အင်ကု မှင်စာ- အပိုင်း(၁၅)

အင်ကု မှင်စာ- အပိုင်း(၁၅)
ရေးသားသူ—ပီပီ(မန္တလေး)
+++++++++++

အခန်း၃၃။

ကံဆောင် ရွှေဘုံသာဘုရားမှာ နှင်းနုကို စောင့်မျှော်နေ၏။ ဒီကနေ့မှ ကံဆောင်သည် နက်ပြာရောင်ရှမ်းဘောင်းဘီ ခပ်ပွပွကို အဖြူရောင် တီရှပ်အင်္ကျီနှင့် တွဲဝတ်ထားသည်။ ဆံကေသာကို သပ်ရပ်စွာ ဆီလိမ်းဖီးသင်ထား၏။
နှင်းနုဆီက ချစ်ပါတယ်ဟု အဖြေရမည့်နေ့ဆိုတော့ သူ ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ ညနေ ၅နာရီခွဲတွင် လာခဲ့မည်ဟု နှင်းနု ဆက်ဆက် ကတိပေးသွားခဲ့ပေမယ့် ယခု ၆နာရီထိုးပြီးလို့ ၁၀မိနစ်ပင် စွန်းသွားလေပြီ။
စောင့်မျှော်ရသူ အတွက် ကြာတောင့်ကြာရှည်နိုင်လွန်းလှသည်။ မကြာခဏ ဘုရားပေါ်တက်သည့် အုတ်လှေကားကို လှမ်းမျှော်ကြည့်ရသည်မှာ အမောသား။
ဟင်! ဖိုးလှ ၊ ဘာလာလုပ်တာပါလိမ့်
သူ မျှော်ကြည့်နေတဲ့ အုတ်လှေကားပေါ်ကို လှေကားထစ်တွေ ကျော်ခွ၍ ရေကြီးသုတ်ပြာ တက်လာသူက ဖိုးလှ။ ဖိုးလှ အမောတကောနဲ့ ကံဆောင် ထိုင်နေရာ ဘုရားရင်ပြင်သို့ ရောက်လာပြီး —
” ကိုကြီးကံဆောင် … ဟို ဟို နှင်းနုနဲ့ သူ့အစ်ကို ဟန်ဇော်ထွန်း တို့ … ဟောဟဲ ဟောဟဲ”
ကံဆောင် ဖိုးလှစကားကြောင့် လန့်သွားပြီး ၊
” ဟင် ဘာလဲ ၊ မောင်နှမ နှစ်ယောက် ရန်ဖြစ်နေတာလား”
ဖိုးလှက ခေါင်းခါပြရင်း
” မဟုတ်ဘူး … ဟိုဘက်ရွာက ဓါးဖိုးထွေး တပည့်တွေက ဟန်ဇော်ကို ရွာထိပ်က ညောင်နှစ်ပင်မှာ ဖမ်းခေါ်သွားတာ ။ အဲ့ဒါကို နှင်းနုက မြင်ပြီး သူ့အစ်ကိုကို စိတ်ပူလို့ ငါလိုက်သွားမယ် ။ နင်က ကိုကြီးကံဆောင်ကို သွားအကြောင်းကြားချေဆိုလို့ ကျနော်က လာပြောပေးတာ”
” ဟေ! မိုက်ပါ့ကွာ။ မိန်းကလေး တယောက်တည်း လိုက်သွားတာကို မင်းက မတားဘူးလားဟ ခွေးကောင်ရ၊ လာ လာ ၊ သူတို့ ရွာထိပ်က ဖမ်းခေါ်သွားတယ်ဆိုတော့၊ ထန်းနှစ်ပင် လယ်တောကို သွားတာပဲ ဖြစ်မယ် ”
သူတို့ နှစ်ယောက် ဆိုင်ကယ် တယောက် တစ်စီးစီဖြင့် ဘုရားမှ ထွက်လာခဲ့ကြသည်။
ဖိုးလှက ဆိုင်ကယ်မောင်းရင်း –
“တားသပေါ့ ၊ မတားပဲ နေမလား ကိုကြီးရ။ ဒါပေသိ နှင်းနု အကြောင်းလဲ ကိုကြီး အသိသား။ သူ လုပ်ချင်တာ ဇွတ်လုပ်တတ်တာ ၊ တားမရတာနဲ့ ကျုပ်လည်း ကိုကြီးဆီ အမြန် လာပြေးပြောတာ ”
ကံဆောင်က—“မင်းက နှင်းနုနဲ့ ဘယ်လို တွေ့ကြတာလဲ ”
” တွေ့တာမဟုတ်ဘူး။ နှင်းနုက ကျနော့်ကို လိုက်ပို့ခိုင်းတာ ကိုကြီးရ။ သူ့အစ်ကို ရွာထိပ်သွားတာ ကြာနေလို့၊ ငါ့ကို လိုက်ပို့ပေးစမ်းဆိုလို့ ၊ ကျနော်က လိုက်ပို့တာ ”
ဖိုးလှသည် နှင်းနုနဲ့ ဝမ်းကွဲမောင်နှမ တော်၏။ နှင်းနုတို့က ချမ်းသာ၏။ ဖိုးလှတို့က မရှိမရှား။ နှင်းနုက ဖိုးလှကို ငယ်နိုင်။ ဒါကြောင့် ဖိုးလှခမျာ နှင်းနု ခိုင်းတာ အကုန်လုပ်ပေးရခြင်း ဖြစ်သည်။
” အေးလေ အဲ့ဒီကောင်မလေးက ဒုံးဂျားလေး။ ဘာမှ စဥ်းစားတာမဟုတ်ဘူး ။ အခု သူပါ အဖမ်းခံနေရပြီလား မသိဘူး။ ဟိုကောင်တွေက လူဆိုးလူမိုက်တွေကွ ၊ မိန်းကလေးသော ဘာသော နားလည်မှာမဟုတ်ဘူး ၊ သူတို့ ရစရာရှိတာ မပေးရင် အကုန်သတ်ပစ်မှာ ။ ကဲ … ဖိုးလှ မင်းနဲ့ငါ ရှေ့နားကျ လမ်းခွဲရအောင်။ ငါက ထန်းနှစ်ပင် လယ်တောကို ဆက်လိုက်သွားမယ်။ မင်းက ငါ့ဆရာ သုဘရာဇာကြီး ဦးဘသာကို သွားခေါ်ပြီး လယ်တောကို လိုက်ခဲ့။ အချိန်ဆွဲမနေနဲ့နော်။ အရေးကြီးတယ် ။ ဟိုဟိုဒီဒီ ဝင်မနေနဲ့ ”
နာရီကြည့်တော့ ၆နာရီ ခွဲပြီ။ ဆောင်းဝင်စဆိုတော့ မှောင်ပြီပေါ့။
ဆိုင်ကယ်မှာ အရန်သင့် ချီတ်ဆွဲထားတဲ့ သံသေဓားကို ကြည့်၍၊ ကံဆောင် အင်ကုကို သတိရသွားသည်။
ထန်းနှစ်ပင် လယ်တောကို အင်ကုအား အရင်လွှတ်၍ နှင်းနု အသက်အန္တရာယ် မကျရလေအောင် ကူခိုင်းလေမှဟု စိတ်ကူးပေ့်လာသဖြင့် …
” အင်ကုရေ … အင်ကု ” ဟု လှမ်းခေါ်လိုက်သည်။
ထိုသို့ အခါတိုင်း ခေါ်လိုက်လျင် တမိနစ် နှစ်မိနစ်လောက် အကြာ အင်ကုသည် သူ့ပခုန်းပေါ် ရောက်လာတတ်၏။ ယခု အင်ကုသည် ရောက်မလာချေ။ သူပဲ စိတ်စောနေလေသလား။ ဆိုင်ကယ်ကို လီဗာတင်၍ ထန်းနှစ်ပင် လယ်တောဆီသို့ အပြင်းနှင်နေမိသည်။ ရွာထိပ်က ညောင်ညိုပင်ကိုပင် ကျော်လာခဲ့လေပြီ။ သူ့ ပခုန်းထက်သို့ အင်ကု ရောက်မလာသေးချေ။ သူ ထပ်မံ ခေါ်ကြည့်ပြန်သည်။
— အင်ကုရေ … အင်ကု
ငါ့ကို လာကူပါအုံးကွာ –
သူ ဘယ်လောက်ခေါ်ခေါ် အင်ကုသည် သူ့ထံ ရောက်မလာ။ ထိုအခါ ကံဆောင် စိတ်တိုလာ၏။ ဒေါသသံနှင့် …
– ကြေးပုလွေနဲ့ မှုတ်ခေါ်ရမလား အင်ကု ၊ မင်း ဘယ်မှာ ဘာလုပ်နေတာလဲ … ခုချက်ချင်း ငါ့ဆီ အရောက်လာခဲ့စမ်း
ပခုန်းတဖက်သည် မည်သည့်အထိအတွေ့ကိုမှ မခံစားရ။ အင်ကုသည် သူ့ထံ ရောက်မလာဟု ကံဆောင် ခံစားမိလေ၏။ ဆိုင်ကယ်သည် ထန်းနှစ်ပင် လယ်တောအစပ်ကို ရောက်လေပြီ ဖြစ်၏။
ဆိုင်ကယ် မီးရောင်ကြောင့် လူသွားလမ်း လျိုလေးကို တွေ့၍ ကံဆောင် ဆိုင်ကယ်ကို ရပ်တန့်လိုက်သည်။
ပတ်ဝန်းကျင် အနေအထားကို လေ့လာကြည့်သည်။ အရာအားလုံးသည် မှောင်နဲ့မည်းမည်း ။ လျိုအတိုင်း ဝင်သွားရန် ပြင်လိုက်စဥ် …
” ဟေ့ကောင် မင်း ဘယ်သူလဲ၊ ဒီကို ဘာလာလုပ်တာလဲ”
ဓားလွတ်ကို အရန်သင့် ကိုင်ဆောင်ထားသော မှုန်ကုပ်ကုပ်နဲ့ လူတယောက်၊ လျိုထဲက ထွက်လာပြီး ကံဆောင်အား တားလိုက်ခြင်း ဖြစ်သည်။
ကံဆောင်က ဘာမှ ပြန်မဖြေ။ အရင်စတိုက်တော့လေ၏။ ဓါးကိုင်လူမှာ ထင်မှတ်မထား၍ ကံဆောင်၏ ဒူးပျံတချက်နှင့် အရှိုက်ထိကာ ခွေကျသွား၏။
ကံဆောင် လျိုအတိုင်း လိုက်ဝင်သွားသည်။ သူ့စိတ်ထဲ ဘာကိုမှ မမြင်တော့ ၊ နှင်းနုတယောက်တော့ အန္တရာယ်ကျနေပြီဟုသာ တွေးတောလိုက်မိလေ၏။
– အင်း မြသောင်းသာ မိစ္ဆာနတ်ဆိုး ဖြစ်နေမယ်ဆိုရင် ၊ နှင်းနုအတွက် အင်မတန် စိုးရိမ်စရာ ကောင်းနေပြီ ၊ နတ်ဆိုးက စုန်းမ မိညိုနဲ့ အပေးအယူ လုပ်မှာ အသေအချာပဲ –
လျိုအဆုံးမှာ တဲတလုံးရှိ၏။ ထိုတဲရှေ့တွင် ဝါးကွပ်ပြစ် တလုံးရှိပြီး ကွပ်ပြစ်ပေါ်၌ လူသုံးယောက် အရက်ထိုင်သောက်နေကြသည်။
ကံဆောင် ဝင်လာသည်ကို တွေ့သည့်အခါ အံဩသွားကြသည်။ ကင်းသမား အခိက်ပေးတာ မကြားရဘဲ ၊ ကံဆောင် ရောက်လာသည်ဆိုတော့ …
၃ယောက်စလုံး ဘေးချထားသည် ဓားလွတ်များကို ကိုင်၍ ထလာကြသည်။
” ဟေ့ကောင် မင်း ဘယ်သူလဲ၊
ဘာကိစ္စ ဒီကို လာတာလဲ ”
ကံဆောင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ တဲရှေ့မှာ လူတယောက်ကို ကြိုးတုပ်ထားသည်။ ကြည့်လိုက်တော့ နှင်းနု၏ အစ်ကိုလေး ဟန်ဇော်ထွန်း ဖြစ်နေသည်။
တဲရှေ့တွင် ဘက်ထရီ မီးချောင်းတချောင်း ထွန်းထား၍ ပတ်ဝန်းကျင်ကို မြင်နေရ၏။ တဲနံဘေးမှာ ခိုင်းနွားတကောင် ဦးခေါင်း ကြေမွကာ လဲကျနေ၏။ သူတို့ နွားကို ခိုးယူ သတ်ဖြတ်ထားခြင်း ဖြစ်မည်။ သောက်စားပြီးမှ နွားကို ဖျက်မည် ဖြစ်လိမ့်မည်။
ကိုင်းတောအစပ်က တရုတ်မန်းကျီးပင်အခြေမှာ နွား၃ကောင်ကို ချည်နှောင်ထား၏။
ဒီကောင်တွေ ခိုးယူလာတဲ့ နွားတွေကို ဒီမှာ လာဖျက်ကြတာကိုးဟု ကံဆောင်တွေးလိုက်မိသည်။ ဝါးလုံးတန်းမှာ နွားသားရေအချို့ လှန်းထား၏။ မြေပေါ်၌ အရိုးများက ယင်တလောင်းလောင်း ရှိ၏။
ဓါးကိုင် လူ၃ယောက်သည် ကံဆောင့်အနီးသို့ တိုးကပ်လာကြချေပြီ။ ကံဆောင် သတိ အနေအထား ရှိပါ၏။
လူမိုက်တို့သည် သတ်ရဲ ဖြတ်ရဲသည်ဟူသော မိုက်ဂုဏ်သာရှိ၏။ ကံဆောင့်လို ကိုယ်လုံပညာကို စနစ်တကျ သင်ကြားထားတာမျိုး မရှိ။
နှစ်ယောက်က ကံဆောင့်ကို ဓါးဖြင့် အထက်အောက် ဝင်ပိုင်းကြသည်။
ကံဆောင်သည် ခေါင်းပေါ် မိုးလာသော ဓါးကို ရှောင်၍ ရှေ့သို့ ခြေတလှမ်းတိုးကာ၊ ထိုလူ၏ ဝမ်းဗိုက်ကို သူ့လက်ထဲက ဓါးအိမ်ဖြင့် တည့်တည့်ထိုးချလိုက်သည်။
အောက်ခြေပိုင်းသောဓါးမှာ ကံဆောင်၏ ခြေလှမ်းကြောင့် လွဲချော်သွားသလို ၊ ဝမ်းဗိုက်ကို ဓါးအိမ်နဲ့ ဆောင့်အထိုးခံရသူခမျာ အသက်ရှုမှားသွား၏။ အုခနဲ အသံထွက်သွားပြီး၊ ဓါး လွတ်ကျသွားသလို လူကလည်း သူ့ဗိုက် သူကိုင်ကာ ခွေကျသွား၏။ ကံဆောင်သည် လူတယောက်ကို ဘယ်နေရာ ဘယ်လို တိုက်ခိုက်ပါက အတော်နဲ့ ထမလာနိုင်မှန်း သိထား၏။ ထိုလူ နာရီဝက်လောက်တော့ လှုပ်ရှားနိုင်မည် မဟုတ်ချေ။
ကျန်နှစ်ယောက်သည် ကံဆောင်အား အထင် မသေးဝန့်တော့ချေ။ အလစ်အငိုက်ချောင်း နေကြ၏။
ကံဆောင်က ညာဘက်က လူကို ဓါးအိမ်ဖြင့် ရိုက်ရန် ဟန်ပြ ရွယ်လိုက်ပြီး ၊ ဘယ်ဘက်က လူထံ ခြေဖြင့် ခုန်ကန်လိုက်၏။
” ဖေါင်း ”
မျက်ခွက်ကို ခြေကန်ချက်က ထိထိမိမိကြီး ကန်မိသွားသည့် အသံ ထွက်ပေါ်လာ၏။ ကန်ချက်က အလွန်ပြင်း၏။ နွားမဒန်းပင် ဖင်ထိုင်လျက် လဲကျသွားစေနိုင်၏။
အကန်ခံရသူမှာ သက်သာလိမ့်မည်မဟုတ်။ အနည်းဆုံး သွားနှစ်ချောင်လောက်တော့ နဲ့သွားလိမ့်မည်။ မျက်လုံးထဲ ပြာဝေကာ ကြယ်တွေ လတွေ မြင်ပြီး လဲကျသွားလေ၏။
ကျန်တယောက်မှာ ကံဆောင် မြေပေါ် ပြန်အကျ ဓါးဖြင့် ဝင်ခုတ်လေ၏။ ကံဆောင် ဒီလိုလာမည်ကို ကြိုတွေးထားပုံရ၏။ သံသေဓါးကို ဓါးအိမ်မှ ထုတ်၍ ကန့်လန့် ခံပေးလိုက်သည်။
ဓါးသွား နှစ်ခု ထိမိပြီး မီးပွင့်သွား၏။
” ချွမ် ”
ကံဆောင် ဓါးရိုးကို လက်တဖက်ဖြင့်ကိုင်ပြီး၊ ကျန်လက်တဖက်က ဓါးဦး နောက်ကို ကိုင်ကာ စုံတွန်းလွှတ်လိုက်၏။
တဖက်က ဓါးသမားသည် အနောက်သို့ အနည်းငယ်ဆုတ်သွားလေ၏။ သို့သော် ဓါးသမားသည် ချက်ချင်း မာန်သွင်းကာ ကံဆောင်အား တိုက်ခိုက်၏။
မိုးဓါး ၊ ပက်ဓါး တို့ဖြင့် အတင်း ထိုး ခုတ်လေ၏။ ကံဆောင် အေးအေးသက်သာ ဖြင့် ပြန်ခံပေးရင်း ၊ ထိုလူ၏ အားနည်းချက်ကို စောင့်ကြည့်သည်။
ထိုလူသည် ဓါးရေးကို ကျွမ်းကျင်ဟန်မတူ။ သူ့ကို အသေသတ်ရန်သာ စိတ်စောနေသည်ကို တွေ့ရ၏။ ထို့ကြောင့် ကံဆောင်သည် သူ့အား ထိုလူက မိုးဓါးဖြင့် ဝင်ခုတ်သည့်အချိန် သူ့ဓါးဖြင့် ခပ်ပြင်းပြင်း ရိုက်ခတ်ပစ်လိုက်သည်။ ထိုလူ ဟန်ချက် ပျက်သွားသည်။ ယိမ်းယိုင်သွား၏။ ကံဆောင် ကမြန်၏။ ချက်ချင်း ပြေးကန်သည်။
” ဒုတ် ! အွတ် ”
ကံဆောင်၏ ခြေစောင်းက ထိုလူ၏ ညာဘက် နံစောင်းကို ဖြတ်ကန်မိသွားပြီး လဲကျသွား၏။ ကံဆောင် တလက်စတည်း ထိုလူထံပြေးသွားပြီး၊ သူ၏ ဓါးသွားကို ထိုလူ၏ ဂုတ်ပေါ် တင်ထားလိုက်၏။
” ဟေ့ကောင် ! မင်းတို့ဆရာ ဘယ်မှာလဲ ၊ နှင်းနုကို ဘယ်ခေါ်သွားတာလဲ ”
” အ .. အ .. ဆရာဓါးဖိုးထွေးက မြသောင်း သတ်လို့ သေပြီဗျ ။ နှင်းနုလား ဘာလားတော့ မသိဘူး၊ ကောင်မ ချောချောလေး တယောက်ကိုတော့ မြသောင်းက မိညို ချောက်ကမ်းပါးကို ခေါ်သွားမယ် ပြောသံကြားတာပဲ ၊ ခေါ်သွားတာ သိပ်မကြာသေးဘူး၊ ခင်များ အခု လိုက်ရင်တော့ မှီအုံးမလားပဲ ”
ကံဆောင် ဓါးနှောင့်နှင့် ထိုလူ၏ ခေါင်းကို ထုလိုက်သည်။
” ဒုတ် ”
ထိုလူ လောကကြီးနဲ့ ခေတ္တ အဆက်ပြတ်သွားလေပြီ။ကံဆောင်သည် တဲအိမ်ရှေ့က ဟန်ဇော် ထံ သွား၍ ကြိုးဖြည်ပေးလိုက်ပြီး ၊
” ဟန်ဇော် … ငါ မင်းနှမ အနောက်ကို လိုက်သွားမယ်၊ ဒီကောင်တွေကို မင်း ကြိုးနဲ့ သေချာ တုပ်ပြီး ၊ ရွာကို ပြန်။ ပြီးရင် သူကြီးဆီ အကြောင်းကြား ၊ လူစုပြီး မိညို ကမ်းပါးချောက်ကို လိုက်ခဲ့ကြလို့ ပြောလိုက် ”
ကံဆောင် ထိုသို့ပြောပြီး၊ ဆိုင်ကယ်ရှိရာ လျိုထိပ်သို့ ပြန်ပြေးလေ၏။
လျိုထိပ် ရောက်သည့်အခါ၊ ဆိုင်ကယ်ဖြင့် ရွာနဲ့ ၂ဖါလုံလောက် ဝေးသည့် မိညို ကမ်းပါးချောက်ကို အပြင်းမောင်းလေတော့၏။

+++++++++

အခန်း၃၄။

တာကာရှီနိုသည် သူ့ရင်ခွင်ထဲမှာ အိပ်မောကျနေသော မမိန်းကလေး၏ မျက်နှာကို ကြည့်လိုက်သည်။
ခုမြင် ခုတွေ့ ခုချစ်ကြသည်မှာ မမြန်လွန်းဘူးလားဟု မေးကြလိမ့်မည်။ တာကာရှီနို အနေနဲ့တော့ မမိန်းကလေးသည် ဟိုးနှစ်ပေါင်း များစွာကတည်းက ချစ်ခဲ့ဖူးသော ချစ်ဇနီးနှင့် အလွန်တူနေသဖြင့် ခုချိန်မှ ပြန်တွေ့ရသည်ပင် နောက်ကျသည်ဟု ထင်မြင်နေမိသည်။
မမိန်းကလေးကရော ၊ လွယ်လိုက်တာလို့ ပြောချင်ကြသေးသလား။ အပြစ်တင် မစောကြပါနဲ့။ အင်ကု ပေးမက်ခဲ့တဲ့ အိပ်မက်ထဲမှာ တာကာရှီနိုကို မြင်တွေ့ကတည်းက ရင်ခုန် စိတ်လှုပ်ရှားစွာ ချစ်မြတ်နိုးမိခဲ့တာလေ။
သူ့လို အသက်အရွယ်နဲ့ မင်းသားလေးလို နတ်သားလေးလို လှပတဲ့ တာကာရှီနိုက ချစ်ပါတယ်ဆိုတော့ သူ့ရင်ထဲ ကုလားဘုရားပွဲ နဲ့ ဘင်ခရာတီးဝိုင်း တပြိုင်နက်တည်း ကျင်းပသလို ဖြစ်ခဲ့ရတာ ဘယ်သူက သိနိုင်မှာလဲ။
တာကာရှီနို ဘက်က မစရင်၊ သူကပဲ အရင်စမယ်ဆုံးဖြတ်ပြီးသား။ မြောင်းဖေါက်ပေးပါလျက်နဲ့ ရေ မဆင်းလာရင်၊ ရေဆင်းကို သူမကိုယ်တိုင်အတင်း ဖေါက်ထုတ်မည့်သဘော။
အပေါ်ထပ် သန့်ရှင်းရေး လုပ်ကြတော့၊ ထမိန်ကို ကြပ်ထုပ်နေအောင် ဝဝာ်၊ လည်ဟိုက်ဘလောက်စ်အင်္ကျီနဲ့ ကိုယ်လုံးအလှကို အသားပေးရတာက အမော။
သူမကို ခိုးခိုးကြည့်နေတဲ့ တာကာရှီနိုကို တွေ့တော့၊ သူမ ဆုံးဖြတ်လိုက်ပြီ။ ဒီကောင်လေးလည်း ငါ့ကို ကြိုက်နေတာပဲ၊ ငါတော့ ဒီကောင်လေးကို ဒီညပဲ ရအောင်ကြံမဟဲ့လို့ ဆုံးဖြတ်လိုက်အပြီးမှာ …
တာကာရှီနို အပေါ် မတော်တဆလိုလို ဘာလိုလို လဲကျပစ်။ တာကာရှီနိုက အလိုက်သင့်လေး ပွေ့ဖက်ပေးထားတော့ မျက်လုံးလေး မှေးပြီး ပြုလိုရာ ပြုစေတော့လို့ မမိန်းကလေးခမျာ လွှတ်သဘောကောင်းပေးခဲ့၏။
မြုံးထဲ ရောက်နေတဲ့ငါး ကို၊ မနက်ဖြန်မှ ဖမ်းလည်း ရပါတယ်ဆိုပြီး၊ လွှတ်ပေးရိုး ထုံးစံရှိလို့လား။ မမိန်းကလေးတို့က ပြတ်သားတယ်။ တာကာရှီနိုကို လင်သားအဖြစ် အမိအရ ဖမ်းပစ်လိုက်တာပေါ့။
တာကာရှီနိုကလည်း မမိန်းကလေးကို ဘယ်အချိန်ကတည်းက ချစ်မြတ်နိုးနေသည်မသိ။ လွတ်ထွက်သွားတော့မည့်အလား ပွေ့ဖက်ထား၏။ မလွှတ်တော့ချေ။
မွှေးပျံ့တဲ့ပန်းပွင့်ဟာ သူမရဲ့ ဝတ်ရည်ချိုကို စုပ်ယူစားသုံးဖို့ ပျားပိတုန်းကို ရနံ့နဲ့ မြူဆွယ်ပါသတဲ့ ။
ပျားပိတုန်းသဖွယ် တာကာရှီနိုရဲ့ အကြင်နာအောက်မှာ အခုတော့ မမိန်းကလေးသည် ွမ်းလျနေတဲ့လပန်းလေးတပွင့်ပမာ ကျေနပ်စွာ အိပ်မောကျနေရှာပြီ။
တာကာရှီနိုသည် မမိန်းကလေး ခေါင်းကို ခေါင်းအုံးပေါ် အသာတင်ပေးလိုက်သည်။ လွတ်နေသော အသားစိုင်တို့အပေါ် စောင်ပါးလေးကို တယုတယ လွှမ်းခြုံပေးလိုက်၏။
သူကတော့ အဝတ်တို့ကို ပြန်ဝတ်ရင်း မတ်တတ်ထရပ်လိုက်သည်။
အခန်းအပြင် ခြေဖွကာ အသာအယာ ထွက်လာခဲ့သည်။ အပြင်ဘက်တွင် လရောင်မရှိ၊ မှောင်နေ၏။
တာကာရှီနို ကြည့်နေစဥ်မှာ၊ ၎င်း၏ လက်နှစ်ဘက်ကို ဘေးတဖက် တချက်စီမှ ချုပ်ကိုင်ခြင်းကို ခံလိုက်ရသည်ည်။ သူ အတင်း ရုန်းကန်ကြည့်၏။ မရပေ။ ချုပ်ကိုင်ထားသူနှစ်ဦး၏ အင်အားကို သူ အန်တုဖက်ပြိုင်ရန် မတတ်နိုင်ချေ။
” လာ … ငါတို့နဲ့ လိုက်ခဲ့ ”
အသံဩဩကြီးက အမိန့်သံဆန်ဆန်ဖြင့် တာကာရှီနိုအား ခပ်မာမာပြောရင်း ဆွဲခေါ်သွားကြသည်။
အရိပ်မည်းမည်းကြီး နှစ်ခု၏ ချုပ်ကိုင် ခေါ်ဆိုခြင်းနောက်ကို တာကာရှီနို လိုက်ပါသွားရသည်ည်။ မည်သို့မှ မရုန်းသာ။
သူ့အား ဘယ်သို့တိုင် ခေါ်သွားမည်မသိ။ ရင်တလှပ်လှပ်၊ အသည်းတအေးအေးဖြင့် ခေါ်ဆောင်ရာသို့ လိုက်ပါသွားရလေတော့သည်။

+++++++++

အခန်း၃၅။

မိညို ကမ်းပါးချောက်။
ဒီနေရာဟာ ဟိုအရင်င်တချိန်က တစ်ဆယ့့်နှစ်ကြိုး စုန်းအတတ်ကို တဖက်ကမ်းခတ်အောင် တတ်ကျွမ်းတဲ့ မိညိုဆိုတဲ့ စုန်းမတယောက်က် အပိုင်စား နေရာ ရထားတဲ့ ကမ်းပါးချောက်။
ဝိဉာဥ်သာရှိပြီး ခန္ဓာပျောက်နေတဲ့ စုန်းမ။ အဲ့ဒီတော့ သူမအတွက် လိုအပ်နေသော ခန္ဓာကိုယ်ကို အရယူဖို့ ကြိုးပမ်းလာခဲ့၏။ ရက်ပိုင်းကပင် သူမ ရယူထားသော ခန္ဓာမှ ပြန်ထွက်ပေးခဲ့ရ၏။
လူသား ကံဆောင်နှင့် အင်ကုဆိုသော မှင်စာ အစုတ်ပလုပ်ကြောင့် သူမ ကြံစည်ထားသမျှ ပျက်ခဲ့ရသည်ည်။
ဘယ်ရမလဲ။ စုန်းမ မိညိုလေ။ သူတို့ထက် တကွက်က်ဦးအောင် ကြံစည်ခဲ့ရတာပေါ့။
အင်းကုန်းရွာကို မုန်းတီးနာကြည်းနေတဲ့ နတ်ဆိုးနဲ့ ကြိုတင် အပေးးအယူ လုပ်ခဲ့၏။
ယခု လကွယ်ည။ ဒီညကို သူနဲ့ အပေးးအယူ လုပ်ထားတဲ့ မိစ္ဆာနတ်ဆိုးက အပျိုစင်တယောက်က်ကို ခေါ်လာခဲ့ပါမယ်လို့ ကတိပေးထား၏။
ထိုအပျိုစင်၏ အသက်ကို စတေး၍ ခန္ဓာကိုယ်ကို မိညို ယူရမည်။
သူမ ဝိဉာဥ်ကို ထိုမိန်းကလေးကိုယ်၌ အပြီးတိုင် ဝင်စား၍၊ တတ်မြောက်ထားသော စုန်းကဝေ ပညာရပ်တို့ကို ထုံကူးရမည်။ အပျိုစင်သာ စစ်မှန်ပါက ၊ သူမ၏ စုန်းအတတ်သည် ထုံကူးရလွယ်လိမ့်မည်။ ထိုအခါ ဇက်ပြာ ချိတ်ဆက်ထားသော ဖုန်းကဲ့သို့ ကူးပြောင်းရ လွယ်လိမ့်မည်ဖြစ်၏။
ဟော ! ပြောရင်းဆိုရင်း သူမ၏ ချောက်ကမ်းပါးကို လူတချို့ မိန်းမပျိုလေးတယောက်က်အား ဆွဲခေါ်လာကြလေပြီ။ အသေအချာ ကြည့်လိုက်တော့ ရှေ့ဆုံးက ဦးဆောင်လာသူက နတ်ဆိုး ဝင်ရောက်ပူးကပ်နေသည့် မြသောင်း။ နတ်ဆိုးရဲ့သင်္ကေတဖြစ်သည့် ရဲတောက်နေတဲ့ မျက်လုံးအစုံနဲ့ မြသောင်း။
အဲ့ဒီနောက်မှာ လူသားနှစ်ယောက်က နှင်းနုကို ဆွဲခေါ်လာကြသည်။ နှင်းနုသည် ရုန်းရင်းကန်ရင်း ပါလာလေ၏။
မြသောင်းက ကမ်းပါးချောက် အနီးရောက်သည်နှင့် နှင်းနုအား အမိန့်ပေးလိုက်သည်။
” နှင်းနု … အခု ငါ့ရှေ့ ဒူးထောက် ထိုင်လိုက်စမ်း ”
နှင်းနု ရုန်းကန်နေရာမှ ငြိမ်သက်သွားသည်။ မြသောင်း၏ အမိန့်အတိုင်း မြေပြင်ပေါ်သို့ ဒူးထောက် ထိုင်လိုက်ရှာ၏။
နှင်းနုကို ဆွဲခေါ်လာသူ နှစ်ဦးသည် နှင်းနုကိုတလှည့်၊ မြသောင်းကို တလှည့် တအံတဩ ဖြစ်နေကြလေ၏။
မြသောင်းသည် ဘာကို သဘောကျသည် မသိ။ တဟားဟားဖြင့် ရယ်မောပြန်၏။
ရယ်သံကြီးက ချောက်ချားချင်စရာ အလွန် ကောင်းလေ၏။ နှင်းနုကို ဆွဲခေါ်လာသူ နှစ်ယောက်မှာ ထိုရယ်သံကြီးကြောင့် အသဲတုန်အူတုန် ထိတ်လန့် ကြောက်ရွံ့သွားကြလေသည်။
သူတို့ထဲက တယောက်က …
” ဆရာမြသောင်း … ကျနော်တို့ ပြန်လို့ရပြီလားခင်မျ ”
ဟု ခွင့်တောင်းခံသလို မေးလိုက်လေသည်။
မြသောင်း၏ မျက်လုံးတွေက စဥ်းလဲသော မြေခွေး၏ မျက်လုံးပမာ ကျဥ်းမြောင်းသွားလေ၏။
” အော် … အေး အေး ပြန်ရမှာပေါ့ကွ။ ခဏနေကြပါအုံး။
မင်းတို့ကို ငါ ဘောက်ဆူး ပေးလိုက်ပါအုံးမယ် ဟင်းဟင်းဟင်း … ”
နတ်ဆိုးသည် လူသားတို့အား စတေးခြင်းဖြင့် သူ၏ ခွန်အားကို တိုးပွားစေသည်မဟုတ်လား။ ယခုလည်း နတ်ဆိုးသည် ထိုလူမိုက်တို့ကို အလွတ်ပေးမည်မဟုတ်ချေ။
သို့သော် လူမိုက်တို့သည် နတ်ဆိုး၏ အကြံဆိုးကို မသိနိုင်လေတော့။
မြသောင်း၏ စကားကြောင့်၊ လူမိုက်နှစ်ဦးသည် ဝမ်းသာအယ်လဲ ဖြစ်သွားကြပြီး၊ မြသောင်းထံမှ ဘောက်ဆူးကို စောင့်မျှော်နေမိကြသည်။
မြသောင်းကား ထုလူမိုက်နှစ်ဦးအကြား လျင်မြန်သောအရှိန်ဖြင့်တိုးဝင်သွားပြီး၊
အား အား
နာကျင်သော အသံကြီးက မိညို ချောက်ကမ်းပါးကို လွှမ်းခြုံသွားသည်။ လူမိုက်နှစ်ဦးမှာ ဝမ်းဗိုက်ကြီးများ ဟောင်းလောင်းပေါက် ဖြစ်လျက် လဲကျသေဆုံးသွားကြသည်။
နတ်ဆိုး မြသောင်းကတော့ ကျေနပ်သည့့် အပြုံးကို ပြုံးလျက် မျက်လုံးများက ယခင်ကထက် နီရဲတောက်ပလေတော့သည်။
မိညိုကမ်းပါးချောက် ကမ်းပါးယံမှာ ပေါက်နေသော သစ်ပင်ကြီးမှ အရွက်များသည် သွေးညှီနံ့ ရသောကြောင့်လားမသိ။ လေမတိုက်ပဲတဖျောက်ဖျောက် တဝေါဝေါဖြင့် ပြင်းစွာ လှုပ်ခတ်လေတော့သည်။
နတ်ဆိုးသည် ထိုအရာကိုကြည့်၍ စုန်းမ မိညို နိုးထလာပြီမှန်း သိရှိလိုက်သည်။ စုန်းမ မိညိုကား သစ်ပင်မှ ဆင်းလာခဲ့လေပြီ။ သူမ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးကို ဆောင်လျက်။
စုန်းမ မိညိုသည် မြေပေါ် ဒူးထောက်လျက် အကြောင်သား ငေးနေသော နှင်းနုကို လှည့်ပတ် ကြည့်ရင်း …
” ဟင်းဟင်းဟင်း နင်က ကတိတည်သားပဲ နတ်ဆိုးရဲ့။ ဒီလိုဆိုတော့လဲ ငါက နင့့်ကို ကျေးဇူးတင်ရမှာပေါ့ ဟယ်။
ဟယ်… ငါ့အတွက် ခေါ်လာတဲ့ ကောင်မလေးက ချောလှချေလားဟဲ့ ။ အို … အို … ငါလိုချင်တဲ့ အပျိုစင်လေးပါလား ။ ဟိဟိ နင် သိပ်တော်ပါလား နတ်ဆိုးရေ။
ငါ့အတွက် ဒီလပြည့်ညဟာ အရမ်း ပြည့်စုံသွားပြီလေ။ မကြာခင် စုန်းမ မိညို လူအဖြစ် အသစ်တဖန် မွေးဖွားလာတော့မယ်ဟေ့ ။
ငါ့ခန္ဓာကို ရက်ရက်စက်စက် မီးရှို့ ဖျက်ဆီးသွားကြတဲ့ အင်းကုန်း ၊ ပဲနွယ်ကုန်း၊ နတ်ကျွန်း ၊ ကံဘဲ့ အဲ့ဒီ ရွာတွေ အကုန် မီးလောင်တိုက်သွင်းပြမဟေ့ ။ ငါ့အကြောင်းကို ပြရသေးတာပေါ့ ။ ဒီည ငါ့ပညာတွေ ဒီကောင်မလေးကိုယ်ပေါ် ထုံကူးတာ ပြီးစီး အောင်မြင်လို့ တရက်တာ လွန်မြောက်ရင် စုန်းမ မိညိုကို ဘယ်သူက တားနိုင်အုံးမှာလဲ နတ်ဆိုးရေ ဟားဟားဟား”
နတ်ဆိုးက မိညို စကားအဆုံးမှာ ၊
” ဒါတင် ဘယ်ကမလဲ မိညိုရဲ့ ။ ငါက နင့့်အတွက် အထူးလက်ဆောင်တခုပါ ယူခဲ့ပါသေးတယ်။
နင့့်ကိုရော ၊ ငါ့ကိုပါ အကြီးအကျယ် ဒုက္ခပေးနေတဲ့ တမြေခြားက မှင်စာ အစုတ်ပလုပ်ကောင်ကိုပါ ငါ ဖမ်းခေါ်လာခဲ့ပါတယ် မိညို။
နင့့် စိတ်ကြိုက်သာ စီရင်ပါ ။ ကဲဟေ့ ဓါးဖိုးထွေးနဲ့ သက်ကြီး အင်ကုဆိုတဲ့ မှင်စာ အစုတ်ပလုပ်ကောင်ကို ခေါ်ခဲ့ကြစမ်း ”
လည်ပင်း၌ သွေးစခြောက် အရာကြီးများ ပေပွနေသော အစိမ်းသရဲ နှစ်ကောင်သည် တာကာရှီနိုအား ဘေးတစ်ဖက်တစ်ချက်စီမှ ညှပ်လျက် မိညိုချောက်ကမ်းပါး မြေပြင်ပေါ်သို့ တရွတ်ဆွဲ ခေါ်လာကြသည်။
ယင်း အစိမ်းသရဲနှစ်ကောင်သည် လောလောလတ်လတ်ကပင် နတ်ဆိုး မြသောင်းက ခေါင်းဖြတ် စတေးထားသည့့် ဓါးဖိုးထွေးတို့ ဆရာတပည့် ဖြစ်ကြလေ၏။
စုန်းမ မိညိုသည် တာကာရှီနိုအား တွေ့သည့့်အခါ မျက်လုံးများက ဝင်းလက်တောက်ပလာ၏။ ရက်စက်သော အရိပ်အယောင်များ ပေါ်လွင်လာသည်။
သူမ၏ အကြံအစည်ကို နှောင့်နှေးကြန့်ကြာအောင်၊ အနှီ အင်ကု မှင်စာသည် ဖျက်လို့ဖျက်ဆီးလုပ်ခဲ့သည်မဟုတ်လား။
သို့ပေမယ့့် အင်ကုရဲ့ အစွမ်းကို မိညိုက သိထားတာကြောင့် ချက်ချင်း အနီးသို့ ကပ်မသွားရဲချေ။ ထို့ကြောင့် ခပ်လှမ်းလှမ်းမှနေ၍ …
” ဟယ် နင် သူ့ကို ဘယ်လိုလုပ် ဖမ်းလာတာလဲ ။ အခု သူ့မှာ အစွမ်း မရှိတော့ဘူးလား ။ သူလည်း အတော်စွမ်းတယ်နော် နတ်ဆိုး ။ နင် သတိထားအုံး ”
ထိုအခါ နတ်ဆိုးက ဟက်ဟက်ပက်ပက် ရယ်မောရင်း …


” ဟီးဟီးဟားဟား …
အခု နင်မြင်တဲ့အတိုင်းပဲလေ မိညိုရဲ့ ။ ငါမွေးထားတဲ့ အစိမ်းသရဲ ၂ကောင်ကိုတောင် … ဒင်းး ပြန်အံတုဝန့့်လို့လား ။ သူ့မှာ တန်ခိုးသတ္တိ လျော့ပါးကုန်ပြီဟေ့ ။ ဘာလို့ လျော့ပါးသွားတာလဲ သိချင်သေးလား။ သူ့များ မယားကို ကြာခိုလို့ဟေ့ ၊ ကြာခိုလို့ ၊ သူများ မယားဆိုတာတောင် ဒင်းးက တကယ့့်ဒိတ်ဒိတ်ကြဲ မင်းညီနောင်ရဲ့ ကတော်မယားနတ်ကတော် မမိန်းိန်းကလေးကိုမှ ကြာခိုမိလျက်သား ဖြစ်နေတာ ။ ဟီးဟီး အဲ့ဒါကြောင့် ငါက ဒင်းးကို အလွယ် ဖမ်းခေါ်လာနိုင်ခဲ့တာလေ ၊ အခု ဒင်းး ဘာတတ်နိုင်သေးလို့လဲ မိညိုရဲ့ ”
တာကာရှီနိုသည် ယခုအခါ နတ်ဆိုးနှင့် မိညိုတို့ အကြား မလူးသာမလှုပ်ုပ်သာ ဆိတ်ဆိတ် ငြိမ်နေရရှာ၏။
သူ့ရှေ့က နှင်းနုကို မြင်သွားသည့့်အခါ အံဩသွားသည်။ နှင်းနုသည်လည်း နတ်ဆိုး၏ ချုပ်နှောင်ခြင်းကို ခံနေရသည်မည်မဟုတ်လား။
ဒါဆိုရင် … သခင်ကံဆောင်သည် မကြာခင် ရောက်လာတော့မည်ဟု တာကာရှီနို ခန့့်မှန်းလိုက်မိသည်။
သူ့ အဖြစ်ကို သခင် မြင်တွေ့သွားပါက အပြစ်ပဲတင်မလား၊ သနားဂရုဏာသက်လေမလား ။ သူ ကြို မသိနိုင်တော့ချေ—။

ပီပီ(မန္တလေး)
အခန်း(၁၆)ဇာတ်သိမ်းပိုင်း ဆက်လက်ဖတ်ရှုပါရန်-

Leave a Comment