ကဝေချွတ်ပွဲ

” ကဝေချွတ်ပွဲ “(စ/ဆုံး)
မူရင်းရေးသားသူ — ကောင်းစံဟိန်း(ဖန်နေဝန်း)
+++++++++++

မောင်လှသိန်းတို့ လယ်ကွင်းမှာ ရွာအနောက်ဘက်ဖျားနှင့်
ကိုက်သုံးရာကျော်ခန့်သာ ဝေးသည်။
မနက်ဖြန် တပို့တွဲလပြည့်နေ့ဖြစ်သဖြင့်
မိဘနှစ်ပါးစလုံး ဥပုဒ်စောင့်သွားရန်
ပြင်ဆင်နေကြသဖြင့် တလင်းနယ်ရာသို့
မလာအားကြ။သို့ကြောင့်လည်း
မောင်လှသိန်းတစ်ယောက်မှာ တလင်းနယ်ခြင်း
ကောက်ဆွခြင်း နွားများကို ရေတိုက်ခြင်း
စသည့်အလုပ်များကို ဇယ်ဆက်သလို
အပြေးအလွှား လုပ်ကိုင်နေရသည်-
ယခုလည်း တလင်းနယ်ပြီးသွားသဖြင့်
နွားများ ညနေစောင်း အစာအစားရန်
ရိုးပြတ်ကွင်းသို့ လွှတ်ချထားပြီး နယ်ပြီးသား
ကောက်ပြန့်များကို ကောက်ဆွဖြင့် ထိုးဆွမွှေနှောက်
ပေးလျက် ရှိနေလေသည်။
ထိုကဲ့သို့ အလုပ်ကို အားကြိုးမာန်တက်
လုပ်နေရင်းမှာပင် အချိန်က တဖြည်းဖြည်း
ကုန်လွန်လာသည်။နေမင်းကြီးမှာလည်း
အနောက်ဘက် ဆင်သေတောင်ပေါ်တွင်
ငုပ်လျှိုးပျောက်စပြုနေသလို အရှေ့ဘက်လေသာ
တောင်ထိပ်မှ လဆန်းဆယ်လေးရက် လဝန်းကြီး
ကလည်း တဆင့်ဆင့် တရိပ်ရိပ်နှင့်
မြင့်တက်၍ လာနေပေပြီ။
အလင်းရောင်က မမှုန်တမှုန် နင်းထုကို
ဖောက်ထွင်းကာ ရိုးပြတ်လယ်ကွင်းပြင်ကြီးနှင့်
ပုတ်တွင်းချောင်းရွာကြီးအား အေးမြသော
အလင်းရောင်ဖြင့် လွှမ်းခြုံစပြုနေလေပြီ
ဖြစ်သဖြင့် မောင်လှသိန်းမှာလည်း အလုပ်ကို
လက်စသိမ်းကာ နွားများကို လယ်ထဲတဲသို့
သွင်းပြီး ညနေစာ စားရန် အိမ်သို့ ပြန်လာခဲ့လေသည်။
လဆန်းဆယ့်လေးရက်ည၏ လမင်းကြီးမှာ
ပြည့်ဝင်းကြည်လင်ပြီး တစ်လောကလုံးအား
အလင်းရောင်ပေးလျက် ရှိနေသည်။
လမင်းကြီး၏ အလင်းရောင်နှင့်အတူ
ရွာဦးကျောင်း ထမနဲထိုးပွဲမှ  ဒိုးပတ်သံကိုလည်း
အတိုင်းသား ကြားနေရသည်။ ထမနဲ ထိုးပွဲသို့
ရွာက အပျို။လူပျိုအားလုံး လာရောက်ကြရမည်။
ထိုအထဲတွင် မိမိ၏ချစ်သူ မညိုအေးလည်း
ရောက်ရှိနေပေလိမ့်မည်။အတွေးများအတူ
“ဒီနေ့တော့ ကိုကိုမလာနိုင်တော့ဘူး ညိုရယ်
မနက်ဖြန်မှ တွေ့ကြတာပေါ့”
စိတ်ထဲမှပြောရင်း လှည်းလမ်းကြောင်းအတိုင်း
အိမ်သို့ ပြန်လာခဲ့သည်။အိမ်တွင် မနက်ဖြန်
မိဘနှစ်ပါး ဥပုဒ်စောင့်သွားရန်နှင့် ညီမလေးက
ကျောင်းသို့ ဆွမ်းအုပ်ပို့ရန်တို့ စီစဉ်မှာကြားရသည်။
အမှန်တော့ မောင်လှသိန်းမှာ သားအကြီးဆုံးဖြစ်ပြီး
ညီမငယ် ပူစူးမမှာ အငယ်ဆုံးဖြစ်၏။
သားသမီးနှစ်ယောက်သာ ထွန်းကားသဖြင့်
မိဘနှစ်ပါးအပါအဝင် မိသားစုလေးယောက်သာ
ရှိသည်။မောင်လှသိန်းမှာ မနက်ဖြန်အတွက်
ညီမငယ် ပူစူးမအား မှာကြားပြီး တလင်းတွင်
စောင့်အိပ်ရန် လယ်ကွင်းသို့ ပြန်လာခဲ့လေသည်။
မောင်လှသိန်းမှာ ချစ်ရသူ မညိုအေးကို
သတိရသော်လည်း အိမ်အလုပ်မအားသဖြင့်
တွေ့ခွင့်မကြုံခဲ့။ မနက်ဖြန် လပြည့်နေ့ဖြစ်သဖြင့်
နွားရောလူပါ အနားရမည်။
ဘုန်းကြီးကျောင်းသွားရင်း
အညိုနဲ့တွေ့ကာ တန်ခူးလဆန်းတွင်
လက်ထပ်ဖို့ကိစ္စ သိပြီးသား ဖြစ်သော်လည်း
နားငြီးအောင် ထပ်ကာ ထပ်ကာ ပြောရဦးမယ်ဟု
တွေးရင်း လျှောက်လာခဲ့ရာ ရှေ့က
လှည်းလမ်းကြောင်းပေါ်တွင် လရောင်ကြောင့်
အထင်းသားမြင်တွေ့ရသော မည်းမည်း
ကလေးအရာဝတ္ထုတစ်ခုမှာ ဖြုတ်ခနဲ ထခုန်လိုက်
မြေကြီးပေါ် ပြန်ကျလိုက်နဲ့ ခုန်ဆွ ခုန်ဆွဖြင့်
မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် ထိတ်လန့်သလို
ဖြစ်သွားခဲ့ရသည်။
သေသေချာချာ ကြည့်ရင်းမှ သစ်မြစ်ဆုံလေးတစ်ခုကို
တွေ့ရပြန်သဖြင့် အနားသို့ ကပ်သွားကာ
ကောက်ယူကြည့်လိုက်သည်။ အရာဝတ္ထုမှာ
တစ်လက်မသာသာ သစ်သားကို ထုလုပ်ထားသော
အရုပ်ကလေးတစ်ရုပ်ဖြစ်နေကြောင်း တွေ့ရသည်။
ဟင်—ဘယ်လိုဟာပါလိမ့် လရောင်တွင်
သေချာကြည့်မိသောအခါပို၍ပင် အံ့သြသွားရလေသည်။
အရုပ်ကလေးမှာ ဖုံးဖုံးဖိဖိ အဝတ်အစားမပါပဲ
ကိုယ်လုံးတီး ဆောင့်ကြောင့် ထိုင်နေပုံဖြစ်ပြီး
မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ထားသည်။
ရှည်လျားသော ဆံပင်များက ကြောပြင်ကိုဖြတ်ပြီး
တင်ပါးသို့ ထိနေသည်။
ဆောင်ကြောင့်ထိုင်ထားသဖြင့် လုံးကျပ်ပြည့်ဖြိုးသော
ဘယ်ညာ တင်ပါးနှစ်ဖက်မှာ ဖောင်းအိမို့ထွက်နေသည်ဟု
ထင်ရလောက်အောင် လက်ရာမြောက်လှသည်။
မျက်နှာသို့ ဖုံးအုပ်ထားသော လက်ဖျံနှစ်ချောင်းအောက်မှ
ရင်သားအစုံမှာလည်း အမို့အဟိုက် အရှိုက်အမက်တို့
ပကတိ အတိုင်း စွဲမက်ဖွယ် ဖြစ်နေ၏။
လှပဖြောင့်စင်းသော ခြေသလုံးအစုံနှင့်
သေးကျဉ်းသေ ခါး ပြည့်ဖြိုးစွင့်ကားနေသော
တင်ပါးဆုံတို့အပြင် လူသားအမျိုးသမီး
တစ်ဦးကဲ့သို့ ပါရှိရမည့် အင်္ဂါ အစိတ်အပိုင်းများ
ပြည့်စုံစွာပါရှိနေသဖြင့် မောင်လှသိန်းမှာ
ထိုကဲ့သို့ အရုပ်မျိုးကို မတွေ့မမြင်ဘူးဖြစ်ရကာ
အလွန်ပင် အံ့သြသွားခဲ့ရလေသည်။
မောင်လှသိန်းမှာ တလင်းထဲသို့ ရောက်ပြီး
အိပ်ရာနားမှာ သုံးတောင့်ထိုး ဓါတ်မီးဖြင့်
ထိုးကာ အရုပ်ကလေးအား အထပ်ထပ်အခါခါ
ကြည့်ရင်း တကယ့်လှပချောမွေ့သော အမျိုးသမီး
တစ်ယောက် သူ့အနားသို့ ရောက်ရှိနေသလို
ခံစားလာရပြီး ရင်ထဲက အခုန်မြန်လာမိသည်။
ရင်ခုန်ခြင်းနဲ့အတူ သက်ပြင်းမောကြီးကိုလည်း
အခါခါချနေခဲ့ရလေသည်။ထိုကြောင့် အရုပ်ကလေးကို
အင်္ကျီအိတ်အတွင်းသို့ ထည့်ကာ ခေါင်းရင်းက
ထရံတွင် ချိတ်ထားပြီး အိပ်ရာထဲသို့
လှဲချလိုက်သည်။အိပ်၍ကား မပျော်နိုင်။
မျက်စိထဲ မြင်ယောင်နေသည်။ထိုအရုပ်ကလေးပင်
ဖြစ်၏။
– – – – – – – – –
သန်းခေါင်ယံ လမွန်းတည့်ချိန်လောက်တွင်
အိပ်မပျော်နိုင်ဖြစ်နေသော မောင်လှသိန်းနားထဲတွင်
ချွတ်ခနဲ အသံတစ်ချက် ကြားလိုက်ရသည်။
တလင်းထဲက စပါးကို သူခိုးများ လာခိုးလေသလား
အထင်ဖြင့် အိပ်ရာမှ ထထိုင်လိုက်သည်။
ခြေရင်းတွင် လူတစ်ယောက်လိုလို တွေ့လိုက်သဖြင့်
မျက်လုံးကို အားပြုကာ သေချာစွာ
ကြည့်လိုက်မိသည်တွင် ဝတ်လစ်စလစ်ဖြင့်
ကောင်မလေးတစ်ယောက် ဆောင့်ကြောင့်ထိုက်ကာ
ခေါင်းမော့ရင်း သူ့အား ပြုံးပြနေသည်ကို
တွေ့ရသည်။မောင်လှသိန်းမှာ စောစောကပင်
ရင်တွေခုန်ကာ အိပ်မပျော်ဖြစ်နေသည့်အရေး
အခုလို တဲထဲမှာနှစ်ယောက်တည်း တွေ့ရတော့
ပုထုဇဉ်လူသားပီပီ ကောင်မလေး၏ လက်ကို
လှမ်းဆွဲကာ အတင်းပွေ့ဖက်လိုက်လေသည်။
မမိလိုက်။ကောင်မလေးမှာ နောက်တစ်လှမ်းဆုတ်ကာ
မတ်တတ်ရပ်လိုက်ပြီး လက်ညှိုးကလေးထောင်ကာ
ကရော်…ကရော် …ရှက်ပါတယ်ဆိုသော သဘောဖြင့်
ညှိုခေါ်ဆွဲဆောင်နေပြန်သဖြင့် မောင်လှသိန်းလည်း
မတ်တတ်ရပ်ပြီး အတင်းလိုက်ဖမ်း ပွေ့ဖက်လေတော့၏
ထိုကဲ့သို့ ပင် လိုက်၍ ဖမ်းလိုက်ဆုတ်သွားလိုက်နဲ့
ဖမ်း၍ မမိဘဲ ဖြစ်နေလေ၏။ကောင်မလေးမှာ
ချော့မြူသလို အပြုံးလှလှလေးဖြင့် လက်ကမ်း၍ပင်
ခေါ်နေသေးသဖြင့် မောင်လှသိန်းရင်ထဲမှာ
အားမလို အားမရ အချစ်လှိုင်း ကြွကာ မရမနေ
လိုက်ဖမ်းပွေ့ဖက်ရန် ဆုံးဖြတ်လိုက်လေသည်။
ထိုစဉ်မှာ ကောင်မလေးတလင်းပြင်ကို
ဖြတ်ကာ ရွာဘက်သို့ သွားသော လမ်းအတိုင်း
သွားရန် မြင်တွေ့ရသဖြင့် မောင်လှသိန်းကလည်း
သူ့နောက်ဘက်သို့ အပြေးလိုက်သည်။
ကောင်မလေးမှာ လေအဝေ့တွင် လွင့်ပါလာသော
ပွင့်ဖတ်လွှာလေးတစ်ခုကဲ့သို့ လွင့်မျောဝဲနေသည်။
ရှည်လျားသော သူ့ဆံပင်များကလည်း ကျောပြင်
ပေါ်မှ ဝဲ၍ဝဲ၍ လွင့်နေသည်။ဒူးကို ဘယ်ညာမြှောက်လျက်
မြူးမြူးကြွကြွ တစ်လှမ်းချင်း ခုန်ပေါက်ဆော့ကစား
နေသယောင်။တစ်ချက် တစ်ချက်တွင် လက်တစ်ကမ်း
အကွာမှ ပြေးလိုက်လာနေသော မောင်လှသိန်း
ဘက်သို့ လှည့်ကာ ချစ်ရည်ရွှမ်းသော
အပြုံးလှလှလေးနဲ့ လက်ယပ်ခေါ်နေသေးသည်။
မောင်လှသိန်းကလည်း လူလား နတ်လား
ထင်မှားမိအောင် အလှမယ်လေးအား
အစွဲကြီးစွဲကာ လက်တစ်ကမ်းအကွာမှ
လမ်းဆွဲရင်းဖြင့် အရူးတစ်ယောက်လို
နောက်မှ လိုက်လာလျက် ရှိနေလေသည်။
ထိုသို့ လက်တစ်ကမ်းအကွာမှ လိုက်ရင်း ပြေးရင်း
ရွာအနောက်ဘက်ဖျား အိမ်တစ်အိမ်ရှေ့သို့
ရောက်ရှိသွားလေသည်။ကောင်မလေးမှာ
ထိုအိမ်၏ခြံတံခါးဝတွင် ရပ်တန့်လိုက်ပြီး
မောင်လှသိန်းအား တစ်ချက်ပြုံးပြကာ
အညုအခရာလေးဖြင့် လက်ကမ်းကာ ဆွဲခေါ်ယူလိုက်ပြီး
ခြံတွင်းသို့အဝင် မောင်လှသိန်းကလည်း
ကောင်မလေး၏လက်ကို လှမ်း၍အဆွဲ
ရိပ်ခနဲ ပျောက်ကွယ်သွားသော ကောင်မလေးနေရာတွင်
စွဲမက်အပြုံးလှလှဖြင့် ရပ်နေသော အသက်
နှစ်ဆယ်အရွယ် မိန်းကလေးတစ်ယောက်။
“ဟင် —ကိုလှသိန်း — ညသန်းခေါင် မောကြီးပန်းကြီးနဲ့
ဘယ်လိုဖြစ်လာတာလဲ အိမ်ထဲဝင်ဦးလေ”
ကြားဖူးသောအသံတစ်ခုအား ကြားလိုက်ရမှ
မောင်လှသိန်းမှာ ရမက်ဇောကြောင့် မိန်းမောပြီး
မိုက်မဲစွာ လိုက်လာခဲ့သည်ကို ပြန်လည်သတိရသလို
ခံစားလာရပြီး မျက်လုံးအား ပွတ်သပ်ကာ
အားပြုကြည့်မိလိုက်သည်။
ခြံတံခါးဝတွင် ပြုံးမြမြအလှပိုင်ရှင် တစ်ရွာတည်းသူ
မလုံးခင်းအား တွေ့လိုက်ရသဖြင့် မောင်လှသိန်းမှာ
အရှက်ကြီးရှက်သွားမိလေသည်။သို့သော်လည်း
သူ့ရင်ထဲက ကောင်မလေးရဲ့ အလှကိုသာ
မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်
တမ်းတစွဲလန်းနေမိသဖြင့် ဟိုဟို သည်သည်
လှမ်းကြည့်ရှာဖွေရင်း—။
“ဒီခြံထဲ ကောင်မလေးတစ်ယောက် ဝင်သွားတာ
မတွေ့မိဘူးလား ဟင်”
“ဘယ်လို မိန်းခလေးမှ မလာပါဘူးရှင်ရယ်
ဒီမှာ ကျနော်တစ်ယောက်တည်းနေတာ
တစ်ယောက်တည်းပဲ ရှိနေတာပေါ့။ အခြားဘယ်သူမှ
မရှိပါဘူး။ တို့နှစ်ယောက်ထဲပဲ ရှိနေတဲ့ဥစ္စာ”
မလုံးခင်က ရမ္မက်ရည်လွှမ်းသော မျက်လုံးအစုံဖြင့်
အပြုံးလှလှ အညုအခရာစကားဖြင့် ပြောဆိုလိုက်
သော်လည်း မောင်လှသိန်းမှာ စိတ်မဝင်စား
ပြန်လည်ပြောဆိုခြင်းမပြုဘဲ တိတ်ဆတ်စွာ ရပ်နေရာမှ
ချက်ချင်းပင် နောက်သို့ ပြန်လှည့်လိုက်ပြီး မကျေနပ်
သောစိတ်ဖြင့် လှမ်းထွက်လာခဲ့၏။
မောင်လှသိန်းတစ်ယောက်တလင်းသို့ ပြန်လည်
ရောက်ရှိသော်လည်း လုံးဝအိပ်မပျော်နိုင်တော့ဘဲ
ကောင်မလေးကိုသာ တမ်းတမ်းတတဖြင့်
စွဲလန်းမြင်ယောင်နေမိလေသည်။
နောက်နေ့များတွင်လည်း သန်းခေါင်ကျော်လျှင်
ကောင်မလေးက ရောက်လာမြဲဖြစ်သည်။
ယခင်နည်းတူပင် လိုက်လေပြေးလေ
ဖမ်းဟယ် ဆွဲဟယ်ဖြင့် လုံးချာလည်ကာ မလုံးခင်တို့
အိမ်ရှေ့သို့ ရောက်သွားမြဲ။ မလုံးခင်ကိုလည်း
ခြံဝတွင် ရပ်နေသည်ကို တွေ့ရမြဲပင်ဖြစ်၏။
သို့သော်လည်း မောင်လှသိန်းမှာ ကောင်မလေး၏
အလှကိုသာ စွဲလန်းနေသဖြင့် လူသူကင်းမဲ့သော
နေရာတွင် အသင့်အတင့် ရုပ်ရည်ချောမောသူ
မလုံးခင်အားလုံး စိတ်မဝင်စားဘဲ ပြန်လည့်လာစမြဲပင်။
မောင်လှသိန်းမှာ သန်းခေါင်ကျော်တွင် အမြဲတွေ့ရသော
ကောင်မလေးကိုသာ တမ်းတစွဲလန်းနေရသဖြင့်
တစ်နေ့ထက်တစ်နေ့ မအိပ်နိုင် မစားနိုင် တမှိုင်မှိုင်
တတွေတွေဖြင့် ပြောဆိုသော စကားများကလည်း
မူမမှန် ဖြစ်လာသည်။
ထိုအခါ မိဘများမှာလည်း မူပျက်နေသော
သားဖြစ်သူအတွက် ပူပင်သောက ဖြစ်လာကြရသည်။
ဟိုစကား ဒီစကားဖြင့် စုံမေးမြန်းရာ ရွာအနောက်ဖျားတွင်
နေထိုင်သော ရင်းနှီးသူအချို့က ညသန်းခေါင်ချိန်
မလုံးခင်တို့ အိမ်ရှေ့မှာ နှစ်ယောက်အတူ
စကားပြောနေကြကြောင်း။ ထိုသို့ တွေ့ရသည်မှာ
သုံးလေးရက်ဆက်တိုက်ဖြစ်ကြောင်း ကြားသိရသဖြင့်
မောင်လှသိန်း၏ဖခင်ဦးလူလှမှာ ဒေါသထွက်ရသည်။
“ဘယ်နှယ့်ဗျာ…ရွာတောင်ဖျားက မညိုအေးနဲ့
သူတို့ချင်း ချစ်ကြိုက်နေကြတာ သုံးနှစ်သုံးမိုးတောင်
ရှိပြီဆိုလို့ မိဘတွေတောင်းရမ်းပြီး နှစ်ဖက်မိဘလည်း
သဘောတူ အခုသင်္ကြန်မတိုင်ခင် လက်ထပ်ပေးဖို့
စီစဉ်ထားခါမှ ဒီကောင် ဘယ်လိုဖြစ်ပြီး မလုံးခင်ဆီ
ရောက်သွားပြန်ရတာလဲဗျာ”
ဟု ပြောလိုက်ရင်း ဦးလူလှမှာ ဒေါသကို
မချုပ်တည်းနိုင်ဘဲ သားကြီးဖြစ်သူ မောင်လှသိန်းကိုပင်
ချက်ချင်းခေါ်မေးလိုက်လေသည်။
“မင်းကွာ မင်းဒို့ချင်းပဲ သုံးနှစ်သုံးမိုး ချစ်နေခဲ့ပြီ
ပြောတော့ မိဘတွေဆွေးနွေးပြီး နှစ်ဖက်စလုံးက
သဘောတူတယ်။မကြာခင်မှာလည်း လက်ထပ်ပေးကြ
တော့မယ် ။ အားလုံးလည်း စီစဉ်ပြီးနေပြီဆိုတော့
အခုကျမှ မင်းက ဘယ်လိုဖြစ်ပြန်တာလဲကွ ဟင်။
မိကောင်းဖခင် သားသမီးဖြစ်တဲ့ မညိုအေးရဲ့
ဂုဏ်သိက္ခာကိုလည်း မင်း ထည့်စဉ်းစာပါဦးကွ”
“ဘယ်က မညိုအေးလည်း အဖေ ကျနော် တစ်ခါမှ
မကြာဖူးပါလား”
“ဟ မင်းဘဲ ချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့
ကျနော်တို့ သုံးနှစ်သုံးမိုး ချစ်လာခဲ့ကြပြီဆိုပြီး
မင်းပဲ ပြောခဲ့တယ်လေ။ အခု မင်းက ဘာလဲ
မညိုအေးတောင် မသိတော့ဘူးလား။ ရွာတောင်ပိုင်းက
ဦးမောင်တူး ဒေါ်ညိုမြင်တို့ သမီး မညိုအေးလေကွာ။
ဟင်…မင်းကို အခုလိုသာ ပြောပြနေရရင်
ငါတော်,တော်စိတ်ဆိုးလာပြီ။ ကြာရင် လက်ပါမိတော့
မယ်ကွ တော်,တော်ဒေါသဖြစ်စရာ ကောင်းတဲ့ကောင်
ထြီး”
ဦးလူလှမှာ သားကြီးကို ဒေါသအလျောက် ပြောဆိုပစ်ခဲ့ပြီး
ရှူးရှူးရှဲရှဲဖြင့် အိမ်ရှေ့သို့ ထွက်လာခဲ့သည်။
ထိုစဉ် သားအဖစကားပြောနေသည်ကို
တစ်နေရာမှ နားထောင်နေသော ဇနီးသည်
ဒေါ်သိန်းမြ ဦးလူလှအနားသို့ ရောက်ရှိလာပြီး
“ကိုလူလှရယ် သားကြီးကိုတော့ တစ်ဖက်သတ်ကြီး
အပြစ်မပြောပါနဲ့ဦး သူ့ခမျာ အလုပ်ကလည်း
ပင်ပန်း ကောက်လှိုင်းတွေ စောင့်ရင်း အိပ်ရေးကလည်း
ပျက်ဆိုတော့ ငါ့သားကြီး နေထိုင်မကောင်းများ
ဖြစ်နေမလားမှ မသိတာ”
“အေးကွ …ဟုတ်တယ် အလုပ်ပင်ပန်းပြီး
အိပ်ရေးပျက်တာ အမှန်ပဲကွ။ ညသန်းခေါင်မှာ
အိပ်ရေးပျက်ခံပြီး အနောက်ဖျားက မလုံးခင်တို့
အိမ်သွားတယ်။ ရှေ့မှာ နှစ်ယောက်အတူတူ
စကားပြောနေကြတာ သုံးလေးရက်ရှိပြီတဲ့
တွေ့တဲ့လူတွေက ပြောလို့ သိရတယ်ကွ’
“တိုးတိုးပြောစမ်းပါ ကိုလူလှရယ် လူကြားလို့မှ
မသင့်တော်ဘူး လက်ထပ်ပေးဖို့ အားလုံး
ပြင်ဆင်ပြီးကာမှ ကျော်မကောင်း ကြားမကောင်း
ဖြစ်နေပါဦးမယ်”
“ဘယ့်နှယ်ကွာ…မင်းကသာ မသင့်တော်ဘူး
ကျော်မကောင်း ကြားမကောင်းဖြစ်မလဲ ဘာလေး
ပြောနေတယ်။ တစ်ရွာလုံးကသိတာ ဟိုးဟိုးတော်ကျော်လို့
ဟိုကလည်း ကြားသိရောပေါ့ ။ ဘယ်လောက်ရှက်စရာ
ကောင်းလဲ ။နင့်သား လုပ်ပုံက ဟုတ်မှ မဟုတ်ပဲ။
တော်,တော် အသုံးမကျတဲ့ကောင်”
ဦးလူလှနှင့် ဒေါ်သိန်းမြင့်တို့ ထိုသို့စကားပြောနေကြစဉ်မှာ
သမီးငယ်ပူစူးမ အိမ်ပေါ်မှ ပြေးဆင်းလာပြီး။
“အဖေ…အဖေ …ကိုကြီးလေ သူအင်္ကျီ အိတ်ထဲက
တစ်လက်မလောက်ရှိတဲ့ အရုပ်ကလေးလား
ဘာလားမသိဘူး။ထုတ်ကြည့်ရင်း ရယ်လိုက်
ငိုလိုက်လုပ်နေတယ်။တစ်နေ့ကလည်း သမီးတွေ့သေးတယ်”
“ဟင်—”
ဦးလူလှတို့လင်မယားမှာ ဟင်ခနဲ အသံအားပြိုင်တူ
ထွက်ပေါ်လာကြပြီး သားကြီးရှိရာ အိမ်ပေါ်သို့
အပြေးအလွှာ လိုက်သွားကြသည်။သူတို့သားကြီးမှာ
သမီးငယ်ပြောသလို အရာဝတ္ထုတစ်ခုအား လက်ဝါးဖြင့်
အုပ်ကာ ဆုပ်ကိုင်ထားပြီ။
“မင်း…ကိုကို့ဆီ ဘာဖြစ်လို့ မလာတာလဲကွာ
မင်းကြောင့် ကိုကို ခံစားနေရပြီ အချစ်ကလေးရယ်
ဟီး ဟီး ဟီး ဟီး”
ပြောလည်းပြော ငိုလည်းငို ဖြစ်နေသော မောင်လှသိန်း
အား မြင်လိုက်ရသဖြင့် မိဘနှစ်ပါးစလုံး ရင်ထဲမှာ
စိတ်မကောင်းခြင်းများစွာကို ပြိုင်တူခံစားလိုက်ကြ
ရလေသည်။ထိုအခါ ဦးလူလှမှာ သားကြီးအနားသို့
တိုးကပ်သွားပြီ။
“ငါ့သားကြီးက ဘာဖြစ်လို့ ဒီလောက်တောင်
ငိုကြီးချက်မ ဖြစ်နေရတာလဲကွာ ။ အဖေ ဘာကူညီရမလဲ
ပြောပါဦး သားကြီးရဲ့”
ဖခင်ဖြစ်သူ ဦးလူလှက ချောမွေ့စွာ ပြောဆိုလိုက်သဖြင့်
မောင်လှသိန်းမှာ မိခင် ဖခင်တို့ ၏ မျက်နှာကို
သေသေချာချာ တစ်ချက်ကြည့်လိုက်ပြီး လက်ထဲတွင်
ဆုပ်ကိုင်ထားသော အရုပ်ကလေးအား ဖြန့်ပြရင်း… ။
“ဒါ ကျနော်ချစ်သူလေ အဖေရဲ့။သူ့ကိုရအောင် အဖေတို့
စီစဉ်ပေးကြပါ။ သူ့ကိုမှ မရရင် သားသေးလိမ့်မယ် ဟီး”
မောင်လှသိန်းမှာ သူစွဲလန်းနေရသော အရုပ်ကလေးကို
မိခင် ဖခင်တို့အား ပြသရင်း ဟီးချကာ ငိုလိုက်သဖြင့်
ဦးလူလှ ဒေါ်သိန်းမြင့်တို့မှာ သူတို့ သားကြီးကိုကြည့်ရင်း
ရင်ထုမနာ ခံစားကြရလေသည်။ဦးလူလှမှာ သားပြသော
အရုပ်ကလေးကို လှမ်းယူ၍ သေသေချာချာကြည့်မိသည်
အရုပ်ကလေးမှာ အဝတ်အစားမပါသော မိန်းခလေး
တစ်ယောက်ရုပ်ဖြစ်နေသဖြင့် ဦးလူလှမှာ ကြည့်နေရင်း
မျက်စိကပင် အလိုလို ရှက်လာမိလေသည်။
စိတ်ထဲကလည်း အခုလို ညစ်ညမ်းစွာ ထုလုပ်ထားသော
အရုပ်မှ ဘယ်လို အရုပ်မျိုးပါလိမ့်ဟု တွေးရင်
ကြာရှည်စွာ ကိုင်မထားတော့ပါ။သားကြီးထံသို့
ပြန်ပေးလိုက်သည်။
“ကဲ ငါ့သားကြီးပြောသလို ဖေဖေ မေမေတို့
စီမံပေးပါ့မယ် ဘာမှအားမငယ်နဲ့ ဖေဖေ အခုပဲ
သွားစီစဉ်လိုက်ဦးမယ်”
ဟုပြောလိုက်ပြီး ဦးလူလှနှင့် ဒေါ်သိန်းမြတို့မှာ
တစ်ယောက်နဲ့တစ်ယောက် လက်ကုပ်အသိပေးကာ
သားဖြစ်သူအား နှုတ်ဆက်ပြီး စိတ်မချမ်းသာစွာဖြင့်
အိမ်ပေါ်မှ ပြန်ဆင်းလာခဲ့ကြလေသည်။
– – – – – – – – –
“ဒကာကြီးလူလှ…ဒကာကြီးပြောသလိုဆိုရင်
မောင်လှသိန်းကို တစ်ဦးတစ်ယောက်က ပြုစားထားတာ
အမှန်ပဲ ။ အခြားတောပိုင် တောင်ပိုင်တစ္ဆေမြေဖုတ်
ဘီလူး သရဲ ဖမ်းစားတယ် ဆိုရင်လည်း ဒီလိုအရုပ်က
သူ့လက်ထဲ ရောက်လာစရာအကြောင်း မရှိဘူး။
ဒီလို ညစ်ညမ်းတဲ့ မိန်းမရုပ်ကလေးသူ့လက်ထဲ
ရောက်လာမှ မောင်လှသိန်း အခုလို ဖြစ်ရတာဆိုတာ
တစ်ဦးတစ်ယောက်က ရည်ရွယ်ချက်တစ်ခုနဲ့ စီရင်ပြုစား
ထားတာ အမှန်ပဲ။
ဒကာကြီး ဒီလို မကောင်းဆိုးဝါး အတတ်ပညာမျိုးကို
ကျွမ်းကျင်နိုင်နင်းတဲ့ အရှေ့ဘက်ကုန်း ဆရာတော်ကြီးရဲ့
တပည့်သားတစ်ယောက်ရှိတယ် ။ သူကတော့
အသက်ငယ်ပေမယ့် ဆရာတော်ကြီးက အထက်လမ်း
လောကီပညာကို သမထနဲ့တွဲပြီး ပညာကုန်သင်ပေးတာလို့
နာမည်တောင် အတော်ရပြီးကြားတယ်။
သူကတော့ ဆရာကောင်းတပည့်ဖြစ်လို့
ဘုန်းကြီးတိုက်တွန်းချင်တယ်။မောင်လှသိန်းအတွက်
ရောဂါမရင့်ချိန် မနှောင်းခင်မှာ အဲဒီဆရာလေးကို
သွားပင့်ပြီး အမြန်ဆုံးကုသစေချင်တယ် ဒကာကြီး”
“တင့်ပါဘုရား…တပည့်တော် လူလွှတ်ပြီး ဆရာလေးကို
ပင့်ခိုင်းလိုက်ပါ့မယ့် ဘုရား”
ဦးလူလှမှာ သားဖြစ်သူ မောင်လှသိန်းအတွက်
အလွန်ပင် စိုးရိမ်လျက်ရှိနေရာမှ ရွာဦးကျောင်းဆရာတော်ကြီးအား
အခြေအနေအပြည့်အစုံကို သွားရောက်လျှောက်ထားခဲ့ခြင်း
ဖြစ်လေသည်။ဆရာတော်ကြီးကလည်း
သူသိထားသမျှ ဆရာကောင်း သမားတို့ထံသို့
လမ်းညွှန်လိုက်ခြင်းဖြစ်၏။ဦးလူလှမှာ အိမ်သို့
ပြန်လာပြီး ယောက်ဖဖြစ်သူ ဦးဖိုးချမ်းနှင့် အခြား
ရွာသားနှစ်ယောက်အား အကူအညီတောင်းကာ
အရှေ့ဘက်ကုန်း ရွာဦးကျောင်းရှိ ပယောဂကုသသူ
ဆရာလေးအား သွားရောက်ပင့်ခေါ်ရန် အမြန်စေလွှတ်
ရလေသည်။
မောင်လှသိန်းမှာ ကံကောင်းသည်ဟု ပြောရလေမည်။
ဆရာ သွားပင့်သူ ဦးဖိုးချမ်းနှင့် အခြားရွာသားနှစ်ယောက်
အရှေ့ဘက်ကုန်းရွာ ဘုန်းကြီးကျောင်းသို့
ရောက်သွားချိန်တွင် ဆရာလေး ဥာဏ်ပွါးခရီးသွားနေသဖြင့်
ကျောင်းတွင် မရှိကြောင်းသိရလေသည်။
သို့သော်လည်း ဦးဖိုးချမ်းတို့ လူစုမှာ
ချက်ချင်းထပြန်ရန် မကောင်းတတ်
သဖြင့် ဆရာတော်ကြီးနှင့် ရပ်ရွာအခြေအနေနှင့်
ယခုဖြစ်နေသော လူမမာ အခြေအနေများ
လျှောက်ထားပြောပြနေကြရာ ညနေလေးနာရီခန့်တွင်
ဆရာလေး ဥာဏ်ပွါးခရီးသွားရာမှ ပြန်ရောက်လာသဖြင့်
ဆရာလာပင့်သူ ဦးဖိုးချမ်းတို့ လူစုမှာ မောင်လှသိန်းမှာ
ကံအလွန်ကောင်းကြောင်း ပြောဆိုရင်း ဝမ်းမြောက်
ဝမ်းသာ ဖြစ်ကြရလေသည်။
ဆရာဥာဏ်ပွါးမှာ ခရီးမှ ပြန်ရောက်ခါစပင်
ဖြစ်သော်လည်း ဆရာတော်ကြီး၏ လူနာများ
အပေါ်ထားရှိသော စေတနာကြောင့် မည့်သည့်အချိန်
တွင် ဖြစ်စေ ဆရာလာပင့်သူ ရှိပါက အမြဲတမ်း
လိုက်ပါကုသမြဲဖြစ်ပါသည်။ယခုလည်း ပုတ်တွင်းချောင်း
ရွာသို့ လိုက်ပါရန် ဆုံးဖြတ်လိုက်ပြီး လူမမာ၏
အခြေအနေ ယောင်္ကျား မိန်းမစသည့်များကို
အကြမ်းဖျင်းမေးမြန်းလိုက်သည်။
လိုအပ်သောဆေးဝါးများ
စီစဉ်ပြင်ဆင်ပြီး တပည့်ကျောင်းသားကြီး တစ်ယောက်နဲ့
အတူ ချက်ချင်းပင် ထထိုင်လာခဲ့လေသည်။
ထိုသို့ လိုက်ပါလာခဲ့ရာ ဆရာလာပင့်သူများနှင့်
လမ်းတွင် စကားပြောရင်း လျှောက်လာခဲ့ကြသည်။
ယခု ကုသရမည့် လူမမာအကြောင်း မေးမြန်းမိရာမှ
ရွာတောင်ပိုင်းက မညိုအေး ။ရွာအနောက်ဖျားက
မလုံးခင်း စသူဒို့ ဤဇာတ်လမ်းတွင် ပါဝင်နေကြောင်း
သတင်းများ ရရှိလိုက်သဖြင့် ဆရာ ဥာဏ်ပွါးအတွေးထဲက
“တွေ့ကြပြန်ပေါ့ မလုံးခင်ရယ်”
ဟု ရေရွတ်မိလေ၏။ထိုကဲ့သို့ လျှောက်လာရင်း
ညရှစ်နာရီကျော်ကျော်တွင် ပုတ်တွင်းချောင်း
ရွာလယ်ပိုင်းရှိ ဦးလူလှနေအိမ်သို့ ရောက်ရှိခဲ့ကြသည်။
ဆရာဥာဏ်ပွားမှာ သူ၏ထုံးစံအတိုင်း လူမမာအိမ်သို့
ရောက်လျှင် ရောက်ချင်း အိမ်သို့ ပတ်ဝန်းကျင်အား
စည်းချလိုက်သည်။ပြီးလျှင် အိမ်ပေါ်က မြတ်စွာဘုရားကို
ဦးချရှိခိုးပူဇော်ပြီး သောက်တော်ရေများ ကပ်လှူပူဇော်
သည်။အားလုံးကိစ္စများ ဆောင်ရွက်ပြီးမှ လူမမာ၏
ဖြစ်စဉ်များကို သေသေချာချာ မေးမြန်းလေ၏။
ထိုအခါ လူမမာ၏ ဖခင် ဦးလူလှက စတင်ဖြစ်လာမှ
ယခုလက်ရှိ အခြေအနေအထိ ရှင်းပြသည်။ယခု
လူမမာလက်ထဲတွင် မိန်းခလေးရုပ်ရှိနေပြီး ညသန်းခေါင်
ကျော်လောက်တွင် ထိုမိန်းကလေးအရုပ်ကပင်
လူမမာ မောင်လှသိန်းအား မြှူဆွယ်ခေါ်ယူကာ
ရွာအနောက်ဖျားက မလုံးခင်တို့ အိမ်ရှေ့သို့
ရောက်ရှိသွားတတ်ကြောင်း ထိုကဲ့သို့ ညစဉ်ညတိုင်း
ဖြစ်နေသည်မှာ တစ်ပတ်နီးပါးရှိလာပြီးလူကလည်း
ပင်ကိုယ်စိတ် လွင့်မျောနေသလို သူနှင့်လက်ထပ်ရန်
နှစ်ဖက်မိဘသဘောတူထားသော မညိုအေးကိုလည်း
မမှတ်တော့ဘဲ မှတ်ဥာဏ်နည်းပါးကာ ရူးကြောင်ကြောင်
ဖြစ်နေကြောင်း ။
ထိုကဲ့သို့ ဖြစ်ပျက်နေသည့်အတွက်
ဟိုးလေးတကြော် ဖြစ်လေပြီ နှစ်ဖက်မိဘများ
မျက်နှာပျက်ကြရမည်ကို စိုးရိမ်သဖြင့် လူမမာအား
အိမ်တွင် မထားဘဲ လယ်တဲတလင်းမှာ နေစေကာ
သူ့အမေ သူနှမတို့က စောင့်ပေးနေရကြောင်း
စသည့်တို့ကို အစအဆုံး ပြောပြလေသည်။
ဆရာဥာဏ်ပွါးမှာ ဦးလူလှပြောပြသည်နှင့်
ဖြစ်ပျက်ပုံ အခြေအနေအားလုံးကို ခြုံငုံသဘောပေါက်
မိလေသည်။အဘယ်ကြောင့် ဆိုသော် လွန်ခဲ့သော
မိုးတွင်းကာလ ဝါဆိုလအတွင်း မညိုအေး
စုန်းပြုစားခံရသဖြင့် မိမိလာရောက်ကုသခဲ့ရသည်။
ထိုစဉ်က မညိုအေးအား ဝင်ရောက်ပူးကပ်နေသူအား
ချုပ်နှောင်မေးမြန်းရာ ကဝေမလုံးခင် ဖြစ်ကြောင်း
ဝန်ခံခဲ့သည်။သို့သော် ယခုလို တစ်ရွာတည်းသားချင်းကို
ဘာကြောင့် ပြုစားရသလဲဟု မေးမြန်းရာ
“ဘယ်သူမှ ရှင်းမပြနိုင်ဘူး ဒါ ကျမကိစ္စပါ”
ဟု ခါးခါးသီးသီးငြင်းဆန်နေခဲ့သည်။ယခုကိစ္စမှာလည်း
မလုံးခင်နှင့် ပတ်သက်လာပြန်ပြီး။ အားလုံးမှာ
အပျို လူပျို ဖြစ်သဖြင့် ဘာကြောင့် ဒီလိုဖြစ်ရသလဲ
ဆိုလျှင် အဖြေက ရှင်းနေလေပြီဟုသာ ဆရာဥာဏ်ပွါး
ကောက်ချက်ဆွဲထားပြီး ဖြစ်လေသည်။
“ဟုတ်ပြီလေ …ဦးလူလှရဲ့ စိတ်အချရဆုံးယောင်္ကျား
သုံးယောက်နဲ့ ဦးလူလှအပါအဝင် လေးယောက်
ညသန်းခေါင်ကျော်မှာ ကျနော်နဲ့လိုက်ခဲ့ပါ ။ ပြီးတော့
ရွာအနောက်ဖျားက မလုံးခင်တို့ အိမ်နဲ့ အနီးဆုံး
ကပ်နေတဲ့ အိမ်ကို ဘယ်သူမှ မသိရအောင်
ညဆယ့်နှစ်နာရီလောက်မှာ ကျနော်တို့
ခဏလာမယ်တဲ့ အကြောင်း သေသေချာ ပြောထားဖို့ လိုမယ်။
ပြီးတော့ ဦးလူလှရဲ့ သားမောင်လှသိန်းကိုလည်း
ဆရာရောက်နေကြောင်း လုံးဝ မသိပါစေနဲ့
ရှင်းရှင်းပြောရရင် ဦးလူလှရယ် ကျနော်ရယ်
ဆရာလာပင့်တဲ့ သုံးယောက်ရယ် ဒါပဲ သိစေချင်တယ်”
XXXCX
တပို့တွဲလပြည့်ကျော် ရှစ်ရက်ညဖြစ်သဖြင့်
လတစ်ခြမ်းပဲ့ကလေး မပေါ်လာသေးပေ။
သို့သော်လည်း သန်းခေါင်ယံ ကြက်များ
အိပ်တန်းပေါ်မှ တသောသော တွန်ကြူးလျက်
ရှိနေလေပြီ။ ဆရာ ဥာဏ်ပွါးနှင့် ဦးလူလှတို့
ယောင်္ကျားကြီးငါးယောက်မှာ ပိန္နဲပင်ပျို
အရွက်ဖားဖားများကို အကာအကွယ်ပြုလျက်
ပုန်းအောင် စောင့်ဆိုင်းရင် လမ်းမဘက်သို့
ငေးမျှော်ကာ ကြည့်နေကြလေသည်။
ထိုကဲ့သို့ စောင့်နေရင်းမှပင် လတစ်ခြမ်းပဲ့ကလေးမှာ
ဆောင်းည၏နှင်းမှုန်များကို အားပျော့စွာ
ထိုးဖောက်လျက် မှုန်ဝါးသော အလင်းရောင်ဖြင့်
ထွက်ပေါ်လာလျက်ရှိသည်။လထွက်ချိန်အလင်းရောင်
မှုန်ဝါးဝါးနှင့် အတူ ပြေးဝင်လာသော အသံကြားရာသို့
လှမ်းကြည့်လိုက်ကြရာ အားလုံးမှာ မျက်လုံး
မျက်ဆံပြူးသွားရလေတော့၏။
ပြေးလာသူမှာ မိန်းကလေးတစ်ယောက်။
လေတွင်မျောလာသောပန်းဝတ်လွှာလေးပမာ
ဖြူဖွေးသန့်စင်နေသည်။ရှည်လျားသော သူ၏
ဆံပင်များကလည်း ခေါင်းမော့ကာ ရှေ့သို့
လှမ်းမြှောက်လျက် ရွရွလေးလှမ်းကာ ပြေးရုံကလေး
ရွေ့လျားလာသော လူလား နတ်လား
ထင်မှားလောက်စရာ ကောင်မလေးကို ကြည့်ရင်း
အံ့သြနေမိကြရသည်။
ထိုကဲ့သို့ပင် မိခင်နှင့် ဝေးသွားမည်ကို စိုးရိမ်သော
နွားသူငယ်လို နောက်မှထပ်ကြပ်မကွာ
ပြေးလိုက်လာသော မောင်လှသိန်း။ ထိုအချိန်မှာပင်
မလုံးခင်တို့အိမ်မှ အိမ်တံခါးဖွင့်သံကြားလိုက်ရလေသည်နှင့်အတူ
အိမ်ရှေ့ ခြံတံခါးနားတွင် မလုံးခင် ရပ်နေသည်ကို တွေ့လိုက်ရသည်။မလုံးခင်မှာ ရှေ့သို့သာ
မျှော်ငေးနေသဖြင့် တစ်ဖက်ခြံအတွင်း ရောက်ရှိ
ပုန်းအောင်းနေသော လူတစ်စုအား သတိပေးမိဟန်
မတူပေ။
ထိုစဉ်မှာပင် ရှေ့မှ ဖွဖွလေး ပြေးလာသော
ကောင်မလေးမှာ အညုခရာဖြင့် လက်ယပ်၍
လှမ်းခေါ်နေလေသည်။ထိုအချိန်တွင် ဆရာဥာဏ်ပွါးမှာ
ပယောဂလူများအတွက် ဆေးစီရင်ထားသော
ကျော့ကွင်းဖြင့် လှမ်းစွပ်လိုက်၏။ထိုသို့ ဆေးကျော့ကွင်း
အစွပ်ခံလိုက်ရသော ကောင်မလေးမှာ
လှုပ်ရှားနိုင်ခြင်း မရှိတော့ဘဲ တဖြည်းဖြည်း
သေးငယ်သွားရာမှ တစ်လက်မအရွယ်မျက်နှာကို
လက်ဝါးဖြင့် အုပ်ထားသော သစ်သားရုပ်ကလေး
ဖြစ်သွားလေတော့သည်။ထိုသစ်သားရုပ်ကလေးအား
ဆရာဥာဏ်ပွါးမှ ကောက်ယူကာ ဆေးလွယ်အိတ်
အတွင်း ထည့်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် မောမောပန်းပန်း ပြေးလိုက်လာသော
မောင်လှသိန်းမှာ မလုံးခင်တို့ခြံဝသို့ ရောက်ရှိလာပြီး
မတ်တပ်ရပ်လိုက်သည်။သူ့တွေ့လိုသော
ကောင်မလေးအား ရှာဖွေကြည့်မိသည်။မတွေ့။
တွေ့လိုက်ရသူက အပြုံးလှလှလေးနဲ့ ခြံဝတွင်
ရပ်နေသော မလုံးခင်ပင်။
မောင်လှသိန်းမှာ မလုံးခင်အား မြင်လိုက်ရသည့်နှင့်
ဆန္ဒရမ္မက်များ သွက်သွက်ခါ လှုပ်ရှားလာပြီး
မလုံးခင်၏ပခုံးနှစ်ဖက်အား လှမ်း၍ ဖက်လိုက်သည်။
ထို့သို့ လှမ်း၍ဖက်လိုက်စဉ်မှာ ဦးလူလှနှင့်ဦးဖိုးချမ်း
တို့နှစ်ယောက်ပြေးထွက်လာပြီး ဆရာဥာဏ်ပွားပေး
ထားသော ချည်မန်းကွင်းဖြင့် စွပ်ချလိုက်လေသည်။
မောင်လှသိန်း ဝုန်းခနဲ လဲကျမသွားခင် ယောင်္ကျား
လေးယောက်ဖြင့် ဘယ်ညာတွဲကာ ချက်ချင်းရွာထဲသို့
ခေါ်ဆောင်လာခဲ့ကြလေသည်။
နောက်တစ်နေ့ မနက်ပိုင်းတွင် မောင်လှသိန်းအား
ဆရာဥာဏ်ပွားက ရေမန်းတစ်ခွက်နှင့် ပယောဂအစွဲ
ချွတ်ဆေးတို့ကို တိုက်လိုက်သဖြင့် ကောင်းစွာ
သတိရလာသည်။ဘေးဘယ်ညာရှိ လူများကိုလည်း
သေသေချာချာ ကြည့်ရှုပြီး ပကတိလူကောင်း
တစ်ယောက်၏ မူလစိတ်အသွင်ပင် ကိုယ်ဟန်ပန်
အတိုင်းဖြင့် …
“ဟင် …အဖေ …ဦးလေး ဘာဖြစ်ကြတာလဲ။
ကျနော် ဘာဖြစ်လို့လဲဟင်”
ဟု ဖခင်ရော သူ့ဦးလေးကိုပါ စိုးရိမ်တကြီးဖြင့်
မေးမြန်လာသဖြင့် ဦးလူလှမှာ သူ့သားကြီး၏ စိတ်မှာ
ပုံမှန်အနေအထား ဖြစ်သွားသည်ကို တွေ့လိုက်ရသဖြင့်
အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားရပြီး…
“သားကြီးက တလင်းစောင့်ရင်း လက်တလော
နေထိုင်မကောင်း ဖြစ်သွားလို့ ဆရာပင့်ပြီး ကုသရတာ
ဒီနေ့ကျမှ ရောဂါအားလုံး ပျောက်ကင်းချမ်းသာသွား
တော့တယ် သားကြီးရဲ့”
“ဟင် ဒါဆို ကျနော် နေမကောင်းဖြစ်တုန်း
မညိုအေး မလာဘူးလားအဖေ”
“ဘယ့်နှယ်ပြောပါလိမ့် သားကြီးရယ် မညိုအေးဆိုရင်
မင်းအတွက် စိုးရိမ်ပြီး မျက်ရည်နဲ့မျက်ခွက် တစ်နေ့မှ
မပြတ်ဘူး သူခမျာ ရက်ဆက်ပင်ပန်းတာနဲ့
မနေ့ညမိုးချုပ်မှ သူ့အမေနဲ့ အိမ်ခဏပြန်သွားကြတယ်
နေ့ခင်းပိုင်းမှ ပြန်လာကြလိမ့်မယ်ကွဲ့”
ဦးလူလှမှာ သူ့သားကြီးအတွက် စိတ်ပူနေခဲ့ရာမှ
အလွန်ပင် ဝမ်းသာသွားပြီ တစ်ဖက်ကလည်း
သူ့ချစ်သူ မညိုအေးကို ပိုမိုသတိရသွားစေရန်နှင့်
ူသူ့မိဘများ အထင်မလွဲသွားစေရန်အတွက်လည်း
လုပ်ကြံဖန်တီး၍ပင် ပြောဆိုလိုက်ခြင်းဖြစ်၏။
“ကျနော်က ဘယ်လိုဖြစ်သွားရတာလဲ အဖေရယ်”
“ရောဂါတော့ အဖေလည်း သေချာမပြောတော့တတ်ဘူး
လူပြုစားတာ ဆိုလား။ ပရောဂဆိုလားကွာ ဆရာပဲ
သေသေချာချာသိတယ်”
ထိုအခါ ဆရာဥာဏ်ပွားကပင် မောင်လှသိန်းအား
ရှင်းပြရသည်။
“ဟုတ်တယ် ကိုလှသိန်း ခင်ဗျာကို
တစ်ဖက်သတ်ကြိုက်နေတဲ့ မိန်းခလေးတစ်ယောက်က
ပြုစားထားတာ တစ်ပတ်လောက်ရှိသွားပြီး
ဒါတောင် ကျနော် အမှီရောက်လာလို့ မဟုတ်ဆိုရင်
ခင်ဗျားအသက်အန္တရာယ် တစ်ခု,ခုဖြစ်ချင်
ဖြစ်သွားမယ် ။ ဒီလိုမှ မဖြစ်ခဲ့ရင် ဆိတ်ကွယ်ရာ
ညသန်းခေါင်မှာ ယောင်္ကျားနဲ့ မိန်းမ နှစ်ယောက်ချင်း
တွေ့ရတဲ့ အခါမျိုးမှာ အဲဒီမိန်းကလေးကို လက်ထပ်
ယူရမယ့် ကျူးလွန်မှု အခြေအနေမျိုးထိ ဖြစ်သွားနိုင်တယ်
ဒီလို အခြေအနေမျိုးဖြစ်အောင် ခင်ဗျားစိတ်ကို
ဖောက်ပြန်လာစေတဲ့ ဆေးဝါးအစီအရင်မျိုးနဲ့
ပြုစားခဲ့တာ။ ဒီ အရုပ်ကိုပဲ ကြည့်ပါဦး”
ဆရာဥာဏ်ပွားမှာ ညကပင် သူ သိမ်းထားခဲ့သော
အရုပ်ကလေးကို မောင်လှသိန်းလက်ထဲသို့
ထည့်ပေးလိုက်၏ မောင်လှသိန်းကလည်း
ဆရာပေးသော အရုပ်ကလေးကို လက်ပေါ်တင်ကာ
သေချာစွာ ကြည့်၏။
“ဒီ အရုပ်ကလေးက ကျနော်ဆီက အရုပ်ကလေးပဲ။
ဆရာ့ လက်ထဲ ဘယ်လိုလုပ် ရောက်သွားတာလဲဟင်”
“ဟုတ်တယ် …ခင်ဗျားဆီက အရုပ်ကလေးပဲ
ဒီအရုပ်ကလေးကို ခင်ဗျာဆီ အရောက်ပို့ထားပြီး
ဒီအရုပ်ကလေးကပဲ ခင်ဗျာကို ညှို့ယူမြှူဆွယ်ရင်း
ပြုစားတဲ့ ကာယကံရှင် မိန်းကလေးဆီ အရောက်
ခေါ်သွားတယ် တော်ရုံလူဆိုရင် ဒီမှာတင် လွန်လွန်
ကျူးကျူးဖြစ်သွားပြီး သူ့အကြံ အောင်မြင်သွားမယ်
လက်ထပ်ယူရမည့် ကိန်းဆိုက်သွားမှာ အသေအချာပဲ
ကိုလှသိန်း ။ အခုလည်း အဲသလို ဖြစ်ခါနီးဆဲဆဲမှာ
ဒီအရုပ်ကလေးနဲ့ ခင်ဗျားကို အချိန်မီ ပြန်ခေါ်လာနိုင်ခဲ့လို့ပေါ့။
မဟုတ်ရင် အခုလောက်ဆို ခင်ဗျားအိမ်ထောင်ကျနေ
လောက်ပြီဗျ”
ဆရာဥာဏ်ပွားက သေချာရှင်းပြလိုက်သဖြင့်
မောင်လှသိန်းမှာ အတော်ပင် တွေဝေငေးမော
သွားပြီးမှ ကိုင်ထားသော အရုပ်ကလေးအား
ဆရာဥာဏ်ပွါးလက်သို့ ပြန်ပေးလိုက်သည်။
ထိုစဉ် ဘေးနားတွင် ထိုင်နားထောင်နေသော
ဦးဖိုးချမ်းကလည်း အရုပ်ကလေးအား
စိတ်စွာဖြင့် မေးကြည့်မိသည်။
“ဒီလို အရုပ်မျိုးကို ဂဝံရုပ်လို့ခေါ်တယ် ဦးဖိုးချမ်း
သူက ဂဝံမျက်နှာဖုံး။နောက်ရှိသေးတယ် ဂဝံသားပိုက်။
ဂဝံစောရ။ ဂဝံဇော်ဂီ ။ ဂဝံယက္ခတဲ့။
အောက်လမ်းဆရာတွေက လောကီပညာကျမ်းတွေ
ဖတ်ပြီး လိုသလို စီရင်ထုလုပ်ခဲ့ကြတာ။
အရုပ်အားလုံးက အဝတ်မပါပေမဲ့ ယောင်္ကျား
မိန်းမတွေမှာ ပါရှိတဲ့ အင်္ဂါ အစိတ်အပိုင်းကိုတော့
အပြည့်အစုံဖော်ပြထုလုပ်ထားကြတယ်။
ခင်ဗျားပြောသလို မဟုတ်တရုတ် ညစ်ညမ်းတဲ့
အလုပ်မှာ ငရဲမကြောက်သူတွေက လုပ်နေကြတယ်လေ”
“ဒီအရုပ်အားလုံးဟာ အောက်လမ်းဆရာတွေ
ယုံကြည်ထားသလို သူတို့ စီရင်တဲ့အခါ
တကယ်ကော စွမ်းရဲ့လားဆရာ”
“ဒီလိုရှိတယ် ဦးဖိုးချမ်းရဲ့ စွမ်းတယ် မစွမ်းဘူးဆိုတာ
ထုလုပ်တဲ့ ဆရာရဲ့ ထလုပ်နေတုန်းမှာ ညစ်ညမ်းတဲ့
ဂါထာပေါင်းများစွာကို ရွတ်ဖတ်နေရတယ်တဲ့။
အရုပ်ပြီးလို့ အချောကိုင် အသက်သွင်းတဲ့အခါမှာလည်း
“ဒေဝီဒေဝါ ဝိစ္ဆသာအလှ နတ်မိန်းမ ထ…ဆရာ…
ထ…ကြွ…ဆရာကြွ”စတဲ့ ညစ်ညမ်းဂါထာတွေနဲ့
ညစ်ညမ်းပစ္စည်းပေါင်းစပ်ကာ နတ်ရဲ့သစ်ပင်မှာ
ပန်းခုနှစ်မည်တင်ပြီး လူကြီးတွေ ကစားတဲ့
နတ်ရုပ် ရထားရုပ် မြင်းရုပ်တို့ကို တစ်ဖုံဘာမှ
အသုံးမကျတဲ့ အရုပ်တွေလည်း အများကြီးပေါ့
ဦးဖိုးချမ်း”
“ဟုတ်ကဲ့ပါဆရာ …အခုလို ရှင်းပြတဲ့အတွက်
ဗဟုသုတ တိုးပွါးရပါတယ် နောက်တွေ့ရတဲ့
အခါမှာလည်း မသိသူတွေကို ဖောက်သည်ချရ
တာပေါ့။ဒါနဲ့ ဆရာ ဒီအရုပ်တွေ ဘယ်လိုနေရာမျိုးမှာ
အသုံးချရတယ်ဆိုတာလည်း ကြုံတုန်းရှင်းပြခဲ့ပါဦး
ဆရာလေး”
“အင်း…ခင်ဗျားဒို့ အခုလက်တွေ့မြင်နေရတဲ့
ဂဝံမျက်နှာဖုံးပေါ့။ သူကတော့ ပီယနဲ့ ပတ်သတ်လို့
အတော်စွမ်းတယ်လို့ ပြောကြတယ်။
မိန်းကလေးတစ်ယောက်က ယောင်္ကျားလေး
တစ်ယောက်ကို တန်းတန်းစွဲကြိုက်နေရင်
ဒါမှမဟုတ် ဂုဏ်သိက္ခာညိုးနွမ်းပြီး ဘဝပါပျက်စီးအောင်
လုပ်ချင်တယ်ဆိုရင် ပြောခဲ့တဲ့ ဂဝံနတ်သားရုပ်နဲ့
စီရင်တယ်။ကိုယ်လိုသလိုပါလာအောင်ပေါ့။
ပြီးတော့ ဂဝံစောရကိုတော့ သူတစ်ပါးရဲ့ဥစ္စာပစ္စည်း
မတရားလိုချင်တယ် ။ခိုးယူလိုချင်တယ် ဆိုရင်တော့
သူတစ်ပါး ယုံလွယ်အောင် လိမ်လည်လှည့်စား
ရမယ့်နေရာမျိုးမှာ သုံးကြတယ်။
ဂဝံဘီလူးမောင်ယက္ခကိုတော့ အကြမ်း အရမ်းနဲ့
ခြောက်လန့်သတ်ဖြတ်ရမယ့် အစီအရင်မျိုးမှာ
သုံးတယ်။နောက်ဆုံးအနေနဲ့ ဂဝံသားပိုက်ကို
သံယောဇဉ်နွယ် မပြတ်လေရအောင် လင်ကွဲ
မယားကွဲ အငယ်အနှောင်းကိစ္စ ပြန်ပေါင်းထုတ်ဖို့
ကိစ္စတွေမှာ အောက်လမ်းဆရာတွေက စီစဉ်
ပေးကြလေ့ရှိတယ်။ဦးဖိုးချမ်း ဒါပေမယ့် အောင်မြင်မယ်
မအောင်မြင်ဘူးဆိုတာကတော့ စောစောက ပြောသလို
ထုလိုက်စီရင်တဲ့ ဆရာအပေါ်မှာ မူတည်ပါတယ်
ဒါတွေအားလုံးဟာ ကျနော်တို့ အထက်လမ်းပညာနဲ့
လားလားမှ မဆိုင်တဲ့အတွက် ကြားဖူးနားဝနဲ့
ရှင်းပြတာပဲ ဖြစ်ပါတယ်”
“ဒါလောက် သိရတာကိုပဲ အထူးကျေးဇူးတင်လှပါတယ်
ဆရာ”
ဆရာ ဥာဏ်ပွားနှင့် ဦးလူလှ ဦးဖိုးချမ်းတို့ လူစု
စကားပြောဆိုနေကြစဉ်မှာပင် ကျေးရွာအုပ်စု၏
သူကြီးမင်းနှင့် သူ့တပည့်သုံးလေးယောက်တို့မှာ
နှစ်လုံးပြူးသေနတ်ကို ကိုယ်စီဖြင့် ရောက်ရှိလာကြရာ
ဦးလူလှနှင့် ဆရာဥာဏ်ပွားတို့ လူစုက ခရီးဦးကြိုနေရာ
ထိုင်ခင်းများ ပြုပြင်ပေးကြသည်။သူကြီးမင်းမှာ
ပြင်ထားသော နေရာတွင် ဝင်ထိုင်ရင်း လူမမာ
မောင်လှသိန်းဘက်သို့ လှည့်ကြည့်လိုက်ပြီး…။
“အခြေအနေ ဘယ်လိုလဲ သက်သာရဲ့လား ဆရာလေး”
“ဟုတ်ကဲ့ သူကြီးမင်း အခုတော့ အားလုံး
ပျောက်ကင်းသွားပါပြီခင်ဗျာ”
“အင်း…ကျုပ်ဒို့ရွာမှာ ဒီလို ပြုစားတတ်တဲ့
စုန်းပညာသည့်အချို့ ရှိနေလို အတော်ပဲ ခက်နေတယ်
ဆရာလေး။ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့ရွာရဲ့
စီးပွါးရေးက ခြံထွက်သီးနှံစိုက်ပျိုး စားသောက်ရတဲ့
သူတွေဖြစ်တယ်။ ရရှိလာတဲ့ ခြံထွက်သီးနှံတွေကို
အခြားပတ်ဝန်းကျင် ရွာတွေမှာ သွားရောင်းပြန်တော့လည်း
ဘယ်သူကမှ ဝယ်မစားရဲကြဘူး ။
အကြောင်းပြချက်ကတော့ စုန်းရှိတဲ့
ရွာက ပစ္စည်းမစားရဲဘူး ။ပြုစားခံရမှာ
ကြောက်လို့တဲ့ ။ ကဲ ကောင်းကြသေးရဲ့လားဗျာ
ဒါတင်မကသေးဘူးဆရာ
ရွာရဲ့သားရေး သမီးရေး ကိစ္စမှာလည်း ဒီလိုပဲ
အခြားရွာက လူပျိုလေးတွေဒီရွာမှာလာပြီး
အိမ်ထောင်မပြုကြသလို အခြားရွာက အပျိုလေးတွေလည်း
ဒီရွာက လူပျိုတွေကို လက်မထပ်ရဲကြဘူး။
ရွာမှာ စုန်းရှိနေလို့ ပြုစားခံရမှာ ကြောက်တတ်တဲ့
မခက်ပေဘူးလား ဆရာလေး ရွာအနေနဲ့
တစ်ခုတော့ အမြတ်ထွက်ပါတယ် ။ ဘာလဲဆိုတော့
ပတ်ဝန်းကျင်က ဘယ်ရွာမှ အိမ်ထောင်မပြုရတော့
ကိုယ့်ရွာမှာပဲ သင့်တော်ရာ အိမ်ထောင်ပြုရတဲ့အတွက်
တစ်နှစ်မှာ ဆယ်အိမ် ။ ဆယ့်ငါးအိမ်လောက်
အိမ်ခြေစာရင်းတွေ တိုးပွါးနေတယ် ဆရာလေး။
ရယ်စရာတော့ အတော် ကောင်းတယ်ဗျ”
သူကြီးမင်းက တဟား ဟား ရယ်ကာ သူ့ရွာနှင့်
ပတ်ဝန်းကျင်ရွာ အခြေအနေပြောပြသဖြင့်
ဆရာဥာဏ်ပွားလည်း တွေးရင်း ရယ်မိပါသည်။
သို့သော်လည်း စိတ်မကောင်းဖြစ်မိသည်မှာအမှန်ပင်။
“ဒါလဲ တစ်မျိုးကောင်းတာပဲ သူကြီးမင်းခင်ဗျာ”
“မကောင်းဘူး ဆရာလေး မကောင်းဘူး
ကျုပ်ရဲ့ သူကြီးတစ်ပိုင်အုပ်စုမှာ အာလုံးဆယ်နှစ်ရွာ
ရှိတယ်။ကျုပ်သဘောက ဆယ့်နှစ်ရွာစလုံး
လူကြီး လူငယ် ယောင်္ကျား မိန်းမ စည်းစည်းလုံးလုံး
ဖြစ်စေချင်တယ်။အခုက ဒီရွာမှာ စုန်းပညာအချို့
ရှိနေလေတော့ အားလုံးက ရှောင်ကြတယ်။
အဲဒါကြောင့် ကျုပ်က ဆရာလေးနဲ့ တိုင်ပင်ပြီး
ဒီစုန်းပညာတတ်တဲ့ လူတွေကို တစ်နည်းတစ်ဖုံ
ရှင်းပစ်ချင်နေတယ်။ အဲဒါ ဆရာလေး ကူညီပေးဦး”
“ဒီကိစ္စက ခက်တော့ မခက်ဘူး သူကြီးမင်း
ဒါပေမယ့် တတ်ထားတဲ့ ပညာရပ်တစ်ခုဆိုတာက
သူ့ရဲ့ဦးနှောက်နဲ့ ဝမ်းထဲမှာ ရှိနေတဲ့အတွက်
သူက အခြားတစ်ယောက်ကို သင်ပေးရာမှ
လွယ်ကူပေမယ့် သူ့ပညာကို စွန့်လွှတ် အပြတ်ရှင်း
ထုတ်ဖို့ဆိုတာ အတော်ခက်ပါတယ် သူကြီးမင်း။
သူသေသွားမှ သူတတ်ထားတဲ့ ပညာကလည်း
ဆုံးခန်းတိုင်း ရှင်းလင်းသွားမှာ ဖြစ်ပါတယ် ။
ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။
သူကြီးမင်းကလည်း အစိုးရအမိန့်နဲ့ ကျေးရွာအုပ်စု
စည်းကမ်းအရ တိတိကျကျ ထုတ်ပြန်ပြီး
စုန်း အတတ်ပညာရှင်များကို နယ်နှင့်ဒဏ်ပဲဖြစ်ဖြစ်
မြို့နယ်ကျေးရွာအုပ်စုအတွင်း မရှိစေရတဲ့ အမိန့်ပဲ
ဖြစ်ဖြစ် ထုတ်ပြန်ပေးရင်း ကျနော်ကလည်း
ပညာပိုင်းဆိုင်တဲ့ ပတ်သတ်တဲ့ ကောင်းမှုဆိုးဆိုတဲ့
သဘောတရားလမ်းကြောင်းလို့ ဆွေးနွေးပြောဆိုပေးပါ့မယ် ။
ကျနော်ပြောဆို ဆွေနွေးတာကို သူတို့
သူတို့ လက်ခံလာရင် ဒီပညာကို ရာသက်ပန်စွန့်လွှတ်ဖို့နှင့်
နောက်နောင် မလုပ်တော့ပါဘူးဆိုတဲ့ ကတိကိုရယူပြီး
သစ္စာရေတိုက်ပါ့မယ်။ ဒီလိုလုပ်ကြရင်တော့
သူကြီးမင်း ပြောသလို ရပ်ရွာမှာလည်း စိုးရိမ်ပူပန်စရာမရှိပဲ
အားလုံးအေးအေးချမ်းချမ်းနဲ့ ရှင်းလင်းသွားမယ်
ထင်ပါတယ်”
ဟု ဆရာဥာဏ်ပွားက ရှင်းလင်းပြောဆိုလိုက်သဖြင့်
သူကြီးမင်းကလည်း သူဖြစ်စေချင်သော လမ်းကြောင်းကို
မြင်တွေ့လာရပြီး ယခုပင်အမိန့်အား ထုတ်ပြန်ပြောကြား
သွားမည် ဖြစ်ကြောင်းပြောဆိုကာ သူ့တပည့်အား
ရွာတွင်းရှိ စုန်းပညာတတ်သူများ စာရင်းကိုပေးပြီး
မိဘများနှင့်အတူ သူ့ရှေ့သို့ ချက်ချင်းခေါ်ယူလာရန်
စေလွှတ်လိုက်လေတော့သည်။
– – – – – – – – –
မစိန်မှုံဆိုသော အသက်လေးဆယ်ခန့်
အမျိုးသမီးတစ်ဦးနှင့် မလုံးခင်တို့မှာ ပညာအဆင့်
တူဖြစ်ကြပြီး ကျန်အမျိုးသမီးငယ်လေးယောက်တို့မှာ
စုန်းပညာအား သင်ကြားဆဲ တတ်မြောက်ခါစသာ
ရှိသေးသဖြင့် မစိန်မှုံနှင့် မလုံးခင်တို့နှစ်ယောက်သာ
အဓိကဖြစ်နေ၏။သူတို့ ခေါင်းဆောင်နှစ်ဦးမှာ
သူကြီးမင်းပြောကြားထုတ်ပြန်သွားသော
နယ်နှင့်ဒဏ်အမိန့်အတိုင်း စုန်းပညာကို မစွန့်လွှတ်ပါက
တစ်နယ်တစ်ကျေး မိဝေးဖဝေး ဆွေမျိုးများ
ဝေးရာသို့ ဒီနေ့ပင် ထွက်ခွါသွားရမည့်အရေးတွေးပြီး
ရင်လေးနေကြသည်။
ပညာကိုစွန့်မလား နယ်နှင့်အပြစ်ပေးခြင်းကို
ခံမလား ဆုံးဖြတ်ရန် ခက်ခဲပြီး မတွေးတတ်အောင်
ဖြစ်နေသဖြင့် အားလုံးငြိမ်သက်တိတ်ဆိတ်
နေကြပါသည်။ထိုအချိန်တွင် ဆရာဥာဏ်ပွါး၏
ဂရုဏာအပြည့်ပါသော စကားသံများက ထွက်ပေါ်လာသည်။
“မလုံးခင်ကိုတော့ ဆရာမိုးတွင်းတုန်းက မညိုအေးကို
ဆေးလာကုရင်း တွေ့ဖူးခဲ့ပါသည်။ဘယ်လိုမှ
သဘောမထားခဲ့ပါဘူး ။ပညာသည်နှင့်
ဆရာဆိုတာ ထင်းခွေမကြုံ ။ ရေခပ်ကြုံဆိုသလို
တွေ့နေကြတာ။ဓမ္မတာပါပဲ ဒီပညာနဲ့
ဒီဆရာတွေ ရှိနေရင် နောင်ကိုလည်း တွေ့နေကြမှာ
မလွဲပါဘူးအဲဒါကြောင့်မို့လို့ မိုးတွင်းတုန်းက
မလုံးခင်ရော မိဘနှစ်းပါးစလုံးကိုပါ
ဒီပညာကို စွန့်လွှတ်ဖို့ ဆရာပြောခဲ့ပါသေးတယ်။
အဲဒီတုန်းကပင် ဒီမကောင်းဆုံးဝါး စုန်းပညာကို
စွန့်လွှတ်ပြီး ဘာသာတရားနဲ့ မွေ့လျော်နေထိုင်
လာခဲ့မယ်ဆိုရင် အခုလို မင်းပြစ်မင်းဒဏ်ဆိုတာလည်း
ဖြစ်ပေါ်လာမှ မဟုတ်ပါဘူး။ အခု ခင်ဗျားတို့က
ပညာကို မစွန့်ဘဲ မင်းပြစ်မင်းဒဏ်ကို
လက်ခံပြီးအဝေးတစ်နေရာမှာ
ဒီပညာနဲ့လုပ်ကိုင်စားနေမယ်ဆိုရင်လည်း
တစ်နေ့မဟုတ် တစ်နေ့မှာ ကျွမ်ကျင်နိုင်နင်းတဲ့
ဆရာနဲ့တွေ့ပြီး ခင်ဗျားတို့ပဲ ခံစားကြရမှာပါ
ဒါကြောင့် ဆရာပြောချင်တာက လူ့ဘဝမှာ
ဖြစ်လာရတဲ့ ကောင်းမှု မကောင်းမှု မှန်သမျှဟာ
ဘယ်သူကမှ ပြုပြင်ဖန်တီးပေးခဲ့လို့ ဖြစ်လာတာ
မဟုတ်ဘူး မိမိကိုယ်တိုင် ပြုလုပ်ခဲ့လို့
မိမိကိုယ်တိုင် ခံစားရတာ ဖြစ်တယ်လို့
ခင်ဗျားတို့အားလုံး နားလည်သဘောပေါက် စေချင်ပါတယ်
အခုကိစ္စမှာလည်း ကိုယ်တိုင် မပြတ်မသား
ဖြစ်နေခဲ့ရင် တိုင်ပင်ခဲ့ပြီး သူတို့ရဲ့
အမြော်အမြင် အသိတရားတွေကို လက်ခံကာ
တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်စေချင်တယ်”
ဆရာဥာဏ်ပွါးက ရှင်းလင်းပြောပြလိုက်သဖြင့်
မစိန်မှုံနှင့် မလုံးခင်တို့မှာ တစ်ယောက်နဲ့တစ်ယောက်
မျက်နှာချင်းဆိုင်ကာ အတော်ကြာကြာဆွေးနွေးတိုင်ပင်
ကြသည်ကို တွေ့ရသည်။မိဘများမှာလည်း
ရာဇဝတ်ဘေးဒဏ်ခံကြရမည့် သမီးများအတွက်
သောကမျက်ရည် ဆူဝေနေသော နှလုံးသားတို့ဖြင့်
ဂနာငြိမ်အောင် ထိုင်မနေနိုင်ဘဲ မစိန်မှုံ
မလုံးခင်တို့ နားသို့ ကပ်ခါ တိုးတိုးတိတ်တိတ်
ဆွေးနွေးပြီးသောအခါ မစိန်မှုံရော မလုံးခင်ပါ
ဆရာဥာဏ်ပွါးဘက်သို့ လှည့်လာကြပြီ။


“ဆရာပြောသလို သူကြီးမင်းလည်း
ကျေနပ်သွားအောင် ကျမဒို့ အားလုံးက
ပညာကို ရာသက်ပန်စွန့်လွှတ်ပြီး
မိဘများနှင့် အိုးမကွာ အိမ်မကွာ နေထိုင်သွားမယ်ဆိုတာ
ဆုံးဖြတ်ပြီး ကတိပေးပါတယ် ဆရာ”
မစိန်မှုံ မလုံးခင်နှင့် နောက်ပါ စုန်းပညာရှင်များက
စုန်းပညာများကို စွန့်လွှတ်ပြီး အများနည်းတူ
လုပ်ကိုင်စားသောက်သွားမည်ဟု ပြောဆိုလာသဖြင့်
ဆရာဥာဏ်ပွါးမှာ အလွန်ပင် ဝမ်းသာသွားခဲ့ရပါသည်။
စိတ်ထဲကလည်း သာဓုအကြိမ်ကြိမ်ပင် ခေါ်နေမိသေး
သည်။
“ဆရာ ဝမ်းသာပါတယ် သူကြီးမင်းအပါအဝင်
တစ်ရွာလုံးလည်း ဝမ်းသာကြမှာပါ
ဒါပေမဲ့ ခင်ဗျားတို့က ပညာသည်တွေ ဖြစ်နေတဲ့
အတွက် ပါးစပ်နဲ့ ပြောရုံနဲ့ မပြီးသေးပါဘူး
သူကြီးမင်း ရှေ့မှောက်မှာ ရာသက်ပန်
စွန့်လွှတ်ကြောင်း ရွာသားများသိအောင်
လက်မှတ်ရေးထိုးပြီး သစ္စာရေကို ကျေနပ်စွာ
ခံယူသောက်သုံးကြပါဦးလို့ ထပ်ပြီး ပြောလိုပါတယ်”
မစိန်မှုံ မလုံးခင်နှင့် စုန်းအတတ်ပညာရှင်
ခြောက်ယောက်တို့မှာ သူကြီးမင်းနှင့် ရွာသားများ
ရှေ့မှောက်တွင် စွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုး
ကြပြီး သောက်ရေခွက်များ ကိုယ်စီကိုင်ကာ
ဆရာဥာဏ်ပွါးရှေ့မှ တိုင်ပေးသည့်အတိုင်း
ညီညာစွာ လိုက်ဆိုကြပြီး သစ္စာရေများအား
ကျေနပ်စွာ သောက်သုံးခဲ့ကြလေသည်။
“ကျွန်ပ်သည် လူအများမကြိုက် မနှစ်သက်သော
ဤစုန်းပညာရပ်များအား သူကြီးမင်းနှင့်
ရွာသားများ ရှေ့မှောက်တွင် ဤနေ့မှစ၍
ရာသက်ပန် စွန့်လွှတ်လိုက်ပါသည်။
နောက်နောင်တွင် ထိုစုန်းပညာအား
ပြန်လည်ဆောင်ထားခြင်း အသုံးပြုခြင်း
အခြားသူတစ်ဦးဦးအား သင်ကြားပေးခြင်းများ
ပြုလုပ်ပါက သားရဲတိရစ္ဆာန်တို့၏
ကိုက်ဖဲ့စားခြင်း ခံရ၍ဖြစ်စေ သွေးအန်၍ဖြစ်စေ
အခြားအသေဆိုးတစ်ခုခုဖြင့်ဖြစ်စေ
သေရပါစေသော်။သေလွန်ပြီးနောက်ကာလ၌လည်း
လူ့ဘဝသို့ မရောက်ရှိဘဲ ယုတ်ညံ့ဆိုးဝါးသော
ဘဝများစွာမှာ ကျင်လည်ခံစားရပါစေသား
ဤမှန်သော သစ္စာစကားဖြင့် သစ္စာရေကိုလည်း
သောက်သုံးပါ၏”
ထိုကဲ့သို့ သစ္စာရေများ သောက်သုံးပြီးစီးသွားသောအခါ
သူကြီးများကလည်း စောစောက ဆရာလေး ဥာဏ်ပွါး
အပ်ထားသော ဂဝံဏမျက်နှာဖုံး ရုပ်ကလေးအား
ရွာသားများရှေ့မှောက်တွင် မီးဖိုထဲသို့ ထည့်ကာ
ဖျက်ဆီးပစ်လိုက်လေသည်။
ဤကဲ့သို့ ဖြစ်လာရမည်ဟု လုံးဝမျှော်မှန်းမထားခဲ့ကြပါ။
သို့သော်အကြောင်းတရားတို့က တိုက်ဆိုင်စွာ
ဖြစ်ပေါ်လာခဲ့သဖြင့် ထိုသူတစ်ခု၏ အတတ်ပညာအား
ရာသက်ပန်စွန့်လွှတ်လိုက်ရခြင်းမှာလည်း
သူတို့၏ ဘဝအတွက် ယခင်ကထက် ကောင်းမွန်
သာယာသော ဘဝတစ်ခုသို့ ရောက်ရှိသွားခဲ့ကြလေပြီဟု
ဆရာဥာဏ်ပွါးတစ်ယောက် မုဒိတာပွါးကာ
ဝမ်းသာကြည်နူးနေမိသည်မှာ အမှန်ပင်
ဖြစ်ပါတော့သည်။

ပြီးပါပြီ

Leave a Comment