အောင်မြတ်သာနှင့်ဆံဖြူကဝေမ

” အောင်မြတ်သာနှင့်ဆံဖြူကဝေမ “(စ/ဆုံး)
မူရင်းရေးသားသူ — ဇေယန(ရာမည)
+++++++++++

အရီးထွေး — လုပ်ပါဦး
သာဂိ ဘာဖြစ်လဲမသိဘူး ပါးစပ်ထဲကအမြုပ်တွေထွက်ပြီး မျက်ဖြူ စိုက်နေပီ။
ဘယ်လိုဖြစ်တာလဲဟယ်
နေ့လည်ကတောင် အကောင်းကြီး –
မသိဘူး ပါးစပ်ကလဲ အမွှေးစုတ်ဖွားနဲ့ကောင် ငါ့နားမလာနဲ့ဆိုပြီး ကယောင်ကတမ်းတွေ အော်နေတယ် –
အေး အေး ငါလာခဲ့မယ်ဆိုပြီး သာဂိအိမ်ကို ထွက်လာတော့
လူတွေအုံကျင်းနေတာပဲ
လူတွေ ဖယ်ကြ ဖယ်ကြ–
သာဂိကိုကြည့်တော့ တစ်စုံတစ်ခုကို ထိန့်လန့်နေသလိုလို –
ကြောက်တယ် ကြောက်တယ် —
သူတို့ လာခေါ်နေတယ် သူတို့အနားရောက်နေပီ
ငပျော့ ဘုရားစင်က ပရိတ်ရေနဲ့ပရိတ်ကြိုးယူပေးစမ်း
ဟုတ် ဟုတ်ကဲ့ အရီးထွေး
ငပျော့ ယူလာတဲ့ ပရိတ်ရေကို သာဂိမျက်နှာသို့ တောက်ထုတ်လိုက်တော့
သာဂိ နည်းနည်းငြိမ်သွားတယ်။
အရီးထွေးက ပရိတ်ကြိုးနဲ့ သာဂိကိုယ်ကိုစည်းတား လိုက်ပြီး ပရိတ်ရေကို ပါးစပ်ထဲထည့်လိုက်တော့မှ သတိပြန်လည်လာတယ်။
အရီးထွေးဆိုတာက အနန်းရွာမှာ ပယောဂနဲ့ပတ်သက်လို့ နည်းနည်းပါးပါးနှံ့စပ်တဲ့သူ
ငယ်စဉ်က အထက်လမ်းပညာကို လိုက်စားဖူးသူတစ်ယောက်–

သာဂိ ပြောစမ်း..
နင် ဘာမဟုတ်တာ လုပ်ထားလဲ..
ဟို..ဟို.. ဘာမှမလုပ်ပါဘူး.အရီးထွေး
ဟဲ့အကောင် နင်ဘာမှမလုပ်ရင် ဒီလိုဖြစ်စရာ မရှိဘူး။
မလိမ်နဲ့ အမှန်တိုင်းဖြေစမ်း
ကျွန်..ကျွန်တော်..
ညနေက ရွာပြင်က အရူးမကြီးစိုက်ထားတဲ့ သခွားသီးခိုးခဲ့မိတယ်။
တယ်.. ဒီကောင်တော့ ခက်ပီ
နင်က ရာဇဝတ်အိုးတုတ်နဲ့သွားထိုးတာကိုး –
အဲဒီအဖွားကြီးက သူဘာသာရွာပြင်မှာ နေတာ
နင်ဘာသွားရှုပ်တာလဲ..
ဟိုက အစထဲက စုန်းလိုလို ကဝေလိိုလို-
သူအသီးသွားခိုးလို့ ဟိုကပညာနဲ့လုပ်ပီထင်တယ်။
နင်အစားအသောက် ဒီလောက်ရှားရလား
အား..အား… အောင့်တယ် အရီးထွေး
ဗိုက်ထဲက အောင့်တယ် အား အား အရမ်းထိုးပြီး အောက်လာတယ်။
ငပျော့ .. နင်ရွာပြင်သွား
အဖော်လဲခေါ်သွား ရွာပြင်က အဖွားကို  တောင်းပန်ပြီးခေါ်လာခဲ့..
သူလုပ်ထားတာ သူပြန်ကုမှရမယ်။

ဟာ  အရီးထွေး ကျွန်တော်မသွားရဲဘူး
သူပုံစံကကြောက်စရာကြီး
နင်မသွားရဲရင် ဒီကောင်သေမှာ
တော် တော် ငါပဲသွားမယ်
လိုက်ချင်တဲ့သူလိုက်ခဲ့ဆိုတော့
ရွာထဲက ကာလသား၃ ယောက် အဖော်လိုက်လာတယ်။
ရွာပြင်လဲရောက်ကော..
အမေကြီး အမေကြီး..
အမေကြီးရှိလား..
ဟဲ့ ကောင်မ ငါ့ဆီဘာလာလုပ်တာလဲဆိုတဲ့ အသံ သြသြကြီးထွကိလာတယ်။
အမေကြီးရယ် – အမိုက်မဲလေးတွေကို ခွင့်လွှတ်ပေးပါ။
ကျွန်မလဲဆုံးမထားပြီးပါပြီ။
သူလဲတော်တော်ကြောက်နေရှာတယ်လို့ပြောတော့မှ..
တောင်ဝှေးတစ်ချောင်းကို အားပြုပြီး တဲအိမ်လေးထဲက ထွက်လာတဲ့ အမယ်အိုတစ်ယောက် ။
ကျိုးတိုးကျဲတဲ သွားတွေက လရောင်အောက်မှာ အတိုင်းသား မြင်နေရတယ်။
ဆံပင်တွေက ဖွေးဆွတ်နေပြီး မျက်လုံးကတော့ သိမ်းငှက်တစ်ကောင်လို စူးရှနေတယ်။
ဒီငမူး ငါ့စိုက်ထားတာ လာခိုးလို့ပညာပေးလိုက်တာ။
ငါ့ဘာသာ အေးဆေးနေနေတာကို လာလာပတ်သတ်တယ်။
နင်တို့နဲ့မပတ်သက်ချင်လို့ တစ်ယောက်ထဲရွာပြင်ထွက်နေတာ။
အမေကြီးရယ် ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ
နောက်မဖြစ်စေရပါဘူး ကျွန်မတာဝန်ယူပါတယ် –
ဟဲ့ အထွေး
နောက်တစ်ခါဆို ငါအဆိုးမဆိုနဲ့ –
ရော့ ဒီဆေးကို ရေဖျော်တိုက်လိုက် ကောင်းသွားလိမ့်မယ်ဆိုပြီး အိမ်ထဲပြန်ဝင်သွားတယ်။
အိမ်လဲရောက်ကော အမေကြီးပေးတဲ့ ဆေးကို သာဂိပါးစပ်ထဲထည့်လိုက်ရော..
ဟိုကောင်ခဗျာ ပါးစပ်ထဲက အမဲဖတ်တွေ အန်ထွက်လာတယ်။
အန်လဲပီးကော လူကောင်းပကတိ။
အဲဒီအချိန်ကစပြီး အမေအိုကြီးကို ဘယ်သူမှမခေါ်ရဲတော့ဘူး။
စုန်းမကြီး ကဝေမကြီးဆိုပြီး ကလေးအစ လူကြီးအဆုံး–  ကုန်ကုန်ပြောရင် ရွာထဲက ဟောင်ပေ့ဆိုတဲ့ ခွေးတွေတောင် အမေအိုကြီးတွေ့တာနဲ့ အမြီးလေးကုတ်ပြီး ပုန်းနေတာပဲ။
အမေအိုကြီးက သူမွေးရာဇာတိအနန်းရွာထဲက လူတွေကို တတ်နိုင်သလောက်တော့ ကူညီတယ်။
ဒါပေမယ့် သူကိုတော့မစော်ကားနဲ့ ..
တစ်နေ့မှာ ရွာထဲကို ဓားပြဝင်ပါလေရော။
ဓားမြတွေက ရွာလယ်က လယ်ပိုင်ရှင်ဦးသာလှ အိမ်ကိုဝင်စီးပြီး ပိုင်ဆိုင်သမျှတွေ ယူနေချိန်..
တစ်ရွာလုံး အိမ်ထဲကအိမ်ပြင် မထွက်ရဲဘူး။
သူတို့က သေနတ်တွေနဲ့ကိုး

ဟဲအဖိုးကြီး ဒါအကုန်ပဲလား –
ဖြတ်ရိုက်လိုက်လို့ ရှိတဲ့သွားတွေပါ ကျွတ်ကုန်မယ်။
ဒါ ဒါ အကုန် ပါပဲ ဆရာတို့ရယ်။
လူကိုတော့ ချမ်းသာပေးပါ။
ကျုပ်တို့သတင်းရထားတယ် ခင်ဗျား ပဲတွေရောင်းထားတာ ငွေတွေအများကြီးရှိတယ်လို့ ကြားတယ်။
ယီးတီးယားတားမလုပ်နဲ့ ဒီမှာတွေ့လား ..
သေနတ်.. ခလုပ်လေးတစ်ချက်နှိပ်လိုက်ရင် တမလွန်ကို ရောက်သွားမယ်။
အသားမနာချင်ရင် အေးဆေးပေး။
မရှိ မရှိတော့ပါဘူးဗျာ –
ဒါအကုန်ပါပဲ။
ဟေ့ကောင် အဖိုးကြီး.ခေါင်းမာနေတယ်။
သူ့သမီးခေါ်ခဲ့ကွာ.. ဒီညပွဲတော်တည်ရအောင်
ဟားဟားဟားဟား
သမီး.. သမီး
အဘ အဘ လုပ်ပါဦး
ကောင်မ ပေကတ်ကတ်မလုပ်နေနဲ့
လာခဲ့..
ဖြန်း  ဖြန်း..
ဓားပြခေါင်းဆောင်ရဲ့ လက်ပြန်က မိန်းကလေး၏ ပါးပေါ်သို့ ကျသွားတယ်။
ထိုစဉ်..
ဒေါက် ဒေါက် ဒေါက် ဒေါက်..
တောင်ဝှေးထောက်သံက ညအချိန် ကျယ်လောင်စွာ ထွကိလာတယ်။
ဆရာ  ဆရာ ဟိုမှာ အဖွားကြီးတစ်ယောက်..
ဟိတ် အဖွားကြီး..
သေချင်နေပီလား ဘာလာလုပ်တာလဲ။
ဟီးဟီး ဟက်ဟက်ဟက် ဟားဟား
နင် တို့ကို ဆုံးမဖို့လာတာ –
ငါ့ရွာကို ဒီလိုလာလုပ်လို့ဘယ်ရမလဲ။
အဟီးအဟီး နင်တို့ နေရာရွေးမှားပီ။
တောက်.. လေကြောရှည်တဲ့ အဖွားကြီး ပစ်ကွာ
ချောက် – ချောက် – ချောက်
ဟင် သေနတ်က ကျည်မထွက်ပါလား
ဂျမ်းဖြစ်ပီလား မသိဘူး။
ဟိုကောင်တွေ အဲဒီအဖွားကြီးကို ဖမ်းပီးခေါ်လာခဲ့..

ဓားပြတွေလဲ ဓားတွေနဲ့အဖွားကြီးဆီပြေးအလာ
ဟီးဟီး ဟက်ဟက် လက်ထဲမှာ မြွေတွေကိုင်ထား ပါလားဆိုပြီး ထရီပါလေရော။
ဓားပြတွေလဲ သူတို့ကိုင်ထားတဲ့ဓားတွေကို ကြည့်လိုက်တော့ ..
အမလေး မြွေ မြွေ
ရွှီး ရွှီး..
ဖောက်  ဖောက်..
အား – အား
ဓားပြတွေ ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ချသလို ပူထွက်သွားတယ်။
မြွေတွေက သူတို့ နဖူးကို ပေါက်ချလိုက်တာကိုး-
အဲဒီအချိန် ရွာသားတွေ ထွက်လာပြီး တုတ်တွေ ဓားတွေနဲ့ ဝိုင်းလိုက်တော့မှ ဓားပြခေါင်းဆောင်ကို ဖမ်မိသွားတယ်။
သူ့သေနတ်က လုံးဝပစ်မရတော့။
အဲဒီအချိန်ကစပြီး ရွာထဲကလူတွေ
အမယ်အိုကြီးဆီ ဟင်းတွေ စားစရာတွေ နေ့တိုင်းပို့ပေးကြတော့သည်။
အမေအိုကြီးကို ရွာထဲပြန်ခေါ်တော့ သူကမလိုက်ဘူး။
ရွာပြင်မှာနေတာ စိတ်ချမ်းသာတယ်ဆိုပြီး ရွာပြင်မှာပဲ နေတယ်။
ရွာထဲက ကလေးတွေ ကယောင်ကတမ်းဖြစ်ပီဆိုတာနဲ့ အမေအိုကြီးဆီ ပြေးပြီး အကူညီတောင်းရတယ်။
သူကဟိန်းဟောက်ရုံနဲ့ ကလေးတွေ ဖြစ်နေတာ ပျောက်တယ်။
တစ်နေ့တော့ ..
အမေကြီး အမေကြီး..
ရွာထဲက ထွန်းကျော် သားလေးကို သရဲဝင်ပူးနေတယ်ထင်တယ်။
ကယ်ပါဦး အမေကြီးရယ်။
အေးအေး ငါလိုက်လာမယ်။ ပြန်တော့ဆိုပြီး မောင်းထုတ်တယ်။
ခဏနေတော့ အမေအိုကြီး ရွာထဲရောက်လာတယ်။
အိမ်ရှေ့ရောက်တော့..
ဘယ်သူများလဲလို့ လက်စသတ်တော့ နယ်ကျော်လာတဲ့ ကောင်ကိုး..
ဟဲ့အကောင် နင်ဘာလိုချင်လို့ ဒီကလေးကို ဒုက္ခပေးတာလဲ။
ငါ  ငါ အမဲစားစားချင်တယ်
အမဲအူတွေ စားချင်တယ်
မစားရရင် ဒီကလေးရဲ့ ကလီစာတွေကို စားမယ်။
တယ်  ရာရာစစ
ငါအခုလုပ်လိုက်ရင် နင်တော့သေတော့မယ်။
ဒီကလူတွေက ဆင်းရဲသားတွေဟဲ့
နင်ပြောတာ ဘယ်လိုကျွေးနိုင်မလဲ
ငါကောင်းကောင်းပြောနေတယ်
ပြန်မလား မပြန်ဘူးလား

အဟီး အဟီး
မပြန်ဘူး မပြန်ဘူး စားရမှပြန်မယ်
အဲလိုလား နင်က
ရတယ်
ကဲ သားရေ
သားကြီးရေ
ဒီနယ်ကျော်တဲ့ကောင်ကို ဆုံးမလိုက်စမ်းလို့ ပြောလိုက်တာနဲ့ ..
ရပ်ကြည့်နေတဲ့ လူတွေထဲက တစ်ယောက် အိမ်ပေါ်ပြေးတက်သွားတယ်။
ထိုလူကိုတွေ့တော့ ဝင်ပူးနေတဲ့သရဲက
ထိန်.. ထိန်ပင်စောင့်ကြီး..
ထိန်ပင်စောင့်ငထီးကွဆိုပြီး ဝင်ပူးနေတဲ့ လူကို  ဂုတ်တက်ခွပြီး လည်ပင်းညစ်ပါလေရော။
ဟား ဟား ဟား ဟား နယ်ကျော်လာတဲ့ကောင်
ထွက်မလား မထွက်ဘူးလား
ထွက်မယ် ထွက်မယ်
ငါသူ့ကိုမနိုင်ဘူး
ထွက်မယ်
ခဏနေတော့ ထိန်ပင်စောင့်ဝင်တဲ့လူကို အမေအိုကြီးက တောင်ဝှေးနဲ့ထိုးပြီး
သားကြီး သွားတော့လို့ပြောလိုက်တာ
ဝင်ပူးနေတဲ့သူ မေ့လဲကျသွားတယ်။
အဲဒီတော့မှ ဝင်ပူးနေတဲ့ သရဲလဲ ကလေးကိုယ်ကနေ ထွက်သွားတော့တယ်။
အောင်မြတ်သာအကြောင်း နည်းနည်းလေးဆက်ရအောင်။
ထိုအချိန်တွင် အောင်မြတ်သာက သူ့ဆရာကြီးတိက္ခနဲ့ အထက်လမ်းအင်းပညာတွေကို ဆည်းပူးနေချိန်..
ပညာလဲ အဆင့်မြင့်မြင့် ရောက်နေတဲ့အချိန်
ခရီးတစ်ခုသွားရင်း အနန်းရွာလေးကနေ ဖြတ်ရတယ်။
အချိန်ကလင့်နေပီမို့ ရွာထဲမှာ ခဏဝင်နားမလို့ ရွာထဲအဝင်..
အလို  ငါ့ကျောတွေ စိမ့်ပြီးအေးလာပါလား
လေတိုက်တာလဲမဟုတ် ထူးတော့ထူးပြီ
အချိန်ကားနေဝင်ရီတရော
နွားရိုင်းသွင်းချိန်..
ဆရာကြီးတက္ခကိုကြည့်တော့
ခေါင်းဆတ်ပြတယ်။
အဓိပ္ပါယ်က ပညာသည်ရှိနေပြီဆိုတဲ့ သဘော
ထိုအချိန်-
အလိုလေး ဆရာကြီးနဲ့ဆရာလေးတို့ပါလား –
ရွာထဲအလည်လာတာလားဆိုပြီး ရွာပြင်တဲအိမ်လေးထဲကနေ ဆံပင်ဖြူဖွေးနေတဲ့အဖွားအိုတစ်ယောက်ထွက်လာတယ်။
ဒီညတော့ အေးဆေး နားလိုက်ဦးပေါ့..
မနက်ဖြန် အခွင့်သင့်ရင် ပညာလေးတော့ စမ်းချင်သား အဟီးအဟီးအဟက်အဟက်..
အောင်မြတ်သာနဲ့ ဦးတက္ခက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ..
ရပါတယ်ဗျာ..
မနက်ဖြန် အမေကြီးနဲ့ပညာဖလှယ်ရတာပေါ့။
အသက်တော့ချမ်းသာပေးနော် အမေကြီးဆိုတော့  – ဟိုက ကျိုးနေတဲ့သွားတွေပေါ်အောင် ရီတယ်။
ပြီးတော့ ဒါက မပြောတတ်ဘူးကွယ့်လို်ပြောပြီး အိမ်ထဲပြန်ဝင်သွားလိုက်တယ်။
အောင်မြတ်သာတို့လဲ အနန်းရွာမှာ တစ်ညအိပ်ပြီး မနက်ကျတော့ အမေအိုကြီးရှိရာ ထွက်လာခဲ့ လိုက်တော့သည်။
အမေအိုကြီးက အဆင်သင့်စောင့်နေလေရဲ့
ကဲ စလိုက်တော့မလား
ဦးတိက္ခက အောင်မြတ်သာ မင်းပညာတွေ စမ်းကြည့်ပေါ့။
ဒီအမေအိုကိုနိုင်ရင် မင်းပညာတစ်ဖက်ကမ်းခတ်ပြီ သူက ကဝေအဆင့်ရဲ့အမြင့်ဆုံးလောက်မှာ ရှိတယ် –
အောင်မြတ်သာက ခေါင်းညိမ့်ပြပြီး
အမေကြီး သက်သက်ညှာညှာလေး လုပ်ပါလို့ ပြောပြီး။
သစ်ပင်အောက်ဝင်ထိုင်လိုက်တယ်။
ထိုစဉ် အမေအိုကြီးက တောင်ဝှေးကို လေပေါ်ဝှေ့ယမ်းလိုက်တာ..
ရွှီး ရွှီး ရွှီး
မြွေတွေ ဘယ်ကဘယ်လိုရောက်လာမှန်း မသိ
အောင်မြတ်သာ ဒါတိုက်မြွေနော် သတိထား –
ဆရာကြီးသတိပေးသံကထွက်လာတယ်။
အောင်မြတ်သာလဲ မြေကြီးပေါ်စည်းတား လိုက်တယ်။
မြွေအကောင်ပေါင်းများစွာက ထိုစည်းကိုကျော်လိုက်တာနဲ့ ကောက်ရိုးမျှင်လေးတွေ ဖြစ်ဖြစ် သွားတယ်။
အမေကြီး ကျွန်တော်အတွက် ထိုင်ဖို့ ကောက်ရိုးလက်ဆောင်ပေးတာ ကျေးဇူးပါလို့ ပြောလိုက်တော့
ဟိုကရှူးရှူးရှဲရှဲဖစ်သွားတယ်။
ပြီးတာနဲ့ တောင်ဝှေးကို အောက်မြတ်သာဘက် ထိုးပြီး .. နှုတ်ကတစ်စုံတစ်ခုရွတ်လိုက်တယ်ဆိုရင်ဖြင့်
တောင်းဝှေးထိပ်က အနက်ရောင်အခိုးငွေ့တွေ ထွက်လာတယ်။
သူပညာကုန်ထုတ်နေပီ အောင်မြတ်သာကို အသေတိုက်နေပီ။
ထိုအငွေ့တွေက နဂါးအဆိပ်ငွေ့လို့ခေါ်ပြီး ထိမိ တာနဲ့ အရည်ကြည်ဖုတွေ ထလာပြီး မီးလောင်သလို သေမှာ။
အောင်မြတ်သာလဲ မညှာတော့ပဲ လက်ဖဝါးပေါ် ၈ ကွက်အင်းဆွဲပီး လက်ဖဝါးနဲ့ကာလိုက်ရုံဖြင့်
ထို၈ကွက်အင်းက အောင်မြတ်သာကို ကာကွယ်ထားသလိုဖြစ်သွားတယ်။
အဆိပ်ငွေ့တွေက ၈ကွက်အင်းနဲ့ထိပြီး ပျောက်ပျောက်သွားတယ်။
အမယ်အိုလဲ ..
သူရဲ့ပညာအကုန်ထုတ်ပြီး တိုက်လေပြီ။
နွားအတိုက်
ကျွဲအတိုက်
ဘီလူးအတိုက်
အစိမ်းအတိုက်
သို်ပေသော်ငြား အောင်မြတ်သာရဲ့ ငယ်ထိပ်မှာ ဆရာသခင်ဆွဲထားပေးတဲ့ အင်းကြောင့် အတိုက်မှန်သမျှအနားမရောက်ကုန်။
အောင်မြတ်သာတောင် အံ့သြစေရတဲ့ အတိုက်တစ်ခုကို အမယ်အိုကြီးသုံးလေပီ။
ထိုအတိုက်ကား –
သူမနိုင်ရင် သူသေရမည့်အတိုက်
ပညာစမ်းပွဲကား တစ်ဖြေးဖြေးပြင်းထန်လာတယ်။
အသက်ကိုပါလောင်းကြေးထပ်လိုက်လေပြီ။
အမယ်အိုကြီးရဲ့ တစ်ကိုယ်လုံးအခိုးငွေ့တွေထွက်လာတယ်။
မျက်လုံးတွေနီရဲပီး မျက်လုံးထဲကပါ အငွေ့တွေ ထွက်လာနေတယ်။
အောင်မြတ်သာ ဒါ လောင်မီးကျင့်စဉ်ပဲ..
အရမ်းအန္တရာယ်များတယ်။ အမေအိုကြီး ဒုက္ခရောက်တော့မယ်။
အောင်မြတ်သာလဲ နောက်ဆုံးအခြေအနေအရ အမေအိုကြီးအသက်အန္တရာယ်ကို မထိခိုက်အောင် လုပ်ရတော့မယ်။
အောင်မြတ်သာ အချုပ်အင်းကို စရေးပြီ –
ထိုအင်းကား မည်သူမျှ လှုပ်မရအောင် ချုပ်သည့်  အင်း
အမေအိုကြီး အဝတ်စတွေတောင် မီးလောင်လုဆဲဆဲ
အောင်မြတ်သာလဲ ထိုင်ရာမှထပြီး အမေအိုကြီး ရှိရာ အင်းချပ်ကို ပစ်လွှတ်လိုက်တယ်။
အင်းချပ်ကား ပိုက်ကွန်သဖွယ်ထွက်လာပြီး အမေအိုကြီးကို ချုပ်လိုက်လေပီ။
ရုန်းတယ် ချုပ်တယ်
ရုန်းလေ လှုပ်မရလေ


အမေအိုကြီး ပါးစပ်ကနေထွက်နေတဲ့ အခိုးငွေ့တွေ တစ်ဖြေးဖြေးပျောက်သွားတယ်။
ထိုအင်းမသုံးပါက အမယ်အိုကြီးကိုယ်ကထွက်တဲ့ အခိုးငွေ့တွေ – ထိုမှတစ်ဆင့်မီးတွေလောင်တော့မှာ သူကိုယ်သူသေကြောင်းကြံစည်သလို တကယ်လို့ အောင်မြတ်သာကို အဲဒီမီးထိပါက အောင်မြတ်သာ ပြာကျပီ။
လောင်မီးကျင့်စဉ်တောင် ကျင့်ထားတယ်ဆိုထဲက တော်ရုံအစွမ်းမဟုတ် –
ထို့ကြောင့် အမယ်အိုအသက်မထိခိုက်အောင် အချုပ်အင်းသုံးပြီး.ထိန်းထားရခြင်းဖြစ်တယ်။
အမေအိုကြီးကတော့ သူ့ကိုချုပ်နိုင်ခဲ့တဲ့ အောင်မြတ်သာကို အံံ့သြတဲ့အကြည့်နဲ့ ကြည့်ပြီး မျက်ရည်တွေ ကျလာခဲ့တယ်။
လူလေး အမေ မှားပီ
လူလေးကိုနိုင်ချင်တဲ့စိတ်ကြောင့် အမေစဉ်းစားဉာဏ်မဲ့လုပ်ခဲ့တယ်။
လူလေးက လူငယ်ပေမယ့် ပညာမငယ်ဘူးဆိုတာ အမေသိသွားပါပီ။
ဒီပညာတွေကိုလဲ အမေ မကောင်းတဲ့နေရာမှာ မသုံးတော့ပါဘူး။
ကတိပေးပါတယ်ကွယ်။
ရပါတယ်အမေကြီးရယ်ဆိုပြီး ချုပ်ထားတာ ပြန်ဖြေပေးလိုက်တော့ အောင်မြတ်သာကို ရှိခိုးဖို့အလုပ် –
အမေကြီး ကျွန်တော်ငရဲကြီးပါ့မယ်။
အမေကြီးရွာကို တတ်တဲ့ပညာနဲ့ ကူညီပေးပါလို့ တောင်းဆိုပါတယ်လို့ဆိုတော့ —
အမယ်အိုကြီးက ခေါင်းလေးညိမ့်ပြတယ်။
ဆရာကြီးတက္ခကတော့ ပြုံးပြီးကြည့်နေလေရဲ့ —
ထို့နောက် အမေကြီးကိုနှုတ်ဆက်ပြီး လိုရာခရီးကို ဆက်လက်ထွက်ခွာသွားလေတော့သည် –။

လေးစားစွာဖြင့်
ဇေယန (ရာမည)

Leave a Comment