နောက်တစ်ခါ မမှားရဲတော့ပါဘူး

” နောက်တစ်ခါ မမှားရဲတော့ပါဘူး ”
ရေးသားသူ— ကိုရင်တာနော(လက်ပံမြေ)
+++++++++++
** ညနေဖက်နေမစောင်းမီအချိန်လေး- ဖိုးထူး နဲ့သူငယ်ချင်းသုံးယောက်လွယ်အိတ်ကိုယ်စီ လေးခွကိုယ်စီနဲ့ ရွာရဲ့
တာရိုးတလျောက် ငှက်ပစ်ထွက်လာခဲ့ကြတယ်-ဒီလိုငှက်ပစ်ထွက်တာမျိုးက နေ့တိုင်းတော့မဟုတ်-
ပျင်းပျင်းရှိတဲ့အခါနဲ့စိတ်လိုလက်ရရှိတဲ့အချိန်လေးတွေမှာ ဒီလိုပဲသူငယ်ချင်းတွေစုပြီးအပျော်သဘော ငှက်ပစ်ထွက်
လာခြင်းပါ- ငှက်ရတဲ့အခါရှိသလို မရတဲ့အခါလည်းရှိတယ်ပေါ့- တကယ်တော့ မရတဲ့အခါက ပိုများပါတယ်-
လေးခွနဲ့ ဟိုပစ် ဒီပစ် ပစ်နေရတာကိုပဲ သဘောကျပြီး ငှက်ပစ်ထွက်တယ်ဆို ထွက်ကြခြင်းပါပဲ-
တာရိုးအောက်ဖက် ရိုးပြတ်တောတွေကြားမှာ ပိုးကောင်လေးတွေလိုက်ဖမ်းနေတဲ့ ငှက်ကလေးတွေကို
လေးခွနဲ့ ချောင်းမြောင်းပစ်ကြတာပေါ့-
ဒီနေ့တော့ ထူးထူးခြားခြား ကိုဝင်း ပစ်လိုက်တဲ့ လောက်စာလုံးက ဇရက်တစ်ကောင်ကို ထိမှန်ပြီး ဇရက်
လေးတစ်ကောင်ရခဲ့တယ်ဆိုပါတော့- ညနေကလည်းစောင်းနေပြီဆိုတော့ ရလာတဲ့ငှက်ကလေးကို အမွေးနှုတ်-
အနားမှာရှိတဲ့ သစ်ကိုင်းခြောက်တစ်ခုနဲ့ထိုးပြီး ရိုးပြတ်ခြောက်လေးတွေစုပုံကာ ပါလာတဲ့ဂက်စ်မီးခြစ်လေးနဲ့မီး
တောက်အောင်လုပ်ပြီး ငှက်ကလေးကိုကင်ကြလေတယ်-
အနားမှာက သစ်ပင်ခပ်လတ်လတ်တစ်ပင်ကလည်းရှိနေတယ်လေ- ငှက်ကလေးကင်တော့ အကင်နံ့
လေးကလည်းသင်းသင်းလေးထွက်လာတယ်- ကျက်လောက်ပြီထင်တော့ သူငယ်ချင်းလေးယောက်တစ်ဖဲ့စီဖဲ့စား
ကြတာပေါ့- ကိုယ်တိုင်ပစ်- ကိုယ်တိုင်ကင်စားရတဲ့ငှက်ကင်လေးဆိုတော့ အားလုံးကပျော်နေကြတယ်လေ-
စားရတာမလောက်ငပေမယ့် ဒီလိုမျိုး သူငယ်ချင်းတွေစုပြီးအပျော်သဘော ပျော်ပွဲစားထွက်သလိုဖြစ်နေပြီး
ပျော်ရွှင်နေကြတယ်- ဒီအချိန်မှာ ငှက်ကင်ကို တုတ်ကလေးက ကိုင်ပြီးစားနေတဲ့ စိုးဖေက ” အင်း စားရတာမဝ
လိုက်တာ- တော်သေးတယ်- တခြားသူတွေပါကျွေးရမယ်ဆို နံကြားတောင်ညပ်မှာမဟုတ်ဘူး-”
“အေးလေကွာ- ရှိလည်းမကျွေးနိုင်ပါဘူးကွာ- စားချင်တဲ့သူရှိရင် အိမ်အထိလိုက်စားမှရမယ်-” ဝင်ပြောလိုက်တဲ့သူ
ကတချိန်လုံးငှက်ကင်ကိုက်ပြီးငြိမ်နေတဲ့ ဘိုကျော် ဆိုတဲ့သူပေါ့-
ဖိုးထွေးက “ဟေ့ကောင်တွေ စွတ်ရွတ်ပြောမနေနဲ့- တော်ကြာ ကြားတဲ့သူတွေက တကယ်လိုက်လာနေဦးမယ်”
” တကယ်လိုက်လာလည်း တကယ်ကျွေးလိုက်တာပေါ့ကွာ- အနားမှာ တို့ကလွဲပြီး ဘယ်သူမှမရှိတာ-လိုက်မယ့်
သူလည်းဘယ်သူမှမရှိပါဘူး” ဘိုကျော်က ပြောလိုက်တာလေ-
ဒီလိုနဲ့ သူငယ်ချင်းတွေ မိုးချုပ်စပြုချိန်မှာပဲ စကားတပြောပြောနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ခဲ့ကြပါတယ်-

+++++++++

(၂)

အားလုံးအိမ်ပြန်ရောက်ကြပြီး ရေမိုးချိုး- ညစာစားဖို့ပြင်ဆင်ကြနဲ့ အားလုံးအေးအေးဆေးဆေးပါပဲ-
ထူးခြားတာကတော့ ဘိုကျော်တို့အိမ်ပဲလေ- ညစာစားဖို့ ထမင်းဝိုင်းပြင်ပြီး မိသားစုအားလုံးထိုင်စားနေကြတဲ့အချိန်-
ချက်ထားတဲ့ဟင်းကတော့ ငါးကလေးအိုးကပ်- ငါးပိရည်-တို့စရာ – မယ်ဇလီရွက်ဟင်းချို စသဖြင့် ဟင်းအမယ်တွေ
က တောသဘာဝအရ စားချင်စဖွယ်ပါပဲ- အားလုံးငုံ့ပြီး မြိန်ရည်ရှက်ရည်စားသောက်နေတဲ့အချိန်မှာပဲ-
ဒုံးကနဲ စားပွဲခုံကိုထုလိုက်တာက ဘိုကျော်- စားနေတဲ့သူအားလုံး လန့်ဖြန့်သွားတာပေါ့-
တောက် ကနဲခေါက်လိုက်တဲ့ တောက်ခေါက်သံကျယ်ကြီးနောက်ကွယ်မှာ-” ဒီဟင်းတွေကို ငါမကြိုက်ဘူး- ငါမကြိုက်
တာတွေအကုန်ဖယ်ပစ်- ငါမစားချင်ဘူး” တစ်ခါမှ မဖြစ်ဖူးတဲ့ အပြုအမူ အဖြစ်အပျက်ကြောင့် မိသားစုတွေလည်း
ကြောင်ကြည့်နေကြတယ်- ဘိုကျော့်အဖေက ” ဟေ့ကောင်- ဘာဖြစ်တာလဲ ခါတိုင်းလည်းစားနေကျ- ဒီထက်ဆိုးတဲ့
ညစာတွေတောင်စားလာခဲ့တာ- ခုမှ ဘာထဖြစ်တာလဲ- ဘာအရူးထတာလဲ- ဟေ”
ဘိုကျော့်အဖေလည်းစကားအဆုံး- “ဒုံး” ဆို စားပွဲကိုလက်သီးနဲ့ထုချလိုက်ပြီး ” ငါ့ကိုဘာမှလာပြောမနေနဲ့ -ငါစား
ချင်တာ အခုကျွေး-မကျွေးလို့ကတော့ ငါ့အကြောင်းသိမယ်” ဘိုကျော်က အဲလိုပြန်လည်းပြောရော ဘိုကျော့်အမေ
က “ဟင်- ငါ့သား ဘယ်လိုဖြစ်တာလဲ-တစ်ခါမှ ခုလိုရိုင်းရိုင်းစိုင်းစိုင်းပြန်မပြောဖူးပဲနဲ့- နင့်အဖေလေ-အဲ့တာ”
” ငါ့ကိုဘာမှလာပြောမနေနဲ့- ငါ့အဖေလည်းမဟုတ်ဘူး-ငါလည်းနင်တို့သားမဟုတ်ဘူး-ငါစားချင်တာသာ
အခုရအောင်ရှာကျွေး-” ဘိုကျော်ပြန်ပြောလိုက်တာကိုကြည့်ပြီး – ဘိုကျော့်အမေက ” ကိုမြဦး -ကြည့်လုပ်ဦးနော်-
တစ်ခုခုတော့ တစ်ခုခုပဲ- ကျုပ်တို့သားလေးက အရင်က ဒီလိုကြမ်းကြမ်းတမ်းတမ်း ပြန်မပြောတတ်ပါဘူး- ညနေက
ထိအကောင်းအတိုင်းပြောဆိုနေတာ”
” အေးပါ- ငါလည်းသတိထားမိတယ်-နေဦး ငါမေးကြည့်ဦးမယ်”
“နေပါဦး- မင်းက ဒီငါးဟင်းကိုမစားချင်ဘူးဆိုတော့ ဘာစားချင်နေတာလဲ- ပြောစမ်းပါဦး”
” ငါအမဲသား စားချင်တယ်- ခုစားချင်တယ်-ခုရအောင်ရှာပေး- မပေးရင်တော့- ဟင်း ဟင်း- ငါ့အကြောင်းကောင်း
ကောင်းသိမယ်”
” ဒီအချိန်ကြီး အမဲသားဘယ်ကရမလဲ-”
“မသိဘူး-ငါစားချင်တာပဲသိတယ်-ငါခုစားချင်တယ်”
ပြောပြောဆိုဆိုနဲ့ပဲ ဘိုကျော်က အနားမှာရှိတဲ့ တိုင်ကိုခေါင်းနဲ့ဆောင့်ပါလေရော-

(၃)

ဒုံး-ဒုံး နဲ့ ၊ ဘေးက သူ့မောင်နှမတွေဝိုင်းဆွဲတာလည်းမရဘူး- အားနဲ့ဆောင့်တွန်းပစ်လို့ အကုန်လုံးအတုံးအရုံးလဲ
ကုန်ပါလေရော-
ဘိုကျော့်အမေက ” ကိုမြဦး- သေချာတယ်- ဒါမရိုးဘူး-ကျွန်မတို့လည်းဘာမှမလုပ်တတ်ဘူး- ရွာဦး ဆရာတော်ကို
အမြန်သွားလျောက်ချေ-”
“အေး ဟုတ်တယ်-ကြာရင်ငါတို့လည်းမနိုင်ဘူး-ဘာဖြစ်မှန်းလည်းမသိဘူး- ငါရွာဦးကျောင်းကို အမြန်ပြေးလိုက်ဦး
မယ်- မင်းဒီမှာ သူ့ကိုအသာလှည့်ပြောပြီးငြိမ်အောင်ထိန်းထားပေး”
“အေးပါတော်- တော်သာ မြန်မြန်လေးပြေးသွားစမ်းပါ”
ဒီအချိန်မှာပဲ ဘိုကျော်က တစ်စခန်းထလာပြန်ပါတယ်- “ငါကျွေးခိုင်းတာမကျွေးဘူးလား-ပြောတုန်းကတော့တ
ကယ်လိုက်လာရင် တကယ်ကျွေးမယ်ဆိုပြီး- ပြောတဲ့အတိုင်းမကျွေးလို့ကတော့ ဒီကောင်အသက်သေပြီသာမှတ်”
ဘိုကျော့်အမေလည်း ” ကဲပါရှင်- ကျွေးဆိုလည်းဖြစ်အောင်ရှာကြည့်ပေးပါမယ်- ဒီအချိန်ကြီးမှာ အမဲသားရှာဖို့ဆို
တာဘယ်လိုလွယ်ပါ့မလဲ”
” ဘာလို့မလွယ်ရမှာလဲ- သွား နင်တို့ခေါင်းရင်းဖက် နှစ်အိမ်ကျော်က အိမ်မှာဒီနေ့အမဲသားဟင်းချက်ထား
တယ်-ရအောင်သွားတောင်းယူခဲ့- သွား -ခုသွားတောင်းချေ”
အဲလိုလည်းဆိုရော ဘိုကျော့်အမေရော မောင်နှမတွေပါ အားလုံးအံ့အားသင့်သွားကြတယ်- အဲဒီခေါင်းရင်းဖက်နှစ်
အိမ်ကျော်ကအိမ်ဆိုတာ သူတို့ဘထွေးအိမ်ပဲလေ- ဘထွေးတို့အိမ်မှာအမဲသားဟင်းချက်တာ သူတို့တောင်မသိ
ဘူး- တကယ်ရော ဟုတ်လို့လားဆိုတာလည်းမသိဘူးလေ-
ဘိုကျော့်အမေက “ဒီလိုဆိုလည်း ကျုပ်သွားတောင်းကြည့်ပါမယ်တော်- အမဲသားဟင်းမချက်ထားရင်တော့ ကျုပ်တို့
လည်းဘယ်လိုမှမတတ်နိုင်ဘူးနော်”
ပြောပြောဆိုဆိုနဲ့ ဘိုကျော့်အမေက ထမီလေးပြင်ဝတ်ပြီး အပြင်ကိုအပြေးအလွှားထွက်သွားခဲ့တယ်၊
အမဲသားဟင်းသွားယူပြီဆိုတော့ ဘိုကျော်ငြိမ်သွားတယ်- အံတကြိတ်ကြိတ်နဲ့ လက်သီးကြီးနှစ်ဖက်ဆုပ်ထားပြီး
ပြူတင်းပေါက်ကနေ အပြင်ကိုလှမ်းမျှော်ကြည့်နေတယ်လေ၊
ဘိုကျော့်အမေလည်း ဘထွေး အိမ်ရောက်တော့ အိမ်ရှေ့ကနေအော်ခေါ်ရင်း ခြံဝင်းထဲကို အပြေးတစ်ပိုင်းနဲ့ဝင်သွား
ခဲ့တယ်- ” ဘထွေး- ဘထွေး ” “ဟဲ့- ဘယ်လိုဖြစ်လာတာလဲ- အမောတကောနဲ့ ”
” ဟို- ဟို ဘထွေးတို့အိမ်မှာ အမဲသားချက်တယ်ဆိုလို့– ” “အဲတာ- အဲတာလေ—- ”

(၄)

ဘိုကျော့်အမေက ဖြစ်ပျက်ခဲ့တာတွေကို အတိုချုန်းပြီး အမြန်ပြောပြလိုက်တယ်-
” ဘာ-ဘယ်လို- ” ” ဒီကောင်က ငါ့အိမ်မှာ အမဲသားချက်တာ ဘယ်လိုသိတာလဲ ”
” ယာထဲသွားတဲ့ နင့် တူတွေတောင် ထမင်းစားတော့မှ အမဲသားဟင်းဆိုတာသိတာ ”
” ပြီးတော့ အမဲသားကလည်း ဈေးကဝယ်တာမဟုတ်ဘူး- ဟိုဖက်ရွာက နင့်တူမ မနက်ကဝင်လာရင်း သူတို့ရွာက
အမဲပေါ်လို့ဆိုပြီး ယူလာပေးတာ ” ဘထွေးကအဲလိုပြောတော့ ” မသိပါဘူး ဘထွေးရယ် ထမင်းဝိုင်းမှာအဲလိုစဖြစ်
ပြီး အဲ့ကောင် ပြောလို့်ကျုပ်လာကြည့်တာ- တကယ်အမဲသားဟင်းချက်ထားမယ်လို့တောင် မထင်ဘူး ” ဘိုကျော့်
အမေရဲ့စကားဆုံးတော့ ဘထွေးက ” အင်း- ဒါထူးဆန်းတယ်-သွေးရိုးသားရိုးမဟုတ်နိုင်ဘူး နင်တို့ဆရာတော်
ဆီကိုသွားလျောက်လေ ” ” သူ့အဖေ သွားလျောက်နေပြီ ဘထွေး ” ” အေး-အေး ဒါဆိုလည်း ငြိမ်သွားအောင်
သူစားချင်တဲ့ အမဲသားဟင်း ယူသွားပေးလိုက် – ဟဲ့- မခင် အမဲသားဟင်း ထည့်ပေးလိုက်ချေ ” ဘထွေးက သူ့
ဇနီး ဒေါ်ခင်ကို ပြောလိုက်တယ်၊ ” ငါလည်း လာကြည့်ဦးမယ် ” ” ဟုတ်-ဟုတ် ဘထွေး ”
ဘိုကျော့်အမေလည်း အမဲသားဟင်းခွက်လေး ကိုင်ပြီး အိမ်ကို အမြန်ပြေးလာခဲ့လိုက်တယ်-
အိမ်ထဲရောက်တော့ ” ဟင်း ဟင်း ဟင်း ငါ့ကိုအမြန်ပေးစမ်း ငါဆာနေပြီ ” ဘိုကျော်က အငန်းမရပုံစံနဲ့
သူ့အမေလက်ထက်က အမဲသားဟင်းကို ဆတ်ကနဲဆွဲယူပြီး ပါးစပ်ကြီးဟလို့ဟင်းခွက်ကိုစောင်းချပြီး အကုန်စား
ပစ်လိုက်တယ်- ပါးစပ်မှာ ဟင်းစတွေပေကျံနေတာကို လက်ခုံနဲ့သပ်ချလိုက်ပြီး- ” မဝသေးဘူး – ထပ်ပေးဦး ”
ဘိုကျော်က မကျေနပ်တဲ့အသံနဲ့ မျက်လုံးကြီးပြူးပြီး လက်ထဲက ပန်းကန်ကို ဘိုကျော့်အမေထံ ထိုးပေးလာတယ်-
ဘိုကျော့်အမေလည်းဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ နောက်ကလိုက်လာတဲ့ ဘထွေးရောက်လာခဲ့တယ်-၊
” ဟေ့ကောင် ငကျော် – ဘာဖြစ်နေတာလဲ မင်းစားချင်တာကျွေးပြီးပြီမဟုတ်လား ” ဘထွေးကဝင်ပြောလိုက်တဲ့အခါ
” ဘာ ငကျော်လဲ- ငါ ငကျော်မဟုတ်ဘူး ငါမဝသေးဘူး ထပ်ပေးဦး မပေးလို့ကတော့ ဒီ ငကျော်ဆိုတဲ့ကောင် မလွယ်ဘူးမှတ် ဒီမှာကြည့် — ” ပြောပြောဆိုဆိုနဲ့ ဘိုကျော်က သူ့ခေါင်းကို အိမ်နံရံနဲ့ပြေးပြီးဆောင့်ပါလေရော-
ဒုန်း ကနဲအသံနဲ့အတူ ဘိုကျော့်ခေါင်းက သွေးတွေစီးကျလာခဲ့တယ်- အိမ်ရှိလူတွေဘာလုပ်ရမှန်းမသိဖြစ်နေတုန်း
မှာ ” ဟေ့ကောင် ရပ်လိုက်စမ်း ” အော်ငေါက်လိုက်တဲ့အသံနဲ့အတူ ဘိုကျော့်အဖေရယ် လူတစ်ယောက်ရယ် အိမ်
ထဲဝင်လာခဲ့တယ်- ဘိုကျော့်အဖေနဲ့ပါလာတဲ့လူစိမ်းက – ” ရာရာစစ သူများအိမ်ထဲလာပြီး ဗိုလ်ကျနေတယ်ပေါ့လေ
ဒီမှာ ငြိမ်ငြိမ်လာထိုင်စမ်း” ” ဟား ဟား ဟား ဟား – မင်းကဘယ်ကကောင်လဲ ငါ့ကိုလာပြီးအမိန့်ပေးရအောင်
မင်းက ဘယ်လောက်စွမ်းနေလို့လဲ ” ဘိုကျော်က အဲဒီလို ပြန်အော်လိုက်တဲ့အခါ ဘိုကျော့်အဖေနဲ့အတူပါလာတဲ့ လူစိမ်းက ဘာမှမပြောတော့ပဲ ဘုရားစင်ရှေ့သွားပြီး ဘုရားကို ဦးသုံးကြိမ်ချကန်တော့လိုက်တယ်-

(၅)

နှုတ်ကနေ ပါးစပ်လှုပ်ရုံ ရွတ်ဆိုနေပြီး- ဘုရားကိုဦးတိုက်ကာ ” ကဲ မာရေကျောရှိတဲ့ ဟိုအကောင် ခု ချက်ခြင်းငါ့
ရှေ့ကိုလာထိုင်စမ်း ”
” ဘုရားသုံးဆူ အမိန့် အထက်ဆရာကြီးများအမိန့် ငါဆရာရဲ့အမိန့်” အဲဒီလိုပြောဆိုပြီး ကြမ်းပြင်ကို လက်ဝါးနဲ့
သုံးချက်ရိုက်လိုက်တယ်ဆိုရင်ပဲ ဘိုကျော်တစ်ယောက်မနေနိုင်တော့ပဲ ဆရာဆိုသူရှိရာ ဘုရားစင်ရှေ့ကိုဆတ်ကနဲ
သွားပြီးထိုင်ချလိုက်တယ်- ” ကဲ ပြောစမ်း မင်းဘယ်သူလဲ ဘာကြောင့်ဒီကလေးရဲ့ကိုယ်မှာလာပြီးပူးကပ်နေတာလဲ ”
” မပြောဘူးကွာ ငါသွားတော့မယ် ” ဘိုကျော်က အဲလိုပြန်ပြောလိုက်တော့ ” ဟိတ်- သွားချင်တိုင်းသွား လာချင်တိုင်းလာလို့မရဘူး ငါဆရာအမိန့်မပေးမချင်း ဒီခန္ဓာကိုယ်က လုံးဝမခွာစေနဲ့ ကြိုးပိုင်တွေ ဒီကောင်ကို
လက်ပြန်ကြိုးတုတ်ထားလိုက်စမ်း ” ဆရာဆိုသူရဲ့ စကားဆုံးတာနဲ့ ဘိုကျော်တစ်ယောက် လက်နှစ်ဖက်နောက်
ရောက်သွားပြီး ကြိုးနဲ့တုတ်ထားသလို ပူးကပ်နေတော့တယ်- ” ကဲ ပြောစမ်း မင်းဘယ်သူလဲ မပြောရင် ကြိမ်ပိုင်တွေနဲ့ အရိုက်ခိုင်းလိုက်မှာနော် အသားမနာချင်ရင် မေးတုန်းဖြေစမ်း ” ဆရာဖြစ်သူရဲ့ စကားဆုံးတာနဲ့
” ပြောပါမယ်ဗျာ ပြောပါ့မယ် ဆရာ့အစွမ်းကိုလည်း သဘောပေါက်ပါပြီ” ဘိုကျော်က လေသံပြောင်းသွားပြီးဆက်
ပြောပါတော့တယ်- ” ကျုပ်က တာရိုးဘေးမှာရှိတဲ့ လယ်ကွင်းထဲက ရေသဖန်းပင်ကပါ ကျုပ်ကို ဒီကောင်ခေါ်လို့
လိုက်လာတာ စားချင်ရင်လိုက်ခဲ့ဆိုလို့ လိုက်လာခဲ့တာ- ဒီရောက်တော့ ဘာမှမကျွေးလို့ သူ့ကိုယ်ထဲဝင်ပူးပြီး
စားရအောင်တောင်းတာပါ ” ဘိုကျော့်စကားဆုံးတော့ ဆရာဆိုသူက ” ဒီကလေး တာရိုးဖက်ကိုသွားခဲ့လား ”
ဘိုကျော့်အမေက ” ဆရာရယ် တာရိုးဖက်လားတော့မသိပါဘူး သူတို့သူငယ်ချင်းတွေနဲ့ ငှက်ပစ်ထွက်မယ်ဆိုပြီး
ညနေစောင်းက သွားခဲ့ကြတာပါ ” ” ကဲ ကဲ ထားလိုက်တော့ – မင်းက ရေသဖန်းပင်မှာနေတာကြာပြီလား”
ဆရာ့စကားဆုံးတော့ ” ကျုပ်နေတာမကြာသေးဘူး ဟိုတလောက တာရိုးပေါ်ကနေ ထွန်စက်တစ်စီးအရှိန်လွန်ပြီး
လယ်ကွက်ထဲထိုးကျတာ ထွန်စက်ပိပြီးသေသွားတဲ့ ငထွန်းဆိုတာငါပဲ ” ” ဟင် -နင် နင်က ငထွန်းလား” ဘိုကျော့်
အဖေက ဝင်မေးလိုက်တော့ ” ဟုတ်တယ် ငါငထွန်းပဲ ငါ့အိမ်က ငါ့မိန်းမက အမျှဝေတာ ငါ့နာမည်ထည့်မခေါ်ဘူး
ငါ့အတွက်ကုသိုလ်လေးလုပ်ပြီး ငါနေတဲ့နေရာမှာ လာဖိတ်ပါ အမျှဝေရင် ငါ့နာမည်ထည့်ခေါ်ပြီး အမျှဝေပေးပါလို့
ငါ့မိန်းမ မရင်ငွေကို ပြောပေးကြပါ ” အဲလိုပြောပြီး ခေါင်းငိုက်စိုက်ကျကာငြိမ်နေတော့တယ်- ဆရာလုပ်သူက –
” ကဲ ဒါဆိုရင် မင်းဖြစ်ချင်တာတွေဖြစ်အောင်လုပ်ပေးမယ် ခုလည်းမင်းစားချင်တဲ့ အမဲသားလည်းကျွေးပြီးပြီ ကြေ
နပ်တော့ ထပ်လည်းမတောင်းနဲ့တော့ – ခု မင်းဒီကလေးကိုယ်ကနေထွက်ပေးရမယ်- ဒီကလေးခန္ဓာကိုယ်မှာ ဘာ
ဒဏ်ရာမှမကျန်စေပဲ မိမွေးတိုင်း ဖမွေးတိုင်းကျန်ခဲ့စေရမယ် နောက်လည်း မနှောက်ယှက်တော့ပါဘူးဆိုတဲ့ သစ္စာ
ဆို သစ္စာရေသောက်ရမယ်” ဆရာဖြစ်သူလည်း ရေတစ်ခွက်ခပ်ခိုင်းပြီး သစ္စာဆိုစေကာ သစ္စာရေတိုက်ပြီး ပြန်ထွက်ခိုင်းလိုက်တော့တယ်-

(၆)

သစ္စာရေလည်းသောက်ပြီးရော

ဘိုကျော်တစ်ယောက်ဘိုင်းကနဲပစ်လဲပြီး သတိမေ့နေလို့
ဆရာဖြစ်သူက ရေမန်းနဲ့တောက်ပြီး လှုပ်နှိုးလိုက်တဲ့အခါမှာတော့–” အား – မူးလိုက်တာ ကျွန်တော်ဘာဖြစ်သွား
တာလဲ- ရင်ထဲမှာလည်း ဟာတာတာနဲ့ ” ဘိုကျော့်ကိုကြည့်ပြီး အားလုံးဝမ်းသာနေကြတာပေါ့- ဘိုကျော့်အမေက
” သား ကိုယ်ထဲကို မကောင်းဆိုးဝါးဝင်ကပ်နေလို့ ဒီက ဆရာကလာကူညီတာ အော် ဒီကဆရာကိုလည်းကျေးဇူး
တင်ပါတယ်ရှင် ဒီရွာမှာမမြင်ဘူးလို့” ဘိုကျော့်အမေစကားဆုံးတော့ ဘိုကျော့်အဖေ ကိုမြဦးက ” ငါလည်းဆရာ
တော်ဆီအပြေးသွားလျောက်တော့ ဒီက ဆရာက ဆရာတော်ကျောင်းမှာ မနေ့ကမှရောက်နေတာတဲ့- ထန်းတပင်
ရွာကိုသွားမှာ ဟိုမှာ ဆေးကုဖို့ပင့်ထားလို့ သွားရင်း ဆရာတော်လည်း မဖူးရတာကြာလို့ဝင်ဖူးရင်း တို့နဲ့ ဆုံရ
တာ- ဆရာတော်က ဒကာ လိုက်သွားပြီးကူညီလိုက်ပါဆိုလို့ လိုက်လာခဲ့တာ” ” တော်သေးတာပေါ့ရှင် နို့မို့ဆို
ဘာဆက်လုပ်ရမှန်းကိုမသိဖြစ်ပြီး အခက်တွေ့နေတာ ” ဆရာက ” ကဲ အားလုံးလည်းပြီးစီးသွားပြီမို့ ဘာမှ စိတ်မပူ
ပါနဲ့တော့ – သားကလည်းနောက်ကို ပါးစပ်အရမ်းမသရမ်းနဲ့ မျက်စိနဲ့မမြင်ရတဲ့ အမှောင့်ပယောဂတွေက တိုက်
ဆိုင်လို့ကြားသွားခဲ့ရင် ခုလိုမျိုး မဖြစ်သင့်တာတွေဖြစ်တတ်တာမို့ ဂရုစိုက်ပါ – ငထွန်းမှာခဲ့တဲ့အတိုင်း သူ့မိန်းမကို
လည်းသွားပြောပြီး မှာတဲ့အတိုင်းလုပ်ပေးဖို့ တိုက်တွန်းလိုက်ကြပါဦး” ဆရာကပြောဆိုပြီးပြန်မယ်လုပ်တော့ ဘိုကျော့်အဖေက ပိုက်ဆံတစ်ထပ်ယူပြီး ဆရာကိုကန်တော့ဖို့လုပ်တော့ ” အို နေပါစေ ကျွန်တော်က အသပြာနဲ့
လိုက်ကုတဲ့ဆရာမဟုတ်ပါဘူး- ဒုက္ခရောက်နေတဲ့ ခုနစ်ရက်သားသမီးတွေကို ကြုံကြိုက်ရင် ကြုံသလို ကယ်တင်ကူ
ညီနေတာပါ- မယူပါရစေနဲ့ ” ပြောပြောဆိုဆိုနဲ့ပဲ ဆရာဖြစ်သူက အားလုံးကိုနှုတ်ဆက်ပြီး ရွဦးဆရာတော်ရှိရာ
ကျောင်းတိုက်ကို ပြန်သွားခဲ့ပါတယ်- ဘိုကျော်လည်း အဲဒီအချိန်ကစလို့ တာရိုးဖက်ကို မသွားရဲတော့သလို ပါးစပ်
ကလည်းအလွယ်တကူမပြောရဲတော့ပါဘူးတဲ့ ခင်ဗျာ—၊

စာဖတ်သူများအား လေးစားလျှက်-
ကိုရင်တာနော (လက်ပံမြေ)
ဆက်လက်ကြိုးစားပါဦးမည်၊

Leave a Comment