တိုက်ဆင်

” တိုက်ဆင် ” [စ-ဆုံး]
ဆောင်းလုလင်
+++++++++++

ယနေ့လုပ်မည့်အစီအရင်သည် ဆရာပြားအတွက် ပထမဆုံးစမ်းသပ်မှ ဖြစ်သလို အကြီးကျယ်ဆုံးသော စွန့်စားမှုကြီးလည်း ဖြစ်လေ၏။
ပြီးတော့ — ဒီနေ့အစီအရင်သည် သူများအတွက်လုပ်ပေးရခြင်းမဟုတ်။ အလုပ်အပ်သူရှိ၍စီရင်ပေးရသောအစီအရင်မဟုတ်။ ဆရာပြားကိုယ်တိုင်၏
ကိုယ်ကျိုးအတွက်လုပ်ဆောင်ရခြင်းဖြစ်သည်။တစ်နည်းအားဖြင့်အရေးကြီး
သည်ဟု ဆိုရမည်။
ဆရာပြားသည် အောက်လမ်းဆရာတစ်ဦး ဖြစ်သည့်အားလျော်စွာ အလုပ်အပ်သူရှိပါကငွေမြိုးမြိုးမြက်မြက်ရလျှင် ဘယ်သူ့မျက်နှာမှမထောက် ထား။ ငွေပေးသူအလိုရှိသည့်အတိုင်း အစီအရင်များကိုအောက်လမ်းပညာ ဖြင့်ဆောင်ရွက်ပေးစမြဲဖြစ်သည်။ လင်ကွာမယားကွာကိစ္စ၊ လင်လိုချင်မယား လိုချင်သည့်ကိစ္စ၊ စာမေးပွဲအောင်ရန်၊ ရာထူးတက်ရန်၊ စကားအောင်ရန်၊ အမှုနိုင်ရန်ကိစ္စများလောက်တော့ ဆရာပြားတို့အတွက် ထမင်းစား ရေ

သောက်မျှသာ ဖြစ်သည်။ တရားသည့်ဘက်၊ မတရားသည့်ဘက်ကို ဆရာ ပြားက မတွေး။ ငွေပေးသူဘက်ကလိုက်၍ အစီအရင်တွေလုပ်ပေးသည်။ ဆရာပြားလုပ်ပေးသည့် အစီအရင်များသည် အောက်လမ်းနည်းပီသ စွာ အတော်ပင်ညစ်ပတ်စုတ်ပဲ့လှပေသည်။ မိမိ စကားအောင်နိုင်လိုသူ တစ်ဦးက ဆရာပြားကိုငွေပေး၍ အစီအရင်လုပ်ခိုင်းလျှင် ဆရာပြားက အလုပ်အပ်သူ၏မတော်ရာနေရာမှအမွေးအမှင်ကိုတောင်းကာ မီးရှို့ ပြာချ၍ မန်းမှုတ်စီရင်ပေးသည်။ ထိုပြာကို မိမိနိုင်လိုသူ၊ စကားအောင်လိုသူအား အစားအစာထဲတွင်ထည့်၍ကျွေးစေသည်။
ထိုနည်းနှင်နှင်  ညစ်ပတ်စုတ်ပဲ့နုံနဲ့သော နည်းပေါင်းများစွာကို ဆရာ ပြားက တတ်ကျွမ်းထားလေသည်။
ဆရာပြား၏ အစီအရင်များသည် အောင်မြင်၍ပဲလားတော့မသိ။ ဆရာ ပြားကို လာ၍အကူအညီတောင်းသူ များလှပေသည်။ ယနေ့လုပ်မည့်အစီအရင်ကတော့အခြားသူအတွက်မဟုတ်။ ဆရာပြားကိုယ်တိုင်အတွက် ဖြစ်သည်။
အစီအရင်ပြုလုပ်ရန် ရာသီဥတုအခြေအနေကလည်း ပေးနေလေပြီ။ မိုးဦးကျအချိန် လေရော၊ မိုးရော ပြင်းထန်စွာဝင်ရောက်လာသည့်ရာသီ၊ အနောက်တောင်ဆီက တိမ်ခိုးတိမ်တိုက်များက မှောင်ညှို့ကာ အုံ့ဆိုင်းနေ လေပြီ။
ယခုလုပ်မည့် အောက်လမ်းနည်းကမိုးကာလမှာလုပ်မှသာအဆင်ပြေ
အောင်မြင်မည် မဟုတ်ပါလား။
ချမ်းသာ  — ဘုရားသာ တ,နေပေတော့ ဟေ့။
ဟား ဟား ဟား
ဆရာပြားက ဦးချမ်းသာ အိမ်ဘက်သို့လှည့်၍ကြိမ်းဝါးလိုက်လေတော့သတည်း။
နေနှင့်ဦးပေါ့ — ချမ်းသာရယ်။

ဦးချမ်းသာ၊ ဆရာပြားကို မယုံကြည်သူ ဦးချမ်းသာ။
တကယ်တော့ – ဦးချမ်းသာနှင့် ဆရာပြားသည် တစ်ရပ်တည်းသား။ သက်တူရွယ်တူများ ဖြစ်သည်။ ဆရာပြားက ခြောက်တန်းနှင့်ကျောင်းထွက် ပြီးဗိန္ဓောအတတ်၊ဆေးအတတ်၊ဗေဒင်အတတ်၊လက်ဖွဲ့မန္တန်အတတ်များကို ဆရာကြီးဆီမှာ သင်ကြားခဲ့သည်။ ချမ်းသာကတော့ ပညာဆက်သင်၍ ဘွဲ့ တစ်ခုရသွားသည်။
ဘွဲ့ရခါစမှာတော့ ချမ်းသာသည်ယခုလောက်မတိုးတက်၊ မကောင်းစား သေး။  အသက်လေးဆယ်ကျော်မှ ကောင်းစားလာခြင်းဖြစ်သည်။
ထုံးစံအတိုင်း ဆရာပြားဆိုတာကတစ်ရပ်လုံး၊ တစ်မြို့လုံးရဲ့အားကိုးရာ မဟုတ်လား။ ကြွယ်ဝချမ်းသာသူ၊ ရာထူးရာခံရှိသူမှန်သမျှ ဆရာပြားနှင့် ကင်းသူမရှိ၊ အနည်းဆုံး ဆရာပြားထံမှာ အဆောင်လက်ဖွဲ့လေးလောက် တော့လာလုပ်စမြဲ။ ဆရာပြားကလည်းလူအခြေအနေကိုလိုက်၍အားလုံးကို ကူညီသည်။ အောက်လမ်းနည်းနဲ့ စီရင်ပေးရမည့်ကိစ္စရှိလျှင်လည်းငွေမြိုးမြိုး မြက်မြက်သာပေး။ ထိရောက်အောင် လုပ်ပေးသည်။
ဦးချမ်းသာ ကောင်းစားလာတော့လည်း ဆရာပြားက ဦးချမ်းသာကို မျှော်လင့်မိသည်။
သို့သော် – သူ ထင်သလို ဦးချမ်းသာက သူ့ဆီက ဘာအကူအညီမှ လာ၍ မတောင်းခံခဲ့ပေ။

ဦးချမ်းသာမလာတော့လည်း ဦးချမ်းသာရှိရာကို ဆရာပြားက သွားခဲ့ပါ
“ကိုချမ်းသာရေ- ကျုပ် အိပ်မက်တွေမကောင်းလို့ ခင်ဗျားကို သတိပေး ရအောင် လာခဲ့တာပဲဗျာ”
ဆရာပြားကလည်သည်။ ဦးချမ်းသာ သူ့ဆီက အကူအညီတောင်းစေဖို့ သူကပဲ စေတနာနှင့်လာ၍ သတိပေးသယောင် လုပ်ကွက်ဆင်သည်။ “ဟင် -ကိုပြား၊ ဘာများလဲဗျ”
ဦးချမ်းသာဆီက အခေါ်အဝေါ်ကြားကတည်းက ဦးချမ်းသာအပေါ် မကြည်မလင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ တစ်ရပ်လုံး၊ တစ်ရွာလုံးက “ဆရာပြား-

ဆရာပြား”နဲ့ခေါ်နေတာကိုသူက“ကိုပြား”တဲ့လေ။ ရှိစေတော့ – ငယ်သူငယ် ချင်းမို့လို့ ဆရာမခေါ်ချင်တာ ထင်ပါရဲ့။
“ညကကျုပ်အိပ်မက်မက်တယ်။ ခင်ဗျားကိုခွေးကိုက်လို့တဲ့၊ ခွေးကိုက် တဲ့အိပ်မက်ဟာမကောင်းဘူးဗျ။ ခင်ဗျားရဲ့လုပ်ငန်းတွေမှာအနှောင့်အယှက် ရှိလာနိုင်တယ်။ စည်းစိမ်ပြုတ်တဲ့အထိ ဖြစ်နိုင်တာမျိုးဗျ။ ဒါကြောင့်- ကျုပ် ခင်ဗျားကို အကူအညီပေးစရာရှိ ကူညီနိုင်အောင် ပြေးလာခဲ့တာပဲ” ဆရာပြားမျှော်လင့်သလို ဦးချမ်းသာဆီကအားကိုးတကြီးတောင်းခံမှု
ကိုမရလိုက်ပေ။
“အိပ်မက်ပဲဗျာ – ဘာဆန်းသလဲ။ အိပ်မက်ကြောင့် လူထိခိုက်ရမယ်ဆို တာတော့ မဟုတ်သေးပါဘူး”
“ဒီလို ဘယ်ဟုတ်မလဲဗျ။ ဘေးဆီးရန်ကာ လုပ်တန်တာလုပ်ထားဖို့ လိုတာပေါ့။ ခုဆို- ကိုချမ်းသာက နာမည်နဲ့လိုက်အောင် ချမ်းသာနေပြီဆို တော့ ရှိတဲ့စည်းစိမ် မယုတ်လျှော့အောင် ပိုပြီးတိုးပွားအောင် ဆိုင်ရာပိုင်ရာ တွေကို အပ်ပြီး”

“ကျုပ်- ဒါတွေ အယုံအကြည်မရှိပါဘူးဗျာ”
ဆရာပြားစကားမဆုံးခင်ဘဲ ဦးချမ်းသာက ခါးခါးသီးသီးငြင်းဆန်လိုက်ကာ –
“လူဆိုတာ ကိုယ်ကြိုးစားရင် ကြိုးစားသလို အကျိုးခံစားရမှာပဲ။ ဘယ် နတ်သိကြားကမှ လာပေးတာလည်း မဟုတ်ဘူး။ ကျုပ် ဘုရားတရားကိုပဲ ကိုးကွယ်ရာလို့ မှတ်တယ်။ ဘာ – ယတြာ၊ အဆောင်လက်ဖွဲ့မှလည်း ကျုပ် အယုံအကြည်မရှိဘူး- ကိုပြား”
ဦးချမ်းသာစကားကြောင့် ဆရာပြား တော်တော်တင်းသွားသည်။ နောက်ဆုံးအနေနဲ့ လေပြည်ထိုးကြည့်ခဲ့သေးသည်။
“ကျုပ်က စေတနာနဲ့ပါဗျာ၊ အိပ်မက်ထဲမှာ ခွေးကိုက်တယ်ဆိုတာလူကို ကံနိမ့်စေတတ်လို့ ကူညီမလို့ပါဗျ”
“အိပ်မက်က ဘဝကို မစိုးမိုးနိုင်ပါဘူးဗျာ။ တကယ်လို့ ခွေးကိုက်ခံရတဲ့ အိပ်မက်ဟာ မကောင်းဘူးဆိုရင်လည်း ဒီအိပ်မက်ကို ကျုပ်မက်တာမှ

မဟုတ်ဘဲဗျ။ ခင်ဗျား မက်တာပဲ၊ ကံဆိုးစရာရှိ ခင်ဗျားပဲဆိုးမှာမဟုတ်လား။ ကျုပ်နဲ့ မဆိုင်ဘူးထင်ပါရဲ့ဗျာ”
“ဟင်”
ဦးချမ်းသာစကားကြောင့် ဆရာပြားသည် နှုတ်ဆက်စကားပင်မပြော တော့ဘဲထိုင်ရာမှ ငေါက်ခနဲထထွက်လာလိုက်လေ၏။
ချမ်းသာ- ချမ်းသာ၊ငါကသူ့ဘဝကိုပိုကောင်းအောင်ကူညီဖို့လုပ်တာကို သူကစော်ကားမော်ကားလုပ်တယ်။ ငါ့ကိုအားမကိုးချင်တဲ့အကောင်၊ သိကြ သေးတာပေါ့ကွာ။ကိုယ်- ဘယ်လိုကြိုးစားကြိုးစားကံမကောင်းတဲ့အချိန်မှာ ဒုက္ခတွေ့တတ်တယ်ဆိုတာကို သင်း – ကောင်းကောင်းသိသွားစေရမယ်။ နေနှင့်ဦးပေါ့ ချမ်းသာရယ်…
သည်လိုနှင့်- ဆရာပြားသည်ဦးချမ်းသာကိုပညာပေးရန်စီစဉ်နေခြင်းပဲ ဖြစ်လေသည်။
ဦးချမ်းသာကို သူ တတ်ကျွမ်းသည့် အောက်လမ်းပညာသုံး၍ ပညာ ကောင်းကောင်းပေးရမည်။ ချမ်းသာတစ်ယောက် နောင်တလုံးလုံးရသွား စေမည်။ နောက်ဆုံးမှာသူ့ဆီရောက်လာပြီးအကူအညီတောင်းခံတောင်းပန် စေရမည်။
ဦးချမ်းသာကိုပညာပေးရာတွင် အစီအရင်လုပ်ဖို့အတွက်လည်းလိုအပ် သည့်ကုန်ကြမ်းပစ္စည်းတွေ စုဆောင်းထားပြီးပြီ။
ဆရာပြားက သူ စုဆောင်းထားသည့်ပစ္စည်းများကို ပြန်စစ်ဆေးလိုက်
သက်ရှိခရု (၄)ကောင်၊ သက်ရှိလိပ်ပြာ (၂)ကောင်၊ သက်ရှိတီကောင် (၂)ကောင်၊ သက်ရှိပိုးစုန်းကြူး (၂)ကောင်နှင့် ငါးသလောက်အရိုး (၂) ချောင်း၊ သင်္ချိုင်းကုန်းကလတ်လတ်ဆတ်ဆတ်သေထားတဲ့ အပျိုမရဲ့မြေပုံ

က ဖဲ့ယူလာတဲ့ မြေကြီးခဲတစ်ခဲ။ ပြီးတော့ – နွားမ ပေါက်ထားသော သေး
တစ်ခွက်။
ဆရာပြား၏ဆရာကြီးသည်ဆရာပြားကိုပညာကုန်သင်ပေးခဲ့ပါသည်။ မိမိအလိုရှိရာကို ဖြစ်အောင်လုပ်နိုင်သည့် အောက်လမ်းအစီအရင်များ အားလုံးကို မခြွင်းမချန် သင်ပေးခဲ့သည်။
ဆရာပြားကလည်းဆရာကြီးသင်ပေးခဲ့သည့်အောက်လမ်းနည်းများကို
အသုံးပြုကာ စီးပွားရှာစားခဲ့သည်။
ဆရာပြားသည် ဆရာကြီးသင်ပေးခဲ့သည့် ပညာများကိုအသုံးချသည့် အခါတိုင်း အောင်မြင်ခဲ့လျှင် စာနှင့်မှတ်တမ်းတင်၍ ရေးမှတ်ထားလေ့ရှိ သည်။
ဦးချမ်းသာကို ပညာပေးမည့် ယခုလုပ်မယ့် အစီအရင်ကိုတော့ ဆရာ ပြားတစ်ခါမျှ မစမ်းသပ်ရသေးပေ။
မိုးကြိုးပစ်အောင်လုပ်နည်းကိုဆရာကြီးကနှုတ်ဖြင့်ပြောပြသင်ပေးခဲ့ပါ
သည်။ မိုးကြိုးပစ်အောင်လုပ်ဖို့ကိုလည်း အကူအညီတောင်းခံသူမရှိ၍ ဆရာ ပြား မစမ်းသပ်ခဲ့ဘူးခြင်းဖြစ်သည်။ ဘယ်သူကမှလည်း မိုးကြိုးပစ်အောင် လုပ်ပေးပါဟု အကူအညီ တောင်းခံမည်မဟုတ်ပေ။
ခုတော့ – ဦးချမ်းသာကို ပညာပေးမည့်အစီအစဉ်မှာ မိုးကြိုးပစ်အောင် လုပ်ရပေတော့မည်။
ဦးချမ်းသာ၏လုပ်ငန်းများစွာထဲတွင် ဆီများသိုလှောင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဆိုတာ ဆရာပြားသိသည်။ ဆီဆိုရာတွင် ဓာတ်ဆီလှောင် ခြင်းဖြစ်သည်။ ဦးချမ်းသာအိမ်နောက်ဖေးက ဂိုဒေါင်ထဲမှာ ဓာတ်ဆီတွေ ထည့်လှောင်ထားတာကို တစ်ရပ်လုံးက သိသည်။ ဆရာပြားလည်း သိတာပေါ့။
သင်းရဲ့ဓာတ်ဆီတွေကိုမိုးကြိုးပစ်လိုက်ရင် ဓာတ်ဆီသာမကတစ်အိမ်
လုံး မီးလောင်တိုက်သွင်းပြီးသား ဖြစ်မယ်ဆိုတာကို ဗေဒင်မေးစရာပင်မလို။

ဟင်း – ဟင်း – ပညာတက်ပေးမယ့် အစီအစဉ်မှာ လူသေအောင်လုပ်ဖို့ မရည်ရွယ်ပါဘူး။ ဒီကောင့်ပစ္စည်းတွေ ဆုံးရှုံးရုံလောက်ပါ။ ပစ္စည်းတွေ မီး လောင်တာနဲ့ ဒီကောင် နောင်တရပြီး ငါ့ဆီရောက်လာမှာ မြင်ယောင်သေး တယ်။ ဒီတော့မှ -ငါ သတိပေးပါလျက်နဲ့ စောစောကတည်းက အကူအညီ မတောင်းရကောင်းလားဆိုပြီး အထက်စီးကနေ ကောင်းကောင်းပြောပစ် လိုက်ဦးမယ်။
နေနှင့်ဦးပေါ့ – ချမ်းသာရယ်၊

အစီအရင်လုပ်ဖို့ရာသီဥတုအခြေအနေကလည်းပေးနေပြီ။ဟုတ်သည်၊ သည်အစီအရင်ကိုမိုးကာလမှာသာ လုပ်လို့ရတယ်လို့ ဆရာကြီးကသေချာ မှာကြားသွားခဲ့သည်။ ဟုတ်တာပေါ့- မိုးကြိုးပစ်အောင်လုပ်တယ်ဆိုမှတော့ မိုးရာသီမှသာ ဖြစ်မှာပေါ့။
“မလုပ်ကောင်း-  မလုပ်အပ်တဲ့ အရာကိုလုပ်ရင် မိုးကြိုးပစ်တတ်တယ် ဆိုတာတပည့်ကြီး သိတယ်မဟုတ်လားကွဲ့။ မဖွယ်မရာအလုပ်၊ သဘာဝကို အံတုဖက်ပြိုင်တဲ့အလုပ်ကို လုပ်လို့ သဘာဝတရားရဲ့ ဒဏ်ခတ်ခံရခြင်း တစ်မျိုးပဲ။ မိုးကြိုးပစ်အောင်လုပ်နည်းဟာလည်း ဒီလိုသဘောတရားမျိုး ပဲပေါ့။ သဘာဝတရားကို တုပပြီး အံတုဖက်ပြိုင်ပြီး မိုးကြိုးကို ညှို့ငင်ခေါ်ယူ တာပဲ”
ဆရာကြီးက မိုးကြိုးပစ်အောင်လုပ်နည်းကို နည်းနာနိဿယစုံလင် အောင် သင်ကြားပေးခဲ့ပါသည်။
“ရွှံ့နဲ့ ဆင်ရုပ်တစ်ရုပ်ကို အရင်လုပ်ရမယ်။ ဆင်ရုပ်မှာ နှာမောင်း မပါရ ဘူး၊ အမြီး မပါရဘူး၊ နားရွက် မပါရဘူး၊ အစွယ် မပါရဘူး၊ အဲဒီအင်္ဂါအစိတ် အပိုင်းတွေမပါပေမဲ့လိုတဲ့အစိတ်အပိုင်းတွေနေရာမှာတကယ့်ဆင်သဏ္ဌာန် မျိုးဖြစ်အောင် အသက်ရှိတဲ့ အရာတွေကို တပ်ဆင်ရမယ်ကွဲ့”
“ဆင်ရုပ်လုပ်တဲ့ရွံ့ဟာလည်း ရိုးရိုးမြေကြီးကရွှံ့မဖြစ်စေရဘူး။ သင်္ချိုင်း ကုန်း လူသေကို မြှုပ်ထားတဲ့မြေပုံက မြေကြီးခဲကိုဖျော်ထားတဲ့ ရွှံ့ ဖြစ်ဖို့လို တယ်။ မြေပုံဟာလည်း ရိုးရိုးလူသေမြှုပ်တဲ့မြေပုံ မဖြစ်စေရဘူး။ တစ်ပတ် အတွင်းမှာသေတဲ့ အပျိုမရဲ့ မြေပုံဖြစ်ဖို့လိုတယ်။ အစီအရင်လုပ်မယ့်နေ့ မတိုင်မီ တစ်ပတ်အတွင်းမှာသေတဲ့ အပျိုစင်မိန်းကလေးရဲ့မြေပုံက မြေစိုင် ခဲကို လပြည့်ညသန်းခေါင်ယံအချိန်မှာ သင်္ချိုင်းထဲသွားပြီး ဖဲ့ယူရမယ်”
ဆရာကြီးက ဆက်လက်မိန့်ကြားခဲ့သည်မှာ သင်္ချိုင်းမှဖဲ့ယူလာသော မြေကြီးခဲကို အစီအရင်လုပ်မည့်နေ့တွင် နွားမ ပေါက်သောသေးဖြင့် ရွှံ့ဖြစ် သည်အထိ နယ်ရမည်။ ဤနေရာတွင် သတိထားရန်မှာ နွားသေးဆိုတိုင်း မရ။ နွားထီးပေါက်သော သေးမဟုတ်၊ နွားမပေါက်သောသေးဖြစ်ဖို့ လိုပေ သည်။
နွားမသေးဖြင့် နယ်ပြီး၍ရွံ့ဖြစ်သွားသည့်အခါလူကြီးလက်တစ်ထွာခန့်
အမြင့်ရှိသည့် ဆင်ရုပ်လုပ်ရမည်။ ဆင်ရုပ်တွင် နှာမောင်း၊ အစွယ်၊ အမြီး၊ နားရွက်များ မပါရ။ လိုအပ်သော အင်္ဂါအစိတ်အပိုင်းနေရာများတွင် ထည့်ရန် သတ္တဝါအချို့နှင့် ပစ္စည်းပစ္စယများကို ကြိုတင်စုဆောင်းထားရမည်တဲ့။
ဆရာပြား စုဆောင်းထားပြီးဖြစ်သော သက်ရှိခရု (၄)ကောင်၊ သက်ရှိ လိပ်ပြာ (၂)ကောင်၊ သက်ရှိပိုးစုန်းကြူး (၂)ကောင်နှင့် ငါးသလောက်အရိုး (၂)ချောင်းတို့ပဲ ဖြစ်ပါ၏။
ဆရာပြားသည် မိုးရွာတော့မည့်ရာသီဥတုအခြေအနေကိုကောင်းကင် သို့မော့ကြည့်ပြီး သူ၏အောက်လမ်းအစီအရင်ကို စတင်လေသည်။ နေနှင့်ဦးပေါ့- ချမ်းသာရယ်။
ဆရာပြားက သင်္ချိုင်းက ဖဲ့ယူလာတဲ့အပျိုမမြေပုံကမြေစိုင်ခဲကိုအသင့် ဆောင်ထားတဲ့ နွားမသေးများဖြင့် လောင်းကာ နယ်လိုက်သည်။ ရွှံ့အဆင့် ရောက်ပြီး လိုရာပုံသွင်းလို့ရသည်တွင် ဆင်ရုပ်ကိုလုပ်တော့သည်။ ဆရာပြားလုပ်သည့် ဆင်ရုပ်သည် အမြီး၊ နှာမောင်း၊ မျက်စိ၊ နားရွက် နေရာများတွင် ဗလာဟင်းလင်းဖြင့် ပြီးစီးသွားလေ၏။
ဗလာဖြစ်နေသောအင်္ဂါအစိတ်အပိုင်းများကိုတော့စုဆောင်းထားသည့်
အရာများနှင့် ဖြည့်ဆည်းရမည် ဖြစ်ပါသည်။
“နှာမောင်းနေရာမှာ တီကောင်တစ်ကောင်ကိုရွှံ့ထဲနှစ်ထည့်ရမယ်ကွဲ့။
အမြီးနေရာမှာလည်းတီကောင်တစ်ကောင်ကိုထည့်ရမယ်။ နှာမောင်းအဖြစ် ထားမယ့်တီကောင်ကပိုကြီးပြီးအမြီးနေရာကတီကောင်ကတော့ ခပ်သေး သေးပေါ့ကွယ်။ တကယ့်ဆင်ရဲ့အချိုးအစားမျိုးအတိုင်းဖြစ်အောင် တီကောင် နှစ်ကောင်ကို ချင့်ချိန်ပြီး ထည့်ရမှာပေါ့”
ဆရာပြားက ဆရာကြီးစကားအတိုင်း နှာမောင်းနေရာတွင် တီကောင် ခပ်တုတ်တုတ်အကြီးကိုထည့်ကာ ရွှံ့ ဖြင့်ကပ်နေအောင် ပိတ်လိုက်သည်။

နှာမောင်းနေရာတွင် ရောက်ရှိသွားသော တီကောင်အရှင်သည် လှုပ်တုပ် လှုပ်တုပ်ဖြင့် တကယ့်နှာမောင်းအလား လှုပ်ရှားနေပေသည်။ နောက်ထပ် တီကောင်အသေးကိုတော့ အမြီးနေရာတွင်ထည့်လိုက်၏။ အမြီးနေရာမှ တီကောင်ကလည်းလှုပ်ရှားကာ တကယ့်အမြီးလေးယမ်းနေသည့်သဖွယ်
ရှိလေ၏။
“နားရွက်အဖြစ်တော့ လိပ်ပြာနှစ်ကောင် ရှာထားဖို့လိုတယ်။ လိပ်ပြာ အတောင်ပံဟာ ဆင်ရဲ့နားရွက်ပဲပေါ့။ သက်ရှိဆင်တစ်ကောင်ရဲ့ နားရွက် တွေလှုပ်ရှားနေသလိုဖြစ်ဖို့လိပ်ပြာရဲ့အတောင်ပံကိုနုတ်မယူရဘူး။
လိပ်ပြာကောင်ရဲ့ကိုယ်ကိုရွှံ့ထဲမှာတစ်ဝက်မြုပ်အောင် သွင်းထားပေတော့။ ဒါမှသာ မသေသေးတဲ့ လိပ်ပြာရဲ့အတောင်ပံဟာလှုပ်ရှားနိုင်မှာဖြစ်လို့ နားရွက်ဟာ လည်းလှုပ်ရှားနေလိမ့်မယ်”
ဆရာပြားက နားရွက်အဖြစ် အသုံးပြုမည့် လိပ်ပြာနှစ်ကောင်ထဲမှ တစ်ကောင်ကိုအုပ်ဆောင်းအောက်မှ ဖမ်းယူလိုက်သည်။ ဆင်၏ညာဘက် နားရွက်အဖြစ် အသုံးပြုမည့်လိပ်ပြာ၏ ဘယ်ဘက်အတောင်ပံကို ဆွဲဖြုတ် ပစ်လိုက်သည်။
ထို့နောက် လိပ်ပြာ၏ကိုယ်ထည်အား ဆင်နားရွက်ရှိရမည့်နေရာတွင် ရွှံ့ထဲသို့ နှစ်၍ကပ်လိုက်လေ၏။
နောက်တစ်ကောင်ကိုလည်း ညာဘက်အတောင်ပံဆွဲဖြုတ်ကာ ဘယ် ဘက်နားရွက်အဖြစ် ရွှံ့ထဲတစ်ဝက်တစ်ပျက် မြှုပ်ထားလိုက်လေသည်။ မသေသေးသောလိပ်ပြာနှစ်ကောင်ခမျာရွှံ့ထဲတွင်ကပ်မိရင်း ရုန်းကန် နေကြရာ အတောင်ပံနှစ်ဖက်သည် တဖျတ်ဖျတ်ခါလျက် ရှိကြလေသည်။ ထိုအဖြစ်သည်ပင် ဆင်၏ နားရွက်များ လှုပ်ယမ်းနေသကဲ့သို့ ရှိချေ၏။ ဆရာပြားက ဆင်စွယ်နေရာတွင် ငါးသလောက်အရိုးနှစ်ချောင်းကို တစ်ဖက်တစ်ချက်စီ ထိုးစိုက်လိုက်လေသည်။
ထို့နောက် – ပိုးစုန်းကြူးနှစ်ကောင်ကို မျက်လုံးနေရာတွင် ကပ်လိုက် လေ၏။ ပိုးစုန်းကြူး၏ အရွယ်အစားသည် တစ်ထွာခန့်အမြင့်ရှိသော ဆင်

ကိုယ်လုံးပေါ်တွင် သက်ရှိဆင်၏ သေးငယ်သော မျက်လုံးလေးများသဖွယ် မြှုပ်၍နေလေတော့သတည်း။
ဆင်တစ်ကောင်လုံးကား တစ်ကယ့်သက်ရှိဆင်တစ်ကောင်သဖွယ် စီရင်ပြီးစီးသွားပေပြီ။
“တပည့်ကြီး – စဉ်းစားကြည့်စမ်း၊ ရွှံ့ရုပ်ဆင်ဟာ နားရွက်လေးတဖျတ် ဖျတ်၊ နှာမောင်းလေးတလှုပ်လှုပ်၊ အမြီးလေးတယမ်းယမ်း၊ ပြီးတော့ – မျက် လုံးလေးကလည်း မှိတ်တုတ်မှိတ်တုတ်နဲ့ တကယ့်ဆင်တစ်ကောင်နဲ့ ဘယ် လောက်တူမလဲဆိုတာ”
ဆရာကြီးစကား မှန်လှပါပေသည်။ ဆရာပြားလုပ်လိုက်သော ဆင်ရုပ် သည် တကယ့်သက်ရှိဆင်သဖွယ် အသက်ဝင်နေသည်မှာ ဆရာပြား မျက်မြင် ဖြစ်နေပြီ။
“ဒီကြားထဲ ဆင်က လမ်းထလျှောက်ဦးမယ်ဆိုတော့ ဒါဟာ သဘာဝ တရားကို အံတုဖက်ပြိုင်တဲ့နေရာမှာ ထိပ်တန်းပေါ့ကွယ်”
“ဗျာ-လမ်းလျှောက်မယ် ဟုတ်လား။ လမ်းလျှောက်အောင် ဘယ်လို လုပ်မှာလဲ ဆရာကြီးရယ်”
“ဟဲ-ဟဲ-လွယ်ပါတယ် တပည့်ကြီးရဲ့။ ဆင်ရဲ့ ခြေထောက်လေးဖက် အောက်မှာ ခရုလေးကောင်ကို ခံပေးလိုက်ရုံပေါ့”
“ဗျာ”
“ဒီအစီအရင်ကို မိုးကာလမှာလုပ်ရတာ အကြောင်းရှိတယ်ကွဲ့။ ခြေ ထောက်တစ်ချောင်းစီအောက်မှာ ခရုတစ်ကောင်စီ မြှုပ်ထားမယ်လေ။ ခရု တွေကမိုးရွာလို့အခွံထဲကထွက်လာပြီး ရွေ့လျားသွားလာကြမယ်။ အဲဒီအခါ မှာ ခရုပေါ်က ဆင်ရုပ်ဟာလည်း ခရုတွေနဲ့အတူ ရွေ့လျားပြီးတရွေ့ရွေ့လမ်း ထလျှောက်တော့မှာပေါ့ကွဲ့-ဟဲ-ဟဲ”
“ဟုတ်လိုက်လေ – ဆရာကြီးရယ်”
ဆရာပြားက မိုးကြိုးပစ်အစီအရင်ကို ဖန်တီးရင်း သွားလေသူဆရာကြီး ၏စကားကို ကြားယောင်နေမိလေသည်။

ဆရာပြားသည်နောက်ဆုံးအနေဖြင့်ခရုလေးကောင်ကိုယူကာ ဆင်ရုပ် ၏ခြေထောက်လေးဖက်တွင် တစ်ဖက်လျှင် တစ်ကောင်စီမြှုပ်လိုက်လေ၏။ ခရုများထွက်ပေါ်လာမည့် ခရုခွံအဝကို အောက်ဘက်တည့်တည့်တွင်ကျ အောင် အသေအချာ မြှုပ်နှံလိုက်ခြင်းဖြစ်ပါသည်။ ခရုလေးကောင်ကတော့ အခွံထဲတွင်အောင်းကာ ထိပ်အဝကို အကြေးခွံဖြင့် ပိတ်ထားလျက်သား ရှိနေလေသည်။ ကိစ္စမရှိ၊ မိုးရွာလာသည်နှင့်ခရုများသည် သူ့သဘာဝအတိုင်း ခေါင်းပြူ၍ထွက်လာလိမ့်မည်။ လမ်းထွက်လျှောက် ကြလိမ့်မည်။
“အဲဒီလို သဘာဝကို အံတုဖက်ပြိုင်ပြီး မဖွယ်မရာလုပ်ထားတဲ့ဆင်ကို မိုးရွာထဲမှာသာ လွှတ်ပေးလိုက်၊ မိုးကြိုးကြီး ကျိန်းသေပစ်ကရောပေါ့ ကွယ်”
“မိုးကြိုးက ဘာကိုပစ်မှာလဲ ဆရာကြီး”
“ဆင်ရုပ်ကိုပေါ့ကွ၊ မလုပ်ကောင်းလုပ်ကောင်းမဖွယ်မရာလုပ်ထားတဲ့ ဆင်ရုပ်က သဘာဝတရားကိုအံတုဖက်ပြိုင်တဲ့အတွက်မိုးကြိုးပစ်ပြီးအဆုံးမ ခံရမှာပေါ့ကွ”
ဆင်ရုပ်အစီအရင်ကိုမလိုအပ်သည့်အတွက်ဆရာပြား၏အောက်လမ်း ဆရာသက်တမ်းတစ်လျှောက် တစ်ခါမျှ မစမ်းသပ်ခဲ့ဘူးပေ။ ယခုတော့ – ဦးချမ်းသာကို ဆုံးမလိုသည့်အတွက် စမ်းသပ်ဖြစ်ပေပြီ။
ဒီဆင်ရုပ်ကို မိုးရွာတဲ့အချိန်မှာ ချမ်းသာအိမ်နောက်ဖေးက ဂိုဒေါင်နဲ့ နီးတဲ့နေရာမှာ သွားချထားရမယ်။ ဒါမှ မိုးကြိုးလည်းပစ်၊ သင်း – လှောင်ထား တဲ့ဓာတ်ဆီတွေလည်း မီးလောင်၊ သင်းအိမ်ကို မီးကူး။ မှတ်ကရောဟဲ့- ဒီလိုလုပ်မှ ချမ်းသာဆိုတဲ့ကောင် ငါ့ကို အားကိုးလာမှာ။
နေနှင့်ဦးပေါ့ – ချမ်းသာရယ်။
ညနေစောင်းအချိန် –
လေရိပ်မိုးရိပ်များက ကောင်းကင်အနှံ့ အုံ့ဆိုင်းမှိုင်းပျ၍လာချေပြီ။ ဆရာပြား ဆင်ရုပ်အစီအရင်လုပ်ပြီးသည်နှင့် မိုးရွာတော့မည့်အချိန်နှင့်
အံကိုက်ပင်။
မိုးသားမိုးလိပ်များသာမက မိုးခြိမ်းသံများကလည်း တဂျိမ်းဂျိမ်းညံကာ ပတ်ဝန်းကျင်တစ်ခုလုံး မှိုင်းညို့လာလေ၏။
ဆရာပြားက ဆင်ရုပ်ကိုကောက်ယူကာ လွယ်နေကျလွယ်အိတ်ထဲသို့ ခပ်ဖွဖွထည့်လိုက်လေသည်။ ကျိုးကြေမသွားအောင်လည်း လွယ်အိတ်ထဲ သို့ လက်နှိုက်ကာ ကိုင်ထားလေ၏။
သူက မိုးမရွာမီ ဦးချမ်းသာအိမ်နောက်ဖေးသို့ရောက်အောင် ခပ်သုတ် သုတ်ထွက်လာခဲ့လေသည်။
ဦးချမ်းသာအိမ်နောက်ဖေးမှာကွင်ပြင်းကြီးမို့အစီအရင်ကို သွားချရတာ လွယ်လှပေသည်။ ခြံစည်းရိုးကို သံဆူးကြိုးဖြင့်သာ ကာရံထား၍ ခြံတွင်းကို တိုးလျှိုပေါက်မြင်နေရပေ၏။
ဆရာပြားသည် အိမ်နောက်ဖေးတည့်တည့်အရောက်တွင် အိတ်ထဲမှ ဆင်ရုပ်ကိုထုတ်ကာ ဆင်ခေါင်းကို ခြံဝင်းဘက်ဆီ ဦးလှည့်၍ ချထားလိုက် သည်။ ဆရာပြား ဆင်ရုပ်ချလိုက်သည့်နေရာက ဓာတ်ဆီများလှောင်ထား သည့် ဂိုဒေါင်နှင့်တည့်တည့်။
သည်။
ဆင်ဦးခေါင်းကိုလည်း ဂိုဒေါင်ဆီ ဦးတိုက်၍ ချထားလိုက်ခြင်း ဖြစ်
တိုက်ဆင်ရုပ်သည် မိုးရွာ၍ ခရုများခေါင်းပြူထွက်လာသည်နှင့် သံဆူး ကြိုးများအောက်မှဖြတ်သန်းကာ ခြံဝင်းထဲသို့ တည့်တည့်မတ်မတ်ဝင်သွား ပေလိမ့်မည်။
ဆရာပြားသည် ဆင်ရုပ်ကို စိတ်တိုင်းကျနေရာချပြီးသည်နှင့် နေရာမှ ထွက်ခွာလာခဲ့၏။ ဦးချမ်းသာ၏ ခြံနောက်ဖေးသည် လမ်းမ မဟုတ်ဘဲ ကွင်းပြင်ကျယ်ကြီးဖြစ်နေခြင်းသည် ဆရာပြားအတွက် အဆင်သင့်ဖြစ်နေ

ရလေ၏။ သူလုပ်ကိုင်နေသည်ကို ဘယ်သူမျှလည်း မမြင်။ ဆင်ရုပ်အတွက် လည်းဘာအနှောင့်အယှက်မျှမဝင်နိုင်။ မိုးကလည်းမကြာခင်ရွာတော့မည်။ အခုပင် – မိုး၏ ရှေ့ပြေး လေညင်းသုန်သုန်များသည် မိုးဖွားလေးများကို သယ်ယူလာနေပေပြီ။ ကောင်းကင်၌လည်း မှိုင်းညို့ကာ မိုးခြိမ်းသံများညံလို့ နေပေ၏။ တစ်ချက်တစ်ချက် လျှပ်စီးပင်လက်လိုက်ပေသေးသည်။
ဆရာပြားစီရင်ထားသမျှအတွက်သဘာဝပတ်ဝန်းကျင်အခြေအနေက
အဆင်ပြေအောင် ဖန်တီးထားပေးနေပါပကော။ နေနှင့်ဦးပေါ့ ချမ်းသာရယ် –
ဆရာပြားသည် ဦးချမ်းသာ၏ ခြံနောက်မှ ခွာခဲ့ကာ မလှမ်းမကမ်းရှိ ထနောင်းပင်ကြီးအောက်သို့သွားရပ်နေလိုက်သည်။ ထနောင်းပင်ကြီးသည် ကုန်းကမူအမြင့်ပေါ်မှာ ရှိနေ၍ ဦးချမ်းသာခြံကို ကောင်းကောင်းစီးမိုး၍ မြင် နေရပေသည်။
ပြီးတော့ – ဆရာပြားမှာမှန်ပြောင်းပါသေးသည်။ ဖြစ်လာသမျှအပြောင်း အလဲတွေကို ကြည့်မြင်နိုင်ဖို့ ဆောင်လာသော မှန်ပြောင်းပဲဖြစ်ပါသည်။ ဆရာပြား ထနောင်းပင်အောက် ရောက်သည်နှင့် မိုးစ၍ ရွာလေ သည်။
ဆရာပြားက လွယ်အိတ်ကြီးထဲမှ မှန်ပြောင်းကိုထုတ်ကာ ဆင်ရုပ် ချထားရာနေရာသို့ ချိန်၍ကြည့်လိုက်သည်။
ဆင်ရုပ်ကလေးက ချထားခဲ့သည့်အတိုင်း နေရာမရွေ့ တည်ငြိမ်စွာ
ရှိနေဆဲ။
မိုးက တဖြည်းဖြည်း သည်း၍သည်း၍လာချေပြီ။
လျှပ်စီးများလည်းလက်သည်၊ မိုးခြိမ်းသံများလည်းတအုန်းအုန်းညံနေ သည်။ မိုးသည်ရွာနေကျထက်ပိုပြီးသည်းမည်းကာ ရွာနေမှန်းသိသာလှပေ သည်။

ဆရာပြားက မှန်ပြောင်းကိုမျက်စိနှင့်မခွာတမ်းကပ်ကာ ဆင်ရုပ်ဆီသို့ စိတ်ဝင်တစားကြည့်နေခဲ့လေသည်။
ဆရာကြီးသင်ပြခဲ့သည့်နည်းသည် အောင်မြင်ရမည် အမှန်ပင်။ ဆရာကြီးသင်ပေးခဲ့သောအစီအရင်များအားလုံးအောင်မြင်ထမြောက်
သည်ချည်းဖြစ်သည်။
ဒီတစ်ခါလည်း အောက်လမ်းနည်းတစ်ခု၏ အောင်မြင်မှုကို စာဖြင့် ရေးသားမှတ်တမ်းတင်ရပေအံ့။
ဆရာပြား ကြည့်နေစဉ်မှာပင် – ဆင်ရုပ်ကလေးသည် မသိမသာ လှုပ် ရှားသွားသည်ကို တွေ့မြင်လိုက်ရလေသည်။
ဟုတ်ပါရဲ့ – မသိမသာမှ သိသိသာသာ။
ဆင်ရုပ်ကလေးသည် ဆရာပြားဦးတည်ပေးထားခဲ့သည့်အတိုင်းတရွေ့ ရွေ့လှုပ်ကာ သွားနေပေပြီ။ တကယ့်ကို သွားနေပေပြီ။ ဆင်ရုပ်၏လှုပ်ရှားမှု ကတော့နှေးကွေးလှပေသည်။ ဒါလည်း သူခြေထောက်အောက်ကရွေ့လျား နေသော သတ္တဝါများမှာ ခရုကောင်များမို့ ဒီလောက်ပဲ ရွေ့လျားနိုင်ပေမည်။ ခရုများအတွက် ဆင်ရုပ်အလေးချိန်ကို ထမ်းထားရသေးသည် မဟုတ်ပါ
လား။
မိုးကျလာ၍ အခွံထဲမှ ထွက်လာသော ခရုလေးများသည် ဦးတည်ပေး ထားရာအတိုင်း တရွေ့ရွေ့တွားသွားနေကြသည်။
လေးကောင်စလုံးက ဦးချမ်းသာ၏ ခြံဆီသို့ ညီညီညာညာ ဦးတည် ရွေ့လျားနေကြခြင်းပဲ ဖြစ်ပါသည်။
ဆင်ရုပ်ကတကယ့်သက်ရှိဟိုင်းဆင်ကြီးတစ်ကောင်သဖွယ်ဣန္ဒြေကြီး
ရင့်စွာဖြင့် ရွေ့လျားသွားသည်မှာ သံဆူးကြိုးကိုကျော်လွန်၍ ခြံဝင်းထဲသို့ပင် ရောက်ရှိသွားလေပြီ။
မိုးသဲသဲမဲမဲကြီး မရွာမီ ဆင်ရုပ်ကလေး ခြံဝင်းထဲရောက်သွား၍ ဆရာ ပြားက သက်ပြင်းချလိုက်၏။ မိုးရေကြောင့် ဆင်ရုပ်ကလေးမိုးရေထဲပျော်ကျ

ပျက်စီးသွားမှာ စိုးရိမ်ရသည် မဟုတ်ပါလား။ ဆင်ရုပ်ပုံသဏ္ဌာန် မပျက် ယွင်းခင် ဆီဂိုဒေါင်ဆီသို့ ရောက်သွားဖို့ လိုပေသည်။
မှန်ပြောင်းဖြင့် ဆင်ရုပ်လှုပ်ရှားမှုကို မပြတ်ကြည့်နေသော ဆရာပြား၏ ရင်သည် တထိတ်ထိတ်ခုန်လျက်ရှိလေ၏။
မိုးသည်လည်း ပို၍သည်းလာသည်။ လျှပ်စီးများကလည်း မပြတ်တမ်း လက်နေလိုက်သည်မှာ တစ်ခုပြီးတစ်ခု ဆက်ပြီး ဝန်းကျင်တစ်ခုလုံးနေ့ခင်း အလား လင်းထိန်၍နေတော့သည်။

ထိုစဉ်-ကောင်းကင်တစ်ခုလုံး အက်၍ပြိုကျတော့မည့်အလား
ချောက်ချားဖွယ်ကောင်းသောအသံကြီးသည်တအိအိပြိုဆင်းလာလေ၏။ တိုက်ဆင်ရုပ်ကား ဆီဂိုဒေါင်နှင့် တစ်စစ နီးကပ်နေချေပြီ။
လျှပ်စီးများ၊ မိုးခြိမ်းသံများ ဆက်တိုက်မြည်ဟိန်းလိုက်သည်နှင့်အတူ နောက်ဆက်တွဲပါလာသော အသံကြီးအား ကြောက်မက်ဖွယ်ကောင်းလှ
ပေ၏။
ထိုအသံကြီးသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုပင်တုန်ဟည်းသွားစေကာ အဝီစိအထိပင် ထိုးဖောက်သွားသည့်သဖွယ် နက်ရှိုင်းကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။
ပစ်ပြီဟဲ့ – ပစ်ပြီ၊ မိုးကြိုးကြီး ပစ်ပြီ။
ဆရာပြားက နှုတ်မှယောင်၍အော်လိုက်မိလေသည်။ ဆရာပြား၏အော်သံအဆုံးမသတ်မီမှာပင်ကောင်းကင်မှကျယ်လောင်
သော အသံနက်ကြီးနှင့်အတူ တစ်စုံတစ်ခုသည် မြေပြင်ပေါ်သို့ ပြင်းထန် လေးလံစွာ ကျဆင်းလာသည့်သဖွယ် ထင်မှတ်လိုက်ရကာ ကမ္ဘာမြေလွှာ တစ်ခုလုံး သိမ့်သိမ့်တုန်ဟည်းသွားလေတော့သတည်း။ မိုးကြိုးကြီးကား အမှန်တကယ်ပင် ပစ်ခဲ့ပါချေပြီ။
မိုးစဲသွားသည်နှင့်မိုးကြိုးပစ်လိုက်သောနေရာသို့လူအများစုပြုံရောက် ရှိလာကြလေသည်။

မိုးကြိုးပစ်လိုက်သော ကွင်းပြင်ထဲဝယ် ထနောင်းပင် အိုကြီးသည် မြေသို့ တုံးလုံးလဲလျက်ရှိလေ၏။
ထနောင်းပင်ကြီးဘေးမှာတော့ –
တစ်ကိုယ်လုံးမီးကျွမ်းကာ မီးသွေးတုံးအဖြစ် အသွင်ပြောင်းသွားသော
လူတစ်ယောက်၏ ခန္ဓာကိုယ်ကို မြင်လိုက်ကြရသည်။

ရပ်သူရွာသားများသည် မီးသွေးတုံးရုပ်အလောင်းကို မြင်သည်နှင့် ဆရာပြားဖြစ်ကြောင်း သိလိုက်ကြသည်။
အလန့်တကြားအော်ဟစ်သံ၊ စုတ်သပ်ညည်းညူသံများဖြင့် စီစီညံသွား
လေ၏။
သဘာဝတရားကို အံတုဖက်ပြိုင်ခြင်း၊ မဖွယ်မရာပြုမူခြင်း၊ မလုပ်သင့် မလုပ်အပ်သောအမှုကို ပြုမူကျင့်ကြံခြင်းတို့ကြောင့် သဘာဝတရားက မိုးကြိုးပစ်ခြင်းဖြင့် တုံ့ပြန်ခဲ့လေပြီ။
သို့သော်- မိုးကြိုးပစ်ခံရသည့်အရာကား မဖွယ်မရာပြုလုပ်စီရင်ထား သော ဆင်ရုပ်ကိုမဟုတ်။
မကြံကောင်း မစည်ရာဖြင့် ပြုမူကျင့်ကြံခဲ့သူထံသို့သာ –
ဆရာပြားခမျာ – တိုက်ဆင်ရုပ် အစီအရင်ဖြင့် မိုးကြိုးအမှန်ပစ်ကြောင်း သူ၏ အောင်မြင်မှုကို စာထက်အက္ခရာတင်၍ ကမ္ပည်းမှတ်တမ်းမရေးထိုး နိုင်ရှာခဲ့ပေ–။

ပြီးပါပြီ။
ဆောင်းလုလင်

Leave a Comment