အောင်မြတ်သာနှင့်ကြောင်မျက်ရှင်

” အောင်မြတ်သာနှင့်ကြောင်မျက်ရှင် ”
မူရင်းရေးသားသူ — ဇေယန (ရာမည)
+++++++++++

အချိန်ကား ညနေနေဝင်ရီတရော နွားရိုင်းသွင်းချိန်
လယ်ထဲကပြန်လာသူတွေ၊ ရေခပ်ဆင်းသူတွေနဲ့
အတန်အသင့် စည်ကားနေတဲ့ နတ်ကျွန်းကျေးရွာ—
ရွာမှာနေတဲ့လူအများစုကတော့ အတန်အသင့်ပြေလည် ကြတယ်လို့ဆိုရမယ်။
လယ်ယာစိုက်ပျိုးရေးကိုအဓိကထားပြီးလုပ်ကိုင်တဲ့ ရွာ ဖြစ်တဲ့အတွက် ယခုလို စပါးပေါ်ချိန်ကတော့ လက်ထဲ ငွေသီးနေသလို ဝတ်ကောင်းစားလှတွေ ဝယ်ခြမ်းနိုင်တဲ့ အချိန်တစ်ခုလဲဖြစ်တယ်။
ညဘက်တွေဆို ကာလသားလှည့်သူတွေ၊ လရောင်အောက်မှာ ဆော့ကစားနေကြတဲ့ ကလေးတွေနဲ့ ရွာက နေချင်စဖွယ်အတိ။
အချိန်ကား တစ်ဖြေးဖြေး နက်သထက် နက်လာခဲ့သည်။
သက်ကြီးခေါင်းချချိန်ရောက်တဲ့အခါမှာတော့ တစ်ရွာလုံး အပ်ကျသံပင် မကြားလောက်အောင် တိတ်ဆိတ်သွား ခဲ့သည်။
ထိုစဉ် ရွာအနောက်က ထနောင်းပင်ပေါ်မှ လူရိပ်တစ်ခုဖြတ်ခနဲ ခုန်ဆင်းလာသည်။
ထို့နောက် ရိပ်ခနဲ ရိပ်ခနဲ အမှောင်ထုကို ခိုကာ ရွာအလယ်ရှိ လယ်သူဌေးဦးဘလူအိမ်အနီးကို ကပ်သွားလေတော့သည်။
+++++
အောက် အီး အီး အွတ်—–
လင်းကြက်တွန်သံကြားတဲ့နောက်
ဦးဘလူ အိပ်ယာကနေ လူးလဲထလိုက်တယ်။
မျက်နှာသစ်ဖို့ ခြင်ထောင်ထဲက အထမှာ မြင်လိုက်ရတဲ့ မြင်ကွင်းက လဲပြိုကျမတတ်ဖြစ်သွားခဲ့သည်။
တစ်အိမ်လုံးဖွာလန်ကျဲနေပြီး မနေ့က စပါးရောင်းရငွေ ထည့်ထားတဲ့ သေတ္တာက ပွင့်လျက်။
သေတ္တာထဲမှာ စပါးရောင်းရငွေ တစ်ရွက်မှမရှိတော့သည့်အပြင် အနှစ်နှစ်အလလ စုဆောင်းထားသည့် လက်ဝတ်လက်စားများလည်း မတွေ့ရတော့ပဲ စာရွက်တစ်ရွက်ကိုသာ တွေ့လိုက်ရသည်။
စာရွက်မှာ ရေးထားတဲ့စာက
“အလှူအတွက် ကျေးဇူးတင်ပါသည် ဦးဘိုးလူ”
+++++
ဦးဖိုးလူ အိမ် သူခိုးခိုးခံရတယ်ဆိုတဲ့ သတင်းက ကောက်ရိုးမီးပမာ ရွာနီးချုပ်စပ်သို့ ပြန့်သွားခဲ့သည်။
အလားတူ နောက်ရက်တွေမှာ ရွာရှိ လူကုံထံ အိမ်များ တစ်အိမ်ပီးတစ်အိမ် ခိုးခံရပါတော့သည်။
ရွာရှိလူငယ်များကတော့ ကင်းစနစ်ဖြင့် သူခိုးကို ဖမ်းဖို့ ကင်းစောင့်ကြသော်လည်း သူခိုးကား ခိုးမြဲ ခိုးနေဆဲ။
မိဖို့မပြောနှင့် အရိပ်အယောင်တောင်မတွေ့ရ
မိုးလင်းမှသာ ဘယ်အိမ်က ဘယ်လောက်ပါသွားတယ် ဆိုတဲ့သတင်းကိုသာကြားရသည်။
တစ်ရွာလုံးကျီးလန့်စာစားဖြစ်နေကြပီ။
ပိုင်ဆိုင်သမျှ ပစ္စည်းတွေကို အိမ်တွင်မထားရဲတော့ပဲ
မြေမြှုပ်တဲ့သူကမြှုပ် ဖွက်တဲ့သူကဖွက်နေကြရတယ်။
ရွာရှိ ကာလသားတွေကလဲ သူ့ရွာနဲ့သူ ကင်းစောင့်ကြ ပေမယ့် သူခိုးကိုကား အရိပ်အယောင်မျှပင် မတွေ့ရသေးချေ။
“ကိုလွန်း –
ဒီည လကွယ်နေ့နော်
ကျွန်တော်တို့ သတိရှိမှရမယ်။
ဟိုကောင်က ဘယ်ရွာကိုဝင်မယ် မသိသေးဘူး”
စံလှ စကားကြောင့် ကိုလွန်း ခေါင်းကုတ်လိုက်သည်။
“အေးကွာ ငါတို့လဲ ရူးချင်နေပီ
ဒီသူခိုးက တော်ရုံတော့မဟုတ်လောက်ဘူး
ခိုးရင်လဲ ဒိတ်ဒိတ်ကြဲအိမ်တွေကိုဝင်ခိုးတာ”
ကာလသားခေါင်း ကိုလွန်းက ရွာရှိ ကာလသားများကို အချက်ပေးလိုက်သည်။
သူ့နေရာနှင့်သူ ကင်းပုန်းဝပ်နေရင်း
သူခိုးကိုစောင့်ကြည့်နေကြသည်။
ကိုလွန်း တစ်ယောက် သရက်ပင်ပေါ်မှာ ထိုင်ရင်း
ရွှေနဂါး ဆေးပေါ့လိပ်ကို ဖွာနေလိုက်သည်။
ကျန်တဲ့သူတွေကလဲ စကားစမြည်ပြောရင်း အမှောင်ထဲထဲကို လှမ်းကြည့်နေကြတယ်။
ညကား တစ်ဖြေးဖြေးနက်လာသလို အအေးဓာတ်ကလဲ လွှမ်းခြုံလာသည်။
ထိုစဉ် –
ကိုလွန်းတစ်ယောက် အရမ်းအိပ်ချင်လာတယ်။
“ဟာ ဒီနေ့မှ ဘာလို့ ဒီလောက်အိပ်ငိုက်နေတာလဲ မသိဘူး”
မောင်မဲနဲ့ ထူးကျော်
မင်းတို့လဲသတိနဲ့နေဦး
+++++
“ရှပ် ရှပ်”
ညနှစ်ချက်တီးလောက်မှာ ရွာအနောက်ဘက် တောစပ်ကနေ လမ်းလျောက်လာတဲ့အသံကြားလိုက်ရတယ်။
ထိုစဉ်-
ပုရစ်အော်သံတွေ နေရာအန့ှံထွက်လာခဲ့သည်။
ဒါ-ဒါ-အချက်ပေးတဲ့ အသံပဲ –
ကိုလွန်းတစ်ယောက် အနီးအနားကလူတွေကို အချက်ပြလိုက်သည်။
အားလုံး ငြိမ်ပြီး အသံကြားရာဘက်ကို ကြည့်နေလိုက်တယ်။

တောစပ်ထဲကနေ လူတစ်ယောက် လမ်းလျောက်လာသလို ဝါးတားတား မြင်လိုက်ရသည်။
မသေချာသေးတဲ့အတွက် အဖြေကိုစောင့်နေလိုက်တယ်။
ဟော  တွေ့ပါပီ
ကင်းပုန်းတွေကို မမြင်ပဲ အမှောင်ထုကို အကာယူပြီး ဒေါ်လုံးတင် အိမ်ဝိုင်းနားကို ကပ်လာတဲ့ လူတစ်ယောက် –
