အောင်မြတ်သာနှင့်ရွှေချည်ငွေချည်တန်းပါလို့

” အောင်မြတ်သာနှင့်ရွှေချည်ငွေချည်တန်းပါလို့ ”
ရေးသားသူ—ဇေယန(ရာမည)
———————
“ ဝေါ — ဝေါ– ဒရော–”
လေမတိုက်မိုးမရွာပဲ ထွက်ပေါ်လာတဲ့ တော်လဲသံ‌ ကြောင့် ထုံပအိုင်ရွာမှာနေတဲ့သူတွေအားလုံး အလန့်တကြားဖြစ်ကုန်ကြတယ်။
“ ဘာဖြစ်တာလဲ… ဘယ်လိုအသံကြီးလဲဟ”
“ ရွာသားတွေအားလုံး ထကြဟေ့… အနောက်ဘက် တောင်ကြောမှာ ဘာဖြစ်နေလဲမသိဘူး”
ရွာခံကာလသားတွေရဲ့ ဆော်ဩသံကြောင့် အိမ်ထဲမှာအိပ်နေကြတဲ့သူတွေအကုန် ရွာလမ်းမ ပေါ်ကို ထွက်လာခဲ့ကြတယ်။
“ တောင်ပြိုတာများလား… ဒီလိုဆိုရင် ငါတို့ရွာ မြေကြီးအောက်ရောက်ကုန်တော့မှာပဲ”
အသက်ခပ်ကြီးကြီးမိန်းမတစ်ယောက်ရဲ့ အလန့် တကြားအော်ပြောသံကြောင့် ရွာခံလူတွေရဲ့ စိတ်ထဲ ကြောက်လန့်မှုတွေဖြစ်ပေါ်လာပြီး အိမ်ပေါ်ပြန်တက်ကာ တန်ဖိုးကြီးပစ္စည်းတွေ ထည့်လိုထည့်၊ အ၀တ်အစားတွေ ယူလိုယူနဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်ကြတယ်။
“ ဟိတ်… အားလုံး စိတ်အေးအေးထားကြစမ်း”
ပြတ်သားတည်ကြည်တဲ့အသံကြောင့် ရွာလမ်းမပေါ် လှုပ်ရှားနေကြတဲ့သူတွေအကုန် လှည့်ကြည့်လိုက်ကြတယ်။
“ ဖိုးလေးမြင့်ကြည်ပါလား…”
“ နင်တို့တွေ ဘာဖြစ်လို့ ဒီလောက်ကြောက်လန့်နေကြတာလဲ”
အသက်က၇၀ကျော်နေပေမယ့် ကျန်းမာသန်စွမ်းပြီး ဩဇာပါတဲ့အသံနဲ့ လမ်းလျောက်လာတဲ့ ဖိုးလေးမြင့်ကြည်က အားလုံးကို ဝေ့ဝိုက်ကာကြည့်လိုက်တယ်။
“ ဖိုးလေး အသံမကြားဘူးလား… အနောက်ဘက်တောင်ကြောက ပြိုကျတော့မယ် ထင်တယ်”
“ မင်းတို့ရဲ့ အခြေအမြစ်မရှိတဲ့ ကောလဟာလကြောင့် မသိတဲ့သူတွေအကုန် ကြောက်ကုန်ကြပြီ… လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကလဲ ဒီလိုအဖြစ်မျိုး ရွာမှာဖြစ်ခဲ့ဖူးတယ်ဆ ဆိုတာကိုသာသိရင် မင်းတို့ ဒီလောက်ကြောက်လန့် နေမှာ မဟုတ်ဘူး”
“ဗျာ… အရင်ကလဲ ဒီလိုမျိုးဖြစ်ဖူးတယ် ဟုတ်လား ဖိုးလေး”
“ ‌အဲဒီကိစ္စထက် အလန့်တကြားဖြစ်နေကြတဲ့ သူတွေကို ပြန်ထိန်းကြဦး… ပြီးရင် တစ်အိမ်တစ်ယောက် ရွာလယ်က ကွင်းပြင်မှာ လာစုကြ… အခုဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာတွေကို ရှင်းပြပေးမယ်”
ဖိုးလေးမြင့်ကြည်စကားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ လူအုပ်ကြီးက ပြန်လည်ငြိမ်သက်သွားပြီး မကြာခင် ရွာလယ်ကွင်းပြင်မှာ လူကြီးလူငယ်တွေ အပြည့်ဖြစ်သွားခဲ့တယ်။
“ အဟမ်း…”
ဖိုးလေးမြင့်ကြည်က ချောင်းဟန့်လိုက်ပြီး လူအုပ်ရှေ့ကို ထွက်လာခဲ့တယ်။
“ မင်းတို့ အခုကြောက်လန့်နေကြတဲ့ ကိစ္စက တောင်ပြိုတာလဲမဟုတ်ဘူး… မိုးပြိုတာလဲ မဟုတ်ဘူး… ငါတို့နေတဲ့ရွာရဲ့ အနောက်ဘက် တောင်ကြောမှာ ရှေးဘိုးဘေးတွေလက်ထက်ထဲက ရှိနေတဲ့ သိုက်ကြောတစ်ခုရှိတယ်။ အဲဒီသိုက်ကြောမှာနေတဲ့သိုက်နန်းရှင်တွေက နှစ်၅၀နေရင် တစ်ခါသိုက်ပြောင်းကြတယ်။ သူတို့သိုက်မပြောင်းခင်ကာလမှာ အခုလိုပဲ လူတွေကို ကြောက်လန့်အောင် အသံပေးတာတွေ လုပ်တတ်ကြတယ်။ အကြောင်းကတော့ သူတို့နေတဲ့ သိုက်ကြောဘက်ကို ဘယ်သူမှမလာစေချင်လို့ပဲ”
ဖိုးလေးမြင့်ကြည်စကားကြောင့် ထိုင်နေတဲ့သူတွေ ကြွက်စိကြွက်စိဖြစ်ကုန်ကြတယ်။ အချို့ကလဲ သူတို့ငယ်ငယ်က သိုက်ပြောင်းတဲ့အကြောင်း ကြားဖူးတာကို ဘေးကလူတွေသိအောင် တီးတိုး ပြောဆိုနေခဲ့တယ်။
“ ဖိုးလေး ကျွန်တော် တစ်ခုလောက်မေးချင်လို့”
လက်ညိုးထောင်ပြီး မတ်တပ်ထရပ်လိုက်တဲ့ ရန်ပိုင်ရဲ့စကားကြောင့် ဖိုးလေးက ခေါင်းကိုငြိမ့်ပြကာ
“ မေးလေ… ရန်ပိုင်… မင်းကဘာသိချင်လို့လဲ”
“ သူတို့ဘာသာ သိုက်ပြောင်းတာကို တိုးတိုးတိတ်တိတ်ပြောင်းမရဘူးလား… ဘာကြောင့် ရွာကလူတွေကို အသိပေးရတာလဲ”
ရန်ပိုင်စကားကြောင့် ဖိုးလေးက သဘောကျစွာ ရယ်လိုက်ပြီး
“ ရန်ပိုင်မေးတာကိုဖြေရမယ်ဆိုရင် သိုက်အပြောင်းအလဲလုပ်တဲ့အကြောင်းကို ငါတို့လို သာမန်လူတွေကမသိပေမယ့် မတော်လောဘသမားတွေက သိကြတယ်… လွန်ခဲ့တဲ့ နှစ်၅၀တုန်းကလဲ သိုက်ပြောင်းတာကို သိပြီးရောက်လာကြတဲ့ လောဘသားတွေကို ငါတို့ ကျော်ညွန့်တို့ ဘသန်းတို့လို လူငယ်တွေက တားဆီးခဲ့ကြဖူးတယ်”
ဖိုးလေးစကားကြောင့် ကျော်ညွန့်နဲ့ ဘသန်းတို့ရဲ့ ဆွေမျိုးသားချင်းတွေရဲ့ခေါင်းက ဆတ်ခနဲ ထောင်လာပြီး သူတို့ရဲ့မျက်နှာမှာလဲ ဂုဏ်ယူ ဝံ့ကြွားတဲ့ အပြုံးရိပ်တွေပေါ်လာခဲ့တယ်။
“ ဒါဆိုရင် အခုကြားရတဲ့ တော်လဲသံက ကျွန်တော်တို့ရွာခံတွေကို အသိပေးအကူအညီ တောင်းတဲ့သဘောလား”
“ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်… ငါတစ်ခုပြောချင်တာက မင်းတို့အနေနဲ့ သိုက်နန်းက ပိုင်တဲ့ပစ္စည်းတွေကို လိုချင်တပ်မက်စိတ်လုံး၀ မထားကြဖို့ပဲ… သိုက်အပြောင်းအလဲ ရှိတယ်ဆိုတဲ့ သတင်းကြောင့် ငါတို့ရွာကို မသမာသူတွေ ၀င်ရောက်လာနိုင်တာကိုလဲ သတိထားရမယ်… အခုမင်းတို့ရဲ့ လုပ်ဆောင်ချက်က နောင်တစ်ချိန် မင်းတို့ရဲ့ မျိုးဆက်တွေဂုဏ်ယူစရာဖြစ်လာ လိမ့်မယ်”
ဖိုးလေးစကားကြောင့် ရွာခံလူအုပ်ကြီးထဲကနေ နှစ်ထောင်းအားရ လက်ခုပ်တီးသံတွေ ထွက်ပေါ်လာခဲ့တယ်။
– – – – – – – – –
“ ဒန်အိုးတွေလဲတယ်… ကတ်ဆက်စုတ်တွေ ၀ယ်တယ်… သံတိုသံစတွေဝယ်တယ်…” ဆိုတဲ့အသံကြောင့် ကစားနေတဲ့ ကလေးတွေ အားလုံး ခေါင်းထောင်လာခဲ့ကြတယ်။
“ ဟေး… ဦးဖိုးမဲလာပြီဟေ့…”
ကစားနေတဲ့ ကလေးတွေက အတန်ကြီးမားတဲ့ ကြိမ်ခြင်းနှစ်လုံးကို တံပိုးနဲ့ထမ်းထားတဲ့ အသားမဲမဲ လူကြီးကိုမြင်တာနဲ့ မိမိတို့အိမ်တွေဆီကို ပြေးသွားပြီး အိမ်အောက်မှာရှိတဲ့ ကော်ပစ္စည်း အဟောင်းတွေ၊ သတ္တုအိုးအစုတ်တွေကို ယူချလာခဲ့တယ်။
“ ဦးလေး… ဒီနေ့တော့ ပဲကြီးလှော် ပိုပေးနော်… သား ယူလာတဲ့ ကော်တွေကအများကြီးပဲ”
ဆံပင်တိုတိုနဲ့ ပုဆိုးကွင်းသိုင်းထားတဲ့ ပေါက်စ စကားကြောင့် အသားမဲမဲလူကြီးက ကြိမ်ခြင်းထဲမှာ ထည့်ထားတဲ့ ပဲကြီးလှော်ကို လက်နဲ့ကြုံးယူလိုက်ပြီး
“ ပေးရမှာပေါ့ကွ… မင်းအင်္ကျီသေချာခံထား”လို့ ပြောကာ ပဲကြီးလှော်တွေ လောင်းထည့်ပေးလိုက်တယ်။
မကြာခင် ပစ္စည်းအဟောင်းလဲတဲ့ လူကြီးရဲ့ ကြိမ်ခြင်းထဲမှာ ကော်ပစ္စည်းအစုတ်တွေ၊ သတ္တုအိုးအစုတ်တွေပြည့်သွားခဲ့သလို အရိပ်ရအပင်အောက်တွေမှာ ပဲကြီးလှော်နဲ့ စုံမဖွက်နေကြတဲ့ ကလေးတွေကိုမြင်လိုက်ရတယ်။
ဦးဆိုသူကတော့ ခပ်နွမ်းနွမ်း တဘက်တစ်ထည်နဲ့ ချွေးတွေကိုသုတ်ပြီး ကလေးတွေကစားနေတာကို ထိုင်ကြည့်ကာ အမောဖြေနေခဲ့တယ်။
“ ဗျို့ ဦးမဲ … ဒီနေ့ အစောကြီး ပစ္စည်းတွေ ပြည့်နေပါလား”
“ အေးကွာ… ဒီပစ္စည်းတွေနဲ့ ဘယ်လိုပြန်ရမလဲတောင် မသိတော့ဘူး ဟဲဟဲ”
ရွာခံကာလသားတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး စကားပြောနေပေမယ့် ဦးမဲရဲ့ အကြည့်က အနောက်ဘက်တောင်ကြောတွေဆီကိုသာ ရောက်နေခဲ့တယ်။
– – – – – – – – –
နေပူရှိန်ရဲ့ တံလျှပ်က ရွာအပြင်ကွင်းစပ်တွေကနေ အလျှံတညီးညီထွက်ပေါ်နေခဲ့တယ်။ အဲဒီအချိန် လွယ်အိတ်ကိုယ်စီလွယ်ထားတဲ့ လူသုံးယောက်က နေပူဒဏ်ကိုအံတုပြီး ထုံးပအိုင်ရွာထဲကို တည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ လျောက်လာခဲ့ကြတယ်။
“ ဘယ်ကိုသွားကြမလို့လဲဗျ”
ရွာအ၀င်ကအရိပ်ရအပင်အောက်ကနေထွက်လာတဲ့ အသံကြောင့် လှည့်ကြည့်လိုက်ရာ ဝါးလုံးတွေကို နှီးဖျာနေတဲ့ လူလေးယောက်ကိုမြင်တွေ့လိုက် ရတယ်။
“ ဒီရွာမှာ နေမကောင်းတဲ့ လူနာများရှိမယ်အထင်နဲ့ လာခဲ့တာပါ…”
“ ဒီရွာမှာ ဘယ်သူမှ ဘာမှမဖြစ်ဘူး… ပုံစံတွေကိုက ဆေးဆရာယောင်ယောင် ဘာယောင်ယောင်နဲ့”
မျက်မှောင်ကျုံ့ပြီးပြောလိုက်တဲ့ လူရဲ့စကားကြောင့် လွယ်အိတ်ကိုယ်စီလွယ်ထားတဲ့သူတွေထဲက အရပ်မြင့်မြင့်နဲ့လူက ခပ်ထေ့ထေ့ပြုံးလိုက်ပြီး
“ ဒီရွာထဲ၀င်ဖို့အတွက် ခွင့်ပြုချက်ဘယ်သူ့ဆီမှာ တောင်းရမလဲဆိုတာပြောပေးပါ”
“ ရွာထဲကို လူစိမ်းတွေပေးမ၀င်ဘူး… ခင်ဗျားတို့ ခရီးက ဒီကနေဖြတ်သွားမှရမယ်ဆိုရင် ရွာပတ်လမ်း ကနေ ကွေ့ပြီးသွားကြ”
“ ဟေ့ကောင် ရန်ပိုင်… မင်းစကားက နည်းနည်းရိုင်းနေသလိုပဲ…”
“ အသာနေစမ်းပါ ညိုကြီးရာ… ဖိုးလေးပြောထားတာ မင်းတို့လဲကြားတာပဲ…”
ရန်ပိုင်ဆိုတဲ့သူရဲ့စကားကြောင့် မတ်တပ်ရပ်နေတဲ့ လူတွေက ဘာမှဆက်မပြောတော့ပဲ ရွာအ၀င်လမ်းသွယ်ဘက်ကို ထွက်သွားတဲ့အချိန် ရွာထဲကနေ ခြင်းတောင်းနှစ်လုံးကို တံပိုးနဲ့လျှိုကာ ထမ်းထားတဲ့ လူတစ်ယောက် ထွက်လာတာကို မြင်လိုက်ရတယ်။
နွေရဲ့လေရူးက လေးဘက်လေးတန်ကနေ တိုက်ခတ်နေတာကြောင့် ရွက်ဟောင်းအနွမ်းလေး တွေက မြေကြီးပေါ်ကို တဖြုတ်ဖြုတ်ကြွေကျနေခဲ့ သလို အနောက်ဘက်တောင်တန်းပေါ်မှာရှိတဲ့ သစ်ပင်ကြီးငယ်တွေမှာလဲ ရိုးတံခြောက်တွေသာ ဖြစ်တည်နေခဲ့တယ်။
‌လူသုံးယောက် ဘေးချင်းယှဉ်သွားလို့ရတဲ့ ရွာပတ်လမ်းပေါ်မှာတော့ လူသုံးယောက်က အတွေးကိုယ်စီနဲ့ လမ်းလျောက်နေခဲ့ကြတယ်။
“ ဒီရွာကလူတွေ စကားပြောတာ အတော်ရင့်တာပဲနော်ဆရာ”
“ သူတို့ အခုလိုဖြစ်နေတဲ့ အကြောင်းအရင်းကလဲ ရှိနေတာကိုး… ဒါကြောင့် စောစီးစွာအပြစ်မတင်ပါနဲ့ဦး”
“ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဆရာရယ်… ပြေပြေလည်လည်ပြောလို့ရနေဝာာကို”
“ မောင်ကောင်း…”
“ ဗျာ ဆရာ”
“ ရွာကနေထွက်လာတဲ့အချိန် ပစ္စည်းအဟောင်းတွေ သယ်လာတဲ့ လူတစ်ယောက်ကိုတွေ့လား”
“ တွေ့တော့တွေ့လိုက်ပေမယ့် သေချာတော့ သတိမထားမိဘူးဆရာ”
“ ခွန်းလှရော သတိထားမိလား”
“ သူ့ခြင်းတောင်းထဲက ပစ္စည်းတွေကိုတော့ ကြည့်လိုက်မိတယ်… လူကိုတော့ သတိမထားမိဘူးဆရာ”
“ အင်း… အဲကိစ္စအသာထားပါ… အခုလောလောဆယ် ရှေ့က အကြော်တဲအပျက်မှာ နားကြရအောင်”
ထန်းလက်တွေနဲ့ ဖြစ်သလိုဆောက်ထားတဲ့ အကြော်တဲအပျက်ထဲမှာတော့ မီးမွှေးထားတဲ့ ပြာမှုန်အချို့ရယ် အချိန်အတန်ကြာ မရှင်းလင်းထားတဲ့ ဖုန်နဲ့အမှိုက်တွေက ထိုင်စရာနေရာမရှိအောင် ညစ်ပတ်နေခဲ့တယ်။
မောင်ကောင်းနဲ့ ခွန်းလှလဲ အနားမှာရှိတဲ့ သစ်ကိုင်း တစ်ခုကိုချိုးယူကာ အကြော်တဲကိုသန့်ရှင်းရေး လုပ်လိုက်ပြီးချိန်မှာတော့ လူသုံးယောက် ထိုင်လို့ရတဲ့ အခြေအနေကို‌ရောက်လာခဲ့တယ်။
အဲဒီအချိန် နေက အနောက်ဘက်တောင်တန်းတွေ ပေါ်ကိုမေးတင်နေပြီဖြစ်တဲ့အပြင် အိပ်တန်းကို ပျံလာကြတဲ့ ငှက်မျိုးစုံတို့ရဲ့အသံကိုလဲ ကြားလိုက်ရတယ်။
– – – – – – – – –
“ ကွတ်ခရူး ကွတ်ခရူး…”
“ ကွတ် ကွတ် ကွတ်”
ဟောင်း‌နွမ်းဆွေးမြေ့နေတဲ့ ဇရပ်အိုကြီးရဲ့ ခေါင်မိုးကြားထဲမှာ အော်ညဉ်းနေကြတဲ့ ခိုသံတွေက မသိရင် နာနာဘာ၀တစ်ကောင် နာကျင်စွာညဉ်းတွားနေသလို။
ဇရပ်ထဲမှာတော့ လူခြောက်ယောက်ခန့် အထုပ်ကိုယ်စီနဲ့ရှိနေပြီး ဇရပ်ဘေးမှာတော့ ချက်ပြုတ်ထားတဲ့ ထမင်းနဲ့ဟင်းက အငွေ့တထောင်းထောင်းထနေခဲ့တယ်။
“ မောင်မဲ တစ်ယောက်ပြန်မလာသေးဘူးလား”
“ မရောက်သေးဘူးဆရာ… ခဏနေတော့ ရောက်လောက်မယ်ထင်တယ်”
ဖိနပ်ချုပ်တဲ့ခုံကိုခေါင်းတင်ပြီး အိပ်နေတဲ့လူရဲ့စကားကြောင့် ဇရပ်အပေါက်၀မှာ ဆေးလိပ်ထိုင်ဖွာနေတဲ့လူက ထိုင်ရာကနေ ထလိုက်ပြီး မှုန်ဝါးဝါးမြင်တွေ့နေရတဲ့ တောင်တန်း တစ်ခုကို ငေးကြည့်နေခဲ့တယ်။
မကြာခင် ခြင်းတောင်းနှစ်လုံးကို မနိုင်မနင်းသယ်ပြီး ပြန်လာတဲ့ လူကိုအဝေးကနေ လှမ်းမြင်လိုက်ရတယ်။
“ စံခွားနဲ့ ဆလိုင်း… ငမဲကိုဝိုင်းကူပေးလိုက်ကြဦး”
ဆေးလိပ်ဖွာနေတဲ့လူရဲ့စကားကြောင့် စံခွားနဲ့ ဆလိုင်းဆိုတဲ့သူက ဇရပ်အောက်ကို ဆင်းသွားပြီး ခြင်းတောင်းကို ကူသယ်ပေးလိုက်တယ်။
“ ငါ့လခွီး… မောလိုက်တာကွာ… ရေတစ်ခွက်ပေးစမ်းပါဦး”
အသားမဲမဲနဲ့လူက သူ့ကိုကမ်းပေးတဲ့ ရေကို တစ်ကျိုက်ထဲမော့သောက်လိုက်ပြီး
“ ဘယ်အချိန် လုပ်ငန်းစကြမလဲ ဆုံးဖြတ်ပီးပီလား”
“ လကွယ်ရောက်ဖို့ သုံးရက်တောင်ကျန်သေးတာ ဆိုတော့ မနက်ဖြန်တစ်ရက် အချိန်ရသေးတယ်… ဒါနဲ့ ငါတို့စည်းလုံးလို့ရမယ့် လူတစ်ယောက်ရှာခိုင်း ထားတာ ရပီလား”
“ စံခွားပြောတော့ ရပြီဆို… ဟေ့ စံခွား… မင်းဘယ်က ဘယ်လိုလဲ”
“ သူကတော့ လုပ်မယ်ပြောတာပဲ… မနက်ဖြန်ကျရင် သေချာသိရမှာပါ”
“ အေး… ရွာထဲ၀င်တာဆိုလို့ မင်းနဲ့ငါပဲရှိတာ… တစ်ခုခုလွဲလို့တော့မရဘူးနော်”
“ စိတ်ချပါ ကိုမဲကလဲ… ကျုပ်လူက ငွေရရင် အကုန်လုပ်ပါတယ်…”
“ ငမဲ… ရွာမှာ ဘာတွေထူးသေးလဲ”
“ ထူးတာကတော့ မျက်နှာစိမ်းတွေကို ရွာထဲအ၀င်မခံတော့တာပဲ… ငါပြန်လာတုန်း ကတောင် ဆေးဆရာသုံးယောက်ကို မောင်းထုတ် နေတာ မြင်ခဲ့ရတယ်”
“ ကောင်းတယ် ကောင်းတယ်… ဒါကိုသိလို့ လွန်ခဲ့တဲ့ သုံးလလောက်ထဲက မင်းတို့နှစ်ယောက်ကို ရွာထဲလွှတ်ထားတာ…”
ဘိုးအောင်ရဲ့စကားကြောင့် အသားမဲမဲနဲ့လူက မျက်လုံးကိုပင့်ကာကြည့်လိုက်ပြီး
“ အဲဒီကိစ္စတွေအသာထား ငါဗိုက်ဆာနေပြီ ထမင်းစားကြရအောင်”
“ မင်းမလဲ အစားနဲ့ပတ်သတ်ရင် ဟန်တောင်မဆောင်နိုင်ဘူး… ကဲကဲ အားလုံးထမင်းစားကြမယ်ဟေ့”
ဘိုးအောင်ရဲ့စကားကြောင့် အိပ်နေတဲ့သူတွေ ထလာပြီး ချက်ထားတဲ့ထမင်းနဲ့ဟင်းကိုယူကာ ဝိုင်းဖွဲ့စားသောက်ခဲ့ကြတယ်။
ဘိုးအောင်နဲ့ မောင်မဲက ညီအစ်ကို တစ်၀မ်းကွဲ တော်ပြီး ဘိုးအောင်က အစီအရင်ပိုင်းမှာ ကျွမ်းကျင်သလို မောင်မဲက လမ်းကြောင်းရှာတဲ့ နေရာမှာ ကျွမ်းကျင်တဲ့သူတွေဖြစ်တယ်။ သူတို့အဖွဲ့ထဲမှာပါတဲ့သူတွေကလဲ အကြောက်အလန့်မရှိ အကြမ်းပတမ်းခံတဲ့သူတွေ ဖြစ်တာမို့ အခုချိန်ထိ မအောင်မြင်တဲ့ကိစ္စဆိုတာ မရှိခဲ့ကြတဲ့ဂိုဏ်းလဲဖြစ်တယ်။
သူတို့ဂိုဏ်းနာမည်ကိုတော့ “ နတ်သတ်ဂိုဏ်း”လို့ လူသိများကြတယ်။
– – – – – – – – –
“ စပါးဈေးက များတယ် ကြီးဒေါ်ရာ… နည်းနည်း လျော့ဦး… ကျွန်တော်က စပါးပေါ်တာနဲ့ ချက်ချင်းယူမှာနော်…”
ဆံပင်ကို သပ်ရပ်စွာဖီးထားပြီး ပိုက်ဆံအိတ်ကို ချိုင်းကြားညှပ်ထားတဲ့လူရဲ့စကားကြောင့် ရေနွေးကြမ်းငဲ့နေတဲ့ မိန်းမကြီးက သက်ပြင်းရှည် တစ်ချက်ချလိုက်ပြီး
“ လျော့ရင်လဲ နည်းနည်းပဲ လျော့လို့ရမယ် ငါ့တူ.. ဒီနှစ်က ‌စပါးအထွက်နှုန်းလဲနည်းတယ်လေ”
“ ဒေါ်ကြီးမေတင် …ကိုစံခွားကို နည်းနည်းထပ်လျော့ပေးလိုက်ပါ… ဒီအနီးတစ်ဝိုက်မှာ သူ့လောက် ဈေးကောင်းပေးတဲ့သူမရှိဘူးနော်”
ဘေးမှာရပ်နေတဲ့ ကျော်ထွေးက အနည်းငယ် စကားထောက်လိုက်တယ်။
“ အေးပါ အေးပါ… အခုမှ အလုပ်စလုပ်မှာဆိုတော့ မိတ်ဖြစ်ဆွေဖြစ်လျော့ပေးလိုက်ပါမယ်…”
“ အဲလိုလုပ်ပါ ကြီးဒေါ်ရယ်… ဒီမှာ စရန်ငွေ… ပြည့်မပြည့် စစ်ကြည့်ဦး”
ဒေါ်မေတင်က ပိုက်ဆံအချို့ကို စစ်နေတဲ့အချိန် စံခွားက ရေနွေးကြမ်းကို မှုတ်သောက်လိုက်ပြီး
“ မနက်ဖြန်ကျရင် ကျွန်တော်သူငှေးက ဒီဘက်ကို ရောက်မယ်ပြောတယ်… သူတို့က ကြီးဒေါ် စပါးခင်းကိုကြည့်ပြီး သဘောကျရင် အကုန်ဖြတ်ချင်ဖြတ်မှာနော်”
“ ဟေ ဟုတ်လား…”
“ ဟုတ်တာပေါ့ဗျ… သူတို့လာရင်တော့ ဒီမှာတစ်ညလောက်တည်းမှရမှာဆို‌တော့ အဆင်ပြေပါ့မလား”
“ အမလေး… မောင်စံခွားရယ်… မင်းက ငါတို့ရွာကို ၀င်ထွက်နေတာ အခုမှမဟုတ်တာ .. တည်းရင် ငါ့အိမ်မှာပဲနေ…”
“ ကျေးဇူးတင်ပါတယ် ကြီးဒေါ်ရေ… ဒါဆို ကျွန်တော် ပြန်လိုက်ဦးမယ်”
“ အေးအေး… ကောင်းကောင်းသွားဦး”
စံခွားက ရွာပြင်ရောက်တာနဲ့ ကျော်ထွေးကို ငွေတစ်ထပ်ကမ်းပေးလိုက်ပြီး
“ ငါပြောထားတာမမေ့နဲ့နော် …”
“ မမေ့ပါဘူး စိတ်ချပါဗျ… မနက်ဖြန် တစ်ရွာလုံးမှာရှိတဲ့ အိမ်အောက်ကမြေကြီးတွေ စုထားပေးပါ့မယ်…”
“ အေးအေး… ငါတို့အလုပ်အောင်မြင်ရင် မင်းမြို့ပေါ်တက်ပြီး သူဌေးလုပ်လို့ရအောင် စီစဉ်ပေးမယ်”
စံခွားစကားကြောင့် ကျော်ထွေး မျက်နှာ မှိုရသလို ၀င်းလက်သွားပြီး မျက်လုံးထဲကနေ အရောင်တွေလက်လာသလိုပါဖြစ်လာခဲ့တယ်။
– – – – – – – – –
“ ဂလုန်း ၀ရုန်း… ၀ရော ၀ရော”
အနောက်ဘက်တောင်ကြောကနေ ထွက်လာတဲ့ အသံကြောင့် အကြော်တဲမှာရှိနေကြတဲ့ အောင်မြတ်သာတို့ဆရာတပည့်တွေ ခေါင်းကိုငဲ့ကာ ကြည့်လိုက်ကြတယ်။
“ အသံက တော်လဲသံလိုလို မိုးခြိမ်းသံလိုလိုပါလား.. သူတို့တွေ နေရာပြောင်းဖို့ ပြင်ဆင်နေကြပီ ထင်တယ်”
“ ခွန်းလှပြောတာဖြစ်နိုင်တယ်… သဘက်ခါက လကွယ်နေ့ဆိုဝောာ့ ငါ့စိတ်ထင် အဲဒီနေ့ညပဲ ပြောင်းရွှေ့ကြမယ်လို့ တွေးမိတယ်”
“ ဟိုလူတွေကလဲ လကွယ်နေ့ညမှာပဲ လှုပ်ရှားမယ်လို့ ထင်လားဆရာ”
“ မဖြစ်နိုင်ဘူး မောင်ကောင်း… ဝါရင့်သိုက်ဆရာ အများစုက သိုက်မပြောင်းခင် တစ်ရက်မှာပဲ လုပ်ငန်းစကြတယ်… ငါ့အထင်ပြောရရင် မနက်ဖြန်ညသန်းခေါင်အချိန် သူတို့လှုပ်ရှားလိမ့်မယ်”
အောင်မြတ်သာတို့ စကားပြောနေတဲ့အချိန် ရွာထဲကနေ မီးတုတ်တွေကိုင်ပြီး ထွက်လာကြတဲ့ လူအချို့ကို လှမ်းမြင်လိုက်ရတယ်။
လူအုပ်ကြီးက ရွာပတ်လမ်းအတိုင်း လျောက်လာခဲ့ပြီး အောင်မြတ်သာတို့နေတဲ့ တဲအရှေ့ကိုရောက်တော့ ဆက်မသွားတော့ပဲ မသင်္ကာတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။
“ ဦးကျွဲကြီး… ဒီကောင်တွေကို ကျွန်တော် မသင်္ကာဘူး… သူတို့ပုံစံကြည့်ရတာ သိုက်တူးမယ့် သူတွေနဲ့တူနေတယ်”
အရပ်မြင့်မြင့်လူတစ်ယောက်ရဲ့ စကားကြောင့် ကျွဲတစ်ကောင်လို ဗလတောင့်တဲ့ လူကြီးက လက်ထဲက မီးတုတ်နဲ့ အကြော်တဲထဲကို ဝေ့ကြည့်လိုက်ပြီး
“ သူတို့ အိတ်တွေထဲရှာကြည့်စမ်း…”
ရွာသားတွေလဲ အောင်မြတ်သာတို့ လွယ်အိတ်တွေကို သွန်မှောက်ချလိုက်ရာ အင်းစမရေးဆွဲရာမှာသုံးတဲ့ ခဲတံ၊ မိုင်းကိုင်စက္ကူ၊ ပေတံတွေအပြင် ရေးဆွဲထားပြီဖြစ်တဲ့ အင်းချုပ်အချို့ ထွက်လာခဲ့တယ်။
“ ဟာ… ဒီကောင်တွေ သိုက်ဆရာတွေပဲ… အကုန်လုံး ရွာထဲခေါ်လာခဲ့စမ်း”
ကိုကျွဲကြီးစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှက ထိုင်နေရာကထပြီး စကားပြောဖို့ပြင်လိုက်ပေမယ့် အောင်မြတ်သာက ပြန်ထိုင်ဖို့ သတိပေးလိုက်တာကြောင့် ဘာမှမပြောတော့ပဲ ငြိမ်နေလိုက်ကြတယ်။
မကြာမီအချိန်အတွင်း လက်ပြန်ကြိုးတုပ်ကာ ရွာထဲကို၀င်လာတဲ့ အောင်မြတ်သာတို့ကို ရွာသူ ရွာသားတွေက ရွံရှာတဲ့မျက်လုံးတွေနဲ့ ကြည့်နေကြပြီး အချို့ဆို ကြမ်းတမ်းတဲ့စကားတွေ သုံးကာဆဲဆိုမောင်းထုတ်နေတာကိုလဲ မြင်တွေ့လိုက်ရတယ်။
“ ဟေ့ကောင်တွေ ထိုင်စမ်း… မင်းတို့နဲ့ ယောဂီ၀တ်စုံက တူလို့တန်လို့လား ဟမ်း”
ကာလသားခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူက အောင်မြတ်သာတို့ကို ရွာအလယ်ကွင်းပြင်မှာ ထိုင်ခိုင်းပြီး မာန်မဲနေခဲ့တယ်။ မကြာခင် အသက်၇၀ အရွယ်ခန့်ရှိတဲ့ လူကြီးတစ်ယောက် ရောက်လာပြီး ဖြူဖွေးစပြုနေတဲ့ မျက်ခုံးနှစ်ဖက်ကို ကျုံ့ကာ
“ မင်းတို့က ဘယ်ကနေ လာကြတာလဲ..”
“ ညောင်စောင်းရွာကနေ ဒီဘက်ကို ထွက်လာကြတာပါ အဖိုး”လို့ ခွန်းလှက လျှင်မြန်စွာ ဖြေလိုက်တယ်။
“ ဒီရွာကို လာတဲ့အကြောင်းအရင်းက ဘာများရှိလို့လဲကွယ့်”
အဖိုးအိုရဲ့စကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှက အောင်မြတ်သာကို လှမ်းကြည့်ကာ ဘာပြောရမလဲဆိုတဲ့ မျက်နှာထားလုပ်ပြလိုက်တယ်။
“ ကျွန်တော်တို့က အနောက်ဘက်တောင်ကြောမှာ ရှိတဲ့ သိုက်ပစ္စည်းတွေကို မသမာသူတွေ လက်ထဲ မရောက်အောင် ကူညီဖို့လာခဲ့တာပါ”
“ ဒီကောင်တွေ မျက်နှာပြောင်တိုက်လှချည်လား… ဖိုးလေး… သူတို့စကားကိုမယုံနဲ့”
“ မောင်ရန်ပိုင် ခဏလေးနေပါဦး… စိတ်ကိုလျော့ထား”
“ဟင်း… မင်းတို့နော်…”
ရန်ပိုင်ဆိုတဲ့လူက သူတို့ကို ရွာအ၀င်မှာ မောင်းထုတ်ခဲ့တဲ့သူဆိုတာ အောင်မြတ်သာတို့ သတိထားမိလိုက်တယ်။
“ လူလေးတို့ ဘာလို့လိမ်ပြောရတာလဲ…”
“ အဖိုးက ကျွန်တော်တို့ကို လိမ်တယ်လို့ ဘာကြောင့် ထင်ရတာလဲ”
အဖိုးအိုက စုတ်တစ်ချက်သပ်လိုက်ပြီး လွယ်အိတ်တွေထဲက ရှာတွေ့ထားတဲ့ အင်းချပ်တွေအပြင် သိမ်၀င်သပိတ်ကွဲအစ၊ သိမ်၀င်အိပ်ချည်လုံးတွေကို အနားမှာရှိတဲ့ စားပွဲပေါ်ကို သွန်ချလိုက်တယ်။
“ လူလေးတို့က လူကောင်းပဲဖြစ်ဖြစ် လူဆိုးပဲဖြစ်ဖြစ် ဒီရက်ပိုင်းအတွင်းမှာတော့ ခေတ္တ ထိန်းသိမ်းထားရလိမ့်မယ်…”
“ ကောင်းပါပြီ… အဖိုးတို့ရဲ့ ဆန္ဒက ဒီလိုရှိတယ်ဆိုတော့လဲ ကျွန်တော်တို့ ဘာမှမပြောလိုပါဘူး… ဒါပေမယ့် တကယ့် မသမာသူတွေက မနက်ဖြန် ညသန်းခေါင်အချိန်မှာ လှုပ်ရှားနိုင်တယ်… အဖိုးတို့သတိထားရအောင် ပြောပြတာပါ”
“ သတိပေးတာ ကျေးဇူးတင်ပါတယ်… မောင်ကျွဲရေ ဒီလူတွေကို စားစရာနဲ့ သောက်ဖို့ရေတွေ စီစဉ်ပေးလိုက်ဦး”
“ ဟုတ်ကဲ့ ဖိုးလေး… ဒါနဲ့ သူတို့ကို ဒီလိုပဲကြိုးတုပ်ထားရမှာလား”
“ ကြိုးတော့မတုပ်ထားပါနဲ့ ထိပ်တုံးထဲထည့်ပီးတာနဲ့ ဖြေပေးလိုက်ကြ”
ရွာသားတွေက အောင်မြတ်သာတို့ကို မ‌ကြည်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြပေမယ့် အဖိုးအိုရဲ့ စကားကိုမလွန်ဆန်နိုင်တာကြောင့် ထိပ်တုံးထဲထည့်ပြီးတာနဲ့ ချည်ထားတဲ့ ကြိုးတွေကို ဖြေပေးလိုက်ကြတယ်။
– – – – – – – – –
ညက တစ်ဖြေးဖြေး နက်လာတာနဲ့အမျှ ခြင်တွေရဲ့ ကိုက်ခဲမှုကလဲ ပိုများလာခဲ့တယ်။
မောင်ကောင်းနဲ့ ခွန်းလှကတော့ နားဘေးမှာ တဝီဝီအော်နေတဲ့ ခြင်တွေကို လက်နဲ့ပုတ်ကာ မောင်းထုတ်နေပေမယ့် ‌အောင်မြတ်သာကတော့ မျက်လုံးနှစ်ဖက်ကိုပိတ်ကာ ငြိမ်သက်စွာထိုင်နေခဲ့တယ်။
မလှမ်းမကမ်းမှာတော့ မီးပုံဖိုကာ စကားထိုင်ပြောနေကြတဲ့ ရွာခံလူအချို့ရှိနေပြီး မကြာခဏဆိုသလို အောင်မြတ်သာတို့ရှိတဲ့နေရာကို လှမ်းကြည့်နေခဲ့ကြတယ်။
“ သိုက်တူးဆရာတွေ… အိပ်နေပြီလား”
လေးပင်တဲ့အသံနဲ့အတူ လူတစ်ယောက် အနားကို ကပ်လာခဲ့တယ်။
“ မင်းတို့ကောင်တွေ ဒီလို သိုက်တူးတဲ့အလုပ်ကို လုပ်နေတာကြာပီလား… အေ့”
ထောင်းခနဲထွက်လာတဲ့ အရက်နံ့ကြောင့် မောင်ကောင်းက ခေါင်းမော့ကြည့်လိုက်ပြီး
“ ဟေ့လူ မူးနေရင်လဲ အေးဆေးနေပါဗျာ… ကျုပ်တို့ကို ခင်ဗျားတို့ ဖမ်းထားပြီးပြီပဲ၊ ဒီလောက်ဆို လုံလောက်ပြီမဟုတ်လား”
“ အောင်မာ မင်းလို သိုက်တူးသမားကများ ငါ့ကို လေသံမာမာနဲ့ ပြောရတယ်လို့… ငါ လုပ်လိုက်ရ”
လက်ကိုရွယ်လိုက်တဲ့အချိန် မီးဖိုဘေးမှာ ထိုင်နေတဲ့ သူတွေထလာပြီး
“ ဟေ့ကောင် ကျော်ထွေး… မူးနေရင် အေးဆေး နေစမ်းပါဟ… ဖိုးလေးက ငါတို့ကို အရက်မသောက်ရဘူးမှာထားတာ မင်းလုပ်လို့ အကုန်ပေါ်ကုန်မယ်” လို့ပြောကာ ပြန်ဆွဲခေါ်သွားခဲ့တယ်။
မောင်ကောင်းနဲ့ ခွန်းလှကတော့ အံကိုကြိတ်ပြီး ဒေါသထွက်နေပေမယ့် အောင်မြတ်သာကတော့ လှုပ်တောင်မလှုပ်ပဲ ငြိမ်သက်နေခဲ့တယ်။ ညတစ်ချက်တီးအချိန်လောက်ရောက်တော့
“ မောင်ကောင်း… ခွန်းလှ အိပ်နေကြပီလား”
“ မအိပ်သေးပါဘူးဆရာ… ဘာဖြစ်လို့လဲ”
“ မင်းတို့စိတ်ထဲ ဘာလို့အဖမ်းခံရတာလဲဆိုပြီး တွေးနေကြတယ်မဟုတ်လား”
“ အဲဒါကတော့….”
“ ငါတို့ ဒီလိုအဖမ်းမခံရင် ရွာထဲကို ၀င်လို့မရသလို ‌အနောက်ဘက်တောင်ကြောပေါ်ကိုလဲ တက်လို့ရမှာ မဟုတ်ဘူး”
“ ဗျာ… ဘာဖြစ်လို့တက်မရတာလဲဆရာ”
“ ဘာလို့လဲဆိုတော့ တောင်ပေါ်ကို တက်တဲ့လမ်းက ဒီရွာထဲမှာပဲရှိနေလို့ပဲ… မသမာသူတွေဘက်က ကြည့်မယ်ဆိုရင် ငါတို့အဖမ်းခံထားရတာကြောင့် သူတို့ကို စောင့်ကြည့်မယ့်သူမရှိလောက်ဘူးဆိုတဲ့ အတွေး၀င်သွားလိမ့်မယ်…”
“ ဒါဆို ကျွန်တော်တို့ ဘယ်အချိန်ထိ ဒီထဲမှာနေရမှာလဲ”
“ မနက်ဖြန် ညသန်းခေါင်အထိတော့ သည်းခံပေးကြ.. သန်းခေါင်ကျော်တာနဲ့ ဒီထဲကနေ ထွက်ပြီး တောင်ပေါ်တက်ကြတာပေါ့၊ အခုလောလောဆယ် ဒီဆေးလေးစားထားလိုက်”
အောင်မြတ်သာက အင်္ကျီအတွင်းအိတ်ကပ်ထဲကနေ နှာချေဆေးဘူးလောက်ရှိတဲ့ ဖန်ပုလင်းတစ်ခုကို ထုတ်လိုက်ပြီး အထဲမှာပါတဲ့ ပြာအချို့ကို မီးခြစ်ဆံအလုံးပမဏခန့်ထုတ်ယူပြီး လက်ပေါ်တင်ပေးလိုက်တယ်။
မောင်ကောင်းနဲ့ ခွန်းလှလဲ ပြာမှုန်တွေကို အစနပင်မကျန်အောင် ယက်ချလိုက်ရာ လည်ချောင်းတစ်လျောက် ဖိန်းခနဲ ရှိန်းခနဲဖြစ်သွားပြီး အားအင်တွေတစ်မဟုတ်ချင်း ပြည့်ဖြိုးလာသလို ခံစားလိုက်ရတယ်။
“ ဒီဆေးပြာကိုစားထားတာကြောင့် သုံးလေးရက်လောက်အထိ အဆာခံနိုင်လိမ့်မယ်…အခုတော့ အိပ်ရေး၀အောင် အိပ်ထားကြ”
“ ဟုတ်ကဲ့ပါဆရာ.. ကျွန်တော်တို့ ကောင်းကောင်း အနားယူလိုက်ပါမယ်”
မောင်ကောင်းတို့လဲ ထိပ်တုံးခတ်ထားတဲ့အတိုင်းပဲ လှဲချကာ အနားယူနေခဲ့လိုက်တယ်။
– – – – – – – – –
“ ကြီးဒေါ်… ဒါက ကျွန်တော်ဦးလေး ဘိုးအောင်တဲ့… ဦးလေး ဒါက ကျွန်တော် စပါး၀ယ်ဖို့ပြောထားတဲ့ ဒေါ်မေတင်ပါ”
“ တွေ့ရတာ ၀မ်းသာပါတယ်ဗျာ… ကျုပ်ကလဲ အခြားရွာတွေဘက် လှည့်ပတ်သွားနေတော့ ဒီဘက်ကိစ္စတွေကို ကျုပ်တူကိုပဲအပ်ထားရတာ… ဒီနှစ်သာ အဆင်ပြေမယ်ဆိုရင် နောက်နှစ်တွေလဲ ထွက်သမျှ စပါးအကုန်ဖြတ်ပေးပါ့မယ်”
“ အဲလိုဆိုကောင်းတာပေါ့… အဒေါ်ဘက်ကလဲ ဈေးကိုအတတ်နိုင်ဆုံးလျော့ပေါ့ပေးပါ့မယ်… ဟဲ့ ကျော်ထွေး ဧည့်သည်တွေ ဒီမှာအိပ်မယ်ဆိုတဲ့ အကြောင်း ရွာလူကြီးတွေကို အကြောင်းကြား ပြီးပြီလား”
“ ကိုစံခွားက ဒေါ်ကြီးအိမ်မလာခင်ထဲက ပြောခဲ့ပီးပါပြီ…”
“ အေးကွယ်… မနေ့ညက‌ပဲ သိုက်တူးမယ့်ဆရာတွေ ဆိုလား ဖမ်းမိတယ်ဆိုလို့ ရင်ထဲ တထိတ်ထိတ်ဖြစ်နေတာ”
ဒေါ်မေတင်စကားကြောင့် စံခွားနဲ့ ဘိုးအောင်က တစ်ယောက်မျက်နှာတစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီး
“ အနောက်ဘက်တောင်ကြောမှာ သိုက်ပြောင်းမယ်ဆိုတဲ့ကိစ္စကြောင့် ရောက်လာတာ ထင်ပါတယ်…”
“ ဟုတ်တယ် ဟုတ်တယ်… အဲဒီတောင်ကြောမှာရှိတဲ့သိုက်က အတော်ကြီးကြီးဆိုပဲ… အဒေါ်တို့ ငယ်ငယ်တုန်းကဆို ရွာမှာ ပွဲလမ်းသဘင်တွေရှိရင် တောင်ပေါ်မှာ လက်၀တ်လက်စားတွေ သွားငှားကြတာ… နောက်ပိုင်း လူတွေက အစစ်ကို အတုနဲ့လဲကြ… ကတိတွေဖောက်ဖျက်ကြ တာကြောင့် သူတို့လဲ ဘာမှကိုမပေးတော့တာ”
“ ကျွန်တော်တို့က ဒါမျိုးအခုမှ ကြားဖူးတာ… အတော်ထူးဆန်းတာပဲနော်”
“ ဒီထက်ထူးဆန်းတာက အဲဒီသိုက်ထဲမှာ ရတနာတွေကို ရာ၀င်အိုးကြီးတွေနဲ့အပြည့်ထည့်ထားတာတဲ့၊မရှိဘူးဆို အလုံးပေါင်းရာနဲ့ချီမယ်ပြောတယ်”
“ ဟင်… ကြီးဒေါ်က ဘယ်လိုသိတာလဲ”
“ ငါမြင်တာတော့ မဟုတ်ဘူးပေါ့အေ… ငါတို့ငယ်ငယ်တုန်းက အဲဒီသိုက်ကနေ လူ၀င်စားတဲ့ ကောင်လေးတစ်ယောက်ပြောပြတာ… သူဆို သိုက်ထဲမှာနေရင် စိန်တွေ ပတ္တမြားတွေကို ဂေါ်လီလိုပစ်ပြီးဆော့တာတဲ့… အခုတော့ သူလဲ မရှိတော့ပါဘူး…”
“ သူက ဘယ်ရောက်သွားလို့လဲဗျ”
“ အဒေါ်တို့အသက်၉နှစ်လောက်မှာ သူရေနစ်ပြီး ဆုံးသွားတယ်… လူကြီးတွေပြောတာကတော့ သိုက်က ပြန်ခေါ်သွားတယ်ဆိုပဲ”
စံခွားနဲ့ ဘိုးအောင်တို့လဲ ဒေါ်မေတင်ဆီကနေ စကားတွေနှိုက်ယူရင်း တစ်နေ့တာကို ကျော်ဖြတ်ခဲ့ကြတယ်။ ညနေ နေ၀င်ရီတရော အချိန်ရောက်တော့ ကျော်ထွေးတစ်ယောက် မယောင်မလည်နဲ့ရောက်လာပြီး အိတ်တစ်လုံး လာကမ်းပေးသွားခဲ့တယ်။
– – – – – – – – –
ညသန်းခေါင် လူကြီးခေါင်းချချိန်….
