အောင်မြတ်သာနှင့်နန်းစဉ်သခင်မြနန်းရှင်

” အောင်မြတ်သာနှင့်နန်းစဉ်သခင်မြနန်းရှင် ”

မိုးသားတိမ်လိပ်တွေဖုံးအုပ်နေတဲ့ လမိုက်ညတစ်ညမှာတော့ နန်းစဉ်ရွာအစွန်မှာရှိတဲ့ အိမ်တစ်လုံးကနေ တီးတိုးစကားပြောသံအချို့ထွက်လာခဲ့တယ်။ ရေနံဆီမီးအိမ်မှိန်ပြပြထွန်းထားတဲ့ အခန်းအတွင်းမှာတော့ နက်မှောင်သန်စွမ်းတဲ့ဆံပင်အုံကြီးကို တစ်ပတ်လျှိုထုံးထားတဲ့ မိန်းမငယ်တစ်ယောက်က ဒူးတစ်ဖက်ထောင်ကာဆေးပြင်းလိပ်ခဲနေတဲ့ ရုပ်ထုရှေ့မှာ ထိုင်ပြီး –
“ ကျွန်တော်မျိုးမတို့ ဒီအချိန်ကိုစောင့်ဆိုင်းနေတာ နှစ်တွေလတွေကြာညောင်းခဲ့ပါပြီ။ ကျွန်တော်မျိုးမလက်ထက်မှာမှ သခင်မကြီးလွတ်မြောက်လာတဲ့အတွက် မျက်ရည်မဆည်နိုင်အောင်ဝမ်းသာပီတိဖြစ်မိပါတယ်။ အမေကြီးရဲ့ ကျေးတော်ရင်း ကျွန်တော်ရင်းတွေကလဲ မြွက်ကြားလာမယ့် အမိန့်တော်ကို မျှော်လင့်စောင့်စားနေပါတယ်” လို့ပြောလိုက်တဲ့အချိန် ဆေးပြင်းလိပ်ခဲနေတဲ့ ရုပ်ထုကြီးက အသက်ဝင်လာတဲ့အလား လှုပ်ရမ်းလာခဲ့တယ်။
“ အမေကြီးက သူရွေးချယ်မယ့်သူကို အိမ်မက်ပေးလိမ့်မယ်ထင်တယ်… သူ့အနေနဲ့ အဘိုးတို့ထဲက ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ်လေ”
ပါးရေနားရေတွေတွဲကျပြီး ဆံပင်တွေဖြူဆွတ်နေတဲ့ အဖိုးညိုမောင်ရဲ့စကားကြောင့် အိမ်ထဲမှာရှိနေကြတဲ့လူတွေအားလုံး ခေါင်းတညိမ့်ညိမ့်လုပ်ကာ အမေကြီးရုပ်ထုကို ဦးချကန်တော့လိုက်တယ်။
အဖိုးညိုမောင်တို့မျိုးရိုးက အမေကြီးရဲ့လူယုံတွေဖြစ်ခဲ့သလို နန်းစဉ်ရွာစတည်စဉ်ကနေ အခုထိ အမေကြီးအပေါ်သစ္စာရှိတဲ့လူတွေဖြစ်ခဲ့ကြတယ်။ အခုလဲ အတွေ့အကြုံရှိတဲ့အဖိုးညိုမောင်စကားကြောင့် အမေကြီးရဲ့ ရွေးချယ်မှုကိုခံယူလိုကြတဲ့သူတွေအားလုံး စိတ်ကျေနပ်ကာ အိမ်မက်ပေးမယ့်အချိန်ကိုမျှော်လင့်နေခဲ့ကြတယ်။
မြနန်းလဲ အမေကြီးနန်းဆောင်ကနေ အိမ်ပြန်ရောက်တော့ တစ်ပတ်လျှိုထုံးထားတဲ့ဆံထုံးကို ဖြေချပြီး ခြေမျက်စိနားရောက်နေတဲ့ဆံစတွေကို လိပ်တင်နေတဲ့အချိန်
“ မြေးလေး — ထမင်းစားတော့မလား” ဆိုတဲ့အသံကြောင့်လှည့်ကြည့်လိုက်ရာ ဖြူစပြုနေတဲ့ဆံပင်တွေကို ကျစ်နေအောင်ထုံးထားတဲ့ အဖွားဖြစ်သူကိုမြင်လိုက်ရတယ်။
“ ဖွားဖွားက အခုထိမအိပ်သေးဘူးလား… မြေးက အိပ်နေလောက်ပြီထင်နေတာ”
“ မြေးလေးမပြန်လာသေးတော့ ဘယ်လိုအိပ်ပျော်ပါ့မလဲ..”
“ ဖွားဖွားကတော့လေ မြေးက ကလေးမဟုတ်တော့ပါဘူး..ကိုယ့်ဘာသာထည့်စားတတ်နေပါပြီ”
မြနန်းက အဖွားဖြစ်သူကို မျက်စောင်းထိုးကာ စနောက်လိုက်ပြီး ထမင်းစားဖို့ထွက်သွားခဲ့တယ်။ ထမင်းစားပြီးလို့ အိမ်ရှေ့ထွက်လာတဲ့အချိန် အဖွားဖြစ်သူက ပြောင်းဖူးဖက်ဆေးလိပ်ကို မီးတဖွားဖွားကျအောင် ဖွာလိုက်ပြီး
“ မြေးလေး—”
“ရှင် ဖွားဖွား”
“ မြို့ရိုးအောက်မှာ ပိတ်လှောင်ခံထားရတဲ့ အမေကြီးရဲ့ ဝိဉာဉ်ပြန်လွှတ်လာပြီမဟုတ်လား”
“ ဖွားဖွားက ဘယ်လိုသိတာလဲ… ဒီသတင်းကို အမေကြီးနန်းရဲ့ ရွေးချယ်ခံသူတွေပဲသိတာလေ”
“ မြေးလေးကအခုဆိုအရွယ်လဲရောက်လာပြီဆိုတော့ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေကို ဖွားဖွားပြောပြရတော့မှာပေါ့”
အဖွားဖြစ်သူစကားကြောင့် မြနန်းရဲ့ ဝိုင်းစက်နေတဲ့မျက်လုံးတွေပြူးကျယ်သွားပြီး
“ ဘာအကြောင်းတွေလဲဖွားဖွား…”
“ မြေးလေး မမွေးခင်အချိန်တုန်းက သခင်မကြီးဝိဉာဉ်လွတ်မြောက်မလိုဖြစ်သွားခဲ့သေးတယ်။ အဲဒီနှစ်က ရွာရဲ့ရွေးချယ်ခံစာရင်းထဲမှာ မြေးလေးရဲ့ အမေဖြစ်သူလဲပါဝင်ခဲ့တယ်။ သူက လုပ်ရဲကိုင်ရဲတဲ့အပြင် မွေးရာပါပညာကလဲ ထက်တော့ လူတိုင်းက မြေးလေးရဲ့အမေကို အမေကြီးနေရာဆက်ခံမယ့်သူလို့ထင်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် ကံအကြောင်းမလှလို့ အမေကြီးမလွတ်မြောက်ခဲ့တဲ့အတွက် မြေးလေးရဲ့အမေက ရွေးချယ်ခံဘဝနဲ့နေထိုင်ရင်း တစ်နယ်တစ်ကျေးကရောက်လာတဲ့ဖခင်ဖြစ်သူနဲ့တွေ့ဆုံပြီး မြေးမလေးကိုမွေးခဲ့တယ်။ သူ့ကြောင့် မြေးမလေးကိုမွေးပြီးတဲ့အချိန် သစ္စာစူးပြီးသေခဲ့ရတာ”
“ ဟင် … အမေက သစ္စာစူးပြီးသေတာဆိုတော့ ပညာမတူတဲ့သူကိုယူမိလို့လား”
“ ဟုတ်တယ် … မြေးလေးရဲ့ ဖခင်ဖြစ်သူက အဖွားတို့နဲ့ ဆန့်ကျင်ဘက်ပညာကိုယူထားတဲ့သူပဲ။ အဖွားအနေနဲ့ အရမ်းထက်မြက်တဲ့သမီးဖြစ်သူကို ဆုံးရှုံးထားပြီးဖြစ်လို့ မြေးလေးကိုထပ်ပြီးမဆုံးရှုံးစေချင်ဘူး”
“ ဖွားဖွားကလဲ ပူတတ်ရန်ကော… မြေးရဲ့ ရည်မှန်းချက်က ဒီရွာရဲ့ ဥသျှောင်ဖြစ်ဖို့ပဲ။ အဲလိုဖြစ်အောင် ဖွားဖွားရဲ့သင်ကြားမှုတွေကို တစ်သွေမတိမ်းလိုက်နာခဲ့တာ အခုဆို ရွေးချယ်ခံထဲမှာ သမီးကခေါင်းဆောင်ဖြစ်နေပြီမဟုတ်လား”
“ ဟုတ်ပါတယ် မြေးလေးက ပိုထက်မြက်တာ ဖွားဖွားသိတာပေါ့… အခု မြေးလေးကိုပြစရာရှိတယ် လာခဲ့”
အဖွားဖြစ်သူပြတဲ့နေရာကိုကြည့်လိုက်ရာ အိမ်မှာရှိတဲ့အမေကြီးရုပ်ထုရဲ့မျက်တောင်တွေ တဖျတ်ဖျတ်ခတ်နေတာမြင်လိုက်ရတယ်။
“ အမေကြီး ရုပ်ထုက အသက်ဝင်နေပါလား”
“ ဟုတ်တယ် မြေးလေး… ဒီရုပ်ထုက ဖွားဖွားတို့ ဘိုးဘေးတွေလက်ထက်မှာ အမေကြီးရဲ့ရင်ငွေ့တော်လှုံပြီး အသက်သွင်းထားခဲ့တာလေ။ အမေကြီးမျက်တောင်လှုပ်ထဲက ပြန်လွှတ်လာပြီဆိုတာသတိထားမိခဲ့တာ”
“ ဒါဆို ရွာထဲက လူတွေလဲ သိကြမှာပေါ့”
“ မဟုတ်ဘူးမြေးရဲ့…အမေကြီး ဂူပိတ်ခံရမယ့်နေ့မှာ အထိန်းတော်ဖြစ်သူကိုပြောခဲ့တာက အသက်သေသွားသည့်တိုင် သူ့ဝိဉာဉ်ကဆက်ရှိနေဦးမယ်တဲ့။ အကယ်၍သူလွတ်လာခဲ့မယ်ဆိုရင် ရွေးချယ်ခံရဲ့အိမ်မှာရှိတဲ့ပုံတော်မှာပဲထူးခြားမှုတွေ့မယ်တဲ့။ ဒါကြောင့် မြေးလေးက အမေကြီးရဲ့ရွေးချယ်ခံ ဖြစ်မှာသေချာနေပြီ”
အဖွားဖြစ်သူစကားကြောင့် မြနန်းမျက်နှာမှာ လှပတဲ့အပြုံးတွေဖြစ်ပေါ်လာပြီး
“ ဒါဆို အမေကြီးက မြေးကို အိမ်မက်ပေးမှာပေါ့နော်… စိတ်တွေလှုပ်ရှားနေပြီ ဖွားဖွားရယ်”
“ သိပ်လဲစိတ်လှုပ်ရှားမနေနဲ့ဦး … ညဘက်လုပ်စရာရှိတဲ့ကိစ္စတွေလုပ်ပြီး စောစောအိပ်”
“ သိပါတယ် ဖွားဖွားရဲ့… အဟိ”
မြနန်းက အဖွားဖြစ်သူရဲ့ပါးကို ညှင်သာစွာဆွဲကာ ပညာခန်းရှိတဲ့ဘက်ကိုထွက်သွားခဲ့တယ်။
– – – – – – – – –
ညဘက်အိပ်ချိန်ရောက်တဲ့တိုင် မြနန်းတစ်ယောက် အိပ်လို့မရပဲ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်ဖြစ်နေခဲ့တာ မနက်သုံးချက်ထိုးလောက်ရောက်မှ မှေးခနဲအိပ်ပျော်သွားခဲ့တယ်။ အဲဒီအချိန်မှာပဲ အိမ်မက်ထဲမှာ ထိုင်မသိမ်းဝတ်စုံအနက်ရောင်ကို ဝတ်ဆင်ထားပြီး ပြောင်းဖူးဖက်ဆေးလိပ်ကိုလက်ကြားညှပ်ထားတဲ့ မိန်းမကြီးတစ်ယောက်အိမ်ပေါ်တက်လာပြီး
“ မြနန်းဆိုတာ ညဉ်းလားအေ့”
“ ဟုတ်ပါတယ် — မြနန်းဆိုတာကျွန်မပါ”
“ အေး ဒီနေ့ဒီအချိန်ကစပြီး နင်ကငါ့ကိုယ်စားရွာကို ထိန်းသိမ်းရလိမ့်မယ်။ မနက်မိုးလင်းရင် နင်က ငါ့ရွေးချယ်တဲ့လူဆိုတာ သေချာလား မသေချာလားဆိုတာကို အထိန်းတော်တွေ စိစစ်ကြလိမ့်မယ်… “ လို့ပြောပြီး အိမ်ပေါ်ကနေပြန်ဆင်းသွားတဲ့အချိန် အိမ်မက်ကလန့်နိုးလာခဲ့တယ်။
မနက်မိုးလင်းတော့ ရွေးချယ်ခံ ယောင်္ကျားမိန်းမတွေအပြင် ရွာသူရွာသားတွေအားလုံး အဖိုးညိုမောင်ရဲ့အိမ်ရှေ့မှာ စုရုံးရုစုံးဖြစ်နေတဲ့အချိန်
“ အားလုံး တိတ်ကြ…” ဆိုတဲ့အသံကြောင့် ရွာသားတွေအားလုံးငြိမ်သက်သွားခဲ့ကြတယ်။
အဖိုးညိုမောင်က အဲဒီတော့မှ နီညိုရောင်နန်းတွင်းဝတ်စုံကိုဝတ်ကာထွက်လာပြီး –
“ ငါတို့နန်းစဉ်ရွာရဲ့ကျေးဇူးရှင်အမေကြီးက ဂူသွင်းပိတ်လှောင်ခံထားရာကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်တယ်” လို့ပြောလိုက်တော့ ရွာသားတွေအားလုံး ဟာခနဲ ဟင်ခနဲဖြစ်ကာ ဆွံ့အသွားခဲ့ပြီးမှ သတိပြန်ဝင်လာပြီး ဟေးခနဲအော်ဟစ်ပါလေရော။
“ အားလုံးဝမ်းသာမယ်ဆိုတာ သိတယ်… ဒါပေမယ့် အမေကြီးရဲ့ဆန္ဒအရ ရွာကို စောင့်ရှောက်မယ့်သူကို အရွေးချယ်ခံလူ၃၀ထဲကနေ ရွေးချယ်သွားမှာဖြစ်တယ်။ အရွေးချယ်ခံလူတွေထဲကတစ်ယောက်ကို အမေကြီးကိုယ်တိုင်အိမ်မက်ပေးပြီးသားဖြစ်လို့ ဘယ်သူရွေးချယ်ခံရလဲဆိုတာ မကြာခင်သိရတော့မှာဖြစ်တယ်။ ဒီနေရာမှာပြောချင်တာက ရွေးချယ်ခြင်းခံရတဲ့သူအနေနဲ့ အမေကြီးသက်ရှိထင်ရှားရှိခဲ့စဉ်က ဝတ်ဆင်ခဲ့တဲ့ မှော်ဝင်ကျောက်နက်လက်စွပ်ကို ရွာသားတွေအရှေ့မှာရှာဖွေပြရမှာဖြစ်တယ်။ ဒါမှသာ အမေကြီးကိုယ်တိုင်ရွေးချယ်တဲ့သူဖြစ်တယ်ဆိုတာကို ကျုပ်တို့အထိန်းတော်တွေက လက်ခံယုံကြည်ပြီး ရွာရဲ့အကြီးအကဲရာထူးကိုအပ်နှင်းမှာဖြစ်ပါတယ်။ ကဲ…. အမေကြီး ရွေးချယ်ထားတဲ့သူ အရှေ့ကိုထွက်ခဲ့ပါ”
အဖိုးညိုမောင်စကားအဆုံးမှာ လူအုပ်ကြီးရဲ့အကြည့်တွေက ရွေးချယ်ခံလူတွေဆီရောက်သွားခဲ့တယ်။
“ ဘယ်သူများရွေးခံရတာလဲ သိချင်နေပြီ—”
“ ဟုတ်ပါ့အေ ကျုပ်တို့ရွာရဲ့ အကြီးအကဲကဘယ်သူများဖြစ်မလဲမသိပါဘူး”
လူအုပ်ကြီးဆီက ကြွက်စိကြွက်စိအသံတွေထွက်လာခဲ့ပေမယ့် ရွေးချယ်ခံလူတွေကတော့ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။
မြနန်းကတော့ သူ့ကိုအိမ်မက်ပေးတဲ့အချိန် ဒီအကြောင်းတွေမပြောခဲ့လို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန် အဖိုးညိုမောင်က
“ ဘယ်သူမှ ရွေးချယ်မခံရဘူးလား… ထပ်မေးပါမယ် အမေကြီးရဲ့ရွေးချယ်မှုကိုခံရတဲ့သူမရှိဘူးလား” လို့မေးလိုက်ပေမယ့် ရွေးချယ်ခံလူတွေဆီကနေ ဘာတုန့်ပြန်မှုမှမရခဲ့ဘူး။
“ အမေကြီးက သူ့စိတ်တိုင်းကျမတွေ့လို့ မရွေးချယ်တာဖြစ်မယ်။ ဒါကြောင့် ရွေးချယ်ခံတွေအနေနဲ့ လိုအပ်ချက်တွေရှိနေသေးတာမို့ နောက်နှစ်နတ်တော်လမှ ပြန်လည်ရွေးချယ်သွားမယ်” လို့ပြောလိုက်တဲ့အချိန်မှာပဲ မြနန်းရဲ့နားထဲမှာ
“ ရွာအနောက်ဘက် ကုက္ကိုပင်ရဲ့ပင်စည်ထဲမှာ ငါဝတ်ဆင်ခဲ့တဲ့ မှော်ဝင်ကျောက်နက်လက်စွပ်ရှိတယ်” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။ အဲဒီတော့မှ ရပ်နေတဲ့လူတွေထဲကနေ အပြင်ကိုပြေးထွက်ပြီး
“ အဖိုး…. မှော်ဝင်ကျောက်နက်လက်စွပ်ရှိတဲ့နေရာ ကျွန်မသိပါတယ်”
မြနန်းစကားကြောင့် အဖိုးညိုမောင်ရော… ရွာလူထုတွေကပါ အံ့ဩသွားကြပြီး
“ သေချာလား မြနန်း မဟုတ်မမှန်ပဲ လီဆယ်ပြောမယ်ဆိုရင် ပညာနှုတ်ပြီးရွာကနေမောင်းထုတ်ခံရမယ်ဆိုတာသိတယ်မဟုတ်လား”
“ သိပါတယ် အဖိုး… ကျွန်မအနေနဲ့ လီဆယ်ပြောခဲ့ပါက ရွာကချမှတ်ထားတဲ့စည်းကမ်းအတိုင်းလိုက်နာပါ့မယ်”
“ ဒါဖြင့် အမြန်ပြောစမ်း…. အမေကြီးရဲ့ လက်စွပ်က ဘယ်မှာရှိတာလဲ”
အဖိုးညိုမောင်ရဲ့စကားကြောင့် မြနန်းက ရွာအနောက်ဘက်ကိုလက်ညိုးထိုးပြီး
“ ရွာအနောက်က ကုက္ကိုပင်ရဲ့ ပင်စည်ထဲမှာရှိပါတယ်”
“ ဟေ …. ကုက္ကိုပင်ရဲ့ပင်စည်ထဲမှာ လက်စွပ်ရှိနေတာလား… ဟုတ်မဟုတ်သိရအောင် သွားကြည့်ရအောင်”
အဖိုးညိုမောင်စကားအဆုံးမှာ လူအုပ်ကြီးက အိမ်မှာရှိတဲ့ ဓါးတွေ လွှတွေယူကာ ရွာအနောက်ဘက်ကုက္ကိုပင်ရှိရာကိုထွက်လာခဲ့ကြတယ်။
ကုက္ကိုပင်ရှေ့ရောက်တော့ အဖိုးညိုမောင်က
“ ဒီကုက္ကိုပင်က ငါတို့မမွေးခင်အချိန်ထဲကရှိနေခဲ့တာမို့ မြနန်းပြောတာဖြစ်နိုင်တယ်… ဒါပေမယ့် ပင်စည်က လူကြီးငါးဖက်စာလောက်ရှိလို့ လက်စွပ်ကိုဘယ်လိုယူရမလဲ”လို့ပြောတဲ့အချိန် မြနန်းရဲ့ နားစည်းထဲကို
“ ပင်စည်မှာ လက်ကောက်ဝတ်လုံးလောက်ရှိတဲ့ သံစို့တစ်ခုရိုက်ထည့်ထားတာရှိလိမ့်မယ်။ အဲဒီသံစို့ရဲ့အနောက်မှာ လက်စွပ်ရှိတယ်” ဆိုတဲ့အသံဝင်ရောက်လာခဲ့တယ်။
“ အဖိုး … ပင်စည်မှာ လက်ကောက်ဝတ်လောက်ရှိတဲ့ သံစို့တစ်ခုရိုက်ထားတယ်တဲ့ အဲဒါကိုရှာတွေ့ရင် လက်စွပ်ကိုရပြီ”
မြနန်းစကားကြောင့် အဖိုးညိုမောင်ရော ရွာသားတွေပါ ပင်သည်ပတ်ပတ်လည်ကိုရှာကြည့်ရာ ပုတ်လောက်ရှိတဲ့ကျီးပေါင်းတွေနဲ့ဖုံးအုပ်နေတဲ့သံစို့တစ်ခုကိုမြင်လိုက်ရတယ်။
“ တွေ့ပြီဗျ သံစို့ကိုတွေ့ပြီ… “
“ သံစို့ထွက်လာအောင် ဖြတ်ထုတ်ကြည့်လိုက်”
အဖိုးညိုမောင်စကားကြောင့် ရွာသားတွေ သံစို့ကိုပေါ်အောင်ဖြတ်ထုတ်ကြရာ ထမင်းအိုးတစ်လုံးကျက်ခန့်ကြာတော့ သံစို့နဲ့အတူ ဖယောင်းမံထားတဲ့ယွန်းဘူးတစ်ဘူးထွက်လာခဲ့လို့ ဖွင့်ကြည့်လိုက်ရာ မဲနက်နေတဲ့ ကျောက်တစ်လုံးကို ဖြူဖွေးလှတဲ့ငွေနဲ့ခတ်ထားတဲ့လက်စွပ်တစ်ကွင်းကိုမြင်လိုက်ရတယ်။
အဖိုးညိုမောင်လဲ လက်စွပ်ကိုမြင်တော့ အံ့အားသင့်ကာ မြနန်းအရှေ့တည့်တည့် ဒူးထောက်ထိုင်လိုက်ပြီး
“ မြနန်းသခင်မကို ကျွန်တော်မျိုး ညိုမောင် ရိုသေစွာခစားပါတယ်” လို့ပြောလိုက်တော့ ပါလာတဲ့ရွာသားတွေလဲမနေသာတော့ပဲ ဒူးထောက်ကြပါလေရော။
မြနန်းကတော့ အဖိုးညိုမောင်ကို ဦးစွာဆွဲထူလိုက်ပြီး ရွာသားတွေကိုလဲ ပြန်လည်ထစေခဲ့တယ်။ အဲဒီနေ့ကစပြီး မြနန်းက နန်းစဉ်ရွာရဲ့အကြီးအကဲဥသျှောင်တစ်ယောက်ဖြစ်လာခဲ့သလို အမေကြီးရဲ့ရွေးချယ်ခံတစ်ယောက်ဖြစ်လာခဲ့တယ်။
အသက် ၂၀ကျော်လှသွေးကြွယ်တဲ့အချိန်မှာပဲ နန်းစဉ်ရွာအကြီးအကဲဖြစ်လာတဲ့ မြနန်းကတော့ အမေကြီးရဲ့ ညွှန်ကြားချက်တွေကို အသက်နဲ့မမျှအောင် ထမ်းဆောင်ခဲ့ရတယ်။ တစ်ညမှာတော့ အမေကြီးက ပုတီးစိပ်နေတဲ့ မြနန်းရဲ့အနောက်ကိုရောက်လာပြီး အရောင်ပြိုးပြိုးပျက်ပျက်ထနေတဲ့ အလုံးတစ်လုံးကိုအန်ချလိုက်တယ်။
မြနန်းလဲ အာရုံထဲမှာမြင်နေရတဲ့အတိုင်းကြည့်နေရင်း အန်ချထားတဲ့အလုံးက လေထဲကတစ်ဆင့် မြနန်းရဲ့ ရင်ညွန့်တည့်တည့်ကိုဖောက်ဝင်သွားတာကိုမြင်လိုက်ရတယ်။ ငယ်စဉ်ထဲက ဒီပညာတွေနဲ့မစိမ်းတဲ့မြနန်းကတော့ သူ့ကိုပညာတွေသွင်းပေးနေတယ်ဆိုတာသိလိုက်ရတယ်။ ပုတီးစိပ်ပြီးတဲ့အချိန်မှာတော့ နားစည်နှစ်ဖက်ကနေ ကယ်ပါယူပါဆိုပြီးအော်ဟစ်နေတဲ့အသံတွေအပြင် အလိုရှိရာခိုင်းဖို့တောင်းပန်နေကြတဲ့အသံအချို့ကိုကြားလိုက်ရတယ်။ မြနန်းကတော့ သူ့ရဲ့အကြားဓါတ်တွေပွင့်ထွက်သွားပြီဆိုတာရိပ်မိခဲ့တယ်။ ဒါနဲ့အမြင်ဓါတ်ကိုစမ်းသပ်ဖို့ ပြူတင်းပေါက်ကိုဖွင့်ကြည့်လိုက်ရာ ခြံဝိုင်းအပြင်ဘက်မှာ အုံလိုက်ကျင်းလိုက်စုနေကြတဲ့ အမျိုးအမည်မသိတဲ့ နာနာဘာဝတွေအပြင် ရင်းစည်းတကားကား ခေါင်းပေါင်းတလူလူနဲ့ ခေါင်းမော့ရင်ကော့ကာ ရပ်နေကြတဲ့ နတ်စိမ်းအချို့ကိုလဲမြင်တွေ့လိုက်ရတယ်။ အဲဒီအချိန်
“ အမြင်ဓါတ်အကြားဓါတ်တွေ ပွင့်သွားပြီဖြစ်လို့ လိုအပ်သလိုအသုံးပြုပြီး နန်းစဉ်ရွာကိုစောင့်ရှောက်ပါ။ သင်မလိုအပ်တဲ့အချိန် မြင်သမျှကြားသမျှအရာတွေကို ထွက်သွားဖို့အမိန့်ပေးပါ” ဆိုတဲ့အသံကိုလဲကြားလိုက်ရတယ်။
မြနန်းလဲအမေကြီး ချီးမြှင့်ပေးတဲ့ အမြင်ဓါတ်အကြားဓါတ်တွေကိုအသုံးပြုကာ ရွာလူထုကို ကူညီပေးခဲ့တယ်။ တစ်ညမှာတော့ ပုတီးစိပ်နေရင်း မြို့ရိုးနားမှာတွေ့ခဲ့တဲ့လူသုံးယောက်ရဲ့ခြေထောက်အောက်မှာ ပြာပုံအတိဖြစ်နေတဲ့ နန်းစဉ်ရွာကိုမြင်လိုက်ရတယ်။ မြနန်းလဲ သူမြင်ရတဲ့နမိတ်ကို ဆင်ခြင်သုံးသပ်လိုက်တော့ ဒီလူသုံးယောက်က ရွာကိုသေချာပေါက်ဒုက္ခပေးတော့မယ်ဆိုတဲ့အဖြေထွက်လာခဲ့တယ်။
မနက်ရောက်တော့ ရွာရဲ့အမာခံလူတွေကိုစုစည်းပြီး အာရုံထဲမြင်တွေ့ခဲ့တဲ့ လူသုံးယောက်ကိုရှာဖွေစေခဲ့တယ်။ ဒါပေမယ့် ဘယ်လိုပဲရှာရှာအာရုံထဲမြင်ရတဲ့လူတွေကို အစနပင်မတွေ့တဲ့အတွက် အမြင်ဓါတ်ကိုဖွင့်ပြီးကြည့်လိုက်ရာ မမြင်နိုင်တဲ့အတားအဆီးတစ်ခုက ကြားထဲမှာခံနေတာကိုသတိပြုမိခဲ့တယ်။ မြနန်းလဲ ခံနေတဲ့အတားအဆီးကို ကြိုးစားပြီးဖြတ်ကျော်ဖို့လုပ်နေတဲ့အချိန် –
“ အမြင်အာရုံကိုဖြတ်လိုက်တော့ မြနန်း..” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
မြနန်းလဲ ဒီအသံဟာ အမေကြီးအသံဆိုတာသိတာနဲ့ အမြင်ဓါတ်ကိုချက်ချင်းဖြတ်တောက်ပစ်ခဲ့တယ်။ မြနန်းစိတ်ထဲမှာတော့ ဒီလူတွေကို ဘာကြောင့်အာရုံခံမရတာလဲဆိုတဲ့အတွေးက မနက်အရုဏ်တက်ချိန်အထိတိုင်စေခဲ့တယ်။
မနက်မိုးလင်းတော့ ရွာထဲမှာရုတ်ရုတ်သဲသဲဖြစ်နေတဲ့အသံတွေကြောင့် အိမ်ပေါ်ကနေဆင်းကြည့်လိုက်တဲ့အချိန်
“ သခင်မမြနန်း ရောက်လာပြီ ဖယ်ကြ ဖယ်ကြ” ဆိုပြီးပြောလိုက်တဲ့ အဖိုးညိုမောင်စကားကြောင့် ရွာသားတွေအားလုံး အနောက်ကိုဆုတ်သွားခဲ့တယ်။
မြနန်းက လူနှစ်ယောက်တွဲထူထားတဲ့ ရွာသားကိုကြည့်ပြီး
“ ဘယ်လိုဖြစ်တာလဲ အဖိုး…”
“ ဒီကောင်က ရွာရဲ့စည်းကမ်းကိုဖောက်ပြီး အခြားရွာသားတစ်ယောက်ကို ပညာနဲ့ပြုစားခဲ့တာ… အဲဒီမှာ ခံရတဲ့သူဘက်က ခေါ်ထားတဲ့ဆရာနဲ့တွေ့ပြီး ပညာနှုတ်ခံထိတာပဲသခင်မလေး”
“ ပညာနှုတ်ခံထိတယ်ဆိုတော့ သူက ဘယ်အဆင့်ရှိပြီလဲ “
“ စက်ကြိုးစီးနိုင်တဲ့အဆင့်ရှိနေပါပြီ ဒါကို အခုလိုဖြစ်တယ်ဆိုတော့ ဟိုဘက်လူတွေခေါ်ထားတဲ့ ဆရာတွေက နယ်နယ်ရရတော့မဟုတ်လောက်ဘူးထင်တယ်”
“ ဘာပဲဖြစ်ဖြစ် နန်းစဉ်ရွာရဲ့စည်းကမ်းကိုဖောက်ဖျက်ခဲ့တဲ့သူကို ချမှတ်ထားတဲ့စည်းကမ်းအတိုင်းအရေးယူရမှာပဲ… အခုသူလဲ အားနည်းနေတာဆိုတော့ နေကောင်းတဲ့အထိ ရွာသားတွေက တာဝန်ယူပေးပါ။ နေပြန်ကောင်းပြီဆိုတာနဲ့ ကျောတစ်ရာ ရင်တစ်ရာရိုက်ပြီး ရွာကနေအပြီးနှင်ထုတ်လိုက်… သူ့မိသားစုသဘောအရ လိုက်သွားချင်သပဆိုလဲ လိုက်သွားခွင့်ပြုတယ်”
“ ဟုတ်ကဲ့ပါ သခင်မလေး… အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါမယ်”
အဖိုးညိုမောင်လဲ မြနန်းစကားကို အလေးအနက်ထားဟန်နဲ့ပြန်ဖြေလိုက်ပြီး လူနာကိုခေါ်ကာ ထွက်သွားခဲ့တယ်။ ဒီကိစ္စတွေဖြစ်ပြီး နှစ်ရက်ကြာတော့ မြနန်းဆီကို အဖိုးညိုမောင်ရောက်လာခဲ့တယ်။
“ သခင်မလေး … ကျော်ထွန်းကို ဆုံးမလိုက်တဲ့သူတွေက သုံးယောက်အဖွဲ့ဆိုပဲ”
“ ဟင် သုံးယောက်အဖွဲ့ဟုတ်လား”
“ ဟုတ်တယ် သခင်မလေး… မနေ့ညကပြန်ရောက်လာတဲ့ ရွာသားတွေပြောပြတဲ့စကားအရ အဲဒီဆရာသုံးယောက်က ပုခက်တွင်းရွာမှာ အတော်နာမည်ကြီးနေတယ်တဲ့”
“ သူတို့ပြောတာတွေကို ယုံလို့ဖြစ်ပါ့မလား…တစ်ခုခုလွဲချော်သွားမှာလဲစိတ်ပူတယ်”
“ အင်း ဒါဆိုရင် မနက်ဖြန်မနက် ပုခက်တွင်းရွာဘက်ကိုသွားမယ့်လှည်းကြုံနဲ့လိုက်သွားပြီး သခင်မလေး အာရုံထဲမှာပေါ်တဲ့သူတွေဟုတ်မဟုတ် အတည်ပြုရင်ကော”
“ အဖိုး အကြံကောင်းတယ်… ဒါဆို မနက် သွားဖို့ပြင်ဆင်ထားပေးပါ”
“ ကျွန်တော်မျိုးလိုအပ်တာတွေပြင်ဆင်ပေးထားပါမယ်”

– – – – – – – – –

နောက်တစ်နေ့မနက်ရောက်တော့ မြနန်းနဲ့ အဖိုးညိုမောင်က နန်းစဉ်ရွာရဲ့ ကုန်အဖွဲ့နဲ့အတူ ပုခက်တွင်းရွာကိုလိုက်သွားခဲ့တယ်။ ပုခက်တွင်းရွာကိုရောက်တော့ ပါလာတဲ့ အသီးအနှံတွေကိုရောင်းချရင်း အဖိုးညိုမောင်ပြောတဲ့သူတွေကို လိုက်ရှာနေခဲ့တယ်။ ဒါပေမယ့် ပစ္စည်းတွေရောင်းကုန်ခါနီး အချိန်ထိ ပညာစက်ရဲ့အငွေ့အသက်ကိုစိတ်ထဲကနေ အဍမခံစားမိတဲ့အတွက် စိတ်လျော့ပြီး ပြန်ဖို့ပြင်ဆင်နေတဲ့အချိန်
“ ဒီ ငှက်ပျောသီးတွေက ဘယ်လိုရောင်းလဲဗျ” ဆိုတဲ့အသံနဲ့အတူ မြနန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်အေးစိမ့်သွားခဲ့တယ်။
“ ဒီမယ် ဒီမယ် ….”
စျေးလာဝယ်သူရဲ့ ဒုတိယအကြိမ်မေးတဲ့အသံကိုကြား​တဲ့ အဖိုးညိုမောင်က ကြားထဲကနေဝင်ပြီးကူရောင်းပေးခဲ့တယ်။ စျေးဝယ်သူပြန်သွားတဲ့အချိန်မှာတော့
“ သခင်မလေး ဒီလူကိုယ်ကနေ အမျိုးအမည်မသိတဲ့ လှိုင်းတစ်ခုထွက်နေတာသတိထားမိလား”
“ သတိထားမိတာပေါ့ အဖိုးရယ်… ဒီလူက ကျွန်မတို့ရှာနေတဲ့အဖွဲ့ထဲကပဲဖြစ်ရမယ်…”
“ ဒီတော့ သခင်မလေး ဘယ်လိုလုပ်ချင်လဲ… သူတို့ကြောင့်ရွာတော့အပျက်မခံနိုင်ဘူး”
“ သိပ်လဲ အလောမကြီးပါနဲ့ အဖိုး… သူတို့တွေ နန်းစဉ်ရွာကို မထိသေးသရွေ့ မြနန်းတို့ရန်သူမဟုတ်သေးပါဘူး”
မြနန်းစကားကိုကြားတော့ အဖိုးညိုမောင်မျက်နှာ အနည်းငယ်ပျက်သွားပြီးကာမှ ပြန်ထိန်းလိုက်ပြီး
“ သခင်မလေး ဆန္ဒအတိုင်း ဆုံးဖြတ်ပါ”လို့ပြောကာ အသက်ရွယ်နဲ့မလိုက်အောင် လှည်းပေါ်ကိုတက်သွားခဲ့တယ်။
ညနေမှောင်စပျိုးတဲ့အချိန်မှာတော့ ပုခက်တွင်းရွာထဲကနေ ထွက်သွားတဲ့ နွားခလောက်သံတွေနဲ့အတူ ခွေးဟောင်သံအချို့ထွက်လာခဲ့တယ်။

– – – – – – – – –

“ အောက်အီးအီးအွတ်”
ညဦးပိုင်းမှာတွန်တဲ့ကြက်သံကြောင့် မြေစိုက်တဲတစ်ခုအတွင်းမှာရှိနေတဲ့အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရက ရေးဆွဲထားတဲ့ အင်းစမတွေကို လွယ်အိတ်ထဲထည့်လိုက်ပြီး
“ အဲဒီမိန်းကလေးက နန်းစဉ်ရွာရဲ့အကြီးအကဲဖြစ်နိုင်ပါ့မလားဆရာ”
“ ဘာဖြစ်လို့ ဒီမေးခွန်းကိုမေးတာလဲ”
“ ဟိုလေ ဒီအသက်အရွယ်နဲ့ အထင်ကရရွာတစ်ခုရဲ့ အကြီးအကဲဖြစ်နိုင်ပါ့မလားဆိုပြီး တွေးမိလို့ပါ”
“ ဒါကတော့ သူနဲ့ရင်ဆိုင်တဲ့အခါ သိရမှာပေါ့…”
“ ဆရာ ကျွန်တော်လဲတစ်ခုလောက်မေးကြည့်ချင်လို့”
“ ဘာများမေးချင်လို့လဲ …”
“ ကျွန်တော်တို့ကြောင့် လွတ်သွားတဲ့ နန်းတွင်းကဝေအချုပ်ရဲ့ဝိဉာဉ်ကို ဘာကြောင့်ပြန်ဖမ်းရတာလဲသိချင်လို့ပါ”
“ မင်းတို့ စိတ်ရှင်းအောင်ပြောရရင် လွတ်သွားတဲ့ကဝေမကြီးကြောင့် အပြစ်မဲ့တဲ့သူတွေမသေစေချင်လို့ ပြန်ဖမ်းရတာပဲ”
“ အခုဆို သူတို့ဘက်ကလဲ ကျွန်တော်တို့ကိုအနံ့ခံပြီး လိုက်လာတာ ဆရာအမြင်ပဲ… တကယ်ဆို ကျွန်တော်တို့က လက်ဦးမှုယူပြီး ဖမ်းရမှာမဟုတ်ဘူလား”
“ ဒီကိစ္စက မင်းတို့ထင်သလောက်မလွယ်ဘူး … နန်းစဉ်ရွာကပညာသည်အားလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် ထူးခြားတဲ့အစီအရင်လိုတယ်”
“ ဗျာ…. “
“ ဟုတ်တယ် … ဒီအစီအရင်က ဘာဖြစ်မလဲဆိုတာ ငါကိုယ်တိုင်လဲမသိသေးဘူး… အခုလောလောဆယ် မင်းတို့ကိုယ်မှာရှိတဲ့ လေပွေအင်းကို ဖြုတ်ထားလိုက်ကြ”
အောင်မြတ်သာစကားကြောင့် သက်နဲ့တောက်ရတို့ရဲ့ညာဘက်လက်မောင်းရင်းမှာပတ်ထားတဲ့ လေပွေပုံစံအင်းစမကို ဖြုတ်နေရင်း
“ ဆရာရှိနေရင် ဘယ်လိုရန်သူမဆိုမကြောက်ပါဘူး… ဟုတ်တယ်မလား ဆရာသက်ခိုင်”
“ ဟုတ်တာပေါ့ ဆရာရှိနေရင် ငါတို့မဲ့တစ်ပေါက်မစွန်းစေရဘူးဆိုတာယုံပြီးသား” လို့ပြောကာ ဖြုတ်ထားတဲ့ လေပွေအင်းကိုလွယ်အိတ်ထဲထည့်လိုက်တဲ့အချိန် အောင်မြတ်သာ မျက်နှာအနည်းငယ်ပြုံးယောင်သမ်းသွားခဲ့တယ်။
ညသန်းခေါင်အချိန်ရောက်တော့ အောင်မြတ်သာက
“ ငါတို့တွေ နန်းစဉ်ရွာကိုသွားဖို့အချိန်ကျပြီ… “ လို့ပြောကာ လွယ်အိတ်ကိုလွယ်ပြီး ထွက်သွားခဲ့တယ်။
ဖုန်တွေခြေမျက်စိထိမြုပ်တဲ့ လှည်းလမ်းကြောင်းကနေ နှစ်နာရီလောက်သွားပြီးတဲ့အချိန်မှာတော့ လက်ငါးသစ်လောက်ထူတဲ့ ကျွန်းပြားပေါ်မှာ ပန်းကနုတ်တွေနဲ့အလှဆင်ထားတဲ့ နန်းစဉ်ရွာဆိုတဲ့စာလုံးကိုမြင်လိုက်ရတယ်။
အောင်မြတ်သာက ရွာထိပ်ကိုရောက်တော့ ခြေလှမ်းတွေကိုရပ်လိုက်ပြီး
“ အခုချိန်ကစပြီး သတိထားကြတော့ … ရွာထဲမှာ စက်ကြိုးတွေက သပွတ်အူလိုရှုပ်ထွေးနေပြီ” လို့ပြောကာ ညှင်သာတဲ့ခြေလှမ်းနဲ့ရွာထဲကိုဝင်လာခဲ့ကြတယ်။
လရောင်က မလင်းလွန်း မမှိန်လွန်းဖြစ်နေတဲ့အတွက် ရွာလမ်းမတစ်လျောက်ကိုကောင်းစွာမြင်တွေ့နေခဲ့တယ်။ အဲဒီအချိန် အနောက်ကနေ ကပ်ပါလာတဲ့ခြေသံကြောင့် အောင်မြတ်သာရဲ့ခြေလှမ်းတွေရပ်လိုက်ပြီး လွယ်အိတ်ထဲပါကနေ တစ်ထွာသာသာရှိတဲ့ ဝါးမင်းသားကိုထုတ်ကာ မြေကြီးပေါ်ကိုလက်ပြန်ထိုးစိုက်လိုက်တယ်။ ဝါးမင်းအသားလဲာမြေကြီးပေါ်အစိုက် ရွာအလယ်မှာရှိတဲ့ အိမ်တစ်အိမ်ကနေ နာကျင်စွာအော်လိုက်တဲ့အသံကို ကြားလိုက်ရတယ်။
“ ဆရာ … သူတို့က ကျွန်တော်တို့လာမှာ ဘယ်လိုသိနေကြတာလဲ”
တောက်ရစကားကို အောင်မြတ်သာက ချက်ချင်းမဖြေသေးပဲ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီး
“ အင်းလေပွေကိုဖယ်လိုက်တဲ့အတွက် ငါတို့ဘယ်ရောက်နေတယ်ဆိုတာ သိနေခဲ့တာ… ဒါက သူတို့အတွက် အကြီးမားဆုံးအမှားပဲ” လို့ပြောကာ လွယ်အိတ်ထဲမှာပါလာတဲ့ အင်းစမ ရှစ်ရွက်ကိုထုတ်ပြီး လေထဲပစ်တင်လိုက်တယ်။
အင်းစမချပ်တွေက လေထဲရောက်တာနဲ့ ပြာမှုန်တွေအဖြစ်ပြောင်းသွားပြီးတစ်ရွာလုံးကို ထွက်ပေါက်မရှိအောင် ပိတ်ထားလိုက်ကြတယ်။ အဲဒီအချိန်
“ ဆရာ …. ဟိုမှာကြည့်ဦး”
အောင်မြတ်သာလဲ သက်ခိုင်ညွှန်ပြတဲ့နေရာကိုကြည့်လိုက်ရာ ပဝါအမဲကိုခြုံထားပြီးတောင်ဝှေးကို တစ်ဒေါက်ဒေါက်ထောက်ကာ လာနေတဲ့ ပုံရိပ်တစ်ခုကိုမြင်လိုက်ရတယ်။
“ ဟင် အရိပ်လဲမထွက်ဘူးဆရာ”
“ အရိပ်မထွက်မှတော့ လူမဖြစ်နိုင်ဘူး… ဒီကောင်ကနာနာဘာဝပဲဖြစ်ရမယ် .. မှန်းစမ်း”
သက်ခိုင်စကားသံအဆုံးမှာ တောင်ဝှေးကိုထောက်ပြီးလာနေတဲ့ပုံရိပ်က ရုတ်တရက်ငြိမ်သက်သွားခဲ့တယ်။
“ သက်ခိုင် သတိထား….”
အောင်မြတ်သာစကားမဆုံးခင်မှာပဲ ငြိမ်နေတဲ့ပုံရိပ်က ဖျတ်ခနဲပြေးအဝင် သတိကပ်ထားတဲ့သက်ခိုင်က အနားမရောက်ခင်မှာပဲ လက်ပြန်ရိုက်ချလိုက်ရာ အနောက်ကိုငါးပေလောက်လွင့်ထွက်သွားခဲ့တယ်။
မကြာခင် ကြောက်မက်ဖွယ်အသံတွေနဲ့အတူ အပုတ်နံ့တွေလှိုင်ခနဲထွက်လာခဲ့တယ်။
“ ဒီကောင်တွေ ငါတို့စိတ်ကိုလှည့်စားနေတာ အားလုံးသတိမလွတ်စေနဲ့”
အောင်မြတ်သာရဲ့သတိပေးသံကြောင့် သက်ခိုင်နဲ့ တောက်ရတို့နှစ်ယောက်လုံး စိတ်မထွေပြားအောင် သတိကပ်ထားလိုက်ကြတယ်။
“ ငါတို့ရွာထဲကနေထွက်သွားစမ်း…”
“ ပြောလို့မရရင် ရိုက်သတ်ပစ်”
“ ဟုတ်တယ် ဒီကောင်တွေကို အရှင်မထားနဲ့ သတ်ပစ်သတ်ပစ်” ဆိုတဲ့အသံတွေက နေရာအနှံ့ကနေထွက်ပေါ်လာခဲ့တယ်။ အဲဒီအချိန် ပြင်းထန်တဲ့လှိုင်းတစ်ခုက ကျောအနောက်ဘက်ကနေဝင်လာပေမယ့် အောင်မြတ်သာကာထားတဲ့စည်းကြောင့် “ ဖောင်း” ဆိုတဲ့အသံနဲ့အတူ မီးစတွေပွင့်ထွက်သွားခဲ့တယ်။
အောင်မြတ်သာတို့လဲ အဲဒီတော့မှ အနောက်ကိုလှည့်ကြည့်လိုက်ရာ ဆံပင်ကိုတစ်ပတ်လျှိုထုံးထားပြီး မျက်ထောက်နီနဲ့စူးစိုက်ကြည့်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ဆရာ ဒီမိန်းကလေးက ပုခက်တွင်းရွာမှာတွေ့ခဲ့တဲ့သူပဲ”
သက်ခိုင်စကားအဆုံးမှာ စူးစိုက်ကြည့်နေတဲ့ မိန်းကလေးရဲ့ ကိုယ်ထဲကနေ ညိုညစ်ညစ်အခိုးငွေ့တွေထွက်လာခဲ့တယ်။
“ သူ့ပညာအကုန်ထုတ်သုံးတော့မယ့်ပုံပဲ… သတိထားကြ”
အောင်မြတ်သာစကားမဆုံးခင်မှာပဲ အရပ်လေးမျက်နှာကနေ အရှိန်ပြင်းတဲ့စက်တွေလာရောက်ရိုက်ခတ်ပါလေရော။ ပညာစွမ်းမြင့်တဲ့စက်တွေက အောင်မြတ်သာကာထားတဲ့ စည်းကို ထိုးဖောက်ဖို့ကြိုးစားကြပေမယ့် အထဲကိုမဝင်နိုင်ပဲ ဘေးနဲ့အပေါ်ကိုသာ လွင့်ထွက်သွားခဲ့တယ်။
“ ဆရာ သူတို့က တစ်ရွာလုံးအားနဲ့ ကျွန်တော်တို့ကို တိုက်နေပြီ… ဘာဆက်လုပ်ရမလဲ”
“ ဟုတ်တယ်ဆရာ သူတို့စက်တွေက အရမ်းအားကောင်းလွန်းတယ်… “
သက်ခိုင်နဲ့ တောက်ရက ဝင်လာတဲ့ စက်တွေကို အစွမ်းရှိသလောက်ခုခံနေသလို အောင်မြတ်သာကလဲ သူ့ဆီရောက်နေတဲ့ စက်ကိုဖြတ်တောက်နိုင်ဖို့ ကြိုးစားနေခဲ့တယ်။ အဲဒီအချိန် ပါးရည်နားရည်တွေတွန့်လိပ်ပြီး တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူနေတဲ့ အဖိုးကြီးတစ်ယောက် အမှောင်ထုထဲကနေထွက်လာပြီး
“ မောင်ရင်တို့ရဲ့ ပညာကလဲ စွမ်းပါပေတယ်… ဒီလို ဆရာတွေကို အသေသတ်ဖို့ဆိုတာ အရမ်းနှမျောစရာကောင်းတယ်… ဒါပေမယ့်လဲ အမေကြီးနဲ့ ရွာအတွက် ဆူးညှောင့်ခလုပ်ဖြစ်တဲ့မောင်ရင်တို့ကို မနာကျင်ပဲ လူလောကကနေထွက်သွားလို့ရအောင်လုပ်ပေးပါမယ်”လို့ပြောကာ တောက်ရကိုစိုက်ကြည့်ပြီး မြေကြီးကိုဖနောင့်နဲ့ပေါက်ချလိုက်တဲ့အချိန် အားအရမ်းပြင်းတဲ့ စက်တစ်ခုက ကာထားတဲ့စည်းကိုဖောက်ဝင်သွားခဲ့တယ်။
“ ဖောင်း” ဆိုတဲ့အသံနဲ့အတူ တောက်ရခန္ဓာကိုယ်တစ်ခုလုံး လွင့်စဉ်သွားပြီး နှုတ်ခမ်းကနေသွေးစက်အချို့ကျလာခဲ့တယ်။
တောက်ရမရှိတော့တဲ့အတွက် တစ်ရွာလုံးကပညာသည်တွေရဲ့စက်က သက်ခိုင်နဲ့ အောင်မြတ်သာဆီကို ရောက်ရှိလာခဲ့တယ်။
“ တောက်ရ … ဘာဖြစ်သွားသေးလဲ”
သက်ခိုင်က စိုးရိမ်ကြီးစွာနဲ့အော်လိုက်ပေမယ့် တောက်ရဘက်ကနေ အကြောင်းမပြန်လာတဲ့အတွက် ပိုပြီးစိတ်ပူသွားပြီး အောင်မြတ်သာကို အားကိုးတကြီးလှည့်ကြည့်လိုက်တဲ့အချိန် အဖိုးအိုဆီကနေ ထပ်ရောက်လာတဲ့ လှိုင်းတစ်ခုက သကိခိုင်ရဲ့ ရင်ဝဆီကို စူးခနဲဝင်ရောက်လာခဲ့တယ်။
မောပန်းနေတဲ့အချိန် အရှိုက်ကိုထိုးခံထိတဲ့ခံစားချက်မျိုးကြောင့် သက်ခိုင်တစ်ယောက်အသက်ကို အပြင်းအထန်ကြိုးစားရှူရင်း မျက်လုံးတွေပြာဝေလာကာ အမှောင်အတိကျသွားခဲ့တယ်။ ခဏနေတော့ အမှောင်ထုကနေ မျက်စိကြိမ်းမတတ်အလင်းတန်းတွေထွက်ပေါ်လာလို့ မျက်လုံးကိုလက်နဲ့ကာပြီးကြည့်လိုက်ရာ ဖြူစင်ပြီးသန့်ရှင်းနေတဲ့အဝတ်အစားဝတ်ထားတဲ့တောက်ရကိုမြင်လိုက်ရတယ်။ သူ့ဘေးမှာတော့ ဖန်ရည်ဆိုးတဲ့သင်္ကန်းကို အချိုးစားကျနစွာဝတ်ဆင်ထားတဲ့ ဆရာတော်တစ်ပါးက တည်ကြည်တဲ့မျက်နှာထားတဲ့ရပ်နေခဲ့တယ်။
တောက်ရက လဲကျနေတဲ့သက်ခိုင်ကို တွဲတူလိုက်တဲ့အချိန် ဆရာတော်က
“ လောကမှာ အထက်လမ်းပညာကိုသင်ယူပြီးမြောက်တယ်ဆိုတာမရှိဘူး ဒကာလေး… ဓါးတစ်လက်ဟာ မသုံးပဲထားရင် တုံးသွားတတ်သလို ဉာဏ်ပညာကလဲ မစဉ်းစားမတွေးခေါ်တာများရင် ထိုင်းသွားတတ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ကူးဉာဏ်ကိုချဲ့ထွင်ပြီးအသုံးချကြပါ… ဒကာလေးတို့က ပါရမီရှင်တွေဖြစ်တဲ့အပြင် ဘုန်းကြီးတို့နဲ့လဲ ရေစက်ပါတဲ့အတွက် အခုလိုလာရောက်သတိပေးရခြင်းဖြစ်ပါတယ်။ ဒါကြောင့် အခုချက်ချင်း သင်တို့ရဲ့ဉာဏ်စွမ်းကိုအသုံးချပြီး ဆရာထက်သာတဲ့ တပည့်တွေဖြစ်အောင် ကြိုးစားကြပါ” လို့မိန့်တော်မူပြီးပျောက်ကွယ်သွားခဲ့တယ်။
ဆရာတော်ပျောက်ကွယ်သွားတာနဲ့တစ်ပြိုင်နက် သက်ခိုင်သတိရလာပြီး ဆရာဖြစ်သူကိုကြည့်လိုက်ရာ ဘက်ပေါင်းစုံကနေ တိုက်ခိုက်မှုကို ပြန်မတိုက်ပဲ တည်ငြိမ်စွာခုခံနေတာကိုမြင်လိုက်ရတယ်။
သက်ခိုင်လဲ ချက်ချင်းဆိုသလို ဆရာတော်ရဲ့ဆုံးမမှုကိုနှလုံးသွင်းကာ စိတ်ကိုစုစည်းလိုက်တဲ့အချိန် မျက်လုံးထဲမှာ ပြာမှုန်တွေအဖြစ်လွင့်ပျံနေတဲ့ အင်းစမစာလုံးတွေကိုမြင်လိုက်ရတယ်။
နဂိုထဲက ပါရမီဓါတ်ခံပါလာတဲ့သူမို့ တိုက်ပွဲမစမီ လေထဲလွှင့်ထားတဲ့ အင်းကိုချက်ချင်းသတိရပြီး တန်ပြန်ထပ်ဆင့်ရှစ်ကွက်အင်းကို မြေကြီးပေါ်မှာရေးဆွဲလိုက်တဲ့အချိန် မြူမှုန်တွေအဖြစ်လွင့်ပျံ့နေတဲ့ အင်းပြာမှုန်တွေကနေ ပိုးသားလိုနူးညံ့တဲ့ကြိုးမျှင်တွေထွက်လာပြီး ပညာစက်နဲ့တိုက်နေတဲ့ သူတွေရဲ့ခြေတွေလက်တွေကိုလှုပ်မရအောင် ရစ်ပတ်ထားခဲ့တဲ့အတွက် အောင်မြတ်သာဆီတိုးဝင်နေတဲ့စက်တွေအားလုံး တစ်မဟုတ်ချင်းရပ်တန့်သွားခဲ့တယ်။
အဲဒီအချိန် တောက်ရလဲကျနေတဲ့ဘက်ကနေ နီညိုရောင်အဆင်းရှိတဲ့မြွေနဂါးတွေ မြေကြီးကိုခွဲထွက်လာပြီး ပညာသည်တွေအားလုံးရဲ့ခန္ဓာကိုယ်ကို လှုပ်မရအောင်ရပ်ပတ်ထားခဲ့ပါလေရော။
ရုတ်တရက်ပြောင်းလဲသွားတဲ့အခြေအနေတွေကြောင့် နန်းစဉ်ရွာသူရွာသားတွေအားလုံး အံ့ဩမှင်သက်သွားပြီး အောင်မြတ်သာတို့ကို မီးဝင်းဝင်းတောက်တဲ့မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေခဲ့တယ်။
အောင်မြတ်သာကတော့ သက်ခိုင်နဲ့ တောက်ရတို့ကိုကြည့်ပြီး
“ အခုချိန်ကစပြီး မင်းတို့နှစ်ယောက်ရဲ့ အစွမ်းအစနဲ့ ကဝေအချုပ်ဝိဉာဉ်ကို ဖမ်းကြပေတော့”လို့ပြောကာ ဘေးမှာထွက်ရပ်နေလိုက်တယ်။
သက်ခိုင်နဲ့တောက်ရလဲ ခန္ဓာကိုယ်မှာပေကျံနေတဲ့ သွေးစတွေကိုသုတ်လိုက်ပြီး
“ နန်းတွင်းကဝေအချုပ်ဝိဥာဉ်က ဒီရွာထဲမှာပဲရှိတယ်ဆိုတာ ကျုပ်တို့သိပါတယ်။ သင့်အနေနဲ့ ကျုပ်တို့ဆီမှာ အသာတကြည်အညံ့ခံမလား… ကျုပ်တို့ကထွက်လာအောင်လုပ်ရမလား” လို့မေးလိုက်ပေမယ့် ရွာသားတွေထဲကနေ ဘာသံမှထွက်မလာခဲ့ဘူး။
“ ကောင်းပြီလေ ဒါဖြင့်ရင် ကျုပ်တို့က သင်ကိုယ်တိုင်ထွက်လာအောင်လုပ်ရတော့မှာပေါ့…တောက်ရ မင်းရဲ့ နဂါးပတ်အင်းအစွမ်းထပ်ကြည့်ရဦးမယ်ထင်ပါတယ်”
သက်ခိုင်စကားကြောင့် တောက်ရက လွယ်အိတ်ထဲမှာ ရှိတဲ့ အင်းကွက်တစ်ခုကိုထုတ်ကာ နဂါးပတ်အင်းဆွဲမလို့အလုပ်
“ ငါ အရှုံးပေးတယ်…. “ဆိုတဲ့အသံက ဆံပင်ကိုတစ်ပတ်လျှိုထုံးထားတဲ့မိန်းကလေးဆီကနေထွက်လာခဲ့တယ်။
“ သင်ကဘယ်သူလဲ…. ကျုပ်တို့က နန်းတွင်းကဝေအချုပ်ကိုခေါ်တာနော်”
“ ငါက နန်းတွင်းကဝေအချုပ်ပဲ… ဒီသူငယ်မရဲ့ဝိဥာဉ်နဲ့ ငါ့ဝိဉာဉ်လဲပြီး နင်တို့ဆီလာခဲ့တာပဲ”
“ ဒါဆို သင်အခုနေရာယူထားတဲ့မိန်းကလေးရဲ့ ဝိဉာဉ်ကဘယ်မှာလဲ”
“ ငါ့ရွာသားတွေကို ဒုက္ခမပေးဘူးဆိုရင် ငါအကုန်ပြောပြမယ်”
“ ကျုပ်တို့ကတိပေးတယ်… သင်ရွာသားတွေအနေနဲ့ ကျုပ်တို့ပေးတဲ့သစ္စာကိုတည်မယ်ဆိုရင် လက်ရှိပညာရပ်တွေကိုမသိမ်းပဲထားပေးမယ်”
“ သူငယ်မရဲ့ဝိဉာဉ်ကို ငါ့ကျွန်တော်ရင်းညိုမောင်အိမ်မှာ ချုပ်ထားတယ်… ငါထွက်သွားတာနဲ့ သူ့ဝိဉာဉ်က ဒီထဲကိုပြန်ရောက်လာလိမ့်မယ်”
“ ဒါဆိုရင် ဒီအဖိုးက မိန်းကလေးကိုယ်ထဲ သင်ဝိဉာဉ်ဝင်ဖို့ ကူညီခဲ့တဲ့သူပေါ့”
“ သူကလဲ ငါခိုင်းလို့လုပ်ရတာ… ဒါကြောင့် နင်တို့အပြစ်တင်ချင်ရင်ငါ့ကိုတင်ပါ… ငါ့ရွာသားတွေကိုတော့ ကတိအတိုင်းလွှတ်ပေးပါ”
“ သင်က ဒီမိန်းကလေးကိုယ်ထဲကို ဘာကြောင့်ဝင်ရောက်ခဲ့တာလဲ”
“ ငါ့ကို ဒုက္ခပေးခဲ့တဲ့ သူတွေကိုသတ်ဖို့ သူငယ်မကိုယ်ထဲကိုဝင်ခဲ့တာ… ဒါပေမယ့် နင်တို့က ရွာကိုဦးဆုံးရောက်လာတာမို့ ငါ့ရည်ရွယ်ချက်တွေ မပြည့်ခဲ့ဘူး”
“ သင်က အတော်အငြိုးကြီးတာပဲ… နှစ်ပေါင်းများစွာကြာခဲ့တာတောင် မပြေပျောက်နိုင်သေးပါလား… “
“ ဟုတ်တယ် ငါမကျေနပ်နိုင်ဘူး… အခုတောင် နင်တို့လက်ဦးသွားလို့ သက်သာသွားတယ်မှတ်ပါ… ငါလွတ်လာရင်လဲ ငါ့ကိုဒုက္ခပေးခဲ့တဲ့သူတွေရဲ့ ဆွေစဉ်မျိုးဆက်ကိုသတ်ဦးမှာ”
သက်ခိုင်က နန်းတွင်းကဝေအချုပ်ရဲ့စကားကိုကြားပြီး သက်ပြင်းရှည်တစ်ချက်ချကာ –


“ အထက်ဆရာကြီးများနဲ့ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များရဲ့ခွင့်ပြုချက်အရ ဤသို့အမိုက်မှောင်ဖုံးလွှမ်းနေသူအား စတုမဟာရာဇ်နတ်ဘုံရဲ့အောက်ဆုံးမှာ ဂုမ္ဘာန်ညီနောင်အစောင့်အရှောက်ဖြင့် ထိန်းသိမ်းစေ” လို့ပြောလိုက်တာနဲ့ ကဝေအချုပ်ရဲ့ဝိဉာဉ်ထွက်သွားပြီး မိန်းကလေးရဲ့ဝိဉာဉ်ပြန်ဝင်လာခဲ့တယ်။
နန်းစဉ်ရွာကပညာသည်တွေထဲက အချို့ပညာသည်တွေကတော့ မကျေနပ်ကြပေမယ့် အောင်မြတ်သာတို့ဆရာတပည့်ရဲ့အမိန့်ကိုမလွန်ဆန်နိုင်တဲ့အတွက် မိမိကိုယ်မျက်ရည်ပေါက်ကြီးငယ်သုံးကြိမ်ကျအောင်မလုပ်ပဲ သူတစ်ပါးကိုမပြုစားရ… မျက်ရည်ပေါက်ကြီးငယ်သုံးကြိမ်ပြည့်အောင်လုပ်ခဲ့သော်လည်း သေစေလောက်တဲ့ထိမပြုစားရန်… ပြုစားခဲ့ပါကသွေးပွက်ပွက်အန်သေပြီး မဟာအဝီဇိငရဲမှာ အဖန်ငါးရာငါးကမ္ဘာကျခံစေဆိုပြီး ကျိန်ဆိုကာသစ္စာရေသောက်ခဲ့ကြတယ်။
နန်းစဉ်ရွာကလေးရဲ့ အကြီးအကဲနေရာကိုတော့ မြနန်းကပဲဆက်လက်တာဝန်ယူခဲ့ပြီး ရွာအနီးတစ်ဝိုက်မှာ နန်းစဉ်သခင်မြနန်းရှင်ဆိုတဲ့နာမည်နဲ့ ပယောဂတွေကုသပေးခဲ့တယ်။
အောင်မြတ်သာတို့ နန်းစဉ်ရွာကနေထွက်လာပြီးတဲ့နောက်ပိုင်း သက်ခိုင်နဲ့တောက်ရတို့လဲ အင်းစမအသစ်တွေကို ဉာဏ်ရှိသလို အသုံးပြုခဲ့ကြတယ်။ နောက်ဝတ္တုမှာတော့ စီးပွါးမတက်အောင်လုပ်ထားတဲ့ အတိုက်တစ်ခုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ အောင်မြတ်သာ ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment