အောင်မြတ်သာနှင့်ရက်ကိုးဆယ်အဓိဌာန်

အောင်မြတ်သာနှင့်ရက်ကိုးဆယ်အဓိဌာန်
ရေးသားသူ — ဇေယန(ရာမည)
– – – – – – – – – – –

” ချွင် ချလွင် ချလွင်”
လေအဝှေ့မှာ ထီးတော်ထက်ချိတ်ဆွဲထားတဲ့ ဆည်းလည်းတွေ တစ်ခုခုတစ်ခုရိုက်ခတ်ပြီးထွက်ပေါ်လာတဲ့အသံနဲ့အတူ ဘုရားရင်ပြင်ပေါ်ကို အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက်ဖြေးညှင်းစွာတက်လာခဲ့တယ်။
ရယ်ခြင်းပြုံးခြင်းအလျဉ်းမရှိတဲ့မျက်နှာနဲ့ တက်လာတဲ့လူနှစ်ဦးရဲ့ခြေသံကိုကြားတော့ ရင်ပြင်ပေါ်မှာအိပ်ပျော်နေတဲ့ ခွေးလေးကောင်က ခေါင်းကိုဆတ်ခနဲ့မော့ကြည့်ကာ ထရပ်ပြီး ဧည့်သည်နှစ်ဦးကို ပွတ်သီးပွတ်ကာလုပ်ပါလေရော။
” ငါ့ကောင်တွေ ဗိုက်ဆာနေကြတယ်ထင်တယ် သက်ခိုင်ရေ လွယ်အိတ်ထဲက ငှက်ပျောသီး‌တွေ
အခွံနွှာပြီး ကျွေးလိုက်ဦး”
အောင်မြတ်သာစကားကြောင့် သက်ခိုင်က လွယ်အိတ်ထဲမှာရှိတဲ့ ရွှေငှက်ပျောသီး‌လေးလုံးကိုအခွံနွှာကာ အနားမှာရှိနေတဲ့ ခွေးလေးကောင်ကို ချကျွေးလိုက်တယ်။
နှစ်ပေါင်းများစွာ မပြုပြင်ပဲထားခဲ့တဲ့ အကျိုးဆက်ကြောင့် ရင်ပြင်ပတ်ဝန်းကျင်တစ်ဝိုက်မှာ ဘိစပ်ပင်များ၊ ခြုံနွယ်များနဲ့ပြည့်နှက်နေပြီး ယခင်ကသံဃာတော်တွေ သီတင်းသုံးခဲ့တဲ့ ဇရပ်တွေကလဲ ပြိုကျလုဆဲဆဲ ဖြစ်နေတာကိုမြင်တော့ အောင်မြတ်သာက –
” ငါတို့ဒီလိုနေရာမှာ ရက်ကိုးဆယ်တိတိနေရမယ် ဒီစေတီက သာမာန်စေတီလို့ထင်ရပေမယ့် တကယ်တော့ ထူးခြားတဲ့ဗိသုကာပညာတွေနဲ့တည်ထားခဲ့တဲ့စေတီတစ်ဆူပဲ”
” ဒါဆိုဘာကြောင့် ကိုးကွယ်ဆည်းကပ်ကြတဲ့သူတွေမရှိကြတာလဲဆရာ”
“အဓိကကတော့ စေတီရဲ့ဘုန်းတန်ခိုး ထွန်းလင်းမယ့်အချိန်မကျသေးဘူးလို့ပြောရမယ် ဘုန်းတန်ခိုးအာနုဘော်တောက်ပတဲ့အချိန်   ဒီနေရာတစ်ဝိုက်မှာ ရွှေရောင်တဖိတ်ဖိတ်တောက်ပနေတဲ့ စေတီကျောင်းကန်အသစ်တွေဖြစ်လာလိမ့်မယ် ”
” ဒါနဲ့ဆရာ ဒီစေတီရဲ့ ဘွဲ့တော်ကိုလဲမရေးထားဘူး”
” ဒီစေတီရဲ့ဘွဲ့တော်က ဘုရားကိုးဆူစေတီလို့ခေါ်တယ် စေတီစတည်တော့ လူတစ်ဆူနတ်တစ်ဆူ ထပ်ပြီးတည်ခဲ့ကြတယ်လို့ ပြောကြတယ် လူတွေကနေ့ဘက်စေတီငယ်တစ်ဆူတည်ရင် နတ်တွေက ညဘက်မှာ လူတွေတည်တဲ့စေတီအပေါ်ကနေ နောက်တစ်ဆူကိုငုံပြီးပြန်တည်ထားတယ် မနက်ရောက်လို့လူတွေကြည့်လိုက်ရင် သူတို့တည်ထားတာနဲ့မတူတော့ဘူးလို့ ဆိုစမှတ်ရှိခဲ့တယ် အဲလို တစ်ထပ်ပြီးတစ်ထပ်တည်ခဲ့တာ ကိုးဆူတိတိရှိခဲ့တယ် တစ်မျိုးပြောရရင် လူနဲ့နတ် အားပြိုင်တဲ့စေတီပေါ့ကွာ”
” ဒါဆို အခုမြင်နေရတဲ့စေတီက လူတွေတည်ခဲ့တာလား နတ်တွေတည်ခဲ့တာလားဆရာ”
” လူတွေနောက်ဆုံးစေတီတည်တဲ့နေ့မှာပဲ ထီးတော်ပါတစ်ခါထဲတင်လိုက်ကြတယ် ထီးတော်တင်ပြီးတဲ့နောက်မှာတော့ ဘာမှမပြောင်းလဲတော့ဘူး ”
” ဒါဆို ဒီစေတီက ထူးခြားတဲ့စေတီတစ်ဆူပဲ ဒါပေမယ့် ဘာကြောင့် အနီးတစ်ဝိုက်မှာလူတွေမရှိရတာလဲ”
“သက်ခိုင် မင်းရဲ့မေးခွန်းတွေအရမ်းများနေပြီ အခုနေရမယ့်နေရာကိုရှင်းလိုက်တော့ ညနေစောင်းတာနဲ့ အဓိဌာန်စမယ်”
သက်ခိုင်လဲ အမှိုက်သရိုက်တွေကို ရှင်းလင်းပြီး စေတီနဲ့မလှမ်းမကမ်းမှာရှိတဲ့အုတ်ရေကန်ထဲက ရေကိုချိုးပြီးပြန်တက်လာတဲ့အချိန် အောင်မြတ်သာက စေတီအရှေ့မှာ ဖယောင်းတိုင်မီးတွေလိုက်ထွန်းနေတာမြင်လိုက်ရတယ်။
စေတီတစ်ပတ်‌ဖယောင်တိုင်အပြည့်ထွန်းပြီးတဲ့အချိန်မှာတော့ စွဲစွဲငင်ငင်အူလိုက်တဲ့ခွေးအူသံကိုကြားလိုက်ရတယ်။
” သက်ခိုင် အချိန်ကျပြီ ဒီအဓိဌာန်ကာလတစ်လျောက်မှာ မင်းမသိသေးတာတွေသိကောင်းသိလာလိမ့်မယ် သတ္တဝါတွေကို နိုင်‌သလောက်ကူညီပါ”
အောင်မြတ်သာလဲ သက်ခိုင်ကိုမှာစရာရှိတာမှာပြီး ဘုရားရှိခိုးကာ တရားထိုင်နေလိုက်တယ်။ အောင်မြတ်သာ တရားထိုင်နေတဲ့အချိန် ခြေတရွတ်တိုက်ဆွဲပြီး လျောက်လာတဲ့အသံကိုကြားလိုက်ရတယ်။ အသံကြားပြီးမရှေးမနှောင်းမှာပဲ သွေးညှီနံ့ပြင်းပြင်းနဲ့အတူ မိန်းမတစ်ယောက်ရဲ့ငိုသံကိုကြားလိုက်ရတယ်။
အောင်မြတ်သာလဲ အာရုံထဲမှာကြည့်လိုက်တော့ ဘေးမှာငိုနေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။ အဲဒီမိန်းမရဲ့ ခြေထောက်နှစ်ခုလုံး အရိုးတွေကျိုးနေပြီး လည်ပင်းကပြတ်လုဆဲဆဲဖြစ်နေတဲ့အပြင် ပြတ်နေတဲ့လည်ပင်းထဲကနေထွက်ကျနေတဲ့ သွေးတွေက အောက်မှာအိုင်ထွန်းနေတယ်။
အောင်မြတ်သာက ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့မိန်းမကိုကြည့်ပြီး
” ဘယ်လိုအကြောင်းကြောင့် ကျုပ်ဆီရောက်လာရသလဲ ကျုပ်ဘာများကူညီရမလဲပြောပါ”
အောင်မြတ်သာစကားကြောင့် မျက်နှာကိုလက်နဲ့ကာထားတဲ့မိန်းမက
” ကျွန်မကို ကူညီပါ ကျွန်မက လွန်ခဲ့တဲ့နှစ်ငါးဆယ်‌လောက်က အသတ်ခံရတာပါ အရင်ကဒီနားတစ်ဝိုက်မှာ ရွာကြီးတစ်ရွာရှိခဲ့တယ် သူပုန်တွေကြီးစိုးတဲ့ခေတ်မှာ သူတို့တောင်းတာမပေးလို့ ကျွန်မလည်ပင်းကို နှီးကြောနဲ့ပြတ်လုတဲ့ထိ ဖြတ်ပြီးရက်ရက်စက်စက်သတ်ခဲ့တယ် ကျွန်မသေတော့ ပစ္စည်းတွေကိုစွဲလမ်းတဲ့စိတ်နဲ့ မကျွတ်မလွတ်တာကြာပါပြီ အခုဘုရားတောင်ဘက်က ခြုံဘေးမှာနေပါတယ် အမျှအတန်းလဲမရဘူး ဆရာကူညီပေးပါ”
” ကောင်းပြီ အဓိဌာန်ပြီးတဲ့နေ့ကျရင် သင့်နာမည်နဲ့ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှဝေပေးပါ့မယ် ”
အောင်မြတ်သာရဲ့ကတိစကားအဆုံးမှာ ဘေးမှာရှိနေတဲ့မိန်းမကရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။
တစ်ဖက်မှာလဲ သက်ခိုင် စိတ်ကိုတည်ငြိမ်အောင်ထားပြီး သမထကို မြဲသထက်မြဲအောင် တည်ဆောက်နေတဲ့အချိန် နှာခေါင်းထဲ မီးလောင်ညှော်နံ့က တိုးဝင်လာခဲ့တယ်။ မီးလောင်ညှော်နံ့နဲ့အတူ ပုတ်အဲ့အဲ့အနံ့တစ်ခုပါလာခဲ့တယ်။
ရလာတဲ့အနံ့ကို အာရုံစူးစိုက်ပြီး ကြည့်လိုက်ချိန်မှာတော့ အနောက်ဘက်မှာ ကျောပေးပြီး ထိုင်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ ထိုင်နေတဲ့လူရဲ့တစ်ကိုယ်လုံး မီးသွေးခဲလိုမဲနက်နေပြီး ကိုယ်ထဲကနေ မီးခိုးငွေ့အနည်းငယ်ထွက်နေတာကိုပါသတိထားမိလိုက်တယ်။
သက်ခိုင်လဲစိတ်ထဲကနေ
” သင်ဘာများပြောစရာရှိလို့လဲ “လို့ပြောလိုက်တော့မှ ကျောပေးထိုင်နေတဲ့ လူက
” ကျုပ်အမျှအတန်းလိုချင်တယ် ဒီဘဝက လွတ်ချင်ပြီ ”
” သင်ကဘယ်လိုကြောင့် ဒီလိုဘဝရောက်နေရတာလဲ သင်သေဆုံးတုန်းက သင့်ဆွေမျိုးတွေက ဆွမ်းသွပ်အမျှမဝေခဲ့ဘူးလား”
” ကျုပ်က မတရားအသတ်ခံရတာ သေအံ့ဆဲဆဲမှာ အရှင်လတ်လတ်မီးရှို့ခံရတယ် ကျုပ်တစ်အိမ်လုံးလဲ သေသွားတယ် အခုနေရာမရှိလို့ စေတီရဲ့ဘေးက ဇရပ်အဟောင်းမှာ နေနေရတယ်”
” သင့်ကိုကျုပ်ကူညီပါ့မယ် ကျုပ်ယနေ့ပြုလုပ်ခဲ့တဲ့ကုသိုလ်အပေါင်းကိုသင့်အားအမျှပေးဝေပါတယ် အမျှရပါစေ “ဆိုပြီး အမျှပေးလိုက်တော့ ကျောပေးထိုင်နေတဲ့လူက သာဓုသုံးကြိမ်ခေါ်တာကြားလိုက်ရတယ်။
သာဓုခေါ်ပြီးတဲ့အချိန်မှာတော့ မီးလောင်ထားပြီး မဲနက်နေတဲ့ကိုယ်က အနည်းငယ်ပြန်ဖြူလာတာကိုမြင်လိုက်ရတယ်။
အမျှအတန်းပေးဝေပြီးတဲ့ နောက်ကျောပေးထိုင်နေတဲ့ပုဂ္ဂိုလ်ကိုမတွေ့ရတော့ပေ။
ညတစ်ချက်တီးလောက်ကျတော့ အောင်မြတ်သာနဲ့ သက်ခိုင်တို့တရားဖြုတ်လိုက်ကြပြီး ညအိပ်မယ့်ဇရပ်ဆီကိုပြန်လာခဲ့ကြတယ်။
ဇရပ်ပေါ်ရောက်တော့ ဖယောင်းတိုင်မီးကိုထွန်းလိုက်တဲ့အချိန် ဇရပ်ထုပ်တန်းပေါ်မှာ တွဲလဲခိုနေတဲ့ လူနှစ်ယောက်ကိုတွေ့လိုက်ရတယ်။
တွဲလဲခိုနေတဲ့လူနှစ်ယောက်ထဲမှာ တစ်ယောက်က တစ်ကိုယ်လုံးမဲနက်နေပြီး တစ်ယောက်ကတစ်ကိုယ်လုံးဖြူဖွေးနေတယ်။
အောင်မြတ်သာက ဇရပ်ထုပ်တန်းမှာတွဲလဲခိုနေတဲ့ ပုဂ္ဂိုလ်နှစ်ယောက်ကိုကြည့်ပြီး
” သင်တို့ရှိကြောင်းကျုပ်တို့သိပါတယ် ကျုပ်တို့ကသင်တို့ကိုအနှောက်အယှက်ပေးမယ့်သူတွေလဲမဟုတ်ဘူး ဒါကြောင့် သင်တို့လဲ သင်တို့ဘာသာနေကြ ကျုပ်တို့ကလဲသင်တို့ကိုမနှောက်ယှက်ဘူး” လို့ပြောလိုက်တော့မှ ပျောက်သွားတယ်။
နောက်တစ်နေ့အာရုံတက်ချိန်နိုးတော့ ဇရပ်ပေါ်မှာ ဖက်နဲ့ထုပ်ထားတဲ့အထုပ်နှစ်ထုပ်ကိုတွေ့လိုက်ရတယ်။ သက်ခိုင်က ဖက်နဲ့ထုပ်ထားတဲ့ အထုပ်နှစ်ထုပ်ကိုဖွင့်ကြည့်လိုက်တော့ အငွေ့တထောင်းထောင်းထနေတဲ့ပဲပြုတ်နဲ့ထမင်းဖြစ်နေတယ်။
လူသူအရောက်ပေါက်နည်းတဲ့စေတီပေါ်မှာ စားစရာပူပူနွေးနွေးကိုမြင်တော့အံ့ဩနေတဲ့သက်ခိုင်ကိုကြည့်ပြီး အောင်မြတ်သာက
” စားစေချင်လို့ လာထားတာပဲ ဘာမှတွေးမနေနဲ့ “လို့ပြောပြီး ထမင်းထုပ်နှစ်ထုပ်ကိုယူကာ စေတီကိုအာရုံဆွမ်းကပ်လိုက်တယ်။
ရောင်နီနဲနဲကျလာတဲ့အချိန်မှာတော့ ဆွမ်းတော်ကပ်ထားတဲ့ပဲပြုတ်နဲ့ထမင်းကိုစွန့်လိုက်တဲ့အချိန် ထမင်းထုပ်ကလုံးဝမအေးသွားပဲ အငွေ့တစ်ထောင်းထောင်းထနေသေးတာကို ထူးဆန်းစွာမြင်လိုက်ရတယ်။
မနက်စာစားပြီး ဆရာတပည့်နှစ်‌ယောက် ဘုရားရှိခိုး တရားထိုင်နေတဲ့အချိန်မှာတော့ ရင်ပြင်တစ်ခုလုံး ပြေးလွှားဆော့ကစားနေတဲ့ ကလေးအသံတွေ၊ မိန်းမတွေရဲ့ရယ်မောသံတွေကိုကြားရပြန်တယ်။
တရားဖြုတ်တဲ့အချိန်ရောက်တော့ ဘေးမှာ ထမင်းထုပ်နှစ်ထုပ်ထပ်ရောက်နေပြန်ရော။ အောင်မြတ်သာနဲ့သက်ခိုင်တို့လဲ အဓိဌာန်ပြီးတဲ့အချိန်တွေမှာ စေတီပတ်ဝန်းကျင်သန့်ရှင်းစေရန် ပြုလုပ်ခဲ့ကြတယ်။
အဓိဌာန်ဝင်လို့ဆယ်ရက်မြောက်နေ့မှာတော့ စေတီရှိရာကို ပေါက်တူးပေါက်ပြားတွေကိုင်ပြီးဝင်လာတဲ့ လင်မယားနှစ်ယောက်ကိုတွေ့လိုက်ရတယ်။
ခပ်နွမ်းနွမ်းတဘက်ကလေးကိုပေါင်းထားတဲ့ လင်မယားနှစ်ယောက်က အောင်မြတ်သာတို့အရှေ့ရောက်တော့-
” ဒီစေတီက ဘုရားကိုးဆူစေတီဟုတ်ပါသလား”
” ဟုတ်ပါတယ် ဘာအရေးကိစ္စများရှိလို့ပါလဲ”
” လွန်ခဲ့တဲ့သုံးရက်လောက်က အိမ်မက်ထဲမှာ အင်္ကျီအနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့မိန်းမတစ်ယောက်က နင်တို့ဘုရားကိုးဆူစေတီကိုတွေ့အောင်ရှာပါ အဲဒီစေတီကိုရောက်ရင် ယောဂီဝတ်လူနှစ်ယောက်ကိုတွေ့လိမ့်မယ် သူတို့နဲ့တွေ့ရင် နင်တို့ဘဝတွေပြောင်းလဲမယ်လို့လာလာပြောတယ် အိပ်ပျော်တဲ့အချိန်တိုင်း အဲဒီအမျိုးသမီးကိုတွေ့ရတယ် ဒါကြောင့်အနားတစ်ဝိုက်မှာ ဘုရားကိုးဆူစေတီရှိမရှိလိုက်ရှာတော့ အဖိုးအိုတစ်ယောက်က ဒီဘက်ကိုလမ်းညွှန်လိုက်တာ အခုတော့ အိမ်မက်ထဲကအတိုင်းတကယ်ရှိနေတာပဲ ”
” သင်တို့က ဘယ်နားနေကြတာလဲ အလုပ်အကိုင်ကရောဘာတွေများလုပ်ကြလဲ”
” ကျွန်မတို့လင်မယားမှာက ကိုယ်ပိုင်အိမ်တော့မရှိဘူး ဟိုနားတဲထိုး ဒီနားတဲထိုးပြီးနေကြတာများတယ် ဝမ်းစာအတွက်ကတော့ ထင်းခုတ်ပြီး ရှာစားကြရတယ် ”
” ဒါဆိုအခု ပေါက်တူးပေါက်ပြားတွေယူလာတာကရော”
” လမ်းမှာတွေ့တဲ့အဖိုးအိုက သူအသုံးမလိုဘူး ယူသွားဆိုလို့ယူလာခဲ့တာ”
လင်မယားနှစ်ယောက်စကားကြောင့် အောင်မြတ်သာ အနည်းငယ်ပြုံးယောင်သမ်းသွားပြီး
” သင်တို့ကူညီမယ်ဆိုရင် စေတီတစ်ဝိုက်ကို နိုင်သလောက်ရှင်းကြပေါ့ နေဖို့ထိုင်ဖို့ကတော့ ဇရပ်အဟောင်းတွေမှာ အဆင်ပြေသလိုနေကြပါ ကျုပ်တို့လဲ အဓိဌာန်ဝင်ရတော့မှာဆိုတော့ ဘုရားရှိခိုးလိုက်ဦးမယ်”
အောင်မြတ်သာတို့လဲ မိမိတို့လုပ်စရာရှိတဲ့ အလုပ်တွေကိုဆက်လုပ်ခဲ့ကြတယ်။ ညနေစောင်းတရားဖြုတ်ပြီးတဲ့အချိန်မှာတော့ စေတီနဲ့မလှမ်းမကမ်းမှာ ထမင်းချက်ပြုတ်နေတဲ့ လင်မယားနှစ်ယောက်ကိုတွေ့လိုက်ရတယ်။
အောင်မြတ်သာတို့ရေချိုးပြီးချိန်မှာတော့ အင်ဖက်တွေပေါ်မှာ ထမင်းနဲ့ဟင်းသီးဟင်းရွက်ကြော်ထည့်ပြီးယူလာတဲ့ လင်မယားနှစ်ယောက်ကို‌မြင်တော့ သက်ခိုင်က
” မိတ်ဆွေတို့လာတုန်းက ဆန်နဲ့ဟင်းသီးဟင်းရွက်တွေပါလာတာလဲမမြင်ပါဘူး အခုဘယ်ကနေရှာလာတာလဲ”
“ဆရာတို့ တရားထိုင်နေတုန်းက မိန်းမတစ်ယောက်လာပေးသွားတာ လာပေးတဲ့မိန်းမက အရမ်းချောတာပဲ သူကပြောသေးတယ် ဆရာတို့ကိုသေချာဂရုစိုက်ပေးပါတဲ့ ဆန်ကုန်ရင်ထပ်လာပေးမယ်လို့ပြောတယ်”
အောင်မြတ်သာနဲ့သက်ခိုင်လဲ အခြေအနေကို သဘောပေါက်သွားပြီး ဘာမှဆက်မမေးတော့ပဲ ထမင်းနဲ့ဟင်းကိုစားလိုက်ကြတယ်။
ထမင်းစားပြီးတော့ အောင်မြတ်သာက
” အခုလိုဟင်းသီးဟင်းရွက်တွေနဲ့ချက်ထားဆိုတော့ အသီးအရွက်တွေဘယ်ကသွားခူးကြတာလဲ”
” ဆရာတို့တရားထိုင်နေတုန်း ခြုံတွေရှင်းတော့ စားလို့ရမယ့်အရွက်အညွန့်တွေခူးလာခဲ့တာ စားရတာအဆင်မပြေလို့လား”
” မဟုတ်ပါဘူး ကျုပ်တို့က အဆင်ပြေပါတယ်
အသားဟင်းမပါတော့ မိတ်ဆွေတို့စားရသောက်ရအဆင်ပြေပါ့မလား”
” ဒါကိုတော့စိတ်မပူနဲ့ ကျွန်တော်တို့လင်မယားက အမြဲတမ်းသက်သက်လွတ်ပဲစားတာ အစကတော့ အသားစားတာပေါ့ နောက်ပိုင်းအလုပ်အကိုင်ကလဲ အဆင်မပြေတော့ အသားဟင်းမစားဖြစ်ကြတော့ဘူး အခုဆိုအသားဟင်းအနံ့ရရင်ကိုပျို့လာကြတယ်”
” အိမ်း သင်တို့လင်မယားလဲ ပင်ပန်းနေရောပေါ့ နားလိုက်ကြဦး ကျုပ်တို့လဲ အဓိဌာန်ဝင်လိုက်ဦးမယ်”
အောင်မြတ်သာတို့လဲ သတ်ခုတ်သမားလင်မယားကိုနှုတ်ဆက်ပြီး စေတီရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်။ စေတီရှေ့ရောက်တော့ ဘုရားမီးပူဇော်ပြီး ဘုရားရှိခိုး တရားထိုင်နေလိုက်တာ အချိန်ဘယ်လောက်ကြာလို့ကြာမှန်းမသိဖြစ်သွားတယ်။ ထွန်းထားတဲ့ဖယောင်းတိုင်တွေ ကုန်သွားတော့ စေတီတစ်ခုလုံးအမှောင်အတိဖြစ်သွားတာကို သတိထားမိလိုက်တယ်။ အဲဒီအချိန် စေတီရင်ပြင်ပေါ်ကို အင်္ကျီအနက်ရောင်ဝတ်ထားတဲ့ မိန်းမပျိုလေးဦးတက်လာတာကို အောင်မြတ်သာအာရုံထဲမြင်လိုက်ရတယ်။ မိန်းမပျိုလေးဦးက စေတီပတ်ပတ်လည်ကိုဝါဆိုဖယောင်းတိုင်တွေအပြည့် ထွန်းလိုက်ရာ စေတီတစ်ခုလုံး လင်းထိန်သွားတာကိုလဲ သိလိုက်တယ်။ ဖယောင်းတိုင်တွေထွန်းပြီးတော့ စေတီပေါ်ကနေ ပြန်ထွက်သွားခဲ့ကြတယ်။
အောင်မြတ်သာတို့လဲ မိမိတို့အလုပ်ကိုပြီးစီးအောင်လုပ်ပြီးတဲ့အချိန် မျက်လုံးဖွင့်ကြည့်လိုက်တော့ စောနကထွန်းထားတဲ့ဖယောင်းတိုင်တွေဘာတစ်ခုမှမရှိပဲ အမှောင်အတိဖြစ်နေခဲ့တယ်။
တရားဖြုတ်လိုက်တဲ့သက်ခိုင်က လွယ်အိတ်ထဲကနေ ဖယောင်းတိုင်ကိုမီးညှိပြီး အောင်မြတ်သာရှိရာဘက်ကိုကူးလာခဲ့လိုက်တယ်။
ဆရာတပည့်တွေ ဇရပ်ပေါ်ရောက်တော့ သက်ခိုင်က
” ဆရာ ဒီည အဖြစ်ကထူးတယ်”
သက်ခိုင်စကားကြောင့် အောင်မြတ်သာက မသိသလိုနဲ့
” ဘာထူးလို့လဲ”
” တရားထိုင်နေတုန်း ဖယောင်းတိုင်လာထွန်းတာ မျက်လုံးမှိတ်ထားတာတောင် အလင်းဓါတ်ကိုခံစားမိနေတယ် တရားဖြုတ်လို့မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘာမှလဲမရှိဘူး အဲဒါထူးဆန်းလို့ပါ”
” မင်းတို့ငါတို့သမာဓိကိုစမ်းချင်တာလဲပါမှာပေါ့ မဟုတ်ရင်လဲ သူတို့ရှိကြောင်းအသိလာပေးတာလဲဖြစ်လိမ့်မယ် ”
အောင်မြတ်သာက မယုတ်မလွန်လေးပြောပြီး သစ်ခုတ်သမားလင်မယားခင်းထားပေးတဲ့ အိပ်ယာပေါ်လှဲချလိုက်တယ်။
သက်ခိုင်လဲ လွယ်အိတ်ကိုခေါင်းအုံးပြီး လှဲချလိုက်တာ မှေးခနဲအိပ်ပျော်သွားခဲ့တယ်။
” ဆရာတို့ ဆရာတို့ ထပါဦး” ဆိုတဲ့အသံကြောင့် သက်ခိုင်လန့်နိုးလာပြီး ထကြည့်လိုက်တာ ဇရပ်အောက်မှာ ရပ်နေတဲ့ လူငါးယောက်ကိုမြင်လိုက်ရတယ်။
” ဘယ်သူတွေလဲ”
” ကျုပ်တို့ပိုင်တဲ့ပစ္စည်းအနည်းငယ်လှူချင်လို့ပါ”
” ညအချိန်မတော်ကြီးမှ ဘာအတွက်လာလှူတာလဲ”
” ဒီစေတီပြုပြင်ဖို့အတွက်ပါ ကျုပ်တို့ရွာသားတွေပိုင်တဲ့ဒီပစ္စည်းထုပ်လေးကိုလှူခဲ့ပါရစေ စေတီပြင်ပြီးရင် စုံနံ့သာရွာသူရွာသားတွေကိုခေါ်ပြီး အမျှဝေပေးပါ”လို့ပြောပြီး အထုပ်တစ်ထုပ်ချကာ အမှောင်ထုထဲဝင်ရောက်သွားပျောက်ကွယ်သွားတယ်။
သက်ခိုင်လဲ ဇရပ်ပေါ်မှာတင်ခဲ့တဲ့အထုပ်ကို ယူပြီး လွယ်အိတ်ထဲထည့်ကာ ပြန်အိပ်လိုက်တယ်။ မနက်ရောက်တော့ အောင်မြတ်သာက
” ညက လာလှူသွားတဲ့ပစ္စည်းကိုကြည့်ပီးပီလား ”
” ဟုတ်သားပဲ ဆရာပြောမှသတိရတယ် ”
သက်ခိုင်လဲလွယ်အိတ်ထဲမှာထည့်ထားတဲ့ အထုပ်ကိုဖွင့်ကြည့်လိုက်တော့ ရဲရဲနီနေတဲ့ပတ္တမြားငါးလုံးကိုတွေ့လိုက်ရတယ်။
” ဆရာ ဒီပစ္စည်းတွေကို ဘယ်လိုလုပ်မလဲ”
” ဘာမှလုပ်စရာမလိုသေးဘူး အခုတော့ ဒီပစ္စည်းတွေကိုသိမ်းထားဦး”
အောင်မြတ်သာစကားကြောင့်သက်ခိုင်က အဝတ်စုတ်လေးနဲ့ထုပ်ထားတဲ့ပစ္စည်းထုပ်ကိုလွယ်အိတ်လေးထဲပြန်ထည့်ထားလိုက်တယ်။
အောင်မြတ်သာတို့လဲ ဘုရားကိုးဆူစေတီမှာ အဓိဌာန်ဝင်ခဲ့တာရက်ပေါင်းကိုးဆယ်ပြည့်ခါနီးလာခဲ့သလို သစ်ခုတ်သမားလင်မယားရဲ့ ကြိုးစားမှုကြောင့် စေတီပတ်ဝန်းကျင်ကလဲ ရှင်းသထက်ရှင်းလာခဲ့တယ်။
အဓိဌာန်ပြီးဆုံးဖို့တစ်ရက်အလိုမှာတော့
” ဆရာ ဆရာ ဆရာ”
သစ်ခုတ်သမားရဲ့အလန့်တကြားအော်သံကြောင့် ဇရပ်ပေါ်ကဆင်းဖို့ပြင်နေတဲ့ သက်ခိုင်ရဲ့ခြေလှမ်းတွေတွန့်သွားပြီး
” ဘာများဖြစ်လို့ပါလဲ”
” ဆရာတို့လာကြည့်ပါဦး ခြုံရှင်းတော့ အထဲကနေ ရုပ်ထုတစ်ခုပေါ်လာတယ် ”
အောင်မြတ်သာတို့လဲ သစ်ခုတ်သမားလင်မယားခေါ်တဲ့နောက်ကိုလိုက်သွားကြည့်တော့ စေတီပရဝဏ်အပြင်ဘက်အနည်းငယ်ရောက်တဲ့နေရာမှာ မြေကြီးထဲကနေ ခေါင်းတစ်လုံးထိုးထွက်နေတဲ့ ရုပ်တုအစိတ်အပိုင်းတစ်ခုကိုတွေ့လိုက်ရတယ်။
အောင်မြတ်သာက ရုပ်ထုကိုကြည့်လိုက်ပြီး
” ဘယ်သူမှရုပ်ထုကိုမထိနဲ့ အဓိဌာန်မပြီးမချင်း ဒီကိစ္စကိုလုပ်လို့မရသေးဘူး”
” ဘာများဖြစ်လို့လဲဆရာ အရေးကြီးလို့လား”
” ဒီနေ့ညဆယ်နာရီ စေတီမှာ ထူးခြားမှုတစ်ခုကြုံရလိမ့်မယ် ဆယ်နာရီမထိုးခင် စေတီအစောင့်အရှောက်တွေအကုန်လာလိမ့်မယ် အဲဒီအခါအဖြေသိရလိမ့်မယ်”
အောင်မြတ်သာရဲ့ထူးဆန်းတဲ့စကားကြောင့် သစ်ခုတ်သမားလင်မယားနှစ်ယောက် မလုပ်ရဲတော့ပဲ ဇရပ်ရှိရာပြန်လာခဲ့လိုက်တယ်။
ညနေစောင်းရောက်တော့ သစ်ခုတ်သမားလင်မယားနှစ်ယောက်ကိုခေါ်ပြီး
” သင်တို့ဒီပစ္စည်းကိုအခုချက်ချင်းမြို့ပေါ်ကိုယူသွားပါ မြို့ရောက်တဲ့အခါ လောကချမ်းသာဆိုတဲ့ဆိုင်မှာရောင်းပါ ရလာတဲ့ပိုက်ဆံတွေနဲ့ စေတီကိုပြန်လည်ပြုပြင်ကြပါ ” လို့ပြောပြီး သက်ခိုင်လွယ်အိတ်ထဲက အထုပ်ကိုပေးလိုက်တယ်။
သစ်ခုတ်သမားလင်မယားလဲ အောင်မြတ်သာပေးတဲ့အထုပ်လေးကိုယူပြီး မြို့တက်ရန်ထွက်သွားခဲ့တယ်။
ညဘက်ရောက်တော့ အောင်မြတ်သာက စေတီအပြည့် ဖယောင်းတိုင်ထွန်းပြီး တရားထိုင်နေတဲ့အချိန် ငလျင်လှုပ်သလို မြေကြီးတစ်ချက်တုန်လှုပ်သွားတာကိုခံစားလိုက်ရတယ်။
အောင်မြတ်သာလဲ အဓိဌာန်ပြီးဆုံးမယ့်အချိန်ထိ အာရုံမပျံ့လွင့်အောင် တရားမှတ်နေခဲ့တယ်။ အဓိဌာန်ပြီးဆုံးချိန် ညဆယ်နာရီအရောက် ပြုခဲ့တဲ့ကုသိုလ်တွေကို အမျှဝေရန် မကျွတ်လွတ်သူများနဲ့တစ်ကွ စေတီမှာစောင့်ကြပ်နေတဲ့အစောင့်အရှောက်တွေကို ပင့်ဖိတ်လိုက်တဲ့အချိန် စေတီရဲ့စိန်ဖူးတော်ထိပ်ကနေ ဆလိုက်မီးထိုးလိုက်သလို ရောင်ခြည်တော်ကွန့်မြူးပါလေရော။
ရောင်ခြည်တော်ကွန့်မြူးတဲ့အချိန်မှာပဲ အောင်မြတ်သာနဲ့သက်ခိုင်က အမျှပေးဝေရာ သာဓုခေါ်သံတွေက ဘုရားကိုးဆူစေတီတစ်ဝိုက်သောသောညံသွားခဲ့တယ်။
သာဓုခေါ်အပြီးမှာတော့ ရောင်ခြည်တော်တွေ စေတီတစ်ခုလုံး ကိုးကြိမ်တိတိကွန့်မြူးခဲ့တယ်။ ရောင်ခြည်တော်ကွန့်မြူးတဲ့အချိန် ရင်ပြင်တစ်ခုလုံး မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေနဲ့ပြည့်နှက်နေခဲ့တယ်။
နောက်တစ်နေ့မနက်မှာတော့ ဘုရားကိုးဆူစေတီကနေ ရောင်ခြည်တော်လွှတ်တယ်ဆိုတဲ့သတင်းကြောင့် ရွာနီးချုပ်စပ်ကလူတွေလာရောက်ဖူးမျှော်ကြတာ ရက်ပိုင်းအတွင်းဆိုသလို လုပ်အားပေးသူတွေ အလှူရှင်တွေနဲ့ပြည့်သွားခဲ့တယ်။
အောင်မြတ်သာတို့ဆရာတပည့်နဲ့ သစ်ခုတ်သမားလင်မယားတို့ဦးစီးပြီး စေတီကိုပြန်လည်ပြင်ဆင်မွမ်းမံခဲ့ကြတယ်။
စေတီထီးတော်အသစ်တင်တဲ့အချိန်မှာတော့အသံနက်ကြီးနဲ့ အော်ဟစ်ငိုကြွေးတဲ့အသံကိုအောင်မြတ်သာကြားလိုက်ရတယ်။
အောင်မြတ်သာလဲ အသံကြားတာနဲ့တစ်ပြိုက်နက်ထဲ သက်ခိုင်ကိုခေါ်ကာ-
” သက်ခိုင် ခုနက အော်သံကြားလိုက်လား”
“ကြားတယ်ဆရာ မဟုတ်မှလွဲရော”
” အေး ဟုတ်တယ် သစ်ခုတ်သမားလင်မယားတွေ့ခဲ့တဲ့ ရုပ်ထုကနေထွက်လာတာ ဒီစေတီထီးတော်အသစ်တင်ပြီး တစ်လအတွင်း သူ့ကိုယ်မှာချည်ထားတဲ့ ချည်မန်းကွင်းပြတ်လိမ့်မယ်- ချည်မန်းကွင်းမပြတ်ခင် သူနဲ့တူတဲ့ရုပ်ထုတစ်ခုကိုလိုက်ရှာရလိမ့်မယ်- ငါတို့ရှာမတွေ့ရင် လွန်ခဲ့တဲ့နှစ်၁၀၀ကျော်လောက်ကလို လူတွေသေလိမ့်မယ်”


” ဆရာအနေနဲ့ သူ့ကိုဆုံးမလို့မရဘူးလား ”
” သူ့ကိုဖျက်စီးလို့မရဘူး အခုတွေ့ရတဲ့ ရုပ်ထုက သန်လျက်ညာထမ်းနဲ့သန်လျက်ဘယ်ထမ်းဆိုပြီးနှစ်ခုရှိတယ် ယက္ခညီနောင်နှစ်ပါးလို့လဲခေါ်တယ် ဒီယက္ခညီနောင်ရုပ်ထုကိုထုလုပ်အသက်သွင်းခဲ့တဲ့သူက အရုပ်တစ်ခုမှာ ရတနာမြေပုံထည့်ခဲ့တယ်ဆိုပြီး ဒီအရုပ်တွေကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက သိုက်ဆရာတွေလိုက်ရှာခဲ့ကြတယ် အခုဘုရားထီးတင်ပြီးတော့ သူ့အကိုဘေးမှာမရှိလို့ ငိုတဲ့အသံပဲ သူလွတ်သွားရင် သူ့ကိုဖမ်းခဲ့တဲ့သူရဲ့ ဆွေမျိုးတွေကိုလိုက်သတ်လိမ့်မယ်”
“ဒါဆိုဘယ်လိုလုပ်မလဲဆရာ”
” သူ့အကိုတော်ရုပ်ထုကိုရှာပြီး နှစ်ယောက်အတူတူထားရမယ် ဒါမှထိန်းလို့ရမယ်”လို့ပြောပြီး
ဘုရားကိုးဆူစေတီရဲ့အနောက်ဘက်အပေါက်ကိုထွက်သွားခဲ့တယ်။
သက်ခိုင်လဲ‌ကျန်ရှိနေတဲ့ယက္ခရုပ်ထုကိုရှာရန်
အောင်မြတ်သာအနောက်ကိုလိုက်လာခဲ့လိုက်တယ်။
နောက်ဝတ္တုမှာတော့ အောင်မြတ်သာတို့ဆရာတပည့်တွေပျောက်ဆုံးနေတဲ့ယက္ခရုပ်ထုကိုဘယ်လိုရှာကြမလဲ၊ ဘယ်လိုအန္တရာယ်တွေကြုံရမလဲဆိုတာကိုတော့ အောင်မြတ်သာဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment