အောက်လမ်းဘိုးထင် နှင့် ဝိညာဉ်ထောင်

“အောက်လမ်းဘိုးထင် နှင့် ဝိညာဉ်ထောင် ”
ရေးသားသူ—မောင်တင်ဆန်း
+++++++++++

*အခန်း (၁)

မောင်ဘိုးထင်တို့သည် ကြေကွဲဝမ်းနည်းနေသော ပေတူးအား နွားကျောင်းရင်း နှစ်သိမ့်ပေးနေ၏၊
“ပေတူး လောကမှာ လူဆိုတာ မွေးပြီးသေမယ်ဆိုတာ သဘာဝကွ”
“အဲ့တာဆို မင်းသေကြည့်ပါလား”
“အဲ့လိုလည်း မဟုတ်ဘူးလေ မင်းသိပါတယ် ငါပြောတာက သေခြင်းတရားဆိုတာ ဘယ်သူမှ ရှောင်လွှဲလို့ မရဘူးလို့ ရွာဦးဘုန်းကြီးက ဟောတယ် မဟုတ်လား ကိုယ့်ထက်ကြီးသူ ကိုယ့်‌ေအာက်လူ သေသူတွေလည်းများလှပြီလို့ လေ အဲ့လင်္ကာ‌ေတွတောင် ငါတို့ အလွတ်ရပြီလေ‌ေနပြီ‌ေလကွာ”
သာအေးသည် ပေတူးအား တရားနှင့်ဖြေဟု သဘောရသော စကားများအား တည်ငြိမ်စွာ ပြောပြနေလေရာ ကျန်သော သူများပင် အမြင်ကပ်လာသည့် အထိဖြစ်ရသည် ။ပေတူးအား တရားဟောရသည် မှာ မောလာဟန် ရှိသော သာအေး သည် သူတို့ နွားကျောင်းနေသော နေရာ နှင့် မလှမ်းမကမ်းမှ ရေတွင်းသို့ သွားလေသည်။ရေတွင်းတွင် ရေငင်ပုံး မရှိ ဝါးစစ်ပိတ်ကိုသာ ကြိုးတတ်ပြီး ရေငင်ပုံး သဏ္ဍန် ပြုလုပ်ထားခြင်းဖြစ်သည်။ သာအေးသည် ထိုရေတွင်းနားသွားပြီး ဝါးစစ်ပိတ်လေး နှင့် ရေသောက်နေသည်ကို ပေတူးကြည့်ကာ
“အဲ့ဒီကောင် အတော်ကို လျှာရှည်တဲ့ကောင် ”
“ဟုတ်တယ် စကားလည်း တော်တော် များတာ ”
“ငါ့ အဘကို လွမ်းနေတာတောင် အဲ့ဒီကောင်အသံကြီး ကြားရပြီး လွမ်းလို့တောင် မရတော့ဘူး ”
မောင်ဘိုးထင်တို့ သည် သာအေးကို ကြည့်ပြီး အတင်းပြောနေလေရာ သာအေး ရေသောက် နေလျက်မှ သီးသွားသေး၏၊ ထို့နောက် သာအေးသည် မောင်ဘိုးထင်တို့ ရှိရာ နေရာသို့ပြန်လာပြီး
“ဟေ့ကောင် တွေ မင်းတို့ ငါကို ကြည့်ပြီး အတင်းပြော‌နေ တာ မဟုတ်လား”
“မဟုတ်ပါဘူးကွ ဘာဖြစ်လို့လဲ ”
“ဘာဖြစ်ရမှာလဲ ငါ ရေမသီး စဖူး ရေသီးနေတယ် မင်းတို့တွေ ငါ့အတင်းပြောနေလို့ပေါ့ ”
မောင်ဘိုးထင်တို့သည် မည်သည့် စကားမှ ခွန်းတုန့်ပြန်ခြင်းမရှိပဲ ငြိမ်နေလိုက်ကြသည်။ထို့နောက် မောင်ဘိုးထင်သည် သူ၏ အိပ်မက်အကြောင်းကို ကျန်သူများအား ပြောပြလိုက်၏။
“ကိုဖိုးထွေး ကျုပ် အိပ်မက်ထဲမယ် ပေတူးအဘ ဝိညာဉ် ကို အောက်လမ်းဆရာ တယောက်က ထောင်ချထားတယ်လို့ ကျုပ်အမေ က ပြောခဲ့တယ် ”
“ဟုတ် ရော ဟုတ်ရဲ့လား ဘိုးထင်ရ ”
“အဲ့တာဆို ပေတူးအဘက ရုတ်တရက်ကြီး ဘာလို့ သေပြီး ဖုတ် ဝင်နေရတာလဲ ”
“အဲ့တာတော့ ဟုတ်တယ် ကိုဖိုးထွေးရ ကျုပ်အဘ ဘယ်လိုဖြစ်ပြီး ရုတ်တရက် ဆုံးသွားရတာလဲ ဆိုတာသိချင်တယ် ကျုပ်ကတော့ ဘ်ိုးထင်ပြော‌တာ ယုံတယ်ဗျာ ”
ပေတူးသည် မောင်ဘိုးထင်ကို သေချာကြည့်ကာ ယုံကြည်ကြောင်းပြောနေလေ၏၊ ထို့နောက် ဖိုးထွေး နှင့် သာရတို့ လည်း ခေါင်းကို ညိတ်လိုက်ကာ
“ဟုတ်ပါတယ် ငါတို့ ထက် ဘိုးထင်က ဒီလိုကိစ္စတွေမှာ ပိုပြီး နားလည်ပါတယ် မင်းဘယ်လို လုပ်ချင်သလဲသာ ပြော”
“ကျုပ်ကတော့ ညပိုင်း ပေတူးတို့ အကွက် ထဲ သွားချင်တယ် ဗျာ ဦးသန်းလှိုင်က နှမ်းထယ်ရေးထိုးပြီး အခုလို ကိစ္စတွေဖြစ်တာ‌ဆိုတော့ အဲ့ အကွက် နဲ့ ပတ်သတ်နေလောက်တယ် ”
“မင်းသဘောကွာ အဲ့တာ ဆို ငါတို့ ညပိုင်းကို ပေတူးတို့ အကွက် ထဲ သွားကြတာပေါ့ ”
မောင်ဘိုးထင်တို့သည် သူတို့ပြုလုပ်မည့် အရာများကို တိုင်ပင်ပြီးနောက် တယောက် နှင့် တယောက် မည်သည့်စကား မှ မပြောကြပါပဲ အတွေးကိုယ်စီနှင့်သာ တွေး၍နေကြပါလေတော့သည် ။

