အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်

” အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင် ”

+++++++++++++++++++++++++++++++

အောင်မြတ်သာတို့ဆရာတပည့်တွေ ခရီးဆက်လာရင်း ထုံးကျောက်တောင်တွေ ထူထပ်စွာတည်ရှိနေတဲ့ ထုံးကျောက်ရွာဘက်ကို ရောက်လာခဲ့တယ်။ တောင်တွေက ရွာပတ်ပတ်လည်မှာနေရာယူထားတဲ့အတွက် ထုံးကျောက်ရွာက ဒယ်အိုးပုံစံလိုဖြစ်နေပြီး မိုးတွင်းကာလတွေဆိုရင် ရေကြီးမှုဒဏ်ကိုအမြဲတမ်းလိုလိုခံခဲ့ကြရတယ်။ ဒါကြောင့် ရွာမှာရှိတဲ့အိမ်တိုင်းအိမ်တိုင်းမှာ လက်လှော်လှေလေးတွေ ရှိတတ်ကြတယ်။
အောင်မြတ်သာတို့ရွာကိုရောက်တဲ့နေ့မှာပဲ တစ်ရွာလုံးလှုပ်လှုပ်ရှားရှားဖြစ်နေပြီး ပစ္စည်းတွေကိုသယ်ယူနေကြတာမြင်လိုက်ရတယ်။ လူတွေရဲ့မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေပေါ်လွင်နေတဲ့အတွက် အောင်မြတ်သာက ဘာအရေးကိစ္စများဖြစ်လဲဆိုပြီး မေးဖို့အလုပ် ရွာအရှေ့ဘက် တောင်ကြောကနေ မိုးခြိမ်းသံလိုအသံတွေ ထွက်လာခဲ့တယ်။
ရွာခံလူတွေကလဲ အသံကြားတာနဲ့ ကြောက်လန့်ကာ တုန်တုန်ရီရီဖြစ်နေတာမြင်တော့
“ ဒီမယ် ဒီမယ် ရွာမှာဘာအရေးကိစ္စများဖြစ်နေတာလဲ”
အောင်မြတ်သာစကားကြောင့် အပေါ်ပိုင်းဗလာကျင်းထားတဲ့လူက
“ ခင်ဗျားတို့က ခရီးသွားတွေထင်တယ်”
“ ဟုတ်ပါတယ် ကျုပ်တို့ကခရီးသွားတွေပါ၊ ဘာကိစ္စဖြစ်တာလဲပြောပေးပါဦး။ ကျုပ်တို့ကူညီနိုင်ရင် ကူညီပေးပါ့မယ်”
“ ဘာဖြစ်ရမလဲဗျာ ကျုပ်တို့ရွာက လူငယ်နှစ်ယောက်က အရှေ့တောင်ကြောမှာရှိတဲ့ကျောက်ဖားရုပ်နှစ်ရုပ်ကို နေရာရွေ့ခဲ့မိတယ်လေ”
“ ဆိုစမ်းပါဦး နေရာရွေ့တော့ ဘာဖြစ်မှာလဲဗျ”
“ နေရာရွေ့လိုက်တော့ တောင်ပေါ်မှာရှိတဲ့ အစောင့်တွေက ကျုပ်တို့တစ်ရွာလုံးကို ရေမြုပ်အောင်လုပ်ကြတော့မယ်လေ။ ဒီလိုနေရာရွေ့ခဲ့လို့ ကျုပ်တို့ဘေးကရွာဆိုလဲ တစ်ရွာလုံး မြေကြီးအောက် ရောက်ကုန်တာ”
ရွာခံလူရဲ့စကားကြောင့် အောင်မြတ်သာတို့သုံးယောက်လုံး ပါးစပ်အဟောင်းသားဖြစ်ကာ အံ့ဩသွားပြီးမှ ဟန်မပျက်နေလိုက်ကြပြီး –
“ ဒီရွာရဲ့ သူကြီးအိမ်ကဘယ်မှာလဲ ပြောပြပါလား”
“ သူကြီးလဲ အခုချိန်ဆိုရှိလောက်မယ်မထင်ဘူးဗျ၊ ရွာမျက်နှာဖုံးလူတွေက လှည်းတွေနွားတွေနဲ့မနေ့ထဲက ပြောင်းပြေးကြကုန်တာ၊ အခုဆို ကျုပ်တို့လို ဆင်းရဲသားနင်းပြားတွေပဲကျန်တော့တာ”
ရွာခံလူက စိတ်ပျက်စွာပြောဆိုပြီး လှည့်ထွက်ဖို့အလုပ် –
“ ခင်ဗျားတို့အခုဘယ်ကိုသွားကြမလို့လဲ”
“ ဒီလိုပဲ ခြေဦးတည့်ရာသွားရတော့မှာပေါ့၊ ဖြစ်လာပြီပဲ မတတ်နိုင်တော့ပါဘူးဗျာ”
“ ဟာဗျာ ခင်ဗျားတို့က သွားစရာမရှိနေစရာမရှိနဲ့ ဒုက္ခရောက်တော့မှာပဲ။ ဒီလိုလုပ် အခုရွာမှာကျန်တဲ့သူတွေအားလုံး ဘယ်မှမသွားကြနဲ့။ ခင်ဗျားတို့ရွာဘာမှမဖြစ်အောင် ကျုပ်တို့အစွမ်းကုန်ကူညီပေးမယ်”
အောင်မြတ်သာစကားကြောင့် ရွာခံလူက မယုံတဲ့မျက်လုံးနဲ့ကြည့်ပြီး –
“ မဖြစ်နိုင်တာဗျာ ၊ ဘယ်ကမှန်းမသိတဲ့လူရဲ့စကားကို ကျုပ်တို့နားမထောင်နိုင်ပါဘူး”
“ ဟင်း – ခင်ဗျားတို့နဲ့တော့ခက်ပြီ၊ လွန်ခဲ့တဲ့နှစ်ရက်က ခင်ဗျားမိန်းမမွေးထားတဲ့ကြက် ခိုးရောင်းပြီး ရတဲ့ပိုက်ဆံကိုဖဲရိုက်လိုက်တယ်မဟုတ်လား”
“ ဟင် ဒီကိစ္စကို ခင်ဗျားတို့ဘယ်လိုသိတာလဲ”
“ နောက်ပြီး ဟိုဘက်ရွာမှာရှိတဲ့ မိန်းမပျက်လှခင်နဲ့ ခင်ဗျားနဲ့ –”
“ ဟိုးထားဆရာ ဟိုးထား ဒီလောက်ဆို ကျုပ်ယုံပြီ၊ တကထဲ အနောက်ကနေများ လိုက်ကြည့်ထားသလားမှတ်ရတယ်”
“ ဒီစကားတွေ ခင်ဗျားမိန်းမမသိစေချင်ရင် အခုကျန်တဲ့သူတွေဘယ်မှမသွားဖို့ လိုက်အော်ပြောပေးပါ”
အောင်မြတ်သာစကားကြောင့် ရွာခံလူက ကုပ်ချောင်းချောင်းနဲ့ထွက်သွားပြီး လိုက်အော်ရာ မကြာခင် အောင်မြတ်သာတို့ရှိတဲ့ဘက်ကို ကျန်နေတဲ့သူတွေအားလုံးရောက်လာခဲ့တယ်။
ရွာခံလူတွေထဲမှာ အနည်းငယ်လူရည်လည်ဟန်ရှိတဲ့ လူတစ်ယောက်က –
“ ခင်ဗျားတို့ကဘာသိလို့ ကျုပ်တို့ကိုမပြောင်းဖို့ပြောရတာလဲ၊ ခင်ဗျားစကားနားထောင်ပြီး ရွာကလူတွေအားလုံး ဒုက္ခရောက်ကုန်မယ်ဗျ”
“ အဲဒီအတွက် စိတ်မပူပါနဲ့ ကျုပ်တို့ဆရာတပည့်တွေ ဒီရွာကိုအစွမ်းကုန်ကူညီမယ်လို့ ကတိပေးပါတယ်”
“ တောင်စောင့်နတ်တွေထက် ခင်ဗျားတို့ကပိုအစွမ်းထက်တယ်လို့ပြောချင်နေတာလား ထွီ အလကားလူတွေ သက်သက်အချိန်ပုတ်တယ်”
ကန့်လန့်တိုက်ပြီးပြောလိုက်တဲ့ ရွာခံလူရဲ့စကားကြောင့် အောင်မြတ်သာ မချိပြုံးလေးကို မသိမသာပြုံးကာ ပစ္စည်းတွေပုံထားတဲ့ဘက်ကိုထွက်သွားပြီး ဓါးတစ်လက်နဲ့ ကြက်တစ်ကောင်ကို ဆွဲယူလာလိုက်တယ်။
“ဒီမှာ ဓါးတစ်လက်နဲ့ကြက်တစ်ကောင်ရှိတယ်၊ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က ဒီကြက်လည်ပင်းကို ပြတ်အောင်လှီးနိုင်ရင် ဟောဒီငွေတွေကိုရမယ်”လို့ပြောပြီး လွယ်အိတ်ထဲကနေ ငွေစက္ကူအထပ်လိုက်ကိုထုတ်ယူကာပစ်ချပေးလိုက်တယ်။
အထပ်လိုက်ပုံကျသွားတဲ့ ငွေတွေကိုမြင်တော့ ရွာသားတွေအားလုံးရဲ့မျက်လုံးတွေဝင်းလက်သွားပြီး –
“ ဒီကြက်လောက်ကို ကလေးတောင်လှီးလို့ရတယ်”
“ ဟုတ်ပီလေ ခင်ဗျားတို့ကြက်ရဲ့လည်ပင်းကို ပြတ်အောင်မလှီးနိုင်ရင် ကျုပ်ပြောတဲ့အတိုင်းလိုက်နာရမယ်၊ အကယ်လို့ပြတ်ခဲ့တယ်ဆိုရင် ဒီငွေကိုလဲရမယ်၊ ကျုပ်တို့လဲ ရွာကနေထွက်သွားမယ် — ငါပေမယ့် သုံးခါပဲလှီးလို့ရမယ်နော် ဘယ်လိုလဲ”
“ ရတယ်လေ စိမ်လိုက်”
အောင်မြတ်သာက ပြောရင်းဆိုရင်း ကြက်ရဲ့လည်ပင်းထဲမှာ အင်းစမတစ်ရွက်ကိုကြိုးနဲ့ချည်ပြီး သတ်မယ့်သူရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်။
သတ်မယ့်သူကလဲ ကြက်ရဲ့တောင်ပံနှစ်ခုကို ခြေထောက်နဲ့နင်းပြီး လည်ပင်းကိုဓါးနဲ့လှီးချလိုက်တယ်။
“ ဟင် – ဘယ်လိုဖြစ်တာလဲ လည်ဆံမွှေးတစ်ပင်တောင် မပြတ်ပါလား”
ကြက်လည်ပင်းကိုလှီးတဲ့သူက ဓါးသွားကိုလက်ညိုးနဲ့ဖိပြီး ဆွဲကြည့်ရာ –
“ ဓါးကလဲထက်နေရဲ့သားနဲ့ ဘာလို့မပြတ်ရတာလဲ”
တစ်ယောက်ထဲရေရွတ်ရင်း ဒုတိယအကြိမ်ဖြတ်ရာမပြတ်၊ တတိယအကြိမ်ဖြတ်တော့လဲ မပြတ်တာမြင်တော့ လူတွေအားလုံးအောင်မြတ်သာကို ယုံကြည်သွားခဲ့ပြီး
“ ဆရာကောင်း သမားကောင်းကို မယုံကြည်ဖြစ်ခဲ့တာ ကျူပ်တို့ကိုခွင့်လွှတ်ပေးပါ၊ အခုကစပြီး ဆရာပြောတဲ့အတိုင်းလိုက်နာပါ့မယ်” လို့ပြောခဲ့ကြတယ်။
ရွာမှာကျန်ခဲ့တဲ့သူတွေရဲ့စကားကိုကြားတော့ အောင်မြတ်သာက –
“ ဒီအချိန်ကစပြီး ကိစ္စမပြီးတဲ့အချိန်ထိရွာသူရွာသားတွေအားလုံး စုစုစည်းစည်းနေရမယ်၊ ရွာအပြင်ကိုထွက်မယ်ဆိုရင် ကျုပ်ကိုပြောပီးမှသွားပါ၊ မပြောပဲသွားလို့ တစ်ခုခုဖြစ်ခဲ့ရင်တော့ ကျုပ်လဲမတတ်နိုင်ဘူး၊ အခုကျုပ်တွေ့ချင်တဲ့သူက ကျောက်ဖားနှစ်ကောင်ကို နေရာရွေ့ခဲ့တဲ့သူပဲ၊ သူတို့က ဒီလူအုပ်ထဲမှာရှိလား”
“ ရှိ ရှိပါတယ်ဆရာ— ဟို ငနာနှစ်ကောင် နင်တို့ကို ဆရာခေါ်နေတယ်လေ အမြန်သွားကြ”
လူအုပ်ထဲကနေပြောလိုက်တဲ့အသံကြောင့် အသက်၁၆နှစ်အရွယ်လူငယ်နှစ်ဦး အရှေ့ကိုထွက်လာခဲ့တယ်။
“ မင်းတို့က ကျောက်ဖားနှစ်ကောင်ကို နေရာရွေ့ခဲ့တဲ့သူတွေလား”
အောင်မြတ်သာစကားကိုကြားတော့ လူငယ်နှစ်ယောက်ကက မျက်နှာသေလေးတွေနဲ့ –
“ ကျွန်တော်တို့က မှိုလိုက်ရှာရင်း အဲဒီတောင်ပေါ်ရောက်သွားတာ၊ မှိုတွေကလဲ အဲကျောက်တုံးဘေးပတ်ပတ်လည်မှာပေါက်နေတာနဲ့ တွန်းဖယ်လိုက်မိတာပါ၊ တမင်တကာရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး”
“ မင်းတို့ရည်ရွယ်ပြီးလုပ်တာ မဟုတ်မှန်းသိပါတယ်၊ ကဲကဲ ဒီနှစ်ယောက်ကိုတော့ ငါတို့နဲ့တူတူထားမှဖြစ်မယ်၊ သက်ခိုင် မင်းက သူတို့နှစ်ယောက်ကို မဆိုင်သူတွေမနှောက်ယှက်ရအောင် လိုအပ်တဲ့အစီအရင်တွေလုပ်ထားပေးလိုက်ကွာ၊ တောက်ရ ကတော့ ငါနဲ့လိုက်ခဲ့”
အောင်မြတ်သာက သက်ခိုင်ကို မှာစရာရှိတာမှာပြီး ရွာအပြင်ကိုထွက်သွားခဲ့တယ်။ ရွာအပြင်ကိုရောက်တော့ တောင်တွေရှိတဲ့ဘက်ကိုစူးစိုက်ကြည့်နေတဲ့အချိန် လက်ယာဘက်နံဘေးကနေ ပုဆိုးကိုမြောက်နေအောင်ကျိုက်ထားပြီး ပေါင်တစ်ခုလုံးထိုးကွင်းမှင်ကြောင်တွေအပြည့်နဲ့လူတစ်ယောက်ပေါ်လာခဲ့တယ်။
ထိုလူကြီးကို အောင်မြတ်သာမြင်တော့
“ သင်က ဘယ်သူလဲ”
“ ကျုပ်က ဒီကွင်းကိုအပိုင်စားရထားတဲ့ ကွင်းပိုင်ကြီးမိုးမှောင်ပါ၊ ဆရာစိတ်ထဲကနေ ကျုပ်ကိုခေါ်နေလို့ အခုလို ကိုယ်ထင်ပြရခြင်းဖြစ်ပါတယ်”
“ သင်ကိုခေါ်ရတာက ဒီရွာရဲ့အခြေအနေကို မေးကြည့်ချင်လို့ပါ၊ သင်ရော ဘာတွေသိထားသေးလဲ”
“ တောင်ပေါ်မှာနေတဲ့ သိုက်စောင့်တွေက ဒီရွာကို အတော်ဒေါသထွက်နေကြတယ်၊ တစ်ရွာလုံးကိုလဲ ရေနှစ်သတ်မယ်လို့ ကြိမ်းဝါးနေတယ်ဆရာ”
“ သူတို့က ဘာကြောင့် ဒီလောက်ထိ ဒေါသထွက်နေကြရတာလဲ”
“ ဒီလိုပါဆရာ ရွာထဲက ကလေးတွေ နေရာရွေ့လိုက်မိတဲ့ ကျောက်ဖားနှစ်ကောင်က ဒီဒေသ တစ်ကြောမှာရှိတဲ့ သိုက်တွေ ပစ္စည်းတွေရွေ့ပြောင်းတဲ့အခါသုံးတဲ့ ခလုပ်တစ်ခုလို့သိရပါတယ်။ အခု ကျောက်ဖားတွေက နေရာရွေ့သွားတော့ အထဲမှာရှိတဲ့လမ်းကြောင်းတွေရော ရေစီးကြောင်းတွေပါပြောင်းသွားပြီး အချို့သိုက်ပိုင်ပစ္စည်းတွေဆိုရင် နတ်နဂါးတွေပိုင်တဲ့ ရေအောက်ကို ရွေ့ပြောင်းကုန်ပါတယ်။ ဒီအတွက်ကြောင့် ရွာကိုဒုက္ခပေးမယ်လို့ကြိမ်းဝါးနေတာပါ”
“ ဒီလောက်အရေးကြီးတဲ့အရာကို သာမန်လူတွေမြင်အောင်ထားမိတဲ့သူတို့အပြစ်ကိုရော ထည့်မပြောကြဘူးလား”
“ အဲ အဲဒါတော့ ကျုပ်လဲမသိဘူးဆရာ”
“ ဒီလောက်သိရတာပဲ သင့်ကိုကျေးဇူးတင်နေပါပြီ၊ သင်လဲ သွားလိုရာသွားနိုင်ပါတယ်”
အောင်မြတ်သာစကားအဆုံးမှာ ကွင်းပိုင်ကြီးက လက်အုပ်ချီကာ မြေကြီးထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။
“ ဆရာ ဒီပုံအတိုင်းဆိုရင် ပြောင်းလဲနေတဲ့ လမ်းကြောင်းတွေတည့်အောင်လုပ်ပေးရမှာပေါ့”
“ ဒါကတော့ ငါတို့လဲလုပ််ပေးလို့မရနိုင်ဘူး၊ ကိုယ့်တာဝန်ကို မကျေပြွန်ပဲပေါ့ဆတဲ့ကိစ္စကို မသိနားမလည်တဲ့ရွာခံလူထုအပေါ်ပုံချတာတော့ လက်သင့်မခံနိုင်ဘူး”
“ ဒါဆိုရင် ကျွန်တော်တို့က ဒီရွာကနေပြီး သိုက်စောင့်တွေကို ရင်ဆိုင်ရမယ်လို့ပြောချင်တာလားဆရာ”
“ ဟုတ်တယ် တောက်ရ။ ဒီကောင်တွေက ရွာကိုငြိုးပြီး ဒုက္ခပေးကြတော့မယ်။ ဟော ပြောရင်းဆိုရင်း တောင်ဘက်မှာမိုးတွေညို့လာနေပြီ၊ ရွာထဲကိုအမြန်ပြန်ကြရအောင်”
အောင်မြတ်သာတို့ရွာထဲကိုရောက်တော့ သက်ခိုင်က ကြောက်လန့်နေကြတဲ့ ရွာခံလူထုတွေကို အားပေးစကားပြောရင်း လူငယ်နှစ်ယောက်ရဲ့ကျောပြင်မှာ တန်ပြန်စမအချို့ကို ရေးဆွဲပေးနေတာမြင်လိုက်ရတယ်။
“ အားလုံးမကြောက်ကြနဲ့ ဒီရွာဘာမှမဖြစ်အောင် ကျုပ်တို့ကာကွယ်ပေးပါ့မယ်”
အောင်မြတ်သာရဲ့ ဩဇာအပြည့်ပါတဲ့အသံကြောင့် ရွာသားတွေအားလုံး ကြောက်စိတ်တွေပပျောက်ကာ ငြိမ်သက်သွားခဲ့တယ်။
“ ဒီမိုးကိုတားဖို့အတွက် ရှစ်ကွက်အင်းဖိုခနောက်ဆိုင်အလယ်မှာ အင်းဖယောင်းတိုင်သုံးတိုင်ထွန်းရမယ်၊ ငါမိုးတားနေတဲ့အချိန် ရွာထဲမှာဘာသံပဲကြားကြား ထွက်မကြည့်ကြဖို့ မင်းကပဲတာဝန်ယူပေးကွာ”
“ စိတ်ချပါဆရာ ကျွန်တော်နည်း ကျွန်တော်ဟန်နဲ့ ဘယ်သူမှအပြင်မထွက်အောင်လုပ်လိုက်ပါမယ်”
အောင်မြတ်သာလဲ လူအုပ်အလယ်မှာထိုင်ပြီး ရှစ်ကွက်အင်းသုံးကွက်ကိုဖိုခနောက်ဆိုင်ဆွဲကာ ဖယောင်းတိုင်သုံးတိုင်ထောင်ပြီး မီးထွန်းလိုက်တဲ့အချိန် တောကြောတွေဘက်ကနေ ကျယ်လောင်တဲ့အသံနက်တွေ ထွက်ပေါ်လာခဲ့တယ်။
အင်းဖယောင်းတိုင်တွေကနေထွက်လာတဲ့ အလင်းတန်းတွေက အပေါ်ကိုတက်သွားပြီး တစ်ရွာလုံးကို စက်ဝိုင်းသဏ္ဍာန်ဖုံးအုပ်ကာ အကာအကွယ်ပေးထားတာကို သက်ခိုင်နဲ့ တောက်ရတို့မြင်လိုက်ကြရတယ်။
“ ခင်ဗျားတို့ ဘာမှမကြောက်နဲ့၊ ဘာအသံကြားကြား ထွက်မကြည့်နဲ့၊ ဒီလိုမျိုးလောက်ကတော့ ကျုပ်တို့ဆရာက ကျွမ်းကျွမ်းကျင်ကျင်ထိန်းလို့တတ်ပါတယ်”
တောက်ရက ရွာသားတွေမကြောက်အောင် အားပေးစကားပြောနေတဲ့အချိန် ကောင်းကင်တစ်ခုလုံး မိုးတွေအုံ့မှိုင်းလာပြီး နေ့ခင်းကြောင်တောင်ကနေ အလင်းရောင်မရှိတဲ့ညအချိန်လိုဖြစ်သွားခဲ့တယ်။ ဒါပေမယ့် အောင်မြတ်သာထွန်းထားတဲ့ အင်းဖယောင်းတိုင်က ထွက်တဲ့အလင်းရောင်က ရွာသားတွေနေတဲ့ ဓမ္မာရုံကိုအလင်းဓါတ်အပြည့်အဝပေးထားနိုင်ခဲ့တယ်။
“ ဝုန်း – ဝရော – ဝရော “
မိုးစက်ပေါက်တွေမကျပေမယ့် အရှိန်အဟုန်နဲ့တိုက်ခတ်လာတဲ့လေပြင်းတွေကြောင့် သစ်ပင်ကြီးငယ်အချို့ ပြိုလဲကျတဲ့အသံကိုအထဲကနေ ကြားနေခဲ့ရတယ်”
ရွာသားတွေလဲ ကိုယ့်မိသားစုကိုတင်းနေအောင်ဖက်ထားရင်း ကြောက်စိတ်တွေကိုအာခံနေတဲ့အချိန် တံခါးပေါက်နားမှာနေတဲ့ မိန်းမတစ်ယောက်က ရုတ်တရက်ထငိုပြီး အပြင်ကိုထွက်ပြေးဖို့အလုပ် အခြေအနေကိုအကဲခတ်နေတဲ့ တောက်ရက လျင်မြန်စွာပြေးဖမ်းပြီး နဖူးကိုလက်ဝါးနဲ့ရိုက်ချလိုက်တော့မှ သတိပြန်ဝင်လာခဲ့တယ်။
“ မိငယ် ဟဲ့ မိငယ် နင်က ဘာထလုပ်တာလဲ”
လူအုပ်ထဲကနေလှမ်းပြောလိုက်တဲ့အသံကြောင့် မိငယ်ဆိုသူက –
“ ဟို ဟို အပြင်မှာလေတွေတအားတိုက်နေပြီး သစ်ပင်တွေကျိုးကျနေတဲ့အသံကြားလို့ တံခါးပေါက်ကနေချောင်းကြည့်လိုက်တာ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့မိန်းမ တစ်ယောက်က လက်ပြပြီးခေါ်တာ၊ အဲဒါကိုမြင်ပြီး ဘာမှမသိတော့ဘူး”
“ သိုက်စောင့်တွေက အမိတို့ကို သွေးဆောင်ဖျားယောင်းဖို့ကြံနေကြတာ၊ သတိလွတ်တာနဲ့ ဒုက္ခရောက်နိုင်တယ်ဆိုတာ မမေ့ကြနဲ့”
အောင်မြတ်သာစကားကိုကြားတော့ တစ်ရွာလုံးကြောက်ရွံံ့မှုတွေပြင်းစွာဖြစ်ပေါ်လာခဲ့တယ်။
“ သက်ခိုင်နဲ့တောက်ရ မင်းတို့နှစ်ယောက်က အင်းဖယောင်းမီးမငြိမ်းအောင် ဂရုစိုက်ပြီး ရွာခံလူတွေကို စောင့်ရှောက်ထားကြပါ”
“ မဟုတ်မှလွဲရော ဆရာ တစ်ယောက်ထဲ တောင်ပေါ်ကိုသွားမို့လား”
“ ဟုတ်တယ်သက်ခိုင် ဒီပြဿနာက ထိုင်ပြီးဖြေရှင်းနေလို့ ပြီးသွားမှာမဟုတ်ဘူး၊ ကျောက်ဖားနှစ်ကောင်ကို ရည်ရွယ်ချက်မရှိပဲ နေရာရွေ့ခဲ့တယ်ဆိုတာကို သက်သေပြဖို့ ငါ သွားရမယ်”
“ ဒီကောင်လေးနှစ်ယောက်ကိုရော ဘာလုပ်ရမလဲဆရာ”
“ သူတို့ကို ငါနဲ့အတူခေါ်သွားမယ်၊ မင်းတို့နှစ်ယောက် သတိထားရမှာက အင်းဖယောင်းတိုင်မငြိမ်းစေဖို့ပဲ”
အောင်မြတ်သာလဲ သက်ခိုင်တို့ကိုမှာကြားပြီး ပြဿနာစတည်ရာ လူငယ်နှစ်ယောက်ရဲ့လက်ကိုဆွဲကာ ရွာပြင်ကိုထွက်သွားခဲ့တယ်။
“ ဆရာ ဆရာ မိုးတွေက ကျွန်တော်တို့ရွာအပေါ်မှာပဲ ညို့နေတာနော်”
“ သူတို့က မင်းတို့ရွာကို ဒုက္ခရောက်အောင်လုပ်မှာဖြစ်တဲ့အတွက် အခုလိုဖြစ်နေတာပဲ၊ ဒါနဲ့ မင်းတို့နာမည်က ဘယ်လိုခေါ်လဲ”
“ ကျွန်တော်နာမည်က ရန်မခလို့ခေါ်ပါတယ်၊ သူ့နာမည်ကတော့ သူရလို့ခေါ်တယ်ဆရာ”
“ အေး မင်းတို့နှစ်ယောက်ကို အထူးမှာချင်တာက တောင်ပေါ်ရောက်တဲ့အခါ ငါ့ရဲ့ခါးမှာချည်ထားတဲ့ ယောဂီတဘက်ရဲ့အစွန်းနှစ်စကို မြဲနေအောင်ကိုင်ထားပါ၊ လက်ကနေလွတ်တာနဲ့ မင်းတို့အတွက်အန္တရာယ်ရှိတယ်၊ နောက်ပြီး အခုသွားမယ့်နေရာက မင်းတို့တစ်သက် တစ်ခါမှမမြင်ဖူးတဲ့အရာတွေကိုမြင်ရမှာလဲဖြစ်တယ်၊ ဘယ်လိုလဲ လိုက်ရဲရဲ့လား”
“ ဆရာရယ် ကျွန်တော်တို့နှစ်ယောက်က အဲလိုမျိုးတွေမကြောက်တတ်လို့ ဘယ်သူမှမသွားရဲတဲ့ တောင်ပေါ်ကိုတက်လာခဲ့တာ၊ သူနဲ့ကျွန်တော်နဲ့က စွန့်စားရတာဝါသနာပါတယ်ဗျ”
“ကောင်းတယ် မင်းတို့ရဲ့အတွင်းစိတ်က ရဲရင့်တယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ကဲ အခု တောင်ပေါ်ကိုဘယ်လမ်းက သွားရတယ်ဆိုတာ လမ်းပြပေတော့”
“ စိတ်ချဆရာ ဒီတောင်ပေါ်ကို သူနဲ့ကျွန်တော် သုံးကြိမ်ထက်မနည်းရောက်ဖူးတယ်၊ အဲ ပြောရဦးမယ်ဆရာ အရင်အခေါက်တွေလာတုန်းက အဲဒီကျောက်ဖားနှစ်ကောင်ကို မတွေ့မိဘူး”
“မင်းတို့လာတဲ့အချိန်နဲ့ ကျောက်ဖားနှစ်ကောင်ပေါ်တဲ့အချိန်တိုက်ဆိုင်သွားတာလဲဖြစ်နိုင်ပါတယ်”
အောင်မြတ်သာလဲ လူငယ်လေးနှစ်ယောက်နဲ့ စကားတွေပြောရင်းတက်လာခဲ့တာ ကျောက်ဖားနှစ်ကောင်ရှိတယ်ဆိုတဲ့ တောင်ရဲ့နယ်နမိတ်ထဲကိုဝင်လာခဲ့တယ်။
“ ဆရာ ဒီတောင်အစပ်က ကျွန်တော်တို့ပြောတဲ့တောင်ပဲ”
“ စကားတစ်ပြောပြောနဲ့လျောက်လာခဲ့တာ ရောက်မှန်းတောင်မသိလိုက်ဘူး။ကဲ အခုကစပြီး တဘက်ရဲ့အစနှစ်ဖက်ကိုမလွှတ်တမ်းကိုင်ထားပေတော့။ ဘာတွေ့တွေ့ ဘာမြင်မြင် လက်ကိုမလွှတ်မိစေနဲ့ဦး”
အောင်မြတ်သာစကားကိုလူငယ်နှစ်ဦးက ခေါင်းငြိမ့်ပြကာ တဘက်ရဲ့အစွန်းနှစ်စကိုဆုပ်ကိုင်ထားလိုက်တယ်။
“ မင်းတို့တွေ့ခဲ့တဲ့ ကျောက်ဖားနှစ်ကောင်က ဘယ်နားမှာလဲ”
“ ဆက်သွားရဦးမယ်ဆရာ။ အရှေ့တစ်ကွေ့ ကျောက်တောင်ကမူဘေးရောက်မှ တွေ့မှာဗျ”
အောင်မြတ်သာတို့လဲ ကျဉ်းမြောင်းတဲ့လူသွားလမ်းအတိုင်းလျောက်လာခဲ့တာ ကျောက်တောင်ပေါ်မှာ ထူးဆန်းစွာတည်ရှိနေတဲ့ မြေသားလမ်းတစ်ခုကိုတွေ့လိုက်ရတယ်။
“ ဒီမြေတွေပေါ်မှာ လက်တစ်ဝါးလောက်ရှိတဲ့ မှိုတွေပေါက်တာလေဆရာ။ အခုတောင် မှိုလက်ကျန်တွေရှိနေသေးတယ် တွေ့လားဆရာ”
ရန်မခရဲ့စကားကြောင့် အောင်မြတ်သာကြည့်လိုက်ရာ မြေနီလမ်းဘေးတစ်လျောက်မှာ ထိုးထွက်နေတဲ့ မှိုပွင့်ငယ်လေးတွေကိုမြင်လိုက်ရတယ်။
“ ဆရာ ဆရာ ကျောက်ဖားနှစ်ကောင် မရှိတော့ဘူးဗျ”
သူရ ရဲ့အလန့်တကြားအော်ပြောတဲ့အသံကြောင့် အောင်မြတ်သာက
“ မင်းတို့တွေ့ခဲ့တဲ့နေရာဆိုတာ သေချာရဲ့လား”
“ သေချာတာပေါ့ဆရာရယ် ဒီကျောက်ချပ်ကြီးဘေးမှာ ဖားပြုတ်နဲ့တူတဲ့ကျောက်တုံးနှစ်တုံး တစ်ဖက်တစ်ချပ်စီရှိနေတာ အဲဒီဘေးမှာလဲ မှိုတွေဖွေးသီနေတာပဲ၊ ရန်မခက အဲကျောက်ဖားကို တွန်းပြီး မှိုနှုတ်ခဲ့တာ”
သူရရဲ့စကားကြောင့် ရန်မခက ရယ်ကျဲကျဲလုပ်ပြီး –
“ ကျွန်တော်လဲ အခုလိုဖြစ်မယ်မှန်းမသိလို့ တွန်းလိုက်တာ ကျောက်ဖားရုပ်လဲကျပြီး ခြေတစ်ဖက်ကျိုးသွားသေးတယ်။ အခုတော့ အစအနတောင်မရှိတော့ပါလား”
“ မင်းတို့နှစ်ယောက်တွေ့ခဲ့တဲ့ ကျောက်ဖားနှစ်ကောင်ကို သိုက်စောင့်တွေဖွက်ထားလိုက်ပြီထင်တယ်”
အောင်မြတ်သာက စကားပြောနေရင်း ပြောင်လက်ချောမွတ်နေတဲ့ ကျောက်နံရံပေါ်ကို အင်းချပ်တစ်ချပ်ကပ်ပြီး လက်ဝါးနဲ့ရိုက်ထည့်လိုက်ရာ ဘေးတစ်ဖက်တစ်ချပ်မှာရှိတဲ့ မြေသားတွေပွထလာပြီး အထဲကနေ ကျောက်ဖားနှစ်ကောင်တိုးထွက်လာခဲ့တယ်။
“ ဟာ — ဘယ်လိုဖြစ်လို့ ဒီနှစ်ကောင်က မြေကြီးအောက်ရောက်သွားခဲ့တာလဲ”
သူရက အံ့ဩစွာရေရွတ်လိုက်တဲ့အချိန် ကျောက်ဖားနှစ်ကောင်က အသက်ဝင်လာသလို လှုပ်ရှားလာခဲ့တယ်။
“ ဟုတ်တယ် ဟုတ်တယ် ကျွန်တော်တို့တွေ့တုန်းကလဲ အဲလိုလှုပ်လာလို့ ထွက်ပြေးခဲ့ရတာ။ အခုလဲ ထပ်လှုပ်လာတယ်ဆရာ”
လှုပ်ရှားနေတဲ့ကျောက်ဖားနှစ်ကောင်ကိုမြင်တော့ အောင်မြတ်သာက အနောက်ကိုအနည်းငယ်ဆုတ်လိုက်ပြီး လက်ညိုးနဲ့စည်းတစ်ခုကိုတားကာ
“ သိုက်စောင့်ပုဂ္ဂိုလ်များအနေနဲ့ ကျုပ်တို့ကိုရန်သူလို့မသတ်မှတ်ဖို့ဦးစွာမေတ္တာရပ်ခံချင်ပါတယ်။ ကျုပ်အခုလာတာက ဒီကလေးနှစ်ယောက် မသိပဲလုပ်ခဲ့တဲ့အမှုကို ကျေအေးပေးဖို့ လာရောက်တောင်းပန်ခြင်းဖြစ်ပါတယ်”
အောင်မြတ်သာစကားအဆုံးမှာ ချောမွတ်နေတဲ့ ကျောက်ချပ်ကြီးက “ ဂျိမ်း” ဆိုတဲ့အသံနဲ့အတူ ထက်ခြမ်းပွင့်ထွက်သွားပြီး အထဲကနေ ကျောက်စိမ်းတောင်ဝှေးကိုင်ထားတဲ့ ဖိုးသူတော်တစ်ပါးထွက်လာခဲ့တယ်။
“ သင်ခေါ်လာတဲ့သူနှစ်ယောက်ကြောင့် ကျုပ်တို့စောင့်ကြပ်နေတဲ့ပစ္စည်းတွေ ဆုံးရှုံးကုန်တဲ့ကိစ္စ ဘယ်လိုပြန်လုပ်ပေးမလဲ”
မျက်နှာထားတင်းတင်းနဲ့မေးလိုက်တဲ့ ဖိုးသူတော်ရဲ့စကားကို အောင်မြတ်သာက အပြုံးမပျက်ပဲ –
“ သင်တို့ကပစ္စည်းတွေက ဘယ်လိုဆုံးရှုံးသွားခဲ့တာလဲ”
“ ကျုပ်တို့သိုက်မှာရှိတဲ့ပစ္စည်းတွေ အခြားနေရာရွေ့ပြောင်းနေတဲ့အချိန် ဒီလက်ဆော့တဲ့ ကောင်တွေကြောင့် ပစ္စည်းရွေ့တဲ့လမ်းကြောင်းပြောင်းပြီး အခြားသိုက်တွေထဲရောက်သွားခဲ့လို့ ကျောက်သံပတ္တမြားအပြည့်ပါတဲ့ သေတ္တာ ၇၈လုံးဆုံးရှုံးခဲ့ရတယ်”
“ သူတို့ကလဲ တမင်တကာရည်ရွယ်ပြီးလုပ်ခဲ့တာ မဟုတ်တဲ့အပြင် လုပ်ခဲ့မိတာတွေကို တောင်းပန်ဖို့လာခဲ့ပြီပဲ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုရှေးရှုပြီး သည်းခံခွင့်လွှတ်ပေးလိုက်ပါဗျာ”
“ ဒီအတိုင်းတော့ ခွင့်မလွှတ်နိုင်ဘူး၊ သူတို့နှစ်ယောက်အနေနဲ့ ဒီသိုက်ကိုစောင့်မယ်ဆိုရင်တော့ ခွင့်လွှတ်ပေးမယ်”
“ ဒါတော့မဖြစ်နိုင်ဘူး — ရည်ရွယ်ချက်မရှိပဲလုပ်ခဲ့တဲ့ ကလေးတွေရဲ့ဝိဉာဉ်ကိုဒီမှာစောင့်ကြပ်ဖို့ ကျုပ်အနေနဲ့ လုံးဝခွင့်မပြုနိုင်ဘူး”
“ဟား ဟား ဒါဖြင့်လဲ သင်တို့သုံးယောက်လုံး အတူတူစောင့်ပေတော့ဟေ့”
ဖိုးသူတော်က အသံနက်ကြီးနဲ့ကြိမ်းဝါးရင်း ကျောက်စိမ်းတောင်ဝှေးကို ကျောက်ဖျာပေါ်ဆောင့်ချလိုက်ရာ တောင်ရဲ့အမြင့်ပိုင်းကနေ ရေလှိုင်းလုံးတွေတဝေါဝေါနဲ့ဆင်းလာခဲ့တယ်။
ရေလှိုင်းလုံးတွေက အရှိန်နဲ့ဆင်းလာပြီး အောင်မြတ်သာတို့ကို တောင်ပေါ်ကနေလွင့်စင်ကျအောင်လုပ်ပေမယ့် တားထားတဲ့စည်းကိုထိုးဖောက်မရပဲဖြစ်နေခဲ့တယ်။
ဖိုးသူတော်လဲ အခြေအနေမဟန်မှန်းသိတော့ သိုက်ထဲကိုပြန်ဝင်ပြီးကျောက်တံခါးကိုပိတ်တဲ့ဂါထာကိုအဆက်မပြတ်ရွတ်ပါလေရော။
ဒါပေမယ့် အောင်မြတ်သာက စိတ်ထဲကနေ နှုတ်ကိုပိတ်ထားတဲ့အတွက် ဖိုးသူတော်ရဲ့ပါးစပ်ကနေ ဘာအသံမှထွက်မလာခဲ့ဘူး။
“ ဘယ်လိုလဲ သူတော် သင့်ဂါထာကို အသံထွက်အောင် ရွတ်ပါဦး”
ဖိုးသူတော်လဲ အဲဒီတော့မှ ကြောက်လန့်တကြား ဂူထဲကိုဝင်ပြေးပါလေရော။ အောင်မြတ်သာတို့လဲ ပွင့်နေတဲ့ဂူပေါက်ထဲကို ဝင်ကြည့်လိုက်တဲ့အချိန် ဟင်းလင်းပြင်ဖြစ်နေတဲ့ လှိုဏ်ဂူတစ်ခုကိုမြင်လိုက်ရတယ်။ လှိုဏ်ဂူထဲမှာတော့ နွမ်းခြောက်နေတဲ့ပန်းအချို့တွေအပြင် ဟောင်းနွမ်းနေတဲ့ သလွန်တစ်ခုကိုမြင်လိုက်ရတယ်။
“ ဒီပစ္စည်းတွေကို ဘယ်သူတွေသုံးခဲ့တာလဲ ဆရာ”
ရန်မခရဲ့စကားကြောင့် အောင်မြတ်သာက ပန်းခြောက်တစ်ခုကိုကောက်ယူကြည့်လိုက်ပြီး
“ သူတို့တွေ သိုက်ပြောင်းကုန်ကြပီကိုး— ဒါကြောင့် ဖိုးသူတော်က ငါတို့ကိုအချိန်တွေဆွဲနေခဲ့တာပဲ”
အောင်မြတ်သာက တစ်ယောက်ထဲရေရွတ်ရင်း တစ်ခုခုကို သတိရသွားဟန်နဲ့ အပြင်ကိုထွက်ကြည့်လိုက်ရာ ထုံးကျောက်ရွာဘက်မှာ လျှပ်စီးတဝင်းဝင်းလက်နေတဲ့အပြင် မိုးသားတွေလဲ ပိုပြီးမဲမှောင်နေတာကိုမြင်လိုက်ရတယ်။
“ ငါတို့အတွက်အချိန်သိပ်မရှိတော့ဘူး—သူတို့ပြောင်းတဲ့နေရာကိုအမှီလိုက်မှရမယ်၊ မင်းတို့နှစ်ယောက်လုံး တဘက်အစကိုမလွတ်စေနဲ့” လို့မှာပြီး ဂူထဲကိုဆက်ဝင်လာခဲ့ရာ ပန်းကနုတ်တွေနဲ့အလှဆင်ထားတဲ့ ဂူပေါက်ကိုးခုကိုမြင်လိုက်ရတယ်။
အောင်မြတ်သာလဲ ချက်ချင်းဆိုသလို လွယ်အိတ်ထဲကနေ နီညိုရောင်သစ်ရွက်တစ်ရွက်ကိုထုတ်ပြီး လေပေါ်ပစ်တင်လိုက်တဲ့အချိန် သစ်ရွက်က အလယ်မှာရှိတဲ့ဂူပေါက်ထဲကို လှစ်ခနဲဝင်ရောက်သွားခဲ့တယ်။(သစ်ရွက်အမည်က သူယောင်ရှာဂမုန်းဖြစ်တယ်ဆိုတာ နောက်မှသိခဲ့ရပါတယ်)
“ ဒီဂူပေါက်က သူတို့သွားခဲ့တဲ့နေရာပဲ—”လို့ရေရွတ်ရင်း အထဲကိုလျောဆင်းလိုက်ရာ ပြောင်ချောနေတဲ့အထိအတွေ့နဲ့အတူ အောက်ကိုထိုးကျသွားခဲ့တယ်။
ရန်မခနဲ့သူရတို့လဲ ရင်ထဲဟာခနဲဖြစ်သွားတဲ့ခံစားချက်ကို မထိန်းထားနိုင်ပဲ အသံကုန်အော်ဟစ်ရင်း ဂူပေါက်ထဲလျောဝင်သွားခဲ့ကြတယ်။ သိပ်မကြာခင်အချိန်မှာပဲ လျောကျလာတဲ့အရှိန်ကလျော့လာပြီး မီးအလင်းရောင်အချို့ကို မြင်တွေ့လိုက်ရတယ်။
အလင်းရောင်နဲ့နီးကပ်လာလေလေ အရှိန်ကလျော့လေလေဖြစ်လာခဲ့တာ နောက်ဆုံးမှာလုံးဝရပ်တန့်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ အရှိန်ကုန်သွားတဲ့ဂူပေါက်ထဲကနေ အပြင်ကိုထွက်လိုက်ရာ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေကြတဲ့ လူအချို့ကိုမြင်လိုက်ရတယ်။
“ ဟိုး အနောက်မှာရပ်နေတာ ဖိုးသူတော်မဟုတ်လား ဆရာ”
သူရက အောင်မြတ်သာ အနားကိုကပ်ပြီးပြောလိုက်တဲ့အချိန်
“ ဟို သကောင့်သားနှစ်ယောက် နင်တို့က ငါတို့ပိုင်ပစ္စည်းတွေကိုဆုံးရှုံးအောင်လုပ်ခဲ့တဲ့အပြင် အခုလဲ သိုက်ဆရာက်ိုပါခေါ်လာခဲ့တာပေါ့လေ”
ဆံပင်ကိုဖားလျားချထားပြီး ရွှေအိုရောင်ထိုင်မသိမ်းဝတ်စုံဝတ်ထားတဲ့ မိန်းမတစ်ယောက်ရဲ့စကားကြောင့် ဘေးမှာရပ်နေကြတဲ့သူတွေအားလုံး အံတကြိတ်ကြိတ် တောက်တခတ်ခတ်နဲ့ အောင်မြတ်သာတို့ကို စူးစိုက်ကြည့်နေခဲ့တယ်။
“ သင်တို့ ကျုပ်ကိုအထင်မှားနေကြပီ — ကျုပ်ကသိုက်ဆရာတစ်ယောက်မဟုတ်သလို ဒီကလေးနှစ်ယောက်ကလဲ သင်တို့ထိခိုက်အောင် ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး”
အောင်မြတ်သာစကားအဆုံးမှာ အနောက်မှာရပ်နေတဲ့ ဘိုးသူတော်က ဆံပင်ဖားလျားချထားတဲ့မိန်းမအနားကိုကပ်ပြီး တစ်စုံတစ်ခုကိုတီးတိုးပြောဆိုနေတာမြင်လိုက်ရတယ်။
“ တောက် ရာရာစစ ဒင်းတို့ကများ ငါတို့အပြစ်ပေးတဲ့ရွာကို ကာကွယ်ပေးတယ်တဲ့လား— လာကြစမ်း ဒီသုံးယောက်ကို သွေးစိမ်းရှင်ရှင်ကျအောင် အရေခွံဆုတ်ပြီး တံခါးဝမှာစောင့်ခိုင်းလိုက်”
ဆံပင်ဖားလျားချထားတဲ့မိန်းမရဲ့စကားအဆုံးမှာ အမှောင်ထုထဲကနေ ယောဂီလုံချည်အစုတ်ကိုဝတ်ထားပြီး ဇက်ကျိုးနေတဲ့ လူအပါအဝင် ကြောက်မက်ဖွယ်အဆင်းရှိတဲ့ နာနာဘာဝတွေထွက်လာခဲ့တယ်။
“ အောက်လမ်းဆရာဘသိန်းနဲ့အပေါင်းအပါများ ဒီသကောင့်သားတွေကို ဂုတ်ချိုးသတ်ပြီးသင်တို့နေရာတွင်အစောင့်အဖြစ်ထားရှိစေ” လို့အမိန့်ပေးလိုက်တာနဲ့ အောင်မြတ်သာတို့ဆီကို လက်ဆန့်တန်းကာပြေးဝင်လာခဲ့တယ်။
အောင်မြတ်သာကတော့ ပုံပျက်ပန်းပျက်အတ္တေဘောတွေကိုမြင်တွေ့နေကျမို့မကြောက်လန့်ပေမယ့် ရန်မခနဲ့ သူရကတော့ မျက်လုံးကိုစုံမှိတ်ကာ တဘက်ကိုတင်းကြပ်စွာ ကိုင်ထားခဲ့တယ်။
“ သင်တို့အားလုံးရဲ့စိတ်တွေ ကြမ်းတမ်းရိုင်းစိုင်းကုန်နေပါလား ကျွတ် – ကျွတ်”
အောင်မြတ်သာက စိတ်မသက်သာဟန်နဲ့ စုတ်သပ်လိုက်ပြီး ပြေးဝင်လာကြတဲ့ နာနာဘာဝတွေကို ဘယ်လက်နဲ့ လက်ပြန်ရိုက်ထုတ်လိုက်ရာ အနောက်ကိုဆယ်ပေလောက်လွင့်ထွက်သွားခဲ့တယ်။
“ ကျုပ်ဒီကိုလာတာ ဘယ်သူကိုမှထိခိုက်နာကျင်အောင် လုပ်ဖို့မဟုတ်ဘူး။ ဒါကို သင်တို့က ဘာကြောင့်ရန်လိုချင်နေရတာလဲ”
အောင်မြတ်သာစကားကို ဆံပင်ဖားလျားချထားတဲ့မိန်းမက ဘာမှပြန်မပြောပဲ အံကိုကြိတ်ပြီး –
“ နင်လာတာ အဲဒီရွာအတွက်မဟုတ်လား— သူတို့ကိုခွင့်လွှတ်စေချင်ရင် အခုခေါ်လာတဲ့နှစ်ယောက်ကို ငါ့ဆီအပ်ခဲ့”
“ သူတို့ကိုလဲ သင်တို့ဆီမအပ်နိုင်သလို ၊ ရွာကိုလဲ အထိခိုက်မခံနိုင်ဘူး။ ဒါကြောင့် ကျုပ်မေတ္တာထားပြောနေတဲ့အချိန် နောက်ဆုတ်လိုက်ပါ။ ဒီလိုမှမဟုတ်ရင် မိတ္တနဲ့စိတ္တဆိုတဲ့ သူကြွယ်ညီနောင်ကို ပြန်အသက်သွင်းရလိမ့်မယ်”
မိတ္တနဲ့ စိတ္တဆိုတဲ့နာမည်ကိုကြားတော့ ရှိနေတဲ့သူတွေအားလုံး မျက်စိမျက်နှာပျက်သွားခဲ့ကြပြီးမှ ဟန်မပျက်ပြန်နေလိုက်ပြီး
“ သူတို့သေသွားတာ နှစ်ပေါင်းရာချီနေပြီ။ ဒါကို သင်ကဘယ်လိုသိနေတာလဲ—”
“ ကျုပ်ဘယ်လိုသိတယ်ဆိုတာထက် သင်တို့ကိုခေါင်းမဖော်ရဲအောင် ထိန်းချုပ်ခဲ့တဲ့ သူကြွယ်ညီနောင်ရဲ့ မျက်လုံးတွေကိုပြန်ခံစားကြည့်လိုက်စမ်း”လို့ပြောပြီး ရန်မခနဲ့ သူရတို့ရဲ့ဇက်ပိုးကို လက်နဲ့ဖိကိုင်လိုက်ရာ နှစ်ယောက်လုံး ဒူးထောက်ခွေကျသွားခဲ့တယ်။
“ ကိုးင်္သချိုင်းသံဓားနှစ်လက်ရဲ့အရှင်သခင်၊ ရွာကြီးလေးဆယ်ကိုအုပ်စိုးခဲ့တဲ့ သူကြွယ်ညီနောင်၊ မျက်လုံးချင်းစိုက်ကြည့်ရုံနဲ့ တစ်ဖက်လူသိမ်ငယ်သွားရတဲ့အထိဖြစ်ခဲ့တဲ့ ညို့မျက်လုံးပိုင်ရှင် နှစ်ယောက် ခေတ္တနိုးထလာစေသား” လို့ပြောပြီး ဇက်ကိုလွှတ်လိုက်ရာ ခေါင်းငိုက်စိုက်ကျနေတဲ့ ရန်မခနဲ့ သူရတို့နှစ်ယောက်လုံးခေါင်းထောင်လာပြီး အရှေ့မှာရပ်နေတဲ့သူတွေကို စူးစိုက်ကြည့်ပါလေရော။
“ မဖြစ်နိုင်ဘူး ဟအင်း ဘယ်လိုမှမဖြစ်နိုင်ဘူး – ဒီအကြည့်တွေကိုပိုင်ဆိုင်တဲ့သူတွေက သေသွားတာ နှစ်ရာချီနေပြီမဟုတ်လား”
“ ဟုတ်တယ် – သူတို့သေသွားတာ နှစ်ပေါင်းရာချီနေခဲ့ပေမယ့် သူတို့ရဲ့စိတ်ဝိဉာဉ်တွေက မသေဆုံးပဲ လေလွင့်နေခဲ့တယ်။ ဒီကလေးနှစ်ယောက်သာ သာမန်လူတွေဖြစ်ခဲ့ရင် ကွယ်ဝှက်ထားတဲ့ ကျောက်ဖားညီနောင်ကို မြင်တွေ့ရပါ့မလား”
အောင်မြတ်သာစကားအဆုံးမှာ ဆံပင်ဖားလျားနဲ့မိန်းမက ဒူးထောက်ထိုင်ချလိုက်ပြီး –
“ သခင်လေးတို့နှစ်ယောက်အပေါ် အပြစ်တွေအများကြီးလုပ်ခဲ့ပါတယ်။ ဆရာ သူတို့ကို ပြန်သတိရအောင်မလုပ်ပါနဲ့။ သူတို့သတိရရင် ကျွန်တော်မျိုးမတို့ကို သတ်လိမ့်မယ်”
“ အခုသင်တို့ ထုံးကျောက်ရွာပေါ်မှာပြုလုပ်ထားတဲ့ အစီအရင်တွေကိုဖယ်ရှားပေးရင် ကျုပ်အနေနဲ့ မှတ်ဉာဏ်အချို့ကိုဖျောက်ဖျက်ပေးပါ့မယ်”
အောင်မြတ်သာစကားအဆုံးမှာ ဆံပင်ဖားလျားနဲ့မိန်းမက –
“ ရွာကိုဘာဒုက္ခမှမပေးတော့ဘူးလို့ ကတိပေးပါတယ်”
“ ကောင်းပါပြီ နောက်ဆုံးတစ်ခု အနေနဲ့ ညီနောင်နှစ်ပါးအသုံးပြုခဲ့တဲ့ ကိုးင်္သချိုင်းဓါးနှစ်လက်ဘယ်မှာရှိတယ်ဆိုတာ သင်သိလိမ့်မယ်ထင်ပါတယ်”
“ သခင်လေးတို့သေတော့ သူတို့ကိုဓါးနှစ်လက်နဲ့အတူမြေမြုပ်ပေးခဲ့ပါတယ်။ အုတ်ဂူရဲ့ဘေးမှာတော့ မဉ္ဇူသကပန်းပင်တစ်ပင်စိုက်ထားပါတယ်”
“ သင်တို့ရဲ့ဆုံးရှုံးသွားတဲ့ပစ္စည်းတွေဟာ နောင်ပွင့်မယ့်ဘုရားကိုလှူမယ့်သိုက်ထဲရောက်သွားတာမို့ အလဟသမဖြစ်ခဲ့ဘူးဆိုတာသိထားပါ။ အခုတော့ သူတစ်ပါးဆီက အဓမ္မသိမ်းပိုက်ထားခဲ့တဲ့ပစ္စည်းတွေကို သံသရာအဆက်ဆက် စောင့်ကြပ်ပြီးနေရစ်ခဲ့ပေတော့”
အောင်မြတ်သာစကားကိုဆံပင်ဖားလျားနဲ့မိန်းမက ဘာမှပြန်မပြောနိုင်ပဲ ခေါင်းငိုက်စိုက်ကျကာ နားထောင်နေခဲ့တယ်။ အဲဒီအချိန် ရန်မခနဲ့ သူရတို့နှစ်ယောက်က “ ကျား”ဆိုတဲ့အသံနဲ့အတူ လက်ခမောင်းထခတ်ရင်း သတိလစ်မေ့မျောသွားခဲ့တယ်။
သတိပြန်ရလာတော့ ရွာကိုပြန်ရောက်နေပြီဖြစ်တဲ့အပြင် သူတို့ဘေးမှာဝိုင်းအုံနေတဲ့ ရွာခံလူအချို့ကိုမြင်လိုက်ရတယ်။
“ သတိရလာကြပြီလား နင်တို့နှစ်ယောက် သတိလစ်နေတာ သုံးရက်နဲ့သုံးညရှိပြီ”
“ ဆရာ ဆရာတို့ရော”
“ ဆရာတွေက အခြားကိစ္စရှိလို့ဆိုပြီး ရွာကထွက်သွားကြတယ်။ နင်တို့နိုးရင် ဒီစာလေးပေးလိုက်ပါဆိုပြီးမှာခဲ့တယ်”
ရန်မခနဲ့ သူရလဲ မိဘတွေလက်ထဲကစာကိုလုယူလိုက်တဲ့အချိန် –
“ ဘာမှဖတ်မနေနဲ့ စာရွက်အလွတ်ကြီးပေးထားခဲ့တာ”
မိဘတွေဖတ်တဲ့အချိန် စာရွက်အလွတ်ဆိုပေမယ့် ရန်မခနဲ့ သူရတို့ဖတ်တဲ့အချိန်မှာတော့ စာရွက်ထဲမှာ စိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ချို့ရေးထားတာကိုမြင်လိုက်ရတယ်။
ဒီကိစ္စတွေဖြစ်ပြီး နှစ်ရက်မြောက်နေ့မှာတော့ ရန်မခနဲ့ သူရတို့နှစ်ယောက်လုံး ရွာကနေ ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့ကြတယ်။
– – – – – – – – –
လူကြီးငါးဖက်စာလောက်ရှိတဲ့ မဉ္ဇူသကပန်းပင်ကြီးအောက်မှာတော့ ယောဂီဝတ်စုံဝတ်ထားတဲ့လူသုံးယောက် ငြိမ်သက်စွာတရားထိုင်နေခဲ့ကြတယ်။
ပန်းပင်ကြီးဘေးမှာတော့ ရေညှိတွေအထပ်ထပ်တက်နေတဲ့ အုတ်ဂူနှစ်လုံး။
အုတ်ဂူနှစ်လုံးရဲ့ကမ္မည်းတိုင်မှာ အတွန့်အတက်တွေပါတဲ့ ရှေးဟောင်းမြန်မာစာအရေးအသားနဲ့ရေးထားတဲ့ နာမည်နှစ်ခု။
– – – – – – – – –
ကဲ…
စာဖတ်ပရိတ်သတ်များအနေနဲ့ နောက်အပတ်မှာတော့ အောင်မြတ်သာနှင့်မိတ္တစိတ္တဆိုတဲ့ဝတ္တုကိုစောင့်မျှော်အားပေးကြပါဦးနော်။
လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment