အောင်မြတ်သာနှင့်ငယ်ပေါင်းကိုးဖော်

” အောင်မြတ်သာနှင့်ငယ်ပေါင်းကိုးဖော် ”
ရေးသားသူ—ဇေယန(ရာမည)
– – – – – – – – – – –

အောင်မြတ်သာတို့တည်းတဲ့ဘုန်းကြီးကျောင်းက တကယ့်နာမည်ကြီး။ ဘာလို့နာမည်ကြီးရလဲဆိုရင် ယခင်ဒီကျောင်းမှာကျောင်းထိုင်ဖို့ ကျောင်းထိုင်ဘုန်းကြီးတွေကို တာဝန်ချခဲ့တယ်။
တာဝန်ချခံရတဲ့ ကျောင်းထိုင်တွေက တစ်လမပြည့်ပဲ ပြေးကြတာများတယ်။ အဓိကကတော့ ညဘက်သန်းခေါင်ချိန်ဆိုရင် ကျောင်းပေါ်မှာ ကလေးတွေ ပြေးလွှားဆော့တဲ့အသံကြားရလို့ပဲ။
ကမ္မဝါဘယ်လိုဖတ်ဖတ်၊ ပဌာန်းဘယ်လိုရွတ်ရွတ်၊ ဒီဆော့ကစားတဲ့ အသံတွေကမပျောက်သွားဘူး။ အဲလိုနဲ့ စာသင်သားကိုယ်တော်တွေရော၊ ကျောင်းထိုင်ဘုန်းကြီးတွေပါ ထွက်ပြေးကြရတယ်။
ယခင်ကျောင်းစဆောက်တုန်းက ထိုင်ခဲ့တဲ့ဆရာတော်ကြီးလက်ထက်ကတော့ ဒါမျိုးတွေမကြုံရဘူး။ ဆရာတော်ကြီးက သီလသမာဓိနဲ့ ပြည့်စုံပြီး လူတွေနဲ့လဲရောရောထွေးထွေးမနေဘူး။
ဆွမ်းစားချိန်လောက်ပဲ အခန်းပြင်ထွက်ပြီး ကျန်တဲ့အချိန်တွေဆိုရင် အခန်းထဲမှာ တရားဘာဝနာပွားများနေတတ်တယ်။ ဆရာတော်ကြီးပျံလွန်တော်မူတော့ ရုပ်ကလပ်ကို ခုနှစ်ရက်ပူဇော်ခံခဲ့တယ်။
ဆရာတော်ကြီးဈာပနကို ကူညီပေးခဲ့တဲ့ ကပ္ပိယကြီးပြောတာကတော့ မနက်အာရုဏ်တက်ခါနီးအချိန်ဆိုရင် ကလေးကိုးယောက်က ဘုန်းကြီးကျောင်းရဲ့ အနောက်ပေါက်ကနေ တက်လာပြီး ဆရာတော်ကြီးကို လာဖူးတာမြင်ဖူးတယ်တဲ့။
ဆရာတော်ကြီးမရှိတော့ စာသင်သားတွေလဲ မရှိကြတော့ဘူး။ ကျောင်းကလဲ တစ်ဖြေးဖြေးယိုယွင်းလာခဲ့တယ်။ အခုလက်ရှိကျောင်းထိုင်ဆရာတော်ကလဲ ယခင်ဆရာတော်ကြီးအတိုင်း တရားဓမ္မနဲ့ပဲမွေ့လျော်တဲ့အတွက် ကျောင်းကိုလူဝင်လူထွက်သိပ်မရှိခဲ့ဘူး။
အောင်မြတ်သာတို့ရောက်လာတဲ့ညမှာ ကလေးကိုးယောက်က သက်ခိုင်ကို အကူအညီလာတောင်းခဲ့တယ်။ သက်ခိုင်လဲ မနက်ကျတော့ ဆရာတော်ကြီးနဲ့ ဆရာထံ အကျိုးအကြောင်းပြောပြတော့ ဆရာတော်က
“ဒကာလေး ဒီကလေးတွေက မင်းမိန့်နဲ့
သတ်ဖြတ်ခံထားရတာ
သူတို့လဲလွတ်မြောက်ချင်နေတာကြာပြီ
ဘုန်းကြီးဆီလဲလာပြောဖူးတယ်
ဒါပေမယ့် ဘုန်းကြီးက လောကီကိစ္စတွေနဲ့
မပတ်သတ်ချင်ဘူးပြောတော့ မျက်နှာငယ်လေးနဲ့
ပြန်သွားကြတယ် ညတိုင်းညတိုင်း သူတို့ကို
မေတ္တာပို့အမျှတန်းဝေပေးပါတယ်
ဒကာလေးတို့ ကူညီနိုင်မယ်ဆိုရင်
သူတို့ဘဝလေးတွေ ကျွတ်လွတ်အောင်
ကူညီပေးလိုက်ကြပါလို့ ဘုန်းကြီးမေတ္တာရပ်ခံပါတယ်”
ဆရာတော်ကြီးရဲ့မေတ္တာရပ်ခံမှုကြောင့် အောင်မြတ်သာတို့ဆရာတပည့်တွေ ဒီကိစ္စကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
အောင်မြတ်သာတို့လဲ မြို့ရိုးအဟောင်းရှိရာဘက်ကို ထွက်လာခဲ့ကြတယ်။ မြို့ရိုးရှိတဲ့နေရာရောက်တော့ အောင်မြတ်သာက
“သက်ခိုင် ဒီမြို့ရိုးက တော်တော်လေးကို
နှစ်ကာလကြာခဲ့ပြီ အင်းပေါ့လေ မြို့တစ်မြို့တည်ရင်
လူတွေကိုစတေးရမယ်ဆိုတဲ့ အတွေးတွေက အရင်ခေတ်အဆက်ဆက်မှာ ကြီးစိုးခဲ့ကြတာကိုး ဒီနေရာမှာ ကလေးတွေကို အစောင့်ထားရတဲ့ ရည်ရွယ်ချက်ကို အရင်သိရဖို့လိုလိမ့်မယ် ၊ ညကျရင် ဒီနေရာမှာ နှစ်အတော်ကြာနေခဲ့ဖူးတဲ့အဖိုးတစ်ယောက်ကို အကျိုးအကြောင်းမေးပြီးမှ ဘာဆက်လုပ်ရမလဲဆိုတာ ထပ်ပြောမယ်”လို့ပြောပြီး ဘုန်းကြီးကျောင်းဆီကို ပြန်လာခဲ့ကြတယ်။
ညဘက်ရောက်တော့ ကပ္ပိယကြီးက ဆရာတော်ဝေယျာဝစ္စအမှုကိုလုပ်ပေးပြီး သူ့ရဲ့နားနေဆောင်ထဲကို ဝင်တဲ့အချိန်ရောက်မှ အောင်မြတ်သာက သက်ခိုင်ကို လှမ်းခေါ်လိုက်တယ်..
“သက်ခိုင် မင်းတို့လုပ်ရမှာက ဒီဘုန်းကြီးကျောင်းရဲ့ အပြင်ဘက်မှာ ကုက္ကိုလ်ပင်ကြီးတစ်ပင်ရှိတယ် အဲဒီအပင်အောက်ကိုသွားပြီး ပင်စည်ကိုလက်နဲ့သုံးချက်ပုတ်ရမယ်၊ ပုတ်ပြီးတာနဲ့ ပါးစပ်က အဘိုးကိုလာပင့်တာပါ ကျွန်တော်တို့မေးမြန်းစရာလေးရှိလို့ လိုက်လာခဲ့ပေးပါဆိုပြီး အသံကျယ်ကျယ်နဲ့ သုံးခေါက်တိတိအော်ရမယ် ဘာလို့အသံကျယ်ကျယ်အော်ခိုင်းရလဲဆိုရင် အဖိုးက နားသိပ်မကြားရဘူး၊ အဲလိုပြောပြီး ခဏစောင့်ကြည့် အဖိုးလိုက်လာရင် မင်းတို့က ခေါ်လာခဲ့၊ ငါဒီမှာစောင့်နေမယ်”လို့ပြောတော့
သက်ခိုင်တို့လဲ အောင်မြတ်သာစကားကို နားလည်သည့်ပုံစံနဲ့ ကျောင်းအပြင်ကိုထွက်လာခဲ့လိုက်တယ်။ ကျောင်းအပြင်ကိုရောက်တော့ ဘေးဘီကိုလိုက်ကြည့်လိုက်တာ မလှမ်းမကမ်းမှာ လူကြီးသုံးဖက်စာလောက် ကြီးတဲ့ကုက္ကိုပင်တစ်ပင်ကိုတွေ့လိုက်ရတယ်။ သက်ခိုင်တို့လဲ အောင်မြတ်သာမှာတဲ့အတိုင်း ဖိတ်လိုက်တော့ ကုက္ကိုပင်ပေါ်ကနေ
“ဟေ့ကောင် မင်းဒီဘက်မတိုးနဲ့လေ
ခဏနေ အဖိုးဆင်းလာတော့မှာ
အဖိုးအတွက်လမ်းဖယ်ပေးကြဦး
ဟေ့ ဟိုကလေး အကိုင်းအစွန်ဘက်မသွားနဲ့”ဆိုတဲ့ စကားသံတွေကိုကြားလိုက်ရတယ်။
သက်ခိုင်လဲ အပင်ပေါ်ကိုအသံကြားလို့ မော့ကြည့်လိုက်တော့ ပုံသဏ္ဍာန်မျိုးစုံ၊ အရွယ်စုံနာနာဘာဝတွေက ကုက္ကိုပင်တစ်ခုလုံးနေရာလပ်မရှိအောင် ပြည့်နေတာ မြင်လိုက်ရတယ်။ နာနာဘာဝတွေက အဖိုးအတွက် လမ်းနေရာဖယ်ပေးရမယ်ဆိုတော့ ကုက္ကိုပင်အောက်ကို တဖုတ်ဖုတ်နဲ့ ခုန်ဆင်းလာတာကိုလဲ မြင်လိုက်ရတယ်။ သက်ခိုင်တို့ကိုမြင်တော့ အနားမကပ်တော့ပဲ ခပ်လှမ်းလှမ်းကနေ ကြည့်နေကြတယ်။
ခဏနေတော့ အဖိုးလာပြီဆိုတဲ့အသံနဲ့အတူ
ဆံပင်တစ်ခေါင်းလုံးဖြူ နေတဲ့ အဖိုးအိုတစ်ယောက် တောင်ဝှေးကိုအားပြုရင်း ဆင်းလာခဲ့တယ်။ အောက်ရောက်တော့ အဖိုးအိုကိုကြည့်လိုက်တာ မျက်နှာကလွဲပြီး ကျန်တာအကုန်အဖိုးကြီးတစ်ယောက်အတိုင်းပဲ။ မျက်နှာကတော့ ၁၆နှစ်သားလေးတစ်ယောက်လို နုဖတ်နေတာကိုလဲ အ့ံသြဖွယ်မြင်လိုက်ရတယ်။ သက်ခိုင်က အဖိုးကိုအကျိုးအကြောင်းပြောပြတော့ အဖိုးက ညင်သာစွာပဲ လိုက်လာခဲ့တယ်။
ဘုန်းကြီးကျောင်းပေါက်ဝရောက်တော့
အဖိုးအိုက .
“ကျောင်းပေါက်ဝစောင့်ညီနောင်
ကျန်းမာပါရဲ့လား”ဆိုပြီးလှမ်းနှုတ်ဆက်လို့ ကျောင်းမုဒ်ဝအပေါ်ကိုမော့ကြည့်လိုက်တာ မုဒ်ဝအပေါ်အစွန်းနှစ်ဘက်မှာ စောင့်ကြောင့်ထိုင်နေတဲ့ ဘီလူးနှစ်ကောင်ကို မြင်လိုက်ရတယ်။
အလာတုန်းကသတိမထားခဲ့ပဲ အခုမှမြင်လိုက်ရတော့ သက်ခိုင်ကြက်သီးအနည်းငယ်ထသွားတယ်။ ကျောင်းပေါ်ရောက်တော့ အောင်မြတ်သာက အဖိုးကိုနေရာဖယ်ပေးပြီး ဧည့်ဝတ်ပြုလိုက်တယ်။
အဖိုးက ဘုရားကျောင်းဆောင်နဲ့ မလှမ်းမကမ်းမှာ ထိုင်ပြီး အောင်မြတ်သာကို
“ကျုပ်ကိုခေါ်တာအကြောင်းတစ်ခုတော့ရှိရမယ်
ကျုပ်ကူညီနိုင်တာကူညီမယ် ဘာမေးကြမလို့လဲ”လို့ ပြောတော့ အောင်မြတ်သာက
“ထွေထွေထူးထူးတော့မဟုတ်ပါဘူး
အဖိုးကဒီနေရာမှာ နေတာကြာပြီဆိုတော့
ဒီမြို့ရိုးမှာစောင့်တဲ့ကလေးကိုးယောက်ကိုလဲ
သိလောက်မယ်ထင်လို့ ပင့်လိုက်တာပါ
ဒီကလေးကိုးယောက်က သူတို့ကျွတ်လွတ်ချင်တယ် ပြောလို့ ဆရာတော်ကြီးရဲ့မေတ္တာရပ်ခံမှုနဲ့ ကျွန်တော်တို့က ကူညီပေးမလို့ပါ
အဖိုးသိထားတာလေး ပြောပြပေးပါဦး”လို့ပြောတော့
အဖိုးအိုက
“ဒီကလေးတွေအကြောင်းပြောမယ်ဆိုရင်ဒီမြို့ရိုးအကြောင်းအရင်ပြောရမှာပဲဒီနေရာက အရင်ကနယ်စပ်မြို့်တစ်မြို့ပဲသူတစ်လူငါတစ်မင်းအုပ်ချုပ်နေတဲ့အချိန်ဒီမြို့ကိုအုပ်ချုပ်တဲ့မြို့စားမင်းက သူ့နယ်ကိုရန်သူတွေ အလွယ်တကူမဝင်တိုက်နိုင်အောင် မြို့ရိုးကြီးကို လူအင်အား၅၀၀၀ကျော်နဲ့တည်ဆောက်ခဲ့တယ် မြို့ရိုးဆောက်တာ ငါးနှစ်လောက်ရှိခဲ့ပေမယ့် မြို့ရိုးကိုအပြီးမသတ်နိုင်ခဲ့ဘူး တစ်နေရာပြီးရင် တစ်နေရာက အကြောင်းတစ်ခုခုကြောင့်ပြန်ပြိုတာတွေရှိခဲ့တယ် အဲလိုဖြစ်တော့ မြို့စားမင်းရဲ့ အကြံပေးတွေက ဒီမြို့ရိုးကို စောင့်ကြပ်ဖို့ လူစတေးရမယ်ဆိုပြီး အကြံပေးခဲ့ကြတယ် အကြံပေးတွေရဲ့စကားအရ အကန့်တစ်ခုစီမှာ သီလစင်ကြယ်တဲ့ ကလေးတစ်ယောက်ကိုစတေးဖို့စီစဉ်ခဲ့တယ် မြို့ရိုးရဲ့ အဆက်က ကိုးခုတိတိရှိတဲ့အတွက် ကလေးကိုးယောက်စတေးရမယ်၊ စတေးမယ့်ကလေးတွေအားလုံးက အသက်၁၀နှစ်တိတိပြည့်တဲ့သူတွေဖြစ်ရမယ်၊ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြရမယ်၊ အရပ်အမောင်းလဲတူညီကြရမယ်လို့လဲ ဆိုကြတယ်၊ အဲလိုသတ်မှတ်ပြီး ကလေးတွေကိုရှာတော့တာပဲ၊ ကလေးကိုးယောက်ရတော့ ချက်ချင်းမစတေးသေးပဲ သူတို့ချင်းရင်းနှီးအောင် ထားသေးတယ်၊ ညီအကိုတွေလိုရင်းနှီးလာတော့မှ အဆက်တစ်ခုရဲ့ အောက်က မြေတွင်းထဲမှာ လည်ဆွဲတစ်ခုစီထည့်ပြီး ကလေးတွေကို ဆင်းကောက်ခိုင်းတယ်၊ ကလေးတွေဆင်းကောက်တော့မှ အပေါ်ကနေ ကျွန်းတိုင်တွေနဲ့ဖိသတ်ခဲ့ကြတယ်၊ ကလေးတွေသေတော့ အမိန့်နဲ့ဒီနေရာကို စောင့်ကြပ်ဖို့ စေခိုင်းခဲ့တယ်၊ အဲလိုနဲ့မြို့ရိုးဆောက်ပြီးတဲ့အချိန် ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ရာဇဝတ်သားတစ်ယောက်ကို မြို့ရိုးတံခါးကို စောင့်ကြပ်ဖို့ထပ်စတေးခဲ့တယ်၊ နှစ်တွေကြာလာတော့ မြို့လဲပျက်၊ မြို့ရိုးတွေလဲ ပြိုပျက်ခဲ့ပေမယ့် ကလေးတွေကတော့ ခုထိမကျွတ်လွတ်သေးဘူး၊ မြို့ရိုးဆောက်ထားတဲ့အုပ်တွေကုန်မှ လွတ်မယ်လို့ပြောကြတယ်
ကျုပ်သိတာတော့ဒါအကုန်ပဲ”လို့ပြောပြီး ကျောင်းအောက်ကိုဖြေးဖြေးချင်းပြန်ဆင်းသွားတယ်။
နောက်နေ့မနက်ရောက်တော့ ဆရာတော်ထံ ခွင့်ပန်ပြီး ကျောင်းအနောက်ဘက်မှာရှိတဲ့ မြို့ရိုးထဲက အုပ်တစ်ချပ်ကို ကျောင်းပေါ်ယူလာခဲ့လိုက်တယ်။
ကျောင်းပေါ်ရောက်တော့ အုတ်ချပ်ကို ကိုင်ပြီး အောင်မြတ်သာက ..
“မြို့ရိုးတစ်လျောက်မှာ စောင့်ကြပ်သော
ကလေးကိုးယောက်နဲ့သူတို့ရဲ့အထိန်းတော်သာ ငါအရှေ့သို့်ရောက်စေ မဆိုင်အပ်သော ပုဂ္ဂိုလ်များကျောင်းပရဝဏ်အနားသို့ပင် မကပ်စေရ ကပ်ခဲ့သည်ရှိသော် ငရဲမီးထက်အဆတစ်ရာပြင်းသော အပူဒဏ်ကိုခံစားကြစေ”လို့အမိန့်ပြန်ပြီး အုပ်ချပ်ကို အရှေ့မှာချလိုက်တယ်။
အမိန့်ပြန်ပြီးအချိန်မှာပဲ ကျောင်းလှေကားပေါ်ကို တက်လာကြတဲ့ခြေသံတွေကို ကြားလိုက်ရတယ်
ခြေသံတွေက အခန်းဝအရောက် လှည့်ကြည့်လိုက်တော့ လူကောင်ထွားထွားနဲ့ အသားမဲမဲပုဂ္ဂိုလ်ကို တွေ့လိုက်ရတယ်။ မဲနက်ပြီးရှည်ကျနေတဲ့ ဆံပင်တွေက မျက်နှာကိုဖုံးထားတော့ မျက်နှာကိုသဲသဲကွဲကွဲ မမြင်ရဘူးဖြစ်နေတယ်။ အနောက်မှာတော့ ကလေးငယ်တွေကိုမြင်လိုက်ရတယ်။ အောင်မြတ်သာက အခန်းဝမှာ ရပ်နေတဲ့ပုဂ္ဂိုလ်ကိုကြည့်ပြီး
“သင့်တို့ကိုရန်ပြုမယ့်သူတွေထင်နေတာလား
သင်တို့ရဲ့ဘဝလွတ်မြောက်ဖို့ကူညီပေးဖို့ ကျုပ်တို့ရောက်လာတာပဲ ဒါကြောင့် သင့်ရဲ့ရုပ်သွင်ကို မူလအတိုင်းပြောင်းပြီးကျုပ်ရှေ့ကိုလာခဲ့ပါ”လို့ပြောလိုက်တော့ ခုနက ဆံပင်ဖွာလန်ကျဲပြီး ကြောက်မက်ဖွယ်ဖြစ်နေတဲ့ ပုံသဏ္ဍန်ကနေ သာမန်လူတစ်ယောက်ပုံကိုပြောင်းသွားပြီး အောင်မြတ်သာရှေ့ကို တစ်လှမ်းချင်းလျောက်လာခဲ့တယ်။
အရှေ့ရောက်လို့ ကြည့်လိုက်တော့ မျက်နှာမှာ ဓားခုတ်ရာလိုလိုအမာရွတ်တွေအထင်းသား တွေ့လိုက်ရတယ်။ အောင်မြတ်သာလဲ ထိုပုဂ္ဂိုလ်ကိုကြည့်ပြီး
“အသင်ကဘယ်သူလဲ ဒီကလေးတွေနဲ့ ဘယ်လိုပတ်သတ်တာလဲ”လို့မေးလိုက်တော့ အသားညိုညိုလူက
“ငါက ဒီမြို့ရိုးကို စောင့်တဲ့ မင်းရဲယက္ခပဲ ကျုပ်နဲ့ ကလေးတွေကိုခေါ်ပြီး ဘာလုပ်မလို့လဲ”လို့မေးတော့ အောင်မြတ်သာက
“ဒီကလေးတွေက သူတို့လွတ်မြောက်ချင်ပီပြောလို့ ငါတို့ကူညီပေးရုံပဲ အသင်တို့ဒီမှာစောင့်ကြပ်နေရတာ ဘယ်လောက်ကြာပီလဲ”လို့မေးလိုက်တော့ မင်းရဲယက္ခက
“သင်တို့က ငါတို့လွတ်မြောက်အောင် ကူညီနိုင်လို့လား ငါတို့ဒီမှာစောင့်ကြပ်နေရတာ နှစ်၂၀၀ကျော်ပီ ငါတို့လဲ လွတ်မြောက်ချင်တယ် ဒါပေမယ့် ငါတို့လွတ်မြောက်ဖို့က မျှော်လင့်ချက်သိပ်မရှိဘူး သင်တို့ကူညီတာ မအောင်မြင်ရင် ဒီကလေးတွေရောငါရော သေလုမျောပါး ရိုက်ခံရလိမ့်မယ်”
“ဒါဆို အသင်တို့ကို စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်နောက်တစ်ယောက်ရှိသေးတာလား”
“ဟုတ်တယ် ငါတို့ကို စောင့်ကြပ်တဲ့ စက္ကဒိဗ္ဗဆိုတဲ့ တပ်မှူးတစ်ယောက်ရှိသေးတယ် သူကဒီတစ်မြို့လုံးကို အပိုင်စားရထားတာ အသင်တို့ကူညီမယ်ဆိုရင် ငါတို့လွတ်မြောက်ချင်တယ် လွတ်မြောက်ဖို့အတွက် စက္ကဒိဗ္ဗရဲ့ နတ်နန်းကို သင်တို့ဝင်ရလိမ့်မယ် နတ်နန်းအောက်မှာ မြို့ဟောင်းပုံတူအသေးတစ်ခုရှိတယ် မြို့ဟောင်းပုံစံအတိုင်း အုပ်သေးသေးတွေနဲ့ အစီအမံတွေလုပ်ထားခဲ့တယ်၊ အဲဒီမြို့ဟောင်းပုံတူထားတဲ့အခန်းထဲမှာ ငါတို့ရဲ့အရိုးတွေရှိတယ် ငါတို့အရိုးတွေကို မီးရှို့ပေးလိုက်တာနဲ့ ငါတို့လွတ်မြောက်ပီ သင်တို့ကူညီနိုင်မယ်ဆိုရင် ကူညီပေးပါ”လို့ပြောတော့ အောင်မြတ်သာက
“ကောင်းပီ ငါတို့နိုင်သလောက် ကူညီပေးမယ် အသင်ပြောတဲ့စက္ကဒိဗ္ဗကရော သူကလက်ခံပါ့မလား”လို့မေးလိုက်တဲ့အခါ မင်းရဲယက္ခက
“မြို့စောင့်တပ်မှူးကတော့ လက်ခံမှာမဟုတ်ဘူး သူကနည်းအမျိုးမျိုးနဲ့နှောက်ယှက်လိမ့်မယ် ဒီကလေးတွေရောငါရော အချုပ်နှောင်ခံထားရတာတွေကို လွတ်အောင်လုပ်ပေးရင် မြို့ရိုးအောက်မှာ မြှုပ်ထားတဲ့ ရတနာတွေ သင်တို့ကိုပေးမယ်”ဆိုပြီးပြောလာခဲ့တယ်။
အဲလိုပြောလာတော့ အောင်မြတ်သာက လက်ကာပြပြီး
“ငါတို့ကရတနာတွေလိုချင်လို့ ကူညီတာမဟုတ်ဘူး ဒီကလေးတွေနဲ့ ဆရာတော်ရဲ့မေတ္တာရပ်ခံမှုကြောင့် ကူညီပေးရတာပဲ အရင်ဆုံး စက္ကဒိဗ္ဗနတ်နန်းကို ဘယ်လိုဝင်ရမလဲဆိုတာ ပြောဦး”လို့မေးလိုက်တော့ မင်းရဲယက္ခက
“ဘုန်းကြီးကျောင်းအနောက်ဘက်မှာ မြို့ရိုးအဟောင်း အုပ်ရိုးတွေရှိတယ် အဲဒီထဲမှာ မြေကြီးပေါ်ကို သုံးပေလောက် မြင့်တက်နေတဲ့ အုပ်ရိုးတစ်ခုကိုတွေ့လိမ့်မယ် အုပ်ရိုးရဲ့အလယ်မှာတော့ လက်ငါးချောင်းအရာ ကြက်ခြေခတ်အမှတ်အသားပုံပါတဲ့ အုပ်ချပ်တစ်ချပ် ရှိတယ် အဲဒီအုပ်ချပ်က စက္ကဒိဗ္ဗကိုယ်တိုင်ထည့်ထားတာ သူ့ရဲ့နတ်နန်းကလဲ အုပ်ချပ်ရဲ့ အောက်တည့်တည့်မှာရှိတယ် ၊ စက္ကဒိဗ္ဗနတ်နန်းရှိတဲ့နေရာက မြို့ရိုးစတည်တဲ့နေရာပဲ ငါသိသလောက်ပြောပြပီးပီ ကျန်တာသင်တို့ ဆက်ကူညီပေးပါ ငါတို့မရှိတာသိရင် အရိုက်ခံနေရမယ် ငါတို့ပြန်သွားတော့မယ်”လို့ပြောပြီး ကလေးတွေနဲ့အတူ ခပ်သုတ်သုတ်ပြန်ဆင်းသွားကြတယ်။
အောင်မြတ်သာလဲ သူပြောတဲ့အုပ်ချပ်ကို မနက်ဖြန် ညနေနေဝင်ရီတရောအချိန်မှာ ရှာဖို့ဆုံးဖြတ်လိုက်တယ်။နောက်နေ့ညနေရောက်တော့ ဘုရားရှိခိုး၊ အမျှတန်းဝေပြီး ကလေးကိုးယောက်နဲ့ မင်းရဲယက္ခကို ကူညီမယ့်အကြောင်း အထက်ဆရာတွေထံ တိုင်တည်လိုက်တယ်။ သက်ခိုင်ကတော့ လိုအပ်တဲ့ အင်းစမတွေကို ညထဲကအဆင်သင့်ရေးဆွဲထားပြီဖြစ်လို့ မြို့ရိုးကိုသွားဖို့ စိတ်လောနေတယ်။
ညနေမှောင်စပျိုးချိန်မှာတော့ ဆရာတော်ကိုရှိခိုးပြီး မြို့ရိုးရှိရာ ကျောင်းအနောက်ဘက်ကို ထွက်လာခဲ့တော့တယ်။ ဆယ့်ငါးမိနစ်လောက် လမ်းလျောက်ပြီးချိန်မှာတော့ မြေကြီးပေါ်ကို သုံးပေခန့်ထိုးထွက်နေတဲ့ အုပ်ရိုးကိုတွေ့လိုက်ရတယ်။
အုပ်ရိုးကိုမြင်တော့ သက်ခိုင်က အနီးကပ်ကြည့်ပြီး လက်ငါးချောင်းအစင်းပါတဲ့အုပ်ချပ်ကို လိုက်ရှာနေခဲ့တယ်။ နှစ်ကာလကြာနေပြီမို့ အုပ်ချပ်တွေပေါ်မှာ ကပ်နေတဲ့ ရေညှိတွေကို ခြစ်ထုတ်ပြီး ရှာနေရတယ်။ အချိန်အနည်းငယ်အကြာမှာတော့ လက်ငါးချောင်းရာအစင်းပါတဲ့ အုပ်ချပ်ကိုမြင်လိုက်ရတယ်။
အောင်မြတ်သာလဲ အုပ်ချပ်ပေါ်မှာအင်းစမတစ်ကွက်ကိုဆွဲလိုက်တယ်ဆိုရင်ပဲ မြို့ရိုးအောက်ထဲကနေ လှုပ်ရှားသံတွေထွက်လာခဲ့တယ်။ လှုပ်ရှားသံတွေနဲ့အတူ မြို့ရိုးတစ်လျောက် လေးမြှားစွဲကိုင်ထားတဲ့ စစ်သည်တွေရုတ်တရက်ထွက်ပေါ်လာခဲ့တယ်။
လေးမြှားတွေနဲ့ အောင်မြတ်သာတို့ကို ချိန်ရွယ်ထားပြီး ပါးစပ်မှလဲ ရန်သူ ရန်သူဆိုပြီး အော်ဟစ်နေကြတယ်။
အောင်မြတ်သာက သက်ခိုင်ကိုကြည့်ပြီး
“မကျွျွတ်မလွတ်ပဲ မြို့ကိုစွဲနေတဲ့ စစ်သည်တွေအတော်များတာပဲ”လို့ပြောလိုက်တယ်။
လေးမြှားကိုင်ထားတဲ့စစ်သည်တွေက အောင်မြတ်သာတို့ကိုကြည့်ပြီး “ဘယ်သူလဲ ဘာကြောင့်ငါတို့မြို့ထဲဝင်ဖို့ ကြိုးစားတာလဲ ရန်သူဘက်ကသူလျှိုတွေမဟုတ်လား “ဆိုပြီးအော်ဟစ်ကြိမ်းမောင်းပါလေရော။
အောင်မြတ်သာလဲ ရန်သူမဟုတ်ကြောင်းနဲ့ မြို့စောင့်တပ်မှူးနဲ့တွေ့ချင်လို့လာကြောင်းပြောပေမယ့် လက်မခံကြဘူး အဲဒီအချိန် ပစ် ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာတို့ထံ မြှားအစင်းပေါင်းများစွာ ဝင်လာခဲ့တယ်။
မြို့ရိုးတစ်လျောက်ကနေ ပစ်ခတ်လိုက်တဲ့ မြှားတံတွေကို အောင်မြတ်သာတို့အနားရောက်တော့ တစ်စုံတစ်ခုနဲ့ထိပြီး ကန်ထွက်သလို ပြန်ကန်ထွက်သွားတယ် တစ်ချို့မြှားတွေက အနားမရောက်ခင် ကျိုးပဲ့ကုန်တယ်။
မြို့ရိုးစောင့်စစ်သည်တွေက သူတို့မြှားတွေ မထိမှန်းသိတော့ လှံတံတွေနဲ့ ချိန်ရွယ်ထားကြပြန်ရော အောင်မြတ်သာလဲ မြို့ရိုးဖွင့်ပေးဖို့ပြောပေမယ့် စစ်သည်တွေဆီကနေ ဘာမှအကြောင်းမပြန်ခဲ့။ အဲဒီအချိန် မြို့ရိုးပေါ်မှာ ရွှေထီးဆောင်းထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လိုက်ရတယ်။ ရွှေထီးဆောင်းထားတဲ့ပုဂ္ဂိုလ်က အောင်မြတ်သာကိုကြည့်ပြီး
“သင်တို့က သိုက်တူးမယ့်သူတွေလား ကျုပ်တို့မြို့ကို ဖျက်စီးဖို့ တိုင်းတစ်ပါးသားတွေလွှတ်လိုက်တဲ့ ဆရာတွေလား”လို့မေးတော့ အောင်မြတ်သာက
“ကျုပ်တို့က သင်တို့ရဲ့ရန်သူမဟုတ်ဘူး ကျုပ်တို့က ဒီမြို့စောင့်တပ်မှူးနဲ့ဆွေးနွေးစရာရှိလို့ လာခဲ့တာပဲ ကျုပ်တို့စက္ကဒိဗ္ဗတပ်မှူးနဲ့တွေ့ချင်တယ်”လို့ပြောတော့ မြို့ရိုးတစ်လျောက်မှာရှိနေတဲ့ စစ်သည်တွေထံမှ လှောင်ပြောင်ရီသံတွေထွက်လာခဲ့တယ်။
လှောင်ရီသံတွေကြားတော့ ရွှေထီးဆောင်းထားတဲ့ ပုဂ္ဂိုလ်က “သင်တို့တွေ့ချင်နေတဲ့ စက္ကဒိဗ္ဗဆိုတာကျုပ်ပဲ ကျုပ်အနေနဲ့ သင်တို့ကိုမသိတဲ့အတွက် မြို့ထဲဝင်ခွင့်မပေးနိုင်ဘူး သင်ဝင်ချင်တယ်ဆိုရင် ကျုပ်ရဲ့စစ်တပ်ကို နိုင်အောင်တိုက် သင်နိုင်ရင် မြို့ထဲဝင်လို့ရမယ် “လို့ရိသဲ့သဲ့ပြောတော့ အောင်မြတ်သာက
“ကောင်းပီလေ သင်ကစစ်မက်ကို လိုလားတဲ့ တပ်မှူးတစ်ယောက်ဆိုတော့လဲ ကျုပ်ဘက်က စစ်တပ်ကို ဆင့်ခေါ်ရတာပေါ့”
အောင်မြတ်သာစကားကိုကြားတော့ သက်ခိုင် နားမလည်တဲ့ပုံစံနဲ့ အောင်မြတ်သာကိုလှမ်းကြည့်လိုက်တယ် အောင်မြတ်သာကတော့ ဘာမှထပ်မပြောတော့ပဲ မိုင်းကိုင်စက္ကူ အင်းစမသုံးရွက်ကို ထုတ်ပြီး လက်နောက်ပြန်ပစ်ထုတ်လိုက်တယ်။
အင်းစမကွက်တွေက လေထဲကို ပျံတက်သွားပြီး ဖောင်းဆိုတဲ့အသံနဲ့အတူ ငွေမှုန်အစလေးတွေဖြစ်သွားတယ် ။ ငွေမှုန်အစလေးတွေ မြေပေါ်ကျလာတဲ့ အချိန်မှာတော့ ဆင်တပ်မြင်းတပ်ခြေလျှင်တပ်အစုံပါတဲ့ စစ်တပ်ကြီးတစ်တပ်ဖြစ်သွားတာကိုမြင်လိုက်ရတယ် အားလုံးရဲ့နဖူးမှာတော့ အင်းစမအကွက်ပါတဲ့ ခေါင်းပေါင်းတွေကိုပေါင်းထားကြတယ်။ အောင်မြတ်သာလဲ သူ့ရဲ့စစ်တပ်နဲ့ မြို့ရိုးကို တိုက်ခိုင်းပါလေရော။ ရုတ်တရက်ပေါ်လာတဲ့စစ်သည်တွေကိုမြင်တော့ မြို့ရိုးပေါ်က စစ်သည်တွေ သွေးပျက်သွားတယ်။ အောင်မြတ်သာရဲ့ စစ်တပ်ကလဲ မြို့ရိုးပေါ်ဖောက်ဝင်နေကြတယ်။ အင်အားချင်းကွာတဲ့အတွက် မြို့ရိုးပေါ်က စက္ကဒိဗ္ဗရဲ့တပ်တွေ ထွက်ပြေးကြပါလေရော။ အင်းစောင့်တပ်တွေရဲ့ ထိုးစစ်ဆင်မှုကိုမခံနိုင်တဲ့ မြို့စောင့်တပ်တွေက နောက်ဆုံးလက်နက်ချတော့မှ အောင်မြတ်သာလဲ မြို့ထဲကို ဝင်လို့ရခဲ့တယ်။ ဒီတိုက်ပွဲမှာ ထူးဆန်းတာက ဘယ်သူမှ ဒဏ်ရာမရ ၊ သွေးမထွက်ကြတာပဲ။ အောင်မြတ်သာလဲ မြို့ထဲရောက်တော့ စက္ကဒိဗ္ဗကို ကြိုးချည်ပြီး ခေါ်လာတဲ့ အင်းစောင့်တပ်ကစစ်သည်တွေကို မြင်လိုက်ရတယ်။ စစ်ရှုံးတဲ့မြို့စောင့်တပ်မှူးတစ်ဖြစ်လဲ စက္ကဒိဗ္ဗကိုမြင်တော့ အောင်မြတ်သာ ပြုံးလိုက်တယ်။ ချည်ထားတဲ့ကြိုးတွေကို ဖြေခိုင်းပြီး လက်တစ်ချက်ဝှေယမ်းလိုက်တော့ ခုနက စစ်သည်ရဲမက်တွေက ငွေမှုန်စလေးတွေပြန်ဖြစ်သွားတယ်။ အဲဒီတော့မှ အောင်မြတ်သာအစွမ်းကိုမြင်ပြီး ဒူးထောက်ကြပါလေရော။ အောင်မြတ်သာလဲ မြို့စောင့်တပ်မှူးကို အစွဲအလမ်းတယ်ကြီးပါလားဆိုပြီး ပြောလိုက်တယ်။ စစ်ရှုံးတဲ့အနေနဲ့ မြို့စောင့်တပ်မှာရှိတဲ့ ရတနာပစ္စည်းတွေကိုပေးပေမယ့် အောင်မြတ်သာက လက်မခံခဲ့ဘူး။ အောင်မြတ်သာအလိုရှိရာကိုပြောခိုင်းတဲ့အချိန်ရောက်မှ မြို့ရိုးအောက်မှာမြုပ်ထားတဲ့ ကလေးကိုးယောက်ရဲ့ အရိုးနဲ့ မြို့တံခါးအောက်မှာမြုပ်ထားတဲ့ မင်းရဲစက္ကရဲ့အရိုးတွေကို တောင်းခဲ့တယ်။
မြို့စောင့်တပ်မှူးက အဲဒီတော့မှ အောင်မြတ်သာတို့ ဘာကြောင့် ဒီကိုလာရလဲဆိုတာသိသွားခဲ့တယ် မြို့စောင့်တပ်မှူးလဲ သူ့ကတိအတိုင်း အရိုးစု၁၀စုကို မထုတ်ပေးချင်ပဲထုတ်ပေးခဲ့တယ်။
အောင်မြတ်သာက
“မြို့စောင့်တပ်မှူးရော ဒီမှာပဲဆက်နေမလား”လို့မေးတော့ ဒီမြို့ရိုးက အုပ်ချပ်တွေတည်နေသမျှ သူနဲ့သူတပ်ဆက်ရှိနေမယ်ဆိုတဲ့အကြောင်းပြန်ပြောခဲ့တယ် အောင်မြတ်သာလဲ မြို့စောင့်တပ်မှူးထုတ်ပေးတဲ့ အရိုးတွေကို ပုံခိုင်းလိုက်ပြီး ဘေးပတ်ပတ်လည်မှာ စည်းတားလိုက်တယ်။
အဲဒီအချိန် မြို့ရိုးအဆက်ကိုးဆက်ရဲ့ နေရာတစ်ခုစီမှာ ကလေးကိုးယောက်ကိုမြင်လိုက်ရပြီး မြို့ရိုးတံခါး အလယ်မှာတော့ မင်းရဲယက္ခရပ်နေတာ မြင်လိုက်ရတယ်-


အောင်မြတ်သာလဲ အရိုးတွေကိုပုံပြီး မီးရှို ့လိုက်တယ် ဆိုရင်ပဲ ခုနကရပ်နေကြတဲ့ ကလေးကိုးယောက်နဲ့ မြို့တံခါးစောင့်မင်းရဲယက္ခတို့ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားကြတယ်။
မြို့စောင့်တပ်မှူးလဲ အောင်မြတ်သာတို့ကို မကြည်ပေမယ့် မနိုင်မှန်းသိလို့ လက်လျော့ထားရတဲ့ပုံဖြစ်နေမှန်း အောင်မြတ်သာသိနေတယ်။
အောင်မြတ်သာတို့လဲ အမှုကိစ္စပြီးပြီဆိုတော့ မြို့ရိုးထဲကပြန်ထွက်လာခဲ့တယ်။ မြို့ရိုးအပြင်လဲရောက်ရော ပတ်ဝန်းကျင်အခြေအနေတွေက နဂိုမူလအတိုင်း ပြန်လည်ဟောင်းနွမ်းသွားခဲ့တယ်။
ဘုန်းကြီးကျောင်းပြန်ရောက်တော့ ဆရာတော်က
“သူတို့လဲ ကျွတ်လွတ်သွားကြပြီ
ဒကာလေးတို့ရဲ့ အစွမ်းကလဲ မခေကြဘူးနော်”ဆိုပြီး ချီးကျူ းတော့ အောင်မြတ်သာက
“အရှင်ဘုရားရဲ့ ဝိပဿ နာ အစွမ်းလောက်တော့ မစွမ်းကြောင်းပါဘုရား အရှင်ဘုရား တပည့်တော်တို့ကို ဘာများမိန့်ကြားချင်ပါသလဲဘုရား”လို့မေးတော့ ဆရာတော်က
“ဒီကနေ အရှေ့ဘက် မိုင်၅၀လောက်အကွာမှာ
လက်ပံတောဆိုတဲ့ရွာရှိတယ် အဲဒီရွာက ဘုန်းကြီးရဲ့ ဇာတိမြေလဲဖြစ်တယ် အဲဒီရွာမှာ ထူးဆန်းတဲ့ အမှုကိစ္စတစ်ခုဖြစ်နေတယ်လို့သိရတယ် “လို့ပြောတော့ အောင်မြတ်သာက
“ဘာအမှုများလဲဘုရား”လို့လျောက်တင်တော့ဆရာတော်က
“အဲဒီရွာမှာ ငိုလိုက်တိုင်း မျက်လုံးထဲကနေ သွေးတွေကျတဲ့ မိန်းကလေးတစ်ယောက်ရှိတယ် ဘာကြောင့်ကျတာလဲဆိုတာကိုတော့ ဒကာလေးတို့ရောက်ရင် သိပါလိမ့်မယ် ဘုန်းကြီးပြောချင်တာက အဲဒီရွာလေးကို ရောက်အောင်သွားပြီး သတ္တဝါတွေရဲ့ အသက်ကို ကယ်တင်ကြ”လို့မိန့်တော်မူခဲ့တယ်။
အောင်မြတ်သာတို့လဲ လက်ပံတောရွာကိုသွားပါ့မယ်လို့ လျောက်တင်ခဲ့ပြီး တပည့်ကျော်နှစ်ယောက်နဲ့အတူ ဘုန်းကြီးကျောင်းကနေ ဆက်လက်ထွက်ခွာခဲ့ကြတယ်။
အောင်မြတ်သာတို့ လက်ပံတောရွာကိုရောက်တဲ့အခါ ဘာကြောင့်မျက်လုံးထဲက သွေးတွေကျရတာလဲ ဘယ်လိုအခက်အခဲတွေရှိနေလဲ၊ ဘယ်သူတွေကဖန်တီးထားတာလဲဆိုတာကိုတော့ အောင်မြတ်သာမျက်ရည်ဝတ္တုလေးမှာ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment