လူလော၊ ကျားလော၊ တစ္ဆေလော

” လူလော၊ ကျားလော၊ တစ္ဆေလော “(စ/ဆုံး)
+++++++++++++++++++++

“ဝေါင်း-”
“အမယ်လေး – ကျားကြီးတော့”
အိမ်ရှေ့ဝိုင်းမှာ မြေပဲချွေနေသော မြခင်၏
ကြောက်လန့်ဖွယ်ကောင်းသော အော်သံ
အဆုံး လှုပ်ရှားရုန်းကန်သံများ ထွက်ပြီး
မကြာခင် ငြိမ်သက်သွားသည်။
“မြခင်-မြခင်”
အိမ်ပေါ်မှ ဒေါ်အေးညွန့် -သမီးအော်သံ
ကြောင့် အိမ်ပြင်ဝရံတာထွက်ပြီး ခေါ်သည်။
လကွယ်ညဖြစ်၍ ရေနံဆီမီးအိမ်ထွန်းကာ
နေ့ခင်းက နှုတ်ထားသော မြေပဲပင်များမှ
မြေပဲတောင့်များကို တောင်းထဲ ချွေထည့်
နေသည်။
“မြခင် -ဘယ်ရောက်သွားလဲ၊
ကိုတိုး…တော့သမီး အော်သံကြားပြီး
ပျောက်သွားတယ်–ဓါတ်မီးယူပြီး
ဆင်းကြည့်ပါဦး”
အိမ်ထဲမှာ ညစာထမင်း ထိုင်စားနေသော
ဦးတိုးလည်း စားလက်စဖြတ်ကာ လက်ဆေး
ပြီး ဓါတ်မီးဆွဲ၍ အိမ်ပေါ်မှ ဆင်းလိုက်သည်။
ထမင်းစားရင်း လင်မယားနှစ်ယောက် လုပ်
ငန်းအကြောင်း စကားပြောဆိုနေ၍ သမီး
အော်သံကိုသာ ကြားလိုက်သည်။ ဘာဖြစ်
မှန်း မသိလိုက်၊ ဒေါ်အေးညွန့်လည်း အိမ်
အောက်ကို ဆင်းလိုက်သည်။
“ဟင်…ဒီမှာ စွတ်ကြောင်းရာကြီး၊ အိမ်
နောက်ဘက်ကို ဆွဲသွားတဲ့ အရာပဲ”
သူတို့ သိပ်မရှာလိုက်ရ။
“ဟာ-သ-သမီး-မြခင်”
“အမယ်လေး သမီးရဲ့ …ဘယ်လို
ဖြစ်ရတာလဲ…ဟီး…ဟီး…”
ရင်ဘတ်တစ်ခုလုံး ပွင့်ပြီး သွေးအလိမ်း
လိမ်းနှင့်သေဆုံးနေသော သမီးဖြစ်သူအား
တွေ့လိုက်သည်။ ခန္ဓာကိုယ်မှာလည်း ကုတ်
ခြစ်ရာများ တွေ့ရသည်။ ဒေါ်အေးညွန့်၏
အော်ဟစ်ငိုယိုသံကြောင့် အိမ်နီးနားချင်း
များလည်း ထိုနေရာသို့ ရောက်လာသည်။
“ဟာ …ဒါ …ကျား…ကျား…ကျား ကိုက်တာ
ဖြစ်မယ်၊ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်း
က ညနေပိုင်း ရွာဝန်းကျင်မှာ ကျားတစ်
ကောင်ကို မြင်လိုက်တဲ့ လူတွေ ရှိတယ်
ဒီကျားပဲ ဖြစ်မယ်”
“မကောင်းတဲ့နိမိတ် ကျရောက်တော့မှာ
မို့လား မသိဘူး၊ မနေ့က ညနေပိုင်း ဒီနား
က သစ်ပင်ပေါ် ဠင်းတတွေ ဝဲနေတာ
နားနေတာ ကျုပ်နဲ့ကိုတင်မောင် မြင်
လိုက်သေးတယ်”
“ကျားက လူသားစားရင် နောက်လည်း
သတ်စားဦးမှာပဲ”
“ဒီကျားက ဘာစားသွားတာလဲ …ရင်အုံ
ကို စားတာလား”
“မဟုတ်ဘူးထင်တယ် အထဲကို နှိုက်စား
သွားတာ အူတွေ အသည်းတွေ စားတာ
များလား”
ရွာသူရွာသားတွေ ထင်မြင်ချက်အမျိုးမျိုး
ပေးနေစဉ်…
ဒေါ်အေးညွန့် သတိမေ့သွားသဖြင့် သတိ
ရအောင် အိမ်ပြန်ခေါ်သွားပြီး ပြုစုပေးနေ
ရသည်။ သုံးနာရီခန့်အကြာ၊ သူကြီး အ
ကြောင်းကြားလိုက်သဖြင့် မြို့ဂိတ်မှ
ညသန်းခေါင်ခန့် ပုလိပ်များ ရောက်လာ
ကြသည်။ အလောင်းကို လှည်းနဲ့တင်ပြီး
ဆေးရုံသို့ သယ်သွားကြသည်။
အလောင်းသွားပို့သူများ ပြန်လာကြသည့်
အခါ ကျားက မည်သည့်ခန္ဓာကိုယ် အစိတ်
အပိုင်းကိုမှ မစားဘဲ၊ မြခင်၏ နှလုံးသား
တစ်ခုထဲကိုသာ ကောက်ယူစားသုံးသွား
သည်ဟု သိလိုက်ကြသည်။
“ဘယ်လိုကျားလဲ – လူသားမစားဘဲ
လူ့နှလုံးကိုမှ ဖောက်စားရတယ်လို့ ”
ထိုကဲ့သို့ ထူးထူးဆန်းဆန်း ကျားတစ်ကောင်
ရိုးတိုးရိတ်တိတ် တွေ့ကြပြီး မကြာခင် အပျို
မိန်းခလေးတစ်ယောက် ကျားဆွဲခံရကာ
နှလုံးဖောက်စားပြီး သေဆုံးသွားရသည့်
အကြောင်း ပြောမဆုံး ဖြစ်ခဲ့ကြသည်။
ထိုအဖြစ် ထိုစကားများ တစ်ပတ်က
ဆက်ရက်လွန်သည်နှင့် မေ့မေ့ပျောက်
ပျောက် ဖြစ်သွားသည်။
– – – – – – – – –
“မအေးညွန့် သတင်းထူးကြားသေးလား”
“ဘာကြားရမှာလဲ ကိုတိုးရဲ့ …ကျုပ်က
အိမ်နဲ့လယ်၊ လယ်နဲ့ အိမ်ပဲ သွားလိုက်
ပြန်လိုက်လုပ်နေတာ၊ ရွာသတင်း နား
မထောင်အားပါဘူးတော်…ဘာကြား
ခဲ့လို့လဲ”
“တို့သမီး မြခင်သေတာ လကွယ်ည
မဟုတ်လား”
“ဟုတ်တယ်လေ…လကွယ်နေ့ကတောင်
ဘုန်းကြီးကျောင်းကို တစ်လပြည့်လို့ ဆွမ်း
ချိုင့်သွားလှူခဲ့သေးတာပဲ”
“အခု…ဇောင်းချမ်းရွာမှာ လကွယ်ညက
မိန်းကလေးတစ်ယောက် ကျားဆွဲခံရပြီး
တို့သမီးလိုပဲ နှလုံး ဖောက်စားသွားတယ်
တဲ့၊ ရွာရှေ့ပိုင်းက ကိုထွန်းခင် ဇောင်းချမ်း
ရွာက ပြန်လာရင်း သူကြားခဲ့တဲ့သတင်း
ငါ့ကို ဝင်ပြောသွားတယ်”
“ဟင် …ဒါ… ဒါဆို ကျားက လကွယ်ည
ရောက်ရင် မိန်းကလေးတွေရဲ့ နှလုံးကို
ဖောက်ယူစားတာပေါ့ – မိန်းကလေးက
ဘယ်အရွယ်လောက်ရှိလဲ”
” အသက် ဆယ့်ရှစ်နှစ် အပျိုလေးပဲတဲ့”
“ဟင်-ကျားက – အပျိုလေးတွေမှ
သတ်စားတာလား”
“တိုက်ဆိုင်လို့ ဖြစ်မှာပါ မိန်းမရယ်”
“ဘုရား-ဘုရား-လကွယ်က နှစ်ည
မိန်းကလေးက နှစ်ယောက် အပျိုလေး
တွေ …တိုက်ဆိုင်တာတော့ မဟုတ်
လောက်ဘူး ဒီကျားဆိုးကို မြန်မြန်
မိပါစေ”
ထိုအဖြစ်က မိန်းကလေးနှစ်ယောက်
နှင့် ပြီးမသွားခဲ့။ နောက်လ လကွယ်ည
ရောက်တော့ ကညင်ချောင်းရွာက ဆယ့်
ခြောက်နှစ်ခန့်ရှိ အပျိုမလေးတစ်ယောက်
လယ်ကွင်းက အပြန် ကျားဆွဲခံရပြီး နှလုံး
ဖောက်စားသွားသည်ဟု ကြားပြန်သည်။
“ရွာသုံးရွာရှိပြီ ဒါဆို နောက်မဖြစ်သေးတဲ့
ရွာတွေ သတိပေးနေရတော့မှာပေါ့၊ ဒီကျား
က လကွယ်ည၊ တစ်ရွာတစ်ယောက်စားနေ
တာလားတိုက်ဆိုင်တာတော့မဖြစ်နိုင်ဘူး”
တစ်ရွာပြီးတစ်ရွာ ထူးဆန်းစွာ ကျားစား
ခံနေရ၍ ထိုရွာများနှင့် နီးစပ်သောကျား
နှင့် မကြုံတွေ့ရသေးသည့် ရွာများမှာ
နေထိုင်သော ရွာသူရွာသားတို့လည်း
လဆုတ်ရက်ရောက်သည်နှင့် သတိနှင့်
သွားလာနေထိုင်ကြသည်။
အပျိုအရွယ် မိန်းကလေးများကိုလည်း
မလွဲသာသည့် ကိစ္စမှသာ အပြင်လွှတ်
သည်။ အဖော်မပါဘဲနှင့်တော့ အပြင်
မလွတ်ရဲတော့။
ထိုကဲ့သို့ သတိထားနေသည့်အတွက်
ထန်းသုံးပင်ရွာမှာ ထူးထူးဆန်းဆန်းများ
ကို လူတွေ သတိထားမိလာကြသည်။
ညနေလေးနာရီနောက်ပိုင်း ရွာဝန်းကျင်
မှာ တစ်ခါမှမမြင်ခဲ့ရသော ဠင်းတသုံး
ကောင်ကို ရွာသားတို့ မြင်ကြရသည်။
ထို့ကြောင့် ရွာသားတို့လည်း ပိုပြီးသတိ
ထားလာကြသည်။
ငယ်ရွယ်ဖျတ်လတ်သော လူရွယ်များ
တုတ်၊ ဓါးကိုယ်စီကိုင်ပြီး ရွာဝန်းကျင်မှာ
လကွယ်ည မှောင်စပျိုးကတည်းက ပုန်း
ကွယ်စောင့်နေကြသည်။ ချုံပုတ်များ၊
သစ်ပင်ကြီးများနောက်မှာ ပုန်းအောင်း
ရင်း အပြင်က ဝင်ရောက်လာမည့်
အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်
အသင့်စောင့်နေကြသည်။ ထိုစဉ်
လူတစ်ယောက် ခြံထဲဝင်သွားသည်
ကို ပုန်းနေသော လူက မြင်သွားသဖြင့်…
“ဟေ့လူ အပြင်မထွက်နဲ့၊ လူရိပ်လူယောင်
မတွေ့စေနဲ့၊ အထဲပြန်ဝင်”
လကွယ်ည အမှောင့် သစ်ရိပ်ဝါးရိပ်တို့
ကြောင့် ခပ်လှမ်းလှမ်းမှ လူကို မြင်သော်
လည်း မည်သူမှန်းတော့ မသိ၊ ရွာသား
တစ်ယောက် ပုန်းနေရာမှ အပြင်ထွက်
သည့်အတွက် အော်ဟစ်သတိပေးလိုက်
ခြင်းဖြစ်သည်။ ထိုအမှောင်ရိပ်ထဲမှ လူက
သတိပေးသံကို ဂရုမပြုဘဲ ရွာထဲသို့
အထင်သားဝင်သွားသည်။
“ဒီလူတော့ မိန်းကလေးကို ကျားမစားဘဲ-
ဒင်း အစားခံရတော့ မြင်သေးတယ်”
လမ်းပေါ်ကလူက သူ့စကားကို ဂရုမစိုက်ဘဲ
ပေါ်ပေါ်ထင်ထင် ရွာထဲဝင်သည့် လမ်းအတိုင်း
ဝင်သွားသော လူကို တီးတိုးဝေဖန်ရင်း ကျန်
ခဲ့သည်။ သူတို့ ရွာပြင်ကို ဂရုစိုက်ကြည့်နေ
သည်။ ဘာကောင်မှ ပေါ်မလာ ဒီရွာမဝင်ဘဲ
အခြားရွာကိုများ ဝင်သွားပြီလားဟု စိတ်မှာ
အတွေးရောက်နေကြသည်။ အချိန်က ကိုး
နာရီဝန်းကျင်သို့ ရောက်လာသည်။
ဒေါင်-ဒေါင်-ဒေါင်-ဒေါင်-
ဒုန်း-ဒုန်း-ဒုန်း-
“ဟာ တောင်ပိုင်းက အချက်ပေးသံတွေ
ဆူညံနေပါလား”
ရွာပြင်ကို စောင့်ကြည့်နေသော ရွာသားများ
အချက်ပေးသံကြားရာသို့ ပြေးသွားကြသည်။
“ပါသွားပြီ…ထွေးထွေးမူကို ကျားကိုက်သွားပြီ”
“ဘယ်လိုပါတာလဲ လူတွေ ဒီလောက်
အစောင့်နေကြတာ”
“စောင့်တဲ့လူတွေက ခြံစပ်မှာ မိန်းကလေး
တွေက အိမ်ပေါ်မှာနေတာ ကျား…ကျားက
ရိုးရိုးကျား မဟုတ်ဘူးကွ၊ သူ့အဖေ ဦးတင်
မောင် အသေအချာ မြင်လိုက်တယ်တဲ့”
“ဟင် …ဘယ်လိုကျားလဲ ကျားသရဲလား”
“ဘယ်ကလာ ကျားသရဲရမှာလဲ သမန်းကျားကွ”
“ဟေ…”
ထိုစဉ် ထွေးထွေးမူ ဖခင် မျက်နှာညှိုးငယ်စွာနှင့်
အိမ်ပေါ်က ဆင်းလာသည်ကို တွေ့သဖြင့် သ
တင်းဝိုင်းမေးကြသည်။
“ဦးလေးက ဘယ်လိုသိလိုက်တာလဲ”
“ငါက ခြံထောင့်မှာ ဝါးချွန်းကိုင်ပြီး အပြင်ကို
ကြည့်နေတုန်း ခြံထဲ လူတစ်ယောက် ဝင်လာ
တာတွေ့တယ်…အမျိုးလား၊ ရွာသားလား
တစ်ယောက်ယောက် ဝင်လာတာပဲဆိုပြီး
လှမ်းမခေါ်ဘဲ သူ့ကို လှမ်းကြည့်နေလိုက်
တယ်၊ အဲဒီအချိန်မှာပဲ…အိမ်ကို နောက်
ကျောပေးပြီး ဂျွမ်းပစ်လိုက်တယ်၊ အိမ်ပေါ်
ကိုကျားဖြစ်ပြီး ကျသွားတာကွ၊ ငါ…ရုတ်တ
ရက် မြင်ပြီး အံ့သြမင်သက်သွားတယ်
အော်ရမှန်း မေ့သွားတယ်၊ ဝါးချွန်ဆွဲပြီး
အိမ်ဆီပြေးသွားတာ ငါအိမ်နားလည်း
ရောက်ရော နောက်ပေါက်က ဝုန်းခနဲ
ခုန်ချသွားတယ်၊ ငါ…အိမ်ပေါ်ပြေးတက်
သွားတော့ သွေးအိုင်ထဲမှာ အသက်
ပျောက်နေတဲ့ ငါ့သမီးနဲ့ ငါ့ဇနီးကို တွေ့
လိုက်တယ်။ ထုံးစံအတိုင်းပဲ ငါ့သမီးရဲ့
နှလုံးကို ဖောက်စားသွားတယ် ဟီး
ဟီး…ဟီး.…ငါ …မကြည့်ရက်လို့
ဆင်းလာခဲ့တာ”
ရွာသားများလည်း ဦးတင်မောင်အိမ်သို့
စုရုံးရောက်ရှိလာပြီး ကျားကို မမိလိုက်သော်
လည်း ကျားကိုက်သွားသော သားအမိနှစ်
ယောက်၏ အသုဘအတွက် ဝိုင်းဝန်းကူညီ
လုပ်ကိုင်ပေးနေကြတော့သည်။
– – – – – – – – –
“မောင်ကျော်သိုက်…မောင်ကျော်သိုက်”
“ဟာ …ဆရာကြီး အိမ်ကိုရောက်လာယ်
ခိုင်းစရာ ရှိတာ ခေါ်လိုက်ပေါ့ ဆရာကြီး
ရယ်”
“ကိစ္စရှိလို့ လာခဲ့တာ၊ အထက်က အမိန့်
ချလိုက်တယ်၊ တို့ …မအူတန်းရွာကို သွား
ရမယ်”
“မအူတန်းရွာဆိုတော့ ကျနော်တို့ရွာဘက်က
လှည့်သွားရမှာပေါ့”
“အေး-ဒါကြောင့် မင်းကို ဆရာကြီးအိမ်
မခေါ်ဘဲ မင်းရှိတဲ့နေရာ ဆရာကြီး
လာခဲ့ရတာပေါ့”
“ဆရာကြီး အချိန်ရသေးလား
အရေးကြီးလား”
“အချိန်ရပါတယ်၊ ညနေသုံးနာရီကျော်မှ
ရွာက ထွက်ကြတာပေါ့ မောင်ကျော်သိုက်
ပြင်စရာရှိပြင် ရေချိုးချင်လည်း ချိုးလိုက်”
“ကျနော် နေ့လည်စာ မစားခင် ချိုးထား
ပြီးပါပြီ…ဆရာကြီး အညောင်းအညာဆန့်
ပါ၊ ရေနွေးကြမ်းလည်း သုံးဆောင်ပါဦး
ကျတော် ပြင်ဆင်စရာရှိတာ ပြင်ဆင်
လိုက်ပါမယ့်”
“မင်းအဘိုးပေးခဲ့တဲ့ လွယ်အိတ်ပါယူခဲ့၊
တို့အတွက် အချိန်ရပါတယ်၊ မနက်ဖြန်
မှ အလုပ်ကိစ္စစမှာ၊ အေးအေးဆေးဆေး
လုပ်၊ မအူတန်းရွာကို ညမိုးချုပ်ခင် ရောက်
ရင်တော်ပြီ”
“ဟိုမှာ …တည်းစရာ အဆင်သင့်ရှိလား
ဆရာကြီး”
“အေး…ရှိတာပေါ့၊ ဘုန်းကြီးကျောင်းရှိရင်
ဆရာတို့ အတွက် တည်းစရာရှိပြီပေါ့”
ကျော်သိုက်လည်း အဘိုးတောတွင်းစခန်း
မဝင်ခင် အပြီးအပိုင်ပေးခဲ့သော အင်းအိုင်
လက်ဖွဲ့များ ထည့်ထားသည့် လွယ်အိတ်ကို
ယူလိုက်ပြီး ရေနွေးကြမ်း သောက်နေသော
ဆရာကြီးဘေးမှာ ဝင်ထိုင်လိုက်သည်။
“မောင်ကျော်သိုက် -မိဘတွေ
အိမ်မှာ မရှိဘူးလား”
“အဖေက လယ်ကွင်းထဲသွားပါတယ် အမေ
ကတော့ ခြံနောက်ဘက်မှာဟင်းရွက်ခူးနေပါ
တယ်၊ ကျတော်ဆရာနဲ့ လိုက်သွားမယ့်အကြောင်း
သွားပြောလိုက်ပါဦးမယ်”
“အေး…သွား၊ မောင်ကျော်သိုက်လာတာနဲ့
ဆရာတို့ ခရီးထွက်တာပေါ့”
ဆရာကြီးက အိမ်ပေါ်မှာ ဆယ့်ငါးမိနစ်မျှထိုင်
ကာ ရေနွေးသောက်ပြီး သွားရန်ပြင်သဖြင့်
ကျော်သိုက်လည်း မိခင်ဖြစ်သူအား သွား
ရောက်အသိပေးလိုက်သည်။
“အေး …အေး …ဆရာ့အားကိုးနဲ့ နေရာ
တကာ ဝင်မပါမိစေနဲ့နော်…ဆရာခိုင်းမှလုပ်”
“ဟုတ်ကဲ့ …သား …သွားတော့မယ်နော်”
“အေး…အေး…သွား…သွား”
မိခင်ဖြစ်သူ၏ ဖခင်က အထက်လမ်း ဆရာကြီး
ဖြစ်၍ အတွေ့အကြုံ ရှိပြီးသားဖြစ်သည်။ ဖခင်
ဖြစ်သူက တရားစခန်းဝင်သွားပြီး သားဖြစ်သူ
အား အထက်လမ်းပညာကို အမွေပေးခဲ့သော်
လည်း တပည့်ဖြစ်သည့် အထက်လမ်းဆရာ
ကြီး ဘိုးရှိုင်းထံမှ အပ်ထားခဲ့သည်။
ထို့ကြောင့် သားဖြစ်သူ ဆရာဘိုးရှိုင်းနှင့်
လိုက်သွားမည်ဆိုသည့်အတွက် မှာစရာရှိသည်ကို
မှာကြားခြင်းဖြစ်သည် ။ ကျော်သိုက်အသက်က
နှစ်ဆယ့်သုံးနှစ်သာ ရှိသေးသည်။ ဆရာတစ်ဆူ
မဖြစ်သေး၊ ဆရာကြီး ခိုင်းသရွေ့သာ ဝင်ရောက်
ကူညီလုပ်ကိုင်ပေးရသည်။ ဆရာတပည့်နှစ်
ယောက် အောက်စုရွာမှ ထွက်ခဲ့ကြသည်။
လမ်းမှာ ဆရာကြီးက ကျော်သိုက်အား…
“ဆရာတို့ အခုသွားရမယ့် ကိစ္စက ကျားမှော်
အဆင့်တက်နေတဲ့ ကဝေကောင်ကို သွားနှိမ်
နင်းရမှာ၊ သူက ကဝေဆယ့်နှစ်ကြိုးတင်မကဘဲ
ကျားမှော်ပါ လိုက်စားနေတော့ လူ့အသက်တွေ
မသေသင့်ဘဲ သေနေရတယ်…အထက်က
ဒီကိစ္စကို သိပြီး ဆရာကြီးကို အမြစ်ဖြုတ်
နှိမ်နင်းပစ်ဖို့ လွှတ်လိုက်တာပဲ”
“မရှင်းလို့ မေးပါရစေ ဆရာကြီး၊ ကျနော်တို့
မန်ကျည်းတောရွာက ကဝေကြီးကို သွားနှိမ်
နင်းတုန်းက အဲဒီကဝေကောင်ကြီး ကိုးတောင်
ကျားအဖြစ် ပြောင်းပြီး ဆရာကြီးကို ပြန်တိုက်
လို့ ဆရာကြီးက ကျားဖြူရုပ်လေး အသက်
သွင်းပြီး ကျားဖြူကြီးအဖြစ်နဲ့ ပြန်တိုက်ခိုက်
ခဲ့တယ် မဟုတ်လား၊ အဲဒီ ကဝေကြီးက
ကျားမှော်အောင်ထားလို့ ပြောင်းနိုင်တာလား”
“မဟုတ်ဘူး မောင်ကျော်သိုက် ကဝေ
ဆယ့်နှစ်ကြိုးအောင်ပြီးရင် ပြောင်းချင်တဲ့
သတ္တဝါ ပြောင်းနိုင်တဲ့ အစွမ်းရှိတယ် ဒါက
တစ်ပိုင်း အခု ကျားမှော်က သပ်သပ်ပညာ
လိုင်းပဲ”
“ကျနော် နားမရှင်းဘူး ဆရာကြီး၊ ကျား
မှော်အတွက်ကျင့်နည်းရှိလား”
“ဆရာ မင်း သဘောပေါက်အောင် ပြော
ရမယ်ဆိုရင် ကျားမှော်အောင်ချင်တဲ့
အောက်လမ်းဆရာတစ်ယောက်က
ကျားကိုက်လို့ သေတဲ့ အစိမ်းသေကို
ရှာရတယ်၊ ကျားကိုက်လို့ သေတာတောင်
မှ ရိုးရိုးသေတာ ၊ ဆန်းဆန်းသေတာ ရှိ
သေးတယ်ကွဲ့၊ ရိုးရိုးသေတာက ကျား
ကိုက်ခံရပြီး ကြောက်ကြောက်လန့်လန့်
နာကျင် အသက်ထွက်သွားရတာ၊ ဆန်း
ဆန်းသေတာက တောလိုက်မုဆိုးပဲဖြစ်
ဖြစ်၊ ရိုးရိုးလူပဲ ဖြစ်ဖြစ် ကျားနဲ့ရင်ဆိုင်
တိုးပြီး သူနိုင်ကိုယ်နိုင် တိုက်ခိုက်ရင်း
အားမတန်မာန်လျော့တဲ့ သေချင်းမျိုးကိုဆိုတာ၊
အဲဒီသေသွားတဲ့ ဝိညာဉ်တွေက သေကာမှ
သေရော ကျားကို အနိုင်ချချင်တဲ့စိတ်က
တွယ်ငြိသွားတယ် ကျားမှော်အောင်ချင်ရင်
ကျားနဲ့ သူနိုင်ကိုယ်နိုင်ချပြီး သေသွားတဲ့
အစိမ်းသေကို ရှာရတယ်၊ တွေ့ပြီဆိုရင်
သူ့ကို မြေချပြီးတာနဲ့ ပိုင်ရှင်အလစ်မှာ
ပြန်ဖော် အလောင်းခေါင်းရင်းမှာ အစီအ
ရင်လုပ်ထားတဲ့ ဖယောင်းတိုင်ကို အရိုး
ခေါင်းပေါ် ထွန်းပြီး မန္တန်ရွတ်လို့ အလောင်း
ကို အသက်ပြန်သွင်းရတယ်
အလောင်းကို အသက်သွင်းတယ်ဆိုတာ
လူကို ရှင်အောင် လုပ်တာမဟုတ်ဘူး။
သေပြီးသူရဲ့ ဝိညာဉ်ကို ခိုကပ်ခိုင်းရတာ၊
အလောင်းမျက်လုံးဖွင့်ပြီး ထထိုင်ရင်
ကျားကိုက်ခံရတဲ့ နေရာရောက်အောင်
ခေါ်သွားရတယ်
သူ …သေဆုံးခဲ့တဲ့ နေရာရောက်တာနဲ့
ကျားထွက်လာအောင် ဟိန်းသံပေးရတယ်
သွေးဆာနေတဲ့ကျားက လောလောလတ်
လတ် သေထားတဲ့အလောင်းပေါ်က သွေး
ညှီနံ့ကြောင့် မကြာခင် ထွက်လာပါလိမ့်မယ်၊
အသက်သွင်းထားတဲ့ အလောင်းကို
ကျားကို သေအောင် ပြန်သတ်ဖို့
စကားသွင်းထားရတယ်။
မင်းကို သတ်သွားတဲ့ကျားကို…မင်းပြန်
သတ်ရမယ် ကျားလည်ပင်းကို မလွတ်တမ်း
ဖမ်းညှစ်ထားနိုင်ရမယ်၊ ကျား ဘယ်လိုရုန်း
ရုန်း ဘယ်လိုပြန်ကိုက်ကိုက် သေပြီးသား
အကောင်မို့ မနာကျင်တော့ဘဲ ကျားလည်
ပင်းကို မလွတ်တမ်း ညှစ်ထားလို့ ကျားသေ
သွားရင် အောက်လမ်းဆရာက ကျားမာန်
သွင်းခုန်အုပ်ပြီး ကျားသေရဲ့ နှလုံးကို ချက်
ချင်းကိုက်ဖောက်ပြီး စားနိုင်ရင် ကျားမှော်
အောင်ပြီပဲ၊
နှလုံးကို စားပြီးတာနဲ့ အလောင်းကောင်ကို
သင်္ချိုင်းပြန်ပို့ ဝိညာဉ်ကို လွတ်ရာကျွတ်ရာ
သွားခွင့်ပေးလိုက်၊ မြေပြန်ဖို့ပြီး ကိုယ်လို
ရာ သွားလို့ရပြီ။
အဲဒီအချိန် အောက်လမ်းဆရာက နောက်
ဂျွမ်းပစ်ရင် ကျားဖြစ်ပြီး ရှေ့ဂျွမ်းပစ်ရင်
လူပြန်ဖြစ်တယ်ကွဲ့၊ အခု…အဲဒီဆရာက
သူ့အစွမ်းအစတွေ အမြဲပျိုမြစ်နေဖို့ အပျို
ခုနှစ်ယောက်ရဲ့ နှလုံးကို ဖောက်ယူစား
ဖို့ လုပ်နေတယ်။ အခု လေးယောက်
မြောက် စားပြီးသွားပြီ၊ အထက်က
အခုမှသိပြီး အမြန်တားဖို့ လွှတ်
လိုက်တာပဲ”
“ဒါနဲ့ – ကျနော် မသိလို့ မေးပါရစေ၊
အဲဒီအောက်လမ်းဆရာက အခြား
သက်ကြီးတဲ့ ယောက်ျားမိန်းမ နှလုံး
တွေကို ဘာကြောင့်မစားတာလဲ”
“ဒါက ဓါတ်သဘောဆောင်တယ်ကွဲ့၊
အအိုကိုစားရင် အိုတဲ့ သဘောမဟုတ်
လား၊ အပျိုဆိုတော့ နုပျိုခြင်း သဘော
ဆောင်တယ်မဟုတ်လား၊ အဲဒါကြောင့်
အပျိုလေးတွေကို ရွေးချယ်ပြီး စား
သောက်နေတာပဲကွဲ့”
ကျော်သိုက်လည်း ဆရာဘိုးရှိုင်းရှင်းပြ
သည့်အတွက် လာရင်းကိစ္စကို သိသွား
တော့သည်။ မကြာခင် မအူတန်းရွာသို့
ရောက်မှန်းမသိ ရောက်ခဲ့သည်။ မအူ
တန်းရွာသို့ ရောက်တော့ မှောင်စပျိုး
ပြီး နေဝင်သွားသည်မှာ နာရီဝက်ခန့်
ပင် ရှိနေသည်။ ဆရာကြီးက ဘုန်း
တော်ကြီးကျောင်းသို့ တန်းသွားသဖြင့်
ကျော်သိုက်လည်း နောက်က လိုက်
ခဲ့သည်။
“လာ…မောင်ကျော်သိုက် ဒီကျောင်းက
ဆရာတော်နဲ့ ဆရာကြီး ရင်းနှီးပါတယ် လာ”
“ဟုတ်ကဲ့ ဆရာကြီး”
ခဏနေတော့ ဆရာတော်ကြီး သီတင်း
သုံးသည့်ကျောင်းသို့ တက်လာခဲ့သည်။
ဆရာတော်ကြီးက သက်တော် ခုနှစ်ဆယ်
ခန့်ရှိသည်။ မျက်စိကောင်းပြီး သန်မာ
ဖျတ်လတ်တုန်းပင်။
“ဒကာကြီးတို့ ဆရာတပည့်နှစ်ယောက်
ဘယ်ကလှည့်လာကြတာလဲကွဲ့”
“ဒီရွာကိုပဲ လာတာပါ ဘုန်းဘုန်း”
“အင်း …ဘုန်းကြီးတို့ အနီးအပါးက
ရွာတွေ ကပ်စိုက်နေတာ ဒကာကြီး
ကြားပြီးပြီလား”
“အဲဒီကိစ္စကို ဖြေရှင်းပေးမလို့ တပည့်
တော် လာခဲ့တာပါ ဘုရား”
“သာဓု သာဓု သာဓု သတ္တဝါတွေ ကျန်းမာ
ချမ်းသာကြပါစေ၊ ဒကာကြီးတို့ စကားကြား
လို့ ဘုန်းကြီးလည်း စိတ်ချမ်းသာသွားပြီးကွဲ့”
“ကပ္ပိယကြီး မတွေ့ပါလား”
“ကျောင်းအောက်မှာ တွေ့လိုက်တယ်ဘုရား”
“မောင်ကျောင်းသား ကပ္ပိယကြီးကို ခေါ်လိုက်”
“ကပ္ပိယကြီး ဒီက ဒကာကြီးနဲ့ ဒကာလေးတို့
ဘာမှ စားလာခဲ့ရဦးမှာ မဟုတ်ဘူး တစ်ခုခု
စီစဉ်ပေးလိုက်၊ ပြီးတော့ လူထွက်သွားတဲ့
ကိုရင်သုမန အခန်းမှာ အိပ်ရာပြင်ပေးလိုက်”
“တင်ပါဘုရား”
“ကဲ…ဒကာကြီးနဲ့ ဒကာလေး ဟိုဘက်
ကျောင်းဆောင်ကို လိုက်သွား…အဲဒီကျောင်း
ဆောင်မှာ သင့်သလို နားနားနေနေ နေကြ။
ကျောင်းမှာတော့ ဒီအချိန် ဆွမ်းမရှိနိုင်တော့
ဘူး ငှက်ပျောသီးတို့ လက်ဖက်တို့ ရေနွေး
တို့တော့ ရှိတော့ကွဲ့”
“တင်ပါ့ …တပည့်တော်တို့အတွက် စိတ်မ
ပူပါနဲ့၊ ဘုရားရှိတာနဲ့ ပြီးပါတယ်ဘုရား”
ဆရာကြီးနှင့် ကျော်သိုက်လည်း ဆရာ
တော်ကြီး၏ အဆောင်မှ နေ၍ ဦးချပြီး
ညအိပ်ရန် နေရာသို့ ကပ္ပိယကြီးနှင့်
လိုက်ခဲ့သည်။ ကပ္ပိယကြီး ချကျွေးသော
အစာကို စားရင်း ရွာက ထူးခြားချက်ကို
မေးမြန်းစုံစမ်းကြည့်သည်။ ကပ္ပိယကြီး
က ဆရာကြီးအား…
“ဒီကိစ္စ ကျတော် သေသေချာချာ မသိဘူး
ဆရာကြီး၊ မနက် ဆွမ်းခံထွက်တုန်းက
ဦးစိုးသိန်းတို့အိမ်မှာ ပြောနေသံ ကြားနေ
ရတယ်။ အခုနှစ်ရက်လောက်ရှိပြီ
ကောင်းကင်မှာ ဠင်းတသုံးကောင်
ပျံဝဲနေတာ တွေ့တယ်တဲ့”
“ဒါဆို အဲဒီဦးစိုးသိန်းကို ဒီကျောင်းကို သွား
ခေါ်ခဲ့ပါလား…စုံစမ်းစရာလေး နည်းနည်း
ရှိလို့ ”
ကပ္ပိယကြီး ဆင်းသွား၍ နာရီဝက်ခန့်အကြာ
ကပ္ပိယကြီးနှင့်အတူ လူကြီးသုံးယောက်
လိုက်ပါလာသည်။
“ဒါက ဦးစိုးသိန်းပါ သိလိုသမျှ မေးပါ”
ဦးစိုးသိန်းက ဆရာကြီးနှင့် သက်တူရွယ်တူ
ခန့် ရှိသည်။ အားလုံးထိုင်ပြီးသည်နှင့် ဆရာ
ကြီးက စကားစလိုက်သည်။
” ဟုတ်ကဲ့ ဆရာကြီး၊ ကျတော်တို့ အားလုံး
မြင်ကြပါတယ်”
“သူတို့ ဘယ်သစ်ပင်၊ ဘယ်ခြံမှာ ခဏတဖြုတ်
နားတာ တွေ့လဲ”
“ကျတော်ခြံထောင့်က ကုက္ကိုပင်ကြီးပေါ်
ဆယ်မိနစ်လောက် နားနေပါတယ်၊ အစ
က ရွာပေါ်မှာ ပျံဝဲနေတယ်၊ တစ်ရွာလုံး
လိုလို မြင်ရတယ် ဆရာကြီး ညနေငါး
နာရီဝန်းကျင်လောက် ရောက်တော့
ကျတော့်ခြံထောင့်က ကုက္ကိုပင်မှာ
သုံးကောင်လုံးနားတယ်၊ နားတဲ့အချိန်
ဆယ်မိနစ်လောက်ရှိတယ် ပြီးတော့
တောင်ဘက်ကို ပျံထွက်သွားပြီး ပေါ်
မလာတော့ဘူး”
“မောင်ရင့် နာမည်က”
“သိန်းအောင်ပါ ဆရာကြီး”
“အင်း…မောင်သိန်းအောင်မှာ သားပျို
သမီးပျိုရှိလား”
“ဟုတ်ကဲ့ သားတစ်ယောက် သမီး
တစ်ယောက် ရှိပါတယ် သားက
ဆယ့်လေးနှစ်၊ သမီးက ဆယ့်ခုနှစ်
နှစ် ရှိပါပြီ”
“အင်း…ကဝေကောင် သားကောင်
တွေ့သွားပြီကွဲ့ ”
“ဗျာ…”
“အင်း…မောင်သိန်းအောင်ရဲ့ သမီးကို
လကွယ်ညရောက်ရင် နှလုံးဖောက်စား
ရအောင် ကဝေကောင် ကျားယောင်
ဆောင်ပြီး ရောက်လာလိမ့်မယ်”
“ဗျာ – အဲဒါ သမန်းကျား မဟုတ်ဘူးလား
ဆရာကြီး”
“ဘယ်က ဟုတ်ရမှာလဲ ကဝေကောင်
သူ့ပညာ အစွမ်းထက်ရအောင် အပျို
လေးတွေရဲ့ နှလုံးကို ဖောက်စားနေ
တာ ဟို …ဠင်းတသုံးကောင်က သူ့
မယား ကဝေမတွေပဲ၊ သူလင်အတွက်
သားကောင်ရှာပေးတာ၊ ရွာထဲမှ အပျို
ရှိတဲ့ အိမ်ကို ရှာလို့ တွေ့တာနဲ့ ပြန်ပြီး
သတင်းပို့တာပဲ၊ အခု သားကောင်
ကို တွေ့သွားပြီဆိုတော့ မောင်သိန်း
အောင် အိမ်အနီးကို ဠင်းတတွေ
လာသေးလား”
“မနေ့ညနေ့က သစ်ပင်ပေါ်နားပြီး
ပျံထွက်သွားကတည်းက ဒီနေ့အထိ
မတွေ့တော့ဘူး ဆရာကြီး”
“ဘယ်လာတော့မလဲ မောင်သိန်းရဲ့
သမီးကို တွေ့သွားပြီကို၊ မတွေ့သေး
ဘူးဆို ဒီညနေ ရွာဘေးမှာ ပျံနေတာ
တွေ့ရမှာ”
“ဆရာကြီး…သမီးလေးကို ကယ်ပေးပါ”
“အိမ်း…ဆရာကြီးက မကောင်းသူကိုပယ်
ကောင်းသူကို ကယ်မလို့ လာခဲ့တာပဲ၊
ဆရာကြီးတို့ တတ်တဲ့ပညာက အထက်
လမ်းပညာပေါ့ကွယ်၊ အေး…အောက်လမ်း
ပဲဖြစ်ဖြစ် အထက်လမ်းပဲဖြစ်ဖြစ် ကိုယ်ကျင့်
စဉ်နဲ့ကိုယ် စွမ်းစွမ်းတမံ ကျင့်နိုင်ရင် ပညာ
အထွတ်အထိပ် ရောက်တာပါပဲ၊ အောက်
လမ်းပညာသည်တစ်ယောက် ပညာခန်း
အထွတ်အထိပ် ရောက်ပြီဆိုရင်တော့
တော်တော့်ကို အန္တရာယ်ကြီးတာပဲ
သူတို့က လူသတ်ရမှာလည်း မကြောက်
ဘူး၊ သူတစ်ပါး စီးပွားပျက်အောင် ရူးနှမ်း
အောင်၊ မိသားစုပြိုကွဲအောင်လုပ်ဖို့ …
ဝန်မလေးကြဘူး၊ အဲဒီ အောက်လမ်း
ကဝေကောင်တွေဟာ သူတို့ပညာအ
ထွတ်ရောက်ပြီဆို မယားတွေ အများ
ကြီးယူ သူရဲ့ပညာတွေ ဖျန့်ဝေပေးနဲ့
အင်အားကြီးထွားလာတာပေါ့။
ကဲ…မနက်ဖြန်ညနေ ခြောက်နာရီလောက်
မောင်သိန်းအောင်ရဲ့ အိမ်ကို
ဆရာကြီးတို့ လာခဲ့မယ်၊ အဲဒီရောက်မှ
အစီအမံတွေလုပ်မယ်၊ ဒီကိစ္စ မောင်သိန်း
အောင်တို့၊ ကိုစိုးသိန်းတို့ သုံးယောက်
လွဲပြီး ရွာထဲက ဘယ်သူမှ မသိစေနဲ့၊
ရွာထဲမှာ သူ့မယား ကဝေမတွေ ရုပ်ဖျက်ပြီး
ရောက်နေရင် အစီအစဉ် ပျက်သွားနိုင်
တယ် ကြားလား၊ အတတ်နိုင်ဆုံး
အိမ်က မိန်းမတောင် မပြောနဲ့”
“စိတ်ချပါ ဆရာကြီး…အသက်နဲ့ရင်းရတဲ့
အရေးကြီးကိစ္စမို့ နှုတ်လုံအောင် နေပေးပါ့မယ်”
“ကဲ…ဒါဆို ပြန်ချင်ပြန်လို့ရပြီ”
ဦးစိုးသိန်းတို့ လူစုလည်း ဘုရားကိုဦးချ၊
ဆရာကြီးကို ကန်တော့ပြီး ကျောင်းပေါ်
မှဆင်း၍ ရွာထဲသို့ ပြန်သွားကြသည်။
XXXXX
ညနေခြောက်နာရီခန့် – ကျော်သိုက်တို့
ဆရာတပည့်နှစ်ယောက် ကိုသိန်းအောင်
တို့အိမ်သို့ ကပ္ပိယကြီး လိုက်ပို့၍ ရောက်
လာသည်။
ကပ္ပိကြီးကို ပြန်လွှတ်လိုက်ပြီး အိမ်ပေါ်
တက်လာတော့ ဦးစိုးသိန်းတို့သုံးယောက်
ကို တွေ့ရသည်။ ဆရာကြီးက ရောက်
မဆိုက်…
“မြေးလေးကို ညက ကိစ္စ အသိပေးပြီး
ပြီလား”
“ကြောက်နေမှာစိုးလို့ ဘာမှမပြောထား
ပါဘူး ဆရာကြီး”
“အင်း …ဒီနေ့ လကွယ်နေ့ မဟုတ်လား
ဒီည မြေးလေးဆီကို ကျားရောက်လာ
လိမ့်မယ်”
“ရှင်…”
“မကြောက်ပါနဲ့ …ဘာမှ ကြောက်စရာ
မလိုဘူး …ဆရာကြီးရှိတယ်၊ မြေးလေးမှာ
အဝတ်အစား အသစ်ရှိလား”
“ရှင်”
“ထဘီအသစ်၊ အင်္ကျီအသစ်လေ”
“ထဘီအသစ်တော့ ဘုရားပွဲမှာ ဝတ်မလို့
ဝယ်ထားတာ ရှိပါတယ်၊ အင်္ကျီအသစ်
တော့ မရှိဘူး…တစ်ရေလျှော် နှစ်ရေလျှော်
တွေတော့ ရှိပါတယ်”
“ဟောဒီ…မောင်ကျော်သိုက်နဲ့တော်မယ့်
အင်္ကျီအသစ် ခပ်သန့်သန့် တစ်ထည်ပေးကွယ်၊
ဒီမိန်းခလေးအင်္ကျီမဟုတ်လည်း အဆင်နုနုရ
ရင်ဖြစ်တယ်”
“ကျတော့် ဝတ်ရမယ် …ဟုတ်လား ဆရာကြီး”
“မောင်ကျော်သိုက်က မိန်းကလေးအဝတ်
အစားဝတ်ပြီး အပေါက်ကို ဘေးတိုက်အနေ
အထားနဲ့ ထိုင်နေရမယ် ၊ ကျားအဖြစ်ပြောင်း
လိုက်တဲ့ ကဝေကောင်က မောင်ကျော်သိုက်
ကို မိန်းကလေးအမှတ်နဲ့ အိမ်ကြီးပေါ် ခုန်
တက်တဲ့အချိန် ဟောဒီကဝေ ဦးနှိမ်အင်းနဲ့
ပစ်ပြီး အိမ်ပေါ်က ခုန်ဆင်းခဲ့၊ ကဝေကောင်
ဘယ်လိုမှ အိမ်ပေါ်က အိမ်အောက်မဆင်း
နိုင်အောင် ကဝေချုပ်တဲ့ စည်းချအင်းနဲ့
အိမ်ဝိုင်းကို ချုပ်ထားမယ် အထဲဝင်ပြီး
ပြန်မထွက်နိုင်အောင်ပဲ၊ အထဲရောက်
သွားတဲ့ ကဝေကောင်ကို ဆရာကြီး
အပြီး နှိမ်နင်းမယ် ဖြစ်တယ်မို့လား”
“ဖြစ်ပါတယ် ဆရာကြီး”
“ကဲ…ဒါဖြင့် အဝတ်အစား အိပ်ခန်းထဲ
သွားလဲဝတ်၊ ခေါင်းက ဆံပင်ကိုလည်း
ဆံတုရှိရင်ထုံး၊ မျက်နှာသနပ်ခါးလည်း
လိမ်း…ခပ်မြန်မြန်လေး ပြင်ပေးကြ”
မိန်းကလေးနှင့် သူ၏ မိခင်တို့လည်း
ကျော်သိုက်အား အခန်းထဲခေါ်သွားပြီး
ပြင်ဆင်ပေးကြတော့သည်။ တော်မည့်
အဝတ်အစားများ လဲဝတ်ခိုင်းသည်။
နာရီဝတ်ခန့်ကြာမှ မိန်းမအသွင်နှင့်
ကျော်သိုက်အပြင်သို့ ထွက်လာသည်။
“ကဲ…ဒီအိမ်မှာ ဘယ်သူမှ မနေကြနဲ့၊
အားလုံးအနီးအနားအိမ် သွားနေကြ၊
အပြင်လည်း ထွက်မကြည့်ကြနဲ့၊ က
ဝေနဲ့ တိုက်ရတာ…အပြင်လူတွေ
အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကုန်
မယ်…အားလုံးသေမှာ ကြောက်ရင်
အိမ်ထဲက အိမ်ပြင် မထွက်ကြနဲ့ ”
ဆရာကြီးက ပိုပိုသာသာ ခြောက်လှန့်
ပြောဆိုလိုက်မှ အိမ်ပေါ်မှာ စိတ်ဝင်စား၍
စောင့်ကြည့်မည့်သူများ အိမ်ပေါ်က
ဆင်းသွားကြတော့သည်။
“ကဲ…အားလုံးသွားကြပြီ – ဒီအိမ်ပတ်လည်
ကဝေထောင်ချောက်အင်းကြီး ချလိုက်ဦးမကွဲ့”
ပြောပြောဆိုဆို ဆရာကြီးက အိမ်အောက်ကို
ဆင်းသွားပြီး အိမ်ပတ်ပတ်လည် စည်းချကာ
မန္တာန်ရွတ်နေသည်။
“ကဲ…စည်းချပြီးပြီ ဘာမှမကြောက်နဲ့၊
သူ့အိမ်ပေါ်ခုန်တက်တာနဲ့ မောင်ကျော်
သိုက် လက်ထဲက အင်းနဲ့ ပစ်ပြီး အောက်
ကိုခုန်ချ ဆရာကြီးဆီ ရောက်အောင်
လာခဲ့”
“သူဝင်လာရင် ပြန်ထွက်လို့ မရဘူး”
“အိမ်ပတ်ပတ်ချထားတဲ့ စည်းအတွင်း
ဝင်တာနဲ့ ဆရာကြီး မန္တာန်ရွတ်လိုက်ရင်
အပြင်ပြန်ထွက်ချင်လို့ မရတော့ဘူးကွဲ့
မောင်ကျော်သိုက် လက်ထဲကအင်းကို
ရှစ်နာရီလောက်ဆို နှိုးတဲ့မန္တာန် ရွတ်
ထားလိုက်တော့ ဟုတ်လား”
သို့ဖြင့် ခုနှစ်နာရီခွဲခန့်မှစ၍ အိမ်ပေါ်မှာ
တစ်ယောက်တည်း ထိုင်နေရတော့သည်။
ရှစ်နာရီခွဲခန့်အရောက် ခြံထဲသို့ လူတစ်
ယောက်ဝင်လာနေသည်ကို ဘေးတိုက်
အနေအထားနှင့် မိန်းကလေးဟန်နွဲ့နွဲ့
လေး ထိုင်နေရာမှ တွေ့လိုက်သည်။
ကျော်သိုက် ရင်တုန်သွားသည်။ သူအခုန်
ကိုယ်အထနှေးနေလျှင် ကျားကြီး၏ လက်
နှစ်ဘက်နှင့် သူ့ပါးစပ်ကြီးကြား အသက်
ပျောက်သွားနိုင်သည်။ လူရိပ်မြင်ကတည်း
က တုန်တုန်လှုပ်လှုပ်နှင့်ပင် အင်းနှိုးမန္တန်
တစ်ခေါက်ထပ်၍ ရွက်လိုက်သည်။ ထိုလူ
အိမ်နားရောက်တော့ နောက်သို့ လှည့်ပြီး
နောက်ဂျွမ်းပစ်လိုက်ရာ လေထဲမှာပင်
ကျားအဖြစ်ပြောင်းသွားပြီး အိမ်ရှေ့
လက်ရမ်းပေါ် မလွတ်မကင်း ကျသွားသည်။
နောက်ခြေနှစ်ချောင်းနှင့် ခါးကလက်ရမ်းပေါ်မှာ
ကိုယ်လုံးကလက်ထောက်ပြီး ကြမ်းပြင်ပေါ်
ကျသွားသည် ။ နောက်ခြေနှစ်ဘက်ကိုအား
ယူပြီး လက်တန်းကို ကျော်တက်ရန်ပြင်နေစဉ်
ကျားကြီး၏ ပါးစပ်အတွင်းသို့ ကဝေဦးနှိမ်အင်း
ချပ်ကို ပစ်သွင်းပြီး အိမ်အောက်သို့ ခုန်ဆင်း
လိုက်သည်။
“ဝုန်း”
ကျားကြီး လက်ရမ်းပေါ်မှ နောက်ခြေ
ထွက်သွားပြီ အင်းအစွမ်းကြောင့် ကြမ်း
ပြင်မှာ လှိမ့်ရင်း မာန်ဖီနေသည်။ကျော်
သိုက် ဆရာကြီးနောက်သို့ ရောက်သွား
သည်။
“ကဲ မောင်ကျော်သိုက် ကဝေသက်ဖြတ်
အင်းတော်ကြီးနဲ့ ပြိုင်တူပစ်မယ် လွယ်
အိတ်ထဲက မြန်မြန်ထုတ်”
ဆရာကြီး ကမ်းပေးသော လွယ်အိတ်ကို
လှမ်းယူပြီး အင်းကို ထုတ်ကာ ကြမ်းပြင်
ပေါ်လှိမ့်အော်နေသော ကျားကြီးအား
လက်ညှိုးထိုးစိုက်ကြည့်ပြီး ဆရာကြီးက
အင်းနှိုးမန္တာန်ကို ရွတ်၍ ဆုံးသည်နှင့်
“ကဲ…မောင်ကျော်သိုက် ပစ်တော့”
ဆရာကြီးခိုင်းသည့်အတိုင်း ဆရာကြီးနှင့်
အတူ ကျော်သိုက်လည်း ကျားကြီးရှိရာ
ပြိုင်တူပစ်လိုက်သည်။
“ဝုန်း”
မီးခိုးလုံးကြီး မှောင်ကျသွားသည်။
“အား”
အိမ်ကြီးပေါ်မှ လွင့်ကျကာ မြေကြီးပေါ်မှာ
ဆန့်ဆန့်ကြီး ကျားအဖြစ်မှ လူအသွင်သို့
ပြန်ပြောင်းသွားသော ကဝေကောင်ကြီး
ကို မီးခိုးများ ပျက်သွားသည်နှင့် မြင်
လိုက်ရတော့သည်။ ဆရာကြီးက နောက်
ဆုံးပွဲသိမ်း အင်းတော်ကြီးဖြင့် ပစ်လိုက်
ရာ ကဝေကောင်ကြီး မချိမဆန့် အော်
သံထွက်လာပြီး ငြိမ်ကျသွားသည်။
“ဝုန်း”
ကျယ်လောင်သောအသံကြီး ရုတ်တရက်
ပေါ်လာကာ ကဝေကောင်ကြီးကို ပြင်း
ထန်းသောမီးကြီး ထလောင်ပါတော့သည်။
“ဟာ…ကဝေကြီးရဲ့ ခန္ဓာကိုယ်ကို
အလိုလို မီးထတောက်ပြီး လောင်နေပြီး”
“နောက်ဆုတ် …ကဝေလောင်တဲ့ မီးက
အတော်ပူတယ် အဲဒါ အကုသိုလ်အလွန်
ကြီးတဲ့ ကဝေတွေ သေရင် ထတောက်
တု့ ငရဲမီးပဲ တအားပူတယ်”
မီးတောက်ကြီး ငြိမ်သွားပြီးနောက် ကဝေ
ကောင်ရဲ့ အစအန ဟူ၍ ပြာတစ်မှုန်ပင်
မကျန်တော့။
“ကဲ မောင်ကျော်သိုက် အိမ်ရှင်တွေကို
လှမ်းခေါ်လိုက်၊ အိမ်ကို ပြန်လာလို့
ရပြီလို့ အော်ပြောလိုက်”
ကျော်သိုက် လှမ်းခေါ်သဖြင့် အိမ်ရှင်များနှင့်
အတူ အနီးအပါး ရွာသားများလည်း ပါလာ
ကြသည်။
“ကျတော်တို့ ထရံပေါက်က ချောင်းကြည့်
နေတာ …ကျားကြီးမီးလောင်ပြီး ပြာကျ
သွားတယ်
“မဟုတ်ပါဘူး ကျားက လူပြန်ဖြစ်ပြီးမှ
မီးလောင်သွားတာ ကျုပ် အသေအချာ
မြင်လိုက်တယ်”
“ကျေးဇူးကြီးလှပါတယ် ဆရာကြီး၊ ကျ
နော့်သမီးလေး ဆရာကြီးပေးတဲ့ အသက်
ပဲရှိပါတော့တယ်”
ကျော်သိုက်လည်း အဝတ်အစားများ
ပြန်လဲဝတ်လိုက်သည်။
“ကဲ – အန္တရာယ်တွေလည်း ရှင်းသွားပြီ၊
ဆရာတို့ ကျောင်းပြန်တော့မယ်”
“ဆရာကြီးတို့ …ကျတော်တို့ အိမ်မှာ
တစ်ညလောက်အိပ်သွားပါလား
ကျနော်တို့ ပြုစုကျေးဇူးဆပ်ချင်လို့ပါ”
“မလိုပါဘူးကွယ်၊ ဒီကိစ္စက ဆရာကြီးတို့
ပြုပေးရမယ့် ကိစ္စမို့ ပြုပေးရတာပါ”
“ဒါနဲ့ ဟိုဠင်းတသုံးကောင် လာဦးမှာလား”


“သူတို့လင် ကဝေကြီး မရှိမှတော့၊
သူတို့လည်း လွတ်ရာကျွတ်ရာ ထွက်သွား
ကြမှာကွယ်၊ မစိုးရိမ်ပါနဲ့၊ သူ့လင်ကိုသတ်
နိုင်တဲ့နေရာကို သူတို့ပြန်မလာတော့ပါဘူး”
ဆရာကြီးက ရွာသူရွာသားတို့အား နှစ်သိမ့်
အားပေးပြီး တည်းခိုရာ ကျောင်းသို့ ပြန်လာ
ခဲ့ရာ ကိုသိန်းအောင်၊ ဦးစိုးသိန်းတို့ လိုက်
ပို့ကြပါတော့သည်။

ရေးသားသူ – ဧကန်မင်း

Leave a Comment