ဦးဖိုးဝေ နှင့် မေနန်း

” ဦးဖိုးဝေ နှင့် မေနန်း ”
ရေးသားသူ— မောင်တင်ဆန်း
+++++++++++
*အခန်း (၁)

ဧည့်သည်ကို ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံရမှ နေသာထိုင်သာ ရှိသော သူများမှာ တောသူတောင်သားများဖြစ်သည်ဟု ဆိုလျှင် လွန်မည်ဟု မဆိုသာပေ။ယခုလည်း ဦးဖိုးဝေ နှင့် သူရိယသည် လူသစ်၏ အရေးကို ရှေ့ရှုကာ ဦးစံပေါ၏ အိမ်တွင် ခေတ္တတည်းခိုမည်ဟု ဆုံးဖြတ်လိုက်လေသည်။ထို့အတွက် သူရိယအား ရွာဦးဘုန်းဝောာ်ကြီးကျောင်းသို့ သွားစေကာ ဆရာတော် ဘုရားနှင့် ကပ္ပိယကြီးအား သေချာလျှောက်တင်မှာ ကြား ခိုင်းလိုက်လေသည်။သူရိယ နှင့် အတူ လူသစ်ပါ ပါသွားရာ အိမ်တွင်တော့ အိမ်ရှင် ဦးစံပေါ နှင့် ဦးဖိုးဝေသာ ကျန်ခဲ့လေ၏ ။
“ဦးစံပေါ တခုလောက်မေးစမ်းပါရစေ”
“မေးပါ ဆရာကြီး မေးပါ ”
“မောင်လူသစ် ကြည့်ရတာ အရယ်အပြုံး သိပ်မရှိသလိုပဲ ”
“ဟုတ်တယ် ဆရာကြီးရေ အရင်ကဆို ကျနော့်သားက ဒီလို မဟုတ်ဘူးဗျ တက်တက်ကြွကြွပါပဲ အခုနောက်ပိုင်းမှ ဘယ်လို ဖြစ်တယ် မသိပါဘူး”
“အမှန်အတိုင်းပြောရရင် ကျုပ်တို့ ဦးစံပေါအိမ်မှာ တည်း ချင်တယ် ဆိုတာ အကြောင်းမဲ့တော့ မဟုတ်ဘူး မောင်လူသစ်ကို သိပ်ပြီး စိတ်မချရလို့ ဆိုပါတော့”
“ကျုပ်လည်း ရိပ်မိပါတယ် ဆရာကြီး ‌ပြောဖို့မသင့်ဘူး ထင် လို့ ကျနော်လည်း မပြောတာပါ ကျေးဇူးတင်ရပြန်ပါပြီ ”
“ကဲ သိပြီ ဆိုပေမဲ့ မသိကျိုးကျွန်သာနေပေတော့ ဦးစံပေါရေ ကျုပ်မြေးတပည့်ကို မောင်လူသစ်ပြုမူပုံကို ကြည့်ခိုင်းထားပါတယ် ”
ဤသို့ဖြင့် ဦးစံပေါ် နှင့် ဦးဖိုးဝေသည် မောင်လူသစ်အ ကြောင်း စကားမဆိုတော့ပဲ လောကီ၊လောကုတ္တရာ အကြောင်း များကိုသာ စကားဆက်နေကြပါလေတော့သည် ။

*အခန်း (၂)

သူရိယ နှင့် လူသစ်သည် ရွာဦးဘုန်းတော်ကြီးကျောင်းဆီသို့ အတူတူသွားနေကြသည်။လူသစ်တယောက် အဘယ်ကြောင့် သူရိယ နှင့်အတူ ရွာဦးကျောင်းသို့ လိုက်ချင်နေသည်ကို မသိပေ။လမ်း‌တလျောက် မည်သည့်စကားမှ မပြောပဲ နောက်မှသာ လိုက်လာလေသည်။သူရိယ ကျောင်းဝန်းထဲ ဝင်မည်ပြုသ‌ည့် အခါမှ လူသစ်သည်
“ညီလေး အကို ကျောင်းထဲမလိုက်တော့ဘူးကွာ ‌ရွာဦးစေတီ ဘက် ခဏသွားလိုက်ဦးမယ် ”
“ဟုတ်ကဲ့ ရပါတယ် ”
“အေးအေး ”
လူသစ်သည် ဘုန်းကြီးကျောင်းဝန်းရှေ့ မလှမ်းမကမ်းရှိ တောင်ကုန်းလေးပေါ် မှ စေတီဆီသို့ ထွက်သွားလေသည်။ သူရိယသည်လည်း ကျောင်းဝိုင်းထဲ ဝင်ကာ ဆရာတော် နှင့် ကပ္ပိယကြီးအား ဦးစံပေါ အိမ်တွင်တည်းခိုမည့် အကြောင်းလျှောက်တင်ပြီးနောက် ကျောင်းဝန်းအပြင်သို့ ထွက်လာပြီး လူသစ်သွားရာ ရွာဦးစေတီဆီသို့ လှမ်းလာလေတော့သည် ။
ရွာဦးဘုန်းတော်ကြီးကျောင်း၏ အရှေ့ဘက်ရွာဦး စေတီ တည်ရှိရာ ကုန်းမြေသည် အတန်မြင့်သော တောင်ကုန်းလေးဖြစ်၏။ကုန်းထိပ်တွင်တော့ ထုံးသင်္ကန်းကပ်လှုထားသော ထုံးဖြူဖြူစေတီလေးတဆူစေတီသို့ တက်ရောက်ရာ လမ်းတလျှောက် စိန်ပန်း နှင့် ပိတောက်ပင်အပြင် မယ်ဇလီပင်များပါရှိပြီး စေတီတောင်ဘက်ခြမ်း တောင်စောင်းတွင်တော့ ကွေး ကောက်စွာပေါက်နေသော တရုတ်စကားပန်းပင်များ ရှိလေသည်။သူရိယသည် စေတီပေါ်သို့ တက်သွားပြီး ဦးချကန်တော့ကာ စေတီအား ဖူးမျှော်ပြီး စေတီပရဝဏ်ပေါ်မှ ဘေးပတ်ဝန် ကျင်ကို လှည့်ပတ်ကြည့်လိုက်စဉ် တရုတ်စကားပင်များ အကြား၌ လူသစ်တယောက် တယောက်တည်းပြုံးရွှင်စွာ စကားပြောနေသည်ကို တွေ့လိုက်ရသည်။ထိုအခါ သူရိယသည် သူ၏ သမာဓိကို တည်၍ နောက်တဖန် ပြန်ကြည့်လိုက်ရာ လူသစ်သည် အသက်တဆယ့် ရှစ်နှစ်အရွယ် မိန်းမပျိုလေး နှင့် စကားဆိုနေသည်။မိန်းမပျိုလေးသည် ကျော့ရှင်းသော ကိုယ်ခန္ဓာနှင့်လိုက်ဖက်စွာ တောသူလုံမေလေး တယောက်ပုံစံ ဝတ်စား ဆင်ယင်ထားသည်။ထိုမိန်းမချောလေးသည် လူသစ်အား ရွှန်းလဲ့သောမျက်ဝန်းဖြင့်ကြည့်ကာ နှစ်လိုဖွယ် ပြုံး၍ စကားဆိုနေလေသည်။ထို့နောက် သူရိယ ကြည့်နေသည်ကို သတိထားမိသွားသော မိန်းမပျိုလေးသည် ရုတ်ချည်းလူသစ်အား စကားတချို့ပြောပြီး တောင်အောက်သို့ဆင်းကာ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ထိုအခါမှ လူသစ်သည် သူရိယကိုကြည့်ကာ မျက်စိမျက်နှာ ပျက်၍ ဘုရားကုန်းပေါ်သို့ တက်လာလေသည်။ထို့နောက် သူရိယအား ညှိုးငယ်သော မျက်နှာနှင့် စကားဆိုလာသည် ။
“ညီလေး အကိုတို့ အကြောင်းကို တခြားသူတွေကို မပြောပါနဲ့ကွာနော် မေနန်းက မပြောခိုင်းလို့ပါ ”
“ကိုလူသစ် ကျနော်မေးမယ်နော် အခု အဲ့ဒီမိန်းကလေးနဲ့ ဘယ်လို ပတ်သတ်နေတာလဲ ”
“ဟို ဟို လူငယ် သဘာဝ ”
“သူက သာမာန်လူမဟုတ်ဘူးဆိုတာ ကိုလူသစ် မသိဘူးလား ”
“သိတယ် သူက သူ့အကြောင်း အကုန် အကို့ကိုပြောပြထားတယ် ”
“အင်း ခက်တော့ ခက်ပြီ ကျနော့်ဆရာနဲ့ ခင်ဗျားအဖေကို တော့ ဒီကိစ္စ အသိပေးမှ ဖြစ်လိမ့်မယ် ထင်တယ် ”
“မလုပ်ပါနဲ့ ညီလေးရာ တော်ကြာ အဖေက အကိုတို့ကို ခွဲလိုက်မှဖြင့် ”
“ကျနော် ဦးကြီးကို ပြောပေးပါ့မယ် သိပ်စိတ်မပူပါနဲ့ ”
လူသစ်သည် မည်သည့်စကားမှ မပြောတော့။သူ၏ မျက်နှာ တွင် သောကအရိပ်အယောင်များ စတင်ဖြစ်ပေါ် နေပြီ ဖြစ် သည်။ထို့နောက် သူရိယသည် လူသစ်၏ ပုခုံးကို ဖက်ကာ
“လာပါ ဒီလိုကိစ္စတွေကို ကျနော့် နဲ့ ကျနော့်အဘက နားလည် ပေးနိုင်ပါတယ်။တအားလည်း သောက များမနေပါနဲ့ အခုတော့ အိမ်ကိုပြန်ကြတာပေါ့ ”
သူရိယသည် လူသစ်ကို နှစ်သိမ့်ကာ ဘုရားကုန်းပေါ်မှ ဆင်းကာ ရွာသို့ ပြန်ခဲ့ကြပါတော့သည် ။

*အခန်း (၃)

ဦးဖိုးဝေသည် သူရိယ၏ ပြောပြမှုကြောင့် လူသစ်နှင့် ပတ်သတ်ဆက်နွယ်နေသော လူသားမဟုတ်သည့် မိန်းမပျို အကြောင်းကို သိရရန် ဘုရားကုန်းသို့ နေဝင်ရီတရောတွင် ထွက်လာလေသည်။ဘုရားကုန်းပေါ်သို့ တက်သည့်လမ်းလေးသည် ညနေချိန်ခါနှင့် လိုက်ဖက်စွာ အေးချမ်းတိတ်ဆိတ်၍ နေသည်။တခါတခါ စေတီမှ ဆည်းလည်းသံလေးများနှင့် အိပ်တန်းပျံသော ငှက်ကလေးများ၏ အသံမှလွဲ၍ တခြားဆူညံသည့် အသံများကင်းစင်လျက်ရှိ၏။ထို့ကြောင့် ဦးဖိုးဝေသည် ဘုရားကုန်းပေါ်သို့ ရောက်သောအခါ ထုံးဖြူဖြူ စေတီလေးအား ရှိခိုးဦးချပြီး တင်ပုလ္လင်ခွေပြောင်းထိုင်ကာ စေတီအား မော့ကြည့်၍ ဖူးမျှော်နေလေသည်။အတန်ကြာသောအခါ
“ကဲ ကဲ အနားလာချင်ရင် လာနိုင်ပါတယ်။ကျုပ်ကလည်း သင့်ကိုပဲ လာတွေ့တာပါ ”
ဦးဖိုးဝေမှ ထိုသို့စကားကို ဆိုလိုက်ပြီး မကြာသောအချိန်တွင် စေတီပရဝဏ်အတွင်းသို့ မိန်းမပျိုလေးတယောက် အိ‌န္ဒြေ ကြီးစွာဖြင့် လမ်းလျှောက်လာလေသည်။ထို့နောက် ဦးဖိုးဝေ နှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေကာ မည်သည့်စကားမျှ မဆိုပဲ ရှိနေ၏။ဦးဖိုးဝေသည် ထိုမိန်းမပျိုလေးကို စောင်းငဲ့၍ပင်မကြည့် ပဲ စကားဆိုလေသည် ။
“သင်က ဘဝချင်းမတူတာကို သိရဲ့နဲ့ ဘာကြောင့် လူသားတယောက် နဲ့ ပတ်သက်ချင်နေတာလဲ ”
“ဒါက ငါ့ကိစ္စပါ နင်ဘာမှ ပြောစရာမလိုဘူး နင့်ဆီ ငါလာတယ်ဆိုတာကလည်း နင့်ကိုကြောက်လို့ လာတယ် ထင်မနေနဲ့ ငါတို့ကိစ္စကို ဝင်မရှုပ်ဖို့ နင့်ကို လာသတိပေးတာ ”
“ဪ တယ်လည်း စကားပြော ပြတ်သားပါလား ကျုပ်က သင့်ကို မနှောက်ယှက်ရဘူးလို့ လာသတိပေးတာပေါ့လေ ”
“ဟုတ်တယ် နင်တို့ နှောက်ယှက်ရင် ငါ လူသစ်ကို တခါတည်း ခေါ်ရုံတင် မကဘူး သူ့အဖေကိုပါ ဒုက္ခ ”
မိန်းမပျိုလေးသည် စကားဆုံးအောင်ပင် မပြောနိုင်။သူ၏ လည်ပင်းအား လက်နှစ်ဖက်နှင့် ကိုင်ရင်း တဖြည်းဖြည်း ဒူးညွှတ်ကျသွားကာ စေတီအား ထိုင်၍ မော်ဖူးနေသော ဦးဖိုးဝေထံ မယုံကြည်နိုင်သည့် မျက်နှာနှင့် ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေလေသည်။ထိုအခါမှ ဦးဖိုးဝေသည် စေတီကို မော်ဖူးနေရာမှ မိန်းမပျိုဘက်သို့ မျက်နှာလှည့်လိုက်ချိန် မျက်လုံးတွင် ရွှေဝါ ရောင်အလင်းများ တောက်လောင်နေသည်ကို တွေ့ရလေသည် ။မိန်းမပျိုလေးသည် ဦးဖိုးဝေကို ကြည့်ရင်းမှ ပိုမိုကြောက်လန့် လာဟန်ရှိကာ သူမ၏ မျက်နှာတို့သည် မခန့်လေးစား မျက်နှာ အနေအထားမှ တောင်းပန်နေသည့် မျက်နှာ အနေထားပြောင်းသွားသည်။ ဦးဖိုးဝေ၏ မျက်လုံးမှ ရွှေဝါရောင်တို့ တဖြည်း ဖြည်းပျောက်ကွယ်သွားသောအခါမှ မိန်းမပျိုလေးသည် ဦးဖိုးဝေအား မော်မကြည့်ဝံ့တော့ပဲ ခေါင်းကိုငုံ့၍ တောင်းပန်ပါလေတော့သည် ။
“ဆရာကြီးရဲ့ အစွမ်းကို မသိလို့ ကျွန်တော်မျိုးမ မိုက်မဲမိပါတယ်။ခွင့်လွှတ်ပါ ”
“သင့်နာမည် ပြောစမ်း”
“မေ မေနန်းပါ ဆရာကြီး”
“သင့်အနေနဲ့ ဘယ်သောအခါမှ အပြစ်မရှိတဲ့သူတွေကို ဒုက္ခပေးမယ်လို့ အတွေးနဲ့တောင် မတွေးပါနဲ့ ”
“ကျမ နားလည်ပါပြီ ”
“နားလည်နေလို့ မရဘူး မနှောက်ယှက်မှ အဆင်ပြေမယ် သင်က ဘယ်ဘုံဘဝက သူမျိုးလဲ ”
“ကျမက ဝေမာနိက ပြိတ္တာဘုံကပါ ဆရာကြီး ”
“သင် ဝေမာနိကဘုံကဆိုတာ မောင်လူသစ်သိလား ”
“ကျမ လူသား အစစ်တ‌ယောက် မဟုတ်ဘူးလို့တော့ ပြော ထားပါတယ်။ဝေမာနိက ဘုံကဆိုတာတော့ မပြောရသေးပါဘူး ”
“ကျုပ်က မတရားလည်း မလုပ်ချင်ဘူး သင်က မောင်လူသစ်ကို တကယ်ကို မေတ္တာနှောင်ဖွဲ့နေတာလား”
“မလိမ်ဝံ့ပါဘူး ကျမ တကယ်ကို မေတ္တာစစ် နဲ့ ချစ်မြတ်နိုးနေမိတာပါ ”
“ဟုတ်ပြီလေ အဲ့တာဆို နောက်နေ့ သင် မောင်လူသစ်နဲ့ တွေ့ရင် ဖြစ်ကြောင်းကုန်စင် ပြောပြစေချင်တယ် ”
“စိတ်ချပါ ဆရာကြီး ကျမ ပြောပြလိုက်ပါ့မယ် ”
“သူရဲ့ ဆုံးဖြတ်ချက်ကို သင်လိုက်နာရမယ်နော်။နောင်များအခါ မောင်လူသစ်က သင်နဲ့ မပတ်သတ်ချင်ဘူးဆိုရင် သင်လိုက်ပြီး တွယ်ကပ်မနေရဘူး။အဲ့ဒီအချိန်ကျ ကျုပ် ခွင့်လွှတ်မှာ မဟုတ်ဘူး”
ဦးဖိုးဝေ၏ စကားကြားသောအခါ ဝေမယနိကဘုံမှ မိန်းမပျို လေး မေနန်းသည် မျက်နှာမသာမယာဖြစ်သွားပြီး ဦးခေါင်းကို သာ ညိတ်လို့ ဦးဖိုးဝေ၏ စကားကို လက်ခံလေ၏။ထို့နောက် ဦးဖိုးဝေသည်
“ကဲ ကျုပ်မှာချင်တာတွေလည်း မှာပြီးပြီ။သင်လည်း ပြန်နိုင်ပြီ ကျုပ် စကားတွေကိုသာ မမေ့ပါနဲ့ ”
ဦးဖိုးဝေမှ ပြန်ခွင့်ပြုလိုက်သောအခါ မေနန်းသည် ဒူးထောက်ထိုင်နေရမှ ထလိုက်ပြီး ဘုရားကုန်းအောက်သို့ ဆင်းသွားလေသည်။ထိုအခါမှ ဦးဖိုးဝေသည်လည်း စေတီတော်အား နောက်တကြိမ်ရှိခိုးဦးချ၊လက်ယျာ်ရစ်ပူဇော်ပြီး တောင်အောက်သို့ပြန်ဆင်းကာ ဦးစံပေါ၏အိမ်သို့ ပြန်လိုက်ပါလေတော့သည်။

*အခန်း (၄)

လူသစ်သည် သူရိယ အနားသွားလိုက် အိမ်ဝိုင်းဝသို့သွားလိုက် နှင့် တယောက်တည်း ပြာယာခတ်နေသည်။သူ၏ စိတ်ထဲ ထင်ထားသည်မှာ သူရိယမှ သူ နှင့် မေနန်း အကြာင်းကို ဦးဖိုးဝေအားပြောပြလိုက်၍ ဦးဖိုးဝေမှာ မေနန်းအား ဒုက္ခပေးနေပြီဟု ထင်ထားသည်။သူရိယမှာ ထိုသို့မဟုတ်ကြောင်းကို သေချာပြောပြသော်လည်း သူမယုံရဲ ဖြစ်နေ၏။ဦးစံပေါ်သည် ပြာယာခတ်နေသော သားဖြစ်သူအား ကြည့်ကာ
“လူသစ် ခဏနေ မိုးချုပ်ပြီ ဆရာကြီးတို့အတွက် ထမင်းပြင်တော့။မင်းနဲ့ ငါပါ တခါတည်းစားမယ် ဘယ်မှ သွားဖို့ စဉ်းစားမနေနဲ့ ကြားလား”
“ဟုတ်ကဲ့ပါ အဖေ ”
ဦးစံပေါ်သည် အိန္ဒြေမရဖြစ်နေသော သားဖြစ်သူအား သက်ပျင်း တခက်ချရင်း ကြည့်လိုက်ပြီး စကားဆိုလိုက်ခြင်း ဖြစ် သည်။လူသစ်မှာ အဖေဖြစ်သူကိုတော့ ချစ်ကြောက် ရိုသေသူ ဖြစ်သည်။ဖခင်ဖြစ်သူမှ မသွား နှင့်ဆိုက သူမ သွားတော့ပေ။ ထို့ကြောင့် ဦးစံပေါ်သည် သူ၏ သားအား ထမင်းပြင်ဆင်ခိုင်းနေခြင်းဖြစ်၏ ။ထိုအခါ သူရိယသည် အိမ်ဝိုင်းဝကို တကြည့်ကြည့် ဖြစ်နေသောလူသစ်အား
“လာပါ ကိုလူသစ်ရာ ကျနော့်ကို ယုံစမ်းပါ။အဘက ဘယ်သူ့မှ ဒုက္ခမပေးပါဘူး စိတ်ချ ခဏနေပြန်လာတော့မှာပါ ဘုရားသွားဖူးတာပါ။သူနဲ့ ဆုံနေရင်တောင် စကားပြောရုံထက် မပိုပါဘူးဗျာ သိပ်စိတ်ပူမနေနဲ့ လာ လာ ကျနော်လည်း ထမင်းကူ ပြင်ပေးမယ် ”
“ညီလေး စကားကို ယုံလိုက်မယ်။ မေနန်းက သိပ်သနားစရာကောင်းတာကွ ငါ့ကို တခါမှ ဒုက္ခ မပေးပါဘူးကွာ အဲ့တာကြောင့် သူ့ကို ဒုက္ခရောက်မှာ စိုးရိမ်နေရတာပါ ”
“စိတ်ချပါ ကျနော့် အဘက မတရားတာ ဘာမှမလုပ်ဘူး လာ လာ စိတ်ကိုလျှော့ ”
သူရိယသည် လူသစ်အား စိတ်မပူရန်ပြောဆိုကာ မီးဖိုချောင် သို့သွားပြီး ထမင်းစားရန်ပြင်ဆင်နေကြသည်။သူတို့ ထမင်း ခူးခပ်ပြီး အိမ်အောက်ရှိ စားပွဲတန်းလျားသို့ ထမင်းပန်းကန် ဟင်းပန်းများ သယ်နေချိန် ဦးဖိုးဝေမှာ ပြန်ရောက်နေပြီး ဦးစံပေါ် နှင့် စကားပြောနေပြီ ဖြစ်သည်။လူသစ်သည် ဦးဖိုးဝေအား အကဲခတ်ကြည့်နေသော်လည်း မည်သည့်အဖြေကိုမျှ မသိရ။ ဦးဖိုးဝေသည်က ပကတိအတိုင်း အမူအယာအပြောင်းလဲခြင်းမရှိခြင်းကြောင့်ဖြစ်သည်။ထမင်းပန်းကန်ချရင်း သူ့အား အကဲခတ်နေသည်ကို သိသော ဦးဖိုးဝေသည်
“မောင်လူသစ်ရေ မင်း သိချင်နေတာကို ထမင်းစားရင် ပြောပြပါ့မယ်ကွာ စိတ်ဖြောင့်ဖြောင့်နဲ့သာ အလုပ်လုပ်ပါ ထမင်း ပန်းကန်တွေလည်း မှောက်နေမယ် ”
“ဟုတ် ဟုတ်ကဲ့ ”
ဦးဖိုးဝေသည် မောင်လူသစ်ကို ကြည့်ကာ ပြုံးလိုက်မိသည်။ လူသစ်လို အတော်ကို ကြည့်ကောင်းသောသူသည် အဘယ် ကြောင့် ဝေမာနိပြိတ္တာအနွယ်ဝင်နှင့် ချစ်ကျွမ်းဝင်သွားလဲ ဆိုတာ သိချင်နေမိသည်။မကြာသောအချိန်တွင် အားလုံး လက်ဆုံ စားသောက်ကြလေသည်။ထိုအချိန် ‌လူသစ်သည် ထမင်းကို ဟုတ်တိပတ်တိမစား တခုခုကို တွေးနေလေရာ ဦးဖိုးဝေမှ
“မောင်လူသစ်ရေ ဘာတွေမှ အတွေးများမနေနဲ့ မင်းစိတ်ထဲ မှာ တွေးထားတဲ့အတိုင်း တခုမှ မဖြစ်ဘူးဆိုတာ ယုံထားပါ။အခု ထမင်းဝိုင်းမှာ မောင်လူသစ်ကို မေးစရာ ရှိတယ်။မင်းရဲ့ ဖခင်ရှေ့မို့ ကွယ်ဝှက်စရာမလိုပါဘူး။သူ့ကိုလည်း ဦးကြီး အသိပေးတန်တာ ပေးပြီးပါပြီ ”
လူသစ်သည် ဦးဖိုးဝေ၏ စကားကြောင့် လူသစ် ထမင်းကိုသာ ငုံ့စားနေပြီး မည်သည့်စကားမျှ ပြန်မပြောချေ ထိုအခါဦးစံပေါသည်
“လူလေး လူသစ် အဖေ အပြစ်မပြောပါဘူး။မင်းတို့ ကိစ္စကို လည်း အဖေဝင်မစွက်ဖက်ဘူး ဒီက ဆရာကြီးတို့သက်သာ သလို လုပ်လိမ့်မယ်။အဲ့ဒီတော့ ဆရာကြီးမေးတာကိုသာ အမှန် တိုင်းဖြေလိုက်ပါ။ အဖေကြောင့်မို့ မပြောရဲ မဆိုရဲ မဖြစ်ပါနဲ့ အဖေ အပြစ်မဆိုပါဘူး ”
“ဟုတ်ကဲ့ အဖေ ကျနော် ပြောပြပါ့မယ် ”
ဦးဖိုးဝေသည် လူသစ်မှ ပြောပြမည်ဟု စကားဆိုလာသော အခါ ပြုံးလိုက်ပြီး
“ကဲ ကဲ ထမင်းပြီးအောင် စားလိုက်ကြတာပေါ့၊ပြီးတော့မှ ရေနွေးကြမ်း သောက်ရင်း ဆက်ပြောကြတာပေါ့ ”
ထို့သို့နှင့် သူတို့သည် နောက်ထပ် စကားများဆက်မပြောဖြစ် တော့ပဲ ထမင်းကိုသာအာရုံစိုက်ပြီး စားနေကြပါတော့သည်။ ။

*အခန်း (၅)

ဦးစံပေါ၏ အိပ်အောက် စားပွဲခုံလေးသည် ထမင်းဝိုင်းမှ ယခု ရေနွေးကြမ်းဝိုင်းလေးအဖြစ် ပြောင်းသွားပြီ ဖြစ်သည်။ လေအနည်းငယ်တိုက်နေသောကြောင့် မီးခွက်အား မီးအိမ်ထဲ ထည့်ပြီး ထွန်းထား‌ရသည်။စားပွဲခုံပေါ်တွင် ရေနွေကြမ်းနှင့် လိုက်ဖက်သည့် ငါးခြောက်ဖုတ်ဆီစိမ်၊မြေပဲဆံလှော် နှင့် လက်ဖက် တို့ဖြင့် အမြည်းပြုလုပ်ထားသည်။ယခုအချိန်တွင် ရေနွေးကြမ်း နှင့် အမြည်းထက် သူတို့ပိုစိတ်ဝင်စားနေသည်မှာ လူသစ် ပြောပြမည့် မေနန်းနှင့် တွေ့သော အကြောင်းဖြစ်သည်။ လူသစ်သည် ရေနွေးကြမ်းကို ပါးစပ်နှင့် တေ့ပြီး အသာအယာ မှုတ်နေသော သူ၏ ဖခင် ကိုကြည့်လိုက်ကာ
“အဖေ ကျနော် အမှန်အတိုင်းပြောပြပါမယ် ကျနော်နဲ့ သူ တွေ့တာက အရင် နှစ် နှစ်လောက်က ရွာဦးစေတီရဲ့ ဆီမီးပူဇော်ပွဲမှာ ပါ ”
လူသစ်သည် သူနှင့် မေနန်း တွေ့ဆုံပုံအား သူ၏ ဖခင် အပါအဝင်ဦးဖိုးဝေတို့အား ပြောပြလိုက်ပါလေတော့သည်။

*အခန်း (၆)

ကြာတောရွာလေး၏ သီတင်းကျွတ်သည်က ရွာဓလေ့နှင့် အညီ စည်ကားသိုက်မြိုက်လှပေသည်။ကလေးများသည် ဟိုနားစုစု ဒီနားစုစုနှင့် ကစားနေကြလေသည်။လူငယ်များမှာ ရွာဦးစေတီတွင် ဆီမီးကပ်လှုမည်ဖြစ်သောကြောင့် စေတီဆီသို့ သွားနေကြသည်။ထိုအထဲတွင် လူသစ်တယောက်လည်း အပါ အဝင် ဖြစ်သည်။လူသစ်သည် ရွာထဲ၌ ရုပ်ချော ဥစ္စာပေါ်မို့ အပျိုများက ရေလာမြောင်းပေးလုပ်သော်လည်း ရေခဲတုံးဟု အမည်ပြောင်နှင့် လိုက်ဖက်စွာ မတုန်လှုပ်သူဖြစ်သည်။အပေါင်းအသင်းများနှင့် ဆီမီးပူဇော်ပွဲ သွားနေချိန် သူ၏ သူငယ်ချင်းများမှာ သူတို့ ပိုးပန်းနေသော မိန်းကလေးများ အနားသွားကာ စကားများပြောနေသောအခါ သူတယောက်တည်း ဘုရားပရဝဏ်ပေါ်တွင် ယောင်ချာချာ ဖြစ်နေသည်။ ကလေးများ ဆော့ကစားနေသည်က တကြောင်း၊လူရှုပ်နေ သည်က တကြောင်းမို့ လူသစ်တယောက် ဘုရားကုန်းပေါ်မှ တယောက်တည်း ဆင်းလာလိုက်သည်။လျှပ်စစ်မီးမရှိသော ဒေသများမို့ ဆီမီးထွန်းထားသော ဘုရားပရဝဏ်အတွင်းသာ လင်းနေပြီး ဘုရားကုန်းပေါ်တက်သောလမ်းမှာ မှောင်နေသည့်အတွက် လူသစ်သည် အသင့်ပါသော ဓာတ်မီးဖြင့် ထိုးကာ ဆင်းလာခဲ့သည်။လူသစ်တယောက် ဘုရားကုန်းပေါ်မှ တယောက်တည်း ‌ဆင်းလာစဉ် ဘုရားကုန်းတောင်ခြေအရောက်
“အမလေး ကယ်ပါဦး ”
မိန်းကလေးတယောက်၏ အသံကို ကြားရသောကြောင့် လူသစ်သည် အသံလာရာဆီသို့ ဓာတ်မီးထိုးကြည့်လိုက်ရာ ဘုရားကုန်းအောက်ခြေ စိန်ပန်းပင်အောက်တွင် မိန်းကလေးတယောက် သူ၏ ခြေကျင်းဝတ်လေးကို ကိုင်ပြီး ထိုင်နေသည်။ လူသစ်လည်း မိန်းကလေးတယောက်တည်း ဒုက္ခရောက်နေသည်ကို ပစ်မထားနိုင်ဖြစ်ပြီး မိန်းကလေးအနားကို သွားကာ
“ကျနော် ဘာကူညီရမလဲ ခင်ဗျ ”
“အပင်အမြစ်နဲ့ ခလုတ်တိုက်ပြီး လဲတာ ပြန်မထနိုင်ဘူး ခြေထောက်ကာ နာနေတယ် အကို”
“ဟုတ်လား ကျနော် တွဲထူပေးရမလား ”
“မိန်းကလေးသည် ခေါင်းညိတ်ပြီး ခွင့်ပြုလိုက်ရာ လူသစ် မိန်းကလေးကိုတွဲပြီး ထူလိုက်လေသည်။မိန်းကလေးသည် ကြာတောရွာသူများနှင့် လုံးဝမတူ။အတော်ကို ချောမောလှပသူဖြစ်သည် ကိုယ်ခန္ဓာအချိုးအစားကအစ ရုပ်ရည်အဆုံး အပြစ်ပြောစရာမရှိရာ လူသစ်ရင်ထဲ လှုပ်ရှားစပြုလာသည် ။ မိန်းကလေးသည် သူ့အားတွဲပြီး ငြိမ်နေသော လူသစ်အား
“အကို ကျမက ဘာလုပ်ရမှာလဲဟင် ”
“အော်ဟုတ်သား ညီမ ဘယ်သွားမှာလဲ အကိုတို့ ရွာက မဟုတ်တာတော့ သေချာတယ် အကိုက ဒီရွာသားလေ ”
“ကျမက ဒီနားဝန်းကျင်ကပါပဲ ဘုရားကုန်းတောင်ဘက် တရုတ်စကားပန်းပင်တွေဘက် သွားမလို့ ”
“ကျနော် လိုက်ပို့မယ်လေ ”
“တကယ်လား ”
“တကယ်ပေါ့ဗျာ ဒီလောက်လှတဲ့ မိန်းမချောလေးနဲ့ အတူတူ ရှိရမှာ ကျနော်က မရှိချင်ပဲ နေမလား။ဒါနဲ့ ညီမနာမည်က ဘယ်လိုခေါ်လဲ မသိဘူး အကို့ နာမည်က လူသစ်ပါ ”
“ညီမ နာမည် မေနန်းလို့ခေါ်ပါတယ် ”
“မေနန်းတဲ့လား နာမည်လေးက လှလိုက်တာ လာ ကျနော် တွဲ ပေးမယ်နော် သွားကြရအောင်လေ ”
လူသစ်သည် အာသွက် လျှာသွက် ဖြစ်နေ၏။သူနှင့် တွဲသွားသော ကောင်မလေးမှာ ဘိုင်စကုတ်မင်းသမီးထက်ပင် ပို၍ ကြည့်ကောင်းနေလေရာ အပျော်လွန်နေသည်။လွန်ခဲ့သည် မီးနစ်ပိုင်းက ပျင်းရိနေသောလူသစ်မှာ ယခုတော့ အတော်ကို ပျော် ရွှင်နေလေသည်။တရုတ်စကားပန်းပင်များဘက်ကို သွားနေသော လမ်းတွင် လူသစ်သည် သူ၏ ရေခဲတုံးဟူသော ဘွဲ့နှင့် မဆိုင်လှစွာ အတော်ကို သွက်လက်ပြီး မေနန်းဆိုသော ကောင်မလေးကို ဟာသများပင်ပြောက ရယ်မောနေသေး၏ ။ဤသို့ဖြင့် မကြာသောအချိန်တွင် တရုတ်စကားပန်းပင်များ ကြားရောက်ရှိကာ စကားများဖောင်ဖွဲ့ပြီး ပျော်ရွှင်စွာ စကားဆိုရင်း အတန်ကြာသောအခါ မေနန်းမှ
“အကို ညီမ ပြန်ရတော့မယ် မကြာခင် အဖော်တွေ လာခေါ်တော့မယ် ”
“နောက်နေ့တွေရော တွေ့လို့ မရဘူးလား မေနန်းရယ် ”
“အကိုက တွေ့ချင်လို့လား ”
“တွေ့ချင်တာ ပေါ့ ”
“အဲ့တာဆို ညနေတိုင်း ဒီကိုလာခဲ့နော် နေ့တိုင်း မေနန်းနဲ့ တွေ့ရမှာပေါ့ ”
မေနန်းသည် ထိုသို့သာပြောပြီး ရုတ်တရက် လူသစ်အနားမှ ထလိုက်ပြီး အမှောင်ရိပ်ထဲသို့ဝင်သွား‌လေတော့သည်။လူသစ်သည် အတန်ကြာမှသတိရကာ လမ်းကို ဓာတ်မီးထိုးပြမည်ဟု အတွေးဝင်ပြီး ဓာတ်မီး နှင့် မေနန်း ထွက်သွားရာဘက်ကို ထိုးလိုက်သောအခါ မေနန်း၏ အရိပ်အယောင်ပင် မရှိတော့ပေ။ သို့ပေမဲ့ ထွေထွေထူးထူးစဉ်းစားမနေတော့ပဲ ပျော်ရွှင်စွာနှင့် အိမ်သို့ ပြန်လိုက်ပါလေတော့သည်။ထို့နေ့မှစ၍ ညနေတိုင်း လူသစ်တယောက် ဘုရားကုန်းတောင်ဘက်ခြမ်းရှိ တရုတ်စကားတောထဲသို့ သွားကာ မေနန်းနှင့် နေ့တိုင်း တွေ့နေရာ ချစ်သူအဖြစ်သို့ ရောက်ခဲ့ပြီပင် ဖြစ်သည်။မေနန်းသည် လူသစ်အား ကတိကဝတ်များ အမြဲတောင်းသည်။သူနှင့်သာ စကားပြောစေကာ တခြားသူများနှင့် စကားပြောလျှင်ဖြင့် မကျေမနပ် ဖြစ်နေလေရာ လူသစ်တယောက် တခြားသူများနှင့် စကားနည်းသထက် နည်းလာပါလေတော့သည် ။
“ကျနော် နဲ့ မေနန်းအကြောင်းက ဒါအကုန်ပါပဲ သူက အဖေ့ လယ်တွေကို ‌နှောက်ယှက်နေတာတွေလည်း ပြောပြတယ် ပြီးတော့ ဆရာကြီးတို့ လာမှာကိုလည်းပြောပြတယ် ”
“ကောင်းပါပြီ မောင်လူသစ်ရေ မင်းအနေနဲ့ မေနန်းက လူမဟုတ်ဘူးဆိုတာ ဘယ်အချိန်မှာသိတာလဲ သူပြောတာလား ”
“မဟုတ်ပါဘူး သူနဲ့ စတွေ့ကတည်းက သူက လူမဟုတ်ဘူးဆိုတာ သိပါတယ် ဒါပေမဲ့ ကျနော် သူ့ကို ချစ်မိနေပြီ”
“အော် လူသစ် မင်းက တွေ့ကတည်းက သိနေတာကိုး ဟုတ်ပြီမင်း ဘယ်လို ရှေ့ဆက်မလဲ ”
“ကျနော်ကတော့ အခုလိုပဲ သူနဲ့ တွေ့နေရရင် ကျေနပ်တယ် ”
“ငါ့တူ တနေ့ မင်းက အိုမယ် နာမယ် သေမယ်နော် သူတို့ရဲ့ သတ်တမ်းက ရှည်လျားတယ် သူတို့ရဲ့ အကုသိုလ်ကံ နဲ့ ကုသိုလ်ကံ ပေါ် မူတည်ပြီး နှစ်ပေါင်းရာချီထောင်ချီ ကြာနိုင်တယ်။ဒီကြားထဲ မင်းအိုလာရင် မင်းရဲ့ချစ်သူက မင်းကို ချစ်နိုင် အုံးမှာလား မင်းရဲ့ အခုပုံစံက အလွန်ဆုံးခံ နှစ် နှစ်ဆယ်ပေါ့ ငါတို့ အိုလာရမှာ အဲ့တာကို မင်းချစ်သူက လက်ခံပြီး ချစ်နိုင်မှာလား သူက အိုမှာ မဟုတ်ဘူးနော် ”
ဦးဖိုးဝေ၏ စကားကို လူသစ် သေချာ နားထောင်နေပြီး လေးလေးနက်နက် တွေးတောနေလေသည်။ထို့နောက် သက်ပျင်း ရှည်တချက်ကို ချကာ
“ကျနော် အဲ့လိုတခါမှ မတွေးဖူးဘူး ဆရာကြီး အဲ့တော့ ကျနော် ဘာလုပ်ရမှာလဲ သူ့ကို မေးရမှာလား”
“စကားဆိုတာ တကယ်တော့ပြောပြီး ပျောက်သွားတာပါပဲ အခုအချိန် ချစ်နေတုန်းတော့ မထားခဲ့ပါဘူး ချစ်နေမှာပါလို့ ပြောမှာပါပဲ ”
“ဆရာကြီးပြောတာ သဘာဝကျပါတယ် ကျနော် ဘာလုပ်ရမလဲ ဆရာကြီး အကြံပေးပါဦး ”
“မောင်လူသစ်အနေနဲ့ မင်းချစ်သူရဲ့ ကျင်လည်ရာ ဘဝကို သိသင့် မြင်သင့်တယ်လို့ မထင်ဘူးလား ”
“သိသင့်တယ် ဆရာကြီး ”
“ကဲ အဲ့တာဆို မနက်ဖြန်ညနေ မင်းညီ သူရိယကို ခေါ်ပြီး မေနန်းဆီ သွား ”
“ဟုတ်ကဲ့ သွားပြီးတော့ ဘာလုပ်ရမှာလဲ ဆရာကြီး”
“ကျုပ်တို့တွေ မင်းရဲ့ချစ်သူရွာကိုသွားပြီး သူရဲ့ မိဘတွေအိမ်ကို ကျုပ်က မင်း ရဲ့ အုပ်ထိန်းသူ လူကြီးအနေနဲ့ ကြောင်းလမ်းပေးမယ် လို့ပြောချေကွာ ”
“ဗျာ ”
ဦးဖိုးဝေ၏ မထင်မှတ်ထားသော စကားကြောင့် လူသစ် အပါအဝင် ကျန်သူများ နားမလည်နိုင်ဖြစ်ကာ ဦးဖိုးဝေကို ကြည့်နေပါလေသည် ။ဦးဖိုးဝေသည်က ရေနွေးကြမ်းတခွက်ကိုသောက်ရင်း အေးဆေး တည်ငြိမ်စွာ ထိုင်နေပါလေတော့သ်ည။

*အခန်း (၇)

သူရိယ နှင့် လူသစ်သည် ညနေ ‌နေဝင်လုလုအချိန်တွင် ဘုရားကုန်းသို့ သွားနေကြသည်။သူတို့ နှစ်ယောက်သည် ဦးဖိုးဝေ ပြောသော စကားကို စဉ်းစားမရဖြစ်နေသည်။လူသစ်ထင်ထားသည်မှာ မေနန်းနှင့် မရမကခွဲမည် ဟုပင်။ထိုသို့လုပ်လျှင် ဦးဖိုးဝေ၏စကားကို သူနားထောင်မည်မဟုတ်ပဲ မေနန်းနှင့် အတူတူရှိနိုင်ရန်သာ ဆက်ကြိုးစားမည်ဟု သန္နိဋ္ဌာန်ချထားသည်။ယခုတော့ သူထင်ထားသလို မဟုတ်ပဲ ဦးဖိုးဝေမှာ မေနန်း၏ အုပ်ထိန်းသူများထံသွားပြီး ကြောင်းလမ်းမည်ဟုပြောသောအခါ အတော်ကို အံ့ဩသွားသည်။ သူ့နည်းတူ သူရိယလည်း အတူတူပင်ဖြစ်သည်။ထိုအရာကို လမ်းလျှောက် ရင်း တယောက် နှင့် တယောက် ရင်ဖွင့်နေကြသည် ။
“ကိုလူသစ် အဘက ဘာဖြစ်တာလဲ မသိဘူး။သူက တခါမှ မလိမ်ဖူးဘူးဆိုတော့ ကိုလူသစ်ချစ်သူက တကယ်ကြောင်း လမ်း‌ဖို့ ခွင့်ပြုတယ်ဆိုရင် အဘက တကယ်ကြောင်းလမ်းပေးမယ်ဆိုတာ ကျနော်သိတယ် ”
“အဲ့လို တကယ် လုပ်ပါ့မလား သူရိယရ ”
“တကယ်လုပ်ပေးမှာ သေချာတယ် အဘက တခါမှမညာဖူးဘူး ”
“ငါလည်း မသိတော့ဘူးကွာ မေနန်းကိုတော့ ပြောကြည့်ရမှာပဲ ”
သူတို့ နှစ်‌ယောက် နောက်ထပ်စကားများမပြောတော့ပဲ တရုတ်စကားပင်များ ဘက်သွားနေသည်။တရုတ်စကားပင် အောက်တွင် လူသစ်ထိုင်နေချိန် သူရိယမှ ဘုရားသွားဖူးမည်ဟု ဆိုကာ ရှောင်ထွက်သွားလေသည် ။မကြာသောအချိန်တွင် မေနန်း ရောက်လာသည်။ မျက်နှာ မကောင်းဖြစ်နေသော မေနန်းအား လူသစ်တွေ့သောအခါ
“မေနန်း ဘယ်လိုဖြစ်တာလဲ အကိုတို့ အိမ်ကို ရောက်နေတဲ့ ဆရာကြီး မေနန်းကို ထိခိုက်အောင် လုပ်သေးတာလား ”
“မ မလုပ်ပါဘူး ဆရာကြီးက မေနန်းကို ဘာမှ မလုပ်ပါဘူး မေနန်းကသာ ဆရာကြီးကို မလေးမခန့်ပြောမိတာပါ ဆရာကြီးက မေနန်းတို့ကိုခွဲမှာတဲ့လား အကို ”
“အခု ဘာမှမပြောဘူး သူပြောတာတော့ မေနန်းက အကို အိုမင်းသွားတဲ့အထိ ဆက်ချစ်နိုင်ပါ့မလားတဲ့ ”
“ဟင် အဲ့တာတော့ ဆရာကြီး မေနန်းကို အထင်သေးသွားပြီ ချစ်နိုင်တာပေါ့ ”
“သေချာလို့လား မေနန်းရယ် အကိုက အိုလာချိန်မှာ မေနန်းက အခုလို ပုံစံလေးနဲ့ပဲ ရှိနေမှာ မဟုတ်လား ”
“အိုး မေနန်းချစ်တာ အကို့ကိုပါ ရုပ်ရည်ကို ချစ်တာမဟုတ်ပါဘူး ”
“မေနန်း အကို့ကို တကယ် ချစ်လား ”
“အင်း ချစ်တယ် ”
“သေချာလား မေနန်း”
“သေချာပါတယ် အကိုရယ် ချစ်သူဖြစ်တာဖြင့် ကြာလှပြီ ဒီနေ့မှ ဘာဖြစ်နေတာလဲ မသိဘူး”
“အကို့ကို ဆရာကြီးက မှာလိုက်တယ် မေနန်းရဲ့ ရွာကို လာပြီး မေနန်းရဲ့ မိဘတွေဆီ ဆရာကြီးကိုယ်တိုင် ကြောင်းလမ်းပေးချင်တယ်တဲ့ အဲ့တာ လက်ခံနိုင်မလား ”
“ရှင် အဲ့ အဲ့တာကလေ ”
“မရဘူးလား မေနန်း”
“မရလို့ မဟုတ်ပါဘူး သဘာဝချင်းတွေက မတူတော့ မေနန်းရဲ့ တကယ့်ဘဝကိုတွေ့ရင် အကို မေနန်းကို မချစ်ပဲနေမှာ စိုးလို့ပါ”
“မေနန်းရယ် အကို နားလည်ပါတယ်ကွာ ဘာမှ စိတ်မပူနဲ့ မေနန်း ဘယ်လိုပုံစံပဲဖြစ်ဖြစ် အကို ချစ်နေမှာပါ ”
“အင်းလေ အဲ့တာဆိုလည်း လာမဲ့လကွယ်နေ့မှာ ဒီတရုတ်စကားပင်တွေနားက လာကြိုနေပါမယ် ”


“အဲ့တာဆို မေနန်းက လက်ခံလိုက်တာပေါ့ ”
မေနန်း ခေါင်းညိတ်လိုက်သည်။ထိုအခါ လူသစ်သည် ချစ်သူ မေနန်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ထွေးပွေ့ထားပြီး စကားများဖောင်ဖွဲ့နေသည်။အတန်ကြာသောအခါ သူရိယဘုရားကုန်း ပေါ်မှ ဆင်းလာသည်ကိုမြင်မှ မေနန်းကို နှုတ်ဆက်လိုက်သည်။သူရိယ အနားသို့ လူသစ်ရောက်သောအခါ
“ကိုလူသစ် အခြေအနေ ”
“ကောင်းတယ် သူရိယရေ နောက်လကွယ် သွားရမယ် ”
“သတင်းကောင်းပဲ ကဲ ကဲ ပြန်ကြရအောင်ဗျာ လကွယ်ဆိုတော့ နောက်သုံးရက်ပဲ ကျန်တော့တာပေါ့ ”
“အေး ဟုတ်ပါ့ ”
“ခင်ဗျား ပျော်နေတာလား ကိုလူသစ် ”
“ပျော်တာပေါ့ကွ ကံကောင်းရင် ငါတို့ တသက်လုံး မခွဲပဲ အတူတူ ရှိနေရမှာကို ”
သူရိယ မည်သည့်စကားမျှ ပြန်မပြောဖြစ်ပေ။လူသစ်မှာ သာမာန်ရွာကို သွားပြီး သာမာန်မိသားစုနှင့် တွေ့ရမည် ဟု‌ထင်နေသည်လားမသိပေ။သူတို့ သွားရမည်မှာ ဝေမာနိကဘုံတွင်ရှိသော ရွာသို့ သွားရမည်ကို လူသစ်အား ရှင်းပြမနေတော့ပဲ ငြိမ်၍သာ လမ်း လျှောက်နေပါလေတော့သည် ။

မကြာမီ ဦးဖိုးဝေ နှင့် ဝေမာနိက အမည်ရ ဇတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။

မောင်တင်ဆန်း

Leave a Comment