အောင်မြတ်သာနှင့်မှော်နက်ရှင်

” အောင်မြတ်သာနှင့်မှော်နက်ရှင် ”
*********************

” အောင်ပြီကွ– အောင်မြင်ခဲ့ပြီ– ဟားဟားဟား– ဒီနယ်တစ်ခွင်– ငါ့ကိုယှဉ်နိုင်သူရှိပါ့မလား အဟီးအဟီ; ဟက်ဟက်”
ညသန်းခေါင် ထွက်ပေါ်လာတဲ့အသံနက်ကြီးကို ကျွန်းလှမြို့အနောက်ပိုင်းမှာနေတဲ့သူတွေအကုန်ကြားလိုက်ရတယ်။ ဒါပေမယ့် ဒီအသံက ဘယ်ကနေထွက်လာတာလဲ၊ ဘယ်သူအော်တဲ့အသံလဲဆိုတာတော့ အတိအကျမသိခဲ့ရပေ။
အချို့က ရွှေညောင်ပင်ဘုန်းကြီးကျောင်းဝင်းထဲကနေထွက်လာတယ်လို့ပြောကြသလို၊ အချို့ကျတော့လဲ ဘာဘူတိုက်ပျက်ထဲကနေထွက်လာတဲ့အသံလို့ပြောခဲ့ကြပေမယ့် ဘယ်သူမှသွားမကြည့်ရဲခဲ့ကြဘူး။
” ဆရာတွေပြေး ညောင်ပင်ဘေး၊ ဆရာတွေရူး ဘာဘူဘီလူး”ဆိုတဲ့စကားကလဲ ကျွန်းလှမြို့မှာရှိတဲ့သူတိုင်းရွတ်ဆိုခဲ့ဖူးတယ်။ ရွှေညောင်ပင်ဘုန်းကြီးကျောင်းဆိုတာက ကုန်းဘောင်နောက်ဆုံးမင်းဆက်လက်ထက်ထဲက အခိုင်အမာတည်ရှိခဲ့ပြီး ကိုလိုနီနယ်ချဲ့ခေတ်မှာတော့ ကျောင်းထိုင်ဘုန်းကြီးလေးပါးဆက်တိုက်ပျံလွန်တော်မူရာကနေ စပြီးဘယ်သူမှမနေရဲတဲ့ထိ အခြောက်အလှန့်တွေကြမ်းလာခဲ့တယ်။ စွမ်းပေ့ထက်ပေ့ဆရာတွေကိုယ်တိုင် ဆေးလွယ်အိတ်မနိုင် ပုဆိုးမနိုင်ပဲပြေးခဲ့ရတဲ့ ရွှေညောင်ပင်ဘုန်းကြီးကျောင်းဝင်းထဲမှာတော့ ရှေးဟောင်းလက်ရာအုတ်ကျောင်းကြီးတွေက ခြုံနွယ်ပိတ်ပေါင်းတွေကြားထဲမှာ တစ္ဆေတစ်ကောင်ငုတ်တုပ်ထိုင်နေသလို ချောက်ချားဖွယ်ကောင်းစေခဲ့တယ်။ အလားတူ စိန်သူဌေးဘာဘူကုလားတစ်ယောက်ပိုင်တဲ့တိုက်ပျက်ကြီးကလဲ မြိုခံတွေကို အနားပင်မကပ်ရဲအောင် ခြောက်လှန့်နေခဲ့တယ်။ အင်္ဂလိပ်ခေတ်မှာ ဓါးမြတွေသတ်လို့သေခဲ့တဲ့ ဘာဘူကြီးက မကျွတ်လွတ်ပဲ သူနေတဲ့တိုက်ထဲလာသူမှန်သမျှကို သွေးပျက်တဲ့ထိခြောက်လှန့်တတ်တာကြောင့် မြို့ခံတွေက ဒီနေရာနှစ်ခုကို မျက်လုံးပင်စောင်းမကြည့်မိအောင် ရှောင်ခဲ့ကြတယ်။
အခုလဲ အကျိုးအကြောင်းမရေရာတဲ့အသံနက်ကြီးက ဒီနေရာ​တွေထဲကနေ ချောက်ချားဖွယ်ထွက်လာခဲ့ပြန်ပြီ။ ကျွန်းလှမြို့သူမြို့သားတွေကတော့ ရှေ့ဆက်ဘာတွေဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းနေရင်း တန်ဆောင်မုန်းလကွယ်နေ့အရောက်မှာတော့ သွေးပျက်ဖွယ်ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာခဲ့တယ်။
———
” စိန်လက်ကောက်တွေ၊ စိန်ဆွဲကြိုးတွေကို အိမ်အလယ်က အုတ်တိုင်ထဲမှာမြုပ်ထားတယ်၊ လာယူကြဟေ့… အရုဏ်မတက်ခင် လာယူကြဟေ့”
အသံက ဘာဘူတိုက်ထဲကနေလာတဲ့အသံမို့ အနီးနားမှာနေတဲ့သူတွေအားလုံး ကြောက်ရွံ့ထိတ်လန့် ကုန်ကြတယ်။ အချို့သတ္တိကောင်းတဲ့သူတွေကတော့ တုတ်တွေ ဓါးတွေဆွဲပြီး လမ်းမပေါ်ထွက်ကာ အသံကြားတဲ့ဘက်ကို အာရုံစိုက်ကာနားထောင်နေခဲ့တယ်။
” အူဝူးး———”
ခွေးလေခွေးလွှင့်အချို့ကလဲ ဘာဘူတိုက်ပျက်ကြီးကိုကြည့်ပြီး စွဲစွဲငင်ငင်အူနေလိုက်ပုံကအသဲ ငယ်သူဆိုရင် နှလုံးပါရပ်သွားနိုင်လောက်တယ်။
” ဘာဘူတိုက်ထဲမှာ သိုက်တူးတဲ့ဆရာတွေရောက်နေကြပြီလားမသိဘူး”
ငှက်ကြီးတောင်ကို စလွယ်သိုင်းထားတဲ့ အောင်ကြီးစကားကြောင့် ငါးထိုးတဲ့မှိန်းကိုကိုင်ထားတဲ့ လှမောင်က ကွမ်းကိုပျစ်ခနဲထွေးထုတ်လိုက်ပြီး
” ဘာဘူတိုက်ထဲကို ဘယ်ဆရာလာရဲလို့လဲကွာ– ငါကတော့ အဲလိုမထင်ဘူး”
” ဒါဆိုမင်းကဘယ်လိုထင်လို့လဲ”
