မဖဲဝါရဲ့အိမ်

” မဖဲဝါရဲ့အိမ် “(စ/ဆုံး)
မူရင်းရေးသားသူ — ဆရာတာတေ
+++++++++++++++++++++

နွေတော့ရောက်ပြီ ။ ဒါပေမဲ့ ကျုပ်တို့အညာမှာကအအေးဓာတ်
လေးမကုန်သေးဘူးဗျ ။ နေ့ပူလို့ ညချမ်း ဆိုတဲ့တပေါင်းလလေဗျာ –
လွှတ်ပြီးအေးတာတော့လည်း မဟုတ်တော့ဘူးဗျ ။ နေလို့ကောင်းယုံပေါ့ ညဆို ကျုပ်တို့ ရွာသားတွေတော်တော်နဲ့ မအိပ်ဖြစ်ကြဘူးဗျ –
ကျုပ်ဆီကို တယောက်မဟုတ်တယောက် လာလည်ကြတာ။
တခါတလေတော့လည်း စကားကောင်းပြီး လုလင်ပြန်ကြက်တွန်သံကြားမှ ထပြန်ကြရောဗျို့ ။
တချို့ကျတော့ သက်ကြီးခေါင်းချ ကြက်တွန်ချိန်ဆိုရင် ပြန်တာပါပဲ –
ဧည့်သည်ပြန်တော့ ကျုပ်လည်း ဝိုင်းတံခါးပိတ်ပြီး အိပ်ယာဝင်တော့တာပေါ့ဗျာညောင်ကုန်းဆိုတာက ဘန့်ဘွေးကုန်းရဲ့ မြောက်ဘက်ကျတယ် ။
ဘန့်ဘွေးကုန်းကနေ တစ်နာရီလောက်လျှောက်ရသေးတယ်ဗျ။
လျှောက်ရင်းနဲ့ ဘန့်ဘွေးကုန်းကို လှမ်းမြင်နေရပြီ ၊ မှောင်စလည်းပျိုးပြီ ။ ကျုပ်က လှည်းလမ်းကြောင်းဘေးက
ကပ်ပြီးလျှောက်နေတာ ။
” တာတေနေပါဦးဟ ၊ လျှောက်လှချည်လား ”
အသံကြားလို့ ကျုပ်လှည့်ကြည့်လိုက်တယ်။ ဟာ မိန်းခလေးဗျ။
ကျုပ်နဲ့ ရွယ်တူလောက်ပဲရှိမှာ။ ရုပ်ကလည်း သနားကမားလေးဗျ။
လက်ထဲမှာ နွားနင်တံတချောင်း ကိုင်ထားတယ်ဗျ။ သူ့နောက်မှာ
ခွေးလေးတစ်ကောင်လည်းပါတယ်။ ခွေးက အင်းခွေးလို့ခေါ်တဲ့
နီညိုညိုလေးဗျ ၊ ပုပြတ်ပြတ်လေးပါဗျာ။”နင်ကဘယ်သူလဲ ၊ ဘယ်ရွာကလဲ “” ငါက မီးလောင်ကုန်းမှာနေတာ ၊ အခု ညောင်ကုန်းက ပြန်လာတာ ၊ နင့်ကိုတွေ့လို့ အဖော်ရပြီဆိုပြီး အမှီလိုက်လာတာ”
” ဒီအချိန်ကြီးမှာ နင်တစ်ယောက်တည်းသွားလို့ဘယ်ကောင်းမှာတုံး ”
“ငါပြန်လာတုန်းက စောသေးတယ်ဟ ၊ လမ်းမှာ အသိတစ်ယောက်နဲ့ စကားပြောနေလို့ ကြာသွားတာ ”
” နင် မိုးချုပ်သွားရင် မီးလောင်ကုန်းကို ဘယ်လိုသွားမှာတုန်း ”
” ငါ့အိမ်ကလူတွေ ဘန့်ဘွေးကုန်းမှာ စောင့်နေကြတယ် ”
” သြော် အေးအေး ဒါဆိုရင် တော်သေးတာပေါ့ ၊ နို့ နင်က ညောင်ကုန်းကို တစ်ယောက်တည်း ဘာသွားလုပ်တာတုန်း ”
ကျုပ်ကခပ်သုတ်သုတ်လျှောက်ရင်း စကားပြောနေတာဗျ ။
သူကလည်း ကျုပ်နောက်က ခပ်သုတ်သုတ်ပါလာတာပေါ့ဗျာ။
သူ့ခွေးပုကလည်း အပြေးသွားနေတာဗျ ။ခွေးတို့ရဲ့ ထုံးစံပေါ့ဗျာ။
နည်းနည်းပြေးလိုက် ရပ်လိုက် ၊ အနံ့ခံလိုက်လုပ်နေတာဗျ။
” ဒီလို တာတေရ မီးလောင်ကုန်းဟိုဘက်က ဆပ်သမြောင်မှာ
အထိကရ ညောင်ပင်ကြီး ရှိတယ်။ နင်က ဆပ်သမြောင်ဘက်ကို ရောက်လို့လား ”
” ဟာ ငါမရောက်တဲ့ ရွာ ရှိမလားဟာ ၊ တာတေဆိုတဲ့ကောင်က
နေရာတကာ စပ်စပ် စပ်စပ်ပါတဲ့ ကောင်ပဲ ”
” အေးအေး ဟုတ်တယ်ဟုတ်တယ် ။ ဒါ့ကြောင့် ဒီနားကရွာတွေမှာ နင့်ကို မသိသူမရှိတာပဲ ”
” ဟေ ဒါ့ကြောင့် နင်လည်းငါ့ကို သိနေတယ်ပေါ့ ဟုတ်လား ”
” အေးလေ ဟုတ်တာပေါ့ဟ ၊ နေပါဦး ငါ့စကားကို ပြန်ဆက်ရဦး
မယ် ။ အဲ့ဒီ့ညောင်ပင်ကြီးမှာ ဘုရင်တွေရှိကတည်းက သရဲဖြစ်နေတဲ့ ပါးကွက်အာဏာ သားကြီးတစ်ယောက်နေတယ် ”
” ဟာ ကြာလှပြီပေါ့ ”
” အေး ဟုတ်တယ် ။ လူတွေက အဲ့ ဒီ့သရဲကြီးကို ရုက္ခစိုးထင်ပြီး
သွားသွားပူဇော်ကြတယ် ။ ဒီတော့လည်းအဲ့သရဲကြီးစားရတာပေါ့ –
အေး အဲ့ဒီ့သရဲက အခုကျွတ်ချိန်ရောက်ပြီ ။ ဒါပေမဲ့
ဒီအတိုင်းတော့ ကျွတ်မှာမဟုတ်ဘူး ။ သူ့အတွက် ကောင်းမှုကုသိုလ်လေးလုပ်ပေးမှ ကျွတ်မှာ ”
” သြော် သြော်” ဒါနဲ့ အဲ့သရဲနံမည် ဘယ်လိုခေါ်တုန်း ”
” ဦးဗုံတဲ့ သရဲဖြစ်နေတာ နှစ်တွေရာနဲ့ချီနေပြီ “” သြော် သနားပါတယ်ဟာ ” အေး ငါတို့လည်းသနားလို့ သူ့ကို ကျွတ်အောင်သွားပြီးလုပ်ပေးကြမလို့ ကျုပ်လည်းလျှောက်ရင်း ဘန့်ဘွေးကုန်းကို ရောက်လာပြီဗျို့ ရွာတံခါးဝင်ခါနီးတော့ -” တာတေ” ဟေ ဘာတုန်း ”
” အဲ့ သရဲကြီးကို ကျွတ်အောင် နင်သွားလုပ်ပေးပါလား ”
” ငါက ဘယ်လိုလုပ်ရမှာတုန်းဟ ”
” ဆပ်သမြောင် ဘုန်းကြီးကျောင်းမှာ အလှူအတန်းလုပ်ပြီး သူ့ကိုတရားနာဖို့ ခေါ်လိုက်လေ ။ သူလာမှာပေါ့ ။ အဲ့ဒီမှာပဲ ရေစက်ချပြီး အမျှဝေလိုက်ပေါ့ဟ ”
” အေး ဒါလောက်ဆိုရင်တော့ ငါလုပ်ပေးနိုင်ပါတယ် ။ ဒါထက် ဘယ်တော့လုပ်ပေးရမှာတုန်း ”
“အခုလာမဲ့ လကွယ်နေ့ လုပ်ရမှာ ၊ အဲ့ဒီ့နေ့မှာ သူကျွတ်မှာပဲ ”
” အေး ဟုတ်ပြီ ငါလုပ်ပေးလိုက်မယ် ။ ဟင် နေပါဦး နင် ဒီသရဲကြီးအကြောင်းကို ဘယ်လို သိနေတုန်း ”
“ဘယ်လိုပဲ သိသိ ငါသိလို့ နင့်ကိုပြောပြတာပေါ့ ။နင်က ဒါမျိုးတွေကူညီနေကြလေ ”
ဒီလိုနဲ့ ကျုပ်ကရွာထဲဝင်ခဲ့တယ်။ လှည့်ကြည့်လိုက်တော့ ကောင်မလေးနဲ့ သူ့ခွေးလေးနဲ့ ရွာတံခါးမှာ ရပ်နေတယ်။ဒီတော့ ကျုပ်က
” ဟဲ့ လာလေ ဘန့်ဘွေးကုန်းကို ရောက်နေမှဘာလုပ်နေတုန်း”
” နင် သွားတော့ တာတေ ငါက ရွာထဲမဝင်ရဘူး ”
” ဘာ နင်ဘာပြောတာလဲ နင်က ဘာလို့ ရွာထဲ မဝင်ရတာတုန်း။
နင့်နံမည်လည်း ငါမမေးမိပါလား ။ နင့်နံမည်က ဘယ်သူတုန်း ”
“ဟားဟား ဟားဟား နင်က တော်တော်မေ့တတ်တာကိုး တာတေရဲ့ ။ ငါကတခြားသူမဟုတ်ဘူးဟဲ့ တာတေရဲ့။
နင်ခဏခဏ ထမင်းတွေ ဟင်းတွေ ခေါ်ခေါ်ကျွေးနေတဲ့ မဖဲဝါလေ”
” ဟေ နင်က မဖဲဝါဟုတ်လား” ဟား ဟား ဟား ”
ဟာ အင်းခွေးနီညိုညိုလေးကနေ ချက်ချင်ခွေးနက်ကြီးဖြစ်သွားပြီဗျို့ ။ ဟုတ်ပါ့ဗျာ။ ဒါ မဖဲဝါရဲ့ ခွေးကြီးပဲဗျ ၊ နွားပေါက်လောက်ရှိတာလေ။
ဒါဆိုရင် မဖဲဝါသေချာတာပေါ့ဗျာ ။
ပြေးပြီဗျို့ ။ ပြေးပြီ ။ ကျုပ်ပြေးပြီ ။ နောက်ကို တစ်ချက်မှလှည့်မကြည့်တော့ဘူး။
ဘန့်ဘွေးကုန်းရွာလမ်းအတိုင်းကျုပ် ဇွတ်ပြေးနေတော့တာဗျို့ ။
“ဟဲ့ တာတေ မထသေးဘူးလား ။ နင့်အဘတောင်ညောင်ကုန်းမှာ
လူမမာသတင်းသွားမေးမလို့ဆိုပြီး လှည်းကောက်မောင်းသွားလေရဲ့ ”
အောင်မလေး တော်ပါသေးရဲ့ဗျာ ။ ကျုပ်အိမ်မက်မက်နေတာကိုး။
ကျုပ်အိပ်ရာကထပြီး မျက်နှာသစ်တယ် ။ ကျုပ်အိမ်မက်တွေ
ဘာတွေမက်ခဲပါတယ်။ကျုပ်ထိုင်တွေးနေမိတာဗျ။ အိမ်မက်ထဲမှာ
တွေရတဲ့ မဖဲဝါက အချောသားပဲလို့ ။ ဒါပေမဲ့ မဖဲဝါက ရုပ်ပြောင်း
ရုပ်လွဲတွေ လုပ်နိုင်တာသေချာတယ်ဗျ။နေဦးဗျ။ အိမ်မက်ထဲမှာ မဖဲဝါ ကျုပ်ကိုပြောသွားတဲ့ ကိစ္စက တကယ်လား ။ဒီသရဲကြီး
ကျွတ်လွတ်အောင်က တကယ်လုပ်ပေးရမှာလား။အိမ်မက်ပဲဗျာ။
တကယ်ဟုတ်ချင်လည်းဟုတ်မှာပါ။ကျုပ်လည်းမေ့မေ့ပျောက်
ပျောက်နေလိုက်တာပေါ့ဗျာ။တဖြေးဖြေး လကွယ်နေ့ကလည်းနီးလာပြီ။ ကျုပ်ဘာလုပ်ရမှန်းတောင်မသိဘူး –
နောက်ဆုံးတော့ ဒီကိစ္စကို အဘနဲ့ အမေကို ပြောပြီးတိုင်ပင်ရတာပေါ့။
ဟာ လူကလေးကလည်း ဒီအိမ်မက်မျိုးက မဟုတ်ပဲနဲ့တော့ မမက်ပါဘူးကွာ။အဘသဘောကတော့ သွားပြီးလုပ်ပေးလိုက်ပါ။
အဘတို့ သံသရာ ခရီးသွားချင်းကယ်ကောင်းပါတယ်ကွာ။ ကဲ ဒီလိုလုပ် အဲ့ဒီ့ကျောင်းမှာ ဘုန်းကြီး သုံးပါးနဲ့ ကိုရင် နှစ်ပါးပဲရှိတာ
အဘတို့် ဆွမ်းတွေ ဆွမ်းဟင်းတွေ ချက်ပေးလိုက်မယ်။ ပြီးတော့
မြို့ကို သင်္ကန်း တစ်စုံမှာပေးမယ်။ဝတ္ထုလည်းကပ်လိုက်။
ပြီးတော့ အဲ့သရဲကြီးကို အမျှဝေလိုက်ပေါ့ လူလေးရာ ။ဟုတ်လည်း သူကျွတ်လွတ်သွားတာပေါ့ကွာ။မဟုတ်လည်းအဘတို့ ကုသိုလ်
ရတာပေါ့ မဟုတ်ဘူးလား လူလေး ”
” အဘပြောတာကောင်းသားပဲ ”
” အေး ဒါဆိုရင် တော်က မြို့ကို သင်္ကန်း တစ်စုံမှာပေါ့ ။ ကျုပ်ကအဖိတ်နေ့ညတည်းက ဆွမ်းချက်မယ် ။လကွယ်နေ့မနက်
စောစောထပြီး ဆွမ်းချိုင့်နဲ့ သင်္ကန်း ယူသွားပေါ့။ ဆပ်သမြောင် ကသိပ်ဝေးတာမှမဟုတ်တာ။ မီးလောင်ကုန်းကျော်ဆိုရောက်တာပါပဲ ”
လကွယ်နေ့မနက်ရောက်တော့အားလုံးအဆင်သင့်ဖြစ်နေပြီဗျ။
” ကိုကြီးတာတေ ဘာလုပ်နေတုန်းဗျ ”
” ဟာ ကျောက်ခဲပါလား ၊ စောစောစီးစီး နွားလှည်းကြီးနဲ့ပါလား၊
ဘယ်သွားမလို့တုန်း ”
” ဆပ်သမြောင်သွားမလို့ဗျ ။ အဘက ဆပ်သမြောင်မှာ နမ်း မျိုးသွားယူခိုင်းလို့ ”
“ဒါဆို ငါလည်း လှည်းကြုံလိုက်မယ်ဟေ့ ”
” ဟင် ကိုကြီးတာတေက ဘယ်သွားမလို့တုန်း ”
” ငါလည်း ဆပ်သမြောင် ကို သွားရမှာ ။ဘုန်းကြီးကျောင်းကို သွားမလို့ကွ ” ဟင် ဒါဆို လာလေဗျာ သွားကြတာပေါ့ ”
” ဟာ ဘုန်းကြီးကို ဆွမ်းကပ် မှာလား ”
” အေးကွ သင်္ကန်း လည်းကပ်မို့ မင်းနဲ့မှ တိုက်တိုက်ဆိုင်ဆိုင်
ကြုံတာကွ ကျောက်ခဲရ ”
လှည်းလမ်းကြောင်းက မီးလောင်ကုန်း သင်္င်္ချိုင်းဘေးကနေ ကပ်သွားရတာဗျ။အဲ့နားရောက်တော့ ဖဲသမားကိုအောင်ချစ်ကြီးကို
မဖဲဝါ ရိုက်သတ်လိုက်တာကို တွေးမိပြီး ကြက်သီးတွေ တဖျန်းဖျန်း
ထလာသေးတာဗျို့ ။
” ကိုကြီးတာတေ ပေကုန်းကို လိုက်ရှာနေတဲ့ သရဲတွေတော့ တစ်ခါတည်း ကျွတ်ကုန်ကြတာနော် ”
” ဟာ အဲ့ ဒါ သရဲမဟုတ်ဘူး ကျောက်ခဲရ ။ သူတို့က တစ္ဆေ တွေပါ ”
” ဗျာ သရဲနဲ့ တစ္ဆေ က အတူတူပဲ မဟုတ်ဘူးလားဗျ ”
” မတူဘူး ကျောက်ခဲရဲ့ ၊ သရဲဆိုတာ အကုသိုလ် ကံကြောင့်
အပါယ်ဘုံရောက်သွားတာ ။ တစ္ဆေ ဆိုတာက သေခါနီးမှ တစ်ခုခုကို စွဲလမ်းသွားလို့ ဘဝမကူးနိုင်ဘဲဖြစ်နေတာပါ။
သူတို့က သတိလေး ရသွားတာနဲ့ ကျွတ်သွားကြတာကွ ။ သရဲကတော့ သူရဲ့အကုသိုလ်ကံကြီး မကုန်မချင်း အဲ့ဒီဘဝမှာ
နေကြရတာ ။ အဲ့ဒီကံ ကုန်မှကျွတ်လွတ်သွားကြတာ ။ နှစ်တွေအကြာကြီး နေကြရတာ ”
” သြော် ဒီလိုလား ကိုကြီးတာတေ ” အေး ဟုတ်တယ် ”
” ကိုကြီးတာတေ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပြီးတာနဲ့ ကျုပ်နဲ့ပြန်လိုက်မှာလား “” ဟာ ငါပြန်မလိုက်သေးဘူး ကျောက်ခဲရ ။မင်းပြန်နှင့်တော့ ဒီမှာ ငါလုပ်စရာလေး နဲနဲရှိသေးတယ်။ညနေ နေချိုမှငါပြန်ခဲ့မယ်။
ပြီးတော့ ဒီရွာလည်းမရောက်တာကြာပြီ။ သူငယ်ချင်း တွေနဲ့ ရောက်တုန်း စကားလေးဘာလေးပြောဦးမယ်ကွာ”
” သြော် ဟုတ်ကဲ့ ဒါဆို နှမ်းအိတ်တင်ပြီးရင် ကျုပ်ပြန်နှင့်မယ် ”
” အေးအေး ပြန်နှင့် ပြန်နှင့် ”
ဆပ်သမြောင် ကိုရောက်တော့ ကျောက်ခဲက ကျုပ်ကို ဘုန်းကြီးကျောင်းရောက်အောင် လှည်းနဲ့လိုက်ပို့တာဗျ။
ကျုပ်လည်းဆရာတော်ကို အကျိုးအကြောင်း လျှောက်လိုက်တယ်။
” ဟုတ်တယ် တာတေ ။ မင်းကို မဖဲဝါအိမ်မက်ပေးတယ်ဆိုတာ
ဟုတ်မယ်ကွ ။ အဲ့ဒီ့ညောင်ပင်ကြီးမှာ တစ်ကောင်ကောင်ရှိတယ်ဆိုတာတော့အမှန်ပဲ ၊ဒီရွာထဲကလူတွေ
တစ်ခါတစ်လေ မြင်ကြရတယ်။ညောင်ပင်ကြီးကို တက်သွားတာတို့ ဆင်းလာတာတို့ ပေါ့ကွာ။
အကောင်အထည်တော့ မသဲကွဲဘူးတဲ့ကွ ။ ဖြူဖြူကြီးဆိုပဲ ၊
သူတို့ကတော့ ရုက္ခစိုးထင်ပြီး ညောင်ပင်မှာ မီးတွေဘာတွေပူဇော်
ကြအစားအသောက်တွေ သွားကပ်ကြလုပ်နေတာ ”
” အေး ဒါဆိုရင် ဒီမှာ ဆွမ်းပွဲတွေ ဘာတွေပြင်ခဲ့ပြီးတော့ မင်းသွားပင့်လိုက်ပေါ့ကွ ။ ဘုန်းဘုန်း တရားပေစာ သေသေချာချာ
ဟောလိုက်မှာပေါ့။ ပြီး သူ့ကုသိုလ်ကို ရေစက်ချလိုက်ပေါ့ကွာ ”
ဆပ်သမြောင် ကျောင်းဆရာတော်ကြီးက ကျုပ်ကိုနဂိုတည်းက သိပြီးသားလေဗျာ ။ ကျုပ်လည်း ဆရာတော်မိန့်တဲ့အတိုင်း
လုပ်လိုက်တယ်။ဒါပေမဲ့ တာတေပဲလေဗျာ။ ဒီအတိုင်းတော့ဘယ်လုပ်မလဲ။ကျောင်းအောက်ဆင်းပြီးမျက်ကွင်း
ဆေးလေးကပျာကယာ ကွင်းလိုက်တာပေါ့ဗျာ။ပြီးတော့ ရွာအနောက်ဘက်က အထိကရ ညောင်ပင်ကြီးဆီကို
ကျုပ်ထွက်လာခဲ့တာ။ ညောင်ပင်ကြီးက နဲတာမဟုတ်ဘူးဗျ။
အောက်မှာဆိုနေပျောက်တောင်ထိုးတာမဟုတ်ဘူး။ ဒီညောင်ပင်
ရဲ့ သက်တမ်းကအနှစ်တစ်ရာလောက်တော့ရှိမှာ။
ကျုပ်က ညောင်ပင်ကြီးကို မော့ကြည့်ပြီး
” ဒီညောင်ပင်မှာ နေထိုင်တဲ့ အာဏာပါးကွပ်သားကြီး ဦးဗုံဗျာ—
ကျုပ်တို့က ခဗျားအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးကြမလို့ပါ။ဆရာတော်ကျောင်းမှာ ခဗျားကုသိုလ်ဖြစ်အောင် ဆွမ်းကပ်ဖို့်ပြင်ဆင်နေကြတယ်။
ပြီးတော့ သင်္ကန်း လည်း ခဗျားကုသိုလ်ဖြစ်အောင် လှူပေးမှာ။ပြီးရင်ခဗျားကုသိုလ်ကို ကျုပ်က ခဗျားကိုယ်စားရေစက်
ချပေးမယ်။အဲ့ဒါကြောင့် ဆရာတော်ကျောင်းကို အခုချက်ချင်းလိုက်
ခဲ့ပေတော့ ဦးဗုံ ”
ကျုပ်က ပြောပြီး အသာအကဲခတ်နေလိုက်တယ်။ ဟာ တွေ့ပြီဗျို့
တွေ့ပြီ ။ ညောင်ပင်ကြီးပေါ်ကနေ ဆင်းလာတာဗျို့ ။ဗြုန်းကနဲ
ကြည့်တော့ ဖြူဖြူ ကြီးဗျ။ သေသေချာချာ ကြည့်တော့ ခါးတောင်း
ကျိုက်ကြီးနဲ့ ဆံပင်ဖားလျားကြီးနဲ့ဗျ။ နည်းတဲ့ အကောင်ကြီးမဟုတ်
ဘူးဗျာ။ လျှာကြီးကလည်း တွဲလောင်းကြီးကျနေတာဗျ။ လူတွေ ရုတ်တရက်မြင်ရင် လန့်ပြီး သေသွားနိုင်တာဗျ။
ကျုပ်ကရှေ့က ခပ်ဖြေးဖြေးလျှေညက်လာတယ်။ သရဲကြီးဦးဗုံက
ကျုပ်နောက်ခပ်လှမ်းလှမ်းကနေ လိုက်လာတာဗျ။ ခါးကြီးကလည်း
ကုန်းကုန်းကြီးနဲ့ဗျို့။ လျှာကြီးကလည်းတွဲလောင်းကြီးကျလို့ ။
ဘုန်းကြီးကျောင်းရောက်တော့ သူကျောင်းပေါ်ကို တက်လို့မရဘူး။
ကျောင်းဝိုင်းထဲက ထနောင်းပင်ကြီးအောက်မှာ မတ်တတ်ကြီးရပ်နေတယ်။ကျုပ်လည်းသူမြင်သာအောင်
ဆွမ်းစားကျောင်းရဲ့ တံခါးတွေ အားလုံးဖွင့်လိုက်ရတယ်။ ဆရာတော်နဲ့ သံဃာတော်တွေက ကျုပ်ကပ်တဲ့ဆွမ်းကိုဘုန်းပေး
ကြတယ်။ဆွမ်းစားပြီးတော့ ကျုပ်ကသရဲကြီး ဦးဗုံကို မြင်အောင်
ထောင်ပြပြီး ဆရာတော်ကို ကပ်တယ်။မဖဲဝါပြောတာသေချာတယ်
သရဲကြီးက ကျွတ်ချိန်တန်လို့ ထင်ရဲ့ လက်အုပ်ကြီးချီလို့ဗျ။
ကျုပ်က ကျုပ်မြင်တာကို ဆရာတော်လျှောက်တော့ ဆရာတော်က
လည်းဝမ်းသာပီတိဖြစ်ပြီး သရဲကြီးကြားအောင်တရားဟောတယ်။
သေသေချာချာ ကို တရားနာတာဗျို့ ။ ဦးဗုံသရဲကြီကမြေကြီး
မှာဒူးကြီးတုပ်ပြီး လက်အုပ်ကို သေသေချာချာ ချီပြီးတရားနာနေတာ။ဆရာတော်က တရားဆုံးတော့ရေစက်ချခိုင်းတယ်။
” ဦးဗုံရေ ခဗျားအတွက် ကျုပ်ရေစက်ချပေးမယ် ” ဆိုပြီး ရေစက်ချပေးတယ် ။ ရေစက်ချလို့ပြီးတော့ ကုသိုလ်ကောင်းမှုကို
ကျုပ်က အမျှဝေတယ်။ ဆရာတော်ရော သံဃာတွေရော ကိုရင်တွေပါ သာဓုဝိုင်းခေါ်ပေးကြတယ်။ဟာ ဦးဗုံ လည်းသာဓုခေါ်နိုင်တယ်ဗျ။သာဓုခေါ်နေတယ်။ ပြီးတော့ဆရာတော်ကို သေသေချာချာ ရှိခိုးတယ်။ကျုပ်ကို သူ့မျက်လုံးအကြီးကြီးတွေနဲ့ စိုက်ကြည့်နေတယ်။ ကျေးဇူးတင်လို့ ထင်ပါရဲ့ ဟော ပျောက်သွားပြီဗျို့ ။ ပျောက်သွားပြီ။ သရဲကြီး ဦးဗုံ
ချက်ချင်း ကိုပျောက်သွားတာဗျို့ ။ ကျုပ်ကဒီအကြောင်းကို ဆရာတော်ကို လျောက်တောာ့ ဆရာတော်က ပြုံးပြီး ပီတိဖြစ်နေတာပေါ့ဗျာ၊
” အင်း ဆိုးလိုက်တဲ့ ဘဝများနှယ် ။ ဘုရင်က အာဏာပါးကွပ်သား
ခန့်သတဲ့ ။သတ်လိုက်ရတဲ့ လူတွေ နည်းမှာမဟုတ်ဘူး။
အင်း အပါယ်ဘုံသားကြီးဖြစ်နေလိုက်တာ။ နှစ်ပေါင်းဘယ်လောက်များရှိလဲတော့မသိဘူးကွဲ့ မောင်တာတေရဲ့”
” မှန်ပါ့ဘုရား မဖဲဝါပြောတာတော့ နှစ် ရာနဲ့ချီနေပြီလို့ပြောတယ် ဘုရား
” အေး ဟုတ်လောက်တာပေါ့ကွယ် ။ ကြောက်စရာလည်းတယ်ကောင်းပါလား ကွယ် ၊ကဲ ကဲ မောင်တာတေလည်း ထမင်းစားတော့ဟေ့ ။ နို့ ဘယ်အချိန်ပြန်မှာတုံး ”
” တပည့်တော်ရဲ့ သူငယ်ချင်းတွေဆီမှာ အေးအေးဆေးဆေးစကားပြောပြီးမှ ရွာပြန်မယ်ဘုရား ”
” သြော် အေးအေး ကဲ ဘုန်းဘုန်းတော့ အလုပ်စခန်းလေးဝင်တော့မယ်ကွယ် “” မှန်လှပါဘုရား ၊ ဒါဆို တပည့်တော်တခါတည်း ကန်တော့လိုက်တော့မယ် ဘုရား ”
ကျုပ်က ဆရာတော်ကို ကန်တော့လိုက်တယ်။
ဆရာတော်ကြီးက ဆုပေးတယ် ။
ကျုပ်လည်းဆရာတော်ကျောင်းမှာ ထမင်းစားပြီး ဦးဇင်းတွေနဲ့ စကားထိုင်ပြောနေသေးတယ်။ဦးဇင်းတွေက ကျုပ်ကိုသိကြတာ
ဆိုတော့ မဖဲဝါ အကြောင်းကို မေးနေကြတာဗျ။
” တာတေရ ဦးဇင်းတို့က ထင်ထားတာ မဖဲဝါဆိုတာပုံပြင်တစ်ပုဒ်
ထင်တာ ၊ တကယ်ရှိတယ်လို့ကိုမထင်ဘူးကွဲ့ ”
“မဖဲဝါ တကယ်ရှိပါတယ်ဘုရား ။တပည့်တော်ကိုယ်တွေ့ပါဘုရား”
” အေး အခုမှ ဦးဇင်းတို့က ယုံတော့တာကွဲ့ ”
“မောင်တာတေ ဆေးဝါးတွေရော ထိုးဖူးသလားကွဲ့ ”
” တပည့်တော် ဘာဆေးဝါးမှမထိုးဘူးပါ ဘုရား ”
” အင်းတွေ ဘာတွေရော သောက်ဖူးသလားကွဲ့ ”
” အင်းတော့ သောက်ဖူးတယ်ဘုရား ”
” အေးအေး လူဆိုတာလည်း ဘဝတွေအဆက်ဆက်ရှိခဲ့တာပဲမို့
လား ၊ သတ္တဝါတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဒီဘဝမပက်သတ်ရင်တောင် တခြားဘဝတွေမှာ ပက်သတ်ခဲ့တာ
တွေရှိကြတာပဲ ။ ဒါ့ကြောင့် လိုက်ပြီးကူညီနေတာလဲ ဖြစ်မှာပေါ့ကွယ် ။ကဲကဲ မောင်တာတေလည်း ဒီရွာရောက်တုန်း
သွားစရာရှိတာလေး သွားကွဲ့ ”
ကျုပ်လည်း ဦးဇင်းတွေကို ကန်တော့ခဲ့ပြီး ထွက်လာခဲ့တယ်။
ရွာလယ်ပိုင်းကို ရောက်တော့ မောင်ချစ်နဲ့ ဖိုးစီကို တွေ့တယ်ဗျ။
ဒီကောင်လည်း ကျုပ်ကိုတွေ့တော့ အံ့သြပြီးဝမ်းသာကြတာ
ပေါ့ဗျာ။ဒီကောင်နှစ်ယောက်နဲ့ ကျုပ်နဲ့ စကားထိုင်ပြီး
ပြောလိုက်ကြတာညနေကိုစောင်းရောဗျာ။ဒီတော့မှ ကျုပ် ဒီကောင်
နှစ်ယောက်ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ရတယ်
ကျုပ်က မိုးမချုပ်ခင် အိမ်ပြန် ရောက်ဖို့စိတ်ကူးထားတာဗျ။ဘာဖြစ်လို့တုံးဆိုတော့ ကျုပ် စောစောက မျက်ကွင်းဆေးကွင်းထားတယ်လေ ။ အဲ့ဒါကို ပြန်ဖျက်ဖို့ကျုပ်က ” နှနွင်းဖြူ ” မေ့ကျန်ခဲ့တယ် ။
ဒီတော့ ကျုပ်မျက်စိက နာနာဘာဝ တွေကို မြင်နေတော့မှဗျ။ ဒါ့ကြောင့်စောစော ပြန်ချင်တာ။မောင်ချစ် နဲ့ ဖိုးစီကလည်းဆွဲထား
တော့ နေတောင်စောင်းသွားရောဗျို့။ ဆပ်သမြောင်က ထွက်လာကတည်းက မှောင်ရီသမ်းနေပြီဗျ။ ဆပ်သမြောင် ထန်းတော ကိုရောက်တော့ မိုးကချုပ်နေပြီ။
ထန်းတောကျော်တော့ ဒီရွာသားတွေ ယာကြီးလို့ခေါ်တဲ့နေရာဗျ။
ယာကွင်းအကျယ်ကြီးကို ယာကြီးလို့ ခေါ်ကြတာပေါ့ဗျာ။
လူတော့ ပြတ်သွားပြီဗျို့ ။ ဒီလိုနဲ့ ကျုပ်တစ်ယောက်တည်း
ယာခင်းတွေ တစ်ခင်းပြီး တစ်ခင်း ဖြတ်လျှောက်လာခဲ့တာပေါ့ဗျာ
မျက်ကွင်းဆေး ကွင်းထားပေမဲ့ အခုထိတော့ ဘာမှကိုမတွေ့ရပါဘူးဗျာ။ကျုပ်လျှောက်ရင်းနဲ့ မီးလောက်ကုန်းကို
လှမ်းမြင်နေရပြီဗျ။မီးလောင်ကုန်းကို ရွာထဲကမဖြတ်တော့ဘူးလို့
ကျုပ် စိတ်ကူးလိုက်တယ်။ရွာပြင်လမ်းကပဲ ထနောင်းကုန်းကို
သွားမယ်။ရွာထဲဝင်ရင ်ဟိုလူကဆွဲထား ဒီလူကဆွဲထားနဲ့
ကျုပ်ဒီည ရွာပြန်ရောက်မှာ မဟုတ်ဘူးဗျ။
ဒါနဲ့ပဲ ကျုပ်မီးလောင်ကုန်း ရွာပြင်လမ်းကပဲ လာခဲ့တယ်။ဒါကတော့
တောအုပ်ကလေးဘေးက ဖြတ်ရတာပေါ့ဗျာ။ ဒီနေရာတွေက
တာတေ ငယ်ငယ်ကတည်းက နေ့ရော ညရောသွားနေကြနေရာတွေပါဗျာ။တောအုပ်ခလေးကျော်တော့မြယာပင်တွေ ပေါက်နေတဲ့ ကုန်းကလေးကို ရောက်ရောဗျ။ အဲ့အတိုင်းကျုပ်လျှောက်လာလိုက်တာ အတော်ကလေးလျှောက်မိတော့ ” ဟာ.. ”
ကျုပ်ပါးစပ်က ယောင်ပြီးအော်လိုက်မိတာဗျို့။ ခွေးကြီး ဗျ။
ကျုပ်သွားမဲ့လမ်းမှာ ပိတ်ပြီး ရပ်နေတာဗျို့။ ကျုပ်သေသေချာချာ
ကြည့်လိုက်တော့မှ ဒါ မဖဲဝါရဲ့ ခွေးကြီးပဲဗျ။
ကျုပ်ဖြင့် ကြက်သီးတွေ တဖျန်းဖျန်း ထသွားတာဗျို့ ။ ကျုပ်မှားသွားပြီ ထင်တယ်။ စောစောတည်းက မီးလောင်ကုန်း
ရွာထဲက ဖြတ်လိုက်ရင် ကောင်းသားလို့ ကျုပ်တွေးလိုက်မိတယ်။
ခုမှတော့ နောက်ပြန်လှည့်လို့လည်းမမှီတော့ဘူးလေ ။
အခြေအနေကြည့်ပြီး ရင်ဆိုင်ရတော့မှာပေါ့ဗျာ။” အီ အီ အီ ”
ဟော မဖဲဝါရဲ့ ခွေးကြီးက ကျုပ်ကို မာန်ဖီ တာမဟုတ်ဘူးဗျ။
အမြီးလှုပ်ပြီးကြိုဆိုတာဗျ။ သခင်တွေ့ရင် ခွေးတွေလုပ်တတ်တဲ့
အမူမျိုးပေါ့ဗျာ။ဒါပေမဲ့ ခွေးက ခပ်သေးသေးမဟုတ်ဘူးဗျို့ ။
နွားပေါက်လောက်ရှိတဲ့ အကောင်ကြီးဗျ။ မျက်လုံးကြီးတွေက
ရဲနေတာ။ ပါးစပ် ထဲက အစွယ်တွေကလည်းဖွေးလို့ ။
ဒါပေမဲ့ ဒီခွေးကြီးက အမြီးတလှုပ်လှုပ်နဲ့ ကျုပ်ကို တအီအီလုပ်
နေတာ။ဟော နောက်ကို လှည့်ကြည့်ပြီး လမ်းကလေးအတိုင်းသွားပြီ ။ ဟာ ရပ်ပြီ။ ကျုပ်ကို အမြီးကြီးလှုပ်ပြနေတယ်။ ပါးစပ်ကလည်း တအီအိနဲ့ လုပ်နေတာ။ ဒီကောင်ကျုပ်ကို ခေါ်နေတာဗျ။ သူ့နောက်က လိုက်ခဲ့လို့ခေါ်နေတာ
ဟော သွားပြန်ပြီ။ ဟာ ရပ်ပြန်ပြီ။ကျုပ်ကို လှည့်ကြည့်ပြီး အမြီး
လှုပ်ပြပြန်နေပြီဗျို့ ။ ကျုပ်မှာလည်းသွားစရာက ဒီတစ်လမ်းပဲရှိတော့ ဘယ်လိုလုပ်ရပါ့မလဲ ။
ကဲကွာ မထူးပါဘူး။ သူ့နောက်လိုက်သွားရတော့မှာပဲလို့ ကျုပ်တွေးပြီး သူ့နောက်ကလိုက်တယ်။
မဖဲဝါရဲ့ ခွေးကြီးက ရှေ့ကသွား ။ ကျုပ်ကနောက်ကလိုက်တယ်။
မြရာတောလမ်းကလေးလည်းဆုံးရော ခွေးနက်ကြီးက ကျုပ်ကို
တစ်ချက် လှည့်ကြည့်ပြီး အမြီးလှုပ်ပြသေးတယ်။
သူ့နောက်မှာ ကျုပ်ပါလာမှန်းသိတော့မှ မြောက်ဘက် ကို ချိုးချ
သွားတယ်။ကျုပ်စိတ်ထဲမှာ နဲနဲတော့ထင့်သွားတယ်ဗျ။
ဒီမြရာတောလမ်းကလေးကို ကျုပ်ခဏခဏရောက်ဖူးနေတာပဲဗျာ။
လမ်းက ဒီလောက်လည်းမရှည်ပါဘူး။ ဒီလို
အချိုးအကွေ့တွေလည်းမရှိပါဘူး။ကျုပ်လည်း သူ့နောက်က လိုက်ချိုးလိုက်တယ်။” ဟာ အိမ်ကြီးတစ်လုံးပါလား ”
ကျုပ်တုံ့ကနဲရပ်လိုက်တယ်။မဖဲဝါရဲ့ ခွေးကြီးလည်း ရပ်ပြီး ကျုပ်ကို
ကြည့်နေတယ်။အမြီးကြီးကတော့ တလှုပ်လှုပ်ပဲဗျ။ ကျုပ်ကို သူ
ဒီအိမ်ခေါ်လာတာပါလား ။ ကျုပ်မဝင်ရဲဘူး။ တိုက်ပျက်ကြီးဗျ။ နှစ်ထပ်အိမ်ကြီး ရှေးခေတ်ကတည်းက ဆောက်ထားခဲ့တဲ့အိမ်ကြီးဗျ။အပေါ်ထပ်မှာပြတင်းပေါက် တံခါးတွေတောင်ပြုတ်ပြီး တွဲလောင်းကျ နေတယ်။
” အီ အီ အီ အီ ”
ဟော ခွေးနက်ကြီးက ကျုပ်ကို ခေါ်နေတာဗျ။ကျုပ်ဘယ်ဝင်ရဲပါ့
မလဲ။ အိမ်ထဲမှာတော့ မီးလင်းနေတယ်။
” ဝူး ဝူး ဝူး ဝူး “ဟာ ဒီကောင်ကြီးအူပြီဗျ။ ဆွဲဆွဲငင်ငင်ကြီးအူလိုက်တာ။
” ဟာ အိမ်ကြီးထဲက လူထွက်လာတယ်ဗျ။ ကျုပ်ကိုမြင်တော့ ရပ်
သွားတယ်။ အိမ်ထဲကဖြာထွက်နေတဲ့ မီးရောင်အောက်မှာ
ကျုပ်တွေ့လိုက်ရတာက မိန်းမတစ်ယောက်ဗျ။ ဆံပင်ဖားလျားချထားတယ်။
” တာတေ ဘာမှမကြောက်ပါနဲ့ လာပါ ”
ဟာ ကျုပ်ကို သိနေပါလား ။ ကဲဟာ ဘာပဲဖြစ်ဖြစ် ခုနေထွက်ပြေးလို့လည်း ဒီခွေးကြီးက လိုက်ကိုက်ချင် ကိုက်နေမှာ –
အိမ်ထဲဝင်လိုက်တာပဲ ကောင်းပါတယ်။ ကျုပ်အိမ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက် တယ်။အိမ်ကြီးထဲကို ဝင်တဲ့လမ်းက အုတ်စီထားတဲ့
လမ်းခလေးဗျ။ဘေးတစ်ဖက် တစ်ချက်မှာ ပန်းပင်လေးတွေရှိတယ်။ကျုပ်ခွေးကြီးကို သတိရပြီးနောက်ကို
လှည့်ကြည့်တော့ ဘုရား ဘုရား ကျုပ်နောက်မှာ ပါလာတာကိုးဗျ။
” လာပါ တာတေ မကြောက်ပါနဲ့ ”
ဟာ ဟိုညကကျုပ်အိမ်မက်ထဲမှာ တွေ့တဲ့ ကောင်မလေးပဲဗျ။
တော်သေးတာပေါ့ ဗျာ။ ဒီအသွင်နဲ့ တွေ့ရလို့ပေါ့။
ကျုပ်သင်္ချိုင်းတွေထဲမှာ မြင်နေရတဲ့ အရပ်ဆယ်ပေလောက်ကြီးသာ
ဆို ကျုပ်ဒီနေရာမှာတင် နှလုံးခုန်ရပ်သွားမှာ သေချာတယ်ဗျို့ ။
” တာတေ နင် ဆပ်သမြောင် ကိုသွားတာငါသိတယ်။ ဦးဗုံကြီးကျွတ်သွားပြီ။ ဝမ်းသာဖို့်ကောင်းတယ်။နင်လည်းကုသိုလ်
အများကြီး ရသွားပြီ”ကျုပ်မဖဲဝါရဲ့ အိမ်ကြီးထဲကို လိုက်ကြည့်တယ်။ တော်တော်ကျယ်တဲ့ အိမ်ကြီးဗျ။
” တာတေ ထိုင်လေ “မဖဲဝါက ကျုပ်ကို ကုလားထိုင် ကြီးတစ်လုံးကိုလက်ညှိုးထိုးပြတယ်။ကုျပ်ကုလားထိုင်မှာ ဝင်ထိုင်တယ်။ကျုပ်လက်ထဲက အမေ့ချိုင့်ကိုလည်း အေါက်မချပဲ ကိုင်ထားတာဗျ။ ကျုပ်ကအကြံနဲ့လေ။ အကြောင်းဆိုရင် ကျုပ်က ဒီချိုင့်နဲ့ လွှဲရိုက်ပြီး စွတ်ပြေးမယ်လို့ တွေးနေတာဗျ။ အမေ့ချိုင့်က ကြွေရည်သုတ်ငါးဆင့်ချိုင့်လေဗျာ။
” တာတေ နင့်ချိုင့်ကြီးကို အောက်ချထားလိုက်ပါ။ကိုင်ထားရတာ
လေးသနဲ့ ။ ဒီမှာ ချိုင့်နဲ့ရိုက်ပြီး ထွက်ပြေးရမဲ့သူ ဘယ်သူ မှမရှိ
ပါဘူးဟာ”ကျုပ်တွေးတာကို သူသိနေပါလား ။ကျုပ်လည်း လက်ထဲက ချိုင့်ကိုကြမ်းပြင်ပေါ်ချထားလိုက်တယ် ။
” တာတေ နင်ဗိုက်စာနေတယ် မို့လား ။နင်ဘာစားချင်လဲ။
နင်စားချင်တာကျွေးလို့ရတယ်။ပြော ”
” ဟို ဟို ကျုပ်ဘာမှမစားချင်ပါဘူး သင်္ချိုင်းရှင်မကြီး ”
” ဟာ တာတေကလည်း နင်ဘာမှအန္တရာယ်မဖြစ်စေရပါဘူး
စားချင်တာပြောပါ “ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ။ အလွန်ကြမ်းတမ်းတဲ့ မဖဲဝါကြီးကအတော့်ကို ယဉ်ကျေးတာဗျာ။ကျုပ်ဖြင့် ယုံတောင် မယုံနိုင်အောင်ပါပဲ။
” တာတေငါ့ကို မအံ့သြနဲ့ ။ ငါက ငါကြိုက်တဲ့ အသွင်ကို ယူလို့ရတယ်ဟဲ့ “ကျုပ်တွေးတာကိုး သိနေတာဗျ။ ကျုပ်လည်း တွေးတောင်မတွေးရဲတော့ဘူးဗျို့ ။ဟော ထွက်လာကြပြီဗျို့ ။ ထွက်လာကြပြီ။ ငွေဗန်းလေးတွေ ကိုင်လို့ဗျ။ အောင်မလေး ကြောက်စရာကြီးတွေဗျာ။ဆံပင်ဖားလျား
ကြီးနဲ့ ထဘီရင်လျားထားတာက တစ်ယောက်ဗျ။နှဖူးတည့်တည့်မှာ မျက်လုံးတစ်လုံးပဲပါတယ်။ ပါးစပ်ကလည်းပြဲပြဲကြီးဗျ။ လက်ထဲက ဗန်းကို ကျုပ်ရှေ့က သစ်သားစားပွဲခုံပေါ်တင်လိုက်တယ်။
ဟော နောက်တစ်ယောက် အောင်မလေး ဗျာ။နားရွက်ကြီးက အကြီးကြီးပါလားဗျာ။တစ်ကိုယ်လုံးမှာလည်း အမွှေးအရှည်ကြီးတွေ ဖုံးလို့ဗျ။ဟာ လျှာနီနီကြီးက ပါးစပ်ထဲကနေ
တွဲလောင်းကြီးကျနေတာ။တစ်တောင်လောက်ရှိမယ်ထင်တယ်။
ယောကျ်လား မိန်းမလားတော့မသိဘူးဗျ၊ သူ့ရှေ့က ငွေလင်ဗန်းကို ကျုပ်ရှေ့မှာ လာချတယ်။
ပြီးတော့ မဖဲဝါရဲ့ နောက်မှာသွားပြီး ရို့ရို့်လေးတွေ ရပ်နေကြတယ်။ ကျုပ်က သူတို့ကို လိုက်ကြည့်နေတော့ မဖဲဝါက
ကျုပ်ကိုမေးတယ်။
” တာတေ နင်သူတို့ကို မြင်ရလား “” မြင် မြင်ရပါတယ် သင်္ချိုင်းရှင်မကြီး ဗျာ “” ဟေ နင်ဘာဖြစ်လို့ မြင်ရတာတုံး ”
” ကျုပ်ဆေးကွင်းထားလို့ပါ သင်္ချိုင်းရှင်မကြီး ”
” သြော် ဒါ့ကြောင့်ကိုး နင် ဒီဆေးဘယ်က ရတုံး”
” ဆရာကြီး နွံဖပေးတာပါ သင်္ချိုင်းရှင်မကြီး ”
” ကဲ တာတေ စားစား ”
ကျုပ်စားပွဲခုံပေါ်ကို လှမ်းကြည့်လိုက်တယ်။ရွှေရောင်ဝင်းနေတဲ့
ငှက်ပျောသီး တွေက တစ်ဗန်းဗျ၊ညိုပြီး ပြောင်နေတဲ့ ညိုတိုတို အသီးတွေက တစ်ဗန်းဗျ။ ကျုပ်ဘယ်စားရဲပါ့မလဲဗျာ။ဒါပေမဲ့
စားဘဲလည်းမနေနိုင်ဘူးဗျာ။ကဲ ဖြစ်ချင်ရာ ဖြစ်ဟာ ဆိုပြီး ငှက်ပျော်သီးတစ်လုံးကို ခွာစားလိုက်တယ်။
ဟာ ကောင်းလိုက်တာဗျာ။ကျုပ် ဆီးသီးလို အသီးတွေကို တစ်လုံးယူစားလိုက်တယ်။ကောင်းလိုက်တာ ချိုပြီး မွှေးနေတာ
ဗျ။ချက်ချင်းကို အားတွေပြည့်သွားသလိုပဲဗျာ။
” ကျုပ်ကို ပြန်ခွင့်ပြုပါ မဖဲဝါ “အရဲစွန့်ပြီး ခွင့်တောင်းကြည့်တယ်။


” အေးအေး ပြန်ပါ တာတေ။ငါက နင့်ကို ကြုံတုံး အိမ်လည်ခေါ်တာပါ ”
ကျုပ်ဘာမှမပြောဘဲ ထလိုက်တယ်။ချိုင့်ကို လက်ကဆွဲပြီး မဖဲဝါရဲ့
အိမ်ကြီးထဲကနေထွက်ခဲ့တယ်။ခွေးကြီးတော့ မတွေ့တော့ဘူးဗျ။
သုတ်သုတ်သုတ်သုတ် နဲ့ လျှောက်လာလိုက်တာနည်းနည်းလေး လှမ်းလာတော့ ကျုပ်နောက်ကို ဖြတ်ခနဲ လှည့်ကြည့်လိုက်တယ်။
” ဟာ သချိုင်းကုန်းကြီးပါလား ”
စောစောက ကျုပ်ထွက်လာတဲ့အိမ်ကြီးကို အစအနတောင် မတွေ့ရတော့ဘူးဗျ၊ ။ သင်္ချိုင်းကုန်းကြီးပဲတွေ့ရတယ်
ဟုတ်တာပေါ့ ဒါ မီးလောင်ကုန်းရွာ သင်္ချိုင်းကုန်းပဲ ။ဖဲသမားကိုအောင်ချစ်ကို မဖဲဝါ သတ်တာ ဒီသင်္ချိုင်းကုန်းပဲလေ
ဒါဆိုရင် မဖဲဝါရဲ့ အိမ်က ဒီနေရာမှာ ရှိတာလား။ ဒါမှမဟုတ်
အိမ်ကိုလည်း ကြိုက်သလို ဖန်ဆင်းနိုင်တာလား။ မီးလောင်ကုန်း
ရွာရဲ့ သင်္ချိုင်းကြီးမှာ ဖဲဝါရဲ့ အိမ်ကြီးတကယ်ရှိတာလား ။
ကျုပ်ကို သူခိုင်းတာလုပ်ပေးလို့ သူ့အိမ်ကို ဒီနေရာမှာ ခဏ
ဖန်ဆင်းပြပြီး အိမ်လည်ခေါ်တာလား။ကျုပ်လည်း တွေးလို့မရပါဘူးဗျာ။ဘာပဲပြောပြောပေါ့ဗျာ။
ကျုပ်စားခဲ့တဲ့ ငှက်ပျောသီး နဲ့ ဆီးသီးလို လို အသီးကတော့ တကယ်ကိုကောင်းတယ်ဗျာ။
ကဲ- ခဗျားရော မဖဲဝါ ရဲ့အိမ်ကို သွားလည်ကြည့်ချင်နေလား။

ပြီးပါပြီ

Leave a Comment