အောင်မြတ်သာနှင့်လက်ဝဲမှော်ဂိုဏ်း

” အောင်မြတ်သာနှင့်လက်ဝဲမှော်ဂိုဏ်း ”
+++++++++++++++++++++

ညအချိန်ကား နက်သထက်နက်လာတာနဲ့အမျှ အမှောင်ထုကပိုမိုကြီးစိုးလာခဲ့တယ်။ အဲဒီအချိန် ဒင်္ဂါးရွာရဲ့ လမ်းဆုံလမ်းလေးခွနေရာအသီးသီးမှာ
လူငယ်လေးယောက်က ပုတီးကိုယ်စီနဲ့ တင်ပလ္လင်ခွေချိတ်လျက်အနေအထား နေရာယူထားခဲ့တယ်။မကြာခင်လူလေးယောက် ပုတီးထိုင်စိပ်နေတဲ့အသံက
တိတ်ဆိတ်နေတဲ့ ဒင်္ဂါးရွာအတွင်း စည်းချက်ညီစွာထွက်လာခဲ့တယ်။
တစ်နာရီလောက်ကြာတော့ လမ်းဆုံလမ်းခွမှာ ထိုင်နေတဲ့လူလေးယောက်က ပုတီးဖြုတ်လိုက်ပြီး ချောင်းမဟန့် ၊ နောက်လှည့်မကြည့်ပဲ
ခြေလှမ်းကျဲကြီးတွေနဲ့ထွက်သွားခဲ့ကြတယ်။
လမ်းသွားလမ်းလာလူတွေနားနေဖို့ဆောက်လုပ်ထားတဲ့ ဇရပ်တစ်ခုအရှေ့ရောက်တော့
“ ပေါ်ထွန်း ဒီည မင်းစိပ်ရတာ မိစ္ဆာခေါ်ပုတီးမဟုတ်လား”
အတန်သင့်ကြီးမားတဲ့ပုတီးကို လည်ပင်းမှာဆွဲထားတဲ့ သောင်းဒင်ရဲ့စကားကြောင့် ပေါ်ထွန်းက –
“ ဟုတ်တယ်ကွ ငါပုတီးစိပ်တုန်း ကလေးငိုသံကြားလိုက် ၊ မိန်းမတွေရယ်သံကြားလိုက်၊ ဒီကြားထဲ ခြေသံတွေက ငါ့အနားမှာ
တစ်ဝဲဝဲလည်လည်ဖြစ်နေတာ စိတ်ငြိမ်အောင်မနည်းထိန်းထားရတယ်”
“ မှော်စဉ်တက်ဖို့ဆိုရင် ဒီလောက်ကတော့ လုပ်ရမှာပဲလေ၊ ငါကဒီည မိစ္ဆာနှင်ပုတီးစိပ်ရတာ၊ မင်းကြုံရတာနဲ့ဆန့်ကျင်ဘက်ပဲ
ငါ့ကောင်ရေ…ဝေမင်းရယ် ငဘုန်းရော အခုထိမလာသေးပါလား”
သောင်းဒင်စကားအဆုံးမှာပဲ အမှောင်ထုထဲကနေ ခြေလှမ်းကျဲကြီးတွေနဲ့လျောက်လာတဲ့ ဝေမင်းတို့နှစ်ယောက်ကို မြင်လိုက်ရတယ်။
“ ဘယ်လိုလဲ ဒီည မှော်စဉ်တက်တာအဆင်ပြေရဲ့လား”
ဝေမင်းအသံကြောင့် သောင်းဒင်က ရင်ဘတ်ကိုပုတ်ပြပြီး –
“ မအောင်လို့ဖြစ်မလားကွ … ဆရာကြီးက ငါတို့ကိုပဲရွေးပြီးလုပ်ခိုင်းတာ ဖြစ်အောင်လုပ်ရတာပေါ့”
“ ငဘုန်းကတော့ ပုတီးငါးပတ်မြောက်မှာ သူ့မျက်နှာကို လျာကြမ်းနဲ့လာယက်ခံထိလို့ တင်းနေတာ”
“ ဟားဟား ငဘုန်းရာ မိစ္တာမတွေ နာနာဘာဝမတွေက မင်းကိုစိတ်ဝင်စားလို့ဖြစ်မယ်”
“ တော်စမ်းပါဗျာ … ကျုပ်ဖြင့်ရုတ်တရက်ဆိုတော့ လန့်သွားတာ အဓိဌာန်တောင်ပျက်မတတ်ပဲ”
သူငယ်ချင်းလေးယောက် ကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်တွေကို ပြန်ပြောင်းပြောရင်း ရယ်မောနေခဲ့ကြတယ်။
– – – – – – – – –
သူတို့လေးယောက်ကတော့ လက်ဝဲမှော်ဂိုဏ်းရဲ့ အချုပ် ဆရာကြီးဒိဗ္ဗရဲ့ အားအထားရဆုံးသူတွေဖြစ်ခဲ့ကြတယ်။ ပေါ်ထွန်းက ပီယ၊
သောင်းဒင်က အတိုက်၊ ဝေမင်းက တန်ပြန်၊ ငဘုန်းက လောင်းကစား ဆိုတဲ့အတိုင်း လေးယောက်ပေါင်းလိုက်ရင် တော်ရုံတန်ရုံ ဆရာတွေ
အရှက်တကွဲအကျိုးနည်းနဲ့ ပြန်ပြေးရလို့ လက်ဝဲမှော်ဂိုဏ်းဆိုရင် အလိုလိုနေရင်းရှိန်နေတဲ့အထိ ဖြစ်လာခဲ့တယ်။
ဆရာကြီးဒိဗ္ဗကလဲ သူသင်ပေးထားတဲ့ပညာတွေကို နေရာတကာမှာအသုံးမပြုဖို့နဲ့ မိမိနဲ့ဆွေမျိုးသားချင်းတွေအပေါ်
မျက်ရည်ပေါက်ကြီးငယ်သုံးကြိမ်ကျအောင်လုပ်တဲ့သူတွေကိုပဲ နောင်တရအောင်ဆုံးမဖို့မှာကြားခဲ့တယ်။
သူငယ်ချင်းသုံးယောက်လဲ ပညာကိုလေ့လာဆည်းပူးရင်းနေလာခဲ့တာ ဆရာကြီးဒိဗ္ဗကတောင် သူတို့အစွမ်းတွေကို ထုတ်ဖော်ချီးကျူးရတဲ့ထိ ပညာစွမ်းတွေတိုးတက်လာခဲ့တယ်။
တစ်နေ့မှာတော့ သောင်းဒင်က မှန်သုန်နေတဲ့မျက်နှာထားနဲ့ ရောက်ချလာပြီး
“ ပေါ်ထွန်း မင်းနဲ့ငါ ဒီညသွားစရာနေရာတစ်ခုရှိတယ်၊ ည၁၀နာရီအသင့်ပြင်ထား ငါလာခေါ်မယ်”
“ ဘယ်ကိုသွားမလို့လဲ…ငါ့ကိုရှင်းရှင်းပြောပါဦး”
“ ဒီရက်ပိုင်း ငါ့မိသားစု ငွေကြေးအကြပ်အတည်းဖြစ်နေတာ မင်းသိတယ်မဟုတ်လား”
“ အေး သိတယ်လေ … “
“ အခုကွာ ငါနဲ့သိတဲ့ မိတ်ဆွေတစ်ယောက်က အစီအရင်တစ်ခုလုပ်ခိုင်းထားတယ်။ အဲဒါအောင်မြင်ရင် မြိုးမြိုးမျက်မျက်ရမှာငါ့ကောင်”
“ ဘယ်လိုအစီအရင်လဲ လူကိုသေတဲ့ထိလုပ်တာတော့မဟုတ်ဘူးမလား”
“ သေတဲ့ထိတော့မဟုတ်ဘူး… နည်းနည်းပါးပါးကြောက်လန့်ရုံလောက်ပဲ”
“ အဲဒါဆိုလဲပြီးတာပါပဲ … မင်းလာခေါ်မယ့်အချိန် ငါအသင့်ပြင်ထားလိုက်မယ်”
သောင်းဒင်လဲ ပေါ်ထွန်းစကားကြောင့် ပြုံးပျော်ကာ ပြန်သွားခဲ့တယ်။ ည၁၀နာရီရောက်တော့ သောင်းဒင်နဲ့ ပေါ်ထွန်းတို့နှစ်ယောက်သား
လွယ်အိတ်ကိုယ်စီနဲ့အမှောင်ထုထဲကိုထွက်လာခဲ့ကြတယ်။
“ အခု ငါတို့ကဘယ်သွားရမှာလဲ…”
“ ဟိုဘက်က ညောင်ညိုပင်ရွာကိုသွားမှာ… အဲဒီမှာငါလုပ်ရမယ့်ကိစ္စရှိတယ်”
သောင်းဒင်စကားကြောင့် ပေါ်ထွန်းလဲ ဘာမှဆက်မပြောတော့ပဲ လိုက်လာခဲ့တယ်။ ရွာထဲကိုရောက်တော့ သောင်းဒင်က လွယ်အိတ်ထဲထည့်လာတဲ့အရာတစ်ခုကိုထုတ်ပြီး
ရေနံချေးဝနေအောင်သုတ်ထားတဲ့ ခြေတံရှည်အိမ်ရဲ့ အိမ်ဦးတိုင်အောက်မှာ မြုပ်နေတဲ့အချိန် အိမ်နောက်ဖေးတံခါးဖွင့်သံနဲ့အတူ
မိန်းကလေးတစ်ယောက် မီးအိမ်ကိုကိုင်ပြီးအိပ်ချင်မူးတူးဆင်းလာခဲ့တယ်။
သောင်းဒင်ကတော့ ကုန်းကုန်းကွကွနဲ့ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် အိပ်မှုန်စုံမွှားဖြစ်နေတဲ့မိန်းကလေးက အိမ်အောက်ကိုသတိမထားမိပဲ
အိမ်သာထဲဝင်သွားတော့မှ ဟင်းခနဲသက်ပြင်းချနိုင်ခဲ့တယ်။
ကိစ္စတွေပြီးလို့ ပြန်တဲ့လမ်းမှာတော့ ပေါ်ထွန်းအတွေးထဲမှာ ဆံပင်ကိုတစ်ပတ်လျှိုထုံးထားပြီး ကပိုကရိုလှနေတဲ့ မိန်းကလေးရဲ့သဘာဝအလှကသာကြီးစိုးနေခဲ့တယ်။
– – – – – – – – –
“ ပေါ်ထွန်း … ဟေ့ ပေါ်ထွန်း”
အိမ်ပေါ်မှာကန်တော့ပွဲတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန် အောက်ကနေခေါ်လိုက်တဲ့အသံကြောင့် ပြူတင်းပေါက်ကနေ ခေါင်းပြူကြည့်ပြီး
“ ဘယ်သူများလဲလို့ ဝေမင်း လာလေ အိမ်ပေါ်တက်ခဲ့”
“ မတက်တော့ဘူး…. ငဘုန်းအကြောင်း မင်းသိပြီးပြီလား”
“ မသိသေးဘူး ငဘုန်း ဘာဖြစ်လို့လဲ”
“ မနေ့ညက ဖဲဝိုင်းမှာ ဓါးထိုးခံရလို့သေပြီတဲ့”
“ ဟာ — ”
ပေါ်ထွန်းလဲ လုပ်လက်စတွေကိုပစ်ချပြီး
“ ဘယ်လိုဖြစ်တာလဲ ငါ့ကိုပြောဦး”
“ မနေ့က ညောင်ညိုပင်ရွာက အသုဘအိမ်မှာ ဖဲသွားရိုက်တာ အရှုံးကြီးရှုံးလို့ဆိုပြီး ပြဿနာရှာရာကနေ ဓါးထိုးခံထိတယ်ပြောတာပဲ”
“ ဟာကွာ ဒီကောင်က လောင်ကစားအစီအရင်မှာ ဆရာတစ်ဆူပဲဟာကို ဘယ်လိုရှုံးရတာလဲ”
“ ငါသတင်းကြားတာကတော့ အဲဒီအိမ်မှာ ပညာထက်တဲ့ဆရာတစ်ယောက်ရောက်နေတယ်ဆိုပဲ… နောက်ပြီး သေတဲ့လူက အစိမ်းတိုက်နဲ့သေတာ”
“ ဟင် အစိမ်းတိုက် ဟုတ်လား… “
ပေါ်ဦးအတွေးထဲမှာ သောင်းဒင်နဲ့အတူတူသွားခဲ့တဲ့ညကိုပြန်သတိရပြီး
“ ငဘုန်းသေတဲ့ အသုဘအိမ်က ရေနံချေးတွေသုတ်ထားတဲ့ခြေတံရှည်အိမ်လား”
“ မင်း မင်းက ဘယ်လိုသိတာလဲ..”
ပေါ်ထွန်းက အံကိုကြိတ်ပြီး
“ မဟုတ်ပါဘူး ရွာထဲကလူတွေပြောတာ ကြားမိလို့ပါ… ငဘုန်း အလောင်းရော ဘယ်မှာလဲ”
“ မြို့ပေါ်က ပုလိပ်တွေ စစ်ဆေးစရာရှိတယ်ဆိုပြီး ယူသွားကြတယ်။ ဒါနဲ့ သောင်းဒင်ကိုတွေ့မိသေးလား… ခုနက သူ့အိမ်သွားတော့ ပြန်မလာတာ သုံးရက်လောက်ရှိပြီပြောတယ်”
“ ဘာပဲဖြစ်ဖြစ်ကွာ ငဘုန်း အတွက်စိတ်မကောင်းဘူး”
ဝေမင်းလဲ မျက်နှာမကောင်းစွာနဲ့ ထွက်သွားတော့ ပေါ်ထွန်းက အိမ်နံရံကိုလက်သီးနဲ့ထိုးပြီး –
“ သောင်းဒင် မင်းငါ့ကိုလိမ်တယ်…. ဂိုဏ်းရဲ့စည်းကမ်းကိုဖောက်ဖျက်တယ်…. ငဘုန်းသေတာမင်းကြောင့်ပဲ” လို့ရေရွတ်လိုက်တယ်။
– – – – – – – – –
လူသွားလူလာနည်းတဲ့ ဇရပ်တစ်ခုအပေါ်မှာတော့ လူသုံးယောက်က ဖိုခနောက်ဆိုင်ထိုင်ပြီး အေးစက်နဲ့မျက်လုံးတွေနဲ့အချင်းချင်းကြည့်နေခဲ့ကြတယ်။
“ သောင်းဒင် မင်းပြောတော့ ကြောက်လန့်ရုံပဲ လုပ်တာဆို … မင်းဘာကြောင့် ငါ့ကိုရော ဆရာကြီးကိုရောလိမ်တာလဲ”
“ ဟက်ဟက် ငါလဲဘယ်သေစေချင်ပါ့မလဲကွာ … ဒါပေမယ့် ငါခိုင်းထားတဲ့ကောင်မက နည်းနည်းကြမ်းလို့ ဖြစ်သွားတာပါ စိတ်ထဲမထားပါနဲ့”
“ စိတ်ထဲမထားလို့ရမလား … မင်းသာ အခုလိုဖြစ်အောင် မလုပ်ခဲ့ရင် ငဘုန်းသေမှာမဟုတ်ဘူး… ငဘုန်း သေတာမင်းကြောင့်ကွ”
“ ဟိုးဟိုး ပေါ်ထွန်းနဲ့ ဝေမင်း … မင်းတို့နှစ်ယောက်က ငါ့ကိုအပြစ်တင်နေကြတာကိုး… ငဘုန်းက လောင်းကစားအစီအရင်မှာစွမ်းတဲ့လူ… ဒီလိုလူက
ရှုံးမဲမဲတယ်ဆိုတာ ကြားလို့မှမကောင်းပါဘူးကွာ”
“ မင်း ဂိုဏ်းစည်းကမ်းကိုဖောက်ဖျက်တဲ့အကြောင်း ဆရာကြီးသိအောင်တော့ ငါပြောရမယ်…”
“ တောင်းပန်ပါတယ်ကွာ ဆရာကြီးကိုတော့မပြောပါနဲ့ … ဟက်ဟက် မင်းတို့က ငါ့ကိုအဲလိုပြောစေချင်နေတာလား”
“ သောင်းဒင် မင်း… မင်း”
“ ဟားဟားဟား ပေါ်ထွန်း … ပေါ်ထွန်း မင်းကအတော်ရိုးတဲ့ကောင်ပဲ… မင်းတို့ဆရာကြီးကိုတိုင်လဲ ငါကဂရုစိုက်မှာမဟုတ်ဘူး.. ရှင်းရှင်းပြောမယ်ကွာ
မကြာခင် ဒီနယ်တစ်ခွင်မှာ သောင်းဒင်ဆိုတဲ့နာမည်ကို မသိတဲ့သူမရှိဖြစ်အောင်လုပ်ဦးမှာ”
ပေါ်ထွန်းနဲ့ဝေမင်းတို့နှစ်ယောက်လဲ ငွေကြေးအပေါ်ယစ်မူးပြီး ထင်တိုင်းကျဲဖို့စိတ်ကူးနေတဲ့ သောင်းဒင်ကို ဘာမှဆက်မပြောတော့ပဲ ဆရာကြီးဒိဗ္ဗရှိရာကိုထွက်လာခဲ့လိုက်တယ်။
– – – – – – – – –
“ ဗျာ ဘယ်လိုပြောလိုက်တာလဲဆရာကြီး”
“ ဟုတ်တယ် … ဒီကိစ္စကို မသိကျိုးနွံပြုလိုက်ကြ”
“ ဟာ ဆရာကြီးကပါ ဘယ်လိုဖြစ်သွားတာလဲ… သောင်းဒင်က ဂိုဏ်းရဲ့စည်းကမ်းကိုဖောက်ဖျက်ခဲ့တာလေ၊ ဆရာကြီးသူ့ကိုအရေးမယူတော့ဘူးလား”
ဆရာကြီးက ပေါ်ထွန်းတို့ရဲ့စကားကို ဘာမှပြန်မပြောနိုင်ပဲ အိမ်အပြင်ဘက်ကိုသာ ငေးကြည့်နေခဲ့တယ်။
“ သောင်းဒင်က ဆရာကြီးကိုဘယ်လိုသိမ်းသွင်းထားလဲ ကျွန်တော်မသိပေမယ့် ဒီနေ့ဒီအချိန်ကစပြီး ဂိုဏ်းထဲကနေ ကျွန်တော်တို့နှစ်ယောက်ကိုထုတ်လိုက်ပါတော့…
တစ်ချိန်က ကျွန်တော်တို့ကိုပညာသင်ပေးခဲ့ဖူးတဲ့ကျေးဇူးတွေကိုတော့ တစ်သက်လုံးမမေ့ပဲအမြဲအမှတ်ရနေမှာပါဆရာကြီး”
ပေါ်ထွန်းနဲ့ ဝေမင်းက ဆရာကြီးကိုနောက်ဆုံးအနေနဲ့ကန်တော့ရင်း အိမ်ပေါ်ကနေဆင်းလာတဲ့အချိန် လှေကားအောက်ကတိုင်မှာ ဆေးလိပ်သောက်ပြီး
လှောင်ပြုံးပြုံးနေတဲ့ သောင်းဒင်ကိုမြင်လိုက်ရတယ်။
“ ဒီနေ့ ဒီအချိန်ကစပြီး ငါတို့ကြားမှာ ဘာခင်မင်မှုမှမရှိတော့ဘူး သောင်းဒင်… ဝေမင်း ငါတို့သွားကြစို့”
ပေါ်ထွန်းတို့ခြံထဲကနေထွက်သွားတဲ့အချိန် အနောက်ကနေ သောင်းဒင်ရဲ့ ရယ်သံအချို့ထွက်ပေါ်လာခဲ့တယ်။
– – – – – – – – –
“ဆရာ …ဆရာ စည်းထဲကို ရွာထဲက နာနာဘာဝတွေအကုန်မောင်းသွင်းပြီးပြီ”
သမထကို စုစည်းပြီး အဖိုးပေါ်ထွန်းအကြောင်းတွေးနေတဲ့အချိန် အနောက်ကနေလှမ်းပြောလိုက်တဲ့ သက်ခိုင်ရဲ့ စကားကြောင့် စိတ်ကိုဖြတ်ချပြီး
“ ဒီကောင်တွေက ရွာကိုးရွာသုသာန်မှာနေတဲ့သူတွေပဲ … အားလုံးကို သူ့နေရာသူပြန်ပို့ပေးရမယ်”
“ ဘယ်လိုပြန်ပို့မှာလဲဆရာ”
“ ဒီလောက်ဆို စည်းထဲမှာပူလောင်နေရောပေါ့ အပြင်စည်းကိုဖွင့်ပေးလိုက်ပါ သူတို့ဘာသာ ထွက်သွားကြလိမ့်မယ်”
အောင်မြတ်သာစကားကြောင့် အပြင်စည်းကို ဖွင့်ပေးလိုက်တဲ့အချိန် စည်းဝိုင်းထဲမှာရှိတဲ့ နာနာဘာဝတွေက ကြောက်လန့်တကြား ခြေဦးတည့်ရာထွက်ပြေးကြပါလေရော။
အဲဒီအချိန် မလှမ်းမကမ်းမှာရှိတဲ့ ကန်သင်းရိုးပေါ်ကနေ ဖြတ်လျောက်လာတဲ့လူရိပ်တစ်ခုကိုတွေ့လို့ကြည့်လိုက်ရာ
“ ဆရာ အဖိုးပေါ်ထွန်းပဲဗျ… “
တောက်ရစကားကြောင့် အောင်မြတ်သာက အဖိုးပေါ်ထွန်းကိုပြုံးပြကာနှုတ်ဆက်ပြီး
“ ညကြီးအချိန်မတော် တစ်ယောက်ထဲလာရတယ်လို့ဗျာ”
အဖိုးပေါ်ထွန်းက သူ့ကိုနှုတ်ဆက်နေတဲ့ အောင်မြတ်သာကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး
“ မောင်ရင်က ဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်မယ်ထင်တယ်”
“ ခေါင်းဆောင်ရယ်လို့လဲမဟုတ်ပါဘူး…ဒါနဲ့ အဖိုးက ငယ်ငယ်တုန်းကအတိုင်း သွက်လက်နေတုန်းပဲနော်”
အောင်မြတ်သာစကားကြောင့်အဖိုးပေါ်ထွန်းက ဖြူစစဖြစ်နေတဲ့နှုတ်ခမ်းမွှေးတွေကို လက်နဲ့သပ်ကာပြုံးလိုက်ပြီး
“ ငယ်ငယ်တုန်းကလိုတော့ မစွမ်းတော့ဘူး မောင်ရင်ရ”
“ အခုရွာမှာဖြစ်တဲ့ကိစ္စတွေကို အဖိုးသိပြီးပြီထင်ပါတယ်”
“ ဒီက လူငယ်နှစ်ယောက်လာပြောလို့ အဖိုးသိပြီးပါပြီ… သူတို့က အဖိုးနာမည်ကိုလဲမေးကြတယ်ဆို”
“ ဟုတ်တယ် အဖိုး … ဒါကြောင့် ဒီကိစ္စဖြစ်တာ အဖိုးနဲ့ဆိုင်နေမလားလို့”
“ ခဏနေဦး … ဖြစ်ကြောင်းကုန်စင် သိမယ့်နည်း တစ်ခုရှိတယ်”
အဖိုးပေါ်ထွန်းက သွက်လက်စွာနဲ့ ရွာပြင်မှာရှိတဲ့ ညောင်ညိုပင်အောက်ကိုသွားပြီး
“ သူငယ်ချင်း မင်းဒီအပင်မှာရှိသေးရင် အကိုင်တစ်ခုခုလှုပ်ပြကွာ” လို့ပြောလိုက်တော့ တောင်ဘက်အကိုင်းမှာရှိနေတဲ့ သစ်ကိုင်းတစ်ကိုင်းက
လေမတိုက်ပဲ တစ်ဖျတ်ဖျတ်နဲ့လှုပ်ပါလေရော။
“ အခုရွာမှာဖြစ်တဲ့ကိစ္စကို ဘယ်သူလုပ်တာလဲ …ငါ့ကိုပြောပြပါဦး”
အဖိုးပေါ်ထွန်းစကားအဆုံးမှာ ညောင်ပင်ခွကြားကနေ မဲမဲအကောင်တစ်ကောင် ဇောက်ထိုးဆင်းလာခဲ့တယ်။ အဖိုးပေါ်ထွန်းက ဆင်းလာတဲ့ကောင်ကိုကြောက်လန့်ဟန်မပြပဲ
ခေါင်းတညိမ့်ညိမ့်နဲ့ပြောသမျှကို နားထောင်နေခဲ့တယ်။ ခဏကြာတော့ အောင်မြတ်သာတို့ဆီပြန်လာပြီး
“ သောင်းဒင် မသေသေးဘူး… ဒီကိစ္စတွေကို သူပဲဦးဆောင်လုပ်ခဲ့တာလို့ပြောတယ်”
သက်ခိုင်နဲ့တောက်ရကတော့ သာဒင်ဆိုတာ ဘယ်သူ့ကိုပြောမှန်းမသိပေမယ့် အောင်မြတ်သာက အချို့တစ်ဝက်ကိုသိပြီးသားဖြစ်တဲ့အတွက်
“ သောင်းဒင်ဆိုတာ အဖိုးပေါ်ထွန်းရဲ့ သူငယ်ချင်းပဲမဟုတ်လား”
အောင်မြတ်သာစကားကြောင့် အဖိုးပေါ်ထွန်းမျက်နှာမှာ အံ့ဩမှုတွေဖြစ်ပေါ်လာပြီး
“ မောင်ရင်က သောင်းဒင်ကိုသိလို့လား”
“ လွန်ခဲ့တဲ့ တစ်နာရီလောက်ကမှ သိတာပါ… အဖိုးပေါ်ထွန်းနဲ့ဝေမင်းက တစ်ဖက်၊ သောင်းဒင်က တစ်ဖက်ဖြစ်တဲ့အထိတော့ မြင်ထားပါတယ်။ ကျန်တာတော့ မသိသေးပါဘူး”
“ ကောင်းလိုက်တဲ့ အမြင်… မောင်ရင်ကို စတွေ့ထဲက သာမန်မဟုတ်ဘူးလို့ထင်ထားတာ ၊ ကျုပ်တွေးတာမမှားဘူးကိုး”
“ အဖိုးက ချီးကျူးလွန်းနေပါပြီ… ခုနက ပြောတဲ့ထဲမှာ သောင်းဒင် မသေသေးဘူးဆိုတဲ့စကားကိုကြားလိုက်တယ်။ အဖိုးက သူသေပြီထင်နေခဲ့တာလား”
“ သူ့ကိုအဖိုးကိုယ်တိုင်မြေမြုပ်ခဲ့တာ .. ဒါတောင်ဘယ်လိုပြန်ရှင်လာလဲမပြောတတ်ဘူး”
“ အဖိုးတို့ သူငယ်ချင်းတွေကြား ဘယ်လိုအကြောင်းအရာတွေထပ်ဖြစ်ခဲ့လဲဆိုတာ သိခွင့်ရှိနိုင်မလား”
“ အဖိုးတို့ သူငယ်ချင်းတွေကြား ဘယ်လိုအကြောင်းအရာတွေထပ်ဖြစ်ခဲ့လဲဆိုတာ သိခွင့်ရှိနိုင်မလား”
အောင်မြတ်သာစကားကြောင့် အဖိုးပေါ်ထွန်းက ညောင်ပင်ဘက်ကိုလှည့်ကြည့်ပြီး –
“ သောင်းဒင်က ဂိုဏ်းတစ်ခုလုံးကိုသိမ်းသွင်းပြီး ထင်ရာဆိုင်းနေတဲ့အချိန် အဖိုးနဲ့ ဝေမင်းက ရတဲ့နည်းနဲ့ တားဖို့ကြိုးစားခဲ့တယ်။ ဝေမင်းက တန်ပြန်အတိုက်မှာ
ပါရမီပါတဲ့သူတစ်ယောက်ဖြစ်လို့ သောင်းဒင်ရဲ့အစီအရင်တွေ ဘယ်လိုမှတိုးမပေါက်ခဲ့ဘူး။ ရှင်းရှင်းပြောရရင် သူတိုက်တဲ့နေရာကို အဖိုးနဲ့ဝေမင်းကသွားပြီး
ရှင်းလင်းပေးကြတာ၊ ဒါကိုသိတဲ့သောင်းဒင်က အဖိုးတို့နှစ်ယောက်ကို သတ်ဖို့အထိ ကြိုးစားခဲ့တယ်။ ဘာလို့ဆိုတော့ အဖိုးတို့ရှိနေသရွေ့ သူ့အကြံအစည်တွေ
အလုံးစုံမအောင်မြင်နိုင်ဘူးလေ။ တစ်နေ့ ဒီရွာမှာရှိတဲ့ ကောင်မလေးတစ်ယောက်ကို သောင်းဒင်က မျက်စိကျပြီး အောက်လမ်းနည်းနဲ့ သိမ်းသွင်းဖို့ကြိုးစားခဲ့တယ်။
ဒါကို ရွာထဲကလူအချို့ရိပ်မိပြီး အဖိုးတို့ကိုလာပြောရာကနေ သောင်းဒင်နဲ့ မျက်နှာချင်းဆိုင်ဆုံဖို့အကြောင်းဖန်လာခဲ့တယ်။ အခု မောင်ရင်တို့ရပ်နေတဲ့ မြေပြင်မှာပဲ
သောင်းဒင်နဲ့အဖိုးတို့ ပညာပြိုင်ခဲ့ကြတယ်။ အဲဒီပြိုင်ပွဲဘယ်လောက်ပြင်းထန်လဲဆိုရင် အဖိုးတို့နဲ့ တစ်မိုင်ပတ်လည် ဘယ်နာနာဘာဝ၊ နတ်စိမ်းတွေမှမနေရဲခဲ့ကြဘူး။
ပြိုင်ပွဲအတွင်းမှာ ဝေမင်းက သောင်းဒင်လက်ချက်နဲ့ အသက်ဆုံးခဲ့ရသလို အဖိုးကလဲ ခြေထောက်တစ်ဖက် ဆာသလိုဖြစ်ခဲ့တယ်။ အဖိုးခြေထောက်
ထိပြီးလဲကျသွားတဲ့အချိန် သောင်းဒင်ကို အနောက်ကနေ ဝင်ရိုက်ခဲ့တဲ့လူကြောင့် အဖိုးအခုချိန်ထိ အသက်ရှင်နေခဲ့တာပဲ”
“ဘယ်သူ အနောက်ကနေ ဝင်ရိုက်ခဲ့တာလဲ အဖိုး”
“ သောင်းဒင် သိမ်းပိုက်ဖို့ကြံစည်ထားတဲ့ မိန်းကလေးက ဝင်ရိုက်ခဲ့တာ … သူကဆေးမိထားပေမယ့် အဖိုးတို့ပညာပြိုင်စဉ် ထွက်လာတဲ့ တန်ပြန်ပညာရပ်တွေကြောင့်
ခပ်ထားတဲ့ဆေးအစွမ်းတွေပြယ်သွားခဲ့တာ… အဲဒီအချိန်အဖိုးကိုယ်တိုင် လဲကျသွားတဲ့သောင်းဒင်ရဲ့မျက်နှာကို သေတဲ့အထိရိုက်ခဲ့တာပဲ”
“ အဖိုးပြောပုံအရဆိုရင် သောင်းဒင်ဆိုတဲ့လူက မသေပဲ ထွက်လာတာပေါ့”
“ ဝေမင်းက မဟုတ်ပဲနဲ့ပြောမှာမဟုတ်ဘူး… ရွာတော်ရှင်နတ် ချုပ်နှောင်တဲ့အစီအရင်ကို သောင်းဒင်ကိုယ်တိုင်လာလုပ်ခဲ့တာလို့ပြောတယ်”
“ ဒါဆို ခုနက ညောင်ပင်ပေါ်ကနေဆင်းလာတဲ့ မဲမဲကောင်က ….”
“ ဟုတ်တယ် ဝေမင်း ဒီနေရာမှာ သေပြီးတော့ မကျွတ်လွတ်ပဲဖြစ်နေခဲ့တာ၊ သူ့ကိုအဖိုးကိုယ်တိုင်ညောင်ပင်မှာနေရာပေးခဲ့တာ နှစ်အတော်ကြာရောပေါ့”
“ ဒီပုံအတိုင်းဆိုရင် သောင်းဒင်ဆိုတဲ့လူကြီး ဒီရွာကိုထပ်ပြီးလာဦးမယ်ထင်တယ်”
“ နှစ်တွေဒီလောက်ကြာပြီးမှ ဘာကြောင့်အခုမှပြန်ပေါ်လာသလဲဆိုတာ စဉ်းစားမရဘူးဖြစ်နေတယ်”
“ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီရွာကို ဒုတိယအကြိမ်ကာကွယ်ရဦးမယ်ထင်ပါတယ်…”
“ မောင်ရင်တို့က ရွာထဲကလူတွေကို ကြည့်ပေးပါ… အဖိုးက ဒီကောင်နဲ့ ထိပ်တိုက်ရင်ဆိုင်မယ်”
“ ဒါတော့မဖြစ်ဘူးထင်တယ်… အဖိုးက ဒီပညာရပ်ကို စွန့်လွှတ်ထားခဲ့တာ ကြာခဲ့ပြီမဟုတ်လား… သူ့ကို ကျွန်တော်တို့ပဲရင်ဆိုင်ပါ့မယ်။ အဖိုးကတော့
ရွာထဲကလူတွေမကြောက်လန့်အောင် ထိန်းသိမ်းထားပေးပါ”
အောင်မြတ်သာစကားကို အဖိုးပေါ်ထွန်းက ဘာမှပြန်မပြောပဲလက်ခံကာ ရွာထဲကိုဝင်သွားခဲ့တယ်။ နောက်တစ်နေ့ညဘက်ရောက်တော့
အောင်မြတ်သာတို့နေတဲ့ရွာအပြင်ဇရပ်ပတ်ဝန်းကျင်ကို ခွေးနက်လေးကောင်ရောက်လာခဲ့တယ်။
သက်ခိုင်နဲ့ တောက်ရကတော့ ခွေးနက်တွေကိုကြည့်ပြီး
“ ရိုးရိုးခွေးတော့မဟုတ်ဘူးဆရာ… ကျွန်တော်တို့ကိုစနည်းနာဖို့လွှတ်လိုက်တဲ့ နာနာဘာဝတွေပဲဖြစ်လိမ့်မယ်”လို့ကောက်ချက်ချခဲ့ကြတယ်။
ခွေးနက်တွေထွက်သွားတဲ့နောက်မှာတော့ ဇရပ်အရှေ့တည့်တည့်ကို တိုင်ကီတစ်လုံးစာလောက်ရှိတဲ့ ခြေထောက်တစ်ဖက်ကျလာခဲ့တယ်။
“ ဆရာ… ဆရာ နည်းတဲ့ကောင်ကြီးမဟုတ်ဘူးနော်”
တောက်ရစကားကြောင့် အောင်မြတ်သာက ဇရပ်အရှေ့တည့်တည့်မှာရှိနေတဲ့ ခြေထောက်ပေါ်ကို လက်တစ်ဆစ်ခန့်ရှိတဲ့ အင်းပြားတင်ပေးလိုက်ရာ
နားစည်ကွဲမတတ်ကျယ်လောင်တဲ့အသံနက်ကြီးနဲ့အတူ ပျောက်ကွယ်သွားခဲ့တယ်။
“ ဒီလူကြီးတော့ ငါတို့ရဲ့ အားနည်းချက်တွေကိုစမ်းသပ်နေပြီထင်တယ်၊ မင်းတို့လဲ ဒီည သတိဝိရိယနဲ့ နေကြဦး “
“ ဟုတ်ကဲ့ဆရာ ကျွန်တော်တို့သတိထားပါ့မယ်”
ညကနက်သထက်နက်လာလေလေ လေတွေက အေးစကါသယောက်ဖြစ်လာခဲ့တယ်။ အောင်မြတ်သာကတော့ မအိပ်သေးပဲ ဇရပ်ပေါ်မှာလမ်းလျောက်ရင်း
မေတ္တာပို့နေတဲ့အချိန် ဇကောတစ်ချပ်လောက်ရှိတဲ့ လင်းနို့တစ်ကောင် ဇရပ်ထဲကိုပျံလာပြီး အောင်မြတ်သာရဲ့ မျက်နှာကို တောင်ပံနဲ့ရိုက်ဖို့ကြိုးစားခဲ့တယ်။
ဒါပေမယ့် အမြဲသတိကပ်ထားတဲ့အတွက် ကိုယ်ကိုစောင်းပြီး ပျံဝင်လာတဲ့ လင်းနို့ကို လက်ထဲကိုင်ထားတဲ့ ပုတီးကုံးနဲ့ရိုက်ချလိုက်ရာ
အခိုးငွေ့တွေအူခနဲထွက်လာပြီး ပျောက်ကွယ်သွားခဲ့တယ်။
အဲဒီအချိန် ဇရပ်ထောင့်မှာအိပ်ပျော်နေတဲ့ သက်ခိုင်နဲ့ တောက်ရတို့နှစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်လာတာကိုမြင်လိုက်ရတယ်။
“ လူလေး မင်းတပည့်နှစ်ယောက်မှာ ကြောက်လန့်မှုတွေဖြစ်ပေါ်နေတယ်…အခုချက်ချင်း နှိုးလိုက်” ဆိုတဲ့အသံက နားစည်ထဲရိုက်ခတ်လာတဲ့အတွက်
အိပ်ပျော်နေတဲ့နှစ်ယောက်ကိုပုတ်နှိုးလိုက်ရာ….
“ အမလေး—”
“ ဟာ—”
“ မင်းတို့နှစ်ယောက်ဘာဖြစ်နေကြတာလဲ”
“ ကျွန်တော်တို့ မှေးခနဲအိပ်ပျော်သွားတဲ့အချိန် အိမ်မက်ထဲမှာ မျက်နှာတည့်တည့်ကို တစ်လံလောက်ရှိတဲ့ငါးတစ်ကောင် ဝင်တိုက်လုဆဲဆဲပဲ”
“ မင်းကရော တောက်ရ”
“ ကျွန်တော်က ချောက်ကမ်းပါးအပေါ်ကနေ ပြုတ်ကျလုဆဲဆဲဖြစ်နေတာ… “
“ မင်းတို့ ဒီညထပ်မအိပ်ကြနဲ့တော့…. ရန်သူက မင်းတို့နှစ်ယောက်ရဲ့စိတ်အားငယ် ၊ ကြောက်လန့်မှုကိုအခွင့်ကောင်းယူပြီး တိုက်ဖို့လုပ်နေတာ”
“ ဘယ်လိုလဲဆရာ… အိမ်မက်ထဲမှာလဲ အဲလိုလုပ်လို့ရလား”
“ ရတာပေါ့… လူတစ်ယောက်ကို ပြုစားဖို့အကောင်းဆုံးအချိန်က အဲဒီလူစိတ်အားငယ်နေတဲ့အချိန်ရယ် ကြောက်လန့်နေတဲ့အချိန်ရယ်ပဲ… အခု တစ်ဖက်လူက
ငါတို့ရဲ့အားနည်းချက်ကို စိတ်ရှည်ရှည်နဲ့စောင့်ပြီး တိုက်နေပြီ … သတိထားဖို့ပဲထပ်မှာချင်တယ်”
ဒီတစ်ခါမှာတော့ သက်ခိုင်နဲ့ တောက်ရတို့နှစ်ယောက်လုံး သတိမလွတ်စေပဲ ပတ်ဝန်းကျင်ကိုသာ အာရုံစိုက်နေခဲ့ကြတယ်။
“ ချွတ် ဂျွတ် ဂျွတ်”
သစ်ကိုင်းခြောက်တက်နင်းတဲ့အသံကြောင့် အောင်မြတ်သာတို့သုံးယောက်လုံး အသံကြားရာဘက်ကို မတိုင်ပင်ထားပဲ ပြိုင်တူကြည့်လိုက်မိတယ်။
“ ဆရာ လူတစ်ယောက် ချဉ်းကပ်လာသလိုပဲ… ကျွန်တော်တော့သိပ်ပြီးမသင်္ကာဘူး”
သက်ခိုင်က လေသံတိုးတိုးနဲ့ပြောပြီး အရေးအကြောင်းလိုရင်သုံးဖို့ဇရပ်ဘေးမှာထောင်ထားတဲ့ ဝါးရင်းတုတ်ကို လှမ်းယူလိုက်တယ်။
အဲဒီအချိန်မှာပဲ ငှက်ကြီးတောင်ဓါးကိုင်ထားတဲ့လူငါးယောက် ခုန်ကျော်ပြီးဝင်လာကာ
“ ငါတို့အလုပ်ကို ဝင်ရှုပ်တဲ့ကောင်တွေ အသေသတ်ကြ” ဆိုပြီးကြိမ်းဝါးကာ ဝင်ပိုင်းပါလေရော။
နာနာဘာဝတွေနဲ့ အမြဲလိုလိုရင်ဆိုင်ခဲ့ရပေမယ့် အခုလို ဓါးရေးကျွမ်းကျင်တဲ့သူတွေနဲ့တွေ့တော့ တောက်ရ ခဗျာ အသက်ဘေးကလွတ်အောင် မနည်းကြိုးစားနေရရှာတယ်။
“ ဝှီး ရွှပ် ကျား”
“ ရွှပ်”
“ အား…”
တောက်ရဘက်က ကြားလိုက်ရတဲ့အော်သံကြောင့် သက်ခိုင် လက်ထဲကိုင်ထားတဲ့ ဝါးရင်းတုတ်ကို လျင်မြန်စွာလှည့်ပြီး အနီးနားမှာရှိနေတဲ့ ဓါးသမားရဲ့
ခြေထောက်ကိုရိုက်ချလိုက်တယ်။
“ ကျွန်တော် ဘာမှမဖြစ်ဘူး… ရှပ်ထိရုံပဲ… ဆရာကို ကြည့်ဦး”
တောက်ရက ဝမ်းဗိုက်ကိုလက်နဲ့အုပ်ပြီး ပြောလိုက်တဲ့အသံကြောင့် အောင်မြတ်သာရှိတဲ့ဘက်ကိုကြည့်လိုက်ရာ ဓါးသမားသုံးယောက်က ခုတ်မယ့်ဟန်ရွယ်ရင်း
ကျောက်ရုပ်တစ်ခုလို မလှုပ်မယှက်ဖြစ်နေတာမြင်လိုက်ရတယ်။
ကျန်တဲ့ ဓါးသမားတွေလဲ မလှုပ်မယှက်ဖြစ်နေတဲ့သူတွေကိုကြည့်ပြီး တွေဝေနေတဲ့အချိန် ရွာထဲဘက်ကနေ မီးတုတ်တွေကိုင်ပြီးပြေးလာနေတဲ့ ရွာသားအချို့ကိုမြင်လိုက်ရတယ်။
“ ဝိုင်းဟေ့ လိုက်ဟေ့ မလွတ်စေနဲ့…. ဒီကောင်တွေကို ဖမ်းကြ”
ရွာသားတွေရဲ့ညာသံပေးမှုကြောင့် ကျန်တဲ့ဓါးသမားနှစ်ယောက် ကြောက်လန့်ပြီး အမှောင်ထုထဲကိုဝင်ရောက်ထွက်ပြေးသွားကြတယ်။
“ ဆရာလေးတို့ ဘာဖြစ်သွားလဲ…. “
“ ကျုပ်တပည့်တစ်ယောက် ဗိုက်ကိုရှပ်ထိတာလောက်ပါပဲ… သိပ်တော့မစိုးရိမ်ရပါဘူး… ဒီသုံးယောက်ကိုတော့ ရွာထဲမှာပဲ ချုပ်ထားလိုက်ပါ..”
“ စိတ်ပူလိုက်တာ ဆရာလေးရယ်… ကျွန်တော်တို့က ကင်းစောင့်နေရင်း အသံကြားလို့ လာကြည့်တာ၊ ဒီကောင်တွေဘယ်ကလဲဆိုတာ
မနက်ကျမှမေးရမယ်၊ လာ လာ သွားကြစို့”
ရွာသားတွေထွက်သွားတော့ အောင်မြတ်သာက တောက်ရ ဗိုက်ကိုလှန်ပြီး ဓါးထိလို့သွေးထွက်နေတဲ့နေရာကို လက်နဲ့အုပ်ပြီး မန်းလိုက်ရာ
ထွက်နေတဲ့သွေးတွေတိတ်သွားခဲ့ပြီး ဒဏ်ရာကယူပစ်သလိုပျောက်ကင်းသွားခဲ့တယ်။
“ တစ်ဖက်လူက ငါတို့ကို နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်နေတာ မြင်ကြပြီမဟုတ်လား”
“ ဒီကောင်က ကိုယ်တိုင်မလာရဲလို့ အဝေးကနေ စမ်းနေတာများလား”
“ မဟုတ်လောက်ဘူး သက်ခိုင်…. ငါ့အထင်ပြောရရင်”
အောင်မြတ်သာစကားမဆုံးခင်မှာ ကောင်းကင်မှာရှိနေတဲ့ ကြယ်တစ်လုံးက မှိန်နေရာကနေ ရုတ်ချည်း လင်းလက်သွားခဲ့တယ်။
“ လက်စသတ်တော့ သူက နက္ခတ်စုံအောင်စောင့်နေတာကိုး … သတိထားကြ ဒီတစ်ခါ သူတို့ကိုယ်တိုင်လာကြတော့မယ်”
အောင်မြတ်သာစကားအဆုံးမှာပဲ တောစပ်တစ်နေရာကနေ ကျွဲပေါက်နီးပါးရှိတဲ့ခွေးနက်သုံးကောင် မာန်ဖီရင်း ပြေးလာခဲ့တယ်။
ခွေးနက်သုံးကောင်က အောင်မြတ်သာတို့ရှိနေတဲ့ဇရပ်ကိုလှည့်ပတ်ချောင်းမြောင်းရင်း ရုတ်တရက်ခုန်အုပ်ပါလေရော။
သတိကပ်ထားတဲ့ သက်ခိုင်က တန်ပြန်စမကိုလက်မှာကိုင်ပြီး ရိုက်ထုတ်လိုက်ရာ ဇရပ်ထဲကိုခုန်ဝင်လာတဲ့ ခွေးနက်သုံးကောင်အနောကိကိုပြန်လန်ကျသွားခဲ့တယ်။
“ ဆရာ ပြောတော့ ကိုယ်တိုင်လာမယ်ဆို…အခု ခွေးနက်တွေလွှတ်လိုက်ပြပြီ”
“ ဒီခွေးနက်တွေကို နိုင်ရင် သူတို့ကိုနိုင်တာနဲ့တူတူပဲ… အာရုံစိုက်ထားသက်ခိုင်”
ခွေးနက်တွေက ဇရပ်ပေါ်ခုန်တက်ဖို့ကြိုးစားပေမယ့် အောင်မြတ်သာတို့ရဲ့ ခုခံမှုကြောင့် အနားတောင်ကပ်မရပဲ လန်လန်ကျနေခဲ့တယ်။
“ ဆရာ … ပြန်တိုက်ရတော့မလား”
“ မလောနဲ့ဦး သက်ခိုင်… သူတို့က ငါတို့တိုက်တာလိုချင်လို့ တမင်မြူနေတာလဲဖြစ်နိုင်တယ်”
အောင်မြတ်သာက သက်ခိုင်ကိုလှမ်းပြောရင်း ပညာပြိုင်အင်းတလားကိုဇရပ်အပြင်ဘက် လှမ်းပစ်လိုက်တယ်။
အင်းစမတွေနဲ့စီရင်ထားတဲ့ အင်းတလားပုံသဏ္ဌာန်လဲပေါ်လာရော ခွေးနက်သုံးကောင်က တစ်ကောင်အမြှီးကို တစ်ကောင်ကိုက်ကာ အင်းတလားမှာရှိနေတဲ့
စမအက္ခရာတွေကို တိုက်ချပါလေရော။
အောင်မြတ်သာတို့ ပြန်တိုက်ပြီအထင်နဲ့ စမအင်းတလားကို အလယ်ကနေခွဲထုတ်ပြီး နေရာလွတ်ဖြစ်အောင်ပြုလုပ်ခဲ့တယ်။
အရှေ့ကနေကာပေးထားတဲ့ အင်းတလား ပျက်တာနဲ့ အသင့်စောင့်နေတဲ့ လူသုံးယောက်က ခွေးနက်သုံးကောင်ရဲ့ကျောကိုနင်းကာ အောင်မြတ်သာတို့ရှိရာ
ဇရပ်ထဲကိုခုန်ဝင်လာခဲ့ကြတယ်။
ဒီအခြေအနေကိုစောင့်နေတဲ့အောင်မြတ်သာက ဇရပ်လေးဘက်လေးတန်မှာကပ်ထားတဲ့ စင်္ကြာအင်းကို အသက်သွင်းလိုက်ရာ ခုန်ဝင်လာတဲ့သူတွေကိုယ်ပေါ်ကို
ငွေရောင်စင်္ကြာတွေစိုက်ဝင်သွားခဲ့တယ်။
စင်္ကြာအင်းကနေထွက်လာတဲ့ အရာတွေက လူကိုသွေးထွက်သံယိုမဖြစ်ပေမယ့် ခြေလက်တွေလှုပ်မရအောင် အကြောတွေကိုကိုင်ထားတဲ့အတွက် ခုန်ဝင်လာတဲ့သူတွေအဖို့
မှန်းထားတာနဲ့ လွဲပြီး ကြမ်းပေါ်ကို ဒူးထောက်ကျသွားခဲ့တယ်။
“ လက်ဝဲမှော်ဂိုဏ်းချုပ်ဆရာကြီးသောင်းဒင် ဆိုတာများလား”
အောင်မြတ်သာစကားကြောင့် ဖြူစပြုနေတဲ့ဆံပင်ကို လျောင်တစ်စောင်းထုံးထားတဲ့အသက်ခြောက်ဆယ်အရွယ်လူကြီးက ခက်ထန်တဲ့မျက်နှာထားနဲ့ မော့ကြည့်ပြီး
“ ငါတို့သတိပေါ့လျော့လို့ အခုလိုဖြစ်တာ … နင်တို့နိုင်နေပြီပဲ သတ်ချင်သတ်လိုက်”
“ ကျုပ်တို့ပညာတွေကလူသတ်တဲ့ပညာမဟုတ်လို့ သင်တို့ကိုသတ်မှာမဟုတ်ပါဘူး”
“ အဟက်အဟက် … ငါတို့ကိုမသတ်ရင် နင်တို့ကိုပြန်သတ်မှာနော်”
“ သင်တို့ခြိမ်းချောက်တာကို ကျုပ်မကြောက်ဘူး… တစ်ခုမေးချင်တာက ဘာကြောင့် ဒီရွာကိုဒုက္ခပေးတာလဲ”
“ မင်းမသိတဲ့အကြောင်းတွေအများကြီးရှိတယ်… “
“ ကျုပ်လဲသိသင့်သလောက်သိပါတယ်… ကျုပ်ထင်တာမမှားဘူးဆိုရင် သင်ဆေးခပ်ပြီးသိမ်းပိုက်ဖို့ကြိုးစားခဲ့တဲ့ မိန်းကလေးက အဖိုးပေါ်ထွန်းကိုရွေးချယ်သွားခဲ့လို့ပဲဖြစ်ရမယ်”
အောင်မြတ်သာစကားက အရှိုက်ကိုထိသွားသလိုဖြစ်သွားတဲ့အတွက် ဦးသောင်းဒင်တစ်ယောက် ရှိတဲ့အားကိုစုပြီး ကုန်းထဖို့ကြိုးစားရာ
“ သင်ရဲ့ အတ္တတွေ အငြိုးတရားတွေက ဒီအသက်အရွယ်ထိတိုင်အောင် ကြီးမားနေတုန်းပါလား….”
“ ဟေ့ကောင် မင်းစကားမရှည်နဲ့ ငါတို့ကို သတ်မှာလား သတ်လိုက်”
“ ကျုပ်မသတ်ဘူး ဒါပေမယ့် သင်လိုလူယုတ်တစ်ယောက်ကို ဦးသျှောင်အဖြစ်ထားထားတဲ့ လက်ဝဲမှော်ဂိုဏ်းသားတွေက အတော်ကံဆိုးတာပဲ…
ဆရာဖြစ်သူက ပကာသန၊ လာဘ်လာဘမှာပျော်မွှေ့ပြီး ဂိုဏ်းတည်ထောင်တဲ့ဆရာတွေရဲ့ဆုံးမဩဝါဒတွေကို ကိုယ့်စိတ်ကြိုက်ပြုပြင်ခဲ့တဲ့ သင်က
ဒီနေရာနဲ့မထိုက်တန်ဘူး… ဒီတော့ လက်ဝဲမှော်ဂိုဏ်းရဲ့ စည်းကမ်းချက်ပရပိုက် အမှတ်စဉ်၆၊ သုံးကြောင်းမြောက်မှာပါတဲ့အပြစ်ပေးမှုအတိုင်း
သင့်ရဲ့မှတ်ဥာဏ်နဲ့ပညာစဉ်တွေကိုနှုတ်ယူရလိမ့်မယ်… သက်ခိုင် သူ့ပါးစပ်ထဲကို အသိပညာနှုတ်ဆေးတော်ထည့်ပေးလိုက်ပါ”
အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်က လက်ဝဲမှော်ဂိုဏ်းရဲ့ရှေးဆရာတွေသုံးစွဲခဲ့တဲ့ ဆေးတော်ကိုပါးစပ်ထိုးထည့်လိုက်တဲ့အချိန် သတိလစ်မေ့မျောသွားခဲ့တယ်။
ဘေးမှာရှိနေတဲ့ တပည့်နှစ်ယောက်ကိုတော့
“ သင်တို့ရဲ့ ဂိုဏ်းချုပ်အသစ်မကြာခင် ရောက်လာလိမ့်မယ်၊ သင်တို့ရဲ့ဂိုဏ်းချုပ်အသစ်ဆီမှာ လက်ဝဲမှော်ဂိုဏ်းနဲ့ပတ်သတ်တဲ့ကျင့်စဉ်ပုရပိုက်တစ်ခုပါလာလိမ့်မယ်။
အဲဒီထဲကအတိုင်းကျင့်ကြံပြီး ခုနှစ်ရက်သားသမီးတွေကို ကယ်တင်နိုင်ကြပါစေ” လို့ဆုံးမကာပြန်လွှတ်ပေးခဲ့တယ်။
လက်ဝဲမှော်ဂိုဏ်းသားတွေပြန်သွားတဲ့အချိန် ဇရပ်အပြင်မှာရှိနေတဲ့ ခွေးနက်သုံးကောင်က ရွှံ့နက်နဲ့လုပ်ထားတဲ့ ခွေးရုပ်အဖြစ်ပြောင်းသွားခဲ့တယ်။
နောက်တစ်နေ့မနက်ရောက်တော့ အဖိုးပေါ်ထွန်း အိပ်တဲ့နေရာဘေးမှာ အဝတ်စုတ်နဲ့ထုပ်ထားတဲ့ပုရပိုက်တစ်ထပ်နဲ့ စာတစ်စောင်ရောက်နေခဲ့တယ်။ စာထဲမှာတော့
“ လက်ဝဲမှော်ဂိုဏ်းရဲ့ လက်စွဲပုရပိုက်ကို အသုံးပြုပြီး လူတွေကိုကယ်တင်ပေးပါ” လို့ရေးထားတာမြင်လိုက်ရတယ်။
– – – – – – – – –
နေအပူရှိန်မြင့်မားတဲ့ နေ့လည်ခင်းအချိန်မှာတော့ ရွာပြင်က ညောင်ပင်အောက်မှာ အသက်ခြောက်ဆယ်အရွယ် အဖိုးကြီးတစ်ယောက်က ဘေးနားက ကလေးတွေကို..
“ ငါက မြေကြီးထဲကနေ လက်နှစ်ဖက်နဲ့ယက်ပြီးထွက်လာတာ… ဟက်ဟက် ငါက မြေလျှိုးလို့လဲရတယ် မိုးလဲပျံလို့ရတယ်။ ငါက မှော်ဆရာကြီးလေ အဟီးအဟီး”
“ အရူးကြီးက မှော်ဆရာတဲ့ ဟားဟား မယုံဘူးဟေ့ မယုံဘူး”
ကလေးတစ်သိုက်က ဆံပင်ဘုတ်သိုက်နဲ့ လူကြီးကို လှောင်ပြောင်ရင်း ညောင်ပင်အရိပ်အောက်မှာ ဆော့ကစားနေခဲ့တယ်။ ဒီအဖြစ်အပျက်တွေကို
မလှမ်းမကမ်းကနေ ကြည့်နေတဲ့သူတစ်ယောက်ရှိခဲ့တယ်။ သူ့ရဲ့မျက်ဝန်းထဲမှာတော့ ငယ်စဉ်က သူငယ်ချင်းလေးယောက် ဂိုဏ်းပညာကိုလေ့လာဆည်းပူးစဉ်ကပုံရိပ်တွေက အစီအစဉ်တကျပေါ်နေခဲ့တယ်။
သူကတော့လက်ဝဲမှော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ဖြစ်လဲ အဖိုးပေါ်ထွန်းဆိုတာကို စာဖတ်သူတွေသိပြီကြပြီထင်ပါတယ်။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment