အောင်မြတ်သာနှင့်ကတ္တီပါစံအိမ်

” အောင်မြတ်သာနှင့်ကတ္တီပါစံအိမ် ”
– – – – – – – – – – –

သီပေါမင်းပါတော်မူပြီးနောက်ပိုင်း မြန်မာနန်းတွင်းသွေးပါသူအများစုက အင်္ဂလိပ်နယ်ချဲ့တွေကို ရရာလက်နက်စွဲကိုင်ပြီး တွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်။
တစ်ချို့တွေကတော့ အင်္ဂလိပ်လက်အောက်ကို ခိုလှုံပြီး မျက်နှာဖြူ နယ်ချဲ့အစိုးရရဲ့ပေးစာကမ်းစာကိုယူကာ ဘဝကိုဖြစ်သလို ဖြတ်သန်းခဲ့ကြတယ်။
အဲဒီထဲကမှ သီပေါဘုရင်ရဲ့ ကိုယ်ရံတော်အဖွဲ့ထဲက မောင်မှတ်ဆိုသူက ဘုရင့်ဘဏ္ဍာတိုက်ထဲက ရွှေငွေလက်ဝတ်ရတနာအမြောက်အများကို ခိုးယူပြီး မတ္တရာနယ်မြေအတွင်းမှာ နောက်ကြောင်းဖျောက်ကာ သာမန်အရပ်သားအဖြစ် ဇာတ်မြုပ်နေခဲ့တယ်။
သီပေါဘုရင်ပါတော်မူပြီးနောက်ပိုင်း အုံကြွလာတဲ့ ပုန်ကန်မှုတွေကို ဗြိတိသျှနယ်ချဲ့အစိုးရက ပြတ်ပြတ်သားသားအရေးယူနေတဲ့အချိန် မောင်မှတ်ကတော့ အင်္ဂလိပ်နယ်ချဲ့နဲ့ပူးပေါင်းကာ မိမိစားခွက်မပျောက်ရေးလမ်းစဉ်ကို ကျင့်သုံးခဲ့တယ်။
လူရည်လည်တဲ့မောင်မှတ်ရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် အင်္ဂလိပ်အစိုးရရဲ့ သူကောင်းပြုခြင်းကို ခံခဲ့ရတယ်။ နယ်ချဲ့အစိုးရခေတ်မှာ နန်းတော်ထဲက ရလာတဲ့ ရတနာအချို့ကို ထုခွဲရောင်းချပြီး ပွဲရုံတစ်ခုကို တည်ခဲ့တယ်။ ပွဲရုံနာမည်က ကတ္တီပါပွဲရုံတဲ့။
မောင်မှတ်က ကတ္တီပါအသားကို အရမ်းနှစ်သက်သူ တစ်ဦးဖြစ်တဲ့အလျောက် သူ့အဝတ်အစားတိုင်းကို ကတ္တီပါစများနဲ့ပဲ ချုပ်ဝတ်လေ့ရှိတယ်။ အင်္ဂလိပ်အစိုးရရဲ့ မျက်နှာသာပေးမှုနဲ့ သူရဲ့လုပ်ရည်ကိုင်ရည်ကြောင့် ကတ္တီပါပွဲရုံကတစ်ဖြေးဖြေး အောင်မြင်လာခဲ့တယ်။ အောင်မြင်လာတာနဲ့အမျှ လောဘကတစ်ဖြေးဖြေး တက်လာခဲ့တယ်။ သူနေမယ့်အိမ်ကိုလဲ ခမ်းခမ်းနားနား ဆောက်ပြီး ကတ္တီပါစံအိမ်လို့ အမည်ပေးခဲ့တယ်။
မောင်မှတ်မှာက ဇနီးတစ်ယောက်ရှိတယ် သူ့နာမည်က မယ်ရွဲ့လို့ခေါ်တယ်။ မယ်ရွဲ့နဲ့ရတဲ့ ကလေးက သားနှစ်ယောက် သမီးတစ်ယောက်။ ပွဲရုံလုပ်ငန်းက တစ်ဖြေးဖြေး အောင်မြင်လာတဲ့နောက်ပိုင်း ပွဲရုံလက်ခွဲတွေကိုလဲ တိုးပြီးဖွင့်ခဲ့တယ်။ သားသမီးတွေက ပွဲရုံအလုပ်ကို ကူညီလုပ်ကိုင်ပေးကြတဲ့အတွက် ရှိရင်းစွဲ ဥစ္စာပစ္စည်းတွေထက် တစ်ဖြေးဖြေးပို၍.များပြားလာခဲ့တယ်။ မောင်မှတ် ဘဝကနေလဲ ဦးမှတ်ဆိုပြီးဖြစ်လာခဲ့တယ်။
အောင်မြင်လာတော့ မိန်းမကိစ္စအရှုပ်အရှင်းရှိလာခဲ့ပြီးဇနီးဖြစ်သူ ကျန်းမာရေးမကောင်းတဲ့အချိန် နောက်မိန်းမအငယ်အနှောင်း ထားပါလေရော။ မိန်းမဖြစ်သူဆုံးတော့ နောက်မိန်းမကို အိမ်ပေါ်မှာခေါ်တင်ထားခဲ့တယ်။ နောက်မိန်းမရဲ့ ကြိုးကိုင်မှုတွေကြောင့် သားသမီးတွေနဲ့လဲအဆင်မပြေတော့ဘူး။ လောင်းကစားမက်တဲ့ မိန်းမကြောင့် ရှိတဲ့စီးပွားရေးတွေလဲ တစ်ဖြေးဖြေး ကျဆင်းလာခဲ့တယ်။
ဒါပေမယ့်စုဆောင်းထားတဲ့အရာတွေကို ဘယ်နေရာမှာ ထားလဲဆိုတာကိုတော့ ဦးမှတ်ကလွဲပြီး ဘယ်သူမှ မသိခဲ့ဘူး။ နောက်မိန်းမကလဲ အတွင်းပစ္စည်းတွေ ရှိတယ်ဆိုတာသိပေမယ့် ဘယ်မှာထားမှန်း.မသိတဲ့အတွက် ဦးမှတ်ကို ချော့တစ်ခါခြောက်တစ်လှည့် မေးမြန်းဖို့ကြိုးစားပေမယ့် အရာမထင်ခဲ့ဘူး။ ဦးမှတ်ရဲ့ စံအိမ်ထဲမှာ မြေတိုက်ခန်းတွေတောင်ရှိတယ်လို့ ရောက်ဖူးတဲ့ သူတွေကပြောကြတယ်။ ဦးမှတ်ကတော့ သူ့အိမ်ထဲကို တော်ရုံတန်ရုံအပြင်လူမပေးဝင်ဘူး။ ဦးမှတ်ရဲ့ ပွဲရုံလုပ်ငန်းတွေကိုလဲ နောက်မိန်းမဖြစ်သူကပဲ ချယ်လှယ်ခဲ့တယ်။
