အောင်မြတ်သာနှင့်ထူးဆန်းသောဘုရားငုတ်တို

” အောင်မြတ်သာနှင့်ထူးဆန်းသောဘုရားငုတ်တို ”
စာရေးဆရာ—ဇေယန (ရာမည)
+++++++++++

“” ရွှေပေါ်ကျွန်းမြို့မှ ကြိုဆိုပါ၏ “” ဆိုတဲ့ဆေးရောင်မှန်ဖျော့နေတဲ့ဆိုင်းဘုတ်အောက်မှာတော့ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက် ခေတ္တအနားယူနေခဲ့ကြတယ်။
ရွှေပေါ်ကျွန်းမြို့လို့ဆိုပေမယ့် တကယ်တော့ ရွာကြီးတစ်ခုသာသာပဲရှိနေသလို မြိုအ၀င်လမ်းမကြီးကလဲ သွားလာသူကျိုးတိုးကျဲတဲနဲ့ အနည်းငယ်ခြောက်ကပ်နေခဲ့တယ်။ မြို့ရဲ့အရှေ့ဘက်မှာတော့ မှိုင်းညို့နေတဲ့ တောင်တန်းတစ်ခုတည်ရှိပြီး အနောက်ဘက်မှာတော့ ငလျင်ဒဏ်ကြောင့်ပြိုပျက်ခဲ့ဖူးတဲ့ စေတီပုထိုးတွေထိုးထိုးထောင်ထောင်နဲ့တည်ရှိနေခဲ့တယ်။ လမ်းမကြီးကတော့ မြိုရဲ့ တောင်နဲ့မြောက်ကို ဖြတ်ပြီးတည်ဆောက်ထားတဲ့အတွက် မြို့ခံအိမ်တွေကတော့လမ်းမကြီးရဲ့ ဘေးဘယ်ညာဘက်ခြမ်းတွေမှာရှိနေခဲ့ကြတယ်။ ရွှေပေါ်ကျွန်းမြို့သူမြိုသားတွေကတော့ ခြံလုပ်ငန်းလုပ်ကိုင်သူတွေများကြပြီး အချို့ကတော့ မိရိုးဖလာလယ်လုပ်ငန်းကိုလဲလုပ်ကိုင်ခဲ့ကြတယ်။ စီးပွားရေးအတန်သင့်ပြေလည်ပြီး ဘာသာရေးကိုင်းရှိုင်းကြတဲ့ ရွှေပေါ်ကျွန်းမြို့လေးကို မယောင်မလည်တဲ့ရောက်လာတဲ့ အောင်မြတ်သာတို့ကတော့ မြို့အ၀င်ဇရပ်လေးမှာခေတ္တအနားယူပြီး မြို့ထဲ၀င်လာတဲ့အချိန်မှာတော့ ချေးအထပ်ထပ်တက်နေတဲ့ သက္ကလပ်ကုတ်အင်္ကျီနဲ့ ကာကီဘောင်းဘီကို၀တ်ဆင်ထားတဲ့ အသက်၃၀အရွယ်လူတစ်ယောက်က လမ်း‌ဘေးမှာထိုင်ပြီးကျွတ်ကျွတ်အိတ်နဲ့ထုပ်ထားတဲ့အရာတစ်ခုကို ပလုပ်ပလောင်းစားနေတာကိုမြင်လိုက်ရတယ်။
” ဟေ့လူတွေ ငါ့ကိုဘာလို့ကြည့်နေတာလဲ—  ငါ့မှာရှိတာတွေကိုတော့ လာမလုနဲ့နော်— ငါ့ဆီကလုရင် နင်တို့ကို မြပန်းနွယ်နဲ့တိုင်ပြောလိုက်မယ်—”
မရိတ်သိမ်းထားတဲ့ မုတ်ဆိတ်ကျင်စွယ်တွေနဲ့ ညစ်ပတ်ပေရေတဲ့ပုံစံဖြစ်နေတဲ့လူရဲ့စကားကြောင့် အောင်မြတ်သာက ဘေးတစ်ဖက်ကိုမျက်နှာလွှဲလိုက်ပြီး မြို့ထဲကို၀င်လာခဲ့လိုက်တယ်။ အတန်ကြာလမ်းလျောက်လာပြီးချိန်မှာတော့ စုရုံးစုရုံးဖြစ်နေတဲ့လူအချို့ကြောင့် ခြေလှမ်းတွေကိုရပ်လိုက်ပြီး ကြည့်လိုက်ရာ သီးပင်စားပင်တွေ စိုက်ထားတဲ့ ခြံ၀င်းတစ်ခုထဲမှာ လဲကျနေတဲ့ ကလေးတစ်ယောက်ကိုမြင်လိုက်ရတယ်။ သူ့ရဲ့ဘေးမှာတော့ ပြန့်ကျဲနေတဲ့ ဆီးသီးအချို့နဲ့အတူ မျက်နှာငယ်လေးတွေနဲ့ထိုင်နေကြတဲ့ ဆယ်ကျော်သက်လူငယ်နှစ်ယောက် –
” မင်းတို့ကောင်တွေကွာ… ဒီလောက်မြင့်တဲ့အပင်ကိုမှ တက်ရတယ်လို့… ”
အသက်၅၀အရွယ်လူကြီးတစ်ယောက်က သတိလစ်မေ့မျောနေတဲ့ ကလေးကိုပွေ့ထားပြီး ဘေးမှာထိုင်နေတဲ့သူတွေကို ပြစ်တင်ကြိမ်းမောင်းလိုက်တယ်။
” ကိုအံ့ကြီး… ရှင်ဆူနေလို့ ဒီကလေးက သတိလည်လာမှာမဟုတ်ဘူး… ဆေးရုံကိုပို့ဖို့လုပ်ရမယ်လေ”
” ငါ ကားခေါ်ခိုင်းထားပါတယ်… ဒါနဲ့ ဒီကလေးတွေရဲ့ မိဘတွေကိုအသိပေးရဦးမယ်မဟုတ်လား”
ကိုအံ့ကြီးဆိုသူရဲ့စကားကြောင့် လူအုပ်ထဲက တစ်ယောက်က
” အခုသတိလစ်နေတဲ့ကလေးက ငွေလွင်ရဲ့သားမဟုတ်လား…”
” ဟုတ်တယ် ဦးလေး… သူ့အဖေကိုသိလို့လား”
” တစ်မြို့ထဲသားတွေပဲ သိတာပေါ့ကွ… ကဲ ကိုအံ့ကြီးက ဒီကလေးကို ဆေးရုံခေါ်သွားပေး… ကျုပ်က သူ့မိဘတွေကိုအကြောင်းကြားပြီးလိုက်လာခဲ့မယ်”
အောင်မြတ်သာတို့လဲ ဘေးကနေ နားထောင်နေရင်း ဖြစ်ကြောင်းကုန်စင်ကိုသိလိုက်ရတဲ့အတွက် သတိလစ်နေတဲ့ကလေးနားကိုတိုးလာပြီး –
” ကလေးက အကြောက်လွန်ပြီးမေ့သွားတာဖြစ်မယ်… ကျုပ်တတ်သလောက် လုပ်ကြည့်ပါရစေ” လို့ပြောတော့ ကိုအံ့ကြီးက –
” လုပ်တတ်ရင် လုပ်ပေးပါဦးဗျာ… ကျုပ်မလဲ ဒီဆီးပင်ကြောင့် နှစ်တိုင်းလိုလို ဆေးရုံပို့နေရတယ်…” ‌လို့ရေရွတ်ပြီး သတ်လစ်နေတဲ့ ကလေးကို အောင်မြတ်သာလက်ထဲထိုးပေးလိုက်တယ်။
” ဓါးမနဲ့ ရေတစ်ပုံလောက်ရမလား”
” ရပါတယ် ရပါတယ်… ခဏလေးနော်”
အနားမှာရှိတဲ့သူတွေက ကပြာကယာနဲ့ ဓါးမနဲ့ ရေပုံးကို ယူလာပေးခဲ့ရာ အောင်မြတ်သာက ဘေးမှာချခိုင်းလိုက်ပြီး ကလေးကို မောင်ကောင်း ပေါင်ပေါ်မှာပေးမှီထားလိုက်တယ်။
” အပင်က အတော်ကြီးတာပဲ… သက်တမ်းဘယ်လောက်ရှိပြီလဲဗျ”
” ကျုပ်ကလေးဘ၀ထဲက ဒီအပင်ရှိနေတာဆိုတော့ နှစ်၄၀-၅၀လောက်တော့ကြာပီထင်တယ်”
အောင်မြတ်သာလဲ ဓါးမနဲ့ရေပုံးကိုဆွဲယူပြီး ကလေးပြုတ်ကျတဲ့နေရာကို ဓါးဦးနဲ့မြေလှန်ကာ ရေပုံးကိုလောင်းချလိုက်ပြီး –
” အပင်မှာ စောင့်ကြပ်နေတဲ့ အစောင့်အရှောက်များကို ကျုပ်ကပဲ မေတ္တာရပ်ခံပါတယ်… ဒီကလေးက အမှားကျူးလွန်ခဲ့ရင်လဲ ကျုပ်မျက်နှာကိုထောက်ထားပြီး ခွင့်လွှတ်ပေးကြပါ… သင်တို့အနေနဲ့ ကလေးအပေါ် ဒဏ်ပေးထားတာရှိရင်လဲ ပြန်လည်နှုတ်ယူကြဖို့ ထပ်လောင်းမေတ္တာရပ်ခံပါတယ်…” လို့ပြောပြီး နောက်ကိုလှည့်လိုက်ရာ သတိလစ်နေတဲ့ကလေးက ရုတ်တရက်သတိပြန်လည်လာပြီး ဘေးဘီကိုကြောင်တောင်တောင်မျက်လုံးတွေနဲ့ လိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။
” ဟေး… သတိရလာပြီကွ… ”
” ထူးဆန်းလိုက်တာ… ဒီလူစကားဆုံးတာနဲ့ သတိရလာတာနော်…”
” သူတို့ကိုလဲ ဒီမြို့မှာတစ်ခါမှမတွေ့ဖူးဖူး… ခရီးသွားရင်း လမ်းကြုံလို့၀င်ကူညီကြတဲ့ဆရာတွေများလား”
ရပ်ကြည့်နေတဲ့ လူတွေထဲကနေ တီးတိုးစကားသံတွေထွက်လာသလို အချို့ကလဲ အောင်မြတ်သာတို့ကို ဖော်ရွှေတဲ့မျက်လုံးတွေနဲ့ကြည့်ကာ ကျေးဇူးတင်စကားလာရောက်ပြောဆိုကြတာတွေလဲရှိခဲ့တယ်။
ခဏနေတော့ ကလေးရဲ့မိဘတွေရောက်လာပြီး အောင်မြတ်သာကို ကျေးဇူးတင်စကားအထပ်ထပ်ဆိုကာ ကလေးကိုပြန်ခေါ်သွားခဲ့ကြတာကြောင့် ကိုအံ့ကြီးက ခေါင်းကိုခါယမ်းပြီး –
” ဒင်းတို့လေးတွေ အတော်ကိုမွှေကြတာ… ကျုပ်လောက်အော်တာလဲကျုပ်ပဲ… ဒါပေမယ့် လစ်ရင်လစ်သလို အပင်ပေါ်တက်ကြတာ…ဟူး”
” ကလေးတွေဆိုတာ ဒီလိုပါပဲဗျာ…. ဒီအတွက်ကြောင့် အပင်ကိုခုတ်လှဲတာတော့မလုပ်ပါနဲ့…”
” ကျုပ်က ခုတ်ချင်နေတာကြာပီဗျ… ခုတ်မယ်လုပ်ရင် အိမ်မက်ထဲမှာ မခုတ်ဖို့လာပြောတာမို့ ဒီတိုင်းပြန်ထားထားတာ… ဒါနဲ့ ငါ့တူတို့က ဒီမြို့ခံတွေမဟုတ်ဘူးနဲ့တူတယ်”
” မဟုတ်ပါဘူး… ကျုပ်တို့က လမ်းကြုံလို့ ဖြတ်သွားရင်း ၀င်ကူညီလိုက်တာပါ”
” ငါ့တူတို့က ဒီလိုကိစ္စတွေ အတွေ့အကြုံရှိတယ်နဲ့တူတယ်… အခုလဲကြည့်လေ.. စကားမေးတောင်မရတဲ့ သူကို ချက်ချင်းသတိပြန်လည်အောင် လုပ်ပေးခဲ့သေးတယ်”
ကိုအံ့ကြီးစကားကြောင့် အောင်မြတ်သာက ဘာမှပြန်မပြောပဲ ရယ်ပဲရယ်နေလိုက်တယ်။
” ငါ့တူတို့က ဘယ်ထိခရီးဆက်ကြဦးမှာလဲ… ”
” ဘယ်ဆီရယ်လို့တော့မရှိပါဘူး…. ခြေဦးတည့်ရာ ဓါတ်ကျရာလျောက်သွားနေတာပါပဲ… ဒီလိုသွားနေရင်း အမြင်မတော်တာရှိ ၀င်ကူညီလိုက်တာပေါ့ဗျာ”
” ဒါဖြင့် အချိန်လဲလင့်နေပြီဆိုတော့ ဘယ်မှာ တည်းကြမလဲ”
” စေတီတစ်ဆူ… ဇရပ်တစ်ဆောင်ရှိရင် ကျုပ်တို့အတွက် အဆင်ပြေပါတယ်… ”
” ဒီလိုလုပ် …. ကျုပ်က တစ်ယောက်ထဲသမားဆိုတော့ ဒီည ကျုပ်အိမ်မှာပဲတည်းလိုက်ဗျာ.. နောက်နေ့ ငါ့တူတို့ လိုတဲ့ခရီးထပ်ဆက်ကြပေါ့”
အောင်မြတ်သာတို့လဲ ကိုအံ့ကြီးရဲ့ ဖိတ်ခေါ်မှုကို မငြင်းတော့ပဲ သဘောတူလက်ခံလိုက်ကြတယ်။ ညဘက်ရောက်တော့ ကိုအံ့ကြီးက ဟင်းခတ်အမွှေးကြိုင်စုံလင်စွာနဲ့ချက်ထားတဲ့ သီးစုံဟင်း ဧည့်ခံခဲ့သလို စားသောက်ပြီးချိန်မှာလဲ ရေနွေးကြမ်းတစ်အိုး၊ လက်ဖက်တစ်ပန်းကန်ချကာ လေးယောက်သား စကားစမြည်ပြော‌ဖြစ်ခဲ့ကြတယ်။
” ငါ့တူတို့အမြင်အရ ဒီဆီးပင်မှာ အစောင့်ရှိတယ်ဆိုတာယုံလား”
” ဘာဖြစ်လို့လဲ ဦးကြီး”
” ကျုပ်က တစ်ယောက်ထဲသမားဆိုတော့ တစ်ခါတစ်လေ သတိမေ့ပြီး ခြံတံခါးမပိတ်မိတာတို့ဘာတို့ရှိတတ်တယ်… ဒီမြို့မှာက သူခိုးသူဝှက်အကြီးစားမရှိပေမယ့် အပျော်တမ်း ကြက်ခိုး ဘူးသီးခိုးတဲ့သူတွေတော့ရှိတယ်ကွယ့်… တစ်ခါတစ်လေ အိပ်ပျော်နေတဲ့အချိန် ခြေထောက်ကိုလာလှုပ်ပြီး ကြက်သူခိုးတွေလာတော့မယ်၊ သွားကြည့်လိုက်ဦး ဆိုပြီးပြောတာတွေရှိသလို တစ်ခါတစ်လေ ကြက်ခိုးတဲ့သူတွေ အလန့်တကြားအော်ပြေးကြတာတွေလဲကြုံဖူးတယ်… လာခိုးတဲ့ကောင်တွေပြောတာ ပြန်ကြားတာကတော့ ခိုးနေတဲ့အချိန် ဇက်ပိုးကို အေးစက်စက်လက်နဲ့ ရိုက်တာတို့ ကျောကုန်းကို လေးလံတဲ့အရာနဲ့ရိုက်ချတဲ့ဗျာ… ကျုပ်ကတော့ အဲဒီလိုလုပ်နေတာက ဆီးပင်မှာနေတဲ့ကောင်ပဲဖြစ်ရမယ်လို့ ထင်တယ်”
” သူက ဦးကြီးကို စောင့်ရှောက်နေတဲ့ပုံပဲ…. ဒါကြောင့် အပင်ကိုမခုတ်ဖို့ပြောတာပေါ့”
” ကျုပ်တို့မြို့ကလဲ ဒီလိုထူးဆန်းတဲ့ကိစ္စတွေအတော်ကိုအဖြစ်များတာ… ဘုရားငုတ်တိုရှိတဲ့ဘက်ဆိုရင် ညနေမှောင်စပျိုးချိန် ဘယ်သူမှမသွားရဲဘူး… အဲ… ဟိုအရူးကလွဲပြီးတော့ပေါ့”
” ဘယ်ကအရူးလဲ ဦးကြီး…”
” ငါ့တူတို့က အခုမှရောက်တာဆိုတော့ မမြင်ရသေးတာပါ…. သူ့နာမည်က အရူးမောင်ကျင်တဲ့… ဘယ်လောက်ပူပူ အရောင်အဆင်းမရှိတဲ့ သက္ကလပ်ကုတ်ကိုအမြဲ၀တ်ထားလို့ မြို့ခံတွေက သက္ကလပ်မောင်ကျင်လို့ခေါ်ပြီး စနောက်တတ်ကြတယ်…”
” အော်…. ဒါဆို မြို့အ၀င်မှာတွေ့ခဲ့တဲ့သူဖြစ်မယ်… သက္ကလပ်ကုတ်အင်္ကျီနဲ့ ကာကီဘောင်းဘီ၀တ်ထားတဲ့သူ ဟုတ်တယ်မလား”
” ဟုတ်တယ်… ဟုတ်တယ်… သူ့ကိုပြောတာ”
” ခုနကပြောတဲ့ထဲ ဘုရားငုတ်တိုကိုသူတစ်ယောက်ကလွဲရင် အခြားသူတွေကဘာလို့မသွားရဲတာလဲ”
” အရူးမောင်ကျင်ကြောင့် မသွားရဲတာလေ… တကယ်တော့ မောင်ကျင်က ခေတ်ပညာတတ်ဆရာ၀န်တစ်ယောက်ပဲကွယ့်”
” ဘယ်လို… အရူးမောင်ကျင်က ဆရာ၀န် ဟုတ်လား”
” အင်း… ဟုတ်တယ်… သူဒီမြို့ကိုစရောက်တုန်းက ဆရာ၀န်ပေါက်စလေးပေါ့… သဘောလဲကောင်း ရုပ်လေးကလဲ အသင့်တင့်ရှိတော့ မြို့ခံအပျိုတွေကြား အတော်ကိုရေပန်းစားခဲ့တာ… ဒီလိုနဲ့ တစ်နှစ်လောက်အကြာမှာတော့ မောင်ကျင်တစ်ယောက် အချိန်ရရင်ရသလို ဘုရားငုတ်တိုဘက်ကိုသွားတော့တာပဲ… တစ်ခါတစ်လေ တစ်ယောက်ထဲစကားတွေပြောပြီး ရယ်မောနေတာကိုမြင်တဲ့သူရှိသလို တစ်ခါတစ်လေ တစ်စုံတစ်ယောက်နဲ့ စကားများရန်ဖြစ်နေတဲ့ပုံစံကိုလဲမြင်တဲ့သူတွေရှိတယ်”
” အရူးမောင်ကျင်အကြောင်းက စိတ်၀င်စားစရာပဲ… နောက်တော့ ဘယ်လိုဖြစ်သွားလဲ ဆက်ပြောပါဦး”
” မောင်ကျင်မိဘတွေက ဒီအကြောင်းကိုသိတော့ အိမ်ပြန်ခေါ်သွားကြတာ… ဒါပေမယ့် တစ်လလောက်နေရင် မောင်ကျင်က ဒီကိုပြန်ရောက်လာတာပဲ… မြို့ကလူတွေကလဲ မောင်ကျင်ရောက်လာရင် သူ့မိဘတွေကိုအကြောင်းကြားပေးရတာပေါ့… ဒီလိုနဲ့ သုံးနှစ်လောက်အထိ မောင်ကျင်ရဲ့သတင်းကိုမကြားရတော့ဘူး… ဒါပေမယ့် သိပ်မကြာပါဘူး အခုလိုပုံစံနဲ့ပြန်ရောက်လာတာပဲ….”
” သူ့မိဘတွေကရော ပြန်လာမခေါ်ကြဘူးလား”
” ပြန်ခေါ်ကြတာပေါ့… ဒါပေမယ့် မောင်ကျင်က ထူးဆန်းတယ်… သူ့ကိုလာခေါ်ပြီ‌ဆိုရင် အစနတောင်မတွေ့အောင်ပျောက်သွားတော့တာပဲ… ဘယ်လိုလိုက်ရှာရှာ မတွေ့ဘူး… သူ့မိဘတွေပြန်သွားပြီဟေ့ဆိုရင်တော့ ဘယ်ကနေ ပြန်ပေါ်လာမှန်းကိုမသိတာ”
” ပြန်ပီဆိုပြီးသတင်းလွင့်ပြီး စောင့်ဖမ်းလို့မရဘူးလား”
” ငါ့တူတို့ကိုပြောရင်ယုံမှာတောင်မဟုတ်ဘူး… အဲလို လုပ်ကြည့်ပေမယ့် သကောင့်သားက လုံး၀ကိုပေါ်မလာဘူးလေ… နောက်ဆုံး သူ့မိဘတွေက မြို့ခံလူအချို့ကို ပိုက်ဆံပေးပြီး သူတို့သားလေး စားရေးသောက်ရေး အဆင်ပြေအောင် စီမံပေးကြရတယ်၊ မြို့ခံတွေက‌ေတာ့ မောင်ကျင်တစ်ယောက် ဘုရားငုတ်တိုဘက်ကို သွားလို့အခုလိုရူးသွားတာလို့ ယုံကြည်ထားကြတယ်”
” အရင်ကရော ဘုရားငုတ်တိုဘက်ကို လူတွေသွားကြလား”
” ကျွဲပျောက်နွားပျောက်သမားတွေကတော့ တစ်ခါတစ်လေ အရဲစွန့်ပြီးသွားကြတာပဲ… သူတို့ပြောစကားအရဆို ဘုရားငုတ်တိုဘက်ရောက်ပီဆိုတာနဲ့ မိန်းမတွေရဲ့ လှောင်ပြောင်ရယ်မောသံတွေကြားရသလို တစ်ခါတစ်လေ ဗိုက်ပူပူအရပ်ပုပုနဲ့လူတွေ ဘုရားငုတ်တိုဘေးမှာ တင်းပုတ်ကိုင်ပြီး လျောက်သွားနေကြတာကိုမြင်ရတယ်လို့လဲပြောကြတယ်”
” ဦးကြီးပြောပုံအရဆိုရင် မောင်ကျင်စိတ်အခြေအနေက သာမန်မဟုတ်လောက်ဘူး… ကျုပ်တို့ကြုံဖူးတဲ့အသိအရဆို မောင်ကျင်က အခုလိုဖြစ်တာတစ်စုံတစ်ယောက်ရဲ့ ပယောဂမကင်းဘူးလို့မြင်မိတယ်”
” အကုန်လုံးလဲ ငါ့တူတို့လိုတွေးတာပဲ… ဒါပေမယ့် မောင်ကျင်က ဘယ်သူ့ကိုမှ အနားကပ်မခံတာကြောင့် ခက်နေတာ”
” ဒီပုံအတိုင်းဆို ကျုပ်တို့အနေနဲ့ ဦးကြီးဆီမှာ ရက်အနည်းငယ်လောက်ထပ်နေရဦးမယ်ထင်ပါတယ်”
” ရက်အနည်းငယ်မဟုတ်ဘူး ပျော်သလောက်နေပါ ငါ့တူတို့ရယ်… ဒါပေမယ့် တစ်လကျော်ရင်တော့ ဆန်ဖိုးပေးရမယ်နော် ဟားဟား”
ဦးအံ့ကြီးစကားကြောင့် အောင်မြတ်သာတို့ဆရာတပည့်တွေ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကာ စကားဝိုင်းကိုလက်စသတ်လိုက်ကြတယ်။

– – – – – – – – –

” ပတောက် ပတောက် ပတောက်”
နှင်းစက်တွေက အိမ်ခေါင်မိုးပေါ်ကနေ မြေကြီးပေါ်ကို တစ်ဖျောက်ဖျောက်ကျနေတဲ့ အရုဏ်တက်ချိန်မှာတော့ အောင်မြတ်သာရဲ့ အရပ်ရှစ်မျက်နှာမေတ္တာပို့သံက ခြံထဲကနေ သာယာစွာထွက်ပေါ်လာခဲ့တယ်။
” ဂျစ် ဂျစ် ဂျစ်”
သစ်သားကို လက်သည်းနဲ့ကုတ်ခြစ်တဲ့အသံက ဆီးပင်ပေါ်ကနေ ထွက်လာတာကို သတိထားမိလိုက်တာကြောင့် မေတ္တာပို့နေတာကိုရပ်လိုက်ပြီး –
” သင် အသံပေးရတဲ့အကြောင်းရင်းက ကျုပ်ကိုပြောချင်တာတစ်ခုခုများရှိနေတာလား…” လို့မေးလိုက်တော့ လက်သည်းခြစ်သံက ပိုမိုကျယ်လောင်စွာထွက်လာခဲ့တယ်။
” သင်ပြောချင်တာပြောဖို့ ကျုပ်ခွင့်ပြုပါတယ်… သင် ကျုပ်ရဲ့ရှေ့ကိုလာရောက်ခဲ့ပါ” လို့ခွင့်ပြုလိုက်တာနဲ့ ဆီးပင်ပေါ်ကနေ လူတစ်ယောက် ကျောပေးလျက်အနေအထားခုန်ဆင်းလာခဲ့တယ်။
” သင်က ဘယ်သူလဲ”
” ကျုပ်က ဆီးပင်မှာနေတဲ့သူပါ…”
” သင့်ကိုရည်စူပြီးပို့သတဲ့မေတ္တာကိုရတယ်မဟုတ်လား…”
” ရပါတယ်”
” ဒါဖြင့် ဘာအကြောင်းအရာများပြောချင်လို့လဲ”
” နေ့လည်က ကျုပ်နေတဲ့အပင်ပေါ်ကိုခွင့်မတောင်းပဲတက်တဲ့ကလေးကို ဆရာမျက်နှာကြောင့် ချမ်းသာပေးလိုက်တယ်ဆိုတာပြောချင်လို့ပါ”
” ကလေးဆိုတာ ဒီလိုပါပဲ… ဘာလို့စိတ်လိုက်မာန်ပါလုပ်ချင်ရတာလဲ..”
” သူက ကျုပ်နေတဲ့အပင်ပေါ်ကိုတက်တဲ့အပြင် အကိုင်းတွေကိုပါ ချိုးပစ်တာကြောင့် စိတ်တိုပြီးလုပ်ခဲ့မိတာ”
” ကဲကဲ… နောက်ထပ် ဘယ်သူမှထပ်မလုပ်နိုင်အောင် ပြောပေးခဲ့မယ်… သင်လဲ စိတ်လျော့လိုက်ပါတော့”
” အင်း…. နောက်တစ်ခုက ဆရာတို့ရောက်နေတာ သူတို့သိနေပြီ”
” ဘယ်သူတွေကသိနေတာလဲ”
” ဘုရားငုတ်တိုမှာနေတဲ့သူတွေကိုပြောတာပါ”
” သင်က ဘာလို့ ဒီကိစ္စကိုလာပြောရတာလဲ”
” ဆရာတို့ကို ဘုရားငုတ်တိုနဲ့အရူးမောင်ကျင်အကြောင်းပြောပြခဲ့တဲ့ ဒီခြံပိုင်ရှင်ကိုပါရန်ပြုကြမှာမို့ လာပြောရတာပါ”
” ကျုပ်နားလည်ပါပြီ… သင်စောင့်ရှောက်နေတဲ့သူ ဘာမှမဖြစ်အောင် ကျုပ်တို့စီစဉ်ထားပေးပါမယ်”
” ဒီလိုဆိုလဲ ကျုပ်ပြောစရာကုန်ပြီမို့ ပြန်ခွင့်ပြုပါ”
” ကောင်းပါပြီ… သင့်ကိုပြန်ခွင့်ပြုပါတယ်”
အောင်မြတ်သာခွင့်ပြုလိုက်တာနဲ့ ကျောပေးရပ်နေတဲ့သူက ဆီးပင်ပေါ်ကို ရှည်လျားတဲ့လက်သည်းတွေနဲ့ကုတ်တက်ကာ ပျောက်ကွယ်သွားခဲ့တယ်။

– – – – – – – – –

” မနက်စောစောစီးစီး ဘယ်သွားကြမလို့လဲ”
ခြံထဲကနေထွက်ခါနီးကြားလိုက်ရတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ ဂေါ်ဖီထုတ်တွေကိုကျောလွယ်ခြင်းနဲ့သယ်လာတဲ့ ဦးအံ့ကြီးကိုမြင်လိုက်ရတယ်။
” မောင်ကျင်နဲ့သွားတွေ့မလို့ဗျ… ဦးကြီးရော ဂေါ်ဖီထုပ်တွေနဲ့ဘယ်ကပြန်လာတာလဲ”
” စိုက်ကွင်းထဲကပြန်လာတာ ငါ့တူတို့ရေ…ဒီနေ့က ဂေါ်ဖီတွေလဲရသလို ခွေးလဲဆွဲခံထိသဟ”
” ဘာဖြစ်သွားသေးလဲ ဦးကြီး”
” ဘယ်ကခွေးလေခွေးလွင့်တွေ စိုက်ကွင်းနားရောက်နေလဲမသိပါဘူး… ပြန်တဲ့လမ်းမှာ အနောက်ကနေ အသာလိုက်လာပြီး ဟပ်ဖို့လုပ်တာ… ဒါပေမယ့် အနားရောက်တာနဲ့ တဂိန်ဂိန်အော်ပြီး အမြှီးကုပ်ပြေးသွားလို့ ဘာမှမဖြစ်လိုက်ဘူး”
” တော်သေးတာပေါ့… နောက်ဆို ခွေးရူးကာကွယ်ဆေးထိုးနေရဦးမယ်”
” ဒါနဲ့ မင်းတို့က မောင်ကျင်ကိုရှာပြီးဘာလုပ်မလို့လဲ”
” ညက ဦးကြီးပြောပြတဲ့အကြောင်းကိုစိတ်၀င်စားတာရယ်… မောင်ကျင်ဖြစ်နေတာက ကုလို့ရနိုင်တယ်လို့ထင်တာရယ်ကြောင့်ပါ”
” အဲလိုဆိုရင် ငါလဲ လိုက်ခဲ့မယ်ကွ… မောင်ကျင်ကို ငါက ထမင်းဟင်းတွေအမြဲပေးနေကြဆိုတော့ အစိမ်းသက်သက်မဖြစ်တော့ဘူးပေါ့ကွာ”
အောင်မြတ်သာတို့လဲ ဦးအံ့ကြီးစကားကို လက်ခံတဲ့အနေနဲ့ ခြံရှေ့က ကွပ်ပြစ်မှာထိုင်ကာစောင့်နေလိုက်တယ်။ ခဏနေတော့ ခမောက်တိုတစ်လုံးကိုဆောင်းကာ ထွက်လာတဲ့ ဦးအံ့ကြီးက –
” ဒီကြေးပြားက ဘယ်လိုလုပ်ငါ့အိတ်ထဲရောက်နေတာလဲမသိဘူး… ငါ့တူတို့နားလည်ရင်ကြည့်ပေးပါဦး” လို့ပြောတဲ့အတွက် လှမ်းကြည့်လိုက်ရာ စမအက္ခရာတွေနဲ့ ကျားပုံစံရေးဆွဲထားတဲ့အင်းပြားကိုမြင်တွေ့လိုက်တယ်။
” ဦးကြီးအတွက် အန္တရာယ်ကင်းအောင်လို့ ကျွန်တော်ထည့်ထားပေးတာပါ… ဒီအဆောင်ကြောင့် မနက်က ဘာမှမဖြစ်တာလို့ပြောရမယ်”
” ဟေ…. ဟုတ်လား…. ဒါကြောင့် ခွေးတွေအနားရောက်တာနဲ့ အော်ပြေးတာကိုး၊ ငါ့တူတို့ပညာကလဲ ပေါ့သေးသေးမဟုတ်ပေဘူးပဲ”
ဦးအံ့ကြီးက အောင်မြတ်သာကို ချီးကျူးလိုက်ပြီး မောင်ကျင်နေတတ်တဲ့ ဇရပ်ဆီကိုခေါ်သွားခဲ့လိုက်တယ်။ ဇရပ်ကိုရောက်တော့ မောင်ကျင်ရဲ့ အရိပ်အယောင်ကိုမတွေ့ရပဲ အိတ်အစုတ်နဲ့ထုပ်ထားတဲ့အ၀တ်အစားအချို့ကိုသာမြင်တွေ့လိုက်ရတယ်။
” ခါတိုင်းနေ့တွေ ဒီမှာပဲနေပါတယ်… ဘယ်လိုဖြစ်လို့ ဒီနေ့မှမရှိရတာလဲမသိပါဘူး”
” ဦးကြီး ပြောခဲ့ဖူးသလို မောင်ကျင်က ကြိုသိနေတာများလား”
” အဲဒါတော့ ငါလဲမပြောတတ်ဘူး… ငါ့တူတို့ဘယ်လိုလုပ်ချင်လဲ”
” ကျွန်တော်တို့ စေတီပျက်တွေရှိတဲ့ဘက် သွားကြည့်ချင်သေးတယ်… ဦးကြီးလိုက်လို့အဆင်ပြေပါ့မလား”
” ငါ့တူတို့က စေတီပျက်တွေဘက် ဘာသွားလုပ်မှာလဲ… အဲဒီနေရာက လူပြတ်တယ်နော်”
” ဒီတိုင်းလေ့လာချင်တဲ့သဘောနဲ့သွားမလို့ပါ… ကျွန်တော်က အဲလိုအကြောင်းတွေဆို စိတ်၀င်စားတယ်လေ”
” လူငယ်တွေဆိုတော့ စူးစမ်းချင်စိတ်ရှိကြမှာပေါ့… ကဲပါ ကဲပါ သွားလက်စနဲ့ ဦးကြီးပဲလိုက်ပို့ပေးပါ့မယ်”
ဦးအံကြီးက အောင်မြတ်သာတို့ကို ရှေ့ကနေလမ်းပြပြီး လမ်းမကြီးကိုဖြတ်ကာ အနောက်ဘက်စေတီပျက်တွေဘက်ကို ခေါ်ဆောင်သွားခဲ့တယ်။ မြူတွေအုံ့ဆိုင်းနေတဲ့ ရွှေပေါ်ကျွန်းမြို့လေးကနေ နာရီ၀က်လောက်လမ်းလျောက်ပြီးချိန်မှာတော့ ရေညှိတွေအထပ်ထပ်တက်ကာ ပြိုကျနေတဲ့ စေတီအဟောင်းအပျက်အချို့ကိုစတင်မြင်တွေ့ခဲ့ကြတယ်။
” ပဲခူးရွှေမော်ဓောဘုရားပြိုကျခဲ့တဲ့ ငလျင်က ဒီစေတီတွေကိုပါထိခိုက်စေခဲ့တာလေ…”
” ဒါဆို နှစ်အတော်ကြာနေပြီပဲ…”
” ဟုတ်တယ် ငါ့တူတို့ရေ… မြို့ခံတွေက စေတီတွေကို ပြန်ပြင်ဖို့အကြိမ်ကြိမ်အခါခါ ကြိုးစားခဲ့ကြဖူးတယ်… ဦးကြီးတို့ငယ်ငယ်ကဆို စေတီတွေပြုပြင်ဖို့အကုန်စီစဉ်ပြီးကာမှ လုပ်အားပေးမယ့်သူတွေအကုန်၀မ်းလျောကုန်တာ… နားလည်တဲ့သူတွေတွက်ချက်တော့ ဦးဆောင်ပြုပြင်မယ့်သူအစစ်အမှန်မလာသေးတာကြောင့်လို့ပြောကြတယ်။ အဲဒီနောက်ပိုင်း အခြားသူတွေလဲ ကြိုးစားကြပေမယ့် အနှောက်အယှက်တွေ၀င်တာကြောင့် ဘယ်သူမှ ထပ်ပြီးမလုပ်ရဲကြတော့တာ အခုထက်ထိပဲ”
” အတော်တော့ထူးဆန်းတာပဲနော်… ဒါကြောင့်လဲ ဒီနေရာကိုတော်ရုံဘယ်သူမှမလာရဲကြတာကိုး”
အောင်မြတ်သာတို့လဲ စေတီပျက်တွေရှိတဲ့ဘက်ကို လျောက်လာခဲ့တာ အုတ်ပုံသာသာဖြစ်နေတဲ့ စေတီတစ်ဆူရှေ့အရောက်မှာတော့ မကြာသေးကမှ ပူဇော်ထားတဲ့ ဖယောင်းတိုင်နဲ့အမွှေးတိုင်ကို မြင်တွေ့လိုက်ရတယ်။
” ဦးကြီးပြောတော့ ဘယ်သူမှမလာရဲဘူးဆိုပြီး အခုကျတော့ အမွှေးတိုင် ဖယောင်းတိုင်တွေနဲ့ပူဇော်ထားပါလား”
” လမ်းသွားလမ်းလာတဲ့သူတွေကများ ပူဇော်သွားတာလားမသိပါဘူး”
ဦးအံ့ကြီးက အံ့ဩစွာရေရွတ်ရင်း ဘေးဘီကိုလှည့်ကြည့်လိုက်တဲ့အချိန် လူရိပ်တစ်ခုက မလှမ်းမကမ်းမှာရှိတဲ့စေတီပျက်နှစ်ခုကြားထဲကို ပြေး၀င်သွားတာမြင်လိုက်ရတယ်။
” ဟိတ် ဘယ်သူလဲကွ”
” ဘာမြင်လို့လဲ ဦးကြီး”
” လူတစ်ယောက် ဖြတ်ပြေးသွားတာမြင်လိုက်လို့ ငါ့တူရ”
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ အုတ်ကျိုးတစ်ခုစီကောက်ကိုင်ပြီး ဦးအံ့ကြီး ညွှန်ပြတဲ့နေရာနားကို အသာကပ်သွားခဲ့လိုက်တယ်။
” ချွတ် ချွတ် ဂျွတ်—”
စေတီပျက်နှစ်ခုကြားထဲကနေ ကြားလိုက်ရတဲ့ သစ်ကိုင်းခြောက်နင်းသံကြောင့် မောင်ကောင်းက အုတ်ကျိုးကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး ကြည့်လိုက်ရာ ဆေးသားတွေကွာကျပြီး လက်တစ်ဖက်ကျိုးပဲ့နေတဲ့ ဖိုးသူတော်ရုပ်ကိုမြင်လိုက်ရတယ်။
” ဟင်… ဘယ်သူမှလဲမတွေ့ပါလား… ခုနက သစ်ကိုင်းခြောက်နင်းတဲ့အသံသေချာကြားလိုက်ပါတယ်”
” ကျွန်တော်လဲကြားလိုက်တယ်… ထူးဆန်းလိုက်တာ”
ဦးအံ့ကြီးနဲ့ အောင်မြတ်သာလဲ မောင်ကောင်းတို့ရှိတဲ့ဘက်ကိုလာပြီးကြည့်လိုက်ရာ ဖိုးသူတော်ရုပ်ကလွဲပြီး ဘာမှမတွေ့။
” ငါ စိတ်ထင်တာများလား…. မဟုတ်သေးပါဘူး လူတစ်ယောက်၀င်သွားတာကိုသေချာမြင်လိုက်ပါတယ်”
အောင်မြတ်သာကတော့ ဖိုးသူတော်ရုပ်ကိုတစ်ချက်မျှကြည့်ပြီး မောင်ကောင်းနဲ့ ခွန်းလှကို ပြန်ခေါ်ကာ အပြင်ကိုထွက်လာခဲ့လိုက်တယ်။
” ဒီစေတီ‌ပျက်တွေက အရံစေတီတွေဖြစ်ဖို့များတယ်နော်…”
” ဟုတ်တယ် ငါ့တူ… ဒါတွေက အရံစေတီတွေလေ… တကယ့်စေတီကြီးက ဟိုးမှာမြင်နေရတယ်… ဦးကြီးတို့ဒေသအခေါ်ကတော့ ဘုရားငုတ်တိုလို့ခေါ်တယ်”
အောင်မြတ်သာတို့လဲ လှမ်းမြင်နေရတဲ့ ဘုရားငုတ်တိုဘက်ကို ထွက်လာခဲ့ရာ ဘုရားပရ၀ဏ်အဝင်ကိုရောက်တော့ စီးထားတဲ့ဖိနပ်တွေကို ချွတ်ပြီးကောက်ယူလိုက်တဲ့အချိန် ဘယ်ကနေ ထွက်လာမှန်းမသိတဲ့ အုတ်ကျိုးတစ်လုံးက ဦးခေါင်းဘေးကနေ ဝှီးခနဲဖြတ်သွားပြီး အနားမှာရှိတဲ့ စေတီပျက်ကိုထိမှန်ကာ ဖွာခနဲလွင့်ထွက်သွားခဲ့တယ်။
” ဆရာ… ဘာဖြစ်သွားသေးလဲ”
” ဘာမှမဖြစ်ဘူး… ဒီအနားမှာ လူတစ်ယောက်တော့ ရှိနေတာသေချာပြီ..”
မောင်ကောင်းနဲ့ ခွန်းလှလဲ ပတ်၀န်းကျင်ကို နှံ့စပ်အောင်လိုက်ကြည့်နေတဲ့အချိန် အုတ်ကျိုးတစ်လုံးက ကိုးတောင်ပြည့်စေတီပျက်အနောက်ကနေ ထပ်ထွက်လာခဲ့တယ်။
” ဟေ့ကောင် မပြေးနဲ့ မင်းတော့မိရင်နာပီသာမှတ်”
လူရိပ်ကိုသေချာမြင်လိုက်တာကြောင့် မောင်ကောင်းနဲ့ ခွန်းလှက လျင်မြန်စွာနဲ့ စေတီပျက်အနောက်ကို ပြေး၀င်ပြီးကြည့်လိုက်ရာ မျက်လုံးကလယ်ကလယ်နဲ့ အုတ်ကျိုးတစ်လုံးကိုကိုင်ထားတဲ့ အရူးမောင်ကျင်ကိုမြင်လိုက်ရတယ်။
” ဆရာ.. ဒီမှာ မောင်ကျင်ကိုတွေ့ပြီဗျ”
အောင်မြတ်သာတို့လဲ မောင်ကောင်းအသံကြောင့် စေတီပျက်အနောက်ကို၀င်လာခဲ့ရာ အုတ်ကျိုးနဲ့ချိန်ထားတဲ့ အရူးမောင်ကျင်က –
” သိုက်တူးသမားတွေ ထွက်သွားစမ်း… နင်တို့ ဒီကိုဘာအကြံနဲ့လာလဲငါသိတယ်နော်… မသွားရင် ခဲနဲ့ထုမှာ”
” ဟေ့ကောင် မောင်ကျင်… ငါပါဟ ဦးအံ့ကြီးလေ မမှတ်မိတော့ဘူးလား”
မောင်ကျင်က ဦးအံ့ကြီးကိုမြင်တော့ အုတ်ကျိုးနဲ့ချိန်ထားတာကို အောက်ချလိုက်ပြီး –
” သူတို့ကဘယ်သူတွေလဲ… ဒီကိုဘာလာလုပ်ကြတာလဲ”
” အုတ်ကျိုးကိုအရင်ပစ်ချလိုက်စမ်းပါဟ.. ငါလခွီးထဲမှပဲ”
” မပစ်ချဘူး… မြပန်းနွယ်ကငါ့ကိုပြောထားတယ်… သူတို့က ငါတို့နှစ်ယောက်ကိုခွဲမှာတဲ့…”
” ဒီကောင် ဘာတွေပြောနေတာလဲ… ဘယ်က မြပန်းနွယ်ဆိုတာပေါ်လာတာလဲဟ”
” သူစိတ်နောက်ရတဲ့အကြောင်းက မြပန်းနွယ်ဆိုတဲ့သူနဲ့ပတ်သတ်နေမယ်လို့ထင်တယ်… အခုတော့ ချော့မော့ပြီး ပြန်ခေါ်သွားရအောင်”
ဦးအံ့ကြီးလဲ အောင်မြတ်သာစကားကြောင့် မောင်ကျင်ကို ချော့မော့ပြောနေတဲ့အချိန် ဘုရားငုတ်တိုဘေးမှာရှိတဲ့ ထနောင်းပင်ကနေ မိန်းမတစ်ယောက်ရဲ့ရယ်သံတစ်ခုထွက်လာခဲ့တယ်။
” မြပန်း… မြပန်း မောင်တော်ကိုစိတ်ဆိုးနေတာလား… ဒီလူတွေက မောင်တော် ခေါ်လာတာမဟုတ်ပါဘူးကွယ်…”
မောင်ကျင်က ပြာပြာယာယာနဲ့ အသံကြားတဲ့ ထနောင်းပင်ကိုကြည့်ကာ တောင်းပန်နေရာကနေ အောင်မြတ်သာတို့ရှိတဲ့ဘက်ကို နီရဲနေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီး –
” နင်တို့ကြောင့် မြပန်းစိတ်‌ဆိုးနေပြီ… သွားကြစမ်း… ဒီကနေထွက်သွားကြစမ်း” လို့ပြောကာ ရန်လိုတဲ့ဟန်နဲ့ အနားကိုတိုးကပ်လာခဲ့တယ်။
အောင်မြတ်သာကတော့ အနည်းငယ်မျှ တုန်လှုပ်မှုမရှိပဲအနားကပ်လာတဲ့ မောင်ကျင်ကိုသာစိုက်ကြည့်နေခဲ့တယ်။
” ဆရာ… သတိထား”
” ငါ့တူ သတိထား… ဒီကောင်က စိတ်ရူးပေါက်နေပီ”
မောင်ကောင်း၊ ခွန်းလှ၊ ဦးအံ့ကြီးတို့ရဲ့ စိုးရိမ်တကြီးအော်သံတွေအဆုံးမှာပဲ မောင်ကျင်က အောင်မြတ်သာရဲ့မျက်နှာကို လက်ထဲကိုင်ထားတဲ့ အုတ်ကျိုးနဲ့ အားကုန်ထုချလိုက်တယ်။
” ဝှီး… ”
” ခွပ်”
” အင့်”
အောင်မြတ်သာက မျက်နှာတည့်တည့်၀င်လာတဲ့ အုတ်ကျိုးကို ခန္ဓာကိုယ်ယိမ်းကာရှောင်လိုက်ပြီး အရှိန်လွန်ကာကျလာတဲ့ မောင်ကျင်ရဲ့ နဖူးကို ညာဘက်လက်ဝါးနဲ့ရိုက်ကာ –
” မိမွေးတိုင်း ဖမွေးတိုင်းဖြစ်စမ်း” လို့အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ အုတ်ပုံတွေကြားထဲလဲကျသွားတဲ့ မောင်ကျင်က အိပ်ယာကနေလန့်နိုးတဲ့သူလို ဖြစ်သွားပြီး –
” ကျုပ် ဘယ်ကိုရောက်နေတာလဲ…. ဒီနေရာက ဘယ်မှာရှိနေတာလဲ” လို့ပြောကာ ကြောင်တောင်တောင်ဖြစ်နေခဲ့တယ်။
” မင်းနာမည် ဘယ်လိုခေါ်လဲဆိုတာ မှတ်မိလား”
” ကျုပ်နာမည် ‌ကျင်စိန်လေ.. ဘာဖြစ်လို့လဲ”
” မင်းမိဘနာမည်တွေကရော”
” ကျုပ်မိဘနာမည်ကိုမေးပြီး ဘာလုပ်မလို့လဲ”
” မေးတာကိုဖြေပါ… ပြီးရင် ဘာလို့မေးရလဲဆိုတာပြောပြမယ်”
” ကျုပ်‌အဖေနာမည်က ဦးတိတ်လျန်၊ အမေနာမည်က ဒေါ်ခင်နု”
” မင်း မြပန်းနွယ်ဆိုတဲ့ မိန်းကလေးကိုသိလား”
” သိတာပေါ့…. သူက ကျုပ်ချစ်သူလေ… ဒီဘုရားငုတ်တိုမှာ သူနဲ့ကျွန်တော်အမြဲတွေ့နေကြ… ဒါနဲ့ ခင်ဗျားတို့က သူ့နာမည်ဘယ်လိုသိတာလဲ”
” မင်းက ဥစ္စာစောင့်ကိုမှ ရည်းစားထားရတယ်လို့… မင်းချစ်သူ မြပန်းနွယ်ဆိုတာက လူမဟုတ်ဘူး…”
” ဟာ… မဖြစ်နိုင်တာ… သူ့အသားကို ကျုပ်ထိလို့ရတယ် … သူ့ရဲ့ကိုယ်သင်းနံ့လေးတွေကို ကျုပ်ရှုရှိုက်လို့ရတယ်… ဒါကို လူမဟုတ်ဘူးလို့ ဘာလို့ပြောတာလဲ”
” ခေတ်ပညာတတ်ဆရာ၀န်တစ်ယောက်က ဘယ်လိုပုံစံဖြစ်နေတယ်ဆိုတာ ကိုယ့်ကိုကိုယ်ပြန်ကြည့်ဦး…”
အောင်မြတ်သာစကားကြောင့် မောင်ကျင်သတိပြန်၀င်လာပြီး ကိုယ့်ရုပ်ကိုပြန်စမ်းကြည့်လိုက်ရာ မုတ်ဆိတ်ကျင်စွယ်တွေနဲ့ ညှင်းသိုးသိုးဖြစ်နေတဲ့ပုံစံကို သတိထားမိသွားခဲ့တယ်။
” ကျုပ်ဘယ်လိုဖြစ်ပြီး အခုလိုပုံစံပြောင်းသွားရတာလဲ”
” အမှန်တိုင်းပြောရရင် မင်းက ဥစ္စာစောင့်မတစ်ယောက်ရဲ့ ဖျားယောင်းမှုအောက်မှာ နစ်မွန်းခဲ့တာ၊ မင်းရဲ့စိတ်ကို သိမ်းသွင်းပြီး သူတို့စိတ်သာယာမှုကိုရှာခဲ့တာပဲ… ”
” မြပန်းက တကယ်လူမဟုတ်ဘူးလား… ကျုပ်ကိုညာနေတာတော့မဟုတ်ပါဘူးနော်”
” ဟင်း… ဒီလူနဲ့တော့ ခက်ပြီ… မင်း ယုံအောင် ကျုပ်လက်တွေ့ခေါ်ပြမယ် ကြည့်နေ”
အောင်မြတ်သာက မောင်ကျင်ရဲ့ မျက်လုံးကိုလက်နဲ့သပ်ချကာ အမြင်အာရုံဖွင့်ပေးပြီး ဘုရားငုတ်တိုဘေးက ထနောင်းပင်ကိုလက်ညိုးထိုးကာ
” မြပန်းနွယ်ဆိုတဲ့နာမည်နဲ့ ဒီအရပ်ဒေသမှာ နေထိုင်သည်ရှိသော် ကျုပ်ရဲ့ အရှေ့ဆယ်လှမ်းအကွာမှာ မူလရုပ်သွင်အတိုင်းကိုယ်ထင်ပြစေ” လို့အမိန့်ပြန်လိုက်တယ်ဆိုရင်ပဲ ထနောင်းပင်အနောက်ကနေ ပုတ်လောက်ကြီးတဲ့ ခန္ဓာကိုယ်ကြီးကို အိပဲ့အိပဲ့နဲ့လှုပ်ကာ လမ်းလျောက်လာတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ်။
အသားနီလန်နေတဲ့ ဦးရည်ပြားထက်မှာ ကျိုးတိုးကျဲတဲပေါက်နေတဲ့ဆံပင်အချို့အပြင် အဆမတန်ပြူးထွက်နေတဲ့ နီကျင်ကျင်မျက်လုံး၊ ဖောင်းအစ်မို့ထနေတဲ့ ပွယောင်းယောင်းပါးနှစ်ဖက်၊ အသားပိုလိုတစ်ထွာလောက်တွဲကျနေတဲ့ နှုတ်ခမ်းသားတွေ‌နဲ့ ဖွဲ့စည်းထားတဲ့ရုပ်သွင်က မောင်ကျင်ကို တုန်လှုပ်တဲ့ထိ ကြောက်လန့်စေခဲ့တယ်။
” ဒါ မင်းအရမ်းချစ်ပါတယ် လှပါတယ်ဆိုတဲ့ မြပန်းနွယ်ရဲ့ မူလရုပ်သွင်ပဲ…”
အောင်မြတ်သာရဲ့စကားကို မောင်ကျင်တစ်ယောက် ဘာမှ ထပ်မပြောနိုင်ပဲ အံ့ဩထိတ်လန့်နေခဲ့တယ်။
” အခုရော မင်းချစ်သေးရဲ့လား.. မြတ်နိုးသေးရဲ့လား”
” ဟအင်း… ဒီလိုမျိုးမှန်းသိရင် အစထဲက ချစ်ရေးမဆိုခဲ့ပါဘူး… ကျုပ် ကျုပ် ဘယ်လိုဖြစ်သွားရတာလဲဗျာ”
” မင်းအခုကစပြီး မိဘတွေရှိတဲ့အရပ်ကိုပြန်ပါ… ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ့်လမ်းကိုယ်ပြန်လျောက်ပါ… နောက်တစ်ခါ ဒီအရပ်ကိုလာမယ်‌ဆိုရင် မင်းအသက်ကို သူတို့နှုတ်ကြလိမ့်မယ်… ကဲ ဦးကြီးနဲ့ မောင်ကောင်းက သူ့ကို ပြန်ခေါ်သွားလိုက်ကြ… ခွန်းလှကတော့ ဒီမှာနေခဲ့ လိုက်ပါ”
ဦးအံ့ကြီးနဲ့မောင်ကောင်းလဲ ထိတ်လန့်နေတဲ့ မောင်ကျင်ကို တွဲထူပြီး မြို့ထဲကိုပြန်ထွက်သွားခဲ့ကြတယ်။ အဲဒီတော့မှ အောင်မြတ်သာက မြပန်းနွယ်ကိုကြည့်ပြီး
” သင့်ရဲ့ အတ္တဘောရုပ်သွင်ကို လိုရာဖန်းဆင်းနိုင်ပါပြီ” လို့ပြောလိုက်ရာ ကြောက်မက်ဖွယ်အဆင်းရှိတဲ့ ပုံစံကနေ အင်မတန်ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်အသွင်အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။
” သင်ဘာလို့ ကိုယ်နဲ့ဘ၀မတူတဲ့သူကို စိတ်နောက်တဲ့အထိ ပြုစားထားရတာလဲ”
” မြပန်း တမင်လုပ်ခဲ့တာမဟုတ်ပါဘူး… စနောက်တဲ့သဘောနဲ့ ကျီစယ်ရင်း သံယောဇဉ်တွယ်မိခဲ့တာကြောင့် အခုလိုအခြေအနေရောက်သွားတာပါ”
” ဒီတစ်ခါတော့ ရှိပစေတော့ … နောက်ထပ်အလားတူဖြစ်ရပ်မျိုးထပ်လုပ်ရင်တော့ သင်တို့ရဲ့သိုက်ချုပ်အဘိုးသာလာယကို ပင့်ဖိတ်ပြီး သိုက်စည်းကမ်းအရ အပြစ်ပေးရလိမ့်မယ်”
” အဘိုးနဲ့တော့ မတိုင်ပါနဲ့ဆရာရယ်… မြပန်း ထပ်မလုပ်ရဲတော့ပါဘူး… သစ္စာဆိုပြီးတိုင်တည်ဆို တိုင်တည်ပါ့မယ်… ထပ်မလုပ်တော့ပါဘူး”
” အင်း…. သင်ကတိသင်တည်အောင်နေထိုင်ပါ… ဒါနဲ့ ကျုပ်နဲ့အတူပါလာတဲ့ ဦးကြီးကို ခွေးနဲ့ရှုးတိုက်ခိုင်းတာ သင်ပဲမဟုတ်လား”
” ဟုတ်ပါတယ်… မြပန်း မကြံကောင်းတဲ့အမှုကိုပြုခဲ့မိပါတယ်… ဒါပေမယ့် သူ့မှာရှိတဲ့အဆောင်ကြောင့် အနားတောင်ကပ်မရခဲ့ပါဘူး”
” ကျုပ်ကြားခဲ့တဲ့သတင်းအရ ဒီဘုရားငုတ်တိုကို ပြန်လည်ပြုပြင်လို့မရဘူးဆို…”
” ပဌာန်းဆက်အမှန်မပေါ်သေးတာကြောင့် ဒီနေရာမှာရှိတဲ့သူတွေက လက်မခံကြသေးတာပါ”
” ကောင်းတဲ့အလုပ်လုပ်တာကို ဘာလို့ လက်မခံနိုင်ကြတာလဲ”
” ဒီနေရာရဲ့ မူလအစောင့်က ဖိုးသူတော်ကြီးဝါယမပါ… သူလက်မခံတာကြောင့် ကျန်တဲ့သူတွေလဲ ဘာမှ၀င်စွက်ဖက်လို့မရပါဘူး”
” အဲဒီ ဖိုးသူတော်ကြီး ကျုပ်အရှေ့အရောက်လာပါဦး”
အောင်မြတ်သာစကားအဆုံးမှာ နောက်ကျောဘက်ကနေ တောင်ဝှေးကိုတ‌စ်ဒေါက်ဒေါက်ထောက်တဲ့အသံနဲ့အတူ ဖိုးသူတော်တစ်ပါးထွက်လာခဲ့တယ်။
” ဖိုးသူတော်ကြီးဝါယမဆိုတာလား”
” ဟုတ်ပါတယ်… ကျုပ်ကိုဘာကြောင့်ခေါ်ရတာလဲ”
” ဒီစေတီပျက်တွေကို ပြုပြင်မယ့်သူရှိလျက်နဲ့ ဘာကြောင့် မပြုပြင်ဖြစ်အောင်ဟန့်တားနေရတာလဲ”
” ဒီဘုရားငုတ်တိုကိုတည်မယ့် ပဌာန်းဆက်မလာသေးတာကြောင့်ပါဆရာ”
” သူမတည်ရင် ဒီစေတီက အခုလိုအပျက်စီးတိုင်းပဲရှိနေရတော့မှာလား”
” သူကိုယ်တိုင် ထီးတော်တင်မှ ဘုရားငုတ်တိုပတ်၀န်းကျင်မှာရှိတဲ့ မကျွတ်မလွတ်သူတွေ အမျှတန်းရကြမှာပါ… ဒါကြောင့် အခြားသူတွေ မပြုပြင်နိုင်အောင် လုပ်ခဲ့ရခြင်းဖြစ်ပါတယ်ဆရာ”
” အခု အဲဒီသူက ဘယ်ဘ၀ရောက်နေပြီလဲ”


” လူ့ဘ၀ကိုပြန်ရောက်နေတယ်လို့ပဲသိထားပါတယ်… ကျန်တာကျုပ်တို့မသိရပါဘူး”
” အတော်ကိုခက်ခဲမယ့်ရှာဖွေမှုပဲ… ဒါနဲ့သူက ဒီဘုရားငုတ်တိုနဲ့ ဘယ်လိုပတ်သတ်ခဲ့ဖူးတာလဲ”
” သူက အတိတ်ဘ၀တုန်းက ဘုရားငုတ်တိုလို့ခေါ်တဲ့ လောကမာန်အောင်စေတီရဲ့ ဥပဇ္ဇျာယ်ဆရာတော်တစ်ပါးဖြစ်ခဲ့သလို တပည့်တွေအပေါ်မှာလဲ အလွန်သံယောဇဉ်ကြီးတဲ့ ဆရာတော်တစ်ပါးဖြစ်ခဲ့တယ်။ ငလျင်ဒဏ်ကြောင့် စေတီပြိုကျတဲ့အချိန် ဆရာတော်အပါအ၀င် ရဟန်းတော်အတော်များများ ဒီပရ၀ဏ်မှာသေဆုံးခဲ့ကြရတယ်။ အဲဒီထဲကမှ ဆရာတော်က ကျွတ်လွတ်ပြီး အခြားဘ၀ကိုရောက်နေပေမယ့် သူ့တပည့်တွေကတော့ ဒီနေရာမှာ သူတို့ဆရာတော်ကိုစောင့်နေကြပါတယ်”
ဖိုးသူတော်ကြီးက စကားပြောနေရင်း ဘုရားငုတ်တိုပေါ်ကို လက်ညိုးထိုးပြလိုက်ရာ စုတ်ပြဲနေတဲ့ သင်္ကန်းတွေကိုခြုံထားတဲ့ ရဟန်းတော်တွေရဲ့ ပုံရိပ်ကိုမြင်တွေ့လိုက်ရတယ်။
” ဘုရားငုတ်တိုကို သူကိုယ်တိုင် ပြုပြင်မွမ်းမံပြီး ထီးတော်တင်တဲ့နေ့ကို ကျုပ်တို့အားလုံးစောင့်မျှော်နေကြောင်းပြောပေးပါ”
” ကောင်းပါပြီ… ကျုပ်အကောင်းဆုံးကြိုးစားရှာဖွေပေးပါ့မယ်—”
” ဒါဆိုရင် ကျုပ်တို့ကို ခွင့်ပြုပေးပါ”
အောင်မြတ်သာ ပြန်ခွင့်ပြုလိုက်တာနဲ့ ဖိုးသူတော်ရော မြပန်းနွယ်ပါ မျက်စိရှေ့ကနေပျောက်ကွယ်သွားခဲ့ပြီး ဘုရားငုတ်တိုတစ်ဝိုက်မှာတော့ အလွန်မွှေးပျံ့တဲ့ရနံ့တွေသာကျန်ရစ်ခဲ့ပါတော့တယ်။
အောင်မြတ်သာလဲ သူပေးထားတဲ့ကတိအတိုင်း ဘုရားငုတ်တိုကိုပြုပြင်မွမ်းမံမယ့် ပဌာန်းဆက်ကို ဘယ်လိုရှာဖွေမလဲဆိုတာကိုတော့
အောင်မြတ်သာ၀တ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment