အောင်မြတ်သာနှင့်အပင်းတိုက်သူ

” အောင်မြတ်သာနှင့်အပင်းတိုက်သူ “(စ/ဆုံး)
*********************
မုတ်သုန်မိုးက အဆက်မပြတ်ရွာသွန်းနေသည့် အတွက် အောင်မြတ်သာနှင့်သက်ခိုင်တို့ ဆရာတပည့် နှစ်ဦးလည်း
ရှေ့ဆက်ခရီးမထွက်နိုင်ပဲ ထန်းတစ်ပင်ရွာ၏ အရှေ့ဘက်ဇရပ်လေးမှာ နားခိုဖြစ်ခဲ့သည်။
မိုးကလဲ သည်း၊ လေကလဲထန်နေချိန်
ဓာတ်မီးကိုယ်စီနဲ့ လူ၃ယောက် မိုးလေကို အံတုကာ ဇရပ်ထဲသို့ဝင်လာနေတာကို တွေ့လိုက်ရသည်။
” ဒီက မိတ်ဆွေတို့ကဒီရွာကမဟုတ်ဘူးထင်တယ်”
“ဟုတ်ပါတယ်”
“ကျုပ်တို့နှစ်ယောက်က ခရီးသွားတွေပါ”
“မိုးမစဲသေးလို့ ဒီဇရပ်မှာ ခေတ္တနားနေတာပါ”
“ဒီကနောင်ကြီးတို့ကရော”
“ကျုပ်တို့က ဟိုဘက်ရွာကပါ”
“ကျုပ်ညီမလေး ဗိုက်အောင့်လို့ ထန်းတစ်ပင်ရွာက ဆေးမှူးကို လာပင့်တာပါ”
“ခုကမိုးအရမ်းသည်းလာလို့ ဇရပ်မှာ ခဏဝင်နားတာ”
ခဏနေ မိုးအတန်သင့်စဲချိန်မှာ ထိုလူသုံးယောက် ရွာထဲဘက်ကို ထွက်သွားလေတော့သည်။
များမကြာမီ – ဆေးမှူးဆိုသူနှင့်ရွာသား၃ယောက် ခပ်သုတ်သုတ်ပြန်ထွက်သွားတာကို တွေ့လိုက်ရသည်။

နောက်နေ့ရောက်တော့
မိုးကအတန်သင့်တိတ်သွားသည့်အတွက်
ဆရာတပည့်နှစ်ဦး ခရီးဆက်ကြလေတော့သည်။
“အောင်မင်္ဂလာကျေးရွာ”
ရွာထဲသို့ဝင်လိုက်သည်နှင့်
မျက်နှာကိုလေစိမ်းတစ်ခု လာတိုက်လိုက်
ပြန်ဆုတ်ခွာလိုက်
လာပြန်တိုက်လိုက် လုပ်နေတာကို
အောင်မြတ်သာ သတိထားမိလိုက်သည်။
“သက်ခိုင်”
“ဒီရွာမှာ ငါတို့နေရဦးမယ်ထင်တယ်”
“ဘာဖြစ်လို့လဲဆရာ”
ထိုအခါ အောင်မြတ်သာက ပြုံးပြီး
“ရွာသားတွေကို ကယ်ရဦးမယ်”ဆိုတဲ့စကားတစ်ခွန်းပြောပြီး ရွာထဲသို့ဝင်လာခဲ့လိုက်တော့တယ်။
ရွာအရှေ့ပိုင်းလဲရောက်ရော
“ဆရာ”
“ရွာထိပ်က အိမ်ပေါ်ကနေ အဖိုးကြီးတစ်ယောက် ကျွန်တော်တို့ကို ကြည့်နေတယ်ဆရာ”
“သူ့ပုံစံက သာမန်မဟုတ်ဘူး”
ထိုအခါအောင်မြတ်သာက လှည့်ပင်မကြည့်ပဲ
“ထမင်းဖိတ်ကျွေးချင်လို့ဖြစ်မှာပေါ့ကွာ”လို့ပြောပြီး အရှေ့ကနေ ဆက်သွားလိုက်တယ်။
ရွာအလယ်ရောက်တော့
“မနေ့က တွေ့ခဲ့တဲ့ လူနှစ်ယောက်ပါလား”
“မိတ်ဆွေတို့ ဒီကိုလာကြ”
“အဖန်ရည်နဲ့ လက်ဖက်လေးစားကြဦး” ဆိုပြီးခေါ်လို့ ကြည့်လိုက်ရာ
ညကတွေ့ရတဲ့ လူသုံးဦးထဲက တစ်ဦးဖြစ်နေတာကို သက်ခိုင်သိလိုက်ရတယ်။
စားပွဲခုံတန်းလျားလေးပေါ်ဝင်ထိုင်ပြီး
“မနေ့က လူနာ သက်သာလားဗျ”
” အိမ်း မသက်သာပါဘူးဗျာ”
“ဘာတွေစားမိလဲတော့မသိဘူး”
“ဆေးမှူးပေးတဲ့ ဆေးသောက်ထားတာပဲ”
“တကယ့်ရောဂါဆို ပျောက်ရောပေါ့ဗျာ”
“ခုဟာက ဆေးသောက်လဲ မပျောက်၊ ဆေးထိုးလဲမပျောက်”
“တစ်ရှောင်ရှောင်ဖြစ်နေတော့တာပါပဲဗျာ”
ထိုအခါ အောင်မြတ်သာက
“ကျုပ်တို့က ဆေးပညာတော့ သိပ်နားမလည်ပါဘူး”
“မိတ်ဆွေ ခွင့်ပြုမယ်ဆိုရင် ခဏလောက်ကြည့်လို့ရမလား”
“ကျုပ်တို့တတ်တဲ့ ပညာနဲ့ ကူညီချင်လို့ပါ”
ထိုအခါရွာသားဖြစ်သူက
” မကောင်းမယ့်တူတူ ဆရာတို့တတ်နိုင်ရင် ကူညီပေးပါဦး”
“အခုဖြစ်နေတာ ကျုပ်ရဲ့တစ်ဦးတည်းသော ညီမလေးလေ”
“မိဘတွေမရှိထဲက ကျုပ်ပဲပြုစုလာတာ”
“အခုဆို တစ်ရှောင်ရှောင်နဲ့ အစာလဲမဝင်တော့ဘူး”
“ကူညီကြပါဦးဗျာ”

“ကဲ သက်ခိုင်ရေ”
“မင်းပဲ စစ်ပေးလိုက်ပါကွာ”
“ပယောဂဆိုရင်လဲ ကုပေးလိုက်ပေါ့”
“မင်းလဲ ပညာမစမ်းရတာ ကြာပီမလား”
ထိုအခါသက်ခိုင်က
” ဆရာရော မလိုက်ခဲ့ဘူးလား ”
“ငါတော့လိုက်ကြည့်မယ်”
“ကုတာတော့ မင်းပဲကုလိုက်”

သက်ခိုင်လဲ အိမ်ပေါ်တက်ပြီး ဘုရားစင်ရှေ့ထိုင်
ဘုရားရှိခိုး၊ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ၊ အထက်ဆရာကြီးတွေကိုကို ပင့်ဖိတ်တိုင်တည်ပြီးနောက်မှာတော့—
” ကျုပ်သည် ဤပညာရပ်ကို လိုက်စားသည့် အချိန်မှစ၍ အရက်သေစာသောက်စားခြင်းမရှိခဲ့ပါ၊ သူတစ်ပါးသားမယားကိုစော်ကားခြင်းမရှိခဲ့ပါ၊
သူတစ်ပါးပစ္စည်းကိုခိုးယူခြင်းမရှိခဲ့ပါ၊ သူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကျအောင် မတရားဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါ၊ မုသားစကားပြောဆိုခြင်းမရှိခဲ့ပါ”
“ဤ သစ္စာစကား မှန်ကန်ပါက ယခုမိန်းကလေးခံစားနေရသော ဝေဒနာသည် သာမန်ရောဂါ ဖြစ်ပါက အိပ်ယာထဲတွင်သာ လှဲနေပါစေ”
“ပယောဂ.ပြုစားထားပါက ကျုပ်အရှေ့သို့ မဆိုင်းတွပဲ အမြန်ရောက်စေ” ဆိုပြီး ကြမ်းပြင်ကို လက်ဝါးနဲ့ သုံးချက်ပုတ်လိုက်တယ်ဆိုရင်ဖြင့်—
အိမ်ခန်းထဲကနေ ဆံပင်ဖွာလန်ကျဲပြီး ယိုင်တိယိုင်တိုင် ထွက်လာသော မိန်းကလေးတစ်ဦးကို သက်ခိုင်တွေ့လိုက်ရတယ်။
ထိုမိန်းကလေးလဲ သက်ခိုင်အရှေ့မှာ မထိုင်ပဲ အောက်မြတ်သာရှေ့ သွားထိုင်နေပါလေရော–
ထိုအခါ အောင်မြတ််သာက မိန်းကလေးအား ကြည့်ကာ –
“သင့်ကို ကျုပ်ခေါ်တာ မဟုတ်”
“သင်ကိုခေါ်တဲ့သူဆီသွားပါ”
ထိုအခါ မိန်းကလေးက
” အိုတော်- ကျုပ်ဘာသာ ထိုင်ချင်တဲ့သူရှေ့ ထိုင်မှာပေါ့”
“ကျုပ်က အပျိုရှင့်”
“ရုပ်ချောတဲ့ လူအရှေ့မှာ လာထိုင်တာ အဆန်းလာလို့ ခ်ခ်ခ်”
ထိုအခါ.အောင်မြတ်သာက နှုတ်ခမ်းလေးတွန့်ရုံသာ ပြုံးလိုက်ပြီး–
“ကဲ အမိ”
“သင် ထိုင်ချင်သပဆိုလဲ ထိုင်ပေါ့”
“သင်ပဲထိုင်နိုင်မလား”
“ဟိုဘက်ဆရာကပဲခေါ်နိုင်မလား – ကျုပ်ကြည့်ဦးမယ်”

အောင်မြတ်သာက သက်ခိုင်ကို ခေါင်းငြိမ့်ပြလိုက်သည်။
သက်ခိုင်လဲ အရှေ့က ကြမ်းပြင်မှာ စည်းချပြီး
” သင်က ကျုပ်ခေါ်လို့လဲ လာရသေးတယ်၊ ကျုပ်ကိုလဲ မထီမဲ့မြင်ပြုတယ်”
“သင်ဘယ်လောက်ထိ နေနိုင်မလဲ ကြည့်ဦးမယ်”
“ကျုပ်ဝိုင်းထားတဲ့ စည်းကလွဲ၍ ကျန်နေရာများ ငရဲမီးတစ်မျှ ပူလောင်ပါစေ၊ အခိုးငွေ့တွေ လျှံလျှံတောက်ပါစေ”လို့ ပြောလိုက်တယ်ဆိုရင်ဖြင့်.
အောင်မြတ်သာရှေ့မှာထိုင်နေတဲ့ မိန်းကလေးတစ်ယောက် လှုပ်လှုပ်ရွရွဖြစ်လာတာကို မြင်လိုက်ရတယ်။
ခဏနေတော့ သက်ခိုင်စည်းချထားတဲ့ အဝိုင်းထဲကို လာပြောင်းထိုင်နေလိုက်တော့သည်။
” အမယ် ဒီဆရာလေးကလဲ အချောသားနော် ဟိဟိ”
“ကျုပ်က ရုတ်တရက်ဆိုတော့ သတိမထားမိတာ.ကျုပ်လွန်သွားတယ်”

ထိုအခါ သက်ခိုင်က
“သင်ရဲ့ပလီပလာဉာဏ်တွေကို ဘေးဖယ်ထား”
“အခုကစပြီး ကျုပ်မေးတာတွေကို သင်အမှန်တိုင်းဖြေပါ”
“ကျုပ် သူတစ်ပါး အသားနာကျင်အောင် မလုပ်ချင်ဘူး”

ထိုအခါ.မိန်းကလေးရဲ့ လေသံက.ချက်ချင်းဆိုသလို မာထန်သွားတယ်။
“ဟဲ့ အကောင်- နင်ကဘာမို့လို့ ငါ့နေရာကိုလာပြီး ငါ့ကိုလာစော်ကားရတာလဲ”
“အသက်မရှင်ချင်တော့ဘူးလား”

“ကျုပ် လိုရင်းပဲ ပြောမယ်.သင်ဘယ်သူလဲ.သင်နာမည်ဘယ်လိုခေါ်လဲ”
” ဟားဟားဟား – ဟက်ဟက်ဟက်”
“ကျုပ်နာမည်က နတ်မိမယ်”
“ဟောဒီတစ်ရွာလုံး- အိုကွယ် ဟောဒီရွာနီးချုပ်စပ်မှာ ကျုပ်အလှကိုမှီတဲ့သူမရှိဘူး ဟိဟိ”
“ကဲ ကျုပ်မေးတာကို သင်ကောင်းစွာမဖြေတဲ့အတွက် ကျုပ်ကိုအဆိုးမဆိုပါနဲ့”
“အထက်ဆရာကြီးများနှင့် သမ္မာဒေဝနတ်မြတ်နတ်ကောင်းတို့အား.တိုင်တည်ပါ၏”
“ဤမိန်းကလေး၏ ကိုယ်တွင်းဝင်ရောက်ပူးကပ် နေသူကိုသာ.ဒဏ်ထိပါစေ”
“ကာယကံရှင်အား ဆံခြည်တစ်မျှင်မှ မထိပါစေနှင့်”

” ကဲ ကြိုးပိုင်က လက်ကို အနောက်သို်ချုပ်၍ ကြိုးတုပ်ထားစေ”
“ဓားပိုင်က လည်မြိုကို ဓားနဲ့ထောက်ကာ ခေါင်းမော့ခိုင်းထားစေ”
“တုတ်ပိုင်က အနောက်ကို လှန်မကျအောင် ကျောကို.တုတ်ဖြင့် ထောက်ထားစေ”

ထိုသို့ပြောလိုက်တယ်ဆိုရင်ဖြင့်
မိန်းကလေး၏ လက်နှစ်ဖက်သည် အနောက်သို့ ရောက်သွားခဲ့သည်။
လည်ပင်သည်လည်း အထက်သို့မော့တက်လာခဲ့သည်။

ထိုအခါ သက်ခိုင်က
“သင် နာမည် ဘယ်လိုခေါ်လဲ”
“ငါ့နာမည်က စိတ္တာ”
ထိုအခါ -သက်ခိုင်က
” နောင်ကြီး ရွာထဲမှာ ဒီနာမည်ကြားဖူးလား”
“ဟအင်း မကြားဖူးဖူးဆရာ”
ထိုအခါ သက်ခိုင်သိလိုက်ပီ
ဒင်း မလိမ့်တစ်ပတ်လုပ်နေတာ
သက်ခိုင် ကြမ်းမှရတော့မည်။
ထို့ကြောင့် ဆရာကို လှမ်းကြည့်လိုက်သည်။
အောက်မြတ်သာက ခေါင်းငြိမ့်ပြလိုက်တယ်။
သက်ခိုင် ကိုယ်ကို ပြန်ပြင်ထိုင်ပြီး
“သင် ဘယ်လောက်ခံနိုင်ရည် ရှိလဲ ကျုပ်ကြည့်မယ်”
“ကဲ ကြိမ်ပိုင်အရောက်လာစေ”
“ဒီမိန်းကလေးကို နာမည်အမှန်ပြောတဲ့ထိ ရိုက်စေ”
“ထိခိုက်မှုသည် ကာယကံရှင်အား.မသက်ရောက်စေရ”

ထိုသို့ပြောလိုက်ရုံဖြင့်
စည်းဝိုင်းထဲ လူးလိမ့်စွာအော်နေသော မိန်းကလေးကိုတွေ့လိုက်ရတော့သည်။
“ကျုပ် နာတယ် သေတော့မယ်”
“အား အား ဖြေးဖြေးရိုက်ပါဗျ”
“အမလေး နာတယ် အဘရေ ”

“ကြိမ်ပိုင် ခဏရပ်ထားပါ”
“မင်းနာမည်ဘယ်လိုခေါ်လဲ”
“ငါ့နာမည် စိတ္တာလို့ပြောပီးပီလေ မသာရဲ့”
သက်ခိုင် နည်းနည်း တင်းသွားတယ်။
ထိုစဉ် ဆရာအောင်မြတ်သာ ပြောတဲ့စကားကို ပြန်ပြားမိလိုက်တယ်။
” သင့်ရဲ့ ဒေါသကို သင့်ကုသနေတဲ့ လူအပေါ် ပုံမချပါနဲ့၊ သင့်ဒေါသကို သင်ထိန်းပြီး လမ်းစဉ်အတိုင်း လုပ်ပါ၊
သင်အောင်မြင်ပါလိမ့်မယ်”

သက်ခိုင်လဲ စိတ်ကိုလျော့ပြီး
“ကြိမ်ပိုင် ဒီထက်အဆတစ်ရာ ပြင်းအောင်.ရိုက်စေ”
“နာမည်အမှန်မပြောမချင်း ရိုက်စေ”
“.အား.အား အမလေး အဟီး အဟီး”
“ကျုပ်သေတော့မယ် ကျုပ်နာတယ်”
“ကျုပ် ပြောမယ် ပြောမယ်”
“အဟင်းအဟင်း နင်တို့ ငါ့ကိုအသားနာအောင် လုပ်တယ်”
“နင်တို့ပညာ.မြင့်နေလို့ပေါ့”
“ငါ့နာမည် လှစိန်ဟေ့ လှစိန်”

ဟာ–
အို–
လာကြည့်နေသူတွေအားလုံး.အံ့သြကုန်တယ်။
လှစိန်ဆိုတာ ခုရောဂါဖြစ်နေသူရဲ့ အချစ်ဆုံး.သူငယ်ချင်းလေ။
ရွာမှာ လှစိန်နဲ့ မြရည်က ကွမ်းတောင်ကိုင်တွေ
အချောအလှလေးတွေ။
လှစိန်ထက်.မြရည်က ပိုလှတယ်။
ဒါကြောင့် ပွဲတိုင်တွေမှာ လှစိန်က မြရည်အနောက်ကနေပဲ လိုက်ရတယ်။
အဲဒါကြောင့် ဒီလိုလုပ်တာလား။
တောက်– ရက်စက်တာကွာ
လူအုပ်ထဲမှ တီးတိုးစကားပြောသံတွေထွက်လာခဲ့တယ်။

သက်ခိုင်လဲ
“မင်း ဒီကလေးမကို ဘာလုပ်ထားတာလဲ”
“မင်းလုပ်တဲ့အရာကို မင်းပြန်ယူ”
“မြူမှုန်တစ်စတောင် မကျန်စေနဲ့”
“ကျန်ခဲ့ရင် မင်းဒီထက်ပိုနာကျင်ရမယ်”
“ကျုပ်ထက်-ဘာလို့ ဒီကောင်မက ပိုလှရတာလဲ”
“ကျုပ်မနာလိုဘူး ကျုပ်ကဒီရွာမှာ အချောဆုံးဖြစ်ရမှာ”
“တော်စမ်း”
“အဓိပ္ပါယ်မရှိတာမပြောနဲ့”
“မင်းပညာယူမလား – မယူဘူးလား”
“ယူမယ်”
“ကျုပ်ပညာကျုပ်အကုန်ပြန်ယူမယ်”
“မြရည် မြရည်”
“ဒင်း ကံကောင်းသွားတယ် ”
“ဒီလိုဆရာတွေလာလို်သာပေါ့ အဟင်းအဟင်း”
ထိုစဉ် သက်ခိုင်အရှေ့က ကလေးမလေး တစ်စုံတစ်ခုကို အန်ချလိုက်လေတော့သည်။
“ဝေါ့ ဝေါ့ ဝေါ့”
” ဟာ အမဲသား.အစိမ်းတွေ ”
အမဲသားအတုံးတွေ ၇တုံး တိတိ အန်ကျလာတယ်။
သက်ခိုင်က –
“မင်းပညာကုန်ပီလား”
“ဘာတစ်ခုမှ မကျန်စေနဲ့ အစအနလေးတောင် မကျန်စေနဲ့”
” အိုတော် – ကုန်ပီလို့ပြောတာကို ”
“ကျုပ်ပညာ အကုန်ပဲ မရှိတော့ဘူး”
ထိုအခါ အောင်မြတ်သာက ဘေးကနေ
“အို.အမိ သင်သည် မုသားစကားကိုလဲဆိုတတ်ပါလား”
“ကျုပ်တို့က သင့်ကိုထပ်မနာကျင်စေချင်လို့ မေတ္တာရှေ့ထားပြီး ပြောနေတာ”
“သင်က ကျုပ်တို့စေတနာကို မေတ္တာကိုစော်ကားရုံမက အထက်ဆရာတွေကိုပါ စော်ကားလိုက်ပါလား”
“ကဲ သင်ထုတ်ဖို့ တမင်ချန်ခဲ့တဲ့ အပင်းတွေက
ရိုးတွင်းချဉ်ဆီ အူသိမ်အူမ နံရိုးကြားထဲမှာကျန်သေးတယ်ကွဲ့”
“တစ်ခြားဆရာတွေကိုလိမ်ပါ ညာပါ ကျုပ်တို့ကိုတော့ သင်ညာလို့မရဘူး”
“ကျုပ်ရေစင်တစ်စက်ပေါက်ရင် သင်ပြာကျသွားလိမ့််မည်”ဟု ဝင်ပြောတော့မှ
ထိုမိန်းကလေး ခေါင်းငိုက်ကျသွားတော့တယ်။

သက်ခိုင်တစ်ယောက် ပြုံးလိုက်မိတယ်။
သူ့အနေဖြင့် ပညာကျန်မကျန်ကို အင်းချပြီး ကြည့်မှသာ မြင်နိုင်တာကို ဆရာက အလုံးစုံသိနေတော့ စိတ်ထဲကနေ
ပိုပြီးလေးစားသည်ထက် လေးစားခဲ့မိတယ်။
ထိုအခါ မိန်းကလေးက
” ကျွန်မ မှားပါပီ”
“အကုန်ထုတ်သွားပါ့မယ်”ဆိုပြီး အန်ချလိုက်ရာ အမဲသား ၃တုံးထပ်မံထွက်ကျလာခဲ့တယ်။
သက်ခိုင်လဲ နောက်နောင်မပြုစားတော့မည့်အကြောင်း -ကတိတောင်းခံကာ သစ္စာရေတိုက်၊ ပညာတွေသိမ်းခဲ့တယ်။
ရွာခံလူထုတွေကိုလဲ ကလေးမလေးကို ဗွေမယူဖို့ ဆုံးမပြောဆိုပြီး လွယ်အိတ်ကိုလွယ်ကာ “အောင်မင်္ဂလာရွာ”လေးကနေ ထွက်ခွာခဲ့လေတော့သည်။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment