အောင်မြတ်သာနှင့်ကျောက်တိုင်စောင့်မိရွှေအ

” အောင်မြတ်သာနှင့်ကျောက်တိုင်စောင့်မိရွှေအ ”
ရေးသားသူ—ဇေယန(ရာမည)
+++++++++++

ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်တဲ့ ရွှေမြိုင်မြို့လေးမှာတော့ အခြားအရပ်ဒေသအသီးသီးက လာရောက်ကုန်သွယ်ကြတဲ့ ကုန်သည်ပွဲစားတွေ၊ မှောင်ခိုသမားတွေနဲ့ အမြဲတစ်စေ စည်ကားလျက် ရှိနေကြတယ်။ မြို့ရဲ့အလယ်ခေါင်ကုန်းမြင့်တစ်ခုအပေါ်မှာတော့ ရှေးပဝေသဏီဘုရင်တွေ လက်ထက်ထဲက တည်ထားခဲ့တဲ့ စေတီတစ်ဆူရှိခဲ့တယ်။ စေတီက မြို့အလယ်မှာရှိလင့်ကစား မြို့သူ မြို့သားတွေအားလုံး တစ်လနေလို့ တစ်ခေါက်မဖူးမျှော်နိုင်တဲ့အတွက် မူရင်းဘွဲ့တော်ပျောက်ပြီး ကပ်ကျော်စေတီလို့သာ သိထားခဲ့လေတယ်။
စေတီရဲ့ပတ်လည်မှာတော့ လူနေအိမ်ခြေများ၊ ဆံပင်ညှပ်ဆိုင်များ၊ အရက််ဖြူရောင်းချတဲ့ ဆိုင်များနဲ့စည်ကားနေပေမယ့် စေတီတည်ထားရာရင်ပြင်ပေါ်မှာတော့ ဘိစပ်ခြုံတွေ၊ ဇရပ်အိုဇရပ် ပျက်တွေ၊ အမှိုက်သရိုက်တွေနဲ့ပြည့်နှက်နေခဲ့တယ်။ စေတီဲရဲ့တောင်ဘက်မှာတော့ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတည်ရှိနေပြီး စေတီဲရဲ့အနောက်တောင်ဘက်မှာတော့ စေတီ စတည်စဉ်က ထွင်းထုထားတဲ့ ကျောက်စာတိုင်တစ်တိုင်တည်ရှိနေခဲ့တယ်။
အနီးနားပတ်ဝန်းကျင်မှာနေတဲ့ ကလေးသူငယ်အချို့ကတော့ နေ့လည်နေ့ခင်းဆိုရင် အရိပ် ရတဲ့ စေတီရင်ပြင်ပေါ်မှာ လိုက်တမ်းပြေးတမ်းကစားလိုက်၊ တူတူပုန်းတမ်းကစားလိုက်နဲ့ ကလေး ဘဝကိုအပူပင်မရှိအောင်ဖြတ်သန်းခဲ့ကြတယ်။ မိဘတွေကလဲ လူသူရှင်းလင်းတဲ့ ရင်ပြင်မှာ ဆော့ကစားနေတဲ့ ကလေးတွေကို စိတ်ပူပန်ခြင်းအလျဉ်းမရှိပဲ လွှတ်ထားခဲ့ကြတယ်။ တစ်နေ့မှာတော့ စေတီပေါ်ကို ဘယ်သူမှမတက်ရဲလောက်တဲ့ ကိစ္စတစ်ခုက ပေါ်ပေါက်လာခဲ့တယ်။
မိုးတွေအုံ့မှိုင်းနေတဲ့ နေ့တစ်နေ့မှာတော့ ဟိုဘက်ရပ်ကွက်က ကလေးတွေနဲ့ ဒီဘက်ရပ်ကွက်က ကလေးတွေချိန်းပြီး ရင်ပြင်ပေါ်မှာ ဘော်လုံးကန်ဖို့ချိန်းဆိုကာ ဘောလုံးကစား ခဲ့ကြတယ်။ ဘောလုံးကန်ပြီးတာတောင် ကစားမဝသေးတဲ့အတွက် တူတူပုန်းတမ်းဆော့ဖို့အတွက် ဖိုးစည်က အကြံပေးခဲ့တယ်။
ဖိုးစည်ဆိုတာက ကလေးတွေထဲမှာ ပေါက်ပေါက်မြောက်မြောက်ရှိတယ်လို့ပြောရမယ်။ အခြားကလေးတွေကလဲ ဖိုးစည်မပါရင် မဆော့ကြသလို ဖိုးစည်ကလဲ ဆော့ရမယ်ဆိုရင် အိမ်ခြံစည်း ရိုးကိုကျော်ခွရခွရ၊ အိမ်နံရံကိုတွယ်တက်ရတက်ရ အပြင်ကိုမဖြစ်ဖြစ်အောင်ထွက်ပြီး ဆော့တတ် တယ်။ အခုလဲ ဖိုးစည်အကြံပေးတာကို အားလုံးကလက်ခံပြီး တူတူပုန်းတမ်းဆော့ခဲ့ကြတယ်။ တာလွှတ်ပီဆိုတာနဲ့ ဖိုးစည်က ရင်ပြင်ပေါ်မှာရှိတဲ့ ကျောက်တိုင်အနောက်မှာ ကိုယ်ကိုဝပ်ပြီး အခြားသူမမြင်အောင်ပုန်းနေခဲ့တယ်။ လိုက်ဖမ်းတဲ့ကလေးကလဲ အခြားသူတွေကို တစ်ယောက်ပြီး တစ်ယောက်မိအောင်ဖမ်းနိုင်ခဲ့ပေမယ့် ဖိုးစည်တစ်ယောက်ကိုတော့ ဘယ်လိုမှရှာမတွေ့ခဲ့ဘူး။ ဖိုးစည်ကလဲ သူ့ကိုမတွေ့တဲ့အတွက် ကြိတ်ပြီးဝမ်းသာကာ ပုန်းနေတဲ့နေရာကနေ မထွက်ပဲ နေနေတဲ့ အချိန် သူ့အရှေ့ကနေဖြတ်သွားတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ်။ အင်္ကျီအစုတ်၊ ထဘီ အစုတ်ကိုဝတ်ထားပြီး ဆံပင်ကလဲ ဖိုသီဖတ်သီဖြစ်နေတာမြင်တော့ အနီးအနားမှာနေတဲ့ အရူးမ ဖြစ်မှာပါလို့ထင်ပြီး ကြည့်နေတုန်း မိန်းမကြီးက ကျိုးတိုးကျဲတဲဖြစ်နေတဲ့ သွားတွေပေါ်အောင် ပြုံးပြီး ဖိုးစည်ကိုလက်ယပ်ခေါ်ပါလေရော။
ဖိုးစည်လဲ ဒီအရူးမလုပ်တာနဲ့ အခြားသူတွေ သူ့ကိုမြင်တော့မှာပဲဆိုပြီး စိတ်ထဲကနေ ကြိမ်းဝါး ကာ အရှေ့ကနေထွက်သွားဖို့ လက်နဲပြပေမယ့် မိန်းမကြီးက သူ့အရှေ့မှာရပ်မြဲတိုင်းရပ်နေပြီး အံကို ကြိတ်ကာ ကျောက်တိုင်အထဲကနေ ထွက်လာဖို့ ထပ်ခေါ်ပါလေရော။
ဒီတစ်ခါမှာတော့ ဖိုးစည် မနေသာတော့ပဲ အပြင်ကိုထွက်လာတဲ့အချိန် ရင်ပြင်ပေါ်မှာ ကလေး တစ်ယောက်မှမရှိတော့တာကို သတိထားမိခဲ့တယ်။ မိန်းမကြီးက ဖိုးစည်အပြင်ရောက်တာနဲ့ နားရွက် နှစ်ဖက်ကိုပြတ်ထွက်မတတ်ဆွဲပြီး ဝူးဝူးအားအားနဲ့ပြောပါလေရော။ ဖိုးစည်ကတော့ သူ့ကိုပြောနေမှန်း သိပေမယ့် ဘာပြောနေမှန်းမသိတဲ့အတွက်
“ ဒီအရူးမကတော့ ဘာတွေပြောနေမှန်း မသိပါဘူး အ များ အနေတာလား” လို့စိတ်ထဲကနေ ပြောလိုက်တဲ့အချိန် ဖြောင်းဆိုတဲ့အသံနဲ့အတူ နားအုံတစ်ခုလုံး ထူပူထွက်သွားခဲ့တယ်။ နေရင်းထိုင်ရင်းသူ့ကို နားအုံရိုက်ချလိုက်တဲ့ မိန်းမကိုမြင်တော့ ဖိုးစည်ကြောက်လန့်သွားပြီး ထွက်ပြေး ဖို့ကြိုးစားပေမယ့် ခြေထောက်နှစ်ဖက်က ရင်ပြင်တော်ကျောက်ပြားမှာ ကော်နဲ့ကပ်ထားသလို ဖြစ်နေတာသတိထားမိခဲ့တယ်။
မိန်းမကြီးရဲ့မျက်လုံးတွေက ဖိုးစည်ကိုကြည့်နေရင်း တစ်ဖြေးဖြေး ပြူးထွက်လာကာ ရုပ်ကလဲ အသားတွေတွန့်ပြီး ကြောက်မက်ဖွယ်ဖြစ်လာတာမြင်တော့ ဖိုးစည်တစ်ယောက် ငယ်သံပါအောင် အော်ပြီးငိုပါလေရော။ နဂိုအသံကျယ်တဲ့ဖိုးစည်က ဒီတစ်ခါမှာတော့ မျက်ရည်တွေသာကျလာပြီး အသံက လည်ချောင်းဝမှာပျောက်သွားခဲ့တယ်။ မိန်းမကြီးက ဖိုးစည်ကိုကြည့်ပြီး တောက်ခတ်လိုက် ပါးနားပိတ်ရိုက်လိုက်လုပ်နေတဲ့အချိန် ဘုရားအနောက်ဘက်မုခ်ကနေတက်လာတဲ့ လူကြီးအချို့ကို တွေ့လိုက်ရတယ်။ ဖိုးစည်ကတော့ သူတို့ကိုမြင်ပြီး ဝမ်းသာအားရအော်ခေါ်ပေမယ့် လူကြီးတွေက ဖိုးစည်ကိုမြင်ဟန်မတူပဲ အခြားနေရာတွေမှာလိုက်ပတ်ရှာနေရင်း လူကြီးတွေထဲက သိတတ်တဲ့ သူတွေက အခြေအနေကိုသဘောပေါက်ဟန်နဲ့ ချက်ချင်းပြန်ဆင်းသွားကာ ခဏကြာတော့ ကန်တော့ပွဲတစ်ပွဲနဲ့ပြန်တက်လာခဲ့တယ်။
အဲဒီတော့မှ ကျောက်တိုင်ထောင့်မှာ လှုပ်မရဖြစ်နေတဲ့ ဖိုးစည်ရဲ့ခြေထောက်တွေ လှုပ်ရှားလို့ ရလာပြီး လူကြီးတွေကလဲ သူ့ကိုပြန်လည်မြင်တွေ့ခဲ့တယ်။ ဒီကိစ္စဖြစ်ပြီးတော့ ကလေးတွေအားလုံး ဘုရားပေါ်ကို တက်မဆော့ရဘူးဆိုတဲ့ အမိန့်က အိမ်တိုင်းလိုလို ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် ကလေးတွေကတော့ ဖြစ်တုန်းခဏပဲကြောက်ကြပြီး အချိန်ကြာလာတော့ ရင်ပြင်ပေါ်တက်ဆော့ ကြပြန်ရော။ ဒီတစ်ခါမှာတော့ ကျောက်တိုင်နားမှာ မဆော့ကြတော့ပဲ အခြားနေရာကို ပြောင်းရွှေ့ကာ ဆော့ကစားခဲ့ကြတယ်။ ကပ်ကျော်ရင်ပြင်မှာရှိတဲ့ ကျောက်တိုင်မှာ မိရွှေအရှိတယ်ဆိုတဲ့ စကားကလဲ ရပ်ကွက်တစ်ခုလုံး ပျံ့သွားခဲ့တယ်။
ဒါကိုယုံကြည်တဲ့သူရှိသလို မယုံကြည်တဲ့သူတွေလဲရှိခဲ့ကြတယ်။ အဆိုးဆုံးကတော့ စေတီရဲ့ အနောက်ဘက်မုခ်တန်းလျားမှာဖွင့်ထားတဲ့ အရက်ဖြူဆိုင်က အရက်သမားတွေပဲ။ အရက်မူးလာရင် ညသန်းခေါင်အချိန်ကျောက်တိုင်မှာ ထုံးကွင်းရဲလား၊ ညသန်းခေါင် ကျောက်တိုင်အရှေ့မှာရပ်ပြီး ကကြီးကနေ အ အထိ ရွတ်ရဲလားဆိုပြီး စိန်ခေါ်ခဲ့ကြတယ်။ ရပ်ကွက်ခံလူတွေကတော့ မိရွှေအ အကြောင်းကိုသိတဲ့အတွက် လက်တည့်မစမ်းရဲကြပေမယ့် အခြားနယ်က အလုပ်လာလုပ်ကြတဲ့ ကုန်သည်တွေ၊ ကူလီသမားတွေကတော့ ဒါကိုလက်မခံကြဘူး။ လူကြမ်းရင် ဘယ်ကောင်မှမခံနိုင်ဘူး ဆိုပြီး အမြဲကြုံးဝါးတတ်တဲ့ သံချောင်းကအဆိုးဆုံးပဲ။
ဆိပ်ကမ်းမှာကူလီထမ်းတဲ့အလုပ်ကိုလုပ်တဲ့အတွက် သံချောင်းရဲ့ခန္ဓာကိုယ်က ကျစ်လစ်ပြီး ကြွက်သားတွေအမြောင်းမြောင်းထနေတဲ့အတွက် သူ့ကိုအတိုက်ခံလုပ်ပြီး ဘယ်သူမှအချေအတင် မပြောရဲကြဘူး။ ဒါကိုသူက ဂုဏ်ဆာပြီး ငါနဲ့မလောင်းရဲကြပါဘူးလို့ မူးလာတိုင်း ထုတ်ထုတ်ပြော တတ်ခဲ့တယ်။ အဲဒီမှာ ဦးမှတ်ကြီးဆိုတဲ့ လူက သံချောင်းထိုင်နေတဲ့ ခုံဘေးမှာ ဝင်ထိုင်လိုက်ပြီး ငှဲ့ထားတဲ့အရက်ခွက်ကို မော့ချလိုက်တယ်။
သံချောင်းကလဲ သူငှဲ့ထားတဲ့ အရက်ခွက်ကို မပြောမဆိုနဲ့ မော့သောက်လိုက်တဲ့ ဦးမှတ်ကြီးကို မကျေနပ်တဲ့အကြည့်နဲ့ကြည့်လိုက်ပေမယ့် ဘာမှတော့မပြောရဲဘူး။ ဦးမှတ်ကြီးဆိုတာကလဲ ဒီနယ် တစ်ဝိုက်မှာ နာမည်ကြီးတဲ့လူမိုက်တစ်ယောက်ဖြစ်ခဲ့တာကိုး။ နယ်တစ်ကာလှည့်ပြီး ဆိုးပေ့ မိုက်ပေ့ ဆိုတဲ့ လူမိုက်ငရဲကို ခွေးပြေးဝက်ပြေး ပြေးရတဲ့ထိ ငှက်ကြီးတောင်ဓါးနဲ့လိုက်ခုတ်ခဲ့ဖူးတာကို သံချောင်းသိနေခဲ့တယ်။ ဒါပေမယ့် သံချောင်းကလဲ သူ့ဂုဏ်သိက္ခာထိမှာစိုးတဲ့အတွက် မျက်နှာထား တင်းတင်းနဲ့
“ ဦးမှတ်ကြီး ဒါကဘာသဘောလဲဗျ အရက်သောက်ချင်ရင် ပုလင်းထဲက ထည့်သောက််လေ ဘာကြောင့်ကျုပ်ထည့်ထားတဲ့ခွက်ကိုမှလာသောက်ရတာလဲ”
သံချောင်းရဲ့မာထန်ထန်စကားသံကြောင့် အခြားဝိုင်းမှာ ရှိနေကြတဲ့လူတွေက သောက်လက်စ အရက်ခွက်တွေကို ချပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။ ဦးမှတ်ကြီးကတော့ သံချောင်းပခုံးကို ပုတ်လိုက်ပြီး
“ ဟေ့ကောင်သံချောင်း ဒီမှာကြည့်စမ်း”လို့ပြောကာ အိပ်ကပ်ထဲမှာ အထပ်လိုက်ထည့်ထားတဲ့ ပိုက်ဆံတွေကိုလက်နဲ့ပုတ်ပြလိုက်တယ်။
“ အဲဒီပိုက်ဆံတွေ ကျုပ်ကိုလာပြပြီးဘာလုပ်မလို့လဲ”
“ အေး ငါဒီနေ့ ဖဲနိုင်လာလို့ ငွေရွှင်နေတယ်ကွာ ဒီတော့ အရင်နေ့တွေတုန်းက မင်းပြောပြော နေတဲ့ ကျောက်တိုင်ကိုထုံးသုတ်မယ့်အကြောင်းလေ အဲဒါပြောချင်လို့”
ဦးမှတ်ကြီးစကားကြောင့် သံချောင်းက အရက်ပုလင်းကို ပါးစပ်နဲ့တေ့ကာ မော့ချလိုက်ပြီး
“ ဦးမှတ်ကြီး ဘာပြောချင်တာလဲ ရှင်းရှင်းပြောဗျာ ကျုပ်သောက်ရတာ ဇိမ်ပျက်အောင် မလုပ်နဲ့”
“ အေးပါ ငါလဲပြောမှာပါ အခုငါ့အိတ်ထဲမှာ ငွေငါးရာတိတိရှိတယ် ဒီငွေတွေက မင်းတစ်လ လောက်ကူလီထမ်းရင်တောင်ရမှာမဟုတ်ဘူး ဆိုတော့ကာ ဒီည ၁၂နာရီတိတိမှာ ဘုရားပေါ်က ကျောက်တိုင်မှာ သံချောင်းဆိုတဲ့ နာမည်ကိုရေးရမယ် ရေးပြီးလို့ အကောင်းပကတိ ပြန်ဆင်းလာ နိုင်မယ်ဆိုရင် ဒီပိုက်ဆံတွေက မင်းအပိုင်ကွာ မရေးနိုင်ပဲ ပြန်ပြေးဆင်းလာလို့ကတော့ နောက်နောင် ငါ့အရှေ့မှာ ဆောင့်ကြွားဆောင့်ကြွားလာမလုပ်နဲ့တော့”
ဦးမှတ်ကြီးက သံချောင်းအရှေ့ကို ပိုက်ဆံအထုပ်လိုက်ပစ်ချပြီး စိန်ခေါ်လိုက်တဲ့စကားကြောင့် ဆိုင်မှာထိုင်သောက်နေကြတဲ့လူတွေအားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတယ်။ သံချောင်းကတော့ လူအများရှေ့မှာ သူ့ကိုစိန်လာခေါ်တဲ့အတွက် အရှေ့မှာရှိနေတဲ့ ပိုက်ဆံထုပ်ကို လက်နဲ့ ကောက်ကိုင် လိုက်ပြီး နှာခေါင်းဝမှာတေ့ကာ ငွေရဲ့အနံ့ကိုအားရပါးရရှုကာ
“ သံချောင်းတို့က စိန်ခေါ်ရင် ဘွာမခတ်ဘူး ဒီည ကျုပ်လုပ်ဖြစ်အောင်လုပ်မယ် နိုင်ရင် မနက် ဖြန် တစ်ဆိုင်လုံး သံချောင်းဒကာခံမယ်” လို့ကြိမ်းဝါးရင်း လက်ထဲက အရက်လက်ကျန်ကိုမော့ချ လိုက်တယ်။
သံချောင်းနဲ့ဦးမှတ်ကြီးတို့ရဲ့ လောင်းကြေးကိုစိတ်ဝင်စားကြတဲ့ အရက်သမားတွေကတော့ အိမ်ကိုမပြန်ကြတော့ပဲ ညသန်းခေါင်အချိန်ရောက်အောင် ထိုင်စောင့်နေခဲ့ကြတယ်။ ည၁၂ထိုးတာနဲ့ သံချောင်းက ဆိုင်ရှင်ကိုခင်မြင့်ပေးတဲ့ ထုံးဘူးကိုယူကာ ဘုရားရင်ပြင်ပေါ်ကို တက်သွားခဲ့တယ်။ ခေတ်ကာလက လျှပ်စစ်မီးမရသေးတဲ့ကာလဖြစ်တဲ့အတွက် ဘုရားရင်ပြင်တစ်ခုလုံးမှောင်မဲနေခဲ့ ပေမယ့် မပီမပြင်ဝိုးတဝါးကျနေတဲ့ လရောင်ကြောင့် အရာဝတ္တုတွေကို အနည်းငယ်မြင်တွေ့နေ ရတယ်။
သံချောင်းလဲ အရှိန်တင်ထားတဲ့အတွက် ကြောက်စိတ်မရှိပဲ ရင်ပြင်ပေါ်တက်လာပြီး ကျောက်တိုင်ရှိရာဘက်ကို ခန့်မှန်းပြီးထွက်လာခဲ့တယ်။ စမ်းတဝါးဝါး လျောက်လာရင်း စေတီရဲ့ တောင်ဘက်မှာရှိနေတဲ့ နောင်တော်ကြီးစေတီငယ်နားကိုရောက်တော့ ဘုတ်ဆိုတဲ့အသံနဲ့အတူ ကျောကုန်းကို တစ်ခုခုလာထိမှန်တာကို သိလိုက်ရတယ်။
ရုတ်တရက်မို့ သံချောင်းလန့်သွားပေမယ့် စိတ်ကိုထိန်းကာ လာထိမှန်တဲ့အရာကို ငုံ့ကြည့် လိုက်ရာ ထန်းသီးခြောက်တစ်လုံးဖြစ်နေတာမြင်လိုက်ရတယ်။ ဘေးမှာလဲ ထန်းပင်တွေရှိနေတဲ့ အတွက် မတော်တစ်ဆဖြစ်တာနေမှာဆိုပြီး တွေးကာ ကျောက်တိုင်ရှိရာဘက်ကို လျောက်လာတဲ့ အချိန် နားထဲမှာ တစ်ရှပ်ရှပ်နဲ့လမ်းလျောက်လာတဲ့ ခြေသံတစ်ခုကို ထင်ထင်ရှားရှားကြားလိုက် ရတယ်။
တိတ်ဆိတ်နေတဲ့ ညအချိန်ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီး အပ်ကျသံမကြားလောက်အောင် ငြိမ်သက်နေချိန် လမ်းလျောက်လာတဲ့အသံက သံချောင်းနှလုံး တစ်ခုလုံး တစ်ဒိတ်ဒိတ်မြည်လောက်တဲ့အထိ စိတ်ဒုက္ခပေးခဲ့တယ်။ ဒါပေမယ့် မလုပ်နိုင်ရင် ဒီရပ်ကွက်မှာသူမျက်နှာပြလို့မရအောင်ဖြစ်မယ်ဆိုတာသိတဲ့အတွက် စိတ်ကိုတင်းကာ ကျောက်တိုင် အနားရောက်အောင်လျောက်သွားခဲ့လိုက်တယ်။ ကျောက်တိုင်ရောက်ဖို့ ခြေလှမ်းငါးလှမ်းလောက် အရောက်မှာတော့ မိန်းမတစ်ယောက်ရဲ့ရယ်သံသဲ့သဲ့ကို ကြားလိုက်ရတယ်။ ဖြတ်ခနဲ ကြားလိုက် ရတာမို့ စိတ်ကထင်တာနေမှာပါဆိုပြီးတွေးကာ ကျောက်တိုင်အနားကိုကပ်သွားပြီး လက်ထဲ ကိုင်ထားတဲ့ ထုံးဘူးကိုဖွင့်လိုက်လိုက်တဲ့အချိန်
“ ဖြောင်း”ဆိုတဲ့အသံနဲ့အတူ သံချောင်းအရှေ့ကို ယိုင်ကျသွားခဲ့တယ်။
ရုတ်တရက်အနောက်ကနေ ဇက်ပိုးကိုရိုက်လိုက်တာကြောင့် သံချောင်းစိတ်တိုသွားပြီး အနောက်လှည့်ကြည့်လိုက်တော့လဲ အမှောင်ထုကလွဲပြီး ဘယ်သူမှမရှိ။ ထုံးဘူးကိုင်ထားတဲ့ သံချောင်းရဲ့လက်တွေ တစ်ဆတ်ဆတ်တုန်လာပြီး ကြောက်စိတ်က အရာရာကိုလွှမ်းမိုးသွားခဲ့တယ်။ နောက်ဆုတ်လို့ကလဲမရ ရှေ့တိုးဖို့ကလဲ မရဲဖြစ်နေတဲ့အချိန် ကျောက်တိုင်အပေါ်မှာ ငုတ်တုပ် ထိုင်ကာသူ့ကိုသွားဖြဲပြီးကြည့်နေတဲ့ မိန်းမတစ်ယောက်ကို လရောင်အောက်မှာအရှင်းသားမြင်လိုက် ရတယ်။
ဒီတစ်ခါမှာတော့ သံချောင်း ဘယ်လိုမှဟန်မဆောင်နိုင်တော့ပဲ လက်ထဲကထုံးဘူးကို လွှတ်ချကာ နောက်ပြန်လှည့်ပြေးဖို့ကြိုးစားလိုက်ပေမယ့် အင်္ကျီစကို တစ်ယောက်ယောက်က လှမ်း ဆွဲထားသလိုဖြစ်ကာ ပြေးလို့မရဖြစ်နေခဲ့တယ်။ လေတစ်ဖြူးဖြူးတိုက်နေတဲ့ ညသန်းခေါင်အချိန် ကြောက်ချွေးတွေရွှဲနှစ်နေတဲ့ သံချောင်းက ရှိသမျှခွန်အားကို စုစည်းကာ ရုန်းကန်နေတဲ့အချိန် ပါးနှစ်ဖက်ဆီကနေ ပူခနဲ ရှိန်းခနဲ အထိတွေ့ထွက်ပေါ်လာခဲ့တယ်။ သံချောင်း မျက်စိစုံမှိတ်ကာ လုပ်သမျှကို အလူးလဲခံနေရင်း ပါးစပ်ကနေ ဘုရားဆိုတဲ့အသံထွက်လာတဲ့အချိန်ရောက်မှ ဖမ်းချုပ် ထားတဲ့အရာတွေကနေ လွတ်ထွက်ပြီး ငယ်သံပါအောင်အော်ပြေးပါလေရော။
သံချောင်းကိုစောင့်နေကြတဲ့ အရက်သမားတွေကတော့ ငယ်သံပါအောင် အော်ပြီးပြေးလာတဲ့ အသံကြားလို့ကြည့်လိုက်တော့ အနောက်ဘက်မုခ်လှေကားရင်းမှာ ပါးနှစ်ဖက်လုံး ယောင်ကိုင်းပြီး အမောဖောက်နေတဲ့ သံချောင်းကိုမြင်လိုက်ရတယ်။ အဲဒီနေ့ကစပြီး သံချောင်းကို လုံးဝမတွေ့ရတော့ ဘူး။ အချို့တွေကတော့ သူ့ဇာတိကိုပြန်သွားတယ်ဆိုပြီးပြောခဲ့ကြတယ်။ သံချောင်းအဖြစ်ပျက် ပြီးတဲ့ အချိန်ကနေစပြီး ကျောက်တိုင်နားကို ဘယ်သူမှမသွားရဲကြတော့ဘူး။
မိရွှေအကလဲ လုံးဝဆတ်ဆတ်ထိမခံဘူး။ ကျောက်တိုင်နားမှာ ပါးစပ်ကနေ အ ဆိုတဲ့စကား ထွက်မိရင်တောင် ခဲနဲ့ထုခံထိတယ်။ လူတွေပဲထိတာလားဆိုတော့မဟုတ်ပြန်ဘူး ဝါနုတဲ့ ကိုရင် ငယ်လေးတွေလဲ ခဏခဏထိလို့ ကျောင်းထိုင်ဘုန်းကြီးက ကျောက်တိုင်နားမကစားရဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားရတဲ့အထိဖြစ်လာခဲ့တယ်။ နဂိုထဲက ပြုပြင်မွမ်းမံသူမရှိတဲ့ စေတီက မိရွှေအ လက်ချက်ကြောင့် အမှိုက်သရိုက်တွေလာလှဲပေးမယ့်သူတောင်မရှိဖြစ်လာခဲ့တယ်။
နှစ်တွေကြာလာတော့ စေတီမှာပူဇော်ထားတဲ့ ရွှေသင်္ကန်းတွေက အရောင်တွေလွင့်ပြီး သစ်စေးအရောင်တွေသာကျန်ရှိခဲ့တယ်။ မိရွှေအ ကလဲ လူတွေသူ့ကိုကြောက်လန့်တာသိတဲ့ အတွက် ပိုပြီးအတင့်ရဲလာပြီး ညဘက်မုခ်ဦးအရှေ့ကဖြတ်သွားဖြတ်လာလုပ်တဲ့သူတွေကိုတောင် ထန်းသီး ခြောက်နဲ့ပေါက်ခြင်း၊ ခဲလုံးနဲ့ပစ်ခြင်း၊ ညဉ်းသံပေးခြင်းတွေပြုလုပ်လာခဲ့တယ်။
“ ငချိရေ ငချိ”
ဖခင်ဖြစ်သူလှမ်းခေါ်သံကြောင့် ဖယောင်းတိုင်မီးနဲ့ကာတွန်းထိုင်ဖတ်နေတဲ့ ငချိတစ်ယောက် ဖတ်လက်စစာအုပ်ကိုဘေးချကာအိမ်ရှေ့ကိုထွက်လာခဲ့တယ်။
“ အဖေ ဘာခိုင်းမလို့လဲ”
“ ငါအရက်သောက်တာ ကုန်သွာလို့ ဘုရားဘေးက အရက်ဆိုင်မှာ တစ်ပိုင်းလောက် သွားဝယ် ပေးစမ်းကွာ”
ဖခင်ဖြစ်သူစကားကြောင့် ငချိတစ်ယောက် မျက်နှာငယ်လေးဖြစ်သွားပြီး
“ အဖေကလဲ ဒီအချိန်ကြီးကျမှ ကျွန်တော်မသွားရဲဘူး ငအမက ဖြတ်သွားဖြတ်လာတွေကို ခြောက်နေတာ အဖေလဲသိတာပဲ”
“ ငါထလုပ်လိုက်ရ ခိုင်းရင်ခိုင်းတဲ့အတိုင်းလုပ် ပြန်မပြောနဲ့”
ငချိတစ်ယောက် ဖခင်ဖြစ်သူရဲ့စကားကိုမလွန်ဆန်နိုင်ပဲ အရက်ပုလင်းကိုကိုင်ကာ ဘုရားစောင်းတန်းဘေးကိုထွက်လာခဲ့လိုက်တယ်။ အသက်ရှစ်နှစ်အရွယ်ကလေးတစ်ယောက်က ညဆယ်နာရီအချိန် တစ်ယောက်ထဲထွက်လာခဲ့ရတဲ့အတွက် ကြောက်စိတ်က အရာရာကို ဖုံးလွှမ်း ထားခဲ့တယ်။ ငချိတစ်‌ယောက်လမ်းလျောက်နေရင်း သီချင်းဆိုပြီးသွားရင် သရဲကြောက်တဲ့စိတ် မရှိဘူး ဆိုတဲ့သူငယ်ချင်းတွေစကားကိုသတိရပြီး ပါးစပ်ထဲထွက်တဲ့သီချင်းကိုဆိုကာ လမ်းလျောက် လာခဲ့တယ်။
အရက်ဆိုင်က ဘုရားအနောက်ဘက်မုခ်မှာဖြစ်တဲ့အတွက် မြောက်ဘက်မုခ်ဘေးကလမ်း ကနေဖြတ်လာရင်း လမ်းလယ်မှာရှိတဲ့ ခဲလုံးတစ်လုံးကို ခလုပ်တိုက်မိကာ ပါးစပ်ကနေ “အ”ဆိုတဲ့ အသံထွက်မိသွားတာနဲ့ မြောက်ဘက်မုခ်ဦးအပေါ်ကနေ ဇီးသီးအရွယ်လောက်ရှိတဲ့ ခဲလုံးတွေနဲ့ အဆက်မပြတ်ပေါက်ပါလေရော။ ငချိက သူ့ကိုအခြားတစ်ယောက်ယောက်စနေတယ်ထင်ပြီး အောက်ကနေ မုခ်ဦးအပေါ်ကို ချောင်းကြည့်ချောင်းကြည့်လုပ်နေတဲ့အချိန် လူသူမမြင်ရပဲ ခဲလုံးတွေ ထွက်လာတာမြင်တော့ အော်ပြီးပြေးမလို့လုပ်တဲ့အချိန် လမ်းမအတိုင်းလျောက်လာတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
လမ်းသွားလမ်းလာတစ်ယောက်ကိုတွေ့လိုက်ရတဲ့အတွက် ငချိဝမ်းသာသွားပြီး အားကိုး တစ်ကြီးလှမ်းခေါ်မယ်အလုပ်မှာ ပစ်နေတဲ့ ခဲလုံးတွေရုတ်တရက်ရပ်သွားခဲ့တယ်။ လမ်းမအတိုင်း လျောက်လာတဲ့သူက ငချိအနားကိုရောက်တော့
“ ဒီအချိန်ကြီး ဘယ်သွားမလို့လဲ “
“အဖေက အရက်သွားဝယ်ခိုင်းလို့ ထွက်လာတာ ဒီက ဦးလေးကရော ဘယ်သွားမလို့လဲ”
“ ဦးလေးက ဘုရားပေါ်မှာ အဓိဌာန်တစ်ညလာဝင်တာ မင်းတစ်ယောက်ထဲ သွားရမှာ ကြောက်နေရင် ဦးလေးလိုက်ပို့ပေးပ့ါမယ်”
ငချိလဲ အသွားအပြန်အဖော်ရသွားတဲ့အတွက် ငိုမဲ့မဲ့ဖြစ်နေတဲ့ မျက်နှာကနေ ပြုံးရွှင်လာ ခဲ့တယ်။
“ ဟေ့ကောင်လေး မင်းကအရက်သွားဝယ်မယ်လဲပြောသေး မင်းပုလင်းထဲမှာ အရက်တွေ ရှိနေပါလား”
ဘေးမှာလိုက်လာတဲ့ လူရဲ့စကားကြောင့် ငချိ ကြောင်တောင်တောင်ဖြစ်သွားပြီး လက်ထဲ ကိုင်ထားတဲ့ပုလင်းကို မြောက်ကြည့်လိုက်ရာ
“ အဲ ဟုတ်သားပဲ ပုလင်းထဲမှာ အရက်တွေအပြည့်ရှိနေတာပဲ အဖေကတော့ အရက်မူးပြီး ပေါက်ကတွေလုပ်ပြီထင်တယ် “
“ ဒါဖြင့် မင်းလဲအရက်ဆိုင် မသွားနဲ့တော့ အိမ်ရောက်ရင် မင်းအဖေကို ဒီပုလင်းပေးလိုက် ငါလဲ ဘုရားပေါ်တက်လိုက်ဦးမယ်”
“ ဟာ ဦးလေး ဒီဘုရားပေါ်မတက်နဲ့ သားက ခင်လို့ပြောပြတာ ဘုရားပေါ်မှာ ….”
ငချိက စကားကိုဆုံးအောင်မပြောရဲပဲ မုခ်ဦးအပေါ်ကို ချောင်းလိုက် ခေါင်းကုတ်လိုက် လုပ်နေတာမြင်တော့
“ ဘုရားပေါ်ဘာဖြစ်လဲ ပြောပါဦး မကြောက်ပါနဲ့ ဦးလေးလဲရှိနေတာပဲ”
“ ဘုရားပေါ်မှာ ငအမရှိတယ် သူက အရမ်းဆိုးတာ”
ငချိစကားကြောင့် ဘေးမှာရပ်နေတဲ့လူက အသံထွက်ရုံရယ်လိုက်ပြီး
“ မင်းက ဦးလေးကိုစိတ်ပူနေတာလား ဒီလောက်ကတော့ ဦးလေးအဖို့အေးဆေးပါ မင်းသာ အိမ်ကိုတန်းတန်းမတ်မတ်ပြန် ဟုတ်ပီလား”
“ ပြောမရလဲနေပါ့ဗျာ သားက စေတနာနဲ့ပြောပြတာ အဲဒါဆိုလဲ သားပြန်လိုက်ဦးမယ်”
ငချိက ရပ်နေတဲ့လူကိုနှုတ်ဆက်ပြီး ပြန်ဖို့အလုပ်
“ ဟိုကလေး ခဏနေဦး မင်းရဲ့စိတ်ထားလေးကို သဘောကျလို့ ဦးလေးက မုန့်ဖိုးပေးတာ”
ငချိလဲ သူ့ကိုပေးတဲ့ ပိုက်ဆံကိုကမ်းယူလိုက်ပြီး ကျေးဇူးတင်ကြောင်းပြောကာ အိမ်ကို ပြန်ထွက်လာခဲ့လိုက်တယ်။
ငချိပြန်ထွက်သွားတော့ နို့နှစ်ရောင်လည်ကတုံးကို သေသပ်စွာဝတ်ထားတဲ့လူက မုခ်ဦးအပေါ်ကို တစ်ချက်မော့ကြည့်လိုက်ပြီး လှေကားအတိုင်းဖြေးညှင်းစွာတက်လာခဲ့လိုက်တယ်။ လှေကားပေါ်တက်လာရင်း အနောက်ကနေ ခြေသံကြားလို့ကြည့်လိုက်တော့ နီညိုရောင်ကတ္တီပါစကို ဝတ်ဆင်ထားတဲ့ ဇော်ဂျီနှစ်ယောက်ကိုမြင်လိုက်ရတယ်။
“ သင်တို့က ဘာကြောင့် ကျုပ်အနောက်ကိုလိုက်လာခဲ့ကြတာလဲ”
“ ဒီလိုပါဆရာ ကျုပ်တို့နှစ်ယောက်က စေတီမုခ်ဦးဝမှာ ထုဆစ်ထားတဲ့ ဇော်ဂျီရုပ်ထု ညီနောင် ပါ ဆရာဘုရားပေါ်တက်လာတာနဲ့ ကျုပ်တို့စိတ်ထဲမှာ အမျိုးအမည်မသိတဲ့ လှုပ်ခတ်မှုတစ်ခုခံစားမိ တာနဲ့ ဆရာအနောက်ကိုလိုက်လာခဲ့တာပါ”
“ မင်းတို့ရဲ့ပုံသဏ္ဍာန်ကိုကြည့်ရတာ ငါ့ကိုပြောစရာတစ်ခုခုများရှိနေသလားပဲ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်”
“ အခုလိုခွင့်ပေးလို့တောင်းပန်ပါတယ်ဆရာ ဆရာနာမည်က အောင်မြတ်သာဟုတ်ပါ တယ်နော်”
“ ဟုတ်ပါတယ် ဘာဖြစ်လို့ပါလဲ”
“ ဒါဆို လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာက ရသေ့တစ်ပါး မိန့်ထားခဲ့တာမှန်နေပီပေါ့”
“ ဒီစေတီနဲ့ပတ်သတ်ပြီး ဘာတွေသိထားတာရှိလို့လဲ”
“ ဒီလိုပါဆရာ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာက ဒီစေတီမှာ တရားကျင့်ကြံရင်း ထွက်ရပ်မြန်းသွား ခဲ့တဲ့ရသေ့တစ်ပါးက ထွက်ရပ်မမြန်းခင်တစ်ညမှာ ကျုပ်တို့ညီနောင်ကိုခေါ်ပြီး သူထွက်သွားတာနဲ့ ဒီစေတီက နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်သွားမယ် လူတွေက နီးလျက်နဲ့ သတိမထားကြပဲ ပေါ့တန်တန်နေထိုင်ကြမယ် ငါမရှိတော့တဲ့နောက် နှစ်ပေါင်းနှစ်ရာတိတိပြည့်တဲ့နေ့ကျရင် မင်းတို့ စောင့်ကြပ်နေတဲ့ မုခ်ဦးကနေ ဥပဓိရုပ်အလွန်ကောင်းမွန်တဲ့လူတစ်ဦး ဒီဘုရားမှာ အဓိဌာန်ဝင်ဖို့ တက်လာကြလိမ့်မယ် သူအဓိဌာန်ဝင်ပြီးတာနဲ့ စေတီမှာဌာပနာထားတဲ့ မြတ်ဗုဒ္ဓရဲ့ဆံတော်ကနေ ကြည်ညိုသပ္ပါယ်ဖွယ်ကောင်းတဲ့ ရောင်ခြည်တော်တွေကွန့်မြူးလာလိမ့်မယ်၊ ရောင်ခြည်တော် ကွန့်မြူးတာနဲ့ တာဝတိံသာနတ်ပြည်မှာအုပ်စိုးနေတဲ့ သိကြားမင်းရဲ့ကျောက်ဖျာတင်းလာပြီး လူ့ပြည်ကို သာသနာပြုဖို့ဆင်းသက်လာကြလိမ့်မယ် ဘေးဘီဝဲယာ နတ်စစ်သည် သန်းပေါင်းများစွာ ခြံရံပြီးဆင်းလာတဲ့ သိကြားမင်းရဲ့အကူအညီနဲ့ စေတီက ဒုတိယအကြိမ်ပြန်လည်တန်ခိုးထင်ရှား လာလိမ့်မယ်ဆိုပြီးမိန့်ကြားခဲ့တယ်”
“ သင်တို့ပြောပုံကြားရတာ ကျုပ်ရဲ့အသွေးအသားထဲကနေ ရိုးတွင်းချဉ်ဆီထိအောင် ကြည်နူး မှုကိုခံစားလိုက်ရတယ် ကျုပ်အဓိဌာန်ပြီးတဲ့အချိန်ဖြစ်ပေါ်လာမယ့် မြင်ကွင်းကို သင်တို့နဲ့တူတူ ဖူးမျှော်ချင်ပါတယ်”
အောင်မြတ်သာစကားကြောင့် ဇော်ဂျီညီနောင်က ပြုံးရွှင်စွာနဲ့လက်အုပ်ချီပြီး အနောက်ကို လှည့်ပြန်သွားပြီး မကြာခင်ပြန်လှည့်လာတာကို မြင်လိုက်ရတယ်။
“ ဘယ်လိုကြောင့် သင်တို့ကပြန်လှည့်လာကြတာလဲ”
“ ဆရာကို တိုင်စရာတစ်ခုရှိလို့ပါ ဒီကိစ္စကို ဆရာအရင်မဖြေရှင်းဘူးဆိုရင် အဓိဌာန်ဝင်တဲ့ အချိန် အနှောက်အယှက်ဖြစ်လိမ့်မယ်”
“ ဟင် ဘယ်လိုအနောက်အယှက်များလဲဆိုတာ ပြောပါဦး”
“ ဒီစေတီကိုစတည်တဲ့ သီဟသုဓမ္မာဆိုတဲ့ဘုရင်မှာ စကားမပြောတတ်တဲ့ သမီးတော်တစ်ပါး ရှိခဲ့တယ်။ ဘုရင်မင်းမြတ်က ဘာသာသာသနာကိုအရမ်းယုံကြည်ကိုးစားတဲ့အတွက် သီဟိုဋ်ပြည် ကနေကြွလာတဲ့ ရဟန္တာအရှင်မြတ်တွေက မြတ်ဗုဒ္ဓရဲ့ဆံတော်တစ်ဆူကိုပေးသနားတော်မူခဲ့တယ် ဘုရင်မင်းမြတ်ကလဲ ရလာတဲ့ ဆံတော်ကို ဌာပနာပြီး ဒီစေတီကိုတည်ထားခဲ့တယ်။ စေတီတည်တဲ့ အခါ နန်းတော်ထဲမှာရှိတဲ့သူတွေအားလုံး ကုသိုလ်ရစေချင်တဲ့စိတ်ကြောင့် တစ်ယောက်ကို ဌာပနာ တစ်ခုဆီထည့်ဝင်ရမယ့်ဆိုပြီး အမိန့်ချမှတ်ခဲ့တယ်။အဲဒီမှာ စကားမပြောတတ်တဲ့သမီးတော်က ဌာပနာထည့်ဝင်ချိန်မှာ အချိန်အနည်းငယ်နောက်ကျသွားတဲ့အတွက် ဘုရားဌာပနာထဲမှာ သူပစ္စည်း မထည့်ဝင်လိုက်ရဘူးဖြစ်ခဲ့တယ်။ ဒီကိစ္စကိုဘုရင်မင်းမြတ်သိတော့ အလွန်ကိုစိတ်ဆိုးဒေါသထွက် ခဲ့ပြိး သမီးတော်ကို သုံးနှစ်သုံးမိုးလုံး မခေါ်မပြောပဲ ဥပေက္ခာပြုထားခဲ့တယ်။ ဘုရင့်သမီးတော်ကလဲ သူ့အပေါ်ဥပေက္ခာပြုထားတဲ့ခမည်းတော်ကို စိတ်နာပြီး ပိုင်ဆိုင်သမျှပစ္စည်းတွေကို ထုခွဲရောင်းချပြီး မူရင်းစေတီရဲ့ဘေးမှာ နောင်တော်ကြီး၊ နောင်တော်လေးစေတီနှစ်ဆူကို တည်ထားခဲ့တယ်။ စေတီ နှစ်ဆူတည်ပြီးတာနဲ့ ကျောက်တိုင်စိုက်ထူပြီး အမှတ်အသားပြုလုပ်ခဲ့တယ်။ နောက်မ “ ဟင် ဘယ်လိုအနောက်အယှက်များလဲဆိုတာ ပြောပါဦး”
“ ဒီစေတီကိုစတည်တဲ့ သီဟသုဓမ္မာဆိုတဲ့ဘုရင်မှာ စကားမပြောတတ်တဲ့ သမီးတော်တစ်ပါး ရှိခဲ့တယ်။ ဘုရင်မင်းမြတ်က ဘာသာသာသနာကိုအရမ်းယုံကြည်ကိုးစားတဲ့အတွက် သီဟိုဋ်ပြည် ကနေကြွလာတဲ့ ရဟန္တာအရှင်မြတ်တွေက မြတ်ဗုဒ္ဓရဲ့ဆံတော်တစ်ဆူကိုပေးသနားတော်မူခဲ့တယ် ဘုရင်မင်းမြတ်ကလဲ ရလာတဲ့ ဆံတော်ကို ဌာပနာပြီး ဒီစေတီကိုတည်ထားခဲ့တယ်။ စေတီတည်တဲ့ အခါ နန်းတော်ထဲမှာရှိတဲ့သူတွေအားလုံး ကုသိုလ်ရစေချင်တဲ့စိတ်ကြောင့် တစ်ယောက်ကို ဌာပနာ တစ်ခုဆီထည့်ဝင်ရမယ့်ဆိုပြီး အမိန့်ချမှတ်ခဲ့တယ်။အဲဒီမှာ စကားမပြောတတ်တဲ့သမီးတော်က ဌာပနာထည့်ဝင်ချိန်မှာ အချိန်အနည်းငယ်နောက်ကျသွားတဲ့အတွက် ဘုရားဌာပနာထဲမှာ သူပစ္စည်း မထည့်ဝင်လိုက်ရဘူးဖြစ်ခဲ့တယ်။ ဒီကိစ္စကိုဘုရင်မင်းမြတ်သိတော့ အလွန်ကိုစိတ်ဆိုးဒေါသထွက် ခဲ့ပြိး သမီးတော်ကို သုံးနှစ်သုံးမိုးလုံး မခေါ်မပြောပဲ ဥပေက္ခာပြုထားခဲ့တယ်။ ဘုရင့်သမီးတော်ကလဲ သူ့အပေါ်ဥပေက္ခာပြုထားတဲ့ခမည်းတော်ကို စိတ်နာပြီး ပိုင်ဆိုင်သမျှပစ္စည်းတွေကို ထုခွဲရောင်းချပြီး မူရင်းစေတီရဲ့ဘေးမှာ နောင်တော်ကြီး၊ နောင်တော်လေးစေတီနှစ်ဆူကို တည်ထားခဲ့တယ်။ စေတီ နှစ်ဆူတည်ပြီးတာနဲ့ ကျောက်တိုင်စိုက်ထူပြီး အမှတ်အသားပြုလုပ်ခဲ့တယ်။ နောက်မကြာခင် စိတ်နှလုံးပင်ပန်းတဲ့ဒဏ်နဲ့သေဆုံးခဲ့ပြီး မသေခင်သူစိုက်ထားခဲ့တဲ့ ကျောက်တိုင်ကိုစွဲလမ်းတဲ့ စိတ်ကြောင့်နှစ်ပေါင်းများစွာမကျွတ်မလွတ်ပဲရှိနေခဲ့တယ်။ ဘုရင့်သမီးတော်ဘဝကနေ လာတဲ့ အတွက် စိတ်အရမ်းဆတ်တယ်။ ခေါင်းလဲအရမ်းမာတယ်။ သူ့ရဲ့ကုသိုလ်အဟုန်ကလဲ ကျန်နေတဲ့ အတွက် ကျုပ်တို့နှစ်ဦးလဲ ဘာမှပြောမနိုင်ပဲ ကြည့်နေခဲ့ရတယ်။ လွန်ခဲ့တဲ့နှစ်ငါးဆယ်က တစ်ယောက်ထဲတရားလာထိုင်တဲ့ ကိုရင်လေးကို ရူးသွားတဲ့ထိခြောက်လှန့်ခဲ့လို့ ကျောက်တိုင်ထဲမှာ နှစ်ငါးဆယ်တိတိပိတ်လှောင်ခံရသေးတယ်။ ပြစ်ဒဏ်ပြည့်လို့ လွတ်လာတော့လဲ ဒီတိုင်းပါပဲ ဘာမှ မပြောင်းလဲသွားဘူး။ ဆရာအနေနဲ့ မင်းသမီးကို ချေချွတ်ဆုံးမပါလို့ ကျုပ်တို့ညီနောင်က တောင်းဆို ပါတယ်”
“ ဒီကိစ္စကို ကျုပ်နိုင်သလောက် ကူညီပေးပါ့မယ် သင်တို့လဲ စိတ်ဖြောင့်ဖြောင့်နဲ့ ဆက်လက် စောင့်ကြပ်ကြပါ”
အောင်မြတ်သာလဲ ဇော်ဂျီညီနောင်ကို ပြောဆိုပြီး စေတီရင်ပြင်ပေါ်ကို ဆက်လက် တက်လာ ခဲ့လိုက်တယ်။ ညသန်းခေါင်အချိန် ရင်ပြင်တစ်ခုလုံး မှောင်မဲနေတာမြင်တော့ လွယ်အိတ်ထဲကနေ ဖယောင်းတိုင်နဲ့ ယမ်းမီးခြစ်ကိုထုတ်ယူကာ မီးညှိပူဇော်လိုက်တယ်။ ဖယောင်းတိုင် ကိုးတိုင်ရဲ့ အလင်းဓါတ်ကြောင့် ရင်ပြင်တစ်ဝိုက်ရှိအရာဝတ္တုတွေကို သဲသဲကွဲကွဲမြင်တွေ့လာရတဲ့ထိ ဖြစ်လာ ခဲ့တယ်။
အောင်မြတ်သာလဲ အဓိဌာန်ဝင်ဖို့အချိန်ကျနေပြီဖြစ်တဲ့အတွက် အခြားအရာတွေကို ခေါင်းထဲ ကနေထုတ်လိုက်ပြီး သန့်ရှင်းတဲ့နေရာမှာ တင်ပလ္လင်ခွေထိုင်ချကာ အဓိဌာန်ကိုစတင်ခဲ့တယ်။ အဓိဌာန်စပြီးမကြာခင်မှာပဲ ထွန်းထားတဲ့ ဖယောင်တိုင်တွေကို တစ်ယောက်ယောက်က လာငြိမ်းသတ်သွားတဲ့အလား မျက်လုံးအမြင်တွေလုံးဝအမှောင်ကျသွားခဲ့တယ်။ အောင်မြတ်သာလဲ စိတ်ကိုတည်ငြိမ်အောင်ထားပြီး တရားထိုင်နေခဲ့ရာ အနောက်ဘက်မုခ်ဦးကနေ အနက်ရောင် ဝမ်းဆက်ဝတ်ထားတဲ့ မိန်းမ ငါးယောက်ဖြေးညှင်းစွာတက်လာတာကို အာရုံထဲကနေမြင်လိုက် ရတယ်။
ပိုးသားတွေလိုနူးညံ့နေတဲ့ ဆံနွယ်တွေက လေအဝှေ့မှာ လှုပ်ခါနေပြီး အိန္ဒြေရရလျောက်လာတဲ့ မိန်းမငါးယောက်က အောင်မြတ်သာအရှေ့လဲရောက်ရော ငြိမ်းနေတဲ့ ဖယောင်းတိုင်တွေပေါ်ကို လက်ဖျောက်တစ်ချက်တီးပြီး အလင်းရောင်ပြန်ရအောင်လုပ်လိုက်ကြတယ်။ ပြီးတာနဲ့ အောင်မြတ်သာကိုပတ်လည်ဝိုင်းပြီး ဘုရားရှိခိုးနေကြတာကိုလဲ မြင်လိုက်ရတယ်။ မိန်းမငါးယောက် ဘုရားရှိခိုးနေတဲ့အချိန် အနောက်မှာ ကြမ်းတမ်းစွာလမ်းလျောက်နေတဲ့ ခြေသံတစ်ခုကိုလဲ ကြားလိုက်ရပြန်တယ်။
အောင်မြတ်သာလဲ စိတ်ထဲကနေ ကြားနေရတဲ့အသံတွေကိုထုတ်ပစ်လိုက်ပြီး သမထကိုသာ တစ်စိုက်မတ်မတ်ရှုမှတ်လိုက်ရာ အပ်ကျသံပင်မကြားရလောက်အောင် ပတ်ဝန်းကျင်က တိတ်ဆိတ် ငြိမ်သက်သွားခဲ့တယ်။ ဘယ်လောက်ကြာတဲ့အထိ ရှုမှတ်ခဲ့လဲမသိတဲ့အချိန် နားထဲမှာ တရားဖြုတ်ဖို့ သတိပေးတဲ့အသံကြားတော့မှ ပိတ်ထားတဲ့မျက်စိကို ဖြေးညှင်းစွာဖွင့်ကြည့်လိုက်တယ်။
မျက်လုံးပွင့်တဲ့အချိန် အရှေ့မှာ ဆံင်ဖားလျားချပြီးငုတ်တုပ်ထိုင်ကာ မျက်လုံးပြူးပြနေတဲ့ မိန်းမတစ်ယောက်ကို ရုတ်တရက်မြင်လိုက်ရတယ်။ သာမန်သမာဓိမျိုးနဲ့ အခုလို ရုတ်တရက်မြင်လိုက်ရတဲ့သူတွေအဖို့ ရူးသွပ်သွားနိုင်ပေမယ့် အောင်မြတ်သာကတော့ အနည်းငယ် တွန့်ဆုတ်တဲ့ပုံမဖြစ်တာမြင်တော့ ထိုင်နေတဲ့မိန်းမအံ့သြသွားပြီး လက်ဟန်ခြေဟန်နဲ့ လုပ်ပြပါလေ ရော။
အောင်မြတ်သာကတော့ လက်ဟန်ခြေဟန်နဲ့ပြနေတဲ့ မိန်းမကို သနားဂရုဏာသက်တဲ့ မျက်လုံးအစုံနဲ့ကြည့်ပြီး
“ သင်ခြောက်လှန့်လို့ အဓိဌာန်ဖျက်ပြီး ပြန်ပေးမယ့်ထဲမှာ ကျုပ်မပါခဲ့ဘူး”လို့ပြောလိုက်တော့ မိရွှေအက စိတ်ဆိုးတဲ့ဟန်နဲ့ မတ်တပ်ထရပ်လိုက်ပြီး ပါးစပ်ကနေလဲ ဝူးဝူးဝါးဝါးအော်ဟစ်ပါလေရော။ အောင်မြတ်သာကတော့ မိရွှေအလုပ်သမျှကို ဘာတစ်ခွန်းမှမပြောပဲ ငြိမ်သက်စွာကြည့်နေခဲ့တယ်။ မိရွှေအကလဲ သူလုပ်သမျှကို ကြောက်ရွံဟန်မပြတဲ့ အောင်မြတ်သာအပေါ် မကျေမချမ်းဖြစ်ပြီး ရင်ပြင်ဘေးမှာကျနေတဲ့ သစ်ကိုင်းခြောက်တွေ၊ ထန်းသီးခြောက်တွေနဲ့ ပစ်ပေါက်ပါလေရော။
မိရွှေအပစ်လိုက်တဲ့ အရာတွေက အောင်မြတ်သာအရှေ့ကိုရောက်တာနဲ့ ဘေးနှစ်ဖက်ကို ထက်ခြမ်းကွဲကာလွင့်ထွက်သွားခဲ့တယ်။ အစကတော့ သာမန်တရားကျင့်ကြံသူလို့ထင်ခဲ့မိပေမယ့် အောင်မြတ်သာရဲ့အစွမ်းကိုလက်တွေ့မြင်လိုက်ရတဲ့အချိန်မှာတော့ မိရွှေအ မျက်နှာမှာ ကြောက်လန့် တဲ့အရိပ်အယောင်တွေရုတ်ချည်းပေါ်ပေါက်လာခဲ့တယ်။
“ သင်ကျုပ်ကိုထပ်ပြီးနှောက်ယှက်ဦးမလို့လား အခုချိန်ပြင်မယ်ဆိုရင် အချိန်မှီသေးတယ် နောက်ထပ်ထမင်းအိုးတစ်လုံးချက်မှ သင်နောင်တမရဘူးဆိုရင် ဒီနေရာဒီဒေသကို ဘယ်တော့မှ ပြန်လာလို့မရဘူးနော် သင့်ရဲ့အတ္တတွေ မာနတွေကြောင့် သေခါနီးအချိန် ယူရမယ့်ကုသိုလ်ကို မယူခဲ့ပဲ မယူသင့်တဲ့အကုသိုလ်စိတ်ကိုယူခဲ့လို့ ဒီလိုဘဝမျိုးမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ရပြီးပြီမဟုတ်ပါလား ဘာကြောင့်ထပ်ပြီးအကုသိုလ်အလုပ်တွေလုပ်ချင်နေရာလဲ”
အောင်မြတ်သာစကားကိုကြားတော့ မိရွှေအ အနည်းငယ်ငြိမ်သက်သွားပြီး တစ်ခုခုကို တွေးတောနေတဲ့လက္ခဏာကိုမြင်တွေ့လိုက်ရတယ်။ သိပ်မကြာခင် စေတီတော်ရဲ့ ဌာပနာတိုက်ထဲ ကနေ လျှပ်စီးလက်သလိုအလင်းတန်းတစ်ခု ဖြတ်ခနဲပေါ်ပေါက်လာခဲ့တယ်။ မိရွှေအလဲ ရုတ်တရက် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး အောင်မြတ်သာကို စူးစိုက် ကြည့်လိုက်မိတယ်။
“ ဟုတ်တယ် မိရွှေအ မကြာခင် ဒီစေတီကနေ ရောင်ခြည်တော်ကွန့်မြူးလိမ့်မယ် သင် အမှားကိုဝန်ချတောင်းပန်ပြီး စိတ်သစ်လူသစ်အဖြစ်ပြန်နေမလား ဒီစေတီကနေ ထွက်သွားမလား ဆိုတာကို စက္ကန့်ပိုင်းအတွင်းဆုံးဖြတ်ပါ”
အောင်မြတ်သာစကားအဆုံးမှာ မိရွှေအက ဒူးထောက်ထိုင်ချလိုက်ပြီး ပါးစပ်ကနေ ဝူးဝူးဝါးဝါး အော်ဟစ်ကာ မျက်ရည်တွေကျလာခဲ့တယ်။
“ သာဓု သာဓု သာဓု သင့်အတွက် ကျုပ်ယနေ့လုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေကို အမျှ ပေးဝေပါတယ် စိတ်သန့်သန့်နဲ့သာဓုခေါ်ပြီး ကျွတ်တမ်းဝင်ပါတော့”လို့ပြောပြီး အမျှသုံးကြိမ်ဝေ လိုက်ရာ မိရွှေအကလဲ မပီမသစကားသံနဲ့ သာဓုသုံးကြိမ်ခေါ်ဆိုခဲ့တယ်။
သာဓုခေါ်ပြီးတဲ့အချိန်မှာပဲ ဌာပနာတိုက်ထဲကနေ မျက်စိကြိမ်းလုမတတ်အလင်းဓါတ်တွေ ထွက်ပေါ်လာပြီး စေတီရဲ့ငှက်မြတ်နားတစ်ဝိုက်မှာ လှည့်ပတ်ပျော်မြူးပါလေရော။ ရောင်ခြည်တော် စတင်ကွန့်မြူးတဲ့အချိန်မှာပဲ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အဝတ်အစားဝတ်ထားတဲ့ မိရွှေအရဲ့ ကိုယ်မှာ ရွှေမျှင်ရောင်တစ်လက်လက်တောက်ပနေတဲ့ အဆင်တန်ဆာတွေပေါ်ပေါက်လာပြီး ငှက်သိုက်လို ရှုပ်ထွေးနေတဲ့ ဆံပင်ထွေးကြီးက ပိုးသားလိုပျော့ပျောင်းစွာ ဒူးဆစ်ထိရှည်ကျလာခဲ့တယ်။
အလားတူ မဲညစ်ကာအကျည်းတန်နေတဲ့ မျက်နှာအသွင်ကနေ အဖုအထစ်လုံးမရှိပဲ ဖြူဖွေး ပြေပြစ်စွာလှပတဲ့အသွင်ကို ပြောင်းလဲလာခဲ့တယ်။ အောင်မြတ်သာလဲ စေတီပတ်လည်မှာ ကွန့်မြူးနေတဲ့ ရောင်ခြည်တော်တွေကို ထပ်တလဲလဲ ဦးချဖူးမျှော်နေတဲ့အချိန် အထက်ဝဋာ ကောင်းကင်ယံကနေ အရောင်အဝါထွန်းလင်းစွာနဲ့ ဆင်းသက်လာတဲ့ နတ်တို့သခင် သိကြားမင်းကို မြင်တွေ့လိုက်ရတယ်။
တူရိယာအစုံတီးမှုတ်ပြီးဆင်းသက်လာတဲ့ နတ်သိကြားတွေက စေတီတော်ကို လကျ်ာရစ် သုံးကြိမ်ဦးခိုက်ပြီးတဲ့အချိန် ပြန်လည်ပျောက်ကွယ်သွားခဲ့ကြတယ်။ နတ်သိကြားတွေ ပျောက်ကွယ် သွားတဲ့အချိန်ရောက်မှ စေတီတစ်ဝိုက်မှာ နေထိုင်ကြတဲ့ သိုက်နန်းရှင်တွေ၊ အစောင့်အရှောက်တွေ လာရောက်ဖူးမျှော်ကြခဲ့ကြတယ်။
ရောင်ခြည်တော်ကွန့်မြူးတာပြီးဆုံးခါနီးအချိန်မှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ နာနာ ဘာဝတွေ၊ တစ်ကိုယ်လုံးမဲနက်နေတဲ့ ဝတ်လစ်စလစ်ဖြစ်နေတဲ့သူတွေလာရောက်ဖူးမျှော်နေစဉ် အကုန်လုံးရဲ့ခန္ဓာကိုယ်မှာ ဝတ်ကောင်းစားလှတွေပေါ်ပေါက်လာပြီး မြင့်မြတ်တဲ့ဘုံဘဝကို ကူးပြောင်းသွားကြတာကိုလဲ အံ့သြဖွယ်မြင်တွေ့လိုက်ရတယ်။
မနက်အရုဏ်တက်ချိန်ရောက်တော့ ရောင်ခြည်တော်တွေအားလုံး ဌာပနာတိုက်ထဲ ပြန်လည် ဝင်ရောက်သွားခဲ့ပြီး သာယာနာပျော်တဲ့ ကျေးငှက်တွေရဲ့အသံနဲ့အတူ နေ့တစ်နေ့စတင်မွေးဖွားလာ ခဲ့တယ်။ အောင်မြတ်သာလဲ အားလုံးပြီးစီးတဲ့အချိန် ကျောက်တိုက်ဘက်ကိုလှည့်ကြည့်လိုက်တော့ အလွန်လှပချောမွေ့တဲ့ရုပ်ရည်ရှိတဲ့ မိန်းမတစ်ယောက်က လက်ပြနှုတ်ဆက်ပြီး ပျောက်ကွယ်သွား တာကိုလဲမြင်တွေ့လိုက်ရတယ်။
အဲဒီအချိန် အင်္ကျီအနက်ရောင်ဝတ်ထားတဲ့ မိန်းမငါးယောက်က အနောက်ဘက်မုခ်ဦးဝကနေ အောင်မြတ်သာဆီလျောက်လာပြီး


“ ဆရာ ညီမတို့ကို ကူညီပါဦး”
“ ဘာအရေးကိစ္စများရှိလို့ ကျုပ်ကိုအကူအညီတောင်းရတာလဲ”
“ မနေ့ညက ဆရာအဓိဌာန်ဝင်နေတဲ့အချိန် ညီမတို့ရောက်လာပါသေးတယ် ဒါပေမယ့် အခွင့်မသင့်လို့ လှည့်ပြန်လာခဲ့ကြတာ။ ညီမတို့က စေတီရဲ့ အရှေ့ဘက်တောင်တန်းမှာရှိတဲ့ ညီအစ်မငါးဖော်သိုက်မှာနေပါတယ်။ မကြာသေးခင်က ညီမတို့သိုက်နန်းဘေးမှာရှိတဲ့ ရွှေမောင်းသိုက် က အခြားတစ်နေရာကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ သူတို့ပြောင်းရွှေ့သွားခဲ့ပေမယ့် သိုက်ထဲမှာ မြုပ်နှံထားတဲ့ ရွှေပိတုန်းမင်းအစီအရင်ကို ပယ်ဖျက်မသွားခဲ့ကြဘူး။ အဲဒီအစီအရင်ကြောင့် ညီမတို့ သိုက်မှာနေထိုင်တဲ့သူတွေအရမ်းစိတ်ဒုက္ခရောက်နေကြပါတယ်။ သိုက်ချုပ်ဘိုးဘိုးကို တင်ပြတော့လဲ မူလစီရင်ခဲ့တဲ့ ဆရာကိုယ်တိုင်ပြန်ဖျက်မှရမယ်လို့ပြောတဲ့အတွက် ညီမတို့အတော်စိတ်ညစ်ခဲ့ရတယ်။ အရင်နေခဲ့တဲ့ သိုက်ကလူတွေကလဲ အစီအရင်ကိုမဖျက်တတ်ဘူးလို့ ပြောင်းပြေးကြတာလို့ သိရပါတယ်။ ဆရာအနေနဲ့ ညီမတို့အခက်အခဲကို ကူညီပေးမယ်ဆိုရင် ညီမတို့ပိုင်ဆိုင်တဲ့ ပစ္စည်းထဲက အချို့တစ်ဝက်ကို သာသနာအတွက်ပေးလှူပါ့မယ်လို့ကတိပေးပါတယ်”
အောင်မြတ်သာလဲ ညီအစ်မငါးဖော်သိုက်နန်းရှင်မတွေစကားကို အတန်ကြာစဉ်းစားလိုက်ပြီး
“ ဒါဆိုလဲ မကြာခင်ကျုပ်တို့လာပြီး ကူညီပေးပါ့မယ် ကျုပ်တို့လာတဲ့အချိန် သင်တို့သိုက်နန်း ထဲမှာရှိတဲ့သူတွေအားလုံးအပြင်ကိုမထွက်ပေးဖို့ပြောထားပါ”လို့ပြောကာ စေတီပေါ်ကနေ ပြန်လည် ဆင်းလာခဲ့တယ်။ မုခ်ဦးဝရောက်တော့ အဝတ်စားသစ်တွေနဲ့ တောက်ပနေတဲ့ ဇော်ဂျီညီနောင်က ပြုံးရွှင်စွာနဲ့ နှုတ်ဆက်ခဲ့ကြတယ်။
များမကြာမီ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ စေတီတော်ကို အသစ်ပြန်လည်မွမ်းမံမယ့် အလှူရှင်တွေတစ်ဖွားဖွားရောက်လာပြီး မွမ်းမံပြင်ဆင်ခဲ့ရာ သုံးနှစ်အတွင်း ရွှေရောင်တစ်ဝင်းဝင်း တောက်ပနေတဲ့ စေတီတစ်ဆူဖြစ်လာခဲ့တယ်။
နောက်ဝတ္တုမှာတော့ အောင်မြတ်သာတို့ဆရာတပည့်တွေ အစီအရင်ကို ဘယ်လိုပယ်ဖျက် မလဲဆိုတာကိုတော့ အောင်မြတ်သာဝတ္တုမှာဖတ်ရှုပေးကြပါဦး။

 

လေးစားစွာဖြင့်
ဇေယန(ရာမည )

Leave a Comment