လူသတ်ကုန်းက မဖဲဝါ

လူသတ်ကုန်းက မဖဲဝါ { စ / ဆုံး }
ရေးသားသူ—ဆရာတာတေ
+++++++++++
ကျုပ်ကို မီးလောင်ကုန်းက ကျုပ်သူငယ်ချင်း ချစ်ညိုလာခေါ်တာဗျ။ချစ်ညိုနဲ့ ကျုပ်နဲ့က မြို့
ကျောင်းတက်တုန်းကအတူတူလေဗျာ။ဒီတုန်း
က ဘန့်ဘွေးကုန်းက သိန်းဇော်ရယ်၊ ချစ်ညို
ရယ်၊ ဘထစ်လို့ခေါ် ကျုပ်တို့ခေါ်တဲ့ ဘချစ်
ရယ်၊ ကျုပ်ရယ်က တွဲဘက်တွေပေါ့။ ဒီထဲမှာ
ကျုပ်နဲ့ ဘချစ်ကတော့ ပိုပြီးတွဲဖြစ်တာပေါ့ဗျာ။
“တာတေရေ၊ တာတေ”
ကျုပ်က ဝိုင်းထဲက သရက်ပင်ကြီးပေါ်တက်ပြီး
သရက်သီး ခူးနေတာဗျ။အမှည့်အုပ်ဖို့ဆိုတော့
သရက်သီးခူးတဲ့ခြင်းတံချူနဲ့ ခူးနေတာလေဗျာ၊
ဝိုင်းဝက ခေါ်သံကြားလို့ ကျုပ်က သရက်ပင်
ပေါ်ကနေ ငုံ့ကြည့်လိုက်တော့ မီးလောင်ကုန်း
က ချစ်ညိုကို သွားတွေ့တာဗျ။
“ဟေ့ကောင် ချစ်ညို၊ ငါ ဒီမှာကွ၊ အဘ
ခိုင်းလို့ သရက်သီး ခူးနေတာ၊ အမှည့်အုပ်
မလို့ ”
ကျုပ်အသံကြားတော့မှ ချစ်ညိုက ဝိုင်းထဲ
ဝင်လာတာဗျ။
“ဟေ့ကောင် တာတေ၊ ငါပါ တက်ခဲ့မယ်”
ပြောပြောဆိုဆိုနဲ့ ချစ်ညိုက ပုဆိုးလေးခါး
တောင်းမြှောက်အောင်ကျိုက်ပြီး သရက်
ပင်ပေါ်ကိုတက်ရောဗျို့။သရက်ပင်ကလည်း
လူတစ်ဖက်လောက် ရှိတာလေဗျာ။ဒီကောင်
ကျုပ်ကို သရက်သီးကူပြီးခူးပေးတယ်။သရက်
သီးခူးရင်း ကျုပ်က ချစ်ညိုကို မေးလိုက်တယ်။
“ချစ်ညို၊ မင်း ငါ့ဆီ အလည်လာတာလား”
“အလည်သက်သက်တော့ မဟုတ်ဘူးကွ
တာတေရ၊ ငါတို့ရွာမှာ ဘိုးတော်ကြီးတစ်
ယောက် ရောက်နေတယ်။သူ့နာမည်
က ဘိုးထွန်းကြွယ်တဲ့ကွ။ငါ့အဘနဲ့ အ
မျိုးတော်တယ်လို့ ပြောတာပဲ၊တစ်ခါမှ
တော့ မလာဖူးတာကွ၊ ငါ့အဘကတော့
တွေ့ကတည်းက အစ်ကိုကြွယ်ဆိုပြီး
ဝမ်းသာအားရ ဖြစ်နေတော့တာဟေ့၊
ငါ့အဘပြောတာကတော့ ဘိုးထွန်းကြွယ်
က သူနဲ့ ညီအစ်ကို နှစ်ဝမ်းကွဲ တော်
တယ်ဆိုပဲ”
ချစ်ညိုစကားကို ကျုပ်က သေသေချာချာ နား
ထောင်ပြီး စဉ်းစားနေတာဗျ။ ချစ်ညိုရဲ့အဘ
ဘိုးစိန်ညိုနဲ့အခုရောက်လာတဲ့ဘိုးထွန်းကြွယ်
ဆိုတာက ညီအစ်ကိုဝမ်းကွဲတွေ ဆိုပေမယ့်
တစ်ခါမှ မရောက်လာဖူးဘူးဆိုတော့ နဂိုက
တည်းက အနေစိမ်းခဲ့တဲ့ ညီအစ်ကိုတွေ ဖြစ်
မှာပေါ့ဗျာ။
“အဘနဲ့ ဘိုးထွန်းကြွယ်နဲ့က ညီအစ်ကိုတွေ
တော်ပေမယ့် ခုချိန်ထိ နှစ်ခါလောက်ပဲ မြင်
ဖူးခဲ့ကြတာတဲ့ဟေ့၊ ဘိုးထွန်းကြွယ်တို့အဖေ
နဲ့ ငါ့အဘရဲ့အဖေက ညီအစ်ကိုဝမ်းကွဲ တော်
တာတဲ့၊ ဒါပေမဲ့ ဘိုးထွန်းကြွယ်အဖေက ရှမ်း
ပြည်မှာ အိမ်ထောင်ကျသွားတော့ တို့ဘက်
ကို နှစ်ခါလောက်ပဲ ရောက်တော့တာတဲ့၊သူ
လာတဲ့အခါ ဘိုးထွန်းကြွယ်ကို ခေါ်ခေါ်လာ
တာဆိုပဲ၊ ဒီတုန်းက ဘိုးထွန်းကြွယ်က ဆယ့်
ငါးနှစ်သားလောက်ပဲ ရှိသေးတာတဲ့၊ နောက်
တော့ ဘိုးထွန်းကြွယ်က ဂျပန်ခေတ်မှာ စစ်
တပ်ထဲ ဝင်သွားတယ်ဆိုပဲ၊ ဗိုလ်ကြီးအဆင့်
နဲ့တပ်ထဲကထွက်ခဲ့တာတဲ့ကွ၊ဆုတံဆိပ်တွေ
လည်း အများကြီး ရခဲ့တာတဲ့ တာတေရေ”
“ဟေ…ဟုတ်လား၊ ဒါဆိုရင် ဘိုးထွန်းကြွယ်
က စစ်ဗိုလ်ဟောင်းကြီးပေါ့ ချစ်ညိုရ”
“အေး…ဟုတ်တယ်၊ တာတေရေ”
“မင်းတို့အမျိုးထဲမှာ ဒီမျိုးလူတစ်ယောက်
ရှိတာကို ငါဖြင့် ခုမှပဲ သိရတာ ချစ်ညိုရာ”
“ဟ တာတေရ၊ မင်းမသိတာ မပြောနဲ့လေ၊
ငါတောင် မနေ့ကမှ သိတာကွ၊ အဘတို့နဲ့
လည်း ဘိုးထွန်းကြွယ်တို့နဲ့က အဆက်ပြတ်
နေကြတာ ကြာပြီကွ၊ခုမှသာ ဘိုးထွန်းကြွယ်
ကြီးက ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ရောက်လာ
တာကြ”
“နို့ မင်းတို့ ဘိုးတော် စစ်ပြန်ကြီးက အ
သက် ဘယ်လောက်ရှိပြီတုံး ချစ်ညိုရ”
“ဟာ …ဘိုးထွန်းကြွယ်က အသက်ခြောက်
ဆယ့်ငါးနှစ်ကျော်ပြီတဲ့ဟေ့၊ ဒါပေမဲ့ လူက
တော့ သန်မာလိုက်တာမှ ဖျတ်ဖျတ်လတ်
လတ်ကို သွားတုန်းလာတုန်းဟေ့၊ ငါတို့
ရွာကို ရှမ်းပြည်ကနေ တစ်ယောက်တည်း
ဆင်းလာတာသာ ကြည့်တော့လေကွာ”
“အေးကွ၊ ချစ်ညိုရ၊ မင်းအဘ ဘိုးစိန်ညို
ကိုလည်း တွေ့ချင်ရှာလွန်းလို့ ဖြစ်မှာပေါ့
ကြာ”
ကျုပ်ပြောလိုက်တော့ ချစ်ညိုက ကျုပ်ကို
ဆတ်ကနဲ လှည့်ကြည့်တယ်ဗျ။
“အေး မင်းပြောသလို ငါ့အဘကို တွေ့ချင်
လို့လာတာလည်း ပါသကွ၊ ဒါပေမဲ့ ဘိုးထွန်း
ကြွယ် အဓိက တွေ့ချင်တာက ငါ့အဘ မ
ဟုတ်ဘူးကွ၊မင်းကို တွေ့ချင်တာ တာတေ
ရေ၊ မင်းကို တွေ့ချင်တာဟေ့”
ချစ်ညိုစကားကြားတော့ ကျုပ်ဖြင့် အံ့သြ
လိုက်တာဗျာ။ ဘယ့်နှယ်ဗျာ၊ ကျုပ် ကြား
တောင် မကြားဖူးတဲ့ ချစ်ညိုတို့အမျိုးဘိုး
တော်ကြီးက ကျုပ်ကို တွေ့ချင်လို့ ရှမ်း
ပြည်ကတောင် တစ်ယောက်တည်း ဆင်း
ချလာရတယ်ဆိုတာ ဘယ့်နှယ်လုပ်ပြီး
ဖြစ်နိုင်မှာတုံးဗျာ။
“နေဦးကွ ချစ်ညိုရ၊ ဘိုးထွန်းကြွယ်ကြီး
က ဒီရောက်ပြီးမှ စကားပြောကြရင်း မင်း
အဘ ဘိုးစိန်ညိုက ငါ့အကြောင်းကို ပြော
ပြလိုက်လို့ တွေ့ချင်တာ ဖြစ်မှာပေါ့ကွ”
“ဟာ…မဟုတ်ဘူး တာတေ။ ဟိုက လာ
ကတည်းကိုက မင်းနဲ့တွေ့ဖို့ လာတာလို့
ပြောတယ်”
“ဟေ့ကောင် ချစ်ညို၊ မင်း စဉ်းစားကြည့်ပါ
ဦးကွ၊ ရှမ်းပြည်မှာနေတဲ့ အသက်ခြောက်
ဆယ်ကျော် ဘိုးတော်ကြီးက ငါ့သူငယ်ချင်း
မှ မဟုတ်တာ၊ ငါ့ကို ဘယ့်နှယ်လုပ် သိမှာ
တုံး ချစ်ညိုရ”
“အေး အေး ဟုတ်တယ်၊ မင်းပြောတာ
ဟုတ်တယ်၊ ငါ မင်းကိုပြောဖို့ တစ်ခုမေ့
ကျန်သွားလို့ကွ၊ လွန်ခဲ့တဲ့ နှစ်လလောက်
က ငါတို့ဝိုင်းတောင်ဘက် ကပ်လျက်ဝိုင်း
မှာနေတဲ့ ကိုမောင်စုကြီး ရှမ်းပြည်ရောက်
သွားတော့ဘိုးထွန်းကြွယ်နဲ့တွေ့ပြီး စကား
စမြည် ပြောဖြစ်ရာက မင်းအကြောင်းကို
ရောက်သွားလို့ ဘိုးထွန်းကြွယ်က မင်းကို
သိပ်တွေ့ချင်သွားပြီး ဆင်းလာတာတဲ့ကွ”
“သြော် …ဒီလိုကိုး၊ ဒါဆိုရင် ဘိုးထွန်းကြွယ်
ကြီးမှာ ကိစ္စတစ်ခုခု ရှိနေလို့ဖြစ်မှာကွ
ချစ်ညိုရ”
“အေး …ကိစ္စရှိလား၊ မရှိလားတော့ မသိဘူး
ကွ၊ရောက်ကတည်းက ညီလေး စိန်ညို မောင်
တာတေဆိုတဲ့ သူငယ်လေးကို ခေါ်ပေးပါလို့
ချည်း ခဏ ခဏ ပြောနေတာကွ တာတေရ၊
အဲဒါကြောင့် မင်းကို ငါ လာခေါ်ရတာ သူငယ်
ချင်းရေ၊ ဘိုးထွန်းကြွယ်မှာ ဘာကိစ္စရှိနေတုံး
ဆိုတာတော့ ငါတို့လည်း မသိဘူးကွ”
ကျုပ်က ဒီတော့မှ လိပ်ပတ်လည်အောင်
နားလည်သွားတော့တာဗျို့။
“အေး အေး၊ ဒါဆိုရင် ငါ အခုပဲ အဘတို့ကို
ပြောပြီး လိုက်ခဲ့မယ်”
ချစ်ညိုနဲ့ ကျုပ်က သရက်သီးခူးရင်းနဲ့ သ
ရက်ပင်ပေါ်မှာ ထိုင်ပြီး စကားပြောနေကြ
တာလေဗျာ၊ ကျုပ်တို့နှစ်ယောက်စလုံး သ
ရက်ပင်ပေါ်က ဆင်းခဲ့ကြပြီး အမေ့ကို ခူး
လာတဲ့ သရက်သီးတွေ ပေးလိုက်တယ်။
အမေနဲ့ အဘက သရက်သီးတွေအုပ်ဖို့
ပြင်ကြတော့တာပေါ့ဗျာ။ ကျုပ်ကတော့
အမေနဲ့ အဘကို ခွင့်တောင်းပြီး ချစ်ညိုနဲ့
မီးလောင်ကုန်းကို လိုက်ခဲ့တယ်။
မီးလောင်ကုန်းဆိုတာက ကျုပ်တို့ရွာ သင်္ချိုင်း
ကုန်းကို ပတ်ပြီးသွားရတာလေဗျာ၊ နာရီဝက်
လောက်သွားရင် ရောက်တာပါပဲ။ ချစ်ညိုတို့
ဝိုင်းက မီးလောင်ကုန်းမှာတော့ အကျယ်ဆုံး
ပဲဗျ။ဝိုင်းထဲမှာလည်းမန်ကျည်းပင်တွေ၊သရက်
တွေနဲ့ဗျို့။ခေါင်နှစ်လုံးထုတ်ပြီးဆောက်ထား
တဲ့ ကျွန်းအိမ်မဲမဲကြီးပေါ်ကို သစ်သားလှေ
ကားကြီးကနေ တက်လာခဲ့ကြတယ်။
ပြောင်လက်နေအောင် တိုက်ထားတဲ့
ကျွန်းပျဉ်တွေပေါ် ကျုပ်တက်လိုက်တဲ့
အချိန်မှာ အရပ်ထောင်ထောင်မောင်း
မောင်းနဲ့ အသားလတ်လတ် ဘိုးတော်
ကြီးတစ်ယောက်နဲ့ ဘိုးစိန်ညိုနဲ့ စကား
ပြောနေတာ တွေ့လိုက်ရတယ်ဗျ။
“ဟာ …မောင်တာတေ၊ ရောက်လာပြီ
လားကွဲ့၊ လာ…လူကလေး လာ၊ ဟောဒီ
က အစ်ကိုကြွယ်က မင်းကို လည်တဆန့်
ဆန့်နဲ့ မျှော်နေတာ မောင်တာတေရဲ့၊လာ
လာ၊ ဟောဒီ ဖျာပေါ်မှာ ထိုင်ကွဲ့”
ထောင်ထောင်မောင်းမောင်းနဲ့ ဘိုးထွန်း
ကြွယ်က ကျုပ်ကို တွေ့တော့ ပြုံးပြီးကြည့်
နေတယ်ဗျို့။လူ့ပုံစံက ဥပဓိရုပ် တော်တော်
ကောင်းတာကလားဗျာ။ မျက်ခုံးကြီးတွေများ
ကောင်းလိုက်သမှ မဲနက်နေတာဗျို့။အသက်
ကြီးလာပြီဆိုတော့ မျက်လုံးတွေက အရောင်
တော့ နည်းနည်းမှိန်နေသလိုပဲဗျ။
“မောင်တာတေ၊ ကျုပ်ဆီကို အခုလို လာ
ပေးတာကို ကျုပ် ကျေးဇူးတင်ပါတယ်ကွယ်”
ဘိုးထွန်းကြွယ်က စကားကို လေးလေးနက်
နက် ပြောတတ်တဲ့ပုံပဲဗျ။
“ဟုတ်ကဲ့ ဘိုး၊ ကျုပ်နဲ့ ချစ်ညိုနဲ့က
ငယ်သူငယ်ချင်းတွေပါ၊ ဟောဒီက
ဘိုးစိန်ညို ဆိုတာလည်း ကျုပ်အဘနဲ့
သူငယ်ချင်းတွေပါ၊ ဒီတော့ အားမနာ
ပါနဲ့ဘိုး၊ ဘိုးမှာ ဘာကိစ္စရှိတယ် ဆို
တာသာ ကျုပ်ကို ပြောပါ၊ ကျုပ်
ကူညီပါ့မယ်”
“ဒီလိုကွဲ့ မောင်တာတေရဲ့၊ လွန်ခဲ့တဲ့ နှစ်လ
လောက်က ဟောဒီတောင်ဘက်ဝိုင်းမှာနေတဲ့
မောင်စု ဆိုတဲ့ သူငယ် ဘိုးနေတဲ့ ကလောမြို့
ကို ရောက်လာပြီး ဘိုးနဲ့ တွေ့သွားရာကနေ
မောင်တာတေအကြောင်းကို စကားရောက်
သွားလို့ မောင်တာတေနဲ့ မဖဲဝါနဲ့ အဆက်ရှိ
တဲ့ကြောင်းကို ဘိုး သိခဲ့ရတယ်ကွဲ့၊ မောင်
တာတေက မဖဲဝါကို ပင့်လို့ရတဲ့အကြောင်း
ဟိုသူငယ် မောင်စုက ပြောတာကိုးကွဲ့၊ကျုပ်
ဖြင့် အံ့သြလွန်းလို့ မှင်တက်တောင်မိသွား
တာကွယ်၊ အဲဒီအချိန်ကစပြီး ဘိုး ဒီကိုလာ
ဖို့ပဲ စိတ်ရောက်နေတာကွဲ့၊မသေခင် ဟော
ဒီက ညီတော်မောင် မောင်စိန်ညိုနဲ့လည်း
တွေ့ချင်တာနဲ့ ဘိုး ဆင်းချလာခဲ့တာကွဲ့”
ကျုပ်က ဘိုးထွန်းကြွယ် ပြောပြတာကို လေး
လေးစားစား နားထောင်နေတာဗျ။ ပြီးတော့မှ
ကျုပ်က ဘိုးထွန်းကြွယ်ကို ရိုရိုသေသေ ပြော
လိုက်တယ်။
“ဘိုး၊ ကျုပ်နဲ့ တွေ့ချင်တဲ့ကိစ္စကို ပြောပါ
ဘိုး၊ ကျုပ် ကူညီပါ့မယ်”
ကျုပ်စကားကိုကြားတော့ ဘိုးထွန်းကြွယ်က
ခေါင်းလေး တဆတ်ဆတ်ညိတ်ပြီး
ပြောတယ်ဗျ
“ဘိုး ပြောပါ့မယ်ကွယ်၊ဒါပေမဲ့ ဘိုးလာ
တဲ့ ကိစ္စကို မပြောခင် ဒီအကြောင်းကို
အရင်ပြောပြမှ မောင်တာတေတို့ နား
လည်ကြမှာမို့ ဒီအကြောင်းကို ဘိုး အ
ရင်ပြောပြမယ် မောင်တာတေ”
“ဟုတ်ကဲ့ပါ ဘိုး”
ဘိုးထွန်းကြွယ် ပြောမယ့်အကြောင်းကို ကျုပ်
လွှတ်စိတ်ဝင်စားနေပြီဗျို့။
“ဒီလို မောင်တာတေရေ၊ ဂျပန်ခေတ်မှာ ကျုပ်
က ဗမာတပ်မတော်ထဲ ဝင်ခဲ့တယ်။ကျုပ် တပ်
ထဲ ဝင်လို့ နှစ်နှစ်အကြာမှာပဲ ဗိုလ်ချုပ်အောင်
ဆန်းတို့ ဂျပန်ကို တော်လှန်ဖို့ ဆုံးဖြတ်လိုက်
ကြတယ်၊ တော်လှန်ရေးစလို့ သုံးလေးလ
လောက်ကြာတဲ့အချိန်မှာ တော်လှန်ရေးတပ်
သားသစ်တွေ စုဆောင်းဖို့ ကျုပ်ကို တာဝန်
ပေးခဲ့တယ်ကွဲ့၊ဒီတုန်းက ကျုပ်က တပ်ကြပ်
ဖြစ်နေပြီ၊ ပြည်မြို့တစ်ဝိုက်မှာ ကျုပ်တို့
လူစုတွေ လှုပ်ရှားခဲ့ကြရတာပေါ့ကွယ်၊
ကျုပ်နဲ့ ကျုပ်တပည့် ရဲဘော်အောင်ညွန့်
နဲ့က တစ်ဖွဲ့ပေါ့၊ ကျန်တဲ့အဖွဲ့တွေလည်း
သူ့နေရာနဲ့သူ တပ်ဖျောက်ပြီး လျှို့ဝှက်
လှုပ်ရှားနေကြရတာပေါ့ မောင်တာတေ
ရယ်၊ ကိစ္စရှိရင်တော့ ကျုပ်တို့တွေ ရွာထဲ
က ဆတ်သားလွှတ်ပြီး ဆက်သွယ်ကြရ
တာပေါ့ကွာ။ တပ်သားသစ်တွေ စုဆောင်း
လို့ရပြီဆိုတာနဲ့ ကျုပ်တို့ချင်း အဆက်အ
သွယ်လုပ်ကြ၊ ညဘက်မှာ ခရီးထွက်ကြနဲ့
ခက်ရာခက်ဆစ်ကို လှုပ်ရှားနေကြရတာ
ကွဲ့၊ ဂျပန်ကလည်း ကျုပ်တို့ တော်လှန်
ရေး ရဲဘော်တွေကို မြေလှန်ပြီး ရှာနေတဲ့
အချိန်လေကွယ်။
တော်လှန်ရေး ရဲဘော်တွေ မိလို့ကတော့
တွေ့တဲ့ရွာ သင်္ချိုင်းကုန်းထဲမှာ ကျင်းတူး
ပြီး ခေါင်းဖြတ်သတ်ခဲ့ကြတာချည်းပဲ။ကျုပ်
တို့ တော်လှန်ရေးရဲဘော်တစ်ချို့ဆိုရင်
ဂျပန်ခေါင်းဖြတ်သတ်တာ ခံသွားကြရတဲ့
အချိန်ပေါ့ကွယ်။
ဒါပေမဲ့ ကျုပ်တို့တွေ သေမှာကို မကြောက်
ကြဘူးကွဲ့၊ ကျုပ်တို့လုပ်နေတဲ့ ဂျပန်တော်
လှန်ရေးကြီး အောင်မြင်မှ ဖြစ်မှာလေကွယ်
ဒီတော့ ကိုယ့်ကိုပေးထားတဲ့ တာဝန်ကိုနည်း
နည်းမှ တွန့်ဆုတ်လို့ မရဘူးလေ၊ ဂျပန် အ
န္တရယ်ကြားမှာပဲ ကျုပ်တို့လှုပ်ရှားနေကြရ
တာပေါ့ကွယ်၊ တပ်သားသစ်တွေ ကြိတ်ပြီး
စုဆောင်းကြ၊ သတ်မှတ်တဲ့စခန်းကို ညဘက်
မှာ တပ်သားသစ်တွေကို ရောက်အောင်ပို့
ပေးကြနဲ့ သေမင်းနဲ့ ကစားနေကြရသလို
ပါပဲကွယ်”
ဘိုးထွန်းကြွယ်က စကားကို ခဏရပ်ပြီး
ရေနွေးတစ်ခွက် သောက်တယ်၊ ပြီးတော့
ဆေးလိပ်ခွက်ကလေးထဲမှာ ထည့်ထား
တဲ့ သူ့ရဲ့ဆေးတံကောက်ကောက်က
လေးကို ဗာဂျီးနီယားဆေးတစ်စုံသိပ်ပြီး
မီးခတ်ကလေးကို’ခွပ်ကနဲ’မြည်အောင်
ခတ်ပြီး မီးညှိလိုက်တယ်
ဆေးတံကို သုံးလေးဖွာ ဖွာပြီးတော့မှ ဆက်
ပြောတာဗျ။ ကျုပ်ရယ်၊ ဘိုးစိန်ညိုရယ်၊ ချစ်
ညိုရယ်ကတော့ ဘိုးထွန်းကြွယ်ပြောတာကို
စိတ်ဝင်စားလွန်းလို့ အသက်ကိုတောင် ပြင်း
ပြင်း မရှူဘဲ နားထောင်နေကြတာပေါ့ဗျာ။
“တစ်နေ့တော့ ကျုပ်နဲ့ ရဲဘော်အောင်ညွန့်နဲ့
နေ့လယ်ဘက် အိပ်ပျော်နေကြတာကွဲ့၊ညက
တပ်သားသစ်တွေကို လျှို့ဝှက်စခန်းရောက်
အောင် ပို့ပြီး ပြန်လာကြရတာဆိုတော့ တစ်
ညလုံး မအိပ်ကြရဘူးလေ၊ဒီတော့နှစ်ယောက်
သား အိပ်ပျော်ကြတော့တာပေါ့ကွယ်။ ကျုပ်
နဲ့ အောင်ညွန့် အိပ်နေကြတာက ရွာဦးကျောင်း
ဆရာတော်ရဲ့ ကျောင်းဝိုင်းကြီးထဲက ဥယျာဉ်
ကြီးထဲမှာလေကွယ်၊ သရက်ပင်အုပ်အုပ်ကြီး
တွေ အောက်မှာ ဝါးကြောဖျာကြမ်း တစ်ချပ်
ခင်းပြီး ဆရာတပည့်နှစ်ယောက် အိပ်ပျော်နေ
ကြတာ ရွာထဲကို ဂျပန်စစ်တပ် ဝင်လာတာ
လည်း ကျုပ်တို့ မသိလိုက်ဘူး၊ ရွာဦးကျောင်း
ကို ဂျပန်စစ်သားတွေ ဝိုင်းထားတာလည်း
ကျုပ်တို့ မသိဘူးကွဲ့၊ ဂျပန်က ကျုပ်တို့နှစ်
ယောက်သတင်းကို အတိအကျကို ရထား
တာကလားကွယ်”
“ဟင်…ဘယ်လိုလူကများ ဂျပန်ကို သတင်း
ပေးပါလိမ့်ဗျာ၊ ဘိုးတို့လို တိုင်းပြည်အတွက်
အသက်ပေးပြီး အလုပ်,လုပ်နေရတဲ့ သူတွေ
ကိုတောင် မသိကြတော့တာလားဗျာ”
ကျုပ်က အားမလိုအားမရ ဖြစ်ပြီး စကားဖြတ်
ပြောလိုက်မိတာဗျ။ ဘိုးထွန်းကြွယ်က ခေါင်း
လေးတဆတ်ဆတ်ညိတ်ပြီး ပြောတယ်ဗျ။
“မောင်တာတေရယ်၊ ဂျပန်အလိုတော်တွေ
က ငွေပေးပြီး ရွာတွေထဲမှာ တော်လှန်ရေး
ရဲဘော်တွေ ရှိ/မရှိ စုံစမ်းကြတာလေကွယ်၊
ဒီမှာတင် ငွေများများလိုချင်တဲ့သူက သတင်း
ပေးတော့တာပေါ့လေ။ ကျုပ်တို့နှစ်ယောက်
ကို စစ်ဖိနပ်နဲ့ ခပ်ပြင်းပြင်း ကန်နှိုးလိုက်လို့
ကျုပ်နဲ့ အောင်ညွန့် ဝုန်းကနဲ ထထိုင်လိုက်
ကြတာ နှစ်ယောက်သားပြိုင်တူပဲကွဲ့၊ဒါပေ
မဲ့ ကျုပ်တို့နှစ်ယောက် သိပ်နောက်ကျသွား
ပြီ မောင်တာတေရေ၊
ဂျပန်စစ်သားဆယ်ယောက်လောက်က
ကျုပ်တို့နှစ်ယောက်ကို ရိုင်ဖယ်သေနတ်
တွေနဲ့ ချိန်ထားကြပြီလေ။ မျက်မှန်ဝိုင်းဝိုင်း
လေး တပ်ထားတဲ့ ဂျပန်ဗိုလ်က သူ့ခါးမှာ
ချိတ်ထားတဲ့ ဓါးရှည်ကို ဓါးရိုးပေါ် လက်
တင်ပြီး ကျုပ်တို့ကို သေသေချာချာ ကြည့်
နေတယ်ကွဲ့၊ဂျပန်ဗိုလ်ရဲ့ မျက်နှာကို ကျုပ်
သေသေချာချာ ကြည့်လိုက်မိတယ်၊ တော်
တော်ကို ရက်စက်မယ့်ပုံပဲကွယ်။ လူတစ်
ယောက်ကို ရက်ရက်စက်စက်သတ်ဖို့ နည်း
နည်းမှကို လက်တွန့်မယ်လူ မဟုတ်ဘူးကွဲ့၊
ကျုပ်ကို ကြည့်နေလိုက်တာများ ချက်ချင်းကို
ဓါးနဲ့ခုတ်တော့မယ့်ပုံပဲ မောင်တာတေရေ”
‘မာစတာ မေးနေတယ် ကောင်းကောင်း
ဖြေပါ၊ မင်းတို့ ဗမာတပ်မတော်က စစ်သား
တွေမို့လားတဲ့”
ဂျပန်စစ်သားပြန်က ကျုပ်ကို မေးတယ်၊ကျုပ်က
ဒီကောင့်မျက်နှာကိုကြည့်ပြီး တော်တော်ကိုရွံ့သွား
မိတာကွဲ့၊ ဒီကောင်က ဒီလောက်ရှားပါးဆင်းရဲနေ
တဲ့ခေတ်မှာ ရှပ်အင်္ကျီအကောင်းစားကို အပေါ်က
ပိုးတိုက်ပုံအနက် ထပ်ဝတ်လို့လေ ခါးက ပုဆိုးက
လည်း ပလေကပ်အကောင်းစားကွဲ့၊ ငွေရရင် ဘာ
မဆို လုပ်မယ်ဆိုတဲ့ ရုပ်မျိုးပေါ့ကွယ်၊ ကျုပ် စဉ်း
စားလိုက်တယ်လေ၊ ဗမာစစ်သား မဟုတ်ပါဘူး
လို့ပြောလည်း ရိုက်ပုတ်စစ်ဆေးပြီး နောက်ဆုံး
သတ်ပစ်မှာပဲဗျ။
ကျုပ်တို့ ပုန်းခိုနေတဲ့နေရာကိုတောင် ဆိုက်
ဆိုက်မြိုက်မြိုက် ရောက်အောင်လာနိုင်သေး
တာပဲဗျာ၊ ကျုပ်တို့သတင်းကိုလည်း သေသေ
ချာချာ သိပြီးရောပေါ့။ ဒါပေမဲ့ ကျုပ်တွေးမိတာ
က သေနတ်တွေကွဲ့။ ကျုပ်နဲ့ အောင်ညွန့်သေ
နတ်တွေကို ဒီရွာအနောက်က သင်္ချိုင်းကုန်းထဲ
မှာ ဝှက်ထားကြတာ၊ ကျုပ်တို့ ဗမာစစ်သားပါ
လို့ ဝန်ခံလိုက်ရင် ဒီကောင်တွေက ကျုပ်တို့ကို
တန်းသတ်မှာ မဟုတ်သေးဘူးကွဲ့။
လက်နက်တွေ ဘယ်မှာဝှက်ထားတုံးဆိုတာ
ကို မပေါ်မချင်း စစ်ဦးမှာပဲ၊ ပြီးရင် ကျုပ်တို့ရဲ့
ပင်မတပ်ရင်းက ဘယ်ဟာလဲဆိုတာ ပေါ်
အောင် စစ်ဦးမှာပဲ၊
တပ်မှာ လူအင်အား ဘယ်လောက်ရှိတုံး၊
လက်နက်အင်အား ဘယ်လောက်ရှိတုံး။
ဘယ်နေရာမှာ အခုတပ်စွဲထားတုံးဆိုတာ
တွေကို မပေါ် ပေါ်အောင်ကို ထပ်စစ်မှာ
သေချာတယ်။ ကျုပ်တို့က လုံးဝမဖော်ရင်
ဖြစ်စေ၊ ဖော်လိုက်ရင်ဖြစ်စေ ဘယ်ကိုပဲ
ဖြစ်ဖြစ် နောက်ဆုံးတော့ ထုံးစံအတိုင်း
ခေါင်းဖြတ်သတ်မှာပဲလေကွယ်၊ ဒီတော့
ကျုပ်က စကားပြန်ကို လေချိုသွေးရတော့
တာပေါ့ကွယ်။
‘ဒီမှာ ငါ့ညီ၊ မင်းရုပ်ရည်ကို ကြည့်ရတာ
စိတ်ဓါတ်အဆင့်အတန်းမြင့်တဲ့ လူတစ်
ယောက်ဆိုတာ အစ်ကို သိပါတယ်။ အ
ကိုတို့နှစ်ယောက်ဟာ စစ်သားတွေ မ
ဟုတ်ရပါဘူး ငါ့ညီရယ် တောင်သူတွေ
ပါ။ အိမ်မှာ နွားလိုအပ်နေလို့ နွားကောင်း
ကောင်း တစ်ရှဉ်းဝယ်ဖို့ ထွက်လာတာပါ
မင်းရဲ့ မာစတာကို ပြောပေးပါကွာ”
“ဟား ဟား ဟား မင်း လိမ်မနေနဲ့ ထွန်းကြွယ်၊
မင်းက ထွန်းကြွယ်၊ဒီကောင်က အောင်ညွန့်
ဆိုတာ ငါ သိသလို မာစတာလည်း သိနေတယ်”
ကျုပ် တော်တော်ကို အံ့သြသွားတာဗျာ။
ကျုပ်တို့ကို ဘယ်လိုများ သိသွားတာတုံး
ဆိုတာ ကျုပ်ဖြင့် မတွေးတတ်တော့ပါဘူး
ကွာ။ ဂျပန်စစ်ဗိုလ်က စကားပြန်ကောင်
ကို ဂျပန်လို ပြောလိုက်တယ်။ တစ်ခုခုကို
မေးလိုက်တာလို့ ကျုပ်ထင်တယ်၊ စကား
ပြန်ကောင်က ဂျပန်စစ်ဗိုလ်ကို ရိုရိုကျိုးကျိုး
အမူအရာနဲ့ ဂျပန်လို့ ပြောလိုက်တယ်။
‘ဖောင်း’
ဂျပန်စစ်ဗိုလ်က ချက်ချင်း ကျုပ်မျက်နှာကို
စစ်ဖိနပ်နဲ့ ဆောင့်ကန်ပစ်လိုက်တယ်။ကျုပ်
လည်း နောက်ကို လန်ကျသွားတာပေါ့ကွယ်၊
ဂျပန်စစ်ဗိုလ်က အသံနက်ကြီးနဲ့ ကျုပ်ကို
အော်ပြောတယ်၊ ဘာတွေ ပြောမှန်းတော့
ကျုပ် မသိဘူးကွဲ့။
‘ထွန်းကြွယ် မာစတာက မင်းကို လူလိမ်လို့
ပြောနေတာ၊ ဂျပန်မာစတာတွေက သူခိုးတို့
လူလိမ်တို့ဆိုရင် သိပ်မုန်းကြတာကွ၊ မင်းဒို့
နှစ်ယောက်ရဲ့ ဘဝကတော့ ဒီမှာတင် အဆုံး
သတ်သွားပြီ ထွန်းကြွယ်။ အေးလေ၊ မင်းတို့
ကလည်း မိုက်လုံးကြီးကြတာကိုး၊ ဂျပန်လို
လက်နက်အင်အား လူအင်အား ပြည့်စုံတဲ့
စစ်တပ်ကြီးကို မီးကျိုးမောင်းပျက် သေနတ်
လောက်ရှိတဲ့ ဗမာတပ်က ဘယ့်နှယ်တော်
လှန်လို့ရမှာတုံးကွာ၊ အင်း မင်းတို့လောက်
မိုက်တဲ့လူတွေကတော့ ရှိမှာမဟုတ်ပါဘူး
လေ’
ကျုပ်မျက်လုံးတွေ မီးဝင်းဝင်းထတောက်သွား
ရောပေါ့ကွယ်။ ကျုပ် ဘယ်လိုက ဘယ်လိုလုပ်
လိုက်မှန်းတောင် မသိတော့ပါဘူးကွယ်။
‘ခွပ်’ ‘ခွပ်’ ‘ခွပ်’
ကျုပ် စကားပြန်ရဲ့ မျက်နှာကို လက်သီးနဲ့ တရ
စပ်ထိုးမိတော့တာပဲ မောင်တာတေရာ။ စကား
ပြန်ကောင်ရဲ့ ပါးစပ်ထဲက သွေးတွေ စီးကျလာ
တဲ့အချိန်မှာ ‘ဒုတ်’ဆိုတဲ့ အသံတစ်ချက် ကြား
လိုက်ရပြီး ကျုပ်မျက်လုံးထဲမှာ မီးတွေ ပွင့်သွား
ရောဟေ့။ ကျုပ်လည်း ဒူးထောက်ရက် ကျသွား
တယ်။ နောက်က ဂျပန်စစ်သားက ကျုပ်ကို
သေနတ်ဒင်နဲ့ ဆောင့်လိုက်တာလေကွယ်။
‘ဟေး’
ဂျပန်ဗိုလ်ရဲ့ အော်သံကြီး ထွက်လာပြီး ဂျပန်
လို အမိန့်ပေးသံကြီး ပေါ်လာတယ်၊ ခဏနေ
တော့ ကျုပ်နဲ့ အောင်ညွန့် နှစ်ယောက်စလုံး
ကို လက်ပြန်ကြိုးတွေ တုပ်ပြီးသား ဖြစ်သွား
တော့တာပေါ့ကွယ်။ရိုင်ဖယ်သေနတ်တွေ
ကိုင်ထားတဲ့ ဂျပန်စစ်သားတွေက ကျုပ်တို့နှစ်
ယောက်ကိုညှပ်ပြီး ရွာထဲကနေ ခေါ်ထုတ်လာ
ကြတယ်။ ဂျပန်စစ်တပ်က တောထဲကဖြတ်ပြီး
ရောက်လာတာဆိုတာတော့ ကျုပ်တို့တွေသ
တင်း လုံးဝမရခဲ့ကြဘူး။ ရွာတွေနဲ့ လှမ်းတဲ့
တောင်ခြေက တောထဲမှာ ဒီကောင်တွေ စ
ခန်းချထားတာကွဲ့၊ သူတို့စခန်းကို ရောက်
တာနဲ့ ကျုပ်နဲ့ အောင်ညွန့်ကို သစ်ပင်တစ်
ပင်စီမှာ ကြိုးနဲ့ မလှုပ်နိုင်အောင် တုပ်လိုက်
ကြတယ်။ အဲဒီ အချိန်က စပြီး လောကငရဲ
ကို ခံစားရတော့တာပေါ့ကွယ်။
ဂျပန်စစ်ဗိုလ်က ကျုပ်ကို ထိုးကြိတ်ကန်ကျောက်
ပြီး ကျုပ်တို့ရဲ့တပ်ဘယ်မှာတုံး၊ကျုပ်တို့နှစ်ယောက်
ရဲ့ လက်နက်တွေ ဘယ်မှာဝှက်ထားတုံးဆိုပြီး မေး
တော့တာပေါ့။ ကျုပ်ကလည်း ကျုပ်တို့နှစ်ယောက်
ဟာ တပ်ကရိက္ခာဝယ်ခိုင်းလို့လာဝယ်တဲ့အကြောင်း၊
အခုအချိန်မှာ တပ်က ခရီးဆက်သွားလို့ အဆက်
ပြတ်သွားတဲ့အကြောင်း၊ ဂျပန်တပ်ကြီးနောက်က
လိုက်လာလို့ သူတို့လည်း ကျုပ်တို့ကို မစောင့်ဘဲ
အမြန်ထွက်သွားကြလို့ ကျုပ်တို့နဲ့ အဆက်ပြတ်
သွားရတဲ့အကြောင်းတွေ စကားပြန်က တစ်ဆင့်
ပြောပြတယ်။
ဒါပေမဲ့ ဒီစကားပြန်က ကျုပ်လက်သီးနဲ့ ထိုးထား
တဲ့ စကားပြန် မဟုတ်လို့ တော်သေးတာပေါ့ကွယ်
ကျုပ်တို့ကို စစ်ဆေးတဲ့နေရာက စကားပြန်က တ
ခြားတစ်ယောက်ကွဲ့၊ ဒီကောင်ကတော့ မျက်နှာ
တော်တော်လေး တည်ကြည်တယ်၊ ကျုပ်ပြောသ
မျှကို အမှန်အတိုင်း ပြောပြပုံရတယ်၊ဒါပေမဲ့ ဂျပန်
ဗိုလ်က ဘယ်ယုံပါ့မလဲကွယ်၊ ကျုပ်နဲ့ အောင်ညွန့်
ကို တစ်ညလုံး နှိပ်စက်တော့တာပါပဲ မောင်တာ
တေရယ်။
ရဲဘော်အောင်ညွန့် ဆိုတဲ့ကောင်ကလည်း
သတ္တိရှိတဲ့ နေရာမှာတော့ ကျုပ်ထက် မပိုရင်
သာ ရှိရမယ်၊ ကျုပ်ထက်တော့ မလျော့တာ
သေချာတယ်ကွဲ့၊အောင်ညွန့်ကလည်း ကျုပ်
ပြောတဲ့အတိုင်း ပြောတာပဲကွဲ့၊ ကျုပ်ကလည်း
ကျုပ်ကိုစစ်တဲ့အခါမှာ အောင်ညွန့် ကြားအောင်
ခပ်ကျယ်ကျယ်လေး ပြောပေးရတာပေါ့ကွယ်။
ဒါကို အောင်ညွန့်က သေသေချာချာ နား
ထောင်ပြီးတော့ ကျုပ်နဲ့ ထွက်ဆိုချက်ချင်း
တစ်လုံးမကျန်တူအောင် ပြောတော့တာပေါ့
ကွယ်။ ဒါကို စကားပြန်က ရိပ်မိပေမယ့် ဘာ
မှ မဟန့်တားဘူးကွဲ့၊ ဒီတော့ ကျုပ်နဲ့ အောင်
ညွန့်ပြောတာ တစ်ထပ်တည်းကျနေတော့
တာပေါ့ကွယ်။
ဒါကို စကားပြန်က ရိပ်မိပေမယ့် ဘာမှမဟန့်
တားဘူးကွဲ့၊ ဒီတော့ကျုပ်နဲ့ အောင်ညွန့်ပြော
တာ တစ်ထပ်တည်းကျနေတော့တာပေါ့ကွယ်၊
နောက်နေ့ ရောက်တော့ ဘယ်ရွာက လူတွေ
ခေါ်လာတယ် မသိပါဘူးကွယ်။ ဒီလူတွေက
ပေါက်တူးတွေနဲ့ ရောက်လာကြတာဟေ့၊ ဒီ
ကတည်းက ကျုပ်ရော အောင်ညွန့်ရော သိ
လိုက်ကြတာကွဲ့၊ကျုပ်တို့ကိုခေါင်းဖြတ်တော့
မှာ သေချာပြီပေါ့ကွယ်၊ ကျင်းတူးမယ့် လူစုကို
ဂျပန်စစ်သားနဲ့ စကားပြန်က ခေါ်သွားတယ်
ဘယ်မှာသွားပြီး တူးတယ်လို့တော့ မသိဘူးကွဲ့။
အဲဒီနေ့တစ်နေ့လုံးတော့ ကျုပ်တို့နှစ်ယောက်
ကို ထပ်ပြီး မစစ်တော့ဘူးဟေ့၊ အစာနည်းနည်း
ကျွေးတယ်၊ ရေတိုက်တယ်။ ညနေစောင်းတော့
စကားပြန် ရောက်လာပြီး ကျုပ်ကို ပြောတယ်။
“ခင်ဗျားတို့ကို နောက်ဆုံး အခွင့်အရေးပေး
မယ်လို့ စစ်ဗိုလ်ကပြောတယ်၊ခင်ဗျားတို့ တပ်
စခန်းနေရာကို အမှန်အတိုင်းပြောရင် ဒီည ခင်
ဗျားတို့ကို မသတ်တော့ဘူးတဲ့”
သူတို့ကို တော်လှန်နေတဲ့ ဗမာစစ်သားကို
မိမှတော့ မသတ်ဘူးဆိုတဲ့ ဂျပန် ရှိပါ့မလား
မောင်တာတေရယ်၊ ဒီတော့ ကျုပ်က စကား
ပြန်ကို တိုတိုပဲ ပြောလိုက်တယ်။
‘မင်းစစ်ဗိုလ်ကို သွားပြောလိုက်ပါ၊ ကျုပ်တို့မှာ
ဘာမှ ပြောစရာ မရှိဘူး၊ ကြိုက်တဲ့အချိန် သတ်
လိုက္လို့ ‘
စကားပြန်လည်း ကျုပ်စကားကို ကြားတော့
ချာကနဲ လှည့်ထွက်သွားတယ်။ နောက်ထပ်
တော့ ဘယ်သူမှ ထပ်မလာဘူးကွဲ့၊ ညမိုးချုပ်
စရောက်တော့ ကျုပ်နဲ့ အောင်ညွန့်ကို ထမင်း
ကျွေးတယ်။ စကားပြန်က ကျုပ်တို့ကို ကြိုက်
သလောက် စားနိုင်တယ်၊ ဒါနောက်ဆုံး ညစာ
ပဲလို့ ပြောတယ်ဟေ့။ကျုပ်နဲ့ အောင်ညွန့်လည်း
တစ်ဝစားကြတော့တာပေါ့ကွာ။
‘အောင်ညွန့်ရေ၊ တစ်ဝသာ စားကွာ၊ သေ
လည်း ဝဝလင်လင် စားသောက်ပြီးမှ သေ
ကြတာပေါ့ကွာ’
လို့ ကျုပ်က ပြောတော့ အောင်ညွန့်က တ
ဟားဟားနဲ့ ရယ်တယ်ကွ။ အောင်ညွန့်ဆိုတဲ့
ကောင်ကတော့နည်းနည်းမှကိုကြောက်သွေး
ပါပုံမရဘူး မောင်တာတေရေ၊ ကျုပ်တို့နှစ်
ယောက် ထမင်းစားသောက်ပြီး သိပ်မကြာ
ဘူးကွဲ့၊ ဂျပန်စစ်သားတွေ ရောက်လာပြီး
ကျုပ်တို့ကို လက်ပြန်ကြိုးတွေ ပြန်တုပ်ကြ
တယ်၊ စောစောက ကျုပ်တို့ ထမင်းစားဖို့
ကြိုးဖြည်ပေးတာလေကွယ်
ကြိုးတုပ်ပြီးတာနဲ့ ဂျပန်စစ်သားတွေကလက်ဟန်
ခြေဟန်ပြပြီး ကျုပ်တို့နှစ်ယောက်ကို သွားခိုင်းတယ်။ ဒီကောင်တွေ စုစုပေါင်းငါးယောက်ကွ၊ရိုင်ဖယ်သေ
နတ်ကြီးတွေနဲ့က သုံးယောက်၊နှစ်ယောက်ကတော့
လက်ချည်းပဲ၊ ရိုင်ဖယ်ကိုင်ထားတဲ့ ဂျပန်စစ်သား
တစ်ယောက်က ရှေ့ကဦးဆောင်ပြီး ခေါ်သွားတယ်
အဲဒီအကောင့်ရဲ့နောက်က ကျုပ်၊ ကျုပ်နောက်က
အောင်ညွန့်၊ အောင်ညွန့်နောက်မှာ လက်နက်မပါ
တဲ့ ဂျပန်နှစ်ယောက်၊ အဲဒီကောင်နှစ်ကောင်ရဲ့
နောက်ကမှ ရိုင်ဖယ်ကြီးတွေ ကိုင်ထားတဲ့ ဂျပန်
စစ်သား နှစ်ယောက်။ ကျုပ်တို့နှစ်ယောက်ကို
သတ်ဖို့ တူးထားတဲ့ကျင်းတွေက ဂျပန်တွေ စ
ခန်းချတဲ့ တောအုပ်ကလေးနဲ့ဆိုရင် တော်တော်
လှမ်းသေးတာကွဲ့၊ အဲဒီနေရာမှာ သင်္ချိုင်းကုန်း
လေးတစ်ခု ရှိတယ်။
ဒီအနီးအနားရွာလေးတွေက လူသေရင် ဒီသင်္ချိုင်း
ကုန်းလေးမှာ လာပြီးသင်္ဂြိုဟ်ကြပုံပဲ၊ ဂျပန်တစ်
ယောက်က ကျုပ်ကို ထိုင်ခိုင်းတယ်။ အောင်ညွန့်
ကိုတော့ မြောက်ဘက်က ကျင်းနှုတ်ခမ်းမှာ ဒူး
ထောက်ခိုင်းထားတယ်။ ဘယ်လောက်သတ္တိ
ကောင်းကောင်း ဒီလိုအချိန်မှာတော့ မကြောက်
တဲ့လူ ရှိမှာ မဟုတ်ပါဘူး မောင်တာတေရယ်။
‘အောင်ညွန့် ဘာမှမတွေးနဲ့၊ ဘုရားကိုပဲ
အာရုံယူထား’
‘ဟုတ်ကဲ့ ဆရာ၊ ဒါပေမဲ့ ကျုပ်မသေချင်သေး
ဘူးဗျ၊ ဒီဂျပန်ကောင်တွေကို ကျုပ်လက်နဲ့
သတ်ချင်သေးတာပဗျာ’
‘ရဲဘော်အောင်ညွန့်၊ ဒါတွေ တွေးမနေနဲ့တော့၊
ဘုရားကိုပဲ အာရုံပြုထား’
‘ဟုတ်ကဲ့ပါ ဆရာ’
ကျုပ် ခပ်လှမ်းလှမ်းကို ကြည့်လိုက်တော့ ထ
နောင်းပင်ကြီးတွေအောက်မှာကျင်းတူးပေးတဲ့
ရွာသားတွေထိုင်ပြီး ကျုပ်တို့ကို ကြည့်နေကြ
တယ်ကွဲ့၊ ဒီတော့မှ ကျုပ်တွေးမိတယ်။ကျုပ်
တို့ကို သတ်ပြီးရင် ကျင်းကို မြေပြန်ဖို့ဖို့ ခေါ်
ထားတာကိုး မောင်တာတေရဲ့၊ခဏနေတော့
နေဝင်သွားပြီကွဲ့၊ အိပ်တန်းတက်ဖို့ ရောက်
လာတဲ့ငှက်တွေရဲ့အသံတွေက သင်္ချိုင်းကုန်း
လေးကို ဖုံးသွားတယ်။ ခပ်ဝေးဝေး ရွာလေး
တွေဆီက ခွေးဟောင်သံကို ကျုပ်ကြားနေ
ရတယ်။ ဒီနေရာနဲ့ အနီးဆုံးရွာဆိုတာ ခွေး
တစ်ကောင်တော့ ဝေးသေးတာပဲလို့ ကျုပ်
တွေးလိုက်မိတယ်။ တဖြည်းဖြည်း မိုးချုပ်
လာတာပေါ့ကွယ်။ဒီမှာတင် ကျုပ်ဘုရားကို
အာရုံပြုပြီး သစ္စာဆိုလိုတယ်။
‘သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားပိုင်ပိုင်
သိမြင်တော်မူနိုင်ပါသော သဗ္ဗေညုတဥာဏ်
တော်ကြီးကို ရရှိတော်မူသည့် မြတ်စွာဘုရား
ရှင်ကိုယ်တော်ဘုရား…ဘုရားတပည့်တော်
ထွန်းကြွယ် ကောင်းမှု မကောင်းမှုကို ခွဲခြား
သိခဲ့သည့်အချိန်မှစပြီး မကောင်းမှု မှန်သမျှ
ရှောင်ကြဉ်ခဲ့ပါတယ် အရှင်ဘုရား။ ဘုရား
တပည့်တော်သည် စစ်တပ်ထဲ ဝင်ခဲ့သည့်နေ့
မှစပြီး တိုင်းပြည်နဲ့ လူမျိုး၊ လွတ်လပ်ရေးရဖို့
အတွက်သာ စိတ်အာရုံမှာ အချိန်ပြည့်ရှိခဲ့သူ
ပါဘုရား၊ မိမိကိုယ်ကျိုးအတွက် ဘာတစ်ခုမှ
ရယူခြင်း၊ ဆောင်ရွက်ခြင်း မပြုခဲ့ပါဘုရား၊
ဤမှန်သော သစ္စာစကားကြောင့် ဘုရားတပည့်
တော် ထွန်းကြွယ်နဲ့ ရဲဘော်အောင်ညွန့်တို့အား
ကယ်တင်မည့်သူ ပေါ်လာပါစေဘုရား၊ ဘုရား
တပည့်တော်တို့နှစ်ယောက် ယခုရင်ဆိုင်နေရ
သည့် အသက်ဘေးမှ လွတ်မြောက်ရပါလို၏
အရှင်ဘုရား၊ ဘုရားတပည့်တော် ပြုခဲ့ဖူးသည့်
ကောင်းမှုမှန်သမျှကိုလည်း ဤနေရာကို ပိုင်
ဆိုင်ကြသည့် တောစောင့်နတ်၊ တောင်စောင့်
နတ်၊ ရွာစောင့်နတ်၊ သင်္ချိုင်းစောင့်ပုဂ္ဂိုလ်ပါမ
ကျန် အမျှပေးပေပါသည်။ အားလုံး အမျှ အမျှ
အမျှ ‘
ကျုပ်က အာရုံကို ငြိမ်ထားပြီး သက်ရှိထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ကြီးအရှေ့မှာကို သစ္စာ
ပြုလျှောက်ထားသလို လျှောက်ထားလိုက်တာကွဲ့
မောင်တာတေရဲ့၊ ကျုပ်သစ္စာဆိုလို့လည်းပြီးရော
မှောင်ထဲက ထွက်လာတဲ့ ခွေးအူသံကြီးကို ကြား
ရတော့တာပါပဲကွယ်။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ ဝူး”
ဆိုတဲ့ အသံကြီးဟာ တစ်မျိုးကြီးပဲကွ၊ အသံမှ
အကြီးကြီးပဲဟေ့၊ ကျုပ်စိတ်ထင်တော့ အဲဒီခွေး
ကြီးအူတဲ့အသံဟာ လိုဏ်သံကြီးတောင် ပါနေ
တာကွဲ့ မောင်တာတေရဲ့၊ ကျုပ်လည်း ခွေးအူ
သံကြားတဲ့ဆီကို လိုက်ကြည့်တာပဲဟေ့၊ တ
ဖြည်းဖြည်းနဲ့ အသံက နီးသထက် နီးလာပြီး
နောက်ဆုံးတော့ သင်္ချိုင်းကုန်းက အုတ်ဂူလေး
တွေကြားမှာ ဘွားကနဲ ပေါ်လာတာဟေ့၊ ခွေး
နက်ကြီးဗျာ၊ နည်းတဲ့အကောင်ကြီး မဟုတ်ဘူး
ကွဲ့၊ ကျုပ်စိတ်ထင် ပြောရရင်တော့ နွားမဒန်း
တစ်ကောင်လောက် ရှိလိမ့်မယ်။
ကျုပ် ဂျပန်တွေကို လှမ်းကြည့်တော့ ဒီကောင်
တွေလည်း ခွေးအူသံကြီးကြားပြီး ဟိုကြည့်ဒီ
ကြည့် လုပ်နေကြတာကွဲ့၊ ဂျပန်စစ်သားတစ်
ယောက်ဆိုရင် သူ့လက်ထဲက ရိုင်ဖယ်သေ
နတ်ကြီးနဲ့ ခွေးအူသံကြားတဲ့ဘက်ကို ချိန်ထား
တာ တွေ့ရတယ်ကွ၊ဒါပေမဲ့ ဒီကောင်တွေ ခွေး
နက်ကြီးကို မြင်ပုံမရဘူး မောင်တာတေရဲ့။
ဒီတော့မှ ကျုပ်တွေးမိတာကွဲ့၊ သေခါနီးလူဆိုတာ ကံအနိမ့်ဆုံးအချိန်ကိုရောက်နေတာမို့လား၊ အခု
ကျုပ်ကလည်း သေခါနီးလူတစ်ယောက်လေ၊ ဒါ
ကြောင့် နာနာဘာဝခွေးကြီးကို မြင်ရတာ ဖြစ်မယ်
လို့ ကျုပ်တွေးလိုက်မိတယ်။ ဒါဆိုရင်တော့ ကျုပ်
သေရတော့မှာပဲလို့လည်း ဆက်တွေးလိုက်မိတာ
ပေါ့ကွယ်။ ခပ်လှမ်းလှမ်းက ရွာသားတွေကလည်း
ခွေးအူသံကြီးကို ကြားကြရပုံပဲကွဲ့၊ဒီလူတွေလည်း
ကြောက်ကြောက်လန့်လန့် ဖြစ်နေပုံပဲ။
‘ဝူး၊ ဝူး၊ ဝူး၊ ဝူး’
ခွေးနက်ကြီးက သူ့ခေါင်းကြီးကို အပေါ်မော့ပြီး
အူနေလိုက်တာ အသံနက်ကြီးကလည်း လိုဏ်
သံကို ပါနေတာဟေ့၊
‘ဟော …ဂျပန်စစ်ဗိုလ် လာပြီဟေ့’
ခပ်လှမ်းလှမ်းက ထနောင်းကုန်းပင်တွေအောက်
မှာ ထိုင်နေတဲ့ ရွာသားတစ်ယောက်ပြောသံကို
ကြားလိုက်ရတယ်၊ ပြီးတော့ ဒီကောင်တွေ ထိုင်
နေရာက မတ်တတ်ထရပ်လိုက်ကြတယ်ကွဲ့။
ကျုပ်လည်း လှမ်းကြည့်လိုက်တယ်၊ ခပ်သုတ်
သုတ် လျှောက်လာနေတဲ့ လူတစ်စုကို လှမ်း
မြင်နေရတယ်၊ သူတို့လက်ထဲမှာ မီးအိမ်နှစ်
လုံး ထွန်းပြီး ကိုင်လာတာကိုလည်း ကျုပ်တွေ့
လိုက်ရတယ်။ တဖြည်းဖြည်း နီးနီးလာပြီး လူ
လုံးကွဲလာတယ်။ ဂျပန်စစ်ဗိုလ်က ဓါးရှည်ကြီး
တစ်ချောင်းကို လက်မှာ ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ပြီး ဒေါသတကြီး လျှောက်လာနေ
တာဟေ့၊
သူ့ဘေးမှာ မီးအိမ်တစ်လုံးစီ ကိုင်ထားတဲ့ ဂျပန်
စစ်သားနှစ်ယောက်နဲ့ ရိုင်ဖယ်ကိုင်ထားတဲ့ ဂျပန်
စစ်သားနှစ်ယောက်၊ ပြီးတော့ ကျုပ်တို့ကို နှစ်
ရက်လုံးလုံး စစ်ဆေးပေးခဲ့တဲ့ ဂျပန်စကားပြန်
ဗမာကောင်ပါ ပါလာတယ်။ ကျုပ်တို့နားကို
ရောက်တော့ စကားပြန်ကောင်က ကျုပ်ကို
ပြောတယ်ကွဲ့၊
‘ထွန်းကြွယ်နဲ့ အောင်ညွန့် မင်းတို့သတင်းကို
မင်းတို့ ခိုအောင်းနေတဲ့ရွာက လူတစ်ယောက်
က အတိအကျပေးခဲ့လို့ ဂျပန်တပ်က သိထား
ပြီးသားပါ။ အခု ဂျပန်စစ်ဗိုလ်က နောက်ဆုံး
အနေနဲ့ ပြောခိုင်းတယ်၊ မင်းတို့ရဲ့ ပင်မတပ်
စခန်းချထားတဲ့ နေရာကို မင်းတို့ကိုယ်တိုင်
လိုက်ပြရင် အသက်ချမ်းသာပေးမယ်တဲ့။
ဒါပေမဲ့ ကိုယ်တိုင်တော့ လိုက်ပြရမှာနော်
ထွန်းကြွယ်’
‘ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး’
စကားပြန်ကောင်ရဲ့ စကားမဆုံးခင်ဘဲ ခွေး
နက်ကြီးက ထပြီးအူလိုက်တယ်ဟေ့၊ ဂျပန်
စကားပြန်ရော စစ်ဗိုလ်ရော အားလုံး လန့်
သွားကြတယ်။ ကျုပ်မြင်နေရတဲ့ ခွေးနက်
ကြီးက အုတ်ဂူကြီးကြီးတစ်လုံးပေါ်ကို လွှား
ကနဲ ခုန်တက်လိုက်တယ်ကွဲ့…
‘ဟာ …ဟိုမှာ ခွေးနက်ကြီး၊ခွေးနက်ကြီး၊နည်းတဲ့
အကောင်ကြီးမဟုတ်ဘူးကွ၊ ဒါ သရဲခွေးကြီးထင်
တယ်၊ ဟေ့ကောင်တွေ ငါတို့ ပြေးမှထင်တယ်’
‘ပြေးရင် နင့်ပထွေးတွေက သေနတ်နဲ့ပစ်မှာပေါ့
ငတုံးရဲ့’
ကျင်းတူးတဲ့ကောင်တွေဆီက ထွက်လာတဲ့
အသံတွေကွဲ့ မောင်တာတေရဲ့။ ဒီခွေးနက်
ကြီးကို ကျုပ်ကတော့ မြင်နေတာကြာပြီပေါ့
ကွယ်။ခုမှ တခြားလူတွေ မြင်ကြတာဖြစ်မယ်
ကွဲ့၊ဂျပန်စကားပြန်ကို ကျုပ်ကြည့်လိုက်တော့
ဂူပေါ်မှာမားမားကြီးရပ်နေတဲ့ခွေးကြီးကိုကြည့်
ပြီး ကြက်သေ သေနေရောဟေ့။ ဂျပန်စစ်သား
တွေရော ဂျပန်စစ်ဗိုလ်ရော ခွေးနက်ကြီးကို
ကောင်းကောင်းမြင်သွားကြပြီဟေ့။
ခဏနေတော့ ဂျပန်စစ်ဗိုလ်က လုပ်စရာ
ကိစ္စကို မြန်မြန်ပြီးအောင် လုပ်မှပဲလို့ တွေး
ပုံရတယ်ကွဲ့၊ သူလူတွေကို ဂျပန်လို အမိန့်
ပေးလိုက်တယ်။ ဂျပန်စစ်သားတွေက ကျုပ်
တို့ဘေးမှာဝိုင်းပြီးနေရာယူလိုက်ကြတယ်။ဂျ
ပန်စစ်ဗိုလ်ကအောင်ညွန့်ဘက်ကို လျှောက်
သွားတယ်ကွဲ့။ အောင်ညွန့်ကို အရင်သတ်
မှာပေါ့လေ။ ကျုပ်က ခေါင်းငုံ့ထားရင်းနဲ့
အောင်ညွန့်ကို စောင်းကြည့်နေလိုက်တယ်။
မီးအိမ်ပြတဲ့ ဂျပန်က မီးအိမ်ကို မြှောက်ပြ
ထားတယ်။ မီးရောင်က အောင်ညွန့်တစ်
ကိုယ်လုံးပေါ်ကို ကျနေတယ်။ ပြီးတော့
အောင်ညွန့်ရှေ့မှာ မြေကျင်းပေါ်မှ လင်း
နေတယ်
‘ချွမ်’
ဂျပန်စစ်ဗိုလ်က သူ့ဓါးရှည်ကြီးကို ချွမ်ကနဲ
ဆွဲထုတ်လိုက်တယ်။
‘ဂီး ဂီး ဂီး ဂီး ဂရား’
ဂူပေါ်မှာ မားမားကြီးရပ်နေတဲ့ ခွေးနက်ကြီး
ဆီက အူတဲ့ အသံထွက်မလာတော့ဘဲ မာန်
ဖီတဲ့ အသံကြီး ထွက်လာတယ်။ ဂျပန်စစ်
သားတွေက အလန့်တကြားနဲ့ ခွေးနက်ကြီး
ကို လှမ်းကြည့်တယ်။ ဂျပန်စစ်ဗိုလ်ကတော့
ဘာကိုမှ မကြည့်တော့ဘဲ သူ့လက်ထဲမှာ
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ဓါးရှည်ကြီး
ကို ဖြည်းဖြည်းချင်း မြှောက်လိုက်တယ်။မီး
ရောင်အောက်မှာ ဂျပန်စစ်ဗိုလ်ရဲ့ မျက်မှန်
က အရောင်တလက်လက် ဖြစ်နေတယ်။
ဒီအချိန်လေးမှာပဲ… …
‘ဟား ဟား ဟား ဟား ဟား မဖဲဝါတဲ့ဟေ့၊
သင်္ချိုင်းပိုင် မဖဲဝါ ဆိုတာ ငါဟဲ့၊ ငါ ငါ ‘
ကျုပ်ဖြင့် အဲဒီအသံကြီး ကြားလိုက်တာ ကြက်
သီးတွေ ဖျန်းကနဲ ထသွားလိုက်တာ မောင်တာ
တေရယ်၊ပြောလိုက်တာတော့ အောင်ညွန့် ပြော
လိုက်တာပဲ၊ ဒါပေမဲ့ အသံက အောင်ညွန့်အသံ
မဟုတ်ဘဲ မိန်းမအသံကြီး ဖြစ်နေတာကွ။
‘ဂီး၊ ဂီး၊ ဂီး၊ ဂရား၊ ဂီး’
ခွေးနက်ကြီးကလည်း မာန်ဖီ၊ မဖဲဝါရဲ့ ကြုံး
ဝါးသံကြီးကလည်း ဟိန်းထွက်နေတာကွဲ့။
ကျုပ် ကြည့်လိုက်တော့ …
ဟာ အောင်ညွန့် မဟုတ်တော့ဘူးဟေ့။ အောင်
ညွန့်နေရာမှာ ထဘီရင်လျားနဲ့ ဆံပင်ဖားလျား
ကြီး ချထားတဲ့ မဖဲဝါကြီး ဖြစ်နေပါရောလား။အ
ရပ်ကြီးကလည်း တော်တော်ရှည်တာကွဲ့၊ မျက်
လုံးကြီးတွေကလည်း ရဲတောက်နေတာဟေ့။
အောင်ညွန့်ကို တုပ်တဲ့ လက်ပြန်ကြိုးက သူ့
ကို တုပ်လို့။
‘ဟား ဟား ဟား ဟား ခုတ်လိုက်လေ၊ ခုတ်
လိုက်၊ ဟား ဟား ဟား ဟား ‘
ဂျပန်ဗိုလ်ကို မျက်လုံးနီနီကြီးနဲ့ မော့ကြည့်
တယ်။ ဂျပန်ဗိုလ်လည်း ဓါးကြီးမြှောက်ရက်
နဲ့ အသားတွေ တဆတ်ဆတ်တုန်နေတာဟေ့။
‘ထောင်း’ ‘ဟား ဟား ဟား ဟား’
ဟာ မဖဲဝါလက်မှာ ချည်ထားတဲ့ လက်ပြန်ကြိုး
ကြီး ထောင်းကနဲ ပြတ်ထွက်သွားရောဟေ့။ မ
ဖဲဝါက ဆံပင်ဖားလျားကြီးနဲ့ ဆတ်ကနဲ မတ်
တတ်ထရပ်လိုက်တယ်။ ဂျပန်စစ်ဗိုလ်လည်း
ချာကနဲ လှည့်ပြေးတော့တာပဲ မောင်တာတေ
ရေ၊စစ်ဗိုလ်လည်းပြေးရော စစ်သားတွေလည်း
ပြေးတော့တာပေါ့ကွာ။ဂျပန်တွေ ပြေးတာလည်း
တွေ့ရော စောစောကတည်းက ပြေးချင်နေတဲ့
ကျင်းတူးတဲ့လူတွေလည်း ပြေးတော့တာပေါ့ကွာ
‘ဂီး၊ ဂီး၊ ဂီး၊ ဂီး၊ ဂရား’
ခွေးနက်ကြီးက ဂူပေါ်ကနေ လွှားကနဲခုန်ပြီး ဂျပန်
တွေ နောက်ကို လိုက်ရောဟေ့၊ ရိုင်ဖယ်ကိုင်ထား
တဲ့ ဂျပန်စစ်သားတွေက သူတို့သေနတ်တွေကို
မောင်းထိုးပြီး ခွေးနက်ကြီးကို ပစ်တဲ့လူကပစ်၊
မဖဲဝါကို ပစ်တဲ့လူက ပစ်ကြရောဟေ့။
‘ချောက်’ ‘ချောက်’ ‘ချောက်’
ဟာ ကျုပ်ဖြင့် အံ့သြလိုက်တာ မောင်တာတေရယ်။
ဂျပန်တွေရဲ့ သေနတ်တွေ တစ်လက်မှ ကျည်မထွက်
ဘူးကွဲ့။ ‘ချောက်ကနဲ’ပဲ မြည်ကုန်တာ။ဒီမှာတင် ဂျပန်
တွေလည်း လှည့်မကြည့်တော့ဘဲ ပြေးတော့တာဟေ့။
‘ဂီး၊ ဂီး၊ ဂီး၊ ဂီး၊ ဂီး’
‘ဟား ဟား ဟား ဟား ဟား’
ခွေးနက်ကြီးရဲ့ မာန်ဖီသံရယ်၊ မဖဲဝါကြီး တဟား
ဟားနဲ့ အော်ရယ်တဲ့ အသံရယ်က အမှောက်ထု
ကြီးကို လွှမ်းသွားရောဟေ့။ ခွေးပြေး ဝက်ပြေး
ပြေးနေတဲ့ ဂျပန်တွေကို လိုက်ကြည့်နေရာကနေ
မဖဲဝါကို ကျုပ် လှည့်ကြည့်လိုက်တော့ …ဟာ
မဖဲဝါ မဟုတ်တော့ဘူး မောင်တာတေရေ။အောင်
ညွန့် ၊ အောင်ညွန့် ကျင်းစပ်မှာ ငူငူကြီး ရပ်နေ
တယ်။ ခွေးနက်ကြီးလည်း ပျောက်သွားပြီကွဲ့၊
ဒီတော့မှ သတိလစ်သလို ဖြစ်နေတဲ့ အောင်
ညွန့်ကို ကျုပ်ပခုံးနဲ့တိုက်ပြီး သတိပေးရတာ
ပေါ့ကွယ်။ ကျုပ်က လက်ပြန်ကြိုးတုပ်လျက်
ကြီးလေ။ အောင်ညွန့်ကတော့ ကြိုးမရှိတော့
ဘူးကွဲ့။
‘အောင်ညွန့်၊ အောင်ညွန့်၊ ရဲဘော်အောင်ညွန့်’
‘ဗျာ၊ ဆရာ’
ဒီတော့မှ အောင်ညွန့် သတိရတာလာဟေ့၊
သတိရတာနဲ့ ကျုပ်လက်က ကြိုးကို ကပျာ
ကယာ ဖြည်ပေးတယ်။
‘ဆရာ ဘာတွေ ဖြစ်ကုန်တာတုံး’
အောင်ညွန့်က ဘာမှမသိလိုက်ဘူးကွဲ့၊ ဘာ
တွေ ဖြစ်သွားတယ်ဆိုတာ ကျုပ်ပဲ မြင်လိုက်
ရတာလေ။
‘အောင်ညွန့် ဒီအကြောင်းတွေ နောက်မှပြောပြ
မယ်၊ လာ လာ ၊ မြန်မြန်ပြေးကြစို့ ‘
ကျုပ်တို့ ဆရာတပည့်နှစ်ယောက်လည်း ကြယ်
ရောင်လေးကို အားပြုပြီး သုတ်ခြေတင်ပြီး ပြေး
ကြရတော့တာပေါ့ကွယ်၊ အရင်ခိုအောင်းနေတဲ့
ရွာမှာ နေလို့မဖြစ်တော့ဘူးလေကွယ်၊ ဒါနဲ့ ကျုပ်
တို့ ဝှက်ထားတဲ့ လက်နက်တွေ ယူပြီး ညတွင်း
ချင်း ကျုပ်တို့ရဲ့တပ် လျှို့ဝှက်စခန်းချတဲ့နေရာ
ကို အရောက်သွားခဲ့ရတာပေါ့ မောင်တာတေ
ရယ်။ နောက်တော့ ကျုပ်ကြားတာက ကျုပ်တို့
ကို ဖမ်းပြီးသတ်ဖို့လုပ်တဲ့ ဂျပန်တပ်ခွဲလည်း ည
တွင်းချင်း ပြောင်းပြေးသွားတယ်တဲ့ဟေ့၊ဒီကောင်
တွေလည်း မဖဲဝါရဲ့ ခွေးနက်ကြီးကို တော်တော်
ကြောက်သွားကြပုံပဲဟေ့”
“ဟာ…ဘိုးရယ်၊ ကျုပ်ဖြင့် ဘိုးကြုံတွေ့ရတာကို
စိတ်ဝင်စားလိုက်တာဗျာ၊ ဘိုးအစား ကြောက်
လိုက်တာလည်း မပြောပါနဲ့တော့ဗျာ”
“အေးကွယ်၊ အသက်တစ်ရာ မနေရ၊ အမှုတစ်
ရာ တွေ့ရ ဆိုသလိုပေါ့ မောင်တာတေရယ်။
နောက်တော့ ဘိုးရော အောင်ညွန့်ရော ဂျပန်
တော်လှန်ရေးမှာ ဆက်ပြီးပါကြရတာပေါ့လေ။
အောင်ညွန့်ကတော့ သူပြောခဲ့တဲ့အတိုင်းပါပဲ
ကွယ်၊ဂျပန်တော်လှန်ရေးမှာ ဂျပန်တွေကို ရွပ်
ရွပ်ချွံချွံကို တိုက်တော့တာပဲဟေ့၊ အောင်ညွန့်
မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ချီးမြှင့်တဲ့
ဂုဏ်ပြုမှတ်တမ်းစာရွက်တောင် ရှိသကွဲ့။ သူ
ရော ကျုပ်ရော အသက် ခြောက်ဆယ်ပြည့်မှ
တပ်ထဲကပင်စင်ယူခဲ့ကြတာ။ကျုပ်ရောအောင်
ညွန့်ရော တပ်ထဲမှာ ဗိုလ်ကြီးအဆင့်တွေ ဖြစ်
ခဲ့ကြတာပေါ့ကွယ်။ကျုပ်ကဗိုလ်ကြီးထွန်းကြွယ်၊
သူက ဗိုလ်ကြီး အောင်ညွန့်ပေါ့။
“နေပါဦး ဘိုးရဲ့၊ ဘိုးနဲ့ မဖဲဝါနဲ့ နောက်ထပ်
ဆုံကြသေးလား”
ကျုပ်က ဘိုးထွန်းကြွယ်ကို မေးကြည့်တာဗျ။
ဘိုးထွန်းကြွယ်က ခေါင်းလေးကို ခါလိုက်ပြီးမှ…
“မဆုံတော့ပါဘူး မောင်တာတေ၊ ဒါပေမဲ့ ကျုပ်
က မဖဲဝါကို မကြာ မကြာ သတိရပါတယ်ကွယ်။
မဖဲဝါက ကျုပ်ရဲ့ အသက်ကို ကယ်ခဲ့တဲ့ ကျေး
ဇူးရှင်မကြီးလေကွယ်”
“ဟုတ်ပါတယ် ဘိုးရယ်၊ နို့ နေပါဦး ဘိုးရဲ့၊
ဘိုး အခု ကျုပ်ဆီကို လာတဲ့အကြောင်းက
ဘယ်လိုများ…”
ကျုပ်စကားမဆုံးခင်မှာပဲ ဘိုးထွန်းကြွယ်က
ကျုပ်ကို လက်ကာပြတယ်ဗျ။
“ဒီလို မောင်တာတေရဲ့၊ ဘိုး ကလောမှာ တောင်
ဘက်ဝိုင်းက မောင်စုနဲ့တွေ့တော့ မောင်တာတေ
နဲ့ မဖဲဝါ အဆက်အသွယ်ရှိတဲ့အကြောင်း ကြား
လိုက်ရတယ်၊ မောင်တာတေက မဖဲဝါကို ပင့်လို့
ရတဲ့အကြောင်းလည်း ဘိုး သိလိုက်ရတယ်။ဒီမှာ
တင် ဘိုးစိတ်ထဲမှာ ဆန္ဒတစ်ခု ပြင်းပြင်ပြပြ ဖြစ်
လာတော့ပါပဲကွယ်”
“ဗျာ၊ ဘယ်လိုဆန္ဒတုံး ဘိုးရဲ့”
“ဒီလို မောင်တာတေရယ်၊ ဘိုးက အသက်လည်း
ခုနှစ်ဆယ်နီးလာပြီလေကွယ်၊ ဘိုး မသေခင်မှာ
ဘိုးအသက်ကိုကယ်ခဲ့တဲ့မဖဲဝါကို တစ်ခါလောက်
တွေ့ချင်တယ်၊ ပြီးတော့ သူ့ကို ဘိုးပါးစပ်က
ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောချင်
တယ်ကွယ်၊ အဲဒီလို ပြောလိုက်ရရင် ဘိုး ဒီဘဝ
အတွက် သေပျော်ပါပြီကွယ်”
“သြော်…ဒီလိုကိုး၊ ဖြစ်ပါတယ် ဘိုးရဲ့၊ ကျုပ်
ကူညီပါ့မယ်၊ ဒါနဲ့ ဘိုးအောင်ညွန့်ကို ဘာလို့
ခေါ်မလာတာတုံး ဘိုးရဲ့”
“ဟာ …အောင်ညွန့် မရှိတော့ဘူး မောင်တာ
တေရဲ့၊ လွန်ခဲ့တဲ့ ငါးနှစ်က အောင်ညွန့် ဆုံး
သွားပြီ၊ ရန်ကုန်မှာ ဆုံးတာကွဲ့၊ ဘိုးတောင်
သူ့အသုဘကို လိုက်ပို့လိုက်ပါသေးတယ်။
ဟာ အောင်ညွန့်သာ ရှိလို့ကတော့ ဒီကိစ္စမျိုးကို
မလိုက်ဘဲ ဘယ်ရှိပါ့မတုံးကွယ်၊ သေချာပေါက်
ကို လိုက်မှာကွဲ့”
စောစောက ငြိမ်ပြီးနားထောင်နေတဲ့ ချစ်ညိုရဲ့
အဘ ဦးစိန်ညို ကျုပ်ကို ဖျက်ကနဲ လှည့်ကြည့်
တယ်ဗျ။
“မောင်တာတေ၊ မင်း ဘာလိုတုံး၊ မဖဲဝါကို
ကျွေးဖို့မွေးဖို့ လိုသမျှ ဘိုး ပေးမယ်”
ဘိုးစိန်ညို ပြောတာကို ကြားတော့ ဘိုးထွန်း
ကြွယ်က လက်ကာပြတယ်။
“နေပါဦး ငါ့ညီရာ၊ အစ်ကိုကြွယ် ပြောပါရစေ၊
အစ်ကိုက မဖဲဝါကြီးကို အသက်သခင် ကျေး
ဇူးရှင်မကြီးအဖြစ်နဲ့ အစ်ကို မသေခင် လာပြီး
တွေ့တာပါကွာ၊ အစ်ကိုရဲ့ ကျေးဇူးရှင်မကြီး
ကို အစ်ကိုကြွယ်ပဲ ကျွေးမွေးပါရစေ ညီလေး
ရယ်”
ဘိုးစိန်ညိုက ဘာမှမပြောတော့ဘဲ ခေါင်းလေး
ပဲ ညိတ်ပြလိုက်တယ်ဗျ။ ဘိုးထွန်းကြွယ် ပြော
တာလည်း ဟုတ်နေတာပဲလေဗျာ။
“တာတေ အတော်ပဲကွ၊ မနက်ဖြန် မနက်ဆို
ရင် အမဲသားရမယ်၊ ချော်တွင်းကုန်းက ကိုလူ
ဝကြီးတို့ အမဲပေးမယ်ပြောတယ်၊ငါ မနက်စော
စော လှည်းကောက်ပြီး သွားဝယ်လိုက်မယ်၊
ဘယ်လောက်ဝယ်ရမယ်သာပြော”
ဘိုးထွန်းကြွယ်က ကျုပ်ကို ဖျတ်ကနဲ လှမ်း
ကြည့်ပြီး ပြောတယ်ဗျ။
“မောင်တာတေ ပြောသာပြော၊ ဘိုးကို အား
မနာနဲ့၊ ဘိုးမှာ မဖဲဝါကို ကျွေးချင်မွေးချင် ကျေး
ဇူးဆပ်ချင်လို့ လာခဲ့တာကွဲ့”
“ဘိုးရေ၊ မဖဲဝါကို အမဲသား နှစ်ပိဿာနဲ့ ဆန်
တစ်ခွက်ချက်ကျွေးရတယ် ဘိုးရဲ့၊ သုံးပိဿာ
ဆိုရင် မဖဲဝါက သူ့ခွေးနက်ကျော်ကြီးကိုပါ
ချကျွေးရောဗျ”
“ဟေ…ဟုတ်သားပဲ မောင်တာတေရယ်၊
ဘိုး အဲဒီခွေးနက်ကြီးကို မေ့နေတာကွယ်၊
အဲဒီကောင်ကြီး ကျေးဇူးလည်း ရှိပါပေတယ်
မောင်တာတေရယ်၊ အဲဒီတုန်းက ဒီကောင်
ကြီးကို ဂျပန်တွေ တော်တော်ကို ကြောက်
သွားတာကွဲ့၊ ဒီကောင်ကြီး လိုက်ကိုက်တုန်း
က အသက်လုပြေးကြတဲ့ ဂျပန်တွေကို ဘိုး
မျက်စိထဲမှာ ခုထက်ထိကို မြင်နေတုန်းပါ
ကွယ်၊ ဒီကောင်ကြီးကိုလည်း ကျွေးပေးပါ
မောင်တာတေရယ်၊ ဒါပေမဲ့ သူ တို့ကို မြင်
အောင်ပြမှ မြင်ရတယ်နော်”
“ဟာ…ဘိုး ဒီအတွက်တော့ မပူနဲ့ဗျ၊ ကျုပ်
သူငယ်ချင်း တာတေက မြင်ရတယ် ဘိုးရဲ့”
“ဟေ…ဟုတ်လား မောင်တာတေ”
“ဒီအတိုင်းမြင်ရတာ မဟုတ်ဘူး ဘိုးရဲ့၊ကျုပ်မှာ
ဆရာကြီးတွေ ချီးမြှင့်ထားတဲ့ မျက်ကွင်းဆေး
ဆိုတာ ရှိတယ်၊ ပြီးတော့ အဲဒီမျက်ကွင်းဆေး
ကို ပြန်ပြီး ဖျက်တဲ့ ဆေးတောင့်လည်း ကျုပ်
ကို ပေးထားခဲ့တာ ဘိုးရဲ့၊ အဲဒါကြောင့် ကျုပ်
က မြင်ရတာပါ”
“ဟေ…ဟုတ်လား၊ ဒါဆို ဟန်ကျတာပေါ့ကွယ်၊
ခွေးနက်ကြီးကို အမဲသား ဘယ်လောက်ကျွေး
မြာတုံး”
“အစိမ်းတစ်ပိဿာ ကျွေးရင် ရပါပြီ ဘိုးရဲ့”
“အေး အေး၊ ညကျတော့ ငါ့တူ မောင်ချစ်ညို
ကို ဘိုးက လိုတဲ့ငွေ ပေးမကွဲ့”
“ဟုတ်ကဲ့ပါ ဘိုးရဲ့”
“ချစ်ညို အမဲသား ရလာရင် နှစ်ပိဿာတွဲကို
မဖဲဝါအတွက် ချက်ကွာ၊ တစ်ပိဿာတွဲကို ငှက်
ပျောဖက်နဲ့ သေသေချာချာ ထုတ်ထားနော်၊
ကြောင်တွေ ခွေးတွေ မစားစေနဲ့ ကြားလား”
“အေး အေး၊ စိတ်ချ တာတေ၊ ငါ သေသေချာ
ချာ လုပ်ထားမယ်၊မဖဲဝါအတွက် ထမင်းက ဆန်
ဘယ်လောက်ချက်တုံး”
“တစ်ခွက်ချက်လေကွာ”
“အေး ဟုတ်ပြီ၊ ဟုတ်ပြီ၊ အဲဒါတွေအတွက်
ငါအားလုံးစီစဉ်ထားမယ်၊ မင်း ဘာမှစိတ်မပူနဲ့
နောက်ထပ် ဘာလိုသေးတုံး၊ နတ်ကတော်
တစ်ယောက် ခေါ်ထားရဦးမှာလား တာတေ”
“မလိုဘူး ချစ်ညို၊ ခေါ်မထားနဲ့၊ ငါ ဘိုးထွန်းကြွယ်
ကို မျက်ကွင်းဆေး ကွင်းပေးပြီး အမြင်ပြမှာ၊ နား
ကိုလည်း လိမ်းပေးပြီး ဒိဗ္ဗသောတမန္တန် ရွတ်ပေး
မှာ၊ ကိစ္စပြီးတော့မှ ဖျက်ဆေးနဲ့ ပြန်ဖျက်ပေးမယ်”
“သြော် …ဒီလိုဆေးကွင်းပေးလို့ ရသလားကွ
တာတေရ”
“ဟာ …ချစ်ညိုကလည်း ဘိုးထွန်းကြွယ်က
မဖဲဝါကို တစ်ခါမြင်ဖူးတယ်လေကွာ၊ ဒါကြောင့်
ပြလို့ရတာကွ၊ ပြီးတော့ ဘိုး အဝေးကြီးက လာ
ခဲ့ရတဲ့ဆန္ဒ ပြည့်သွားစေချင်လို့ပါ”
ကျုပ်ပြောတာကို ကြားတော့ ဘိုးထွန်းကြွယ်ခ
မျာ ဝမ်းသာအားရ ဖြစ်သွားတော့တာပေါ့ဗျာ။
အားလုံးစီစဉ်ပြီးတော့ ကျုပ်တစ်ယောက်တည်း
ထနောင်းကုန်းကို ပြန်လာခဲ့တယ်။
နောက်နေ့ ညနေစောင်းတော့ ကျုပ်မီးလောင်
ကုန်းကို ထွက်လာခဲ့တယ်။ချစ်ညိုတို့အိမ်ကို
ရောက်တော့ ဘိုးစိန်ညိုတို့ မိသားစုက ကျုပ်
ကို ညစာ အတင်းကျွေးတော့တာပဲဗျာ။ကျုပ်
က စားပြီးမှ လာတာပါဆိုလည်း မရဘူးဗျ။
ဒါနဲ့ ကျုပ်လည်း ချစ်ညိုနဲ့ အတူတူ နည်းနည်း
ထပ်စားလိုက်ရသေးတယ်။ ညရှစ်နာရီကျော်
တော့ ကျုပ်နဲ့ ချစ်ညို ထမင်းတောင်း ပြင်ကြ
တယ်။ နက်ကျော်ကြီးအတွက် အမဲသားစိမ်း
ကို တောင်းလေးတစ်တောင်းနဲ့ သပ်သပ်ထည့်
ရတာပေါ့ဗျာ။ အိမ်က မထွက်ခင်မှာ ကျုပ်က
မျက်ကွင်းဆေးသွေးပြီးဘိုးထွန်းကြွယ်ရဲ့မျက်
လုံးတွေကို ကွင်းပေးလိုက်တယ်။
ပြီးတော့ နားနှစ်ဖက်ကို လိမ်းပေးပြီး ဒိဗ္ဗသော
တမန္တန်ကို ရွတ်ပေးလိုက်တယ်။ဒီဆေးက မျက်
စိကို ကွင်းရင် ဂါထာရွတ်ဖို့ မလိုပေမဲ့ နားကို
လိမ်းရင်တော့ ဒိဗ္ဗသောတမန္တန် ရွတ်ပြီး လိမ်း
ရတာဗျ။ ဘိုးထွန်းကြွယ်ကို ဆေးကွင်းပေးပြီး
တော့ ကျုပ်ကိုယ်ကျုပ်လည်း ဆေးကွင်းလိုက်
တယ်။ ဘိုးစိန်ညိုပါ လိုက်တာဗျ။
ကျုပ်နဲ့ ချစ်ညိုက တောင်းတစ်တောင်းစီ ထမ်း
ကြလို့ပေါ့ဗျာ။ ဘိုးတော်ကြီးနှစ်ယောက်က ကျုပ်
တို့နောက်က လိုက်လို့ပေါ့။မီးလောင်ကုန်းသင်္ချိုင်း
ထဲကိုရောက်တော့ ခပ်ကြီးကြီး ဂူတစ်လုံးကို ရွေး
လိုက်တယ်။ဒေါ်မယ်မ အသက်(၈၀)လို့ ရေး
ထားတဲ့ဂူဗျ။ ကျုပ်က မဖဲဝါအတွက် ထမင်းဟင်း
တွေ ထုတ်ယူလာတဲ့ ငှက်ပျောဖက်ကြီးကို ဂူပေါ်
မှာ ဖြန့်ခင်းလိုက်တယ်။ ပြီးတော့ ဖယောင်းတိုင်
တစ်တိုင် မီးထွန်းပြီး ရေဖလားနဲ့ ရေတစ်ခွက်
ချထားလိုက်တယ်။
ကျုပ်ထမ်းလာတဲ့ ထမင်းတောင်းထဲမှာ ပလတ်
စတစ်ဂါလံပုံးနဲ့ ရေထည့်ပြီး ရေဖလားတစ်လုံး
အမြဲပါနေကျလေဗျာ။ မဖဲဝါအတွက်ထမင်းပွဲ
ပြင်ထားတဲ့ ဒေါ်မယ်မဂူဘေးမှာပဲ နက်ကျော်
ကြီးအတွက် အမဲသားစိမ်းထုပ်ကိုလည်း ဖြည်
ပြီး ချထားလိုက်တယ်။
“ကဲ…ဘိုးတို့ရေ၊ ကျုပ် မဖဲဝါကို ပင့်တော့မယ်ဗျို့”
“အား၊ အား၊ အား၊ ဖြန်း၊ ဖြန်း၊ ဖြန်း၊ ဝေါ”
ဟာ သင်္ချိုင်းကုန်းထဲက သစ်ပင်ကြီးတွေမှာ
အိပ်တန်းတက်နေတဲ့ ကျီးတွေ ထပြီးပြိုတာ
ဗျို့။ ဒါကတော့ မဖဲဝါလာမယ့် သဘောပဲဗျို့။
” အရှေ့နေထွက်၊ အနောက်နေဝင်၊ တောင်
တံငါ့ကွန်၊ မြောက်ဓူဝံအတွင်း သင်္ချိုင်းရှင်မ
မဖဲဝါ ရောက်ရာအရပ်က ကြားသိပါစေ။ ထ
နောင်းကုန်းက ကျုပ်တာတေက မဖဲဝါကိုပင့်
ဖိတ်ပါတယ်၊ စားပွဲသောက်ပွဲနဲ့လည်း ကြိုလို့
ပါဗျာ၊ မဖဲဝါရဲ့ တပည့်လက်သား နက်ကျော်
ကြီးနဲ့တကွ အမြန်ကြွခဲ့ပါတော့ သင်္ချိုင်းရှင်မ
ကြီးဗျာ”
ကျုပ်ပင့်ဖိတ်လို့ စကားဆုံးတာနဲ့ …
“ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ အီ၊ အီ၊ အီ”
မဖဲဝါရဲ့ ခွေးကြီး အူသံကို တန်းကြားရတော့
တာပဲဗျို့။ ဘိုးထွန်းကြွယ်က ကျုပ်ကို ဆတ်
ကနဲ လှမ်းကြည့်တယ်။ ဒီဗ္ဗသောတ ဖွင့်ထား
တာလေဗျာ။ ဘိုးထွန်းကြွယ် ကြားပြီပေါ့။ဘိုး
စိန်ညိုနဲ့ ချစ်ညိုက ဘာမှမကြားတော့ အုတ်
ဂူကြီးကိုပဲ ကြည့်နေကြတာဗျို့။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊ ဝူး”
မဖဲဝါရဲ့ ခွေးကြီး အူသံက တဖြည်းဖြည်း နီး
လာပြီဗျို့။ ကျုပ်က ဘိုးထွန်းကြွယ်ကို ခေါင်း
ညိတ်ပြလိုက်တယ်။ ဟော လာပြီဗျို့။ အရပ်
ကြီး ဆယ်ပေကျော်လောက်ရှိတဲ့ မဖဲဝါကြီးက
သူ့ရဲ့နဂိုရုပ်အတိုင်းပဲ ဂူတွေပေါ်က ရှပ်ပြီးရွေ့
လာတာဗျို့။ ဆံပင်ဖားလျား၊ ထဘီရင်လျား
ကြီးနဲ့ဗျ။ မျက်လုံးကြီးတွေက ရဲတောက်ပြီး
အကြမ်းပန်းကန်လုံးတွေလောက် ရှိတာဗျို့။
ကျုပ်မြင်သလို ဘိုးထွန်းကြွယ်လည်း မြင်ရ
တာပေါ့ဗျာ။ ဘိုးထွန်းကြွယ်က အံ့သြလွန်း
ပါးစပ်တောင် ဟနေလို့ဗျ။ ဒါပေမဲ့ လွှတ်
သတ္တိကောင်းတဲ့ ဘိုးတော်ကြီးပါဗျာ၊
နည်းနည်းမှကို ကြောက်တဲ့ပုံ မပေါ်ဘူးဗျ။
မဖဲဝါက ဒူးခေါင်းကြီးတွေ ထောင်ပြီး ထမင်း
ပုံနဲ့ ဟင်းပုံကြီးကို တန်းစားတော့တာပဲဗျာ။
သင်္ချိုင်းထဲက အစားအစာမှန်သမျှ မဖဲဝါ ပိုင်
တာပဲဗျာ။ စားပြီးပေါ့။ နွားပေါက်တစ်ကောင်
လောက်ရှိတဲ့ နက်ကျော်ကြီးကလည်း သူ့အ
တွက် ကျွေးထားတဲ့ အမဲသားစိမ်းတွေကို
အားရပါးရစားတော့တာပဲဗျာ။ မဖဲဝါက နက်
ကျော်ကြီးကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်း
ညိတ်တယ်ဗျ။
“မောင်တာတေ၊ ကျုပ်တွေ့ခဲ့တဲ့ ခွေးနက်ကြီး
က ဒီကောင်ထက် ကြီးတယ်ကွဲ့”
“မဟုတ်ဘူး ဘိုး၊ ဒီကောင်ကြီးပဲ၊ ရန်သူနဲ့
တွေ့တဲ့ အချိန်မှာ တိုက်တော့ခိုက်တော့
မယ်ဆိုရင် ဒီကောင်ကြီးက နွားမဒန်းတစ်
ကောင်လောက် ကြီးသွားတာ”
“သြော်…ဒီလိုလား၊ ဘိုးဖြင့် မဖဲဝါကိုရော
နက်ကျော်ကြီးကိုရော ခုလိုကျွေးရတာ
စိတ်ထဲ ကျေနပ်လိုက်တာကွယ်၊ ဘိုးရဲ့
အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်တွေ
ပါကွယ်၊ ဒါပေမဲ့ ဘိုးလေ သူတို့ကို ဒီဘ
ဝက ကျွတ်စေချင်လိုက်တာ မောင်တာ
တေရယ်”
“ဟာ …တာတေ၊ ထမင်းပုံကြီး၊ ထမင်းပုံကြီး၊
ဟာ အမဲသားဟင်းတွေရောပဲ ကုန်သွားပြီကွ၊
ဟိုအမဲသားအစိမ်းတွေလည်း မရှိတော့ဘူးကွ”
ချစ်ညိုက လေသံတိုးတိုးလေးနဲ့ ကျုပ်ကို
ပြောတယ်ဗျ။ သူတို့က မဖဲဝါကိုရော ခွေး
နက်ကြီးကိုပါ မတွေ့ကြရဘူးလေဗျာ။
“ဟုတ်တယ် ချစ်ညို၊ ဘိုးထွန်းကြွယ်ရဲ့
ဆန္ဒပြည့်ပြီပေါ့ကွာ”
ဟော မဖဲဝါက စားလို့ပြီးကာနီးမှာ ကျုပ်ကို
တစ်ချက် လှမ်းကြည့်တယ်။ ကျုပ်က ချက်
ချင်းပြောလိုက်တယ်။
“မဖဲဝါ၊ မဖဲဝါကို အခု အစားအသောက်ကျွေး
တာ ဟောဒီက ဘိုးထွန်းကြွယ် ကျွေးတာပါ။
ကျုပ်က ဘိုးထွန်းကြွယ်ကို မျက်ကွင်းဆေး
ကွင်းပေးထားတယ် မဖဲဝါ၊ သူ မဖဲဝါကို ပြော
စရာရှိစကားရှိလို့ ရှမ်းပြည်ကတောင် ဆင်း
လာခဲ့တာပါ မဖဲဝါ၊ ခဏနားထောင်ပေးပါ
သင်္ချိုင်းရှင်မကြီးရယ်”
မဖဲဝါက ဘိုးထွန်းကြွယ်ကို မျက်လုံးနီကြီး
တွေနဲ့ စိုက်ကြည့်နေတယ်။
“မဖဲဝါ၊ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော်
က ကျုပ်က ဂျပန်တော်လှန်ရေး စစ်သားတစ်
ယောက်ပါ၊ ကျုပ်နဲ့ ကျုပ်တပည့် ရဲဘော်အောင်
ညွန့်ကို ဂျပန်တွေက ပြည်မြို့နားက ရွာလေး
တစ်ရွာမှာ ဖမ်းပြီး သတ်ဖို့လုပ်ခဲ့ကြတယ်။သ
င်္ချိုင်းထဲမှာ ကျင်းတူးပြီး သတ်တော့မယ့်ဆဲဆဲ
မှာ မဖဲဝါနဲ့ ဟောဟိုက နက်ကျော်ကြီး ရောက်
လာပြီး ကျုပ်တို့ကို ကယ်ခဲ့လို့ ဂျပန်တွေ ထွက်
ပြေးသွားပြီး ကျုပ်နဲ့ အောင်ညွန့် အသက်ဘေး
က လွတ်ခဲ့ကြပါတယ်၊ ခုတော့ ကျုပ်တပည့်
အောင်ညွန့်လည်း သေသွားပါပြီ၊ မသေသေး
တဲ့ ကျုပ်က အခုလို မဖဲဝါကို လာတွေ့ပြီး အ
သက်ကယ်ခဲ့တဲ့ မဖဲဝါကို ကျေးဇူးတင်တဲ့အ
ကြောင်း လာပြောတာပါဗျာ။ မဖဲဝါ ကျုပ်တို့
အသက်တွေကို ဂျပန်လက်ထဲက ကယ်ခဲ့တဲ့
အတွက် ကျုပ် မဖဲဝါကို ကျေးဇူးအထူးတင်
ပါတယ်ဗျာ။ ဒီကျေးဇူးအတွက် တစ်သက်လုံး
မဖဲဝါကို ကျုပ် အမှတ်ရနေခဲ့တာပါ”
“ဟား- ဟား- ဟား- ဟား- ဟား”
မဖဲဝါက တဟားဟားနဲ့ ရယ်တော့တာပဲဗျာ
ပြီးတော့ ဘိုးထွန်းကြွယ်ကို သေသေချာချာ
ကြည့်ပြီး ခေါင်းညိတ်တယ်။ပြီးတော့ ထပ်
ရယ်ပြန်တယ်
“ဟား- ဟား- ဟား- ဟား”
“ဝူး- ဝူး- ဝူး- ဝူး- ဝူး”
ဟော နက်ကျော်ကြီးကပါ အူလို့ဗျာ။မဖဲဝါက
ကျုပ်ဘက်ကိုကြည့်ပြီး ခေါင်းညိတ်ပြတယ်။
သူ ဘိုးထွန်းကြွယ် ပြောတာကို မှတ်မိတယ်
လို့ ပြောတာဗျ။
“ဘိုး မဖဲဝါက မှတ်မိသွားပြီတဲ့ ”


“မဖဲဝါ၊ ကျုပ်တစ်သက်လုံး ပြုခဲ့သမျှ ကောင်း
မှု ကုသိုလ်တွေကို မဖဲဝါအတွက် အမျှပေးဝေ
ပါတယ်၊ မဖဲဝါ အမျှ အမျှ အမျှ သာဓုခေါ်ပါ
မဖဲဝါ ”
မဖဲဝါက သာဓုမခေါ်ဘူးဗျ။ ဒီအတိုင်း မျက်
လုံးပြူးကြီးနဲ့ပဲ ကြည့်နေတယ်။ ပြီးတာနဲ့
လှစ်ကနဲ ပျောက်သွားရောဗျို့။ ကျုပ်လှမ်း
ကြည့်လိုက်တော့ ဂူတွေပေါ်ကနေရွေ့ပြီး
ပြန်ထွက်သွားပြီဗျို့။
“ဝူး- ဝူး- ဝူး- ဝူး- ဝူး”
နက်ကျော်ကြီးလည်း သူ့သခင်မ နောက်က
နေ ရိပ်ကနဲ ရိပ်ကနဲ ပါသွားရောဗျ။
“မောင်တာတေ၊ ဘိုး အမျှဝေတာကို
မဖဲဝါက သာဓု မခေါ်ဘူးနော်”
“ဟုတ်တယ် ဘိုး၊ မဖဲဝါ သာဓုမခေါ်နိုင်သေး
ဘူး ဘိုးရဲ့”
ကျုပ်ပြောတော့ ဘိုးထွန်းကြွယ်က စိတ်မ
ကောင်းဘူးဗျ။
“မောင်တာတေရယ်၊ ဘိုး လိုအင်ဆန္ဒတော့
မောင်တာတေကူညီလို့ ပြည့်သွားပါပြီကွယ်၊
နောက်တစ်ရက် နှစ်ရက်ဆိုရင် ဘိုးလည်း
ရှမ်းပြည်ကို ပြန်တော့မယ်ကွယ်၊ ကလောကို
ရောက်ရင် ဘိုးဆီကို ဝင်ဖြစ်အောင် ဝင်ပါ
မောင်တာတေရယ်”
“ဟုတ်ကဲ့ပါ ဘိုး”
အဲဒီညက သက်ကြီးခေါင်းချ ကြက်တွန်တော့
မှ ထနောင်းကုန်းကို ကျုပ် ပြန်ရောက်ခဲ့တယ်ဗျ။

ပြီးပါပြီ။

Leave a Comment