်ထားလို့ သတ်ချင်ရတာလဲ”
” ဒီကောင် ငါနေတဲ့ ညောင်ပင်အောက်မှာ ကျင်ငယ်စွန့်သွားတယ်လေ… ဒါကို ငါကသည်းခံစရာလား”
” ကျုပ်သူ့ကိုမေးကြည့်တော့ ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူးဆိုတာသိခဲ့ရတယ်၊ ဒီကလေးက အမူးလွန်နေတာကြောင့် ခုလိုဖြစ်သွားတာပါ… အဖိုးကလဲ သည်းခံပေး… သူသတိရတာနဲ့ အုန်းပွဲငှက်ပျောပွဲနဲ့ ပြန်တောင်းပန်ခိုင်းလိုက်ပါမယ်”
” ငါခွင့်မလွှတ်နိုင်ဘူး… ဒီကောင်ကိုသတ်ရမှကျေနပ်မယ်”
” အဖိုး… အသက်တွေလဲကြီးနေပါပြီဗျာ… ဒေါသလေးကိုလျော့ပါတော့…. ကျုပ်က အဖိုးကို နာကျင်အောင်မလုပ်ချင်လို့ ဒီကလေးအစား တောင်းပန်ပေးနေတာပါ… ကျုပ်မျက်နှာကိုထောက်ထားပြီး ဒီတစ်ခါ ခွင့်လွှတ်ပေးလိုက်ပါ”
” တောက်စ်… နင့်ကြောင့်နော်… မဟုတ်ရင် ဒီကောင်အသေပဲ”
” အဖိုးက လက်ဝှေ့သမားထင်တယ်… ဘယ်လိုလဲ လက်ဝှေ့ယိမ်းလေးပြပြီး တစ်ပွဲလောက်မစမ်းချင်ဘူးလား”
အောင်မြတ်သာရဲ့ စိတ်လွှဲတဲ့စကားကြောင့် ‌ဖိုးရွှေမှုန်က လက်ဝှေ့ယိမ်းကို ဟန်ပါပါပြပြီး
” ငယ်မူငယ်သွေးတွေပြန်ကြွအောင် နင်လုပ်နေတာပဲ… လာစမ်းပါ… ဘယ်ကောင်လာမလဲ… တစ်ချီလောက် လက်ရည်စမ်းချင်လို့”လို့ပြောလိုက်တဲ့ချိန်မှာပဲ ကရင်သင်တိုင်း၀တ်ထားတဲ့ အဖိုးကြီးတစ်ယောက် ပေါ်လာခဲ့တယ်။


