ကျောက်တလားချောင်း

” ကျောက်တလားချောင်း ” (စ/ဆုံး)
မူရင်းရေးသူ—ဆရာတာတေ
+++++++++++

ကျောက်တလားချောင်းတဲ့ဗျား။ ကျုပ်တို့ရွာ
နဲ့တော့ လှမ်းပါသေးတယ်။ဂုံးတောတို့၊
ယုံလွတ်တို့၊ မြောက်ရိုးတို့ဘက်မှာဗျ။
ဘာကြောင့် ဒီနာမည်ခေါ်တယ်ဆိုတာတော့
ကျုပ်လည်း သေသေချာချာ မသိပါဘူးဗျာ။
တစ်ချို့က ပြောတာတော့ လပြည့်ညဆိုရင်
ချောင်းထဲမှာ ကျောက်တလားကြီးတစ်လုံးပေါ်နေတယ်တဲ့ဗျ။
အဲဒီ့ ကျောက်တလား
ကြီးထဲမှာ ရွှေ၊ ငွေ၊ ရတနာတွေ အပြည့်ရှိ
တယ်ဆိုပဲ။ အဲဒါ ကျောက်တလားသိုက်က
ဥစ္စာစောင့်တွေ စောင့်နေကြတဲ့ သိုက်လို့ပြောတယ်ဗျ။
တာတေကလည်း ကျောက်တလားချောင်းကိုလပြည့်ညတွေဖြတ်ကူးဖူးပါတယ်။ သူတို့ပြောတဲ့ ကျောက်တလားကြီးတော့ တစ်ခါမှ မတွေ့
ပါဘူးဗျာ။ တစ်ချို့ကလည်း ပြောကြသေးတယ်ဗျ။ညနေမိုးချုပ်စဆိုရင် ကျောက်တလားချောင်းထဲမှာ ကြေးစည်သံတွေ ခေါင်းလောင်းသံတွေ
ကြားရတယ်ဆိုပဲ။
ချောင်းကလည်း နွေမှာပါ ရေရှိတဲ့ချောင်းဗျ။ နွေဘက်ဖြတ်ကူးရင်တောင်ရေကဒူးဆစ်လောက်တော့ မြုပ်သေးတာ။ ရေခန်းချောင်း
မဟုတ်ဘူး။
ဒီချောင်းက ဘယ်အထိစီးသွား
တာလဲ ဆိုတာ ဘယ်သူမှတိတိကျကျ မသိ
ကြပါဘူးဗျာ။ ကျုပ်လည်း မသိဘူး။
တစ်ချို့က ပြောတော့ ကျောက်တလားချောင်းက
ယင်းချောင်းထဲကို စီးဝင်လာလို့ပြောတယ်။
တစ်ချို့က ပြောတော့လည်း တောနက်ကြီး
ထဲမှာ ပျောက်သွားတယ်ဆိုပဲဗျ။
ပြောရရင်တော့ ကျောက်တလားချောင်း ပုံပြင်တွေက
ဆုံးတော့မှာ မဟုတ်ပါဘူးဗျာ။
“တာတေ နင့်ကို ဆရာတော် ဦးဂုဏခေါ်လို့
ဆို၊ နင်မကောင်းသွားဘူးလား”
ကျုပ် အိမ်ရှေ့က တန်းလျားခုံလေးမှာထိုင်ပြီး
စာအုပ်တစ်အုပ်ဖတ်နေတာဗျ။စာအုပ်ကလည်း
စာအုပ်ကလည်း ပြဲတောင်နေပါပြီဗျာ။ ‘ကြမ္မာ
ဒိုက်မင်းကြီးဝတ္ထု’တဲ့ဗျ။
စာရွက်တွေလည်း ဝါညစ်ပြီး တစ်ချို့နေရာတွေမှာ ခြတွေကိုက်လို့
အပေါက်တွေတောင် ဖြစ်နေတာဗျ။ ဒီစာအုပ်ကို ရွာထဲက
ကိုကြီးအောင်ခင်တို့အိမ်မှာ တွေ့လို့ယူပြီး ဖတ်နေတာပါဗျာ။
တော်တော်ရှေးကျတဲ့ပုံပြင်တွေပေါ့ဗျာ။ အစွမ်း
သတ္တိရှိတဲ့ သရဲတစ်ကောင်က လူတွေကို ဖုတ်
ဝင်ပြီး ပြောတဲ့ ဇာတ်လမ်းတွေဗျ။
ဖတ်လို့ကတော့ အကောင်းသားပဲ။ အမေ့အသံကြားတော့
ကျုပ်က ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်တင်လိုက်ရတယ်။
“ကျုပ်သွားပါပြီးပြီဗျ၊ ဆရာတော်ကစတုမဓူ
ဆေးကျိုးခိုင်းတာပါဗျာ။စတုမဓူက မီးနွေးနွေး
လေးနဲ့ စိတ်ရှည်လက်ရှည်မွှေ
ပေးရတာလေအမေရာ။
တခြားသူတွေ ကျိုခိုင်းရင် စိတ်မ
ရှည်ကြတော့ မီးပြင်းတွေ ပေးလိုက်ရင်
ဆေးအာနိသင် ပျက်မှာဆိုးလို့တဲ့ဗျို့”
“အင်း– နင့်ဆရာတော်ကလည်း တာတေမှ
တာတေ ဖြစ်နေတာနော်။ ကြည့်လေ ဆေး
ကျိုတာတောင် တာတေကျိုမှ စိတ်တိုင်းကျ
တာ ”
ကျုပ်အမေပြောတာကို နားထောင်ရင်း
နဂါးဆေးပေါ့လိပ်ကလေးဖွာနေလိုက်တယ်။ အမေပြောတာ ဟုတ်တော့လည်းဟုတ်သားဗျ။
သြော် …ဆရာတော်လည်း
သက်တော်ကလေးရလာတော့ လူကြီးတွေ
ရဲ့ သဘာဝကို ပြောင်းလာတာနေမှာပေါ့လို့ ကျုပ်တွေးလိုက်မိတယ်။
“တာတေရေ…တာတေ”
“ဟဲ့ …ဘယ်သူတုံးတာတေ၊ ဝိုင်းဝက
ခေါ်နေတာ”
အမေက မျက်မှောင်ကလေးကြုပ်ပြီး ဝိုင်းဝ
ကို ကြည့်နေတယ်ဗျ။ ကျုပ်လည်း ဝိုင်းဝကို
လှမ်းကြည့်လိုက်မိတယ်။
“ဟင်…တောင်ပိုင်းက ကိုပြည်သိန်းကြီးဗျ။
ဒီလူ ကျုပ်ဆီကို တစ်ခါမှ မလာဘူးပါဘူး”
“ပြည်သိန်း ဟုတ်လား၊ ကြည့်လုပ်နော်
တာတေ၊ သူ့အဖေ မြဒင်က ဘဝင်ခပ်ကိုင်
ကိုင်ဟဲ့၊ လူတိုင်းကို အဖော်လုပ်တာ မဟုတ်ဘူး”
“ကိုပြည်သိန်းကြီး လာလေဗျာ”
ကျုပ်က လှမ်းခေါ်လိုက်တော့မှ ကိုပြည်သိန်း
က ဝင်လာတာဗျ။ အမေပြောတာလည်း ဟုတ်
သားဗျ။ ဒီလူတွေ မိသားစုက ရွာထဲက လူတွေ
နဲ့ သိပ်ရောရောနှောနှော မနေကြဘူး။ မေးထူး
ခေါ်ပြောလောက်ပဲနေကြတာ။ သူ့အစ်ကိုကကိုကျော်သိန်းတဲ့ဗျ။
သူတို့မှာ ညီအစ်ကို နှစ်ယောက်ပဲ ရှိကြတာ။
သူတို့အဖေ ဦးမြဒင်က ရွာမှာတော့ လူချမ်း
သာတစ်ယောက်ပေါ့ဗျာ။
သူတို့ပိုင်တဲ့ယာတွေလည်း အများသားဗျ။ ဒီလူတွေက ဟိုနား ဒီနား
တောင် မြင်းနဲ့ သွားကြတာ။ သူတို့အိမ်မှာမြင်း
နှစ်ကောင်တောင် ရှိတယ်ဗျ။ နှစ်ကောင်လုံး
မြင်းကောင်းကြီးတွေချည်းပဲ။
“မင်းကို တွေ့မှတွေ့ပါမလားလို့ စိတ်ပူနေ
တာဟေ့”
ကိုပြည်သိန်းက အိမ်ပေါ်ကိုတက်လာရင်း
ပြောတာဗျို့။
“လာ …ကိုပြည်သိန်းကြီးထိုင် အကြမ်းလေး
သောက်ဦး”
ကျုပ် အကြမ်းတစ်ပန်းကန်ငှဲ့ပေးလိုက်တယ်။
နဂါးဆေးပေါ့လိပ်ကလေးတစ်လိပ်လည်း မီးညှိပြီးကမ်းပေးလိုက်တယ်။ ကိုပြည်သိန်းကလည်း အကြမ်းသောက်ရင်း ဆေးပေါ့လိပ်ကလေးဖွာလို့ဗျ။
“ကိုပြည်သိန်း ဘယ်ကလှည့်လာတာတုံး”
“ဘယ်ကမှ လှည့်လာတာ မဟုတ်ဘူး၊ မင်းဆီ
ကိုပဲ တန်းလာခဲ့တာ”
“နို့ …ကိစ္စအထွေအထူးများ ရှိနေလို့လားဗျ”
“ကိစ္စကထူးဆို မကြားဘူးတဲ့ ကိစ္စလို ဖြစ်နေ
လို့ကွ တာတေရ”
“ဘာကိစ္စများတုံးဗျာ”
ကျုပ်လည်း ကိုပြည်သိန်းစကားကို ကြားတော့
တော်တော်ကို သိချင်သွားတာဗျို့။
“ငါ့အစ်ကို ကျော်သိန်းကို တစ္ဆေကိုက်လိုက်
လို့ကွ”
“ဗျာ…တစ္ဆေကိုက်လိုက်တယ် ဟုတ်လား”
“အေး…အဲဒါကြောင့် ငါပြောတာ ကိစ္စက
မကြားဘူးတဲ့ ကိစ္စလို့ ”
“ကျုပ်လည်း မကြားဖူးဘူး ကိုပြည်သိန်းရဲ့၊
နို့ …ဘယ်က တစ္ဆေက ကိုကြီးကျော်သိန်း
ကို ကိုက်လိုက်တာတုံးဗျ”
“ကျောက်တလားချောင်းက တစ္ဆေကွ”
“ဟင်…တစ္ဆေကိုက်တာရော ဟုတ်ရဲ့လားဗျာ”
“ဟုတ်တယ် …တာတေ၊ ဟုတ်တယ်။ ကျော်
သိန်း သေသေချာချာ ပြောတာ။ကဲ…ဒီလိုလုပ်
ကွာ၊ မင်းအားရင် ခဏလောက် ငါတို့အိမ်ကို
ကြွပါကွာ”
“ဟာ…ကိုပြည်သိန်းကလည်း ဘယ့်နှယ်
ကြွပါတုံး၊ ကျုပ်က ဆရာမှ မဟုတ်တာ”
ကျုပ်ကို ဆရာလို ပင့်နေပြန်ရောဗျား။
“ဒါကတော့ တာတေရယ်၊ သူ့နေရာနဲ့သူ
အထာဆိုတာတော့ ရှိတာပေါ့ကွာ”
“ဟာ…ကိုပြည်သိန်းရယ်၊ ကျုပ်က ဘာမှ
မရှိပါဘူးဗျာ။ ဘယ်သူပဲ ဒုက္ခရောက်ရောက်
ကျုပ်က ကူညီချင်တာပဲ ရှိတာပါဗျာ။ ကဲ…
ဒါဆိုလည်းသွားမယ်၊ ကိုကြီးကျော်သိန်းကို
မေးစမ်းကြည့်ရမှာပေါ့ဗျာ”
ကျုပ်တို့ ဘိုးမြဒင်ကြီး အိမ်ရောက်တော့ ဘိုးမြဒင်တို့လင်မယားက ကျုပ်ကို ဝမ်း
သာအားရနဲ့ကို ဆီးကြိုကြတာဗျို့။
“ကိုကြီးကျော်သိန်းက ဘယ်မှာတုံးဘိုးရဲ့”
“ရှိတယ်ကွ တာတေရ၊ မင်းကိုကြီးကျော်သိန်း
အိပ်ခန်းထဲမယ်”
ကျုပ်နဲ့ ကိုပြည်သိန်းက ကိုကျော်သိန်းအခန်း
ထဲကို ဝင်လာခဲ့တယ်။ ကိုကြီးကျော်သိန်းက
ပက်လက်ကုလားထိုင်လေးမှာ ထိုင်နေရာ
ကနေ ပြုံးပြီး ကြိုတယ်ဗျ။
“လာဟေ့ …တာတေ၊ မင်းကို ငါခေါ်ခိုင်း
တာကြ”
“ဟုတ်ကဲ့ …ကိုပြည်သိန်းပြောမှ ကျုပ်သိ
တာဗ်”
“အေးကွာ…ငါ့မှာလည်း အထူးအဆန်းတွေ
ကို ဖြစ်နေတာဟေ့”
“နို့ …တစ္ဆေက ဘယ်နားကို ကိုက်လိုက်
တာတုံးဗျ၊ ကျုပ်ကို အနာပြပါဦး”
“လက်မောင်းကို ကိုက်တာကွ၊ ဟောဒီ့မယ်”
ကိုကြီးကျော်သိန်းက ဝတ်ထားတဲ့ရှမ်းအင်္ကျီ
အကွက်ကလေးကို ကြယ်သီးနှစ်လုံးဖြုတ်ပြီး
ပုခုံးကို လှန်ပြတယ်ဗျ။
ဟာ …၊ ဟုတ်သားပဲ။ နည်းတဲ့သွားရာကြီးမှ
မဟုတ်တာ။ အစွယ်နှစ်ချောင်းအရာပါတယ်
ဗျ။ ဒီတစ္ဆေကအစွယ်ပါထွက်နေတာဗျို့။
“ဘယ်လိုဖြစ်တာတုံးဗျ၊ ကိုကြီးကျော်သိန်းရ”
“အဲဒီ့နေ့က ငါ ယုံလွတ်ကိုသွားတာဟေ့၊
အဲဒီ့မှာ ငါတို့အဘငွေပေးထားတာရှိတယ်။
အဲဒီ့ကိစ္စသွားတာ။ ငါစီးနေကျ တိမ်ပျံကြီး
နဲ့ သွားတာကွ”
တိမ်ပျံဆိုတာက ကိုကြီးကျော်သိန်းစီးနေကျ
မြင်းညိုကြီးကိုပြောတာဗျို့။ နဲနဲနှောနှော
ဒေါက်ကြီးမဟုတ်ဘူးဗျ။ ရွာထဲများ စီးသွား
တဲ့အခါဆိုရင် ခြံစည်းရိုးတွေအပေါ်မှာ မြင်း
ကုံးနှီးကကျော်နေတာဗျို့။
“အပြန်မှာ ငွေတွေလည်း ပါလာတော့ ငါက
သတိနဲ့ ပြန်လာတာကွ။ ကျောက်တလား
ချောင်းကို ဖြတ်တဲ့အချိန်မှာ၊ မှောင်တရီဖြစ်
နေပြီ။ ဒါပေမဲ့ လပြည့်ညဆိုတော့ လထွက်
စအလင်းရောင်ကလေးတော့ မြင်နေရပြီကွ၊
အဲဒီ့တုံးမှာပဲ ငါ့မြင်းပေါ်ကို လူတစ်ယောက်
ခုန်တက်သလို ဖြစ်သွားတာကွ၊ ငါလည်း
လန့်သွားပြီး လှည့်ကြည့်လိုက်တော့၊ လူ
မဟုတ်ဘူးဟေ့။ တစ္ဆေ…တစ္ဆေ။ သွားအ
ကျဲသားနဲ့ ငါ့ကိုရယ်ပြနေတယ်။ ငါလည်း
လန့်သွားတာရော ပါလာတဲ့ငွေတွေကိုစိုး
ရိမ်တာရောဆိုတော့ ဘာမှမတွေးတော့
ဘဲ ငါ့နောက်ကျောမှာ ကပ်ပြီးပါလာတဲ့
တစ္ဆေကို တံတောင်နဲ့ လှမ်းတွတ်တာပေါ့
ကွာ၊ မြင်းကလည်းလန့်ပြီး ဟီရောဟေ့။
ပြီးတော့ ချောင်းထဲမှာ ဒုန်းဆိုင်းပြေးတာ
ကွ။ ရေသံမှ တဝုန်းဝုန်း ဖြစ်နေတာဟေ့၊
ငါလည်းတစ္ဆေကို တံတောင်နဲ့ ဆက်တိုက်
တွတ်တာပေါ့ကွာ။ ဒီမှာတင် တစ္ဆေက
စိတ်ဆိုးပြီး၊ ငါ့ပုခုံးကို ကိုက်လိုက်တာဟေ့၊
ကျောက်တလားချောင်း တစ်ဖက်တစ်
ကမ်းကိုရောက်တော့ ဒီကောင် မြင်းပေါ်
ကနေ ခုန်ဆင်းသွားတယ်။ ငါလည်း မြင်း
ကို ဒုန်းစိုင်းတော့တာပေါ့ကွာ၊ရွာကိုဘယ်
လိုရောက်လာမှန်းတောင် မသိပါဘူးကွာ”
“အခု ဒီအနာကို ဘာဆေးတွေထည့်တုံး”
“ဟာ…ဆေးကလည်းစုံပြီဟေ့၊ ပရောဂ
ဆရာရော ဆေးရော တော်တော်စုံသွားပြီ၊
ငါလည်း ဒီကိစ္စလူသိမခံချင်တာနဲ့ ကြိတ်
ပြီး ကုနေတာကွ၊ အခုဟာက ဘယ်လို့
မရတော့ဘူးကွ၊ လက်မောင်းကြီးပါ
ရောင်နေပြီ တာတေရ”
ကျုပ်ခေါင်းညိတ်လိုက်တယ်။
“ကျုပ်လုပ်ပေးပါ့မယ် ကိုကြီးကျော်သိန်း”
“အေးကွာ တာတေရ၊ ငါ့ကို ကူညီပါဦးကွာ
မင်းလိုတာရှိရင် ပြောပါကွာ”
“ဒီည ခုနှစ်နာရီလောက်ကျရင် ကျုပ်လာ
ခဲ့မယ်။ ကျုပ်ကို ကြက်ကြီးကြီးတစ်ကောင်
အူစုံ၊ အသဲစုံ၊ ခေါင်း၊ ခြေထောက်အစုံချက်
ပေးထားပါ။ ဆန်တစ်ပြည်လည်းချက်ဗျာ။
ပြီးရင် ငှက်ပျောဖက်နဲ့ ထမင်းရော ဟင်း
ရော ထည့်ပြီး ထမင်းထုပ် ထုပ်ထားဗျာ။
ပြီးတော့ ထမင်းတောင်းကလေးထဲ ထည့်
ထားပေါ့။ ကျန်တာတွေ ကျုပ်လုပ်မယ်”
“ဟာ…စိတ်ချတာတေ၊ စိတ်ချ။ ငါအခုပဲ
ကြက်သွားဝယ်ပြီး ချက်မယ်”
ကိုပြည်သိန်းက ပြောသဗျ။ ကျုပ်လည်းအိမ်
ပြန်လာပြီး ကျောက်ခဲကို ဒေါ်တုတ် အခေါ်
လွှတ်လိုက်ရတာပေါ့ဗျာ။ မီးလောင်ကုန်းက
နေ ကျောက်ခဲပြန်ရောက်လာတော့၊ ညနေ
တောင် တော်တော်စောင်းနေပြီဗျ။
“ကိုကြီးတာတေရေ ဒေါ်တုတ်က ဆပ်သ
မြောင်ဘက်ကို သွားနေလို့ ကျုပ်စောင့်ခေါ်
နေရတာဗျို့”
“သြော်—အေး အေး”
အမေက ဒေါ်တုတ်ကို ထမင်းကျွေးပြီးဧည့်
ခံထားတယ်ဗျ။ ကိုကြီးကျော်သိန်း တစ္ဆေ
ကိုက်ခံရတဲ့အကြောင်းကို ပြောပြနေရော
ဗျို့။ ညရှစ်နာရီထိုးမှာပဲ ကျုပ်တို့ ဘိုးမြဒင်
အိမ်မှာ ထမင်းတောင်း သွားယူကြတယ်။
ထနောင်းကုန်းသင်္ချိုင်းရောက်တော့ ညရှစ်
နာရီခွဲဗျ။ ကျုပ်ထုံးစံအတိုင်း အားလုံးလုပ်
ပြီး မဖဲဝါကို ပင့်တာပါဗျာ။ မဖဲဝါက ထမင်း
စားရင်း ကျုပ်မေးတာကို ဖြေတယ်
“တာတေ အဲဒီတစ္ဆေကောင်က မကြမ်းပါ
ဘူး၊ကျော်သိန်းက သွားပြီး ရန်မူလို့ ကိုက်
လိုက်တာပါ၊တစ္ဆေကိုက်တာကို လွယ်လွယ်
နဲ့ ကုလို့ရတာ မဟုတ်ဘူး၊ ရက်ကြာရင်သေ
တတ်တယ်။အဲဒီ့တစ္ဆေကိုပဲ ဆေးသွားတောင်း
မှရမယ်။ နဲနဲပါးပါးကျွေးမွေးပြီး တောင်းပေါ့”
မဖဲဝါကတော့ ဒီလောက်ပဲ ပြောသွားတာ
ဗျ။ နောက်နေ့ဆိုရင် လပြည်နေ့လေ၊ ကျုပ်
တွေးတယ်။ ဒီလိုညမျိုးမှာ ကိုကြီးကျော်သိန်း
တစ္ဆေအကိုက်ခံရတာဗျ။အင်း ဟုတ်ပြီ ကျုပ်
စီစဉ်ပြီဗျို့။ ဘိုးမြဒင်ကို အမဲသားဟင်းနဲ့ ဆန်
တစ်ခွက်ချက် ထမင်းထုပ် ထုပ်ခိုင်း ရတာပေါ့
ဗျာ။ ပြီးတော့ တိမ်ပျံကြီးကို တောင်းတယ်၊
ပေးတယ်ဗျာ၊ ကျုပ်လိုချင်တာအားလုံး ပျာ
ပျာသလဲပေးတာပေါ့ဗျာ။ မဖဲဝါက ကြာရင်
သေနိုင်တယ်လို့ ပြောသွားတာကို ကျုပ်က
ပြန်ပြီး ပြောပြလိုက်တာကိုးဗျ။
ညနေစောင်းတော့ ထမင်းထုပ်ကို လွယ်
အိတ်ထဲထည့်စလွယ်သိုင်းလွယ်ပြီး တိမ်
ပျံကြီးနဲ့ ကျုပ်ထွက်လာခဲ့တယ်။ ကျောက်
ခဲတော့ ခေါ်လို့ဘယ်ဖြစ်မှာတုံးဗျာ။ ကျုပ်
တစ်ယောက်တည်းပေါ့။ ပြီးတော့ ကျုပ်
ယူသွားနေကျ ဆေးဝါးတွေလည်း အား
လုံးထားပစ်ခဲ့ရတော့ အဲဒါတွေပါရင် တ
စ္ဆေ ကျုပ်နား ကပ်မရမှာစိုးလို့ဗျို့။
ကျုပ်က တိမ်ပျံကြီးကို ယုံလွတ်ဘက် အထိ
စီးသွားတယ်။ မှောင်စပျိုးတော့မှကျောက်တ
လားချောင်းဘက်ကို အသားကျ စီးလာခဲ့တာ
ဗျ။ ပြီးတော့ ကိုကြီးကျော်သိန်းဆင်းခဲ့တယ်ဆို
တဲ့ နေရာကပဲ ချောင်းထဲကို ဆင်းလာခဲ့တာ။
ကျုပ်ချောင်းထဲဆင်းတော့ပဲ မှောင်နေပြီဗျ။
အရှေ့ဘက်က လထွက်စပြုနေပြီဆိုတော့
ချောင်းထဲမှာ နဲနဲကလေးလင်းနေတာပေါ့ဗျာ။
ကျုပ်ကမျက်ကွင်းဆေး ကွင်းလာတာဆိုတော့
ချောင်းထဲ ဆင်းလာကတည်းက အခြေအနေ
ကို အကဲခတ်လိုက်တာပေါ့ဗျာ။
သြော်…လက်စသတ်တော့ တစ္ဆေကောင်က
ဘန့်ဘွေးပင်ပေါ်မှာဗျာ။ ကျကျနနကို ထိုင်နေ
တာဗျို့။ သူကျုပ်ကိုတွေ့တယ်၊ အကဲခတ်နေ
တာဗျ။ ကျုပ်ကတော့ သူ့ကို မြင်နိုင်ပေမယ့်
မမြင်သလိုနေရတာပေါ့ဗျာ။ ဟော…ဟော
ဒီကောင်လှုပ်လာပြီဗျို့။ ကျုပ်က တိမ်ပျံကို
ခပ်ဖြေးဖြေးပဲ ချောင်းရေထဲဆင်းခိုင်းနေတာ
ဗျ။သြော်…ဒီကောင်က နွယ်ကြိုးနဲ့ ဆင်းလာ
တာဗျို့။ ဟော…ဒီကောင် ကျုပ်မြင်းပေါ်ကို
ခုန်တက်တော့မယ်။ ခုန်ပြီ—
“ဘုတ်”
တိမ်ပျံလန့်သွားတယ်။ ကျုပ်က တိမ်ပျံကို
အသာကလေး ထိန်းလိုက်တယ်။ ပြီးတော့
နောက်ကို လှည့်ကြည့်တယ်။ အောင်မယ်
တစ္ဆေက ကျုပ်ကို သွားအကျဲသားနဲ့ ရယ်
ပြနေတယ်ဗျ။
“ခင်ဗျား ဘယ်ကို သွားချင်လို့တုံး”
ကျုပ်က သူ့ကို လှည့်မေးလိုက်တော့ တစ္ဆေ
အံ့သြသွားတယ်ဗျ။ ပြီးတော့ တစ်ဖက်ကမ်း
ကို လက်ညှိုးထိုးပြတယ်။ ဒီတစ္ဆေစကားမ
ပြောနိုင်ဘူးဗျ။ သွားကတော့အကျဲသားနဲ့
ရယ်နေတာဗျို့။ မဖဲဝါပြောတာ ဟုတ်သား
ဗျ။ဒီကောင် ရိုင်းရိုင်းစိုင်းစိုင်း ဟုတ်ပုံမရဘူး။
ဟော…ဟော …၊ ဒီကောင် ကျုပ်လွယ်အိတ်
ထဲက ထမင်းထုပ်အနံ့ရသွားပြီဗျို့၊ နှာခေါင်း
ကလေးရှုံ့ရှုံ့နေတယ်။ အသားကတော့မည်း
နက်နေတဲ့ကောင်ဗျ။ အောက်ပိုင်းမှာ ပုဆိုးတို
တိုလေး ဝတ်ထားတယ်။ ဒူးခေါင်းလောက်ပေါ့
ဗျာ။ အပေါ်ပိုင်းမှာတော့ အင်္ကျီမပါဘူး ကိုယ်
တုံးလုံးနဲ့။
“ဟိုဘက်ကမ်းရောက်တော့ ခင်ဗျားကို
ထမင်းကျွေးမယ် ကိုတစ္ဆေ”
တစ္ဆေက ဝမ်းသာသွားတဲ့ပုံဗျ။
“ဒါပေမယ့် ကိုတစ္ဆေ ခင်ဗျားကို ကျုပ် ပြော
ရဦးမယ်၊ ဟိုတစ်ခါ လပြည့်ညတုံးက၊ ကျုပ်
အစ်ကို ကို ကိုက်လိုက်လွှတ်လိုက်တာ အနာ
ဖြစ်နေတယ်ဗျ။ အဲဒါ ဆေးလိုချင်လို့လာတာ၊
ပြီးတော့ ကျုပ် အစ်ကိုက ခင်ဗျားကို ရန်မူလို့
ကိုက်လိုက်တယ်ဆိုတာ ကျုပ်သိပါတယ်။ အဲ
ဒီအတွက်လည်း ကျုပ်အကိုရဲ့ကိုယ်စား ကိုတ
စ္ဆေုကို ကျုပ်က တောင်းပန်ပါတယ်။ ဟိုဘက်
ကမ်းကို ရောက်ရင် ကိုတစ္ဆေက ခင်ဗျားကိုက်
လိုက်တဲ့ အနာပျောက်မဲ့ဆေး ကျုပ်က ကိုတ
စ္ဆေကို အမဲသားဟင်းနဲ့ ထမင်းကျွေးပါမယ်၊
ကဲ—ဘယ်နှယ့်တုံး”
အသားမဲနက်ပြီး သွားအကျဲသားနဲ့ ရယ်နေ
တဲ့ တစ္ဆေက ခေါင်းညိတ်ပြတယ်ဗျ။ ကျောက်
တလားချောင်းရဲ့တဖက်ကမ်းလည်းရောက်
ရော တစ္ဆေက တိမ်ပျံကြီးပေါ်ကနေ ခုန်ချပြီး
ဖျတ်ကနဲ ပျောက်သွားတယ်ဗျ။ကျုပ်ကတော့
တိမ်ပျံကို ဇောင်းချမ်းပင်အောက်ဆွဲသွားပြီး
ကြိုးချည်ထားလိုက်တယ်။ ပြီးတော့ တစ္ဆေ
ကို ထမင်းကျွေးဖို့ နေရာရှာတာပေါ့ဗျာ။
ဟော…တွေ့ပြီ။ ဇောင်းချမ်းပင်နဲ့ မလှမ်းမကမ်း
မှာ ကျောက်ပြားကြီးဗျ။ ဘေးမှာက မြရာပင်တွေ
ပေါက်နေတယ်။ပြီးတော့ ဘိစပ်တောလေးလေး
လည်း ရှိတယ်။လရောင်ကလေးကလည်း သစ်
ပင်တွေကို ဖြတ်ပြီး ထိုးကျနေတော့ မလင်းတ
လင်းလေးဗျ။
ကျုပ်ကျောက်ဖျာပေါ်မှာ ထမင်းထုပ် ထုတ်ထား
တဲ့ ငှက်ပျောဖက်ကို ဖြည်ပြီး ဖြန့်ခင်းလိုက်တယ်
အမဲသားဟင်းရဲ့မွှေးချက်ကတော့ဗျာ။ တစ္ဆေမ
ပြောနဲ့။ ကျုပ်တောင် စားချင်သွားတယ်။
ကျုပ်က ထမင်းပွဲဘေးမှာ ရပ်နေတာဗျ။ တော်
တော်ကြာတဲ့အထိ တစ္ဆေရောက်မလာတော့
ကျုပ်စိတ်ပူလာတယ်။ဒီတစ္ဆေ ဘယ်ကိုပျောက်
သွားမှန်း ကျုပ်မသိဘူး။ ပြန်မှလာပါဦးမလား
မသိဘူး။ ကိုကြီးကျော်သိန်းအတွက် ဆေးမ
ပေးလိုက်ရင်တော့ ခက်ရောဗျာ။ ကျုပ် ဟို
ကြည့် ဒီကြည့် လိုက်ကြည့်နေရတော့တာဗျို့။
“ဟီး…ဟီး…ဟီး…ဟီး…”
ဟော…တိမ်ပျံဟီတာဗျ။ ဇောင်းချမ်းပင်မှာ
ချည်ထားတဲ့ တိမ်ပျံကို လှမ်းကြည့်လိုက်တယ်။
ဟော လာပြီဗျို့။ လာပြီ။ မည်းနက်နေတဲ့တစ္ဆေ
က ချုံပုတ်တွေကိုတိုးပြီး ထွက်လာတာဗျ။ ဒါကို
တိမ်ပျံက သိလို့ ဟီလိုက်တာ။
တစ္ဆေ ကျုပ်အနားကို ကပ်လာတယ်။ သူ့
လက်ကို မြှောက်ပြီး ကျုပ်ကို တစ်ခုခုလှမ်း
ပေးတယ်ဗျ။ ကျုပ်က သူပေးတာကို လက်
ဝါးဖြန့်ပြီး တောင်းလိုက်တယ်။ ကျောက်အိုး
လေး သုံးလုံးဗျ။ ကျုပ် သေသေချာချာယူပြီး
ကြည့်လိုက်တော့ ကျောက်အိုးပုတ်ကလေး
တွေဗျ။ကျုပ်ကို တစ္ဆေက ရယ်ကျဲကျဲနဲ့ကြည့်
နေတယ်။
ပြီးတော့ သူ့ရဲ့နားရှည်ရှည်ကြီးဘေးမှာ
သူ့လက်ကိုကပ်ပြီး တစ်ခုခုကို လှုပ်ပြီး နား
ထောင်သလိုလုပ်ပြတယ်။ ကျုပ်သိတယ်။
သိတယ်။ ကျောက်အိုးပုတ်ကလေးတစ်လုံး
ကို ယူပြီး ကျုပ်က နားမှာ လှုပ်ကြည့်တယ်။
“ဖျတ်၊ ဖျတ်၊ ဖျတ် ”
ဟာ ကျောက်အိပုတ်ထဲမှာ အရည်တွေပဲဗျ။
ဒါ ဆေးဖြစ်မယ်ထင်တယ်။ကျုပ်က တစ္ဆေယူ
လာပေးတဲ့ ကျောက်အိုးပုတ်သုံးလုံးစလုံးကို
လှုပ်ကြည့်တယ်။အကုန်လုံးထဲမှာ အရည်
တွေ ရှိတယ်ဗျ။
တစ္ဆေက သူ့ရဲ့လက်မောင်းကို ဆေးလိမ်း
သလို လုပ်ပြတယ်၊ ကျုပ်က သူပြောချင်
တာကိုသိတယ်ဆိုပြီးခေါင်းညိတ်ပြလိုက်
တယ်။ ပြီးတော့ ကျောက်ပြားကြီးပေါ်မှာ
ကျုပ်ပြင်ပေးထားတဲ့ ထမင်းပွဲကို လက်
ညှိုးထိုးပြတယ်။
“ကဲ…ဒီထမင်းတွေ ၊ ဟင်းတွေက ကိုတ
စ္ဆေစားဖို့ ယူလာတာဗျ။ အားရပါးရသာ
စားပေတော့”
ကျုပ်က ပြောလိုက်တော့ တစ္ဆေက ကျုပ်
ကို ရယ်ကျဲကျဲနဲ့ ကြည့်တယ်။ ပြီးတော့ ကျောက်ပြားပေါ်တက်ပြီး
ထိုင်ချလိုက်တယ်။
ဟာ စားပြီးဗျို့။ စားပြီ။ တစ္ဆေအားရပါးရကို
စားတာဗျ။ တစ္ဆေပေးတဲ့ ကျောက်အိုးပုတ်
ကလေးသုံးလုံးကို လွယ်အိတ်ထဲသေသေ
ချာချာထည့်ပြီး ကျုပ်နဲ့ တိမ်ပျံ ကျောက်တ
လားချောင်းက ထွက်လာခဲ့ရောဗျို့။
ရွာရောက်တော့ ကျုပ်ကို စောင့်နေတဲ့ ဘိုးမြ
ဒင်တို့ မိသားစုကို အကျိုးအကြောင်းပြောပြ
တော့ ဝမ်းသာကြတာပေါ့ဗျာ။
ပြီးတော့ ကျုပ်ကိုယ်တိုင်ပဲ ကျောက်အိုပုတ်ကလေးတွေကို
သံစူးကလေးနဲ့ ဖောက်ပြီး အထဲကအရည်
တွေကို ပုလင်းလေးနဲ့ ထည့်ပေးလိုက်တယ်။
ကိုပြည်သိန်းက ကြက်တောင်ကလေးတစ်
ကောင် ယူလာပြီး ဆေးရည်ကို ကြက်တောင်
နဲ့တို့ပြီး ကိုကြီးကျော်သိန်းရဲ့လက်မောင်းက
တစ္ဆေကိုက်ထားတဲ့ အနာကြီးကို လိမ်းပေးရတာပေါ့ဗျာ။


ကျုပ် အိမ်ပြန်ရောက်တော့ အဘတို့အမေ
တို့တောင် အိပ်နေကြပြီဗျ။ နောက်နေ့မနက်
အစောကြီး ကိုပြည်သိန်း ကျုပ်ဆီကို ရောက်လာပြီး ပြောတယ်ဗျ။
“တာတေရေ ကျောက်သိန်းအနားကြီး ညက
နှစ်ခါပဲ လိမ်းရသေးတယ်။ တစ်ဝက်လောက်ကို ပျောက်သွားပြီဟေ့”
ဝမ်းသာအားရကို လာပြောတာဗျ။ သုံးရက်
လောက်နေတော့ ကိုကြီးကျော်သိန်းကိုယ်
တိုယ် ကျုပ်ဆီရောက်လာပြီး သူ့လက်မောင်းကို လှန်ပြတယ်။
“ဟာ”
ကျုပ်ဖြင့် အံ့သြပြီး အော်တောင်အော်လိုက်
မိတာဗျို့။ ကိုကြီးကျော်သိန်းလက်မောင်းမှာ
ဘာဒဏ်ရာမှ မရှိတဲ့အပြင် နဂိုအသားအတိုင်းဖြစ်နေတာဗျ။

ဒီနေရာမှာ လွန်ခဲ့တဲ့ သုံးရက်က နီရဲပြီး
ရောင်ကိုင်းနေတဲ့ အနာကြီးရှိခဲ့တယ်လို့
ပြောရင်တောင် ယုံမယ့်သူ ရှိမှာ မဟုတ်ဘူးဗျို့။

ပြီးပါပြီ။

Leave a Comment