လုံချည်ကို မျက်နှာအုပ်ပြီး ခြံဝိုင်းထဲကို ကျော်ဝင်တာ တွေ့လိုက်တယ်။
ဖမ်းဟ လိုက်ဟ မလွတ်စေနဲ့ –
ကင်းစောင့်နေတဲ့ လူအုပ်ကြီးက ညာသံပေးကာ လိုက်လေတော့သည်။
သူခိုးလဲ အသံကြားတာနဲ့ လှစ်ခနဲပြေးပါလေရော –
လူအုပ်ကြီးကလဲ လိုက်နေရင်း
ထွက်ပေါက်တွေအကုန်ပိတ်လိုက်သည်။
ဟိုမှာ–
လိုက်ဟ ဖမ်းကြပါဟ
ကိုလွန်းက ပြေးလိုက်သည်။
သူခိုးက တော်တော်မြန်တဲ့သူခိုးပဲလို့ စိတ်ထဲက တွေးလိုက်တယ်။
ကိုလွန်း ဆိုသူကလဲ ခေသူမဟုတ်
ရွာနီးချုပ်စပ်မှာ သူ့ကိုဘယ်သူမှယှဉ်ပြေးနိုင်သူမရှိ
သက်လုံလဲကောင်းသည်။
သန်လဲသန်တယ်။
သူခိုးနဲ့ အကွာအဝေးက ဝါးတစ်ရိုက်လောက်ပဲ လိုတော့သည်။
အရှေ့မှာက ရွာခြံစည်းရိုး –
ခြံစည်းရိုးက လူနှစ်ရပ်ကျော်ကျော်မြင့်သည်။
သေချာပီ ဒီကောင် လွတ်လမ်းမရှိတော့ဘူး။
ကိုလွန်း အရှိန်ကိုလျော့လိုက်တယ်။
ကျန်တဲ့သူတွေကလဲ တုတ်တွေ ဓားတွေနဲ့ဝိုင်းလိုက်တယ်။
သူခိုးက ပြေးလမ်းပိတ်သွားတဲ့အတွက် အနောက်ကို နစ်ချက်လှည့်ကြည့်ပြီး ရပ်လိုက်တယ်။
သေချာတယ် ဒီကောင် အဖမ်းခံမှရတော့မယ်။
ကိုလွန်း လက်ထဲက တုတ်ကို ဆရင်း တစ်ဖြေးဖြေး အနားကပ်သွားလိုက်တယ်။
သူခိုးနဲ့ ဆယ်ပေလောက်အကွာရောက်တော့
“ယောက်ျားဘသား”
“ကျား”ဆိုပြီး ဝမ်းခေါင်းသံကြီးနဲ့အော်ကာ
ပေါင်နှစ်ဘက်ကို လက်နဲ့ပုတ်လိုက်ပြီး ခုန်လိုက်တယ် ဆိုရင်ဖြင့် –
လူနှစ်ရပ်ကျော်ရှိတဲ့ ခြံစည်းရိုးကို လွှားခနဲခုန်သွားတာ။
” ဟာ ”
“ဟင်”
“ဘယ်လိုလဲဟ”
“ဒီကောင်လူရောဟုတ်ရဲ့လား”
ရွာသားတွေထဲက တစ်ယောက်တစ်ပေါက်အသံထွက် လာတယ်။
+++++
နောက်နေ့ရောက်ရော
သူခိုးက ကြောင်တစ်ကောင်လိုခုန်နိုင်တယ်
သူခိုးက အစွမ်းရှိတယ်ဆိုပြီး တစ်ရွာလုံးအုတ်အုတ်ကျက်ကျက်ဖြစ်ပါလေရော။
ထိုနေ့ကစပြီး သူခိုးက ကိုလွန်းတို့ရွာကို ညတိုင်းဝင်ခိုးတော့သည်။
တစ်ရက်ထက်တစ်ရက်ပိုဆိုးလာတယ်။
တစ်ခါတစ်လေ ဖြတ်ခနဲပဲတွေ့ရတယ်။
တစ်ခါတစ်လေ သစ်ပင်တစ်ပင်နဲ့တစ်ပင် ခုန်ကျော်ပြီး ပြေးသည်။
တစ်ခါတစ်လေ ရွာချောင်းထဲကနေဖြတ်ပြေးသည်။
ချောင်းထဲကပြေးတဲ့အခါ ရေသံမကြားရဘူး။
ဘယ်လိုဖမ်းဖမ်း မမိတာကများတယ်။
ကြာလာတော့ လူတွေလဲပမ်းလာတယ်။
ရွာထဲကအိမ်တစ်ချို့လဲ ပြောင်းပြေးကုန်ပီ။
မပြောင်းပဲနေတဲ့အိမ်တွေကလဲ တစ်နေ့မဟုတ်တစ်နေ့ ခိုးခံထိတာ။
စောင့်နေရင်းတောင် ရအောင်ခိုးတဲ့သူခိုး
တော်ရုံသာမန်လူမဟုတ်ဘူးဆိုတာ သိပေမယ့်
ရွာကိုမပြောင်းနိုင်တဲ့လူတွေကတော့ ကြိတ်မှိတ်ကာ နေကြသေးတယ်။
နေတဲ့အိမ်မှန်သမျှ အနည်းနဲ့အများ ခိုးခံထိတာပဲ။
သူခိုးကလဲ တစ်ရွာထဲကို အငြိုးနဲ့ခိုးနေသလား ဆိုရမလို ဘေးရွာတွေကိုမခိုးတော့ပဲ တစ်ရွာထဲကို ရသမျှ အကုန်ခိုးနေတော့သည်။
တစ်ရက်မှာတော့ ကင်းစောင့်တဲ့ သူတွေရဲ့ မျက်နှာမှာ အိုးမဲတွေလာသုတ်သွားသေးတယ်။
အဲလောက်ထိ စွမ်းနေတဲ့သူခိုးကို ဖမ်းဖို့ အားလုံးလက်လျော့ရမလိုဖြစ်နေချိန်—
“ဦးကြီးလွန်း”
“ဗျို့ ဦးကြီးလွန်း”
“ဟေ့ ငတို ဘာလဲ”
“မင်းနွားကျောင်း မသွားဘူးလား”
“သွားတယ် ရွာပြင်က ကွင်းမှာ နွားတွေလွှတ်ကျောင်း နေရင်း ရွာပြင်က သစ်ပင်ပေါ်မှာ လူတစ်ယောက်အိပ် နေတာတွေ့လို့ လာပြောတာ”
“ဟေ ဘယ်လိုပုံလဲကွ”
“သေချာတော့မသိဘူး ခြေထောက်မှာတော့ ရွံ့တွေပေ နေတယ်။ လုံခြည်ခြုံ အိပ်နေတော့ သေချာမမြင်ရဘူး”
+++++
ရွာသားတွေကိုစုကာ သွားကြည့်တော့
မရှိတော့ဘူး အိပ်ခဲ့တဲ့ခြေရာလက်ရာတွေတော့ တွေ့ရတယ်။
စိတ်ပျက်လက်ပျက်နဲ့ ရွာထဲပြန်ဝင်လာတော့
“ဗျို့ နောင်ကြီးတို့”
“မျက်နှာတွေလဲ မကောင်းကြပါလား ဘာတွေဖြစ်လို့လဲ”
လှမ်းခေါ်သံကြားလို့ ကြည့်လိုက်တော့ –
လူရွယ်နှစ်ယောက်
ပုံစံက ဆေးဆရာလိုလို
ခရီးသွားလိုလို
ကိုလွန်း မျက်မှောင်ကိုကျုံ့ပြီး
“ရွာမှာ သောင်းကျန်းနေတဲ့ သူခိုးကို လိုက်ဖမ်းနေတာ”
“ဒီက မိတ်ဆွေတွေက ဘယ်သွားမလို့လဲ”
“ကျုပ်တို့က ခရီးသွားတွေပါ လမ်းမှာပြောသံကြားလို့ သူခိုးကို ကူဖမ်းပေးမလို့”
“မဖြစ်နိုင်ဘူးထင်တယ် သူခိုးက အရမ်းစွမ်းတာ”
“ကျုပ်တို့လူအများကြီးတောင် မဖမ်းနိုင်တာ ခင်ဗျားတို့နှစ်ယောက်က ဘယ်လိုဖမ်းနိုင်မှာလဲ”
ထိုအခါ လူငယ်နှစ်ယောက်က ပြုံးပြီး –
“ကျုပ်တို့မှာလဲ နည်းလမ်းရှိတာပေါ့၊ ကူညီရမယ်ဆိုရင် ကျုပ်တို့ဖမ်းပေးမယ်”
“မလိုဘူးဆိုရင်တော့ ကျုပ်တို့ဆက်သွားရုံပေါ့”
” အဲဒါဆိုလဲ ကျေးဇူးတင်ပါတယ်”
“ရွာထဲကိုလိုက်ခဲ့ကြပေါ့၊ ဟိုရောက်မှ ပြောပြတော့မယ်”
ရွာထဲရောက်တော့ လူရွယ်နှစ်ယောက်အား ဖြစ်ကြောင်း ကုန်စင်ကိုပြောပြလိုက်တယ်။
ထို့နောက် လူငယ်တစ်ယောက်က –
“ဒါဆို သူခိုးက သာမန်သူခိုးမှမဟုတ်တာ အစွမ်းတစ်ခုခု ရှိတာသေချာတာပေါ့”
“သိပ်ပီးမစိုးရိမ်ပါနဲ့ ကျုပ်တို့ကူညီပါ့မယ်”
“ကျုပ်တို့နဲ့ပူးပေါင်းဖို့ လူ၃ယောက်လိုတယ်၊ အဲဒီလူ ၃ယောက်ရရင် ကျုပ်တို့ဆီခေါ်လာခဲ့ပေးပါ”
+++++
ကိုလွန်းလဲ ရွာခံလူငယ်နှစ်ယောက်ကိုခေါ်လာလိုက်တယ်။
ဒီက မိတ်ဆွေတို့ပြောတဲ့ လူ၃ယောက်တော့ရပီ။
ကျုပ်တို့က ဘာလုပ်ရမှာလဲ။
ဒီလပြည့်နေ့ရောက်ရင် ဒီရွာကို သူထပ်လာနိုင်တယ်။
သူလာတဲ့အခါသိရအောင် ရွာထဲကခွေးတွေကို ဒီဆေးနဲ့ မျက်စိကွင်းထားပေးပါ။
သူလာရင် ခွေးတွေက တစ်ရှိန်ထိုးဟောင်လိမ့်မယ်။
အဲလိုဟောင်တာနဲ့ ဒီလူရွာထဲရောက်ပီဆိုတာ သိရပီ။
သူက ည၁နာရီ မကျော်ခင် ရွာထဲကနေ ထွက်မှာ။
ည၁နာရီကျော်တဲ့ထိ ရွာထဲက မထွက်ရအောင် ကျုပ်တို့ လုပ်ရမယ်။
ထိုအခါ ကိုလွန်းက –
ဘာလို့ သူက ည၁နာရီထွက်ရတာလဲ
အဲတော့အဖြေသိရမှာပေါ့။လောလောဆယ် ခွေးတွေကို လိုက်ကွင်းပေးထားဦး။ လပြည့်နေ့က မနက်ဖြန်ဆိုတော့ ကျုပ်တို့လုပ်စရာရှိတာ လုပ်လိုက်ဦးမယ်။

နောက်တစ်နေ့ရောက်တော့ လူငယ်နှစ်ယောက်ကို မတွေ့တော့ဘူး။
သူတို့တည်းတဲ့အိမ်မှာ စာတစ်စောင် ချန်ထားခဲ့တယ်။
ရေးထားတာက
“ဆေးတုံးကို ဉာဏ်ရှိသလိုအသုံးချကာ ဖမ်းနိုင်ပါစေ”

ကိုလွန်းတစ်ယောက် ဆေးတုံးကိုသွေးကာ –
ရွာထဲကခွေးတွေကို မျက်လုံးလိုက်ကွင်းလေတော့သည်။
ညဘက်ရောက်တော့ ကျန်တဲ့ဆေးကို ရွာသားတွေနဲ့သူ့မျက်လုံးမှာ သုတ်လိုက်တယ်။
ညနက်လာလေလေ
တိတ်ဆိတ်လာလေလေ
ထိုစဉ် ရွာအနောက်ဘက် ခွေးတစ်အုပ်က စူးစူးဝါးဝါး ထဟောင်ပါလေရော
ခွေးဟောင်ရာကိုကြည့်လိုက်တော့
လူတစ်ယောက် သစ်ပင်တွေပေါ်မှာ ပြေးနေတာ
ရိပ်ခနဲရိပ်ခနဲပဲ –
ထိုသို့ပြေးနေတာကို ဆေးကွင်းထားတဲ့ သူတွေပဲမြင်ရတယ်။
ကိုလွန်း ပြုံးလိုက်ပြီး
ဆေးကွင်းထားတဲ့သူတွေကိုစုကာ
ဒကောင့်သားပြေးနေတဲ့ သစ်ပင်တန်းနေရာကို ဝိုင်းထားလိုက်သည်။
သစ်ပင်ပေါ်မှာပြေးနေတာက ကြောင်တစ်ကောင်လို လွှားခနဲ.လွှားခနဲ–
ပြေးနေရင်း မန်ကျီးပင်နားရောက်တော့ ဖတ်ခနဲ ခုန်ချလိုက်တာတွေ့လိုက်ရတယ်။
ခုန်ချပြီးတဲ့အချိန်မှာ မန်ကျီးပင်ဘေးက ရွာသူကြီးအိမ်ထဲ ဝင်ဖို့အလုပ် အနောက်ကနေ လူတစ်ယောက် ထပ်ခုန်ချလာတာကို.တွေ့လိုက်ရတယ်။
“ဟင်”
“ဒါ မနေ့ကတွေ့တဲ့ လူငယ်ထဲက တစ်ယောက်”
“သူတို့က တစ်ဖွဲ့ထဲလား”
တွေးနေရင်း
လူငယ်က အရှေ့ကနေပိတ်ရပ်လိုက်တာ တွေ့လိုက်
သည်။
ကိုလွန်းလဲ မထွက်ခိုင်းသေးပဲ ငြိမ်နေဖို့ အချက်ပြလိုက်သည်။
ထိုအခါ လူငယ်က –
“မင်းရထားတဲ့ သိဒ္ဓိဝင်ပစ္စည်းကို ငါပြန်သိ်မ်းရလိမ့်မယ်”
“မင်းကဘယ်သူလဲ ငါ့အလုပ်ကို ဘာလို့လိုက်နှောင့်ယှက်တာလဲ”
“ငါက မင်းကိုဆုံးမဖို့ တာဝန်ပေးခံရတဲ့သူ၊ မင်းလက်ထဲကို မတော်တဆရောက်ခဲ့တဲ့ ကြောင်မျက်ရှင်ကို ပြန်သိမ်းဖို့ အထက်ဆရာတွေက တာဝန်ပေးထားတယ်”
“မင်းကိုစောရနက္ခနဲ့ယှဉ်ပြီး ဆေးပေါက်ပေးခဲ့တဲ့ အောက်လမ်းဆရာကိုလဲ ငါသိတယ်၊ ကံကောင်းထောက်မစွာ ကြောင်မျက်ရှင်ကိုရခဲ့တာလဲငါသိတယ်”
“မင်းဒီရွာကို်အငြိုးထားပြီးလုပ်နေတာလဲငါသိတယ်၊ ကျော်စံအောင်ဆိုတာ မင်းနာမည် ၊ မင်းကဒီရွာသား၊ ဒီရွာမှာ မင်းသဘောကျတဲ့ မိန်းကလေးက မင်းကိုလူပုံအလယ်မှာ အရှက်ခွဲခဲ့လို့ ဒီရွာကိုဒုက္ခပြန်ပေးတာလဲသိတယ်”
“ဟင် ကျော်စံအောင်ဆိုပါလား ဒီကောင်က ရွာသူကြီးမွေးစားထားတဲ့ ကောင်မဟုတ်လား”
“ဒီကောင်သေပီဆို ဘယ်လိုဖြစ်တာလဲ”
ကိုလွန်းတစ်ယောက် အ့ံသြသွားသည်။
“ငါ့ကိုဖမ်းလေ မိရင်ရမယ် မမိရင် မင်းလမ်းမင်းသွား”
ထိုအခါ လူငယ်က–
မင်းအစွမ်းတွေရှိသေးတယ်ထင်လို့လား
ခုန်ကြည့်စမ်း မင်းခုန်လို့ တစ်လံတက်ခဲ့ရင် ငါလွှတ်ပေးမယ်”
မျက်နှာအုပ်ထားတဲ့လူက
လက်ခမောင်းခတ်ကာ ခုန်လိုက်တယ်ဆိုရင်ဖြင့်
“ဟင် ဘယ်လိုဖြစ်တာလဲ”
“ငါ့အစွမ်းတွေဘယ်လိုပျောက်သွားတာလဲ”
အလောတကြီးပေါင်ကိုလှန်ကြည့်လိုက်တော့
ကြောင်အတက် ကြောင်အဆင်းအရုပ်မှာ ခြေထောက် တစ်ဖက်စီမရှိတော့ဘူး
မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး
ဒါမျိုးဖျက်စီးဖို့က တော်ရုံအစွမ်းနဲ့မရဘူး
မင်း မင်းက ဘယ်သူလဲ
မင်းက ဘာလို့ဒီလောက်စွမ်းနေတာလဲ
“ဟားဟားဟား”
“မင်းလိုချင်တဲ့ကြောင်မျက်ရှင်က ဒီမှာ”ဆိုပြီး
လက်ထဲမှာဆုပ်ထားတဲ့ ကျောက်အနက်နှစ်လုံးကို ထုတ်ပြလိုက်တယ်။
မင်းဒီအရုပ်ထိုးတုန်းက ဆရာတင်ခဲ့တဲ့ အောက်လမ်းဆရာကို ဒီမနက်ပဲ ပညာတွေသိမ်းခဲ့ပီးပီ-
မင်းဆရာပေးခဲ့တဲ့ပညာတွေမင်းမှာလဲမရှိတော့ဘူး
မင်းက ဒီကြောင်မျက်လုံးအစွမ်းကြောင့်သာ ပေါ့ပါးနေတာ။
ဒါပေမယ့် မင်းလိုလူနဲ့ဒီသိဒ္ဓိဝင်ပစ္စည်းကမတန်လို့ ပြန်သိမ်းလိုက်တယ်လို့ သဘောထားလိုက်။
မင်းမိုက်ပြစ် မင်းခံလိုက်ပေဦး-
သေရင်လဲ အပယ်လေးဘုံက မင်းကိုကြိုနေတာမမေ့နဲ့ဦး
ငါသွားပီ—  ဆိုပြီး ဖြတ်ခနဲ သစ်ပင်ပေါ်ခုန်တက်သွားတာ မြင်လိုက်ရတယ်။
ထိုအချိန် သကောင့်သားက ထွက်ပြေးပါလေရော –


ဒီအချိန်မှအခွင့်ကောင်းလေ ရွာသားတွေလဲ ညာသံပေးကာလိုက်ရင်း ကြောင်မျက်ရှင်မရှိတဲ့ သာမန်လူတစ်ယောက်အဖို့ ရွာခြံစည်းရိုးက သူ့ရဲ့နောက်ဆုံးနေရာဖြစ် သွားခဲ့တယ်။
ဖမ်းမိတဲ့အချိန် ပေါင်ကိုကြည့်တော့ ကြောင်အတက်အဆင်းကို ဘယ်ညာတစ်ဖက်စီထိုးထားပြီး ကြောင်အရုပ်ဗိုက်ကိုခွဲထားတဲ့အရာကိုပါ တွေ့လိုက်ရသည်။
နောက်ဆုံး ခိုးထားတဲ့ပစ္စည်းအတော်များများ ပြန်ရခဲ့ပြီး သူလဲ ထောင်နန်းစံသွားခဲ့တယ်။
အဲဒီနောက်ပိုင်း ထောင်ထဲမှာသေ သွားတယ်ဆိုတဲ့ သတင်းသဲ့သဲ့တော့ကြားမိတယ်။
– – – – –
အဖေ–
ဒါဆို— အဖေတို့ကို ကူညီခဲ့တဲ့ လူငယ်နှစ်ယောက်ကိုရော
ထပ်တွေ့သေးလား။
သားဖြစ်သူကို ပြောပြရင်း လူငယ်နှစ်ယောက်ရဲ့ မျက်နှာကိုပြန်တွေးလိုက်မိတယ်။
လူငယ်နှစ်ယောက်ကို
ယနေ့အထိပြန်မတွေ့ရတော့ဘူး သားရဲ့
ကဲကဲ— သားလဲ စာကျက်ဦး
အဖေလဲ လယ်ထဲဆင်းဦးမယ်ဆိုပြီး
ကိုလွန်းတစ်ယောက် ပေါက်တူးကိုင်ကာ လယ်ထဲဆင်းခဲ့လေတော့သည်။

ပြီးပါပြီ

Leave a Comment