အင်ကု မှင်စာ အပိုင်း(၉)

အင်ကု မှင်စာ အပိုင်း(၉)
ရေးသားသူ— ပီပီ(မန္တလေး)
+++++++++++

အခန်း၁၈။

နံနက်ခင်းဖြစ်သည်။ ကျေးငှက်မျိုးစုံက အုံဆိုင်းနေသော သစ်ပင်ကြီးများပေါ်မှ ဘာသာဘာဝ တေးသီနေကြ၏။
သင်္ချိုင်းမြေ၌ ရှိသော သုဘရာဇာကြီး၏ တဲလေးမှ မီးခိုး တလူလူ ထွက်နေသည်။
ညဘက် အရက်သောက်ပေမယ့် ဦးဘသာတယောက်က် မနက်ခင်း ဘုရားရှိခိုးတော့ မပျက်ရှာပေ။ ဘုရားဆွမ်းတော် ၊ ရေတော် ကပ်၏။ ဘုရား ရှိခိုး သည့်အခါ တထိုင်စာ ငါးပါးသီလကိုတော့ဖြင့် ယူဖြစ်အောင် ယူလိုက်သေး၏။ ပြီးနောက် မေတ္တာပို့ အမျှဝေသည်။
တနောင်နောင် ကြေးစည်သံက သုဘရာဇာကြီး၏ တဲလေးမှ နာပျော်ဖွယ် ထွက်ပေါ်လာ၏။
သုဘရာဇာကြီး တဲပြင်ထွက်လာတော့ ၊ တဲပြင်က တန်းလျားထိုင်ခုံမှာ လဘက်ရည်အိတ် နှင့် အီကြာကွေးများကို ပါဆယ်ဆွဲလာသော ကံဆောင်အား ပြုံးစစနဲ့ ထိုင်နေသည်ကို မြင်တွေ့လိုက်ရ၏။
” ဟကောင်ကြီး ကံဆောင်၊ စောလှချီလားဟ ၊ လက်ထဲမှာလဲ လ္ဘက်ရည်တွေရော ၊ အီကြာကွေးတွေကောပါလားဟ။ ဘာလဲ မင်း ငါ့ကို စောစောစီးစီး မြေကြွင်း တူးခိုင်းမလို့လား ကံဆောင် ”
“ဟားဟား ဦးဘသာကတော့နော် ၊ ကျုပ် မြင်တာနဲ့ပဲ မြေကြွင်း တူးရမယ် ထင်နေတော့တာပါပဲလား ။
ဒီတခါ မြေကြွင်း တူးခိုင်းဖို့ လာတာ မဟုတ်ပါဘူးဗျ ၊ ခင်များဆီ တပည့်ခံဖို့ လာတာပါ။ ကဲ — လာဗျာ လ္ဘက်ရည် ပူပူလေးနဲ့ အီကြာကွေး ဆွဲလိုက်ကြရအောင် ။
ကျုပ်လည်း ဘာမှ မစားးခဲ့ရသေးဘူးဗျ ။ လ္ဘက်ရည်က ခင်များကြီးအကြိုက် ချိုပြစ်နောက်ပြန်လဲဗျို ”
ကံဆောင်က စားပွဲပေါ်က ပန်းကန်လုံး နှစ်လုံးထဲ လ္ဘက်ရည်ကို မျှထည့်လိုက်သည်။
တခွက်ကို ဦးဘသာအား လှမ်းပေးလိုက်ပြီး ၊ တခွက်ကို သူ့ဘက် ဆွဲယူ၏။
ဦးဘသာက အီကြာကွေး မြင်တော့ ၊
” စတော်ပဲလေးများ မပါခဲဘူးလား ကံဆောင်ရယ် ၊ ငါက ပဲအီကြာ သိပ်ကြိုက်သဟ ဟေးဟေး ”
” အဲဗျ ဦးဘသာ ပြောမှ ကျုပ် သတိရတော့တယ် ၊ ဝယ်တုန်းက ပဲပြုတ်ထုပ် ပါသဗျ ၊ ဆိုင်ကယ်မှာ ချိတ်လာခဲ့တာ၊ ဘယ်ကျကျန်ခဲ့လဲ မသိဘူး ၊ နေအုံး ကျုပ် ဆိုင်ကယ်မှာ ကျန်ခဲ့သလား သွားကြည့်ဦးမယ် ”
ကံဆောင် ခုံတန်းမှ ထ၍ ဆိုင်ကယ်ဆီ ထွက်သွား၏။
ဦးဘသာက — ထွက်သွားသည့့် ကံဆောင့် နောက်ကျောကို ကြည့်၍ မြေကြီးကို တြေချက် ဆောင့်ကာ ၊ ပါးစပ်မှ ရုက္ခစိုးမှော်ကို ခပ်တိုးတိုးရွတ်၏။ ပြီးသော် ကံဆောင်အား လှမ်းပြောလိုက်သည်။
” မင်း ဝယ်လာခဲ့ရိုးမှန်ရင် ပါလာရမှာပေါ့ ကံဆောင်ရဲ့ ”
ကံဆောင်က ဆိုင်ကယ် ချိတ်မှာ ပဲပြုတ်ထုပ်ကို ချိတ်လာခဲ့ခြင်း ဖြစ်သည်။ လှမ်း၌ ဆိုင်ကယ်က ချိုင့်ထဲကျ ခုန်သဖြင့်
ပြုတ်ကျနေခဲ့သည်။
သို့သော် ယခု ကံဆောင်က သူ့ဆိုင်ကယ်ဆီ သွားကြည့်သည့့်အခါ ချိတ်မှာ ပဲပြုတ်အိပ်က ချိတ်လျက်သား ။
ကံဆောင် ဇဝေဇဝါ ဖြစ်သွား၏။ ပဲပြုတ်အိပ်ကို ယူကြည့်လိုက်ပြီး ခေါင်းကုတ်၏။
အဘယ်ကြောင့်ဆိုသော် ပဲပြုတ်အိပ်အချေ၌ ဖုန်များ ပေပွနေ၍ ဖြစ်၏။
” မဟုတ်သေးပါဘူး ၊ ငါ ဒေါ်ရင်ဆီက ပဲပြုတ်ဝယ်တုန်းက အိတ်အသစ်နဲ့ ထည့့်ပေးလိုက်တာပါ ၊ အခု ဘယ့်နှယ်ကြောင့် အိတ်အခြေက ဖုန်ပွနေတာတုန်း ”
ကံဆောင် ထိုသို့ ပဲပြုတ်အိပ်ကို ကိုင်မြှောက်ကြည့်ရင်း ငြီးတွားနေစဉ်မှာ ၊
” ဟေ့ကောင် ဒီယူခဲ့လေကွာ၊ ဘာကြည့်နေတာတုန်း။ အိတ်အပြင်ဘက်ပဲ ဖုန်ပေတာပါကွ ၊ အထဲက ပဲပြုတ်က ဘာမှ မဖြစ်ပါဘူး ၊ ယူသာ ယူခဲ့စမ်းပါ ကံဆောင်ရာ ”
ကံဆောင်လည်း ပဲပြုတ်အိပ်ကို ကိုင်ကာ ဦးဘသာ ဆီ ယူလာခဲ့လေ၏။
ဟင်!
ကံဆောင်က ဦးဘသာအား ပန်းကန်ပြားနှင့် ဆီ၊ဆား ဘယ်နားထားတုန်း မေးမလို့ လှမ်းအကြည့် စားပွဲပေါ်မှာ ပန်းကန်ပြား ၊ ဆားဘူး၊ ဆီပုလင်းတို့က အသင့့်ရောက်နေပြီ ဖြစ်၏။
ကံဆောင် အံဩနေစဉ်မှာ အင်ကု က လှမ်း၍ အစီရင်ခံ၏။
“သခင် … သုဘရာဇာကြီးဟာ လူထူးဆန်းကြီးဗျ ၊ သခင် ကျကျန်ခဲ့တဲ့ ပဲပြုတ်ထုပ်ကိုလည်း ခြေဖနောင့် တချက်ဆောင့်ရုံနဲ့ ယူနိုင်တယ်၊ ပြီးတော့ သူ့ပါးစပ်က ဆီ၊ ဆား၊ ပန်းကန်လို့ ရေရွတ်လိုက်တာနဲ့ စားပွဲပေါ်ကို သူ့အလိုလို အကုန်ရောက်လာတယ် ။ သူက ဘယ်လို ပညာသည်လဲ သခင်”
” ဟင်! ဟုတ်သလား ၊ ငါလည်း အဲ့တာ ဘယ်လို ပညာလည်းဆိုတာ မသိဘူး အင်ကုရယ် ၊ စားသောက်ပြီးမှ ငါ မေးကြည့်ပါအုံးမယ် ”
ပဲပြုတ်ကို ဆီဆားနယ်ပြီး ပန်းကန်ကို ဦးဘသာဘက် တိုးပေးလိုက်သည်။ ဦးဘသာက ပဲပြုတ်နဲ့ အီကြာကွေးကို အားပါးတရ စားလေ၏။
တယောက်က်တည်း အီကြာကွေး ၃ချောင်း ကုန်၏။ စားလို့ဝတော့ ခပ်နွေးနွေး ရှိသော လ္ဘက်ရည်ချိုပြစ်ကို တပန်းကန်လုံး တကျိုက်တည်း မော့သောက်သည်။
ပြီးသော် —
” သာဓု သာဓု သာဓု
ဟောဒီ မနက်စာ အဟာရဒါနကြောင့် လိုတဲ့ဆုဟူသမျှ လိုအပ်ချိန်တိုင်း ပြည့်ပါစေဗျာ ၊ ကဲ လာရင်း ကိစ္စ မပြောခင် ငါ မင်းကို မေးပါရစေအုံး ၊ မနေ့ညက မြသောင်းအခြေအနေ ဘယ်လို ရှိသလဲ ကံဆောင် ”
” မနေ့ညက ကျုပ်တို့ စောင့်ကြည့်လို့ပေါ့ ၊ မြသောင်းက ဦးစံလွင်ကို ဓါးနဲ့ လိုက်ခုတ်တယ်လေ ၊ အဲ့ဒါ ရွာက ကာလသားတွေ မနည်းဝိုင်းဆွဲကြရတယ် ။
ပါးစပ်ကလည်း သရဲကြီး သရဲကြီး နင်က ငါ့အဖေမဟုတ်ဘူး၊ နင်နဲ့ နင့့်အပေါင်းပါ သရဲသဘက်တွေကို ငါသတ်မယ်ဆိုပြီး အော်ဟစ်နေတာ ။ ဒါနဲ့ ကျုပ်လည်း သူကြီးအိမ်က ထိတ်တုံးမှာ သွားအပ်ပေးထားလိုက်တယ်လေ ၊ မဟုတ်ရင် တညလုံး အဲ့ဒီကောင် ပြသနာ ရှာနေအုံးမှာဗျ ”
ဦးဘသာ စဉ်းစားဟန်ပြုသည်။ ယင်းတခဏ၌ ဦးဘသာသည် တွေးတွေးငေးငေး ရှိနေတော့၏။
ဦးဘသာ စဉ်းစားသည်မှာ ကံဆောင်၏ စကားသည် မပြည့်စုံဟု ထင်မြင်မိသဖြင့် ၊
” ကံဆောင် — မင်း ငါ့ကို မှန်မှန် ပြောစမ်း ၊ ဦးစံလွင်အိမ်မှာ ကျတ်တစ္ဆမေကြီးအပြင် တခြား မကောင်းဆိုးဝါးတွေ ရှိနေတယ်မို့လား ၊ ငါ့ကို ရှင်းရှင်း ပြောစမ်းပါကွာ ”
ထိုအခါမှ ကံဆောင်က သက်ပြင်းကို ချရင်း —
” ကျုပ်လဲ အဲ့တာကို ပြောမလို့ လာခဲ့တာပဲ ဦးဘသာ။
ဒီလိုဗျ ဒေါ်မြစိန်က ငွေတိုးချေးစားတယ် ။ သူ့ပါးစပ်က နတ်မစောင့်တော့ဘူး။ အယုနတ္တတွေ ဆဲဆိုတတ်တဲ့အပြင်၊ အမြဲတမ်းလိုလို လိမ်ညာပြောဆိုလေ့ရှိတယ် ။
ဦးစံလွင်က သူများ သားပျိုသမီးပျိုကို အနိုင့်အထက် စော်ကားတယ်။ ကာမေသု ကံကို အကြိမ်ကြိမ် ကျုးလွန်တယ်လေ။
မြသောင်းက ရွာရိုးကိုးပေါက် လည်ပြီး အရက်သောက်တယ်။ လူစုံရင် သူများအိမ်က ကြက်ခိုးသတ်တယ်။ သူကတော့ အပျော်ပေါ့ ။ ခိုးတယ် သတ်တယ် အရက်သေစာသောက်စားတယ်ဆိုမှတော့ ကံသုံးပါး ချိုးဖေါက်ပြီးသားလေ ။
ဒီလို ငါးပါးသီလမှာ တပါးမှ မလုံတဲ့ အိမ်မှာ သရဲမွေးတယ်ဆိုတာ ဆန်းမှ မဆန်းတာ။
အယ် — ဆန်းတာက သူတို့အိမ်က သရဲမွေးတဲ့ အေးအေးချိုကမှ တကယ့့်အဆန်း ။
အေးအေးချိုက လွန်ခဲ့တဲ့ ၃လလောက်ကတည်းက သေပြီးသားတဲ့ဗျ ။ ကောင်မလေးက သူ့ကို ဦးစံလွင်က စော်ကားတာ ခံရတော့ ပရံနဝါ ချောင်းနံဘေးက မိညိုချောက်ကမ်းပါးမှာ ခုန်ချသတ်သေသတဲ့။ အဲ့ဒီမှာ ဘာတွေ ဆက်ဖြစ်လဲဆိုတော့ —
မိညို ချောက်ကမ်းပါးမှာက ခန္ဓာမဲ့နေတဲ့ စုန်းမ မိညို ရှိတာကိုးဗျ ။ စုန်းမ မိညိုက အခုဆိုရင် အေးအေးချို ခန္ဓာကိုယ်ကို အငှားမြှောင် ယူသုံးပြီး သူ့ပညာနဲ့ အဲ့ဒီ တအိမ်လုံးကို ဒုက္ခပေးဖို့ ကြံရွယ်နေတယ်လေ ။ ကြံရွယ်တာမှ တအိမ်သားလုံးကို အကုန်သတ်မယ်ဆို့ အကြံ။ တအိမ်လုံး သတ်ပြီးရင် သူက အဲ့ဒီအိမ်မှာ အေးအေးချို ဘဝနဲ့ ဆက်ပြီးနေနိုင်မှာကိုး ။ သူ့ပညာတွေကို ဆက်ပြီး အေးချိုရဲ့ ခန္ဓာကိုယ်မှာထုံကူးအုံးမှာလေ ။ အဲ့ဒါက စုန်းမ မိညို အကြောင်း။
နောက်တခုက ဦးဘသာပြောတဲ့ ကျတ်တစ္ဆေမကြီးဆိုတဲ့ နတ်ဆိုး အကြောင်း။ နတ်ဆိုးက မြသောင်းကိုယ်ပေါ်မှာဆိုတာကို ဦးဘသာ သိထားပြီးသားပဲ။
ရွာရိုး ကိုးပေါက် လျှောက်သွားနေတဲ့ ၊ ဒုသီလကောင် မြသောင်းကို နတ်ဆိုး(ကျတ်တစ္ဆမေကြီး)က အလွယ်ပဲ ဝင်စီးမိသား ဖြစ်နေတယ်။ နတ်ဆိုးက မြသောင်းကို ဝင်စီးရတဲ့ အကြောင်းရင်းခံက ၊ အတိတ်က ရန်ကြွေးကို ဆပ်ချင်လို့တဲ့ ။ ဦးစံလွင်တို့ အဘိုးးလက်ထက်က ရန်ကြွေးတဲ့။ သူ့သားသမီးတွေ နေတဲ့နေရာကို ဦးစံလွင်ရဲ့အဘိုးးလက်ထက်က ပန္နက်တိုင် စိုက်ခဲ့တယ်လို့ ဆိုတယ်ဗျ ။ ဒါကြောင့် သူ့သားသမီးတွေ အသက်ဆုံးရှုံးခဲ့ရဖူးသတဲ့ ။ အဲ့ဒါကို ရန်ကြွေးဆပ်မယ် ဆိုတဲ့သဘောနဲ့ ၊ မြသောင်းကိုယ်ပေါ် ဝင်စီးနေတာ ။ မြသောင်းကနေတဆင့် တအိမ်လုံးကို ဒုက္ခပေးမယ်ဆိုတဲ့သဘော —၊ ဒါကြောင့် ကျုပ် ဒီမနက်စောစောမှာ ခင်များဆီ ရောက်လာတာပဲ။ အခုဆိုရင် စုန်းမမိညိုက ဦးစံလွင်နဲ့ မြသောင်းကို သတ်ဖို့ ကြံရွယ်နေသလို ၊ သတ်ပြီးရင် သူက အေးအေးချိုဘဝနဲ့ ရပ်တည်ပြီး ကျုပ်တို့ရွာကို အကြီးအကျယ် ဒုက္ခပေးတော့မှာ ၊ အဲ့သလိုပဲ ဟိုနတ်ဆိုးကလဲ မြသောင်းကို အဖသတ်သား အဖြစ် ဇွတ်တွန်းပို့ပြီး သူ့ရန်ကြွေးကို ဆပ်ဖို့ ပြင်ဆင်နေပြီ ၊ ဘယ်ဟာဖြစ်ဖြစ် သူတို့ အကြံအောင်သွားရင် ကျုပ်တို့ ရွာ နာရမယ့်ကိန်းဆိုက်နေပြီ ဦးဘသာ ၊ ဒါကြောင့် စုန်းမနဲ့ မိစ္ဆာနတ်ဆိုးကို ဘယ်လိုသုတ်သင်ရမလဲဆိုတာ ခင်များကို လာတိုင်ပင်တာဗျ ”
ထိုအခါ ဦးဘသာက မချိုမချဉ် အပြုံးဖြင့် –
” ငါလို သင်္ချိုင်းစောင့် သုဘာရာဇာက မင်းကို ဘာများ ကူညီနိုင်မှာမို့လဲ ကံဆောင်ရ ”
ကံဆောင်က ဦးဘသာအား မကျေမနပ်ပ်ကြည့်ရင်း ၊
” အဲ့တာပဲဗျ ၊ ခင်များကြီးနဲ့ ကျုပ် အပေါက်အလမ်း မတည့်တာ အဲ့တာပဲ ။
ခင်များ ပညာတွေ ဘယ်လောက်လျိုလျို အရင်င်က ကံဆောင်ဆိုရင်တော့ မသိနိုင်ခဲ့ပါဘူး။ အခု ကံဆောင့်မှာ အင်ကု မှင်စာက ကူနေတယ်ဆိုတာ ခင်များ မမေ့ထားနဲ့ ။ ခုနက ကျုပ် မမြင်အောင် ခင်များကြီး ပညာတွေ ထုတ်သုံးတယ်ဆိုတာ အင်ကုက ကျုပ်ကို အားလုံးပြောပြသွားပြီဗျ ၊
နေပါအုံး အဲ့ဒါ ဘာပညာလဲ ဦးဘသာ ၊ ကျုပ်ကို ပြောပြပါလား ”
” ဟားဟားဟား
အော် ကံဆောင် ကံဆောင်၊ မင်းက အင်ကု အားကိုးရှိနေတာကိုး ၊ ဟုတ်သပါ့ ငါက အဲ့တာကို မေ့နေမိတယ်။
ငါသုံးတဲ့ ပညာက အနုစား ရုက္ခစိုးမှော်ပါကွ။ မျက်လှည့် ဆန်ဆန် ပညာရပ်တခုပါပဲ ။
ဒီပညာက သုံးတတ်ရင် အတော် အသုံးတည့့်ပါတယ်။ ပစ္စည်းပျောက်တွေကို ပြန်ယူပေးနိုင်တဲ့ မှော်ပညာကွ။ အဲ — မရှိတဲ့ ပစ္စည်းတော့ အုံဖွဆိုပြီး ယူလို့ မရဘူးပေါ့ကွာ ။ဥပမာ မင်းမှာ နဂိုက မရှိတဲ့ ရွှေဆွဲကြိုး ကို လိမ်ညာ ယူခိုင်းလို့ မရနိုင်ဘူး။ သူများ ပစ္စည်းကို ခိုးယူလို့ မရဘူး။ သာသနာအတွက် ရည်စူးပြီး လှုဒါန်းထားတဲ့ ပစ္စည်းကို ထိပါးလို့ မရဘူး။
ကျွဲပျောက် နွားပျောက်ကို ဘယ်နေရာ အတတ်ရှိမယ်ဆိုတာ ပြောနိုင်တယ်။ ရွှေပျောက် ငွေပျောက်ဆိုရင် ပိုင်ရှင်အစစ်အမှန်ဆိုရင် ဒိဌ ချက်ချင်း ယူပေးလို့ရတယ် ။
ဒီပညာကို အများက ရုက္ခစိုးမှော်လို့ ခေါ်ကြတယ်။ ပညာသုံးမယ့် ပုဂ္ဂိုလ်က ရုက္ခစိုးနတ်ကို အဲ့သလို မပြတ် ပူဇော်ရတယ် ”
ဦးဘသာက ထိုသို့ပြောရင်း၊ ခပ်လှမ်းလှမ်းက ညောင်ညိုပင်ကြီး အခြေကို လက်ညှိုး ထိုးပြသည်။
ကံဆောင် လှမ်းကြည့်တော့ ရုက္ခစိုး စင်မှာ အုန်းပွဲငှက်ပျောပွဲ ထိုးထားတာ မြင်လိုက်ရ၏။ အမွှေးတိုင်လည်း ပူဇော်ထား၏။ ရုက္ခစိုး ညောင်အိုး၌ သပြေညိုတို့ လန်းနေ၏။
” ဒါပဲလားဗျ ၊ အဲ့တာလောက်နဲ့ ၊ အဲ့ဒီမှော်ကို သုံးလို့ ရရောလား ”
” ဟားဟား — မင်းကွာ တယ်လောသကိုး ကံဆောင်ရဲ့ ၊ ကဲ ငါလည်း မင်းကို မေးပါအုံးမယ် ၊ မင်းရဲ့ ဆိုင်ကယ်က အင်ဂျင်လည်း ကောင်းတယ်။ ဓာတ်ဆီလည်း ရှိတယ်။ ဒါဆို ငါ မောင်းလို့ ရသလား ကံဆောင် ”
” ဟာ အဲ့ဒါတော့ သုဘရာဇာကြီးက ဆိုင်ကယ် မောင်းတတ်အုံးမှကိုးဗျ ၊ မမောင်းတတ်ရင် အမောင်းသင်ပေါ့ ”
” အေးပေါ့ ကံဆောင်ရ ၊ ငါ ပြောချင်တာ အဲ့ဒါပဲလေကွာ ၊ ဘေး အထောက်အပံ့ ဘယ်လိုကောင်းကောင်း ကိုယ်တိုင်က ကြိုးစားလေ့လာသင်ယူ တတ်မြောက်မှ ရမှာပေါ့။ ကန်တော့ပွဲတို့ ၊ အမွှေးတိုင်တို့က အထောက်အပံ့ တခုပါပဲ ။
ဒီပညာကို သုံးချင်ရင် ရုက္ခစိုးမှော် ဂါထာလည်း အာဂုံရွတ်နိုင်မှ ၊ လူကိုယ်၌ကလည်း နည်းမှန်လမ်းမှန်နဲ့ ကျင်ကြံအားထုတ်နိုင်မှ ဖြစ်တော့မယ်ကိုး ”
ဦးဘသာက ဒီလို ရှင်းပြတော့ ကံဆောင် နားလည်သွား၏။
” ကျုပ်ကို အဲ့ဒီပညာတွေ သင်ပေးပါလား ဦးဘသာ ”
” သင်ယူချင်တယ်ဆိုရင် သင်ပေးလို့ ရပါတယ် ကံဆောင်ရယ် ၊ ဒါပေမဲ့ ငါ့အလို ပြောရရင် မင်း မတတ်တာ ပို ကောင်းသကွဲ့ ။
ဒီပညာမျိုးဟာ အင်မတန်မှ စည်းကမ်းကလနားများတာကလား ။ တခုခုများ ချိုးဖောက်မိရင် အရင်င်ဦးဆုံး မင်းကိုပဲ ထိခိုက်မှာကွဲ့ ။ မသင်ချင်စမ်းပါနဲ့ ၊ လိုအပ်တဲ့အခါ ငါ မင်းကို တခုစ နှစ်ခုစ သင်ပေးပါ့မယ် ”
” ဒါဆိုရင် ကျုပ် ရွာထဲက မကောင်းဆိုးဝါးတွေကို ဘယ်လို နှိမ်နှင်းရမလဲ ဦးဘသာ ”
” မင်း ပြောပုံအရဆို ၊ မင်းအတွက်က စုန်းမကို နှိမ်နှင်းဖို့ ငါ့အကူအညီတောင် မလိုပါဘူး ၊ အလွယ်လေးပါ ”
” ဗျာ ဘယ်လိုလွယ်တာလဲ ”
” ဟကောင်ရ မင်းကိုယ်ပေါ်က အင်ကုကို ပရံနဝါ ချောင်းရိုးတလျောက်မှာ တနေရာ သောင်တင်နေမယ့့် အေးအေးချိုအလောင်းကို ရှာခိုင်းလိုက်လေကွာ ၊ ရှာတွေ့ရင် အလောင်းကို ဆယ်ပြီး မီးသင်္ဂြိုလ်လိုက်ပေါ့ ၊
ဒုတိယ အေးအေးချိုကိုယ်ထဲက စုန်းမ မိညို ဘာခံနိုင်မှာတုန်း ။ သူ့နဂို မူလရုပ်ပေါ်ပြီပေါ့ ။ အဲ့ဒီအခါ သူ ဘယ်ရွာထဲ နေရဲပါတော့မလဲ ”
ကံဆောင် ခေါင်းငြိမ့်လိုက်သည်။ ဒီလိုတော့လည်း အလွယ်သားဟု တွေးမိ၏။
” ဒါဖြင့် — နတ်ဆိုးကိုကျ ဘယ်လို နှိမ်နှင်းကြမလဲ ဦးဘသာ ”
” သူ့ကိုတော့ မင်းတယောက်က်တည်းဆို ခက်မယ်ယ်ကွ ၊ ငါပါ ဝင်ကူမှ ရလိမ့်မယ် ။ သေချာတယ် ကံဆောင် — ငါ အခုပဲ မကောင်းတဲ့အငွေ့အသက်ကို ထပ်ခံစားရပြန်ပြီ ၊ ခနနေရင် ငါ့ဆီကို မင်းတို့ ရွာထဲက လူတယောက်က် မြေကြွင်း လာတူးခိုင်းလိမ့်မယ် ၊ မယုံရင် စောင့်သာကြည့် — ”
ဦးဘသာ စကားမှ မဆုံးသေးပါ။ သင်င်္ချိုင်းထဲသို့ ဖိုးလှသည် ဆိုင်ကယ်အိပ်ဇောသံ တဖုန်းဖုန်းနဲ့ ဝင်လာလေ၏။
ဦးဘသာရဲ့ တဲရှေ့မှာ ကာလသားခေါင်း ကံဆောင်ကို ဖိုးလှက မြင်လိုက်သည်နှင့် အော်ကြီးဟစ်ကျယ်နှင့်
” ဟာ ကိုကြီး ကံဆောင် ၊ ခင်များက ဒီရောက်နေတယ်၊ ရွာထဲမှာ ပြသနာက တက်နေပြီခင်မျ —”
ကံဆောင် ဖိုးလှစကားကြောင့် ရင်ထိတ်သွားပြီး —
” ဘာလဲ — မြသောင်း ထိတ်တုံးက လွတ်ပြီး ထွက်ပြေးသွားလို့လား — အခု ဘာဖြစ်ပြန်ပြီလဲ ဖိုးလှ ”
” မဟုတ်ဘူးဗျ ၊ မြသောင်းက သူကြီးအိမ်က ထိတ်တုံးမှာ တညလုံး ငြိမ်ငြိမ်သက်သက်ပဲ ၊
အခုဟာက အဲ့ဒီအိမ်က ဦးစံလွင် ၊ ဒီမနက်မှာ သူ့အခန်းထဲက ထုတ်တန်းကြိုးချည်ပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေ သွားလို့ဗျ ၊
ရွာကို ရဲတွေ ရောက်လာပြီး သေမှုသေခင်း စစ်နေကြလေရဲ့ ။ ကျောက်မြောင်းက လာတဲ့ ဦးစံလွင်နှမတော့ ကြောက်လွန်းလို့ ဘာမေးမေးကို မေးမရတော့ဘူး ၊ သူ့အစ်ကို နာရေးတောင့် မစောင့်ပဲ ကျောက်မြောင်း ပြန်တော့မယ်တဲ့ ။ ရဲက စစ်ဆေးတာ မပြီးမချင်း ဘယ်သူ့မှ အိမ်ဝိုင်းထဲက မထွက်ရဘူးဆိုလို့ အဲ့ဒီမိန်းမ တငိုငိုတရယ်ရယ် ဖြစ်နေလေရဲ့ ”
ဟေ !
ဦးဘသာရော ၊ ကံဆောင်ပါ အံဩလွန်း၍ သံပြိုင်ထွက်သွားရလေ၏။
ကံဆောင်က ဦးဘသာကို ကြည့်သည်။ ဦးဘသာက ကံဆောင်အား အဓိပ္ပါယ်ပါပါ ခေါင်းငြိမ့်ပြလိုက်သည်။
ချက်ချင်းပဲ ကံဆောင်သည် အင်ကုအား အမိန့်ပေးလိုက်လေ၏။
” အင်ကုရေ — ငါ့ကို ကူညီပါအုံးကွာ ။ မင်း ပရံနဝါ ချောက်ရိုးတလျောက်ကို အစုန်အဆန် သွားရှာချေ ။ မိန်းမအလောင်း တလောင်း မတွေ့မချင်း ပြန်မလာခဲ့နဲ့ … ”
ကံဆောင့်ပခုန်းတဖက် ပေါ့ရွတ်သွားသည်။ အင်ကုသည် ကံဆောင်၏ အမိန့်ကို နာခံကာ ထွက်သွားပြီ ဖြစ်လိမ့်မည်။
ဦးဘသာနှင့်ကံဆောင်သည် အရင်င်ဦးစွာ စုန်းမ မိညို၏ အန္တရာယ်ကို အမြစ်ပြတ် ချေမှုန်းကြရမည်ဟု နားလည်သွားကြခြင်း ဖြစ်သည်။
ကံဆောင် သူ့ဆိုင်ကယ်ကို စက်နိုး၍ ဖိုးလှဆိုင်ကယ်နဲ့အတူ ရွာဘက်သို့ ဒုန်းမောင်းသွားလေတော့၏။

+++++++++

အခန်း ၁၉။

ညဘက် လူခြေတိတ်ချိန်တွင် ကံဆောင်နှင့် သုဘရာဇာကြီးသည် မိညို ချောက်ကမ်းပါးသို့ ရောက်လာကြ၏။
သူတို့နှစ်ဦးသည် မျက်နှာများကို ပုဆိုးဖြင့် သိုင်းခြုံ ဖုံးအုပ်လာ၏။ သူတို့နှစ်ဦးလက်ထဲတွင် မိုးကာဖျင်စဖြင့် လိပ်ယူလာသော အလောင်းကောင် တခု ပါလာ၏။ ပုပ်ပွနေသော အလောင်းကောင်ကို တာလပတ်ဖျင်စနဲ့ ပတ်ပြီး ရှေ့နောက် သယ်လာခဲ့ခြင်း ဖြစ်၏။ အလောင်းကောင်မှာ လွန်စွာမှ ပုပ်ပွနံဆော်နေလေပြီ။ ထို့ကြောင့် နှစ်ဦးသား ပုဆိုးကို မျက်လုံးဖေါ်ရုံ ခေါင်မြီးခြုံ စည်းနှောင်လာကြ၏။
ရေစီးသံကလွဲ တခြားသော အကောင်ပလောင်တို့ အသံက တိတ်နေ၏။
သူတို့နှစ်ဦး နှင့်အတူ အေးအေးချို၏ သက်မဲ့ ခန္ဓာကိုယ်အဟောင်းတခု ။
ကမ်းပါးယံထက်သို့ တိုက်ခတ်သည့့်လေက အေးတစိမ့်စိမ့်။
လေတိုက်သည့့်အခါ လှုပ်ခတ်သွားတဲ့ သစ်ရွက်သံ တရှဲရှဲကပင် ချောက်ချားစရာ ကောင်းနေ၏။
အလောင်းများနှင့် နေ့တဓူဝ ရင်းနှီးနေသော သုဘရာဇာကြီး ဦးဘသာကတော့ ထီမထင် မျက်နှာပေးရှိ၏။
ကံဆောင်ကတော့ ၊ တကယ့့်အရေးမှာ ကိုယ့်အားကိုယ့်ကိုးရမှာပဲဟုသော စိတ်ဖြင့် မနည်းတင်းနေဟန်တူ၏။
“ကဲ — ငါတို့ အလောင်းကောင် မီးရှို့ဖို့ ထင်းခြောက် လိုက်စုကြရအောင် ကံဆောင် ”
ဦးဘသာက လောဆော်တော့
ကံဆောင်လည်း အနီးနားက ထင်းခြောက်တို့ကို လိုက်ကောက်ပြီး အလောင်းကို ထင်းပုံလေ၏။
ထင်းခြောက်မှာ လိုသလောက် မရ။ မခြောက်တခြောက် ၊ စိုထိုင်းထိုင်း ထင်းများကိုသာ တွေ့ရ၏။ သို့ပေမဲ့ ပူစရာမလို ။
ဒီအရေးကို ကြိုမြင်၍ ကံဆောင်သည် ဖိုးလှအား ဓာတ်ဆီ အဝယ်ခိုင်းထား၏။ ဖိုးလှ လာပို့လိမ့်မည်။
မကြာမီ ဆိုင်ကယ်သံ တဖုန်းဖုန်း ကြားလိုက်ရပြန်သည်။ ဖိုးလှတယောက်က် ဓာတ်ဆီပုံး ယူ၍ လိုက်လာခြင်း ဖြစ်၏။
ဆိုင်ကယ်မှာ မိညိုကမ်းပါးချောက်ရောက်သည်အထိ မောင်းနှင်မရ။ ထို့ကြောင့် အတန်ငယ် ဝေးသောနေရာမှာ ထား၍ လူချည်းသက်သက် ဓာတ်ဆီပုံးကို ကိုင်ကာ ဖိုးလှ လမ်းလျှောက်လာရသည်ည်။
ကာလသားခေါင်း ကံဆောင်က ခိုင်း၍သာ လာရသည်ည် ဖိုးလှတယောက်က် ဤမိညိုချောက်ကမ်းပါးသို့ အဖေါ်ပါလျင်တောင် မလာရဲချေ။
“ဗျို့! ကိုကြီးကံဆောင် ကျုပ် ဓာတ်ဆီပုံး သယ်လာပြီဗျို့ ၊ အတော်လေးသဗျ ၊ တဖက် လာဆွဲ ကူပါအုံး ”
ဦးဘသာနဲ့အတူ အလောင်းကောင် မီးရှို့ရန် ထင်းခြောက်များ စုပုံနေသော ကံဆောင်သည် အသံကြားသည်နှင့် —
” ဒီကောင် တယောက်က်တည်း မလာရဲလို့ လှမ်းအော်နေတာ ဦး ဘသာ ။ ကျုပ် သွား ကြိုချီအုံးမယ် ”
ထိုသို့ ပြောခါ ရှိသေး ၊ ဖိုးလှထံမှ စူးစူးဝါးဝါး အော်ဟစ်သံ ကြားလိုက်ရသည်ည်။
” အံမယ်လေး! ဘာကြီးတုန်း — ဟဲ့ ဟဲ့ ငါ့ပုံးကို ဘာလို့ လုနေတာတုန်း — ဖယ်စမ်း ဖယ် ဖယ် ”
ကံဆောင် ဖိုးလှထံ အပြေးသွားသော်လည်း မမှှီတော့ချေ။
ဖိုးလှအနီးမှ မည်းမည်းပုပုလုံးလုံးကြီးးသည် ဖိုးလှလက်မှ ဓာတ်ဆီပုံးကို ယူ၍ ဒရောသောပါး ပြေးချေပြီ ။
မြေပေါ်မှာ ဖုန်လှုး၍ ကျန်ခဲ့သော ဖိုးလှ ပုဆိုးမှာ ရေစိုကွက်ကြီးက အထင်းသားကျန်ခဲ့၏။
ဖိုးလှ ကြောက်သေးပန်းချခြင်းပင်။
ဟီး —ဟီး — ပုပုမည်းမည်းကြီး ဘာကောင်ကြီးလဲ မသိဘူး ၊ ကျုပ်လက်က ဓာတ်ဆီပုန်းကို အတင်း လုယူသွားတယ် ကိုကြီးကံဆောင် ၊ ကျုပ် ကျောနဲ့ ရင်ကိုလည်း သူ့လက်မည်းကြီးနဲ့ ထုသွားသေးတယ် ၊ အကောင်ကြီးက ကြောက်စရာကြီးဗျ အီးဟီးဟီး —”
ဖိုးလှက ကလေးတယောက်ကဲ့သို့ ငိုယိုရင်း ကံဆောင်အား တိုင်နေ၏။ ကံဆောင် ဖိုးလှကို အသာအယာ ပွေ့ထူပေးရင်း —
” အေးပါ ဖိုးလှရာ ၊ မင်း အပြစ်မဟုတ်ပါဘူး ။ ကဲ ကဲ ထ ထ ၊ အစ်ကိုကြီးလည်း မင်းနဲ့ အတူ ရှိနေပါပြီ ။ မကြောက်နဲ့တော့နော် ”
ဦးဘသာ ရှိရာသို့ ဖိုးလှကို ခေါ်သွား၏။ ဖိုးလှခမျာ ထင်းပုံအကြားမှ အလောင်းကောင်၏ ယိုယွင်းနေသော ရုပ်လက္ခဏာ နှင့် နံဟောင်နေသော အပုပ်နံ့တို့ကြောင့် နောက်တွန့်သွား၏။
ဟင်! အဲ့ဒါ ဘာကြီးလဲ
“အလောင်းပေါ့ကွ ဖိုးလှရ ၊ မင်းက ဘာမြင်လို့တုန်း ”
သုဘရာဇာကြီးကသာ ခပ်ပေါ့ပေါ့ ဖြေလိုက်တာ၊ ဖိုးလှခမျာတော့ ကြောက်ဒူးတုန်နေရှာ၏။
ဦးဘသာသည် ဖိုးလှကို အသေအချာ ကြည့်သည်။ အားမရဟန်တူ၏ ။ ဖိုးလှ အနီး တိုးကပ်လာပြီး —
” ဟေ့ကောင် ဖိုးလှ ၊ မင်းအင်္ကျီ ချွတ်လိုက်စမ်းကွ ”
“ခင်မျာ! ဘာ ဘာ လုပ် မလို့လဲ ဗျ ”
” ချွတ်ဆို ချွတ်လိုက်ပေါ့ဟ ၊ လခွမ်း အမေးမြန်းက ထူပါ့”
ဖိုးလှခမျာ သူ့ဖာသာ သူ မချွတ်လျင် ဦးဘသာက ကိုယ်တိုင် လာချွတ်တော့မည့် ပုံသဏ္ဍာန်မို့ အမြန်ချွတ်လိုက်ရသည်။
ဖိုးလှ ရင်ဘတ်တွင် လက်ရာကြီးကဲ့သို့ ဖူးယောင်နီရဲနေသော အရာကြီး တွေ့လိုက်ရသည်။
” ဟိုဘက် လှည့်စမ်းအုံး၊ ငါ ကျောမ ကြည့်အုံးမယ် ”
ဖိုးလှ တဖက်လှည့်လိုက်၏။
ကျောမတွင်လည်း ထိုကဲ့သို့ အရာကြီး ထင်းနေ၏။
သရဲ အရိုက်ခံရသူသည် သူ သရဲ အရိုက်ခံရမှန်း ချက်ချင်းမသိ။ အပြင်လူကသာ ဒဏ်ရာကို အရင်မြင်ရ၏။
ထို့ကြောင့် ယခုလည်း ဖိုးလှသည် ဘာမှမသိ။ အူကြောင်ကြောင် ဖြစ်နေ၏။
သို့သော် သုဘရာဇာကြီးက ထိုသို့ စစ်ဆေးနေသည်ဖြစ်ရာ ခုနက သရဲနဲ့ နပမ်းလုံးခဲ့သော သူ၏ ဖြစ်အင်ကို တွေး၍ ကြောက်ရွံနေရှာ၏။
ယခုမှပင် ရင်ဘတ်နှင့် ကျောမက နာကျင်လာသည်ဟု ခံစားရလေသည်။
ဦးဘသာက ဖိုးလှ အကြောက်လွန်နေမှန်းသိ၍ သူ့အိတ်ထဲက ဆေးပုလင်း ခပ်သေးသေးတလုံးကို ထုတ်ယူကာ —
” ရော့ ဖိုးလှ ၊ ဒါ အရင်သောက်ကွာ ၊ ပြီးတော့ ငါ အားလုံး ရှင်းပြမယ် ၊ ရော့ တဂွပ်ထဲ မော့ချလိုက် ”
ဖိုးလှလည်း နဂိုကတည်းက သုဘရာဇာကြီးကို ခပ်ကြောက်ကြောက် ရှိတာမို့ မငြင်းရဲရှာဘူး ။ လစ်ပိုပုလင်းထဲက အရည်တွေကို မော့ချပစ်လိုက်၏။
ပါးစပ်ထဲအဝင် လျှာရင်းအထိ ခါးသက်သွား၏ ။ အနံ့ကလည်း စိမ်းရွှေရွှေ အနံ့ကြီး။ ဗိုက်ထဲရောက်တော့ ပူနွေးသွား၏ ။ တကိုယ်လုံး အပူငွေ့တွေ ထွက်လာသလိုပင်။ တခဏအတွင်း၌ပင် ဖိုးလှ နေလို့ထိုင်လို့ ကောင်းသွား၏။
ရင်ဘတ်နှင့် ကျောမမှ ဒဏ်ရာတို့လည်း အရှင်းပျောက်ကွယ်သွားသည်။
ဦးဘသာက ကံဆောင်ဘက်သို့ လှည့်၍
” သန်ခေါင်းယံ မကျော်ခင် မီးရှို့မှ ဖြစ်မှာနော် ကံဆောင်၊ ထင်းတွေက ဒီအတိုင်းရှို့လို့ လွယ်မယ် မထင်ဘူး ။ ဘယ်မှာလဲ မင်း ပြောတဲ့ ဓာတ်ဆီက ”
ကံဆောင် ဘာပြန်ပြောရမှန်း မသိ။ သက်ပြင်းသာ အခါခါ ချရင်း ၊
” ခုနက ဒီကောင့်လက်ထဲကနေ ဓာတ်ဆီပုံးကို သရဲတကောင် လာလုယူသွားတယ် ဦးဘသာ ၊ မရှိတော့ဘူး ”
ဦးဘသာ မျက်မှောင်ကြုတ်သည်။ ပြီးတော့ ခပ်စစ ပြုံး၏။
” ထင်တော့ အထင်သား ၊ ဒါကြောင့် ငါ အလောင်းကို ပစ်ပြီး ဘယ်မှ မသွားတာကွ ၊ ဓာတ်ဆီပုံး လုတာ အရေးမကြီးဘူး ၊ မိညိုက ဒီအလောင်း လာလုမှာ စိုးတာနဲ့ ငါ ခုနက မင်းသွားတုန်း စည်းချထားလိုက်တယ် ၊ ဝင်မိတဲ့အကောင်တော့ ထွန့်ထွန့်လူးသွားလိမ့်မယ်ဟေ့ ”
ထိုသို့ပြောအပြီး ဦးဘသာသည် ရုက္ခစိုးမှော်ဂါထာကို ရွတ်၍ မြေပြင်ကို ခြေတချက် ဆောင့်လိုက်သည်။
မျက်လှည့်ပြသလိုပင် ၊ ဓာတ်ဆီပုံးသည် သူတို့အရှေ့ မြေကွက်လပ်မှာ ဘွားခနဲ ပေါ်လာ၏။
” ကဲ ကံဆောင်ရေ ၊ အချိန်မဆွဲနဲ့တော့ဟေ့ ၊ အလောင်းကို မီးရှို့ဖို့ လုပ်တော့ဟေ့ ”
ဦးဘသာမှ ပြောတုန်းရှိသေး။ ချောက်ကမ်းပါးက သစ်ပင်ကြီးများ တရှဲရှဲ တဟဲဟဲနဲ့ အသံစပေးတော့၏။
” ဒီကောင်တွေကို ဝိုင်းကြဟေ့၊ သတ်ကြပါတော့လား ၊ ခုတ်ကြပါတော့လား ၊ တယောက်မှ မလွတ်စေနဲ့ ဝိုင်းဟေ့ ဝိုင်းကြ ”
ထို အုပ်စုဖွဲ့ အသံကြီးသည် လေးဘက်လေးတန်မှ ထွက်ပေါ်လာ၏။ သစ်ပင်များပေါ်မှ ၊ ပုပု ဝဝ ၊ မည်းမည်း အကောင်များ ပိန်ပိန် ရှည်ရှည် ဖြူလျော်လျော် အကောင်များ တကောင်ပြီးတကောင် ခုန်ဆင်းလာကြ၏။ စုန်းမ မိညို၏ တပည့်တပန်းများသာ ဖြစ်မည်။
ဦးဘသာသည် ကြောင်ငေးနေကြသော ကံဆောင်နှင့် ဖိုးလှကို စည်းအတွင်း ဆွဲခေါ်သွင်းကာ ၊
” ဘာမှ မကြောက်နဲ့ ၊ ကိုယ်လုပ်စရာ ရှိတာသာ လုပ်ကြဟေ့ ။ အဓိက က မင်းတို့ စည့်အပြင် မထွက်မိရင် ဒီကောင်တွေ ဘာမှ မတတ်နိုင်ဘူး ”
ကံဆောင်နဲ့ ဖိုးလှလည်း ဓာတ်ဆီများကို အလောင်းကောင်နှင့်ထင်းများအပေါ် နေရာအနှံ့ ပင်ဖျန်းကြ၏။ မကြာမီ ပုံးထဲက ဓာတ်ဆီများ ကုန်သွား၏။
ထိုအခါ ချောက်ကမ်းပါးနဲ့ အနီးဆုံးက လက်ပံပင်ပေါ်ကနေ မိညိုသည် ဇောက်ထိုး ဆင်းလာ၏။
” မလုပ်ပါနဲ့ သုဘရာဇာကြီးရယ် ၊ အဲ့ဒီအလောင်းကို မီးမရှို့ပါနဲ့နော် ။ ငါ နင်တို့ လိုချင်တာကို ပေးပါ့မယ် ”
သူဘရာဇာကြီးက —
” နင်က ငါ့ကို ဘာပေးမှာလဲ မိညို ”
” နင်လိုချင်ရင် ဘုရားပြိုက ရတနာတွေ အကုန် နင့်ကို ငါပေးပါ့မယ် ၊ အလောင်းကို မီးမရှို့ပါနဲ့နော် ၊ ရော့ ဒီမှာ ကြည့်”


စုန်းမ မိညိုက သူ့ညာလက်ကို ဖြန့်ပြလိုက်သည်။ နီနီရဲရဲ ပတ္တမြားလုံးချောများက လက်တဆုပ်စာ ရှိလေ၏။ မြင်ရသူအဖို့ သရေယိုချင်စရာ၊ လိုချင်တပ်မက်ချင်စရာပေ။
ဦးဘသာက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
” ဟားဟား ငါ့များ သိုက်ဆရာ အောက်မေ့နေလား မိညို ၊ ဘုရားကို လှုထားတဲ့ ဌာပနာကို ငါယူရင် အပင်းဖြစ်တော့မပေါ့ဟဲ့ ၊ နင့်အကြံ ဒါအကုန်လား မိညို ၊ ငါ့ကို ဘုရားဌာပနာနဲ့ မျှားပြီး ပညာကန်းအောင် ဖျက်ဆီးမပေါ့လေ ။ မရဘူး မိညို ၊ ကဲ နင့်လို မိစ္ဆာဝါဒီ စုန်းမအတွက် သွားရာ ငရဲလမ်းကို မြန်းပေတော့ဟေ့ ”
ဦးဘသာသည် အိတ်ထောင်ထဲက မီးခြစ်ကို ယူ၍ မီးခြစ်ကာ ထင်းပုံကို မီးတို့လိုက်သည်။
ထင်းပုံသည် ဟုတ်ခနဲ မီးထတောက်လေ၏။ လောင်စာဆီ အရှိန်ကြောင့် မီးညွန့်သည် အရှိန်တငြီးငြီးဖြင့် တောက်လောင်လေတော့၏။
စုန်းမ မိညိုသည် ပထမ ပါးစပ်အဟောင်းသားနှင့် အံဩနေသေး၏။ တခဏအကြာ သူ၏ ခန္ဓာကိုယ်သည် မီးကဲ့သို့ ပူလာဟန်ဖြင့် တအားအား ဟစ်အော်ရင်း ထိုနေရာမှ ထွက်ပြေးလေတော့သည်။
ခေါင်းဆောင်လုပ်သူ စုန်းမ မိညို ပြေးလျင် သူ၏ တပည့်များဖြစ်သော သရဲတစ္ဆေများသည်လည်း အလျိုလျို ပျောက်ကွယ်ကုန်ကြလေ၏။

ပီပီ (မန္တလေး)
အပိုင်း(၁၀)ဆက်လက်ဖတ်ရှုပါရန်-

Leave a Comment