ကရင်သင်တိုင်း၀တ်ထားတဲ့အဖိုးအိုကိုတော့ အောင်မြတ်သာတို့ဆရာတပည့်တွေကပဲမြင်နေခဲ့တယ်။
” အဖိုးစိတ်ကျေနပ်အောင် ဇွဲကပင်တောင်က အဖိုးကိုဖိတ်ထားပေးတယ်… အချင်းချင်း လက်ဝှေ့ယိမ်းပြပြီး အကဲစမ်းကြပေတော့…”
အောင်မြတ်သာစကားအဆုံးမှာ ဖိုးရွှေမှုန်က ဇွဲကပင်အဖိုးနဲ့ လက်ဝှေ့ကစားပါလေရော။
ယိမ်းတယ်… ခတ်တယ်.. ရှောင်တယ်… ထိုးတယ်…. ကန်တယ်.. စတဲ့ဟန်ပန်တွေကို လက်ဝှေ့သမားတစ်ယောက်လို ပြနေရင်း သုံးမိနစ်လောက်ကြာတော့
” အဖိုး… ဒီလောက်ဆို ကျေနပ်လောက်ပြီထင်ပါတယ်… ပင့်ဖိတ်တာကိုလာရောက်ပေးတဲ့ ဇွဲကပင်အဖိုးကိုလဲ ကျေးဇူးတင်ပါတယ်” လို့ပြောလိုက်တော့မှ ငြိမ်သွားခဲ့တယ်။
” အဖိုးလဲ စိတ်ကျေနပ်ပီဆိုတော့ ဒီကောင်လေးကို လာတောင်းပန်ခိုင်းလိုက်ပါမယ်…”
” အေး… ဒီတစ်ခါတော့ နင့်မျက်နှာကြောင့် ခွင့်လွှတ်ပေးလိုက်မယ်… နောက်တစ်ခါဆို သေပီမှတ်”
” အဖိုး… မထွက်သွားနဲ့ဦး… ခုနက အဖိုးလုပ်ထားတဲ့ဖြစ်နေတဲ့ ဒဏ်ရာတွေကို အကုန်ပြန်ယူသွားပေးပါ”
အောင်မြတ်သာစကားကြောင့် ဖိုးရွှေမှုန်က ဆံဖျားကနေ ခြေဖျားထိကိုလက်နဲ့သပ်ချပြီး ဆွဲယူကာ ဗိုင်းခနဲလဲကျသွားခဲ့တယ်။
အဲဒီမှာထူးဆန်းတာက ဖိုးရွှေမှုန်ထွက်သွားတာနဲ့ နဖူးမှာကွဲနေတဲ့ဒဏ်ရာက အမာရွတ်ပင်မကျန်အောင် ပျောက်ကွယ်သွားပြီး ယောင်ကိုင်းနေတဲ့ ကပ်ပယ်အိတ်က မူလအတိုင်းပြန်ဖြစ်သွားခဲ့တယ်။
အောင်မြတ်သာလဲကတိအတိုင်း အုန်းပွဲကန်တော့ပွဲကိုအမြန်ပြင်စေပြီး ဖိုးရွှေမှုန်နေထိုင်တဲ့ ညောင်ပင်အောက်မှာ ချက်ချင်းတောင်းပန်စေခဲ့တယ်။
အဲဒီချိန်ကစပြီး ဖိုးရွှေမှုန်နေတဲ့ညောင်ပင်အောက်မှာ ဘယ်သူမှအပေါ့မစွန့်ရဲကြတော့ပေ။

– – – – – – – – –

ညသန်းခေါင်အချိန်ရောက်တော့ တရားထိုင်နေတဲ့ အောင်မြတ်သာရဲ့ နားထဲမှာ –
” လူလေး… မင်းကိုအရေးကြီးတဲ့တာ၀န်တစ်ခုပေးဖို့ရှိတယ်… အဲဒီတာ၀န်က ကုန်းဘောင်ခေတ်အဆက်ဆက် ပူဇော်ခဲ့တဲ့ ရွှေစင်ရုပ်ထုတွေထဲက တစ်ရုပ်ဖြစ်တဲ့ မြောက်နန်းမိဘုရားမယ်လွန်းသူရဲ့ ရွှေစင်ပုံတူရုပ်ကိုရှာပေးဖို့ပဲ၊ ရွှေစင်ရုပ်ထုရဲ့အမြင့်က ၁၅လက်မရှိပြီး ငါတို့နိုင်ငံကို တိုင်းတစ်ပါးသားတွေမသိမ်းပိုက်မီထဲက ပျောက်ချင်းမလှပျောက်သွားခဲ့တယ်၊ ဒီရွှေဆင်းတုရုပ်နဲ့ပတ်သတ်တဲ့ ပဌာန်းဆက်တွေ လူလေးဆီကိုရောက်လာကြလိမ့်မယ်၊ ဉာဏ်ကိုလွှာသုံးပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်ပါစေ” ဆိုတဲ့ဆရာသခင်အသံကိုကြားလိုက်ရတယ်။
ဒီတာ၀န်ကို အောင်မြတ်သာတို့ ကျေပွန်အောင် ဆောင်ရွက်နိုင်မလား၊ ဘာတွေကြုံတွေကြဦးမလဲဆိုတာကိုတော့ အောင်မြတ်သာ၀တ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
‌ဇေယန(ရာမည)

Leave a Comment