” ငါ့အဖိုးလက်ထက်တုန်းကပြောခဲ့ဖူးတာတော့ရှိတယ်၊ ဘာဘူတိုက်က နှစ်၂၀ပြည့်ရင် လူတစ်ယောက်လဲတယ်တဲ့။ အခုလဲ လူစားလဲချင်လို့ မျှားခေါ်နေတာလားမသိဘူး”
လှမောင်စကားကို အခြားကာလသားတွေက ယုံကြည်တဲ့ဟန်နဲ့ ထောက်ခံလိုက်ပေမယ့် တင်ဖေက မန်ကျီးအနှစ်သားတုတ်ကို လမ်းမပေါ်ထောက်လိုက်ပြီး
” လူစားလဲတယ်ဆိုလဲ ခုလို ခေါ်ပေးပါ့မလား… ငါကတော့ မယုံဘူး”
” မယုံရင် မင်းသွားကြည့်ပါလား— ”
” သူတို့က ငါတို့ကိုဘာလုပ်နေလို့သွားရမှာလဲ၊ သူတို့အော်တဲ့ချိန်ပြည့်ရင် ရပ်သွားလိမ့်မယ်၊ သိပ်ပြီးဒုက္ခခံမနေနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ကြတော့”
တင်ဖေက ဆရာကြီးစတိုင်နဲ့ပြောပြီး အိမ်ထဲကိုပြန်ဝင်သွားခဲ့တယ်။ ကျန်တဲ့သူတွေကတော့ ဘာဘူတိုက်ပျက်ဘက်ကိုကြည့်ရင်း
” ငါတို့သွားကြမလား… ကံကောင်းရင် ဘာဘူကြီးထားခဲ့တဲ့စိန်တွေရမယ့်ကိန်းကွ”
” အာ.. စိန်မရပဲ တိုက်ပျက်ထဲအစောင့်ဖြစ်နေမှဖြစ် ဟုတ်ပေ့ဖြစ်နေမယ်”
” ငါကြားဖူးတာတော့ သူတို့တွေကျွတ်လွတ်ချင်ရင် ဒီလိုပဲခေါ်ပေးတာတဲ့၊ မလိုက်ရဲတဲ့ကောင်နေခဲ့ကွာ ငါကတော့ သွားမယ်”
အောင်ကြီးက သူရဲကောင်းတစ်ဦးလို လေသံမာမာနဲ့စကားပစ်လိုက်တော့ လိုက်ချင်တဲ့သူအချို့ထွက်လာခဲ့တယ်။
” ဘာဘူတိုက်ပျက်ကြီးက ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပွင့်နေတာကွာ၊ တစ်ခုခုဆိုလဲ ထွက်ပြေးလို့ရတယ် စိတ်မပူနဲ့”
” အဲဒါကအသာထားပါဦး.. မင်းကဘာဘူတိုက်ပျက်ထဲရောက်ဖူးလို့လား”
” လွန်ခဲ့တဲ့နှစ်က ဘကြီးဒေါင်းနဲ့တစ်ခေါက်ရောက်ဖူးတယ်၊ အခုကြားတဲ့ အလယ်အုတ်တိုင်ကိုလဲ ငါသိတယ်၊ စိတ်မပူကြစမ်းပါနဲ့”
” ဒါဖြင့် ဓါတ်မီးတွေယူပြီး သွားကြတာပေါ့… စိန်တွေရရင် အချိုးကျကျပဲယူမှာနော်”
” အေးပါ .. ဖိုးအော်ရယ်… ငါလဲတစ်ခုမှပိုမယူဘူး၊ လိုက်တဲ့သူတွေ အကုန်ညီညီမျှမျှရစေရမယ်”
အောင်ကြီးရဲ့မက်လုံးကြောင့် ကျန်တဲ့သူတွေအားတက်သွားပြီး အိမ်မှာရှိတဲ့ဓါတ်မီးတွေပြန်ယူကာ ဘာဘူတိုက်ဘက်ကိုထွက်လာခဲ့လိုက်တယ်။
အဝါရောင်မှိန်ဖျော့ဖျော့အရောင်သုတ်ထားတဲ့ဘာဘူတိုက်နားရောက်တော့ အောင်ကြီးက ပါလာတဲ့သူတွေကို သတိထားဖို့ လက်ဟန်ခြေဟန်နဲ့ပြလိုက်ပြီး အထဲကိုဝင်လာခဲ့လိုက်တယ်။ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့တိုက်ပျက်ထဲမှာတော့ တဂူဂူအော်ညဉ်းနေတဲ့ ခိုသံတွေကလွဲပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။
” ဟင်းဟင်းဟင်း—”
တိုက်ပျက်ထဲကနေရုတ်တရက်ထွက်လာတဲ့ ရယ်သံလိုလိုညဉ်းသံလိုလိုအသံကြောင့် ဝင်လာတဲ့သူတွေအားလုံး ရှေ့ဆက်မသွားတော့ပဲ ရပ်လိုက်တဲ့အချိန် အင်္ဂတေတွေကွာကျနေတဲ့အခန်းတစ်ခုထဲကနေ မီးထတောက်တဲ့အလင်းရောင်ကိုမြင်လိုက်ရတယ်။
ဒီအချိန်မှာတော့ ပါလာတဲ့သူတွေထဲက တစ်ယောက်က ကြောက်လန့်ပြီးထွက်ပြေးဖို့အလုပ် အောင်ကြီးက ဂုတ်ပိုးကိုလှမ်းဆွဲလိုက်ပြီး –
” ဟိတ်ကောင်… ဘယ်ကိုပြေးမလို့လဲ… အသာနေစမ်းပါဟ” လို့ပြောလိုက်တော့မှ မျက်လုံးလေးကလယ်ကလယ်နဲ့ ပြန်ပါလာခဲ့တယ်။
အောင်ကြီးတို့လဲ လက်ထဲကိုင်ထားတဲ့ တုတ်တွေဓါးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး မီးလောင်သလိုအလင်းရောင်တွေထွက်နေတဲ့အခန်းရှေ့ကို လျောက်သွားပြီးကြည့်လိုက်ရာ တဟုန်းဟုန်းတောက်နေတဲ့ မီးတောက်ရဲ့အလယ်မှာ တင်ပလ္လင်ခွေထိုင်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
” ဟင်.”
” ဟာ”
” ဒါ – ဒါ လူ လူအစစ်မှဟုတ်ရဲ့လား”
မီးတောက်တွေကအရှိန်အဟုန်နဲ့တောက်လောက်နေပေမယ့် အထဲမှာထိုင်နေတဲ့လူကတော့ ပူလောင်မှုကိုမခံစားရသယောင်ယောင် မလှုပ်မယှက်ထိုင်မြဲတိုင်းထိုင်နေခဲ့တယ်။
” ဒီမယ် ဒီမယ်— ”
အောင်ကြီးက အခန်းထဲကလူကိုလှမ်းခေါ်ရင်း ရှေ့ကိုတိုးသွားတဲ့ချိန် သူ့အရှေ့မှာ အမွှေးမျှင်တွေဖုံးလွှမ်းနေတဲ့ခြေသလုံးတစ်ဖက်က ဘွားခနဲပေါ်လာခဲ့တယ်။
” အမလေး— သ သ သရဲ.—”
ပါလာတဲ့သူတွေထဲက အချို့ အုန်းပင်လုံးလောက်ရှိတဲ့ခြေသလုံးကိုမြင်ပြီး ငယ်သံပါအောင်အော်ကာထွက်ပြေးဖို့အလုပ် –
” ဘာဘူကြီး နောက်ဆုတ်စမ်း… ဒီလူတွေကိုရန်မပြုနဲ့” ဆိုတဲ့အသံထွက်လာသလို အိမ်အဝင်တံခါးကြီးကလဲ လေမတိုက်ပဲ ဂျိမ်းခနဲပိတ်သွားခဲ့တယ်။
အောင်ကြီးအပါအဝင် လိုက်လာသူငါးယောက်ကတော့ တစ်ကိုယ်လုံးတုန်တုန်ရီရီနဲ့ ကျောချင်းကပ်ကာ ကြောက်လန့်နေတဲ့ချိန် မီးတောက်တွေထဲမှာထိုင်နေတဲ့လူကြီးက အနောက်ကိုဖြေးဖြေးချင်းလှည့်လာပြီး ကွမ်းချိုးတွေအပြည့်ဖြစ်နေတဲ့ သွားတွေပေါ်အောင် ဟက်ဟက်ပက်ပက်ရယ်မောနေခဲ့တယ်။
ခြောက်ကပ်ကပ်ရယ်သံတွေကြားထဲမှာပဲ တိုက်ပျက်ထဲကနေ ကုန်းကုန်းကွကွထွက်လာတဲ့ နာနာဘာဝတွေက အောင်ကြီးတို့လူစုအနားကို အေးစက်တောင့်တင်းတဲ့ လက်တွေကိုဆန့်တန်းကာဝင်ရောက်လာခဲ့ကြတယ်။ မကြာခင် အောင်ကြီးတို့ရဲ့အော်သံခပ်အုပ်အုပ်က တိုက်ပျက်အတွင်းမှာပေါ်လာခဲ့သလို ခွေးအုပ်တွေရဲ့ အူသံကလဲ တစ်ဆက်ထဲထွက်ပေါ်လာခဲ့တယ်။
– – – – – – – – –
” ဒါဆို … အောင်ကြီးတို့လူစုက အဲဒီနေ့ကစပြီး ပျောက်ချင်းမလှပျောက်သွားခဲ့တာပေါ့နော်”
မောင်ကောင်းရဲ့စကားကို ကွမ်းတမြုံ့မြုံ့ဝါးနေတဲ့ လူကြီးက ခေါင်းညိမ့်ကာဖြေပေးခဲ့ပြီး ကွမ်းသီးစိပ်တွေကို ကွမ်းရွက်ထဲထိုးထည့်နေခဲ့တယ်။
” အိမ်မက်ပေးတာမျိုးတို့… အရိပ်အယောင်ပြတာမျိုးတို့ရောရှိသေးလား”
” အလောင်းလဲရှာမတွေ့… နောက်ဆုံးကုန်ကုန်​ပြောရရင် ဝတ်သွားတဲ့အဝတ်တွေတောင်ပြန်မတွေ့ဘူးကွယ့်”
” အင်း… ထူးတော့ ထူးဆန်းတယ်နော်၊ ဒါနဲ့ ဦးလေးကရော အောင်ကြီးတို့လူစုက ဘာဘူတိုက်ပျက်ထဲမှာသေတာကို ယုံကြည်လား”
” မယုံလို့လဲမရဘူးလေ ငါတူရယ်၊ အဲဒီညက သူတို့ထွက်သွားတာ ဦးလေးကိုယ်တိုင်မြင်ခဲ့ရတာလေ”
” အဲဒီနောက်ပိုင်းရော— မြို့ပေါ်မှာဘာတွေထူးခြားသေးလဲ”
” အချို့လူတွေပြောတာကတော့ လပြည့်လကွယ်ညတွေဆိုရင် ဘာဘူတိုက်ပျက်ထဲမှာ မီးလောင်နေသလို အလင်းရောင်တွေတွေ့တယ်တဲ့၊ ဒါပေမယ့် အထဲကိုဘယ်သူမှဝင်မကြည့်ရဲကြဘူးလေ၊ ဟင်း ငါအတန်တန်တားတဲ့ကြား​က ဒင်းတို့တွေ သွားဖြစ်အောင်သွားကြတာကိုး”
ကွမ်းတမြုံ့မြုံ့စားနေတဲ့လူကြီးက ကွပ်ပြစ်ဘေးမှာထောင်ထားတဲ့ မန်ကျီးအနှစ်သားတုတ်ကို လှမ်းကြည့်ကာ သက်ပြင်းတစ်ချက်ကိုချလိုက်တယ်။
အောင်မြတ်သာတို့လဲ သိချင်တာတွေသိခဲ့ရပြီမို့ ဦးလေးတင်ဖေအိမ်ကနေထွက်လာခဲ့လိုက်တယ်။ အိမ်ပြင်ကိုရောက်တော့ ဘာဘူတိုက်ရှိတဲ့ဘက်ကိုမေးကာ​လမ်းလျောက်လာတဲ့ချိန်
” သားတို့ရယ် အမေကြီးကို ထမင်းဖိုးလေးများပါရင် စွန့်ကြဲပါဦး”ဆိုတဲ့အသံကိုကြားလို့ကြည့်လိုက်ရာ အမေအိုတစ်ယောက် လမ်းဘေးသစ်ပင်အောက်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး တောင်းရမ်းနေတာကိုမြင်လိုက်ရတယ်။
” မောင်ကောင်း… လွယ်အိတ်ထဲက အကြွေအချို့ထည့်ပေးလိုက်ပါဦး”
” ဟင်… ဘယ်သူ့ကိုထည့်ပေးရမှာလဲဆရာ၊ ဒီနားမှာ ဘယ်သူမှလဲမရှိပါဘူး”
မောင်ကောင်းစကားကြောင့် အောင်မြတ်သာလဲ သစ်ပင်အောက်ကိုပြန်ကြည့်လိုက်ရာ ခုနက မြင်ရတဲ့အမေအိုကိုမတွေ့ရတော့ပဲ ပင်စည်မှာတုတ်ကောက်လေးတစ်ချောင်းထောင်ထားတာကိုပဲမြင်လိုက်ရတယ်။
အဲဒီအချိန် သူတောင်းစားသားမိနှစ်ယောက်က ပိန်လှီနေတဲ့သတ္တုခွက်ကိုကိုင်ပြီးသစ်ပင်အောက်မှာ မိန်းမထိုင်ထိုင်ကာ
” အမေကြီးကို တိုင်တည်ပြီး ဆုတောင်းခဲ့လို့ထင်တယ်၊ စားစရာတွေအများကြီးရလာတယ်” လို့ပြောကာ လွယ်အိတ်ထဲပါလာတဲ့ ထမင်းထုပ်တစ်ထုပ်ကို ပင်စည်ရင်းမှာချပေးနေတာကိုမြင်တွေ့လိုက်ရတယ်။
” ဟိုကလေးမ… ရော့ရော့ မုန့်ဖိုးလာယူ”
မောင်ကောင်းက သူတောင်းစားသားအမိကို ငွေအကြွေအချို့ပေးလိုက်တဲ့ချိန် အောင်မြတ်သာက သစ်ပင်ကိုစိုက်ကြည့်ပြီး ပြုံးနေခဲ့တယ်။ မကြာမီ သားမိနှစ်ယောက်ပြန်ထွက်သွားချိန်မှာတော့ သစ်ပင်အောက်မှာထောင်ထားတဲ့ တုတ်ကောက်နားကိုသွားပြီး
” အမေကြီး ကျုပ်ကိုကိုယ်ထင်ပြတာ အကြောင်းတစ်ခုခုရှိတယ်မဟုတ်လား” လို့ပြောလိုက်တော့မှ သစ်ပင်အနောက်ကနေ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အဝတ်အစားကိုဝတ်ဆင်ထားတဲ့ အဖွားအိုတစ်ယောက် ထွက်လာခဲ့တယ်။
” ဆရာလေးရဲ့ ကိုယ်ရောင်ကိုယ်ဝါက အတော်ကိုကြီးလွန်းပါတယ်၊ ဟိုဘက်ကဆရာလေးကလဲ ခေတဲ့သူမဟုတ်ပါလားနော်၊ သာဓု သာဓု သာဓု ဒီအရွယ်လေးတွေနဲ့ ပညာစွမ်းတွေထက်​နေတာမြင်တော့ ဝမ်းသာပီတိဖြစ်မိတယ်ကွယ်”
” အမေကြီးရဲ့ သီလကလဲ မြဲမြံနေတာပဲမဟုတ်လား၊ ကျွန်တော်တို့က အမေကြီးလောက် ကုသိုလ်မလုပ်ရ​သေးပါဘူး”
” ငါ့မြေးတွေက တယ်လိမ်မာကြသကိုး… အခု အမေကြီးနေတဲ့ဆီကိုရောက်လာကြတယ်ဆိုတော့ ဘာတွေများကူညီပေးရမလဲ”
” အမေကြီးက ဒီဒေသမှာ နေထိုင်တာနှစ်ပေါင်းများစွာကြာ​ပြီဆိုတော့ ဘူဘာတိုက်ပျက်ထဲမှာ ပျောက်ဆုံးသွားတဲ့ လူတွေအကြောင်းလဲ သိသင့်သလောက်သိမှာပေါ့နော်”
အောင်မြတ်သာစကားကြောင့် အမယ်အိုကြီးမျက်နှာ ညိုးငယ်သွားပြီး
” အဲဒီနေ့ညက အမေကြီး အကုန်ကြားနေရတယ်၊ သူတို့တွေကြောက်လန့်နာကျင်နေအသံက ခုထိနားထဲကမထွက်ဘူးကွယ်”
” ဟင်… သူတို့တွေ အသံကို အခြားသူတွေမကြားရဘူးလား”
” မကြားရဘူးလူလေးရဲ့၊ အဲဒီအကုသိုလ်ကောင်ကြီးကအမေကြီးတို့လို လောကသားတွေပဲကြားရအောင် လုပ်ထားတာလေ”
” အဲဒီလူတွေရဲ့အလောင်းကရော ဘယ်ရောက်သွားတာလဲ၊ မြို့ခံလူတွေလိုက်ရှာတာ မတွေ့ဘူးလို့ပြောတယ်နော်”
” အဲဒီနေ့ညမတိုင်ခင်က ဘာဘူကြီးပိုင်တဲ့ကြေးလင်ဗန်းတွေနဲ့ အခြားကြေးထည်ပစ္စည်းတွေကို မြေအောက်ခန်းထဲထည့်ကြတာ၊ ဘာဘူကြီးအိမ်ဘေးက ထနောင်းပင်မှာနေတဲ့ မျက်ပြူးကြီးပြောတာကတော့ ကြေးတွေကိုအရည်ကြိုပြီး အရုပ်တစ်ခုလုပ်နေတာတဲ့”
” ကြီးမားတဲ့အတိုက်အခိုက်တွက် နာမ်စွဲကြေးရုပ်လုပ်တာဖြစ်မယ်”
(ကြေးရုပ်အကြောင်းကိုတော့ အောင်မြတ်သာနှင့်နာမ်စွဲခေါင်းပြတ်အရုပ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးပါ)
” လူလေးက ဘယ်လိုသိတာလဲ— ”
” မကြာသေးခင်က ရွာတစ်ရွာမှာ လာစွန့်ပစ်သွားတဲ့ကြေးရုပ်ကြောင့် လူတွေဒုက္ခရောက်ခဲဲ့ကြသေးတယ်၊ အခုတော့ ကျွန်တော်တို့ဖျက်ဆီးနိုင်ခဲ့ပါပြီ”
” အို တော်ပါသေးရဲ့ကွယ်… ဒါနဲ့ အဲဒီအရုပ်ကိုဖျက်ဆီးတဲ့ချိန် ဝိဉာဉ်တွေထွက်လာတာမြင်ရတယ်မဟုတ်လား”
” ဟုတ်တယ်အမေကြီး… ဘာဖြစ်လို့လဲ”
” အဲဒီဝိဉာဉ်တွေက တိုက်ပျက်ထဲမှာပျောက်သွားတဲ့ လူတွေပဲလေ၊ သူကိုယ်တိုင်ထိန်းချုပ်ပြီး နာမ်စွဲအရုပ်ထဲ ထည့်ထားတာ”
” အမေကြီးပြောသလိုဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့ စီရင်နိုင်စွမ်းက အတော်ပေါက်မြောက်တယ်ပြောရမယ်”
” သူကမှော်နက်ပညာကိုအောင်ထားတာလေ၊ ပေါ့သေးသေးဆရာတစ််ယောက်တော့မဟုတ်ဘူး၊ နောက်ဆုံးအနေနဲ့ပြောချင်တာက သူ့ကိုရင်ဆိုင်ဖို့ဆိုရင် ဘာဘူကြီးကို အရင်နှိမ်နင်းဖို့လိုမယ်၊ ဘာလို့ဆို ဒီကောင်က သူရဲ့တပည့်အရင်းလိုဖြစ်နေတာလေ”
” ကျေးဇူးတင်ပါတယ်အမေကြီး… ဒီလောက်သိရတာနဲ့တင် လုံလောက်ပါပြီ၊ ကျွန်တော်တို့ကိုခွင့်ပြုပါဦး”
အောင်မြတ်သာတို့လဲ အမေကြီးကိုနှုတ်ဆက်ပြီး အခြေပြုရာစောင်းတန်းဆီကိုပြန်လာခဲ့လိုက်တယ်။
+++++
မိုးတိမ်တွေကင်းစင်နေပြီး ကြယ်ရောင်စုံတွေ တလက်လက်တောက်ပနေတဲ့ ကောင်းကင်ပြင်ကြီးက တရားထိုင်နေတဲ့ အောင်မြတ်သာတို့ကို ပြုံးပြုံးကြီးငုံ့ကြည့်နေသလို အုံ့ဆိုင်းမှိုင်းညို့နေတဲ့ သစ်ပင်ကြီးငယ်တို့ကလဲ မှက်ခြင်ယင်မသန်းရအောင် သန့်စင်တဲ့လေပြေညှင်းတွေကိုထုတ်လွှတ်ပေးနေခဲ့ကြတယ်။
မကြာခင် တရားဖြုတ်ပြီး မေတ္တာပို့အမျှတန်းဝေတဲ့အသံက အရောင်အဆင်းမှိန်ကျနေတဲ့ စောင်းတန်းဆီကနေ ခပ်အုပ်အုပ်ထွက်ပေါ်လာခဲ့တယ်။
” မောင်ကောင်း… ပစ္စည်းပစ္စယတွေစုံအောင် စစ်ပြီးပြီလား”
စင်္ကြန်လျောက်နေရင်းမေးလိုက်တဲ့ အောင်မြတ်သာရဲ့ စကားကြောင့် အင်းစမတွေကို လွယ်အိတ်ထဲထည့်နေတဲ့ မောင်ကောင်းက
” စုံပြီဆရာ.. ဒီညက နှစ်နေရာတောင်သွားရမှာဆိုတော့ လိုအပ်တာမရှိအောင် သေချာစစ်နေလို့ ကြာနေတာပါ”
” စုံပြီဆို ဘာဘူတိုက်ဆီအရင်သွားကြတာပေါ့… ဒီညကတော့ နူးညံ့ခြင်းတွေထက် ကြမ်းတမ်းမှုတွေ ကြုံရမှာအသေချာပဲ”
” ဘယ်လိုလာလာပါဆရာရယ်… ဆရာရှိနေသမျှကာလပတ်လုံး ဘာကိုမှမကြောက်ပါဘူး ဟဲဟဲ”
လွယ်အိတ်ကိုဘေးတစ်စောင်းလွယ်ရင်းပြောလိုက်တဲ့ မောင်ကောင်းစကားကို အောင်မြတ်သာက ခပ်ပြုံးပြုံးနားထောင်ရင်း စောင်းတန်းဆီကနေ ထွက်လာခဲ့လိုက်တယ်။
– – – – – – – – –
” ဂစ် – ဂစ် -ဂစ်”
လင်းကောင်ပိုးငှက်(ခေါ်)ငှက်ဆိုးအော်မြည်သံက ဘာဘူတိုက်ကြီးဆီကနေ ကျက်သရေကင်းမဲ့စွာထွက်ပေါ်လာခဲ့တယ်။
” ကျွီ—”
နှစ်ပေါင်းများစွာဆီမထည့်ထားတဲ့ တံခါးပျက်ကြီးက လေမတိုက်တဲ့ကြားထဲ တစ်ဖြေးဖြေးပွင့်လာတာကို ဆရာတပည့်နှစ်ယောက်မြင်တွေ့လိုက်ရတယ်။
ခိုချေးတွေအပြင် အခြားအမှိုက်သရိုက်တွေစုပြုံနေတဲ့ တိုက်ပျက်ကြီးထဲဲကိုခြေ​ချလိုက်တာနဲ့ မကောင်းတဲ့အနံ့အသက်တွေအပြင် ညှီစို့စို့ပုတ်အဲ့အဲ့အနံ့တစ်ခုက ထောင်းခနဲထွက်လာခဲ့တယ်။
မောင်ကောင်းက အသင့်ပါလာတဲ့ ဖယောင်းတိုင်တွေကို အဆင်သင့်တဲ့နေရာတွေမှာလိုက်ထွန်းပြီးချိန်မှာတော့ မဲမှောင်နေတဲ့တိုက်ပျက်ကြီးထဲကို မြင်နိုင်တဲ့ အလင်းရောင်တွေထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် အခုချိန်ထိ အနှောက်အယှက်တစ်စုံတစ်ရာ မမြင်မကြားသေးတဲ့အတွက် တိုက်ရဲ့အလယ်တည့်တည့်မှာရပ်ပြီး စိတ်ကိုစုစည်းကာ လှည့်ပတ်ကြည့်လိုက်တော့ အမှောင်ထုကြီးစိုးတဲ့အခန်းထောင့်တွေမှာ ငုတ်တုပ်ထိုင်နေကြတဲ့ နာနာဘာဝအချို့ကိုသာမြင်လိုက်ရတယ်။ သူတို့ရဲ့မျက်လုံးတွေထဲမှာတော့ ကြောက်လန့်ခြင်းအငွေ့အသက်တွေကိုသာတွေ့လိုက်ရတဲ့အတွက် မသိချင်ယောင်ဆောင်ပြီး တိုက်ပျက်အတွင်းဘက်ထဲကိုဆက်ဝင်လာခဲ့ရာ မီးလောင်ထားလို့ မှိုင်းတွေစွဲကပ်နေတဲ့ အခန်းတစ်ခုရှေ့အရောက်မှာတော့ အမွှေးအမျှင်တွေ ထူထပ်စွာပေါက်နေတဲ့ ခြေသလုံးနှစ်ဖက်ကို ထုပ်တန်းပေါ်မှာ တွဲလောင်းချကာ ထိုင်နေတဲ့ ဘာဘူကြီးကို မြင်လိုက်ရတယ်။
” ဘာဘူကြီး… မင်းဒီမှာရှိနေတာ ငါတို့သိတယ်၊ အခုချက်ချင်းဆင်းလာခဲ့”
အောင်မြတ်သာရဲ့ နှုတ်မိန့်အာဏာစက်က ပြင်းထန်လှတဲ့အတွက် ဘာဘူကြီးမနေသာတော့ပဲ ထုပ်တန်းပေါ်ကနေ ဘုတ်ခနဲခုန်ဆင်းလာခဲ့တယ်။
” အပါးပါး.. နည်းတဲ့ကောင်ကြီးမဟုတ်ပါလား”
တိုက်ပျက်ရဲ့ခေါင်မိုးနဲ့ထိလုထိခင်ဖြစ်နေတဲ့ ဘာဘူကြီးကိုမြင်ပြီး ရေရွတ်လိုက်တဲ့ မောင်​ကောင်းအသံကြောင့် အောင်မြတ်သာက နှုတ်ကနေ တတွတ်တွတ်ရေရွတ်ရင်း လက်နဲ့သပ်ချလိုက်ရာ ဘာဘူကြီးရဲ့ခန္ဓာကိုယ်က တစ်ဖြေးဖြေးသေးငယ်လာပြီး သာမန်လူတစ်ယောက်အရွယ်သာဖြစ်သွားခဲ့တယ်။
” ဘာဘူကြီး… မင်း ဆရာ အခုဘယ်ရောက်နေလဲ”
” ထွက်သွားစမ်း… ငါပိုင်တဲ့နေရာကနေထွက်သွား”
” ငါတို့က ဒီနေရာကိုမဝင်ခင်ထဲက သက်ဆိုင်ရာပုဂ္ဂိုလ်တွေဆီမှာခွင့်တောင်းထားပြီးပြီ၊ ဒါကြောင့် မင်းငါတို့အနားကို ကပ်လို့တောင်မရဘူးမဟုတ်လား၊ ဒါနဲ့ ဒီအခန်းက မင်းဆရာ မှော်နက်ကျင့်တဲ့အခန်းမဟုတ်လား”
” ဟင်း ဟင်း … ငါနေရာကိုလဲလာသေး ငါ့ကိုလဲပမာမခန့်လုပ်နေတာ သေပေတော့ဟဲ့”
ဘာဘူကြီးက ပုတ်ပွယောင်ကိုင်းနေတဲ့ လက်နှစ်ဖက်ကိုဆန့်တန်းပြီး ရှေ့ကိုတိုးဖို့အလုပ် အောင်မြတ်သာက လက်ညိုးထိုးပြီး
” ရောက်တဲ့နေရာမှာ ချုပ်မိတုပ်မိ ဖြစ်စမ်း” လို့အမိန့်ပေးလိုက်ရာ ရှေ့ကိုဆက်တိုးလို့မရတော့ပဲ တစ်ကိုယ်လုံးတောင့်တင်းငြိမ်သက်သွားခဲ့တယ်။
” မင်းဆရာအခုဘယ်မှာလဲ… ဘုန်းကြီးကျောင်းဝင်းထဲမှာရှိနေတာလား ပြောစမ်း”
” ငါမသိဘူး— သိလဲမပြောဘူး ဟင်း ဟင်း”
” ဒီလောက်ခေါင်းမာတဲ့ကောင်… မှတ်လောက်အောင်ဆုံးမမှရတော့မယ်” လို့ပြောလိုက်တဲ့ချိန် တိုက်ပျက်ထဲကအခန်းတစ်ခုထဲမှာ မီးတွေဝုန်းခနဲထတောက်လာတာကိုမြင်လိုက်ရတယ်။
” မဖိတ်ခေါ်ပဲရောက်လာတဲ့ ဧည့်သည်တွေကို ဘယ်လိုကြိုဆိုနေတာလဲ ငါ့ကောင်ကြီးရ”ဆိုတဲ့အသံခပ်ပြတ်ပြတ်က မီးတွေတောက်လောင်နေတဲ့ အခန်းထဲကနေ ထွက်ပေါ်လာခဲ့တယ်။
အောင်မြတ်သာတို့လဲ မီးတောက်လောင်နေတဲ့ အခန်းကိုကြည့် နေတဲ့အချိန် နီညိုရောင်အင်္ကျီလုံချည်ကိုဝတ်ဆင်ထားတဲ့ အသက်၆၀အရွယ်လူတစ်ယောက် အခန်းအပြင်ကိုထွက်လာခဲ့တယ်။
” ဘာဘူကြီးကိုတောင် ဟိန်းဟောက်ပြီးထိန်းချုပ်နိုင်တာမြင်တော့ မိတ်ဆွေတို့ရဲ့ပညာကို လေးစားမိပါတယ်၊ ဒါနဲ့ ကျုပ်ကိုလိုက်ရှာရတဲ့အကြောင်းလေး သိခွင့်ရနိုင်မလား”
လူပုံစံကအသက်ကြီးနေပေမယ့် လေသံနဲ့ လှုပ်ရှားမှုက လူငယ်တစ်ယောက်လိုတက်ကြွနေတာမြင်တဲ့ အောင်မြတ်သာက
” နာမ်စွဲကြေးရုပ်ကို ဘာအကြောင်းကြောင့် လူနေအရပ်ဆီမှာထားခဲ့တာလဲ၊ ဒီအရုပ်ကြောင့် မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်ခဲ့ရတာကိုရော သိထားတယ်မဟုတ်လား”
” ကျုပ်ဆိုတဲ့လူကလဲ သူတစ်ပါး ဒုက္ခရောက်တာကိုမြင်ရမှ စိတ်ချမ်းသာတတ်တဲ့လူမျိုးဗျ၊ ဒါကြောင့် ကျုပ်စီရင်ထားတဲ့အရာကို အစမ်းသပ်ခံအနေနဲ့ သွားထားခဲ့တာပဲ၊ ဘယ်လိုလဲ ကျုပ်အစီအရင်က ထိရောက်တယ်မဟုတ်လား”
သူတစ်ပါးဒုက္ခရောက်တာကို ပါးစပ်အရသာခံပြောနေတဲ့လူကိုမြင်တော့ အောင်မြတ်သာ ခေါင်းကိုဖြေးညှင်းစွာခါယမ်းလိုက်ပြီး
” လောကမှာ ခင်ဗျားတို့လို လူတွေရှိနေတာက အတော်အဆင်မပြေဘူး၊ မကောင်းတာလုပ်တဲ့သူဟာ မကောင်းတဲ့လမ်းကိုသွားရမှာမို့ ကိုယ့်အလှည့်ကျရင်ခံနိုင်ရည်ရှိအောင် အားမွေးထားပါ” လို့ပြောကာ စူးရှတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့လိုက်တယ်။
” ဟား ဟား အဟက် အဟက်— သူတော်ကောင်းကြီးနှစ်ယောက်ရဲ့ သွေးနဲ့သာ အစီအရင်လုပ်လိုက်ရရင်ဖြင့် ငါလိုလူကို ဘယ်သူမှ ထိပ်တိုက်ရင်ဆိုင်ရဲမှာမဟုတ်ဘူး… ဒီနေ့က မင်းတို့အတွက် နောက်ဆုံး ထွက်သက်ညပဲ”လို့ပြောပြီး ခြေထောက်ကိုခပ်ကြမ်းကြမ်းဆောင့်ချလိုက်ရာ ဘေးပတ်ပတ်လည်ကနေ မီးတောက်တွေ ဝုန်းခနဲထွက်လာပြီး အောင်မြတ်သာတို့နှစ်ယောက်ကို ဝိုင်းထားခဲ့ကြတယ်။
” ငါ့ရဲ့မီးစုန်းပညာကို ဘယ်သူကမှ အံတုနိုင်တာမရှိသေးဘူး… မင်းတို့ရဲ့အသွေးအသားတွေ တစ်ဖြေးဖြေးလောင်မြိုက်တာကို ထိုင်ပြီးကြည့်နေဦးမှာ အဟား အဟား”
တိုက်ပျက်နံရံကိုမှီပြီး ရယ်မောနေတဲ့ လူကြီးကိုမြင်တော့ အောင်မြတ်သာက လွယ်အိတ်ထဲပါလာတဲ့ အင်းနှစ်ချပ်ကို လက်ဖဝါးမှာကပ်ပြီး မီးတောက်ကိုဆွဲဖယ်လိုက်ရာ ဝိုင်းထားတဲ့မီးတွေက အလယ်မှာမရှိတော့ပဲ ဘေးကိုကားထွက်သွားခဲ့တယ်။
​ဒီတစ်ခါ အံ့ဩသွားသူကတော့ မီးစုန်းကိုဖန်တီးထားတဲ့လူကြီးကိုယ်တိုင်ပဲ။ သူအမိန့်ပေးမှ လောင်တဲ့ မီးတောက်က ခုလို ကွင်းသွားတာကို ပထမဆုံးမြင်ဖူးလိုက်တာမို့ စိတ်ထဲအနည်းငယ်ဗလောင်ဆူသွားပြီး လက်ညိုးထိုးအမိန့်ပေးလိုက်ပေမယ့် မီးတောက်က အောင်မြတ်သာတို့ဆီကိုမသွားပဲ လှုပ်မရဖြစ်နေတဲ့ ဘာဘူကြီးဆီကိုရောက်သွားခဲ့တယ်။
” အမရေး… အဘား … ပူတယ် ပူတယ်— ကယကြပါဦး.. ”
မီးတောက်အရှိန်က လှိုင်းတံပိုးတွေလိုပြင်းလာထန်လာလေလေ ဘာဘူကြီးဆီကနေ နာကျင်စွာအော်တဲ့အသံက ကျယ်လာ လေလေဖြစ်လာခဲ့တယ်။
” တောက်…. မင်းတို့က ပညာလျှိုထားတာကိုး… ဒီလိုဆိုတော့လဲ ငါလဲနောက်ထပ်နည်းတစ်မျိုးသုံးရမှာပေါ့”
တစ်ယောက်ထဲ စိတ်တိုပြီးဒေါသကြီးနေတဲ့ လူကြီးက တိုက်ပျက်ကြီးရဲ့လေးဘ​က်လေးတန်ကို လက်ညိုးထိုးပြီး မန္တာန်တစ်ခုကိုရွတ်လိုက်ရာ ညိုးငယ်သောမျက်နှာနဲ့ ဝိဉာဉ်တွေပေါ်လာပြီး သူတို့ရဲ့နောက်မှာတော့ လူသတ်လက်နက်မျိုးစုံကိုင်​ဆောင်ထားတဲ့ ဘီလူး သရဲကောင်တွေက ရိုက်နှက်မယ့်ဟန်နဲ့အသင့်စောင့်နေခဲ့ကြတယ်။
” ဟားဟား မင်းတို့ အညံ့ခံမယ်ဆိုရင် ဒီဝိဉာဉ်တွေကို လွတ်လပ်ခွင့်​ပေးမယ်၊ ခေါင်းမာပြီး တိုက်မယ်ဆိုရင်တော့ ဒီကောင်တွေကို လူးလိမ့်နေ​အောင်ဆုံးမနှိပ်စက်ပြမယ်”လို့ပြောပြီး လက်ကိုဝေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်မျက်နှာထားနဲ့ ဘီလူးသရဲတွေက ဖမ်းဆီးခံထားရတဲ့ ယောင်္ကျား၊မိန်းမ၊ကလေးသူငယ်ဝိဉာဉ်တွေကို အညှာတာကင်းမဲ့စွာ ရိုက်ပုတ်နှိုက်စက်ပြပါလေရော။
” အမလေး… နာလှချည်ရဲ့၊ တော်ပါတော့ရှင်… အား– မရိုက်ကြပါနဲ့တော့”
နာကျင်ကြောက်လန့်စွာထွက်ပေါ်လာတဲ့ အကူညီတောင်းသံက အောင်မြတ်သာရဲ့ စိတ်ကို ပိုပြီးလှုပ်ရှားစေခဲ့တယ်။
” မင်းအတော်အောက်တန်းကျတဲ့သူပါလား… ယောင်္င်္ကျားချင်းပညာပြိုင်တာကို မဆိုင်တဲ့သူတွေဆွဲထည့်ပြီး နှိပ်စက်ရတယ်လို့ကွာ”
” ဟားဟား … ငါက အစထဲက မကောင်းတဲ့လူဆိုတာ မင်းသိတယ်မဟုတ်လား၊ မင်းလဲ ဘာဘူကြီးကို နှိပ်စက်ချင်သပဆို နှိပ်စက်လေ၊ သူတော်ကောင်းကြီးက ဒီလိုလုပ်တာကိုမြင်ချင်ပါသေးတယ် ဟက်ဟက်”
အောင်မြတ်သာလဲ နှိပ်စက်ခံနေရတဲ့သူတွေကို မျက်လုံးဝေ့ကြည့်လိုက်ရာ ငါးဆယ်ဦးထက်မနည်းရှိနေတာကြောင့် သက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပြီး
” မင်း ဒီဝိဉာဉ်တွေကိုလွှတ်ပေးရင် ၊ ငါအညံ့ခံမယ်” လို့ ခပ်တင်းတင်းပြောချလိုက်တယ်။
” ဒီလိုမှပေါ့ .. အဟီးအဟက်ဟက်… ဒါတွေက သူတို့ဝိဉာဉ်တွေကိုချုပ်နှောင်ထားတဲ့ အစီရင်တွေပဲ၊ သူတို့ကိုမလွှတ်ပေးခင် မင်းရဲ့နာကျင်တဲ့မျက်နှာထားကို မြင်ချင်သေးတယ်”
” ဟာ ဒီ ခွေးမသားကတော့ …”
မောင်ကောင်းက စိတ်ကိုမထိန်းနိုင်ပဲ ရှေ့ကိုတက်ဖို့အလုပ် အနောက်ကနေ နာကျင်စွာအော်ဟစ်တဲ့ အသံတွေက ရုတ်ချည်းထွက်ပေါ်လာခဲ့တယ်။
” မောင်ကောင်း စိတ်ထိန်းစမ်း… ဒီနေရာမှာ ငါတို့ပျက်စီးရမယ်ဆိုရင်တောင် အပြစ်မရှိပဲနှိပ်စက်ခံနေရသူတွ လွတ်မြောက်နိုင်ဖို့ကအရေးကြီးတယ်၊ ကိုယ့်နေရာကိုယ်ပြန်နေ”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းက အံကိုကြိတ်ပြီး အနောက်ကိုပြန်ဆုတ်သွားခဲ့တယ်။
ဒါကိုမြင်တဲ့ လူကြီးက ကျေနပ်စွာပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုကြိုးနဲ့ချည်သလိုလုပ်လိုက်ရာ အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက်ရဲ့လက်တွေပေါ်မှာ အနက်ရောင်ကြိုးတွေနဲ့ရစ်ပတ်ခံလိုက်ရတယ်။

” ငါတို့ကတိတည်တာကြောင့် သင် ဖမ်းထားတဲ့ဝိဉာဉ်တွေကို အချုပ်အနှောင်မရှိတဲ့ထိ လွှတ်ပေးပါ”
” ဒါပေါ့ လွှတ်ပေးရမှာပေါ့… ဟားဟား၊ ပညာရှင်​တွေဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ဆရာက ငါ့လက်ထဲရောက်နေပြီမဟုတ်လား”
မှော်နက်ပညာရှင်လူကြီးက သဘောကျစွာရယ်မောရင်း အခန်းထဲဝင်သွားခဲ့ရာ ခဏနေတော့ ဖန်ပုလင်းကြီးတစ်လုံးကိုယူပြီး ပြန်ထွက်လာခဲ့တယ်။
” ဒီပုလင်းထဲမှာ သူတို့ကိုချုပ်ထားတာမို့ ဟောဒီလက်ကလွှတ်ချလိုက်တာနဲ့ သူတို့အားလုံး လွတ်မြောက်သွားလိမ့်မယ်၊ ဒါပေမယ့် စိတ်မကောင်းစရာက သူတို့လွတ်တာကို မင်းတို့မမြင်ရတော့တာပဲ”
နီညိုရောင်ဝတ်စုံဝတ်ထားတဲ့လူကြီးက စကားကိုချက်ချင်းလှည့်ပြီး ဝိဉာဉ်တွေချုပ်ထားတဲ့ ဖန်ပုလင်းကိုဘေးမှာချကာ အောင်မြတ်သာရဲ့လည်ပင်းကို အဝေးကနေ ဖမ်းညှစ်ထားလိုက်တယ်။
” ဟာ… ဒီကောင် ကတိမတည်ပြန်ဘူး… ဆရာ.. ဒီကောင်ကိုဘာလို့ယုံကြည်ရတာလဲ’
မောင်ကောင်းရဲ့စကားကို လည်ပင်းကြောတွေထောင်အောင်ညှစ်ခံထားရတဲ့ အောင်မြတ်သာက ဘာမှပြန်မပြောပဲ ဖမ်းဆီးခံဝိဉာဉ်တွေကိုသာ လှမ်းကြည့်နေခဲ့တယ်။ အဲဒီအချိန်
” ဝုန်း” ဆိုတဲ့အသံအတူ ကျောက်ရုပ်လိုဖြစ်နေတဲ့ဂဘာဘူကြီး ခုန်ထွက်လာပြီး မှော်နက်ပညာရှင်ရဲ့ လည်ပင်းကို ဖျစ်ညှစ်ထားလိုက်တယ်။
ရုတ်တရက်မို့အငိုက်မိသွားတဲ့ လူကြီးက ဘာဘူကြီးရဲ့လုပ်ရပ်ကို နားမလည်ဟန်နဲ့ ကြည့်ကာလဲကျသွားချိန် အောင်မြတ်သာက လက်မှာချည်ထားတဲ့ကြိုးကို ဖြောင်းခနဲမြည်အောင်ဆွဲဖြုတ်လိုက်ပြီး ဝိဉာဉ်တွေချုပ်ထားတဲ့ဖန်ပုလင်းကို ဆွဲယူကာ တိုက်နံရံနဲ့ ရိုက်ခွဲပစ်လိုက်တယ်။
အဲဒီတော့မှ ဖမ်းဆီးခံထားရတဲ့ ဝိဉာဉ်တွေ လွတ်ထွက်လာပြီး အရပ်လေးမျက်နှာကို ခြေဦးတည့်ရာထွက်ပြေးသွားကြတယ်။ ဘာဘူကြီးကလဲ သူ့ဆရာဖြစ်သူရဲ့လည်ပင်းကို မလွှတ်တမ်းညှစ်ထားပေမယ့် သူ့ရဲ့တစ်ကိုယ်လုံးမှာတော့ မီးလောင်ဖုလို အရည်ကြည်ဖုတွေနဲ့အတူ မီးလောင်ညှော်နံ့တွေထွက်လာခဲ့တယ်။
” ဝုန်း….”
ရုတ်တရက်လွင့်ထွက်သွားတဲ့ဘာဘူကြီးက တိုက်ပျက်ထောင့်မှာ နာကျင်စွာညဉ်းညူပြီး –
” ကျုပ်ဆရာတင်တာ လူမှားသွားပြီး၊ ခင်ဗျားကို ဒီလောက် အောက်တန်းကျလိမ့်မယ်လို့မထင်ထားခဲ့ဘူး” လို့ပြောလိုက်တဲ့ချိန် လည်ပင်းညှစ်ခံထားရတဲ့ လူကြီးက ဘာဘူကြီးကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးနဲ့စိုက်ကြည့်ပြီး လက်ညိုးထိုးလိုက်ရုံနဲ့ တစ်ကိုယ်လုံးလှုပ်မရအောင် ကြိုးတွေအထပ်ထပ်ရစ်ပတ်တာခံလိုက်ရတယ်။
အဲဒီအချိန် မောင်ကောင်းရော အောင်မြတ်သာပါ လွတ်လာပြီမို့ အချိန်မဆွဲနေတော့ပဲ သိမ်ကိုးသိမ်ဝင်ထားတဲ့ပရိတ်ကြိုးကိုးထပ်ကို လေပေါ်ပစ်တင်လိုက်ရာ ပရိတ်ကြိုးက သက်ရှိတစ်ကောင်အလား လေပေါ်ပျံတက်သွားပြီး ထွက်ပြေးဖို့လုပ်နေတဲ့ လူကြီးရဲ့လည်ပင်းပေါ်ကိုစွပ်ခနဲကျသွားခဲ့တယ်။
” အား… အစ် အစ် ….”
ပရိတ်ကြိုးအစွပ်ခံလိုက်ရတဲ့လည်ပင်းကနေ အခိုးငွေ့တွေထွက်လာပြီး မြေပေါ်လူးလိမ့်နေတဲ့ လူကြီးကိုမြင်တော့ အောင်မြတ်သာက ၃၆ကွက်ပါတဲ့အင်းတစ်ချပ်ကိုထုတ်ကာ တိုက်နံရံမှာ စမရိုက်လိုက်တယ်ဆိုရင်ပဲ လက်နက်မျိုးစုံကိုင်ဆောင်ထားတဲ့ အင်းစောင့်တွေ ခုန်ထွက်လာပြီး လူးလိမ့်နေတဲ့သူကို တရစပ်ရိုက်နှိပ်ပါလေရော။
” အား … ကြောက်ပါပီ… နာလှချည်ရဲ့၊ ငါ့ကိုသတ်လိုက်ပါတော့ အမလေး “ဆိုတဲ့ အော်သံက တိုက်ပျက်ထဲမှာ ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။
” သင့်အပြစ်က ကြီးလေးတဲ့အတွက် ကျုပ်တို့ဘာမှ ကူညီနိုင်စွမ်းမရှိဘူး၊ ဒါပေမယ့် သုံးရက်နဲ့သုံးညတိတိ ဒီဒဏ်တွေကို မသေရုံတမယ်ခံစားရလိမ့်မယ်၊ပြီးရင်တော့ သင့်မှတ်ဉာဏ်တွေကို နှုတ်ယူပြီး လောကဓံရဲ့ ရိုက်ပုတ်မှုကို အသက်ဆုံးတဲ့တိုင်ခံစားကြည့်ပါ” လို့ပြောပြီး ချုပ်နှောင်ခံထားရတဲ့ ဘာဘူကြီးကို လွှတ်ပေးခဲ့လိုက်တယ်။
ဘာဘူကြီးကလဲ သူ့အပြစ်တွေကို အောင်မြတ်သာထံ ဝန်ချတောင်းပန်ပြီး တိုက်ပျက်ထဲမှာသေဆုံးခဲ့ရသူတွေအတွက် သူပိုင်တဲ့ပစ္စည်းတွေထဲကအချို့ကို ကာယကံရှင်မိသားစုတွေထံ ပေးဖို့တောင်းဆိုခဲ့တယ်။
နောက်တစ်နေ့ နံနက်အရုဏ်တက်ချိန်မှာတော့ လူနှစ်ယောက်က လက်သီးဆုပ်အရွယ်ရှိတဲ့ အထုပ်တွေကို အိမ်အချို့ရှေ့မှာ လိုက်ချပေးနေခဲ့ပြီး လမ်းဘေးခွေးတွေကလဲ တအီအီနဲ့အမြှီးလေးနှံ့ကာ ကြိုဆိုနေခဲ့ကြတယ်။
ဒီအဖြစ်တွေကိုမြင်တဲ့ အမယ်အိုကြီးကတော့ သာဓုအကြိမ်ကြိမ်ခေါ်ရင်း ကျောခိုင်းထွက်သွားတဲ့ လူနှစ်ယောက်ကို ငေးကြည့်လျက်။
– – – – – – – – –
ဒီလိုနဲ့ ဆရာတပည့်နှစ်ယောက် ခရီးဆက်လာရင်း ဘာသာရေးအလွန်လုပ်ကြတဲ့ ရွာလေးတစ်ရွာဆီကိုရောက်လာခဲ့တယ်။ ဒီရွာမှာတော့ ဘယ်လိုထူးခြားမှုတွေဖြေရှင်းပေးရမလဲဆိုတာကိုတော့ – – – – –

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment