အောင်မြတ်သာနှင့်ကျောက်စိမ်းကြေးမုံ

” အောင်မြတ်သာနှင့်ကျောက်စိမ်းကြေးမုံ ”
+++++++++++++++++++++

ညကနက်သထက်နက်လာတာနဲ့အမျှ ပိုးကောင်ငယ်လေးတွေရဲ့အော်မြည်သံက တစ်ဖြေးဖြေးကျယ်လောင်လာခဲ့တယ်။ တစ်ခါတစ်ရံ လေတိုက်လို့ သစ်ကိုင်းချင်းပွတ်တိုက်သံ၊ သစ်ရွက်လေချွန်သံတွေက တိတ်ဆိတ်နေတဲ့ညရဲ့ အဓိပ္ပါယ်ကိုပိုမိုပေါ်လွင်စေခဲ့တယ်။
အဲဒီလိုတိတ်ဆိတ်ငြိမ်သက်နေတဲ့ ညသန်းခေါင်အချိန်မှာတော့ လူသူအရောက်ပေါက်နည်းတဲ့ စေတီပျက်တစ်ဆူပေါ်မှာတော့ အောင်မြတ်သာတို့ဆရာတပည့်တွေရဲ့ဝင်လေထွက်လေရှုရှိုက်နေတဲ့အသံအချို့က
စည်းချက်ညီစွာထွက်ပေါ်လာခဲ့တယ်။
သမာဓိအားကို ခိုင်မာအောင်တည်ဆောက်ပြီး ရှုမှတ်နေတဲ့အတွက် သမထက ပိုမိုအားကောင်းလာခဲ့တယ်။ နှာခေါင်းထိပ်ကနေရှုသွင်းလိုက်တဲ့လေကြောင့် မွှေးညှင်းနုလေးတွေ လှုပ်ခတ်သွားပုံ၊ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် အေးမြတဲ့လေဝင်ရောက်သွားပုံတွေကို ရုပ်ရှင်ပြသလို တစ်ဆင့်ချင်းမြင်ယောင်လာခဲ့တယ်။ အဲဒီအချိန် မျက်လုံးထဲမှာ စကားလုံးနဲ့ဖော်ပြလို့မရတဲ့ အလင်းတန်းအချို့ကို စူးရှစွာမြင်လိုက်ရတဲ့အတွက် အောင်မြတ်သာရဲ့မျက်ခုံးတွေ မသိမသာကျုံ့သွားခဲ့တယ်။ အလင်းရောင်တန်းတွေပျောက်သွားတဲ့အချိန်မှာတော့ ကြေးလင်ဗန်းနဲ့ပြင်ထားတဲ့ ကန်တော့ပွဲငါးပွဲရဲ့အရှေ့မှာ တင်ပလ္လင်ခွေထိုင်ပြီး ဂါထာတစ်ပုဒ်ကို တစ်တွတ်တွတ်ရွတ်ဆိုနေတဲ့ မိန်းမတစ်ယောက်ကို ဖျတ်ခနဲမြင်တွေ့လိုက်ရတယ်။ သူ့ရဲ့အရှေ့မှာတော့ သွေးသံတရဲရဲဖြစ်နေတဲ့ လက်ချောင်းတွေအပြင် တစ်ဆတ်ဆတ်ခုန်နေတဲ့ ကိုယ်တွင်းကလီစာအချို့ကိုမြင်လိုက်ရတယ်။ အဲဒီမြင်ကွင်းပြီးတာနဲ့ ပုံရိပ်တွေဖျတ်ခနဲပျောက်သွားပြီး မျက်နှာကိုအဝတ်နဲ့ဖုံးထားတဲ့လူတစ်ယောက်က ကန်တော့ပွဲတွေအရှေ့မှာတင်ထားတဲ့ အရာတစ်ခုကို ခိုးယူကာ ပြန်ထွက်သွားတာကိုမြင်လိုက်ရတယ်။
အောင်မြတ်သာလဲ အတွေးနောက်မလိုက်ပဲ ပေါ်လာတဲ့အာရုံကိုချက်ချင်းဖျောက်ပြီး သမထကိုတည်မြဲအောင်သာကြိုးစားရှုမှတ်လာခဲ့တာ မနက်အရုဏ်တက်လင်းကြက်တွန်သံကြားတော့မှ မှိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်ကာ တရားဖြုတ်ခဲ့တယ်။ တရားဖြုတ်ပြီးချိန်မှာတော့ သက်ခိုင်နဲ့ တောက်ရတို့ပြင်ဆင်ပေးထားတဲ့အရာတွေနဲ့ ကိုယ်လက်သန့်စင်ပြီး စေတီကို လက်ယာရစ်ပတ်ကာ စင်္ကြန်လျောက်နေခဲ့တယ်။
“ ဆရာ— ဆရာလေး —”
အနောက်ကနေ တုန်တုန်ရီရီနဲ့ခေါ်တဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ မျက်နှာကိုလက်နဲ့အုပ်ထားပြီး အမွှေးကြမ်းတွေထူထပ်စွာပေါက်နေတဲ့ခန္ဓာကိုယ်ပေါ်မှာညစ်နွမ်းနေတဲ့ယောဂီစပတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကိုမြင်လိုက်ရတယ်။
“ သင်ကဘယ်သူပါလဲ”
“ ကျွန်တော်က ဘုရားပေါ်မှာနေတဲ့ သဘက်ကြီးတိုက်မောင်းပါ”
“ သင့််ကိုကြည့်ရတာ အသက်အတော်ကြီးမယ့်ပုံပဲ— ကဲ ဆိုစမ်းပါဦး ဘာကိစ္စများလဲ”
“ ကျွန်တော်ရဲ့သက်တမ်းက နှစ်၃၀၀ရှိပါပြီ— ဘုရားပေါ်မှာ နေတဲ့နှစ်က ၁၀၀လောက်ပဲရှိပါသေးတယ်။ အခု ကျွန်တော် ပြောချင်တာက ဆရာလေးတို့မှာပါလာတဲ့ ကျောက်စိမ်းပြားအကြောင်းပါ”
“ ကျောက်စိမ်းပြားကဘာဖြစ်လို့လဲ—”
“ ဆရာလေးတို့ယူလာတဲ့ ကျောက်စိမ်းပြားကြောင့် ဘုရားမှာနေတဲ့ နာနာဘာဝအငယ်လေးတွေက​ အတော်ကြောက်လန့်နေကြပါတယ်”
“ ဟင် — ဘာဖြစ်လို့ ကြောက်လန့်နေကြတာလဲ ပြောပြပါဦး”
“ ကျောက်စိမ်းပြားမှာပါတဲ့ အရုပ်တွေက သာမန်မဟုတ်ဘူးဆရာလေး– အရင်ခေတ်က အဆင့်မြင့်ပညာသည်တွေကိုယ်တိုင် ဘုရင့်အမိန့်နဲ့စီရင်ထားတဲ့ မြို့ရိုးစောင့်အစီအရင်တွေဖြစ်နေလို့ပါ”