ဒေါ်မေတင်အိမ်အနောက် မြေကွက်လပ်မှာ လူနှစ်ယောက်က မြေကြီးတွေကိုစုပုံထားပြီး ဘေးနားမှာတော့ အင်းဖယောင်းတိုင် ငါးတိုင်ထွန်းထားခဲ့တယ်။
“ စံခွား… ဒီမြေကြီးတွေက အကုန်စုံတယ်ဆိုတာ သေချာတယ်နော်”
“ သေချာပါတယ်… ကျော်ထွေးကိုယ်တိုင် ရွာမှာရှိတဲ့ အိမ်အကုန်လုံးစီသွားပြီး လိုက်စုထားတာ”
“ ငါကသေချာအောင်မေးတာ… ‌တစ်အိမ်တစ်လေ ကျန်ခဲ့ရင် ငါတို့အလုပ် အနှောက်အယှက်ဖြစ်ပီပဲ”
“ စိတ်ချစမ်းပါဗျာ… တစ်ရွာလုံး ဘယ်သူမှမကျန်စေရဘူး”
စံခွားစကားကြောင့် ဘိုးအောင်က မြေကြီး‌ကိုလက်ညိုးနဲ့ထိုးပြီး ဂါထာတစ်ပုဒ်ကို အဆက်မပြတ်ရွတ်ဖတ်နေခဲ့တယ်။ ဂါထာတစ်ခေါက်ပြီးလေ ရွာမှာရှိတဲ့ အသံတွေ တိတ်ဆိတ်လေဖြစ်ကာ ကိုးခေါက်တိတိ ရွတ်ပီးချိန်‌မှာတော့ တစ်ရွာလုံး အပ်ကျသံပင်မကြားရအောင် ငြိမ်သက်သွားခဲ့တယ်။
“ စံခွား… မင်းက ကျန်တဲ့သူတွေကို သွားခေါ်… ငါက တောင်ပေါ်တက်တဲ့လမ်း၀မှာ စောင့်နေမယ်”
“ ကိုမဲကြီးရော … သူ့ကို မနက်ထဲကမတွေ့မိဘူး”
“ မဲကြီးက တောင်ပေါ်ကို မနက်ထဲက ရောက်နှင့်နေပြီ… စကားမများနဲ့ အရုဏ်မတက်ခင် ပြီးဖို့လိုတယ်”
ဘိုးအောင်စကားကြောင့် စံခွားလဲ ကမန်းကတမ်းပင် ရွာပြင်ကိုထွက်သွားပြီး အသင့်စောင့်နေကြတဲ့ အဖွဲ့သားတွေကို ‌ရွာထဲ ခေါ်သွင်းလာခဲ့လိုက်တယ်။
ရွာလယ်ကွင်းပြင်နားရောက်တော့ ထိပ်တုံးခတ်ခံထားရပြီး အိပ်မောကျနေတဲ့ သူတွေကို ခပ်ထေ့ထေ့မျက်နှာနဲ့ လှမ်းကြည့်ကာ တောင်ပေါ်တက်တဲ့ဘက်ကို ထွက်လာခဲ့ကြတယ်။
– – – – – – – – –
“ မောင်ကောင်း၊ ခွန်းလှ ဟိုလူတွေ သွားကြပြီ… ထတော့”
အောင်မြတ်သာရဲ့ ခပ်အုပ်အုပ်အသံကြောင့် အိပ်ချင်ယောင်ဆောင်နေတဲ့ မောင်ကောင်းတို့ ထထိုင်လိုက်ပြီး မလှမ်းမကမ်းမှာ တခေါခေါနဲ့ အိပ်မောကျနေတဲ့ ရွာသားတွေကို စိတ်ပျက်စွာ လှမ်းကြည့်လိုက်တယ်။
“ သူခိုးကို ဘဏ္ဍာစိုးခန့်တဲ့ကောင်တွေ… အခုတော့ တစ်ရွာလုံး အိပ်မွေ့ချခံထိပြီ”
မောင်ကောင်းက စိတ်ဆိုးတဲ့ဟန်နဲ့ ရေရွတ်လိုက်ရာ အောင်မြတ်သာက
“ သူတို့အိပ်မွေ့ချတဲ့ပညာက အတော်ကို ထိရောက်တာပဲ… ငါတို့တောင် အင်းမြိုအင်းသောက်ထားလို့ ဘာမှမဖြစ်တာ”လို့ပြောပြီး ထိပ်တုံးမှာ ခတ်ထားတဲ့ သော့ခလောက်ကို လက်နဲ့ဆွဲဖွင့်လိုက်ရာ ဂျောက်ဆို ပွင့်ထွက်သွားခဲ့တယ်။
“ အမလေး… အခုမှပဲ အကြောအချဉ်တွေ ပြေသွားတော့တယ်”
ခွန်းလှက လက်နှစ်ဖက်ကိုဆန့်ကာ အညောင်းဖြေလိုက်တဲ့အချိန် အောင်မြတ်သာက အင်းနှိုးဂါထာတစ်ပုဒ်ကို မျက်လုံးစုံမှိတ်ပြီး ရွတ်ဖတ်နေခဲ့တယ်။
အဲဒီအချိန် သစ်ရွက်လေတိုးသံလို တရွှီးရွှီးအသံတွေနဲ့အတူ အင်းစမချပ်တွေက ‌အောင်မြတ်သာရဲ့ လက်ဖဝါးပေါ်ကို ရောက်လာခဲ့တယ်။
“ လိုအပ်တာတွေတော့ စုံပြီ… တောင်ပေါ်တက်ကြရအောင်”
အောင်မြတ်သာတို့လဲ အမှောင်ထုကိုအားယူကာ အနောက်ဘက်တောင်ကြောဆီကို တရွေ့ရွေ့တက်လာခဲ့လိုက်တယ်။
– – – – – – – – –
ကန်တော့ပွဲ လေးပွဲကို အရပ်လေးမျက်နှာမှာ ထိုးထားပြီး အသင့်စောင့်နေတဲ့ မောင်မဲက ဘိုးအောင်တို့ကိုမြင်တော့ ၀မ်းသာအားရဖြစ်သွားပြီး
“ စကြတော့မလား… မီးတိုင်တွေတော့ စိုက်ထားပြီးပြီ”
“ ခဏလေး… အချိန်ကျသေးဘူး”
ဘိုးအောင်က ‌ကြယ်တွေစုံနေတဲ့ ကောင်းကင်ကို အတန်ကြာမော့ကြည့်နေပြီး ခုနှစ်စင်ကြယ်အမြှီးက ဓူဝံကြယ်နဲ့ တစ်တန်းထဲဖြစ်တဲ့အချိန်ရောက်တော့ ကန်တော့ပွဲမှာ စိုက်ထားတဲ့ ဖယောင်းတိုင်တွေကို မီးညှိခိုင်းလိုက်တယ်။
“ မင်းတို့မှာ ပစ္စည်းတွေအစုံပါတယ်မဟုတ်လား…”
“ ပါပါတယ်ဆရာ..”
“ အေး… စံခွားနဲ့ မောင်မဲက သိုက်အပြင်စည်းက အစောင့်တွေကို ထိန်းထား… ကျန်တဲ့သူတွေက ‌အခြားနှောက်ယှက်မှုတွေမ၀င်လာအောင် ထားကြ..”
ဘိုးအောင်က ပါလာတဲ့သူတွေကို တာ၀န်အသီးသီးပေးပြီး ဆေးအနီရောင်သုတ်ထားတဲ့ ကိုးပင်လိမ်ကြိမ်လုံးကို ယူကာ မြေကြီးကို တရွှမ်းရွှမ်းရိုက်ပြီး ဆင့်ခေါ်ပါလေရော။
“ ဒီတောင်ကြောမှာရှိတဲ့ သိုက်နန်းရှင်၊ သိုက်စောင့်အပေါင်းတို့ အထက်ဆရာတွေရဲ့အမိန့်၊
ငါဆရာ ဘိုးအောင်ရဲ့အမိန့်နဲ့ဆင့်ခေါ်လိုက်တယ်၊ ဤအမိန့်ကိုကြားတာနဲ့ စင်္ကြာ၀ဠာအပြင်မှာ ရှိနေရင်တောင် ချက်ချင်းအပြေးလာစေ” လို့ပြောပြီး ဘယ်ဘက်လက်မှာကိုင်ထားတဲ့ ဆေးနီအလုံးကို စည်းအပြင်ဘက်ကို ပစ်ပေါက်လိုက်တယ်ဆိုရင်ပဲ လူတစ်ရပ်ခန့်ရှိတဲ့ မီးတောက်ကြီးထွက်ပေါ်လာပြီး အထဲကနေ လူသေလောင်းလိုပုတ်ပွပွဖြစ်နေတဲ့အသားအရည်၊ ချိုင့်၀င်နေတဲ့မျက်လုံး၊ ရှည်လျားပြီးကော့တက် နေတဲ့အစွယ်ပါတဲ့ နာနာဘာ၀တစ်ကောင် ထွက်လာခဲ့တယ်။
“ ဟိတ် နင်က သိုက်စည်းအပြင်က အစောင့်ပဲ…”
စံခွားက လက်ထဲကိုင်ထားတဲ့ ချည်မန်းကွင်းနဲ့ပစ်ဖမ်းလိုက်ရာ အ‌ဆိုပါနာနာဘာ၀ရဲ့ လည်ပင်းမှာစွပ်နေပြီး မြေကြီးပေါ်မှာ လူးလိမ့်အော်ဟစ်ပါလေရော။
“ ထပ်လာစမ်း… နင်တို့က ငါ့အမိန့်ကို အာခံချင်တယ်ပေါ့ ဟမ်”
ဘိုးအောင်က ဆေးကြိမ်လုံးနဲ့ မြေကြီးကို ဖြောင်းခနဲမြည်အောင်ရိုက်ချလိုက်ရာ မီးဖွားတွေဖွာခနဲလွှင့်ထွက်လာပြီး ကျောက်စိုင်ကျောက်ခဲလိုမာကျောဖုထစ်နေတဲ့ အသားအရည်၊ ထန်းသီးလုံးအကင်းခန့်ရှိတဲ့ မျက်လုံးတွေနဲ့ နာနာဘာ၀သုံးကောင် ထွက်လာခဲ့တယ်။
ဒီတစ်ခါမှာလဲ မောင်မဲက ချည်မန်းကွင်းနဲ့ပစ်ဖမ်းပြီး တံစူးဝါးနဲ့ ဆောင့်ထိုးချလိုက်ရာ သုံးကောင်လုံး အသံနက်ကြီးနဲ့အော်ကာ လူးလိမ့်ကြပါလေရော။
ဘိုးအောင်ကလဲ သိုက်နန်းရှင်အစစ်ထွက်လာအောင် ခေါ်နေပေမယ့် အပြင်စည်း အတွင်းစည်းမှာရှိတဲ့ သိုက်စောင့်နာနာဘာ၀တွေသာထွက်လာတာကြောင့် စိတ်တိုလာပြီး ဆေးကြိမ်လုံးပေါ်မှာ အင်းချပ်ကိုးချပ်ကပ်ကာ လေထဲကို ရိုက်ချလိုက်တယ်ဆိုရင်ပဲ အသက်၁၀နှစ်အရွယ် ကလေးတစ်ယောက်ကိုလက်တွဲထားတဲ့ မိန်းမတစ်ယောက် ငိုမဲ့မဲ့နဲ့ထွက်လာခဲ့တယ်။
သူ့ရဲ့ခန္ဓာကိုယ်မှာတော့ မီးလောင်ထားတဲ့ဒဏ်ရာတွေလို အရည်ကြည်ဖုတွေထနေပြီး လှပချောမောတဲ့ မျက်နှာမှာလဲ မျက်ရည်စတွေ စိုစွတ်နေတာကိုမြင်တွေ့လိုက်ရတယ်။
ဘိုးအောင်လဲ အဆိုပါမိန်းကလေးကိုမြင်တော့ အရောင်ကိုးမျိုးနဲ့ကျစ်ထားတဲ့ ချည်မန်းကွင်းကို လေထဲပစ်လွှတ်လိုက်ရာ ဖြူဖွေးနုဖတ်နေတဲ့ လည်ပင်းမှာ ခပ်တင်းတင်းစွပ်မိသွားခဲ့တယ်။
“ နင်က သိုက်နန်းရှင်လား… ငါ့ကို ကလီကမာလုပ်ဖို့တော့ မကြိုးစားနဲ့နော်… လိမ်ရင် အင်းပတ်ထားတဲ့ဆေးကြိမ်လုံးစာမိမယ်”
ဘိုးအောင်က ကြိမ်လုံးကိုရွယ်ပြီးပြောလိုက်ရာ ချောမောလှပတဲ့မိန်းမငယ်က ငိုကြီးချက်မနဲ့ ထိုင်ချလိုက်ပြီး
“ ဟုတ်ပါတယ်… ကျွန်မက ဒီသိုက်ရဲ့ ပိုင်ရှင်ပါ… နှိပ်စက်တာတွေရပ်တန်းကရပ်လိုက်ပါတော့”
သိုက်နန်းရှင်မိန်းကလေးက ချည်မန်းကွင်းဒဏ်ကြောင့် လူးလိမ့်နေတဲ့ အပေါင်းအဖော်တွေကိုကြည့်ပြီး အသနားခံနေခဲ့တယ်။
“ အေး… နင်အပေါင်းအပါတွေကိုရော နင့်ကိုရော ပြန်လွှတ်စေချင်ရင် ရတနာအပြည့်ထည့်ထားတဲ့ ရာ၀င်အိုးတစ်လုံးယူလာပေး… ဒါဆိုရင် နင်တို့ကို ပြန်လွှတ်ပေးမယ်”
“ မမ… မောင်လေးတို့မှာ အများကြီးရှိနေတာပဲ… သူတို့ကိုတစ်ခုပေးလိုက်ပါလား… အဲလိုဆို မမလဲ မနာကျင်ရတော့ဘူးပေါ့… နောက်ပြီး ဟိုက အထိန်းတော်တွေလဲ ပြန်လွှတ်လာမှာ”
ရွှေခြေကျင်း၊ ရွှေလက်ကောက်တွေနဲ့
မင်းသားလေးတစ်ပါးလို ဆင်ယင်ထားတဲ့ ဆယ်ကျော်သက်လူငယ်လေးရဲ့စကားကြောင့် မိန်းမငယ်က သက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပြီး
“ ကျော်စံဗလ… ငါ့သိုက်နန်းထဲက စဉ့်အိုးတစ်လုံး ယူထုတ်လာခဲ့” လို့ပြောလိုက်ရာ အမှောင်ထုထဲက‌နေ လူကြီးတစ်ပိုက်စာရှိတဲ့ စဉ့်အိုးတစ်လုံးကို ထမ်းလာတဲ့ ခေါင်းပြတ်သရဲတစ်ကောင်ကို မြင်လိုက်ရတယ်။
“ နင်တို့ကိုငါမယုံဘူး… စဉ့်အိုးကိုဖွင့်ပြစမ်း”
ဘိုးအောင်က ကြိမ်လုံးကို ရွယ်ပြီးအမိန့်ပေးလိုက်ရာ မိန်းမပျိုလေးက ဖယောင်းတွေနဲ့မံထားတဲ့ အဖုံးကို လက်နဲ့ဆွဲလှန်လိုက်ရာ အထဲမှာ မျက်စိကြိမ်းမတတ်အရောင်တွေထွက်နေတဲ့ ရတနာပစ္စည်းမျိုးစုံကိုမြင်တွေ့လိုက်ရတယ်။
“ ဟားဟားဟား… အဲဒီအိုးကို စည်းထဲလိမ့်သွင်းလိုက်…”
“ မရဘူး… ငါ့လူတွေကို အရင်လွှတ်ပေးမှ ပေးမယ်”
“ စံခွားနဲ့ မောင်မဲ သူတို့ကိုလွှတ်ပေးလိုက်”
ဘိုးအောင်စကားကြောင့် စံခွားတို့လဲ လည်ပင်းမှာစွပ်ထားတဲ့ ချည်မန်းကွင်းတွေကို ဖြုတ်ပေးလိုက်ရာ သိုက်စောင့်နာနာဘာ၀တွေ အကုန်လွတ်သွားခဲ့တယ်။
“ နင်တို့ ဒီပစ္စည်းတွေကို စားထိုက်ပါစေ… မြိုထိုက်ပါစေ…နင်တို့ပညာကို မယှဉ်နိုင်လို့ အရှုံးပေးလိုက်ရပေမယ့် ဒီအကြွေးကို တစ်နေ့ပြန်ယူပြမယ်…တောက်စ်”
ချောမောလှပတဲ့သိုက်နန်းရှင်မိန်းကလေးရဲ့ မျက်နှာက ဒေါသကြောင့် နီရဲနေသလို ဆယ်နှစ်အရွယ်ကောင်လေးရဲ့ လက်သီးကလဲ ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့တယ်။
သူတို့အနောက်မှာတော့ ပုံစံအစုံ၊သဏ္ဍာန်အစုံ နာနာဘာ၀တွေကလဲ မီး၀င်း၀င်းတောက်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။
သာမန်လူတွေအဖို့ ဒီမြင်ကွင်းက သွေးပျက်ဖွယ် ကောင်းလှတယ်ဆိုပေမယ့် ဘိုးအောင်တို့အဖွဲ့ကတော့ အနည်းငယ်တောင် ထိတ်လန့်ဟန်မပြပဲ စဉ့်အိုးထဲကနေ တစ်စွန်းတစ်စ ထွက်နေတဲ့ ရတနာပစ္စည်းတွေကိုသာ ငေးကြည့်နေခဲ့ကြတယ်။
“ စံခွား … စဉ့်အိုးကိုစည်းထဲဆွဲယူလိုက်”
ဘိုးအောင်စကားကြောင့် စံခွားလဲ စဉ့်အိုးကို စည်းထဲဆွဲထည့်ဖို့အလုပ် ကန်တော့ပွဲတင်ထားတဲ့ ဇလုံက ဖောင်းခနဲထပေါက်ကာ ငှက်ပျောသီးတွေ အုန်းသီးတွေ စည်းအပြင်ကို လွင့်ထွက်ကုန်တယ်။
“ ဟင်… ဘာဖြစ်တာလဲ”
ဘိုးအောင်ရဲ့ အလန့်တကြားအော်သံ။
“ ဘယ်ကလူတွေရောက်လာတာလဲ… ဟေ့ကောင်တွေ ဟာကွာ စည်းကျိုးပီ”
“ အီးဟီးဟီး စည်းပေါက်ပီကွ…သတ်ကြဟေ့ ဖြတ်ကြဟေ့”
သိုက်စောင့်နာနာဘာ၀တွေရဲ့ ကြောက်မယ်ဖွယ် အော်သံကြောင့် ဘိုးအောင်တို့အဖွဲ့သားတွေလဲ
တောင်အောက်ကို ပြေးဆင်းပါလေရော။
ဒါပေမယ့် သူတို့ပြေးမယ့်လမ်းမှာ ပိတ်ထားတဲ့ လူသုံးယောက်ကြောင့် ခြေလှမ်းတွေရပ်ကုန်ကြတယ်။
“ နင် နင်တို့ လုပ်လိုက်တာမဟုတ်လား…စည်းပေါက်အောင် နင်တို့လုပ်လိုက်တာမဟုတ်လား”
ဘိုးအောင်က ကြမ်းတမ်းစွာအော်ဟစ်လိုက်ပြီး အနောက်ကိုလဲကျသွားတဲ့အချိန် တောင်ပေါ်တက်လာတဲ့လူသုံးယောက်ထဲက အလယ်မှာရပ်နေတဲ့လူက မြေကြီးပေါ် ကျနေတဲ့ ကန်တော့ပွဲအုန်းကို ကောက်ယူကာ ရှေ့ကိုတိုးလာခဲ့တယ်။
“ ငါတို့အလုပ်ကို၀င်ရှုပ်တဲ့ကောင်တွေ အသေသတ်ပစ်”
ဘိုးအောင်က ဒေါသတစ်ကြီးအော်ဟစ်လိုက်ရာ ဘေးမှာရှိနေတဲ့သူ့လူတွေက ခါးကြားထဲထိုးထားတဲ့ ဓါးမြှောင်ကိုထုတ်ပြီး လာထိုးပါလေရော။ ဒါပေမယ့် အနားမရောက်ခင်မှာပဲ ‌သစ်ပင်တွေပေါ်ကနေ လက်မဲမဲတွေထွက်လာပြီး ဂုတ်ကနေဆွဲတင်သွားခဲ့တယ်။
“ အား…. ဆရာ… ကယ်ပါဦး…”
ဘိုးအောင်လဲ သူ့အရှေ့မှာ ဖြစ်ပျက်နေတာတွေကို ကြောက်လန့်တကြားနဲ့ ကြည့်နေရာကနေ သတိပြန်၀င်လာပြီး လက်မောင်းမှာချည်ထားတဲ့ အဆောင်ကိုဖြုတ်ကာ ဝှေ့ယမ်းရင်း တောင်အောက်ကို ပြေးဆင်းပါလေရော။
စံခွားနဲ့ မောင်မဲတို့ကလဲ ဘိုးအောင်အနောက်ကနေ ဒရောသောပါး ပြေးဆင်းကြရာ တစ်ယောက်နဲ့ တစ်ယောက် တွန်းတိုက်ပြီး တောင်အောက်ကို လိမ့်ဆင်းသွားခဲ့တယ်။
မကြာမီအချိန်အတွင်း ၀မ်းခေါင်းသံနဲ့ ရယ်မောသံတွေနဲ့အတူ နာကျင်စွာအော်ဟစ်နေတဲ့ အသံတွေက တစ်ပြိုက်နက်ထဲထွက်ပေါ်လာခဲ့တယ်။
“ သင်တို့ဘာဖြစ်သွားကြသေးလဲ”
အောင်မြတ်သာစကားကြောင့် ဆံပင်ကို ခြေမျက်စိထိချထားတဲ့ မိန်းမပျိုက နှစ်လိုဖွယ်ပြုံးပြပြီး ထိုင်ကန်တော့ပါလေရော။
“ ဆရာတို့ကျေးဇူးကြောင့် ဘိုးဘေးဘီဘင်လက်ထက်ထဲက သိမ်းဆည်းခဲ့တဲ့ ရတနာတွေ မဆုံးရှုံးလိုက်ရတာ၊ ဒီအတွက် ဆရာတို့ကို ဘယ်လိုကျေးဇူးဆပ်ရမလဲပြောမတတ် တော့ပါဘူး”
“ သင်တို့သိုက်က ပုဂ္ဂလိကသိုက်ဖြစ်မယ်ထင်တယ်”
“ ဟုတ်ပါတယ်ဆရာ…”
“ ဒါကြောင့် သူတို့အတင့်ရဲပီး သိုက်လာတူးကြတာကိုး…”
“ တကယ်တော့ ကျွန်မတို့က ဒီပစ္စည်းတွေကို စွဲလမ်းတဲ့စိတ်ကြောင့် စောင့်နေရတာပါ”
“ သင်တို့က ဒီပစ္စည်းတွေကို နောင်ပွင့်မယ့်ဘုရားအတွက်ရည်စူးထားတာမဟုတ်တဲ့အတွက် သိုက်တူးတဲ့သူတွေ မျက်စိကျစရာဖြစ်ခဲ့တာပဲ”
“ ဆရာပြောတာမှန်ပါတယ်… ဒီပစ္စည်းတွေက ကျွန်မတို့မိဘတွေပိုင်တဲ့အရာတွေဖြစ်တာမို့ ဘယ်သူ့ကိုမှမပေးချင်တဲ့အတ္တမျိုးရှိခဲ့ပါတယ်၊ ဒါကြောင့် သိုက်ဆရာတွေရဲ့ အနိုင်ကျင့်မှုကို အမြဲတမ်းလိုလိုခံနေရတာပါ”
“ သင်တို့ပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်လို့ ကျုပ်အနေနဲ့ ဘယ်လိုလုပ်ပါဆိုပြီး မတိုက်တွန်းချင်ဘူး… တကယ်လို့သာ သင်တို့မောင်နှမသဘောအရ ဒီပစ္စည်းတွေကို နောင်ပွင့်မယ့်ဘုရားအတွက် ရည်စူးပြီးလှူမယ်ဆိုရင်တော့ ဘယ်သိုက်ဆရာကမှ သင်တို့ကို အနိုင်ကျင့်ရဲတော့မှာမဟုတ်ဘူး”
“ ကျွန်မတို့ဆုံးဖြတ်ပါရစေဆရာ… တကယ်လို့ ဆရာပြောတဲ့အတိုင်း လှူဖို့ဆုံးဖြတ်ပီးပီဆိုရင် ဒီနေရာကနေ ရွှေချည်ငွေချည်အမျှင်တန်း လွှတ်ပြပါ့မယ်”
“ သင်တို့ဆုံးဖြတ်ချက်ကို သာဓုခေါ်ဖို့ စောင့်နေပါ့မယ်”
အောင်မြတ်သာတို့လဲ သိုက်စောင့်မောင်နှစ်မကို နှုတ်ဆက်ပြီး တောင်အောက်ကိုပြန်ဆင်းလာခဲ့ ကြတယ်။ အဆင်းလမ်း တစ်လျောက်မှာတော့ စုတ်ပြဲနေတဲ့ အ၀တ်စအချို့ရယ်၊ သွေးစသွေးနအချို့ရယ်ကို လရောင်အောက်မှာ မြင်တွေ့လိုက်ကြရတယ်။
– – – – – – – – –
“ အောက် အီး အီး အွတ်”
အနားက သစ်ပင်ပေါ်ကနေ အော်မြည်နေတဲ့ ကြက်တွန်သံကြောင့် ရန်ပိုင်တစ်ယောက် အိပ်ပျော်နေရာကနေ နိုးလာခဲ့တယ်။
“ ဟင် မိုးတောင်လင်းနေပြီပဲ… ဟေ့ကောင်တွေ ထကြစမ်း”
“ ဟာ… မိုးတောင်အတော်လင်းနေပီပဲ”
ကင်းသမားတွေလဲ အိပ်နေရာကနေ လူးလဲထပြီးကြည့်လိုက်ရာ ထိပ်တုံးခတ်ခံထားရတဲ့သူတွေထဲက တစ်ယောက်က
“ ဟေ့လူတွေ ကျုပ်တို့ကိုရေလေးတိုက်ပါဦးဗျ… တစ်ညလုံးရေတောင်မသောက်ရဘူး” လို့အော်ပြောသံကိုကြားလိုက်ရတယ်။
“ ဒီကောင်တွေ ထိပ်တုံးထဲရောက်တာတောင် မျက်နှာကြောက မသေပါလား”
ရန်ပိုင်က စိတ်ထဲကနေ ရေရွတ်ရင်း သစ်ပင်အောက်မှာချထားတဲ့ရေအိုးကိုယူကာ ဘေးနားမှာချပေးကာ ထွက်လာခဲ့လိုက်တယ်။
မနက်နေထန်းတစ်ဖျားလောက်အရောက်မှာတော့ တောင်‌အဆင်းလမ်းမှာ လူခြောက်ယောက် ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးနေတယ်ဆိုတဲ့ သတင်းက ထုံးပအိုင်ရွာထဲကို ပျံ့နှံ့လာခဲ့တယ်။ အဲဒီလူတွေထဲမှာ ရွာကိုအမြဲတမ်းလာတတ်တဲ့သူ နှစ်ယောက်ပါနေတယ်ဆိုတာက ရွာသားတွေအတွက် ပိုပြီးစိတ်၀င်စားရာဖြစ်ခဲ့တယ်။
အောင်မြတ်သာကတော့ အဆိုပါသတင်းကိုကြားပြီး သက်ပြင်းတစ်ချက်ချလိုက်တာကို မောင်ကောင်း မြင်လိုက်ရတယ်။
“ ဆရာ— ”


“ ပြောလေ ခွန်းလှ”
“ ညက ကျွန်တော်တို့ စည်းဝိုင်းထဲ၀င်လိုက်ရုံနဲ့ အဲလောက်ထိဖြစ်သွားတာလား”
“ စည်းဆိုတာက အပြင်လူ၀င်ရင်လဲပျက်သလို အတွင်းလူအပြင်ထွက်ရင်လဲ ပျက်တတ်တယ်၊ သူတို့က ငါတို့ဖမ်းခံထိထားတယ်လို့ပဲ တွေးနေခဲ့တာကိုး”
ဆရာဖြစ်သူရဲ့စကားကြောင့်
ခွန်းလှရော မောင်ကောင်းပါ စဉ်းစားရကြပ်သွားခဲ့တယ်။ တကယ်ဆို ညကသူတို့ဘာမှမလုပ်ခဲ့ပဲ ပွဲကပြီးသွားတာကိုး။
အောင်မြတ်သာတို့လဲ ထိပ်တုံးထဲမှာပဲ နေရင်း ညသန်းခေါင်အချိန်ရောက်တော့ အနောက်ဘက် တောင်ကြောပေါ်ကနေ ရွှေရောင်ချည်မျှင်တန်းနဲ့ ငွေရောင်ချည်မျှင်တန်းနှစ်ခု ပြိုင်တူတက်လာတာကို မြင်တွေ့လိုက်ရတယ်။
“ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ဘုရားလှူလိုက်ပီပဲ.. သာဓု သာဓု သာဓု” လို့ရေရွတ်ကာ တောင်တန်းပေါ်ကိုငေးကြည့်နေခဲ့တယ်။
ညနှစ်ချက်တီးအချိန်အရောက်မှာတော့ အ‌နောက်ဘက်တောင်ကြောပေါ်မှာ
မီးရောင်စုံတန်းတွေ ရွှေ့လျားနေတာကို အောင်မြတ်သာတို့ရော ထုံးပအိုင်ရွာသားတွေရော မြင်တွေ့လိုက်ရတယ်။
ရွာသားတွေပြောတာကတော့ “ သိုက်ပြောင်းနေကြပီတဲ့”
– – – – – – – – –
“ ဟိတ်… ငဘိုးအောင်… စဉ့်အိုးကို သေချာထိန်းစမ်း… နည်းနည်းစောင်းတာနဲ့ နင်တော့အသေပဲ”
ဆူးကြိမ်လုံးကိုင်ထားတဲ့ လူနီကြီးက ရတနာအပြည့်ထည့်ထားတဲ့ စဉ့်အိုးကို ထိန်းရင်းလိုက်ပါလာတဲ့ ငဘိုးအောင်ကို ကြိမ်းမောင်းရင်း အနောက်ကနေ လိုက်ပါလာခဲ့တယ်။
သူ့အနောက်မှာတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ လူငါးယောက်က စဉ့်အိုးတစ်လုံးစီကို နေရာမရွေ့အောင်ထိန်းကျောင်းရင်း လိုက်ပါလာခဲ့တယ်။
သူတို့ဘေးမှာတော့ ကညင်တိုင်မီးတုတ်တွေကို လက်တစ်ဖက်မှာကိုင်ထားပြီး ဆူးကြိမ်လုံးတွေကိုင်ထားတဲ့ သိုက်စောင့်နာနာဘာ၀တွေက ခက်ထန်တဲ့မျက်နှာထားတွေနဲ့ ….။
– – – – – – – – –
အောင်မြတ်သာတို့လဲ ထုံးပအိုင်ရွာကနေ ဘယ်သူမှမသိအောင်ထွက်လာခဲ့ပြီးနောက် ငါးလောင်းပြိုင်သေဆုံးခဲ့တဲ့အိမ်တစ်လုံးကို မထင်မှတ်ပဲရောက်လာခဲ့တယ်။
အဲဒီသေဆုံးမှုရဲ့နောက်ကွယ်က ထိတ်လန့်ဖွယ်ဖြစ်ရပ်က ဘာများဖြစ်မလဲ။
သေဆုံးသူတွေက အိမ်ကို ဘာကြောင့် စွဲလမ်းပြီး ခြောက်လှန့်နေတာလဲ စတဲ့ အကြောင်းအရာတွေ ကိုတော့ “ အောင်မြတ်သာ၀တ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment