စက်ကြိုးဆွဲ မဖဲဝါ

“စက်ကြိုးဆွဲ မဖဲဝါ “(စ/ဆုံး)
ရေးသားသူ–ဆရာတာတေ
+++++++++++

အဲဒီနေ့က ဆရာတော့်ကျောင်းမှာ အလှူ
ရှိတာဗျို့။ ကျုပ်တို့ထနောင်းကုန်းသူကြီးရဲ့
တူကလေးနှစ်ယောက် ရှင်ပြုတာလေ။
ကျုပ်တို့ တောရွာတွေမှာက သူကြီးမပြော
နဲ့၊ သူကြီးအမျိုးတွေလည်း ဂုဏ်ရှိတာဗျ။
သူကြီးတူရဲ့ အလှူဆိုတော့ လွှတ်စည်
တာပေါ့ဗျာ။ ကျွေးတာကလည်း ဝက်
သား၊ ကြက်သားဗျ။ ဝက်မစားရင်ကြက်
ပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်တို့ရွာသားတွေက
ဝက်ရော၊ ကြက်ရော၊ နွားရော အကုန်
စားကြတာ များပါတယ်။
သူကြီးတူက အိမ်ထောင်ကျတော့ မီး
လောင်ကုန်းက မလုံးကြည်နဲ့ အိမ်
ထောင်ကျတာဗျ။ ဒီတော့ ထနောင်း
ကုန်းအလှူသာဆိုတယ်၊ မီးလောင်
ကုန်းသားတွေရော၊ ဘန့်ဘွေးကုန်း
သားတွေရော အကုန်ဆုံကြတော့
တာပေါ့ဗျာ။ ဝက်သားများ ချက်
ထားလိုက်တာ အိနေတာဗျို့။
ခင်ဗျားတို့မြို့တွေမှာတော့ ဝက်စတူး
ခေါ်မှာပေါ့ဗျာ။ ကျုပ်တို့ရွာတွေမှာတော့
ဝက်သားဘိစပါတ် ခေါ်တာပေါ့ဗျာ။
အတုံးကြီးကြီးကို အိနေအောင် ချက်
ထားတာဗျ။ ဇွန်းနဲ့ထိုးလိုက်တာနဲ့
အိကနဲနေတာဗျ။ စားလိုက်ရင် လျှာ
ပေါ်မှာကို အရသာစွဲနေတာဗျို့။
ကြက်သားကလည်း မြို့ကလာတဲ့
သူကြီးရဲ့ အမျိုးတစ်ယောက် ချက်
ပေးတာ၊ ဘုံဘေချက်ဆိုလားပါပဲဗျာ။
ဒိန်ချဉ်တွေနဲ့ နှပ်ထားပြီးမှ ဆယ်မိနစ်ပဲ
ချက်တာဗျ။ နူးအိပြီး ချိုနေတော့တာဗျာ။
ကျုပ်တို့ကာလသားအဖွဲ့လည်း အားလုံး
လုပ်ကိုင်ပြီးတော့နဲ့ စားကြတော့တာ
ဗျို့။ ကျုပ်စားတာချည်း သုံးပန်းကန်ဗျ။
လူကြီးတွေပြောတဲ့ ဗိုက်ခွေးနမ်းတယ်
ဆိုတာ ဒါမျိုးပေါ့ဗျာ။ မြောက်ပိုင်းက ငပိန်
လို့ ခေါ်တဲ့ကောင်ဆိုရင် တစ်ယောက်တည်း
နဲ့ကို တစ်ခွက်ချက်လောက် စားတာဗျ။ လူ
ကသာ ပိန်တာ လွှတ်စားနိုင်တဲ့ကောင်ဗျ
စားသောက်လည်းပြီးရော ငပိန်တို့ကတော့
ကွာ နံရိုးကို ဖဲထီးကိုင်း ဖြစ်ရော့ဟေ့လို့
ပြောကြတာဗျို့။
ကျုပ်ကတော့ စားသောက်ပြီးတာနဲ့ နဂါး
ဆေးပေါ့လိပ်ကလေး မီးခတ်နဲ့ ခတ်ပြီး
မီးညှိတော့တာပေါ့ဗျာ။ ဗိုက်တင်းအောင်
စားပြီး ဆေးလိပ်ကလေး ဖွာရတဲ့အရ
သာဟာ ဘယ်လောက်စည်းစိမ်ရှိတယ်
ဆိုတာ ဆေးလိပ်သောက်တဲ့လူတိုင်း
သိတာပေါ့ဗျာ။ ကျုပ်က ညာကတည်း
က အိပ်ရသေးတာ မဟုတ်ဘူးဗျ။
ထမင်းဟင်းချက်တာလည်း ကူရ၊
ဒီမနက် ထမင်းကျွေးတော့လည်း ဦး
ဆောင်ပြီး ကျွေးရမွေးရနဲ့ လူလည်း
ဖတ်ဖတ်ကို မောနေတော့တာဗျို့။
ပုဗ္ဗာရုံကျောင်းကြီးရဲ့ သရက်ပင်အုပ်
ကလေးထဲမှာ ရှိတဲ့ သစ်သားကွပ်ပျစ်
မှာသွားပြီး ကျုပ် အိပ်နေတာဗျ။ ဒီ
နေရာကလေးက ဟိုတုန်းက ဆရာ
တော်ရဲ့မယ်တော်ကြီး နေသွားတဲ့
နေရာလေဗျာ။
ခင်ဗျားမှတ်မိသေးလားတော့ မသိဘူးဗျ။
ကျုပ်ရေးခဲ့တဲ့ ‘ကိုယ်တွေ့မဖဲဝါ’စာအုပ်ထဲ
က’သွေးစုတ်ဖုတ်ကောင်’ဝတ္ထုထဲမှာ မယ်
တော်ကြီး ဖုတ်ဝင်တာ ကျုပ်ရေးခဲ့ပြီပါပြီ။
မယ်တော်ကြီး မရှိတော့ကတည်းက
ဆရာတော်က မယ်တော်ကြီး နေခဲ့တဲ့
အိမ်ကလေးကို ဖျက်ပစ်လိုက်တာ။ ဒါ
ကြောင့် ဒီနေရာ တိတ်ဆိတ်နေပြီး သ
ရက်ပင် တောအုပ်ကလေး ဖြစ်နေတာ
ဗျ။ သစ်သားကွပ်ပျစ်ကလေးတစ်ခု ရှိ
နေတော့ ကျုပ် ဒီနေရာမှာ လာပြီးအိပ်
တာလေဗျာ။
ကျောင်းကြီးပေါ်မှာတော့ တရားနာနေ
ကြတာပေါ့ဗျာ။ ကျုပ်က စိတ်ရောလူရော
ပင်ပန်းနေတော့ ခေါင်းချလိုက်တာနဲ့
အိပ်ပျော်သွားတာဗျို့။ ကျုပ်ဟောက်
သံကို ကျုပ်ပြန်ကြားပြီး တစ်ခါ နှစ်ခါ
တောင် လန့်နိုးသွားတယ်ဗျို့။ နောက်
တော့ ကျုပ် မနိုးတော့ပါဘူး။ ကျုပ်
တောကြီးတစ်တောထဲမှာ လျှောက်
သွားနေတာဗျို့။ ညဘက်ကြီးဗျ။
ဒါပေမဲ့ တောထဲမှာ လရောင်လေးတော့
ရှိပါတယ်။ ဒါပေမယ့် သစ်ပင်ကြီးတွေ
အောက်မှာ လရိပ်ကလေးတွေက ကွက်
တိ ကွက်ကြားလေးတွေ ထိုးလို့ဗျ။
ဟာ လရောင်အောက်မှာ ကောင်မ
လေးတစ်ယောက်ဗျ။ ကျုပ်အရွယ်
လောက်ပဲ ရှိဦးမှာ။ ဆယ့်ခြောက်၊
ဆယ်ခုနှစ်အရွယ်ပေါ့ဗျာ။ လရောင်
ကွက်တိ ကွက်ကြား ထိုးနေကြတဲ့
သစ်ပင်ကြီးတွေအောက်မှာ တစ်
လှမ်းချင်း လှမ်းလာတာဗျ။ကောင်
မလေးက တော်တော်ချောတာဗျို့။
ကျုပ်တောင် ငေးကြည့်နေမိတာ။
“ဝုန်း ” “ဝုန်း”
ဟာ ကျားဗျ၊ ကျား။ ဒီကျားက ဘယ်က
ရောက်လာတာတုံး။ ကျုပ်တောင် ကျော
ထဲမှာ စိမ့်ကနဲ ဖြစ်သွားတယ်။ ဟာ ကျား
က ကောင်မလေးဘက်ကို တည့်တည့်
သွားနေတာဗျို့။ ကျားက ဒီကောင်မလေး
ကို ခုန်အုပ်ဖို့ ပြင်လိုက်တယ်။ ကဲကွာ။
ကျုပ် ဘာဖြစ်သွားတယ် မသိဘူးဗျာ။
စောစောက ကြောက်တဲ့စိတ်တွေ
ဘယ်ရောက်သွားတယ် မသိပါဘူး
ဗျာ။ တစ်ရှိန်ထိုး ပြေးထွက်သွားပြီး
ကိုးတောင်ကျားကြီးရဲ့ နဘေးကို
ဆောင့်ကန်ပစ်လိုက်တယ်။
“ဝုန်း”
ကျားကြီး မြေပြင်ကို နှစ်ပတ်လောက်ကို
လိမ့်သွားတာဗျို့။ ကျုပ်ခြေထောက်ကို
တောင် မယုံသလို ဖြစ်သေးတယ်။ကျား
က ဒေါသပိုထွက်လာတာပေါ့ဗျာ။ လဲနေ
ရာက ချက်ချင်းပြန်ထပြီး ကောင်မလေး
ဆီကို ပြေးတယ်။ ကျုပ်ကလည်း ပြေး
ပြီး ကောင်မလေးရှေ့ကနေ မားမားကြီး
ရပ်နေလိုက်တယ်။
ဟာ ခုန်ဝင်လာပြီဗျို့။ ကျုပ် ကျားရဲ့
ရင်ဘတ်ကြီးကို လက်သီးနဲ့ တအားထိုး
ပစ်လိုက်တယ်။ကျုပ်လက်ထဲမှာလည်း
ဘာလက်နက်မှ မပါဘူးလေဗျာ။
“ဘုန်း”
ဟာ မယုံနိုင်စရာပါဗျာ။ ကျားကြီး
ချက်ချင်းကို လန်ထွက်သွားပြီး
နောက်ပြန်လန်ကျသွားတာဗျို့။
“တာတေ ဟေ့ကောင် တာတေ၊
အံမယ် ဒီကောင်က ဒီမှာလာပြီး ဇိမ်
ကျနေတာပါလား၊ ဟေ့ကောင် တာတေ”
ကျုပ် လန့်နိုးသွားတယ်။ ကျုပ်တစ်ကိုယ်
လုံး ချွေးတွေရွှဲလို့ဗျ။ ကျုပ်အိပ်မက် မက်
နေတာကိုးဗျ။ အောင်မယ်လေး အိပ်မက်
ထဲမှာ ကျားနဲ့သတ်ပုတ်နေရတာကိုး။ကျုပ်
မျက်စိဖွင့်ကြည့်လိုက်တော့ ကိုဘပွားကြီး
ဗျ။ မီးလောင်းကုန်းက။ကျုပ်အိပ်နေတဲ့ကွပ်
ပျစ်ဘေးမှာ တောင့်တောင့်ကြီးရပ်လို့။
ကိုဘပွားက အရပ်ရှည်ရှည်ကြီးဗျ။
လူက ပိန်ပိန်၊ နှုတ်ခမ်းမွေးကလည်း
ကုတ်ကုတ်ကြီးနဲ့။ ကျုပ်နဲ့တော့ လူ
ခင်တွေပါ။ အသက်ကတော့ သုံး
ဆယ်လောက် ရှိ
ပြီပေါ့ဗျ။ ကျုပ်
မျက်စိဖွင့်ကြည့်လိုက်ပြီး…

“ဟာ ကိုဘပွားကြီး လာ ထိုင်လေဗျာ”

“ငါ မင်းကို လိုက်ရှာတာ ကျောင်းဝင်း
တစ်ဝင်းလုံးကို နှံ့နေတာကွ၊ မင်းအိမ်
လည်း ရောက်ပြီးပြီ”

ကျုပ် သူ့ကို ကြည့်လိုက်တော့ ပုဆိုး
ဟောင်း အင်္ကျီဟောင်းနဲ့ဗျ။ခေါင်းပေါ်
မှာ ဝါးဖတ်ဦးထုပ်ဆောင်းလို့။ ဒီလူအလှူ
လာတာ မဟုတ်ဘူးထင်တယ်လို့ ကျုပ်
တွေးလိုက်မိတယ်။ ကျုပ်လည်း အိပ်နေ
ရာကနေ လူးလဲထလိုက်တယ်။ ကိုဘ
ပွားကလည်း ကျုပ်အိပ်နေတဲ့ ကွပ်ပျစ်
မှာ ဝင်ထိုင်သဗျ။

“ကိုဘပွား အလှူလာတာလား”

“ဟာ မဟုတ်ဘူးကွ၊ မင်းဆီကို
သက်သက်လာတာ၊ ကိစ္စရှိလို့ကွ
တာတေရ”

“ဟင် ဟုတ်လား”

ကျုပ်က အင်္ကျီအိတ်ကပ်ထဲမှာ
အလှူက ယူထားတဲ့ နဂါးဆေးပေါ့
လိပ်ကလေး နှစ်လိပ် ရှိတာကိုထုပ်
ပြီး ကိုဘပွားကို မီးခတ်နဲ့ ပေးလိုက်
တယ်။ကိုဘပွားကလည်း လှမ်းယူ
ပြီး မီးညှိတယ်။ သူ့ခမျာ မောလာ
တော့ ဆေးလိပ်ကို နှစ်ဖွာ သုံးဖွာ
ဆက်တိုက်ကို ဖွာတော့တာပဲဗျို့။
ကျုပ်ကတော့ စောစောကချထား
တဲ့ ဆေးလိပ်တိုကိုပဲ မီးပြန်ညှိ
လိုက်တယ်။

ကိုဘပွားရော ကျုပ်ရော နဂါးဆေးပေါ့
လိပ်ကလေးတွေဖွာရင်း အလှူအကြောင်း
ပြောကြ ဆိုကြတာပေါ့ဗျာ။ပြီးမှ ကျုပ်က…

“နို့ ကိုဘပွား ကျုပ်ကို လာရှာတဲ့ကိစ္စက”

ဒီတော့မှ ကိုဘပွားက ဆေးပေါ့လိပ်
ကလေးကို ချထားလိုက်ပြီး ပြောတာဗျ။

“ဒီလိုကွ တာတေရ၊ ငါတို့မီးလောင်ကုန်း
မှာ လူတစ်ယောက်ရောက်နေတယ်ကွ”

“ဗျာ ဘယ်ကလူတုံး”

“မသိဘူးကွ၊ မနှစ်က ဆုံးသွားတဲ့ ကိုမြို့
သာကို မေးပြီး ရောက်လာတာကွ၊ ကို
မြို့သာရဲ့မိတ်ဆွေလို့ ပြောတာပဲ၊ အဲ
ဒီလို ပြောပြီး မြို့သာတို့မိဘတွေအိမ်
မှာ တည်းနေတာကွ”

“ဟင် ကိုမြို့သာမိဘတွေကလည်း
မသိတဲ့လူကို လက်ခံရသလားဗျ”

“ဟိုလူက သူတို့သားရဲ့မိတ်ဆွေလို့
ပြောတာကို တာတေရဲ့”

“အသက် ဘယ်လောက်ရှိပြီတုံးဗျ”

“ကိုမြို့သာတို့အရွယ်ပဲကွ၊ လေးဆယ်
ကျော်လောက်ပဲ ရှိမယ်”

“အင်း ပြောပါဦးဗျ”

“အဲဒီမှာ တည်းခိုရင်း ရွာထဲက နေမကောင်း
တဲ့ လူရှိရင် ခေါ်ပေးပါ၊ ကြုံတုန်း ကျုပ်ဆေး
ကုပေးပါ့မယ်ဆိုလို့ တို့ရွာထဲက တချို့သွား
့ပြီး ဆေးကုကြတယ်။ ဒီလူက ဆေးတော့
လိုက်သားတဲ့ကွ၊ သူပေးတဲ့ ဆေးလေးက
နည်းနည်းလေးဆိုပဲ။ ဒါပေမဲ့ သောက်လိုက်
ရင် တန်းပျောက်တာဆိုပဲ တာတေရ”

“သြော် ဒီလူက ဆေးဆရာပေါ့ ”

“အေး…အဲဒီလို ဆေးကုရင်း ကိုမြို့သာတို့
အိမ်မှာ နေတာ ဆယ်ရက်လောက် ရှိပြီ
တဲ့ကွ၊ ပြီးတော့ ဟိုအိမ် ဒီအိမ်က လာပင့်
ရင်လည်း ကြွပြီးကုသပေးဆိုပဲ။ အဲဒီလို
သွားရင်းနဲ့ တို့ရွာတောင်ပိုင်းက ဘလေး
အောင်ဆင့် သမီးလေးနဲ့ ဘာလိုလို သ
တင်း ထွက်လာရောဟေ့”

“ဗျာ …ဘယ်လိုဗျ ကိုဘပွားရဲ့”

“မင်း ဘလေးအောင်ဆင့်ကို သိတယ်
မို့လား”

“သိတယ်လေဗျာ၊ သူတို့မှာ သမီးရှိလို့
လားဗျ၊ သားတွေပဲ ရှိတာမို့လား”

“ဟာ တာတေကလည်း ရှိတယ်လေကွာ၊
တရုတ်မလို့ခေါ်တဲ့ ကလေးမလေးလေ”

“ဟင် ဘယ်အရွယ်တုံးဗျ”

“ဟ မင်းတို့အရွယ်ပေါ့ကွ၊ ဆယ့်ခုနှစ်
လောက် ရှိရောပေါ့ ”

“သြော် ပြောပါဦး ကိုဘပွားရဲ့၊ အဲဒီ
ဆရာနဲ့ တရုတ်မနဲ့က ဘာဖြစ်တာတုံး”

“ရွာကလူတွေ ပြောတာတော့ ဆေးမိ
ထားတယ်လို့ပြောတယ်ကွ၊ ကောင်မ
လေးက ဒီဆရာကို မတွေ့ရရင် မနေ
နိုင်အောင် ဖြစ်နေတာဆိုပဲ၊ အခုတော့
ဒီဆရာကို ရွာကနေ ထွက်ခိုင်းလိုက်
ပြီ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောတာတော့
မဟုတ်ဘူးပေါ့ကွာ၊ ဥပါယ်တံမျဉ်နဲ့
လှည့်ပြောရတာပေါ့ ။ ဒီဆရာက
လည်း သဘောပေါက်ပုံရပါတယ်
ရွာကနေ ထွက်သွားတယ်”

“ဒါဆိုလည်း ပြီးရောပေါ့ဗျာ”

“ဟာ မပြီးဘူးကွ တာတေရ၊ မပြီးလို့
မင်းဆီကို ငါလာရတာပေါ့ကွ၊ အဲဒီ
ဆရာက သင်္ချိုင်းကုန်းထဲက ဇရပ်မှာ
သွားနေတာကွ၊ ကောင်မလေးကလေ
အိမ်မှာထိန်းမနိုင်အောင် ဖြစ်နေပြီ။
အခန်းထဲထည့်ပြီး ကြိုးနဲ့ကိုတုတ်
ထားရတာ တာတေရ”

“ဟာ ဒီလောက်ကို ဆိုးသွားတာလား”

“အေးကွ၊ ဒီတော့မှ ဒီဆရာဟာ ကဝေ
လား အောက်လမ်းလားဆိုပြီး ပွစိ ပွစိနဲ့
ပြောကြဆိုကြတော့တာပေါ့ကွာ၊နောက်
ဆုံးတော့ ဘာဆက်လုပ်ရမှန်း မသိတာ
နဲ့ တာတေ သွားခေါ်ဆိုပြီး ငါ့ကို လွှတ်
လိုက်တာဟေ့၊ ဒါကြောင့် မင်းကို ငါ
လိုက်ရှာနေတာကွ”

ကျုပ် ကိုဘပွားပြောတာကို နဂါးဆေး
ပေါ့လိပ်ကလေးဖွာရင်း စဉ်းစားနေတာဗျ
ကျုပ်လည်း ကဝေတွေ အောက်လမ်းတွေ
တွေ့ခဲ့ဖူးပါပြီ။ အရီးမယ်ခ ရှိတုန်းက က
ဝေတစ်ယောက် ရောက်လာပြီး ဒီအချိုး
မျိုးပဲဗျ ချိုးသွားတာ။ အရီးမယ်ခနဲ့ ပညာ
တွေ ပြိုင်ကြပါရောလား။

ခင်ဗျား မှတ်မိမှာပါ။ ကျုပ်ရေးခဲ့တဲ့
‘စုန်းမ’ဝတ္ထုလေဗျာ။ အရီးမယ်ခအ
ကြောင်း ကျုပ်ရေးထားတာလေဗျာ
နောက်တစ်ခါ ကျုပ်ရည်းစားလှယဉ်
နဲ့ ကဝေတစ်ယောက်နဲ့ ပညာပြိုင်
ခဲ့တဲ့ အကြောင်းမှာလည်း’ကဝေပျို
ရဲ့ အချစ်’ဝတ္ထုမှာ ကျုပ်ရေးခဲ့ပြီး
ပြီလေဗျာ။ ခုဟာက အရီးမယ်ခ
လည်း မရှိတော့ဘူး။

လှယဉ်လည်း မရှိတော့ဘူး။ ဒီတော့
မီးလောင်ကုန်းကို ရောက်လာပြီး
ဘလေးအောင်ဆင့်ရဲ့ သမီးလေး
ကို မဟုတ်မဟတ် ကြံစည်နေတဲ့
ဒီကဝေကို ကျုပ် ဘယ့်နှယ်လုပ်
ရှင်းရမှာတုံး။

နောက်ဆုံးတော့ ကျုပ်တွေးမိတယ်။
မနက်ဖြန်ညကျမှပဲ မဖဲဝါကိုပင့်ပြီး
အကျိုးအကြောင်းမေးမယ်လို့ပေါ့ဗျာ။

“ကဲ ကိုဘပွား၊ ဒီလိုလုပ်ဗျ၊ ကျုပ်
မနက်ဖြန်မှ မီးလောင်ကုန်းကို လာ
ခဲ့မယ်၊ အဲဒီရောက်မှပဲ အခြေအနေ
ကို ကြည့်လုပ်ကြတာပေါ့ဗျာ”

နဂါးဆေးပေါ့လိပ်ကလေးကို ဇိမ်ခံ
သောက်နေတဲ့ ကိုဘပွားက ကျုပ်ကို
ဆတ်ခနဲ လှမ်းကြည့်ပြီး…

“အေး ဟုတ်တယ် တာတေ၊ဒီအလုပ်
ကို ဒီနေ့ လက်စသိမ်းလုပ်ကိုင်ပေး
ရမယ့်ကိစ္စက ရှိသေးတာကို”

“ဟုတ်တယ်ဗျ၊ ကိုဘပွားရဲ့၊ဒါကြောင့်
ကျုပ် ချက်ချင်းထ,မလိုက်တာပါ”

“အေးပါ တာတေရာ၊ ငါနားလည်ပါ
တယ်ကွာ၊ မနက်ဖြန်လာမယ်ဆိုက
တည်းက ငါက ဝမ်းသာနေပါပြီကွ”

နောက်တော့ ကိုဘပွားရဲ့ကျုပ်နဲ့
စကားစမြည်ပြောကြတာပေါ့ဗျာ။
နေတော်တော်လေးချိုတော့မှ ကို
ဘပွား ပြန်သွားတယ်။ကျုပ်လည်း
ဘုန်းကြီးကျောင်းမှာ သိမ်းစရာ
လေးတွေကူပြုပြီး သိမ်းရဆည်းရ
တာပေါ့ဗျာ။ ကျုပ် အိမ်ပြန်ရောက်
တော့ကိုပဲ ဆယ်နာရီထိုးပြီဗျ။
ကျုပ် အိမ်ပြန်ရောက်တော့ အဘ
နဲ့ အမေတောင် အိပ်နေကြပြီ။
ကျုပ် လက်၊ခြေထောက်ကလေး
တွေ ဘာလေးဆေးပြီး အိပ်ရာ
ဝင်လိုက်တယ်။ ကျုပ်မီးလောင်
ကုန်းသင်္ချိုင်းထဲကို ရောက်နေ
တာဗျို့။ ကျုပ်က ဇရပ်ပေါ်က
ကဝေကို လိုက်ရှာနေတာ။
သင်္ချိုင်းကြီး တစ်ခုလုံး မှောင်
ပိန်းနေတာဗျ။ ကြယ်ရောင်လေး
ပဲရှိတာ။

“ဂီး- ဂီး- ဂီး- ဂီး”

ညငှက်တစ်ကောင် အသံဆိုးကြီးနဲ့
အော်လိုက်တဲ့အသံက သင်္ချိုင်းရဲ့
စနေထောင့်က ရုတ်တရက်ကြီး
ထွက်လာတာ။ ကျုပ်ဖြင့် ကျောထဲ
မှာ စိမ့်ကနဲ ဖြစ်ပြီး ကြက်သီးတွေ
ဖြန်းကနဲ ထသွားတာဗျို့။ ကဝေက
ဘာတွေလုပ်နေတယ် မသိဘူးဗျ။
လူခေါင်းခွံဖြူဖြူကြီးတစ်ခုပေါ်မှာ
ဖယောင်းတိုင်တစ်တိုင် ထွန်းထား
တယ်။ သူက အဲဒီရှေ့မှာ တင်
ပလ္လင်ခွေထိုင်ပြီး ပါးစပ်က ဂါထာ
လိုလို မန္တန်လိုလိုတွေ ရွတ်နေတာ
ဗျ။ ဟော လက်ထဲက ဘာမှုန့်တွေ
မှန်း မသိဘူးဗျ။ ဖယောင်းတိုင်မီး
ထဲကို ပစ်ထည့်လိုက်တယ်။

“ဝုန်း”

ဟာ မီးလုံးကြီး ထသွားတာဗျို့။ဇရပ်
ခေါင်မိုးကို သွားထိပြီးမှ ငြိမ်းသွားတာ။

ကျုပ်က မန်ကျည်းပင်ကြီးနောက်က
ကွယ်ပြီး ကြည့်နေတာလေဗျာ။ ဒီလူ
ကတော့ ကျုပ်ရောက်နေတာ။ ဘယ်
သိမှာတုံး။ သူ့ကိစ္စကိုပဲ သူမဲပြီးလုပ်
နေတာဗျို့။

“ဟဲ့ တာတေ၊ နင်ကဝေကောင်ကို
လာကြည့်နေတာလား”

ကျုပ်နောက်က ရုတ်တရက် ထွက်
လာတဲ့ အသံကြောင့် ကျုပ် နောက်
ကို ဆတ်ကနဲ လှည့်ကြည့်လိုက်တယ်။

“ဟင်”

ကျုပ်နဲ့ နှစ်ပေအကွာလောက်မှာ ရပ်
နေတဲ့ ကောင်မလေးတစ်ယောက်ဗျ။

“နင် ငါ့ကို မှတ်မိသားပဲ!

‘မဖဲဝါရဲ့အိမ်’မှာတွေ့တဲ့ ကောင်မလေး
ဗျာ။ကျုပ်အရွယ်နဲ့ မတိမ်းမယိမ်းလေ။
ခင်ဗျား မှတ်မိတယ်မို့လား။ မဖဲဝါပေါ့ဗျာ။
ဘယ်သူရှိဦးမှာတုံး။

“မဖဲဝါ ဒီကဝေက မီးလောင်ကုန်းက
ကောင်မလေးတစ်ယောက်ကို ဒုက္ခ
ပေးနေတယ်ဗျ”

” ဟုတ်တယ် တာတေ၊ ငါသိတယ်၊
ဒီအကောင်က ဒီနယ်ကို ဝင်လာက
တည်းက ငါကြည့်နေတာ၊ အဲဒီကောင်
မလေးမှာ ဒီအကောင်ရဲ့ပညာ စူးနေပြီ”

“ကယ်ပါဦး မဖဲဝါရယ်၊ ကျုပ်တော့
ဘယ်လိုလုပ်ရမှန်းကို မသိတော့တာဗျ”

“တာတေ ဒီကောင်က သာမန်ကဝေ
မဟုတ်ဘူး။ ကောင်းကင်ကြိုး နင်းနိုင်
တဲ့ ကေဝဟဲ့”

“ဗျာ ကောင်းကင်ကြိုးဆိုတာ ဘာတုံးဗျ”

“တာတေ နင်ကလည်း ဆရာကြီးတွေ
တပည့်လုပ်ပြီး လေ့လာထားမှပေါ့။ က
ဝေတွေမှာ ဆင်ကဝေတို့၊ နဂါးကဝေတို့၊
နတ်ကဝေတို့ ရှိတယ်၊ ဒီကဝေတွေက
ကောင်းကင်ပေါ်ကို စက်တွေလွှတ်ပြီး
စက်ဆင်နေလို့ရတယ်။ တချို့ကကြိုး
ဆင်ပြီး နေလို့ရတယ်။ တချို့ကတော့
အဆင့်တော်တော်မြင့်တာ။စက်ရော
ကြိုးရော ဆင်နိုင်တဲ့ကောင်ဟဲ့ တာ
တေရဲ့။ ဘယ်သူမှ ဂရုစိုက်တဲ့ကောင်
မဟုတ်ဘူး၊ သူ့စက်နဲ့ ထိသွားရင်လည်း
တော်ရုံတန်ရုံ ဆရာ မခံနိုင်ဘူး”

“ဟာ ကြောက်စရာကြီးပါလားဗျာ။
ဒီတစ်ခါတော့ ဒုက္ခရောက်ပြီထင်တယ်
မဖဲဝါရယ်”

မဖဲဝါက ကျုပ်ကို မျက်စောင်းထိုးကြည့်
တယ်။ လေအေးတစ်ချက် ဝေ့သွားတဲ့
အချိန်မှာ ဖားလျားချထားတဲ့ သူ့ဆံပင်
လေးတွေ လေမှာလွင့်သွားတယ်။ ပြီး
တော့ သူ့ခေါင်းမှာ ပန်ထားတဲ့ ပန်းပွင့်
ဝါဝါလေးက ခေါင်းပေါ်ကနေ လွင့်ကျ
သွားတယ်။ မဖဲဝါက ကျသွားတဲ့ ပန်း
အဝါပွင့်လေးကို လက်နဲ့ ဖျတ်ကနဲ
ဖမ်းလိုက်တယ်

“ဟာ”

ပန်းအဝါပွင့်လေးက သူ့ခေါင်းမှာ
ပန်ပြီးသား ပြန်ဖြစ်နေရောဗျို့။

“သူက ဆင်ကဝေပဲဖြစ်ဖြစ်၊ နဂါးကဝေပဲ
ဖြစ်ဖြစ်၊ ငါက မယ်တော်လေးပါးရဲ့လျှို့
ဝှက်အစေအပါးဟဲ့၊ ပြီးတော့ မြောက်
ဘက်ရှင်မရဲ့ ပညာဗူးကို စောင့်ရတဲ့သူ၊
ကာမေသုမိစ္ဆာကံကို အကြိမ်ကြိမ် ကျူး
လွန်နေတဲ့ ဒီကဝေကို လက်စတုံးဖို့
မယ်တော်တွေရဲ့ အမိန့်ရပြီးသား
တာတေရဲ့၊ ပြီးတော့ ဒီအကောင်နဲ့
ယှဉ်ဖို့စက်၊ ကြိုး၊ ယန္တရားအတတ်
တွေ ငါ့မှာရှိတယ်၊ မြောက်ဘက်ရှင်
မရဲ့ ပညာဗူးကို စောင့်ရှောက်ဖို့ ရှင်မ
ကိုယ်တိုင် ငါ့ကို အပ်နှင်းထားတာ”

” ဟာ အားရှိလိုက်တာ မဖဲဝါရယ်”

“နင် နားထောင်၊ မနက်ဖြန်ည ဒီ
အကောင် ကလေးမလေးကို ခေါ်ပြီး
ဒီနယ်ကနေ အပြီးသွားတော့မှာ”

“ဗျာ ဒါဆို ဘယ်လိုလုပ်ရမလဲ မဖဲဝါ”

“မနက်ဖြန်ည ဒီအကောင် ပြေးတဲ့
လမ်းမှာ နင်က ပိတ်ကာထား”

“ဟာ မဖဲဝါ ကျုပ်က ဘာပညာမှ
တတ်တာမှ မဟုတ်တာ၊ သူလုပ်
လိုက်ရင် ကျုပ် သေရုံရှိတော့မပေါ့”

“နင်ဆရာ ချီးမြှင့်ထားတဲ့ သံကဝေ
ရုပ်ကလေး ယူခဲ့၊ ဂါထာနဲ့ နှိုးထား၊
နင့်ကို စက်မှ မထိနိုင်ဘူး၊ ငါ ချက်
ချင်း ရောက်လာပြီး နင့်နောက်က
ဝင်တိုက်မယ်”

“သြော် ဒီလိုလား၊ တာတေတို့က
ဒါမျိုးဆိုလို့ကတော့ ဘယ်တော့မှ
လက်လွတ်မခံဘူးဗျို့”

“နင် မနက်ဖြန်ည ကိုးနာရီတိတိကို
ရောက်အောင်လာ၊ ရွာအနောက်တံ
ခါးကစောင့်၊ ကလေးမလေးကို ဒီက
ဝေကောင် အနောက်တံခါးက ခေါ်
ထုတ်မှာဟဲ့ တာတေ”

“ကျုပ် ဆက်ဆက်လာမှာ၊ ဆက်ဆက်
လာမှာ”

“ဟဲ့ တာတေ၊ ဘယ်ကိုများ ဆက်ဆက်
လာမှာတုံး၊ မိုးလင်းပြီ ထတော့၊ နင်အ
ဘတောင် ယာထဲသွားပြီ”

အမေ့အသံကြားတော့မှ ကျုပ်လန့်နိုး
သွားတာဗျို့။ ဒီတော့မှ အိပ်မက်မှန်း
ကျုပ်သိတာ။ ကျုပ်အိပ်ရာထဲမှာ ငုတ်
တုတ်ထထိုင်ပြီး အိပ်မက်ကို ပြန်တွေး
တာပေါ့ဗျာ။ အိပ်မက်ထဲမှာတော့
ကျုပ်က တော်တော်ကို အားရှိသွား
တာဗျ။ အခုတော့ အိပ်မက်မှန်းသိပြီး
တော်တော်ကို စိတ်ဓါတ်ကျသွားတာ။

ဒီအိပ်မက်က မဖဲဝါပေးတဲ့ အိပ်မက်လား၊
ဒါမှမဟုတ်ရင် မနေ့က ကိုဘပွားပြောတာ
ကို ကျုပ်စိတ်စွဲသွားတာလားဆိုတာဝေခွဲမ
ရအောင် ဖြစ်နေတာဗျ။

“ဟီး ဟီး ဟီး ဟီး”

ဟာ ညည်းသံလိုလို အသံဗျ။ ကျုပ်အိပ်ရာ
ခေါင်းရင်းချိတ်ထားတဲ့ ဆေးလွယ်အိတ်ထဲ
က ထွက်လာတဲ့ အသံဗျ။ လွတ်အိတ်ရဲ့
ဘေးကပ်အိတ်ထဲမှာ ထည့်ထားတဲ့ မဖဲဝါ
အရုပ်ကလေးက ထွက်လာတဲ့ အသံဗျ။
ကျုပ် တော်တော်တောင် အံ့သြသွားတာ
ဗျို့။ ဒါဆိုရင်တော့ ကျုပ်ကို မဖဲဝါ သတိ
ပေးနေပြီ။ ညက ကျုပ်မက်တဲ့ အိပ်မက်
ဟာ မဖဲဝါပေးတဲ့ အိပ်မက်ဆိုတာ သေ
ချာပြီဗျ။ ကျုပ်ဆုံးဖြတ်လိုက်ပြီ။ ဒီနေ့
ကျုပ် မီးလောင်ကုန်းကို သွားမယ်။

ပြီးရင် ညကိုးနာရီမှာ မဖဲဝါပြောတဲ့အတိုင်း
မီးလောင်ကုန်းအနောက်တံခါးကနေ ကျုပ်
စောင့်မယ်။ ညနေလေးနာရီလောက်မှာ
ကျုပ် မီးလောင်ကုန်းကို ရောက်တယ်။
ကိုဘပွားနဲ့ ကာလသားတွေ ကျုပ်ကို
စောင့်နေကြတယ်။

“ဟာ တာတေရာ မင်း လာမှလာပါ့မလား
လို့ကွာ၊ ခုပဲ တို့ ဒီအကြောင်းကို ပြောနေ
တာကြ”

“ဟာ ကိုဘပွားကြီးကလည်း ကျုပ်က
လာမယ်ဆို လာတာပါဗျ”

ကျုပ် ကိုဘပွားတို့ ဝိုင်းထဲက သူတို့ထိုင်
နေတဲ့ တန်းလျားကပဲ ဝင်ထိုင်လိုက်ရော
ဗျ။ ကျုပ်တို့ အညာမှာက အိမ်ကြီးအောက်
မှာ တန်းလျားနဲ့ စားပွဲခုံချနေကျကိုးဗျ။

“ဒီလိုကွ တာတေရ၊ မနေ့က မင်းဆီကို
ငါလာတုန်းကတောင် တရုတ်မအခြေအ
နေက ဒီလောက်မဆိုးသေးဘူးကွ၊ ဒီက
နေ့ တော်တော်ဆိုးလာတယ်၊ မနက်က
လည်း ငိုချည်းနေတာတဲ့ကွ၊ လာပါပြီ
ဆရာ၊ ကျမ လာပါပြီလို့ ထထအော်
သတဲ့ကြ”

“ဟင် ဟုတ်လား၊ ဒီကဝေရဲ့ဆေးက
တော်တော်ကို စွမ်းမယ့်ပုံပဲဗျ”

ကျုပ်ကလည်း ပါးစပ်က လွှတ်ကနဲ
ပြောလိုက်တာဗျို့။

“ဟေ ကဝေ ဟုတ်လား တာတေ၊
ဒီလူကို သင်္ချိုင်းထဲမှာ မင်းသွားကြည့်
လာလို့လား”

ကျုပ်လည်း ဘာပြောရမှန်း မသိပါဘူး
ပေါ့ဗျာ။ အနည်းအကျဉ်းတော့လည်း
သူတို့ကို ပြောထားဦးမှပေါ့ဗျာ။

“ဒီလို ကိုဘပွားရေ၊ ဒီအကြောင်းတွေကို
မဖဲဝါပြောလို့ ကျုပ်သိတာပါ”

“ဟေ တာတေရာ၊ မဖဲဝါက မင်းကို
တော့လွှတ်စောင့်ရှောက်တာကွာ”

“အင်း…အဲဒီလိုပဲ ဖြစ်မှာပေါ့ဗျာ၊မဖဲဝါ
ပြောတာက ဒီကဝေက ကောင်းကင်
မှာ စက်ရော ကြိုးရော နင်းနိုင်တယ်
ဆိုပဲဗ်”

“ဟေ ကောင်းကင်မှာ စက်တွေ ကြိုး
တွေ နင်းတယ်ဆိုတာ ဘာလုပ်တာ
တုံးကွ တာတေရ”

ကိုဘပွားကချည်း ဒိုင်ခံမေးနေပေမယ့်
ကျန်တဲ့ကာလသားတွေကလည်း အား
လုံးငြိမ်ပြီး နားထောင်နေတာဗျ။အသက်
ရှုသံတွေတောင် ကြားရတော့မတက်ပဲဗျို့။

“စက်တို့ ကြိုးတို့ ဆိုတာက သူတို့ရဲ့
မျက်စိတွေ၊ ပါးစပ်တွေ၊ လက်တွေ
ကနေ ထွက်လာတဲ့ အခိုးအငွေ့တွေ
အရောင်တွေကို ပြောတာဗျ။ အဲဒီ
စက်တွေ ကြိုးတွေကို ကောင်းကင်
မှာ ဆင်ပြီးတော့ သူတို့ပါ တက်နေ
နိုင်တယ်တဲ့ဗျာ”

“ဟာ ကဝေဆိုတာ ဒီလောက်တောင်
စွမ်းသကိုးကွ တာတေရ၊ မင်းဟာက
ကြောက်စရာကြီးကွာ၊ နို့ ဒါဆိုရင်
မင်း ဘာဆက်လုပ်မတုံး”

“မပူပါနဲ့ဗျာ၊ ဒီည ကျုပ်တို့မှာ အစီ
အစဉ် ရှိပါတယ်ဗျ”

“ဟေ ဟုတ်လား၊ ကျုပ်တို့ဆိုတာက
မင်းနဲ့ ဘယ်သူတွေပါသေးလို့တုံး”

“ဟာ ကိုဘပွားကလည်း မဖဲဝါလေဗျာ”

“ဟာ”

ဒီတော့မှ အားလုံးငြိမ်သွားတာဗျ။
ကျုပ်လည်း ဒီတော့မှ နဂါးဆေးပေါ့
လိပ်ကလေးကို မီးခတ်နဲ့ညှိပြီး ဖွာရ
တော့တာပေါ့ဗျာ။ အဲဒီညနေစာကို
ကိုဘပွားတို့ အိမ်မှာပဲ ကျုပ်စား
လိုက်တယ်။ စားတော့သာ ကိုဘပွား
တို့အိမ်ပါဗျာ။ တစ်ရွာလုံးက ဟိုက
ဟင်းတစ်ခွက်လာပို့၊ ဒီက ဟင်းတစ်
ခွက်လာပို့နဲ့ ဘုန်းကြီးဆွမ်းကပ်ထက်
တောင် များပါသေးရောဗျာ။ ဒါနဲ့ပဲ
ရွာထဲက ကာလသားတွေပါ ကိုဘ
ပွားတို့အိမ်မှာပဲ စားကြရောဗျို့။
မီးလောင်ကုန်းတစ်ရွာလုံးကလည်း
ကျုပ်နဲ့က လူခင်တွေချည်းပဲလေဗျာ။

“မောင်တာတေ ရောက်နေတယ်ဆိုလို့
ဘလေး လာခဲ့တာ၊ ဘလေးအိမ်ကို
လာခဲ့ ပြီးရောကွာ”

တရုတ်မရဲ့အဖေ၊ ဘလေးအောင်ဆင့်
ဗျ။ကျုပ်ရောက်နေတယ်ကြားလို့ ကို
ဘပွားတို့အိမ်ကို ရောက်လာတာ။ ဘ
လေးအောက်ဆင့်ကို ကိုဘပွားက အ
ကျိုးအကြောင်းတွေပြောပြတယ်။

“ဘလေး ဝမ်းသာလိုက်တာကွာ၊ မင်းတို့
လူငယ်တွေကို ဘလေး ကျေးဇူးတင်ပါ
တယ်ကွာ”

ဘလေးအောက်ဆင့်က ပြောရင်း
မျက်ရည်တောင်လည်လာတာဗျ။

“ဘလေး ဒီညတော့ သူသေ ကိုယ်သေ
လုပ်ကြရလိမ့်မယ်ဗျ။ ဒါပေမဲ့ ဘလေး
ဘာမှမပူနဲ့၊ ကျုပ် ဒီကဝေကို ရအောင်
သတ်ပစ်မှာပါ”

“အေးကွယ် မောင်တာတေရယ်၊ ဒီလို
လူမျိုးဟာ လူ့လောကမှာ ရှိကို မရှိသင့်
တော့တာပါကွာ၊ ရှိနေရင်လည်း ဘာမှ
ကောင်းကျိုးပေးမယ့်ကောင်တွေ
မဟုတ်ပါဘူးကွာ”

“စိတ်ချ ဘလေး၊ မဖဲဝါပြောသလိုဆိုရင်
ဒီကဝေကို ကိစ္စတုံးပစ်ဖို့ မယ်တော်
လေးပါးကလည်း ခွင့်ပြုထားပြီဆိုပဲဗျ”

“နို့ နေပါဦး ကိုကြီးတာတေရ၊ ကျုပ်
နားမလည်လို့ တစ်ခုလောက် မေးပါ
ရစေဦးဗျ”

“ဟေ မေးလေ ဖိုးဝရဲ့၊ မင်းအစ်ကို
စိန်ရိုးရော မပါဘူးလားကွ”

“ကိုစိန်ရိုး တောတက်သွားလို့ဗျ”

“သြော် အေး မေးပါဦးကွ ဖိုးဝရဲ့”

“မဖဲဝါက သရဲမဆို၊ ကဝေကြီးကို
ယှဉ်ပြီးတိုက်ခိုက်လို့ ရပါမလားဗျ၊
ကဝေတွေကသာ သရဲတွေကို
ခိုင်းတာစေတာ မဟုတ်လား”

“ဟာ ဖိုးဝရဲ့ မင်းပြောတာ ဟုတ်
တယ်ကွ၊ ကဝေတွေကသာ သရဲကို
ခိုင်းတာ စေတာပေါ့၊ ဒါပေမဲ့ မဖဲဝါ
ဆိုတာက သာမန်သရဲမျိုး မဟုတ်ဘူး
ကွ၊ လူဘဝတုန်းက အင်းကြီးတွေ
လုပ်ခဲ့လို့ အကုသိုလ်ကြောင့်သာ
သရဲဖြစ်နေပေမယ့် ကောင်းမှုကု
သိုလ်တွေလည်း အများကြီးလုပ်
ခဲ့တာကွ၊ ဒီတော့ သူ့မှာက ကာမ
ဇိတ္ထိလို့ခေါ်တဲ့ အစွမ်းတွေရှိတယ်၊
မင်းတို့ ငါတို့အရွယ် ကောင်မလေး
တစ်ယောက်လိုလည်း ဖန်ဆင်းနိုင်
တယ်။ အင်မတန်ကြောက်စရာ
ကောင်းတဲ့ ပုံပန်းသဏ္ဌာန်ကိုလည်း
လုပ်ယူနိုင်တယ်။ ပြီးတော့ နာနာ
ဘာဝ တော်တော်များများကို သူ
ခေါ်ပြီး ခိုင်းစေနိုင်တယ်။ အချို့
ပုဂ္ဂိုလ်ကြီးတွေ၊ မယ်တော်တွေက
စေခိုင်းတဲ့ကိစ္စတွေကိုတောင် သူ
ဆောင်ရွက်ပေးနိုင်တယ်ကွ”

“သြော် ဒီလိုကိုး”

ညရှစ်နာရီထိုးတော့ စကားဝိုင်းကို
ဖြတ်ပြီး ကျုပ်တစ်ယောက်တည်း ရွာ
ပြင်ကို ထွက်လာခဲ့တယ်။ ကျုပ်မှာဆ
ရာတွေ ချီးမြှင့်ထားတဲ့ ဆေးတော်၊
အင်းတော်တွေ၊ နာနာရုပ်တွေအား
လုံးပါလာတယ်၊ ပြီးတော့ မဖဲဝါ ပေး
ထားတဲ့ ကိုယ်ခွဲရုပ်ကလေးလည်း
ပါတယ်ဗျ။ ဒီအရုပ်ကလေးပေါ်မှ
မဖဲဝါပြောတဲ့အသံကို ကျုပ်ကြား
ရတာလေဗျာ။

ကိုဘပွားတို့က ကျုပ်နဲ့လိုက်ဖို့တော့
ပြောသားဗျ။ ဒါပေမဲ့ သူတို့ကို ခေါ်လာ
လို့ မဖြစ်ဘူးလေဗျာ။ အန္တရာယ်များ
တယ်ဗျ။ ရွာကိုပဲ စောင့်ရှောက်ဖို့
ကျုပ်မှာခဲ့ရတယ်။

“ဝူး- ဝူး- ဝူး- ဝူး၊ အီ- အီ- အီ”

“ဖျန်း- ဖျန်း- ဖျန်း- ဖျန်း”

“အား- အား- အား-အား”

ကျုပ် အနောက်ဘက်တံခါးနဲ့
မလှမ်းမကမ်းက ထန်းပင်တန်းလေး
ဘက်ကနေ ငြိမ်ပြီးစောင့်နေတာဗျို့။
မီးလောင်ကုန်းရွာထဲက ခွေးအူသံ
တွေ၊ ကျီးပျိုသံတွေ၊ ငှက်တွေ လန့်
ပျံတဲ့အသံတွေ ရုတ်တရက်ကြီး ထ
ထွက်လာတာဗျ။ ကျုပ်တောင် လန့်
သွားတယ်။ မီးလောင်ကုန်းသားတွေ
လည်း လန့်ကြမှာပေါ့ဗျာ။နာရီကြည့်
တော့ ဆယ်နာရီထိုးတော့မယ်ဗျ။

“ဘုတ်၊ ဘုတ်၊ ဘုတ်၊ ဘုတ်”

ဟော လူတစ်ယောက် ပြေးလာတာဗျ။
ကျုပ်ပုန်းနေတဲ့ ထန်းပင်တန်းလေး
ဘက်ကို ပြေးလာတာ။ ဒီလူ ကျုပ်ကို
တော့ မမြင်ဘူးဗျ။ ဟာ လွယ်အိတ်
တစ်လုံး စလွယ်သိုင်းလွယ်လို့ဗျ။
ခေါင်းပေါ်မှာ သျှောင်ထုံးကြီးနဲ့ဗျ။

နှုတ်ခမ်းမွေးကလည်း ကားကားကြီး
ဗျာ။ ဧကန္တ ဒီလူပဲ ဖြစ်မယ်ဗျာ၊ မဖဲ
ဝါပြောတဲ့ ကဝေဆိုတဲ့လူ။ ဟော
ဒီလူ ရွာအနောက်ဘက်တံခါးကို
တန်းပြေးတာဗျို့။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး”

ဟာ ရွာထဲက ခွေးအကောင်နှစ်ဆယ်
လောက် တစ်ပြိုင်တည်း အူနေတဲ့အသံ
ကြီးကလည်း ကြောက်စရာကြီးပါဗျာ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

ဟော ဒါကတော့ မဖဲဝါရဲ့ခွေးကြီး
အူတဲ့ အသံပဲဗျို့။ မဖဲဝါလည်း လာ
ပြီပဲ၊ ဒီတော့မှ ကျုပ်လည်း အားတက်
လာတာပေါ့ဗျာ။

“ဒေါင် ဒေါင် ဒေါင် ဒေါင် လိုက်ဟေ့
လိုက်ဟေ့ လိုက်ကြဟေ့”

ဟာ ရွာထဲက သံချောင်းခေါက်သံတွေ
ညာသံပေးပြီး အော်တဲ့အသံတွေ ထွက်
လာတာဗ်။

“တရုတ်မပါသွားပြီဟေ့၊ ကြိုတွေ
အလိုလိုဖြတ်ထွက်သွားတာကွ”

“ဟေ ဘယ်ကို ပါသွားတုံး”

“မည်းမည်းအရိပ်ကြီးလိုဟာကြီးက
ထမ်းခေါ်သွားတာပဲကွ”

ရွာထဲက ခွေးအူသံ၊ သံချောင်းခေါက်
သံနဲ့အတူ အော်ပြောတဲ့အသံတွေပါ
ကျုပ်ကြားနေရတာဗျ။ ကျုပ်က ကိုဘ
ပွားတို့အိမ်ကမထွက်ခင်ကတည်းက
မျက်ကွင်းဆေးကွင်းပြီးသားဗျ။ ကျုပ်
မဖဲဝါကို လိုက်ရှာတယ်။ ဟာ ထန်းပင်
ကြီးတွေနဲ့ ရောနေတာဗျ။ အရပ်ကြီးက
ထန်းပင်ကြီးလောက်ကို မြင့်နေတာဗျို့။
သူ့ခွေးကြီးတွေကို တွေ့လိုက်လို့သာ
သူ့ကို တွေ့သွားတာဗျ။

“ဘုတ်၊ ဘုတ်၊ ဘုတ်၊ ဘုတ်”

ဟာ ခြေသံကြီးဗျ။ ရွာထဲက ပြေး
လာတဲ့ အသံဗျ။ ဒီခြေသံကြားရတာ
အကောင်တော်တော်ကြီးမယ့်ပုံပဲဗျ။
ဟော ထွက်လာပြီဗျို့။ ထွက်လာပြီ။
ရွာနောက်ပေါက်ကနေ မည်းမည်း
အကောင်ကြီးတစ်ကောင် ထွက်
ပြေးလာတာဗျို့။

သူ့ပခုံးပေါ်မှာလည်း တစ်ခုခုထမ်းလာ
တဲ့ပုံပဲဗျ။ စောစောက ရွာထဲက အော်
သံတွေအရ ဆိုရင်တော့ ဒီသဘက်လို
အကောင်ကြီးထမ်းလာတာ ဘလေး
အောင်ဆင့်ရဲ့သမီးလေးပဲ ဖြစ်မှာပဲ။
တော်တော်အကြံပက်စက်တဲ့ ကဝေ
ပါပဲလား။ ကျုပ်သွေးတွေ ဆူသွား
တယ်။ ပညာတွေ ဘာတွေ ဘေး
ဖယ်ပြီး ဒီအတိုင်းကို ဓါးနဲ့ ဝင်ပိုင်း
ပစ်လိုက်ချင်တာဗျို့။

ဟိုကဝေကောင် ရပ်နေတဲ့ဘက်ကို
မည်းမည်းအကောင်ကြီး ပြေးလာတာဗျို့။

“ဟား ဟား ဟား ဟား ငါ့အကောင်ကြီး
တော်လှချည်လားကွ၊ ဒါကြောင့်လည်း
ဆရာက မင်းကို အားကိုးတာကွ၊ မင်း
သိပ်စားချင်တဲ့ အမဲသားတွေ၊ နွားတစ်
ကောင်လုံးကို စားရစေမယ်။ ဟား၊
ဟား၊ ဟား၊ ဟား”

ကလေးမလေးကို သဘက်ကြီးက
မြေကြီးပေါ်ကို ချထားလိုက်တယ်
ကလေးမလေးက သတိလုံးဝလစ်
နေတဲ့ပုံပဲဗျ။ ဟော ကဝေကောင်
က ကလေးမလေးကို ကောက်ပွေ့
ပြီး သူ့ပခုံးပေါ်မှာ ထမ်းလိုက်တယ်။
ပြီးတော့ ကျုပ်ပုန်းနေတဲ့ ထန်းပင်ဘေး
က ယာခင်းထဲကို ဖြတ်ပြေးရောဗျို့။
သဘက်ကောင်ကြီးကချာကနဲ လှည့်ပြီး
ထွက်ပြေးသွားပြီဗျ။ ဆရာတပည့်နှစ်
ယောက် တစ်ယောက်တစ်လမ်း သွား
မယ့်ပုံဗျ။

ကျုပ် မဖဲဝါ မှာထားတဲ့အတိုင်း လွတ်
အိတ်ထဲက သံကဝေရုပ်ကလေးကို
ထုတ်ယူလိုက်တယ်။ ပြီးတော့ အနှိုး
ဂါထာကို ပါးစပ်က ရွတ်ရင်း ယာခင်း
ထဲကို ပြေးထွက်လိုက်တယ်။ ကလေး
မလေးကို ထမ်းပြီး ပြေးလာတဲ့ ကဝေ
ရဲ့ရှေ့ကနေ ကျုပ်ပိတ်ပြီးရပ်လိုက်
တယ်။ ကျုပ်ကိုတွေ့တော့ ကဝေ
ကောင်က တုံ့ကနဲ ရပ်လိုက်တယ်။

သူ့နဲ့ကျုပ်နဲ့ ပေနှစ်ဆယ်လောက်တော့
ကွာမှာပေါ့ဗျာ။

“ဟေ့လူ ရပ်စမ်း ခင်ဗျားအကြံ
ဒါအကုန်ပဲလား”

ကျုပ်က သံကဝေရုပ်ကလေးကို
လက်ထဲမှာ တင်းတင်းဆုပ်ထားပြီး
လှမ်းမေးလိုက်တယ်

“အောင်မာ ရာရာစစ၊ မလောက်လေး
မလောက်စားကောင်ကများ ငါ့ကို ဟန့်
တားနေရသေးတယ်၊ ငါ့နာမည် မင်းမှတ်
ထားလိုက်၊ ဆယ့်နှစ်ကြိုးငမိုးဆိုတာ ငါ
ပဲကွ၊ ကလေးမသာ ဖြစ်မကျန်ရစ်ခဲ့ချင်
ရင် ငါရှေ့က အခု ဖယ်လိုက်”

“ဟား ဟား ဟား ဟား ဆယ့်နှစ်ကြိုး
ရော၊ ဆယ့်သုံးကြိုးရော ကျုပ် နားမလည်
ဘူး၊ ကဝေမှန်သမျှ လိုက်ပြီး လက်စတုံး
ပစ်တဲ့ ဆရာကြီး ဦးအောင်နဲ့ ဆရာစိုင်းနွံ
ဖတို့ရဲ့တပည့် တာတေဆိုတာကျုပ်ပဲဗျ”

“တယ် ဒီခွေးမသားလေး၊ သေပေတော့
ကြာ”

ကဝေက ဒေါသတွေဖြစ်ပြီး သူ့လက်
တစ်ဖက်ကို ရှေ့ဘက်ကို ဆန့်ထုတ်
လိုက်တယ်

“တာတေ သတိထား၊ နေရာမရွှေ့နဲ့၊
ငြိမ်ရပ်နေ၊ သံကဝေကို ရှေ့ကကာထား၊
ဂါထာမပြတ်ရွတ်”

ဟာ မဖဲဝါကြီးက ကျုပ်နောက်မှာဗျ။
ကျုပ် နောက်ကို မသိမသာ စောင်းကြည့်
လိုက်တယ်။ အလို မဖဲဝါက သာမန်လူအ
ရွယ် ဖြစ်နေပြီဗျ။ ထမီအနက်၊ခါးထောင်
အင်္ကျီအနက်နဲ့ ဆံပင်ဖားလျားချလို့ဗျ။
တကယ့်ပညာသည် တစ်ယောက်ရဲ့ပုံပဲ။
ကျုပ်တောင် တော်တော်အံ့သြသွားတယ်။

“နောက်လှည့်မကြည့်နဲ့ တာတေ”

ကျုပ်က သံကဝေရုပ်ကလေးကို လက်
ဆန့်ပြီး ရှေ့ကို ထုတ်ထားလိုက်တယ်။
ပါးစပ်ကလည်း သံကဝေအနှိုးဂါထာကို
မပြတ်ရွတ်တော့တာပဲဗျို့။ ကျုပ်က
ဆရာလည်း မဟုတ်၊ သမားလည်း မ
ဟုတ်၊ ပညာသည်လည်း မဟုတ်၊ ရှေ့
က လက်ကြီးဆန့်ထုတ်ထားတဲ့ ကဝေ
ကြီးကသာ စက်နဲ့ ကျုပ်ရင်ဝကို ပစ်
သွင်းလိုက်ရင် ဒီနေရာမှာတင် ကျုပ်
ပွဲချင်းပြီးပြီပေါ့ဗျာ။

ဟာ ထင်ထားတဲ့အတိုင်းပါပဲဗျာ။
ကဝေရဲ့မျက်လုံးက ထွက်လာတဲ့
ဝင်းဝင်းလက်လက် စက်တွေက
အခိုးအလျှံတွေလို ကျုပ်ဆီကို
တဝင်းဝင်းနဲ့ တန်းဝင်လာတာဗျို့။
ဒီတစ်ခါဖြင့် သွားပြီလို့ ကျုပ်တွေး
လိုက်တုန်းမှာပဲ ကဝေလွှတ်လိုက်
တဲ့ စက်တွေဟာ ကျုပ်နားမရောက်
ခင် ငါးပေလောက်မှာ ဘေးကို
ဖြာထွက်သွားတယ်ဗျို့။

“အောင်မာ၊ မင်းကလည်း အလာ
ကြီးပါလား၊ ကဲ ဒီတစ်ခါတော့
မင်းအသေပဲ”

ဟာ ပါးစပ်ထဲက ထွက်လာတဲ့ စက်
တွေဗျ။အစိမ်းရောင်တောက်တောက်
တွေဗျာ၊ ဝင်းကနဲ ဝင်းကနဲ လက်ပြီး
ကျုပ်ရင်ဘတ်တည့်တည့်ကို ပြေး
ဝင်လာတာဗျ။ ကျုပ်လည်း လက်ထဲ
မှာ ဆုပ်ထားတဲ့ သံကဝေရုပ်ကလေး
ကို ရင်ဘတ်တည့်တည့် ရွှေ့လိုက်
မိတာဗျ။ ဟာ သွားပြန်ပြီဗျို့။ဘေးကို
ဖြာထွက်ပြီး တစ်ခါတည်း ပျောက်
သွားတာဗျ။

“ပညာမှာ ဆယ့်နှစ်ကြိုး၊လူမှာ ငမိုး
ဆိုတာငါပဲဟေ့၊ မင်းက လွယ်လွယ်နဲ့
လုပ်လို့မရတော့လည်း ခက်ခက်လုပ်ရ
တော့မှာပေါ့ကွာ”

ကဝေက သတိမေ့နေတဲ့ ကလေးမလေး
ကို မြေကြီးပေါ်မှာ ချထားလိုက်တယ်။ပြီး
တော့ ရှေ့ကို တစ်လံလောက် ထွက်လာ
ပြီးတော့ လက်နှစ်ဖက်စလုံး ရှေ့ကို ဆန့်
ထုတ်လိုက်တယ်။ ဟာ စက်တွေ ထပ်
ထုတ်တော့မယ်ဗျို့။ ကျုပ်ကလည်း သံ
ကဝေအနှိုးဂါထာကို အဆက်မပြတ်
ရွတ်ရတော့တာပေါ့ဗျာ။

“တာတေ မလှုပ်နဲ့၊ စောစောက
ကလေးမလေး ရှိနေလို့ ငါစက်
မလွှတ်သေးတာ”

မဖဲဝါ ပြောပြောဆိုဆိုနဲ့ စက်တွေစပြီး
လွှတ်တော့တာပဲဗျာ။ ကျုပ်ဆိုတာ
ကဝေနဲ့ မဖဲဝါရဲ့ကြားမှာ လှုပ်ကို မ
လှုပ်ရဲတော့တာဗျို့။ ပါးစပ်ကသာ
ဂါထာကို မနားတမ်း ရွတ်နေရတာဗျ

ကဝေ လွှတ်သမျှ စက်တွေက ဘေး
ကိုချည်း ဖြာထွက်ပြီး ပျောက်သွား
တာဗျ။ ကျုပ် ဒီတော့မှ သဘော
ပေါက်သွားတာဗျို့။ မဖဲဝါက သံကဝေ
နဲ့ ကျုပ်ကို ကာခိုင်းထားတာ ကဝေငမိုး
ရဲ့စက်တွေကို သူ မခံနိုင်မှာစိုးလို့ဗျ။

ကျုပ် ဘေးက ပတ်ပြီး ထွက်လာတဲ့
စက်ရောင်တွေကို တွေ့တော့ က
ဝေမိုးကြီး မျက်လုံးပြူးသွားတယ်ဗျ

“သြော် လက်စသတ်တော့ မင်းတို့
က နှစ်ယောက် လာတာကိုး၊ ဟေ
နောက်က တစ်ယောက်က အထီး
လား၊ အမလား၊ သတ္တိရှိရင် ဘေးကို
ထွက်လိုက်စမ်း”

စိမ်းပြာပြာအရောင်နဲ့ တလက်လက်
ထွက်လာတဲ့ စက်တွေကို သေသေ
ချာချာ စိုက်ကြည့်ပြီး ကဝေငမိုး မျက်
လုံးကြီးတွေ ပြူးသွားတယ်ဗျ

“ဟင် ဒါ မြောက်ဘက်ရှင်မရဲ့စက်
ပါလား၊ နင် ဘယ်သူလဲ ထွက်လိုက်စမ်း”

သူ့ဆီကို တိုးဝင်လာတဲ့ စက်တွေကို
ကဝေငမိုးက သူ့စက်နဲ့ ချက်ချင်းပစ်
လိုက်တယ်။

“ဝုန်း”

ဟာ ငမိုးရဲ့စက်တွေ ‘ဝုန်း’ကနဲ ပေါက်ကွဲပြီးပျောက်သွားတယ်ဗျ။
ငမိုးကြီး သိသွားပုံရတယ်ဗျို့။
မဖဲဝါ လွှတ်နေတဲ့ မြောက်ဘက်ရှင်မ
ရဲ့ စက်တွေကို သူမခံနိုင်မှန်း တွေး
မိပုံပဲဗျ။ သတိမေ့နေတဲ့ ကလေးမ
လေးကို တစ်ချက်ငုံ့ကြည့်တယ်
ပြီးတော့ ကောင်းကင်ကိုမော့ပြီး
စက်တွေလွှတ်နေတယ်။

ပါးစပ်နဲ့ မျက်လုံးက ထွက်သွားတာ
က မီးတန်းကြီးဗျ။လက်က ထွက်
လာတဲ့ လျှပ်စီးလက်တဲ့ အရောင်
လေးတွေလို ကြိုးတန်းလေးတွေ။
သြော် ကြိုးဆိုတာ ဒါပါလားလို့
ကျုပ် ကြည့်နေလိုက်တယ်

“ဒီကောင် စက်ရော ကြိုးရော ဆင်
နေပြီ တာတေ၊ ဒီကောင် ကောင်း
ကင်ပေါ် တက်ပြေးတော့မှာ၊ အ
သာလေး လွှတ်ပေးထားလိုက်ဟဲ့”

ဟာ ကဝေငမိုးရဲ့ စက်တွေ ကြိုးတွေ
က တလက်လက်နဲ့ ကောင်းကင်ကို
တန်းတက်လာတာဗျ။ ဟာ ကလေး
မလေးကို ပခုံးမှာ ကောက်ထမ်း
လိုက်ပြီဗျို့။ ဟာ သူလွှတ်ထားတဲ့
စက်တန်းကြီး အတန်း ကောင်းကင်
ပေါ်ကို တက်သွားပြီဗျို့။

“ဟား၊ ဟား၊ ဟား နင့်ပညာ ဒါအကုန်
ပဲကိုး၊ နင် ပြေးပွေ့လိုက်၊ ဖက်ရွက်
ကလေးလို ပေါ့နေမှာ မစိုးရိမ်နဲ့ ”

ကျုပ်က သံကဝေရုပ်ကလေးကို
လွယ်အိတ်ထဲ ထည့်ထားလိုက်တယ်။
ကဝေကြီးက ကောင်းကင်ပေါ်ကို အတော်
မြင့်မြင့် ရောက်သွားပြီဗျ။ ကျုပ် ကလေး
မလေး ပါသွားမှာကို အရမ်းစိုးရိမ်တာ
ပေါ့ဗျာ။ ကျုပ်နောက်ကို လှည့်ကြည့်
လိုက်တော့ မဖဲဝါက ကောင်းကင်ကို
မော့ကြည့်ပြီး လက်နှစ်ဖက်က ကြိုး
တစ်ချောင်းကို ဆွဲယူသလို ယူနေ
တာဗ်။

“တာတေ ကလေးမလေး ကျလာပြီ
ပြေးပွေ့”

ကျုပ်လည်း စောစောက ကဝေ
ကောင်းကင်ပေါ်တက်သွားတဲ့နေရာ
ကို ပြေးထွက်ပြီး မော့ကြည့်လိုက်တော့
ဟုတ်ပါ့ဗျာ၊ လေထဲမှာ ဖက်ရွက်ကလေး
တစ်ရွက် ကျလာသလို ဖြည်းဖြည်းလေး
ကျလာတဲ့ ဘလေးအောင်ဆင့်သမီး
လေးကို ကျုပ်ပြေးပြီး ဖမ်းလိုက်တယ်။
ဟုတ်ပါ့ဗျာ၊ ငှက်ပျောဖက်တစ်ရွက်
လောက်ပဲ လေးတာဗျ။

“ဟဲ့ တာတေ၊ မြန်မြန်လာ”

ကျုပ် ကလေးမလေးကို ပွေ့ပြီး
ခပ်သုတ်သုတ် ပြေးရတာပေါ့ဗျာ။
မဖဲဝါကတော့ စောစောကလိုပဲ
ကြိုးတစ်ချောင်းကို ဆွဲသလို
လက်နှစ်ဖက်နဲ့ ဆွဲနေတုန်းပဲဗျ။
ဟော မဖဝါ ရပ်သွားပြီ၊ ရပ်သွားပြီ။
အပေါ်ကို ကြည့်နေတယ်။ ဟာ
မဖဲဝါရဲ့ မျက်လုံးထဲက အလင်းတန်း
နှစ်ခု ထွက်လာပြီး ကောင်းကင်ပေါ်
ကို တက်သွားတယ်ဗျ။

“ကဲ သေပေတော့၊ စည်းကျိုး
စည်းပေါက် ကဝေကောင် ငမိုး”

ဟာ ဆောင့်ဆွဲလိုက်ပြီဗျို့။ကြိုး
တစ်ချောင်းကို ဆောင့်ဆွဲလိုက်
သလိုကို ဆွဲလိုက်တာဗျ။

ကျုပ် အံ့သြပြီးမော့ကြည့်လိုက်တယ်။
ဟာ ကျလာပြီဗျို့။ ငမိုးဆိုတဲ့ ဆယ့်နှစ်
ကြိုး ကဝေကြီး ခြေကားယား လက်
ကားယားနဲ့ ကျလာတာဗျို့။ ကလေးမ
လေး ကျသလို ပေါ့ပေါ့လေး ဟုတ်
ပုံမပေါ်ဘူးဗျ။

“ဘုန်း”

ဟုတ်ပါ့ဗျာ။ မြေပြင်ပေါ်ကို ငမိုးကြီး
ကျလာတဲ့အသံကြီးဗျ။ မြေကြီးပါ တုန်
သွားတယ် ထင်ရတာဗျ။ မလှုပ်တော့
ဘူးဗျို့။ အပေါ်မှာတည်းက သေလာ
တာလား မပြောတတ်ပါဘူးဗျာ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး”

မဖဲဝါရဲ့ ခွေးအူသံကြီး ကျုပ်နောက်
ဘက် ခပ်လှမ်းလှမ်းက ကြားလို့ နောက်
ကို ကျုပ်လှည့်ကြည့်လိုက်တယ်။ ဟာ
မဖဲဝါက တော်တော်ဝေးဝေးတောင်
ရောက်သွားပြီပဲဗျ။

“တာတေ၊ ဟေ့ တာတေ”

ဒါ ကိုဘပွားကြီးအသံဗျ။ ရွာသားတွေ
ဓါတ်မီးတဝင်းဝင်းနဲ့ လိုက်လာကြပြီပေါ့ဗျာ။

“ကျုပ် ဒီမှာ ကိုဘပွား”

ကျုပ်အသံကြားတဲ့ဘက်ကို ဓါတ်မီးတွေ
နဲ့ဝိုင်းထိုးကြရောဗျို့။ ကျုပ်က ကလေးမ
လေးကိုပွေ့ပြီး မတ်တတ်ကြီး ရပ်နေတာ
တွေ့တော့ ကျုပ်ဆီကို မီးလောင်ကုန်းသား
တွေ ပြေးလာလိုက်ကြတာ ဖုန်တထောင်း
ထောင်းကို နေရောဗျာ။

ကျုပ်က ကလေးမလေးကို ဘလေး
အောင်ဆင့်ပခုံးပေါ် တင်ပေးလိုက်တယ်။

“ဘလေး တရုတ်မကို အိမ်မြန်မြန်
ခေါ်သွားတော့၊ကျုပ် အခုပဲ လိုက်ခဲ့မယ်”

“ဟိုကဝေကောင်ရော တာတေ၊
ထွက်ပြေးသွားပြီလား”

ကိုဘပွားက ကျုပ်ကို မေးတာဗျ။

“ဘယ်ပြေးနိုင်မှာတုံးဗျာ၊ ဟိုမှာ သေနေပြီ”

ကျုပ်က ကိုဘပွားလက်ထဲက ဓါတ်မီး
ကို ယူပြီး ကဝေကြီးအလောင်းကို
ထိုးပြလိုက်တယ်။

“တောက်”

ရွာသားတွေရဲ့ တောက်ခေါက်သံတွေ
ကြားလိုက်ရပြီး ကဝေအသေကောင်ကို
ဖနောင့်နဲ့ ပြေးပေါက်ကာ ခြေထောက်
နဲ့ ကန်ကြပေါ့ဗျာ။

“ကဲ ကိုဘပွား၊ ကဝေအလောင်းကို
နက်နက်တူးပြီး မြှုပ်လိုက်တော့ဗျာ၊
ကျုပ်ဘလေးအောင်ဆင့်တို့အိမ်ကို
လိုက်ပြီး ကလေးမလေး သတိရ
အောင် လုပ်ပေးလိုက်ဦးမယ်”
ဘလေးအောင်ဆင့်တို့ဝိုင်းကိုရောက်
တော့ လူတွေအုံလို့ဗျ

ကျုပ်က သံကဝေရုပ်ကလေးကို ရေစိမ်
ပြီး တရုတ်မရဲ့ မျက်နှာကို တောက်ပေး
လိုက်တော့ ချက်ချင်းကို ထထိုင်ရော
ဗျို့။ ကလေးမလေးက ဘာတွေဖြစ်
သွားမှန်းကို မသိတာဗျို့။
အဲဒီညတော့ ကျုပ်မီးလောင်ကုန်းမှာ
တစ်ညအိပ်ဖြစ်သွားတာပေါ့ဗျာ။ နောက်
နေ့မနက်စောစောထပြီး ကျုပ် ထနောင်းကုန်းကို ပြန်ခဲ့တယ်။

ပြီးပါပြီ။

Leave a Comment