အောင်မြတ်သာနှင့်သေသူစီးသည့်ဆင်

” အောင်မြတ်သာနှင့်သေသူစီးသည့်ဆင် ”
ရေးသားသူ— ဇေယန(ရာမည)
+++++++++++

“တုံ တုံ တုံ တုံ ” ဆိုပြီးစည်းချက်ညီစွာထွက်ပေါ်လာတဲ့ နေ့ဆွမ်းစားအုန်းမောင်းခေါက်သံအဆုံးမှာ ဆွမ်းစားကျောင်းဆောင်ပေါ်ကို သံဃာတော်များစီရီစွာကြွလာခဲ့တယ်။
နေ့ဆွမ်းဘုန်းပြီးလို့ ကျောင်းအောက်ကိုပြန်ဆင်းလာတဲ့အချိန်မှာတော့ ဆွမ်းစားကျောင်းဆောင်အရှေ့က မရမ်းပင်အောက်မှာ ရွာထဲက ကလေးတွေစုပြီးထိုင်နေကြတာကို ဦးဇင်းကြီးနှစ်ပါးမြင်လိုက်ရတယ်။
” ကလေးတွေ ဘယ်အချိန်ထဲက ရောက်နေကြတာလဲ”
သင်္ကန်းပြင်ဝတ်ရင်းမေးလိုက်တဲ့ ဦးဇင်းကြီးတေဇနိယစကားကြောင့် ကတုံးဆံပင်ပေါက်နဲ့ ကလေးက
” ဦးဇင်းကြီးတို့ ဆွမ်းဘုန်းနေတဲ့အချိန် ရောက်လာကြတာပါ ဒီနေ့ သားတို့ကို ပုံပြင်ပြောပြမယ်ဆို”လို့ပြောလိုက်တော့ ဦးဇင်းကြီးက
” အေး ပြောပြမှာပေါ့ ဒါပေမယ့် ခဏစောင့်ဦး သင်္ကန်းလေးပြန်လဲပါရစေ”ဆိုပြီးပြောလိုက်ရာ ကလေးတွေအားလုံး ပြုံးစိစိဖြစ်သွားကြတယ်။
ဦးဇင်းကြီးလဲ သင်္ကန်းပြန်လဲဝတ်ပြီး မရမ်းပင်အောက်ကိုပြန်ရောက်လာခဲ့တယ်။
” မင်းတို့ကို ပြောပြမယ့် အကြောင်းအရာက တကယ်ဖြစ်ရပ်မှန်နော် စိတ်ကူးနဲ့လျောက်ပြောတဲ့ပုံပြင်မဟုတ်ဘူး အဲဒါတော့ သိထားကြ” လို့ပြောပြီး လွန်ခဲ့တဲ့၂၅နှစ်ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြန်လည်ပြောပြခဲ့တယ်။

– – – – – – – – –

လွန်ခဲ့တဲ့ ၂၅နှစ်လောက်တုန်းက ပဲခူးရိုးမတောနားမှာ လက်ပံကျဆိုတဲ့ရွာတစ်ရွာရှိခဲ့တယ်။ ရွာတစ်ရွာလုံးမှာရှိတဲ့ ယောင်္ကျားလေးတွေက ဆင်ကျုံးသွင်းခြင်းအလုပ်ကိုလုပ်ကိုင်ကြတယ်။
‌ပဲခူးရိုးမထဲက ဆင်ရိုင်းတွေကို ဆင်ယဉ်ဖြစ်အောင် ပြုပြင်ထိန်းကျောင်းတဲ့နေရာမှာ လက်ပံကျရွာကိုဘယ်သူမှမမှီခဲ့ဘူး။
အဲဒီထဲမှာ စောခွားဆိုတဲ့ လူငယ်လေးက ဆင်ထိန်းတဲ့နေရာမှာအကျွမ်းကျင်ဆုံးနဲ့အတော်ဆုံးဖြစ်ခဲ့တယ်။ ဆင်ဆိုတဲ့အမျိုးက အရမ်းမှတ်ဉာဏ်ကောင်းသလို သခင်အပေါ်မှာလဲ အရမ်းသစ္စာရှိကြတယ်။
မောင်စောခွားမှာ ခွင်ကြီးလို့ခေါ်တဲ့ ဆင်တစ်ကောင်ရှိတယ်။ ခွင်ကြီးနဲ့ စောခွားက တစ်ရက်ထဲမှာမွေးတဲ့အတွက် သွားအတူ လာအတူနဲ့ကြီးပြင်းလာခဲ့ကြတယ်။ စောခွားကလဲ ခွင်ကြီးကိုအပျောက်မခံသလို ခွင်ကြီးကလဲ စောခွားမပါရင် ဘယ်မှမသွားဘူး။
ခွင်ကြီးက စောခွားရဲ့အသံ၊ အနံ့ကိုအရမ်းသိတယ်။ အရမ်းလိမ်မာသိတတ်တဲ့ကောင်ဖြစ်လို့ ရွာထဲကလူတွေကလဲ ခွင်ကြီးကို ချစ်ခင်ကြတယ်။ မုန်ယိုတဲ့အချိန် ဘယ်လောက်အသိစိတ်လွတ်နေပါစေ စောခွားက အော်လိုက်ရင် ခွင်ကြီးဘယ်သူ့ကိုမှမရမ်းတော့ပဲ လူသူမရှိတဲ့တောထဲကို ဝင်ပြေးသွားရော။ မုန်ယိုတာပျောက်သွားတဲ့အချိန်ကျရင်တော့ သူမဟုတ်တဲ့အတိုင်း မျက်နှာငယ်လေးနဲ့ ရွာထဲကိုပြန်ဝင်လာတတ်တယ်။
ခွင်ကြီးကအရွယ်ရောက်တာနဲ့အမျှ ပိုပြီးသန်မာလာခဲ့တယ်။ ‌ဆင်ရိုင်းသောင်းကျန်းပြီဟေ့ဆိုရင် စောခွားနဲ့ခွင်ကြီးကိုသာလာခေါ် လိုက် အဲဒီပြဿနာခဏလေးနဲ့ ပြီးတယ်။
တစ်နေ့ကျတော့စောခွား သေပြီဆိုတဲ့သတင်းက လက်ပံကျရွာအတွင်း တစ်ဟုန်ထိုးပျံ့သွားခဲ့တယ်။ ဆင်အကြောင်းအရမ်းနားလည်ကျွမ်းဝင်တဲ့ စောခွားသေသွားတဲ့အတွက် လက်ပံကျတစ်ရွာလုံး တောက်တစ်ခတ်ခတ် အံတစ်ကြိတ်ကြိတ်ဖြစ်ခဲ့ရတယ်။
စောခွားသေတဲ့နေ့ကစပြီး ခွင်ကြီးကို အစအနတောင်မတွေ့ရတော့ဘူး။ စောခွားအလောင်းကို ဆေးစစ်တဲ့ဌာနကနေပြန်ယူလာတဲ့အချိန် ဆရာဝန်ကြီးပြောလိုက်တာက
” သေနတ်နဲ့ပစ်ခံထိတာတဲ့”
လက်ပံကျရွာသားတွေလဲ စောခွားကိုဘယ်သူသတ်လဲဆိုတာမသိခဲ့ကြသလို၊ ရဲတပ်ဖွဲ့ကလဲ တရားခံကိုအတိအကျမဖော်နိုင်ခဲ့ကြဘူး။ သတင်းအစအနထွက်တာကတော့ ဆင်စွယ်မှောင်ခိုရောင်းတဲ့ဂိုဏ်းတစ်ခုခုရဲ့လက်ချက်တဲ့။
အချိန်တွေတစ်ဖြေးဖြေး ကြာလာတာနဲ့အမျှ လက်သည်မပေါ်ပဲသေခဲ့တဲ့စောခွားရဲ့အကြောင်းဟာလဲ လက်ပံကျရွာမှာ မေ့ပျောက်သလိုဖြစ်ခဲ့ရသလို ခွင်ကြီးအကြောင်းကိုလဲပြောမယ့်သူမရှိဖြစ်ခဲ့တယ်။

– – – – – – – – –

စောခွားသေပြီး ငါးနှစ်အကြာ –
” သစ်တောဝန်ထောက်မင်းတွေကြွလာတယ်ဟေ့ ထိုင်ဖို့နေရာတွေဖယ်ပေးကြဦး ”
ရွာလူကြီးဦးစံမြရဲ့ အလောတကြီးအော်ပြောသံကြောင့် အိမ်အောက်မှာ ထင်းခွေနေတဲ့ အလုပ်သမားလေးယောက်ပြေးထွက်လာပြီး ‌ရှုပ်ပွနေတဲ့ ဖန်ခွက်နဲ့ အရက်ပုလင်းခွံတွေကို ဖယ်ပြစ်လိုက်ကြတယ်။
” သူကြီး ဒီဘက်မှာ သစ်ခိုးခုတ်တဲ့သူတွေရှိလား”
” အာ မရှိပါဘူး ဝန်ထောက်မင်း ဒီနယ်တစ်ဝိုက်မှာ ဝန်ထောက်မင်းရဲ့အရှိန်အဝါကြောင့် ဘယ်သူမှသစ်ခိုးထုတ်မရဲကြပါဘူး”
” သူကြီးကျုပ်ကိုလိမ်ရင် ကျုပ်အကြောင်းသိတယ်နော် ”
” မလိမ်ရဲပါဘူးဝန်ထောက်မင်းရယ် ဝန်ထောက်မင်းမဖြစ်ခင်ထဲက သိလာတဲ့သူတွေပါ ကျုပ်ကျန်ဆိုကျိန်ပြောရဲပါတယ်”
” ဒီညကျုပ်တို့အဖွဲ့ ရွာမှာအိပ်မယ် တောအရက်ကောင်းကောင်းလေးနဲ့ အမြည်းကောင်းကောင်းလေးရှာကြံစမ်းပါဦး”
” အဆင်သင့်လိုက်လေ ဝန်ထောက်မင်းရယ် မနက်ကပဲ တောဝက်တစ်ကောင်ရလာလို့ ဖျက်ထားတာရှိတယ် တောဝက်ဝမ်းတွင်းသားလေးကို သေချာချက်ပေးပါ့မယ် အော် အရက်ကလဲ လက်ပံကျရွာကနေ ဝယ်ထားတာတွေရှိသေးတယ် ”
ဝန်ထောက်မင်းက လက်ပံကျရွာဆိုတဲ့အသံကြားတော့ ခေါင်းကိုဆတ်ခနဲမော့ကြည့်လိုက်ပြီး
” လက်ပံကျရွာဆိုတာ ဆင်ကျုံးလိုက်တဲ့ ရွာကိုပြောတာမဟုတ်လား ”
” ဟုတ်ပါတယ် ဝန်ထောက်မင်း ရောက်ဖူးလို့လား”
” ရောက်တော့မရောက်ဖူးပါဘူး အရင်ထဲက နာမည်ကြားဖူးနေလို့ မှတ်မိနေတာပါ သူတို့ရွာကချက်တဲ့အရက်က အတော်ကောင်းတယ်လို့တော့ပြောသံကြားတယ်”
” ကောင်းမကောင်းကတော့ လက်တွေ့မြည်းကြည့်ပေါ့ဗျာ အခု တစ်လုံးအရင်လာချထားပေးမယ် အမြည်းကတော့ ဆတ်သားခြောက်ဖုတ်ဆီဆမ်းလေးနဲ့ အရင်ခံတွင်းရှင်းထားပါဦး”
ရွာသူကြီးက ပြော‌ရင်းဆိုရင်း အိမ်အောက်ကဝါးထရံအခန်းလေးထဲက မီးတောက်အရက်တစ်လုံးနဲ့ ဆတ်သားခြောက်ဖုတ်ပန်းကန်ကိုယူထုတ်လာပြီး ဝန်ထောက်မင်းအရှေ့မှာချပေးလိုက်တယ်။
ဝန်ထောက်မင်းလဲ ခွက်ထဲကို မီးတောက်အရက်အနည်းငယ်ထည့်လိုက်ပြီး မော့ချလိုက်တယ်။
” အား ကောင်းလိုက်တဲ့အရက် လည်ချောင်းဝထဲကို မီးစကြီးနဲ့ထိုးလိုက်သလိုပဲ သူကြီး ကျုပ်ဒီည အဝသောက်မှာနော် ဟားဟား”
” စိတ်ကြိုက်သာသောက် မလောက်ရင် သွားထပ်ဝယ်ခိုင်းလို့ရတယ် လက်ပံကျရွာက ဒီကနေ နာရီဝက်လောက်ပဲ လမ်းလျောက်ရတာ ”
” ကြိုက်ပြီလေ ဒါကြောင့် သူကြီးဦးစံမြ သူကြီးဦးစံမြဆိုပြီး နာမည်ကြီးနေတာကိုး”
ဝန်ထောက်မင်းရဲ့စကားကြောင့် သူကြီးဦးစံမြ မျက်နှာ ပြုံးဖြီးဖြီးဖြစ်သွားခဲ့တယ်။
ဝန်ထောက်မင်းလဲ တစ်ခွက်ပြီးတစ်ခွက် သောက်လိုက် စကားပြောလိုက် အမြည်းစားလိုက်နဲ့လုပ်နေခဲ့တာ ညဦးပိုင်းကိုရောက်လာခဲ့တယ်။
” သူကြီး အရက်က ကုန်ပီလား အေ့”
” ရှိပါသေးတယ် နောက်ထပ် သုံးလုံးလောက်ရှိပါသေးတယ် ဝန်ထောက်မင်းထပ်လိုချင်တယ်ဆိုရင် ကျုပ်အိမ်က ကောင်တွေကို အခုသွားဝယ်ခိုင်းလိုက်ပါမယ်”
” အာ နေပါစေဗျာ နောက်တစ်လုံးလောက်ဆို ကျုပ်အတော်မူးပြီ အေ့ အခုတောင် နည်းနည်း မူးချင်သလိုလိုလေး အဟဲဟဲ”
” ဝန်ထောက်မင်း ဘာအမြည်းစားချင်သေးလဲ ”
” သူကြီး အေ့ ခင်ဗျားက ကျုပ်စားချင်တာ တကယ်ရှာပေးမှာမို့လို့လား”
” ကျုပ်တတ်နိုင်ရင် လုပ်ပေးမှာပေါ့ ဘာစားချင်လဲသာပြောပါ”
” ကြိုက်ပြီလေ ကျုပ်က ဆင်သားစားချင်တာ ဆင်သားကိုနူးနေအောင် ချက်ပြီး လက်နှစ်ဖက်နဲ့ ဟောဒီလို ဟောဒီလို ကိုက်စားချင်တာ ”
ဝန်ထောက်မင်းစကားကြောင့် ဦးစံမြ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားပြီး
” အဲဒီတစ်ခုတော့မလုပ်ပါနဲ့ဗျာ ဒီနယ်တစ်ဝိုက်မှာ ဆင်ကိုအကုန်လုံးက ချစ်ကြတာ အခြားအသားပြောကြည့်ပါလား ကျုပ်ရှာကြံပေးပါ့မယ်”
” မရဘူး ကျုပ်က ဆင်သားပဲစားချင်တာ ခင်ဗျားအဲလောက်တောင်အသုံးမကျဘူးလား ဟမ်”
ဝန်ထောက်မင်းက မူးမူးရူးရူးနဲ့ ပါးစပ်ထဲထွက်ရာတွေလျောက်ပြောကာ အော်ဟစ်နေတဲ့အချိန်
” ကျီ ကျီ ကျီ” ဆိုပြီး ဝမ်းခေါင်းသံကြီးနဲ့အော်လိုက်တဲ့ဆင်အော်သံကိုကြားလိုက်ရတယ်။
” ဟော ကြားရလား ဒါဆင်အော်တဲ့အသံပဲ ကျုပ်စားချင်နေမှန်းသိလို့ ရောက်လာတာ ခင်ဗျားတို့သွားဖမ်းဗျာ မရရင် ကျုပ်အဆိုးမဆိုနဲ့”
” ဝန်ထောက်မင်း အရမ်းမူးနေပြီထင်တယ် ဆင်အော်သံမကြားရပါဘူး ဘယ်မှာအသံကြားရလို့လဲ ဟေ့ကောင်တွေ မင်းတို့ရောဆင်အော်သံကြားလား”
သူကြီးက ဝန်ထောက်မင်းကိုတွဲထူရင်း တပည့်တွေကိုလှမ်းမေးလိုက်တယ်။
” မကြားရပါဘူး သူကြီး ဝန်ထောက်မင်းစိတ်စွဲတာနေမှာပါ”
သူကြီးတပည့်တွေရဲ့စကားကြောင့် ဝန်ထောက်မင်းက ဒေါသတကြီးနဲ့ လှည့်ကြည့်ပြီး
” ငါကဘာလို့စိတ်စွဲရမှာလဲ တကယ်အော်နေတာကွ ဟော ကြားရလား အသံက ဒီနားမှာပဲ တင်လှိုင် တင်လှိုင်လာစမ်း ငါ့ သေနတ်ယူပေးစမ်း အဲဒီအော်နေတဲ့ဆင်ကိုပစ်သတ်ပြီး ချက်စားမယ်”
ဝန်ထောက်မင်းအော်သံကြောင့် အိမ်အောက်မှာ ချက်အရက်တစ်လုံးနဲ့ဝိုင်းဖွဲ့နေတဲ့သူတွေပြေးထွက်လာပြီး
” ဆရာ စိတ်အေးအေးထားပါ ကျွန်တော်တို့လဲ ဆင်အော်သံမကြားရပါဘူး “ဆိုပြီးဖျောင်းဖျပေမယ့် ဝန်ထောက်မင်းက လက်မခံပဲ အိမ်နံရံမှာချိတ်ထားတဲ့ သေနတ်ကိုယူပြီး အသံကြားရာဘက်ကို ဒယီးဒယိုင်နဲ့အသွား အိမ်အနောက်ဘက် အမှောင်ထုထဲမှာ နီရဲနေတဲ့ အလုံးနှစ်လုံးကိုတွေ့လိုက်ရတယ်။
” ဟားဟား မင်းက အော်ပြီး ပုန်းနေတာပေါ့လေ ငါကလဲအဲလိုမှကြိုက်တာ ရော့ကွာ “ဆိုပြီး သေနတ်ပြောင်းကိုဆွဲလိုက်ရာ သေနတ်ကကျည်မထွက်လာပဲ “ချောက်” ဆိုတဲ့အသံကိုသာကြားလိုက်ရတယ်။
” ဟာ ဒီသေနတ်က အရေးအကြောင်းဆို ဖြစ်ပီ တင်လှိုင် မင်းသေနတ်ပေးစမ်း”
” ဆရာရယ် စိတ်ကိုလျော့လိုက်ပါတော့ဗျာ ဆရာပစ်နေတဲ့နေရာက ဆူးခြုံတောကြီးပါ အဲဒီထဲမှာ ဆင်လဲနေလို့မရပါဘူး သောင်းဒင်နဲ့ အေးကြိုင် ဆရာကိုအိပ်ယာထဲခေါ်သွားလိုက်ကွာ ဆရာအတော်မူးနေပြီကွ သူကြီးလဲ ခုံပေါ်ကခွက်တွေသိမ်းလိုက်ပါဦး ”
” အေ့ ငါမမူးဘူးကွ အဲဒီမှာ ဆင်တစ်ကောင်ရှိနေတယ် သူ့ကျောပေါ်မှာလဲ လူတစ်ယောက်ထိုင်နေသေးတယ်ကွ ငါတကယ်မြင်ရတာ ဟာကွာ ”
ဝန်ထောက်မင်းက ဆဲဆိုကြိမ်းမောင်းရင်း သောင်းဒင်နဲ့ အေးကြိုင်ခေါ်တဲ့နောက်ကို ပါသွားခဲ့တယ်။

– – – – – – – – –

မနက်မိုးလင်းတော့ နောက်တစ်ရွာကို ခရီးဆက်ဖို့အတွက် တင်လှိုင်၊ သောင်းဒင်နဲ့ အေးကြိုင်တို့ အဆင်သင့်ဖြစ်နေခဲ့ပေမယ့် ဝန်ထောက်မင်းက အိပ်နေရာကနေ မထလာခဲ့ဘူး။
” အေးကြိုင် ဆရာအခုထိမနိုးသေးဘူးထင်တယ်”
” ဘယ်နိုးပါဦးမလဲ ညက အတော်မူးသွားတာလဲပါတယ်လေ”
သူကြီးဆရာကိုသွားနှိုးပေးပါဦး။ နောက်ကျရင် ပြန်ဖို့ခက်လိမ့်မယ် ဒီညတွင်းချင်း မြို့ကိုပြန်တက်ရမှာ။
တင်လှိုင်စကားကြောင့် သူကြီးလဲ ဝန်ထောက်မင်းအိပ်တဲ့ တစ်ယောက်အိပ်တဲ့ အိမ်လေးဘက်ကိုထွက်သွားလိုက်တယ်။
သူကြီးထွက်သွားပြီး မကြာခင်မှာပဲ
” ဆရာလေးတို့ လာကြည့်ပါဦး ကိုယ်ကျိုးတော့နည်းပြီထင်ပါတယ် ” ဆိုတဲ့အော်သံကြောင့် အိမ်ရှေ့မှာထိုင်နေတဲ့သူတွေ ကမန်းကတမ်းပြေးလာခဲ့ကြတယ်။
” သူကြီး သူကြီး ဘာဖြစ်တာလဲ”
” ဆရာလေး ‌ဝန်ထောက်မင်း ဘာဖြစ်တာလဲ မသိဘူး လာတက်ကြည့်ပါဦး”
သူကြီးစကားကြောင့် တင်လှိုင်လဲ အိမ်ပေါ်ကိုတက်ကြည့်လိုက်တော့ ဝါးအိမ်ထောင့်လေးမှာ မျက်လုံးကြီးပြူးပြီး ငုတ်တုပ်ထိုင်ကာ တစ်ဆတ်ဆတ်တုန်နေတဲ့ ဝန်ထောက်မင်းကိုတွေ့လိုက်ရတယ်။
” ဆရာ ဆရာ ဘာဖြစ်တာလဲ ”
” ဆင်ကြီး ဆင်ကြီးကအကြီးကြီးပဲ သူ့အပေါ်မှာ လူတစ်ယောက်လဲပါတယ် သူ့ပုံစံက ကြောက်စရာကြီး ခေါင်းတစ်ခြမ်းကပုတ်ပြီး သွေးတွေအနာရည်တွေကျနေတယ် သူကငါ့ကိုသတ်မယ်တဲ့ ဆင်ကြီးက ငါ့ကို နင်းသတ်ဖို့လုပ်နေတာ ငါမပြန်ရဲဘူး ငါကြောက်တယ် ဟီးဟီး ငါအောက်ဆင်းတာနဲ့ သူကနင်းသတ်မှာ”
တစ်ညလုံးမအိပ်ထားတဲ့မျက်လုံးနှစ်ဖက်ကညိုနေပြီး ပါးစပ်ကနေ ကယောင်ကတမ်းတွေပြောနေတဲ့ဝန်ထောက်မင်းကိုမြင်တော့ သူကြီးက
” ညက မူးမူးရူးရူးနဲ့ ပေါက်ကရတွေပြောလိုက်တာကြောင့်နဲ့တူပါတယ် ”
” ဟိတ် ငါမမူးဘူး အဲဒီဆင်ကတကယ်ရှိတာ သူ့အစွယ်ကြီးတွေက အရှည်ကြီးပဲ မျက်လုံးနှစ်ဖက်က နီရဲနေတယ် ငါသေချာမြင်တာ ငါအကုန်သိတယ် ငါ့ကိုမခေါ်သွားကြပါနဲ့ တောင်းပန်ပါတယ်”
” ဆရာလေးတို့ မြို့ပေါ်ကိုသာ တစ်ခါထဲတက်သွားကြပါတော့ ဝန်ထောက်မင်းပုံစံကြည့်ရတာ အခြေအနေမဟန်ဘူး ကျုပ်တို့ဘက်ကလဲ သေချာပြန်တောင်းပန်ပေးပါ့မယ် ”
သူကြီးစကားကြောင့် ဝန်ထောက်မင်းကို ကားပေါ်တင်ပြီး မြို့ကိုပြန်တက်သွားကြတယ်။ ဝန်ထောက်မင်းတို့ပြန်ထွက်သွားတော့ သူကြီးက ဝါးအိမ်အနားတစ်ဝိုက်ကိုလိုက်ကြည့်ရာ ဆင်ခြေရာအချို့ကို ထူးဆန်းစွာတွေ့လိုက်ရတယ်။
ဝန်ထောက်မင်းပြန်သွားပြီး တစ်ပတ်လောက်ကြာတော့ သစ်တောဝန်ထမ်းအချို့ ဦးစံမြတို့ရွာကိုထပ်ရောက်လာခဲ့တယ်။
” သူကြီး မတွေ့တာကြာပြီနော် နေကောင်းရဲ့လား”
သက္ကလပ်ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားတဲ့လူတစ်ယောက်ရဲ့စကားကြောင့် သူကြီးဦးစံမြက မျက်မှောင်ကျုံ့ကာ သေချာကြည့်လိုက်ပြီး
” မောင်ကလေး မောင်ကလေးမဟုတ်လား”
” ဟားဟား သူကြီးကမှတ်မိသားပဲ ကျုပ်မောင်ကလေးပါဗျ အရင်ကတော့ တောခါင်းမောင်ကလေးပေါ့ အခုတော့ တောအုပ်ကြီးမောင်ကလေးဖြစ်နေပြီ”
” လွန်ခဲ့တဲ့ ငါးနှစ်လောက်ထဲက မတွေ့ရတော့တာ တွေ့မယ့်တွေ့တော့လဲ ဗြုန်းစားကြီးပါလား ”
” သူကြီးကို နောက်တစ်ယောက်နဲ့ မိတ်ဆက်ပေးရဦးမယ် သူ့ကိုရောမှတ်မိလား”
မောင်ကလေးဆိုတဲ့လူက ကားဘေးမှာရပ်နေတဲ့လူကိုလက်ညိုးထိုးပြပြီးမေးလိုက်တော့ သူကြီးက
” မျက်လုံးတွေက သိပ်မကောင်းတော့ ဘယ်သူလဲမသဲကွဲဘူးဖြစ်နေတယ် သူကဘယ်သူလဲ”
” သေချာကြည့်လေသူကြီး ‌သူ့ကိုသူကြီးကောင်းကောင်းသိပါတယ်”
မောင်ကလေးစကားကြောင့် သူကြီးက အနီးကပ်သေချာကြည့်လိုက်ရာ
” ဟေ့ကောင် ဖိုးကြွက် မင်း ဖိုးကြွက်မဟုတ်လား မင်းကွာရွာကနေပျောက်သွားတာ အစနတောင်ရှာမတွေ့ဘူး ဘယ်လိုကြောင့် မောင်ကလေးနဲ့တွေ့တာလဲ”
” ကျုပ်က အရင်ထဲက တောလိုက်ဝါသနာပါတယ်လေ သူ့ကိုတောထဲသွားရင်ခေါ်သွားနေကြ ကျုပ်အလုပ်ကိစ္စပြီးတော့ အခြားနယ်မြို့တစ်မြို့ကိုပြောင်းရတဲ့အခါ သူ့ကိုလက်တိုလက်တောင်းခိုင်းဖို့ခေါ်သွားခဲ့တာ ရုတ်တရက်ဆိုတော့ ဘယ်သူ့ကိုမှအသိမပေးနိုင်ခဲ့ဘူး ရွာမှာရော အခြေအနေဘာထူးသေးလဲ”
” ရွာမှာတော့ ဘာမှမထူးပါဘူး ဒီတိုင်းပါပဲ ဟိုတစ်လောကတော့ ဝန်ထောက်မင်း မူးပြီးပေါက်ကရတွေလုပ်လို့ ရူးသလိုလိုဖြစ်သွားသေးတယ်”
သူကြီးစကားကြောင့် မောင်ကလေးက အိတ်ကပ်ထဲမှာရှိတဲ့ မြင်းပျံစီးကရက်ကိုထုတ်ကာ ငွေရောင်စတီးမီးခြစ်ဘူးပေါ်ခေါက်ရင်း
” ကျုပ်တို့လာတာလဲ အဲဒီကိစ္စပဲ အခု သစ်တောဝန်ကြီးက ဝန်ထောက်မင်းဘာကြောင့် အခုလိုဖြစ်ခဲ့လဲဆိုတာ အသေးစိတ်သိချင်နေတယ် ဒါကြောင့် ဒီဒေသနဲ့ရင်းနှီးတဲ့ ကျုပ်ကို စုံစမ်းဖို့လွှတ်လိုက်တာ ”
” ဝန်ထောက်မင်းအခြေအနေရောဘယ်လိုရှိလဲ ”
” အခုဆို ပိုပိုဆိုးလာတယ် ညဘက်ရောက်ရင် တစ်ယောက်ထဲ ကယောင်ကတမ်းတွေ ထထအော်နေတာ သူလာတုန်းက ဆင်ရိုင်းတွေဘာတွေများ ဒီဘက်ကိုကျွံလာသေးလား”
” မကျွံလာပါဘူး ရွာထဲမှာလဲ အသံမကြားမိဘူး ”
” ဒီညတော့ ကျုပ်တို့အတွက် ဘာမှထွေထွေထူးထူးမလုပ်နဲ့နော် ရှိတာလေးနဲ့ပဲစားမယ်”
” ထမင်းစားဝင်အောင်တော့ နည်းနည်းပါးပါး သောက်ပါ မောင်ကလေးရယ် မင်းအကြောင်းငါကမသိတာကျနေတာပဲ ”
” ဟက်ဟက် အဲဒါက အရင်ကပါ သူကြီးရယ် ကျုပ်အရက်ဖြတ်ထားတာကြာပြီ ဒါကြောင့် ဘာမှမလုပ်ခိုင်းတာပေါ့”
” ကြားသားမိုးကြိုးပါ မောင်ကလေးရာ မင်းလိုအရက်ဂျိုးကြီးဆီက အရက်ပြတ်သွားတယ်ကြားရတာ ငါတကယ်အံ့ဩတယ်ဟေ့”
” ကျန်းမာရေးအရ ဆက်သောက်ရင် သေဖို့ပဲရှိတယ်သူကြီးရေ ဒါကြောင့်ဖြတ်ထားတာ အော် ပြောရဦးမယ် မနက်ဖြန် နေ့လည်ဘက် တောလိုက်သွားမယ် သူကြီးလိုက်ချင်လိုက်ခဲ့လေ”
” မနက်ဖြန်ဆိုရင် ငါမအားဘူးကွ ထင်းစည်းတွေကိုဟိုဘက်ရွာသွားပို့စရာရှိတယ် လူလိုရင် ငါ့တပည့်တွေကိုခေါ်သွားပါလား”
” ဒါဆိုလဲမခေါ်သွားတော့ပါဘူးဗျာ ဖိုးကြွက်လဲပါနေတာပဲ ကဲ သူကြီးလဲနားဦး ကျုပ်တို့လဲ နားလိုက်ဦးမယ်”
မောင်ကလေးက သူကြီးကိုပြောပြီး ကားပေါ်ကအဝတ်အစားအိတ်ကိုယူကာ လုံးချင်းဝါးအိမ်လေးဆီကို ထွက်လာခဲ့လိုက်တယ်။

– – – – – – – – –

သဘာဝလေကောင်းလေသန့်တွေတိုက်ခတ်နေတဲ့ ရိုးမတောင်ခြေကရွာကလေးကတော့ မှောင်စပျိုးတာနဲ့ လူသွားလူလာမရှိလောက်အောင် ခြောက်ကပ်နေခဲ့တယ်။ တစ်ခါတစ်ရံ ရွာအနီးအနားကိုမျက်စိလည်လမ်းမှားပြီးရောက်လာတဲ့ ချေ၊ ဆတ်၊ တောဝက်တို့ရဲ့အော်သံသဲ့သဲ့ကိုကြားရသလို၊ တောနက်ထဲက ဆင်ရိုင်းတွေရဲ့အော်သံသဲ့သဲ့ကိုလဲ တစ်ချက်တစ်ချက်ကြားနေရတယ်။
မောင်ကလေးကတော့ သူကြီးအိမ်ကချက်ကျွေးတဲ့ တောဝက်သားနဲ့ထမင်းစားပြီး ဝါးတဲအ‌ရှေ့က ကွပ်ပြစ်မှာထိုင်ကာ မြင်းပျံစီးကရက်တစ်လိပ်ကို အငွေ့တစ်ထောင်းထောင်းထအောင် သောက်နေခဲ့တယ်။
” ချွတ် ချွတ် ချွတ် ”
ရုတ်တရက်ကြားလိုက်ရတဲ့ သစ်ကိုင်းခြောက်နင်းသံကြောင့် နားပါးတဲ့မောင်ကလေးက ဝါးအိမ်အနောက်ဘက်က တောထဲကို တစ်ချက်လှမ်းကြည့်လိုက်တယ်။
” ဖိုးကြွက် ဖိုးကြွက် ဒီကိုခဏလာဦး”
မောင်ကလေးခေါ်သံကြောင့် အိမ်အောက်မှာ အရက်သောက်နေတဲ့ ဖိုးကြွက်ထလာပြီး
” ဆရာသမား ဘာဖြစ်လို့လဲ”
” အိမ်အနောက်ဖက် တောထဲက သစ်ကိုင်းခြောက်နင်းသံတွေကြားရတယ် လူတော့မဟုတ်ဘူး တဲပေါ်မှာ ဓါတ်မီးရှိတယ် သွားယူလိုက်”
ဖိုးကြွက်လဲ မောင်ကလေးစကားကြောင့် တဲအိမ်ပေါ်တက်ပြီး သုံးထောင့်ထိုးဓါတ်မီးကိုယူချလာခဲ့တယ်။
” တောထဲကိုလိုက်ထိုးကြည့်စမ်း ”
ဖိုးကြွက်လဲ ဓါတ်မီးကိုဖွင့်ပြီး တောထဲကို ထိုးကြည့်လိုက်တဲ့အချိန်
” ကျီ ကျီ ကျီ” ဆိုတဲ့အသံနဲ့အတူ အမှောင်ထုထဲကပြေးဝင်လာတဲ့ မဲမဲအကောင်ကြီးကိုမြင်လိုက်ရတယ်။
” ဆရာ ပြေး ပြေး တောဆင်ရိုင်းတွေ ဝင်လာတာ ”
ဖိုးကြွက်စကားမဆုံးခင်မှာပဲ ရှည်လျားတဲ့နှာမောင်းတံရဲ့ရိုက်ချက်ကိုမိသွားပြီး ဘေးကို ခြောက်ပေလောက်လွင့်ထွက်သွားတယ်။
မောင်ကလေးလဲ ရုတ်တရက်မို့ ကြောင်ကြည့်နေပြီး ပြေးဖို့မေ့နေတဲ့အချိန် အစွယ်တကားကားနဲ့ ဆင်တစ်ကောင်က မောင်ကလေး‌ထိုင်နေတဲ့ ကွပ်ပြစ်ကိုနှာမောင်းနဲ့ရိုက်ချလိုက်ရာ မောင်ကလေး အောက်ကိုပြုတ်ကျသွားတယ်။
အောက်ကိုကျသွားတဲ့မောင်ကလေးက သတိဝင်လာပြီး ထပြေးဖို့အလုပ် စွယ်စုံဆင်ကြီးက ခြေနဲ့နင်းဖို့ဟန်ပြင်လိုက်တဲ့အချိန် မောင်ကလေး ရှောင်ချိန်မရလိုက်ပဲ မျက်လုံးကိုစုံမှိတ်ကာ မျက်နှာကိုလက်နဲ့ကာလိုက်တဲ့အချိန် ကျယ်လောင်တဲ့တောက်ခတ်သံတစ်ချက်နဲ့အတူ စွယ်စုံဆင်ကြီးက အသံနက်ကြီးနဲ့အော်ကာ တောထဲကိုဝင်ပြေးသွားခဲ့တယ်။
ဝါးတဲဘက်ကနေ ကြားလိုက်ရတဲ့အသံကြောင့် အိပ်ပျော်နေတဲ့သူကြီးအိမ်ကလူတွေပြေးဆင်းလာတော့ မြေကြီးပေါ်မှာလဲနေတဲ့ မောင်ကလေးနဲ့ ဖိုးကြွက်ကိုတွေ့လိုက်ရတယ်။
” ဆရာလေး ဘာဖြစ်သွားသေးလဲ ”
” ဘာမှမဖြစ်ဘူးသူကြီး ဖိုးကြွက်ကိုကြည့်ဦး ဒီကောင်နှာမောင်းနဲ့အရိုက်ခံထားရတယ်”
မောင်ကလေးစကားကြောင့် သူကြီးက လဲကျနေတဲ့ဖိုးကြွက်ကိုထူလိုက်ကာ
” ဖိုးကြွက် မင်းဘာဖြစ်သွားသေးလဲ ”
” အား အား လက်တစ်ဖက်ကျိုးပြီထင်တယ် လှုပ်လို့မရတော့ဘူး ”
သူကြီးလဲ မောင်ကလေးနဲ့ ဖိုးကြွက်ကို အိမ်အောက်ကိုခေါ်လာခဲ့တယ်။
” သူကြီးပြောတော့ ဒီဘက်ကိုဆင်ရိုင်းတွေမလာဘူးဆို အခုဘယ်လိုဖြစ်တာလဲ”
အနည်းငယ်ပွန်းပဲ့သွားတဲ့နေရာတွေကိုဆေးထည့်ရင်းမေးလိုက်တဲ့ မောင်ကလေးစကားကြောင့် သူကြီးမျက်နှာပျက်သွားပြီး
” အရင်ကဒီဘက်ကိုတစ်ခါမှမလာဘူး မယုံရင် ရွာထဲမေးကြည့်လို့ရပါတယ် မောင်ကလေးရယ် ငါကမင်းကိုလိမ်ပါ့မလား”
” ထားလိုက်ပါ ပြီးခဲ့တာတွေလဲပြီးသွားပြီပဲ ကျုပ်တစ်ခုစဉ်းစားနေတာက ဒီဆင်ရိုင်းက ကျုပ်ကိုနင်းသတ်လို့ရရဲ့သားနဲ့ ဘာကြောင့် အော်ပြီးထွက်ပြေးသွားတာလဲ ”
” ငါလဲ အော်သံကြားလို့ အိမ်ပေါ်ကနေလှမ်းကြည့်လိုက်တော့ ပတပ်ရပ်ပြီးနင်းမလို့ဟန်ပြင်နေတာတွေ့လိုက်တယ် မောင်ကလေးတော့ ဒီတစ်ခါ သေပြီလို့‌ထင်ထားတာ မင်းကံကောင်းသွားတယ်”
” ကျုပ်သေနေ့မစေ့သေးလို့နေမှာပေါ့ဗျာ ဒီညတော့အလှည့်ကျကင်းစောင့်မှရမယ် ဒီကောင်ကြီး ထပ်ရောက်ချင်ရောက်လာနိုင်တယ်”
” ငါ့တပည့်တွေကို မီးဖိုဖိုခိုင်းပြီး စောင့်ခိုင်းလိုက်ပါမယ် မင်းနဲ့ဖိုးကြွက်အေးဆေးနားကြပေါ့”
သူကြီးက ပြောရင်းဆိုရင်း သူ့တပည့်တွေကိုခေါ်ကာ အလှည့်ကျကင်းစောင့်ဖို့ဝာာဝန်ပေးခဲ့တယ်။ မောင်ကလေးလဲ ဝါးတဲပေါ်ပြန်တက်ပြီး အိပ်ပျော်အောင်ကြိုးစားပေမယ့် ဖြစ်ပျက်ခဲ့တာတွေကိုတွေးမိပြီး အိပ်မပျော်နိုင်ဖြစ်နေခဲ့တယ်။ မနက်အာရုဏ်တက်ချိန်လောက်ရောက်တော့မှ မှေးခနဲအိပ်ပျော်သွားခဲ့တယ်။
မနက်နိုးလာတော့ နေတောင်အတော်မြင့်နေပြီ။ မောင်ကလေးလဲ ကိုယ်လက်သန့်စင်ပြီး သူကြီးအိမ်ရှေ့ခုံတန်းလေးကိုထွက်လာတော့ သူကြီးနဲ့သူ့တပည့်တွေထိုင်နေတာတွေ့လိုက်ရတယ်။
” မောင်ကလေး နိုးလာပြီလား လာထိုင်ကွာ မနက်စာ ကောက်ညှင်းပေါင်းနဲ့ဆတ်သားခြောက်ဖုတ်လေးစားဦး ကောက်ညှင်းပေါင်းက မနက်ထဲက ဝယ်ထားရတော့ နည်းနည်းအေးနေပြီ”
သူကြီးစကားကြောင့်မောင်ကလေးက ခုံတန်းလျားပေါ်မှာထိုင်လိုက်ပြီး ကောက်ညှင်းပေါင်းတစ်ဖဲ့ကိုယူကာ စားလိုက်တယ်။
” မောင်ကလေး ညက မင်းအိမ်နားမှာ စောင့်နေတဲ့ငါ့ကောင်တွေလဲ တစ်ရေးမှအိပ်မရဘူးပြောတယ်”
” ဘာဖြစ်လို့လဲသူကြီး ကျုပ်လဲညကတော်ရုံအိပ်မပျော်ဘူး”
” မင်းအိမ်နားမှာ တောက်ခတ်သံတွေ သစ်ကိုင်းခြောက်တွေကို နင်းပြီးလမ်းလျောက်သံတွေ အတိုင်းသားကြားနေရတယ်ပြောတယ်”
” ဟုတ်လား သူကြီး ကျုပ်ကဘာမှတော့မကြားဘူး နေဦး ကျုပ်ညကအိပ်ပျော်သွားတော့ အပေါ်ပိုင်းအင်္ကျီဗလာကျင်းထားတဲ့လူတစ်ယောက်က ကျုပ်ကိုမျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေတာကို အိမ်မက်မက်တယ် သူကြီးအိမ်မှာသရဲတွေဘာတွေများမွေးထား‌တာလား”
စသလိုနောက်သလိုနဲ့မေးလိုက်တဲ့ မောင်ကလေးစကားကြောင့် သူကြီးက ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး
” မွေးထားစရာလားကွာ ငါကသရဲမွေးပြီး ဘာလုပ်ရမှာလဲ ထင်းခုတ်ခိုင်းလို့ရရင်တော့ မွေးတာပေါ့”
” ကျုပ်ကစတာပါ သူကြီးရာ ဒါနဲ့ဖိုးကြွက်ရော အခြေအနေကောင်းလား”
” သူ့လက်ကမကျိုးပါဘူး အဆစ်လွဲသွားတာတဲ့ ရွာထဲက အနှိပ်သည်ကတော့ ဆေးထည့်ပြီး ပတ်တီးစည်းထားပေးတယ် ”
” ဒီကောင်ကိုမတွေ့ပါလား အိပ်နေသေးတာလား”
” ဘယ်ကအိပ်ရမှာလဲ ရွာမရောက်တာကြာလို့တဲ့ သူ့အသိအိမ်တွေကို လိုက်လည်နေတယ်”
” အော် လက်ကနာနေတာတောင် လမ်းကသလားနိုင်သေးတယ်လား”
မောင်ကလေးက ပွစိပွစိပြောရင်း ဆီစိမ်ထားတဲ့ ဆတ်သားခြောက်တစ်ဖတ်ကိုယူကာ ပါးစပ်ထဲပစ်ထည့်လိုက်တယ်။
” သူကြီး သူကြီး ”
အလောတကြီးအော်ကာပြေးလာတဲ့ရွာသားတစ်ယောက်အသံကြောင့် ရေနွေးသောက်နေတဲ့သူကြီးက လည်ပြန်လှည့်ကြည့်လိုက်တယ်။
” ငတုတ် အလောတကြီးနဲ့ ဘာဖြစ်လာတာလဲ”
” ဖိုးကြွက် ဖိုးကြွက် ဆင်နင်းခံရလို့သေပြီဗျ”
ဖိုးကြွက်သေပြီဆိုတဲ့အသံကြောင့် မောင်ကလေးရော သူကြီးပါ ထိုင်နေရာကနေ ပြိုင်တူထရပ်လိုက်ကြတယ်။
” ငတုတ် သေချာပြောစမ်း ဘယ်လိုဆင်နင်းခံထိတာလဲ ဘယ်သူ့ဆင်က ဖိုးကြွက်ကိုနင်းလိုက်တာလဲ”
” မဟုတ်ဘူးသူကြီး ရွာထဲက ဆင်မဟုတ်ဘူး ဘယ်ကဆင်လဲတော့ ကျုပ်တို့လဲမသိဘူး တစ်ခါမှလဲမမြင်ဖူးဖူး ”
” အခုဖိုးကြွက်အလောင်းဘယ်မှာလဲ”
” ဦးတာတီးရဲ့ ချက်အရက်ဖိုအနောက်မှာ ရှိတယ်”

– – – – – – – – –

ဦးတာတီးရဲ့ ချက်အရက်ဖိုအနောက်ဘက်မှာတော့ ရွာသားတွေစုပြုံနေကြတယ်။
” ဟေ့ကောင်တွေ သူကြီးလာပြီ ဖယ်ကြ ဖယ်ကြ”
အရက်ဖိုပိုင်ရှင် ဦးတာတီးအသံကြောင့် စုပြုံနေတဲ့ရွာသားတွေဘေးကိုဖယ်လိုက်ကြတယ်။
” တာတီး ဘယ်လိုဖြစ်သွားတာလဲ”
” ကျွန်တော်လဲသေချာမသိလိုက်ဘူး သူကြီး ချက်အရက်တစ်လုံးကိုင်ပြီး အနောက်မှာသောက်မယ်ဆိုပြီးဝင်သွားတာ ခဏနေတော့ အော်သံကြားလိုက်ရတာပဲ ကျွန်တော်လဲအသံကြားတာနဲ့ အပြင်ထွက်ကြည့်လိုက်တော့ စွယ်စုံဆင်တစ်ကောင်က ဖိုးကြွက်ကို နင်းသတ်နေတာတွေ့လိုက်ရတယ် ”
” ဟာကွာ ဆင်ရိုင်းတွေဒီဘက်ကို တစ်ခါမှမလာပါဘူး ‌အခုကျမှကွာ တောက်”
” သူကြီး ဖိုးကြွက်ကို နင်းသတ်သွားတဲ့ဆင်က ဆင်ရိုင်းမဟုတ်လောက်ဘူးလို့ထင်တယ် ”
” ဟင် ဒါဆိုဘယ်သူ့ဆင်လဲ ”
” ဒီလိုလေသူကြီး ဆင်ရိုင်းတွေဆိုရင် ကျုပ်ကိုပါ နင်းသတ်သွားမှာပေါ့ အခုက ဖိုးကြွက်ကိုနင်းသတ်နေတဲ့အချိန် ကျွန်တော်ရောက်နေပြီ သူက ကျွန်တော်ကို ရန်မပြုဘူးဗျ ဖိုးကြွက်သေပြီဆိုတာကို သေချာအနံ့ခံပြီးတော့မှ ပြန်ထွက်သွားတာ ဟိုမှာသူထွက်သွားတဲ့နေရာမှာ တောတိုးရာတွေကျန်နေသေးတယ်”
” အခြားရွာက ဆင်တွေများ မုန်ယိုပြီး ဒီကိုရောက်လာတာလား”
” မုန်ယိုတာတော့မဖြစ်နိုင်ဘူးသူကြီး မုန်သောက်တာလဲမတွေ့ရဘူး(မုန်သောက်ခြင်းဆိုသည်မှာ မုန်ပေါက်မှ မုန်ရည်များကျဆင်းမှုသည် ပါးစပ်အတွင်းသို့ရောက်လာသည်။ ၎င်းကိုမုန်သောက်ခြင်းဟုခေါ်သည်။ ဟော်မုန်းအမြင့်ဆုံးအချိန်ဖြစ်ပြီး တွေ့သမျှ မြင်သမျှကို ရန်ရှာတတ်သည့်အနေအထားမျိုးဖြစ်သည်)ဒါပေမယ့် တစ်ခုသတိထားမိတာက သူ့လည်ပင်းမှာ ကြေးခလောက်တစ်ခုဆွဲထားတယ် ဒါက ဆင်ရိုင်းမဟုတ်ဘူးဆိုတာပြတာပဲ”
” ဖိုးကြွက်အလောင်းကို မြေချပြီးရင် ဘယ်သူ့ဆင်လဲဆိုတာ လိုက်စုံစမ်းရမယ် အခုနာရေးကိစ္စအတွက် ပြင်စရာရှိတာပြင်ကြ ရွာသားတွေလဲသတိဝိရိယနဲ့နေကြဦး ဒီကောင်က ရွာလမ်းတွေကို အတော်နှံ့နှံ့စပ်စပ်သိနေတဲ့ပုံပဲ”
သူကြီးစကားကြောင့် ရွာသားတွေလဲ ဖိုးကြွက်ရဲ့အလောင်းကို သယ်ကာ မြေချဖို့အတွက်စီစဉ်ရန်ထွက်သွားခဲ့တယ်။ မြေချတဲ့နေ့ရောက်တော့ မောင်ကလေးနဲ့သူကြီးက ဖိုးကြွက်အလောင်းကို
သရဏဂုံတင်ရင် သုဿာန်ကိုအရင်ဆုံးထွက်သွားခဲ့ကြတယ်။
သုဿာန်ဇရပ်ကိုရောက်တော့ ဇရပ်ပေါ်မှာ ယောဂီဝတ်လူသုံးယောက်တရားထိုင်နေတာတွေ့လိုက်ရတယ်။ သူကြီးနဲ့မောင်ကလေးလဲ သရဏဂုံတင်မယ့်ကိစ္စတွေလုပ်ရင် တရားထိုင်ပျက်သွားမှာစိုးပြီး တရားဖြုတ်တဲ့အထိထိုင်စောင့်နေခဲ့ကြတယ်။
တစ်နာရီနီးပါးစောင့်ပြီးတော့ ယောဂီဝတ်လူသုံးယောက်က ပြိုင်တူတရားဖြုတ်လိုက်ကြပြီး မောင်ကလေးတို့ဘက်လှည့်ကာ
” စောင့်နေရတာ အားနာသွားပြီ ”
” အာ မဟုတ်တာ ဒီလောက်ကတော့ ဘာမှမဖြစ်ပါဘူး ဒီကပုဂ္ဂိုလ်တွေကို အရင်ကဒီနားမှာ မမြင်ဖူးဖူး ဘယ်ကနေလာကြတာလဲ”
” ကျုပ်တို့က ရိုးမတောထဲမှာ အဓိဌာန်ဝင်နေကြတာပါ ဒီအချိန်က အဓိဌာန်ချိန်မို့လို့ တွေ့တဲ့ဇရပ်မှာ ဝင်ပြီးတရားထိုင်နေတာပါ”
” ‌အဲလိုလား ကျုပ်တို့ကတော့ ရွာသားတစ်ယောက် ဆင်နင်းခံရပြီးဆုံးသွားလို့ အသုဘချဖို့ကြိုရောက်လာတာ ကျုပ်က ဒီရွာရဲ့သူကြီးပါ သူကတော့ သစ်တောဌာနက တောအုပ်ကြီးမောင်ကလေးပါ”
” တွေ့ရသိရမြင်ရတာ ဝမ်းသာပါတယ် ကျုပ်နာမည်က အောင်မြတ်သာပါ သူက ‌သက်ခိုင် သူကတော့ တောက်ရလို့ခေါ်ပါတယ် ”
အောင်မြတ်သာဆိုတဲ့ပုဂ္ဂိုလ်က မိတ်ဆက်ပေးပြီး မောင်ကလေးညာဘက်လက်မှာဝတ်ထားတဲ့ အနီရောင်လက်ပတ်လေးကိုတွေ့သွားတယ်။
” လက်ပတ်လေးက ဘယ်ကရတာလဲ ”
” အော် ဒီလက်ပတ်က အလုပ်ကိစ္စနဲ့ ရှမ်းရိုးမဘက်ကိုသွားရတုန်းက ဘုန်းကြီးတစ်ပါးပေးထားတာပါ”
မောင်ကလေးစကားကြောင့် အောင်မြတ်သာဆိုတဲ့ပုဂ္ဂိုလ်က အနည်းငယ်ပြုံးလိုက်ပြီး
” ဒီလက်ပတ်က သင့်ကိုကယ်ခဲ့တာပဲ ”
” ဗျာ ဘယ်လိုကယ်ခဲ့တာလဲ ”
” လွန်ခဲ့တဲ့ရက်က အသက်အန္တရာယ်ကို ရန်ပြုနိုင်တဲ့အဖြစ်အပျက်တွေဖြစ်ခဲ့တယ်မဟုတ်လား”
အောင်မြတ်သာစကားကြောင့် မောင်ကလေး မျက်လုံးပြူးသွားပြီး
” ဟုတ်တယ် ကြုံခဲ့ရတယ် ဒါတွေကို ဘယ်လိုသိနေတာလဲ”
” ဘယ်လိုသိတယ်ဆိုတာကအရေးမကြီးပါဘူး အခုသေတဲ့လူကလဲ ဒီဖြစ်ရပ်ပြဿနာတွေထဲမှာ ပါခဲ့ဖူးတယ်မဟုတ်လား”
အောင်မြတ်သာစကားကြောင့် မောင်ကလေး မျက်မှောက်ကျုတ်ကာစဉ်းစားလိုက်ပြီး
” ကျုပ်မမှတ်မိဘူး ဘာကိုဆိုလိုတာလဲ”
” ပြုသူကမေ့နိုင်ပေမယ့် ခံရသူက မမေ့ဘူးဆိုတဲ့စကားကို အရာရှိမင်းကြားဖူးမှာပေါ့ လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက အရာရှိမင်းနဲ့သေဆုံးတဲ့သူ နှစ်ယောက်ထဲ တောလည်ထွက်ခဲ့ဖူးတယ်မဟုတ်ပါလား”
အောင်မြတ်သာစကားကြောင့် မောင်ကလေး တစ်စုံတစ်ခုကိုသတိရသွားပြီး မျက်စိမျက်နှာပျက်သွားခဲ့တယ်။
” ကျုပ်တို့ဖြစ်ခဲ့တာတွေကို ခင်ဗျားတို့က ဘယ်လိုသိနေတာလဲ ဒါကလဲ ကျုပ်တို့တမင်တကာလုပ်ခဲ့တာမဟုတ်ဘူး ”
” အရာရှိမင်းတို့ တမင်တကာလုပ်တာမဟုတ်ဘူးဆိုတာကို သေသွားတဲ့လူငယ်လေးရဲ့ ဆင်ကမသိခဲ့ဘူးလေ ”
အောင်မြတ်သာနဲ့မောင်ကလေးတို့အပြန်အလှန်ပြောနေတဲ့စကားတွေကြားထဲမှာ သူကြီးခေါင်းကုတ်လိုက်ပြီး
” ဘာတွေပြောနေကြတာလဲ ကျုပ်လဲတစ်လုံးမှနားမလည်ပါလား”
” အရာရှိမင်း အတိတ်ဖြစ်ရပ်ကို အမှန်အတိုင်းပြောရင် ဘာတစ်ခုမှမဖြစ်အောင် ကျုပ်ကူညီပါ့မယ် လိမ်ညာပြောမယ်ဆိုရင်တော့ အရာရှိမင်းအပြန်မှာ ဆင်နင်းခံရပြီးသေလိမ့်မယ်”
အောင်မြတ်သာစကားကြောင့် မောင်ကလေး မျက်နှာဖြူဖျော့သွားပြီး
” ကျုပ်အမှန်တိုင်းပြောပြပါ့မယ် လွန်ခဲ့တဲ့ငါးနှစ်က ကျုပ်ရယ် ဖိုးကြွက်ရယ် တောလိုက်ထွက်ခဲ့တယ် အဲဒီအချိန် မုန်ယိုနေတဲ့ဆင်တစ်ကောင်နဲ့ထပ်တိုက်တိုးမိခဲ့တယ် ကျုပ်နဲ့ဖိုးကြွက်လဲ ကိုယ်လွတ်ရုန်းပြေးဖို့ကြိုးစားခဲ့ပေမယ့် မရခဲ့ဘူး ဒါကြောင့် မုန်ယိုနေတဲ့ဆင်ကို သေနတ်နဲ့ပစ်သတ်ဖို့လုပ်တဲ့အချိန် လူတစ်ယောက်က ဆင်အရှေ့ကနေ ဝင်ရပ်လာခဲ့တယ် ကျုပ်တို့အဲဒီလူကိုပစ်တာမဟုတ်ဘူး ဒါပေမယ့် ကျည်က လာရပ်တဲ့လူကိုမှန်သွားခဲ့တယ် ကျုပ်တို့တမင်တကာ သတ်ခဲ့တာမဟုတ်ပါဘူး မတော်တဆဖြစ်သွားခဲ့တာပါ အဲဒီကိစ္စတွေပြီးတော့ ကျုပ်တို့ဘာမှမဖြစ်တဲ့ပုံစံနဲ့ရွာထဲကိုပြန်လာပြီး နောက်ရက်မှာ မြို့ကိုပြန်တက်သွားခဲ့တယ် ဒါကျုပ်အမှန်တိုင်းပြောပြတာပါ မလိမ်ခဲ့ပါဘူး”
မောင်ကလေးစကားကြောင့် သူကြီးက အနည်းငယ်စဉ်းစားလိုက်ပြီး
” ဒါဆိုရင် လက်ပံကျရွာက စောခွား သေတာ မင်းနဲ့ဖိုးကြွက်ကြောင့်ပေါ့ ”
” ကျုပ်တို့တမင်လုပ်ခဲ့တာမဟုတ်ပါဘူးသူကြီး”
” ဘယ်လိုပြောပြောလေ စောခွားက မင်းတို့ကြောင့်သေခဲ့တာပဲ ဖိုးကြွက်ကို နင်းသွားတဲ့ဆင်က စောခွားရဲ့ဆင် ခွင်ကြီး‌ပဲဖြစ်မယ်”
သူကြီးစကားအဆုံးမှာ အောင်မြတ်သာက
” တိရိစ္ဆာန်တစ်ကောင်ဟာ သူမြတ်နိုးရတဲ့အရာတစ်ခုကို စွဲလမ်းတပ်မက်စိတ်ကြောင့် မကောင်းတဲ့အပြုအမူတွေကို လုပ်နေရတယ် သူ့ကို လမ်းမှန်ပြန်ရောက်အောင် ပို့ပေးဖို့က အရာရှိမင်းမှာတာဝန်ရှိပါတယ်”
” ကျုပ်လူသတ်မှုနဲ့ ထောင်မကျချင်ဘူး ဒီရာထူးဒီအခြေအနေရောက်အောင် ကျုပ်အများကြီးကြိုးစားခဲ့ရတာ ခင်ဗျားတို့မှမသိပဲ”
” အရာရှိမင်း အပြစ်တွေဝန်မခံပဲ ဒီနေရာကနေ ထွက်သွားလို့ရမယ်ထင်နေတာလား မနေ့ညက ခွင်ကြီးရဲ့ဂုတ်ပေါ်မှာ စောခွားပါလာခဲ့လို့ အရာရှိမင်းလက်မှာဝတ်ထားတဲ့ အဆောင်လက်ပတ်ကကယ်သွားခဲ့တာ”
” စောခွားက သေပြီလေ ဘာကြောင့် ခွင်ကြီးဂုတ်ပေါ်ပါလာခဲ့တာလဲ”
” စောခွားက သေပေမယ့် မကျွတ်လွတ်သေးဘူး ခွင်ကြီးကလဲ သူ့သခင်သေနေပြီဆိုတာမသိဘူး ဒါကြောင့် စောခွားကို ဂုတ်ပေါ်တင်ပြီး စေလိုရာစေနေရတာပါ သူတို့နှစ်ယောက်ကို လွတ်လပ်ခွင့်ပေးလိုက်ပါ အရာရှိမင်း အပြစ်တွေကို ဝန်ချတောင်းပန်ပြီးရင် အရာရှိမင်း ဒီကနေထွက်သွားလို့ရအောင် ကျုပ်ကူညီပါ့မယ်”
” ကျုပ်မှာအဆောင်လက်ပတ်ရှိနေတာပဲ အဲဒီဆင်က ကျုပ်အနားတောင်ကပ်လို့ရမှာမဟုတ်ဘူး ကျုပ်ဒီကနေရအောင်ထွက်မယ်”
” အရာရှိမင်း သဘောပါ ကျုပ်တို့က အတင်းအကြပ်မတိုက်တွန်းပါဘူး တစ်ခုသတိပေးချင်တာက စောခွားကသာ အရာရှိမင်းအနားကပ်မရတာနော် ခွင်ကြီးကတော့ အရာရှိမင်းဆီလာလို့ရတယ်”
အောင်မြတ်သာရဲ့စကားအဆုံးမှာ မောင်ကလေးဘာမှဆက်မပြောတော့ပဲ ကန်တော့ပွဲခြင်းကို နေရာချကာ သုဿာန်အပြင်ဘက်ကိုထွက်သွားခဲ့တယ်။
ဖိုးကြွက်ရဲ့အသုဘမြေချပြီးတဲ့အချိန်မှာ မောင်ကလေးက ချက်ချင်းပြန်ဖို့ပြင်ပါလေရော။
” သူကြီး ကျုပ်ဒီမှာဆက်မနေတော့ဘူး ဖြစ်ခဲ့တာတွေကို မသိချင်ယောင်ဆောင်ပေးပါ သူကြီးအတွက်အကျိုးမယုတ်စေရပါဘူး”
မောင်ကလေးစကားကြောင့် သူကြီးက ရှေ့ရေးကိုကြိုတင်တွက်ဆကာ
” ဖြစ်ခဲ့တာတွေလဲ ဖြစ်ပြီးခဲ့ပြီပဲ မင်းသာ ရှေ့ဆက်လိမ်မာအောင်နေပါ ဒီကိစ္စတွေကို ရေငုံနှုတ်ပိတ်နေပေးပါ့မယ်”
” ကျုပ်လဲ သူကြီးရဲ့ကျေးဇူးကိုမမေ့ပါဘူး ဒီငွေတွေက သူကြီးတို့မိသားစု အဆင်ပြေတဲ့နေရာသုံးဖို့ပါ”
မောင်ကလေးက အိတ်ထဲကနေ ငွေတစ်ထပ်ကို ခုံပေါ်တင်ပေးပြီး ကားပေါ်တက်ကာ စက်နှိုးလိုက်တယ်။
” ကျုပ်သွားတော့မယ် သူကြီး ”
” သတိထားဦးနော် ကားလဲဖြေးဖြေးမောင်းဦး”
သူကြီးက မောင်ကလေးကို လှမ်းပြောလိုက်တော့ မောင်ကလေးက အဆောင်လက်ပတ်ဝတ်ထားတဲ့လက်ကိုခါပြရင်း ကားကိုမောင်းထွက်သွားခဲ့တယ်။
တောလမ်းဖြစ်တဲ့အတွက် ခရီးကထင်သလိုမပေါက်တဲ့အပြင် စိတ်ကပါထင့်နေတာမို့ မောင်ကလေးရဲ့အပြန်ခရီးက အလာတုန်းကလောက် အဆင်မပြေခဲ့ဘူး။
မောင်ကလေးလဲ ကားကို သတိထားပြီးမောင်းလာခဲ့တာ ရိုးမတောရဲ့ နာမည်ကြီး ကျွဲလူးအိုင်ကွေ့လဲရောက်ရော
” ကျီ ” ဆိုတဲ့ဆင်အော်သံနဲ့အတူ ကားကအရှေ့ကို ဆက်မတိုးတော့တာသတိထားမိလိုက်တယ်။ မောင်ကလေးလဲ ဆင်အော်သံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်ရာ ကားအနောက်အမိုးတန်းကို နှာမောင်းနဲ့ပတ်ပြီး ဆွဲထားတဲ့ စွယ်စုံဆင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်။
မောင်ကလေးလဲ ကားကို ဂီယာကြီးထိုးကာ အတင်းရုန်းထွက်ဖို့ကြိုးစားပေမယ့် စွယ်စုံဆင်ကြီးရဲ့နှာမောင်းက ပြုတ်တူတစ်ချောင်းလို မြဲနေအောင် တွယ်ရစ်ထားခဲ့တယ်။
ဘယ်လိုရုန်းရုန်းမရတဲ့နောက်ဆုံး တောင်တက်ဂီယာကိုထိုးပြီး လီဗာကိုဆောင့်နင်းလိုက်တဲ့အချိန် စွယ်စုံဆင်ကြီးက ကားအနောက်ခန်းကို နှာမောင်းနဲ့လိမ်ဆွဲကာ ဘေးကိုတွန်းချလိုက်တယ်။
” ဝုန်း ” ဆိုတဲ့အသံနဲ့အတူ မောင်ကလေးရဲ့ ဂျစ်ကားလေးက တောလမ်းမဘေးက လျှိုထဲကို ‌လိမ့်ဆင်းသွားခဲ့တယ်။ ကားလိမ့်ဆင်း‌နေတာကိုသိတဲ့ မောင်ကလေးက ကားပေါ်ကနေ ခုန်ဆင်းလိုက်တဲ့အချိန် လမ်းဘေးမှာရှိနေတဲ့ သစ်ပင်နဲ့ဝင်ဆောင့်မိကာ ခေါင်းကနေ သွေးတွေယိုဆင်းလာခဲ့တယ်။
မောင်ကလေးလဲ ဒဏ်ရာတွေနဲ့ ရုတ်တရက်မထနိုင်တာကိုသိတဲ့ စွယ်စုံဆင်ကြီးက မောင်ကလေးကို နင်းသတ်ဖို့ ပဒတ်ရပ်လိုက်အချိန်
” ကျီ ကျီ ကျီ ” လို့အော်ပြီး အနောက်ကိုပြန်ဆုတ်သွားတယ်။
မောင်ကလေးလဲ လက်မှာဝတ်ထားတဲ့လက်ပတ်ကို စွယ်စုံဆင်ကြီးမြင်သာအောင် ထောင်ပြလိုက်တယ်။ သစ်ပင်နဲ့ဆောင့်ထားလို့ ကွဲနေတဲ့ ခေါင်းကသွေးတွေကြောင့် မောင်ကလေး မျက်လုံးတွေဝေဝါးလာတဲ့အချိန် စွယ်စုံဆင်ကြီးပေါ်ကနေ လူတစ်ယောက် ဆင်းလာတာကို ဝိုးတဝါးမြင်လိုက်ရတယ်။
ဆင်ပေါ်ကနေဆင်းလာတဲ့လူက မောင်ကလေးနဲ့မလှမ်းမကမ်းမှာ ရပ်လိုက်ပြီး
” ခွင်ကြီး ဒီလူလက်မှာပတ်ထားတဲ့ လက်ပတ်ကို ဆွဲဖြတ်ပစ် ဒီလူ့ကိုအသေသတ်ရမယ် ငါကိုယ်တိုင်သတ်မယ် ” ဆိုပြီး ကြုံးဝါးလိုက်တယ်။
စွယ်စုံဆင်ကြီးလဲ ဘေးမှာရပ်နေတဲ့လူရဲ့စကားကို နားလည်တဲ့ဟန်နဲ့ ကျယ်လောင်စွာအော်ဟစ်ပြီး မောင်ကလေးဆီကိုပြေးဝင်လာခဲ့တယ်။
မောင်ကလေးလဲ အရှိန်နဲ့ပြေးဝင်လာတဲ့ စွယ်စုံဆင်ကိုမြင်နေရပေမယ့် ခိုက်မိထားတဲ့အရှိန်ကြောင့် မထနိုင်ပဲဖြစ်နေတဲ့အချိန်
” ဟေ့ ရပ်လိုက်စမ်း” ဆိုတဲ့အသံက ဟိန်းပြီးထွက်လာခဲ့တယ်။
စွယ်စုံဆင်ကြီးက မောင်ကလေးဆီပြေးနေရာကနေ အသံကြားရာဘက်ကို လှည့်ကာ ဝမ်းခေါင်းသံကြီးနဲ့အော်လိုက်တယ်။
မောင်ကလေးလဲ အသံကြားတဲ့ဘက်ကို အားယူပြီးကြည့်လိုက်တော့ သုဿာန်မှာတွေ့ခဲ့ရတဲ့ ယောဂီဝတ်လူသုံးယောက်ကို ‌သွေးစက်တွေကြားထဲကနေမြင်လိုက်ရတယ်။
” ရပ်တန်းကရပ်တော့ ခွင်ကြီး သင်ဟာ အတိတ်ဘဝက အကုသိုလ်တွေကြောင့် အခုဘဝမှာ အဟိတ်တိရိစ္ဆာန်ဖြစ်နေရတာမဟုတ်လား ဘာကြောင့် အကုသိုလ်အလုပ်တွေကိုထပ်ပြီးလုပ်ဖို့ ကြိုးစားနေတာလဲ ”
ခွင်ကြီးဆိုတဲ့ဆင်က ကြည်လင်အေးမြပြီး မေတ္တာဓါတ်အပြည့်ပါတဲ့အသံကြောင့် ရှေ့ဆက်သွားမယ့်ခြေလှမ်းတွေကိုရပ်လိုက်တယ်။
” လိမ်မာတယ် ခွင်ကြီး သင့်ရဲ့သခင်အပေါ်သစ္စာရှိတာကိုလဲ အသိအမှတ်ပြုပါတယ် သခင်ဖြစ်သူကလဲ ကိုယ်ချစ်တဲ့အရာကို မကောင်းတဲ့သူဖြစ်အောင်မလုပ်ရဘူး စောခွား သင်လဲဘဝခြားနေပြီ စိတ်ကိုလျော့ပြီး လွတ်ရာကျွတ်ရာကိုသွားပါ သက်ရှိသက်မဲ့တစ်စုံတစ်ခုကို တွယ်ကပ်နေတဲ့စိတ်က ရေရှည်မှာမကောင်းတာတွေဖြစ်လာတတ်တယ် ”
” ကျုပ်ကိုသူသတ်ခဲ့တာ ကျုပ်ခွင့်မလွှတ်ဘူး သူ့ကိုပြန်သတ်မယ် တားတဲ့လူကိုလဲ ခွင့်မလွှတ်ဘူး ခွင်ကြီး ငါ့ဆီလာခဲ့စမ်း”
ခါးထောက်ကာရပ်နေတဲ့လူရဲ့စကားကြောင့် ခွင်ကြီးရဲ့စိတ်တွေ ပြန်လည်ကြမ်းတမ်းလာခဲ့ပြီး အနားမှာရှိတဲ့ အပင်ငယ်လေးတွေကို နှာမောင်းနဲ့ရိုက်ချိုးကာ သောင်းကျန်းပါလေရော။
” အိမ်း မေတ္တာနဲ့ပြောဆိုဆုံးမပေမယ့် သခင်ဖြစ်သူရဲ့စကားကို အခုချိန်ထိ လိုက်နာနေပါလား ဒါဖြင့်လဲ ဆိုင်ရာပိုင်ရာကိုပဲ ဆုံးမခိုင်းရတော့မယ်”
အောင်မြတ်သာစကားအဆုံးမှာ စောခွားက ခွင်ကြီးရဲ့ဂုတ်ပေါ်ကို ပြန်တက်လိုက်တယ်။
” တွေ့သမျှအရာအကုန် ဖျက်စီး နှောင့်ယှက်သူမှန်သမျှ သတ်ရမယ် ဒီလူကိုငါ့လက်နဲ့မသတ်ရမချင်း မကျေနပ်ဘူး စောခွားတဲ့ဟေ့”
ဒဏ်ရာကြောင့်မလှုပ်နိုင်ဖြစ်နေတဲ့ မောင်ကလေးက ဖြစ်ပျက်နေတဲ့အရာတွေအားလုံးကို မြင်နေကြားနေခဲ့တယ်။ အဲဒီအချိန် အောင်မြတ်သာက
” ဆင်အားလုံးကို ထိုင်ဆိုထိုင် ထဆိုထ စေခိုင်းနိုင်တဲ့ ဆင်အားလုံးရဲ့သခင် ဥတေနနတ်မင်းကိုပင့်ဖိတ်ပါတယ် သင့်လက်အောက်ငယ်သား ၏စိတ်ရိုင်းကို ယဉ်ပါးအောင်ဆုံးမပြီး လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးပါရန် ကျုပ်အောင်မြတ်သာမှ မေတ္တာရပ်ခံပါတယ်” လို့ပြောလိုက်တဲ့အချိန် လက်တစ်ဖက်မှာ ကြာပွတ်ကိုကိုင်ထားပြီး ကျန်တစ်ဖက်မှာ လေးနဲ့မြှားကိုကိုင်ဆောင်ထားတဲ့သူတစ်ယောက်က လူတစ်ဖက်စာခန့်ရှိတဲ့ကျွန်းပင်ထိပ်မှာ ပေါ်လာခဲ့တယ်။
အဲဒီအချိန်ထိ ခွင်ကြီးက စိတ်ရိုင်းဝင်ပြီး သောင်းကျန်းနေရာ ကျွန်းပင်ထိပ်မှာရပ်နေတဲ့ ဥတေနနတ်က လက်ထဲက ကြာပွတ်ကိုဝေ့ရမ်းကာ ရိုက်ချလိုက်တယ်။
ကြာပွတ်သံလဲကြားရော ခွင်ကြီးက ရုတ်ပေါ်တင်ထားတဲ့သူကို ခါချပြီး ကြောက်လန့်တကြား ပြေးပါလေရော။
ဥတေနနတ်လဲ ကြာပွတ်ကိုဒုတိယအကြိမ်ရိုက်လိုက်တဲ့အချိန် ခွင်ကြီးဆက်မပြေးတော့ပဲ ရောက်တဲ့နေရာမှာ ဖင်ထိုင်ချကာ ငြိမ်သက်သွားခဲ့တယ်။
အောင်မြတ်သာလဲ ခွင်ကြီးပေါ်က ကျလာတဲ့ သူကိုကြည့်ပြီး
” စောခွား သင့်ဒေါသတွေပြေပါတော့ သူလဲ သူ့အပြစ်သူခံရပါလိမ့်မယ် စိတ်ကိုလျော့ပြီး လွတ်ရာကိုသွားပါ သင့်ရဲ့ဘဝသစ်ကိုပြန်စပါ” လို့ပြောလိုက်တော့မှ စောခွားက မာန်ကိုချပြီး တောထဲကိုခြေဦးလှည့်လိုက်တယ်။
တောထဲဝင်ခါနီးမှာတော့ ဥတေနနတ်ကို ဝပ်ချကာအရိုသေပေးနေတဲ့ ခွင်ကြီးကိုတစ်ချက်လှည့်ကြည့်ကာ ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာလဲ လာရောက်ကူညီပေးတဲ့ ဥတေနနတ်ကို ကျေးဇူးတင်ကြောင်းပြောတာကိုကြားလိုက်ရပြီးတဲ့နောက်မှာ မောင်ကလေး သတိလစ်ကာမေ့မျောသွားခဲ့တယ်။

– – – – – – – – –

” ဒါဆိုရင် မောင်ကလေးဆိုတဲ့လူကြီးက အဖမ်းမခံရဘူးပေါ့”


စိတ်ဝင်တစားနားထောင်နေကြတဲ့ကလေးတွေရဲ့စကားကြောင့် ဦးတေဇနိယက ခါးကြောလျော့လိုက်ပြီး
” သူသတိရလာတော့ ရွာထဲကိုပြန်ရောက်နေခဲ့တယ် အဲဒီနောက်မှာ သူ့အပြစ်ကိုဝန်ခံပြီး အဖမ်းသွားခံခဲ့တယ်”
” ဒါဆိုရင် ခွင်ကြီးဆိုတဲ့ဆင်က ပြန်လိမ်မာသွားတာပေါ့နော်”
” ဥတေနနတ်မင်းက ခွင်ကြီးကို တောထဲပြန်လွှတ်ပေးခဲ့တယ်လို့ပြောကြတယ် ဒီအဖြစ်အပျက်တွေဖြစ်ပြီးတော့ ခွင်ကြီးရော စောခွားပါပျောက်သွားကြတယ်”
” စိတ်ဝင်စားဖို့ကောင်းတယ် အောင်မြတ်သာဆိုတဲ့သူကအရမ်းတော်တာပဲ နတ်တွေကိုတောင်ခေါ်လို့ရတယ်နော်”
” ဒီထက်အများကြီးတော်တဲ့အကြောင်းအရာတွေရှိသေးတယ် နားထောင်ချင်သေးရင် နောက်အပတ်ကျရင်ပြောပြမယ် အခုတော့ ပြန်ကြဦး မိဘတွေစိတ်ပူနေဦးမယ်”
ဦးဇင်းကြီးစကားကြောင့် ကလေးတွေလဲ ဘုန်းကြီးကျောင်းထဲကနေပြန်ထွက်လာခဲ့ကြတယ်။
ဦးဇင်းကြီးလဲ ကလေးတွေကို အောင်မြတ်သာအကြောင်းပြောပြပြီး ကျောင်းကိုပြန်လာခဲ့လိုက်တယ်။ ကျောင်းထဲကိုရောက်တော့ ခေါင်းရင်းနရံမှာ မြေဖြူခဲနဲ့ ရေးထားတဲ့ စေတီပုံအင်းစမအကွက်လေးကိုတွေ့လိုက်ရတယ်။
ဦးဇင်းကြီးနှစ်ပါးလဲ စေတီပုံအင်းစမကိုတွေ့တော့ မတိုင်ပင်ထားပဲ ပြိုင်တူပြုံးလိုက်ကြတယ်။
နောက်တစ်ပတ် ကလေးတွေပုံပြင်နားထောင်ဖို့ပြန်လာချိန်မှာတော့ ဦးဇင်းကြီးနှစ်ပါးကို မတွေ့ရတော့ပေ။
ဦးဇင်းကြီးနှစ်ပါးဘယ်ရောက်သွားလဲဆိုတာသိချင်ရင်တော့ အောင်မြတ်သာနှင့် ဝင်္ကဘာဇရပ်ဝတ္တုလေးကို ဖတ်ရှုကြပါလို့ သတင်းပါးအပ်ပါသည်။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment