ငနက်ကြီးရဲ့ဆရာ

” ငနက်ကြီးရဲ့ဆရာ “(စ/ဆုံး)
+++++++++++

တာတေဆိုတဲ့ ကျုပ်က အင်မတန်မှ
နှုတ်လုံတဲ့ကောင်ဗျ။ ဒါကြောင့်လည်း
လူမသိအောင် လုပ်ရတဲ့အလုပ်တို့၊ စွန့်စွန့်စားစား
လုပ်ရမယ့်အလုပ်တို့၊ အခြေအနေမဟန်ရင်
အသက်ကို ဖက်ကလေးနဲ့ ထုပ်ပြီး ပြေးရမယ့်
အလုပ်ဆိုရင် ကျုပ်ကိုလာလာပြီး အဖော်
ခေါ်တတ်ကြတယ်ဗျ။
ခင်ဗျားတို့လည်း သိပါတယ်ဗျာ၊
တာတေတစ်ယောက် ဖနောင့်နဲ့ တင်ပါး
တစ်သားတည်းကျအောင် ပြေးခဲ့ရတဲ့
အကြိမ်တွေ မနည်းတော့ပါဘူးဗျာ။
အခုလည်း တာတေကိုယ်တိုင် ပါဝင်ပတ်သတ်ခဲ့တဲ့
အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြချင်လို့ဗျ။
ခင်ဗျားတို့ သိတဲ့အတိုင်းပဲဗျာ။
ကျုပ်တို့အညာဒေသဆိုတာက ပူပြီဆိုရင်
လွှတ်ပူတာလေ၊ အေးပြီဆိုရင်လည်း
မေးရိုက်အောင်ကို အေးတာဗျ။
ဒီနေ့လည်း ပူလွန်းလို့ တာတေ ဘယ်မှကို
မသွားတာဗျ။ ကျုပ် ထုံးစံအတိုင်းပေါ့ဗျာ။
ကျုပ်တို့ဝိုင်းထဲက မန်ကျည်းပင်ကြီးအောက်က
သစ်သားကွပ်ပျစ်ပေါ်မှာပဲ ဝါးပိုးခြမ်းကလေး
ခေါင်းအုံးပြီး မှောက်လိုက် လှန်လိုက်လုပ်နေတာ။
ကျုပ်က နဂါးဆေးပေါ့လိပ်ကိုလည်း
လွှတ်ကြိုက်တာဗျ။ဆေးပေါ့လိပ်ကလေး
ဖွာလိုက်၊ပြန်ချထားလိုက်ပေါ့ဗျာ။
အညာသားစည်းစိမ်ဆိုတာ ဒါမျိုးထင်ပါရဲ့။
“ဟ တာတေရ- တယ်လည်း ဇိမ့်ခံတာကိုးကွ”
ဟော လုပ်ပြီ ။ ကျုပ်မို့လို့ စည်းစိမ်းခံတော့မယ်ဆိုရင်
တစ်ယောက်မဟုတ် တစ်ယောက်ကတော့
ရောက်လာတော့တာပဲ။
ကျုပ်လည်း ကပျာကယာ ခေါင်းထောင်ကြည့်လိုက်
ရတာပေါ့ဗျာ၊ ဝိုင်းပေါက်ဝမှာ တောင့်တောင်ကြီး
ရပ်နေတဲ့ ကိုနီတာကြီးကို တွေ့ရသဗျ။
“ဟာ ကိုကြီးနီတာ လာဗျ၊ ဂလောက်ကြီး
ပူနေတဲ့ကြားထဲမှာ ဘယ်ကပြန်လာတာတုံး”
“ဘယ်ကမှ ပြန်လာတာ မဟုတ်ပါဘူးကွာ
မင်းဆီကိုပဲ လာတာပါ၊ မင်းနဲ့ စကားလေး
ပြောချင်လို့ပါကွာ”
“သြော် လာလေ၊ ကိုကြီးနီတာ”
ကျုပ်က နွစေည်းစိမ်ကလေး ရစ်နေရာက
ကပျာကယာ ကုန်းထလိုက်တယ်။ ပြီးတော့
ကျုပ်အိပ်နေတဲ့ သစ်သားကွပ်ပျစ်ကလေးကို
ကျုပ်ဘေးမှာ ချထားတဲ့ ပုဆိုးဟောင်းကလေးနဲ့
ဖုန်ခါပေးလိုက်တယ်
“ရပါတယ် တာတေရာ၊ ဖုန်တွေ ဘာတွေ ခါဖို့
မလိုပါဘူးကြာ”
ပြောပြောဆိုဆိုနဲ့ ကိုနီတာက ကွပ်ပျစ်မှာ
ဝင်ထိုင်လိုက်တယ်။ ပြီးတော့ သူဆောင်းလာတဲ့
ဝါးပတ်ခမောက်ကို ချွတ်ပြီး ယပ်ခတ်တယ်ဗျ။
ကျုပ်က အိမ်ပေါ်ကို အပြေးတက်ပြီး ရေနွေးကြမ်း
အိုးနဲ့ နဂါးဆေးပေါ့လိပ်တွေ ယူလိုက်တယ်။
အကြမ်းခပ်ပူပူကို ပန်းကန်ထဲ ငှဲ့ပေးလိုက်တယ်။
“သောက် ကိုကြီးနီတာ သောက်”
ကျုပ်တို့အညာမှာက နေပူထဲကလာရင် ရေနွေးပူပူ
သောက်ကြတာ ထုံးစံပဲဗျ၊ ကျုပ်က ကိုနီတာ
ရေနွေးသောက်နေတုန်းမှာ နဂါးဆေးပေါ့လိပ်တစ်လိပ်ကို
မီးညှိပြီး အဆင်သင့်လုပ်ထားတယ်။
“ရော့ ဆေးပေါ့လိပ်ကလေးဖွာဦး၊ ကိုကြီးနီတာ”
ကိုကြီးနီတာကလည်း ကျုပ် ကမ်းပေးတဲ့
ဆေးလိပ်ကို လှမ်းယူပြီး တစ်ဖွာ နှစ်ဖွာ ဖွာတယ်ဗျ။
ကျုပ်ကလည်း သူအမောပြေအောင် စောင့်နေတာပေါ့ဗျာ။
ခဏနေလို့ ကိုကြီးနီတာ အမောပြေသွားတော့မှ
“ကိုကြီးနီတာ ကျုပ်ဆီကိုလာတာ ဘာကိစ္စတုံးဗျ”
လို့ ကျုပ်က မေးလိုက်တော့ ကိုကြီးနီတာက
ဆေးလိပ်ကို တစ်ရှိုက် ရှိုက်လိုက်တယ်။
ပြီးတော့မှ မီးခိုးတွေကို ဖူးကနဲ မှုတ်ထုတ်
ပစ်လိုက်တယ်ဗျ။
“ဒီလိုကွ တာတေရေ၊ ဒီအကြောင်းကိုတော့
ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့ကွာ။ မင်းကို ယုံလို့
ငါပြောတာပါ ”
“ဟာ ဒီအတွက်တော့ စိတ်ချပါဗျာ၊ လူမသိအောင်
လုပ်ရတဲ့ကိစ္စတွေက ကျုပ်အတွက် ရိုးနေပြီ ကိုကြီးနီတာရာ”
“အေး ဒါဆိုရင်တော့ ပြောရတော့မှာပေါ့ကွာ၊
ဒီလိုကွ၊ တာတေရ၊ ငါအစောင့်မွေးမလို့ ”
“ဗျာ၊ အစောင့် ဟုတ်လား ၊ ကိုကြီးနီတာ”
“ဟာကွာ တာတေကလည်း မင်းက ဗဟုသုတများတယ်
ဆိုပြီး ဒါတောင် မသိဘူးလား၊ သရဲမွေးတာကို
ပြောတာကွ”
“ဗျာ သရဲမွေးမလို့ ဟုတ်လား၊ ဟာ ဖြစ်ပါ့မလား
ကိုကြီးနီတာရဲ့၊ ကြောက်စရာကြီးဗျာ”
“ဟာ မကြောက်ရပါဘူးကွ တာတေရ၊
ငါ့မှာ အဲဒီအတတ်ပညာ ရှိပါတယ် ”
“နေပါဦးဗျ၊ ဘာအတွက် မွေးမှာတုံး”
“ဟကောင်ရ၊ ကိုယ့်ကို စောင့်ရှောက်အောင်ပေါ့ဟ”
“ဟင် ဘာကို စောင့်ရှောက်ရမှာတုံး ကိုကြီးနီတာ”
“အကုန်ပေါ့ တာတေရ၊ စီးပွားရေးရော ၊
ရန်အန္တရာယ်၊ ကိုယ့်ရဲ့ စီးပွားပြိုင်ဘက်ကို
အနိုင်ရဖို့ အတွက်ရောပေါ့ကွာ”
“ဗျာ သရဲက အဲဒီလောက်အထိ အစွမ်းရှိလို့လားဗျ”
“အေး မင်းမေးတာ မေးထိုက်တဲ့ မေးခွန်းပဲကွ
တာတေရ၊ သရဲတိုင်းမှာတော့ အစွမ်းဘယ်ရှိမလဲကွ၊
ရှိတဲ့သရဲကို ရွေးပြီး မွေးရမှာပေါ့”
“သြော် ဒီလိုလား၊ နို့ ဘယ်လိုသရဲက အစွမ်းရှိတာတုံး
ကိုကြီးနီတာရဲ့ ”
“ဒီလိုကွ၊ ဘန့်ဘွေးကုန်းက ဆရာနက်ကြီးကို
မင်း သိတယ် မဟုတ်လား”
“ဟာ သိတာပေါ့ဗျ။ ဆေးဆရာ ဦးနက်မို့လား”
“မနေ့ကပဲ ဆုံးသွားပြီကွ”
“ဟင် ဟုတ်လား၊ ကျုပ်တောင် မကြားမိသေးပါဘူးဗျာ”
“အေး ဆရာနက်ကြီး ဆုံးသွားပြီကွ တာတေရ။
အဲဒီလို ပုဂ္ဂိုလ်မျိုးကို မွေးနိုင်ရင် သေချာပေါက်
ကြီးပွားတယ်ကွ၊ ဒီလိုလူမျိုးသေရင် သူယောင်လို့
ခေါ်တဲ့ သရဲတစ်မျိုး ဖြစ်တတ်တယ်”
“ဟာဗျာ ဆေးဆရာသေတိုင်း သူယောင်ဖြစ်မတဲ့လား
ကိုကြီးနီတာရဲ့ ”
“အေးပေါ့ တာတေရ၊ ဆေးဆရာသေတိုင်း
သူယောင်ဖြစ်တာတော့ မဟုတ်ဘူးပေါ့ကွ။
ကျင့်စဉ်တစ်ခုကို ပြီးဆုံးအောင်မြင်အောင်
မကျင့်နိုင်ဘဲ မအောင့်တအောင်နဲ့ သေသွားတဲ့
ဆရာတွေဟာ သူယောင်ဖြစ်တယ်ကွ။
ရိုးရိုးဆေးဆရာကို ပြောတာ မဟုတ်ဘူးလေ”
“သြော် ဒီလိုလား၊ ဆရာနက်က ဘာတွေများ
ကျင့်ကြံသွားလို့တုံးဗျ”
“သူကျင့်တာက ဗျည်းသုံးဆယ့်သုံးလုံးကျင့်စဉ်ကွ၊
အက္ခရာ စာလုံးတွေရွတ်ပြီး အစားအသောက်စားတဲ့
ကျင့်စဉ်ပေါ့ကွာ၊ ဆရာနက်ကြီးက အောင်ကာနီးကျမှ
သေသွားတာ၊ ငါ အတိအကျ သိတယ်ကွ၊
အဲဒီလိုဖြစ်မှ သူယောင်ဖြစ်တာ”
“သြော် ဆရာနက်က အခု သူယောင်ဖြစ်သွားပြီပေါ့
ဟုတ်လား ကိုကြီးနီတာ”
“ဟုတ်တယ် တာတေရဲ့၊ ငါ အတတ်ကို ပြောနိုင်တယ်ကွ”
“ကဲ ဒါတော့ ထားပါတော့ဗျာ၊ ကိုကြီးနီတာ
မွေးတိုင်းရော စောင့်ရှောက်ပါ့မလားဗျ”
ကျုပ်က ဒီလိုမေးလိုက်တော့ ကိုနီတာကြီးက
ကျုပ်ကို ပြုံးပြီးကြည့်တယ်။ ပြီးတော့မှ
“မွေးတိုင်း စောင့်ရှောက်တာတော့ ဘယ်ဟုတ်မလဲ
တာတေရ၊ မွေးနည်းမွေးဟန်ကို တတ်ကျွမ်းဦးမှ
ဖြစ်မှာ၊ အဲဒီကိစ္စ ငါ ကျွမ်းပါတယ်ဆိုနေမှကွာ”
“အင်း ဒါဆို ကျုပ်က ဘာလုပ်ပေးရမှာတုံးဗျ”
“အဲဒီကိစ္စက တစ်ယောက်တည်း လုပ်လို့မရဘူးကွ၊
နှစ်ယောက်လုပ်ရတာ၊ လုပ်မဲ့လူက သတ္တိကောင်ဖို့လည်း
လိုတာပေါ့ကွာ၊ ဒါကြောင့် မင်းကို လာခေါ်တာကွ၊
မင်းသတ္တိကို ငါ သိပြီးသားကွ တာတေရ၊ပြီးတော့”
“ပြီးတော့ ဘာဖြစ်တုံးဗျ၊ ကိုကြီးနီတာရဲ့ ”
“ဒီလိုလေကွာ၊ အခုသေသွားတဲ့ ဆရာနက်လည်း
စနေသား။ သူ့ကို အစောင့်မွေးမယ့်ငါကလည်း
စနေသား၊ မင်းကလည်း စနေသားလေး၊
အဲဒီလိုမျိုး ဖြစ်ရင် လုံးဝအောင်မြင်တယ်ကွ”
“ဟာ ဟုတ်လား၊ ကဲ ဒါဆိုလည်း ကြိုက်သလိုသာ
စီစဉ်တော့ဗျာ။ ကျုပ် လိုက်ခဲ့မယ်။ ကျုပ်ဆိုတဲ့
ကောင့်ကလည်း ဒါမျိုး စပ်စုရမယ်ဆိုရင် နှစ်ယောက်
မရှိတဲ့ကောင်ဗျ ကိုကြီးနီတာရ”
“အေး – ဒါဆိုရင် အခုလာမယ့် လကွယ်ညဟာ
ဆရာနက် ရက်လည်မယ့်ညပဲကွ၊ အဲဒီညမှာ
ငါတို့အလုပ် လုပ်ကြမယ်ကွာ ဘယ်နှယ်လဲ
ဖြစ်ပါ့မလား ”
“ဟာ ကိုကြီးနီတာကလည်း ကျုပ်ပြောပြီးပြီပဲဗျာ။
ကျုပ်ဘက်က အချိန်မရွေးလိုက်ဖို့ အဆင်သင့်ပဲ
ကဲ ကျေနပ်ပြီလား”
“ဟား ဟား ဟား ဟား၊ ဒါမှ ငါညီတာတေကွ၊
ဒါကြောင့်လည်း မင်းကို ငါ အားကိုးတာ”
လို့ ပြောပြီး ကိုနီတာကြီးက ကျုပ်ကျောကုန်းကို
ပုတ်နေတာဗျို့။ ကျုပ်ကလည်း စပ်စုချင်လို့သာ
လိုက်ရမှာ ၊ ကျောထဲကတော့ ခပ်ချမ်းချမ်းပဲဗျ။
ကိုကြီးနီတာကတော့ သူ့လာရင်းကိစ္စ အဆင်ပြေသွားတော့
ပျော်သွားပြီပေါ့ဗျာ
“ဒါနဲ့ နေပါဦး ကိုကြီးနီတာရဲ့၊ ဒီလိုကိစ္စမျိုးတွေ
ခင်ဗျား ဘယ်လိုကနေ ဘယ်လိုတတ်လာတာတုံးဗျ”
“အေး မင်းသိချင်ရင်တော့ ငါ ပြောပြရမှာပေါ့ကွာ။
ငါတို့ ဘိုးလေး ဦးသာဝကို မင်း မီလိုက်တယ်မို့လား၊
ရွာမြောက်ပိုင်းမှာ နေသွားတာလေ”
“ကျုပ် သိတာပေါ့ဗျ၊ ရန်ကုန်မှာနေတာဆို၊
မြောက်ပိုင်းက သူ့အိမ်ကို ခဏ ခဏ လာတတ်ပါတယ်။
နောက်ပိုင်းတော့ မတွေ့တော့ဘူးဗျာ”
“မတွေ့ဆို ဘိုးလေးသာဝက လာမှမလာတော့တာ။
သူ့ဝိုင်းရော၊ ယာတွေရော ရောင်းပစ်လိုက်တာကွ၊
ရန်ကုန်မှာပဲ အပြီးနေတော့တာ”
“နို့ ဘိုးသာဝက အခုရှိသေးလား”
“ဟာ မနှစ်ကမှ ဆုံးသွားတာကွ၊
မသေခင် တော်တော်ချမ်းသာသွားတာ။
ရန်ကုန်မှာကို တိုက်နဲ့ ကားနဲ့ နေသွားတာဟေ့ ”
“သြော် ဘိုးသာဝက ရန်ကုန်မှာ ဘာအလုပ်လုပ်တုံးဗျ”
“သုံးဘီးကားတွေရော၊ ကုန်ကားတွေရော
ထောင်ထားတာကွ ”
“သြော် အဲဒီလောက်ကို ချမ်းသာသွားတာကိုး ”
“အေး ဒါပေမဲ့ ဘိုးသာဝရဲ့ အဓိကအလုပ်က
အဲဒါ မဟုတ်ဘူးကွ”
“ဟင် ဒါဆို အဓိကအလုပ်က ဘာတုံးဗျ”
“အဓိက အလုပ်က ဖဲချတာရယ်၊ ဂျင်ထိုးတာရယ်ကွ
“ဗျာ ဖဲချတာနဲ့ ဂျင်ထိုးတာ ဟုတ်လား ”
“ဟုတ်ပ့ါဗျာ၊ သူဖဲချသွားတိုင်း သူ့အစောင့်ကို
ပြောသွားတာ၊ ဟိုက သူနဲ့ လိုက်သွားပြီး
ဘယ်သူ့ကိုဆီမှာ ဘာဖဲရှိတယ်ဆိုတာ
သူ့နားနားကပ်ပြီး ပြောတာတဲ့ဟေ့၊
တစ်ဝိုင်းလုံး ပါသမျှတော့ ဘိုးသာဝတို့က
သိမ်းပြီးသားပဲဗျာ”
“ဟာ တယ်ဟုတ်ပါလားဗျ”
“အေး ဂျင်ထိုးရင်လည်း ဒီအတိုင်းပဲတဲ့ဟေ့။
ဘာပေါ်နေပြီ၊ ဘာထိုးလို့ တန်းပြောတာတဲ့၊
သူပြောတာသာ ထိုးလိုက်လို့ကတော့
အလျော်ရပြီသားပဲတဲ့ဗျာ”
“ဟာ ဒါဆို ဘိုးသာဝ ချမ်းသာပြီပေါ့ဗျ”
“အေးပေါ့ကွ တာတေရ၊ ဒါကြောင့် ဘိုးသာဝကြီး
ချမ်းသာတာပေါ့။ ဒါပေမဲ့ ဘိုးသာဝက လိမ္မာပါးနပ်တော့
ငွေတွေရလာရင် ကားတွေဝယ်ထောင်ထားတာဗျ။
အဲဒီတော့ အရင်လို ဂျင်ဝိုင်းမှန်သမျှ ပိုက်စိမ်တိုက်ပြီး
လိုက်ထိုးစရာ မလိုတော့ဘူးလေကွာ။
တကယ်ဝိုင်းကြီးတွေရှိမှ တစ်ချက်ကောင်းပဲ
သွားလုပ်တော့တာကွ၊ အချီကြီး ရတာချည်းပဲကွ”
“အေးဗျာ၊ ကိုကြီးနီတာ ပြောတာကို နားထောင်ပြီး
ကျုပ်တောင် သရဲမွေးချင်းစိတ် ပေါက်လာပြီဗျို့ ”
“ဟား ဟား ဟား မင်းက ငယ်ပါသေးတယ်ကွာ၊
နောက်တော့ မင်း မွေးချင်ရင် ငါလုပ်ပေးမှာပေါ့ကွ”
ကိုနီတာကြီးက ကျုပ် တကယ်ပြောတယ်ထင်ပြီး
ပြောနေတာဗျ၊ တကယ်တော့ ကျုပ်က နောက်ပြောတာပါဗျာ။
“အဲဒီလုပ်နည်းကိုင်နည်းတွေကို ကိုနီတာကြီး
ဘယ်က ရလာတာတုံးဗျ”
ကျုပ်ကလည်း လွှတ်စပ်စုတဲ့ကောင်မို့လား၊
ဒဲ့ပဲ မေးလိုက်မိတာပေါ့။
“ဟကောင် တာတေရ၊ ဘယ်က ရလာရမလဲကွ၊
ငါ့ဘိုးလေး ဘိုးသာဝဆီက ရတာပေါ့ကွ”
“ဘိုးသာဝက ကိုကြီးနီတာကို သင်ပေးထားတယ်
ဟုတ်လား”
“ဘိုးလေး ဘိုးသာဝက မြေးတွေထဲမှာ ငါ့ကို
အချစ်ဆုံးကွ ဒါကြောင့် ဒီလုပ်နည်းကို
သင်ပေးထားတာ”
“အန္တရာယ်တွေ ဘာတွေ မရှိနိုင်ဘူးလားဗျ။
ကိုကြီးနီတာရဲ့ ”
ကျုပ်က သူ့ကို စိုးရိမ်လို့ မေးတာပါဗျာ။
ကိုနီတာကြီးက ခေါင်းညိတ်တယ်ဗျ။
“အန္တရာယ်တော့ ရှိတယ်ကွ၊ ဒါကလည်း ကိုယ့်ဘက်က
ကတိပျက်မှပါကွာ၊ သူ့ကို ကျွေးရ မွေးရမယ့်အချိန်မှာ
ကတိပျက်လို့ မရဘူးကွ၊ တိတိကျကျ လုပ်ပေးရတယ်
ဒါဆိုရင် သူကလည်း စောင့်ရှောက်တာပါပဲကွာ။ဘာမှ မလုပ်ပါဘူး၊ အေး တစ်ခုတော့ ရှိတယ်နော်
တာတေ၊ ကျွေးချိန်တန်လို့မှ မကျွေးရင်တော့
အသေသတ်တတ်တယ်ဗျာ”
“ဟာ ကြောက်စရာကြီးပါလားဗျာ”
အဲဒီနေ့က ကိုနီတာ ကျုပ်နဲ့ထိုင်ပြီး စကားပြောလိုက်တာ
ညနေ တော်တော်စောင်းမှ ပြန်သွားတယ်ဗျ။ ကိုနီတာတို့က
ရွာရှေ့ပိုင်းမှာ နေတာဗျ။ သူ့မိဘတွေကတော့
ဆုံးကုန်ပြီ။ သူတို့အခြေအနေက မဆိုးပါဘူး။
ယာတွေဘာတွေနဲ့ ပြည့်ပြည့်စုံစုံပါ။
ဒါပေမဲ့ သူ့ညီတွေကသာ ယာထဲ မှန်မှန်ဆင်းကြတာပါ။
ကိုနီတာကြီးကတော့ သိပ်မလုပ်ပါဘူး။
ဟိုသွား ဒီသွား လုပ်နေတာက များတာပါ။
လူပုံစံက ပိန်ပိန်ပါးပါး၊ အရပ်က ရှည်ရှည်ဗျ။
အလုပ်သာ လက်ကြောမတင်းတာ ဖဲဝိုင်းတွေ့ရင်တော့
မထတော့ဘူးဗျို့။
ဘာပဲပြောပြောပါ။ သူ့ကို ကတိပေးထားတဲ့အတိုင်း
ကျုပ် လိုက်မှာပါ။ သူလုပ်တာကိုင်တာတွေ
ကျုပ်လည်း ကြည့်ရတာပေါ့ဗျာ။ ကိုနီတာကြီးက
မကြာခင်မှာ ဆွေစဉ်မျိုးဆက် ရ ,ထားတဲ့
ပညာနဲ့ သရဲမွေးတော့မှာဗျ။
သိပ်မစောင့်လိုက်ရပါဘူးဗျာ။ ကိုကြီးနီတာ
ချိန်းသွားတဲ့ လကွယ်ညကို ရောက်ပြီဗျို့။
ကျုပ်က ထမင်းစားပြီး ကတည်းက ဝိုင်းထဲ
ဆင်းနေတာပါဗျာ။ နဂါးဆေးပေါ့လိပ်ကလေး
ဖွာရင်း ကိုနီတာကို စောင့်နေတာပေါ့ဗျာ။
အမေကတောင် ကျုပ်ကို မသင်္ကာလို့
မေးသေးဗျ။
“ဟေ့ကောင်တာတေ၊ ဘာတွေ ပွေလီဖို့
ကြံနေပြန်ပြန်တာတုံး”
“ဟာ မဟုတ်ပါဘူး အမေရ၊ ကိုနီတာကြီး
လာမယ်ဆိုလို့ ဆင်းစောင့်နေတာပါ ”
“ဘယ်နီတာလဲ ၊ ကျောက်ဖြုံးလား ”
“မဟုတ်ဘူးဗျ ရွာရှေ့ပိုင်းက ကိုနီတာကြီးပါ”
“သြော် ခါးရှည်နီတာလား ၊ အဲဒီကောင်က
လူပျင်းဟဲ့၊ နင်ကြည့်ပေါင်းနော်၊ ဖဲကလည်း
အားကြီးချတာ ”
“စိတ်ချပါဗျာ၊ ကျုပ်က သူနဲ့တွဲပြီး ဖဲမချနိုင်ပါဘူး ”
အမေက ဘာမှမပြောတော့ဘူးဗျ၊
ကျုပ်လည်း ကွပ်ပျစ်မှာ ထိုင်ပြီး စောင့်နေတာပေါ့ဗျာ။
တော်တော်လေးကြာမှာ ဘသားချောက
ပေါက်ချလာတယ်ဗျာ
“တာတေ – တာတေ”
အသံ ခပ်အုပ်အုပ်လုပ်ပြီး ကျုပ်ကို ကြိတ်ခေါ်
နေတာဗျို့။ ကျုပ်ကလည်း သူ့အသံကြား
လိုက်တာနဲ့ ဝိုင်းပေါက်ဝကို ရောက်နေပါပြီဗျ။
“လာပြီဗျို့ ကိုကြီးနီတာ”
ကျုပ်လည်း ဝိုင်းပြင်ရောက်ရော ကိုနီတာက
ရှေ့ကနေ သုတ်သုတ်နဲ့ လျှောက်တော့တာပဲဗျို့။
ကျုပ်လည်း ခပ်သုတ်သုတ်လိုက်ခဲ့ရတာပေါ့ဗျာ။
ရွာပြင်ရောက်တော့ ဘန့်ဘွေးကုန်းဘက်ကို
သွားရောဗျ။ တော်တော်ကလေး သွားမိတော့
ရှေ့က သွားနေတဲ့ ကိုနီတာကြီးက တုန့်ကနဲ
ရပ်သွားတယ်ဗျ။
“တာတေ ခဏနေဦး ဟိုရှေ့က သစ်ပင်နောက်မှာ
ငါ ညနေက လာပြီးထားခဲ့တာလေး သွားယူလိုက်ဦးမယ်”
“ဘာများတုံးဗျ”
“ဆိတ်ဖလူပင်ကွ အဲဒါ လိုတယ်၊ ငါ ညနေက
အရီးဝိုင်းကြည်တို့အိမ်မှာ သွားတောင်းပြီး
တူးထားတာ”
ပြောပြောဆိုဆိုနဲ့ ကိုနီတာက လူသွားလမ်းတောင်ဘက်ကို
သွားပြီး ခပ်လှမ်းလှမ်းက တမာပင်ကြီးနောက်ကို
ဝင်သွားတယ်။ သူ ပြန်ထွက်လာတော့ လုံးပတ်လက်
တစ်ကိုင်လောက်ရှိတဲ့ ဆိတ်ဖလူးကလေးဗျ။
အမြင့်က ကျုပ်တစ်ရပ်လောက် ရှိတာပေါ့ဗျာ။
“ကဲ တာတေ၊ အဲဒီအပင်လေးကို ထမ်းခဲ့ကွာ”
ကျုပ်လည်း ဆိတ်ဖလူးပန်းကလေးကို
ပခုံးပေါ်မှာ ထမ်းလိုက်တယ်ဗျ။ ကိုနီတာက
ရှေ့က ခရီးဆက်တယ်။ သသားချောက
ဘန့်ဘွေးကုန်းသုသာန်ထဲကို တန်းဝင်တော့တာပဲဗျို့။
အုတ်ဂူတွေ မြေပုံတွေကို ကွေ့ပတ်သွားပြီး
သင်္ချိုင်း အစွန်ကို ရောက်တော့ မြေပုံအသစ်တစ်ခု
နားမှာ ရပ်လိုက်တယ်။
“ဒါ ဆရာနက်ရဲ့ မြေပုံပဲကွ”
ပြောပြောဆိုဆိုနဲ့ သူပခုံးမှာ လွယ်လာတဲ့
ပိတ်အိတ်ကြီးကို ဖြုတ်လိုက်တယ်။
“ကွပ် ကွပ် ကွပ် ”
ကိုနီတာရဲ့ ပိတ်အိတ်ကြီးထဲမှာ ကြက်တစ်ကောင်
ပါလာတာကို ဒီတော့မှ ကျုပ်က သိတာဗျို့။
ကိုနီတာ သူ့အိတ်ထဲက ကြက်ကို အသာကလေး
ထုတ်ယူလိုက်တယ်
“ကွပ် ကွပ် ကွပ် ကွပ်”
တိတ်ဆိတ်နေတဲ့ သင်္ချိုင်းထဲမှာ ကြက်သံက
အကျယ်ကြီး ထွက်လာတာပေါ့ဗျာ။ ကြက်ဖကြီးဗျ။
အကောင်ကြီးသားပဲ၊ သူ့အိတ်ထဲက ဒန်ဖလားကလေး
တစ်လုံးကိုလည်း ကိုနီတာကြီးက ထုတ်ယူလိုက်တယ်ဗျ။
ပြီးတော့ ခါးကြားမှာ ထိုးလာတဲ့ ဓါးမြှောင်
ခပ်ရှည်ရှည်တစ်ချောင်းကို ဆွဲနှုတ်လိုက်တယ်
“တာတေ မြေပုံခေါင်းရင်းတည့်တည့်မှာ
ဒီအပင်စိုက်ဖို့ ကျင်းတစ်ကျင်းတူးကွာ၊
အနက်က တစ်ထွာလောက်ပေါ့ ”
ကျုပ်လည်း သူပြောတဲ့အတိုင်း မြေကျင်းတစ်ခု
တူးရတာပေါ့ဗျာ။ အနက်တစ်ထွာလောက်ပေါ့
“ဒါဆွိုရငွ ဒီအပင်စိုက်လို့ ရပြီဗျ”
ကိုနီတာက မြေကျင်းကလေးကို ကြည့်တယ်ဗျ။
“အေး ရပြီ၊ ရပြီ၊ အချိန်တော့ နည်းနည်းစောင့်ရဦးမယ်ကွ၊
သန်းခေါင်ကြက်တွန်မှ အစီအရင်လုပ်ရမှာ”
ဆိတ်ဖလူးပင်ကို အနားက သစ်ပင်တစ်ပင်မှာ
မှီပြီး ထောင်ထားလိုက်တယ်။ ကြက်ဖကြီးကို
ဆရာနက်ရဲ့ မြေပုံက မှတ်တိုင်မှာ ကြိုးနဲ့
ချည်ထားလိုက်တယ်။ ကျုပ်အိတ်ကပ်ထဲမှာ
ထည့်ယူလာတဲ့ နဂါးဆေးပေါ့လိပ် တစ်ယောက်
တစ်လိပ် မီးညှိပြီး ဖွာလိုက်ကြတာပေါ့ဗျာ။
“ကွပ် ကွပ် ကွပ် ကွပ်”
ကြက်ဖကြီးကလည်း တကွပ်ကွပ်နဲ့
အော်နေရောဗျို့၊ ဒီတုန်းမှာပဲ
“ဝူး ဝူး ဝူး ဝူး ”
ဆိုတဲ့ ခွေးအူသံကြီးကို ကျုပ်ကြားလိုက်ရတယ်
ဒီခွေးအူသံကြီးကို ကျုပ်ကြားဖူးတယ်ဗျ။
ဒါ မဖဲဝါ လာရင် ကြားရတဲ့ ခွေးအူသံဗျ။
ကျုပ်တစ်ကိုယ်လုံး ကြက်သီးတွေ ထသွားလိုက်တာဗျာ၊
မပြောပါနဲ့တော့။
“ကိုကြီးနီတာ မဖဲဝါ လာတယ်ထင်တယ် ”
“အေး ဟုတ်တယ်လေ တာတေ၊
သူလာမှ ဖြစ်မှာကွ၊ သူနဲ့ ငါနဲ့ အလုပ်လုပ်မှာလေ”
“ဗျာ မဖဲဝါနဲ့၊ ဟာ ဖြစ်ပါ့မလား ကိုကြီးနီတာ”
“ဟာ ဖြစ်ပါတယ်ကွ၊ ဆရာနက်ကို သူအပ်ပေးတော့မှငါရဲ့အစောင့်ဖြစ်မှာ၊ ကဲ မဖဲဝါရောက်ပြီကွ၊
အလုပ်စလို့ရပြီ၊ သန်းခေါင်ချိန်လည်း ရောက်ပြီ”
ကိုနီတာက ကြက်ဖကြီးကို ကြိုးဖြတ်ပစ်လိုက်တယ်ဗျ။
ပြီးတော့ ဘယ်ဘက်လက်နဲ့ ပွေ့ထားပြီး ညဘက်လက်က
ဓါးမြှောင်ကို ကိုင်ထားတယ်။ စောစောက
ကျုပ် မြေကျင်းကလေးတူးတဲ့ ဓါးမြှောင်ကို
သေသေချာချာ တိုက်ချွတ်ပစ်လိုက်တာပေါ့ဗျာ။
ဓါးက မြည့်နေအောင် သွေးထားတာဗျ။
“တာတေ မင်းက ဒီဖလားကိုကိုင်ပြီး သွေးခံလိုက် သိလား၊
ပြီးတော့ အဲဒီသွေးကို မြေကျင်းထဲ လောင်းထည့်ပြီး
ဟိုဆိတ်ဖလူးပင်ကို ကျင်းထဲမှာ စိုက်ပြီးရင် မြေဖို့လိုက်
သိလား၊ ငါက မင်းကို စကားမပြောအားတော့ဘူး၊
ဂါထာကို အဆက်မပြတ်အောင် ရွတ်ရတော့မှာကွ သိလား ”
“သိပြီ- ကိုကြီးနီတာ – သိပြီ”
ကျုပ်က ဒန်ဖလားကလေးကို ကိုင်ထားလိုက်တယ်
ကိုနီတာက ကြက်ဖကြီးကို တစ်ဖက်၊ ဓါးကို တစ်ဖက်ကိုင်ပြီး
ပါးစပ်က ဂါထာတွေ ရွတ်တော့တာပဲဗျို့၊ ဘာတွေ
ရွတ်မှန်းတော့ ကျုပ် မသိဘူးဗျ။ သူ့ရွတ်တာက
ခပ်တိုးတိုး၊ ပြီးတော့ အမြန်ရွတ်နေတာ။
“ဝူး ဝူး ဝူး ဝူး ”
ခွေးအူသံကြီးက နီးသက်ထက် နီးလာပြီဗျ။
ဟော လေအေးတစ်ချက် တိုက်လိုက်တာ
သစ်ပင်တွေတောင် ယိမ်းထိုးကုန်ရောဗျို့။
လေကလည်း အေးလိုက်တာဗျာ၊ စိမ့်နေတာပဲ။
“ဝူး ဝူး ဝူး ဝူး ”
ကျုပ်စိတ်ထင် ခွေးအူသံကြီးက ကျုပ်တို့နဲ့
ဝါးနှစ်ပြန်လောက်ကို ရောက်နေပြီ ထင်တယ်ဗျ။
ဒီအချိန်မှာပဲ ကိုနီတာက ကြက်ဖကြီးရဲ့
ခေါင်းကို ဆွဲဆန့်လိုက်တယ်။ ကြက်လည်ပင်း
တင်းသွားအောင်ပေါ့ဗျာ။ ပြီးတော့ ဓါးမြှောင်နဲ့
ဆတ်ခနဲ လှီးလိုက်တယ်ဗျ။ ကျုပ်ကလည်း
အသင့် စောင့်နေတာဆိုတော့ ဒန်ဖလားကို
ချက်ချင်းထိုးပြီး ခံလိုက်တယ်ဗျ။
ကိုနီတာကတော့ ပါးစပ်က ရွတ်တာကို တစ်ချက်မှ
မရပ်ဘူးဗျို့။ ကြက်ဖကြီးရဲ့ သွေးတွေ
ထပ်မကျတော့မှ ကျုပ်ကို မေးငေါ့ပြတယ်။
ကျုပ်ကလည်း ချက်ချင်းပဲ မြေကျင်းထဲကို
သွေးလောင်းထည့်တယ်။
ပြီးတော့ သစ်ပင်မှာ မှီပြီးထောင်ထားတဲ့
ဆိတ်ဖလူးပင်ကလေးကို သွားယူပြီး
မြေကျင်းထဲကို စိုက်လိုက်တယ်။ ပြီးတော့
အပင်မတ်နေအောင် မြေဖို့လိုက်တာပေါ့ဗျာ။
“ဝူး ဝူး ဝူး အူ အူ ”
ခွေးအူသံကြီးက ဆိတ်ဖလူးပင်နားက
ထွက်လာတာဗျို့။ ကိုကြီးနီတာက ကျုပ်ကို
လက်ပြတယ်။ နောက်ဆုတ်နေပေါ့ဗျာ။
ကျုပ် နောက်ကိုခြေသုံးလေးလှမ်း ဆုတ်လိုက်တယ်။
ကိုကြီးနီတာက လည်လှီးထားတဲ့ ကြက်ဖအသေကြီးကို
ဆိတ်ဖလူးပင်ရဲ့ ခွကြားမှာ တင်ထားလိုက်တယ်။
“ဘုတ်”
ဘုတ်ဆိုတဲ့အသံ ကြားလိုက်ပြီး ဆိတ်ဖလူးပင်လေး
ရမ်းခါသွားတယ်၊ ဟာ ကြက်ဖကြီး မရှိတော့ဘူးဗျို့။
ဟာ ကြက်မွေးတွေ ဆိတ်ဖလူးပင်ခြေရင်းမှာ
ဖွားခနဲ ဖွားခနဲ ကျလာပါရောလား။
ကြက်ဖကြီးတော့ မတွေ့တော့ဘူးဗျ။
ကိုနီတာကတော့ ပါးစပ်က ရွတ်နေတာ
တစ်ချက်မှကို မနားတာဗျို့
“ကျွတ် ကျွတ် ကျွတ် ကျွတ်”
ကျုပ်နားထဲမှာ တကျွတ်ကျွတ်နဲ့ ဝါးတဲ့
အသံကြီး ကြားနေရတယ်ဗျ။
“အီး အီး ဟီး ဟီး ဟီး”
ဟာ ဆရာနက်ရဲ့ မြေပုံခြေရင်းဘက်က
အသံကြီးတစ်သံ ကြားရတယ်ဗျို့။
ကိုနီတာကလည်း ပါးစပ်က မရပ်မနားကို
ရွတ်နေတာဗျို့။
“အား ဟား ဟား ဟား အီး ဟင်း ဟင်း ”
ဟာ ဒါ မဖဲဝါအသံကြီးပဲ၊ ကျုပ် ကောင်းကောင်း
သိတာပေါ့။ကျုပ်လည်း ကြက်သီးတွေ တဖျန်းဖျန်းထပြီး
နောက်ကို တစ်လှမ်းထပ်ဆုတ်လိုက်တယ်။
“ဝုန်း ”
ဒီတုန်းမှာပဲ ကျုပ်စိုက်ထားတဲ့ ဆိတ်ဖလူးပင်က
သူ့အလိုလို မြေကျင်းထဲက ကျွတ်ထွက်ပြီး
မြေကြီးကနေ တစ်တောင်လောက် မြောက်တက်သွားတယ်
ပြီးတော့ မြေကြီးမှာ လဲကျသွားတယ်ဗျ။
“အောင်ပြီဟေ့၊ အောင်ပြီ”
ကျုပ်ဖြင့် လန့်လိုက်တာဗျာ။ ကိုနီတာကြီးက
ရုတ်တရက် လက်ကြီးတန်းပြီး ထအော်လိုက်တာကိုးဗျ။
“ကဲ ကျုပ်ရဲ့ အစီအရင်ဟာ မဖဲဝါရဲ့ ကျေးဇူးကြောင့်
အောင်ပါပြီဗျာ။ မဖဲဝါကို ကျုပ်က ကတိပေးပါတယ်
ဟောဒီ ဆရာနက်၊ အဲ အဲ ငနက်ကြီးဟာ အခုအချိန်က
စပြီး ကျုပ်ရဲ့အစောင့်အရှောက် ဖြစ်သွားပြီး
ကျုပ်ရဲ့ အန္တရာယ်တွေကို ကာကွယ်ပေးဖို့ ၊
ကျုပ်ကို စီးပွားဥစ္စာရဖို့ မဖဲဝါက လုပ်ခိုင်းပေးပါ။
ကျုပ်က ငနက်ကြီးကို တပေါင်းလဆုတ် (၁ )ရက်
ညသန်းခေါင်မှာ တစ်ခါ၊ သီတင်းကျွတ် လဆုတ်(၁)
ညသန်းခေါင်မှာ တစ်ခါ တစ်နှစ်ကို နှစ်ကြိမ်
မပျက်မကွက် ကြက်ဖအရှင်လတ်လတ်ရဲ့
အသွေးကို တိုက်ပါ့မယ်၊ အသားကို
ကျွေးပါ့မယ်လို့ ကျုပ်ဘက်က မဖဲဝါကို
ကတိပေးပါတယ်၊ ကျုပ်ရဲ့ကတိ ပျက်ကွက်ခဲ့ရင်
ကျုပ်ကို ငနက်ကြီးကဖြစ်စေ၊ မဖဲဝါက ဖြစ်စေ
ကြိုက်သလိုလုပ်ပါ၊ ကျုပ်ဘက်က ကတိတည်နေသမျှ
ကျုပ်ကို စောင့်ရှောက်စေပါ မဖဲဝါ”
“အီး ဟင်း ဟင်း ဟင်း ”
ဟာ ဆရာနက်ရဲ့ မြေပုံခေါင်းရင်းမှာ
လဲကျနေတဲ့ ဆိတ်ဖလူးပင်ကလေး သူ့ဟာသူ
ထောင်လာတယ်ဗျို့၊ ကျုပ်ဖြင့် လန့်တောင်
လန့်သွားတယ်ဗျာ။
“တာတေ ဆိတ်ဖလူးပင်ကို ထမ်းလိုက်တော့ ”
ကျုပ်လည်း ကိုနီတာ ခိုင်းတဲ့အတိုင်း ဆိတ်ဖလူးပင်ကို
ထမ်းလိုက်ရတာပေါ့ဗျာ၊ ကိုနီတာက သူ့ဓါးရယ်၊
ဒန်ဖလားရယ်ကို ပိတ်အိတ်ထဲမှာထည့်ပြီး
လွယ်လိုက်တယ်ဗျ။
“ကဲ သွားစို့ တာတေရေ”
ကျုပ်က ရှေ့က ကိုကြီးနီတာက ကျုပ်နောက်က
ကပ်ပြီး လိုက်လာတာဗျ။ ကျုပ်တို့နှစ်ယောက်
ဘန့်ဘွေးကုန်း သုဿန်ထဲကနေ ထွက်လာခဲ့ကြတယ်
“အူ အူ ဝူး ဝူး ဝူး ”
ဟော မဖဲဝါရဲ့ခွေးကြီး အူသံက တဖြည်းဖြည်း
ဝေးသွားပြီဗျို့။ ကျုပ်တို့နှစ်ယောက်လည်း
ခပ်သုတ်သုတ် ပြန်ချလာခဲ့တယ်။ ထနောင်းကုန်း
ရွာအဝင်ဝကို ရောက်တော့
“တာတေ ခဏရပ် ”
ဆိုပြီးတော့ ကိုကြီးနီတာက ကျုပ်ရှေ့ကို ထွက်လာပြီး
ဂါထာတွေ ရွတ်ပြန်ရောဗျို့၊ ဘာတွေရွတ်နေမှန်းတော့
ကျုပ်လည်း မသိပါဘူးဗျာ၊ အသံခပ်တိုးတိုးနဲ့ အဆက်
မပြတ်ကို ရွတ်တာဗျ။
သူ့ဘိုးလေး ဘိုးသာဝက မသေခင်က ဒီပညာတွေ
သင်ပေးခဲ့တယ်ဆိုတာ ကျုပ်တော့ ယုံသွားပြီဗျ။
“ကဲ ရပြီ တာတေ၊ ငါ့တပည့် ငနက်ကြီးကို
ဒီရွာကကောင်တွေ မနှောင့်ယှက်နိုင်အောင်
လုပ်ရတာကွ၊ ဒီလို မလုပ်ဘဲ တန်းဝင်သွားရင်
ငါ့တပည့်ကို ဒီကောင်တွေ ဝိုင်းတွယ်မှာ
သေချာတယ် ”
“နို့ ခင်ဗျားတပည့်ဖြစ်သွားတဲ့ ငနက်ကြီး
ဆိုတာကရော ပါလာတာ သေချာလို့လားဗျ။
ကျုပ်တို့နောက်မှာ ပါလာတာလား။
ကျုပ်တို့ရှေ့မှာလား ”
“ဟာ တာတေကလည်း ငါတပည့် ငနက်ကြီးက
မင်းထမ်းလာတဲ့ ဆိပ်ဖလူးပင်မှာလေကွာ”
“ဗျာ”
ကျုပ်အသံ တော်တော်တောင်ကျယ်သွားတယ်ဗျို့
တစ်ကိုယ်လုံးမှာ ရှိရှိသမျှ ကြက်သီးတွေ
အကုန်ထသွားတယ်လို့တောင် ကျုပ်ထင်မိတယ်။
“ဘာလဲ တာတေ၊ မင်း လန့်သွားလို့လား ”
“ဟာ မလန့်ပါဘူးဗျာ ၊ အံ့သြသွားလို့ပါ ”
ကျုပ် လိမ်ပြောလိုက်တာဗျ။ တကယ်တော့
ကျုပ်လန့်သွားတာ။ လူပဲဗျာ။ ကိုယ်ကြောက်တာကို
ကြောက်ပါတယ်လို့တော့ ဘယ်ပြောပါ့မလဲ။
အခု ငနက်ကြီးက ကျုပ်ထမ်းလာတဲ့
ဆိပ်ဖလူးပင်မှာ ဆိုတော့ ကျုပ်ပခုံးပေါ်မှာပေါ့ဗျာ။
ခုမှတော့ မထူးတော့ပါဘူး ငတာတေရယ်။
ကျုပ်က ရွာလယ်လမ်းအတိုင်း ဝင်ချလိုက်တယ်။
ရွာရှေ့ပိုင်းက ကိုနီတာတို့ဝိုင်းထဲကို
တန်းဝင်လိုက်တယ်။ တစ်ရွာလုံး အိပ်နေလိုက်ကြတာ
တိတ်နေတာပဲဗျ။ မအိပ်နိုင်တာဆိုလို့
ကျုပ်နဲ့ ဒီလူကြီးပဲ ရှိတာ။
“အေး ဟုတ်ပြီကွ၊ တာတေ၊ မင်းထမ်းလာတဲ့
ဆိပ်ဖလူးပင်ကို ဟိုသရက်မှာ မှီထောင်ထားလိုက်ကွ၊
ငါ မြေကျင်းတူးလိုက်ဦးမယ် ”
ကိုနီတာက ပိတ်အိတ်ထဲက ဓါးမြှောင့်ကို
ထုတ်ပြီး ဆိပ်ဖလူးပင်စိုက်မယ့်နေရာကို
ရှာတယ်ဗျ။ နောက်တော့ သူတို့ဝိုင်းရဲ့
တောင်ဘက်ထောင့်မှာ အပင်ကြီးကြီး
မရှိဘဲ လွတ်နေတာကိုတွေ့တော့ အဲဒီ
နေရာမှာ ကျင်းတူးတယ်။
ဒီတစ်ခါကတော့ အခိုင်စိုက်ရမှာဆိုတော့
ကျင်းကို ခပ်နက်နက် တူးရမှာပေါ့ဗျာ။
“ကိုကြီးနီတာ၊ ဒီဓါးလေးနဲ့ တူးမနေနဲ့လေ။
တူရွင်းသွားယူလိုက်ပါလားဗျ”
“သြော် ဟုတ်သားပဲ တာတေရာ၊ငါကလည်း
ယောင်တောင်တောင် ဖြစ်နေတာဟေ့ ”
ပြောပြောဆိုဆိုပဲ နွားစာစဉ်းတဲ့ စဉ့်ခုံနားမှာ
တူရွင်းသွားယူပြီး မြေကျင်းတူးတယ်။
ခဏနေတော့ ကျင်းတော့ရပြီ။
“တာတေ ခဏနေဦးနော် ”
ကိုနီတာက ပြောပြောဆိုဆိုနဲ့ ဝိုင်းနောက်ဘက်
ဝင်သွားတယ်ဗျ။ သူပြန်ထွက်လာတော့
လက်ထဲမှာ ကြက်ဖကြီးတစ်ကောင်
ထပ်ပါလာတယ်။ စစ်တကောင်းကြက်ဖ
ငွေနားကြီးဗျ။ နည်းတဲ့ အကောင်ကြီး
မဟုတ်ဘူးဗျို့။
“ဒါ ကိုကြီးတို့အိမ်က ကြက်လား ”
“ဟာ မဟုတ်ဘူးကွ ငါ နှစ်ကောင်ဝယ်လာတာ၊
ကဲ လာ တာတေ၊ သင်္ချိုင်းမှာ လုပ်သလိုပဲ
လုပ်ရမယ် ”
“ဒါဆိုရင် ခဏနေဦးဗျ”
ကျုပ်က ပြောပြောဆိုဆိုနဲ့ သရက်ပင်မှာ
ထောင်ထားတဲ့ ဆိတ်ဖလူးပင်ကို ပခုံးမှာ
ထမ်းပြီး ယူလာတယ်။ ပြီးတော့မှ ခြံစည်းရိုးမှာ
မှီပြီးထောင်ထားလိုက်တယ်။ ကိုနီတာက
ကြက်ဖကြီးကို ဘယ်လက်နဲ့ အဆင်သင့်ကိုင်ထားပြီး
ညာလက်နဲ့ ဓါးမြှောင်ကို ကိုင်ထားတယ်ဗျ။
ကျုပ်က ဒန်ဖလားကလေးကို အဆင်သင့်
ယူထားရတာပေါ့ဗျာ။ ဟာ ရွတ်ပြီဗျို့။
ကိုကြီးနီတာ ဂါထာတွေ ရွတ်ပြီ။
“ဟာ”
ကျုပ်ဖြင့် လန့်ပြီးနောက်ကိုတောင် ဆုတ်သွားမိတာဗျို့။
ခြံစည်းရိုးမှာ ကျုပ်ထောင်ထားတဲ့ ဆိပ်ဖလူးပင်က
ဆတ်ဆတ် ဆတ်ဆတ်နဲ့ တုန်နေတာ။
နတ်ဝင်သည် နတ်ပူးနေသလိုပဲဗျို့။ အောင်မယ်လေးဗျာ။
ကျုပ်တစ်သက်မှာ ဒါမျိုးကို ဒီတစ်ခါပဲ မြင်ဖူးတာဗျို့။
ကိုကြီးနီတာက ဂါထာကို အဆက်မပြတ်
ရွတ်လေ၊ ဆိတ်ဖလူးပင်က တဆတ်ဆတ်
တုန်လေပဲဗျာ ကျုပ်ကလည်း ဒန်ဖလားနဲ့
သွေးခံဖို့ အဆင်သင့်ပြင်ထားရတယ်ဗျ။
ဟော လှီးပြီဗျို့၊ ကိုကြီးနီတာ ကြက်ဖကြီးရဲ့
လည်ပင်းကို ကိုကြီးနီတာက ကြက်ဖကြီးရဲ့ သွေးကို
မြေကျင်းထဲကို တိုက်ရိုက်လောင်းချနေတယ်ဗျ။
ပြီးတော့မှ ကျုပ်ကိုင်ထားတဲ့ ဒန်ခွက်ထဲကို
သွေးတွေ ထည့်တယ်။ ကြက်ဖကြီးရဲ့ သွေးက
ဒန်ဖလားတစ်စက်လောက်ကို ရတာဗျ။
ဒါတောင် တစ်ဝက်လောက်က မြေကျင်းထဲကို
ထည့်လိုက်တာ။ ကိုကြီးနီတာက ဂါထာအဆက်မပြတ်
ရွတ်ရင်းနဲ့ ကျုပ်ကို လက်ညှိုးနဲ့ ထိုးပြတယ်
သွေးခွက်ကို အောက်ချထားတဲ့ ။
ပြီးတော့ ဆိတ်ဖလူးပင်ကို ကျင်းထဲ
စိုက်ဖို့ ပြတယ်။
ကျုပ် သွေးခွက်ကို မြေကြီးမှာ ချလိုက်တယ်
ပြီးတော့ နတ်ဝင်သည်လို တဆတ်ဆတ်တုန်နေတဲ့
ဆိတ်ဖလူးပင်ကို မ, ယူပြီး သွေးခံထားတဲ့
မြေကျင်းထဲမှာ စိုက်ချလိုက်တယ်
ပြီးတော့ မြေဖို့ ပေးရတာပေါ့ဗျာ
ဆိတ်ဖလူးပင်က မယိုင်တော့ဘဲ ခိုင်သွားတယ်
ကိုင်းတွေကတော့ နတ်ပူးသလို တဆတ်ဆတ်
တုန်နေတုန်းပဲဗျို့။ ကိုနီတာက ဂါထာရွတ်ရင်း
ကြက်ဖကြီးကို ဆိတ်ဖလူးပင်ပေါ်မှာ တင်ထားလိုက်တယ်။
ပြီးတော့ ကျုပ်ချထားတဲ့ သွေးခွက်ကို ယူပြီး
ဆိတ်ဖလူးပင်ခြေရင်းမှာ ချထားလိုက်တယ်
“ဝူး ဝူး ဝူး ဝူး ဝူး ”
ဟာ တစ်ရွာလုံးက ခွေးကို ထအူလိုက်တာဗျို့။
ရွာဦးဘုန်းကြီးကျောင်းက ခွေးတွေတောင် လိုက်အူကြတယ်
“ဘုတ် ”
ဘုတ်ဆိုတဲ့ အသံကြီး ကြားလိုက်ရပြီး ကြက်ဖကြီး
ပျောက်သွားရောဗျို့။ ဟော ဆိတ်ဖလူးပင်က
တုန်တာရပ်သွားပြီဗျ။
“ကျွတ် ကျွတ် ကျွတ် ကျွတ်”
ကျုပ်နားထဲမှာ စားဝါးနေတဲ့ အသံကြီး ကြားနေရတယ်ဗျ။
ဟာ ကြက်မွေးတွေ တဖွားဖွားနဲ့ ဆိပ်ဖလူးပင်ကလေး
ခြေရင်းမှာ ပုံနေရောဗျို့။ တဖြည်းဖြည်းနဲ့ စားတဲ့အသံကြီး ပျောက်သွားတယ်။
ကိုကြီးနီတာကတော့ သူ့ဂါထာတွေကို ရွတ်တုန်းပဲဗျ။
ဂါထာရွတ်ရင်းနဲ့ ကျုပ်ကို လှမ်းပြီး လက်ကုတ်တယ်။
ပြီးတော့ အပင်ခြေရင်းမှာ ချထားတဲ့ သွေးခွက်ကို
ပြတယ်ဗျ။ ဟာ ဟုတ်ပါ့ဗျာ။
သွေးတွေ တဖြည်းဖြည်း လျော့ကျလာတာဗျ။
ငနက်ကြီး ကြက်သွေးတွေ သောက်နေတာ ထင်တယ်။
ဟော ကုန်သွားပြီ။ သွေးတွေ တစ်စက်မှကို
မကျန်တော့တာဗျ။ ကြက်ဖကြီး တစ်ကောင်လုံးရော၊
ကြက်သွေးတစ်ဖလားရော ကုန်ပြီဗျို့။
ဒီတော့မှ ကိုနီတာက သူ့ရဲ့ဂါထာကို ရပ်လိုက်တယ်
“အောင်ပြီဟေ့ အောင်ပြီ၊ အောင်ပြီ ”
အသံကတော့ ခပ်အုပ်အုပ်ပဲဗျ။ လက်သီး
လက်မောင်းတန်းပြီးတော့ကို အော်တာဗျို့။
အားလုံးကိစ္စတွေ ပြီးတော့ ပုဗ္ဗာရုံကျောင်းက
တုံးတောင်ခေါက်နေပြီဗျ။
“ကဲ တာတေ၊ မင်းကို ငါ အိမ်အထိလိုက်ပို့မယ် လာ”
လို့ ပြောပြီး ကျုပ်ကို အိမ်လိုက်ပို့တယ်ဗျ။
လမ်းရောက်တော့
“ငါ့ညီတာတေ၊ ဆရာနက်ကြီးကို ငါမွေးထားတာကို
ဘယ်သူမှ မသိစေနဲ့နော် ”
“ဟာ စိတ်ချစမ်းပါဗျာ ကျုပ်က ဘယ်သူ့ကိုမှ
မပြောဘူး ကိုကြီးနီတာ၊ ဒါနဲ့ နေဦးဗျ။
အခု ခင်ဗျားနဲ့ ပါလာတာ ငနက်ကြီးဆိုတာ
သေချာရဲ့လား ”
“ဘာဖြစ်လို့လဲကွ”
“ဘာမှ မဖြစ်ပါဘူးဗျာ၊ ဆရာနက်ကြီး မဟုတ်ဘဲ
တခြားတစ်ယောက်ဖြစ်နေမှာစိုးလို့ပါ ”
“မဖြစ်ပါဘူးကွ၊ ဆရာနက် မြေပုံမှာလုပ်ရင်
ဆရာနက်ပဲ ပါလာတာပါ၊ ပြီးတော့ မဖဲဝါ
ကိုယ်တိုင် အပ်ပြီးထည့်လိုက်တာလေကွာ၊
ကိုယ့်ဘာသာခေါ်လာလို့ ရတာမှ မဟုတ်တာ။
မဖဲဝါရဲ့ အမိန့်နဲ့ ငါ့ကို တစ်သက်လုံး
စောင့်ရှောက်ဖို့ လိုက်လာရတာကွ”
“တစ်သက်လုံး ဟုတ်လား ၊ ဒါဆို ငနက်ကြီးက
ခင်ဗျားကို အချိန်အကြာကြီး စောင့်ရှောက်နေရတာပေါ့နော်”
“ဟာ တာတေကလည်း သူတို့သက်တမ်းနဲ့ဆိုရင်
ခဏလေးပါကွာ၊ သူတို့က နှစ်တွေ ရာနဲ့ချီပြီး
နေကြရတာကွ၊ ငါ့ကို စောင့်ရှောက်ရမှာ
သူတို့အတွက် သိပ်မကြာလှပါဘူးကွာ ”
” သြော် ဒီလိုလား ။ ကဲ ကိုကြီးနီတာရေ။
စကားတပြောပြောနဲ့ လာကြတာ၊ ကျုပ်တို့
ဝိုင်းတောင် ရောက်ပြီဗျ။ ကိုကြီးနီတာ၊
ကြီးပွားချမ်းသားပါစေဗျာ”
“အေးပါကွာ၊ တာတေရာ မင်းကူညီလို့
ငါ အောင်သွားတာပါ။ မင်းကို ဘယ်တော့မှ
မမေ့ပါဘူးကွာ၊ ကဲ ငါ သွားမယ်နော် ”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ”
ကျုပ် အိမ်ပြန်ရောက်တော့ အမေတောင်
ဆွမ်းထချက်နေပြီဗျ။ ကျုပ်က အသာကလေး
အိမ်ထဲဝင်ပြီး အိပ်နေလိုက်တယ်။ ကျုပ်တစ်သက်မှာတော့
သရဲမွေးတာကို ပထမဆုံး မြင်ဖူးတာပေါ့ဗျာ။
တော်တော်တော့ ကြောက်စရာ ကောင်းတာပဲလို့
တွေးရင်း ကျုပ် အိပ်ပျော်သွားတယ်။
အိပ်မက်ထဲမှာတော့ ကြက်ဖကြီးကို တကျွတ်ကျွတ်
ကိုက်စားနေတဲ့ မဖဲဝါကြီးနဲ့ သွေးတွေ မော့သောက်နေတဲ့
ငနက်ကြီးကို မက်နေတော့တာပေါ့ဗျာ။
လောကကြီးမှာကလည်း မယုံနိုင်အောင် ထူးဆန်းတာ
တွေကလည်း အများသားဗျ။ မယုံရင် ပုံပြင်သာ
မှတ်ပါတော့ဗျာလို့ ပြောရမလိုပါပဲ။
ကျုပ်တို့ရွာမှာ ခါးရှည်နီတာ၊ ငပျင်းနီတာလို့
လူကြီးတွေက ခေါ်ကြတဲ့ ကိုကြီးနီတာတစ်ယောက်
နေ့ချင်း ညချင်း ကြီးပွားလာတာကို ကျုပ်ဖြင့်
တော်တော်ကို အံ့သြမိတာဗျ။ သူမွေးတဲ့
ငနက်ကြီးရဲ့ စောင့်ရှောက်မှုတွေ ဆိုတာကို
ကျုပ်က အတွင်းသိ ဖြစ်လာလေတော့
အံ့သြတော့တာပေါ့ဗျာ။
ကိုနီတာက ပဲပွဲစားလုပ်တယ်။ အနီးအနားရွာက
လူတွေ အားလုံးက ကိုနီတာ စကားတစ်ခွန်းပဲဗျ။
ဘယ်သူပဲ လာဝယ်ဝယ် မရောင်းတော့ဘူး။
နီတာ မှာထားတာ၊ မရောင်းဘူးပဲ ပြောကြတာ။
ကိုနီတာ ဖြတ်တဲ့စျေးကမှ အမှန်လို့ကို ပြောကြတာဗျ။
မြို့က ပဲကုန်သည်တွေဆိုတာ နေ့ချင်း ညချင်း
ပဲပွဲစားကြီးဖြစ်လာတဲ့ ကိုနီတာကြီးကို
ဝိုင်းပြီး ချော့နေကြရတာ ။ငွေဆိုရင် အထုပ်လိုက်ကို
ကြိုချကြရတာဗျို့။
ဒီကြားထဲ ဖဲဝိုင်းကောင်းကောင်းရှိရင်
ပွဲစားကြီး ကိုနီတာကို လှည်းနဲ့တောင်
လာခေါ်ကြရတာဗျ။ နိုင်လိုက်တဲ့
ဖဲဆိုတာလည်း မပြောနဲ့တော့ဗျာ။
မြို့က ပဲကုန်သည်ကြီးတွေက သူ့မိဘ
လက်ထက်က အိမ်ကြီးကိုတောင် တိုက်ဆောက်ဖို့
ငွေတွေ ထုတ်ပေးလို့ တိုက်ကြီးလည်း
ဆောက်ပြီးပြီ။ ဝိုင်းထဲမှာ ဂိုဒေါင်ကြီးလည်း
ဆောက်ထားလို့ဗျ။
ကျုပ်ကို တွေ့ရင်တော့ ပျာပျာသလဲပါပဲဗျာ။
တာတေ ရော့ မုန့်ဖိုးဆိုပြီးတော့လည်း
ပေးတတ်ကမ်းတတ်ပါတယ်။
ဒါပေမဲ့ ကျုပ်ကလည်း သူ့ပေးတိုင်း
မယူပါဘူးဗျာ၊ သူနဲ့ ကျုပ်နဲ့လည်း
တွေ့ခဲ့ပါတယ်။
နောက်တော့ ကိုနီတာ ကားတစ်စီးထောင်တယ်ဗျ။
ကျုပ်တို့ရွာနဲ့ မြို့နဲ့သွားတဲ့ ကားပေါ့ဗျာ။
ကျုပ်စီးရင်တော့ ဘယ်တော့မှ ကားခမယူဘူးဗျ။
ကိုနီတာက မှာထားတာ။ သူ့လူတွေကလည်း
တာတေကို ကားခမယူရဘူးဆိုတော့ မယူရဲဘူးပေါ့ဗျာ။
ဘာကြောင့်မှန်းလဲ သူတို့မသိကြပါဘူး ။
ကြာလာတော့ ကိုနီတာက ရွာမှာတောင်
သိပ်မနေတော့ဘူးဗျ။ မြို့က ကုန်သည်တွေနဲ့
အတွဲများလာတယ်။ ဟိုလူတွေက သူ့ကို
မန္တလေးတို့ ရန်ကုန်တို့ကို ခေါ်သွားတတ်တယ်။
ဖဲချ ဖဲနိုင်၊ ဂျင်ထိုး ဂျင်နိုင်ဖြစ်နေတဲ့ ကိုနီတာကို
အရမ်းအထင်ကြီးကြတာပေါ့ဗျာ။
ကျုပ် ကြားတာကတော့ ကိုနီတာက
အသောက်ရော အစားရော အပျော်အပါးရော
စုံနေပြီတဲ့ဗျ။ သူ့ဘိုးလေး ဘိုးသာဝတုန်းက
ချမ်းသာလာတော့ ရွာက ဘုန်းကြီးကျောင်းတွေ
ပြင်တယ်။ ဘုရားပြင်တယ်။
စာသင်ကျောင်း ဆောက်ပေးတယ်။
ကိုနီတာ ချမ်းသာလာတော့ ဘာမှလှူတာလည်း
မတွေ့ရဘူးဗျ။ ကျုပ်ကတော့ ကိုနီတာကြီး
ရောဂါတွေ ဘာတွေ ရမှာကို စိုးရိမ်တယ်ဗျာ။
ဒါပေမဲ့ ကျုပ်က ရွာမှာ သူတို့ချီပိုးလာခဲ့တဲ့
ကောင်လေးပဲ။ ဒီအစ်ကိုကြီးတွေကိုကျုပ်က ဘယ်ပြောရဲလိမ့်မတုံးဗျာ။
နောက်တော့ ကိုကြီးနီတာက ရွာကိုတောင်
သိပ်မလာတော့ဘူးဗျ။ ရန်ကုန်မှာပဲ အနေများတယ်
ရန်ကုန်မှာ စီးပွားရေးတွေ အပြိုင်အဆိုင်
လုပ်နေတယ် ဆိုပဲဗျ။
ကျုပ်လည်း ကိုယ့်ကိစ္စနဲ့ကိုယ်ပါကွာ၊
ဒီလိုနဲ့ပဲ တစ်ယောက်နဲ့ တစ်ယောက် အဆက်ပြတ်လာတာပေါ့။
ရွာထဲက လူတွေက ပြောတယ်ဗျ။
“တာတေရ၊ နီတာကြီးက ကျန်တဲ့အချိန်မှသာ
ရွာကို မရောက် ရှိချင်ရှိမယ်၊ သီတင်းကျွတ်လပြည့်နဲ့
တပေါင်းလပြည့်ကတော့ ရွာကို အမြဲရောက်တယ်ကွ၊
ဒါပေမဲ့ ကြာကြာတော့ မနေဘူးကွ၊ နောက်နေ့ဆို
ပြန်တော့တာပဲ။ ဒီက ပဲဝယ်၊ နှမ်းဝယ် အလုပ်ကလည်း
သူရှိစရာ မလိုတော့ဘူးလေကွာ၊ သူ့ညီတွေနဲ့တင်
ပြီးနေပြီမို့လား၊ ကားကလည်း သူ့ညီအငယ်ဆုံး
အောင်ညွှန့် လုပ်နေတာလေ။ သူက ရန်ကုန်မှာ
စီးပွားတော်တော်ဖြစ်နေပြီဆိုပဲ၊ နီတာကို
တို့ရွာသားတွေက လူပျင်းလို့ကို သတ်မှတ်
ထားတာကွ၊ အခုတော့ နီတာတို့ ကြီးပွားချက်
ကတော့ ကမ်းကို ကုန်ရောဟေ့ ”
ရွာသားတွေပြောတဲ့ သီတင်းကျွတ်နဲ့ တပေါင်း
ပြန်လာတဲ့အကြောင်းကို ကျုပ်တစ်ယောက်က
လွဲရင် ဘယ်သူသိမှာတုံးဗျာ။
သြော် ငနက်ကြီး အပေါ်မှာ ပေးထားတဲ့
ကတိတော့ တည်နေတုန်းပါပဲလားလို့
တွေးပြီး ဝမ်းသာပါတယ်ဗျာ။
ညကတော့ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်ဗျ။
ကျုပ်တို့ရွာက လူငယ်တွေစုပြီး ရွှေတောင်ကုန်းဘုရားမှာ
ဆီမီးကိုးထောင်ကပ်လှူကြတယ်။ ပြီးတော့
ကြာကန်ကြီးထဲမှာ မီးဖောင်မျှောကြတယ်။
ကန်ရေဆိုတော့ ရေက ငြိမ်နေတာ မဟုတ်လား။
ဒီတော့ မျောတော့ မမျောပေါ့ဗျာ။ ဝါးလုံးနဲ့
ထိုးပြီး နေရာရွှေ့ရတာပေါ့။ ကန်တစ်ခုလုံး
ပြည့်အောင် မီးထွန်းတဲ့ သဘောပါပဲဗျာ။
ကျုပ်လည်း ညတော်တော်နက်မှ အိမ်ပြန်
ရောက်တယ်ဗျ။ မနက် ကျုပ်အိပ်ရာကနိုးတော့
အရီးဝိုင်းကြည်နဲ့ အမေနဲ့ ပြောနေကြတာကို
ကျုပ် အိပ်ခန်းထဲက နားစွန်နားဖျား
ကြားနေရတာဗျာ။
ဘာအကြောင်းပြောနေမှန်း သဲသဲကွဲကွဲ
မကြားရဘူး။ ဒါပေမဲ့ အရီးဝိုင်းကြည် ကိစ္စရှိလို့သာ
အစောကြီးရောက်လာမှန်း ကျုပ် သိတယ်ဗျ။
ဒါနဲ့ ကျုပ် အိပ်ခန်းထဲက ထွက်လာခဲ့တယ်။
“ဟဲ့ တာတေ၊ ဒီလိုလာဦး”
အမေ ကျုပ်ကို လှမ်းခေါ်တယ်ဗျ။
ဒီကတည်းက ရွာမှာ တစ်ခုခုဖြစ်မှန်း
ကျုပ် သိလိုက်တယ်။
“ဘာတုံး အေမရဲ့ ”
“ဟဲ့ ဘာတုံး လုပ်မနေနဲ့ ၊ ညက နီတာ သေသွားပြီတဲ့ ”
“ဟင် ဘယ်နီတာတုံးဗျ”
“ဘယ်နီတာရမလဲဟယ် ခါးရှည်နီတာပေါ့
အဲ သူဋ္ဌေးနီတာပေါ့ဟဲ့ ”


“ဟင် ဘာဖြစ်လို့တုံး အမေ။
ကိုကြီးနီတာက ရန်ကုန်မှာ နေတာဆို”
“ကဲ ဝိုင်းကြည်ရေ နင့်တူကို နင်ပဲ ပြောပြလိုက်တော့ဟေ့”
“ရန်ကုန်မှာနေတာတော့ ဟုတ်တယ်ဟဲ့၊
ဒီလိုသီတင်းကျွတ်လပြည့်ဆိုရင် နီတာက
ရွာကို ပြန်လာနေကျလေ။ အဲဒါ မနေ့က
မနက်က ရောက်သတဲ့၊ ညကျတော့ သေရောတဲ့”
“ဟင် ဘာဖြစ်လို့တဲ့တုန်း ၊ အရီးဝိုင်းကြည်ရဲ့ ”
“ဟဲ့ ရိုးရိုးသေတာ မဟုတ်ဘူးဟဲ့၊
သူတို့ဝိုင်းထဲက ဆိတ်ဖလူးပင်အောက်မှာ
လည်ပင်ကြီးကျိုးပြီး သေနေတာတဲ့။
အနားမှာလည်း ကြက်ဖကြီးတစ်ကောင် သေနေတာ
တွေ့တယ်တဲ့။ ခွက်တစ်လုံးထဲမှာလည်း
သွေးတွေ တွေ့တယ်ဆိုပဲ။ မျက်ပြူး
ပြောတာကတော့ အဲဒါ ကြက်သွေးတွေလို့
ပြောတာပဲ။ လည်ပင်းကို လိမ်ချိုးထားတာများ
မျက်နှာကြီးက ကျောဘက်ကိုတောင်
ရောက်နေတာတဲ့၊ မျက်လုံးကြီးနှစ်လုံးစလုံး
ပြူးထွက်ပြီး လျှာတောင် ထွက်နေတယ်ဆိုပဲ”
ဟာ မနေ့က သီတင်းကျွတ်လဆုတ်တစ်ရက်ပဲ။
ကိုနီတာ ကျွေးရမယ့်နေပေါ့။ ကြက်ဖကြီး
သေနေတာတွေ့တယ်ဆိုတော့ ကိုနီတာ
ကျွေးတာပဲ။ သေပုံသေနည်း ကြည့်ရတာတော့
သူမွေးထားတဲ့ သူ့တပည့် ငနက်ကြီးရဲ့
လက်ချက်ဆိုတာတော့ သေချာတာပေါ့ဗျာ။
“အေး ပြီးတော့ အနောက်ပိုင်းက ဘိုးမင်းဒင်ကြီး
ပြောတာကတော့ ညက သန်းခေါင်ကျော်လောက်မှာ
တစ်ရွာလုံးက ခွေးတွေ အူကြတာတဲ့၊
သူလည်း အိပ်မပျော်သေးတာနဲ့
အိမ်ပြင်ကို ကြည့်နေတုန်း မည်းမည်းကြီးတဲ့၊
ဘာကောင်ကြီးမှန်း မသိဘူးတဲ့၊ နည်းတဲ့
အကောင်ကြီး မဟုတ်ဘူးတဲ့၊ ရွာနောက်ဘက်ကနေ
သင်္ချိုင်းကုန်းဘက်ကို ထွက်သွားသတဲ့၊
ခွေးတွေက အဲဒီမည်းမည်းကြီးသွားတဲ့
ဘက်က အူကြတာဆိုပဲ ”
အရီးဝိုင်းကြည်က သူကြားတာကို ဆက်ပြောတယ်ဗျ။
ဟာ ဒါဆိုရင် ညကပဲ ငနက်ကြီးက ကိုနီတာကို
ရက်ရက်စက်စက် သတ်လိုက်ပြီး ထွက်သွားတာပဲ
ဖြစ်မယ်လို့ ကျုပ်တွေးမိတယ်ဗျ။
ကျုပ် ကိုနီတာတို့ ဝိုင်းထဲရောက်တော့
အလောင်းကို ရဲတွေ လာသယ်ပြီး မြို့ကို
ပို့လိုက်ပြီတဲ့ဗျ။ လူတွေကတော့ ကိုနီတာတို့
ဝိုင်းထဲမှာ ဟိုပြော ဒီပြော ပြောနေကြတာပေါ့ဗျာ။
ကျုပ် ဆိတ်ဖလူးပင်ကလေးကို ကြည့်လိုက်တော့
ဟာ အကြီးကြီး ဖြစ်နေတာကို တွေ့လိုက်ရတယ်။
ဒီအပင်ဟာ ငနက်ကြီးကို ကိုနီတာမွေးတဲ့
ညက ကျုပ်ကိုယ်တိုင် ထမ်းယူလာတဲ့
အပင်ဆိုတာ ဒီရွာက လူတွေ တစ်ယောက်မှ
မသိကြဘူးပေါ့ဗျာ။
ဒီကိစ္စတွေ ပြီးဆုံးသွားလို့ လတော်တော်ကြာမှ
ကိုကြီးနီတာကို သူမွေးတဲ့သရဲ ငနက်ကြီးက
ရက်ရက်စက်စက် သတ်လိုက်ရတဲ့ အကြောင်းကို
ကျုပ် သိခဲ့ရတယ်။ ငွေကို ရေလို သုံးနိုင်နေတဲ့
ကိုကြီးနီတာဟာ အကျင့်စရိုက်တွေပါ ပျက်လာပြီး
မိန်းမတွေ့ရင် မရှောင်နိုင်အောင် ဖြစ်လာတယ်ဆိုပဲ။
နောက်ဆုံး ဘန့်ဘွေ့ကုန်းက ဆရာနက်ရဲ့သမီး
အငယ်ဆုံးနဲ့ ဇာတ်လမ်းတွေ ရှုပ်ခဲ့တယ်။
ကိုနီတာက ဘယ်သူ့ကိုမှ လက်ထပ်မယူဘဲ
ငြင်းဆန်ခဲ့တဲ့ လူဆိုတာ ဆရာနက်ရဲ့ သမီးကိုလည်း
သူလက်မထပ်ခဲ့ဘူး။
ဒါကြောင့် သရဲကြီးဖြစ်ပြီး ကိုနီတာရဲ့
အစေအပါး ဖြစ်နေတဲ့ ငနက်ကြီး အရမ်းနာကြည်းပြီးရက်ရက်စက်စက် သတ်ခဲ့တာပေါ့။
ဒီလိုသတ်ခွင့်ကိုလည်း ငနက်ကြီးက
မဖဲဝါဆီမှာ တောင်းပြီးမှ အခုလို ရက်ရက်စက်စက်
သတ်ခဲ့တယ် ဆိုတာကို ကျုပ် လုံးဝ
ယုံကြည်ပါတယ်ဗျာ။
မဖဲဝါက ဒီလိုလူမျိုးကို အရမ်းမုန်းတယ်ဆိုတာ
ကိုးသင်္ချိုင်းကဝေဖြစ်ဖို့ ကြိုးစားတဲ့
ကိုတက်ခါးကို မဖဲဝါကိုယ်တိုင် သတ်ခိုင်းခဲ့တဲ့
အကြောင်းကို ကျုပ် ရေးပြခဲ့ဖူးပါတယ်။
‘ ကိုယ်တွေ့ မဖဲဝါ ‘ စာအုပ်မှာလေဗျာ။
ခင်ဗျား မှတ်မိတယ်မို့လား။
မဖဲဝါက သူများ သားပျို သ္မီးပျိုကို
ဖျက်ဆီးတဲ့သူဆိုရင် အားကြီးမုန်းတာဗျ။
ပြီးပါပြီ။။
မူရင်းရေးသားသူ-ဆရာတာတေ

Leave a Comment