“ ဒီကျောက်စိမ်းပြားကို သာမန်လူတစ်ယောက်ဆီကနေ ရလာခဲ့ပေမယ့်– ထူးဆန်းတာကိုတော့သတိထားမိခဲ့တယ်။ ဒါပေမယ့် အန္တရာယ်လဲမပေးတော့ သူ့သဘာဝအတိုင်းရှိနေပါစေဆိုပြီး အိတ်ထဲထည့်ထားလိုက်တာ”
“ ဆရာလေးတို့ တရားထိုင်နေတဲ့အချိန် အဲဒီကျောက်စိမ်းပြားထဲကနေ ထိုးကွင်းမှင်ကြောင်တွေထိုးထားပြီး ပါးမှာသနပ်ခါးကွက်ကို ထင်းနေအောင်လူးထားတဲ့ လူထွားကြီးတစ်ယောက်ထွက်လာခဲ့တယ်။ သူ့အရှိန်အဝါက အတော်ကြီးလို့ ရင်ပြင်မှာနေတဲ့ ကလေးတွေအကုန်ကြောက်လန့်ပြီး ကျွန်တော်ဆီရောက်လာခဲ့ပါတယ်။ ဆရာလေးတို့ သူ့ကိုအလွတ်မပေးပဲ စောင့်ကြည့်ပြီး ကျွန်တော်တပည့်သားမြေးတွေကို ကူညီပေးပါလို့ တောင်းဆိုပါရစေ”
အောင်မြတ်သာလဲ သဘက်ကြီးတိုက်မောင် တစ်ဖြစ်လဲ အဖိုးတိုက်မောင်းပြောတဲ့စကားတွေကို သေချာစဉ်းစားလိုက်ပြီး –
“ ကျုပ်တို့ဆီမှာရှိနေတဲ့ ပစ္စည်းကြောင့် နောက်ထပ်ဒီလိုပြဿနာမျိုးမဖြစ်စေရဘူးလို့ ကတိပေးပါတယ်”
“ ကျေးဇူးတင်ပါတယ် ဆရာလေး — ကျုပ်လေ ဆရာလေးကိုမြင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀ကျော်လောက်က ဆုံတွေ့ခဲ့တဲ့သူတစ်ယောက်ကိုသတိရမိတယ်။ သူ့ကြောင့် ဆိုးသွမနေ အခုလိုအခြေအနေရောက်လာခဲ့တာ”
“ ဘယ်လောက်ပဲ ဆိုးသွမ်းပါစေ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်ဆိုတဲ့အချက်နဲ့တင် အဖိုးက ပုဂ္ဂိုလ်ကောင်းတစ်ပါးဖြစ်နေပါပြီ– ခုနက ကိစ္စအတွက်လဲ စိတ်မပူပါနဲ့ ကျုပ်တို့အတတ်နိုင်ဆုံးရှင်းပေးပါမယ်”
“ ကောင်းပါပြီဆရာလေး— အလင်းရောင်လဲထွက်နေပြီဆိုတော့ ကျွန်တော်ကိုခွင့်ပြုပါဦး”
မျက်နှာတစ်ခုလုံး အမွှေးကြမ်းတွေနဲ့ဖုံးနေတဲ့ အဖိုးတိုင်မောင်းက ပခုံးပေါ်ကနေလျောကျလုဆဲဆဲဖြစ်နေတဲ့ယောဂီစကိုဆွဲတင်ကာ တံခွန်တိုင်ဘေးကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာလဲ တနင်္ဂနွေထောင့်မှာရှိတဲ့ စောင်းတန်းကိုပြန်ရောက်လာတဲ့အချိန် တောက်ရက
“ ဆရာ — ကျွန်တော်ညက တရားထိုင်နေတုန်း နားထဲမှာ ဓါးသွေးတဲ့အသံတွေကြားနေရတယ်–နောက်ပြီး အရမ်းပြင်းတဲ့သွေးညှီနံ့တွေလဲရတယ်”
တောက်ရစကားကိုကြားတော့ သက်ခိုင်က –
“ ငါက သနပ်ခါးနံ့နဲ့သွေးညီနံ့ရောနေတဲ့ အနံ့မျိုးရတာ… ဆရာ အဲဒါကောင်းခြင်းတော့မဖြစ်နိုင်ဘူးထင်တယ်”
“ရင်ပြင်မှာရှိတဲ့အဖိုးပြောစကားတွေနဲ့ မင်းတို့နှစ်ယောက်ပြောတဲ့စကားတွေကိုချင့်ချိန်စဉ်းစားလိုက်ရင် ငါတို့ယူလာတဲ့ကျောက်စိမ်းပြားမှာ ပြဿနာရှိနေပြီထင်တယ်”
“ ဗျာ … ကျောက်စိမ်းပြားကို ကြည့်တာတော့ ထူးခြားမှုမတွေ့မိဘူး”
“ ဘယ်လိုပဲဖြစ်ဖြစ် ဒီည သေချာသိအောင် စမ်းကြည့်ပြီးမှ ဘာဆက်လုပ်မလဲ ဆုံးဖြတ်ကြတာပေါ့”
အောင်မြတ်သာစကားကိုကြားတော့ သက်ခိုင်နဲ့ တောက်ရတို့ရဲ့အကြည့်တွေက ကျောက်စိမ်းပြားထည့်ထားတဲ့ လွယ်အိတ်ပေါ်ကိုရောက်သွားခဲ့ကြတယ်။
– – – – – – – – –
တစ်နေကုန်ခြစ်ခြစ်တောက်ပူခဲ့တဲ့အပူရှိန်က ညဘက်လဲရောက်ရော သူမဟုတ်တဲ့အတိုင်းမျက်နှာလွှဲသွားခဲ့ပေမယ့် အနောက်ဘက်လေညှင်းတွေကတော့ စေတီရဲ့ထီးတော်မှာချိတ်ဆွဲထားတဲ့ ခေါင်းလောင်းငယ်လေးတွေကို ထိတွေ့ကာကျီစယ်နေခဲ့ကြတယ်။
“ ချလွင် ချလွင် ချွင်”
နားဝင်ချိုလှတဲ့ ခေါင်းလောင်းသံတွေနဲ့အတူ ဖိုခနောက်ဆိုင်ထိုင်နေကြတဲ့ လူသုံးယောက်ဆီကနေ ဂါထာတစ်ပုဒ်ရွတ်ဆိုသံသဲ့သဲ့ထွက်လာခဲ့တယ်။
“ ဖျတ်ဖျတ်ဖျတ် — ဂလက် ဂလက်”
ဂါထာရွတ်ဆိုအပြီးမှာတော့ လူသုံးယောက်အလယ်မှာရှိနေတဲ့ ကျောက်စိမ်းပြားက ငါးရံ့ပြာလူးသလို တဖျတ်ဖျတ်နဲ့ခုန်လာပါလေရော။
“ ဒီကျောက်စိမ်းပြားမှာစွဲကပ်နေတဲ့အရာမှန်သမျှ ကျုပ်အရှေ့သို့ထွက်လာစေ… ဤအမိန့်သည် အထက်ဆရာကြီးများနဲ့ သက်ဆိုင်ရာနတ်ကောင်းနတ်မြတ်တို့ထံခွင့်တောင်းပြီးပေးတာဖြစ်လို့မဆိုင်သူဝင်ရောက်နှောက်ယှက်ပါက မီးလောင်ကျွမ်းပြီးပြာမှုန်အတိဖြစ်စေသား”
အောင်မြတ်သာက မာန်ဌာန်အပြည့်နဲ့အမိန့်ပြန်ပြီး ရင်ပြင်ကိုလက်ဝါးနဲ့ရိုက်လိုက်ရာ ငြိမ်နေတဲ့ ကျောက်စိမ်းပြားဆီကနေ မီးခိုးရောင်အငွေ့တွေထွက်လာခဲ့တယ်။ အငွေ့တွေပျောက်သွားတာနဲ့ တောင်ရှည်ပုဆိုးကိုခါးတောင်းကျိုက်ထားကာ ပေါင်မှာလဲ ထိုးကွင်းမှင်ကြောင်အပြည့်နဲ့လူထွားကြီးတစ်ဦးပေါ်လာပြီး လက်ခမောင်းကိုတစ်ဖျောင်းဖျောင်းမြည်အောင်ခတ်ပါလေရော။
“ သင် ဘယ်သူလဲဆိုတာအမှန်တိုင်းဖြေပါ”လို့ပြောလိုက်တော့အရပ်အမောင်းက ဆယ်တောင်လောက်ရှိပြီး ပါးနှစ်ဖက်မှာလဲ ညီညာတဲ့သနပ်ခါးပါးကွက်ကိုလိမ်းချယ်ထားတဲ့ လူထွားကြီးက အောင်မြတ်သာတို့ကိုငုံ့ကြည့်ကာ
“ ငါ့နာမည်က ငစိန် — နင်တို့က ငါ့ကိုနေလို့မရအောင် ဘာကြောင့်လုပ်တာလဲ— ဟမ်းး”ဆိုပြီးအသံနက်ကြီးနဲ့အော်ပါလေရော။
အောင်မြတ်သာကတော့ လက်ခမောင်းခတ်နေတဲ့ လူထွားကြီးကို ဖြောင့်စင်းနေတဲ့မျက်တောင်လှန်ရုံသာမော့ကြည့်လိုက်ပြီး
“ ကျုပ်တို့က သင်အန္တရာယ်ဖြစ်အောင် နာကျင်အောင်လုပ်မယ့်သူတွေမဟုတ်ပါဘူး… ကျုပ်တို့သိချင်တာတွေဖြေပေးပြီးရင် သင့်နေရာကိုပြန်ပို့ပေးမှာပါ”
“ ငါအိပ်နေတာကို ဘုရားစာရွတ်တဲ့အသံတွေနဲ့နှိုးလိုက်ထဲက စိတ်တိုနေတာနော်… “
“ ဘုရားသံတရားသံကြားပြီး စိတ်တိုတယ်လို့ပြောထဲက သင်ကကောင်းတဲ့သူတော့မဟုတ်လောက်ဘူး”
“ ငါ့ဘဝမှာ ကုသိုလ်ဆိုတာ ဘာမှန်းတောင်မသိခဲ့ဘူး… ငါသိတာက မင်းတရားကြီးရဲ့အမိန့်ကိုလွန်ဆန်သူတွေ၊ ခိုးဆိုးလုနှိုက်တဲ့သူတွေရဲ့ လည်ပင်းကို လက်သုံးတော်ဓါးနဲ့တိခနဲပြတ်အောင်ဖြတ်ဖို့ပဲ… ဟားဟားဟား”
“ သင်လို အာဏာပါးကွက်သားက ဘယ်လိုကြောင့် ဒီလိုအစီအရင်ထဲရောက်နေခဲ့တာလဲ”
“ ငါကို နန်းတွင်းကဝေအချုပ်အဖွားကြီးက ဒီထဲထည့်ခဲ့တာ… ငါ့လိုပဲ လက်ယာဓါးသမားအဖွဲ့က သွေးသောက်ငဘုန်းမြတ်၊ ဝီယော်မြင်းတပ်ဖွဲ့က အိုးစားငကောင်းနဲ့ လက်မရွံ့လူသတ်သမားငဘိုးတေတို့လဲ ထည့်ပိတ်ခံခဲ့ရတယ်”
“ ဟင် သူတို့ကရော ဒီထဲမှာ မဟုတ်ဘူးလား”
“ ဒီထဲမှာ ငါတစ်ယောက်ပဲရှိတယ်… ငါ့ကိုထိန်းချုပ်ထားတဲ့ အနှောင်အဖွဲ့တွေထဲက တစ်ခုကမနေ့ညက သူ့အလိုလိုပြေလျော့သွားတဲ့အတွက် အပြင်ကိုထွက်ခွင့်ရခဲ့တာ”
“ သင်ကအပြင်ကိုထွက်ခွင့်ရရဲ့သားနဲ့ ဘာလို့အထဲကိုပြန်ရောက်နေတာလဲ”
“ မင်းတရားကြီးက သူ့ရဲ့နန်းတော်အသစ် ဝင်ပေါက်မှာ ငါ့ကိုစောင့်ကြပ်ဖို့အမိန့်ပြန်ခဲ့တဲ့အတွက် ငါအမှုတော်ကိုထမ်းရဦးမယ်… ဘာအကြောင်းကြောင့်နဲ့မှ ငါအမိန့်ကိုမလွန်ဆန်ဘူး”
“ ဒါဆိုရင် သင်အချုပ်နှောင်ခံထားရတဲ့ ကျောက်စိမ်းပြားလိုမျိုး နောက်ထပ်သုံးခုရှိသေးတာပေါ့”
“ အစီအရင်တွေကို မင်းတရားကြီးဆီဆက်သမယ့်ညမှာ ငါကိုချုပ်နှောင်ထားတဲ့ကျောက်စိမ်းပြားကို ကဝေအချုပ်အဖွားကြီးရဲ့ တပည့်တစ်ယောက်ကခိုးယူထွက်ပြေးသွားခဲ့တယ်… ဒါကြောင့် ငါဆိုတဲ့ကောင်က မင်းတရားကြီးရဲ့ အမိန့်အရ အနောက်ဘက်တံခါးမုဒ်ဦးကို စောင့်ရှောက်ရမယ့် တာဝန်ရှိနေခဲ့တယ်”
“ ဒါဆိုရင် သင်တို့က နန်းမြို့အသစ်တည်တုန်းက စတေးခံခဲ့ရတဲ့သူတွေပေါ့”
“ တယ် ရာရာစစ စတေးခံတယ်တဲ့လား… ငါတို့က ကိုယ့်ဆန္ဒနဲ့ကိုယ် အမှုတော်ထမ်းခဲ့တာကွ”
“ ကျုပ်တို့လဲ သိသင့်သလောက်သိရပြီဆိုတော့ သင်ပြန်နိုင်ပါပြီ”လို့ပြောလိုက်တော့ ထိုးကွင်းမှင်ကြောင်အပြည့်နဲ့ အာဏာပါးကွက်သားက အခိုးအငွေ့တွေဖြစ်ကာ ပျောက်ကွယ်သွားခဲ့တယ်။
– – – – – – – – –
နောက်တစ်နေ့ မနက်အရုဏ်တက်တဲ့အချိန်ရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်တွေ ဘုရားရင်ပြင်ပေါ်ကနေဆင်းပြီး တောင်ဘက်စူးစူးအရပ်ကိုခရီထွက်ခဲ့ကြတယ်။
ခြေလျှင်တစ်တန် လှည်းတစ်တန်ဖြင့် နှစ်ရက်ခန့်ခရီးဆက်ပြီးတဲ့အခါမှာတော့ ဆင်းရဲတဲ့လူတန်းစားတွေနေထိုင်တဲ့ ဆင်ခြင်ဖုံးရပ်ကွက်တစ်ခုကိုရောက်လာခဲ့တယ်။
အင်ဖက်တွေမိုးထားတဲ့ တဲသေးသေးလေးတွေကို မြေကမူထက်မှာဖြစ်သလိုဆောက်ပြီးနေထိုင်ကြတဲ့လူတွေက အောင်မြတ်သာတို့ကိုမြင်တော့ အလှူခံတဲ့လူတွေလို့ထင်ပြီး လက်ခါမောင်းထုတ်ကြပေမယ့် အသားအရည်ပိန်လှီမဲခြောက်နေတဲ့လူတစ်ယောက်ကတော့ နွမ်းနယ်ပြီးအမဲကွက်တွေထနေတဲ့ ရခိုင်ငှက်ပျောသီးသုံးလုံးကို လာကမ်းပေးကာ
“ ကျုပ်တို့မှာလဲ ဒါပဲရှိလို့ ကောင်းသည်ဆိုးသည်သဘောမထားပဲ လက်ခံပေးပါ” လို့ပြောလိုက်တော့ အောင်မြတ်သာက ချေးအထပ်ထပ်ပေနေတဲ့လက်နဲ့ကိုင်ထားတဲ့ ငှက်ပျောသီးသုံးလုံးကိုယူကာ တစ်လုံးကိုသူ့အရှေ့မှာတင် ကုန်စင်အောင်စားပြလိုက်တယ်။
“ သာဓု သာဓု သာဓု ဤသို့လှူဒါန်းရတဲ့အကျိုးကို မျက်မှောက်ကာလမှာ အပြည့်အဝခံစားနိုင်ကြပါစေ”ဆိုပြီးဆုပေးကာ မြေနီလမ်းအတိုင်းထွက်သွားခဲ့တယ်။
မြေနီလမ်းကျဉ်းကနေ နာရီဝက်လောက်လမ်းလျောက်ပြီးတဲ့အချိန်မှာတော့ ဖြစ်သလိုမြုပ်နှံထားတဲ့ မြေပုံတွေထဲကနေ တစ်ပိုင်းတစ်စထွက်နေတဲ့ အလောင်းကောင်တွေကို စိမ်ပြေနပြေကိုက်ဖဲ့စားသောက်နေတဲ့ တောခွေးလေးငါးကောင်ကိုမြင်လိုက်ရတယ်။
ပွဲတော်တည်နေတဲ့တောခွေးတွေက အောင်မြတ်သာတို့ကိုလဲမြင်ရော ဘေးနားမှာရှိတဲ့ ဘိစပ်တောတွေထဲကို တိုးဝင်ထွက်ပြေးသွားခဲ့တယ်။
“ ဒီနေရာမှာ အခြေချပြီး ခဏနေရဦးမယ်ထင်တယ်”
“ ဒီလိုနေရာမှာ နေမယ်ဆိုထဲက အရေးကြီးကိစ္စရှိလို့မဟုတ်လား ဆရာ”
တောက်ရစကားကိုအောင်မြတ်သာက ဘာမှပြန်မပြောပဲ အသုဘချမယ့်သူတွေကို သရဏဂုံတင်ဖို့ ဖြစ်သလိုဆောက်ထားတဲ့ ဇရပ်ပေါ်ကိုတက်သွားခဲ့တယ်။

ညသန်းခေါင်အချိန်ရောက်တော့ သင်္ချိုင်းအနောက်ဘက် ဖုန်းဆိုးတောထဲကနေ မီးအလင်းရောင်တွေထွက်လာတာကိုမြင်လိုက်ရတယ်။
“ ဆရာ.. ညကြီးအချိန်မတော် မီးတုတ်တွေနဲ့ပါလား”
သက်ခိုင်စကားကြောင့် အောင်မြတ်သာက တစ်ခုခုကိုစဉ်းစားမိပြီး
“ ဇရပ်ပေါ်က မီးတွေအကုန်ငြိမ်းပြီးကြည့်နေ… အသံမထွက်စေနဲ့” လို့ပြောကာ လွယ်အိတ်ထဲမှာထည့်ထားတဲ့ ကျောက်စိမ်းပြားကို ခရုပတ်အင်းနဲ့ပတ်လိုက်တာကို သက်ခိုင် သတိထားမိလိုက်တယ်။
ခဏနေတော့ နီညိုရောင်တောင်ရှည်ပုဆိုးကို ခါးတောင်းကျိုက်ထားတဲ့ လူလေးယောက်က တစ်ကိုယ်လုံးသွေးသံတရဲရဲဖြစ်နေတဲ့ ယောင်္ကျားတစ်ယောက်ကို သင်္ချိုင်းအလယ်မှာဒူးထောက်ထိုင််ခိုင်းပြီး လက်ထဲမှာရှိနေတဲ့ ဓါးနဲ့ဇက်ကိုတိခနဲပြတ်အောင် ပိုင်းချလိုက်တာမြင်လိုက်ရတယ်။
အောင်မြတ်သာတို့လဲ သွေးပျက်ဖွယ်မြင်ကွင်းကို မျက်တောင်မခတ်တမ်းကြည့်နေတဲ့အချိန် လွယ်အိတ်ထဲမှာရှိနေတဲ့ ကျောက်စိမ်းပြားက တစ်ဆတ်ဆတ်တုန်လာတာသတိထားမိခဲ့တယ်။
ဒါကိုသတိထားမိတဲ့သက်ခိုင်က လွယ်အိတ်ကိုယူမလို့ လက်ရွယ်လိုက်ရာ အောင်မြတ်သာက အသာနေဖို့ လက်ကာပြခဲ့တယ်။ ခဏနေတော့ ခေါင်းပြတ်ကာမလှုပ်မယှက်ဖြစ်နေတဲ့ အလောင်းကောင်က တစ်ဖြေးဖြေးလှုပ်လာပြီး ပြတ်ကျသွားတဲ့ဦးခေါင်းကိုကောက်ယူကာ လည်ပင်းမှာတေ့လိုက်ရုံနဲ့ အကောင်းပကတိပြန်ဖြစ်သွားတာကိုလဲ အံ့အားသင့်ဖွယ်မြင်လိုက်ရတယ်။
ခဏနေတော့ ခါးထောင်းကျိုက်ထားတဲ့လူတွေက ဒူးထောက်ထိုင်နေတဲ့လူကိုဆွဲထူပြီး လာရာလမ်းအတိုင်းပြန်ထွက်သွားခဲ့တယ်။
မီးရောင်တွေတစ်ဖြေးဖြေးမှိန်ပြီးပျောက်ကွယ်သွားတဲ့အချိန်ရောက်တော့ သက်ခိုင်က ဖယောင်းတိုင်မီးတွေပြန်ထွန်းကာ
“ ဆရာ ခုနက မြင်လိုက်ရတာတွေက ဘယ်လိုအဓိပ္ပါယ်ဖြစ်မလဲ… နောက်ပြီး သူတို့လာတာနဲ့ ကျောက်စိမ်းပြားတုန်ခါမှုပိုပြင်းလာတာကိုလဲသတိထားမိခဲ့တယ်”
“ ငါတို့လာတဲ့လမ်းမှာ မြေသားကုန်းမြင့်တွေကိုမြင်တယ်မဟုတ်လား–”
“ ဟုတ်ကဲ့ မြင်ခဲ့ပါတယ်”
“ အဲဒီကမူတွေက ရှေးဟောင်းနန်းမြို့ရိုးတွေပဲ… ငါတို့လက်ထဲမှာရထားတဲ့ကျောက်စိမ်းပြားကလဲ ဒီမြို့နဲ့ပတ်သတ်မှုရှိနေတယ်။ ဒါကြောင့် ဒီနေ့ရာကို ရောက်အောင်လာခဲ့တာ။ ခုနကမြင်တဲ့အရာတွေက အခုထိမကျွတ်ပဲမြို့ကိုစိတ်စွဲနေကြတဲ့ကျတ်တစ္ဆေတွေပဲ”
“ အော် အဲလိုလား…ဒါနဲ့ ဆရာက ကျောက်စိမ်းပြားထဲက ပုဂ္ဂိုလ်ကို ကျွတ်လွတ်အောင်လုပ်ပေးဖို့ ဒီကိုလာခဲ့တာပေါ့”
“ မဟုတ်ဘူး သက်ခိုင်… သူ့ကိုယ်တိုင်က ကျွတ်လွတ်ချင်တဲ့စိတ်မရှိတဲ့အတွက် ငါတို့က အတင်းအကြပ်ကျွတ်လွတ်အောင်လုပ်ပေးလို့မရဘူး။ အခုငါတို့လာတာက မြို့ရိုးဝင်ပေါက်လေးခုမှာမြုပ်ထားတဲ့ ကျောက်စိမ်းအစီအရင်တွေကို ရယူဖို့ပဲ”
“ ဗျာ… အဲဒီအစီအရင်တွေကိုယူပြီး ဘာလုပ်မလို့လဲဆရာ”
“ အမှန်တကယ်ကျွတ်လွတ်ချင်တဲ့သူတွေကို လွှတ်ပေးဖို့ဆိုတာပဲသိထားပါ။ ကဲ ဒီနေ့တော့ နားလိုက်ကြဦး..မနက်ဖြန်မနက်အရုဏ်တက်တာနဲ့ မြို့ဝင်ပေါက်လေးခုကိုရှာကြတာပေါ့”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ ညဘက်မှာလုပ်စရာရှိတဲ့အမှုကိစ္စတွေကိုပြုလုပ်ပြီး အိပ်ယာဝင်ခဲ့ကြတယ်။ အဲဒီအချိန် ခေါင်းမှာပဝါအနက်ရောင်ပတ်ထားတဲ့လူတစ်ယောက်က အမှောင်ထုထဲကနေ ဇရပ်ပေါ်စူးစိုက်ကြည့်နေတာ ဘယ်သူသတိမထားမိခဲ့ကြဘူး။
– – – – – – – – –
မနက်အရုဏ်တက်ချိန်ရောက်တော့ သင်္ချိုင်းအနောက်ဘက်မှာရှိတဲ့ မြို့ရိုးဘက်ကိုစတင်ထွက်ခွါခဲ့ကြတယ်။ မပြုမပြင်ပဲနှစ်ပေါင်းများစွာထားခဲ့တဲ့အတွက် အချို့နေရာတွေမှာအုတ်ချပ်တွေမရှိတော့ပဲ မြေသားကမူလေးတွေသာကျန်နေခဲ့တယ်။
မြို့ရိုးတောက်လျောက် ကြည့်ရှုရင်းထွက်လာခဲ့ရာ နေထန်းတစ်ဖျားလောက်လဲရောက်ရော မြို့အဝင်ဂိတ်ပုံစံအုတ်ကျောနေရာတစ်ခုကိုမြင်တော့ သက်ခိုင်က
“ ဆရာ ဒီနေရာက ဝင်ပေါက်လေးခုထဲက တစ်ခုဖြစ်နိုင်တယ်နော်”လို့ပြောတော့ အောင်မြတ်သာက
“ ဟုတ်မဟုတ် သေချာသိရအောင်လုပ်လို့ရတဲ့နည်းတစ်ခုရှိတယ်”လို့ပြောကာ ခရုပတ်အင်းနဲ့ပတ်ထားတဲ့ ကျောက်စိမ်းပြားကို မြို့ရိုးပေါ်တင်လိုက်တဲ့အချိန် မြေအောက်ထဲကနေ အသံနက်ကြီးနဲ့အော်လိုက်တဲ့အသံလှိုင်းတစ်ခုကို ရှင်းလင်းစွာကြားလိုက်ရတယ်။
“ သေချာပြီ… ဒါက သူတို့အချင်းချင်းသိတဲ့အဓိပ္ပါယ်ပဲ.. အခုချက်ချင်း မြို့ရိုးမှာမြုပ်ထားတဲ့အစီအရင်ကို ယူကြရအောင်။ တောက်ရက ခရုပတ်အင်းကို အသင့်ပြင်ထားပြီး အစီအရင်ထွက်လာတာနဲ့ အုပ်ပြီးဖမ်းပေတော့”ဆိုပြီးပြောတော့ တောက်ရက ခရုပတ်အင်းကို ကိုင်ထားပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။
အောင်မြတ်သာလဲ မြို့ရိုးဝင်ပေါက်အလယ်တည့်တည့်မှာ တင်ပလ္လင်ခွေထိုင်လိုက်ပြီး ဘေးပတ်လည်ကိုစည်းချနေတဲ့အချိန် အလွန်ကြီးမားတဲ့အရိပ်တစ်ခုကို မြင်ပြီးမော့ကြည့်လိုက်ရာ ထန်းတစ်ပင်လောက်မြင့်တဲ့အရပ်နဲ့ မြို့ရိုးကိုခွပြီးရပ်နေတဲ့ အကောင်တစ်ကောင်ကိုမြင်လိုက်ရတယ်။
“ မြတ်စွာဘုရား နည်းတဲ့ကောင်ကြီးမဟုတ်ဘူး”
ရုတ်တရက်မြင်လိုက်ရတာကြောင့် တောက်ရနဲ့ သက်ခိုင်တို့ ပါးစပ်အဟောင်းသားဖြစ်ပြီး အံ့ဩသွားတဲ့အချိန် ခွပြီးရပ်နေတဲ့အကောင်က အောင်မြတ်သာရဲ့မျက်နှာတည့်တည့်ကို ငှက်ပျောရွက်သုံးရွက်စာလောက်ကြီးမားတဲ့ ခြေထောက်နဲ့နင်းဖို့ရွယ်လိုက်တဲ့အချိန် မမြင်ရတဲ့တွန်းကန်အားတစ်ခုကြောင့် ဟန်ချက်ပျက်ကာ ဘေးကိုယိုင်ထွက်သွားခဲ့တယ်။
“ နေ့ခင်းကြောင်တောင်အချိန်တောင် ကိုယ်ထင်ပြနိုင်တယ်ဆိုတော့ သင်က ဒီမြို့ကိုစောင့်ကြပ်နေတဲ့ သူပဲဖြစ်ရမယ်… “
အောင်မြတ်သာစကားကြောင့် ဘေးကိုယိုင်ကျသွားတဲ့ အကောင်ကြီးက စိတ်ဆိုးပြီး ကြီးမားကြမ်းတမ်းတဲ့ လက်ဝါးနဲ့ရိုက်ဖို့ရွယ်လိုက်တဲ့အချိန် ဦးခေါင်းရဲ့လေးဘက်လေးတန်ကနေ သန်လျက်ကိုယ်စီကိုင်ထားတဲ့ နတ်ဘီလူးလေးပါးပေါ်လာပြီး
“ ရိုက်ချလိုက်စမ်း… သင် ရိုက်တာနဲ့ ကျုပ်တို့လက်ထဲကိုင်ထားတဲ့ သန်လျက်တွေက သင့်ဦးခေါင်းကို ရှစ်စိပ်ကွဲအောင် ခွဲစေရမယ်ဟေ့” လို့ကြိမ်းဝါးတော့မှ ရွယ်ထားတဲ့လက်ကိုပြန်ချကာ အနောက်ကိုဆုတ်သွားခဲ့တယ်။
“ ကဲ မြို့စောင့်ပုဂ္ဂိုလ်အနေနဲ့ ကျုပ်ကိုအထင်အမြင်မှားနေတာကိုရှင်းပြပါရစေ… သင့်ရဲ့အတ္တဘောရုပ်သွင်ကို သာမန်အဖြစ်ဖန်ဆင်းပြီး ကျုပ်အရှေ့လာရောက်ဖို့ မေတ္တာရပ်ခံပါတယ်” လို့ပြောလိုက်တော့မှ ထန်းတစ်ပင်အရပ်လောက်ရှိတဲ့အကောင်ကနေ တစ်ဖြေးဖြေးသေးငယ်သွားပြီး ဆင်စွယ်ရောင်ချိတ်ပုဆိုးနဲ့ အဝါနုရောင်အင်္ကျီကို ကျနစွာဝတ်ဆင်ထားတဲ့ လူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။
“ သင် က သိုက်ဆရာလော.. ဒါမှမဟုတ် ငါတို့ကို ဖမ်းဆီးချုပ်နှောင်ခိုင်းစေမယ့်ဆရာလော…”
မျက်နှာမှာ ကန့်လန့်ဖြတ်ဓါးခုတ်ရာအမှတ်အသားနဲ့ ပုဂ္ဂိုလ်ရဲ့ မာထန်တဲ့အမေးကြောင့် အောင်မြတ်သာ ခေါင်းက်ုတွင်တွင်ခါယမ်းလိုက်ပြီး
“ ကျုပ်ကသင်ထင်သလို လူစားမဟုတ်ပါဘူး… ကျုပ်တို့ဒီကိုလာတာက ကျောက်စိမ်းကြေးမုံလေးခုကို ခေတ္တအသုံးပြုဖို့ပါ… သင်ကဒီမြို့စောင့်ပုဂ္ဂိုလ်ဆိုတော့ ဒီအစီအရင်အကြောင်းသိမယ်ထင်ပါတယ်”
“ မဖြစ်နိုင်ဘူး… ကျောက်စိမ်းကြေးမုံကိုသုံးရင် ကဝေချုပ်ရဲ့ဝိဉာဉ်ပြန်လည်လွတ်မြောက်လာလိမ့်မယ်”
“ ကဝေချုပ်ရဲ့ဝိဉာဉ်ပြန်လည်လွတ်မြောက်လာမယ်ဆိုတာ ဘယ်လိုမျိုးလဲ ပြောပါဦး”
“ ကဝေချုပ်က သူတတ်အပ်တဲ့ပညာနဲ့ မြို့ဝင်ပေါက်တိုင်းမှာ ခေါင်းဆောင်တစ်ယောက် ငယ်သားရှစ်ယောက်ကိုစတေးပြီး အစီအရင်တွေလုပ်ခဲ့တယ်၊ ဒါပေမယ့် အစီအရင် ထည့်သွင်းမယ့်နေ့မှာတော့ ပါးကွက်သားတစ်ယောက်ကို စတေးပြီးစောင့်ကြပ်ဖို့စီရင်ထားတဲ့ ပစ္စည်းပျောက်သွားတဲ့အတွက် မင်းတရားကြီးအမျက်တော်ရှပြီး သူ့ရဲ့နောက်လိုက်ငါးဆယ်နဲ့အတူ ဂူပိတ်ကွပ်မျက်ခံခဲ့ရတယ်။ သူတို့ဂူပိတ်ကွပ်မျက်ခံရတဲ့နေရာကိုဖွင့်ဖို့ဆိုရင် ကျောက်စိမ်းကြေးမုံလေးခုပြည့်မှရမယ်။ ဂူပေါက်ပွင့်တာနဲ့ ကဝေအချုပ်ရဲ့ဝိဥာဉ်နဲ့အတူ ပညာသည်အယောက်၅၀ရဲ့ဝိဥာဉ်တွေပြန်လွတ်လာကြလိမ့်မယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ကိစ္စကို ဒီမြို့ကိုစောင့်ကြပ်နေတဲ့ကျုပ်အနေနဲ့ ဘယ်လိုမှခွင့်မပြုနိုင်ဘူး”
“ ဒါဆိုရင် မြို့ရိုးဝင်ပေါက်တွေမှာအစီအရင်ထည့်သွင်းမယ့်ကိစ္စက မဖြစ်လာခဲ့ဘူးပေါ့”
“ ဟုတ်တယ် … ကျောက်စိမ်းကြေးမုံတစ်ခုပျောက်သွားတဲ့အတွက် အစီအရင်မပြည့်စုံဘူးဖြစ်သွားခဲ့တယ်။ အဲဒါကြောင့် မြို့ရိုးတွေမှာ သာမန်အစောင့်တွေပဲထားပြီး ကျုပ်ကိုတော့ တစ်မြို့လုံးကိုစောင့်ကြပ်ဖို့တာဝန်ပေးခဲ့တယ်”
“ ဒါဖြင့် မြို့ကြီးက ဘာအကြောင်းကြောင့် အလုံးစုံပျက်စီးသွားခဲ့တာလဲ”
“ အဓိကအကြောင်းကတော့ ကဝေအချုပ်ကိုအမျက်တော်ရှသတ်လိုက်တာကြောင့်ပဲ… ကဝေအချုပ်ကို မင်းတရားကြီးအမြင်ကြည်လင်စဉ်က နန်းစဉ်ရွာကိုအပိုင်စားပေးခဲ့ဖူးတယ်။ နန်းစဉ်ရွာဆိုတာ မင်းတရားကြီးစေခိုင်းတဲ့ လောကီကိစ္စရပ်တွေကို စီရင်ပေးတဲ့နေရာပဲ။ ကဝေအချုပ်ကိုကွပ်မျက်တော့ နန်းစဉ်ရွာကလူတွေအတော်များများသေခဲ့ကြတယ်။ ဒါကိုမကျေနပ်တဲ့ ရွာသားတွေက မင်းတရားကြီးရဲ့ ခေတ်ပြိုင်ဘုရင်တစ်ပါးထံခိုလှုံပြီး မြို့ရိုးမှာထားရှိတဲ့ အစီအရင်တွေအကြောင်းကို လျောက်ထားခဲ့တယ်။ နန်းစဉ်ရွာခံတွေရဲ့အကူအညီကြောင့် မင်းတရားကြီးရဲ့ထီးနန်းပျက်စီးခဲ့ပြီး မြို့လဲစိစိညက်ကျေသွားခဲ့တယ်။ ဒါပေမယ့် နန်းစဉ်ရွာကလူတွေ မျှော်လင့်ထားသလို ကဝေအချုပ်နဲ့အပေါင်းပါတွေရဲ့ ဝိဉာဉ်ကိုမလွှတ်ပေးနိုင်ခဲ့ဘူး.. ဒါကြောင့် သင်တို့တောင်းဆိုတဲ့အရာကို ကျုပ်အနေနဲ့ မလိုက်လျောနိုင်တာ ခွင့်လွှတ်ပေးပါ”
“ မြို့ပျက်သွားတဲ့အချိန် ကျောက်စိမ်းကြေးမုံ၃ခု ဘယ်ရောက်သွားလဲဆိုတာရောသိပါသလား”
“ ကျုပ်အနေနဲ့ ဒီအကြောင်းအရာတွေကိုပြောမပြနိုင်ပါဘူး“
“ အခု မြို့ပျက်ထဲမှာ ကျွတ်လွတ်သင့်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိပေမယ့် ဘာကြောင့်လွတ်ရာကျွတ်ရာ မသွားနိုင်တာလဲသိပါသလား”
“ ကျုပ်လို သာမန်အစောင့်တစ်ယောက်က ဘယ်လိုသိနိုင်မှာလဲ—”
“ သင်မသိဘူးဆိုရင် ကျုပ်ပြောပြမယ်… သင်အပါအဝင် ဒီမြို့တွင်းမှာမကျွတ်မလွတ်ပဲရှိနေတဲ့သူတွေရဲ့ လိပ်ပြာချုပ်အမိန့်ပြန်စာက အဲဒီဂူထဲမှာရှိနေတယ်။ ဒါကြောင့် ဂူကိုမဖွင့်နိုင်ဘူးဆိုရင် ဘယ်ကမ္ဘာရောက်ရောက် သင်တို့ဒီလိုဘဝဖြစ်နေဦးမှာပဲ”
အောင်မြတ်သာစကားအဆုံးမှာ မြို့ရိုးအတွင်းထဲကနေ ဝမ်းနည်းစွာငိုကြွေးသံတွေအပြင် တောက်ခတ်သံ နာကျဉ်းစွာအော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့တယ်။
“ သင်လက်အောက်ကငယ်သားတွေထဲမှာ ကျွတ်ထိုက်သူတွေအများကြီးရှိနေတယ်… ကဝေအချုပ်လွတ်မှာကိုကြောက်ပြီး နေ့စံညခံဘဝနဲ့နေသွားကြမှာလား”
အောင်မြတ်သာစကားအဆုံးမှာ မြို့စောင့်ပုဂ္ဂိုလ်အနည်းငယ်တွေဝေသွားခဲ့ပြီး အတန်ကြာမှ..
“ ကဝေအချုပ်လွတ်လာရင် ဘာဆက်လုပ်ကြမလဲ.. သူ့ကိုသင်တို့ထိန်းချုပ်နိုင်မယ်ထင်လား”
“ ကဝေအချုပ် ကျုပ်တို့လက်က ဘာအကြောင်းကြောင့်မှမလွတ်စေရဘူးလို့ ကျုပ်ကတိပေးပါတယ်.”
“ သင်တို့ဘက်က ကတိပေးတယ်ဆိုရင် ဖွက်ထားတဲ့ကျောက်စိမ်းကြေးမုံ၃ခုကို ကျုပ်ထုတ်ပေးပါမယ်”
မြို့စောင့်ပုဂ္ဂိုလ်က စကားအဆုံးမှာ ဦးခေါင်းမှာထုံးထားတဲ့ သျှောင်ထုံးထဲကနေ ကျောက်စိမ်းပြား၃ခုကိုထုတ်ပေးလိုက်တယ်။
အောင်မြတ်သာလဲ ကျောက်စိမ်းကြေးမုံ၃ခုရတာနဲ့ သက်ခိုင်နဲ့ တောက်ရဘက်ကိုလှည့်ပြီး
“ ဒီကျောက်စိမ်းကြေးမုံကိုသုံးပြီး ဂူကိုဖွင့်တဲ့အချိန် ကဝေအချုပ်နဲ့အပေါင်းအပါတွေ ဦးဆုံးထွက်လာကြလိမ့်မယ်။ အဲဒီအချိန် မင်းတို့က ၅၁ကွက်ပါတဲ့စစ်သူကြီးလေးပါးအင်းကို ဂူပေါက်မှာဆွဲပြီး စောင့်နေကြ။ ဂူထဲကထွက်လာတဲ့ ပညာသည်တွေ အင်းကွက်ထဲမှာ မိတာနဲ့ သူတို့ရဲ့စိတ်ရိုင်းတွေလျော့ပါးအောင် မေတ္တာသုတ်ကို မနားတမ်းရွတ်ဖတ်ရမယ်။ ငါ့အနေနဲ့ ဂူထဲမှာရှိတဲ့ လိပ်ပြာချုပ်အမိန့်ပြန်တမ်းစာကိုဖတ်ပြီးတဲ့အချိန် တောင့်ခံထားရမယ်။ ဘယ်လိုလဲ လုပ်နိုင်ပါ့မလား”
“ စိတ်ချပါဆရာ ကျွန်တော်တို့လုပ်နိုင်ပါတယ်”
“ကောင်းပြီ ဒါဖြင့်ရင် ကဝေအချုပ်ကိုကွပ်မျက်ခဲ့တဲ့ဂူပေါက်ကိုရှာကြရအောင်”လို့ပြောပြီးကျောက်စိမ်းကြေးမုံလေးခုကိုထိကပ်လိုက်ရာ အနောက်ဘက်စွန်းစွန်းမှာရှိတဲ့ မြို့ရိုးတံတိုင်းလှုပ်ခတ်လာပြီး အုတ်အကျိုးအပဲ့တွေကျလာခဲ့တယ်။
အောင်မြတ်သာလဲ ပြိုကျနေတဲ့ မြို့ရိုးဘက်ကိုသွားကြည့်ရာ လူတစ်ကိုယ်ဝင်လို့ရတဲ့ အပေါက်တစ်ခုပေါ်လာတာကိုမြင်တော့
“ ဒီဂူပေါက်တံခါးကိုဖွင့်တာနဲ့ အန္တရာယ်တွေစပြီနော်… သတိထားကြ” လို့ပြောကာ ကျောက်စိမ်းကြေးမုံလေးချပ်ကို ကိုင်ပြီး အောက်ကိုဆင်းသွားခဲ့တယ်။ ဂူပေါက်ဝကိုရောက်တော့ဝင်္ကဘာပုံစံသော့ပေါက်ထဲကို ကျောက်စိမ်းကြေးမုံလေးခု ကပ်ထည့်လိုက်ရာ “ ဂျိမ်း” ဆိုတဲ့အသံနဲ့အတူ ကြေးတံခါးနှစ်ချပ်ကဖြေးညှင်းစွာပွင့်လာခဲ့တယ်။
အဲဒီအချိန် ကျောက်စိမ်းကြေးမုံတွေထဲမှာရှိနေတဲ့ ငဘုန်းမြတ်၊ ငကောင်း၊ငဘိုးတေနဲ့ ပါးကွက်သားငစိန်တို့ထွက်လာပြီး သူတို့ကိုမင်းတရားကြီးစောင့်ခိုင်းခဲ့တဲ့ မြို့ရိုးဝင်ပေါက်တွေဆီထွက်သွားခဲ့ကြသလို မှောင်မဲနေတဲ့ ဂူပေါက်အထဲမှာလဲ ဝမ်းသာအားရရယ်မောသံ၊ ကြိမ်းဝါးသံတွေနဲ့အတူ ဆံပင်ဖားလျားချထားတဲ့ မိန်းမတစ်ယောက်ရဲ့ပုံရိပ်ကအပြင်ကိုထွက်လာခဲ့တယ်။ ဒါပေမယ့် သက်ခိုင်နဲ့တောက်ရတို့ အသင့်စီရင်ထားတဲ့ စစ်သူကြီးလေးပါးအင်း၅၁ကွက်ထဲက ပထမဆုံးအကွက်မှာပိတ်မိနေခဲ့တယ်။ ဂူပေါက်ထဲကနေ ထွက်လာသမျှ ဝိဉာဉ်တွေအားလုံးအင်းကွက်ထဲမှာပိတ်မိနေခဲ့တယ်။
“ ဆရာ ဒီကောင်တွေအရမ်းရုန်းနေတယ်… ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ”
တောက်ရက စစ်သူကြီးလေးပါးအင်းကို မဖောက်အောင်ထိန်းနေရင်း ပြောလိုက်တဲ့အသံကြောင့် အောင်မြတ်သာက –
“ သက်ခိုင်က ကွန်ခြာအင်းနဲ့အပေါ်ကနေထပ်ရံထားပေး… လိပ်ပြာချုပ်အမိန့်ပြန်တမ်းရတာနဲ့ အကုန်လုံးကို မူလနေရာပြန်ထားမယ်” ဆိုပြီးပြောကာ ဂူပေါက်ထဲကိုတိုးဝင်သွားခဲ့တယ်။ အထဲကိုရောက်တော့ အက်ကွဲနေတဲ့အုတ်နံရံတွေကြားထဲကနေဝင်နေတဲ့ အလင်းရောင်ကို အားယူပြီးကြည့်လိုက်ရာ အရိုးကျနေပြီဖြစ်တဲ့ အလောင်း ၅၀အပြင် ဆံပင်အခွေလိုက်ထုံးထားတဲ့အရိုးစုတစ်ခုကိုမြင်လိုက်ရတယ်။


အောင်မြတ်သာလဲ လိပ်ပြာချုပ်အမိန့်ပြန်တမ်းကိုလိုက်ရှာကြည့်ရာ ဆံထုံးထဲမှာပေရွက်နဲ့လိပ်ထားတာကိုမြင်တွေ့ခဲ့တယ်။ လိပ်ပြာချုပ်အမိန့်ပြန်တမ်းရတာနဲ့ ဂူပေါက်ဝမှာတင် မီးရှို့ကာဖျက်ဆီးခဲ့တယ်။ အဲဒီအချိန် မြို့ရိုးထဲကနေ ပျော်ရွှင်စွာအော်ဟစ်သံ၊ လက်ခုပ်လက်ဝါးတီးသံတွေကို အတန်ကြာကြားလိုက်ရတယ်။ လိပ်ပြာချုပ်အမိန့်ပြန်တမ်းကိုဖျက်ဆီးပြီးတာနဲ့ စစ်သူကြီးလေးပါးအင်းထဲမှာ ဖမ်းမိထားတဲ့ ပညာသည်တွေကို ဂူထဲပြန်သွင်းကာ အပေါက်ဝကိုပိတ်လိုက်တဲ့အချိန် မြောက်အရပ်ကနေ ပြင်းအားများတဲ့ပညာစက်တစ်ခုတိုးဝင်လာတာကို သတိထားမိခဲ့တယ်။
သက်ခိုင်နဲ့တောက်ရကတော့ မြို့ရိုးအဟောင်းမှာရှိတဲ့သူတွေထဲက ကျွတ်ထိုက်သူတွေ ကျွတ်လွတ်သွားတဲ့အတွက် ဝမ်းသာကာပြုံးပျော်နေခဲ့ပေမယ့် အောင်မြတ်သာကတော့အနောက်အရပ်ဆီကို စူးရှတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး –
“ ကဝေအချုပ်မိန်းမ ငါတို့ကိုလှည့်စားသွားပါလား”လို့တီးတိုးရေရွတ်ခဲ့တယ်။
အောင်မြတ်သာတို့ မြို့ရိုးအဟောင်းနားကနေပြန်ထွက်လာတဲ့အချိန်မှာတော့ မျက်နှာဖုံးထားတဲ့မိန်းမတစ်ယောက် ဂူပေါက်ဝကိုရောက်လာပြီး –
“ အနောက်ဘက်မြို့ရိုးတံခါးကိုစောင့်ရှောက်သူ ငဘိုးတေ– သင့်ရဲ့သစ္စာရှိမှု၊ အနစ်နာခံမှုတွေကို ကဝေအချုပ်သခင်မက အသိအမှတ်ပြုနေမှာပါ။ ငါတို့ နန်းစဉ်ရွာကလူတွေက လူရှုပ်သုံးယောက်ဆီမှာရှိနေတဲ့ သော့ကိုရအောင်ယူပြီး သင်နဲ့ ကျုပ်တို့ရဲ့ ဘိုးဘေးတွေရဲ့ဝိဉာဉ်ကို လွတ်မြောက်အောင် လုပ်ပေးပါမယ်” လို့ပြောကာ မြို့ရိုးဘေးက ခြုံတွေထဲကိုဝင်ရောက်သွားခဲ့တယ်။
*****
မျက်နှာကိုအဝတ်နဲ့ဖုံးထားတဲ့ မိန်းမက ဘယ်သူလဲ?
ကဝေအချုပ်မိန်းမရဲ့ဝိဉာဉ်က ဘယ်လိုလွတ်မြောက်သွားပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ “ အောင်မြတ်သာဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment