အောင်မြတ်သာနှင့်ရွာလုံးကျွတ်အတိုက်

“အောင်မြတ်သာနှင့်ရွာလုံးကျွတ်အတိုက် ”
+++++++++++++++++++++

“အတော်ပူတဲ့အညာနွေကွာ – ယပ်ခပ်ရတာနဲ့တင် လက်အံသေတော့မယ်”
တောက်ရရဲ့စိတ်မရှည်တဲ့လေသံကြောင့် အင်ရွက်နှစ်ရွက်ကိုထပ်ပြီး ယပ်ခပ်နေတဲ့ သက်ခိုင်က သဘောကျစွာရယ်လိုက်ပြီး
“ ငါတို့ကသာ ပူနေတာ တို့ဆရာကတော့ သွပ်အမိုးဇရပ်အောက်မှာ တရားထိုင်နေတာ လှုပ်တောင်မလှုပ်ဘူး”
“ ဆရာရဲ့ သထမအား အရမ်းကောင်းတာကြောင့်ဖြစ်မယ်။ အော် ဒါနဲ့ ဒီဇရပ်မှာနေတာ တစ်ပတ်ပြည့်တော့မယ်နော်”
“ အချိန်မသင့်သေးလို့ဖြစ်မှာပေါ့ကွာ ”
သက်ခိုင်က စကားကိုလိုတိုရှင်းပြောပြီး မနက်ကခပ်ထားတဲ့သောက်ရေနဲ့မျက်နှာကိုပွတ်ကာ ပူလောင်မှုဒဏ်ကို အကာအကွယ်ယူနေလိုက်တယ်။
အတန်ကြာတော့ ဇရပ်ပေါ်ကနေ အရပ်ဆယ်မျက်နှာကိုမေတ္တာပို့အမျှဝေသံကြားလို့ခေါင်းထောင်ကြည့်လိုက်ရာ တရားဖြုတ်နေပြီဖြစ်တဲ့ အောင်မြတ်သာကိုမြင်လိုက်ရတယ်။
“ တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေကြပါလား”
“ ဟုတ်ပါ့ဆရာရယ် – ဒီနှစ်အညာနွေအပူက အတော်ကိုစိုးလွန်းပါတယ်ဗျာ”
“ အင်း ငါတို့လဲ ဒီနေရာမှာ ဆက်နေရဦးမယ်နဲ့တူပါတယ်”
“ ဘာဖြစ်လို့လဲဆရာ — ထူးခြားမှုမရှိလို့လား”
“ ဟုတ်တယ် ဒီရက်ပိုင်းတွေမှာ ဘယ်အရပ်ဒေသကို သွားရမယ်ဆိုတဲ့အာရုံမရဘူးဖြစ်နေတယ်။ မင်းတို့လဲ ဒီဇရပ်မှာ တစ်ပတ်လောက်နေခဲ့ရပြီးပြီဆိုတော့
နောက်တစ်နေရာသွားကြရအောင်”
အောင်မြတ်သာစကားကြောင့် ငူငူငိုင်ငိုင်ဖြစ်နေတဲ့ တောက်ရ ခေါင်းထောင်လာပြီး
“ ဘယ်ကိုသွားကြမလဲဆရာ — “
“ ခြေဦးတည့်ရာ သွားကြတာပေါ့။ လွယ်အိတ်နဲ့ရေဘူးတွေ ထည့်လာခဲ့ကြ”
တောက်ရတို့လဲ လွယ်အိတ်ထဲကို ရေဘူးတွေထိုးထည့်ပြီးတာနဲ့ အောင်မြတ်သာသွားတဲ့နောက်ကို လိုက်ပါသွားခဲ့ကြတယ်။
– – – – – – – – –
“ အမလေး — ပန်းမြရေ — ငါ့ကို တစ်ယောက်ထဲထားခဲ့ပြီလား— နင့်တူတွေကို ထိန်းပေးမယ်ဆို အခုတော့ ရုတ်တရက်ကြီး ငါ့တို့အနားကနေ ဘာလို့ထွက်သွားရတာလဲ”
မိန်းမတစ်ယောက်ရဲ့ အော်ဟစ်ငိုယိုသံကြောင့် လှည်းလမ်းမျက်ကွယ်ကွေ့ကနေ လျောက်လာကြတဲ့ အောင်မြတ်သာတို့ခြေလှမ်းတွေရပ်လိုက်ပြီး
အသံကြားရာဘက်ကိုကြည့်လိုက်ရာ ဝါးကပ်အလောင်းစင်ကိုထမ်းပြီး အသုဘပို့နေကြတဲ့ လူအချို့ကိုမြင်လိုက်ရတယ်။အလောင်းစင်ရဲ့အပေါ်မှာတော့
“မပန်းမြ – အသက်(၂၆)နှစ်” ဆိုပြီးရေးထားခဲ့တယ်။
“ ဟင်”
အောင်မြတ်သာက အသုဘပို့တဲ့လူအုပ်ထဲကိုကြည့်ပြီး အံ့ဩသွာဟန်ဖြင့်ရေရွတ်လိုက်တယ်။
“ ဆရာ ဘာဖြစ်လို့လဲ”
“ သက်ခိုင် မင်းရဲ့အာရုံတွေကိုစုစည်းပြီး လူအုပ်ထဲကိုကြည့်စမ်း— ဘာထူးခြားတာမြင်လဲ”
အောင်မြတ်သာစကားကြောင့် သက်ခိုင် စိတ်ကို မျက်လုံးနှစ်လုံးကြားထဲစုစည်းပြီးကြည့်လိုက်ရာ အသုဘပို့တဲ့လူအုပ်ကြားထဲမှာ တစ်ကိုယ်လုံးသွေးမရှိပဲ
ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့မိန်းမသုံးယောက်ကိုမြင်လိုက်ရတယ်။
“ ဆရာ လူအုပ်ထဲမှာ နာနာဘာဝတွေရောထွေးနေပါလား”
“ ဟုတ်တယ် သက်ခိုင်- ဖြစ်ရိုးဖြစ်စဉ်အရဆိုရင် နာနာဘာဝတွေဟာလူတွေအနားရောက်လာရင်တောင် အဝေးကိုထွက်ပြေးပြီး ပုန်းအောင်းကြရတယ်။
အခုကျတော့ လူတွေနဲ့ယှဉ်တွဲပြီးသွားလာနေတာ အတော်ထူးဆန်းတယ်”
“ ဆရာ — အခေါင်းစင်ကိုကြည့်ဦး”
တောက်ရ စကားကြောင့် လူတွေထမ်းထားတဲ့အခေါင်းစင်ကိုကြည့်လိုက်ရာ ဆံပင်တွေကောက်ကွေးကာ တစ်ကိုယ်လုံးမီးကျွမ်းထားသလိုမဲနေတဲ့
သရဲတစ်ကောင်က အခေါင်းထဲမှာထည့်ထားတဲ့စားမြိန်ထုပ်ကိုယူပြီး ပလုပ်ပလောင်းစားနေတာမြင်လိုက်ရတယ်”
“ ဒီအသုဘကတော့ ထူးဆန်းနေပြီ— ငါတို့အနေနဲ့ ခရီးသွားဟန်လွဲလုပ်ပြီး စနည်းနာကြည့်ရအောင်”
အောင်မြတ်သာတို့သုံးယောက်လဲ အသုဘပို့တဲ့လူအုပ်ထဲရောဝင်လိုက်တဲ့အချိန် ဖြူဖတ်ဖြူလျော်မျက်နှာနဲ့ နာနာဘာဝတွေရုတ်တရုတ်ဆိုသလို
ဘေးမှာရှိတဲ့ခြုံတွေထဲတိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။
“ ဆရာ အခေါင်းစင်ပေါ်က သရဲလဲဆင်းပြေးပြီ”
သက်ခိုင်စကားအဆုံးမှာ စားမြိန်ထုပ်ကိုကိုင်ပြီး ခြုံထဲဝင်ပြေးသွားတဲ့အရိပ်မဲမဲတစ်ခုကိုမြင်လိုက်ရတယ်။
သင်္ချိုင်းမြေရောက်တော့ အသင့်တူးထားတဲ့မြေကျင်းထဲကို အလောင်းမချမှီ သရဏဂုံတင်နေတဲ့အချိန် သက်ခိုင်က အနားမှာရှိတဲ့လူတစ်ယောက်နားသွားပြီး
“ ဒီကောင်မလေးက ဘယ်လိုကြောင့်ဆုံးသွားတာလဲ”
“ ခင်ဗျားတို့ကို ရွာမှာမမြင်ဖူးပါဘူး— ဘယ်ကလူတွေလဲ”
“ ကျုပ်တို့က ဇရပ်တွေမှာလိုက်ပြီး အဓိဌာန်ဝင်နေတဲ့သူပါ။ အခုလဲလမ်းသွားရင်း အသုဘတွေ့တာနဲ့ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုတဲ့စကားကို
စနည်းနာပြီး လိုက်ပို့ပေးတာပါ”
“ ခင်ဗျားတို့က အောက်လမ်းဆရာတွေတော့မဟုတ်ပါဘူးနော်”
ရွာခံလူရဲ့စကားကြောင့် သက်ခိုင်က လည်ပင်းမှာဆွဲထားတဲ့ ဘုရားဆင်းတုပုံကိုပြပြီး
“ ဘုရားစူး မဟုတ်ရပါဘူးဗျာ— ကျိန်ဆိုကျိန်ပြောရဲပါတယ်”
“ ဒါဆိုလဲပြီးတာပါပဲ ဒီကောင်မလေးက မနေ့ညနေကတောင် ရေခပ်ဆင်းတာတွေ့လိုက်သေးတယ်။ ညဘက်ရောက်တော့ ရေသောက်နေရင်း သေသွားတာလို့ သူ့အစ်မပြောတာပဲ”
“ ဗျာ ရေသောက်ရင်းသေတယ် ဟုတ်လား”
“ ဟုတ်တယ် သူတို့အိမ်မှာ လူသေတာ ဒီတစ်ယောက်ပါရင် သုံးလောင်းရှိပြီ။ ပထမ ဒီကောင်မလေးရဲ့ အဖေ ပိုးထိလို့ဆုံးတယ်၊ သူဆုံးလို့ရက်လည်တဲ့နေ့မှာပဲ
သူရဲ့ခဲအို အုန်းပင်ပေါ်ကပြုတ်ကျလို့ဆုံးတယ်၊ သူ့ရက်လည်ပြီးတဲ့ညပဲ ဒီကောင်မလေး ရေသီးလို့ ဆုံးပြန်ရောဗျာ”
“ ဟာ ခင်ဗျားပြောတဲ့အတိုင်းဆို အလောင်းကုတင်အတိုက်နဲ့ တိုက်ထားတာဖြစ်နိုင်တယ်”
“ ဘာလဲဗျ အလောင်းကုတင်အတိုက်ဆိုတာ — အဲ နေစမ်းပါဦး ခင်ဗျားက အောက်လမ်းဆရာမဟုတ်ရင် ဒီလိုအကြောင်းတွေဘယ်လိုသိတာလဲ အဲကိစ္စကိုရှင်း”
“ ဟင်း ခင်ဗျားနဲ့တော့ခက်ပြီ ကျုပ်တို့က နယ်တစ်ကာလှည့်ပြီး ပယောဂလိုက်ကုနေတဲ့ဆရာတွေပါဗျာ။ ဒီပုံအတိုင်းဆိုရင် အဲဒီအိမ်မှာနောက်တစ်ယောက်ထပ်သေနိုင်တယ်။
အလောင်းတင်တဲ့စင်မှာ ခြေထောက်လေးချောင်းရှိသလို သေသူလဲ လေးယောက်ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့လုပ်ထားတာဖြစ်နိုင်တယ်”
“ ဟာ ဒုက္ခပါပဲ ဘယ်လိုလုပ်ရမလဲ”
ရွာခံလူရဲ့စကားအဆုံးမှာ အမျှဝေတဲ့ကြေးစည်သံထွက်ပေါ်လာတာကြောင့် စကားစပြတ်သွားခဲ့တယ်။ အလောင်းမြေချပြီးတဲ့အချိန် ခုနကလူပြန်ရောက်လာပြီး
“ ဒီကိစ္စမျိုးက တကယ်ရှိနိုင်လို့လား”
“ ရှိနိုင်တာပေါ့ဗျ – လုပ်ထားတဲ့သူက တစ်အိမ်လုံးကို တစ်ချိန်ထဲသေအောင် မလုပ်တာပဲကျေးဇူးတင်ရမယ်”
“ ဒုက္ခပါပဲ — အခုချိန်မှာ သွားပြောရင်လဲ ကျုပ်ပြောတာကိုယုံမှာမဟုတ်ဘူး”
“ ဒီလိုလုပ်ဗျာ – ဆရာနဲ့ကျုပ်တို့ကို ရွာမှာတည်းလို့ရအောင်ကူညီပေး – ဒီကိစ္စရဲ့ဇစ်မြစ်ကို မရရအောင်ဖော်ထုတ်ပေးမယ်လို့ကတိပေးတယ်”
“ ဒါဆိုရင် ခင်ဗျားတို့သုံးယောက်ကို ကျုပ်ရဲ့မိတ်ဆွေတွေလို့ပြောထားလိုက်မယ်။ တည်းတာကတော့ အိမ်မှာပဲနေကြပေါ့။ ကျုပ်အိမ်က အကောင်းကြီးမဟုတ်ပေမယ့်
နေလို့တော့ရပါတယ်”
“ ကျုပ်တို့အတွက်က ကျောတစ်ခင်းစာနေရာရရင် အဆင်ပြေပါပြီ”
“ အဲ – တစ်ခုတော့ပြဿနာရှိနိုင်တယ်။ အိမ်မှာနေဖို့ဆိုရင် ကျုပ်မိန်းမအသံကို သည်းခံနိုင်မှရမယ်။ သူက စကားပြောမတတ်ပေမယ့် စိတ်ရင်းကတော့ ကောင်းပါတယ်”
“ ဒါနဲ့ ခင်ဗျားနာမည်က ဘယ်လိုခေါ်လဲ”
“ စကားကောင်းနေရင်း မိတ်ဆက်ဖို့မေ့နေတာ – ကျုပ်နာမည်က ထွန်းညိုလို့ခေါ်တယ် – မိတ်ဆွေတို့ကရော”
“ ကျုပ်နာမည်က သက်ခိုင်ပါ — ဒါကတော့ တောက်ရ — ဒါကတော့ကျုပ်တို့နှစ်ယောက်ရဲ့ဆရာ အောင်မြတ်သာပါ”
“ အိမ်ရောက်လို့ ကျုပ်မိန်းမ မေးရင် အဘိုးပေါ်ထွန်းအမျိုးတွေလို့ဖြေပေးနော် – ကျုပ်သဘောနဲ့ကျုပ်ခေါ်လာတာသိရင် ရန်ဖြစ်နေရဦးမယ် ဟီး”
“ အဘိုးပေါ်ထွန်းဆိုတာကဘယ်သူလဲဗျ”
“ အဘိုးပေါ်ထွန်းဆိုတာ ဒီရွာရဲ့ပဲ့ကိုင်ရှင်ပေါ့ဗျာ- သူ့ကြောင့် အနီးတစ်ဝိုက်ရွာတွေထက် ကျုပ်တို့ရွာက နှစ်စဉ်စံပြဆုရခဲ့တာ- ကျုပ်မိန်းမက အဘိုးပေါ်ထွန်းကို
အရမ်းလေးစားတာ -ဒါကြောင့် ကျုပ်ပြောသလိုသာပြောကြပါ”
“ ဒါဆိုအဘိုးပေါ်ထွန်းက အခုရွာမှာရှိလား”
“ မနှစ်ရွာဆုပေးပွဲပြီးတော့ တရားစခန်းမှာပဲနေတော့မယ်ဆိုပြီးထွက်သွားတာ။ တစ်ကိုယ်ထဲလူပျိုကြီးဆိုတော့ ပြုစုမယ့်သူမရှိဘူးလေ”
ထွန်းညိုစကားအဆုံးမှာ မှတ်တိုင်စိုက်ပြီး ပြန်လာကြတဲ့သူတွေကြောင့် စကားစပြတ်သွားခဲ့ကြတယ်။
– – – – – – – – –
“ မြရင် ဝေ့ မြရင် ဧည့်သည်တွေပါလာတယ်ဟေ့”
ထွန်းညိုအသံကြောင့် ဆံပင်ကိုတစ်ပတ်လျှိုထုံးထားတဲ့ အသက် လေးဆယ်အရွယ်မိန်းမတစ်ယောက်အိမ်ထဲကနေထွက်လာခဲ့တယ်။
“ ငထွန်းညို ဘယ်ကဧည့်သည်တွေတုန်း”
“ ဘကြီးပေါ်ထွန်းကိုတွေ့ချင်လို့ ရွာကိုလာလည်ကြတာတဲ့၊ ဘကြီးကရွာမှာမရှိတာနဲ့ ခဏတည်းလို့ရအောင် ခေါ်လာခဲ့တာ”
မြရင်ဆိုတဲ့မိန်းမက အောင်မြတ်သာတို့ကို မျက်လုံးဝေ့ကြည့်ပြီးတာနဲ့ လေသံချက်ချင်းပြောင်းသွားပြီး
“ အဘပေါ်ထွန်း ဧည့်သည်ဆိုတော့ ကျုပ်တို့ဧည့်သည်ပေါ့ရှင် – ငထွန်းညို နေခင်းထိုင်ခင်းပြင်ဦး”
မိန်းမဖြစ်သူရဲ့စကားကြောင့် ထွန်းညိုတစ်ယောက်အံ့ဩမှုများစွာနဲ့ နေဖို့ပြင်ရန်အိမ်ခန်းထဲကိုဝင်သွားခဲ့တယ်။
သက်ခိုင်က ထွန်းညိုအဖြစ်ကိုမြင်ပြီးတာနဲ့ တောက်ရဘက်ကိုလှည့်ကာ အိတ်ကပ်ထဲထည့်ထားတဲ့ ဆီစိမ်စက္ကူတစ်ရွက်ကိုထုတ်ပြလိုက်ရင်း
“ င်္ဟသာဖိုဖနှစ်ကောင်အင်းကိုဆောင်ထားရင် လူချစ်လူခင်ပေါများတယ်ကွ” လို့ပြောကာ အိတ်ကပ်ထဲပြန်ထည့်ထားလိုက်တယ်။
– – – – – – – – –
ညနေစောင်းရောက်တော့ ရွာထဲကလူတွေအကုန် ပြာပန်းခတ်မျှလှုပ်ရှားနေတာမြင်တဲ့ သက်ခိုင်က –
“ ကိုထွန်းညို ရွာမှာဘာဖြစ်လို့ လူတွေဒီလောက်ပြာယာခတ်နေတာလဲ”
“ ဘာမှမဖြစ်ပါဘူးဗျာ – ညနေနေဝင်ရီတစ်ရောဆို ဘယ်သူမှအပြင်မထွက်ရဲလို့ နေမဝင်ခင်လုပ်ရမယ့်ကိစ္စတွေလုပ်နေကြတာ”
“ အသုဘအိမ်နဲ့များသက်ဆိုင်နေလို့လား”
“ တစ်အိမ်ထဲလူသုံးယောက်မသေခင် ညတွေကဆို ရွာလမ်းမတွေမှာ ခွေးအူသံမပြတ်တာသတိထားမိတယ်။ အဲဒီကိစ္စဖြစ်ပြီးတာနဲ့ လူတွေဆက်တိုက်သေတော့တာပဲ။
ဒါကြောင့် ညဘက်တွေဆိုရင် တစ်ရွာလုံးခြောက်ကပ်တိတ်ဆိတ်နေတတ်တယ်”
ထွန်းညိုစကာရအဆုံးမှာအောင်မြတ်သာက ကြေးပြားတစ်ခုကိုထုတ်ပြီး –
“ ဒီတန်ပြန်စမကို အိမ်ပေါက်ဝမှာ ကပ်ထားပါ။ အိမ်အနားကိုမကောင်းတဲ့အရာတွေကပ်လို့မရအောင် ကူညီပေးလိမ့်မယ်”လို့ပြောလိုက်တော့
ထွန်းညိုက ကြေးပြားကိုယူကာ အိမ်အတက်အဆင်းလှေကားအပေါ်တံခါးမှာ သံနဲ့ရိုက်ကာကပ်ထားလိုက်တယ်။
“ ဒီရွာမှာ ရွာတော်ရှင်နတ်နန်း ဘယ်နားမှာရှိလဲ”
“ နတ်နန်းက ရွာအဝင်လမ်းကွေ့မှာရှိတယ်။ လမ်းချိုးနဲ့ကွယ်နေလို့ လာတုန်းကမမြင်လိုက်ရတာ”
“ ဒါဖြင့် ကျုပ်တို့ နတ်ကွန်းရှိတဲ့ဘက် သွားလိုက်ဦးမယ်။ နေမဝင်ခင်ပြန်လာခဲ့ပါမယ်”
“ အေးဆေးသွားကြပါ — ပြန်လာရင်စားဖို့ ထမင်းပွဲပြင်ထားပေးပါ့မယ်”
အောင်မြတ်သာတို့လဲ ထွန်းညိုနဲ့ မမြရင်ကိုနှုတ်ဆက်ပြီး ရွာတော်ရှင်နတ်ကွန်းရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။ မိနစ်အနည်းငယ်လောက်သွားပြီးတဲ့အချိန်မှာတော့
အတန်သင့်ကြီးမားတဲ့ နတ်ကွန်းရှိရာကိုရောက်လာခဲ့ကြတယ်။
နတ်ကွန်းအထဲမှာတော့ ဖရိုဖရဲဖြစ်နေတဲ့ ကန်တော့ပွဲအချို့နဲ့ အဖြူအနီဝတ်စုံဝတ်ဆင်ထားပေးတဲ့ ရုပ်ထုတစ်ခုကိုမြင်လိုက်ရတယ်။
“ ရွာတော်ရှင်နတ်ကွန်းက တစ်ခုခုထူးဆန်းနေပါလား-”
အောင်မြတ်သာက တီးတိုးရေရွတ်ရင်း ရုပ်ထုကိုကိုင်လိုက်ရာ သစ်သားရုပ်ထုရဲ့မျက်လုံးတွေဖျတ်ခနဲပွင့်လာပြီး မျက်တောင်တဖျတ်ဖျတ် ခတ်ပါလေရော။
“ ရွာတော်ရှင်နတ်တစ်ခုခုဖြစ်နေပြီထင်တယ်။ နတ်ကွန်းတစ်ဝိုက်လိုက်ရှာကြည့် —ထူးခြားတာတစ်ခုရှိလိမ့်မယ်”
သက်ခိုင်တို့လဲ ချက်ချင်းဆိုသလို နတ်ကွန်းအတွင်းအပြင်ကိုလိုက်ရှာကြည့်ပေမယ့် မင်္သကာစရာအရိပ်အယောင်ပင်မတွေ့။
အဲဒီအချိန်ရုပ်ထုနောက်ကျောဘက်ကနေ မီးလောင်ညှော်နံ့ထွက်လာခဲ့တယ်။ အောင်မြတ်သာလဲချက်ချင်းဆိုသလို ရုပ်ထုနောက်ကျောကိုကြည့်လိုက်ရာ
အနီရောင်ဆေးနဲ့ရေးဆွဲထားတဲ့အင်းတစ်ခုကိုမြင်လိုက်ရတယ်။
“ လက်စသတ်တော့ ရွာတော်ရှင်ကို လှုပ်ရှားလို့မရအောင် ချုပ်ထားတာကိုး–”
အောင်မြတ်သာလဲ ရုပ်ထုနောက်ကျောမှာရေးထားတဲ့ အင်းကို ဘယ်လက်လက်ဝါးနဲ့အုပ်ပြီး ဂါထာတစ်ခုကိုရွတ်လိုက်တော့မှ ရုပ်ထုထဲကနေ
နှုတ်ခမ်းမွေးစစနဲ့ လူလတ်ပိုင်းတစ်ယောက်ခုန်ထွက်လာခဲ့တယ်။
“ ကျေးဇူးတင်ပါတယ် ဆရာ-ဒီကောင်တွေ ကျုပ်ကိုလှုပ်မရအောင်ချုပ်ထားခဲ့တာကြောင့် ဘာမှမတတ်နိုင်ခဲ့ဘူး”
“ သင်က ရွာတော်ရှင်လား”
“ ဟုတ်ပါတယ် ဆရာ—”
“ အခုရွာမှာဖြစ်နေတာတွေ သင်လဲသိမယ်ထင်ပါတယ်။ ဘယ်သူတွေဒီလိုဖြစ်အောင်လုပ်တာလဲ ကျုပ်ကိုပြောပြပါ”
အောင်မြတ်သာစကားကြောင့် ရွာတော်ရှင်နတ်က ဖရိုဖရဲဖြစ်နေတဲ့ ကန်တော့ပွဲကိုလှမ်းကြည့်ပြီး
“ လွန်ခဲ့တဲ့နှစ်လလောက်က ညသန်းခေါင်အချိန် နန်းထဲကို လူသုံးယောက်ဝင်လာခဲ့တယ်။ သူတို့က ရောက်တာနဲ့ ကျုပ်ရုပ်ထုအရှေ့မှာရှိတဲ့
ကန်တော့ပွဲကို ကန်ချပြီး ရုပ်ထုကို ချည်မန်းကွင်းနဲ့စွပ်ချလိုက်တယ်။ ကျုပ်လဲ ချည်မန်းကွင်းကြောင့်လှုပ်မရဖြစ်နေတဲ့အချိန် ပါလာတဲ့သူနှစ်ယောက်က
ရွာထဲကိုထွက်သွားခဲ့တယ်။ ကျန်ခဲ့တဲ့သူက ကျုပ်ကိုခေါ်ပြီး ဒီရွာမှာမောင်ပေါ်ထွန်းရှိလားလို့မေးတယ်”
“ မောင်ပေါ်ထွန်းဆိုတာ ဒီရွာကလူတွေ လေးစားရတဲ့ အဘိုးပေါ်ထွန်းကိုပြောတာလား”
“ ဟုတ်ပါတယ် ဆရာ— သူတို့က မောင်ပေါ်ထွန်းမရှိတာလဲသိရောကျုပ်ကိုချုပ်နှောင်ပြီး ပြန်ထွက်သွားကြတယ်”
“ ဒါဆို အခုရွာမှာဖြစ်နေတဲ့ကိစ္စတွေက သူတို့လက်ချက်ပဲပေါ့”
“ ဟုတ်ပါတယ်ဆရာ သူတို့က အတော်ကိုအစွမ်းထက်တဲ့ထဲပါတယ် -သူတို့ပြန်ခါနီး ရွာဘက်ကိုလှည့်ပြီးတော့ ပြောသွားတာရှိသေးတယ်”
“ သူတို့ကဘာပြောသွားကြတာလဲ”
“ သူတို့ပြောသွားတာက ဒီပတ်ဝန်းကျင်မှာရှိတဲ့ နာနာဘာဝ၊ အစိမ်းသရဲ၊ ဖုတ်၊မှင်စာတွေအားလုံး ရွာထဲမှာရှိတဲ့သူတွေရဲ့ အသွေးအသားကို ဝဝလင်လင်စားသုံးကြပါလို့ပြောသွားတာ”
“ ဟင်— ဒါဆို တစ်စုံတစ်ယောက်ကို ရည်စူးပြီးလုပ်တာမဟုတ်ပဲ တစ်ရွာလုံးကိုတိုက်ထားတဲ့ ရွာလုံးကျွတ်အတိုက်ပဲ။ သက်ခိုင်
မသမာသူတွေထပ်ပြီးမနှောက်ယှက်အောင် ဘုရားရှစ်ဆူအင်းကို နတ်ကွန်းအတွင်းဘောင်မှာ ကပ်ပေးလိုက်ပါ”
သက်ခိုင်လဲ အောင်မြတ်သာစကားကြောင့် ယခင်ဇရပ်မှာနေခဲ့စဉ်က စီရင်ခဲ့တဲ့ ဘုရားရှစ်ဆူအင်းကို ကပ်ပေးကာ ရွာထဲပြန်လာခဲ့လိုက်တယ်။
အိမ်ပြန်ရောက်တော့ ကိုထွန်းညိုတို့လင်မယားပြင်ဆင်ပေးထားတဲ့ သက်သက်လွတ်ထမင်းဟင်းကိုစားသောက်ပြီး အိမ်ရှေ့ဝရန်တာမှာထိုင်နေတဲ့အချိန်
ရွာတော်ရှင်နတ်နန်းဘက်ကနေ ခွေးအူသံအချို့ကြားလိုက်ရတယ်။
“ ဒီခွေးတွေကတော့ အချိန်မှန်အူနေတော့တာပဲ ပြောရင်း ကြက်သီးတွေတောင်ထလာပြီ”
ကိုထွန်းညိုက လက်ကောက်ဝတ်ကိုပွတ်သပ်ကာပြောလိုက်တဲ့စကားကြောင့် အောင်မြတ်သာတို့ရဲ့မျက်လုံးတွေ လမ်းမပေါ်ကိုရောက်သွားခဲ့တယ်။
“ ဆရာတို့ အပြင်မှာနေရဲပေမယ့် ကျွန်တော်တော့မနေရဲဘူးဗျ”
“ ကျွန်တော်တို့ကိုအားနာမနေပါနဲ့ အထဲမှာဝင်နားလိုက်ပါဦး”
အောင်မြတ်သာစကားကြောင့် ကိုထွန်းညို အိမ်ထဲကိုဝင်သွားတဲ့အချိန် ခွေးအူသံက အိမ်နဲ့မလှမ်ရမကမ်းကိုရောက်လာခဲ့တယ်။
“ ဆရာ ရွာတော်ရှင်နန်းမှာ တစ်ခုခုဖြစ်နေပြီထင်တယ်။ ကျွန်တော်တို့သွားကြည့်လိုက်ရမလား”
“ မသွားနဲ့ဦး သက်ခိုင်- — ငါ့နှာခေါင်းထဲမှာ လူသေကောင်အပုတ်နံ့တွေရနေတယ်။ အခြေအနေကိုအရင်အကဲခတ်ကြည့်ကြတာပေါ့”
“ ဆရာ ဟိုဘက်မှာ လမ်းလျောက်နေတာ ဘာကြီးလဲ”
အောင်မြတ်သာလဲ သက်ခိုင်ညွှန်ပြတဲ့နေရာကိုကြည့်လိုက်ရာ ဆံပင်ဖားလျားချပြီး ကျောပေးထားတဲ့လူရိပ်တစ်ခုကိုမြင်လိုက်ရပြီး မလှမ်းမကမ်းမှာလဲ
ငြိမ်သက်စွာ ရပ်နေတဲ့ လူရိပ်သုံးလေးခုကိုထပ်မြင်လိုက်ရတယ်။
“ ဒီကောင်တွေ ကျွန်တော်တို့ရှိတဲ့ဘက်ရောက်တာနဲ့ ပြန်လှည့်သွားကြသလိုပဲ”
“ သူတို့က ရွာထဲမှာလှည့်ပတ်သွားလာပြီး ကံနိမ့်တဲ့သူတွေကိုစောင့်ကြည့်နေတဲ့သဘောပဲ၊ ဒီကောင်တွေ ဘယ်နေရာမှာပျောက်ကွယ်လဲဆိုတာသိရင်ရပြီ”
အောင်မြတ်သာစကားမဆုံးခင်မှာပဲ တောက်ရက ဝရန်တာကိုခုန်ကျော်ပြီး အောက်ကိုပြေးဆင်းသွားတာမြင်လိုက်ရတယ်။
“ ဟာ ဒီကောင်တော့ မပြောမဆိုနဲ့ လုပ်ပြန်ပီ”
သက်ခိုင်က လွယ်အိတ်ကိုကောက်လွယ်ကာ လှေကားပေါ်ကနေပြေးဆင်းသွားတဲ့အချိန် အောင်မြတ်သာက ခပ်အေးအေးပဲ အိမ်ပေါ်ကနေဆင်းလာခဲ့တယ်။
“ တောက်ရ ဘာဖြစ်လို့လဲ”
“ ခုနက လူလား ဘီလူးလားမသဲကွဲတဲ့အကောင်က သပြေပင်စိုက်ထားတဲ့အိမ်ပေါ်ကျော်ခွတက်နေတာမြင်လို့ ဆင်းကြည့်တာ”
“ မင်းအမြင်မှားတာ များလားကွာ”
“ မှားစရာလား ဆရာရယ်— ကျွန်တော်မျက်လုံးက အဲလောက်မဆိုးသေးပါဘူး”
သက်ခိုင်နဲ့တောက်ရတို့စကားပြောနေတဲ့အချိန် အောင်မြတ်သာရောက်လာပြီး
“ ရွာထဲမှာ နာနာဘာဝမျိုးစုံရောက်နေတာပဲ — တောက်ရ မြင်လိုက်တဲ့အကောင်က ကလေးသူငယ်တွေကို ကြောက်လန့်အောင်ခြောက်ပြီး
အစာတောင်းတဲ့သရဲပဲ-သူ့ထက်အန္တရာယ်ရှိတာက ကံနိမ့်တဲ့လူတွေကိုသေအောင် လုပ်ထားတဲ့အစီအရင်ပဲ”
“ ဒါဆို ရွာကလူတွေသေတာ အစီအရင်ကြောင့်ပေါ့”
“ ဟုတ်တယ် ခုနက ငါတို့မြင်လိုက်ရတဲ့ နာနာဘာဝတွေက ညအချိန်ရောက်ရင် အစီအရင်ထဲကထွက်လာပြီး ဘယ်သူ့ကိုဒုက္ခပေးရမလဲလိုက်ရှာကြတာ-
အခုတောင် ဘယ်သူ့ကိုခေါ်ရမလဲတွေ့နေလောက်ပြီ”
“ ကျွန်တော်တို့ဘာလုပ်ပေးနိုင်မလဲဆရာ – လူတွေဒီတိုင်းသေတာကိုတော့ကြည့်မနေနိုင်ဘူး”
“ ဒါဆို ငါ့နောက်လိုက်ခဲ့ကြ…”
သက်ခိုင်တို့လဲ အောင်မြတ်သာခေါ်တဲ့နောက်ကို လိုက်ခဲ့ရာ ရေနံဆီမီးအိမ်မှိန်မှိန်ထွန်းထားတဲ့ အိမ်တစ်လုံးရှေ့ကိုရောက်လာခဲ့တယ်။
“ ဆရာ အိမ်နောက်ဖေးမှာ-”
မျက််စိလျင်တဲ့တောက်ရက အိမ်အနောက်က အမှောင်ထုကိုလက်ညိုးထိုးပြီးပြလို့ ကြည့်လိုက်ရာ ဒူးနှစ်လုံးကြားထဲမှာ ခေါင်းညှပ်ပြီးထိုင်နေတဲ့
လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ ထူးဆန်းတာက ထိုင်နေတဲ့လူရဲ့မျက်နှာပြင်တစ်ခုလုံး ပြောင်ချောကြီးဖြစ်နေတာပဲ။
တောက်ရစကားသံကြောင့် ဆောင့်ကြောင့်ထိုင်နေတဲ့ လူရိပ်ကဖျတ်ခနဲပျောက်သွားတဲ့အချိန် အောင်မြတ်သာရဲ့ နားထဲမှာ
“ ဒီကောင်က သေလူရွေးတဲ့ နာနာဘာဝပဲ – သူရှိတဲ့နေရာမှာ အစီအရင်တွေမြုပ်ထားတယ်” ဆိုတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။
မကြာခင်မှာပဲ လူရိပ်လူခြေမတွေ့ရပဲ ရွာထဲမှာပတ်ပြေးနေတဲ့ ခြေသံတွေအပြင် ခွေးအချို့ရဲ့ စူးစူးဝါးဝါးထိုးဟောင်တဲ့အသံထွက်ပေါ်လာခဲ့တယ်။
အောင်မြတ်သာလဲ ဖွင့်ထားတဲ့မျက်စိတွေကို မှိတ်ပြီး စိတ်အလျဉ်ကိုစုစည်းလိုက်ရာ လမ်းမအတိုင်းပြေးလွှားနေကြတဲ့ အရွယ်စုံသဏ္ဉာန်စုံနာနာဘာဝတွေကိုမြင်လိုက်ရတယ်။
“ ဒီကောင်တွေ ဘာကိုကြောက်ပြီးပြေးနေပါလိမ့်”ဆိုပြီးတွေးနေတဲ့အချိန် သက်ခိုင်ကိုင်ထားတဲ့ သရဲဖမ်းအင်းစာရွက်က လက်ထဲကနေ
ရုန်းထွက်သွားပြီး နောက်ဆုံးမှာပြေးနေတဲ့ နာနာဘာဝတစ်ကောင်ရဲ့ကိုယ်မှာသွားကပ်ပါလေရော။
“ လက်စသတ်တော့ ဒီအင်းကြောင့် ထွက်ပြေးနေကြတာကိုး – “
သက်ခိုင်တို့လဲ သရဲဖမ်းအင်းမှာမိနေတဲ့ အကောင်နားကပ်ပြီးကြည့်လိုက်ရာ ပါးစပ်ကနေ လောက်တွေတဖွားဖွားကျနေတဲ့ နာနာဘာဝတစ်ကောင်ကိုမြင်လိုက်ရတယ်။
“ ဆရာ ဒီကောင်ကိုဘယ်လိုလုပ်ရမလဲ”
“လွှတ်ပေးလိုက်ပါ သက်ခိုင်- သူတို့က အစာရလိုရငြား ရွာထဲဝင်လာကြတဲ့သူတွေပါ…”
အောင်မြတ်သာစကားအဆုံးမှာ ခြေရောလက်ရောချုပ်ထားတဲ့ ကြိုးတွေပြေလျော့သွားခဲ့တယ်။
“ သင့်ကိုကျုပ်တို့ရန်မပြုပါဘူး – လွတ်ရာကျွတ်ရာကိုသွားပါ”လို့ပြောလိုက်တော့မှ ရွာအပြင်ဘက်ကိုကြောက်လန့်တစ်ကြားထွက်ပြေးသွားခဲ့တယ်။
“ ဆရာ ခုနက အိမ်နောက်မှာထိုင်နေတဲ့ကောင်က ဘာကောင်ကြီးလဲ “
“ အောက်လမ်းဆရာတွေ လုပ်ထားတဲ့အစီရင်ထဲက တစ်ကောင်ပဲ – ရွာထဲမှာလျောက်သွားနေတဲ့ ကောင်တွေက ဘာသာရေးအားနည်းတဲ့အိမ်ထဲကနေ
ကံနိမ့်သူကိုရွေးချယ်ကြတာ- ခုနကမြင်တဲ့အကောင်က ကံနိမ့်တဲ့သူတွေ သေနိုင်တဲ့အပြုအမူလုပ်ဖြစ်အောင် လှုံ့ဆော်ပေးတာပဲ”
“ ဒီကောင်တွေ ရွာထဲမှာပဲရှိမှာသေချာတယ် – ကျွန်တော်တို့လိုက်ရှာမှဖြစ်မယ်”
သက်ခိုင်စကားအဆုံးမှာ အောင်မြတ်သာက လွယ်အိတ်ထဲကနေ အင်းချပ်တစ်ခုကိုထုတ်ပြီးမီးရှို့ကာ လေထဲပစ်တင်လိုက်တယ်။ မီးလောင်နေတဲ့အင်းချပ်က
လေထဲမှာတင် မီးခိုးငွေ့တွေဖြစ်သွားပြီး တစ်ရွာလုံးနေရာလပ်မရှိအောင် ပျံ့နှံ့သွားတာမြင်လိုက်ရတယ်။
“ ဟင် — ဆရာသုံးလိုက်တာ ပညာစက်ဖော်အင်းမဟုတ်လား…”
“ ဟုတ်တယ်သက်ခိုင် — တစ်ရွာလုံးအစီအရင်တွေပျံ့နေတဲ့သဘောပဲ”
“ တစ်ရွာလုံးအပြည့်လုပ်ထားတဲ့အစီအရင်က ဘာများဖြစ်နိုင်မလဲဆရာ”
“ မသန့်တဲ့မြေကိုသုံးတဲ့အတိုက်များလား”
ရုတ်တရက်ထွက်လာတဲ့ တောက်ရစကားကြောင့် အောင်မြတ်သာနဲ့ သက်ခိုင်တို့နှစ်ယောက်လုံး သတိရသွားပြီး
“ တော်တယ် တောက်ရ– ဒီအစီအရင်မျိုးက မြေကိုအသုံးပြုပြီးတိုက်ထားတာပဲ”
“ အခု မသန့်တဲ့မြေက တစ်ရွာလုံးအနှံ့ရောက်နေပြီဆိုတော့ ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ”
သက်ခိုင်စကားအဆုံးမှာ အောင်မြတ်သာက သက်ပြင်းရှည်တစ်ချက်ကိုချရင်း
“ အခုစီရင်ထားတဲ့အောက်လမ်းဆရာတွေ အတော်အစွမ်းထက်တယ်ဆိုတာ လက်ခံရတော့မယ်။ ဘာလို့ဆိုတော့ သူတို့စီရင်တဲ့မြေမှုန်တစ်မှုန်တိုင်းမှာ
မကောင်းတဲ့ဓါတ်တွေကိန်းအောင်းနေတဲ့အတွက် တစ်ရွာလုံးမြေလှန်ရင်တောင် မလွယ်ကူနိုင်ဘူး”
“ ဒါဆို ဘယ်လိုနည်းလမ်းရှိနိုင်မလဲဆရာ— နည်းကတော့ ရှိကိုရှိရမယ်မဟုတ်လား”
“ နည်းကတော့ တစ်ခုပဲရှိတယ် – အဲဒါက တစ်ရွာလုံးမှာရှိတဲ့အိမ်တိုင်း ပဌာန်းရွတ်ဖို့ပဲ”
“ အိမ်တိုင်းပဌာန်းရွတ်ဖို့ကျတော့ ဘယ်သူ့ကိုပြောခိုင်းရမလဲ – ကျွန်တော်တို့ကသူစိမ်းတွေလေ ပြောလို့ရပါ့မလား”
“ အဘိုးပေါ်ထွန်းကိုပဲအကူအညီတောင်းရတော့မှာပေါ့”


အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရတို့ လက်ဖျောက်တီးလိုက်ပြီး
“ ဟုတ်တယ် ဒီလိုကိစ္စက အဘိုးပေါ်ထွန်းလုပ်မှရမှာ– မနက်မိုးလင်းတာနဲ့ အဘိုးရှိတဲ့နေရာကို မေးပြီးသွားခေါ်ခဲ့မယ်ဆရာ”
“ မင်းတို့သွားခေါ်တဲ့အခါ ရွာမှာဖြစ်နေတဲ့ကိစ္စကို နားလည်အောင်အရင်ရှင်းပြပါ – ငါလဲ ရွာမှာလုပ်စရာရှိတာလုပ်ထားလိုက်မယ်”
ဒီလိုနဲ့အောင်မြတ်သာတို့ဆရာတပည့်တွေ တာဝန်အသီးသီးခွဲယူပြီး အိမ်ပြန်လာခဲ့လိုက်တယ်။ မနက်မိုးလင်းတော့ တောက်ရနဲ့သက်ခိုင်က
အဘိုးပေါ်ထွန်းရှိတဲ့နေရာကို မေးပြီးထွက်သွားတဲ့အချိန် အောင်မြတ်သာက ရွာမှာကျန်နေခဲ့တယ်။
နှစ်ရက်လောက်ကြာတော့ ရဟန်းဝတ်ထားတဲ့အဘိုးပေါ်ထွန်းနဲ့အတူ သက်ခိုင်တို့ပြန်ရောက်လာခဲ့ကြတယ်။ အဘိုးပေါ်ထွန်းပြန်ရောက်လာပြီဆိုတဲ့သတင်းကြားတာနဲ့
ကိုထွန်းညိုတို့အိမ်က သတင်းလာမေးတဲ့သူတွေနဲ့ပြည့်သွားခဲ့တယ်။
အဘိုးပေါ်ထွန်းကလဲ အောင်မြတ်သာတို့ပြောထားတဲ့အတိုင်း ရွာသားတွေကိုခေါ်ပြီး ၇ရက်တိတိတစ်ရွာလုံး အိမ်တိုင်းအိမ်တိုင်း ည၇နာရီထိုးတာနဲ့
ပဌာန်းရွတ်ရမယ်ဆိုတာပြောတော့ မရွတ်တတ်တဲ့သူတွေနဲ့ ရွတ်တတ်တဲ့သူတွေကြား ကြွက်စ်ကြွက်စိဖြစ်လာခဲ့တယ်။ ဒါပေမယ့် အဘိုးပေါ်ထွန်းကို
ကြောက်ကြတဲ့အတွက် မရွတ်တတ်တဲ့အိမ်တွေမှာ ရွတ်တတ်တဲ့သူတစ်ယောက်စီလိုက်ဖြည့်ရတဲ့အခြေအနေဖြစ်လာခဲ့တယ်။
ဒီလိုနဲ့ပဌာန်းစရွတ်တဲ့နေ့မှာပဲ မသန့်တဲ့မြေတွေမှာစွဲကပ်နေတဲ့ နာနာဘာဝတွေနေစရာမရှိတော့ပဲ ပဌာန်းအာဏာစက်ကင်းလွတ်ရာ ရွာအပြင်ကိုထွက်ပြေးပါလေရော။
ခုနှစ်ရက်မြောက်နေ့လဲရောက်ရော ရွာထိပ်ကို လူစိမ်းသုံးယောက်မယောင်မလည်နဲ့ရောက်လာခဲ့တယ်။
“ တောက်- ငါတို့အစီအစဉ်ကို ဒီအဖိုးကြီးဖျက်ပြန်ပြီ— “
မျက်နှာမှာ ကျောက်ပေါက်မာတွေအဖွေးသားဖြစ်နေတဲ့လူရဲ့စကားကြောင့် ဘေးမှာထိုင်နေတဲ့လူက ရွာတော်ရှင်နန်းဘက်ကိုလှည့်ကြည့်ပြီး
“ ရွာထဲမှာ ဆရာသုံးယောက် ရောက်နေတယ်လို့လဲကြားတယ် – သူတို့လုပ်လို့ ရွာတော်ရှင်တောင် ငါတို့စကားနားမထောင်တော့တာမြင်တယ်မလား”
“ ဒီရွာတစ်ရွာလုံး ရစရာမရှိအောင်လုပ်ဖို့ထက် အဖိုးကြီးနဲ့ ဟိုသုံးကောင်ကိုအရင်ရှင်းဖို့ကအရေးကြီးတယ်”
လူသုံးယောက်ရဲ့ ကြိမ်းဝါးသံတွေကို သစ်ပင်ခွကြားမှာထိုင်ပြီး နားထောင်နေတဲ့သူတစ်ဦးရှိနေခဲ့တယ်။
– – – – – – – – –
အောင်မြတ်သာတို့လဲ အဘိုးပေါ်ထွန်းအကူအညီနဲ့ ပဌာန်းရွတ်ခိုင်းပြီး ပဌာန်းတန်ခိုးကြောင့်ရွာထဲကနေထွက်ပြေးလာတဲ့ နာနာဘာဝတွေကို
ရွာပြင်မှာစည်းချထားတဲ့ကွင်းထဲမောင်းသွင်းပြီး ပညာပေးပုံတွေနဲ့ လူစိမ်းသုံးယောက်ရဲ့အဖွဲ့နဲ့ခက်ခက်ခဲခဲရင်ဆိုင်ပုံတွေကိုတော့ အောင်မြတ်သာနှင့်လက်ဝဲမှော်ဂိုဏ်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment