မဆစ်ဆီ ပီယဆေး

” မဆစ်ဆီ ပီယဆေး “(စ/ဆုံး)
မူရင်းရေးသားသူ — ဆရာတာတေ
+++++++++++++++++++++

ဒီတုန်းက ကျုပ်အသက် ဆယ့်နှစ်နှစ်လောက်ပဲ ရှိသေးတာဗျ။
ကိုကြက်တောဆိုတာ ကျုပ် တိုရွာရဲ့ ကာလသားခေါင်းပေါ့
ဗျာ။လူကအရပ်ရှည်ရှည် ပိန်ပိန်ဗျ။ခါးကလည်း နည်းနည်းကိုင်း
သေးတယ်။မျက်လုံးကလည်းခပ်ပြုးပြူးဗျို့။
ဒါ့ကြောင့်လည်း ကျုပ်တို့ ရွာကလူတွေက ပြောကြတာ။
” ကြက်တောရာ မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ ဘာများဖြစ်လာ
တာတုံး ”
” ဟာ….ဘာမှမဖြစ်ပါဘူးဗျ။ ဘိုးညီလေးရဲ့ ကျုပ်ကမွေးက
တည်းက ပြူးနေတဲ့ဟာ ဘာတတ်နိုင်မှာတုံး ”
လို့ကိုကြက်တောကြီးက ပြန်ပြောသဗျ။ကိုကြက်တောကြီးက
လမ်းလျောက်ရင်လည်း ခြေလှမ်းကျဲကြီးနဲ့ဗျ။
” ကိုကြက်တောတို့များလမ်းလျောက်ရင် ငှက်ကြီးဝန်ပို တွေ
လမ်းလျောက်တဲ့ အတိုင်းပဲဗျာ ”
လို့ ပြောပြောပြီး ရယ်နေကြတာဗျ။
တရက်ကျတော့ ကိုကြက်တောကြီး ကျနော့်ဆီကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရောဗျို့။
” ဟေ့ကောင် တာတေ ”
” ဟာ ကိုကြီးဝံပို အဲ ဟုတ်ပါဘူး ကိုကြီး ကြက်တော ”
“ဘာလဲ မင်းကပါ ဘိုးညီလေးဂိုဏ်းဝင်မလို့လား၊ ဒီဘိုးတော်
ကတော့ ပြောမနေနဲ့ လူတွေ့ရင် တစ်ခုမဟုတ် တစ်ခု
စနေတော့တာပဲ ”
” ဟားဟား ဟားဟား ကိုကြီးကြက်တောကလည်းဗျာ…
ဘိုးညီလေးက ခဗျားတစ်ယောက်တည်းကို စတာမဟုတ်
ပါဘူးဗျာ။ဘယ်သူတွေ့တွေ့ စတာပါပဲဗျာ။ နို့ နေပါဦး ။
ကိုကြီး ကြက်တောကျုပ်ဆီလာတာ ဘာကိစ္စရှိလို့တုံး ”
” အေး ရှိတယ် တာတေ မင်းကို အကူအညီတောင်းမလို့ ”
“ဟာ..ဒါများ ကိုကြီးကြက်တောကလည်း ကဲ ပြောကျုပ်
ဘာကူညီပေးရမလဲ ”
” ဒီလိုကွ ငါပီယဆေး စီရင်မလို့ ”
” ဗျာ ပီယဆေး ဟုတ်လား ”
ကျုပ်ဗျာ ကျော်ထဲမှာတောင် စိမ့်ခနဲ ဖြစ်သွားတယ်။
“အေး ဟုတ်တယ်ကွ တာတေရ ”
” ဖြစ်ပါ့မလား ကိုကြီးကြက်တောရာ ၊ သင်္ချိုင်းတွေ ဘာတွေများ
သွားပြီး လုပ်ရမှာလားဗျာ။အဲ့ဒါဆိုရင်တော့ မလုပ်ပါနဲ့ဗျာ ”
” တာတေ ကလည်းကွာ ဘယ်ကသင်္ချိုင်းကုန်းမှာ လုပ်ရမှာတုံး
ဘုန်းကြီး ကျောင်းသိမ်ထဲမှာ လုပ်ရမှာ ”
ဒီတော့ မှ ကျုပ်စိတ် သက်သာသွားတယ်ဗျို့။
” သြော် ဒါဆိုရင်တော့ ဖြစ်ပါတယ်။ကျုပ်က ဘာလုပ်ပေးရမှာ
တုံးဗျ ”
” မင်းက ငါ့ကို အဖော်လိုက်ပေးရုံပါကွာ ”
” နို့ ကိုကြီး ကြက်တောရဲ့အစီအစဉ်က တော်တော်ခက်လား
ဗျ ”
” ဟာ ဘာမှမခက်ဘူး။ နှမ်းဆီ ၁၅ကျပ်သားကိုဈေးမဆစ်ပဲ
ဝယ်ရတယ်။ဝယ်တဲ့နေ့က မင်းမွေးတဲ့ မွေးနေ့ရဲ့ငါးခုမြောက်
နေ့မှာ ဝယ်ရတယ်။ဥပမာကွာ မင်းက တနင်္ဂနွေ ဆိုရင်
ကြာသပတေးရဲ့ မနက်စောစော ခုနှစ်နာရီလောက်မှာ သွား
ဝယ်ရတယ်ကွ ”
” အော်— အဲ့ဒီလို လား..။ အဲ့ဒီ့ဆီရတော့ ဘာဆက်လုပ်ရမှာ
တုံးဗျ ”
” အထိကရ သိမ်ကြီးတစ်လုံးထဲမှာ စီရင်ရမှာကွ ”
” ပန်းကန် ပြားထဲမှာဆန်ထည့် ၊ ဆန်ပေါ်မှာ လက်ဖက်အလုံး
လေးတွေ လုံးပြီးတင် ၊ ပြီးရင် ဆီထည့်ထားတဲ့ ခွက်ကိုဆန်ပေါ်
မှာ ငြိမ်အောင် ထားရတယ်။သိမ်ကြမ်းပြင်မှာ အဲ့ဒီ့ပန်းကန်ချ
ထားပြီး ပန်းကန်ရဲ့ လေးဖက် လေးတန်မှာဖယောင်းတိုင်
လေးတိုင်ထွန်းပြီး သမ္ဗုဒ္ဓေဂါထာကို တထောင်ပြည့်အောင်
ရွတ်ရတယ်။ဘယ်လို အနှောင့်အယှက် အဖျက်အစီးပဲလာလာ
ဂါထာတစ်ထောင်ပြည့်အောင် ရွတ်ရတယ်။တစ်ထောင်ပြည့်
ရင် ပီယဆေးအောင်ရောကွ ။ အဲ့ဒီ ဆီကို ဆန်စမှာသပ်ပြီး
စကားပြောရင် ကိုယ်ပြောသမျှ အားလုံးအောင်တယ်ဆိုပဲ”
” ဟင် အောင်တဲ့ သူတွေရော ရှိလားဗျ ”
“အောင်ဖို့်တော့မလွယ်ဘူးပြောတာပဲ တာတေရ ”
” ဟင် ဘာဖြစ်လို့တုံး ”
” အဲ့ဒါတော့ ငါလည်း မသိဘူး ကွ ”
ညရောက်တော့ ပုဗ္ဗာရုံကျောင်းက သိမ်ကြီးထဲမှာ လိုအပ်တာ
တွေအားလုံး ပြင်ဆင်ပြီး ကိုကြီးကြက်တောက သမ္ဗုဒ္ဓေဂါထာ
ကို ရွတ်ဖို့ အဆင်သင့်လုပ်တယ်ဗျ။
” ကဲ တာတေ မင်းက မလှမ်းမကမ်း သွားပြီး စောင့်ပေတော့။
ငါ့အစီအရင် မပီးခင်မှာ ဘယ်သူ့မှ အလာမခံနဲ့ ကြာလား”
“ဒါဆိုရင် သိမ်တံခါး ပိတ်ထားလိုက်ပါလား ”
“ဒီအစီအရင်ထဲမှာ တံခါးတွေ ဘာတွေမပိတ်ရဘူးကွ၊ အားလုံး
ဖွင့်ထားပြီး ဂါထာရွတ်ရမှာ”
” သြော် ဒီလိုလား စိတ်ချဗျာ၊ ကျုပ် ဒီကို လှမ်းမြင်နေရတဲ့
နေရာက သေသေချာချာ စောင့်ကြည့်နေမယ် ”
ကျုပ်က သိမ်နဲ့ မလှမ်းမကမ်း က ဆွမ်းချက်ဆောင်ထဲ ဝင်ထိုင်
နေလိုက်တယ်။ ပြီးတော့ အသင့်ယူလာတဲ့ နဂါးဆေးပေါ့လိပ်
ကလေး ထုတ်ဖွာလိုက်တယ်။
အချိန်က ညကိုးနာရီကျော်ပြီဗျ။
ကျုပ်လှမ်းကြည့်လိုက်တော့ သိမ်ထဲမှာ မီးရောင်ကလေးမြင်
နေရတယ်။ ကိုကြက်တောကြီးတော့ သမ္ဗုဒ္ဓေဂါထာ ကို
အကြိတ်အနှယ်ရွတ်နေမှာပဲလို့တွေးလိုက်မိတယ်။
ညဆယ့်တစ်နာရီလောက်ရောက်တော့ ကျုပ်အိပ်ငိုက်သွား
တယ်ဗျ။
” ဝုန်း – ဝုန်း – ဝုန်း – ဒုန်း ”
ကျုပ်လန့်နိုးသွားတယ်။သိမ်ထဲကို လှမ်းကြည့်တော့ မီးရောင်
မမြင်ဘူးဗျ။ကျုပ်လည်း ဘာဖြစ်တာတုံးဆိုတာ သိချင်တာနဲ့
ဆွမ်းချက်ရုံထဲကပြေးထွက်လာတယ်ဗျ။
” ဝုန်း – ဝုန်း – ဝုန်း – ဒိုင်း – ဒိုင်း ”
” အောင်မလေးဗျ ”
ဟာ— ဒါကိုကြက်တောအော်သံကြီးပဲ။ ကျုပ်သိမ်ဘက်ကို
ပြေးသွားတယ်။ ဒီမှာတင် သိမ်ထဲက လှစ်ခနဲ ပြေးထွက်လာ
တဲ့ ကိုကြက်တောကို မြင်လိုက်ရတယ်။
” ကိုကြီး ကြက်တော ၊ ကိုကြီးကြက်တော ”
ကျုပ်ခေါ်တာတောင် တစ်ချက်မှ လှည့်မကြည့်ဘူးဗျို့။ တစ်ခါ
တည်းကို စွတ်ပြေးတော့တာ။ ကျုပ်လည်း သူ့နောက်ကနေ
အပြေးလိုက်ရတာပေါ့။
” ကိုကြီးကြက်တော ”
ကျုပ်က ခေါ်လည်းခေါ် ၊ ပြေးလည်းပြေး လိုက်ရတာပေါ့။
ကိုကြီး ကြက်တော ကို သူတို့ဝိုင်းရှေ့မှပဲ မှီတော့တာဗျာ။
“ဟောဟဲ ဟောဟဲ ”
ကိုကြက်တောက ခါးကြီးကုန်းပြီး ဝင်းတံခါးကိုကိုင်ထားတယ်။
လူကလည်းဟောဟဲလိုက်အောင် မောနေတာဗျို့။
” ကိုကြီး ကြက်တော့ ဘာဖြစ်တာတုံး ”


ကျုပ်မေးတာကို ကိုကြီးကြက်တော့က ချက်ချင်းမဖြေနိုင်ဘူး။
ခဏကြာမှ…
“သဘက်ကြီးကွ တာတေရ ၊နည်းတဲ့ အကောင်ကြီးမဟုတ်
ဘူး။တံခါးတွေ ဝုန်းဝုန်း ဒိုင်းဒိုင်းပိတ်သွားမှ ငါမြင်ရတာ။
ပြတင်းပေါက် မှာရပ်နေတာကွ၊ မျက်လုံးကြီးတစ်လုံးတစ်လုံး
ကိုဟင်းသောက်ပန်းကန်လောက်ရှိတယ်။နီရဲနေတာကွ။
ခေါင်းကြီးက တင်းတောင်းလောက်ရှိတယ်။ပါးစပ်ကြီး
ဖြဲထားတာလည်း အကျယ်ကြီးကွာ။ငါ့ဖယောင်းတိုင်တွေလည်း
တစ်ပြိုင်နက်တည်း ငြိမ်းသွားတာကွ။ ငါလည်း စိတ်ကို.
ဘယ်လိုမှ ထိန်းထားလို့ မရတော့ဘဲလန့်အော်လိုက်မိပြီး
ရွာထဲစွတ်ပြေးတော့တာကွ။မင်းကိုတောင် ခေါ်ချိန်မရလိုက်
ဘူးကွ ”
ကျုပ် ဒီတော့မှ သဘောပေါက်သွားတယ်ဗျို့။
မဆစ်ဆီပီယ ဆေးအစီအရင်ဟာ အောင်ဖို့မလွယ်ဘူးဆိုတာ
ဒါ့ကြောင့်ကိုးလို့ ကျုပ်တွေးလိုက်မိတယ်။

ပြီးပါပြီ။

Leave a Comment