ဦးမှတ်ရဲ့သားသမီးတွေက မကျေနပ်ပေမယ့် ဖခင်ဖြစ်သူရဲ့အုပ်ချုပ်မှုအောက်မှာ နေနေရတဲ့အတွက် မလွဆန်ရဲခဲ့ဘူး။ ဦးမှတ်မှာလည်း ညဘက်လန့်လန့်နိုးတဲ့ ရောဂါတစ်ခုရုတ်တရက်စွဲကပ်လာခဲ့တယ်။ အိပ်ပျော်နေရင် အခန်းထဲမှာ လူတစ်ယောက် လမ်းလျောက်နေတဲ့ အသံတွေ ကြားလာရတယ်။ တစ်ခါတစ်ရံ ကြောက်မယ်ဖွယ်ငြီးတွားသံတွေကိုလဲ ကြားရတယ်။ သိပ်မကြာခင်မှာပဲ ဦးမှတ်ရဲ့နောက်မိန်းမက နယ်ကသူ့အမျိုးတွေကို ခဏခေါ်ထားမယ်ဆိုပြီး မိန်းမနှစ်ယောက်နဲ့ ယောကျၤားတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာခဲ့တယ်။
အိမ်ပေါ်ခေါ်တင်ပြီး နှစ်လလောက်အလိုမှာပဲ ဦးမှတ်ရဲ့ သားနှစ်ယောက်ရှေ့ဆင့်နောက်ဆင့်ဆိုသလို သွေးအန်ပြီးဆုံးသွားတယ်။ ဦးမှတ်ကလဲ အဲဒီအချိန်အိပ်ယာထဲလဲနေတာမို့ ဘာမှစီမံနိုင်မှုမရှိတော့ဘူး။ မောင်နှမသုံးယောက်ထဲမှာ တစ်ယောက်ထဲကျန်တဲ့ အငယ်ဆုံးသမီးကတော့ သူ့အကိုတွေရက်လည်တဲ့နေ့မှာပဲ ပျောက်ခြင်းမလှပျောက်သွားခဲ့တယ်။
ဦးမှတ်ပိုင်ဆိုင်တဲ့ ပွဲရုံတွေကိုလည်း နောက်မိန်းမကအကုန်ရောင်းပစ်ခဲ့တယ်။ ဦးမှတ်ရဲ့အိမ်အနီးနားတစ်ဝိုက်မှာနေတဲ့သူတွေကတော့ ညဘက်သန်းခေါင်အချိန်ဆိုရင် အိမ်အနောက်ဘက်က သရက်ပင်အောက်မှာ အမဲအူစုံသဲစုံတွေကို ငှက်ပျောဖက်နဲ့လာလာထားတဲ့ မိန်းမတစ်ယောက်ကို တွေ့ရတယ်လို့ပြောကြတယ်။
ဦးမှတ်လဲ သိပ်မကြာခင် ဆုံးသွားတယ်။ ဘာကြောင့်ဆုံးတယ်ဆိုတာ အတိအကျဘယ်သူမှမသိခဲ့ရဘူး။ ဦးမှတ်ဆုံးပြီးနောက်ပိုင်း ကတ္တီပါစံအိမ်ပေါ်မှာ နောက်မိန်းမနဲ့ သူ့အမျိုးတွေဆက်နေခဲ့ကြတယ်။ ဦးမှတ်ဆုံးပြီး လေးလလောက်အကြာမှာ ကတ္တီပါစံအိမ်မှာ သုံးလောင်းပြိုင်လူသတ်မှုတစ်ခုဖြစ်ခဲ့တယ်။
သေဆုံးသူတွေက ဦးမှတ်ရဲ့နောက်မိန်းမနဲ့ သူ့ရဲ့အမျိုး
နှစ်ယောက်ပဲ။ အင်္ဂလိပ်အစိုးရက တစ်ယောက်နဲ့တစ်ယောက်အမွေလုရင်း သတ်ကြတာလို့ပြောပြီး အမှုပိတ်လိုက်ကြတယ်။ ကတ္တီပါစံအိမ်ကြီးကိုလဲ ချိတ်ပိတ်ခဲ့တယ်။ ကတ္တီပါစံအိမ်မှာ ဘာတွေဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကိုတော့ ဘယ်သူမှအတိအကျမပြောနိုင်ခဲ့ဘူး။
နှစ်တွေတစ်ဖြေးဖြေးကြာလာတော့ အရင်က
အရမ်းခမ်းနားခဲ့တဲ့ ကတ္တီပါစံအိမ်ကြီးကလဲ တစ်ဖြေးဖြေးယိုယွင်းပျက်စီးလာခဲ့တယ်။ အမှောင်ဒုစရိုက်သမားအချို့က ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကတ္တီပါစံအိမ်ကို နောက်ခံထားပြီး မကောင်းမှုကျူ းလွန်ဖို့ ကြိုးစားကြပေမယ့် သွေးပျက်ထိတ်လန့်ဖွယ်ဖြစ်ရပ်တွေနဲ့ ကြုံရပြီး ပြေးကြရတာများတယ်။
အဲဒီနောက်ပိုင်း ကတ္တီပါစံအိမ်အနီးတစ်ဝိုက်ဟာ ခြုံနွယ်ပိတ်ပေါင်းတွေထူထပ်လာပြီး ဘယ်သူမှမသွားမလာရဲလောက်အောင် ချောက်ချားဖွယ်ဖြစ်ခဲ့ရတယ်။
