အောင်မြတ်သာနှင့်ဆေးကဝေ

” အောင်မြတ်သာနှင့်ဆေးကဝေ “(စ/ဆုံး)
မူရင်းရေးသားသူ — ဆရာဇေယန(ရာမည)
+++++++++++++++++++++

ညောင်ကုန်းရွာရှိ ပြဿ နာကိုဖြေရှင်းပြီးတဲ့နောက် ဘေးကပ်လျက်ရှိသော ထန်းပင်ကုန်းရွာသို့ အောင်မြတ်သာနဲ့သက်ခိုင်တို့နှစ်ဦးသားထွက်လာခဲ့လိုက်သည်။
ရွာအဝင် ထန်းပင်ကုန်းရွာဆိုတဲ့ ဆိုင်းဘုတ်အရှေ့ရောက်တော့ အောင်မြတ်သာခြေလှမ်းတွေ တုံ ့ခနဲ ဖြစ်သွားတယ်။
အနောက်က တစ်ယောက်ယောက်က တားလိုက်သလို ခံစားရတဲ့အတွက် ဘေးဘီဝဲယာသို့ ဝေ့ကြည့်လိုက်တော့ ရွာအပြင် ညောင်ပင်ကြီးပေါ်မှာ မျက်နှာမကြည်မသာနဲ့ ထိုင်နေသော အဖိုးအို တစ်ယောက်ကို တွေ့လိုက်တယ်။
အောင်မြတ်သာလဲ ညောင်ပင်အောက် သွားပြီး အဖိုး ဘာလုပ်နေတာလဲ
ဟာ– ဆရာလေးပါလား
အတော်ပဲဆရာလေးရေ
ဒီရွာတော့ မကြာခင်ဒုက္ခရောက်တော့မယ်
ကျုပ်တောင် ရွာပြင်မောင်းထုတ်ခံထားရတယ်
ရွာကိုပိုင်တဲ့ ရွာတော်ရှင်တောင် ရွာပြင်မောင်းထုတ် ခံရတယ်ဆိုတော့ ဒီရွာက ပညာသည်က တော်ရုံအဆင့်မဟုတ်ဘူး။
ကဲ ဆိုစမ်းပါဦး ဘယ်လိုဖြစ်လို့ မောင်းထုတ်ခံထိတာလဲ။
အဖိုးအိုလဲ ညောင်ပင်ပေါ်ကဆင်းလာပြီး –
ဒီလိုပါ ဆရာရယ်
အရင်က ရွာမှာ ဆေးကုတဲ့ ဗိန္ဒောဆရာတစ်ယောက် ရှိတယ်။
ဆေးကုတယ်ဆိုပေမယ့် ဟိုစပ်စပ်ဒီစပ်စပ်နဲ့ သိပ်လဲမကုတတ်ပါဘူးဗျာ။
တောရွာဆိုတော့ ဆေးဆရာတွေလဲရှားတယ်လေ
သူ့ကိုပဲအားကိုးနေရတာ
တစ်ခါတစ်လေ ပျောက်သလို တစ်ခါတစ်လေ လဲ လူနာတွေအသက်ဆုံးရတယ်။

အရင်ကဆို ကျုပ်နတ်နန်းမှာ လူတွေ လာဆုတောင်း ကြတယ်။
သားဆု သမီးဆုပန်ကြတယ်။
ကျုပ်လဲ တတ်နိုင်သလောက် ရွာကလူတွေကို ကူညီပေးတဲ့အတွက် ကျုပ်နတ်နန်းလေးက တဖြေးဖြေးနာမည်ကြီးလာတယ်။
ဘေးရွာကလူတွေတောင် လာဆုပန်ကြတယ်။
တစ်နေ့တော့ အဲဒီဆေးဆရာက လူတစ်ယောက်ကို ရွာထဲခေါ်လာတယ်။
သူ့ ဆရာလို့ပြောတယ်။ သူကရွာထဲဝင်တာနဲ့ ပညာသည်မှန်းကျုပ်ကစသိတယ်။
အဲမှာ ဆရာတပည့်နှစ်ယောက်ပေါင်းပြီး ရွာထဲကလူတွေကို ပညာပြတော့တာပဲ။
ရွာမှာ ကျုပ်နဲ့ရေစက်ပါတဲ့ လူငယ်တစ်ယောက်ရှိတယ်။
ကျုပ်က သူ့ကို အိမ်မက်ပေးပြီး ဆေးကုနေတဲ့သူဟာ ဆေးဆရာအစစ်မဟုတ်ကြောင်း
သူပညာနဲ့ရွာထဲက လူတွေကို ပြုစားပြီး သူပဲ ပြန်ကုနေတဲ့ ပညာသည်ဖြစ်ကြောင်း ပြောပြလိုက်တယ်။
အဲဒီကောင်လေးက ကျုပ်အိမ်မက်ပေးတာကို တစ်ရွာလုံးလိုက်ပြောတာပေါ့။
အဲဒီမှာ ကျုပ်အတွက် ဂြိုလ်ဆိုးဝင်တာပဲ –
တစ်နေ့ ကျုပ်နတ်နန်းကို လူ၂ယောက်ရောက်လာတယ်။
ကျုပ်နတ်နန်းပေါ်မှာ ရှိတဲ့ ရုပ်ထုကို ဆေးအနီရောင်တွေနဲ့ ကြိုးချည်ထားသလို ရေးတော့တာပဲ။
ကျုပ်လဲ အဲလောက်အစွမ်းထက်မယ်မထင်ဘူး။
သူလုပ်လိုက်တော့ ကျုပ်လှုပ်မရတော့ဘူး။
ကျုပ်ကို ရိုက်တာဗျာ။ ခါရိုးကခုထိကိုက်နေတုန်းပဲ
သူတို့အလုပ်ကိုနောက်ယှက်ရမလားဆိုပြီး ကျုပ်ကို အငြိုးထားတော့တာပဲ။
ကျုပ်နေတဲ့ နတ်နန်းကနေလဲ မောင်းထုတ်တယ်။
ကျုပ်လဲ သူ့ကိုကြောက်ရတာနဲ့ ခုလိုရွာပြင်ထွက်နေ ရတာပဲ ဆရာရယ်။
သူ့ကိုနှိမ်နင်းနိုင်မည့်သူကို ရှာပေးဖို့ ဟိုဘက်ရွာက ဆရာတော်ကြီးကို အကူညီတောင်းလိုက်တာ။

အင်း ကျုပ်တို့လဲ ဆရာတော်ဘုရားရဲ့ ခိုင်းစေမှုကြောင့် သတ္တဝါတွေကို ကယ်တင်ဖို့ရောက်လာတာပဲ အခု ကျုပ်တို့နဲ့လိုက်ခဲ့ပြီး ကိုယ့်နတ်နန်းမှာကိုယ်ပြန်နေပေတော့။
အောင်မြတ်သာက အရှေ့ကနေ ရွာထဲဝင်သွားလိုက်တယ်။ အနောက်မှာတော့ ရွာစောင့်နတ်အဖိုးက ကုတ်ချောင်းကုတ်ချောင်းနဲ့ လိုက်လာတယ်။
ဆရာ ဟိုမှာ ကျုပ်နတ်နန်းပဲ။
အောင်မြတ်သာက ရွာစောင့်နတ်နန်းကို ကြည့်လိုက်တော့—
အလိုလေး… နတ်နန်းထဲမှာ ဘီလူးလိုလို သရဲလိုလို အမွှေးစုတ်ဖွားနဲ့အကောင်တစ်ကောင်က နေရာယူထားပါလား။
အမယ် သူက ရွာကလူတွေဆက်ထားတဲ့ ကြက်ကြော်ကိုတောင် ကိုက်နေသေး။
အောင်မြတ်သာလဲ နတ်နန်းရှေ့ရောက်တော့–
ဟေ့ သူများနေရာကို ယူထားတဲ့ ငမိုက်သား
ငါမေတ္တာထားတဲ့အချိန် ဒီကထွက်သွားပါ။
မထွက်ရင် ပညာသုံးပြီး မောင်းထုတ်ရလိမ့်မယ်။
ဟိုက မခန့်လေးစားနဲ့ ဂရုတောင်မစိုက်ဘူး
ပြီးတော့ အနောက်မှာရပ်နေတဲ့ ရွာစောင့်နတ်ကို မြင်တော့—
ဟိုအဖိုးကြီး အရိုက်ခံချင်သေးလို့ ရွာထဲဝင်လာတာလားဆိုပြီး လှမ်းဟောက်လိုက်တယ်။
အဲလိုပြောတာ အောင်မြတ်သာကြားတော့ နည်းနည်းပြုံးမိသွားတယ်။
ပိုင်စိုးပိုင်နင်း ပြောရဲနေလိုက်တာ
ဟားဟားဟား
ကဲ သက်ခိုင် မင်းပဲ ဒီကောင်ကို မောင်းထုတ်လိုက်ကွာ—
သက်ခိုင်လဲ ဆရာအမိန့်အတိုင်း ရွာစောင့်နတ်နန်းမှာ ထိုင်နေတဲ့ သရဲကို ကြည့်ပြီး မြေကိုဖနောင့်နဲ့.ပေါက်လိုက်တယ်ဆိုရင်ဖြင့်…
မြေကြီးထဲကနေ ပုဆိန်နှစ်လက်ကိုင်ထားတဲ့ ဘီလူးနှစ်ကောင်ထွက်လာတယ်။
(ထိုဘီလူးနှစ်ကောင်ကား ညောင်ကုန်းရွာမှာ အောင်မြတ်သာနဲ့ဆုံခဲ့သော အင်းဘီလူးဘီနောင်ဖြစ်သည်)
အောင်မြတ်သာကိုမြင်တော့ ထိုဘီလူးညီနောင်က ခေါင်းလေးညွှတ်ပြီး အရိုအသေပေးတယ်။
ပြီးတော့ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသလို-
အဲဒီအချိန် နတ်နန်းထဲက သရဲကောင်က နတ်နန်းထဲကဆင်းပြီး ရွာထဲဝင်ပြေးပါလေရော။
အောင်မြတ်သာက ဘီလူးညီနောင်အား ရွာစောင့်နတ်ကို အကူအညီပေးဖို့ နတ်နန်းမှာထားခဲ့ကာ ရွာထဲသို့ဝင်လာခဲ့လိုက်သည်။
ရွာထဲရောက်တာနဲ့ —
အိုး တစ်ရွာလုံးနီးပါး ဆေးထိထားကြပါလား။
အိမ်တွေကို အကဲခတ်လိုက်တော့ တစ်မိသားစုမှာ အနည်းဆုံး တစ်ယောက်လောက်တော့ ဆေးထိထားကြသည်။
အောင်မြတ်သာလဲ ရွာထဲဝင်ပြီး ဆေးဆရာအိမ်ကို တန်းတန်းမတ်မတ်ဝင်သွားလိုက်တယ်။
ခြံစည်းရိုးထိပ်လဲရောက်ကော–
ခုနက ရွာနတ်နန်းက ဆင်းပြေးသွားတဲ့ သရဲကောင်က ဆေးဆရာအိမ်လှေကားအောက်မှာ ပုန်းနေတာ မြင်လိုက်တယ်။

သက်ခိုင် ဒီဆေးဆရာက ပညာဘာမှမရှိဘူး –
သူဆရာရှိသေးတယ် အခုလောလောဆယ် သူဆရာမရှိသေးဘူး။
ဒါကြောင့် ဒီဆေးဆရာကို မင်းပဲဆုံးမပြီး ပညာနှုတ်လိုက်ကွာလို့ အမိနိ့ပေးတော့ သက်ခိုင်က ခေါင်းညိမ့်ပြလိုက်တယ်။
သက်ခိုင် ခြံအနှံ့ကြည့်လိုက်တော့ တစ်ခြံလုံးရှိသမျှ သစ်ပင်တွေမှာ မကောင်းဆိုးဝါးတွေအပြည့်ပါလား -လက်စသတ်တော့ သရဲမွေးပြီး လူတွေကို ဒုက္ခပေး နေပါလား။
သက်ခိုင်လဲ အထက်ဆရာတွေထံ ခွင့်တောင်းလိုက်ပြီး ခြံစည်းရိုးထဲ ခြေ ချရုံနဲ့ အပင်ပေါ်က မကောင်းဆိုးဝါးတွေ ဝရုန်းသုန်းကား ဆင်းပြေးပြီး အနောက်ဘက်လယ်ကွင်းထဲ ဆင်းပြေးတာ။
သက်ခိုင်လဲ အိမ်ရှေ့တံစက်မြိတ်အောက်မှာ ရပ်ပြီး မိမိကိုယ်ကိုစည်းတားလိုက်တယ်။
ပြီးတော့ လေးကွက်အင်းကို လေပေါ်မှာဆွဲပီး လက်ဝါးနဲ့ရိုက်လိုက်တယ်ဆိုရင်ဖြင့်–
အိမ်ထဲကနေ ဆေးဆရာကမန်းကတမ်းပြေးဆင်း လာတယ်။
အခြေအနေမဟန်မှန်းသိတော့ လက်ထဲပါလာတဲ့ ဆေးလုံးတွေနဲ့ သက်ခိုင်ဆီပစ်ပါလေရော။
ဆေးလုံးတွေက လေထဲဝှီးခနဲ ဝှီးခနဲ မြှားတစ်စင်း အလား ပြေးလာတယ်။
သို့ပေလည်း သက်ခိုင်းအရှေ့အင်းကွက်နဲ့ထိပြီး တဖုတ်ဖုတ်နဲ့ မြေပေါ်ကျကုန်တယ်။
တစ်ရွာလုံးကလူတွေ သက်ခိုင်တို့ဆရာတပည့်နှစ်ယောက်ကို ဝိုင်းအုံကြည့်နေတာ။
သက်ခိုင်လဲ အချိန်မဆွဲတော့ပဲ။
ဆွဲထားတဲ့ အင်းကွက်ကို လေထဲမှာ လက်နဲ့တွန်းထုတ်လိုက်တယ်ဆိုရင်ဖြင့်
လေးကွက်အင်းက ပိုက်ကွန်သဖွယ်ပြန့်ပြီး ဆေးဆရာရဲ့ ကိုယ်ကိုအုံ့ထားလိုက်တယ်။
အပြင်လူတွေအမြင်မှာတော့ ဘာမှန်းမသိပေမယ့်
ဆေးဆရာကတော့ သူမနိုင်တော့မှန်း သိသည့်အလား
ဘယ်ဘက်လက်ထဲကိုင်ထားတဲ့ ရွှံရုပ်လေးကို မြေကြီးပေါ်ပစ်ချလိုက်တယ်။
အင်းကွက်က သူအပေါ်သို့ အုပ်သွားလေပီ။
ဆေးဆရာက မြေကြီးပေါ်လှုပ်မရတော့တဲ့အချိန်—
ခုနက ရွှံရုပ်လေးက ဖြေးဖြေးအသက်ဝင်လာသလို လှုပ်လာတယ်။
မြေကြီးတွေပါတုန်ခါလာတယ်။ သက်ခိုင်နောက်ဆုတ်နေ သူဆရာလာပီ။
အောင်မြတ်သာနဲ့သက်ခိုင် မတိုင်ပင်ထားပဲ–
လက်ဖဝါးပေါ်မှာ ၈ကွက်အင်းကို ဆွဲလိုက်တယ်။
ရှစ်ကွက်ကွန်ခြာဆိုတဲ့ အင်းကိုရေးဆွဲပီး လက်ဖဝါးအပေါ်ထောင်လိုက်တယ်ဆိုရင်ဖြင့် ထိုအင်းချပ်ထဲက ရွှေမျှင်ရောင်အတန်းတွေက ပိုးအိမ်တွေသဖွယ်ထွက်လာပြီး တစ်ရွာလုံးကို ခြုံအုပ်ထားလိုက်တယ်။
ရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့ ပိုက်ကွန်တွေထဲမှာတော့ ရွာသားများနှင့် သက်ခိုင်တို့ဆရာတပည့်-

ခုနက ရွှံရုပ်ကေ တစ်ဖြေးဖြေးနဲ့အကောင်ကြီးလာကာ မဲမဲကောင်ကျွဲကြီးဖြစ်သွားတယ်။
ီုကျွဲကောင်ကြီးက အောင်မြတ်သာတို့ကို ခွေ့ရန်ကြေးအလာ–
မူလပုံဖြစ်စေလို့ လက်ဝါးတားကာလိုက်ရုံနဲ့ ထိုကျွဲကား ရောက်နေရာမှာပင် တုံ ့ခနဲရပ်ပြီး မူလရွှံရုပ်လေးပြန်ဖြစ်သွားတယ်။
အောင်မြတ်သာက — ကဲ အချိန်မဆွဲနေနဲ့တော့
ဆေးကဝေကောင် ထွက်လာခဲ့တော့ သင့်အကြောင်းကို ကျုပ်သိပီးပီ။
ကျုပ်အကြောင်းကို သင်မသိသေးတာပဲ ခက်တာလို့ ပြောလိုက်တော့ ..
အိမ်ဘေးက ကုက္ကိုလ်ပင်ပေါ်ကနေ ဘုတ်ခနဲ ခုန်ချလာတဲ့ လူတစ်ယောက်–
တစ်ကိုယ်လုံး ဆေးမြစ်ဆေးပင်တွေကို ဝတ်ရုံသဖွယ်ခြုံထားသော လူလတ်ပိုင်းအရွယ် ယောကျၤားတစ်ယောက်။
ကဲ… ကျုပ်ကိုခေါ်ပြီး.ဘာလုပ်ဖို့လဲ
ကျုပ်လူမသတ်ချင်ဘူး ကျုပ်ဘာသာ လူတွေကိုဆေးကုတယ်။
သူတို့ကိုကယ်တင်ပေးတယ် အဲဒါကို ခင်ဗျားတို့က ဘာဘာနှောင့်ယှက်တာလဲ။

အောင်မြတ်သာက ခနဲ့ပြုံးပြုံးလိုက်ပြီး —
ကိုယ့်ပညာနဲ့ လူတွေကိုပြုစား ပြီးတော့ လက်ဗေကာင်နဲ့ခိုင်းပြီး ပြန်ကုနေတဲ့သူကများ ရာရာစစ ပြောရဲသေးတယ်။
ဆရာတော်ဘုရားရဲ့ အကူညီတောင်းမှုအရ မင်းကညာတွေကို နှုတ်ယူဖို့ရောက်လာတာပဲ။
ဟား ဟား ဟား ဟား
ဒါနဲ ဒီက မလောက်လေးမလောက်စား လူငယ်တွေရဲ နာမည်ကိုပြောပြပါဦး..
မသေခင် မေးထားတာ သေရင်မေးမရတော့မှာစိုးလို့–
သက်ခိုင် ဒေါသထွက်သွားတယ်။
အောင်မြတ်သာက လက်ကာပြပြီး ကျုပ်နာမည် အောင်မြတ်သာ
သူက သက်ခိုင်..
ဘာသိချင်သေးလဲ..
အလိုလေး အောင်မြတ်သာဆိုပါလား..
ဟိုတစ်လောက နှလုံးခြွေကဝေကို အနိုင်ယူလိုက်တယ်ဆိုတဲ့ သူငယ်လေးလား..
(နှလုံးခြွေကဝေအကြောင်းအား အောင်မြတ်သာနှင့် နှလုံးခြွေကဝေဝတ္တုတွင်ဖတ်ရှုနိုင်ပါသည်)
နာမည်ကတော့ကြီးနေတာကြာပီ
လူကခုမှတွေ့ဖူးတာ.ပညာနည်းနည်းစမ်းချင်လို့–
ခွင့်ပြုပါဆိုပြီး…
လက်ထဲက ဆေးရည်ကို မြေကြီးပေါ်သွန်ချလိုက်တယ်ဆိုရင်ဖြင့်…
ထိုအရေတွေက တစ်ဖြေးဖြေး စုပေါင်းပြီး ကြောက်မက်ဖွယ် မြွေနဂါးကြီးဖြစ်သွားတယ်။
အသေရစ်ပတ်ပေါက်သတ်စမ်း ဆေးနဂါး..လို့အမိန့်ပေးလိုက်တော့..
ထိုမြွေနဂါးက ပါးပြင်းကြီးထောင်လို့ အောင်မြတ်သာတို့ကို ပေါက်သတ်ဖို့အလုပ်…
အောင်မြတ်သာတို့ အနောက်ကနေ တစ်ကိုယ်လုံး ရွှေရောင်တလက်လက်ထနေတဲ့ ရွှေနဂါးတစ်ကောင်ပေါ်လာခဲ့တယ်။
အောင်မြတ်သာတို့ကို သူပါးပြင်းနဲ့ကာပြီး ဆေးနဂါးကို အမြီးနဲ့ရိုက်ထုတ်လိုက်တယ်။
ဆေးနဂါးက အားမလျော့ပဲ ပါးစပ်ထဲက ဆေးငွေ့တွေနဲ့ မှုတ်ပြန်တယ်။
ရွှေနဂါးကလဲ ရွှေရောင်အခိုးငွေ့တွေနဲ့ ပြန်ကာတယ်
နဂါးနှစ်ကောင်တိုက်ပွဲက ပြင်းထန်လာတယ်။
ဆေးကဝေကလဲ ပညာမသေးဘူး။
ဆေးနဂါးဘက်က တစ်ဖြေးဖြေး အလေးသာလာတယ်။
တစ်ခါတစ်ခါ ရွှေနဂါးမှုတ်ထုတ်တဲ့ အငွေ့တွေက ဆေးနဂါးကိုယ်လုံးပေါ်တိုက်ရိုက်ကျပြီး ကိုယ်ပေါ်မှာ ဒဏ်ရာရလာတယ်။
နောက်ဆုံးမှာတော့ ရွှေနဂါးရဲ့အခိုးငွေ့တွေကို မခံနိုင်ပဲ ပြန်လှည့်အပြေးမှာ ရွှေနဂါးရဲ့အမြီးက ဆေးနဂါးခေါင်းတည့်တည့်သို့ဖြောင်းခနဲ ရိုက်ချလိုက်တယ်။
ဆေးနဂါး မြေပေါ်ကနေ မထနိုင်တော့–
ဆေးကဝေက သူကိုယ်ပေါ်မှာချိတ်ထားတဲ့ ဆေးမြစ်တုံးနဲ့လှမ်းပေါက်လိုက်တယ်။
ထိုဆေးမြစ်ကနေ အစွယ်ဖွေးဖွေးနဲ့ ဘီလူးကြီးဖြစ်သွားပြီး လက်ထဲကတင်းပုနဲ့ အောင်မြတ်သာတို့ကို ထုရိုက်ရန် အရွယ်—


ဖြောင်း—ဖြောင်း—ဖြောင်း—
ဘီလူးကော ဆေးကဝေကိုပါ တစ်စုံတစ်ယောက်က ရိုက်ချလိုက်သလို…
ဘုန်းကနဲမြေပေါ်ကျလာတယ်။
ကြည့်လိုက်တော့…ကဝေအချုပ်ဘိုးတော်..
ထိုဘိုးတော်က အောင်မြတ်သာအရှေ့လာပြီး
ကျုပ်တပည့်အမိုက်အမဲကို ခွင့်လွှတ်ပေးပါ။
ဆရာမှန်း မသိလို့ ကျုပ်ရဲ့ဆုံးမမှုညံ့ဖျင်းလို့ ခုလိုလူတွေကို ဒုက္ခပေးသလိုဖြစိသွားတာ။
ဟေ့ကောင် ဒါဘာ်သူလို့ထင်နေလဲ–
အဘ ဘိုးမင်းခေါင်၊ အဘ ဘိုးဘိုးအောင်တို့ကိုယ်တိုင် မဟာမြိုင်တောကို လာဖို့ ဖိတ်ခေါ်ခြင်းခံရတဲ့ ထွက်ရပ်ပေါက်ဆရာပဲ။
မင်းမပြောနဲ့ ငါဆိုရင်လဲ မနိုင်ဘူး။
(အောင်မြတ်သာထွက်ရပ်ပေါက်သည့်အကြောင်းအရာအား ဘုံဘဝမှာဖြင့်ဝတ္တုတွင် ဖတ်ရှုနိုင်ပါသည်)
ဒူးထောက်တောင်းပန်လိုက်ဆိုတော့ ဆေးကဝေက အောင်မြတ်သာကို ခွင့်လွှတ်ပေးဖို့တောင်းပန်တယ်။
အောင်မြတ်သာလဲ ကဝေအချုပ်ဘိုးတော်ကို သေချာဆုံးမပေးဖို့မှာကြားပြီး မြေပေါ်မှာချုပ်ထားတဲ့ ဆေးဆရာကိုပါ ပညာတွေနှုတ်ယူခိုင်းလိုက်တယ်။
ရွာသားတွေကိုလဲ အင်းချပ်တွေကိုရေဖျော်တိုက်ပြီး ပြုစားထားတဲ့ ပညာတွေကိုကုစားပေးခဲ့တယ်။
ရွာသားတွေလဲ အင်းချပ်တွေကို မီးရှို့ပြီး ရေဖျောက်သောက်ပြီးနောက် အောင်မြတ်သာတို့ကို လိုက်ရှာရာ လုံးဝရှာမတွေ့တော့ပေ။
ဆရာတပည့်နှစ်ယောက်လုံး ပျောက်ခြင်းမက ပျောက်သွားခဲ့တယ်။
ထန်းပင်ကုန်းရွာကလေး၏ ရွာစောင့်နတ်နန်းလေးကား ဆီမီး အမွှေးတိုင်တို့ဖြင့် ပြန်လည်အသက်ဝင်လာခဲ့ပေသည်။

လေးစားစွာဖြင့်
ဇေယန (ရာမည)

Leave a Comment