*အခန်း (၂)

ပေပင်ရွာ၏ ညနေအချိန်အခါသည်က တဖြည်းဖြည်း ရောက်ရှိလာပြီဖြစ်သည် ။ ကျွဲကျောင်းသား၊နွားကျောင်းသားလေးများ၏ နွားသွင်းချိန် မို့ ရွာအဝင်တွင် ကျွဲ၊နွား များ ၏ ‌တွန်သံများ၊အော်သံများနှင့် ကျွဲကျောင်းသား ၊နွားကျောင်းသား လေးများ၏ တယောက် နှင့် တယောက် စကားပြောသံ၊ထို့နောက် ရွာအဝင် တွင် ရှိသော အိမ်များမှ မိဘများ၏ သား၊သမီးများကို ဆူငေါက်သံတို့သည် ‌ထုံးစံ အတိုင်း ညံစီ လျက်ရှိပေ၏၊
“ဟဲ့ ကောင်မလေး ညည်းအဝတ်တွေ ရုတ်ဦး နွားရိုင်းသွင်းချိန်ရောက်ပြီ”
“ဟဲ့စိုးမောင် လမ်းဘက် ထွက် မနေနဲ့ ဦးကျော်စိန် ကျွဲအုပ် နင်းမိလို့ သေနေဦးမယ် ”
ဤသို့သော ဆူညံသံများ နှင့် ပေပင်ရွာလေး၏ ညနေသည် တဖြည်းဖြည်း မိုးချုပ်၍ သွားလေ၏၊ ထို့နောက် ‌မိုးချုပ်ချိန် ရွာအဝင်လမ်းတွင် လူငယ်လေး ငါးယောက် စုရုံးနေကြသည် သူတို့သည် လွယ်အိတ်များကို ကိုယ်စီ လွယ်ထားကြ‌သလို အကြီးဆုံးဖြစ်သော ဖိုးထွေး၏ လက်ထဲ တွင် ကြွက်ထိုးသည့် မှိန်း တချောင်း နှင့် ‌သာရ၏ လက်ထဲတွင် ရောင်ပြန် စက္ကုလေးများ ပါလာသည်။ မောင်ဘိုးထင်၏ လက်ထဲတွင်တော့ မီးအိမ် ပါလာသည် ၊ ပေတူး သူသည် ဖိုးထွေး နှင့် သာရကို သေချာကြည့်ကာ
“ကိုဖိုးထွေး နဲ့ ကိုသာရ ခင်ဗျားတို့ ကြည့်ရတာ ကြွက်လည်သွားမဲ့ လူတွေ နဲ့ တူနေသလိုပဲ ”
“ဟုတ်တယ်ဟ ငါလည်းပြောမလို့ပဲ ကိုဖိုးထွေးတို့က ကြွက်လည် သွားမှာကြနေတာပဲ ”
ပေတူး၏ ပြောစကားကို ထောက်ခံစကားဆိုလိုက်သူမှာ သာအေးဖြစ်သည်။သာအေးသည် ဖိုးထွေး၏ လက်ထဲ မှ မှိန်းကို ကိုင်လိုက်ကာ ဆက်ပြီး စကားဆိုလိုက်ပြန်၏
“ခင်ဗျား မှိန်းကလည်း အတော်ကို တုန်းနေပြီပဲ ကြွက် ဘယ် နှစ်ကောင် ရဘူးလဲ”
“သာအေး အထင်သေးရန်ကော ကွာ မှိန်းက တုံးမလားဟ ငါထိုးပြရမလား ”
“စတာ ပါဗျာ ထိုးချင်ရင် အောက်လမ်းဆရာကို ထိုး ”
“ဘိုးထင်ကို လား”
“ဟ ဟုတ်မလားဗျာ အခုသွားရှာမဲ့အောက်လမ်း ဆရာကို ပြောတာ ”
သာအေး နှင့် ဖိုးထွေး ပြောနေသည်ကို ကြားသောအခါ မောင်ဘိုးထင်သည် ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီး
“ဟေ့ ဟေ့လူတွေ အောက်လမ်းဆရာဆို ပြီး မှိန်းနဲ့ ထိုးဖို့ စဥ်းစားမနေနဲ့ ဦး တော်ကြာ ထောင်ကျကုန်ဦးမယ် အောက်လမ်းဆရာ လည်း လူပဲ ဗျာ ရိုက်ရင် ကွဲတယ် ဓားနဲ့ ခုတ်ရင် ပြတ်တယ် မှိန်းနဲ့ ထိုးရင်လည်း သေမှာပဲ လုပ်ချင်ရင် ဝိုင်းပြီး ရိုက်ကြတာပေါ့ အဲ့တာ ကြီးနဲ့တော့ ထိုးဖို့ စဉ်းစားမနေနဲ့ အောက်လမ်းဆရာက တုတ်ပြီး ဓားပြီးတာ မဟုတ်လောက်ဘူး”
မောင်ဘိုးထင်သေချာ ရှင်းပြလိုက်သော အခါမှ ဖိုးထွေးတို့ နားလည်သွားကာ –
“အေးပါကွ မထိုးတော့ပါဘူး မင်းပြောတဲ့ အောက်လမ်းဆရာတွေ့ရင်တွေ့ မတွေ့ ရင် ကြွက်လည် ရအောင်လို့ပါ”
“အေးလေကွာ တောထဲကို ဒီတိုင်းကြီး လာရတာထက်စာရင် တခုမလုပ် တခုပေါ့ ”
မောင်ဘိုးထင်တို့ သည် အကွက်စေ့လွန်းလှသော ဖိုးထွေးနှင့် သာရကို ခတ္တငေးကြည့် နေလိုက်ပြီးနောက် ပေတူး၏ အကွက်ဆီသို့ ခြေဦး လှည့်လိုက်ကြပါလေတော့သည်။

*အခန်း (၃)

မောင်ဘိုးထင်တို့သည် လရောင် မရှိသော်လည်း ကြယ်ရောင်လေးများ၏ ဝိုးတဝါးအလင်းရောင်အောက်မှာ ပေတူးတို့ တောင်ယာအကွက် ထဲသို့ သွားနေကြသည်။ သူတို့သည် တယောက်ကို တယောက် မည်သည့်စကားမှ မပြောကြပေ၊ အားလုံး၏ စိတ်ထဲတွင်တော့ အောက်လမ်းဆရာဆိုသော လူကို စိတ်ကူးနှင့် ပုံဖော်နေကြသည် ၊ တချို့က အောက်လမ်းဆရာသည် မုတ်ဆိတ်ကျင်စွယ် ကားကား နှင့် ရုပ်ဆိုးဆိုးကြီး ဟု စိတ်ကူးနှင့် ပုံဖော်နေကြသလို တချို့ကတော့ သာမာန် ရုပ်ဆိုးဆိုးသာဖြစ်မည် ဟု တွေးနေကြလေသည်။ထိုသို့ အတွေးကိုယ်စီ နှင့် လမ်း လျှောက်လာရာ ပေတူးတို့ ယာကွက်ထဲ ရောက်လာပြီ ဖြစ်သည်။ထို့နောက် ပေတူးသည် ရှေ့ဆုံးမှ ထွက်သွားပြီး သူ၏ အဖေ နားနေကြ ရုံးပင် နားကို သွားလိုက်ပြီး မှောင်ရိပ်ထဲမှ ရုံးပင်ကြီးကို ကြည့်ပြီး ငေးနေလေ၏ ။သူ၏ စိတ်ထဲတွင်တော့ ဖခင် ဖြစ်သူ ရှိစဉ်ကာလက သူငယ်ချင်းများနှင့် ဂျင်ကစားချင်သောကြောင့် ဂျင် ခုတ်ခိုင်းရာ ဖခင်ကြီးသည် ယခု ရုံးပင်မှ ရုံးသားကို ခုတ်လာကာ သူ့အား ဂျင် ခုတ်ပေးလေသည်။ဂျင်ခုတ်သည့်အခါတိုင်း ပေတူးသည် သူ၏ ဖခင် အနားတွင် ထိုင်ကာ
“အဘ ကျုပ်ကို ဂျင် သံရိုက်ပေးဦး အဲ့တာမှ ဟိုကောင်တွေ ဂျင်ဝိုင်းထဲ ဝင်လို့ရမှာ ”
“အေးပါ ပေတူးရာ ငါ ရွာအလယ်က လက်သမားလှမောင်ဆီက သံ တချောင်းတောင်းထားပါတယ်ကွ မင်းကလည်း အဲ့ဒီကောင်တွေ ဂျင်ကို ခွဲလို့ ရအောင်ကို အဘ သေချာလုပ်ပေးမယ် ”
“အဘကသာ သူတို့ ဂျင်တွေကို ခွဲလို့ရအောင်လုပ်နေ အဘ ခုတ်ပေးတဲ့ ဂျင်ပဲ ကွဲနေတာ ဗန်ထစ် ကြီးက အကြီးကြီးဆို‌တော့ အမြဲ ပဲ့ တယ် အဘဂျင်က လည်တာတော့ သူများ ဂျင်တွေ ထက် လည်တယ်ဗျ”
“တလုံးကွဲ ရင် နောက်တလုံးခုတ်ပေးမှာပေါ့ကွာ သံလေးသာ ပြန်ယူထား အဘ တို့ အကွက်ထဲ မှာ ရုံးပင် တပင်လုံးရှိတယ်ကွ မင်းကောင်တွေ ငါတို့ ရုံးပင် ပြုန်းအောင်တော့ မပေါက်နိုင်ပါဘူးကွာ ဟားးဟားး”
“အဘကတော့ လုပ်ပြီ ဗျာ ”
ပေတူးသည် သူတို့ အကွက်ထဲမှ ရုံးပင်ကြီးကို ကြည့်ပြီး သူ၏ အဘဖြစ်သူအား အောက်မေ့ သတိရနေသည်။ထို့နောက် အမှောင်ရိပ်ထဲတွင် သူ၏ မျက်လုံးမှ မျက်ရည် များကျနေသည်ကို မောင်ဘိုးထင်တို့ မမြင်ကြပေ ၊ ထို့နောက် ပေတူးသည် မောင်ဘိုးထင်တို့အား စကားဆိုလာလေသည်။
“ဘိုးထင်ရေ ငါတို့ အကွက် ထဲတော့ ရောက်ပြီ ဘယ်လို လုပ်ရမှာလဲ ပြောဦး”
“အေး အဲ့တာ ခက်တာ အိပ်မက်ထဲက ငါ့အမေကလည်း မင်းအဖေ ရဲ့ ဝိညာဉ်ကို အောက်လမ်း ဆရာကြီးတယောက် ဖမ်းထားတယ် လို့ ပဲ ပြောတာ ဘယ်လို ပြန်လွတ်အောင် လုပ်ရမလဲဆိုတာတော့ မပြောဘူးဟ”
“ဟေ့ကောင် မင်းက ဦးအုန်းကို မမေးခဲ့ဘူးလား ”
“အေး မမေးခဲ့ ရဘူးကွ ”
“တောက် ကောင်းရောကွာ ငါတို့ က ဒီကို ညကြီး မိုးချုပ် လာပြီး ဘာလုပ်ရမှာလဲ ”
ဖိုးထွေးသည် ညီးညူကာ ရုံးပင်နားတွင် ရှိသော ထယ်ရေးပြင်တွင် ထိုင်လိုက်လေသည်။ ဖိုးထွေးထိုင်သော အခါ ကျန်သောသူများသည်လည်း အကုန်ထိုင်လိုက်ကြပြီး ဘိုးထင်ကို ကြည့်ကာ တယောက် တပေါက် စကားဆိုလာကြသည်။
“ဆရာကြီးဘိုးထင် ငါတို့ကို ခေါ်ပြီး မဟုတ်တာ လုပ်မလို့ တော့ မဟုတ်ပါဘူးနော် ”
“အေးဟုတ်တယ် ဘိုးထင်ကြည့်ရတာ မရိုးဘူး ”
“ဆရာကြီးက လယ်ထွန်သွားနွားမေ့ဆိုတဲ့ သူမျိုးဖြစ်နေပြီ”
“အေးကွာ တကယ်ကောင့် ငါတို့ ဘယ်ဟာတွေ စလုပ်ရမလဲ လုပ်စရာ မရှိကြွက် ထိုးရအောင်ကွာ ”
ဖိုးထွေး‌သည် ထိုင်နေရာမှ သူ၏ ဘေးတွင် ထိုးစိုက်ထားသော မှိန်းကို ကိုင်ရင်းစကားဆိုလေရာ သာရမှ ထောက်ခံစကားဆိုလေသည် ။
“အေးဟုတ်တယ် ဖိုးထွေး ကြွက် ထိုးကြရအောင် ပေတူးတို့ ယာအစပ်မှာ ဦးကျော်စိန် လယ်ရှိတယ် အဲ့မှာ ကြွက်ပေါ်တယ်ကွ”
ဖိုးထွေး နှင့်သာရသည်က ကြွက်ထိုးဖို့ရန်တွက် အာသီသ ပြင်းပြနေလေသည် ၊ ထို့နောက် မောင်ဘိုးထင်သည် လည်း အားလုံး နှင့် တယောက် ဖြစ်နေလေ၍ ကြွက်ထိုးဖို့ အတွက် သဘောတူလိုက်ရပါလေတော့သည် ။

*အခန်း (၄)

မှိန်းကိုင်ထားသော ဖိုးထွေးသည် မီးအိမ်ကိုင်ထားသော ဘိုးထင် အနားတွင် ရပ်နေလေသည်။ မီးအိမ်၏ အလင်းရောင်က ရိုးပြတ် လယ်ထဲ ကို ကောင်း၏စွာ မြင်နေရသည်။သာရသည် ရောင်ပြန် စက္ကူများကို တုတ်ချောင်း တချောင်းတွင် ချည်ထားကာ ကြွက်လမ်းကို အနည်းငယ် ရှင်းလိုက်ပြီး
“ဟေ့ကောင် ဘိုးထင် မီးအိမ်ကို အောက်နည်း နည်း နှိမ့်ပြီးပြ ဟ မမြင်ရဘူး ”
“အေးပါ ဗျာ သိပ်လည်း မငုံ့ရဲ ဘူးဗျ ကိုဖိုးထွေးရဲ့ မှိန်းက ကြွက်မထိုးမိပဲ ကျုပ် လည်ပင်း ထိုးမိမှာ လည်း ကြောက်ရသေးတယ် ”
“ဟာကွာ မင်းကလည်း အဲ့လောက်လည်း လက်မကန်းသေးပါဘူးကွာ ”
“ဟေ့ကောင်တွေ တိတ် မင်းမေကြီးတော်ကြွက်ကြီးတွေက မင်းတို့ အသံပြဲကြီးတွေ ကြောင့် လာပါလိမ့်မယ်”
ဘေးတွင် ရပ်နေပြီး လေးဂွကို အသင့်ထုတ်ထားသော သာအေး နှင့် ပေတူး အနက် ပေတူး၏ စကားကြောင့် ဖိုးထွေး နှင့် သာရ ပေတူးအား စူးစိုက်ကြည့်လိုက်ရာ
“ကျုပ်က ကိုဖိုးထွေးကို ပြောတာ မဟုတ်ဘူး ဟို ဟို ဘိုးထင်ကို ပြောတာ ပါဗျ”
ပေတူး ထိုသို့ ပြောလိုက်မှ သာရ နှင့် ဖိုးထွေး တို့ ကြွက်လမ်းကို ပြန်ကြည့်လိုက်ပြီး သာရမှ ရောင်ပြန် စက္ကူများကို လှည့် လေသည် ။ ထိုအခါ စက္ကူအချင်းချင်း ပွတ်တိုက်သံက တိတ်ဆိတ်နေသောပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွား၏။ အတန် ကြာသောအခါ လယ်ကြွက်ကြီး တကောင်သည် အသံ လာရာဆီ သွားလိုက် ရပ်လိုက် နှင့် စူးစမ်းပြီး တဖြည်းဖြည်း လာနေသည်ကို မောင်ဘိုးထင်၏ မီးအိမ် အလင်းရောင်အောက်တွင် အတိုင်းသာ မြင်နေရသည် ။သာရ သည်က ရောင်ပြန်စက္ကူအား လှုပ်လိုက် ရပ်လိုက် နှင့် အသံ မြည်နေစေသည် ။ ထို့နောက် ကြွက်ကြီးသည် ဖိုးထွေး မှိန်းနှင့် ထိုးတန်ကောင်းနေရာ တွင် ရပ်နေချိန် ဖိုးထွေးသည် မှိန်းနှင့် လယ်ကြွက်ကြီးကို ချိန်ရွယ်ကာ ပစ် လိုက်တော့သည် ၊ ထိုအခါ လယ်ကြွက်ကြီးသည် မှိန်း သွား စူးဝင်သွားပြီး တခွီးခွီး နှင့် အော်မြည်ကာ ရုန်းကန် နေပေသော်လည်း မှိန်း ၏ အသွားမှ ကြွက်ကြီးသည် လွတ်အောင် မရုန်းနိုင်ချေ၊ ထိုအနေထားတွင် သာအေးသည် ကြွက်ကြီး၏ ဦးခေါင်းနေရာအား လေးဂွ နှင့် ပစ်လိုက်ရာ တည့်မတ်စွာ ထိမှန် သွားပြီး ကြွက်ကြီးမှာ တဖြည်းဖြည်း ငြိမ်၍သွား၏၊ ထိုမြင်ကွင်း ထိုအချင်းအရာကို သေချာစွာ မြင်နေရသော ပေတူးသည် သူ၏ စိတ်ထဲ တွင် အမျိုး အမည်မသိသော စိတ်ခံစားချက်များပေါ်လာကာ ကြွက်ကြီးပေါ် သနားကရုဏာစိတ်တို့ ပေါ်ပေါက်လာ၏ ၊ ကြွက်ကြီးကို ကြည့်ပြီးသနားနေသော ပေတူး၏ မျက်နှာ ကို တခြားသူများ မမြင်နိုင်ပါ အကြောင်းသည်က မောင်ဘိုးထင်တို့သည် မီးအိမ်အား သူတို့ လင်းစေလိုသော နေရာကို သာ လင်းစေရန် ဓာတ်မီးသဏ္ဍာန်များ ဖြစ်စေရန်အလို့ငှာ သံပုံးအလုံ ထဲတွင် မီးအိမ် ထည့်ထားပြီး တနေရာတည်းကိုသာ အပေါက်ဖောက်ပြီး ထားသော ကြောင့် ဖြစ်လေသည်။

*အခန်း (၅)

ဖိုးထွေး နှင့် သာရ ဦးဆောင်ပြီး ကြွက်ထိုးသည်မှာ ငါးကောင်မျှ ရနေပြီဖြစ်သည်။၊ သာအေးသည် ကြွက်များကို ကောက်ပြီး ပေတူး၏ လွယ်အိတ်ထဲသို့ ထည့်ထားရာ မသေမရှင် ကြွက်များ၏ သေအံ့ဆဲဆဲ ကာလကို ကျော်ဖြတ်နေရ၍ လွန့်လူးသည့်အခါ လွယ်အိတ်လွယ်ထားသော ပေတူးသည် သူ၏ အသားနှင့် လွယ်အိတ် ထိနေသောကြောင့် ကောင်းစွာခံစားမိနေ၍ ကိုယ်ချင်းစာစိတ် သည်က တိုး တိုး ၍ လာရာ ကြွက်ထိုးရန် ပြင်နေသော ဖိုးထွေးအား ပေတူးမှ စကားဆိုလေ၏
“ကိုဖိုးထွေး တော်တော့ပါဗျာ ကြွက်တွေလည်း အများကြီး ရနေပြီကို ”
“နေပါဦး ပေတူးရ အခုမှ ငါးကောင်တည်းရှိသေးတာကို တယောက် တကောင် စီပဲ ရသေးတယ် ”
“ကျုပ်မယူတော့ ဘူးဗျာ ကိုဖိုးထွေး ကျုပ်အစား ယူလိုက်တော့ဗျာ ပြန်ရတော့အောင် ”
ဖိုးထွေး အပါအဝင် အားလုံးသော သူများသည် ပေတူး၏ စကားကြောင့် နားမလည်နိုင် ဖြစ်နေသည် ။လောဘကြီးသော ပေတူးမှာ အဘယ်ကြောင့် လောဘနည်း ရသနည်းဆို တာ သူတို့စဉ်းစားနေပုံပေါ်၏ ။ထို့နောက် ဖိုးထွေးသည် အမှောင်ရိပ်ထဲ မှ ပေတူးကို ကြည့်ကာ
“ဒီ တကောင်တည်း ပါ ပေတူးရာ နော် ဒီတကောင် ရရင် ပြန်မယ် ကွာ ”
ဖိုးထွေး၏ စကားကြောင့်ပေတူး မငြင်းသာ တော့ပဲ လက်ခံ လိုက်လေသည် ။
မောင်ဘိုးထင် ပြနေသော မီးရောင်အောက်တွင် ကြွက်ဖြူကြီးတကောင်သည် သာရ၏ ရောင်ပြန်စက္ကူအသံအား စူးစမ်းသလိုကြည့်ပြီး ရပ်နေသည် ။ကြွက်ကြီးသည် ဖြူဖွေးနေပြီး အတော်ကို အကောင် ကြီးသော ကြွက်ကြီးဖြစ်ရာ အားလုံး အံ့ဩနေကြသည်။ထိုစဉ် ဖိုးထွေးသည် သူ၏ မလှမ်းမကမ်း‌တွင် ရောက်နေသော ကြွက်ဖြူကြီး အားမှိန်း နှင့် ထိုး လိုက်ရာ ကြွက်ဖြူကြီးထံ တည့်မှန်စွာဖြင့် စိုက်ဝင်သွားလေသည် ။ထို့နောက် ကြွက်ဖြူကြီး အံ့ဩစရာကောင်းလောက်အောင် မှိန်းကြီးစိုက်နေရာမှ လယ်ကွင်း အလယ်ထဲ ထွက် ပြေးသွားရာ မှိန်းကြီးသည် လည်း ကြွက် ကြီးနောက် ပါသွားလေ၏ ၊ပုံမှန်ဆိုလျှင် ဖိုးထွေး၏ မှိန်းချက် မိသော ကြွက်မှာ မည်သို့ မှ ပြေးနိုင်မည်မဟုတ်ပေ ယခု တွင် တော့ ကြွက် ကြီးမှာ ပြေးသွားရာ မှိန်းပါ ပါသွား၏ ၊ထို့ကြောင့် မောင်ဘိုးထင်တို့သည် လည်း ကြွက်ကြီးနောက် လိုက်ရလေတော့သည် ။ ကြွက်ကြီးသည် သူတို့ ၏ မီး ရောင် အောက်တွင်သာ ပြေးနေရာ မှီခါနီးလိုက် ပြေးလိုက်နှင့် လယ်ကွက် အတော်တော် များများကို ဖြတ်ကျော်လာပြီ ဖြစ်သည်။ထို့နောက် သူတို့၏ ရွာသားများ ပိုင်ဆိုင်သော လယ်များဘက်ရောက်သွားလေ၏ ၊ ထိုလယ်ကွင်းများဘက်ရောက်သောအခါ မှိန်းတန်းလန်း နှင့် ကြွက်ကြီးမှ ရပ်တန့်သွားရာ ဖိုးထွေးသည် သူ၏ မှိန်းအရိုးအား ကို ကိုင်လိုက်ပြီး သူ၏ မှိန်းအသွားတွင် စိုက်နေသော ကြွက် က်ြီးကို ကြည့်ရင်း မောင်ဘိုးထင်အား မီးပြခိုင်း၍ မောင်ဘိုးထင်မှ မီးပြလိုက်သည် ။မီးရောင် အောက်တွင်တော့ သူတို့ အဝေးကြီးထိ လိုက်လာရသော ကြွက်ကြီး မှာ ရှိမနေတော့ပေ ။
“ဘိုးထင် ကြွက်ကြီးကို သေချာထိတာပါ အခု ကြွက်ကြီးက ဘယ်ရောက်သွားတာလဲဟ ”
“ထိ‌လို့ မှိန်းတန်းလန်းကြီး နဲ့ ဒီထိ ပြေးလာတာကို ”
“ထူးတော့ ထူးဆန်းတယ် ဟ ဒီလယ်တွေက ငါ့အဘ ပြောပြောဘူးတဲ့ ဘယ်က မှန်းမသိတဲ့ လူကြီး ပိုင်တဲ့ လယ်တွေ မဟုတ်လား ”
“ဟုတ်တယ်ဟ ”
သူတို့ ထူးထူးဆန်းဆန်းဖြစ် နေစဉ် နွားမောင်းသံများကို ကြားရ၍ မောင်ဘိုးထင်တို့ မီး အိမ်ကို မှုတ်ပြီး ငြိမ်နေလိုက်ကာ အသံတိုးတိုး နှင့် ဖိုးထွေးမှ စကားဆိုလေသည် ။
“ဟေ့ကောင်တွေ ဒီ အချိန်ကြီး ဘယ်က နွားတွေ မောင်းနေတာလဲ ဒီ ဘက်မှာ ဘယ်သူမှ လည်း မနေပါဘူး ”
“ဟိုဘက်မှာ တို့ရွာသားတွေ မသွားတဲ့ လယ်စောင့် တဲကြီးရှိတယ်လေ ဘယ်သူမှ‌လည်း မနေပါဘူး ”
သူတို့ တိုးတိုး ပြော ရင်း လယ်စောင့်တဲကြီး ဘက်သွားသောအခါ တဲကြီးသည် မီးအရောင်များ ထိန်လင်းနေ ပြီး တဲကြီး ဘေးတွင်တော့ ရိုးပြတ် လယ်များအား ထယ်ထိုးနေသော ထယ်ရှဉ်း လေးရှဉ်းအား တွေ့လိုက်ရသည် ။ နွားများနှင့် လူများသည် ပေါ်တလှည့် ပျောက်တလှည့် ဖြစ်နေသည်အား နွားထမ်းတပိုးတွင် ချိတ်ထားသော မီးအရောင်ကြောင့် မြင်နေရသည် ။ထို ထူးဆန်းစွာ ထယ်ထိုးနေသော ထယ်ရှဉ်းများအား လယ်ကန်သင်းတွင် ဝပ်ပြီး ခြောင်းကြည့်နေသော မောင်ဘိုးထင်တို့ထဲ မှ ပေတူးသည် မောင်ဖိုးထွေးအား လက်ကိုကုတ်ပြီး
“ကို ကိုဖိုးထွေး ဟိုဟာ ကျုပ် အဘ မဟုတ်လား ”
“ဟာ ဟုတ်တယ်ဟ အဲ့တာ မင်းအဘ ကွ”
“သူတို့ နှင့် မလှမ်းမကမ်းတွင် ထယ်ထိုးနေသော ထယ်တရှဉ်းမှာ ဦးသန်းလှိုင် ထယ်ထိုးနေခြင်းဖြစ်သည်။ဦးသန်းလှိုင် နှင့် နွားတရှဥ်းသည် ပေါ်လိုက် ပျောက်လိုက်နှင့် ထယ်ထိုးနေလေသည် ။သူ၏ မျက်နှာသည်က အတော်ကို ညှိုးငယ်နေလေရာ မြင်ရသော ပေတူးသည် သူ၏ အဘကို ကြည့်ကာ အတော်ကို စိတ်မကောင်း ဖြစ်ပြီး အတန်အသင့် ကျယ်သောအသံ နှင့် ခေါ်လိုက်လေသည်
“အဘ အဘ ဘာတွေ လုပ်နေတာလဲ ကျုပ်လေ အဘသား ပေတူးပါ ”
ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ဦးသန်းလှိုင်၏ ဝိညာဉ်သည် ပေတူးပြောသော စကားကို ကြားသည်ထင်၏ ၊ထယ်ထိုးနေရာ မှ ရပ်လိုက်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေရာ ကျယ်လောင်သောအသံ တခုက လယ်စောင့်တဲ ထံမှ ပေါ်လာ၏၊
“ဟိုကောင် ထယ်မထိုး ပဲ ဘာတွေ လုပ်နေတာလဲ ‌နာချင်လို့ လား ”
ထိုအသံကို ကြားသေ အခါ ဦးသန်းလှိုင်သည် ဆက်ထယ်ထိုးနေလေ သည် ။ ဦးသန်းလှိုင် နည်းတူ တခြားထယ်ထိုးနေသော သူများသည် လည်း မျက်နှာတို့ မသာယာပေ၊ ထိုအချင်းအရာကို ကြည့်ပြီး မောင်ဘိုးထင် သဘောပေါက်သွားပြီဖြစ်၏ ၊ထို့ကြောင့် မောင်ဘိုးထင်သည် အသံ ခပ်တိုးတိုး ဖြင့်
“ဟေ့လူတွေ ပေတူးအဘ ဝိညာဉ်ကို နုတ်ပြီး ထယ်ထိုးခိုင်းနေတာ အောက်လမ်းဆရာဖြစ်မယ် ”
“ဟုတ်တယ် အရင်က ဒီလယ်တွေကို ဘယ်သူမှ မလုပ် ပဲ စပါး၊ပဲတွေ နှမ်းတွေ အချိန်တန်ရင် ပေါက်နေတယ်ဆိုပြီး ငါ့အဘ ပြောဖူးတယ်ကွ လက်စသတ်တော့ အောက်လမ်း ဆရာက ထယ်ထိုးကောင်းတဲ့ လူတွေကို ဝိညာဉ်တွေ နှုတ်ပြီးခိုင်းနေတာကိုး ဟောဟိုက နွားတရှဉ်းက လည်း ရွာထဲက ကိုတာတီးရဲ့ ပိုးထိပြီး သေသွားတဲ့ နွားတွေဘဲမဟုတ်လားသာရ ”
“ဟုတ်တယ်ဟ ဒီအောက်လမ်းဆရာက လူတွေကိုပါ မဟုတ်ဘူး နွားတွေကိုပါ ဒုက္ခပေးတာကိုး ”
ဖိုးထွေးနှင့် သာရ စကားပြောနေစဉ် ဖိုးထွေး အနားမှ မှိန်းကို ပေတူး ကောက်ကိုင်လိုက်ပြီး အမှောင်ထဲ မှ နေ၍ လယ်တဲ ဘက် ချဉ်းကပ်သွားရာ ဖိုးထွေးတို့ အသံတိုးတိုးနှင့် တားပေလည်း တားမရပေ။
“ပေတူး ဘယ်သွားမလို့ လဲ တိုင်ပင်ရဦးမယ်လေ ကွာ ”
“ပေတူးမသွားနဲ့ ဟ ”
အသံကျယ် ကျယ် နှင့် လည်းပြောမရသောကြောင့် အသံ ခပ်တိုးတိုးနှင့် မောင်ဘိုးထင်တို့သည် ပေတူး၏ နောက်သို့ လိုက် သွားလိုက်ရပါ‌လေတော့သည် ။

*အခန်း (၆)

ပေတူးသည် မှိန်းကို ကိုင်ပြီး လယ်စောင့်တဲအနားကို ကပ်၍ သွားလေသည် ။လယ်စောင့်တဲ ထဲတွင်တော့ အသက် ၆၀ အရွယ်လူကြီးသည် ဆေးပေါ့လိပ်ကို ခဲရင်း လယ်စောင့်တဲ ပေါ်တွင် ထိုင်နေသည်ကို တဲကြမ်းပြင်တွင် ချထားသော ထိုလူကြီး၏ မီးအိမ်မှ အလင်းရောင် ကြောင့် ကောင်းစွာ မြင်နေရလေသည် ။ထို့နောက် ပေတူးသည် ထွေထွေ ထူးထူး စဉ်းစားမနေတော့ ပဲ အတန်နီးကပ်သော နေရာ မှ နေ၍ သူ၏ လက်ထဲ မှ မှိန်းဖြင့်ပစ်လိုက်ရာ လူကြီးသည် သူ၏ လည်မျိုဆီသို့ တည့်မတ် စွာဝင်လာသော မှိန်းအား အသာအာ တိမ်းရှောင်ရင်း ဖမ်းလိုက်ကာ-
“ထယ်ထိုးနေတဲ့ ကောင်တွေ ရန်သူလာတယ် ဝိုင်းကြစမ်း ”
အောက်လမ်းဆရာကြီး ၏ ကျယ်လောင်သော စကားကြောင့် ထယ်ထိုးနေသော ဝိညာဉ်များသည် ပေတူးရှိသည့် နေရာသို့ ဝိုင်းလိုက်ကြလေသည် ။ထိုအခါ ဝိညာဉ်များ ၏ နွားထမ်းပိုး တွင်ချိတ်ထားသော အလင်းရောင်ကြောင့် ပေတူးအား ကောင်းစွာမြင်နေရာ ဝိညာဉ် ဦးသန်းလှိုင်သည် သူ၏ သားဖြစ်နေသော ကြောင် ထယ်ခေါင်းကို လွှတ်ကာ ပေတူးနှင့် မလှမ်းကမ်း တွင် ပေါ်လိုက်ပျော်လိုက်နှင့် ရပ်နေပြီး
“ပေတူး မင်းဘယ်လို ရောက်လာတာ လဲ ”
“အဘကို ချုပ်ထားတယ်ဆိုပြီး ဘိုးထင် ပြောလို့ လာခေါ်တာ “,
“ဟုတ်တယ် အဘ လည်းမင်းတို့ ဆီလာချင်နေတာ အဘ ဘယ်မှ သွားလို့မရဘူး ”
သားအဖ နှစ်ယောက် စကားပြောနေစဉ် လယ်တဲ ထဲမှ အောက်လမ်း ဆရာကြီးသည် တဲထဲ မှ ထွက် ပြီး ဝိညာဉ်များဝိုင်းထားသော ပေတူး နှင့် ပေတူးအဘ နားကို ရောက်လာကာ
“သားလိမ္မာလေးတွေ နဲ့ လာတွေ့နေတာကိုးကွ ဟိုကောင်သန်းလှိုင် မင်းက နာချင်လို့ ကိုယ့်နေရာကို မနေတာလား ”
“မနေဘူး မင်းတို့ ငါ့သားကို ထိဖို့ မကြိုးစားနဲ့”
ဦးသန်းလှိုင်သည် အောက်လမ်းဆရာကြီး ထံ ပြေးလာပြီးတိုက်ခိုက်လေသည်။သို့သော် အောက်လမ်းဆရာကြီးအား သူထိလို့မရပေ။ထိုအခါ အောက်လမ်းဆရာကြီးသည် တချက်ပြုံးလိုက်ပြီး
“အော် သန်းလှိုင် မင်း ငါ့ကို ထိလို့ရမယ် များ ထင်နေတာလား မင်းထယ်ခေါင်းကို ထိကိုင်နိုင်တယ်ဆိုတာ ငါခွင့်ပြုထားလို့ပါကွ”
အောက်လမ်းဆရာကြီး ပေတူးအဘ နှင့် စကားပြောနေစဉ် မောင်ဘိုးထင်တို့သည် အောက်လမ်းဆရာကြီး ၏ လယ်တဲ အတွင်းသို့ ရောက်နေပြီ ဖြစ်သည် ။ ထို့နောက် တဲ အတွင်း အကဲ ခတ်ကြည့်လိုက်ရာ အိုးကြီး အိုးသေးများနှင့် ပွဲများတင်ထားသည်ကို တွေ့ရ၍ ထိုလူကြီး၏ အစီအရင်သည် ယခုလယ်တဲလေး မှာသာ ရှိမည်ဟု တွေးကာ လယ်တဲအား မီးအိမ်ထဲမှ ရေနံ ဆီ မီးခွက်ကို ထုတ်ကာ မောင်ဘိုးထင်တို့သည် တဲအိမ်အား မီးတိုက် လိုက်ကြပါလေတော့သည် ၊၊ မောင်ဘိုးထင်တို့ မီးတိုက်နေသည်ကို မြင်သောအခါ အောက်လမ်း ဆရာကြီးသည် ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီး
“ဟေ့ ဟေ့ ဘယ်‌က ကောင်တွေ လဲ ဟ ငါ့တဲ မီးရှို့တာ ”
အောက်လမ်း ဆရာကြီးသည် ပါးစပ်မှလည်း ပြောပြောဆိုဆို လက်ထဲ မှ မှိန်းဖြင့် အားကုန် ပစ်လိုက်ရာ မောင်ဘိုးထင်၏ ရင်ဘက်သို့ တည့်မတ်စွာ ဝင်လာသည်အား တဲကိုလောင်နေသော မီးရောင်အောက်တွင် ဖိုးထွေး မြင်နေရ၍ မောင်ဘိုးထင်အား ခြေဖြင့် ကန်ပြီး တွန်းလိုက်ရာ ဖိုးထွေး၏ ခြေသလုံးထံ မှိန်းသည် စိုက်ဝင်၍သွားပြီး
“အား သေပါပြီဟ နာလိုက်တာ ကွာ ”
“ဖိုးထွေး မင်း ခြေထောက်ကို မှိန်းစိုက်သွားပြီ၊ နာလား ဟေ့ကောင် ”
“မင်းမေကြီးတော် နာတာပေါ့ဟ ”
“တော်သေးတာပေါ့ကွာ ရင် ဘတ် မမှန်လို့ ”
“သောက်စကား များမနေနဲ့ ဟိုမှာ မင်းအမေလင်ကြီးက ပြေးလာနေပြီ တခုခု လုပ်ဦးဟ ”
“အေးအေး ငါ မှိန်း နဲ့ ပစ်မယ်ကွာ ”
သာရသည် ပြောပြောဆိုဆို ဖိုးထွေး ခြေထောက် မှ စိုက်ဝင်နေသော မှိန်းကို ဆွဲထုတ်လိုက်၏
“ခွေးသား သာရ ငါ့ကို သေအောင် သတ်နေတာလားဟ အမလေးသေပါပြီဗျာ နောက်ဆို ခွီးမှတောင် ကြွက်မထိုးတော့ပါဘူးဗျ ”
ဖိုးထွေးသည် နာကျင်စွာ အော်နေသည်ကို သာရ ဂရုမစိုက်အား၊သူတို့ အနားပြေးလာသော အောက်လမ်းဆရာကြီး ထံ မှိန်း ပစ်လွှတ်လိုက်ရာ အတော်နီးကပ်နေသည်မို့ အောက်လမ်း ဆရာကြီး ရှောင်ချိန်မရဘဲ ပေါင်အရင်းသို့ စိုက်ဝင်သွားရာ နာကျင်စွာ အော်ပြီး လဲ ကျသွားလေသည် ထို့နောက် အောက်လမ်းဆရာကြီးသည် တဖြည်းဖြည်း နှင့် လူပုံစံမှ ကျွဲကြီးတကောင် အဖြစ်ပြောင်းကာ ခြေထောက်တဖက် ထော့နင်း ထော့နင်းနှင့် ခြေဦး တည့် ရာ ပြေးသွားလေသည် ။ မပြေး၍လည်း မဖြစ်ပေ အဘယ်ကြောင့် ဆိုသော မောင်ဘိုးထင်တို့ ရှို့လိုက်သော လယ်စောင့် တဲ ထဲမှ အမဲ ရောင် အရိပ်များသည် လွင့် ပျံ့နေပြီး တောက်ခေါက်သံ များနှင့် ကြိမ်းမောင်း သံများကြောင့် ဖြစ်၏။
“တောက် ငါတို့ကို ချုပ်ထားတဲ့ အောက်လမ်းဆရာ နင့်အလှည့် ကျပြီ လွတ်အောင်ပြေးစမ်း ”
“ငါတို့ကို နှစ်ပေါင်းများစွာ ချုပ်ပြီး အနိုင်ကျင့်တဲ့ အလုပ် ‌တွေ ခိုင်းတဲ့ အကောင် ”
အရိပ်အမဲ များသည် ကျွဲ အဖြစ်ပြောင်းပြီး ပြေးသွားသော အောက်လမ်း ဆရာကြီးနောက်သို့ လိုက်သွားလေသည် ။ပေတူးအဘ သည်က သူ၏ သားအနားသို့ သွားကာ
“ပေတူး သားအဘ လွတ်ပြီ ထင်တယ် ဒါပမဲ့အဘ ကို တခုခု က ဆွဲနေသလို ဖြစ်နေတယ် ”
“အဘ အဘ ဘယ်ကို သွားနေတာလဲ အဲ့ ဘက်က ကျုပ်တို့ ရွာ မဟုတ်ဘူးလေဗျာ ”
“အဘ သွားနေတာ မဟုတ်ဘူးကွ သူအလိုလို အဲ့ ဘက်ရောက်နေတာ အဘကို ဆွဲနေတာ ”
ပေတူးသည် ပေါ်လိုက်ပျောက်လိုက် နှင့် အနောက်သို့ တဖြည်းဖြည်းမျော နေသော သူ၏ အဘနောက်သို့လိုက်ကာ စကားများပြောနေလေသည် ။
“အဘ ရပ်တော့ဗျာ ကျုပ်တို့ နဲ့ ပဲ အတူတူနေပါ ”
“နေချင်တာပေါ့ ငါ့သားရာ အဘ ကို မမေ့သွားပါနဲ့ မင်းအမေကို ပြောလိုက်ပါဦး အဘက အခုအချိန် ထိ မင်းအမေအပေါ်ကို သစ္စာ တခါမှ မဖောက်ခဲ့ပါဘူးလို့ ”
“အမေက အဘကို ယုံပါတယ်ဗျာ ဝသီပါနေလို့ လျှောက်ပြောနေတာ ပါ ”
ပေတူး၏ အဘသည် ပေါ်လိုက်ပျောက်လိုက်နှင့် လယ်ကွင်းများအား ဖြတ် ပြီး တဖြည်းဖြည်း လျင်မြန်စွာ ပျောက်ကွယ်သွားရာ နောက်မှာ ပြေးလိုက်နေသော ပေတူးသည် ကန်သင်းများအား ခလုတ်တိုက်ပြီး အလဲလဲ အကွဲကွဲ ဖြစ်နေပေမဲ့ လဲလိုက်ထပြေးလိုက် နှင့် သူ၏ ဖခင် လုံးဝ ပျောက်ကွယ်သွားသော နေရာရောက်မှ ရိုးပြတ်များထဲတွင် ဒူးထောက် ထိုင်ချလိုက်ကာ သူ၏ အဘအား အော်ခေါ် နေလေသည် ။မကြာသောအချိန်တွင် ဘိုးထင်တို့သည် ဖိုးထွေးကို တွဲကာ ပေတူးအနားရောက်လာလေသည်။ဖိုးထွေးလည်း သွေးများ အတော် ထွက်သွားသော ကြောင့် အားနည်း‌နေ ချိန် ခြေထောက်မှ ဒဏ်ရာအား သွေးတိတ်စေရန် မောင်ဘိုးထင်တို့သည် သူတို့ ၏ အင်္ကျီများကို ပတ်ပေးထားသော ကြောင့်သူတို့၏ ကိုယ်မှာ အဝတ်အစားမပါတော့ချေ ၊ ပေတူးသည် ဖိုးထွေး အဖြစ်ကို မြင်သောအခါ ကြေကွဲနေရာ မှ ချက်ချင်း ပျောက်ကင်းကာ


“ကိုဖိုးထွေး ကိုဖိုးထွေး အဆင်ပြေလား ”
“ရပါတယ်ကွာ ငါမင်းအဘ နောက်တော့ လိုက်ရမယ် မထင်သေးပါဘူး ငါ့ကို ကယ်ချင်ရင် မိကျော့လေးကို တောင်း တောင်း”
“ကို ဖိုးထွေး ဟေ့ လူသတိထား လေဗျာ ”
“ငါဘာမှ မဖြစ်ပါဘူးကွာ မြန်မြန်သာ ရွာရောက်အောင်သွားကြပါတော့ကွာ သာရ ငါ့ကို ကုန်းပိုးကွာ နော် ”
“အေးပါကွာ မင်းက ဒဏ်ရာ နဲ့ ဆိုတော့ ပိုးရမှာပေါ့ ”
“ငါ့ ခြေထောက်က ပြန်ရော ကောင်းပါ့မလားကွာ ”
“ကောင်းပါတယ်ကွာ မကောင်းရင်လည်း ဖြတ်ရရုံ ထက်မပိုပါဘူးကွာ”
“မင်းတို့ အားပေး တာကလည်း ကြမ်းလိုက်တာကွာ အမလေး မိကျော့ မိကျော့‌”
“သူများတွေက အမေ တ တယ် မင်းက မိကျော့ တ တယ် မယားတရူး ကတော့ကွာ”
“မိကျော့ အတွက်နဲ့ အားတင်းပြီး အသက်ရှင်နေရတယ်ဆိုတာ မင်းတို့ မသိပါဘူးကွာ ”
ဤသို့ဖြင့် သာရသည် ဖိုးထွေးကို ကုန်းပိုးပြီး ရွာသို့ပြန်ကြလေသည် ။ကျန်သူများသည်က ဖိုးထွေးအား ဘေးမှ စကားတပြောပြော နှင့် စိတ်ပူပန်နေကြပါလေတော့သည် ။

ပြီးပါပြီ။

မောင်တင်ဆန်း

Leave a Comment