အဖြစ်အပျက်တွေဖြစ်ပြီး နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့ အစိုးရက ကတ္တီပါစံအိမ်ကြီးကို နိုင်ငံပိုင်အဖြစ်သိမ်းခဲ့တယ်။ ဆွေးမြေ့ပျက်စီးနေတဲ့ ကတ္တီပါစံအိမ်ကြီးကို ဖျက်ပြီးအသစ်ပြန်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် ပျဉ်တစ်ချပ်ခွာတဲ့သူတိုင်း သွေးပျက်ဖွယ်ဖြစ်ရပ်တွေ ကြုံခဲ့ရတယ်။ အရမ်းကြမ်းလွန်းတဲ့ကတ္တီပါစံအိမ်ကို ကရိန်းကားတွေနဲ့ ဖြိုဖျက်ဖို့လုပ်တဲ့အချိန်မှာတော့ ဦးမှတ်ရဲ့ သမီးဖြစ်သူပြန်ပေါ်လာခဲ့တယ်။
အသက်၂၀ကျော်အရွယ်ထဲက ပျောက်ခြင်းမလှပျောက်သွားခဲ့ပြီး ပြန်ပေါ်လာတဲ့အချိန်မှာတော့ အသက်၈၀အရွယ်သီလရှင်တစ်ပါးဖြစ်နေခဲ့တယ်။ ဦးမှတ်ရဲ့သမီးဖြစ်သူပြန်ပေါ်လာတော့ နိုင်ငံပိုင်သိမ်းမယ့်ကိစ္စက ပျက်သွားတယ်။ ဆရာလေးကတော့ သူ့အဖေပိုင်တဲ့ဒီအိမ်ကို ရောင်းပြီး စစ်ကိုင်းတောင်ရိုးမှာ စေတီတစ်ဆူတည်ဖို့ရည်စူးခဲ့ပေမယ့် ဆရာလေးဆုံးပါးသွားတဲ့အချိန်ထိ အိမ်ကိုရောင်းမထွက်ခဲ့ဘူး။
ဆရာလေးမဆုံးခင် ပိုင်ဆိုင်မှုအထောက်အထားတွေကို သူ့တပည့်မလေးဖြစ်တဲ့ ဒေါ်စန္ဒိမာကိုပေးအပ်ခဲ့တယ်။ ဒေါ်စန္ဒိမာလဲ ဆရာဖြစ်သူရဲ့ စကားအရ ကတ္တီပါစံအိမ်ကြီးကို ရောင်းပြီးဘုရားတည်ဖို့ စိတ်ဆန္ဒပြင်းပြခဲ့တယ်။ တစ်နေ့မှာ ဒေါ်စန္ဒိမာ မဟာမြတ်မုနိဘုရားကြီးကိုဖူးမျှော်ပြီး ပြန်အထွက်မှာ ယောဂီဝတ်လူငယ်သုံးဦးကိုတွေ့လိုက်ရတယ်။
ဒေါ်စနိ္ဒမာကိုမြင်တော့ အရပ်မြင့်မြင့်နဲ့ လူငယ်လေးက –
“ဆရာလေး ဘုရားတည်ဖို့ ရည်စူးထားတဲ့ကိစ္စကို ကျွန်တော်တို့ကူညီပါရစေ”လို့ပြောတော့ ဒေါ်စန္ဒိမာက
“ဒကာလေးတို့က ဘယ်လိုလုပ်သိတာလဲ ဆရာလေးဘယ်သူ့ကိုမှအကူအညီမတောင်းခဲ့ဖူးပါဘူး ”
“ဆရာလေး ခုနကဘုရားမှာ ဆုတောင်းနေတာ ကြားလိုက်ရလို့ပါ တပည့်တော်တို့နိုင်သလောက်လေး ကူညီချင်ပါတယ် -ဆရာလေးက ကတ္တီပါစံအိမ်ကို ရောင်းထွက်စေချင်တယ်ဆိုရင် တပည့်တော်တို့ ကူညီပေးမယ်- ငွေအသပြာတစ်ပြားတစ်ချပ်မှ ပေးစရာမလိုပါဘူး ဆရာလေးခွင့်ပြုရင် ကူညီချင်ပါတယ်”လို့ပြောတော့ ဆရာလေးဒေါ်စန္ဒိမာက –
“ဒကာလေးတို့ ကူညီနိုင်ရင် အဆင်ပြေတာပေါ့ ဆရာလေးခွင့်ပြုပါတယ် သတိတော့ထားကြနော် အဲဒီစံအိမ်က အရမ်းကြမ်းတယ်လို့ပြောတယ်”
“အခုလိုခွင့်ပြုတာ ဝမ်းသာလှပါပြီ
တပည့်တော်တို့ကိုခွင့်ပြုပါဦး “ဆိုပြီးလှည့်ထွက်မယ်အလုပ်ဆရာလေးက –
“ဒကာလေးတို့နာမည်လေးတွေပြောသွားဦး
ဒါမှဆရာလေးမှတ်မိမှာပေါ့”လို့ပြောတော့
ယောဂီဝတ်စုံဝတ်ထားတဲ့ အရပ်မြင့်မြင့်လူငယ်က
“တပည့်တော်နာမည်က အောင်မြတ်သာပါ
ဒီဘက်ကလွယ်အိတ်လွယ်ထားတဲ့သူကတော့
သက်ခိုင်ပါ
ဟိုဘက်က တစ်ယောက်ကတော့
တောက်ရလို့ ခေါ်ပါတယ် တပည့်တော်တို့ကို ခွင့်ပြုဦး”လို့ပြောပြီး ထွက်သွားကြတယ်။
အောင်မြတ်သာတို့လဲ ဆရာသခင်တွေရဲ့ လမ်းညွန်မှုနဲ့ ဆရာလေးဒေါ်စန္ဒိမာနဲ့တွေ့ပြီး ခွင့်ပြုချက်ရယူကာ ကတ္တီပါစံအိမ်ရှိရာဆက်ထွက်ခဲ့ကြတယ်။
ကတ္တီပါစံအိမ်ရှိရာလဲရောက်ရော ညနေစောင်းနေပီ –
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကတ္တီပါစံအိမ်ကြီးက မကောင်းဆိုးဝါးတစ်ကောင်ထိုင်နေသလို ချောက်ချားစရာကောင်းနေတယ်။
အောင်မြတ်သာလဲ ခြံထဲသို့မဝင်မီ စံအိမ်အပေါ်ထပ်ကို မော့ကြည့်လိုက်တာ အပေါ်ထပ်ပြူ တင်းပေါက်ကနေ တစ်စုံတစ်ယောက်လှမ်းကြည့်နေတာကို မြင်လိုက်ရတယ်။အောင်မြတ်သာလဲ ခြံဝင်းထဲမှာရှိတဲ့ ပုဂ္ဂိုလ်တွေထံ ဝင်ခွင့်တောင်းပြီး ခြံဝင်းထဲကို ဝင်လာခဲ့လိုက်တယ်။
ခြံဝင်းထဲကိုရောက်တော့ သွေးညှီန့ံက ညနေခင်းလေပြေနဲ့အတူ နှာခေါင်းထဲကို ဝင်လာခဲ့တယ်။ သက်ခိုင်က အောင်မြတ်သာကို ကြည့်ရင်း –
“ဆရာ အိမ်မှာ မကျွတ်သေးတဲ့ နာနာဘာဝတွေ တွေ့လိုက်ရတယ် “လို့ပြောတော့ အောင်မြတ်သာက
ဘာမှဆက်မပြောပဲ ဆင်ဝင်အောက်ကို ဝင်လာခဲ့တယ်။
ဆင်ဝင်အောက်လဲရောက်ရော အိမ်ပေါ်ထပ်မှာ ပြေးလွှားနေကြတဲ့ ခြေသံတွေကို အတိုင်းသား ကြားလိုက်ရတယ်။ ခြေသံတွေက လှေကားထပ်တွေအပေါ် တက်လိုက်ဆင်းလိုက်နဲ့ တစ်စုံတစ်ခုကို လိုက်ရှာနေကြသလို။
အောင်မြတ်သာလဲဆင်ဝင်အောက်ကနေ တံခါးမကြီးထဲဝင်ဖို့ ခြေလှမ်းပြင်ပြီးတော့မှ ရုတ်တရက် ဆိုသလို အနောက်ကိုပြန်ဆုတ်လိုက်တယ်။ အောင်မြတ်သာ နောက်ဆုတ်တာမြင်တော့ သက်ခိုင်နဲ့တောက်ရလဲ အနောက်ကိုပြန်ဆုတ်လိုက်တယ်။
အောင်မြတ်သာက တောက်ရကို ခေါ်ပြီး –
“တောက်ရ ဒီတံခါးရဲ့အပေါ်ဘောင်မှာ သံသုံးချောင်းရှိတယ် အဲဒီသံတွေကိုတက်နှုတ်လိုက်”လို့ပြောတော့ တောက်ရက တံခါးဘေးမှာရှိတဲ့ အင်္ဂတေဘောင်ပေါ် တက်ပြီး တံခါးရွက်အပေါ်မှာ ရှိတဲ့သံကို လိုက်ရှာလိုက်တယ်။ ဖုံအလိမ်းလိမ်းတက်နေတဲ့ တံခါးမှာ သံသုံးချောင်းကို ရှာနေတဲ့အချိန် –
“မနှုတ်နဲ့ အဲဒါငါစိုက်ထားတာ ငါ့အိမ်ကိုဘာမှမထိနဲ့”ဆိုတဲ့အော်သံနဲ့အတူ အိမ်ပေါ်ထပ်က တစ်စုံတစ်ယောက်ပြေးဆင်းလာတဲ့အသံကို ကြားလိုက်ရတယ်။
တောက်ရက ဆက်နှုတ်ရမလို ပြန်ဆင်းလာရမလို ဖြစ်နေတဲ့အချိန် အောင်မြတ်သာက –
“တောက်ရ ဆက်လုပ်နေ – ကျန်တာခေါင်းထဲမထည့်နဲ့”လို့ပြောတော့မှ တောက်ရလဲ တံခါးဘောင်မှာ စိုက်နေတဲ့သံသုံးချောင်းကိုဆက်ရှာနေလိုက်တယ်။
အိမ်ပေါ်ထပ်လှေကားကနေ ပြေးဆင်းလာတဲ့အသံကို ကြားတော့ အောင်မြတ်သာက –
” ရုပ်လုံးပေါ်အောင်ပြပါ ကျုပ်တို့က သင်တို့ကိုရန်ပြုမယ့်သူတွေမဟုတ်ပါဘူး ကျုပ်တို့ကို ရန်မမူရင် သင့်ကိုထိခိုက်မှာမဟုတ်ပါဘူး”လို့ပြောလိုက်တော့
လှေကားပေါ်မှာ ခြေတစ်ချောင်းချပြီး ထိုင်နေတဲ့ မိန်းမတစ်ယောက်ကို တွေ့လိုက်ရတယ်။ လှေကားမှာ ထိုင်နေတဲ့မိန်းမက –
“ထွက်သွား ငါတို့အိမ်ကနေထွက်သွား
ငါတို့အိမ်ထဲက ဘာပစ္စည်းမှ ယူသွားဖို့စိတ်မကူးနဲ့
ဟိုတံခါးပေါ်ကကောင် အဲဒါကိုမနှုတ်နဲ့ ဆင်းခဲ့စမ်း
မဆင်းလာရင် ငါအဆိုးမဆိုနဲ့”လို့ပြောတော့
တောက်ရက
“ဟာ စကားတော်တော်များတဲ့မိန်းမ
ငါ့ဘာသာ သံရိုက်ရာမတွေ့သေးလို့ စိတ်တိုနေရတဲ့အထဲ ပြေးကန်လိုက်လို့ နံရံမှာကပ်နေဦးမယ်”ဆိုပြီး ဒေါသတကြီးပြောသံကိုကြားတော့ သက်ခိုင် ရီလိုက်မိတယ်။
ဆံပင်ဖွာလန်ကြဲနေတဲ့ မိန်းမက သူ့ကိုပြောရမလားဆိုပြီး တောက်ရရှိတဲ့နေရာကို ပြေးအလာ အောင်မြတ်သာက လက်ပြန်ရိုက်ထုတ်လိုက်တာ အနောက်ကို သုံးပေခန့်လွင့်ထွက်သွားတယ်။
တောက်ရက တံခါးဘောင်ပေါ်ကနေ –
“တွေ့ပီဆရာ သံတွေက တော်တော်ဆွေးနေပီ သံချေးတွေအထပ်လိုက်ပဲ နှုတ်လိုက်ရမလား”လို့မေးတော့ အောင်မြတ်သာက ခေါင်းညိမ့်ပြလိုက်တယ်။
တောက်ရလဲ တံခါးဘောင်ပေါ်က သံသုံးချောင်းကို
လက်နဲ့ဆွဲနှုတ်လိုက်တော့ ဆွေးနေတဲ့သစ်သားစ တွေနဲ့အတူ သံသုံးချောင်းပါလာတယ်။
အောင်မြတ်သာက သံချောင်းတွေကို အိမ်အပြင်ပစ်ထုတ်လိုက်ပြီး
“ဒီအမျိုးသမီးက အခေါင်းရိုက်သံတွေနဲ့ ဒီအိမ်ကို ခိုက်အောင်လုပ်ခဲ့တာပဲ – သင်ဘယ်သူလဲ သင်နဲ့ဒီနေရာ ဘယ်လိုပတ်သတ်နေတာလဲ”လို့မေးလိုက်တော့ အခန်းထောင့်မှာ လဲနေတဲ့အမျိုးသမီးက
“ဒါငါ့အိမ် ငါ့ယောကျၤားပိုင်တဲ့အိမ် နင်တို့အခုထွက်သွားကြ မထွက်သွားရင် ငါတို့သေသလို နင်တို့ကို သူဝတ်လိမ့်မယ် သူ သူ ဒီအိမ်ထဲမှာရှိတယ် နင်တို့ကိုဂုတ်ချိုးပြီး အထဲကအူတွေအသဲတွေကို စားပစ်လိုက်မယ်
နင်တို့သေတော့မယ် ထွက်သွားကြစမ်း အခုထွက်သွားကြ”ဆိုပြီးပြောတော့ တောက်ရက –
“ဆရာ ဒီသရဲမ ကြောက်လန့်တကြားနဲ့ သွေးရူးသွေးတန်းတွေပြောနေတယ် သူပြောတဲ့ကောင်က ဘာကောင်လဲဆရာ”လို့မေးတော့ သက်ခိုင်က –
“ငါ့အထင် သူဒီအိမ်ကို အောက်လမ်းနဲ့ တိုက်ခဲ့တာဖြစ်မယ် အရှင်းဆုံးပြောရရင် သရဲမွေးတာပေါ့ ကိုယ်မွေးတဲ့သရဲ ကို်ယ်အစာမကျွေးရင် ကြာလာတဲ့အခါ မွေးတဲ့သူကိုပါ ရန်ရှာတတ်ကြတယ် အခုလဲ အဲလိုပဲထင်တယ် ဒီအိမ်မှာရှိတဲ့နာနာဘာဝတွေက အဲဒီကောင်ရဲ့ လက်ချက်ကြောင့် သေရတာဖြစ်မယ်”လို့ပြောတော့ အောင်မြတ်သာက
“ထပ်ကြည့်ရတာပေါ့ ဖြစ်လာတော့လဲ ရင်ဆိုင်ရုံပေါ့ အခုဒီအိမ်မှာ နာနာဘာဝတွေ ဘယ်လောက်ရှိတယ်ဆိုတာသိရအောင် ခေါ်ရမယ်”လို့ပြောပြီး အမိန့်ပြန်လိုက််ဆိုရင်ပဲ အိမ်ပေါ်ထပ်ကနေ ဝုန်းခနဲခုန်ချလာတဲ့ အကောင်တစ်ကောင်ကိုမြင်လိုက်ရတယ်။
မှောင်စပျိုးချိန်ဆိုတော့ သဲသဲကွဲကွဲမမြင်ရသေးဘူး အခန်းထောင့်မှာ ငုတ်တုတ်ထိုင်နေတဲ့ အကောင်က ရုတ်တရက် အောင်မြတ်သာဆီကို ခုန်ဝင်လာခဲ့တယ် –
သက်ခိုင်ဖြတ်ခနဲတွေ့လိုက်ရတာက နီရဲနေတဲ့မျက်လုံး နှစ်လုံး။
မဲမဲအကောင်ကြီးက ရုတ်တရက်ခုန်ဝင်လာတဲ့ အချိန် သက်ခိုင်သတိတစ်ချက်လွတ်သွားတယ် အောင်မြတ်သာနဲ့ ခုန်ဝင်လာတဲ့အကောင်က လက်တစ်ကမ်းအလိုလောက်အရောက်မှာ “ဖြောင်း”ဆိုတဲ့အသံနဲ့အတူ မဲမဲအကောင်ကြီးက အနောက်ကိုလှန်ကျသွားတယ်။
သကိခိုင်က အောင်မြတ်သာကို ကြည့်လိုက်တော့ အောင်မြတ်သာက လက်တောင်ရှေ့ကိုမထုတ်ရသေးဘူး ဘေးကိုကြည့်လိုက်တော့မှ တောက်ရက ရယ်ကျဲကျဲနဲ့ လက်ထဲမှာလဲ စားပွဲခုံအဟောင်းတစ်လုံးကိုင်ပြီး ရပ်နေတယ်။
တောက်ရက –
“ကျုပ်လဲ ရုတ်တရက်ဆိုတော့ ရမိရရာဆွဲပြီး တီးလိုက်တာ ဟိုကောင်တော့ဘယ်လိုနေတယ်မသိဘူး ကျုပ်တော့လက်ကိုကျဉ်သွားတာပဲ”လို့ပြောတော့မှ တောက်ရ လက်ချက်မှန်းသိလိုက်ရတယ်။
ခဏနေတော့ မဲမဲအကောင်ကြီးက ကုန်းထလာပြီး အောင်မြတ်သာတို့ဆီပြေးလာပြန်ရော။ ဒီတစ်ခါမှာတော့ အောင်မြတ်သာက
“ရပ်စမ်း အလျော့ပေးနေလို့ ရောင့်တက်လာတယ်”လို့ပြောပြီး ကြမ်းပြင်ကိုဖနောင့်နဲ့ပေါက်ချလိုက်တာ
ပြေးဝင်လာတဲ့မဲမဲအကောင်က အနောက်ကို လန်ကျပြီး လွင့်ထွက်သွားတယ်။
လွင့်ထွက်သွားတဲ့အချိန် အောင်မြတ်သာက
“မင်းဘယ်သူလဲ ဒီအိမ်နဲ့ဘယ်လိုပတ်သတ်နေတာလဲ”လို့မေးတော့ မဲမဲအကောင်ကြီးက ကျောပေးပြီး –
“ငါ့နာမည်က စံဖိုး အောက်လမ်းဆရာစံဖိုးဆိုတာငါပဲ ငါ့ကိုဒီကောင်မက ဒီအိမ်ကို သချႌုင်းကအခေါင်းသံ သုံးချောင်းအတိုက်နဲ့ တိုက်ခိုင်းတယ် ဒီအိမ်က မိသားစုတွေ သေကြေအောင်လုပ်ခိုင်းလို့ ငါလုပ်ပေးခဲ့တယ် ငါလုပ်ပေးပီးတော့ ဒီအိမ်ကို သူ့ရဲ့ဆွေမျိုးဆိုပြီး ငါ့ကိုခေါ်တင်ခဲ့တယ်။ အဲဒီအချိန် အဖိုးကြီးနဲ့သားနှစ်ယောက်ကို အိမ်အနောက်သရက်ပင်မှာ မွေးထားတဲ့ ငနီမဆိုတဲ့သရဲမက ညတိုင်းခြောက်လှန့်ခဲ့တယ်။ အဲဒီအချိန် အဖိုးကြီးရဲ့သားနှစ်ယောက်သောက်မယ့် နွားနို့ခွက်ထဲကို အဆိပ်ခတ်ပြီး သတ်ခဲ့တယ်။ သူ့သမီးကတော့ လွတ်ပြီး အိမ်ကနေထွက်ပြေးခဲ့တယ်။ သူ့သားတွေကိုသတ်ပြီးတော့ အဖိုးကြီးကိုလဲ ငါ့လက်နဲ့ထပ်သတ်ခဲ့တယ်။ အဖိုးကြီးနဲ့သူ့သားနှစ်ယောက်သေတော့ မကျွတ်ပဲ ဒီအိမ်မှာရှိတဲ့သူတွေကို ခြောက်လှန့်မှုတွေလုပ်တော့ ငါကပဲ အဖိုးကြီးနဲ့သူ့သားတွေရဲ့ ဝိဉာဉ်ကိုဖမ်းချုပ်ပြီး မြေတိုက်ခန်းထဲမှာပိတ်ထားခဲ့တယ် ၊ ကိစ္စတွေပီးတော့ ဒီကောင်မက ငါ့ရမယ့်ဝေစုကိုမပေးပဲ လူလည်ကျလို့ ငါမွေးထားတဲ့ငနီမနဲ့သတ်ခိုင်းဖို့စီစဉ်နေတဲ့အချိန် သူနဲ့ ငါပညာသင်ပေးနေတဲ့ ကောင်မပေါင်းပြီး ငါအိပ်နေတဲ့အချိန် လည်ပင်းကိုလှီးသတ်ဖို့ကြိုးစားခဲ့ပေမယ့် ငါလည်ပင်းကိုဓားနဲ့လှီးတဲ့အချိန်လန့်နိုးလာပြီး ဒီကောင်မနှစ်ယောက်ရဲ့ ရင်ဝကိုခေါင်းအုံးအောက်က ဓားနဲ့ပြန်ထိုးနိုင်ခဲ့တယ်။ ငါတို့သေတော့ ဒီအိမ်ကိုစွဲပြီး မကျွတ်လွတ်သေးဘူး။ ဒီအိမ်ကိုငါကိုယ်တိုင် အစိမ်းတိုက်ထားတာ ၊ ငနီမလာခဲ့စမ်း ဒီသုံးယောက်ကို ဒီအိမ်ကနေမောင်းထုတ်ပစ်စမ်း”လို့အော်လိုက်တယ်ဆိုရင်ပဲ အိမ်ရှေ့ဆင်ဝင်ရှေ့ကို ခုန်ချလာတဲ့ မိ်န်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။ ဆံပင်တွေက ဝါကျင်ကျင်၊ ဗိုက်က ဟောင်းလောင်းပွင့်နေပြီး အထဲကနေ အူတွေကအတွဲလိုက်ထွက်ကျနေတယ်၊ ဗိုက်ထဲကနေ ထွက်ကျနေတဲ့ အူတွေအနားမှာတော့ မဲနက်နေတဲ့ ယင်ကောင်တွေက အုံလိုက်ကျင်းလိုက်ဖြစ်နေတယ်။
အဲဒီမြင်ကွင်းကိုမြင်တော့ တောက်ရ ပျို့အန်ချင်သလို ဖြစ်လာတယ်။ ဗိုက်ကြီးသည်ငနီမကလဲ အောင်မြတ်သာတို့ဆီ လက်ဆန့်တန်းပြီး စူးစူးဝါးဝါး အော်လိုက်တယ်ဆိုရင်ပဲ အူတွေမှာဝဲနေတဲ့ ယင်ကောင်တွေက အောင်မြတ်သာတို့ရှိရာ စုပြုံဝင်လာခဲ့တယ်။
အကောင်ပေါင်းများစွာသော ယင်ကောင်တွေက အောင်မြတ်သာတို့ဆီရောက်ဖို့ တစ်လံအကွာလဲရောက်ရောဝုန်းခနဲမီးထတောက်ပြီး ယင်ကောင်တွေအကုန် ပြာကျသွားတယ်။
ယင်ကောင်တွေပြာကျတာမြင်တော့ ငနီမက ဗိုက်ကိုဖြဲလိုက်တယ်ဆိုရင်ပဲ ဗိုက်ထဲကနေ ကလေးသေးသေးလေးတွေ ဆယ်ယောက်လောက် လေးဘက်ကုန်းထွက်လာခဲ့တယ်။
အောင်မြတ်သာနဲ့ငနီမ တွေ့နေတဲ့အချိန် သက်ခိုင်နှာခေါင်းထဲ သွေးညှီန့ံက ထောင်းခနဲဝင်လာခဲ့တယ်။ ငနီမဘက်ကိုအာရုံရောက်နေတဲ့အချိန် အိမ်အပေါ်ထပ်ကနေ စီးကျလာတဲ့သွေးစီးကြောင်းတွေက သက်ခိုင်တို့ရပ်နေတဲ့ အိမ်အဝနားရောက်လာခဲ့တယ်။ သက်ခိုင်နဲ့တောက်ရလဲ အနောက်လှည့်ကြည့်လိုက်တော့ မိန်းမနှစ်ယောက်နဲ့ယောကျၤားတစ်ယောက်က သူတို့နဲ့မလှမ်းမကမ်းကိုရောက်နေပြီ။
ချွန်ထက်နေတဲ့ လက်သည်းတွေနဲ့ တောက်ရနဲ့သက်ခိုင်တို့ကို သတ်ဖို့ပြေးဝင်လာတဲ့အချိန် တောက်ရက လွယ်အိတ်ထဲက အင်းစာရွက်တစ်ရွက်ကိုထုတ်ပြီး ပြေးဝင်လာတဲ့သုံးကောင်ဆီကို ပစ်ထည့်လိုက်တယ်။
တစ်ဘက်မှာလဲ ငနီမဗိုက်ထဲကထွက်လာတဲ့ ကလေးသေးသေးတွေက တစ်ဖြေးဖြေးကြီးလာပြီး လူကြီးတစ်ယောက်အရွယ် ဖြစ်လာခဲ့တယ်။ ကလေးသရဲတွေကိုမြင်တော့ အောင်မြတ်သာက အင်းချပ်တစ်ချပ်ကို ကလေးသရဲအုပ်ထဲပစ်ထည့်လိုက်တယ်။
တောက်ရနဲ့အောင်မြတ်သာတို့ ပစ်ထည့်လိုက်တဲ့ အင်းချပ်တွေက ဝုန်းခနဲမီးထတောက်ပြီး မီးခိုးငွေ့တွေထဲကနေ ဓားကိုင်ထားတဲ့ အင်းစောင့်ပုဂ္ဂိုလ်တွေပေါ်လာပြီး အောင်မြတ်သာရှေ့မှာ ငါးယောက်၊ တောက်ရနဲ့ သက်ခိုင်အရှေ့မှာ ငါးယောက်စီ ကာထားလိုက်တယ်။
အင်းစောင့်ပုဂ္ဂိုလ်တွေကလဲ အနားရောက်လာတဲ့ မကောင်းဆိုးဝါးတွေကို လက်ထဲက ဓားနဲ့ခုတ်ရင်း အရှေ့ကိုဆက်တက်သွားတယ်။
အောင်မြတ်သာက နောက်ထပ်အင်းတစ်ချပ်ကို ထုတ်ပြီး လေပေါ်ပစ်တင်လိုက်တယ်ဆိုရင်ပဲ လှံတိုနှစ်ချောင်စီကိုင်ထားတဲ့ လက်လေးဖက်နဲ့ ပုဂ္ဂိုလ်တွေ တိုက်ပေါ်ကနေခုန်ချလာခဲ့တယ်။
အင်းစောင့်ပုဂ္ဂိုလ်တွေရဲ့ ဓားချက်လှံချက်မိတဲ့ မကောင်းဆိုးဝါးတိုင်း မီးတောက်တွေထတောက်ပြီး ပြာကျသွားတယ်။
လှံတိုကိုင်ထားတဲ့ ပုဂ္ဂိုလ်လေးယောက်က ငနီမကိုဝိုင်းပြီး လှံနဲ့ထိုးနေတဲ့အချိန် ဓားကိုင်ထားတဲ့ပုဂ္ဂိုလ်တွေက အောက်လမ်းဆရာသရဲနဲ့အပေါင်းအပါတွေကို ဓားနဲ့ဝင်ပိုင်းရင်း ပြေးလွှားနေတဲ့အသံတွေက အိမ်ပေါ်အိမ်အောက် တစ်ခုလုံးပွက်လောရိုက်သွားတယ်။
ဓားချက်လှံချက်မိတဲ့မကောင်းဆိုးဝါးတိုင်း မီးလောင်သလိုပြာကျသွားပြီး ငနီမရဲ့ကိုယ်မှာတော့ မီးလောင်ကွက်တွေ ပြည့်နှက်နေပြီး ခြံဝင်းထဲမှာ ကြောက်လန့်တကြားပတ်ပြေးနေခဲ့တယ်။ အဲဒီအချိန် ဓားကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေထဲက ခေါင်းပေါင်းအနီနဲ့ပုဂ္ဂိုလ်က –
“တစ်အိမ်လုံးလိုက်ရှာကြ ပုန်းနေတဲ့နာနာဘာဝတွေ
ရှိချင်ရှိမယ် တွေ့တာနဲ့အားလုံးကို ဖမ်းကြ”လို့ပြောရင်း သူကိုယ်တိုင်လဲ အိမ်အန့ှံကို လိုက်ရှာနေခဲ့တယ်။
ငနီမကိုတော့ လှံတိုကိုင်ထားတဲ့ ပုဂ္ဂိုလ်လေးယောက်က ဖမ်းခေါ်လာပြီး အောင်မြတ်သာရှေ့မှာ ဒူးထောက်ခိုင်းထားတယ်။
ဓားကိုင်ထားတဲ့ပုဂ္ဂိုလ်တွေကတော့ တစ်ကိုယ်လုံးမီးလောင်နေတဲ့ အောက်လမ်းဆရာနဲ့အပေါင်းအပါတွေကို ဖမ်းလာပြီး ငနီမဘေးမှာ ဒူးထောက်ခိုင်းထားတယ်။
အားလုံးစုံတော့ အောင်မြတ်သာက
“အင်းစောင့်ပုဂ္ဂိုလ်များ
ဒီမကောင်းဆိုးဝါးတွေကို
သူတို့ရဲ့အပြစ်ဒဏ်အတိုင်းငရဲခံရဖို့
ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေဆီရောက်အောင်
ပို့လိုက်ကြ
သင်တို့ရဲ့ ကူညီမှုကို
ဆရာသခင်တွေကလဲ
အသိမှတ်ပြုကြမှာပါ”လို့ပြောနေတဲ့အချိန်
“မြေတိုက်ထဲမှာ ချုပ်ခံထားရတဲ့ သူတွေရှိသေးတယ်”ဆိုတဲ့အသံကြားတော့ အောင်မြတ်သာက
” သူတို့ကို ကျုပ်ဆီခေါ်လာခဲ့ကြ”လို့ပြောလိုက်တော့
အိမ်အောက်မြေတိုက်ခန်းထဲကနေ ဆွဲခေါ်လာတဲ့
ဦးမှတ်နဲ့သားနှစ်ယောက်ကိုတွေ့လိုက်ရတယ်။
အောင်မြတ်သာလဲ အိမ်ပိုင်ရှင်ဖြစ်သူကိုမြင်တော့
“သင်တို့အနေနဲ့ အခုချုပ်နှောင်ခံထားရတဲ့ဘဝကနေ
ကျွတ်လွတ်ပြီဖြစ်လို့ သင်တို့သွားလိုရာဘဝကို သွားနိုင်ကြပါပြီ – မကောင်းမှုပြုတဲ့သူတွေကိုတော့ မကောင်းတဲ့အပြစ်ဒဏ်ခံယူဖို့ ဆိုင်ရာပိုင်ရာတွေက လာခေါ်ကြလိမ့်မယ် – သင်တို့သည် သည်အိမ်နဲ့လုံးဝမသက်ဆိုင်ကြတော့ဘူး – သင်တို့လွတ်ရာကျွတ်ရာ သွားနိုင်ပြီ”လို့ပြောလိုက်တယ်ဆိုရင်ပဲ မျက်စိအောက်က ဖြတ်ခနဲ ပျောက်ကွယ်သွားကြတယ်။
ဦးမှတ်နဲ့သားနှစ်ယောက်ပျောက်ကွယ်သွားတော့
အောင်မြတ်သာက သက်ခိုင်တို့ကိုကြည့်ပြီး –
“ဖမ်းထားတဲ့နာနာဘာဝတွေကိုတော့ မကြာမီသူတို့ကို ဆိုင်ရာပိုင်ရာက လာခေါ်ကြလိမ့်မယ် ကြည့်နေကြ”လို့ပြောပြီးတဲ့အချိန် မြေကြီးထဲကနေ တစ်ကိုယ်လုံးနီရဲနေပြီး ထန်းတစ်ပင်လောက်အမြင့်ရှိတဲ့ ပုဂ္ဂိုလ်၄ယောက် ထွက်လာတဲ့တယ်။
အဲဒီပုဂ္ဂိုလ်တွေက ဒူးထောက်နေတဲ့ နာနာဘာဝတွေရဲ့ ဂုတ်ကိုကိုင်ပြီး မြေကြီးထဲကို ပြန်ဝင်သွားတာကိုကြည့်ပြီးအောင်မြတ်သာက
“မရေမတွက်နိုင်တဲ့ဘဝတွေအထိ ခံကြဦးပေါ့”လို့ပြောပြီး ကတ္တီပါစံအိမ်ကြီးထဲကနေ လှည့်ထွက်လာခဲ့လိုက်တယ်။
နောက်တစ်နေ့မနက်ရောက်တော့ ဒေါ်စန္ဒိမာနဲ့တွေ့ပြီး ကတ္တီပါစံအိမ်မှာ အနှောက်အယှက်တွေဘာမှမရှိတော့တဲ့အတွက် ဆရာလေးရဲ့ ဆရာဖြစ်သူရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးဖို့မှာရင်း မပြီးဆုံးသေးတဲ့ လမ်းစဉ်ကို ဆက်လျောက်လာခဲ့တော့တယ်။
အောင်မြတ်သာတို့လဲ ခြေဦးတည့်ရာ ခရီးနှင်ရင်းနဲ့ လျောက်သွားခဲ့ရာ နောက်သုံးနှစ်နေတော့ ပုဂံမှာ ဒေါ်စန္ဒိမာနဲ့ပြန်ဆုံဖြစ်ခဲ့တယ်။ ဆရာလေးကတော့ သူ့ဆရာမှာတဲ့အတိုင်း အိမ်ကိုရောင်းပြီး စစ်ကိုင်းတောင်ရိုးပေါ်မှာစေတီတစ်ဆူတည်ခဲ့ပြီးလို့ ဝမ်းသာအားရ ပြောရှာတယ်။
အောင်မြတ်သာကတော့ သာဓုသုံးကြိမ်ခေါ်ပြီး
ဒေါ်စနိ္ဒမာနဲ့လမ်းခွဲခဲ့တယ်။ အောင်မြတ်သာတို့ပုဂံကထွက်လာတော့ လမ်းမှာ တုန်ချိတုန်ချိနဲ့ လမ်းလျောက်လာတဲ့အဖိုးအိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။
အောင်မြတ်သာက အဖိုးအိုကိုမြင်တော့ လွယ်အိတ်ထဲက ရေဘူးကိုထုတ်ပေးလိုက်တယ်။ အဖိုးအိုက ရေဘူးထဲကရေကိုအငမ်းမရသောက်ရင်း


“ရေက တယ်လဲ အေးမြသကိုး
ရေကအေးမြသလို မောင်ရင်ရဲ့ မျက်နှာကလဲ
ကြည်ပြီးရှင်းနေတာပဲ မောင်ရင်က အဖိုးကိုရေတိုက်တော့ အဖိုးကကုသိုလ်ရမယ့်အလုပ်တစ်ခုပေးရမှာပေါ့”ဆိုပြီး ဖျင်ကြမ်းအကျႌအနွမ်းရဲ့ အိတ်ကပ်ထဲကနေ စာရွက်ခေါက်လေးတစ်ခုကို ထုတ်ပြီးပေးပြီးထွက်သွားခဲ့တယ်။ အောင်မြတ်သာလဲ စာရွက်ခေါက်လေးကိုဖြည်ပြီးလို့ ပြန်ကြည့်လိုက်တော့ အဖိုးအိုကိုမတွေ့ရတော့ဘူး။
အောင်မြတ်သာလဲ ဖြည်ထားတဲ့စက္ကူခေါက်လေးထဲမှာပါတဲ့စာကိုဖတ်လိုက်တော့
” ပဲခူးရိုးမတောတစ်နေရာမှာ ဆုတောင်းပြည့်ဘုရားတစ်ဆူကိန်းစပ်စံပယ်တော်မူနေတယ် ဘုရားရဲ့အရွယ်က လက်လေးလုံးလောက်ပဲရှိပေမယ့် အစွမ်းအရမ်းထက်လို့ တောင်စောင့်တောင်စောင့်နတ်ကြီးတွေနဲ့ ယက္ခဂုမ္ဘာန်တွေက ဝါးလုံးအတွင်းမှာ ဗိမ္မာန်ဆောက်ပြီး ကိုးကွယ်ထားကြတယ် အဲဒီဘုရားကိုသွားရောက်ပင့်ဆောင်ပြီး ခုနှစ်ရက်သားသမီးတွေ ဆည်းကပ်ပူဇော်လို့ရအောင် လုပ်ဆောင်ကြ”ဆိုတဲ့စာလေးတွေတော့ အောင်မြတ်သာက ပြုံးလိုက်ပြီး
“သက်ခိုင်ရေ ဒီတစ်ခါ ပဲခူးရိုးမတောထဲ သွားလည်ကြရအောင်”လို့ပြောပြီး ထွက်သွားခဲ့တယ်။
+++++++++
ဒီတစ်ခါတော့ အောင်မြတ်သာတို့ ပဲခူးရိုးမထဲက ဘုရားငယ်ကိုသွားရောက်ပင့်ဆောင်ရာမှာ ဘယ်သူတွေကပညာစမ်းကြမလဲ၊ ဘယ်သူတွေက ကူညီကြမလဲ၊ ဘုရားငယ်ငယ်ကရော ဘယ်လိုတန်ခိုးကြီးသလဲဆိုတာကိုတော့ အောင်မြတ်သာ ဝတ္တုလေးမှာ စောင့်မျျှော်ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment