ဆယ့်နှစ်ကြိုးခင်သုန် 

” ဆယ့်နှစ်ကြိုးခင်သုန် “
+++++++++++
(၁)-
“သေချင်ရင် အဆိပ်မစားနဲ့ ဒေါ်ဖွားအိ ဆီ သွား”
သည်နယ်တဝိုက်တွင်တော့ ထိုစကားက အခုတလောခေတ်စားသည်။
ဘာပဲဖြစ်ဖြစ်ဒေါ်ဖွားအိရဲ့ သမီးများဖြစ်သည့် ခင်မှုံနဲ့ ခင်သုန်တို့ရဲ့ အလှအပ စွဲဆောင်မှုအားကိုတော့..ထိုစကားလုံးများဖြင့်မတားဆီးနိုင်သည်က သေချာပါသည်။
ဒေါ်ဖွားအိ..။
စုန်း ၊အောက်လမ်း၊ မှော်ပညာရှင် များပေါသည်ဟု နာမည်ကြီးသည့် သည်နယ်တစ်ကြော
ဒေါ်ဖွားအိ ဆိုသည့်နာမည်ကိုကြားလျှင် တော်ရုံလောကီပညာတတ်ပါသည် ဆိုသည့်ပညာရှင်များပင် ဖြုံသွားတတ်ကြသည်တဲ့။
ရွာသူအဆင့် ချီးစားစုန်း မှစပြီး စုန်းမျိုး (၆)မျိုး၊ ကဝေ‌မြောက်စုန်း၊ အိမ်တလိမ့်စုန်း၊ ဟဲဘူးစုန်း၊ စုန်းဘီလူး၊ မှောင်နှာခေါင်းစုန်း၊ နောက်သိုးစုန်း အဆင့်လောက်တော့ ဒေါ်ဖွားအိကို သွားမယှဥ်နှင့်။
ဒေါ်ဖွားအိက တိမ်ညွန့်စားသည့် ဆယ့်နှစ်ကြိုးအဆင့်ဟု ရွာနီးချုပ်စပ်တွင် နာမည်ကြီးသည်–။
ထိုပြင် ‌ဒေါ်ဖွားအိသည် မွေးကတည်းက လျှာတွင်အနီစက်များပါသည်တဲ့..လျှာစက်အာစက်လို့ ခေါ်သတဲ့….။
ဒေါ်ဖွားအိအား လူအများ စသတိထားမိလာတာကတော့ သူရင်းငှားအုန်းမြင့်နှင့် ပတ်သက်သည့် ပြဿနာတွင်ဖြစ်သည်။
သူရင်းငှား အုန်းမြင့်သည် ဒေါ်ပန်းအိယောင်္ကျား ဦးကျား မသေခင်ကတည်းကဒေါ်ပန်း အိ တို့လယ်များတွင် သူရင်းငှားလုပ်လာခဲ့သူဖြစ်သည်။
ဦးကျားကွယ်လွန်ပြီးသည့်နောက် အုန်းမြင့် အချိုးတွေ‌ပြောင်းလာသည်။
မုဆိုးမကြီး ဒေါ်ဖွားအိ နှင့် သမီးနှစ်ယောက်ကို သူရင်းငှားအုန်းမြင့်က အပိုင်တွက်သည်။
ရွာဘုန်းကြီးပျံတွင် ဖွင့်သည့် ကက်ဆက်ဇာတ်လမ်းတွဲများကဲ့သို့ လယ်ကူလီနဲ့ လယ်ရှင်သမီး ဇာတ်မျိုး ခင်းဖို့ စိတ်ကူးယဥ်လာသည်။
အုန်းမြင့်ချိန်နေသည်က သူနှင့် ရွယ်တူ အကြီးမ ခင်မှုံ—
အငယ်မ ခင်သုန်ကတော့ အခုမှဆံရစ်ဝိုင်းသိမ်းခါစဆံတောက် စချသည့်အရွယ်ဆိုတော့သူစိတ်ထဲတွင်မရှိ။
အုန်းမြင့်ဇာတ်လမ်းစပုံကနည်းနည်း ကြမ်းသည်—။
တစ်နေ့ဒေါ်ဖွားအိ မရှိသည့်အချိန်တွင် ခင်မှုံတစ်ယောက် နွားတင်းကုတ်ထဲတွင် နွားစာစင်းနေသည်။ နွားတင်းကုတ်ထဲကိုအုန်းမြင့်ဝင်လာပြီး ခင်မှုံနဘေးတွင် လာထိုင်သည်။
…ခင်မှုံကိုရွာဘုရားပွဲတုန်းက မင်းသားအကြောင်းတွေ…ရုပ်ရှင်မင်းသား ပြေငြိမ်းသေသည့်အကြောင်း တွေ လာပြောသည်။
ခင်မှုံကလည်းငယ်ငယ် ကတည်းက ကစားဖော်များဖြစ်သည့်အပြင် မိမိတို့အိမ်မှာ အလုပ်သမားဖြစ်သည့်အတွက် ရိုးရိုးသားသား ရယ်ရယ်မောမောဖြင့် စကားပြန်ပြော၏။
ထိုအခြေအနေက အုန်းမြင့်ကို ဘဝင်လေဟပ်စေသည်။ခင်မှုံက သူ့ကို လက်ခံစကားပြောသည်ကိုပဲ သူ့ကို ကြိုက်လို့ ဟု ထင်လာသည်။
ရွာထဲတွင် လျှောက်ကြွားသည့်အခါ နဂိုကတည်းက ကျပ်မပြည့်သည့် အုန်းမြင့်ကို ရွာသားများက အဆင်းဘီးတပ်ပြီး မြှောက်ပေးကြသည်။
အုန်းမြင့် စိတ်ထဲတွင်လည်း လယ်ရှင်သမီးခင်မှုံ သည် သူနှင့်သာ လက်ဆက်ရမည့်သူဟု အထင်ရောက်လာ၏။
ကဆုန်ညောင်ရေသွန်းပွဲမှ အပြန်လမ်းတွင် အုန်းမြင့်က ခင်မှုံ ကို လက်ဆွဲပြီး ရည်းစားစကားပြောသည်။
ခင်မှုံကအတင်းရုန်းတော့တဆင့်တက်ပြီး အတင်းဖက်သည်။
ဒေါ်ဖွားအိရောက်လာမှသာ အုန်းမြင့်ရန်က ခင်မှုံလွတ်သွားရှာသည်။
အုန်းမြင့်လည်း ဒေါ်ဖွားအိတို့ မိသားစု၏ သူရင်းငှားဘဝမှ ပင်စင်ရသွား၏။
အုန်းမြင့်၏ ဇာတ်လမ်းက ထိုနေရာတွင်ပင်မရပ်။
ဒေါ်ဖွားအိ က သူ့သမီးသူအိမ်ပြန်
ခေါ်သွားသည်ကို…တွံတေး
သိန်းတန် ဟင်္သာတထွန်းရင်တို့၏ ကက်ဆက်ဇာတ်လမ်းတွဲများအတိုင်း သူနဲ့ ခင်မှုံအဆင်ပြေတာကို
လယ်ပိုင်ရှင်သူဌေးမကြီးကလူတန်းစားခွဲပြီး ဖျက်သည်ဟု ဇာတ်လမ်းထွင်ပြန်သည်……။
ညနေတိုင်း တောအရက် တစ်လုံးသောက်ပြီး ခင်မှုံတို့အိမ်ရှေ့မှာ သွားသွားအော်သည်။
ဂုဏ်ကိုမက်၊ ငွေကိုမက်တဲ့ ဓနရှင်မကြီးတို့၊တို့ချစ်ခြင်း ကွင်းအောင်စေတဲ့ စုန်းမအိုကြီး တို့ လျှေက်အော်၏။
တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်းမက။
အစကတော့ ဒေါ်ဖွားအိတို့ သားအမိတစ်သိုက်မှာ အုန်းမြင့်အသံကြားသည်နှင့် အိမ်တစ်အိမ်လုံးကို တံခါးပိတ်ပြီးနေသည်။
အုန်းမြင့်ကား နေ့တိုင်းလာဆဲဆိုအော်ဟစ်နေသည်မှာ တစ်ပတ်ပင်ပြည့်ခဲ့ပြီဖြစ်သည်။
ရှစ်ရက်မြောက်နေ့ကျတော့အုန်းမြင့်ပိုဆိုးလာ၏။
ခင်မှုံအချစ်လေး မင်းအမေ လူ့မလိုင်မကြီးကိုထားခဲ့ပြီး ကိုအုန်း နောက်လိုက်ခဲ့တွေ ဘာတွေ လျှောက်အော်တော့၏။နောက်ဆုံး ညစ်တီးညစ်ပတ်တွေဆဲရေးကာ အိမ်ကိုခဲနှင့် ထုသည့် အထိဖြစ်လာသည်။
ထိုအချိန်တွင် ကာလသားခေါင်းမောင်လွင် ရောက်လာပြီး အုန်းမြင့်ကိုမလုပ်ဖို့ ပြောရာမှာ အုန်းမြင့်နှင့်စကားအခြေ
အတင်ဖြစ်ကြသည်။
. “ငါမိန်းမအိမ်ရှေ့ ငါဘာသာလာအသဲကွဲတာတွေ..ဘာဖြစ်လဲကွ”
အုန်းမြင့်အသံက အကျယ်ဆုံးဖြစ်သွား၏။
ထိုအချိန်တွင် ဒေါ်ဖွားအိတို့ အိမ်ရှေ့ ပြတင်းတံခါး ရုတ်တရက်
ပွင့်လာသဖြင့်…..မောင်လ ွင်ရော အုန်းမြင့်ပါမောကြည့်လိုက်ကြသည်။
ဆံပင်ကို ဖားလျားချလျက် မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်နေသော ဒေါ်ဖွားအိ ပုံစံကြောင့် နှစ်ယောက်လုံး မှင်သက်မိနေကြ၏။
ဒေါ်ဖွားအိက အုန်းမြင့်တည့်တည့်ကို လက်ညှိးထိုးလိုက်ပြီ…………
“‘အုန်းမြင့်…….နင်က ငါနဲ့ ငါ့သမီးတွေကို မုဆိုးမတွေ လင်သားမရှိဘူးဆိုပြီး စော်ကားချင်တိုင်း ‌စော်ကားကောင်းနေတယ်ပေါ့လေ…အေး..နင့်ရဲ့ ကွဲနေပါတယ်ဆိုတဲ့အသဲကို ငါအစိမ်းလိုက်စားပြမယ်”
ထို့နောက် ပြတင်းတံခါးက ဝုန်းခနဲပြန်ပိတ်သွားသည်။
မောင်လွင်က အုန်းမြင့်ကို အတင်းဆွဲခေါ်သဖြင့် အုန်းမြင့် ပြန်ပါသွားတော့သည်။…။ ထိုနေ့က ဒေါ်ဖွားအိတို့ အိမ်ရှေ့သို့ အုန်းမြင့် ရောက်လာသည်မှာ နောက်ဆုံးနေ့ဖြစ်ခဲ့သည်။
နောက်ရက်များတွင်တော့ အုန်းမြင့် နေထိုင်မကောင်းဖြစ်လာသည်။ အသားတွေဝါလာသည်။ မျက်လုံးတွေဝါထိန်လာသည်။
နှစ်ပတ်အကြာတွင် အုန်းမြင့်ကိုမုံရွာဆေးရုံသို့တင်လိုက်ရသော်လည်း အုန်းမြင့်မှာ သေဆုံးသွားခဲ့သည်။ ထူးခြားသည်က ရင်ခွဲစစ်ဆေးချက်အဖြေအရ အုန်းမြင့်မှာ အသဲတစ်ခြမ်းသာ ရှိတော့သည်တဲ့—–။
(၂)-
ဒုတိယအကြိမ်ဒေါ်ဖွားအိကိုနာမည်ကြီးအောင်လုပ်ပေးသူက….မစန်းခင်
ဒေါ်ဖွားအိထံတွင် မစန်းခင်က သူ့ရွှေနားကပ်လေးအပေါင်ထားသည်။
သူ့ယောင်္ကျားဖိုးအေးကို သင်္ဘောသား ဖြစ်အောင်ရန်ကုန်ကဦးလေးတဝမ်းကွဲက လုပ်ပေးမည်ဟုဆိုကာ လှမ်းခေါ် သဖြင့် ရွှေနားကပ်ပေါင်ပြီး ငွေထည့် ပေးလိုက်ခြင်းပင်။
တပတ်အကြာတွင်တော့ ဖိုးအေး ရွာသို့ ပြန်ရောက်လာသည်။
သူ့ဦးလေးတဝမ်းကွဲဆိုသူက ပါလာသည့်ပိုက်ဆံတွေအားလုံး လိမ်သွားသဖြင့် ဖိုးအေးတစ်ယောက် သင်္ဘောမတက်ပဲ ရွာပြန်ပြီး ထန်းပင်တက်လိုက်ရတော့၏။
ပေါင်ထားသည့် နားကပ်ကလည်း အတိုးများတက်လာနေ၏။
ရွာတွင် ရှင်ပြုတစ်ခုလုပ်ချိန်တွင် မစန်းခင်က ဒေါ်ဖွားအိထံသွားပြီး သူ့ နားကပ်ကလေးကို ခဏငှားပါရန်နှင့် ပွဲပြီးသည်နှင့် လာပြန်ပေးမည်ဟု တောင်းပန်သည်။
ဒေါ်ဖွားအိကလည်း ကိုယ်ဝန်ကြီးတကားကားနဲ့ နာကပ်လေး လာပြန်ငှားသော မစန်းခင်ကိုသနားသဖြင့် ခဏပြန်ပေး လိုက်သည်။
ရှင်ပြုပွဲကပြီးသွားခဲပြီ။
— တစ်ရက် — တစ်ပတ် — နှစ်ပတ် — မစန်းခင်က တော့ဒေါ်ဖွားအိတို့အိမ်ဘက်ခြေဦး
ပင် လှည့်မလာတော့…။
ဒေါ်ဖွားအိ က သမီးအကြီးမ ခင်မှုံကိုခေါ်ပြီးမစန်းခင် အိမ်ကိုလိုက်သွားသည်။
ဒေါ်ဖွားအိတို့ သားအမိ အိမ်ရှေ့ရောက်သည်နှင့် မစန်းခင်က ခုနှစ်သံချီ ဖြင့် ရန်တွေ့သည်။
…”ပိုက်ဆံပေးပြီးပြန်ရွှေး ထားတာကို… ..ကလိန်ကျပြီးလာပြန်
တောင်းနေတယ်အရပ်ကတို့ရေ….. ဒီအဘွားကြီး အသက်ကြီးပြီးအချိန်မစီး ဘဲလူလည်လာကျနေပါတယ်”
“အန်တီစန်းခင်အလိုတော့မအော်ပါနဲ့
တော်လာပေါင်တုန်းကကျုပ်တို့လည်း ရှိတာပါပဲတော်”
ခင်မှုံက ဝင်တောင်းပန်သည်။
“အောင်မလေးတော် အမေခေါင်းမကြီး နဲ့ သမီး ဖာသည်နဲ့အတိုင်အဖောက် ညီညီလာလိမ်နေပါတယ်တော့”
ဒေါ်ဖွားအိက သမီးဖြစ်သူ ခင်မှုံ လက်ကို ဆွဲကာ လှည့်ထွက်သွားသဖြင့် မစန်းခင် ပင် အော်နေရင်းက ကြောင်တက်တက်ဖြစ်သွား၏။
အိမ်ခြံစည်းရိုး အဝရှေ့တည့်တည့်ရောက်သည်နှင့် ဒေါ်ဖွားအိက မစန်းခင်ဘက်ကို့ လှည့်ကာ လက်ညှိးထိုးလိုက်သည်။
ထို့နောက်‌ မြေကြီးကို ဖနောင့်ဖြင့် ပေါက်လိုက်ပြီး..
“စန်းခင်……ညည်းငါ့သမီးလေးကို စော်ကားတယ်…ကလိန်ကကျစ်လည်းကျသေး..သူများသားသမီးလည်း စော်ကားသေး..အေးညည်းဗိုက်ထဲက ကလေးရော..ညည်းပါ ဘာဖြစ်မလဲ စောင့်နေလိုက်။”
မစန်းခင် ကား ဆဲဆိုလျက်ကျန်နေရစ်၏။
တိုက်ဆိုင်မှုဟုပဲ ဆိုရမည်လား။
မကြာမီပင် မစန်းခင်ဆုံးသွားခဲ့သည်။
ဗိုက်ထဲတွင် ကလေးက သေနေပြီး အပုပ်ဆန်နေသည်ကို အချိန်မီမသိသဖြင့် သွေးများဆင်းကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ထိုနောက်ပိုင်းတွင်တော့ ရွာထဲတွင် တစ်စုံတစ်ယောက် ဖျားနာ၊ နေမကောင်းဖြစ်သည်နှင့် ဒေါ်ဖွားအိ ထံ ဟင်းစားတစ်ခွက်၊ အသီးအနှံတစ်ခုခု ရောက်လာတတ်စမြဲ။
ရွာထဲတွင်လည်း “သေချင်ရင် အဆိပ်မစားကြနဲ့..ဒေါ်ဖွားအိဆီ သွား” ဟု ဆိုရိုးဖြစ်လာသည်အထိ။
မည်သို့ပင်ဆိုကြစေ။
ထိုဆိုရိုးစကားသည် ယောက်ျားသားမရှိပဲ ရပ်တည်နေကြသည့် ဒေါ်ဖွားအိနှင့် သမီးနှစ်ယောက်အတွက်တော့ လုံခြုံစေသည့်စကားမဟုတ်လား။
(၃)-
“သေချင်ရင်အဆိပ်မစားနဲ့ဒေါ်ဖွားအိဆီသွား ” ဆိုကာမှ ဒေါ်ဖွားအိတို့အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်သွားချင်နေသူတစ်ဦးပေါ်လာသည်။
သူက ခင်မောင်ကျော်….
မုံရွာ က စပါးပွဲစား ။
အသက်က ငယ်ငယ် လူကလည်လည် ဂျပန်လုပ်ဟွန်ဒါဆိုင်ကယ်လေးတစ်စီး
ဖြင့် ကျေးရွာများကိုလှည့်လည်ပြီး စပါးပွဲစားလုပ်နေသည့်သူ။
ခင်မောင်ကျော် ဒေါ်ဖွားအိ အိမ်ကို စပါးဈေးစပ်ရင်း ရောက်လာရာမှ ခင်မှုံတို့ ခက်သည့် ယက္ကန်း ထည်လေးများကို သဘောကျသည်ဟု ဆိုလာသည်။
ထိုမှတဆင့်ပဲ ခင်မောင်ကျော်ကခင်မှုံယက္ကန်းထည်တွေကို မုံရွာအထိယူသွားပြီးရောင်းချ ပေးသည်….။
ဆယ်တန်း အောင်ပြီး စာပေးစာယူတက်နေသည့် တက္ကသိုလ် ကျာင်းသား ပွဲစားလေး ခင်မောင်ကျော်၏
ဟွန်ဒါဆိုင်ကယ်လေးကို ဒေါ်ဖွားအိအိမ်ရှေ့တွင် အမြဲလိုလိုတွေ့လာရတတ်သည်။
အသားဖြူဖြူ ထာင်ထောင်မောင်းမောင်းနှင့်မြို့သားပညာတတ်ပွဲစားလေးကို ဒေါ်ဖွားအိကလည်း သူ့သမီး ခင်မှုံနှင့်သဘောတူနေသည်။
တခါတရံ ခင်မောင်ကျော်ဆိုင်ကယ်နောက်တွင် ခင်မှုံပါသွားသည်ကို တွေ့လိုက်ကြသည်။
တစ်နေ့ ဒေါ်ဖွားအိက ခင်မောင်ကျော်ကို ခင်မှုံနှင့် လူငယ်ချင်း ရည်ငံ့နေလျှင် သူ့သမီးကို မိသားဖသားပီပီလာတောင်းရမ်းဖို့ ပြောသည်။
ခင်မောင်ကျော်က ရယ်ရယ်မောမောနှင့်ပြန်ပြောဩ၏။
“အန်တီရယ် ..ကျွန်တော်က ခင်မှုံ ကို ဘွဲ့ရပြီးမှ လက်ထပ်မယ်ရည်စူးတာပါ”
“မဟုတ်ဘူး..မောင်ကျော်..ခင်မှုံမှာ မင်းနဲ့ မင်းနဲ့………………..”
ခင်မောင်ကျော် မျက်မှောင်ကြုံ့သွားသည်။
“ဟားဟား အန်တီရာ လာမနောက်ပါနဲ့ ကျွန်တော် ဦးနှောက်မရှိတဲ့ကောင်မဟုတ်ဘူး.. တစ်ပတ်မှတစ်ရက်လောက် ဒီရွာကိုလာတဲ့ ကျွန်တော်က ဘယ်နှယ့်ခင်မှုံကိစ္စရဲ့ လက်သည်
ဖြစ်ရမှာလဲဗျ..ဟားဟား အန်တီဦးနှောက်မရှိတဲ့ကောင်တွေကို ပဲ အမိဖမ်းလို့ရမယ်ဗျ
ကျွန်တော့်ကို လာမလုပ်နဲ့..ခင်မောင်ကျော်က
စာတတ်တယ်ဗျ..ဦးနှောက်ရှိတယ်….”
ခင်မောင်ကျော်က ပြောပြောဆိုဆိုနှင့်ဆိုင်ကယ်ပေါ်တက်ခွပြီး
ဝေါခနဲ မောင်းထွက်သွားသည်။
သည်တစ်ကြိမ်တွင်တော့ ဒေါ်ဖွားအိ ခံလိုက်ရသည်။
ခင်မောင်ကျော်အပေါ် အရင်လို ကျိန်စာတွေပင်မတိုက်နိုင်တော့။
သမီးဇောဖြင့် ရှိုက်ကြီးတငင်ငင် ငိုကြွေးတော့သည်။
မကြာခင်တွင်ပဲ ရွာထိပ် ချောင်းရိုးလေးတွင် ခင်မှုံအလောင်းပေါ်လာသည်။
ခင်မောင်ကျော်နှင့်ရရှိသည့်ကိုယ်ဝန်အတွက်ခင်မှုံကိုယ့်ကိုကိုယ်
သတ်သေသွားခဲ့ပြီ….။
ခင်မောင်ကျော်သည် မုံရွာတွင် မယားကြီးနှင့်ကလေး(၂)ယောက်
ရှိပါလျက်ခင်မှုံအား ကျောရရုံကြံခဲ့ခြင်းတဲ့..သတင်းတွေက ရွာသို့ ပျံ့နှံ့လာတော့သည်။
ခင်မှုံဆုံးပြီး တစ်နှစ်ကျော်ကြာသည်အ ဒေါ်ပန်းအိနှင့်
အငယ်မ ခင်သုန်တို့အိမ်ထဲက သိပ်မထွက်တော့။
ရွာနှင့်လည်း အဆက်အဆံသိပ်မရှိကြ…….။
ရွာခံများက ခင်မောင်ကျော်ဘာများဖြစ်မလဲ ဆိုသော သတင်းကို နားစွင့်နေကြသော်လည်း ခင်မောင်ကျော် ကား ဘာမှမဖြစ်။
ရွာနီးချုပ်စပ်များတွင် ပွဲစားအလုပ်ကို လာလုပ်မြဲ။
+++++++++++++++++++++
ဒေါ်ဖွားအိနှင့် အငယ်မ ခင်သုန် တို့ မုံရွာမြို့သို့ တက်သွားသည်ဆိုသည့် သတင်းကြားသည့်အခါ တစ်ရွာလုံးက စိတ်ဝင်စားကြသည်။
မုံရွာတွင် နှစ်ရက်ကြာပြီးနောက် သားအမိနှစ်ယောက်ပြန်ရောက်လာသည်။
ခင်မောင်ကျော်ကတော့ ရွာနီးချုပ်စပ်တွေမှာ သွားလာနေမြဲ။
ဒီတော့ ဟိုးအရင် အုန်းမြင့်နှင့် မစန်းခင်တို့ ကိစ္စသည် တိုက်ဆိုင်မှုလေလားဟု ရွာသားများက သံသယဖြစ်လာကြသည်။
သို့သော် ထိုသံသယကား ကြာရှည်မခံပါ။
တစ်ခုသော ညနေခင်း တွင် ဒေါ်ဖွားအိ အိမ်ရှေ့သို့ ခင်မောင်ကျော် ရောက်လာသည်။
ရိုးရိုးလာခြင်းမဟုတ်။
ငှက်ကြီးတောင်ဓါးကို ကိုင်လျက် ရောက်လာခြင်းပင်။
“စုန်းမကြီး…. ခင်ဗျား
သိပ်စွမ်းတယ်ပေါ့…..ဟုတ်လား.. လာဗျာ မိစ္ဆာမကြီး ခင်ဗျား ထွက်လာခဲ့………… ခင်ဗျားနဲ့ကျုပ်
စားရင်းရှင်းကြရအောင်..”
ရုတ်တရက်ခင်မောင်ကျော်၏ အော်သံကြောင့် ဒေါ်ဖွားအိတို့ အိမ်ပြတင်းပေါက်ပွင့်လာသည်။
ဒေါ်ဖွားအိကို မြင်သည်နှင့် ခင်မောင်ကျော်မှာ ဒေါသတကြီးအော်ဟစ်တော့၏။
“ဘီလူးမကြီး ခင်ဗျားဆင်းခဲ့လေ….ခင်ဗျား ပြုစားလို့ အခုကျုပ်
ကလေးတွေ သေပြီဗျ.. လာ ကျုပ်ကလေးနှစ်ယောက်လို့
ခင်ဗျားလည်း သေရမယ်…လာ ခင်ဗျား သတ္တိရှိရင်
တံခါးလာဖွင့်လေ အောက်လမ်းမကြီး..”
မှန်ပါသည်။
ဒေါ်ဖွားအိနှင့် ခင်သုန် မုံရွာသို့ တက်သွားခြင်းမှာ ခင်မောင်ကျော် တို့ အိမ်ကို သွားခြင်းတဲ့။
ခင်မောင်ကျော်ကတော့ ထုံးစံအတိုင်း ရွာစဉ်လှည့်ပွဲစားလုပ်နေသဖြင့် အိမ်တွင်မရှိ။ ဒေါ်ဖွားအိတို့က ခင်မောင်ကျော့်မိတ်ဆွေများဟုပြောကြသည်။
ခင်မောင်ကျော်မရှိဟု ခင်မောင်ကျော်ဇနီးက ပြောသည့်အခါ ဒေါ်ဖွားအိတို့ သားအမိပြန်လာခဲ့ကြသည်။
ဒေါ်ဖွားအိတို့ သားအမိ ပြန်သွားပြီး နှစ်ရက်အကြာတွင် ခင်မောင်ကျော့်သမီး အငယ်မလေး
ခေါင်းမူးတယ်ခေါင်းမူးတယ်ဟုပြောကာ ရုတ်တရက်
ဆုံးပါးသွားသည်။
အငယ်မလေး ရက်လည်ပြီး နောက်နေ့တွင်ပင်
အကြီးဆုံးသမီး ကလည်း ခေါင်းမူးတယ်မူးတယ်ဟုပြောသဖြင့်
ဆေးခန်းလိုက်ပို့ရာ လမ်းတွင်ပင်ဆုံးသွားပြန်သည်။
ကလေးငယ်နှစ်ယောက်လုံး၏ ရင်ခွဲ စစ်ဆေးချက်များအရ
ကလေးငယ်များ၏ ဦးနှောက်တွင်း ဆဲလ်များ ပျက်စီးသည့်ရောဂါတစ်မျိုးဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း အဖြေထွက်လာသည်။
ထိုအချိန်တွင်မှ ခင်မောင်ကျော် တစ်စုံတစ်ရာကို သွားသတိရခဲ့သည်။
တစ်ခါက သူဖျက်ဆီးခဲ့သော ခင်မှုံ၏ အမေ ဒေါ်ဖွားအိကို ပြောခဲ့မိသောစကား
“အန်တီဦးနှောက်မရှိတဲ့ကောင်တွေကိုပဲ အမိဖမ်းလို့ရမယ်လို့ရမယ်က ျွန်တော့်ကိုတော့လာမလုပ်နဲ့.
.ခင်မောင်ကျော်က စာတတ်တယ်ဗျ..ဦးနှောက်ရှိတယ်….”
အခုသမီးလေးနှစ်ယောက်လုံး ဦးနှောက်တွေပျက်စီးပြီးသေရပြီ……………။
ပြီးတော့ဒေါ်ဖွားအိဆိုတာ တိမ်ညွန့်စားနေတဲ့ စုန်းမကြီးလို့.. ကောလဟလတွေ..
လွန်ခဲ့သည့်ရက်ပိုင်းက အဘွားကြီးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် သူမရှိတုန်း သူ့အိမ်ကိုလာသွားသည်ဆိုသည့် ကိစ္စ။
အားလုံးကို ဆက်စပ်လိုက်သောအခါ ဒေါ်ဖွားအိသည် သူ့ကလေးများသေဆုံးရသည့် တရားခံဟု ခင်မောင်ကျော် ကောက်ချက်ချလိုက်တော့သည်။
ဒေါ်ဖွားအိက အိမ်ထဲမှ တည်တည်ငြိမ်ငြိမ်ပင်ထွက်လာသည်။
ရွာသူရွာသားများကလည်း ခင်မောင်ကျော်လက်ထဲတွင် ငှက်ကြီးတောင်ဓါးရှိနေသဖြင့် အရမ်းမဝင်ရဲ။
ရွာလူကြီး ဦးဝင်းမော်နှင့်ကာလသားခေါင်း မောင်လွင်တို့ကိုသွားရောက်ခေါ်သူက ခေါ်ကြနှင်..။ ဒေါ်ဖွားအိခြံတံခါးကိုအဖွင့်။
ခင်မောင်ကျော်က ပြူးကြောင်သော မျက်လုံးများဖြင့် ဆဲရေးကာ ပြေးဝင်လာသည်။
ထို့နောက် ငှက်ကြီးတောင်ဓါးဖြင့် တစ်ချက်တည်း ပိုင်းချလိုက်သည်။
ခင်မောင်ကျော်၏ ငှက်ကြီးတောင်က ဒေါ်ဖွားအိခေါင်းကို ခုတ်မိသည်။
သွေးတွေရဲခနဲ
နောက်တစ်ချက် ———
ဒေါ်ပန်းအိလည်ပင်းကိုဓါးချက်တွေကျလာသည်။
ရွာသူရွာသားတွေ အော်သံက ကမ္ဘာပျက်သလို ဆူညံသွားသည်….။
သွေးအိုင်ထဲတွင်လဲနေသော ဒေါ်ဖွားအိအလောင်းကို ခင်မောင်ကျော် ကြောင်ကြည့်နေသည်။
“ဖြောင်း— ဖောင်း.—ဖောင်း”
ကာလသားအုပ်စုက ခင်မောင်ကျော်အား လေးခွများဖြင့်ဝိုင်းပစ်ခဲများဖြင့်ဝိုင်းထုပြီး ဖမ်းဆီးလိုက်ကြသည်။
ခင်မောင်ကျော်အား မြို့ရဲစခန်းသို့ပို့ရန်ကြိုးများတုတ်နေစဉ်ဒေါ်ဖွားအိတို့ ခြံတံခါးမှတစ်စုံတစ်ယောက်
ပေါ်လာသည် —–။
ခင်သုန် – အငယ်မခင်သုန်။
သူ့အမေအား ခင်မောင်ကျော်ခုတ်ခဲ့သည့်ငှက်ကြီးတောင်အားကောက်ကိုင်လိုက်သည်…..။
အရင်လိုဆံတောက်ဝိုင်းစစဆံထုံးနှင့်မြီးကောင်ပေါက်ခင်သုန်မဟုတ်တော့။
နွားရိုင်းသွင်းချိန် မှောင်ရီဝိုးတဝါးနေရောင်ခြည်အောက်တွင်…… ဆံပင်ကိုဖားလျားချထားသည်။
ထမီကို ခပ်တိုတိုဝတ်လျက် သွေးတစက်စက်တို့ ကျနေသည့် ငှက်ကြီးတောင်ဓါးကို ကိုင်ကာ ခင်မောင်ကျော်အား စိမ်းစိမ်းကြီး ရပ်ကြည့်နေသည့် ခင်သုန်။
ခင်သုန်၏ အစိမ်းရောင်ဘက်လုနေသော ပါးမို့ဖြူဖြူတို့သည်ဆည်းဆာနေရောင်အောက်တွင် လှပ နုမွတ်နေသလောက် ခင်သုန်၏ မျက်လုံးအိမ်ကတော့ မီးဝင်းဝင်းတောက်လျက်။
“ခွေး——— မျိုး—–နင့်ကလေးတွေကိုငါ—–လုပ်တာ—–
အေး ——— နင့်ကလေးတွေကို
အမေလုပ်တာမဟုတ်ဘူး……….ငါလုပ်တာ…..ခွေးမျိုးရဲ့ “
“အေး မမ ခင်မှုံလို နင့်မိသားစုအားလုံးသေရမယ်……….ပြီးရင်အမေသေသလို…နင်သေရမယ်…
ခွေးမျိုး……………နင်………….ခွေးလိုသေရမယ်…………”
သွေးညှီနံ့တို့သင်းသင်းထနေသော ရွာလေး၏ ညနေတွင်ထိတ်လန့်ဖွယ်ရာ ခင်သုန်၏ အသံကို
ခင်မောင်ကျော်သာမက ကြားရသူတိုင်းက ကြက်သီးတဖြန်းဖြန်းထကုန်ကြသည်။
ခင်သုန်က ဒေါ်ဖွားအိအလောင်းရှိရာသို့
လှမ်းလာပြီး…..ငှက်ကြီးတောင်ဓါး ဖြင့်စည်းဝိုင်းဝိုင်း
လိုက်သည်။
ထို့နောက်ဒေါ်ဖွားအိလည်ပင်းမှ ထွက်ကျနေသော သွေးများကို ငှက်ကြီးတောင်ဓါးထိပ်ဖျားဖြင့်တို့လိုက်ပြီး လျှာဖြင့်လျက်ကာ မြိုချလိုက်သည်။
ခင်သုန့် မျက်ဝန်းတွင် မျက်ရည်များ တစစီ စီးကျနေသလို..ခင်သုန့်၏ နီရဲစိုမည့်နေသော နှုတ်ခမ်း ဖူးဖူးတွင်လည်း ဒေါ်ဖွားအိ ၏ သွေးစက်တစ်ချို့က စီးကျနေသည်………
“ကိုကြီး မောင်လွင်… အမေ့အလောင်းကို ရွာအပြင်မှာပဲ ထားလိုက်ပါ……..အမေ့ကို မီးသဂြိုလ်ပေးပါ.. ကျွန်မ မလာဘူး……ရက်မလည်ဘူး “
ခင်သုန် က သူ့အား ကြောင်ကြည့်နေသော ကာလသားခေါင်း မောင်လွင် အား ကြည့်ကာ……အမိန့်ဆန်ဆန်ပြောဆိုမှုကြောင့် မောင်လွင် ပါ တုန်တက်သွား သည်………..။
ခင်သုန်က အားလုံးကို ကျောခိုင်းပြီး ခြံအတွင်း ပြန်ဝင်သွားသည်…….။
သေခြင်ရင် အဆိပ်မစားနဲ့ ဆိုသော ဒေါ်ဖွားအိ ကတော့ သွေးအိုင်ထဲတွင် သေဆုံးသွားခဲ့ပြီ။
ခင်မောင်ကျော်က တော့ ခေါင်းငိုက်စိုက်လျက်———
ထိုညက ရွာကလေးသည် ထူးထူးခြားခြား ခြောက်ခြားဖွယ်ကောင်းအောင် တိတ်ဆိတ်နေတော့သည် ။
ခက်ဇော်
(ဒုတိယပိုင်းဆက်လက်အားပေးပါရန်)

Leave a Comment