” ဓားစကြာ ” (စ/ဆုံး) ++++++++ မူရင်း-ဆရာတာတေ

တာတေလည်း သွေးနဲ့သားနဲ့ ဖွဲ့စည်းထားတဲ့ကောင်ပဲ ဗျာ။ ဒါပေမဲ့ တစ်ခုတော့ ခက်သားဗျ။ ကျုပ်ဆိုတဲ့ကောင်က မဖြစ်ရင်သာ မဖြစ်တာဗျ။ ဖြစ်ပြီဆိုရင်တော့ မချိမဆံ့ချည်းပဲဗျို့။ ကျုပ် ဆယ်နှစ်သားလောက်ကလည်း ဝမ်းလျှောလို့ မြို့က ဆေးရုံ မှာ သုံးရက်သွားပြီးတက်ခဲ့ရသေးတယ်။ အခုလည်း ကျုပ် မြို့က ဆေးရုံမှာ တက်နေရတာဗျ။ ဒီတစ်ခါတော့ ဝမ်းလျှော့တာ မဟုတ်ဘူးဗျို့၊ ဖျားတာ။ တိုက်ဖွိုက် လို့ပြောတယ်။ လူလည်း အရိုးနဲ့ အရေခွံပဲ ကျန်တော့တယ်။ အမေနဲ့ တိုးလှတို့၊ သိန်းဇော်တို့ လိုက်လာပြီး ကျုပ်ကို ပြုစုကြရ တာပေါ့ဗျာ။ အခုတော့ ကျုပ် ကောင်းနေပါပြီ။ အဖျားမတက်တာ သုံးရက်တောင် ရှိပြီ။ ဒါပေမဲ့ အရည်ပဲ သောက်ရသေးတာပေါ့ ဗျာ။ ကျုပ် ဆေးရုံတက်တဲ့အချိန်မှာ မြို့က ဆေးရုံကြီးမှာ ဆေးရုံအုပ် ဆရာဝန်ကြီးက ဒေါက်တာ ဗညိုဗျ။ လွှတ်တော်ပြီး လွှတ်စိတ်ထားကောင်းတဲ့ ဆရာဝန်ကြီးပါဗျာ။ ခွဲတဲ့စိတ်တဲ့ဘက် မှာလည်း နာမည်ကြီးဗျ။ ပြီးတော့ စွမ်းလည်း တော်တော်စွမ်းတယ်ဗျ။ တစ်ခါ တလေ ဆေးရုံမှာ အမျိုးသမီးတွေ မွေးလူနာ များနေတဲ့အခါ မွေးခန်းက တစ်ခန်းတည်းရှိတော့ ဆရာဝန်ကြီးက မွေးခန်းထဲက ထွက်လာပြီး အော်ဟစ်နေတဲ့ မိန်းမတွေဗိုက်ကို သူ့လက်ဝါးနဲ့ ပွတ်ပြီး ပြောသဗျ။ အဲဒီလို ပြောလိုက်ရင် ဗိုက်နာလို့ အော်နေတဲ့မိန်းမတွေ တစ်ခါတည်း ဗိုက်နာပျောက်ကုန်ကြရောဗျို့။ “မနာကြနဲ့ဦး၊ မနာကြနဲ့ဦး၊ တစ်ယောက်ပြီးမှ တစ်ယောက် မွေးရမှာ၊ ကိုယ့်အလှည့်ရောက်မှ နာကြ၊ ကဲ အခု ဘယ်သူ့အချိန်ကျပြီလဲ၊ ခေါ်ခဲ့၊ ခေါ်ခဲ့” ဆိုပြီး မွေးခန်းထဲ ပြန်ဝင်သွားတယ်ဗျ။ မွေးလူနာ တစ်ယောက် မွေးပြီးရင် တစ်ခါ ပြန်ထွက်လာပြီး… ““ကဲ..ဘယ်သူ့အလှည့်တုံး” လို့ မေးပြီး မွေးဖို့အလှည့်ကျတဲ့သူရဲ့ ဗိုက်ကို သူ့လက်ဝါး နဲ့ ခပ်ဖြည်းဖြည်း ပုတ်လိုက်ပြီး… “ကဲ ကဲ နှင့်အလှည့်ရောက်ပြီ၊ နာတော့ နာတော့ လို့ ပြောလိုက်တော့မှ စောစောက ဗိုက်နာနေတဲ့ မိန်းမ က ထအော်တော့တာဗျို့။ သူ့ဆေးရုံမှာ မကြာခဏ ထူးထူးဆန်းဆန်းတွေလည်း မွေးတတ်သဗျ။ တချို့က မြွေတွေ အထွေးလိုက်ကြီး မွေးတယ်။ မျက်လုံးတစ်လုံးနဲ့ ပါးစပ်ပေါက်တစ်ပေါက်ပါတဲ့ အသားလုံးကြီး မွေးတယ်။ ပါးစပ်ပေါက်ထဲမှာတော့ သွားတွေ ဖွေးနေအောင် ပေါက်နေတာဗျ။ ဆရာဝန်ကြီးက အဲဒီလို မွေးလာတဲ့ အထူးအဆန်းတွေ ကို ဖန်ပုလင်းကြီးတွေထဲ ထည့်ပြီး ဆေးရည်စိမ်ထားတယ်။ ဘယ်သူမဆို လာပြီးကြည့်နိုင်တာပေါ့ဗျာ။ တော်ရုံတန်ရုံ ပညာသည်တွေ ပြုစားတာလောက်များ တော့ ဆရာဝန်ကြီး ဒေါက်တာ ဗညိုက ပွတ်ရုံသပ်ရုံလောက်နဲ့ကို ကုပေးလိုက်တာဗျ။ နာတာရှည်လူမမာတွေကို ဖုတ်ဝင်တာမျိုးဆိုရင် ဒေါက်တာ ဗညိုကို အိမ်ပင့်ပြီး ကုသကြတာဗျ။ ဒေါက်တာ ဗညိုက ကပ်နေတဲ့ သရဲကို … “မင်းနာမည် ငါသိတယ်၊ မင်းနာမည် အုန်းစိန်၊ အုန်း စိန် အခုသွားတော့ လို့ အမိန့်ပေးလိုက်ရင် တန်းပြေးတော့တာဗျ။ ဖုတ် ကောင်ဆိုတာ သူ့ရဲ့ လူ့ဘ၀ကနာမည် သိလို့ကတော့ အဲဒီနာမည် ခေါ်ပြီး အမိန့်ပေးလိုက်ရင် လစ်တော့တာဗျို့။ “မောင်တာတေ၊ အိပ်ပျော်နေတာလားကွဲ့” ညကိုးနာရီလောက် ရှိပြီ။ ကျုပ် မျက်လုံးဖွင့်ကြည့်လိုက် တော့ ဒေါက်တာဗညိုဗျ။ ကျုပ်က ခေါင်းထောင်ထလိုက်တယ်။ “မထနဲ့ မောင်တာတေ၊ သက်သာသလိုနေ ဒေါက်တာဗညိုက ကျုပ်နဖူးကို စမ်းကြည့်ပြီးတော့ လက်ကောက်ဝတ်ကို သွေးစမ်းတယ်။ “ကောင်းပါပြီ မောင်တာတေ၊ အားရှိတော့မှ ဆေးရုံကဆင်းပေါ့။ ဒီမှာ ခဏလောက် နားနေလိုက်ဦးပေါ့” ကျုပ် တော်တော်အံ့သြသွားတာဗျ။ ဒေါက်တာဗညိုက ကျုပ်နာမည်ကို မှတ်မိနေတာရယ်၊ ကျုပ်ကို တရင်းတနှီး ဆက်ဆံ တာရယ်ကို ကျုပ် မတွေးတတ်အောင် ဖြစ်နေတာဗျ။ ကျုပ်က လည်း ဒီညတိုးလှတို့၊ သိန်းဇော်တို့ကို ကျုပ်ဘကြီးအိမ်မှာ ပြန်ပြီး အိပ်ခိုင်းထားတာ။ ဒီကောင်နှစ်ကောင်လည်း ညတိုင်း အိပ်ရေးပျက်နေတာဆိုတော့ အိမ်ပြန်အိပ်ခိုင်းလိုက်တာ။ ““ကျုပ် မောင်တာတေနဲ့ စကားပြောချင်လို့ လာတာပါ၊ မောင်တာတေရဲ့ သတင်းကို ကျုပ် ဒီမြို့ရောက်ကာစကပဲ ကြားခဲ့ တယ်။ ထနောင်းကုန်းက မောင်တာတေဆိုတာ အင်မတန် သတ္တိ ကောင်းတဲ့လူငယ်လို့ ပြောကြတယ်။ အထက်လမ်းဆရာကြီးတွေ ကို အချိန်မရွေး အကူအညီပေးတတ်တယ်ဆိုတာလည်း ကျုပ် ကြားဖူးတယ်။ တချို့ကတော့ ဘယ်အထိတောင် ပြောလဲဆိုရင် မောင်တာတွေက မဖဲဝါနဲ့တောင် အလွန်ခင်မင်တယ်ဆိုပဲ။ အဲဒါ ဟုတ်လားကွဲ့” “ဟုတ်ပါတယ် ဆရာကြီး၊ အကြောင်းရှိတဲ့အခါ ကျုပ် ကို မဖဲဝါကြီးက ကူညီပါတယ်” “မောင်တာတေ မဖဲဝါကို အပြင်မှာ မြင်ဖူးလားကွဲ့” ““ဟုတ်ကဲ့ မြင်ဖူးပါတယ်” “ဟေ..ဟုတ်လား၊ ဘယ်လိုပုံစံမျိုးတုံး မောင်တာတေရဲ့” “အရပ်ဆယ်ပေလောက် မြင့်ပြီး အင်မတန်မှ ကြောက် စရာကောင်းတဲ့အသွင်ပါ ဆရာကြီး။ တစ်ခါတလေတော့လည်း ကျုပ်အရွယ်လောက် ကောင်မလေးလို ဖန်ဆင်းပြတတ်တယ်ဗျ ဆရာကြီးရဲ့” “ဟေ.. ဟုတ်လား၊ မောင်တာတေ” “မောင်တာတေ အောက်လမ်းပညာသည်တွေရော တွေ့ ဖူးသလား” “တွေ့တော့ တွေ့ဖူးတယ်၊ ဒါပေမဲ့ ရင်းရင်းနှီးနှီးတော့ မနေဖူးဘူးဗျ။ ဒါပေမဲ့ သူတို့ပညာတွေလည်း တော်တော်ထက် မြက်တယ်ဆိုတာကိုတော့ ကျုပ် ရိပ်မိတယ်ဗျ” “မောင်တာတေ ပြောတာ မှန်တယ်ကွဲ့၊ အောက်လမ်း ပညာလို့ခေါ်တဲ့ ပညာတွေဟာလည်း ကြောက်ခမန်းလိလိ ထက် မြက်တာတွေရှိတယ်။ ဒါတွေကတော့ ကျုပ် ကိုယ်တွေ့ပါကွယ်” “ဗျာ၊ ဆရာကြီးကိုယ်တွေ့ ဟုတ်လား၊ ဆရာကြီးလည်း ကျုပ်လိုပဲ ဝါသနာပါလို့ လိုက်ကြည့်တာ ထင်တယ်” “မဟုတ်ဘူး မောင်တာတေ၊ ကျုပ်က ဝါသနာလည်း မပါဘူး၊ လိုက်လည်း မကြည့်ဘူး၊ လိုက်မကြည့်ဘဲနဲ့ကို မြင်ခဲ့တာပေါ့ကွယ်”” “ဗျာ၊ လိုက်မကြည့်ဘဲနဲ့ မြင်တာ ဟုတ်လား ဆရာကြီး” ဆရာကြီး ဒေါက်တာဗညိုက အသားဖြူဖြူ လူရည်သန့် ဗျ။ ရုပ်ရည်ကလည်း အင်မတန်မှ တည်ကြည်ပြီး ကြည်လင်တဲ့ မျက်နှာပါဗျာ။ ဆရာကြီးကို ကြည့်လိုက်ရင် အမြဲတည်တည် ငြိမ်ငြိမ် အေးအေးဆေးဆေးပုံက ပေါ်နေတာဗျ။ အရပ်က မြင့်မြင့်၊ ကိုယ်လုံးက ထွားထွားဗျ။ အသက်ကတော့ ခြောက်ဆယ်ဝန်းကျင် လောက်ရှိမယ်ထင်တယ်။ “ဟုတ်တယ် မောင်တာ၊ ကျုပ်က ၁၉၁၅ မှာ မွေးတာ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တစ်နှစ်တည်း မွေးတွေပေါ့ကွယ်။ အခု ၁၉၇၅ ခုဆိုတော့ ကျုပ်အသက်က ခြောက်ဆယ်ပေါ့။ နောက်တစ်လဆိုရင် ကျုပ် ပင်စင်ယူရတော့မယ်။ ပင်စင်ယူပြီး ရင် ကျုပ်က ရဟန်းဘောင်ဝင်တော့မှာ၊ ကျုပ်က အိမ်ထောင် မရှိဘူး မောင်တာတေရဲ့။ တစ်သက်လုံး လူပျိုကြီးဘဝနဲ့ပဲ နေခဲ့ တာ။ အေး ပြောရဦးမယ်၊ ကျုပ်အဖေကလည်း လူပျိုကြီးပဲကွဲ့” “ဗျာ” ကျုပ် တော်တော်အံ့သြသွားသဗျ။ ဒေါက်တာဗညိုက သူ့အဖေ လူပျိုကြီးလို့ ပြောတော့ ကျုပ်ဖြင့် ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ဘူးပေါ့ဗျာ။ “ဪ ကျုပ်ပြောတာ မောင်တာတေ နားရှုပ်သွားပြီ ထင်တယ်၊ ကျုပ်က စကားပြောတာ နည်းနည်းလောသွားလို့ပါ။ ဒီလို ဒီလို ကျုပ်ကို မွေးစားတဲ့ အဖေက လူပျိုကြီးလို့ ပြောတာ ကွဲ့၊ ခုချိန်အထိ ကျုပ်ရဲ့မိဘတွေက ဘယ်သူတွေဆိုတာ မသိခဲ့ရ ဘူး။ ပြီးတော့ ကျုပ်ရဲ့ မွေးရပ်ဇာတိက ဘယ်မှာဆိုတာလည်း ကျုပ် ခုထိ မသိခဲ့ဖူးဘူး။ ကျုပ်ရဲ့ မွေးစားအဖေကလည်း မြန်မာ မဟုတ်ဘူးကွဲ့။ အိန္ဒိယလူမျိုးတစ်ယောက်။ သူကိုယ်တိုင်လည်း ကျုပ်ရဲ့ ဇာတိဇစ်မြစ်ကို မသိခဲ့ဘူး၊ ကျုပ်ကို ချောင်းထဲမှာ မျောလာတဲ့ ဒိုက်ပုံကြီးတစ်ခုပေါ်မှာ ပါလာတာ တွေ့လို့ ရေထဲမှာ လိုက်ဆယ်ယူပြီး မွေးစားခဲ့တာလို့ ပြောတယ်။ ““ဟာ၊ ဖြစ်ရလေ ဆရာကြီးရယ်” ဒေါက်တာဗညိုက ကျုပ်ကုတင်ဘေးက ခုံတန်းလေးမှာ ထိုင်ပြီး ပြောပြနေတာဗျ။ ဒေါက်တာဗညိုက သူ့ခေါင်းကို တဆတ်ဆတ်ညိတ်ပြီး ပြောတယ်ဗျ။ မာန်မာန အရှင်းမရှိတဲ့ ဆရာဝန်ကြီးပါဗျာ။ “အင်း … ကျုပ်အဖေက အိန္ဒိယလူမျိုးစစ်စစ်ကြီးကွဲ့၊ နာမည်က မစ္စတာ ဘာဘရာတဲ့။ လူတွေကတော့ ကျုပ်အဖေကို ဘာဘူလို့ ခေါ်ကြတယ်။ ကျုပ်ကတော့ ပါပါလို့ ခေါ်တယ်။ ပါပါက စိန်ကုန်သည်တစ်ယောက်ကွဲ့။ ရုပ်ကလည်း တော်တော် ချောတာ၊ အိန္ဒိယသားပေမယ့် အသားမမဲဘူး၊ ဖြူဝင်းနေတာပဲ။ ဝတ်တာစားတာကလည်း ဘိုတွေတောင် အရှုံးပေးရတာကွဲ့။ ပြီးတော့ ပါပါက အင်္ဂလိပ်အရာရှိတွေ၊ လူကုန်ထံတွေ၊ မျက်နှာ ဖြူကုန်သည်ကြီးတွေနဲ့ အတော်လေးကို ဖက်လှဲတကင်းရှိတာ။ ကျုပ်ကိုလည်း ပညာတတ်ဆရာဝန်တစ်ယောက် ဖြစ်လာအောင် ပညာသင်ပေးတာကွဲ့။ ကျုပ်က အိန္ဒိယတို့၊ အင်္ဂလန်တို့မှာလည်း ဆေးပညာ လိုက်စားဖူးတယ် မောင်တာတေရဲ့၊ ဒါတွေအားလုံး ဟာ ပါပါ့ကျေးဇူးတွေပေါ့ကွယ်” ကျုပ်က ဆရာကြီး ဒေါက်တာဗညို ပြောတဲ့ သူ့ရဲ့ မွေးစားဖခင်ကြီးအကြောင်းကို စိတ်ဝင်တစား နားထောင်နေမိတာဗျ။ ““အင်း ပြောရဦးမယ် မောင်တာတေရေ၊ အင်္ဂလိပ်တွေ ထဲမှာလည်း ခပ်ဆိုးဆိုး အရာရှိတွေ့ ရှိတယ်ကွဲ့၊ အဲဒီအရာရှိတွေ လည်း တစ်ယောက်ပြီးတစ်ယောက် သေတာပါပဲ မောင်တာတေ ရယ်” “ဟင်၊ ဘယ်လိုဖြစ်လို့တုံး ဆရာကြီးရဲ့” “မကောင်းတဲ့လူတွေဆိုတော့ အကုသိုလ်အကျိုးပေးတာပေါ့ မောင်တာတေ” ကျုပ်က ခေါင်းလေး တညိတ်ညိတ်နဲ့ နားထောင်ရတာပေါ့ဗျာ။ “ဒါပေမဲ့ မောင်တာတေရေ၊ တစ်နေ့တော့ ကျုပ် သိ သွားတယ်ကွဲ့” “ဗျာ၊ ဘာကိုလဲ ဆရာကြီးရဲ့” “လူဆိုး လူယုတ် မျက်နှာဖြူကောင်တွေကို အကျိုးပေး တဲ့ အကုသိုလ်ဟာ ကျုပ်တို့အိမ်ကြီးထဲက သွားတယ်ဆိုတာ မထင်မှတ်ဘဲ ကျုပ် သိသွားတာကွဲ့ ” “ဗျာ၊ ဘယ်လိုဖြစ်လို့လဲ ဆရာကြီးရဲ့” “ကျုပ် မောင်တာတေလို လူငယ်တစ်ယောက်ကို ဒီ အကြောင်းတွေ ပြောချင်လို့ကို လာခဲ့တာကွဲ့။ မောင်တာတေလို ဒီလမ်းကြောင်းတွေနဲ့ နီးစပ်တဲ့ လူငယ်တစ်ယောက်ကို ဗဟုသုတ ရစေချင်လို့ပါလေ”” “ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျုပ် စိတ်ဝင်စားပါတယ်” ဆရာကြီး ဒေါက်တာဗညိုက အတိတ်ကာလကို ပြန်မြင် နေပုံပဲဗျ။ (ဆရာကြီး ကျုပ်ကိုပြောတဲ့အတိုင်းပဲ ဖတ်လို့ကောင်း အောင် ပြန်ရေးပြလိုက်တာပါဗျာ) ကျုပ် ဥပစာတန်း စတက်တဲ့နှစ်ဗျ။ ကျုပ်တို့အိမ်က ဗဟန်းမှာ။ ခြံဝင်းကျယ်ကြီးထဲက နှစ်ထပ်အိမ်မဲကြီး။ တစ်အိမ်လုံး ကျွန်းနဲ့ဆောက်ထားတာ။ ရေနံမှ မဲနေအောင် သုတ်ထားတာ။ ဒါပေမဲ့ ပါပါ ပိုင်တာမဟုတ်ဘူးဗျ။ အိမ်ကြီးတစ်လုံးလုံး ကို ငှားပြီးနေတာ။ အိမ်ရှင် တောင်းသလောက်ဈေးကို ပါပါက မဆစ်ဘဲ ငှားထားတာဗျ။ ကျုပ် စာကြည့်ပြီးတော့ ညဆယ်နာရီထိုးပြီ။ အိမ်ပေါ် ထပ်ကို လှမ်းကြည့်တော့ မီးလုံးတွေ မပိတ်သေးဘူးဗျ။ ဒါနဲ့ ကျုပ်စိတ်ထဲမှာ ပါပါ နေထိုင်မှကောင်းရဲ့လားလို့ စိုးရိမ်သွားပြီး ပြောင်လက်နေတဲ့ ကျွန်းလှေကားကြီးအတိုင်း အိမ်ပေါ်ထပ်ကို တက်လာခဲ့တယ်။ အပေါ်ထပ်မှာက ပါပါအိပ်တဲ့ အိပ်ခန်း၊ ပါပါ စာဖတ် တဲ့ စာကြည့်ခန်း၊ ပြီးတော့ တံခါးအမြဲပိတ်ထားတဲ့ အခန်းလွတ် တစ်ခန်း ရှိတယ်ဗျ။ အဲဒီအခန်းလွတ်ထဲမှာ ပါပါက ဝင်ပြီး ပုတီးစိပ်တာတို့ တရားထိုင်တာတို့ လုပ်တတ်တယ်။ ပါပါကိုး ကွယ်တာကတော့ ဟိန္ဒူလို့ ကျုပ်ထင်တယ်။ ဒီအကြောင်းကို ပါပါက တစ်ခါမှ ပြောမပြဘူးဗျ။ ကျုပ်ကိုတော့ ဘုန်းကြီး တစ်ပါးနဲ့ အပ်ထည့်လိုက်ပြီး နယ်ဘက်မှာ ကိုရင်စည်းခိုင်းဖူးတယ်။ သူတော့ လိုက်မလာဘူးဗျ။ ကျုပ်ကတော့ ဗုဒ္ဓဘာသာပဲ ကိုးကွယ်တာပေါ့ဗျာ။ ပါပါကတော့ ဗုဒ္ဓဘာသာ မဟုတ်တာ သေချာတယ်ဗျ။ စာကြည့်ခန်းမှာ စာဖတ်တော့လည်း ပါပါက အင်္ဂလိပ်ဘာသာနဲ့ ပုံနှိပ်ထားတဲ့ စာအုပ်တွေ၊ အိန္ဒိယဘာသာနဲ့ ပုံနှိပ်တဲ့စာအုပ်တွေပဲ ဖတ်တာဗျ။ ကျုပ်အပေါ်ထပ်ကိုရောက်တော့ ပါပါ ပုတီးစိပ်တဲ့အခန်း လွတ်ထဲကနေ မီးရောင်လင်းနေတာ တွေ့ရတယ်။ ဒါနဲ့ပဲ ကျုပ်က ခြေဖွနင်းပြီး ပိတ်ထားတဲ့ တံခါးရဲ့ သော့ပေါက်ကလေးကနေ အထဲကို ချောင်းကြည့်လိုက်တယ်။ အနက်ရောင် အိန္ဒိယကော်ဇောပေါ်မှာ ပါပါက တင်ပလ္လင် ခွေပြီး ထိုင်လို့ဗျာ။ ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ။ အမြဲတမ်း ဥရောပဝတ်စုံကို စမတ်ကျကျဝတ်ပြီး အင်္ဂလန်နိုင်ငံလုပ် လည် သာလက်ဆွဲအိတ် အနက်တစ်လုံးကို ဟန်ပါပါဆွဲပြီး ဂျစ်ကား တစ်စီးနဲ့ ရန်ကုန်မြို့အနှံ့ သွားလာတတ်တဲ့ ပါပါ့ကို အခု ကျုပ် မြင်နေရတဲ့ပုံစံက အပေါ်အဖြူ၊ အောက်အဖြူ ဝတ်လို့ဗျ။ အောက် ကလည်း ပိတ်ဖြူပုဆိုးကို ဟိန္ဒူခါးတောင်းကျိုက် ကျိုက်လို့။ ခေါင်းမှာလည်း အနက်ရောင်ပိတ်စကို ပန်ချာပီကြီးတွေလို ဘောင်ထုပ်ကြီး ပေါင်းလို့ဗျ။ လည်ပင်းမှာ ပုဝါအဖြူတစ်ထည် တင်ထားတယ်။ ပြီးတော့ ဇီးဖြူသီးလုံးလောက်ရှိတဲ့ စိတ်ပုတီးကြီးတစ်ကုံးကိုလည်း လည်ပင်းမှာ ဆွဲထားတယ်။ ပါပါထိုင်နေတဲ့ ရှေ့က ပြတင်းပေါက်ကြီးကို ဖွင့်ထားပြီး အဲဒီပြတင်းပေါက်ရဲ့ ဘောင်မှာ ပန်းကုံးကြီးတွေ ချိတ်ထားတယ်။ ပန်းကုံးတွေက ဟိန္ဒူဘုရားကျောင်းဘွေမှာ ရောင်းတဲ့ အပါ၊ အနီ၊ အဖြူ၊ ပန်းကုံး တွေဗျ။ ပြတင်းပေါက်အောက်က ကြမ်းပြင်ပေါ်မှာတော့ ဖယောင်း တိုင် ဆယ်တိုင်လောက် ဝိုင်းထွန်းထားတယ်။ အမွှေးတိုင်တွေ လည်း ထွန်းထားတယ်။ အဲဒီဖယောင်းတိုင်တွေရဲ့အလယ်မှာ ရေတစ်ဝက်လောက် ထည့်ထားတဲ့ ကြေးဝါ ဇလုံအဟောင်းလေး တစ်လုံး ချထားတယ်။ ကြေးဝါဇလုံက တော်တော်ကို ရှေးကျတဲ့ ပစ္စည်း ဖြစ်မယ်ဗျ။ ဇလုံနှုတ်ခမ်းမှာ အပဲ့ရာတစ်ခုတောင် ပါ တယ်။ ဇလုံပေါ်မှာတော့ ရုပ်ကြွအရုပ်တွေလည်း ပါတယ်။ ဘာဘာသာမှန်းမသိတဲ့ စာတွေလည်း ဖောင်းကြွစာလုံးနဲ့ ရေးထား တယ်ဗျ။ ပါပါက ပါးစပ်ကနေ တတွတ်တွတ်နဲ့ မန္တန်တွေရွတ်နေ တာဗျ။ အိန္ဒိယစကားနဲ့ ရွတ်တာဆိုတော့ ကျုပ် နားမလည်ဘူး။ ပါပါ့ကို ကြည့်ရတာ စိန်ကုန်သည်တစ်ယောက်နဲ့ မတူတော့ဘဲ တကယ့်ကို မှော်ဆရာတစ်ယောက်နဲ့ တူနေတော့တာဗျို့။ ခဏနေတော့ ပါပါက ဖွင့်ထားတဲ့ ပြတင်းပေါက်ကြီး ကနေ ကောင်းကင်ကို မော့ကြည့်ပြီး မန္တန်ရွတ်ပြန်ရောဗျ။ ကျုပ်လည်း ပါပါ့ကို တအံ့တသြဖြစ်ပြီး မျက်လုံးကို သော့ပေါက်ကနေ မခွာနိုင်အောင် ဖြစ်နေတော့တာပေါ့ဗျာ။ ပါပါ ရွတ်တဲ့ မန္တန်ထဲမှာ ကျုပ် နားလည်တာတစ်ခုတော့ ပါတယ်ဗျ။ အဲဒါက “ရှရီ၊ ရှရီ” ဆိုတဲ့ စကားပဲ။ ကျန်တာတွေတော့ ကျုပ် လည်း ဘာတစ်ခုမှကို နားမလည်ဘူးဗျ။ ဟော ပါပါက သူ့ရှေ့မှာ ချထားတဲ့ ကတ္တီပါအနက်နဲ့ ချုပ်ထားတဲ့ သေတ္တာကလေးကို ဖြည်းဖြည်းလေး ဖွင့်လိုက်တယ်။ ပါးစပ်ကတော့ မန္တန်တွေရွတ်တာ ပြတ်မသွားဘူးဗျ။ သေတ္တာထဲက လက်တစ်လုံးလောက်ရှိတဲ့ ငွေရောင် အပြားကလေးတစ်ခုကို ထုတ်ယူလိုက်တယ်။ ပါပါက သူ့ရဲ့ ဘယ်ဘက်လက်ဖဝါးထဲမှာ ကတ္တီပါသေတ္တာထဲက ထုတ်ယူ လိုက်တဲ့ ငွေရောင်အပြားလေးကို အသာကလေး ထည့်လိုက် တယ်။ ပြီးတော့ မန္တန်ရွတ်ရင်းကပဲ အဲဒီအပြားလေးကို အသာ လေး ဆွဲဖြန့်လိုက်ရောဗျ။ ဟာ အပြားကလေး သုံးပြား ဖြစ်သွား ပြီဗျို့။ အလယ်အူတိုင်ကနေ ဖြာထွက်သွားတဲ့ ပန်ကာဒလက် ကလေးတွေလိုပေါ့ဗျာ။ ဖယောင်းတိုင်မီးရောင်မှာ ငွေဒလက် ကလေး သုံးခုက တလက်လက် ဖြစ်နေတာဗျ။ ကျုပ် သေသေ ချာချာကြည့်တော့ ဓားသွားလေးသုံးခုဗျ။ ဒလက်ကလေးတစ်ခုမှာ အသွားနှစ်ဖက်ပါတာ ဓားသွားလေးတွေက တော်တော်ကို ထက်တဲ့ပုံပဲ။ ပါပါက အဲဒီငွေရောင်ဓားစကြာကလေးကို ကြေးဝါရေ ဇလုံထဲကို ထည့်လိုက်တယ်။ အဝိုင်းထွာဆိုင်လောက်ရှိတဲ့ ဓား စကြာကလေးက ဇလုံထဲက ရေအောက်ကို မြုပ်သွားတာပေါ့ ဗျာ။ ပါပါကတော့ မန္တန်ကို ရွတ်နေတုန်းပဲဗျ။ ပါးစပ်က တစ်ချက်မှကို ရပ်မသွားဘူး။ ရေထဲက ငွေရောင်ဓားစကြာလေး ကို စိုက်ကြည့်ပြီး မန္တန်ရွတ်တဲ့အသံကို ခပ်မာမာလေသံနဲ့ ရွတ် တယ်။ ပါပါရဲ့မျက်နှာက စောစောကနဲ့ မတူတော့ဘူးဗျ။ တော် တော်ကို ခက်ထန်လာတယ်။ မန္တန်ရွတ်တဲ့အသံကလည်း တဖြည်း ဖြည်း မာန်တွေပါလာတယ်။ ကျုပ်စိတ်ထဲမှာ လူတစ်ယောက်ကို များ ပါပါက အမိန့်ပေးပြီး ခိုင်းစေနေသလားလို့တောင် ထင်မိ တာဗျ။ ကျုပ်လည်း မျက်တောင်မခတ်ဘဲကို ကြည့်နေတော့တာ ပေါ့ဗျာ။ ဟာ…ရေတွေလည်သွားပြီဗျို့။ ကြေးဝါဇလုံထဲက ရေ တွေ လည်နေပြီ။ ရေတွေက လည်ရင်း လည်ရင်းနဲ့ နောက်ဆုံး ဝဲကတော့ထိုးသလို ဖြစ်လာပြီး အထဲက တစ်ခုခုက ရေပေါ်ကို ထိုးထွက်သွားပြီး ပြတင်းပေါက်က ရိပ်ကနဲ ထွက်သွားတယ်လို့ ကျုပ်စိတ်ထဲမှာ ထင်လိုက်တယ်ဗျ။ ဟော ပါပါလည်း ပြတင်းပေါက်ကို လိုက်ကြည့်နေတယ်ဗျို့။ ဟုတ်တယ်ဗျ။ ကျုပ်ထင်သလိုပဲ တစ်ခုခု ပျံထွက်သွား တယ်ထင်တယ်။ ပါပါကတော့ မန္တန်ကို ရွတ်နေတုန်းပဲဗျ။ ဟာ·.·ဇလုံထဲက လည်နေတဲ့ ရေတွေ ရပ်သွားပြီဗျ။ ဟာ ရေထဲမှာ ငွေရောင်လက်နေတဲ့ ဓားစကြာလေး မရှိတော့ဘူး ဗျ။ လက်စသတ်တော့ ရိပ်ကနဲ ပျံထွက်သွားတာဟာ ဒီဓား စကြာလေးကိုး။ ဒီတော့မှ ကျုပ် သဘောပေါက်တာဗျို့။ ကျုပ် တော်တော်ကို စိတ်ဝင်စားသွားတယ်။ ဒီဓားစကြာလေးကို ပါပါ က တစ်နေရာကို စေလွှတ်နိုင်စွမ်းရှိတဲ့လူပဲ၊ ဘာအတွက်များ ဓားစကြာ လွှတ်တာပါလိမ့်။ ကျုပ် အောက်ထပ်ကို ပြန်ပြီးမဆင်း နိုင်သေးဘူးဗျ။ တံခါးသော့ပေါက်ကလေးကနေ ကျုပ် ကြည့်နေ တုန်းပဲ။ ပါပါက မန္တန်ကို ဆက်ရွတ်နေတယ်။ ဒါပေမဲ့ စောစော ကလောက်တော့ ကျယ်ကျယ်လောင်လောင် … မာမာထန်ထန် မဟုတ်တော့ဘူးဗျ။ ခပ်ဖြည်းဖြည်းမှန်မှန်ပဲ ရွတ်တော့တာ။ ဒါပေမဲ့ မျက်စိကို စုံမှိတ်ပြီး တစ်ခုခုကို အာရုံစိုက်ထားသလိုပဲဗျ။ တော် တော်လေးကြာတော့ ပါပါက အိန္ဒိယစကားနဲ့ နှစ်ခွန်းဆင့်အော် လိုက်တယ်။ အဓိပ္ပာယ်က… ““သတ်လိုက်၊ သတ်လိုက်” တဲ့ဗျ။ ပါပါ အော်လိုက်တဲ့အသံက အာဏာစက်အပြည့် ပါတဲ့အသံဗျ။ တစ်ယောက်ကို လှမ်းပြီးညွှန်ကြားလိုက်သလိုပဲ။ ကျုပ်ဖြင့် လန့်ပြီး ကြက်သီးတွေတောင် ထသွားရောဗျို့။ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ သိချင်နေတော့ ကျုပ်လည်း ဆက်ကြည့်နေမိတာပေါ့ဗျာ။ ကျုပ်စိတ်အထင်တော့ တစ်နာရီကျော်ကျော်လောက် ကြာသွားပြီထင်တယ်ဗျ။ ဖွင့်ထားတဲ့ ပြတင်းပေါက်ကြီးနားကနေ “ဝီ၊ ဝီ” ဆိုတဲ့ အသံကြီး ကြားနေရတာဗျ။ ပိတုန်းတွေ အုပ်လိုက်ကြီး ပျံလာ သလားလို့တောင် ထင်ရတာ။ ကျုပ်လည်း ပြတင်းပေါက်ကြီးက နေ အပြင်မှောင်ထဲကို အားစိုက်ပြီး ကြည့်ရတာပေါ့ဗျာ။ ဘာမှ မတွေ့ဘူးဗျ။ ပါပါကတော့ တင်ပလ္လင်ခွေပြီး ထိုင်နေရာကနေ မုဆိုး ဒူးထောက် ထထိုင်ပြီး ကြေးဝါရေဇလုံကို ကိုင်ထားတယ်ဗျ။ ပါးစပ်ကနေ မန္တန်ကို အသံကျယ်ကျယ်နဲ့ မာန်အပြည့်နဲ့ ပြန်ရွတ် နေပြန်ပြီ။ “ဗွမ်း” ဟော ပါပါက အသင့်ကိုင်ထားတဲ့ ရေဇလုံထဲကရေနဲ့ လှမ်းပက်လိုက်တာဗျ။ ဘာကို ပက်လိုက်မှန်း ကျုပ် မမြင်ဘူး။ ““ချွင်၊ ချလွင်” ကြမ်းပြင်ပေါ်ကို တစ်ခုခု ကျသွားတဲ့ အသံကြားလို့ ကျုပ် လှမ်းကြည့်လိုက်တာ။ ဟာ၊ ဓားစကြာကလေးပါလား။ ဟင် သွေးတွေလည်း ရွဲနေပါလား။ ဒါဆိုရင် ရေဇလုံထဲက ထွက်သွားတာ ဒီဓားစကြာပဲပေါ့ဗျာ။ ခုဘော့ ဓားစကြာက သွေး တွေ့ရွဲပြီး ပြန်ရောက်လာတာဗျ။ ပါပါက ဓားစကြာကို သေသေချာချာ သတိထားပြီး ကောက်ယူလိုက်တယ်။ ပြီးတော့ အသင့်ချထားတဲ့ အဝတ်စ တစ်စနဲ့ သွေးတွေ သုတ်လိုက်တယ်။ ပြီးတော့မှ ဓားစကြာကို ဆီနဲ့ လိမ်းလိုက်တယ်။ ဟော ဓားစကြာလေးကို ခေါက်လိုက်တာ လက်တစ်လုံး လောက် အရွယ်လေးနဲ့ တစ်ရွက်တည်း ဖြစ်သွားပြီဗျို့။ ပါပါက အနက်ရောင် ကတ္တီပါဘူးထဲကို သေသေချာချာထည့်ပြီး ဓားစကြာ ကို သိမ်းလိုက်တယ်။ ကျုပ်လည်း ပါပါ မသိအောင် ခြေဖွပြီး အောက်ထပ်ကို ပြန်ဆင်းလာခဲ့ဘယ်။ ကျုပ် အိပ်ရာထဲကိုရောက်တော့ မီးတွေ မှိတ်ပြီး အိပ်လိုက်ပေမယ့် တော်တော်နဲ့ အိပ်လို့မပျော်ပါဘူးဗျာ။ ကျုပ်တွေ့လိုက် မြင်လိုက်ရတဲ့ မြင်ကွင်းကိုပဲ မျက်စိထဲမှာ မြင် နေတာပေါ့ ဗျာ။ နောက်နေ့မနက်ရောက်တော့ ပါပါက ခါတိုင်းလိုပဲဗျ။ ဥရောပဝတ်စုံကို အကျအနဝတ်ပြီး ဂျစ်ကားတစ်စီးနဲ့ အပြင်ထွက် သွားတယ်။ ကျုပ်လည်း ကျောင်းသွားတက်တာပေါ့ဗျာ။ ဒါပေမဲ့ ကျောင်းသွားတဲ့လမ်းမှာ သတင်းစာသည်တစ်ယောက် အော်ဟစ် ရောင်းနေတဲ့ သတင်းတစ်ပုဒ်ကြောင့် ကျုပ်မှာ သတင်းစာ တစ်စောင်ကို အလုအယက် ဝတ်ဖတ်လိုက်ရတော့တာဗျို့။ “ဗြိတိသျှအရာရှိတစ်ဦး ထူးဆန်းစွာ လုပ်ကြံခံရခြင်း တဲ့ဗျာ။ ညဆယ်နာရီခွဲလောက်မှာ စထရင်းဟိုတယ်ကနေ ပြန်လာ တဲ့ “မစ္စတာအက်ဒဝပ်’ ဆိုတဲ့ အင်္ဂလိပ်အရာရှိတစ်ယောက် ထူးဆန်းစွာ လုပ်ကြံခံရတဲ့အကြောင်း၊ မစ္စတာအက်ဒဝပ်ရဲ့ လည် ပင်းကို ခေါင်းရိတ်တဲ့ သင်ဒုံးခားနဲ့ လုပ်ကြံသူက လှီးသွားပုံရ ကြောင်း၊ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတဲ့အတွက် ဘာသဲ လွန်စမှ မရလိုက်တဲ့အကြောင်း၊ မစ္စတာအက်ဒဝပ်ဟာ ယစ်မျိုး အရာရှိတစ်ယောက်ဖြစ်ပြီး ဘိန်းခန်းတွေကို အမြဲသွားလာစစ်ဆေး နေရသူဖြစ်တဲ့အတွက် မုန်းတီးသူများလည်း ရှိနိုင်တဲ့အကြောင်း၊ ဒါ့အပြင် မစ္စတာအက်ဒဝပ် ဆိုတဲ့လူဟာ အရပ်မြင့်မြင့် ထွားထွား ကျိုင်းကျိုင်း ဖြစ်တဲ့အတွက် သူ့လည်ပင်းကို သင်ဒုံးဓားနဲ့လှီးပြီး သတ်သွားတဲ့လူဟာ မစ္စတာအက်ဒဝပ်ထက် ပိုပြီးထွားကျိုင်းသူဖြစ်လိမ့်မယ်လို့ ပုလိပ်ဘက်က ယူဆပြီး ဘိန်းခန်းတွေနဲ့ ပတ် သက်တဲ့ လူထွားကြီးတွေကို လိုက်လံစုံစမ်းနေတဲ့အကြောင်းတွေ ရေးထားသဗျ။ ကျုပ်ကတော့ ညက မြင်ခဲ့ရတဲ့ မြင်ကွင်းကို ချက်ချင်း သတိရသွားတာပေါ့ဗျာ။ ကျောင်းမှာ စာသင်ရတာလည်း စိတ်မဝင် စားပါဘူးဗျာ။ ကျုပ်တို့ ယူနီဗာစတီကျောင်းကြီးမှာလည်း ကျောင်း သားတွေ စုစု စုစုနဲ့ ဒီသတင်းကိုပဲ ပြောနေကြတာဗျ။ ဆရာတွေ လည်း သတင်းစာ တကိုင်ကိုင်နဲ့ ဒီသတင်းကိုပဲ ပြောနေကြတာ ပေါ့ဗျာ။ ဆရာတစ်ယောက်က သူ့ဘေးက ဆရာကို ပြောလိုက် တာ လှေကားအတက်မှာ ကျုပ် သေသေချာချာ ကြားလိုက်တယ်။ ““အလကားပုလိပ်တွေပါဗျာ၊ ဒီပုံစံအတိုင်း အင်္ဂလိပ် အရာရှိကြီးတွေ အသတ်ခံရတာ ဒါပါနဲ့ဆိုရင် သုံးကြိမ်ရှိပြီဗျ။ ကျုပ် သေသေချာချာ မှတ်ထားတာ။ လွန်ခဲ့တဲ့ ငါးနှစ်က တစ်ယောက်၊ လွန်ခဲ့တဲ့ သုံးနှစ်က တစ်ယောက်၊ အခု တစ်ယောက်၊ ဘယ်ကလာ ဘိန်းခန်းနဲ့ ပတ်သက်ရမှာတုံးဗျာ။ အရင်အသတ်ခံရ တဲ့လူတွေက အရေးပိုင်ကြီးတစ်ယောက်နဲ့ စိုက်ပျိုးရေးဝန်ထောက် တစ်ယောက်ပါ။ ဒါပေမဲ့ ကျုပ်ကြားတာက အခုသေတဲ့လူရော အရင်သေတဲ့နှစ်ယောက်ရော တော်တော်ဆိုးတယ်ဆိုပဲ။ ”လာဘ်စား တဲ့နေရာမှာရော မိန်းမရှုပ်တဲ့နေရာမှာရော နံပါတ်ဝမ်းတွေတဲ့ဆရာရေ “ဟာ…ဟုတ်လားဗျ ဆရာရဲ့” ဥပစာအပိုင်း(ခ)မှာ သင်တဲ့ ဆရာတွေဗျ။ လှေကားတက် ရင်း ကျုပ်ရှေ့က ပြောသွားကြတာ။ “ဒါပေမဲ့ မျက်နှာဖြူအရာရှိကို ရက်ရက်စက်စက် လည် ပင်း ဓားနဲ့လှီးပြီး သတ်ရဲတာတော့ အံ့သြသဗျာ” ဪ ဆရာရယ်၊ ပိုက်ဆံသာ ပုံပေးနိုင်လို့ကတော့ လူသတ်ပေးမယ့် ကြေးစားတွေ အပုံပါဗျာ” “ဒါတော့ ဒါပေါ့ဗျာ၊ ဒါပေမဲ့ အခုလို မျက်နှာဖြူ အရာရှိတစ်ယောက်ကို အနားကပ်ပြီး လည်ပင်းကို ဓားနဲ့လှီးသတ် ဖို့ဆိုတာ သိပ်လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးဗျ” “ဆရာပြောတာလည်း ဟုတ်နိုင်ပါတယ်၊ ဒါပေမဲ့ ဒီလူ တွေအဖို့ကျတော့ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကိစ္စမို့လား ဗျာ၊ ကျွမ်းကျင်ပေမပေါ့ ဆရာရယ်” ကျုပ်ကတော့ ဆရာနှစ်ယောက် ပြောတာကို နားထောင်ရင်း သက်ပြင်းချမိတာပေါ့ဗျာ။ အဲဒီနောက်တော့ ကျုပ်လည်း ပါပါ့အရိပ်အခြေကို မသိ မသာနဲ့ အမြဲကြည့်နေတော့တာပေါ့ဗျာ။ ယစ်မျိုးဝန်ထောက်ကြီး မစ္စတာ အက်ဒဝပ် သေပြီးတဲ့နောက်မှာတော့ ပါပါလည်း ဘာမှထပ်လုပ်တာ မတွေ့ရတော့ဘူးဗျ။ ကျုပ်လည်း ညတိုင်း ပါပါ အိပ်သွားမှ အိပ်တာချည်းပါပဲ။ နောက်တစ်နှစ်လောက်ကြာတော့ ပါပါ ထပ်လုပ်တယ် ဗျ။ ကျုပ်လည်း အရင်တစ်ခါလိုပဲ ချောင်းကြည့်တာပါပဲ။ ပါပါ က မန္တန်တွေရွတ်၊ ကြေးဝါရေဇလုံထဲက ဓားစကြာကလေး ပျံထွက်သွားပြီး တစ်နာရီလောက် ကြာတော့ အရင်တစ်ခါလိုပဲ ပြန်ရောက်လာတာပဲဗျ။ သွေးတွေရွှဲနေတာပဲပေါ့ဗျာ။ နောက်တစ်နေ့ထုတ်တဲ့ သတင်းစာတွေမှာ ပါလာတာပဲဗျို့။ “ဗြိတိသျှလူမျိုး လမ်းဝန်ထောက် မစ္စတာကယ်လ်ဗင် ပျော်ပွဲစားရုံက အပြန်မှာ လည်ပင်းကို သင်ဒုံးဓားနဲ့ လှီးဖြတ် အသတ်ခံရတဲ့အကြောင်း၊ ဒီလိုအမှုကိစ္စမျိုး တစ်ကြိမ်မက ဖြစ်နေ တဲ့အတွက် အင်္ဂလိပ်အရာရှိတွေကို မျက်ခြည်မပြတ် စောင့်ကြပ် နေတဲ့ကြားက အခုလိုဖြစ်သွားတဲ့အကြောင်း၊ မစ္စတာကယ်လ်ဗင် ဟာ သူနဲ့ မနီးမဝေးကနေ အရပ်ဝတ်နဲ့ လိုက်လာတဲ့ ပုလိပ်တွေ ရှေ့မှာပဲ “ဓားတွေ၊ ဓားတွေ” လို့ နှစ်ခွန်းဆင့်အော်လိုက်ပြီးတော့ လည်ပင်းကနေ သွေးတွေ ပန်းထွက်လာပြီး လဲကျသေဆုံးသွားတဲ့ အကြောင်း၊ သူ့ကို စောင့်ရှောက်နေတဲ့ ပုလိပ်တွေကတော့ မစ္စတာ ကယ်လ်ဗင် ပြောတဲ့ ဓားတွေကို တွေ့လိုက်တဲ့သူ တစ်ယောက်မှ မရှိတဲ့အကြောင်း မစ္စတာကယ်လ်ဗင်ရဲ့ လည်ပင်းကို သင်ဒုံးဓားနဲ့လှီးသွားတဲ့ လူသတ်သမားကိုလည်း ပုလိပ်တွေအနေနဲ့ မတွေ့ လိုက်တဲ့အကြောင်း၊ ပုလိပ်တွေကိုယ်တိုင် သူတို့ရှေ့မှာ မစ္စတာ ကယ်လ်ဗင် အသတ်ခံရတဲ့ကိစ္စကို အလွန်အမင်း အံ့သြနေကြတဲ့ အကြောင်း၊ နောက်ဆုံး ကုန်ကုန်ပြောရမယ်ဆိုရင် ပုလိပ်အရာရှိ တွေကိုယ်တိုင် သင်ဒုံးဓားနဲ့ လှီးတဲ့ လူသတ်သမားကို ကြောက်နေ ကြတဲ့အကြောင်း” ရေးထားလိုက်တာမှ စုံနေတော့တာပေါ့ဗျာ။ ကျုပ်တို့ ကျောင်းသားတွေ၊ ကျောင်းသူ ယူနီဗာစီတီကျောင်းကြီးမှာလည်း တွေ၊ ဆရာ၊ ဆရာမတွေ အားလုံး ဒီသတင်းကိုပဲ ခေါင်းချင်းဆိုင် ပြောနေကြတော့တာပေါ့ ဗျာ။ ကျုပ်ကတော့ သူတို့ပြောတာကို နားထောင်ပြီး စိတ်မဝင် စားသလိုပဲ နေလိုက်တယ်ဗျို့။ ဒီလိုနဲ့ မစ္စတာကယ်လ်ဗင် ဆိုတဲ့လူသေတာ ခြောက်လ၊ ခုနစ်လလောက် ရှိသွားတော့တာပေါ့ဗျာ။ ကျုပ်လည်း ပါပါ ဖြစ်စေချင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်အောင် ဆေးဘက်ကိုယူ ပြီး ကြိုးစားနေရတာဗျ။ ပါပါက ကျုပ်ကို ပြောတယ်။ “လူကလေး မောင်ဗညို၊ ဒိုက်ပုံကြီးပေါ်မှာ ပါလာပြီး ဘယ်က မျောလာမှန်းမသိတဲ့ လူကလေးကို အသက်မသေအောင် ပါပါက ကယ်ခဲ့သလို မသေသင့်တဲ့လူတွေရဲ့ အသက်တွေကိုလူကလေးက ကယ်ပေးပါ။ ဒါဆိုရင် လူကလေးအသက်ကို ကယ်ခဲ့ပြီး လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပါပါ မွေးခဲ့ရကျိုး နပ်တာပေါ့ လူကလေးရာ” ကျုပ်ကို ပါပါက မသေသင့်တဲ့လူတွေရဲ့ အသက်ကို ကယ်ဖို့ပြောတယ်ဆိုတော့ သေသင့်တဲ့လူတွေမို့ သူသတ်တာ ထင်တယ်လို့ ကျုပ်တွေးမိတယ်။ ပါပါ့ကျေးဇူးတွေက ကျုပ်အပေါ်မှာ ဆပ်လို့မကုန်နိုင် အောင် တင်နေတာဗျ။ ကျုပ်ကို ပါပါကိုယ်တိုင် နို့ဘူးတိုက်ပြီး မွေးလာခဲ့ရတာ။ အခုလို ဆေးကျောင်းရောက်တဲ့အထိ မွေးကျွေး နေတုန်းလေဗျာ။ ဒါပေမဲ့ ကျုပ်စိတ်မကောင်းတာတော့ အမှန်ပဲ ဗျ။ ပါပါ့လို အိန္ဒိယသား လူကုံတန်တစ်ယောက်၊ စိန်ကုန်သည် တစ်ယောက်၊ ရန်ကုန်မြို့ရဲ့ ထိပ်ဘန်းစားအလွှာထဲမှာ ထဲထဲဝင်ဝင် ဝင်ဆံ့တဲ့သူတစ်ယောက်၊ အင်္ဂလိပ်စကားကို ဘိလပ်သား အင်္ဂလိပ် တွေထက် သာအောင်ပြောနိုင်တဲ့ လူတစ်ယောက်က မှော်လား၊ စုန်းလား၊ ကဝေလား မသိတဲ့ ပညာနဲ့ လူသတ်နေတာကို ကျုပ် ဘယ်လိုမှ နားမလည်နိုင်တော့ဘူးပေါ့ ဗျာ။ ကျုပ် ဆေးကျောင်းတက်နေတဲ့ နှစ်ကာလတွေမှာ ပါပါက ခြောက်လ တစ်ယောက်၊ တစ်နှစ် တစ်ယောက်၊ နှစ်နှစ် တစ်ယောက် ဆိုသလို မျက်နှာဖြူ အရာရှိဆိုးတွေကို သတ်နေတာဗျ။ ဒီညတော့ နွေရာသီဆိုတော့ ပူလိုက်နေတာနဲ့ မျက်နှာ ကြက်က ပန်ကာကိုဖွင့်ပြီး စာဖတ်နေတုန်း အိမ်ပေါ်ထပ်က အသံသဲ့သဲ့ ကြားလို့ ကျုပ်တက်လာပြီး ကြည့်လိုက်တာဗျ။ ”ပါပါပေါ့ဗျာ” ခါတိုင်းလုပ်နေကျ အခန်းထဲမှာပဲ ဖယောင်း တိုင်တွေထွန်းပြီး လုပ်နေပြန်ရောဗျာ။ ကျုပ် ချောင်းကြည့်လိုက် တော့ ခါတိုင်းမြင်နေကျ ရေဇလုံနဲ့ ဓားစကြာ မဟုတ်ဘူးဗျို့။ ဒီတစ်ခါ တစ်မျိုးဗျ။ ပါပါ့ရှေ့မှာ လူကို ကားစင်တင်ပြီး သတ်တဲ့ လက်ဝါး ကပ်တိုင် အသေးစားလေးဗျ။ အဲဒီလက်ဝါးကပ်တိုင်မှာ ကြိုးတုပ် ပြီး ကားစင်တင်ထားတာက လူပုံစံအရုပ်ကလေး တစ်ရုပ်ဗျ။ ကျုပ် သေသေချာချာ ကြည့်လိုက်တော့ အင်္ဂလိပ်တစ်ယောက် ပုံစံဗျ။ အရုပ်မှာ ဝတ်ထားတဲ့ အဝတ်အစားကလည်း ဥရောပ ဝတ်စုံကို သေးသေးလေးချုပ်ပြီး ကျကျနန ဝတ်ထားတာဗျ။ ရှူးဖိနပ်ကလည်း သေးသေးလေးဗျ။ ဖိနပ်ကို တိုက်ထားလိုက်တာ လည်း ပြောင်လက်နေတာပါဗျာ။ လည်ပင်းမှာ နက်ကတိုင်လေး တောင် ပါလိုက်သေးသဗျ။ ဟာ ခေါင်းတလား သေးသေးလေးပါလား။ ကျုပ်က ခုမှ မြင်သွားတာဗျ။ လက်ဝါးကပ်တိုင်ရဲ့ အောက်ခြေမှာ ချထား တာဗျ။ ကျုပ်စိတ်ထင် ခြောက်လက်မ၊ ခုနစ်လက်မလောက်ရှည်မယ်ထင်တယ်။ လူသေထည့်တဲ့ ခေါင်းသေးသေးလေးဗျာ။ ပုံစံက ခရစ်ယာန်တွေသေရင် သင်္ဂြိုဟ်တဲ့ ခေါင်းပုံစံဗျ။ ထိပ်ပိုင်း က ကားပြီး နောက်ပိုင်းက ရှူးသွားတဲ့ပုံမျိုးလေဗျာ။ အဖုံးကလည်း သေသေချာချာ လုပ်ထားတာဗျ။ ခေါင်းတစ်ခုလုံးကို ဆေးနက် သုတ်ထားတာ ပြောင်လက်နေတာဗျို့။ ကျုပ်စိတ်ထဲမှာ ထင်တာတော့ အရုပ်မှာ ဝတ်ထားတဲ့ အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်၊ နက်ကတိုင်တွေဟာ လူသေရဲ့ကိုယ်က အဝတ်အစားတွေကိုယူပြီး ဖျက်ချုပ်ထားတာ ဖြစ်မယ်ဗျ။ ဖိနပ် တောင်မှ လူသေသဂြိုဟ်တဲ့အခါ လူသေစီးထားတဲ့ ဖိနပ်ကို ချွတ်ယူပြီး သေးသေးလေး ပြန်ချုပ်ထားတာလို့ ထင်တယ်ဗျ။ ပြီးတော့ လူသေသဂြိုဟ်တဲ့ခေါင်းက သစ်သားကို ယူပြီးတော့ ခေါင်းသေးသေးလေး ပြန်စပ်ထားတာ ဖြစ်မယ်။ ဖြစ်နိုင်တာက တော့ အစိမ်းသေ သေတဲ့လူရဲ့ အသုဘက ယူတာ ဖြစ်လိမ့်မယ်။ ဒါတွေအားလုံးကိုလည်း ပါပါကိုယ်တိုင်ပဲ လုပ်ထားတာ ဖြစ်မယ် လို့ ကျုပ်ထင်တယ်ဗျ။ ဘာဖြစ်လို့တုံးဆိုတော့ စာအုပ်တစ်အုပ်ထဲ မှာ ကျုပ် ဖတ်ဖူးလို့ဗျ။ ပန်ချာပီ ဘောင်းထုပ်အနက်ကြီး ပေါင်းပြီး အနက်ရောင် အင်္ကျီ၊ အနက်ရောင် ပုဆိုးကို ဟိန္ဒူကုလားတွေလို ခါးတောင်း ကျိုက်ထားတာဗျ။ ပခုံးပေါ်မှာလည်း ပိတ်စအနက်ကို တင်ထားတာ။ ခါတိုင်းလို အဖြူရောင် ဝတ်မထားဘဲ အနက်ရောင် ဝတ် ထားတာကတော့ တော်တော်ကို ထူးခြားနေတာဗျ။ ပါပါ ရွတ်နေတဲ့ မန္တန်တွေကလည်း ခါတိုင်းမန္တန်တွေနဲ့ မတူဘူးလို့ ထင်တယ်ဗျ။ ပါပါက မန္တန်ရွတ်ရင်းကနေ အမွှေး တိုင် ထွန်းထားတဲ့ ကြေးအိုးလေးကို လက်နှစ်ဖက်နဲ့ယူပြီး ကားစင် တင်ထားတဲ့ မျက်နှာဖြူရုပ်ကလေးနားမှာ အမွှေးတိုင်ကို လှည့်ပတ် ပြီး ဝေ့ဝိုက်လုပ်နေရောဗျ။ ဟာ၊ ကျုပ် ယောင်ပြီး အော်လိုက်မိတော့မလို ဖြစ်သွား လို့ ကိုယ့်ပါးစပ်ကိုတောင် လက်နဲ့ အုပ်ထားလိုက်ရတယ်ဗျို့။ အမွှေးတိုင်ရဲ့ မီးခိုးတွေကြားမှာ ကားစင်ပေါ်က အရုပ် ကလေး လှုပ်နေတာဗျ။ ကျုပ်မျက်စိများ မှားနေသလားဆိုပြီး ကျုပ် သေသေချာချာ ကြည့်လိုက်တယ်။ ကျုပ်မျက်လုံးတွေ မမှားဘူးဗျ။ အရုပ်ကလေး တကယ် လှုပ်နေတာ။ ခေါင်းကလည်း ဟိုဘက် ဒီဘက်ကို နည်းနည်း လောက် လှုပ်နေတယ်။ အရုပ်ကလေးရဲ့ မျက်လုံးကလည်း မျက် ဘောင်ခတ်နေတယ်။ ဒီတုန်းမှာပဲ မန္တန်ကို မပြတ်ရွတ်နေတဲ့ ပါပါက ကတ္တီပါ ဘူးအနက်ရောင်ကလေးကို ဖွင့်လိုက်တယ်။ ကတ္တီပါဘူးက ခြောက်လက်မလောက်ရှည်ပြီး ဗျက်က လက်တစ်ဝါးလောက်ရှိတယ်။ အထဲမှာ ငွေဓားလေးတစ်ချောင်းဗျ။ ဓားမြှောင်ပုံစံလေး။ ဓားရဲ့အရိုးကလည်း ငွေနဲ့ပဲ လုပ်ထားတာ။ အရိုးမှာ စိန်တွေ စီထားလို့ဗျာ။ ဓားသွားရဲ့ အရှည်က သုံးလက်မလောက်၊ အရိုးက တစ်လက်မလောက် ရှိတယ်ဗျ၊ အသွားရဲ့ဗျက်က နှီးတစ်ပြားစာ လောက်ပဲ ရှိမယ်။ ပါပါက ငွေဓားလေးကို ဖြည်းဖြည်းလေး ကောက်ယူ ပြီး လက်ညှိုးနဲ့ လက်မကြားမှာညှပ်ပြီး ကိုင်ထားတယ်။ ပြီးတော့မှ လုပ်နေတဲ့ အရုပ်ကလေးကို မန္တန်ရွတ်ရင်း စိုက်ကြည့်တယ်။ ပါပါရဲ့ ဓားကိုင်ထားတဲ့လက်က အပေါ်ကို မြောက်လာပြီး အရုပ်ကလေးရဲ့ ဘယ်ဘက်ရင်ဘတ်ထဲကို ငွေဓား လေး ထိုးသွင်းလိုက်တယ်။ ”အား” ဟာ ကျုပ်ပါးစပ်ကို လက်ဝါးနဲ့ အုပ်ထားလိုက်ရပြီဗျို့။ မအုပ်ရင် ကျုပ် ယောင်ပြီးအော်လိုက်မိမှာပဲဗျာ။ ငွေဓားလေး ထိုးသွင်းလိုက်တဲ့ အရုပ်ကလေးက လူတစ်ယောက် အော်သလိုကို အော်လိုက်တာဗျို့။ ဟာ မားထိုးသွင်းတဲ့နေရာက သွေးတွေ စီးကျ လာပြီဗျို့။ ကျုပ်ဖြင့် ဒူးတွေတောင် တဆတ်ဆတ်တုန်နေတော့တာ ပေါ့ဗျာ။ ပါပါက မန္တန်ကို အသံကျယ်ကျယ်နဲ့ ရွတ်ပြီး ဓားကို ဆွဲနှုတ်လိုက်တယ်။ ငွေဓားဖွေးဖွေးလေးမှာ သွေးတွေ နီရဲနေတာ ဗျို့။ ပါပါက အနက်ရောင်ပိတ်စ တစ်စနဲ့ ငွေဓားက သွေးတွေကို သုတ်နေတယ်။ ပြီးတော့မှ ဓားလေးကို ကတ္တီပါအနက်ဘူးလေး ထဲကို ပြန်ထည့်ပြီး ပိတ်ထားလိုက်တယ်။ ကားစင်မှာ တင်ထားတဲ့ အရုပ်ကလေးကို ကြိုးတွေဖြုတ် ပြီး ယူလိုက်တယ်။ ရင်ဘတ်က သွေးတွေ စိမ့်ထွက်နေတဲ့ အရုပ်ကလေးကို ခေါင်းတလားအမဲလေးထဲမှာ ထည့်ပြီး အဖုံးကို သေသေချာချာ ဖုံးလိုက်တယ်ဗျ။ ကျုပ်လည်း ဆက်မကြည့်တော့ဘဲ အောက်ထပ်ကို ပြန် ဆင်းလာပြီး အိပ်ရာထဲကို ဝင်နေလိုက်တယ်။ ခဏကြာတော့ အပေါ်ထပ်ကနေ ပါပါ ဆင်းလာတဲ့ ခြေသံကြားရတယ်။ ပါပါ က တံခါးဖွင့်ပြီး ခြံထဲကို ဆင်းသွားတယ်ဗျ။ ကျုပ်လည်း မနေနိုင်တာနဲ့ လိုက်ကြည့်မိပြန်တာပေါ့ဗျာ။ ပါပါက သရက်ပင်ကြီးအောက်မှာ မြေကျင်းကလေးတူးပြီး အိမ် ပေါ်ထပ်က ယူလာတဲ့ ခေါင်းတလားမဲမဲလေးကို မြေကျင်းထဲမှာ မြှုပ်လိုက်တယ်။ ပြီးတော့ မြေပြန်ဖို့ပြီး ရိုရိုသေသေ ပြောလိုက် တယ်ဗျ။ ဒီတစ်ခါတော့ အင်္ဂလိပ်လို ပြောလိုက်တာဆိုတော့ ကျုပ် နားလည်တာပေါ့ဗျာ။ “မစ္စတာ ဂျော့(ချ်)လူးဝစ်၊ ခင်ဗျားအတွက် အုတ်ဂူလှလှ လေး လုပ်မပေးနိုင်တဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပါဗျာ။ ငရဲမှာ ခင်ဗျား အဆင်ပြေပါစေ မစ္စတာ လူးဝစ်”” ကျုပ် အိပ်ခန်းထဲကို ခပ်သုတ်သုတ်ပြေးပြီး ဝင်လိုက် တယ်။ မနက်ကျတော့ ပါပါက ခါတိုင်းလိုပဲ ဂတ်စုံကောင်းကောင်း တစ်စုံဝတ်ပြီး ဂျစ်ကားလေးကိုမောင်းပြီး ထွက်သွားတယ်ဗျ။ ကျုပ် ကျောင်းသွားတော့ သတင်းစာတစ်စောင် ဝယ်ဖတ် လိုက်တယ်။ “ထောင်ပိုင်ကြီး မစ္စတာဂျော့(ချ်) ထူးဆန်းစွာ သေဆုံး ခြင်းဆိုပြီး ရန်ကုန်ထောင်ပိုင်ကြီး ဂျော့(ချ်)လူးဝစ် အရက်ဘားမှာ တခြားမျက်နှာဖြူအရာရှိတွေနဲ့ အရက်အတူတူ သောက်နေရာက နေ ရင်ဘတ်ကို လက်နဲ့ အုပ်လိုက်ပြီး `အား’လို့ အသံနက်ကြီးနဲ့ တစ်ချက်အော်ပြီး သေဆုံးသွားတဲ့အကြောင်း၊ ဆေးရုံကြီးကို ခေါ် သွားပေမယ့် အသက်မမီတော့တဲ့အကြောင်း၊ ဆေးရုံက ဆရာဝန် ကြီးတွေက ရင်ခွဲပြီး စစ်ဆေးတဲ့အခါ မစ္စတာ ဂျော့(ခ်)လူးဝစ်ရဲ့ နှလုံးမှာ အပေါက်ကြီးတစ်ပေါက် ပေါက်နေတာကို တွေ့ရတဲ့ အကြောင်း၊ ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုဒဏ်ရာမှ မရှိဘဲ နှလုံးမှာ ဓားနဲ့ထိုးသွင်းထားတဲ့ အပေါက်ကြီး ဖြစ်နေတာကို ဆရာဝန်ကြီးတွေ ဘယ်လိုမှ အဖြေရှာလို့ မရကြတဲ့အကြောင်းတွေကို ဝေဝေ ဆာဆာ ရေးထားတာပေါ့ ဗျာ။” ဒီကိစ္စကို လူတွေက စိတ်ဝင်စားကြပြန်ရောဗျို့။ ဟိုနား စုစု၊ ဒီနားစုစုနဲ့ ဒီအကြောင်းကိုပဲ သတင်းစာ တကိုင်ကိုင်နဲ့ ပြောနေကြတော့တာဗျ။ ကျုပ်လည်း ဆေးပညာနောက်ဆုံးအပိုင်း ကို ရောက်နေပြီဗျ။ မကြာခင်မှာ ဆရာဝန်တစ်ယောက် ဖြစ်တော့ မှာလေဗျာ။ ကျုပ်လည်း ပါပါ့ကျေးဇူးကို ဆပ်တဲ့အနေနဲ့ အစွမ်း ကုန် ကြိုးစားလိုက်တာ နောက်ဆုံး စာမေးပွဲကို ထူးထူးချွန်ချွန်နဲ့ အောင်ရောဗျ။ ပါပါက ကျုပ်ဆေးကျောင်း အောင်သွားတာကို တော်တော်ဝမ်းသာတာဗျ။ ဒီအချိန်မှာပဲ ကျုပ်တို့တိုင်းပြည်မှာ စစ်ကြီးဖြစ်တော့တာ ပေါ့ဗျာ။ အင်္ဂလိပ်တွေ ဆုတ်သွားပြီး ဂျပန်တွေနဲ့ ဗမာ့တပ်မတော် ရန်ကုန်ကို သိမ်းရောဗျ။ ကျုပ်တို့ သားအဖလည်း အခြေအနေ ကြည့်နေရတော့တာပေါ့ ဗျာ။ ဂျပန်ဆိုတာက စိတ်မထင်ရင် ကားကို လှမ်းတားပြီး တော့ ပါးရိုက်ချင် ရိုက်တာဗျ။ ပါပါလည်း အရင်ကလောက် အပြင်မထွက်တော့ဘူးဗျ။ ကျုပ်ကတော့ ဟိုနား ဒီနား ဆေးလိုက်ကုနေတာဗျ။ တစ်ညတော့ ပါပါတစ်ယောက် အိမ်ပေါ်ထပ်မှာ ရွတ်ဖတ်နေပြန်ရောဗျို့။ ကျုပ်လည်း တစ်နေ့လုံး ဆေးလျှောက်ကုနေ ရတာဆိုတော့ ပင်ပန်းပြီး အိပ်မလို့ လုပ်နေတုန်း အပေါ်ထပ်က အသံတွေကြားလို့ လှေကားကတက်ပြီး ကြည့်ပြန်တော့တာပေါ့ ဗျာ။ ပါပါ ဓားစကြာ လွှတ်ပြန်ပြီဗျို့။ ကျုပ် အံ့ဩသွားတယ်ဗျ။ အင်္ဂလိပ်တွေမှ မရှိတော့ဘဲ ပါပါ ဘယ်သူ့ကို သတ်မလို့ပါလိမ့်လို့ တွေးမိတာပေါ့ဗျာ။ နောက် တစ်နေ့ရောက်တော့ ကျုပ် ဆေးကုသွားတဲ့နေရာတွေမှာ တိုးတိုး တိုးတိုးနဲ့ ပြောနေကြတာဗျ။ ဂျပန်ကင်ပေတိုင်ရုံးက ဂျပန်ဗိုလ် တစ်ယောက် လည်ပင်းကို သင်ဒုံးဓားနဲ့ အလှီးခံရတဲ့အကြောင်း၊ အင်္ဂလိပ်အရာရှိဆိုးတွေကို သတ်သလိုပဲ ဂျပန်တွေကို စပြီးသတ် တဲ့အကြောင်း၊ ဒီလူသတ်သမားဟာ ကိုယ်ပျောက်နေတာဖြစ်မယ် လို့ထင်တဲ့အကြောင်း၊ ဂျပန်စစ်ဗိုလ်က စစ်ရုံးထဲက ထွက်အလာမှာ လည်ပင်းကို ဖြတ်လှီးသွားတာဆိုတော့ ဂျပန်စစ်သားတွေလည်း ဘာမှမတတ်နိုင်ကြတဲ့အကြောင်း၊ သူတို့လည်း ဘာမှမမြင်လိုက်ရ တဲ့အကြောင်းတွေ။ အခုဆိုရင် ဂျပန်စစ်ဗိုလ်ရဲ့ ကိုယ်ရံတော်တပ် တွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး စစ်ဆေးနေတဲ့အကြောင်း တွေပေါ့ဗျာ။ ဂျပန်တွေကလည်း တစ်နေ့တခြား ကြမ်းတမ်းရမ်းကားလာတော့ ဗိုလ်ချုပ်အောင်ဆန်းက မဟာမိတ်တပ်တွေရဲ့ အကူ အညီနဲ့ ဂျပန်တွေကို တိုက်ရပြန်တာပေါ့ဗျာ။ ဂျပန်တော်လှန်ရေး အတွင်းမှာ ပါပါရဲ့ လုပ်ရပ်တွေက အံ့သြစရာပါပဲဗျာ။ အဲဒီကာလမှာ ပါပါက အိမ်ပေါ်ကနေ အောက်ကို သိပ် မဆင်းတော့ဘူးဗျ။ အိမ်ပြင်လည်း သိပ်မထွက်တော့ဘူး။ ထမင်း လာချက်ပေးတဲ့ မိန်းမကြီးကိုပဲ အားလုံးလုပ်ခိုင်းတော့တာ။ အဲဒီ မိန်းမကြီးရဲ့ မိသားစုကိုလည်း စားဝတ်နေရေး အားလုံးကို ပါပါ က တာဝန်ယူတယ်ဗျ။ ညဆိုရင် ထမင်းချက်တဲ့ မိန်းမကြီးက သူ့အိမ်မှာ ပြန် အိပ်တယ်။ သူက ငါးထပ်ကြီးဘုရားနားက ဆာဖိုးသာခြံဘက်မှာ နေတာဗျ။ ညဆယ်နာရီလောက်ရောက်တာနဲ့ ပါပါလည်း အိမ်ပေါ် ထပ်မှာ ရွတ်ဟယ်ဖတ်ဟယ် လုပ်တော့တာပဲဗျာ။ တစ်ညတော့ ကျုပ် တက်ကြည့်တယ်။ မြင်ရတဲ့မြင်ကွင်း က ကျုပ်တစ်သက် ဘယ်တော့မှ မမေ့တဲ့ မြင်ကွင်းပါဗျာ။ အရိုးခေါင်းခွံသုံးခုကို ဖိုခနောက်ဆိုင် လုပ်ထားတယ်ဗျ။ ပြီးတော့ အပေါ်မှာ ရေလုံအိုးကွဲ အပဲ့ကြီးကို ဒယ်အိုးလို တင်ထားပြီး အထဲမှာ တစ်လက်မလောက်ရှိတဲ့ ဂျပန်စစ်သားရုပ်ကလေးတွေကို ထည့်ပြီး လှော်နေတာဗျ။ ရေလုံအိုးကွဲရဲ့အောက်မှာ ပျားဖယောင်းတိုင် တစ်တိုင်ကို ဇောက်ထိုးစိုက်ပြီး ထွန်းထားတာဗျ။ လက်ထဲ မှာလည်း ဝါးယောက်မကြီးတစ်ချောင်း ကိုင်ထားပြီး မပြတ်မွှေ ပေးနေတာ။ ပါးစပ်ကလည်း မန္တန်တွေကို တရစပ် ရွတ်နေသေးတာဗျ။ ကျုပ်စိတ်ထင်တော့ လက်ထဲက ဝါးယောက်မဟာ တံစူးဝါးကို လုပ်ထားတာလို့ထင်တယ်။ နောက်နေ့ဆိုရင် သတင်း တွေ ကြားရတော့တာပဲဗျ။ ဘယ်ဘက်မှာ ဂျပန်တပ်တွေ ဘယ် လောက်ကျကုန်ပြီ၊ ဘယ်ကို ပြေးပြီဆိုတာတွေပေါ့ဗျာ။ ပါပါကလည်း ညတိုင်းကို လုပ်နေတော့တာဗျ။ ရေလုံ အိုးကွဲထဲမှာ ဂျပန်စစ်သားရုပ်ကလေးတွေ အများကြီးကိုထည့်ပြီး လှော်နေတော့တာဗျ။ ကျုပ်စိတ်ထင်တော့ ဒီစစ်သားရုပ်ကလေး တွေကို သစ်သားပန်းပုဆရာတွေကို လုပ်ခိုင်းထားတာ ထင်တယ် ဗျ။ ဆေးတွေဘာတွေ ကျကျနန ခြယ်ထားတဲ့ အရုပ်ကလေးတွေ ဗျ။ စစ်ပွဲသတင်းတွေက ကြမ်းလာလေ ပါပါကလည်း တစ်ညမပြတ် လှော်လေပဲဗျို့။ နောက်ဆုံးတော့ ဂျပန်တွေ တိုင်း ပြည်ထဲကနေ အပြီးဆုတ်သွားရရောဗျို့။ ဒီမှာတင် အင်္ဂလိပ်တွေ ရန်ကုန်ကို ပြန်ရောက်လာတယ်။ ကျုပ်လည်း ဆေးရုံဆရာဝန် ဖြစ်ပြီဗျ။ ရန်ကုန်ဆေးရုံကြီးမှာ ကျုပ် လက်ထောက်ဆရာဝန်ပေါ့ဗျာ။ အလုပ်ရတယ်။ ကျုပ်ကတော့ ပ ပါ့ကို တစ်လှည့်ပြန်ပြီး အလုပ်အကျွေး ပြုမယ်လို့ စိတ်ကူးထားတာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်စိတ်ကူးတွေက သိပ်ကို နောက်ကျသွားခဲ့တာဗျ။ “လူကလေး မင်းလည်း အရွယ်ရောက်ပြီ၊ ဆရာဝန်ကြီး တစ်ယောက်လည်း ဖြစ်သွားပြီ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ပေတော့၊ ပါပါကတော့ ဂန္ဓာရီခရီးတွေ လှည့်ရလိမ့်ဦးမယ်” “ဗျာ၊ ပါပါ ကျွန်တော်နဲ့ အတူတူ မနေဘူးလား လို့ ကျုပ်က ပါပါ့ကို ငေးကြည့်ပြီး မေးလိုက်တယ်။ ““ပါပါတို့က တစ်နေရာမှာ ကြာကြာနေလေ့ မရှိဘူး ကျွဲ၊ လူကလေးရဲ့။ အခု ဒီမှာ တော်တော်ကြာသွားတာက လူ ကလေးကို မွေးနေရလို့ ကြာသွားတာ” “ပါပါ့ကို ကျွန်တော် တစ်ခုလောက် မေးပါရစေ” “ဟာ မေးပါ လူကလေးရဲ့၊ မေးပါကွဲ့” “ပါပါက ဘာလဲဆိုတာ ကျွန်တော် သိခွင့်ရှိရင် သိပါရစေ။ “ဪ ဒါလား၊ သိရပါတယ် လူကလေး” “ပါပါက ဗမာတွေစကားနဲ့ ပြောရရင်တော့ ဇနပဒဂန္ဓာရီဝိဇ္ဇာတစ်ယောက်ပေါ့ကွယ်” “ဗျာ၊ ပါပါက ဝိဇ္ဇာ ဟုတ်လား၊ ဒါဆို…” ကျုပ်က ဆက်မပြောဘဲ စကားကို ရပ်လိုက်တယ်။ *ဇနပဒ ဝိဇ္ဇာတွေက မှော်ဝိဇ္ဇာတွေပဲကွဲ့ လူကလေးရဲ့၊ ကျုပ်တို့က လိုအပ်လာရင် လူသတ်ကြတယ်” “ဗျာ” ““လူကလေး ပါပါ့ကို လာလာကြည့်တာ ပါပါ သိပါ တယ်၊ ပါပါလုပ်တာတွေကို လူကလေး သိတာကြာလှပြီပဲ။ ဒါပေမဲ့ ပါပါသတ်တဲ့လူတွေဟာ လူကောင်းသူကောင်းတွေ မဟုတ်ဘူးကွဲ့၊ လူ့လောကကို အနှောင့်အယှက်ပေးတဲ့ လူဆိုး လူယုတ်တွေပါ လူကလေး” “နောက်တစ်ခု ကျွန်တော် မေးချင်သေးတယ် ပါပါ” ““ဘာများတုံးကွဲ့၊ လူကလေးရဲ့” “ပါပါ့အသက် ဘယ်လောက်ရှိပြီလဲ၊ ကျွန်တော် ပါပါ့ ကို စပြီးမှတ်မိတဲ့ အရွယ်ကတည်းကစပြီး ပါပါဟာ ဒီအရွယ်ပဲ အမြဲဖြစ်နေလို့ပါ” “လူကလေး ပါပါအသက်ဟာ ငါးရာကျော်ပြီ” “ဗျာ” တစ်ပတ်လောက်ကြာတော့ ကျုပ်ဆေးရုံက ပြန်ရောက်တဲ့အချိန်မှာ ပါပါ အိမ်မှာ မရှိတော့ဘူး။ ကျုပ်အတွက် စာလေး တစ်စောင်နဲ့ ငွေသေတ္တာတစ်လုံးပဲ တွေ့ရတော့တယ်။ စာထဲမှာ ရေးထားတာကတော့ ကျုပ်ကို သူ့ရဲ့ သားအရင်း လို ချစ်ခဲ့တဲ့အကြောင်း၊ သူနဲ့ ကျုပ် ဘယ်တော့မှ ပြန်မဆုံနိုင်တော့ တဲ့အကြောင်း၊ ကျုပ်အတွက် အိန္ဒိယတို့ အင်္ဂလန်တို့ကို သွားပြီး ဆေးပညာ ထပ်သင်ကြားဖို့ ငွေတွေ အလုံအလောက် ထားခဲ့တဲ့ အကြောင်း၊ ဆေးပညာကို ထပ်ပြီးသင်ယူဖို့ ထပ်ခါတလဲလဲ ပြောထားတာဗျ။ အိမ်ကြီးထဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ ကျုပ် လည်း ရှိုက်ကြီးတငင် ငိုချလိုက်မိတော့တာပေါ့ဗျာ။ “အဲဒါပါပဲ မောင်တာတေ၊ အဲဒီနေ့ကစပြီး ကျုပ် ပါပါ့ ကို တစ်ခါမှ မမြင်ရတော့ပါဘူး။ ဒါပေမဲ့ ကျုပ် သူ့ကို သတိမရ တဲ့နေ့လို့ တစ်ရက်မှ မရှိခဲ့ပါဘူး မောင်တာတေရယ်” ဆရာကြီး ဒေါက်တာဗညိုက ဝေ့လာတဲ့ သူ့မျက်လုံးက မျက်ရည်စတွေကို သုတ်လိုက်တယ်ဗျ။ ပြီးပါပြီ

Leave a Comment