အသေဖြောင့်သူ

” အသေဖြောင့်သူ “(စ/ဆုံး)
+++++++++++

“ကိုတင်ပိုင်_ကိုတင်ပိုင် _ ခဏနေဦး_ ခဏနေဦး” စက်လှေပေါ်သို့တင်ပိုင်ကခြေတစ်ဖက်တင်ပြီးနေပြီ။အထက် ပါအတိုင်းလှမ်းအော်လိုက်သံကြောင့်ခြေကိုပြန်ရုပ်ပြီးနောက်လှည့်
ကြည့်လိုက်သည်။ ထိုအခါ သူ့ထံသို့ဦးတည်ပြီး ပြေးလာနေသော သူ့မိန်းမ မတင်မြကို တွေ့လိုက်ရသည်။ သည်မိန်းမပုံစံက ပျာယီး ပျာယာနိုင်လှသည်။ တစ်ခုခုတော့ထူးနေပြီဟု ထိတ်ခနဲဖြစ်သွား
မိသည်။
ထင်သည့်အတိုင်းပင် ..
“ကိုတင်ပိုင်..ရှင့်အဖေ..ရှင့်အဖေ လေဖြတ်လို့တဲ့။ ဆေးရုံ
တင်ထားရတယ်တဲ့” “ဟင်—”
အနီးရောက်ရောက်ချင်း ဗလုံးဗထွေး ပြောလာသောမိန်းမ လုပ်သူ၏စကားက တင်ပိုင့်ရင်အစုံကိုရုတ်ခြည်းပြောင်းဆန်သွား
စေသည်။ လူကိုပါပျာယာခတ်သွားစေသည်။
“ဖိုးကိုရေ. ငါမလိုက်တော့ဘူးဟေ့။ ငါ့စပါးအိတ်တွေကို ဟို ရောက်ရင် မင်းပဲ အလုပ်သမားငှားပြီး ဆက်လုပ်ပေးလိုက်စမ်းပါ “ကောင်းပြီ. ကောင်းပြီ။စိတ်ချ. စိတ်ရ

စက်လှေသမားကပြန်အော်ပြီးစက်ကိုနှိုးသည်။ကမ်းမှခွာ၍လည်းမောင်းထွက်
သွားသည်။ လင်မယားနှစ်ယောက် ကမ်းခြေမှ ခပ်သုတ်သုတ်လျှောက်လာခဲ့ကြ သည်။တာပေါင်ပေါ်ရောက်သော် .
“ကဲ- ရှင် ဆေးရုံပဲ မြန်မြန်သွားတော့။ ကျွန်မ အိမ်ပြန်မယ်။ ဟိုမှာ ကလေးကို မိနှောင်းလက်ထဲအပ်ထား ခဲ့ရတာ”
“အေး—”
လင်မယားနှစ်ယောက်လမ်းခွဲလိုက်ကြသည်။

“အဖေက ဘယ်လိုဖြစ်ရတာလဲ..အမေ”
“ဘယ်လိုဖြစ်ရမလဲ၊
ငါ့စကားနားမထောင်လို့ဖြစ်ရတာပေါ့။ဒေါသမထွက်ပါနဲ့၊
စိတ်ကိုထိန်းပါလို့ ငါအတန်တန်ပြောတာ၊နားမှမထောင်ပဲ။ နေ့ခင်းက ဟိုသေခြင်း ဆိုးအိမ်ကို သူသွားမယ်လို့ ပြောတယ်။ သွားရင် ဒီလိုဖြစ်တော့မယ် ဆိုတာသိလို့ တော်မသွားနဲ့၊တော့်အစားကျုပ်ပဲသွားမယ်လို့ငါကပြောတယ်။အဲဒါတားလို့မရဘူး။ ပြန်လာတော့ ထင်တဲ့အတိုင်း ဖြစ်လာတယ်။ တရှူးရှူး တရှဲရှဲနဲ့ ဒေါသတွေတအား ထွက်လာတယ်။ မျက်နှာကြီးလည်း နီရဲလို့။ အိမ်ရောက်ပြီးတော့လည်း သူ့မှာ အဲဒီ မသာကိုပဲ ဆက်ပြီးကြိမ်းနေ၊ မောင်းနေတယ်။ အဲဒီနောက် တစ်နာရီလောက် ကြာ တယ်ဆိုရင်ပဲ ဖြုန်းဆို ထိုင်နေရာကနေ ထိုးလဲသွားပြီး ဆန့်ငင်ဆန့်ငင်နဲ့ ဖြစ်သွား တော့တာပဲ”
တင်ပိုင် သက်ပြင်းချသည်။ မိခင်ဖြစ်သူက ဖြစ်စဉ်ကို ရှင်းပြပြီးနောက် မျက်နှာ တစ်ဝိုက်ကို တဘက်ဖြင့် ပွတ်သုတ်နေသည်။ ပြီးလျှင် သူတို့သားအမိ အပါအဝင် ရောက်ရှိနေသည့် ဆွေမျိုးသားချင်းတစ်စုလုံးက စိုးရိမ်စိတ်နှင့်အတူ အရေးပေါ်ခန်း ဘက်သို့ မျှော်ကြည့်နေမိကြသည်။ လူနာကို ဆရာဝန်၊ ဆရာမများက ကြပ်မတ် ကုသနေကြဆဲ ဖြစ်သည်။ လောလောဆယ် အရေးပေါ်ခန်းကို တံခါးပိတ်ထား သည်။

အဖေ ပြန်နေကောင်းပါစေ၊ ကံလည်း ကောင်းပါစေဟု စိတ်ထဲက ကြိတ်၍ ဆုတောင်းနေမိသည်။ သူကမြစ်အောက်ပိုင်းရှိ ဆန်စက်သို့စပါးကြိတ်ရန် စက်လှေ နှင့် လိုက်သွားတော့မလို့။ မိတင်မြ အမီလိုက်လာနိုင်လို့သာ တော်တော့သည်၊ နို့မဟုတ်ပါက သူကလည်း ခရီးလွန်နေမည်၊ ထိုသို့ ခရီးလွန်နေချိန်တွင်မှ အဖေ ကလည်းတစ်ခုခုဖြစ်သွား မည်ဆိုလျှင်–။
သူပင့်သက်ရှိုက်လိုက်မိပြန်သည်။တကယ်တော့သူအဖေ့ကိုအလွန်ချစ်သည်။
ချစ်ရအောင်လည်းတစ်ဦးတည်းသောသားဖြစ်သည့် သူ့အပေါ်အဖေကတစ်သက် လုံးအချစ်ပို၊ အလိုလိုက်ခဲ့ သည်ပဲကိုး။
ခုတော့ အဖေ ဘာကြောင့် ခုလိုဖြစ် ရသည်ကို သူ အားလုံးသိလိုက်ပြီ။ နဂို ကတည်းကအဖေ့တွင်သွေးတိုးရှိသည်။နှလုံးသွေးကြောရောဂါလည်းရှိသည်။ ဆရာ ဝန်က ဆေးမှန်မှန်သောက်ဖို့၊ အစားအသောက် ဆင်ခြင်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့၊ ဒေါသမထွက်ဖို့အဖေ့ကိုမှာကြားထားသည်။ဒါကိုအဖေက နည်းနည်းပေါ့ချင်သည်။
ဆရာဝန့်စကားကိုလိုက်နာသည့်အခါလိုက်နာပြီးမေ့မေ့လျော့လျော့နေသည့်အခါ နေသည်။သို့မို့ကြောင့်လည်းအဖေ့ရောဂါကမကြာမကြာထထဖောက်လေ့ရှိသည်။ လွန်ခဲ့သည့်နှစ်လလောက်ကလေဖြတ်ချင်သလိုလိုအဖေတစ်ခါဖြစ်ဖူးပြီးပြီ ဆရာ ဝန်ထံအမြန်ပြေးလိုက်နိုင်သဖြင့်အန္တရာယ်ကြီးနှင့်ကပ်လွဲခဲ့ရသည်။ ခုတစ်ခါတော့ အဖေရှောင်နိုင်စွမ်းမရှိတော့ပြီ။ တည့်တည့်ကြီးကိုအန္တရာယ်နှင့် ဝင်တိုးခဲ့ရပြီ။ သည်နေရာတွင် အဓိတရားခံ၏ မျက်နှာကို သူ ပြေးမြင်မိသည်။ တရားခံက ချစ်ခိုင်ပဲ။ ချစ်ခိုင်ကြောင့်အဖေသည်လိုဖြစ်ရတာ။ချစ်ခိုင်ကိုအဖေမကျေမချမ်းဖြစ် နေသည်မှာ ကြာပြီ။ အဖေနှင့် ချစ်ခိုင်ကြားမှာ ကြီးမားသည့် ရာဇဝင်အကြောင်း ရှိသည်။ဖြစ်စဉ်ကိုအစကနေပြန်ထုတ်ပြရမည်ဆိုပါကလွန်ခဲ့သည့် (၆)နှစ်လောက် ကတည်းကအဖေ့ဆီမှာချစ်ခိုင်အကြွေးတွေရှိသည်။အဖေ့ဆီကစယူသည့်ငွေကကို သိန်း(၅ဝ)တိတိဖြစ်သည်။အတိုးနှင့်ဆိုပါကယခုဆိုလျှင်မည်မျှလောက်များပြားနေ
မည်ကို ခန့် မှန်းကြည့်နိုင်သည်။
ထိုငွေများကိုယနေ့အထိချစ်ခိုင်ကတစ်ပြားမျှပြန်လည်ပေးဆပ်ခြင်းမရှိ၊အမှန် တကယ်လည်း ချစ်ခိုင်၌ မည်သို့မျှ ပြန်ဆပ်နိုင်စွမ်းမရှိ။ ချစ်ခိုင်မှာ တစ်ချိန်တုန်းက

လူလူသူသူ နေခဲ့သူမှန်သော်ငြား နောက်ပိုင်း၌ တစ်လျှောက်လုံးလိုလို ကံမွဲနေခဲ့ သည်။ ဆက်တိုက်လိုလို ဆုံးရှုံးမှုတွေနှင့် ရင်ဆိုင်နေရသည်။ ကံမရှိတော့ ဉာဏ်ရှိ တိုင်းမွဲဆိုသကဲ့သို့ သူ့မှာလှုပ်လေမြုပ်လေဖြစ်နေရသည်။အဖေကဒါတွေသိသည်။ ချစ်ခိုင်ဖြစ်အင်ကိုနားလည်သည်။ သို့မို့ကြောင့်လည်းအဆင်ပြေမည့်အချိန်ကြွေးပြန် ဆပ်ပါမည့်အကြောင်း တစ်ခါတစ်ရံ သတိပေးတာကလွဲပြီး ချစ်ခိုင်ကို အပူမတိုက်၊ ခဏခဏကြွေးသွားတောင်းနေတာမျိုးအဖေ မလုပ်၊
သို့ငြားပြီးခဲ့သည့်လကတော့ချစ်ခိုင်နှင့်ပတ်သက်ပြီးအဖေဆူဆူပူပူ၊လှုပ်လှုပ် ရှားရှားဖြစ်ဖို့ ကြုံလာသည်။ ချစ်ခိုင်တို့ သားချင်းတစ်တွေ အမွေခွဲကြ ပြီး ချစ်ခိုင်က ဝေစုအတော်ရလိုက်သည် ဟုသတင်းကြားသည်။ သတင်းရရချင်းချစ်ခိုင်ဆီအဖေ သွားသည်။ သွားပြီး ကြွေးကို လှည့်ဆပ်ပါ့မည့်အကြောင်း ပြောသည်။ ချစ်ခိုင်က ဆက်ဆက်လာဆပ်ပါမည့်အကြောင်းလောလောဆယ်လက်ထဲငွေမရောက်သေး ပါကြောင်းပြန်ပြောသည်။ အဖေက ကျေနပ်ပြီးပြန်လာခဲ့သည်။ အဖေချစ်ခိုင်ကိုစောင့်သည်။တစ်ရက်ပြီးတစ်ရက်၊တစ်ပတ်ပြီးတစ်ပတ်၊အဖေ
ကသာ မျှော်ရသည်။ ချစ်ခိုင်က ပေါ်မလာ။ ပေါ်မလာသည့်အပြင် အဖေ့ကို ယမ်းပုံ မီးကျဖြစ်သွားစေသည့် သတင်းကအရပ်ထဲမှာပေါ်လာသည်။ချစ်ခိုင်ဆယ်ဘီးကား တစ်စီး ဝယ်လိုက်သည့်သတင်းဖြစ်သည်။
အဖေ-အဲသည်မှာတင် သွေးတက်သွားသည်။ တရှူးရှူး၊ တရှဲရှဲနှင့် ဖြစ်သွား သည်။“ငါ့အကြွေးတော့ ပြန်မဆပ်ဘူး။ ကားတော့ ဝယ်တယ်”ဆိုသည့်စကားကို အမေ့ရှေ့မှာလည်း ပြောသည်။ တင်ပိုင့်အိမ်မှာလည်း လာပြောသည်။ ပြောလည်း ပြောစရာပင်။ သည်လုပ်ရပ်ကအဖေ့အတွက်တကယ့်ကိုမထွေးနိုင်၊မမြိုနိုင်ဖြစ်စရာ ကြီးကိုး။ ဘာပဲဖြစ်ဖြစ် အဖေဖြစ်နေပုံကိုကြည့်ပြီး အမေရော၊ တင်ပိုင်ပါ စိုးရိမ်စိတ် ဝင်လာသည်။ အရှုံးပေါ်ထပ်ပြီး အနုတ်လက္ခဏာဆင့် လာမှာကို မြင်ယောင်လာ သည်။အဖေ့ကိုတတ်နိုင်သလောက်ဖျောင်းဖျကြသည်။ချစ်ခိုင်နေသည့်ရွာသို့အဖေ က သွားမည်တကဲကဲ လုပ်နေသည်။ အမေက တားသည်။ ချစ်ခိုင်ကိုသွား“ချီ”ရင်း အဖေတစ်ခုခုဖြစ်သွားနိုင်တာကို အမေ တွက်ဆမိသည်။ သို့ကြောင့် တားမြစ်ခြင်း ဖြစ်သည်။အဖေကတားလို့မရ။ကိုယ်တိုင်ထသွားသည်။ ဟိုရောက်တော့ချစ်ခိုင်နှင့်

ရန်တွေ ဖြစ်ရသည်။ ရန်ဖြစ်ပြီး အိမ်ပြန်လာသည်။ အိမ်ရောက်တော့ ချစ်ခိုင် ကူလီ ကူမာ လုပ်လိုက်ပုံ၊ လီဆယ်ပြီး ပြောလိုက်ပုံတွေကို ဒေါသတကြီးနှင့် အမေ့ကို ပြန် ပြောသည်။ ထိုသို့ ဒေါသတွေပွားပြီး မဆုံးတန်း၊ မတုံးတန်းပြောနေရင်း၊ ပြောနေရင်း ကနေ-။
ခုတော့ အမေစိုးရိမ်သည့်အတိုင်း တကယ်ကို ဖြစ်သွားခဲ့ပြီ။ ပြောရလျှင် အဲဒါ ထက်ပိုပြီး အရေးကြီးသည့်ကိစ္စတစ်ခုက ရှိသေးသည်။ တခြားမဟုတ်၊ ခုနေများ အဖေမပြောကောင်း၊ပြောကောင်းသေဆုံးသွားခဲ့ပါက ဘဝကူးကောင်းလိမ့်မည်ဟုသူမထင်။

ကောင်းရာသုဂတိရောက်မည့်ကိန်းလုံးလုံးမမြင်မိ။ဘာကြောင့်ဆိုအဖေ က ချစ်ခိုင်နှင့် ချစ်ခိုင်ဆီက အကြွေးတွေကို စိတ်စွဲနေသည်။ အသည်းအသန်ကို စွဲလမ်းနေသည်။ ဤဥပါဒါန်တွေကပင် အဖေ့ကို မသင့်ရာဘဝသို့ ဆွဲချသွားကြမှာ သေချာသည်။ ဤအတိုင်း ဖြစ်ကိုဖြစ်သွားလိမ့်မည်။
ဒါတွေ တွေးမိတော့ တင်ပိုင် အဖေ့အတွက် ပို၍ပူပန်ရသည်။ ပို၍သောက ရောက်ရသည်။

“စိတ်ကို ထိန်းမှပေါ့အဖေရာ။ စိတ်ကို အလိုလိုက်ရင် ကိုယ်ပဲ ဒုက္ခရောက်မှာ၊ အခု သူ့ဆီ အကြွေးသွားတောင်းတော့ သူ့အကြွေး မရခဲ့တဲ့အပြင် ကိုယ်ပါ ဆေးရုံ
တက်လိုက်ရတယ်။တစ်ခုကနေနှစ်ခုပိုရှုံးသွားတာပဲအဖတ်တင်တယ်။ကံကောင်းလို့ ပါလား အဖေရာ။ ဆရာဝန်ကြီးနဲ့အဖွဲ့က အချိန်မီ ကုသပေးလိုက် နိုင်လို့ပါလား။ နို့မဟုတ်ရင်အဖေ ဘယ်လွယ်မလဲ”
တင်ပိုင်ကဖခင်ဖြစ်သူဦးလှဘန်း၏ခြေသလုံး၊ပေါင်လုံးတွေကိုနှိပ်နယ်ပေးရင်း တတွတ်တွတ်ပြောနေသည်။ မိခင် ဒေါ်လှအေးက ဦးလှဘန်း၏ကျောပြင်နှင့်လက် မောင်းတွေကို ဆေးလိမ်းပေးလျက်ရှိသည်။
“ဒါနဲ့ ဝမ်းသာစရာစကားအဖေ့ကိုပြောပြရဦးမယ်”
တင်ပိုင့်စကားကြောင့်ဦးလှဘန်းမျက်လုံးပွင့်လာသည်။ စကားတော့မဆိုပေ။
လတ်တလော သူသတိကြီးကြီးထားနေသည်။ ကြောက်မက်ဖွယ် အန္တရာယ်စက်

ကွင်းကြီးမှ ကံသီ၍ လွတ်မြောက်လာခဲ့ပြီးနောက် ဆရာဝန်ကြီးများ မှာကြားလိုက် သည့်အတိုင်း သူ့ကိုယ်သူ စိတ်ရောကိုယ်ပါ စောင့်ရှောက်နေမိသည်။ စိတ်လှုပ်ရှား တာမျိုး၊ ဒေါသထွက်တာမျိုးလုံးဝမပြုလုပ်ရဲပေ။
တင်ပိုင့်အသံက ဆက်ပေါ်လာသည်။
“ကျွန်တော် ကိုချစ်ခိုင်နဲ့ တွေ့ခဲ့တယ် အဖေ၊ သူက ပြောတယ်၊ မင်းအဖေ ဒီလို ဖြစ်တယ်ကြားရတော့စိတ်မကောင်းပါဘူးတဲ့။ မင်းအဖေကစိတ်တအားပြန်တာပဲတဲ့။ မင်းအဖေ အကြွေးတွေကို ငါကလည်း ဆပ်ဖြစ် အောင် ဆပ်မှာပါတဲ့။ ဆပ်ချင်လို့ လည်းအရင်ဆုံးကားဝယ်ပြီးအလုပ်လုပ်ဖို့ကြံစည်တာပါတဲ့။အလွန်ဆုံးနောက်နှစ် လောက်မှာ ပြန်ဆပ်နိုင်အောင် သူ ကြံရွယ်ထားတာပါတဲ့။ ဒါပေမဲ့ “ ခုတော့ သူ အစီ အစဉ်ပြောင်းလိုက်ပါပြီတဲ့။ မင်းအဖေ အကြွေးတွေကို နောက်(၁၅)ရက်အတွင်း ငါ လာဆပ်မယ်တဲ့။ ကိုချစ်ခိုင်က ကျွန်တော့်ကို အဲသလိုပြောလိုက်တယ် အဖေ”

စိတ်ချမ်းသာစရာစကားကြောင့်ဦးလှဘန်းမျက်လုံးများကတဖျပ်ဖျပ်တောက်
လာသည်။ တင်ပိုင်က ဆက်ပြောသည်။
“တစ်ခုတော့ သူကပြောတယ်အဖေ။ မင်းအဖေကိုမင်းပဲတောင်းပန်ပေးပါကွာ တဲ့။ငါယူထားတဲ့အကြွေးသိန်း(၅၀)ကိုအရင်းအတိုင်းပြန်ဆပ်ပါ့မယ်တဲ့။ အတိုးကို
တော့ ကျေးဇူးပြုပြီး လျော်ပေးပါတဲ့။ အဲဒါတစ်ခုကိုတော့ သူ တောင်းပန်လိုပါတယ် တဲ့။အဲသလိုပြောတယ်အဖေ။ကျွန်တော်လည်းကျွန်တော့်အဖေကိုပြန်ပြောကြည့် ပါ့မယ်။ခင်ဗျားပြောတဲ့အတိုင်းဖြစ်နိုင်ချေရှိပါတယ်လို့ပြန်ပြောထားခဲ့တယ်။ သူဒီလို ပြောဖော်ရတာပဲတော်လှပြီ။ ကိုယ့် ပိုက်ဆံကိုယ်ပြန်ရတာပဲတော်လှပြီ။ ဟုတ်တယ် မို့လားအဖေ၊သူ့ဆန္ဒကိုအဖေလက်ခံတယ်မဟုတ်လား”
ဦးလှဘန်းက ခပ်မြန်မြန် ခေါင်းညိတ်ပြသည်။ မျက်နှာကလည်းပြုံးလာသည်။ သူ စကားမပြောနိုင်၍မဟုတ်။ ပြောနိုင်သည်။ သို့သော် စကားလုံးတွေက လုံးဝါးဝါး ဖြစ်နေသေးသည်။ ခြေလက်တို့ကပါ လှုပ်ရှားသွားလာနိုင်သည် မှန်သော်ငြား ပုံမှန် အတိုင်း ပြန်မဖြစ်သေး။ လေးလံနေသေးသည်။ တုံ့ဆိုင်းနေသေးသည်။ မည်သို့ ဆိုစေ၊ ပျောက်သွားသည့် ထီလက်မှတ် ပြန်ရှာတွေ့လိုက်သလိုမျိုး သူ ခံစားလိုက် ရသည်။အတိုးမရချင်နေ၊ကိုယ့်ငွေမဆုံးရင်တော်ပြီးအရင်းအတိုင်းပြန်ရရင်တော်ပြီ
ဟူ၍ သဘောပိုက်လိုက်ခြင်းဖြစ်သည်။

နောက် (၁၅)ရက်ခန့် ကြာသော်- “အဖေ- ကျွန်တော်ကိုချစ်ခိုင်နဲ့ တွေ့ခဲ့ပြီ”
“အေး. ဘယ်လိုလဲ၊ ဒီကောင်ကတိတည်ရဲ့လား၊ ငွေပြန်ဆပ်လိုက်ရဲ့လား” “ဆပ်တယ် အဖေ၊ဆပ်တယ်။ ဒါပေမဲ့-”
“ဒါပေမဲ့ ဘာဖြစ်သလဲ”
“ဒါပေမဲ့-ကျွန်တော်အဖေ့ကို(၅)သိန်းပဲပြန်ပေးနိုင်မယ်၊ သူပြန်ဆပ်တဲ့ သိန်း (၅၀)ထဲကငွေ(၄၅)သိန်းကိုကျွန်တော်ခဏလှည့်သုံးထားလိုက်တယ်အဖေ” “ဟေ-မင်းက ဘာတွေသုံးလိုက် သလဲ၊ ဒီပိုက်ဆံတွေကို”

“ကျွန်တော် အောက်ပိုင်းက ကိုမြင့်လွင်နဲ့ နှစ်ယောက်ပေါင်းပြီး ကြံကြိတ်စက် တစ်လုံး ဝယ်လိုက်တယ်။ လာမယ့်ကြံရာသီရောက်ရင် ကြံချက်ဖိုထောင်ပြီး စပ်တူ လုပ်ကြမလို့။ ကြံသကာတွေဈေးကောင်းနေတယ်အဖေ”
“ဒီလိုလား။ အေးပါ – အလုပ်လုပ်မယ်ဆိုရင် အဖေက ဘာမှမပြောလိုပါဘူး။ သုံးပါ- သုံးပါ”
“ဒါပဲနော် အဖေ၊ ကျွန်တော်က ဒီငွေကို တော်တော်နဲ့တော့ ပြန်ဆပ်နိုင်ဦးမှာ မဟုတ်ဘူး။ ကျွန်တော်လည်းအခြေတည်မိအောင်ကြိုးစားရဦးမှာလေ”
“ဒါများကွာ။ ပြောနေစရာ လိုသေးလား၊ သားအဖချင်းတွေပဲ။ ငါ့ငွေဟာ မင်း ငွေပဲပေါ့ကွ၊ ဘာပဲပြောပြော၊ ငါပျော်လိုက်တာကွာ။အဲဒီအကောင်နဲ့ ခုလိုပြတ်သွား ရတာဟာ ငါ့အတွက်တော့ အကုသိုလ်ထုပ်ကြီး ပြုတ်ကျသွားတာပဲ။ ဒီငွေတွေသာ သူ့ဆီက ပြန်မရရင် ငါ အသေဖြောင့်မယ်တောင်မထင်ဘူး။ ခုတော့- အေးသွားပြီ၊ ငြိမ်းသွားပြီ၊ ရှင်း သွားပြီ”
တင်ပိုင်က ဖခင်ကိုကြည့်ပြီး ပျော်ရွှင်နေသည်။
နောက်(၆)လခန့်အကြာတွင်-
“တင်ပိုင်ရေ’ဟေ့တင်ပိုင်” “ဗျို့- ဘယ်သူလဲ၊ ကျုပ် ရှိပါတယ်”

ခြံပေါက်ဝမှလှမ်းခေါ်သံကြောင့်တင်ပိုင်ကပြန်ထူးလိုက်သည်။လူကိုယ်တိုင်ပါ အိမ်ပေါက်ဝမှ ထွက်ကြည့်လိုက်သည်။ ထိုအခါ ကြံစည်းရိုးဘေးမှာ ရပ်နေသည့် ချစ်ခိုင်ကိုလှမ်းမြင်လိုက်ရသည်။ တင်ပိုင်ကိုမြင်လိုက်သည်နှင့် ချစ်ခိုင်က ပြုံးလိုက် သော်လည်း တင်ပိုင်ကမူ ချစ်ခိုင် မျက်နှာကို မြင်မြင်ချင်းတစ်ချက် မဲ့ခနဲ ဖြစ်သွား သည်။
“ငါ့ညီ.. ဒီခဏလာပါဦးကွ။ ကိစ္စလေး ရှိလို့ပါ” “ဟုတ်ကဲ့ . ဟုတ်ကဲ့. လာပြီ”

တင်ပိုင်က ဆင်းလာသည်။ အနီးရောက်သော် ချစ်ခိုင်က တင်ပိုင့်ပခုံးကို လှမ်း ဖက်ပြီး ခပ်လှမ်းလှမ်းရှိ စိန်ပန်းပင် အောက်သို့ တင်ပိုင့်ကို ဆွဲခေါ်သွားသည်။ နှစ် ယောက်သားမျက်နှာချင်းဆိုင် ရပ်မိကြသည်နှင့်—
“ငါ့ညီ-ငါ့ကိုတစ်ခုလောက်ကူညီစမ်းပါဦးကွာ” “ဘာများလဲဗျ။ ဘာကိစ္စလဲ”
“တခြားမဟုတ်ဘူး။ မင်း ငါ့ကို ငွေသုံးသိန်းလောက်ခဏလှည့်ပေးစမ်း ပါ” “ဗျာ-”
“ဟုတ်တယ်။ ငါတော်တော်အခက်ကြုံနေလို့ပါ။ ငါကားပြန်ရောင်းလိုက်ရတာ မင်းလည်းကြားမှာပေါ့။ အလုပ်က ဘာလုပ်လုပ်အဆင်ကိုမပြေဘူးကွာ” အဆင်ပြေပါ့မလား၊ ခင်ဗျားလိုသစ္စာမရှိ၊ကတိမတည်တဲ့လူစားမျိုးဘယ်တော့မှ မကြီးပွားဘူးဟု တင်ပိုင်စိတ်ထဲက ရေရွတ်သည်။ထို့နောက် ခပ်တည်တည်ပင်ချစ် ခိုင်ကို ပြန်ပြောလိုက်သည်။
“ကျွန်တော်လည်း အိမ်မှာ ငွေပိုငွေလျှံရယ်လို့ ရှိမှမရှိတာ။ ကျွန်တော် အားနာ ပါတယ်ကိုချစ်ခိုင်ရာ”
“လုပ်ပါကွ- ဒီတစ်ခါတော့ ကူညီပါဦး။ဖြစ်အောင်လုပ်ပေးစမ်းပါ”
“တကယ်ပြောတာပါ။ ကျွန်တော်လည်း ရုန်းနေကန်နေရတဲ့သူပဲ။ ခင်ဗျားကို ဘယ်လိုမှလှည့်ပေးနိုင်စွမ်းမရှိဘူး”
“ဒီလိုလားတင်ပိုင်”
ချစ်ခိုင်မျက်နှာက တင်းခနဲ ဖြစ်သွားသည်။ သို့သော် ချက်ချင်းပင် မျက်နှာကို ပြန်ပြင်သည်။ ရိသဲ့သဲ့၊ ရယ်ကျဲကျဲ မျက်နှာမျိုးဖြင့် တင်ပိုင့်ပခုံးကိုလည်း တစ်ချက် လှမ်းပုတ်လိုက်သည်။
“စိတ်ချပါ တင်ပိုင်ရာ၊ ဟိုကိစ္စ မင်း အဖေမသိအောင် ငါ နေပေးပါ့မယ်ကွ၊ ဟဲ-ဟဲ-ဟဲ”
ချစ်ခိုင်စကားကို တင်ပိုင် နားလည်သည်။ ထူထူပူပူ ဖြစ်သွားမိသည်။ သည်လူ ယုတ်မာပြီဟုလည်းစိတ်ထဲကထောင်းခနဲဖြစ်သွားမိသည်။ သို့သော်သူကအချိန်မီ သတိဝင်လာပြီး စိတ်ကို ချုပ်တီးလိုက်သည်။ ချစ်ခိုင်က နိုင်ကွက် ရထားပြီကိုး။ ဒါကို

အသုံးချပြီး တကယ်ယုတ်မာလိုက်ပါက မိမိစီစဉ်ထားသမျှ အားလုံးပျက်စီးသွားပြီး ဒုက္ခတွေ တစ်သီကြီး ဝင်လာနိုင်သည်။ သို့ကြောင့် မိမိဘက်က စိတ်မလျှော့၍ မဖြစ်၊
“ကဲဗျာ-ဒါဖြင့်လည်း ယူသွား။ ဒါပေမဲ့- ဒီငွေကိုတော့ မကြာခင် ခင်ဗျား ဆက် ဆက်ပြန်ဆပ်မှဖြစ်မယ်။ ဒီငွေကိုကျွန်တော်က နွားဗိုက်တစ်ကောင်ဝယ်ဖို့ ချန်ထား
တာ”
“စိတ်ချစမ်း တင်ပိုင်၊ ဘာမှမပူနဲ့။ အလွန်ဆုံး တစ်လ၊ နှစ်လပဲ၊ မင်းငွေကို ငါ သေချာပြန်ဆပ်မယ်”
သည်လိုနှင့်ပင်သေတ္တာထဲကငွေ(၃)သိန်းထုတ်ပြီးချစ်ခိုင်လက်ထဲထည့်ပေး လိုက်ရသည်။ ချစ်ခိုင်က ကျေနပ်ပြီး ပြန်သွားသည်။ တင်ပိုင်က ချစ်ခိုင် ကျောပြင်ကို မုန်းတီးစွာကြည့်ရင်းကျန်နေခဲ့သည်။ သည်ငွေကသူခြိုးခြိုးခြံခြံစုဆောင်းထားသည့်
ငွေဖြစ်သည်။ပြီးခဲ့သည့်နွေကသူ့ခိုင်းနွားကြီးတစ်ကောင်ဆီးချုပ်ဝမ်းချုပ်ဖြစ်ပြီးသေ သွားသည်။ ထို့ကြောင့် ခိုင်းနွားတစ်ကောင် ပြန်ဝယ်ရမည်။ မကြာမီ မိုးကျပြီး ထွန်ရ၊ ယက်ရ မည့်အချိန်က ရောက်လာတော့မည်။ ခုလို ချစ်ခိုင်ကို ငွေပေးလိုက်ရသည့် ကိစ္စ မိတင်မြကိုပင် ဘယ်လိုရှင်းပြရမှန်းမသိ၊ သူ တွေးနေရင်းမှပင် ချစ်ခိုင်ကို ပို၍ စိတ်နာလာမိသည်။ တော်တော်လုပ်ရက်တဲ့ လူ၊ တော်တော်ယုတ်ပတ်တဲ့လူဟု လည်း စိတ်ထဲကကျိန်ဆဲလိုက်မိသည်။
ချစ်ခိုင်၌ နိုင်ကွက်ရှိသည်။အဲဒါက သည်လို၊ ဖခင်ဖြစ်သူက လေဖြတ်ပြီးနောက် ပြန်သက်သာလာကာ ဆေးရုံမှ ပြန်ဆင်းလာသည့်အချိန်၊ ထိုအချိန်တွင် တင်ပိုင်က တစ်ကိုယ်တည်း တွေးတော နေမိသည်။ အဖေက သက်တော့ သက်သာလာပြီ။ ဒါပေမဲ့- ခုလိုအဖြစ်မျိုးထပ်မဖြစ်တော့ဘူးလို့မပြောနိုင်၊ချစ်ခိုင်ဆီကအကြွေးတွေကို မျှော်ကိုးနေသေး သမျှ ကာလပတ်လုံး အဖေ့အတွက် ဘယ်လိုမှ စိတ်မချနိုင်သေး။ ချစ်ခိုင်က တည်ကြည်သည့်လူစားမျိုး မဟုတ်။ အဖေ မျှော်လင့်သလို ချစ်ခိုင်ဆီက အကြွေးတွေပြန်ရဖို့ကတော့လုံးလုံးလမ်းမမြင်။ သည်အခါအဖေနှင့် ချစ်ခိုင်တစ်ကွေ့ ကွေ့မှာ ပြန်ငြိကြဦးမည်။ ငြိလျှင် အဖေပဲ နစ်နာမည်။ အဖေပဲ ရောဂါတွေ ဖောက်ပြီး ဒုက္ခရောက်မည်။ နောက်တစ်ခါဆိုလျှင် ခုလိုပြန်ပြီး သက်သာချင်မှ သက်သာလာ

နိုင်တော့မည်။ ပိုဆိုးသွားနိုင်သည့်နောက်တစ်ကြောင်းက သည်အကြွေးကိစ္စ မပြီး ပြတ်သေးသရွေ့အဖေအသေသော်မှမဖြောင့်နိုင် သေခါနီးအထိ သည်အကြွေးတွေ ကိုသာ စွဲလမ်းသွားနိုင်သည်။ သည်အခါ အဖေ အယူမှားပြီး အပါယ်ကျမည်။ မသင့် သော ဘုံဌာနတွေကို လွင့်ပါးရောက်ရှိသွားမည်။ ဘယ်ဘက်ကတွေးတွေး အဖေ့ အတွက်တစ်ချက်ကလေးမှ သူအေးကွက်မမြင်၊
နောက်ဆုံးချစ်သောအဖေ့အတွက်အကြံတစ်ခုရသွားသည်။အဖေဘေးကင်း ရန်ကင်းနှင့် စိတ်ချမ်းသာစေရေးအတွက် နည်းလမ်းတစ်ခု သူ ရသွားသည်။ လက် တွေ့အရလည်းထိုနည်းလမ်းအတိုင်း သူအကောင်အထည်ဖော်လိုက်မိသည်။
သည်။
တစ်နေ့- ချစ်ခိုင်နှင့် သူ သွားတွေ့ပြီး ယခုလိုပင် အလေးအနက် ဆွေးနွေးဖြစ်
“ကိုင်း-ကိုချစ်ခိုင်-အဖေ့သတင်းကတော့ ခင်ဗျားကြားတဲ့အတိုင်းပဲ။ သူ ကံကောင်းလို့ အခြေအနေဆိုးမသွားတာ။ ဒီတော့ဗျာ-ကျွန်တော့်အဖေအတွက် ကျွန်တော်က ဒီလိုစီစဉ်ချင်တယ်။ သူကလည်း ခင်ဗျားဆီက အကြွေးတွေ ပြန်မရ မချင်း စိတ်မအေးနိုင်ဘူး။ ခင်ဗျားကလည်း ခင်ဗျား အခြေအနေအရ တော်တော်နဲ့ ပြန်မဆပ်နိုင်ဘူး။ ဒီတော့ ဒီလိုလုပ်မယ်ဗျာ။ ခင်ဗျား အဖေ့ဆီကယူထားတဲ့ငွေတွေ ကျွန်တော့်ကိုပြန်ပေးပြီးပြီဆိုတဲ့သဘောမျိုးလုပ်ရအောင်။ ခင်ဗျားဆီကငွေတွေပြန် ရခဲ့ပြီဆိုတဲ့အကြောင်း ကျွန်တော်က အဖေ့ကို ပြန်ပြောလိုက်မယ်။ အဖေ ကျေနပ် သွားအောင် ကျန်တဲ့အပိုင်း ကျွန်တော် ဆက်ရှင်းမယ်။ အရေးကြီးတာက ဒီသတင်း လုံးဝမပေါက်ကြားဖို့လိုတယ်။ကျွန်တော့်ဘာသာပရိယာယ်ဆင်ထားတဲ့ဒီအတော အတွင်းမှာခင်ဗျားလည်းကြိုးစားပြီးတော့အကြွေးတွေပြန်ဆပ်ပေးပေါ့။ကျွန်တော့်
ဆန္ဒကိုခင်ဗျားသဘောပေါက်တယ်မဟုတ်လား”
ချစ်ခိုင်က စူးစိုက်ပြီး နားထောင်နေသည်။ တင်ပိုင့်စကားဆုံးသော် သူ့မျက်နှာ ကြီးက ဝင်းဝင်းကြီး ဖြစ်သွားသည်။ အချိုပေါ်သကာလောင်းလိုက်သလို ဖြစ်သွား သည်။တင်ပိုင့်ကို သည်းလှိုက်အူလှိုက်ပင် တုံ့ပြန်သည်။
“ကောင်းတာပေါ့ တင်ပိုင်ရာ၊ သိပ်ကောင်းတာပေါ့။ မင်းဆန္ဒအတိုင်း ဖြစ်စေ
ရမယ်”

“ခင်ဗျားကတိတော့ တည်ရမယ်နော်၊ ဒီကိစ္စ အဖေ ဘယ်လိုမှမသိဖို့ရယ်၊ အကြွေးတွေကို တတ်နိုင်သလောက်ကျွန်တော့်ဆီပြန်ဆပ်ဖို့ရယ်ပေါ့” “စိတ်ချ .. တင်ပိုင် ငါကတိတည်တယ်”
အဲသလိုကတိထားသွားတဲ့လူ။ ခုတော့ ကတိမတည်ရုံတောင် မကတော့ဘူး။ ယုတ်မာဖို့တောင် ကြံလာပြီ။ အဖေ့အကြွေးတွေ လာဆပ်ဖို့ ဝေးသေး။ တင်ပိုင့်ဆီ ကတောင် ထပ်ပြီးငွေလာချေးနေသေးသည်။ ပြီးတော့ ဆက်ဆံလာပုံကလည်း အထက်စီးပုံစံမျိုးနှင့်ဖြစ်သည်။ တစ်နည်းအားဖြင့် တင်ပိုင့်ဆီက ငွေလာညှစ်သည့် ပုံစံမျိုးဖြစ်သည်။တင်ပိုင်က သူ့ကို ငွေချေးရမည်။ မချေးပါကလျှို့ဝှက်ချက်ကိုအဖေ သိအောင် ဖော်ထုတ်လိုက်သည်။ ထိုလျှို့ဝှက်ချက်ကိုသာ အဖေ သိသွားပါက ချက်ချင်းသွေးတက်သွားလိမ့်မည်။ ဒေါသတွေဝင်လာလိမ့်မည်။ပြီး- သည်လိုလှည့် ကွက်ဆင်ရပါ့မလားဆို ပြီး တင်ပိုင့်ကိုပါ စိတ်ဆိုးသွားနိုင်သည်။ နောက်ဆက်တွဲ အဖြစ်အဖေ ရောဂါဖောက်မည်၊ ဒုက္ခရောက်မည်။ သည်အခါ အဖေ့ကို ချစ်လွန်းလို့ ပရိယာယ်ဆင်လိုက်ကာမှ အခြေအနေက ပိုဆိုးသွားမည်။ ပေါ့စေလိုလို့ ကြောင် ရုပ်ထိုး၊ ဆေးကြောင့်လေး ဆိုသလိုဖြစ်သွားမည်။
ချစ်ခိုင်လိုလူစားနှင့် စာရင်းပြတ်သွားသည့်အတွက် အဖေကတော့ စိတ်တွေ ချမ်းသာလို့၊ သည်လိုမဖြစ်ဖြစ်အောင် ကြံဖန်ပြီး ကုလားဖန်ထိုးခဲ့သည့် မိမိမှာသာ ယခု မအီမလည်ကြီးဖြစ်နေရပြီ။ ချစ်ခိုင်ဆီက သိန်း(၅၀)ပြန်ရပြီး လေဟန်၊ ထိုငွေ ထဲမှာ(၄၅)သိန်းကိုမိမိသုံးစွဲထားလေဟန်လုပ်ဇာတ်ဆင်ထားခဲ့သည်။ထိုလုပ်ဇာတ် ယုတ္တိရှိစေဖို့ မိမိ အိတ်ထဲက ငွေ(၅)သိန်း စိုက်၍ပင် အဖေ့ကို နှစ်သိမ့်လိုက်ရသေး သည်၊ ချော့မော့လိုက်ရသေးသည်။ လတ်တလော စီးပွားရေးက သိပ်အဆင်မပြေ ချင်။ အကျဘက်ကို ရောက်ပြီးရင်း ရောက်နေသည်။ ပြောရလျှင် သူသာမက ဖခင် ဖြစ်သူဦးလှဘန်းပါခပ်ယိုင်ယိုင်ဖြစ်နေသည်မှာကြာပြီ။ သည်လိုအခြေအနေမျိုးမှာ သားအဖနှစ်ယောက်စလုံးအပေါ် ချစ်ခိုင် အညွန့်ခူးသွားပုံက တွေးလေ တွေးလေ၊ စိတ်နာစရာကောင်းလေ ဆိုသလို ဖြစ်နေသည်။ ဆိုခဲ့သည့်အတိုင်း မိမိ ဦးထိပ်ထား သော အဖေ့အတွက် ဦးစားပေးပြီး ထည့်တွက်နေရသောကြောင့်သာ မိမိစိတ်ကို လျှော့ပြီးရင်း လျှော့နေရခြင်းဖြစ်သည်။

ထင်ထားသည့်အတိုင်း မောင်မင်းကြီးသားက ပေါ်လာတော်မမူ။ ကြွေးယူထား သည့်နေ့ကစပြီးမျက်နှာကိုတစ်ခါမျှ မမြင်ရတော့။ သို့နှင့် ကိုယ်ကပင် သွားတောင်း ရတော့သည်။ မတောင်းလို့လည်းမဖြစ်။ ငွေကလိုနေပြီ၊
“ကိုချစ်ခိုင် – ကျွန်တော့်ပိုက်ဆံပြန်လှည့်ပေးဦးလေဗျာ” “ငါအဆင်မပြေလို့ပါ။ အဲဒါကြောင့်မလာတာပါ”
“ခင်ဗျားကလည်း ဘယ်တော့မှ အဆင်ပြေတယ်မရှိဘူး။ ကျွန်တော်က အတိုး တွေဘာတွေယူပြီး ချေးလိုက်တာလည်းမဟုတ်ဘဲနဲ့”
“အေးပါ၊အဲဒါငါသိပါတယ်။ အခြေအနေက ဘယ်လိုမှ မလှည့်သာလို့ပါ” “နှစ်လလောက်ပဲကြာမယ်လို့ခင်ဗျားပြောသွားတယ်။အခုနစ်လကျော်သွားပြီ။
ခင်ဗျားကတစ်ဖက်သားကို နည်းနည်းပါးပါးတော့ကိုယ်ချင်းစာပြီးလေးစားဦးမှပေါ့ ဗျာ။ အခုကျွန်တော်က နွားဝယ်ချင်ပြီ။ ငွေလိုနေပြီ။ အဲဒါ ဘယ်လိုလုပ်မလဲ။ ခင်ဗျား တော်တော်တတ်နိုင်တဲ့လူဗျာ။ ဒါတော့ကျွန်တော်လုံးဝမကျေနပ်ဘူး”
“ငါ မင်းကို စကားကုန်ပြောပြီးပြီတင်ပိုင်း မင်းပိုက်ဆံကို ငါ မဆပ်နိုင်သေးဘူး။ မင်းမကျေနပ်ရင် ကြိုက်သလိုလုပ်”
“ခင်ဗျားက ဒီလိုကြေးလား”
“အေး- ဟုတ်တယ်။ မင်းတိုင်ချင်ရာတိုင်နိုင်တယ်”
“တိုင်ရင် ခင်ဗျားက ဘာသက်သေအထောက်အထားမှမရှိဘူးဆိုပြီး ငြင်းမယ် ပေါ့လေ”
“မငြင်းဘူး၊ စိတ်ချ၊ မင်းအဲသလိုသာတိုင်ခဲ့ရင်မင်းအကြွေးကို မရှိ၊ ရှိတာရောင်း ပြီး ငါ ပြန်ဆပ်မယ်။ ဒါပေမဲ့- မင်းကလည်း ငါ့ကို တန်ရာတန်ကြေး ပြန်ပေးရပြီသာ
မှတ်”
“ဘာတန်ရာတန်ကြေးလဲဗျ”
“မင်းအဖေနဲ့သွားပြီး မျက်နာချင်းဆိုင်လိုက်မယ်။ မင်းအဖေမျက်နှာကိုလည်း စေ့စေ့ကြည့်ပြီး ငါက ပြောလိုက်မယ်။ ဒီမှာဦးလှဘန်း၊ ခင်ဗျားအကြွေးကို ကျုပ်က တစ်ပြားတောင်မဆပ်ရသေးဘူး။ ခင်ဗျားသားကခင်ဗျားကိုညာပြောထားတားကျပ်
ခင်ဗျားကုပ်ပေါ်မှာခွစီးထားတုန်းပဲရှိသေးတယ်။အဲဒါမြဲမြဲမှတ်ထားဆိုပြီးအကြောင်း စုံပြောပြလိုက်မယ်၊ ဘယ့်နှယ်လဲ-ဟေ့ကောင်”
တင်ပိုင် ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားသည်။ လူတစ်ကိုယ်လုံးလည်း တရှိန်းရှိန်း တဖိန်းဖိန်း ဖြစ်လာသည်။ အသားတွေ တဆတ်ဆတ် တုန်လာသည်။ သို့သော် ထိုအချိန်မှာပင်တစ်စုံတစ်ယောက်သောသူ၏မျက်နှာက သူ့ရှေ့တည့်တည့်မှာဘွား ခနဲပေါ်ထွက်လာသည်။အဲဒါကအဖေ- ချစ်သောအဖေ၊
ချစ်ခိုင်၏တိုက်ကွက်ကို အမိခံလိုက်ရပြီးနောက် ထုံးစံအတိုင်း တင်ပိုင် တစ် ယောက်လူလည်းပျော့၊ လေသံလည်းပျော့သွားရပြန်ချေပြီ။
“ခင်ဗျား ဒါတော့ မလုပ်နဲ့ဗျာ- ကိုချစ်ခိုင်၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့်အဖေကို ချမ်းသာပေးပါ။ ကဲပါလေ – ခင်ဗျား အဆင်မပြေသေးဘူးဆိုရင် လည်း ကျွန်တော် ဒီပြင့်နေရာကပဲ မရရအောင် ငွေရှာပြီး နွားဝယ်ရတော့မှာပေါ့။ ခင်ဗျား ပြေလည်မှပဲပြန်ဆပ်ပါ၊ ဟုတ်ပြီလား”
နောက်ဆုံးတော့ ကိုယ်ကတောင် ပြန်တောင်းပန်လိုက်ရသေးသည်။ သူကပဲ
မြီရှင်ဖြစ်နေသလိုလိုပုံစံမျိုးဖြင့်ချစ်ခိုင်ကခါးကြီးထောက်ပြီးမာန်တင်းနေလိုက်သေး
သည်။
တင်ပိုင်၊ ချစ်ခိုင်ရှေ့က ပြန်လှည့်ထွက်လာခဲ့သည်။ အပြန်လမ်းတွင် သူ ကိုယ့် ကံကြမ္မာအတွက် ကြေကွဲသလိုပင် ဖြစ်နေမိသည်။ မျက်ရည်ပါ ဝဲချင်ချင် ဖြစ်လာ သည်။ပြီးတော့ သူတက်ခေါက်မိသည်။ အံကြိတ်မိသည်။ပြင်းပြသော စိတ်ဆန္ဒနှင့် အတူရင့်ရင့်သီးသီးလည်းကျိန်ဆဲလိုက်မိသည်။
“တောက် — ဒီလောက်လူမဆန်တဲ့လူ၊ ဒီလောက်ရက်စက်ယုတ်မာတဲ့သူကို သတ်မယ့်သူကလည်းပေါ်ပဲမပေါ်နိုင်ဘူး။သူများကိုမရှုမလှဖြစ်အောင် နင်းချေရက် တဲ့လူ၊ကိုယ်တိုင် မရှုမလှပြန်ခံရပါစေ”

အံ့ဩစရာပင်။လောက၌ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ်ဖြစ်ဆုတောင်း ပြည့်ဖို့ဆိုသည်မှာအဟုတ်မလွယ်ပါ။ သို့ငြားတင်ပိုင်တစ်ယောက်ကတော့တကယ် ပင်ဆုတောင်းပြည့်သွားခဲ့သည်။
အချိန်အားဖြင့်နောက်(၆)လလောက်ပင်မကြာလိုက်ပေ။ချစ်ခိုင်တစ်ယောက်
သူတို့ရွာနှင့် အနောက်ဘက်ရွာအကြား ဆက်သွယ်ထားသော ကားလမ်းပေါ်တွင်

တစ်စုံတစ်ယောက်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ချစ်ခိုင် သေရပုံကတင်ပိုင် ဆုတောင်းခဲ့သလိုပင်တကယ့်မရှုမလှပုံစံမျိုးကြီးဖြစ်သည်။ ချစ်ခိုင့်ခန္ဓာကိုယ်တစ်ခု လုံးထောင်းကြေမွဒဏ်ရာတွေ၊ထိုးသွင်းဒဏ်ရာတွေနှင့်ဗရပွဖြစ်နေသည်။ သတ်သူ ကအငြိုးကြီးစွာ သတ်သွားကြောင်းပေါ်လွင်နေသည်။ ဤလူသတ်မှုအတွက်နီးစပ်ရာကျေးရွာများအတွင်း၌ထိတ်လန့်ချောက်ချားခြင်း ဖြစ်မိကြရသည်မှာမှန်သော်လည်းအများအားဖြင့်တော့အံ့သြခြင်းမရှိကြပေ။ကျေး
ရွာများအတွင်း ချစ်ခိုင်နှင့်ပတ်သက်၍ နှီးနှောပြောဆိုနေကြပုံက ဤချစ်ခိုင်သည် စည်းဖောက်နေသည်မှာ ကြာလှပြီဖြစ်ကြောင်း၊ ချစ်ခိုင်၌လူ့ဝတ္တရားနားမလည်ခြင်း၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့ခြင်းအပြင် စာရိတ္တကပါ ကောင်းမွန်ခြင်းမရှိကြောင်း၊ ယခု အသေဆိုးနှင့် သေရခြင်းမှာ မကျူးလွန်သင့်သော ကာမေသုမိစ္ဆာစာရကံကို လိုက် စားခဲ့မိ၍ဖြစ်ကြောင်း၊ယခင်ကစီးပွားရေး၊ကြီးပွားရေးနှင့်ပတ်သက်ပြီးအများတကာ အပေါ်လူပေါ်လူဇော်အလွန်လုပ်ခဲ့သော်ငြားလည်းအသက်သေရသည်အထိဘေး မတွေ့ခဲ့ကြောင်း၊ယခုပူကြီးမားသောပြစ်မှုအတွက်တန်ရာတန်ကြေးအဖြစ်အသက် ကိုပါပေးလိုက်ရခြင်းဖြစ်ကြောင်း၊ မကောင်းတာလုပ်သူအတွက် မကောင်းတာဖြစ် ရခြင်းမှာအံ့ဩစရာမရှိကြောင်း စသည်ဖြင့်ဝေဖန်ပြောဆိုနေကြသည်။
တင်ပိုင်က ဆက်လက်စုံစမ်းသိရှိ ရသည်မှာ“ရွှေက”ရွာမှ မခင်ကြိုင် အမည်ရှိ အမျိုးသမီးကို ချစ်ခိုင်က သွားပြီးကြာခိုသည်ဟု ဆိုသည်။ မခင်ကြိုင် ယောက်ျားက ဖိုးသောင်ဖြစ်သည်။ တစ်ဖန် ဖိုးသောင်ကိုယ်တိုင် ဓားပြမှုဖြင့် ဝရမ်းပြေးနေရသူဖြစ် သည်။ ဖိုးသောင်က ဝရမ်းပြေးအဖြစ်နှင့်ပင် သူ့အိမ်ကို ခိုးကြောင်ခိုးဝှက် ဝင်လိုက် ထွက်လိုက် လုပ်နေသူဖြစ်သည်။ သို့ကြောင့် မိမိ မယားအား အချောင်ဝင်၍ ကြာခို နေသူချစ်ခိုင်ကိုဖိုးသောင်ကပင်အပြန်လမ်းမှအသင့်စောင့်ကြိုကာသတ်ဖြတ်လိုက် ခြင်းဖြစ်သည်။ စသဖြင့် အများသတင်းအရတင်ပိုင် သိရှိခဲ့ရသည်။
ချစ်ခိုင် သေရခြင်းအတွက် တင်ပိုင် ဝမ်းမသာပါ။ ထို့အတူ စိတ်မကောင်းခြင်း လည်း မဖြစ်မိပေ။ သို့သော် သူ့မျက်စိထဲတွင် မီးတောက်မီးပုံကြီးတစ်ခု အစအနမျှ မကျန်ရအောင် ချုပ်ငြိမ်းသွားပုံကိုတော့အတိအကျမြင်လိုက်ရသလို ရှိသည်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ချစ်ခိုင် သေပြီး သုံးလမျှအကြာတွင် ဦးလှဘန်း ဆုံးသည်။အဖေဆုံးပါးသွားခြင်းအတွက်တင်ပိုင်ကြေကွဲမိရသည်မှာမှန်သော်လည်း ဦးလှဘန်း၏ဘဝနိဂုံးချုပ်ပုံအရုပ်မဆိုးလှခြင်းအတွက်မူတင်ပိုင်ကကျေနပ်သည်။ နှလုံးသွေးကြောပိတ်ပြီးဦးလှဘန်းရုတ်တရက်သေဆုံးသွားခြင်းဖြစ်သည်။ဝေဒနာ
ကို ကြာရှည်ကြာမျှောစွာ ခံစားနေရခြင်းမရှိဘဲ တစ်ခဏအတွင်း အသက်ကုန်သွား
ခြင်းဖြစ်သည်။
မြီရှင်မြီစားနှစ်ယောက်စလုံး ရှေ့ဆင့်နောက်ဆင့် ဘဝဇာတ်သိမ်းသွားပုံကို တင်ပိုင်အံ့အားသင့်ရသည်။ ဘာပဲပြောပြောသူ့စိတ်ထဲမှာရှင်းသွားသည်။ အေးသွား သည်။ သူတို့နှစ်ယောက်စလုံးလောကထဲကပျောက်ကွယ်သွားခြင်းနှင့်အတူ သူတို့ နှစ်ယောက်ကြားကအရှုပ်ထုပ်ကြီးသည်လည်းတစ်ခါတည်းလက်စသိမ်းသွားပြီဟု ခံယူလိုက်သည်။ အကြွေးကိစ္စကိုတင်ပိုင်တစ်ခါတည်းမေ့ပစ်လိုက်သည်။
သူ ပို၍ကျေနပ်ရသည်က အဖေ့အတွက် လုပ်သင့်လုပ်ထိုက်သော အလုပ်ကို သူလုပ်ပေးနိုင်ခဲ့သည်။တစ်နည်းတစ်ဖုံအားဖြင့်အဖေစိတ်ချမ်းသာအောင်သူဖန်တီး ပေးနိုင်ခဲ့သည်။ချစ်ခိုင်နှင့်ပတ်သက်ပြီးဇာတ်လမ်းပြတ်သွားရခြင်း၊ကြွေးကိစ္စအတွက်
ဘာမျှအမျှင် တန်းစရာမရှိတော့ဘဲ အဖေ ခေါင်းလည်း အေး၊ စိတ်လည်းအေး ဖြစ် သွားရခြင်း စသည်တို့ကပင် အဖေ့ဘဝနိဂုံးအတွက် အများကြီး ဖြောင့်ဖြူးသွားစေ သည်၊လှပသွားစေသည်ပင်။

အဖေသေပြီးနောက်တစ်ကိုယ်တည်းကျန်နေခဲ့သည့်အမေ့ကိုမိမိတို့နှင့်အတူ
နေစေရန် တင်ပိုင်က စီစဉ်သည်။ အစီအစဉ်အတိုင်းလည်း အမေ့ကို သူ့အိမ်သို့ ခေါ် ထားလိုက်သည်။ကျန်ခဲ့သည့်အိမ်ကိုတန်ရာတန်ကြေးဖြင့်ရောင်းချမည်ဟုကြေညာ လိုက်သည်။ ရှိသမျှအိမ်တွင်းပစ္စည်းတွေကိုလည်းတင်ပိုင်တို့လင်မယားက ရှင်းလင်း သိမ်းဆည်းကာ သူတို့အိမ်သို့ ပို့လိုက်သည်။
ဤမှာပင်တင်ပိုင်မျက်လုံးပြူးစရာနှင့်ကြုံရသည်။ ဘုရားကျောင်းဆောင်စားပွဲ
အောက်ကအံဆွဲထဲမှာစာအိတ်တစ်အိတ်ကိုတင်ပိုင်တွေ့ရသည်။စာအိတ်မှာဆယ်

စောင်တွဲစာအုပ်ကြားထဲညှပ်ထည့်ထားခြင်းဖြစ်သည်။စာအိတ်ကိုအပြင်ကအသေ အချာ ပိတ်ထားပြီး စာအိတ်ပေါ်တွင် “သားကြီး မောင်တင်ပိုင်သို့”ဟု ရှင်းလင်းစွာ ရေးသားထားသည်။ အဖေ မသေခင်ကတည်းက မိမိအတွက် တမင်ရည်ရွယ်ပြီး ရေးသားထားခဲ့မှန်း သိသာပေါ်လွင်လျက်ရှိသည်။ အဖေ ဘာတွေရေးခဲ့ပါလိမ့်၊ ဘာတွေမှာခဲ့ပါလိမ့်ဟု သိချင်စိတ်နှင့်အတူတင်ပိုင်ရင်တွေခုန်လာသည်။ တုန်လှုပ်ခြင်းကြီးစွာ၊စိတ်ဝင်စားခြင်းကြီးစွာဖြင့်စာအိတ်ကိုဖွင့်လိုက်ရာဖခင်၏
ရေးသားချက်များကို အောက်ပါအတိုင်း ဖတ်ရှုလိုက်ရတော့သည်။
သို့
ငါ့သားမောင်တင်ပိုင်—
အဖေစာရေးခဲ့တယ်။အဖေ့အကြောင်းကိုအသိသင့်ဆုံးဟာငါ့သားပဲ။ပြီးတော့ အဖေကိုယ်တိုင်ကလည်း ငါ့သားကို ဖွင့်မပြောဘဲ မနေနိုင်ဘူး။ ဖွင့်ပြောခဲ့မှကို စိတ် အေးနိုင်မယ်။ ဒါကြောင့် ငါ့သားအတွက် ဒီစာကို ရေးထားခဲ့တာ၊
ငါ့သားအတွက် အံ့ဩစရာအချက်နှစ်ချက်အဖေပြောပြမယ်။ ပထမတစ်ချက် က ချစ်ခိုင်နဲ့ပတ်သက်လို့ အဖေစိတ်အေးသွားပြီ၊ နောက်ကြောင်း ရှင်းသွားပြီဆိုပြီး ငါ့သားထင်ခဲ့တယ်မဟုတ်လား။အဲဒါလုံးဝမဟုတ်ဘူး။ချစ်ခိုင်ကိုအဖေမပြတ်ဘူးကွ၊ ချစ်ခိုင်ဟာ အဖေ့ စိတ်ထဲ၊ အဖေ့အသည်းထဲမှာ ရှိမြဲရှိနေခဲ့တယ်။ မင်းအံ့ဩသွားပြီ မဟုတ်လား။
အဲဒါ ဘာကြောင့်ဖြစ်ရသလဲ။ ချစ်ခိုင် ဆိုတဲ့ကောင်ကို အဖေ မယုံကြည်လို့ပဲ။ ပြီးတော့ ငါ့သားရဲ့လုပ်ဆောင်ချက်တွေကိုလည်း အဖေ သင်္ကာမကင်းဖြစ်မိလို့ပဲ၊ ကြံကြီးစည်ရာကွာ။ ချစ်ခိုင်လို ကောင်ကပဲ ငွေသိန်း(၅ဝ)ကို တစ်ချီတည်း ပြန်ဆပ် သွားတယ်လို့။ ငါလုံးဝမယုံနိုင်ဘူး။
ဒါနဲ့ အဖေ ကြိတ်ပြီးစုံစမ်းခဲ့တယ်။ ကြိတ်ပြီးလေ့လာခဲ့တယ်။ ဒါကြောင့်လည်း အဖြစ်မှန်ကို သိခွင့်ရခဲ့တယ်။ သိပ်မခက်ပါဘူးကွာ။ အောက်ကိုင်းက မြင့်သွင်ကပဲ ဒီအကြောင်းတွေကိုအကုန်လုံး ဖော်ပြောသွားတာ၊ ပထမတော့သူကဘယ်လိုမေး မေးမပြောဘူး။ငါမေးသမျှမဟုတ်ပါဘူး။ မဟုတ်ပါဘူးနဲ့ပဲငြင်းနေတယ်၊ငြင်းမှာပေါ့။ မင်းကလည်း သူ့ကို နှုတ်ပိတ်ထားမှာကိုး။

ဒါပေမဲ့ – အဖေက မေးလွန်းမက မေးလာတော့ သူလည်း အဖြစ်မှန်ကို ဝန်ခံ ရတော့တယ်။ကြံချက်ဖို့ကို ငါ့သားနဲ့ စပ်တူထူထောင်ထားတယ်ဆိုတာလုံးဝမဟုတ်ဘူး ဆိုတဲ့အကြောင်းအပါအဝင်အလုံးစုံသူဖွင့်ပြောတယ်။ ဒီမှာတင်ပဲငါ့သားရဲ့အဖေ့ အပေါ်ထားတဲ့ စေတနာတွေကိုအဖေအားလုံးသိရှိခဲ့ရသလို ချစ်ခိုင်ရဲ့ကောက်ကျစ် ယုတ်မာပုံတွေကိုလည်းအားလုံးသိခွင့်ရခဲ့တယ်။ ချစ်ခိုင်ဟာအဖေ့အပေါ်ယုတ်မာ ခဲ့သလို ငါ့သားကိုပါ ငွေညှစ်ပြီး ရက်ရက်စက်စက် လုပ်ခဲ့သေးတာတွေအထိ အဖေ အပြည့်အစုံသိလိုက်ရတယ်။အဲဒီနောက်ဒီကိစ္စဘာမှမရှုပ်စေရပါဘူးလို့မြင့်သွင်ကို
ကတိပေးပြီးအဖေအိမ်ပြန်လာခဲ့တယ်။
ဒီနောက်တော့ အဖေတစ်ကိုယ် တည်း ကြိတ်စဉ်းစားပြီး လုပ်သင့်လုပ်ထိုက် တာကိုလုပ်ဖို့လည်းတစ်ခါတည်းဆုံးဖြတ်လိုက်တယ်၊ ဒီနေရာမှာပိပိရိရိ၊သွေးအေး အေး၊ သိုသိုသိပ်သိပ်လုပ်နိုင်ဖို့ကိုပါ အဖေကကြိုတင်ပြီးအကွက်ချတယ်။
ချစ်ခိုင်သေမယ့်နေ့ကလမ်းဘေးစိန်နားပန်ရုံတွေကြားထဲမှာဓားရှည်တစ်လက်
နဲ့အတူအဖေပုန်းနေတယ်။လမ်းပေါ်မှာလူသွားလူလာကအစ ဘာမှမရှိဘဲရှင်းလင်း
နေတယ်။ ချစ်ခိုင်ရဲ့အသွားအလာတွေကိုလည်း ဒီ့အရင်ကတည်းက အဖေ ကြိုပြီး လေ့လာထားပြီးပြီ။ ဒါနဲ့ နာရီဝက်လောက် စောင့်လိုက်ရတယ်ဆိုရင်ပဲ ချစ်ခိုင်က သူ့ ဆိုင်ကယ်နဲ့ရွှေကဘက်ကနေပြန်လာတော့တယ်။သူနီးလာတာနဲ့အဖေလမ်းပေါ်သို့ ခုန်တက်လိုက်တယ်။ သူ့ကိုတားလိုက်တယ်။ သူက ဆိုင်ကယ်ကိုရပ်တယ်။ ပြီးတော့ အဖေ့ကိုကြည့်ပြီး အံ့အားသင့်နေတယ်၊ အဖေက အချိန်ဆွဲမနေတော့ဘူး။ လက် နောက်ပစ်ပြီး ဝှက်ထားတဲ့ဓားရှည်နဲ့ သူ့ ရင်ဝကို တစ်ချက်လှမ်းထိုးလိုက်တယ်။ ဒီကောင် ဆိုင်ကယ်နဲ့အတူ လဲကျသွားတယ်၊ ဒီကောင် ဘာမှပြန်မပြောနိုင်ဘူး။ မျက်လုံးကြီးပြူးပြီးအဖေ့ကို မော့ကြည့်နေတယ်။ အဖေက ဟောဒါ ငါ့သားအတွက် တစ်ချက်၊ ဟောဒါ ငါ့အတွက် တစ်ချက်ဆိုပြီး ပါးစပ်ကလည်း ပြော၊ လက်ကလည်း တစ်ချက်ပြီးတစ်ချက်ဆိုသလိုဆက်ထိုးနေမိတယ်။ ကျေနပ်ပြီဆိုမှအဖေလည်းရပ်လိုက်တယ်။ ဒီကောင်လည်းသွေးအိုင်ထဲမှာအကြောဆွဲရင်းကျန်ခဲ့တယ်။ ဒီနောက် ဓားရှည်ကိုအနီးကရေတွင်းတစ်ခုထဲပစ်ထည့်ထားခဲ့ပြီးအေးအေးဆေးဆေးပဲအဖေ
ပြန်လာခဲ့တော့တယ်။

အေးအေးဆေးဆေးမှ တကယ့် အေးအေးဆေးဆေးပါကွ၊ ကြိုတင်အစီအစဉ် ဆွဲထားတာဆိုတော့ဒီကောင့်ကို သတ်ပြီးချိန် အဖေ ဘာမှမူမပျက်ဘူး။ စိတ်လည်း မချောက်ချားဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အဖေ့အတွက်ရော၊ ငါ့သားအတွက်ပါ
ဒီနည်းနဲ့အကြွေးပြန်သိမ်းလိုက်နိုင်တာကိုအဖေပျော်လိုက်တာကွာ။ကျေနပ်လိုက်
တာ။ဒီအကြောင်းပြန်ပြန်တွေးပြီးပီတိဖြစ်လို့ကိုမဆုံးဘူး။
ဖိုးသောင်အတွက်ကိုတော့ စိတ်မကောင်းပါဘူး။ ဒီကောင်က ကျော်ကြားမှုနဲ့ အတူအဝေးကိုလွင့်သထက်လွင့်သွားရတော့တာပေါ့။


ဒါတော့ငါလည်းမတတ်နိုင်
ဘူးကွာ။ ငါ့သားကိုပဲအဖေမှာခဲ့ချင်တယ်။အဖေမရှိတဲ့နောက်မင်းအမေကိုဂရုစိုက် ပါ။အဖေ့ရောဂါကတစ်နေ့ရွှေ၊တစ်နေ့ငွေဆိုတာကိုအဖေလည်းသိတယ်။ဒါပေမဲ့- ချစ်ခိုင်နဲ့ပတ်သက်လို့တော့ အဖေ့ကို ဘာမှမပူနဲ့ ငါ့သား။ ဒီကောင့်အတွက်နဲ့တော့ အဖေရောဂါဖောက်စရာမရှိသလို၊အသေမဖြောင့်စရာလည်း ဘာမှမရှိဘူး။ ငါ့သား ရည်မှန်းတဲ့အတိုင်း ဒီကောင်နဲ့ပတ်သက်လို့ ဘာမှနောက်ဆံငင်စရာမရှိဘဲ အဖေ လုံးဝအသေဖြောင့်တယ်လို့သာ မှတ်လိုက်ပေတော့။ ငါ့သား အဲဒီအတိုင်းသာ မှတ် လိုက်ပေတော့။
မိဘကျေးဇူးကိုအလေးထားတဲ့ငါ့သား။
ကြီးပွားပါစေ။ လှဘန်း။
စာက ဆုံးသွားလေပြီ၊ စာဆုံးသွားသော်လည်းတင်ပိုင်ကတော့ ရင်အခုန်မြန် နေဆဲ၊ချောက်ချားနေမိဆဲဖြစ်သလိုအသက်ရှူနှုန်းကပါစည်းချက်မမှန်အောင်ဖြစ်
နေရဆဲပင်—၊၊

ရဲမြတ်တင်

Leave a Comment