အောက်လမ်းဘိုးထင် နှင့် မလေးအရှုပ်တော်ပုံ (၁)

” အောက်လမ်းဘိုးထင် နှင့် မလေးအရှုပ်တော်ပုံ (၁) ”
ရေးသားသူ— မောင်တင်ဆန်း
+++++++++++

*အခန်း (၁)

စပါးပေါ်ချိန်တွင်တော့ လယ်ပိုင်ရှင် ပန်းချီငိုတယောက် ငွေရွှင်နေလေ၏။စပါးရောင်းထားသော ငွေများအား ရေတွက် ရင်း တယောက်တည်း ပြုံးရွှင်နေလေသည်။ သူ၏ အပြုံးမှာ ဒီတနှစ်တော့ မိန်းမ ရပြီ အိုရချည်သေးရဲ့ ဟူသော အတွေးမှ ဖြစ်‌ပေါ်လာသော အပြုံးပင်ဖြစ်သည်။ သူသည် ငွေများကို ရေတွက်ရင်း ငွေတထပ်အား လက်နှင့် ပုတ်ပြီး နှာခေါင်းနှင့် နမ်းရှုံ့နေစဉ် အိမ်အောက်မှ သူ့နာမည်အား ခေါ်သံ ကြားရ၍ နားစွင့်လိုက်လေ၏။ထို့နောက် ငွေများကို ပြန်သိမ်းကာ သေတ္တာထဲ ထည့်နေရင်း
“ကိုပန်းချီငို ဗျို့ ကိုပန်းချီငို ”
“အေး လာပါ ပြီ ကွာ ခဏလေးဟေ့ ”
ပန်းချီငိုသည် အိမ်အောက်သို့ ဆင်းသွားလိုက်ရာ ပေပင်ရွာမှ လူပျိုပေါက် တသိုက် ကို တွေ့လိုက်ရ၍
“ဟေ့ သာရတို့ ဘိုးထင်တို့ လာကွာ ဟိုကောင်ဖိုးထွေးက ချိုင်းထောက်ကြီး နဲ့ ဒီအထိ လိုက်လာတာလား ဟ”
“အေးပေါ့ဗျာ လိုက်ရတာပေါ့ ”
“အေးအေး လာလာ အိမ်ပေါ်တက် ”
“ခင်ဗျားကလည်း ခေါ်လိုက်ရတာဗျာ ဘာတွေများလုပ်နေတာလဲ ”
“လာစမ်းပါ အိမ်ပေါ်တက် ဒီနေ့ မင်းတို့ကို ထမင်းကောင်း ကောင်းချက်ကျွေးမယ် ငါ စပါးရောင်းထားတယ်ကွ”
“စားချင်လို့လာတာ မဟုတ်ပါဘူးဗျာ ဝက်သားလေးနဲ့တော့ အနိမ့်ဆုံးကျွေးဗျနော် ”
ပန်းချီငိုသည် သူ့အားကြည့်၍ စကားပြောလိုက်သော ပေတူးကို ကြည့်ပြီး အေးပါဟု သဘောရသော မျက်လုံးဖြင့်အချက်ပြလိုက်ကာ
“စိတ်ချပါ လာ လာ အိမ်ပေါ်တက် ကြ ”
ပန်းချီငို ရှေ့မှ ဦးဆောင်၍ အိမ်ပေါ်သို့ တက်သွားရာ မောင်ဘိုးထင်တို့ နောက်မှ တက်လိုက်သွားကြပါလေတော့သည် ။

*အခန်း (၂)

ပန်းချီငိုသည် ငွေအချို့ကိုပေးကာ သာအေး နှင့် ပေတူးအား
“သာအေး နဲ့ ပေတူး ရော့ ရွာအရှေ့ပိုင်းက ဦးပျော့အိမ်သိလား ”
“ဝက်ထုတဲ့ ဦးပျော့လား ”
“အေးဟုတ်တယ် အခုအချိန် အမွေးခြစ်နေလောက်ရောပေါ့ နှစ်ပိဿာ ယူခဲ့ကွာ ‘
“များလှချည်လား ကိုပန်းချီငို ”
“ဘာများရမှာလဲ မင်းတို့ကောင်တွေ အစားကြမ်းတာ ငါမသိဘူးထင်နေတာလား”
ပန်းချီငို မှ ထိုသို့ပြောသောအခါ မောင်ဘိုးထင်သည် ပေတူးနှင့် သာအေးကို မျက်စပစ်လိုက်ပြီး
“မင်းတို့ လျှာက ရှည်ကို ရှည်တယ် ပြီးရင် မင်းတို့ပဲ ဘီလူး၊ သရဲ ဝင်စီးသလို စားတာ ”
“အေးပါကွာ မင်းက အပစ်ပြောတော့မယ်ဆို ငါတို့ နှစ်ယောက်ကိုပဲ မြင်နေတယ် သွားပြီ ”
“သွား သွား မြန်မြန်သွား မြန်မြန်ပြန်ခဲ့ ကြားလား ”
“ဟုတ်ကဲ့ပါ ဆရာကြီးဘိုးထင် ”
ပေတူး နှင့် သာအေးသည် မောင်ဘိုးထင်အား ရွဲ့စောင်းကာ စကားဆိုလိုက်ပြီး အိမ်အောက်သို့ ဆင်းသွားကြလေသည် ။ထို့နောက် ဖိုးထွေးသည် ပန်းချီငိုကို ကြည့်ကာ
“ကိုပန်းချီငို ခင်ဗျားက ကျုပ်တို့ရွာက လေးမလေး ကို လာတောင်းမလို့ဆို ဟုတ်လား”
“ဟုတ်တယ်လေ ဟိုတခါမင်းတို့ ငါ့အိမ်လာ‌တုန်းကတောင် ပြောသေးတယ် မဟုတ်လား ”
“ပြောတာက ကြာပါပြီ နေပါဦး လေးမလေး နဲ့ ကိုပန်းချီငိုကြီးက ကြိုက်နေတာလား ”
“မမ နဲ့ ငါက ငွေဖူးစာလို့ ပြောရမလားပဲ ”
ပန်းချီငို၏ စကားကြောင့် မောင်ဖိုးထင်တို့ မျက်လုံးကို ပင့်တင်လိုက်ပြီး နားမလည်နိုင်‌ဖြစ်နေမိသည်။ထိုသို့ ဖြစ်နေသည်ကို သတိထားမိဟန်ရှိသော ပန်းချီငိုသည်
“မင်းတို့ နားမလည်ဘူးထင်တယ် ငါသေချာရှင်းပြမယ် တကယ်တော့ မမ နဲ့ ငါနဲ့ အခုလို ညားဖို့ ဖြစ်လာတာက ငွေကြောင့်ကွ ”
“ဟာ ဘယ်လို ဖြစ်တာလဲ အရင်ကတော့ ကိုပန်းချီငိုကြီးဆီက ငွေချေးလို့ ဆိုပြီး ခါးခါးသီးသီးပါ ”
“အဲ့ဒီတုန်းက ညီမ နှစ်ယောက်လုံးလာတာကိုးကွာ ”
“ဘာပြောတာလဲ နားမလည်ဘူး”
“မင်းတို့က ဖြတ်မမေးနဲ့ ငါရှင်းပြတာ သေချာနားထောင် ”
“အင်းပြီး ရော ပြီးရော ”
“ဒီလိုကွာ အရင်က မမက သူရဲ့ အမကို ခေါ်ပြီး ငါ့ဆီ ငွေလာချေးတယ် ကွာ အဲ့ဒီတုန်းကတော့ ငါက သိပ်ပြီး သဘောမကျဘူးကွ လူမလစ်တာလည်း ပါမယ် ထင်တယ် ”
ကိုပန်းချီငိုကြီး ၏ စကားကြောင့် မောင်ဘိုးထင် အံ့ဩသွားရသည်။သို့ပေမဲ့ မည်သည့်စကားမျှ ဖြတ်မမေးဘဲ သူ့အပြောကို သာ ဆက်နားထောင်လိုက်ရာ
“နောက်တော့ ပြန်ဆပ်လိုက် ပြန်ချေးလိုက်နဲ့ မမပဲ လာ‌တော့ တယ် သူအမက ပါမလာတော့ဘူး ငါ့အထင် မမ တယောက်တည်းလာရင် ငါက တမျိုး ဆက်ဆံတယ်။မမကြီးပါရင် တမျိုး ဆက်ဆံတာကို သိတယ်ထင်ပါ့ အဲ့တာနဲ့ ငါလည်း လူပျိုစကား ပြောလိုက်တာ လာတောင်းဖို့ အထိ ဖြစ်ကုန်တာ မောင်တို့ရေ ”
“အဲ့တာဆို ကိုပန်းချီငိုကြီးကို လေးမလေးက တောင်းခိုင်းတာ ပေါ့ ”
“အေးပေါ့ကွ နွားတရှဉ်း နဲ့ ပဲတင်တောင်းပါတဲ့ကွ”
“ဟုတ်တာပေါ့ သူတို့က နွားတရှဉ်းပြန်ရမှ အိမ်ပေါ်တက်လို့ရမှာလေ ကျုပ် မိုးကြိုးစက်တောင်ဝှေးကြီး ရောင်းထားတဲ့ ငွေတွေရော ဘယ်ရောက်ကုန်ပြီလဲ မသိဘူး”
မောင်ဘိုးထင်မှ မကျေမနပ် စကားဆိုလေရာ ပန်းချီငိုသည် ခေါင်းကို အသာအယာ ညိတ်ကာ
“မမက အရင်လို မဟုတ်တော့ပါဘူးကွာ ငါ နဲ့ ယူပြီး ရင် လောင်းကစား မလုပ်တော့ဘူးလို့ ကတိပေးထားတယ် ”
“အင်း ပြောတဲ့ အတိုင်းဆိုရင်တော့ ကောင်းပါတယ် ဒါပေမဲ့ ပြဿနာ တခုတော့ရှိတယ် ကိုပန်းချီငို ”
“ဘာပြဿနာလည်း သာရ ရ ”
“ခင်ဗျား မမ က ကျုပ်တို့ရွာက ဦးရာကြီး နဲ့ ဘာလိုလို သတင်းထွက်နေတယ်နော် ”
“တော် တော် အဲ့တာ တွေကို မမက ငါ့ကို အကုန် ပြောပြပြီးသား ”
“ကျုပ်တို့ ဦးရာကြီးကို မေးတော့ သမီးရည်းစားလို့ပြောတယ်နော် ”
“ဟေ့ကောင်တွေ မင်းတို့ ငါ့အိမ်ကိုလာပြီး ရာကြီးဆိုတဲ့ လူကြီးအကြောင်း ပြောနေမယ်ဆိုရင် ပြန်တော့ကွာ မင်းတို့ကို ဘာထမင်းမှ မကျွေးနိုင်ဘူး”
ပန်းချီငိုသည် ရည်စား လူလု အူနု ကျွဲခတ် နေ၍ မျက်နှာပင် နီရဲကာ စိတ်တိုဒေါသထွက်လာသောကြောင့် လူနပ်ချမ်းသာ ဆိုသည့်စကားကို နားလည်သော မောင်ဘိုးထင်တို့သည် ပန်းချီငိုအား
“ကျုပ်တို့က ပါလေရာ ဦးရာကြီးကို နာလို့ပြောတာ မဟုတ်ဘူးဗျ ကိုပန်းချီငိုရဲ့ အံ့ချီးမကုန်တဲ့ ရိုးသားမှုကို ထိပါလားလို့ လာပြောရတာ ကျုပ်တို့ အနေနဲ့ကတော့ လေးမလေးကို ကိုပန်းချီငိုနဲ့သာ အလိုက်ဖက်ဆုံးလို့ လက်ခံထားသူတွေပါဗျ ”
“ဟုတ်ပါတယ်ဗျာ ဘိုးထင်ပြောသလိုပါပဲ ကျုပ်တို့က ကို့ရဲ့အကိုကြီးပန်းချီငိုလို လုပ်ရည်ကိုင်ရည်ရှိသူကသာ အသာကြီးဆိုတာ သိပြီးသားပါဗျာ အဲ့တာကြောင့် လေးမလေး ကလည်း ကိုပန်းချီငိုကို ရွေးမယ်ဆိုတာယုံပြီးသား ”
မောင်ဘိုးထင်၊သာရ နှင့် ဖိုးထွေးတို့ အမြှုပ်ထွက်လုအောင် ချော့မော့ပြော မှ ပန်းချီငိုသည် ကျေနပ်သွားလေသည် ။ ထိုအခါမှ မောင်ဘိုးထင်တို့သည်လည်း ကိုယ်ဆီ သက်ပြင်းသာ ချလိုက်ကြပါလေတော့သည် ။

*အခန်း (၃)

မောင်ဘိုးထင်တို့သည် ‌ပန်းချီငို၏ အိမ်သို့သွားကာ စနည်းနာကြည့်ရင်း ဝက်သားချက် နှင့် ထမင်းစားပြီး ပြန်လာခဲ့ကြသည် ။သူတို့ သိရသည်မှာ မလေးသည် သူမ၏ အမကြီး နှင့်အတူ အိမ်ပြန်လို့ရရန် တချက်ခုတ် နှစ်ချက်ပြတ် ကြံချင်းလည်း ဖြစ်နိုင်သည် ဟု ထင်မိကြသည်။မကြီးနှင့် မလေးသည် လေလွင့် နေတာကြာပြီဖြစ်သည်။ဘယ်လောက် ဆိုးသွမ်းလဲဆို ဦးအုန်း ၏ မိုးကြိုးစက် တောင်ဝှေးကြီးအား ခိုးယူ ရောင်းစားသည် အထိ ဖြစ်၏။ထိုအချိန်ကလည်း နယ်ပိုင်ကဝေ နှင့် သူမတို့ မည်သို့ ဖြေရှင်းခဲ့လဲဆိုမသိပေ။အခုတော့ မ‌ကြီး၊မလေး အနက် မလေး၏ စနက်ကြောင့် ပါလေရာ ဦးရာကြီး နှင့် ပန်းချီငိုတို့ ကြား မောင်ဘိုးထင်တို့ ဝင်ချေဦးတော့မည်။ဦးရာကြီးသည် လေး လေး နှင့် တလေး တည်းလေးပြီး ရွာလူကြီးပင် ငြိမ်ငြိမ် နေ၍ မ‌ရတော့သောကြောင့် ချိုင့်ထောက် နှင့် ‌ဖိုးထွေး ပါ ရေအိုးစင်ရွာသို့ လာခဲ့ရသည် မဟုတ်ပါလား။ရေအိုးစင်ရွာမှ ကိုပန်းချီငိုသည်လည်း မလေး အား မမ ဟု နာမ်စားသုံးကာ ဦးရာကြီးကို ကမ္ဘာရန် သဖွယ် ပြုမူသည် ဖြစ်၍ ထမင်း မငတ်အောင်ပင် ချော့မော့ပြောကာ ဝက်သားချက် နှင့် ထမင်းလွေးခဲ့ရသည် မဟုတ်ပါလား။ယခုတော့ မောင်ဘိုးထင်တို့သည် ပေပင်ရွာမှ အပြန်လမ်းတွင် အကြံအိုက်လာကြ၏။
“တောက် လေးမလေး မွှေချက်ကွာ ပေပင် တင် မဟုတ်ဘူး ရေအိုးစင်တောင် ရောက်လာရတယ်လို့ ”
“မင်းကလည်း အဲ့ဒီအပျိုကြီး ညီအမက လူတွေ တင်မဟုတ်ဘူး စုန်းတွေကို တောင် လိမ်တာ ဒီ ဦးရာကြီး နဲ့ ပန်းချီငိုလောက်ကတော့ ကွာ ”
‌သာရ နှင့် ဖိုးထွေး စကားပြောနေစဉ် သာအေးသည် ခေါင်း တငြိမ့်ငြိမ့် လုပ်ရင်း
“ကို ဖိုးထွေး ကျုပ် တခုလောက် အကြံပေးပါရစေ ”
“ပြောကြည့်လေ အရူးစကားတို့ ကလေး စကားတို့က မှန်တတ်တယ်”
ပေတူးသည် လမ်းမှ ချိုးလာသော ကြံရိုးကို ပါးစပ်နှင့် အခွံသင်ရင်း စကားဆိုလေသည်။ ထို့နောက် အခွံသင်ပြီးသော ကြံရိုးအား ကိုက်ဝါးကာ ကြံခွံကို ထွေးထုတ်လိုက်ပြီး သူ့အား စူးစိုက်ကြည့်နေသော သာအေးအား
“‌ဟေ့ကောင် ပြောစရာရှိတာ ပြောလေ ငါ ကြံရိုးစုပ်တာ မမြင်ဖူးလို့လား ”
“မင်းက ဘယ်လောက်ကြီးလို့ ကလေး စကား အရူးစကား မှန်တယ် ပြောရတာလဲ ”
“ငါက စကားပုံကို ပြောတာပါကွာ ပြောစရာရှိတာသာ ပြောပါ ”
ထို့နောက် သာအေးသည် ပေတူးအား မကြည့်တော့ပဲ ဖိုးထွေးကို ကြည့်ကာ
“ဟို နွားပြောတာနဲ့ ဘာပြောလို့ ပြောရမှန်းမသိတော့ဘူး”
“အကြံပေးမယ် ဆိုကွာ လေးမလေး တို့ ကိစ္စ ”
“‌အော် ဟုတ်တယ် ကျုပ်စဉ်းစားနေတာက လေးမကြီးကို ပါ ယောက်ျားရအောင် လုပ်လိုက်ရင် မကောင်းဘူးလား ”
“ဒီတယောက်တောင် တိုင်ပတ်နေတာ မင်းက လေးမကြီး ကို ပါ ဆွဲထည့်ဦးမလို့လား”
“မဟုတ်ဘူးလေဗျာ ”
“သိပြီဗျို့ သိပြီ ”
“လန့်လိုက်တာ ကွာ ဘာသိတာလဲဟ ”
ငြိမ်နေသော မောင်ဘိုးထင်သည် အလန့်တကြား ထအော်လိုက်ပြီး ပြုံရွှင့်ကာဖြင့်
“ဒီလိုလေဗျာ ကျုပ်တို့တွေက ဦးရာကြီးကို လေးမကြီး နဲ့ ညားအောင်လုပ်ပေးလိုက်ရင်ရော ဦးရာကြီး သတ်သေချင် တဲ့ စိတ် ပျောက်သွားမလား”
“နေဦးကွ ပေးစားလိုက်တာတော့ဟုတ်ပါပြီ တော်ကြာ သူ့ လေး မဟုတ်ဘူးဆိုပြီး သတ်သေရင် ကြားထဲက လေးမကြီးက မုဆိုးမကြီး ဖြစ်နေမှာလည်း စိုးရတယ် ပန်းချီငိုကို လေးမကြီးနဲ့ ”
“ဟေ့လူ တော်တော် ကျုပ်တို့ ပန်းချီငိုကြီးက ကျုပ်တို့အပေါ် ကောင်းကွက်ရှိတယ် ဟိုဘုန်းကြီးလူထွက် ရာကြီးက ဘုန်းကြီး ဘဝ နဲ့တုန်းကတောင် ကျောင်းက သရက်သီးလေး ခူးတာကို လေးခွ နဲ့ ပစ်တာ ကျုပ်ကတော့ မ‌မေ့ဘူး ”
“ဟုတ်တယ် အဲ့တာတော့ ကျုပ်လည်း ပေတူးသဘောအတိုင်းပဲ ဟိုတခါ မိကျော့တုန်းကလည်း ကျုပ်တို့ နှောက်ယှက်လို့ သူ့ခမျာ မညားရဘူး”
“ဟေ့ကောင် ‌သာအေး အဲ့တာတွေ မပြောတော့ နဲ့ကွာ ”
“ဟုတ်တယ် သာအေး မင်းအဲ့တာတွေ ပြန်မပြောတော့နဲ့ အခုလက်ရှိငါကတော့ ကိုပန်းချီငိုကို လေးမလေး နဲ့ ပဲ သဘောတူတယ် ဒါပဲ ”
ပေတူးသည် ကြံရိုးခွံကို ပါးစပ်ထဲ မှ ထွေးထုတ် ရင်း စကားဆိုလေရာ မောင်ဘိုးထင်တို့ ပန်ချီငိုကို မကြီး နှင့် ပေးစားလို့ မရဘူးဆိုတာ သေချာသွား၏။ ထို့ကြောင့် မောင်ဘိုးထင်တို့သည် ရာကြီးကို မကြီး နှင့် ပေးစားဖို့ သာဆုံးဖြတ်လိုက်ပြီး ရာကြီး၏ အိမ်သို့ သွားလိုက်ကြပါလေတေယ့သည် ။

*အခန်း (၄)

မောင်ဘိုးထင်တို့ ပေပင်ရွာသို့ ပြန်ရောက်ချိန်တွင်တော့ မိုးအနည်းငယ် ချုပ်နေပြီ ဖြစ်သည်။၊ သူတို့သည် ရွာကို ပြန်ရောက် ရောက်ချင်း ကို့ယ်အိမ်ကို မပြန်နိုင်သေး ရာကြီး၏ အိမ်သို့ အရင်သွားလိုက်ကြသည်။ရာကြီး အိမ်ရောက်သော အခါမောင်ဘိုးထင်တို့ မျက်လုံးပြူးသွားရ၏။အကြောင်းမှာ မှိန်ပြပြ ရေနံဆီ မီးခွက် အလင်းရောင်အောက်မှာ ရွာမှ လူကြီးများ ရောက်နေပြီး ရာကြီးမှာ အိပ်ယာထဲတွင် လဲ နေခြင်းကြောင့် ဖြစ်သည် ။အိမ်အပေါက်ဝတွင် ထိုမြင်ကွင်းကို မြင်လိုက်ရသော မောင်ဘိုးထင်တို့ မှာ ရင်ထိတ်သွားကြ၏။ဖိုးထွေးသည်က သူ၏ ချိုင်းထောက်ကို အိမ်လှေကားတွင် ပစ်ချလိုက်ပြီး ခြေထော့ကျိုး ဖြင့်အိမ်ပေါ်သို့ တက်သွားပြီး ဖင်တရွတ်ဆွဲကာ ရာကြီး၏ အနားသို့ ကပ်ထိုင်လိုက်သည်။ ဗြုန်းစားကြီး ဖြစ်သွား‌သော ဖိုးထွေးအား မောင်ဘိုးထင်တို့ ကြောင်ငေးကြည့်နေပြီး အိမ်ပေါ်သို့နောက်မှ တက်လိုက်ကြသည်။ဖိုးထွေးသည် မျက်ရည်များရစ်ဝိုင်းကာ
“ဦးရာကြီးရာ ကျုပ်တို့ အလာကို မစောင့်ဘူးဗျာ ဖြစ်မှ ဖြစ်ရလေ လောင်းကစားသမ တယောက်အတွက်နဲ့များ ကိုယ့်အသက်ကို စတေးရတယ်လို့ဗျာ မိုက်လိုက်တဲ့ ဦးရာကြီး ဘုန်းကြီးဝတ်ပြီး ဘာတရားတွေများ ရှာခဲ့တာတုန်း လေးမလေးကို ချစ်‌ရမယ်ဆိုတဲ့ အသိ သတိ ပဲ ကျင့်ကြံခဲ့ရော့လား ဦးရာကြီးရဲ့ အဟင့် ”
မောင်ဘိုးထင်တို့လည်း ဖိုးထွေးနည်းတူ ရာကြီး၏အနားတွင် ထိုင်ကာ မျက်ရည် ဝဲနေလေသည်။ထိုအချိန် အိမ်ခေါင်းရင်း တွင် ထိုင်နေသော လူကြီးများအနက် ဖိုးထွေး၏ အဘ ရွာလူကြီးမှာ ‌သူ၏ သားတော်မောင် ဖိုးထွေးအား အသံတိုးတိုး နှင့် ဆဲလိုက်ကာ
“ငါ့မိန်းမသား မင်းအဘမို့လို့ ငိုနေတာကြနေတာပဲ မင်းအဘက ငါဟ မင်းပထွေးက မသေသေးဘူး အိပ်နေတာ သေမှတော့ အနောက်ခန်း ပို့ မှာပေါ့ ”
“အဲ့တာဆို အဘတို့က ကိုရာကြီး အိမ်လာပြီး ဘာလုပ်နေတာ လဲ ”
“မင်း ပထွေးက သတ်သေမယ် တကဲကဲ လုပ်နေလို့ တရားချနေတာ ဒီလောက် အရက်စော်တွေ နံနေတာ သတိမထားမိဘူးလား လခွမ်းတဲ့မှပဲ မင်းကောင်တွေကလည်း ကြောင်တောင် တောင် နဲ့ သွားအိမ်ပြန်ကြ မင်းတို့ ဒီကောင်ကို စောင့်အိပ်ရမယ် ”
ဖိုးထွေးသည် ရှက်ရှက် နှင့် အိမ်ပြန်ဖို့ ပြင်နေလေရာ မထနိုင်ဖြစ်နေသောကြောင့် ‌သာရ နှင့် မောင်ဘိုးထင် တွဲပေးလိုက်ရသည် အိမ်ပေါ်မှ မဆင်းခင် အရက်မူး၍ အိပ်ပျော်နေသော ရာကြီးကို ကြည့်ကာ မောင်ဘိုးထင်မှ အသံတိုးတိုးဖြင့်
“ဦးရာကြီးတို့များ ကိုဖိုးထွေး ပထွေးနဲ့ သူ့မိန်းမကို သူများနဲ့ ပေးစားနေတာ ဘာမှလည်း မသိဘူး အ အ ရွာလူကြီး”
“ဟုတ်တယ်ကွာ မင်းပြောမှ ပဲ သတိထားမိတယ် ဦးရာကြီးကလည်း မင်းအဘက သူ့ကို မင်းပထွေးလို့ တခါ ပြောတိုင်း ပြုံးပြုံးကြီးလုပ်နေတာ ဖိုးထွေးရ”
သာရသည် ဖိုးထွေး၏ နား နားကပ်၍ ပြောလိုက်ရာ ဖိုးထွေးမှာ ရာကြီးကို ပြန်လှည့်ကြည်လိုက်သောအခါ ရာကြီးသည် ပြုံး၍ နှုတ်ဆက် နေပါလေတော့သည် ။

*အခန်း(၅)

မောင်ဘိုးထင်၊သာရ နှင့် ဖိုးထွေးတို့သည် ရာကြီး၏အိမ်တွင် စောင့်အိပ်ရမည်ဖြစ်သည် ။သူတို့သည် ကိုယ့်အိမ်ကို ကိုယ်ပြန်၍ ထမင်းစားသောက်ပြီးနောက် ရာကြီး၏အိမ်သို့ တဖန်ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။ ယခုအချိန်တွင်တော့ ရာ ကြီးသည် အိပ်မနေတော့ပါ။ရွာလူကြီးများသည် အသဲကွဲပြီး မိုက်ဖို့ ကြံစည်နေသော ရာကြီးအား မောင်ဘိုးထင်တို့ ပြန်ရောက်သည်အထိ မပြန်သေးပဲ တရားစကားများဖြင့် ချော့မော့နေလေသည်
“ရာကြီး မိန်းမ တယောက်အတွက် နဲ့ မင်းရဲ့ ဘဝကို ရေစုန်မျောတော့ မလို့လားကွာ ”
“ကျုပ်ဘဝ မှာ ဣထိယ ဆိုလို့ လေး တယောက်ထဲ နဲ့ ပတ်သက်ဘူးတာ ပါ ”
“အေးလေ တကယ်တော့ အပူတွေပါ အေးချမ်းတဲ့ တရား”
“အဲ့တာ‌ဆို ခင်ဗျားတို့ မိန်းမတွေကို ထားခဲ့ပြီး တရားသွားအားထုတ်ကြ ကလေးတွေ တောင် အကြီးကြီးဖြစ်တဲ့ အထိ ပေါင်းပြီး မညှာမတာ လာတရားဟောနေသေးတယ် ”
“မင်းက တရားသဘောကို ငါတို့ထက် နားလည်ပါတယ်ကွာ မိန်းမတယောက်အတွက် ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုတာ ကြားလို့လည်း မကောင်းပါဘူး အဖန်ငါးရာ ငါးကမ္ဘာ ခံရတက်တယ်”
“ဟေ့လူ အဖန်ငါးရာ ငါးကမ္ဘာ မပြောနဲ့ လေးအသေချေ နဲ့ ကမ္ဘာ တသိန်း ခံရရလည်း ကျုပ်ကလေးသာ ဟိုကောင်နဲ့ တကယ်ယူသွားရင် ခံ၀ံ့တယ် ”
ရွာထဲမှ ရွာလူကြီးများ ဘာပြောရမည်မှန်းမသိ ဖြစ်နေလေ၏ ။ ဘုန်းကြီး လူထွက်အား တရားသဘော ပြောသောအခါ မိချောင်းမင်း ရေခင်းပြသည့်အလား ဖြစ်နေ၍ မည်သည့် စကားမျှ ရာကြီးအား ဆက်မပြောတော့ပဲ မောင်ဘိုးထင်တို့ကို မာန်မဲကာ စောင့်ဖို့ ထားရစ်ခဲ့ပြီး နှုတ်တောင် မဆက်ပဲ ပြန်သွားကြလေသည် ။ ရွာမှ လူကြီးများ ပြန်သွားသောအခါ အချစ်အဆိပ် တက်နေသောရာကြီးအား သာရ မှ
“ကိုရာကြီး ခင်ဗျား သတ်သေမယ် သတ်သေမယ် နဲ့ တကယ်ရော သတ်သေရဲလို့လား ”
“မင်းတို့က ငါ့ကို မယုံဘူးလား ငါ အခုသတ်သေပြရမလား”
“နေပါဦး ဟိုနေ့က တကယ် ကြိုးဆွဲချတယ်ဆို ဟုတ်လား ”
“အေး ကြိုးဆွဲတော့ ချတာပဲ အခုတော့ ခြေထောက် နာနေတယ် ”
“ဟ ဦးရာကြီး ကြိုးဆွဲချတာ ဘယ်လိုဖြစ်ပြီး ခြေထောက်က နာရတာလဲ ”
မောင်ဘိုးထင်မှ အံ့ဩပြီး မေးမြန်လေရာ ရာကြီးသည် သူ၏ ခြေထောက်ကို စမ်းကာ
“ငါ ကြိုးဆွဲချတာ ငါ့အရပ်နဲ့ မှီတာဆိုလို့ ရွာထိပ်က မန်းကျည်းပင်ပေါက်ပဲ ရှိတာလေကွာ ငါက တန်းလန်းကြီး ‌မသေပဲ ဖြစ်နေမှာလည်း ကြောက်တယ်။အဲ့တာကြောက်လို့ မန်ကျည်း ပင်ကို ကြိုးချည်ပြီး လည်ပင်းကို ကြိုးကွင်း စွပ်ပြီး ခုန်ချလိုက်တာ ကြိုးက ရှည်နေတော့ ခြေထောက်က မြေကြီးကို ထောက်ကျတာ နာလိုက်တာကွာ ငါပြန်မထနိုင်ဘူး အဲ့တာကြောင့် ခြေထောက်ပြန်ကောင်းမှ ပြန်သတ်သေတော့မယ် ”
“သတ်သေ မနေပါတော့နဲ့ဗျာ ဦးရာကြီးကို ကျုပ်တို့ လေးမလေး နဲ့ ညားအောင် လုပ်ပေးမယ် ဘယ်လို လဲ ကျုပ်တို့ ခ်ိုင်းးတဲ့ အတိုင်း လုပ်မှာ လား ”
ဖိုးထွေး၏ စကားကိုကြားသောအခါ ရာကြီးအားကြည့်ပြီး
“မင်းတို့ တကယ်ပြောနေတာလား ”
“ကျုပ်တို့က ညာဘူးလို့လား ”
“ရွာထဲက အလကားလူကြီးတွေ နဲ့ကွာပါ့ မိန်းမလိုချင်လို့ သတ်သေမယ် ဆိုပြီး အသက် နဲ့ခြိမ်းခြောက်နေတာတောင် တရားတွေ လာဟောနေတယ် မင်းတို့ကကော ငါ့ကို ဘယ်လိုကူညီမှာလဲ ”
“ဘယ်လို ကူညီရမှာလဲ ခိုးပေးမှာပေါ့ ဗျာ ”
“မင်းတို့ တကယ်ပြောတာနော် အဟေး လေး ရေ လေးကို ကိုကို လာခိုးဖို့ လူဆိုးတွေ နဲ့တိုင်ပင်နေပြီ နော် ”
မောင်ဘိုးထင်တို့သည် ရာကြီး၏ စကားကြောင့် အချင်းချင်း တယောက်ကို တယောက် ပြန်ကြည့်လိုက်မိကြပါလေတော့ သည် ။

*အခန်း (၆)

မောင်ဘိုးထင်တို့သည် ရာကြီးအား မကြီး နှင့် ပေးစားရန် အတွက် ကြိုးစားရပေဦးမည် ဖြစ်သည်။ရာကြီးမှာဖြင့် သတ်မသေတော့ရန် စိတ်ချရသည့်အနေအထားပြန်ရောက်ပြီ ဖြစ်၏ ။ ရာကြီးသည် အရက်မသောက်တော့သလို အလုပ်လည်း ပြန် လုပ်နေပြီဖြစ်သည်။တဖက်မှ ပန်းချီငို မလေးကို လာတောင်းမည့်နေ့မတိုင်ခင် မကြီး နှင့် ရာကြီး ညားနေမှ ဖြစ်မည် မဟုတ်ပါလား ထို့ကြောင့် အကူအညီ ရလိုရညား မလေးအား သူမ၏ နေအိမ်သို့ သာအေး နှင့် ပေတူးအား သွားခေါ်ခိုင်းလိုက်လေသည်။ယခုအချိန်တွင်တော့ မကြီး နှင့် မလေးသည် သူမတို့၏ နေအိမ် ပြန်ရောက်နေလေပြီဖြစ်သည် ။ သူမတို့၏ မိခင်ကြီးသည် ပန်းချီငိုမှ နွားတရှဉ်း နှင့်တင်တောင်းပြီး မလေး ကို ယူမည်ဟု သိရသောကြောင့် အိမ်တွင် ပြန်နေရန် လက်ခံလိုက်ခြင်းဖြစ်၏။၊မကြာသော အချိန် တွင် ပေတူး နှင့် သာအေးသည် ‌မလေးကို ခေါ်ကာ မောင်ဘိုးထင်တို့ ထိုင်နေသော မန်ကျည်းပင် အရိပ်သို့ လှမ်းလာနေကြ၏။ဖိုးထွေးသည် ပေတူးနှင့် သာအေး၏အနောက် တွင် တဘက်ကို ခေါင်းတွင် ပေါင်းကာ လမ်းလျှောက်နေသော မလေးကို ကြည့်ပြီး မောင်ဘိုးထင် နှင့် သာရ အား စကားဆိုလေ၏။
“ဘိုးထင် မင်းတို့ လေး မလေးကိုကြည့်စမ်းပါဦး အသက်က လေးဆယ် ကျော်နေပြီ သူတောင် တော်တော် အရွယ်ကျနေပြီ ဒါကို ငါတို့က လေးမကြီး နဲ့ ကိုရာကြီးကို အတင်းထိုးပေးစားမယ် ဆိုတော့ ငါတို့ တရားရော တရားပါ့မလား”
“အဲ့လိုတော့ မဟုတ်ဘူးဗျ ကိုရာကြီးကလည်း လေး မကြီးနဲ့ မှ သက်တူရွယ်တူဆိုတော့ သင့်ပါတယ် ”
“အေးကွာ ဒီလူတွေကလည်း လေး မလေးကို များ ပြိုင်တူကြိုက်နေရတယ် လို့ ဘာကြည့်ကြိုက်တာလဲ မသိဘူး ”
“ကိုဖိုးထွေး နဲ့ ကိုသာရ သတိတော့ ထားနေဦး သူတို့က နယ်ပိုင် ကဝေ တွေနဲ့ တောင် အဆက်အဆံ ရှိတယ်ဆိုတော့ ယုံရတာ မဟုတ်ဘူး ပီယဆေး တွေ ဘာတွေ များခပ်ထားတာလားမသိဘူးနော် ”
မောင်ဘိုးထင်၏ စကားပင် မဆုံးသေး ဖိုးထွေး နှင့် သာရသည် မန်ကျည်းပင် ပင်စည်နောက် သို့ ရောက်သွားကြပြီ ဖြစ်၏ ၊
မကြာသော အချိန်တွင် ပေတူးတို့ နှင့် အတူ ‌မလေး ရောက်လာကာ သူမ၏ ခေါင်းမှ တဘက်ကို ဖယ်ပြီး
“ဘိုးထင် နင်က ငါ့ကို ဒီကို ခေါ်ပြီး ဘာလုပ်မလို့လဲ ဟို နှစ်ကောင်က ဘယ်ပြေးတာလဲ ငါ့မြင်တာနဲ့ ”
“မပြေးပါဘူး ကျုပ်တို့နှစ်ယောက်က မျက်စိ နာနေလို့ လေးမလေး ကို ကူးမှာ စိုးလို့ ဒီဘက်မှာ နေ နေတာပါ ”
“အေး နင်တို့က လည်း ဖြစ်လိုက်ရင် အဆန်းပဲ ပြောစမ်းပါ ဘာကိစ္စလဲ မကြီးက နင်တို့ ခေါ်တယ် ဆိုတာ နဲ့ မလိုက်ရလို့ စိတ်ဆိုးနေတယ်။ ငါ့ကို ဖဲရိုက်လာခေါ်တယ်ပဲ ထင်နေတာ သူက ”
“ကျုပ် ပွင့်ပွင့် လင်းလင်းပဲ မေးမယ်ဗျာ လေးမလေးက ဘယ်သူ့ကို ယူမှာလဲ ဦးရာကြီး လား ကိုပန်းချီငို လား ”
မောင်ဘိုးထင်မှ ဆိုင်းမဆင့် ‌ဗုံမဆင့် ထိုသို့ မေးလိုက်သောအခါ လေးမလေးသည် မန်ကျည်းပင် ပင်စည်ကြီးကို ကြည့်ပြီး စကားတခွန်းအား ဆွေးမြေ့စွာ ပြောလိုက်လေသည်။
“တောက်တက်ကြီး ”
“ဟာ လေးမလေး ကလည်းဗျာ ဘာများပြောမှာလည်းလို့ စိတ်ဝင်တစား နားထောင်နေရတာ ”
“ဟဲ မသာလေး ရဲ့ ငါလည်း ကောင်းကောင်း ပြောမလို့ ပဲ မန်ကျည်းပင် အပေါက်ထဲက တောက်တဲ့ ကိုမြင်တာနဲ့ ငါပြောရမဲ့ စကားကို မေ့သွားတာ ခဏနေ ငါ တခြားနေရာ ပြောင်းကြည့်လိုက်ဦးမယ် ”
ထို့နောက် မလေးသည် ဖုန်မှုန့်များ ထနေသော လှည်းလမ်းကို ကြည့်ကာ စကားဆို လိုက်ပြန်သည် ။
“တကယ်တော့ ငါက ဘဝ နဲ့ အချစ်မှာ တခုကို ရွေးရမဲ့ သူပါဟယ် ငါ့ဘဝ အတွက် ပန်းချီငိုက လိုအပ်သလို ငါရဲ့ အချစ်အတွက် ကိုရာကြီးက လိုအပ်တယ် ”
“အဲ့တာဆို ဦးရာကြီးကိုပဲ ယူလိုက်ပါလား သူက လေး မလေးကို အတော် ချစ်တာနော် ”
“ဟဲ့ဘိုးထင် ယူလို့ဖြစ်မလား သူက ဘုန်းကြီး လူထွက် သစ်ပင်ခုတ်တာတောင် အဖျားကို တက်ခုတ်တဲ့ လူစားမျိုး ပြီးတော့ အမေကလည်း ပြောတယ် ရာကြီးကို ယူရင် အိမ်ရိပ်တောင် မနင်းနဲ့တဲ့ အမကြီးကလည်း လည်း တူတူပဲ ”
“ကို ပန်းချီငိုကြီးက ရုပ်တအားဆိုးတာ လေး မလေး ရေရှည် ဖြစ်ပါ့မလား ”
“အော် မင်းကုသတောင် ပပဝတီ နဲ့ ညားသေးတာပဲဟယ် ငါက ပပဝတီ မဟုတ်သလို သူကလည်း မင်းကုသ မဟုတ်ပါဘူး ငါတို့ နှစ်ယောက်ညားမှာ ထူးဆန်းတာလည်း မဟုတ်ပါဘူး ငါကတော့ ငါ့အပေါ်ကောင်းတဲ့ ပန်းချီငိုကို ပဲ ရွေးလိုက်တယ် ကိုရာကြီး ငါ့ကို ခွင့်လွှတ်မှာပါ ”
“လေး မလေး က မဟုတ်သေးဘူးဗျာ အဲ့တာဆို ဘာလို့ဦးရာကြီးကို ပြန်ကြိုက်တာလဲ ”
“ကိုရာကြီးက လူလည် ဟဲ့ သူ့ကို အဖြေပြန်မပေးရင် ကြိုးဆွဲချမယ် ဆိုပြီး ရွာထိပ်က မန်ကျည်းပင်ကို ကြိုးတချောင်းနဲ့ သွားသွားနေလို့ ငါအမှု့ပတ်မှာ စိုးလို့ အဖြေပေးလိုက်မိတာ တဖြည်းဖြည်း နဲ့ တကယ် သံယောဇဉ် ရှိသွားတာပေါ့ ကောင်လေးတွေရယ် ငါလည်း ငါ့အသက်အရွယ်ကြီး နဲ့ နင်တို့ကို ဘာတွေ ပြောပြနေမိပါလိမ့်မယ် ”
“အဲ့တာဆို လေး မလေးက ကိုပန်းချီငို နဲ့ ယူမှာပေါ့ နော် ”
“ဘဝ ပေးအခြေအနေအရ မလွှဲသာတော့လဲ ကိုရာ နဲ့ ခွဲခွာရ‌‌ ပေါ့မှာပေါ့ဟယ် အဟင့် ”
မလေး သည် ပြောပြောဆိုဆို မျက်ရည် များဝဲလာရာ မန်ကျည်းပင် အကွယ်မှ ဖိုးထွေးနှင့် သာရ ထွက်လာကြသည်။ ဖိုးထွေးသည် သူ၏ ချိုင်းထောက်ကို အားပြု၍ ရပ်လိုက်ပြီး
“လေး မလေး မင်္ဂလာဆောင် ရင် ဖဲဝိုင်းထည့်မှာလား ”
“ဟာ ထည့်ချင်တာပေါ့ဟယ် ငါ့အမေ နဲ့ နင့်အဘကို သွားပြောသေးတယ် ကျမ မင်္ဂလာဆောင်လေး ထူးထူးဆန်းဆန်းဖြစ်အောင် ဖဲဝိုင်းလေး ထည့်ပါစေဆိုတာ နင့်အဘ ရှေးရိုးဆွဲကြီးက နင့်မသာကျမှ ထည့်ရမှာဆိုပြီး တုတ်ဆွဲလိုက်လို့ ငါတို့ ညီအမ နှစ်ယောက်ပြေးလိုက်ရတာဟယ် ”
ဖိုးထွေး မျက်လုံး ပြူးသွားချေ၏။သူက စနောက်ပြီး ပြောလိုက်ခြင်းကို သူတို့က တကယ် အကောင်အထည်ဖော်ဖို့တောင် ကြံပြီး ဖြစ်၏။ထို့အတွက်ကြောင့် ဖိုးထွေး၏ စိတ်ထဲတွင် ပန်းချီငိုအတွက် မျက်ရည်ကြိုကျပေးထားချင်မိ၏။မောင်ဘိုးထင်၏ စိတ်ထဲတွင် တော့ ရာကြီးသည် ပိုးဖလံ တကောင်လို ဖြစ်နေသည်ဟုတွေးနေမိပြန်သည်။ သူသည် မီးကို တိုးဖို့ကြိုးစားနေသည် သို့ပေမဲ့ မီးဖြစ်သော မလေးသည် ပိုးဖလံကြီး ရာကြီးကို အတိုးမခံပဲ ပန်ချီငို ကိုသာ အတိုးခံမည်ဖြစ်ရာ စိတ်မကောင်း ဖြစ်ရုံမှ တပါး အခြား မတတ်နိုင်၍ မကြီး နှင့် ရာကြီးကို ပေးစားမည့်အစီအစဉ်အား မလေးကို ပြောလိုက်သောအခါ မျက်လုံး အဝိုင်းသားလေးနှင့် နားထောင်ပြီး
“ငါ ငါ ဘယ်လို ပြောရမလဲ ဟယ် တဖက်က ငါ့အမ တဖက်က ငါ့အချစ် ဘာဖြစ်ဖြစ်ပါလေ ကိုရာကို ငါ့ အမနဲ့ဆို စိတ်ချပါတယ် နင်တို့ သဘောပါ ”


“အဲ့တာဆို ကျုပ်တို့ စီစဉ် လိုက်တော့မယ်နော် လေး မလေးရယ် အတော်ကို ရှုပ်တာပဲ ဗျာ ”
“ငါက ရှုပ်တာ မဟုတ်ပါဘူးဟယ် ကဲ ကဲ ငါသွားတော့မယ် နော် ”
“ဟုတ်ကဲ့ တန်းတန်းမတ်မတ်လည်း အိမ်ပြန်ဦး ”
“အေးပါဟယ် ငါ့ကို ကလေးများ မှတ်နေလား ”
“ကလေးက လဲတာာကွဲတာ လောက်ပဲ လေးမလေးတို့ အိမ်မပြန်ရင် အနည်းဆုံး နွားတရှဉ်း ပြုတ်တယ် မဟုတ်လား ”
သာရ၏ ပြောစကားကြောင့် မလေးသည် မောင်ဘိုးထင်တို့ကို မျက်စောင်းထိုးကြည့်လိုက်ပြီး ကျောခိုင်း၍ ထွက်ခွာသွားပါလေတော့သည် ။

◾*အခန်း (၇)

မောင်ဘိုးထင်တို့သည် နောက်တရက်အကြာတွင် ရာကြီးအား မကြီး နှင့် ခိုးပြေးခိုင်းရန် ကြံစည်ထားကြသည်။နေဖို့ ထိုင်ဖို့နှင့် စားရေး၊သောက်ရေးပါ အကုန် စီစဉ်ပေးမည်ဖြစ်ရာ ထိုအရာများကို ပံ့ပိုးပေးမည့်သူမှာ ပန်းချီငို ဖြစ်၏။ပန်းချီငိုသည် မောင်ဘိုးထင်တို့ ထိုကိစ္စ လာပြောသည် နှင့် အားရဝမ်းသာ ထခုန်ကာ
“ကောင်းလိုက်တဲ့ အကြံ မင်းတို့ကောင်တွေက ဘုရားပေးထားတဲ့ ရွှေညဏ်ရှင်တွေပဲကွ ”
“အဲ့လိုတော့ ကြံထားတာပဲ ဒါပေမဲ့ နေရေး ထိုင်ရေး နဲ့ စားရေး သောက်”
“ရပြီ ငါသဘောပေါက်ပြီ အဲ့ဒီနှစ်ယောက် ညားသာ ညားပါစေ လိုတာ အကုန်ငါတာဝန်ယူတယ် နောက်ဆုံးကွာ ငါလယ် တွေတောင် ရောင်းပြီး ကူညီပစ်လိုက်မယ် ”
“အဲ့လောက်တော့ မကုန်ပါဘူးဗျာ အဲ့တာဆို ကျုပ်တို့ အကြံ အကောင်အထည် ဖော်လိုက်တော့မယ်နော် ”
“ဖော်လိုက်တော့ ကွာ ငါက ရာကြီးဆိုတဲ့ လူကြီး အခုလို ရှိနေမှာ စိုးရိမ်နေတာ အခု တော့ ငါစိတ်အေးရတော့မယ် မင်းတို့ကျေးဇူးကို မမေ့ပါဘူးကွာ ”
“ရပါတယ် ဗျာ အဲ့တာဆို နေဖို့ ထိုင်ဖို့ နေရာ ကျုပ်တို့ကို စီစဉ်ပေးထားပေတော့ဗျို့ ”
“အေးအေး စိတ်ချ ငါ့ကောင်တွေ ”
ဤသို့ဖြင့် မလေး နှင့် ပန်းချီငို တို့ မင်္ဂလာဆောင်အတွက်အနှောက်အယှက်ဖြစ်နေသော ရာကြီးအား အပျိုကြီး မကြီး နှင့် ပေးစားရန် အတွက် မောင်ဘိုးထင်တို့ တိုင်ပင်နေကြပါလေတော့သည်။

ပြီးပါပြီ။

မကြာမီ အောက်လမ်း ဘိုးထင် နှင့် မလေးအရှုပ်တော်ပုံ (၂) ကို တင်ဆက်ပေးပါမည် ။
မောင်တင်ဆန်း

Leave a Comment