အောင်မြတ်သာနှင့်သွေးသောက်ဓါး

“အောင်မြတ်သာနှင့်သွေးသောက်ဓါး”
ရေးသားသူ—ဇေယန(ရာမည)
– – – – – – – – – – –
မြန်မာနိုင်ငံအောက်ပိုင်း မြို့လေးတစ်မြို့မှာ ရှေးခေတ်အင်္ဂလိပ်အရာရှိတွေ နေထိုင်ခဲ့တဲ့ အိမ်ဟောင်းတစ်လုံးရှိခဲ့တယ်။ တစ်မြို့လုံးမှာရှိတဲ့ လူတွေက အဲဒီအိမ်ကြီးကို စိတ်ချောက်ချားစရာတွေနဲ့ပြည့်နှက်နေတဲ့အိမ်ကြီးလို့ သတ်မှတ်ထားကြတယ်။ ဘယ်သူမှမဝယ်ပဲ ပစ်ထားခဲ့တဲ့ အိမ်အိုကြီးကို သူဌေးဦးကောင်းက ဝယ်လိုက်တယ်ဆိုတဲ့သတင်းက တစ်မြို့လုံးပျံ့သွားခဲ့တယ်။
ဦးကောင်းဆိုတာက ဒီဇာတိမဟုတ် တစ်နယ်တစ်ကျေးကနေ အလုပ်လာလုပ်ပြီး ကြီးပွားလာသူတစ်ယောက်။ သူရဲ့ဝါသနာက ရှေးဟောင်းပစ္စည်းတွေကို ဝယ်တယ် ကြိုက်ဈေးတွေ့ရင် ပြန်ရောင်းတယ်။ အခုလဲအိမ်အိုကြီးကိုဝယ်လိုက်ပြန်တယ်။ ဘယ်သူမှမဝယ်ပဲပစ်ထားတဲ့ အိမ်ကိုဝယ်လိုက်တယ်ဆိုထဲက ဦးကောင်းမှာ အကြံအစည်တစ်ခု ရှိကြလိမ့်မယ်ဆိုပြီး မြို့ခံတွေကပြောကြတယ်။
အိမ်အိုကြီးဆီကိုစတင်ပြောင်းရွှေ့ပြီး ပြင်သင့်တာတွေပြင် လဲသင့်တာတွေ လဲနေတဲ့အချိန် အိမ်အောက်ခြေမှာ လျှို့ဝှက်ဆောက်လုပ်ထားတဲ့ စတိုခန်းတစ်ခုကို ဦးကောင်းရဲ့တပည့်တစ်ယောက်က တွေ့သွားရာကနေ ဇာတ်လမ်းက စတင်ခဲ့တယ်။
” ဟေ့ကောင် ငတိုး အိမ်အောက်မှာ စတိုခန်းတစ်ခုရှိနေတယ်”
အိမ်ထဲမှာသန့်ရှင်းရေးလုပ်နေရင်း အော်ပြောလိုက်တဲ့ လှတင်ရဲ့အသံကြောင့် ပင့်ကူမျှင်တွေရှင်းနေတဲ့ မောင်သန့်တစ်ယောက် လုပ်လက်စအလုပ်တွေကိုချပြီး လှတင်ရှိရာဆင်းလာခဲ့လိုက်တယ်။
” စတိုခန်းက သော့ခတ်ထားတယ် တစ်ခုခုနဲ့ရိုက်ဖွင့်ကြည့်ကွာ အထဲမှာ ရွှေတွေဘာတွေရှိရင် တို့တော့ပွတာပဲ”
” အဲဒါအသာထားစမ်းပါ အိမ်ရှေ့က ပစ္စည်းထုပ်ထဲမှာ တူရွင်းအသေးတစ်ခုရှိတယ် သွားယူလာခဲ့”
လှတင်ရဲ့စကားကြောင့် မောင်သန့်အိမ်ရှေ့ကို သွားပြီး တူရွင်းကိုယူလာခဲ့လိုက်တယ်။
” ရော့ ဒီမှာ တူရွင်း”
လှတင်လဲ မောင်သန့်ပေးတဲ့ တူရွင်းကို ယူပြီး သံချေးတက်နေတဲ့ သော့ခလောက်ကို ရိုက်ချလိုက်တယ်။ သုံးလေးချက်လောက် ရိုက်ပြီးချိန်မှာတော့
“ချွင်”ဆိုတဲ့အသံနဲ့အတူ သော့ခလောက်က ပွင့်ထွက်သွားတယ်။
“ဟေ့ကောင် လှတင်အနံ့အသက်ကမကောင်းဘူး မှောင်လဲမှောင်နေတယ် ဓါတ်မီးသွားယူဦး”
လှတင်လဲ မောင်သန့်စကားကြောင့် လှေကားပေါ်မှာတင်ထားတဲ့ ဓါတ်မီးကိုယူကာ စတိုခန်းထဲကိုဝင်လာခဲ့လိုက်တယ်။
စတိုခန်းအထဲမှာတော့ ဟောင်းနွမ်းနေတဲ့ စာပွဲနဲ့ကုလားထိုင်တွေကိုတွေ့လိုက်ရပြီး စတိုခန်းနံရံမှာတော့ ဓါးနဲ့ခုတ်ထားတဲ့ အရာလိုမျိုးတွေကိုမြင်လိုက်ရတယ်။
” ပစ္စည်းတွေကတော့ ထွေထွေထူးထူးဘာမှမရှိဘူး စာရေးစားပွဲနဲ့ကုလားထိုင်တွေပဲ‌ရှိတယ်ဆိုတော့ ဒီနေရာက ရုံးခန်းလား စာရေးခန်းလား တစ်ခုခုပဲ”
မောင်သန့်စကားကြောင့် လှတင် ပတ်ဝန်းကျင်ကိုဓါတ်မီးနဲ့လိုက်ထိုးကြည့်နေတဲ့အချိန်
” ရှပ် ရှပ် ရှပ် ”
အနောက်ကနေ လူတစ်ယောက် လမ်းလျောက်သွားတဲ့အသံကြောင့် လှတင်နဲ့မောင်သန့်လှည့်ကြည့်လိုက်တယ်။
” မောင်သန့် မင်းကြားလိုက်လား”
“အေး ငါကြားတယ် လူတစ်ယောက်ဖြတ်လျောက်သွားတဲ့အသံပဲ”
” မဟုတ်မှလွဲရော သရဲခြောက်တာလား”
” မဖြစ်နိုင်ပါဘူးကွာ ငါတို့အထင်မှားတာဖြစ်မှာပါ ကြွက်တွေဘာတွေဖြတ်ပြေးတာလဲဖြစ်ချင်ဖြစ်မှာ”
လှတင်ကမောင်သန့်ကို လှမ်းပြောပြီး အခန်းထဲလိုက်ကြည့်နေတဲ့အချိန်
“ဒုန်း”ဆိုတဲ့အသံနဲ့အတူ လှတင်ရဲ့နာကျင်စွာအော်တဲ့အသံက ထွက်ပေါ်လာတယ်။
“လှတင် ဘာဖြစ်တာလဲ”
“ဘာမှမဖြစ်ဘူး ခလုပ်တိုက်မိတာ”ဆိုပြီး ‌ဓါတ်မီးနဲ့ထိုးကြည့်လိုက်တော့ အလျားက ‌လေးပေ‌လောက်ရှည်ပြီး အနံက တစ်ထွာလောက်ရှိတဲ့ သေတ္တာတစ်လုံးကိုမြင်လိုက်ရတယ်။
” ဟေ့ကောင် ဒီမှာသေတ္တာတစ်လုံး ခုနက ကြည့်တော့မမြင်ပါဘူး အခုမှဒီနေရာဘယ်လိုရောက်လာတာလဲမသိဘူး”
လှတင်ကပြောရင်းဆိုရင်း သေတ္တာကိုယူပြီး ကြည့်လိုက်တယ်။
” မောင်သန့် သေတ္တာက သော့မခတ်ထားဘူး အထဲမှာဘာပါလဲဖွင့်ကြည့်ရအောင်”ဆိုပြီး သေတ္တာကိုတူရွင်းနဲ့ကလပ်လိုက်ရာ အထဲကနေ လေးပေလောက်ရှည်တဲ့ ဓါးတစ်လက်ထွက်လာခဲ့တယ်။
ဓါးကနှစ်ဘယ်လောက်ကြာနေပြီလဲမသိပေမယ့် ဓါးအိမ်ထဲကနေ ရုတ်တရက်ဆွဲထုတ်မရအောင် ကျပ်နေခဲ့တယ်။
” အင်း အီး အင်း ”
“မရလဲဆွဲထုတ်မနေနဲ့ အထဲမှာသံကြေးတွေ လိုက်နေပြီထင်တယ် ဆရာ့ကိုသွားပြရအောင် ဒါကရှေးဟောင်းပစ္စည်းဖြစ်နိုင်တယ် ”
အဲဒီအချိန်
” လှတင် သန့်ရှင်းရေးလုပ်တာမပြီးသေးဘူးလား”ဆိုပြီးအော်ပြောလိုက်တဲ့ ဦးကောင်းရဲ့အသံကြောင့် လှတင်ကမန်းကတမ်းပြေးထွက်လာခဲ့တယ်။
“မင်းတို့သန့်ရှင်းရေးလုပ်ပီးပီလား”
“ပီးပီဆရာ ကျွန်ဝောာ်တို့သန့်ရှင်းရေးလုပ်ရင်း ဓါးတစ်လက်တွေ့လို့”
” ဟေ ဟုတ်လား ဘယ်ကနေတွေ့တာလဲ”
“အိမ်အောက်မှာ စတိုခန်းလိုအခန်းတစ်ခန်းရှိနေတယ် အဲဒီထဲကတွေ့တာ”
လှတင်ရဲ့စကားကြောင့် ဦးကောင်းမျက်နှာဝင်းလက်သွားပြီး
” မြန် မြန် သွားယူ ရှေးဟောင်းဓါးဆိုရင် ဈေးပိုရမှာ ”
ဦးကောင်းရဲ့စကားကြောင့် လှတင် အိမ်ထဲပြေးဝင်သွားပြီး ခဏနေတော့ လက်ထဲမှာဓါးတစ်ချောင်းကိုင်ပြီးပြန်ထွက်လာခဲ့တယ်။
“ဆရာ ဒီမှာပါ”
ဦးကောင်းက လှတင်ပေးတဲ့ဓါးကို ယူပြီးအနီးကပ်ကြည့်လိုက်တော့
” ဟာ ဒီဓါးက ရှေးမြန်မာတွေကိုင်ခဲ့တဲ့ ငှက်ကြီးတောင်ဓါးပဲ အထဲကိုချွတ်ကြည့်စမ်း ရှေးဟောင်းဓါးမှန်ရင် ဓါးပေါ်မှာ တစ်ခုခုထွင်းထားလိမ့်မယ်”
လှတင်လဲ ဦးကောင်းဆီကဓါးကိုယူပြီး ဆွဲချွတ်လိုက်ပေမယ့် ဓါးက ဓါးအိမ်ထဲက ထွက်မလာခဲ့ဘူး။
“ဆရာ ဓါးက သံချေးတွေလိုက်နေတာလားမသိဘူး ဆွဲထုတ်လို့မရဘူး”
ဦးကောင်းလဲ လှတင်ဆီက ဓါးကိုယူပြီး အားကုန်သုံးကာဆွဲထုတ်လိုက်ချိန်မှာတော့
” ရွှပ် “ဆိုတဲ့အသံနဲ့အတူ ဓါးပြားက ဦးကောင်းရဲ့လက်မကိုရှပ်ထိသွားတယ်။
” ဆရာ ဆရာ လက်ထိသွားတာလား”
” အေး နည်းနည်းပဲ ဘာမှမဖြစ်ပါဘူး လှတင် ဓါးကိုကြည့်စမ်း သံချေးတွေမတက်နေပဲ ပြောင်လက်နေတာ မထူးဆန်းဘူးလား”
“ဟုတ်တယ်ဆရာ ရှေးဟောင်းဓါးဆိုရင် သံချေးတော့အနည်းငယ်တက်နေရမှာ အခုက သံချေးတစ်စတောင်မရှိဘူး နောက်ပြီးဆရာပြောသလို ဓါးပြားအပေါ်မှာ အရုပ်တွေထွင်းထားတယ် သေချာပြီဆရာ ဒါရှေးဟောင်းဓါးပဲဖြစ်မယ်”
ဦးကောင်းလဲ လှတင်ပြောတဲ့စကားကြောင့် အနည်းငယ်ပြုံးယောင်သန်းသွားပြီး
” ဒီဓါးကိုဆေးကြောပြီး ငါ့အခန်းထဲထည့်ထားလိုက် မနက်ဖြန်ကျရင် မင်းတို့ကိုမုန့်ဖိုးပေးမယ်”
လှတင်လဲ ဦးကောင်းပြောတဲ့စကားကြောင့် ဝမ်းသာသွားပြီး ဓါးကိုသေချာဆေးကြောကာ ဦးကောင်းအိပ်ခန်းထဲမှာ ထောင်ထားခဲ့လိုက်တယ်။
ညဘက်ရောက်တော့
” ရှပ် ရှပ် ရှပ် ရှပ်”
“ရှပ် ရှပ် ရှပ် ရှပ်” ဆိုတဲ့အသံကြောင့် ဦးကောင်းအိပ်ပျော်နေရာ‌ကနေလန့်နိုးလာခဲ့တယ်။
” လှတင် မောင်သန့် မင်းတို့မအိပ်သေးဘူးလား” ဆိုပြီးအော်ပြောလိုက်တဲ့အသံကြောင့် လှတင်နဲ့မောင်သန့် အိမ်အောက်ကနေ ပြေးတက်လာခဲ့တယ်။
“ဆရာ ဘာဖြစ်လို့လဲ ”
” မင်းတို့ငါ့အခန်းရှေ့လမ်းလျောက်နေကြတာလား ခုနကခြေသံတွေကြားနေရလို့”
” မဟုတ်ဘူးလေဆရာ ကျွန်တော်နဲ့ မောင်သန့် အိမ်အောက်မှာပဲနေနေတာ အပေါ်ကိုတောင်မတက်ဘူး ”
” အေး အေး သတိဝိရိယနဲ့နေဦး အရေးအကြောင်းဆို ငါလှမ်းခေါ်လိုက်မယ် ”
လှတင်နဲ့မောင်သန့်လဲ ဦးကောင်းအခန်းထဲကနေ ပြန်ဆင်းလာပြီး အိမ်အောက်မှာ ပြန်ထိုင်နေလိုက်တယ်။
ဦးကောင်းလဲ ကုတင်ပါ်ပြန်တက်ပြီး စောင်ကိုခြုံကို အိပ်လိုက်တယ်။ အိပ်ပျော်ခါနီးနီး ဖြစ်နေတဲ့အချိန်
” ကျွီ “ဆိုတဲ့အသံနဲ့အတူ အိပ်ခန်းတံခါးက တစ်ဖြေးဖြေးပွင့်လာတာကို ဦးကောင်းသတိထားမိလိုက်တယ်။
တံခါးပွင့်လာတော့ အခန်းထဲကို ဝင်လာတဲ့ခြေသံတွေ‌ကြောင့်အိပ်ယာဘေးမှာအသင့်ဆောင်ထားတဲ့ ဓါးမြောင်ကိုကိုင်ပြီး အိပ်ချင်ယောင် ဆောင်နေလိုက်တယ်။
” ဟေ့ကောင် ထစမ်း ဟေ့ကောင်” ဆိုပြီးခေါ်နှိုးတဲ့အသံကြောင့် ဦးကောင်းလှည့်ကြည့်လိုက်တော့ လုံချည်ကိုခါးတောင်းကြိုက်ထားပြီး အရပ်ခုနှစ်ပေလောက်ရှိတဲ့ လူထွားကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။
” ဟင် ခင်ဗျား ဘယ်သူလဲ ကျုပ်အခန်းထဲ ဘာလို့ဝင်လာတာလဲ”
” တယ် ရာရာစစ ငါ့ပစ္စည်းကိုယူပြီး ငါ့ကိုပိုင်စိုးပိုင်နင်း အမိန့်သံနဲ့လာပြောနေပါလား ငါ့ဓါးကိုထုတ်ပြီး သွေးဝအောင်မပေးသောက်လို့ သတိလာပေးတာ ငါ့ဓါးကသွေးဆာနေတာ နှစ်ပေါင်းများစွာကြာပြီ မနက်ဖြန် လူသွေးနဲ့ ဓါးသွားပေါ်ကို လောင်းချပေးရမယ် မလုပ်ပေးရင်တော့ တပ်မှုးဗလမင်းထင်အကြောင်းသိစေရမဟဲ့” လို့ပြောပြီး လက်ခမောင်းခတ်လိုက်တဲ့အချိန်မှာတော့ အိပ်ယာဘေးမှာ ထောင်ထားတဲ့ ငှက်ကြီးတောင်ဓါးက အသက်ဝင်လာသလို ထခုန်ပါလေရော။
ငှက်ကြီးတောင်ဓါး တဆတ်ဆတ်ခုန်နေတာကိုကကည့်ပြီး ခါးတောင်းကျိုက်ထားတဲ့လူကြီးရဲ့မျက်နှာက ခက်ထန်လာပြီး “ငါ့ဓါးသွေးဆာနေပြီ သူသွေးမသောက်ရရင် မင်းတို့အကုန်ဒုက္ခရောက်ပီသာမှတ်ဟေ့” လို့ပြောပြီး အိပ်ခန်းထဲကနေထွက်သွားတဲ့အချိန်မှာတော့ ဦးကောင်းတစ်ယောက်လန့်နိုးလာတယ်။
” ဘုရား ဘုရား ငါအိမ်မက်မက်နေတာပါလား နေ့လည်ကတွေ့တဲ့ဓါးကိုစိတ်စွဲနေလို့ဖြစ်မှာပါ”လို့တွေးပြီးပြန်အိပ်လိုက်တယ်။
မနက်ရောက်ဝောာ့
” ဆရာ ညက အိပ်ပျော်ရဲ့လား”
တပည့်ဖြစ်သူလှတင်ရဲ့ထူးထူးဆန်းဆန်းစကားကြောင့် ဦးကောင်း အံ့ဩသွားပြီး
” ဘာဖြစ်လို့လဲကွ အိပ်ပျော်တာကိုအထူးအဆန်းလုပ်ပြီးမေးနေတယ်”
“မဟုတ်ဘူးဆရာ ညက လူတစ်ယောက် ခြံထဲမှာ လမ်းလျောက်နေတာ ကျွန်တော်ရော မောင်သန့်ရောတွေ့တယ်”
” ဟေ သူခိုး သူဝှက်တွေများလား”
” မဟုတ်ဘူးဆရာ သူ့ကိုဖြတ်ခနဲ ဖြတ်ခနဲပဲတွေ့ရတာ လူကောင်ကထွားထွားကြီး ဒီအိမ်နဲ့ခြံကလဲ နာမည်ရှိတော့ သရဲခြောက်တာများလားမသိဘူး”
တပည့်ဖြစ်သူရဲ့စကားကြောင့် ဦးကောင်း ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး
” မင်းတို့က သရဲကြောက်လို့လား သရဲတစ္ဆေဆိုတာ လူကိုကြောက်တယ်ကွ မင်းတို့ကြောက်မှန်းသိရင် ထပ်ခြောက်နေမှာ ဘာမှမကြောက်နဲ့ အဲဒါတွေကတကယ်မရှိပါဘူး ”
” ဟုတ် ဟုတ်ကဲ့ဆရာ ညဘက်ထူးခြားမှုရှိရင် ဆရာ့ကိုလာပြောပါ့မယ် ”
လှတင်နဲ့မောင်သန့်လဲ ဆရာဖြစ်သူကို အချေအတင်မပြောတော့ပဲ မျက်စပြစ်ကာ စကားဖြတ်လိုက်ကြတယ်။

– – – – – – – – –

” မောင်သန့် ခြုံတွေထဲအရမ်းမဝင်နဲ့ မြွေတွေဘညတွေရှိချင်ရှိနေမှာ”
” အေးပါ ဆရာက ဒီညနေ အိမ်အနောက်ကခြုံကိုအပြီးရှင်းဆိုတော့ ငါလဲစိတ်လောနေလို့ပါ ”
လှတင်နဲ့မောင်သန့် စကားတစ်ပြောပြောနဲ့ အိမ်အနောက်ဘက်မှာရှိတဲ့ ခြုံနွယ်တွေကိုရှင်းနေတုန်း
” လှတင် လှတင် ဒီမှာလာကြည့်ဦး ” ဆိုပြီးအလန့်တကြားအော်လိုက်တဲ့အသံကြောင့် လှတင်ရောက်လာခဲ့တယ်။
” ဘာဖြစ်လို့လဲ မောင်သန့်”
“ဒီမှာကြည့်စမ်းပါဦးကွာ လူအရိုးတွေ ”
” အေးကွ နည်းတဲ့အရိုးစုမှမဟုတ်တာ ဆရာကိုမပြောနဲ့ဦး အခြေအနေမပျက်ပြန်ဖုံးထားလိုက် ”
လှတင်နဲ့မောင်သန့်လဲ အရိုးစုတွေကိုနေရာတကျပြန်ထားပြီး အိမ်ပေါ်ပြန်တက်လာခဲ့လိုက်တယ်။
“ဆရာ ဆရာ အိပ်ပျော်နေတာလား ”
” မောင်သန့် ဆရာအိပ်နေတာထင်တယ် မနှိုးနဲ့တော့ သူနိုးလာမှဆင်းလာလိမ့်မယ်”လို့ပြောပြီး အိမ်အောက်ဆင်းဖို့အလုပ်
” ဟား ဟား ဟား ငါကိုယ်တော်စကားကို အလေးမထားတဲ့ငမိုက်သား အခုလိုအပြစ်ပေးတာကိုနည်းလှပြီ”ဆိုတဲ့အသံနက်ကြီးကိုကြားဝောာ့ လှတင်နဲ့မောင်သန့် အခန်းတံခါးကိုအတင်းတွန်းဖွင့်ကာအထဲဝင်လာတော့ လက်ထဲမှာ ငှက်ကြီးတောင်ဓါးကိုကိုင်ပြီး ကိုယ့်လက်ကို ကိုယ်ဓါးနဲ့ပြန်လှီးနေတဲ့ ဆရာဖြစ်သူကိုတွေ့လိုက်ရတယ်။
“ဆရာ ဆရာ သတိထားဦး ”
လှတင်ရဲ့အလန့်တကြားအော်သံကိုကြားတော့ ဦးကောင်းက မျက်စောင်းထိုးပြီး
” ငါကိုယ်တော်အပြစ်ပေးနေတာကို ဝင်ရောက်ဟန့်တားသူအကုန်သေစေရမယ် ငါ့နာမည်တပ်မှူးဗလမင်းထင်ကွ ဟားဟားဟား”
လက်ထဲမှာငှက်ကြီးတောင် ဓါးကိုဝင့်ကာ ကြိမ်းမောင်းနေတဲ့ဆရာဖြစ်သူကိုမြင်တော့ လှတင်နဲ့ မောင်သန့် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် ဦးကောင်းရဲ့ဓါးဦးက သူ့ရဲ့လည်မြိုကိုထိုးချလိုက်တယ်။
” ဟာ ဆရာ ဆရာ လှတင်ရေ ပြေးဟ ဆရာကိုယ်ထဲမကောင်းဆိုးဝါးဝင်ပူးနေပြီ”
မောင်‌သန့်နဲ့လှတင်လဲ မတိုင်ပင်ထားပဲ အိမ်ပေါ်ထပ်ကနေ တစ်ချိုးထဲပြေးဆင်းပါလေရော။ အိမ်အောက်လှေကားအဆင်းလဲရောက်ရော “ဖြောင်း”ဆိုတဲ့အသံနဲ့အတူ လှတင်ရော မောင်သန့်ပါ ဒလိမ့်ခေါက်ခွေးလိမ့်ကျသွားတယ်။
” မောင်သန့် ငါထမရတော့ဘူး ”
“ငါလဲ ခြေထောက်လှုပ်မရတော့ဘူး ”
အဲဒီအချိန် အိမ်ပေါ်ထပ်ကနေ လည်မြိုမှာဓါးစိုက်ပြီး သွေးတစ်စက်စက်ကျကာ ဆင်းလာတဲ့ ဆရာဖြစ်သူကိုမြင်လိုက်ရတယ်။
မကောင်းဆိုးဝါးဝင်ပူးနေတဲ့ ဦးကောင်းက လှတင်နဲ့ မောင်သန့်အရှေ့မှာ ခါးထောက်ရပ်ပြီး လည်ပင်းကဓါးကိုဆွဲနှုတ်ကာ ခုတ်ချပစ်လိုက်တယ်။
” အား ” ဆိုတဲ့အသံနက်ကြီးနဲ့အတူ အိမ်ကြီးဆီကနေ ဟက်ဟက်ပက်ပက်ရယ်မောသံတွေထွက်လာခဲ့တယ်။

– – – – – – – – – –

ဒီအဖြစ်အပျက်ပြီးလို့ ငါးနှစ်ခန့်အကြာမှာတော့ အိမ်အိုကြီးရှိရာအရပ်ဆီကို ‌လူသုံးယောက်ရောက်လာခဲ့တယ်။ ယောဂီဝတ်စုံဝတ်ထားတဲ့ လူငယ်သုံးယောက်ကိုမြင်တော့ တစ်ချို့လူတွေက ထူးဆန်းတဲ့အကြည့်တွေနဲ့ဝိုင်းကြည့်ကြသလို တစ်ချို့တွေက လူလိမ်တွေများလားဆိုတဲ့ အကြည့်နဲ့လှမ်းကြည့်ကြတယ်။
လူငယ်သုံးယောက်လဲ လက်ဖက်ရည်ဆိုင်တစ်ခုမှာဝင်ထိုင်ပြီး လက်ဖက်ရည်သုံးခွက်မှာကာ သောက်နေတဲ့အချိန်
” ဒီက မိတ်ဆွေတွေက ဧည့်သည်တွေလား” ဆိုတဲ့အသံကြားလို့ကြည့်လိုက်တော့ ဖျင်ကြမ်းအင်္ကျီဝတ်ထားပြီး စစ်ဦးထုပ်အဟောင်းကိုဆောင်းထားတဲ့ အသက်ငါးဆယ်အရွယ်လူကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်။
” ဟုတ်ပါတယ် ကျုပ်တို့ကခရီးသွားတွေပါ ”
” အော် ဒါကြောင့် အရင်ကမမြင်ဖူးတာကိုး ကျုပ်နာမည်က ဖိုးလူ မြင်းလှည်းသမားဖိုးလူဆိုရင် မသိတဲ့သူမရှိဘူး”
ရုတ်တရက်လာရောနေတဲ့ လူကြီးကိုကြည့်ပြီး ဘေးနားဝိုင်းက လူတွေက
“ဖိုးလူတို့ကတော့ လက်ဖက်ရည်အလကားသောက်ရအောင် ဝင်ရောနေပြီဟေ့”ဆိုပြီး လူငယ်သုံးယောက်ကြားအောင် လှမ်းပြောလိုက်တယ်။ လူငယ်သုံးယောက်ကတော့ မကြားချင်ယောင်ဆောင်ပြီး ကိုဖိုးလူဘက်ကိုလှည့်ကာ
” ဒီမြို့ကိုစရောက်ထဲက ထူးဆန်းတဲ့ခံစားမှုတစ်ခုခံစားနေရတယ် စိတ်ထဲမသိုးမသန့်ကြီး”
လွယ်အိတ်ဘေးတစ်စောင်းလွယ်ထားတဲ့လူငယ်(သက်ခိုင်)ရဲ့စကားကိုကြားတော့ ကိုဖိုးလူက
” ဒီကခရီးသွားတွေက ယောဂီဝတ်စုံတွေနဲ့ဆိုတော့ အထက်လမ်းဆရာတွေလား ဒါမှမဟုတ် အဓိဌာန်ဝင်ထားကြတာလား”
” အထက်လမ်းဆရာဆိုတာထက် ခုနှစ်ရက်သားသမီးတွေရဲ့ဒုက္ခကို ကူညီပေးနေကြတဲ့သူတွေလို့ပြောရင်ပိုမှန်လိမ့်မယ်”
“ဒါဆိုရင် အရမ်းကြမ်းတဲ့နေရာတွေသွားဖူးမှာပေါ့ ”
” အဲလိုလဲမဟုတ်ပါဘူး ခုနှစ်ရက်သားသမီးတွေ ဆင်းဒုက္ခရောက်နေတာတွေ့ရင် ကူညီပေးကြရုံပါ”
” ဒါဆို ကျုပ်တို့မြို့မှာ အိမ်အိုကြီးတစ်လုံးရှိတယ် လွန်ခဲ့တဲ့ငါးနှစ်က လူသုံးယောက်သေထားဖူးတယ် အဲဒီအချိန်ထဲက အိမ်ပတ်ဝန်းကျင်ဘယ်သူမှမသွားရဲဘူး ”
” နာနာဘာဝတွေဆိုတာနေရာတိုင်းမှာရှိကြပါတယ် သူတို့ကရော ခုနှစ်ရက်သားသမီးတွေကို ဒုက္ခပေးတာတွေရှိလား”
” အဲလိုပြောရရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အိမ်အိုကြီးရဲ့ အနောက်က မြေကွက်လပ်ကို ဘုန်းကြီးကျောင်းဆောက်ဖို့ လူတစ်ယောက်ဖူးတယ် ဘုန်းကြီးကျောင်းဆောက်မယ်လဲလုပ်ရော ‌အိမ်အိုကြီးဆီကနေ ညီးသံတွေ ကြိမ်းဝါးသံတွေ ကြားရတယ် အဆိုးဆုံးက လက်သမားဆရာတွေကို အိမ်မက်ပေးပြီး ဘုန်းကြီးကျောင်းဆောက်ရင် အသေဆိုးနဲ့သေရမယ်လို့ပြောတာပဲ အဲဒီထဲက ဘုန်းကြီးကျောင်းကိုမဆောက်ဖြစ်တော့ပဲ တိုင်တွေပဲစိုက်ထားဖြစ်တော့တာ ”
” ဒါတွေက ခင်ဗျားကဘယ်လိုသိနေတာတုန်း”
” ဘယ်လိုသိမလဲဆိုရင် အဲဒီလက်သမားတွေထဲမှာ ကျုပ်ပါတာကိုးဗျ ဒါကြောင့်သိတာ”
” တကယ်လို့ အဲဒီအနောက်အယှက်ကိုဖယ်လိုက်ရင် ဘုန်းကြီးကျောင်းကပြန်ဆောက်ဖြစ်မှာလား”
” ဆောက်ဖြစ်မှာအသေချာပဲ အလှုရှင်ကအသင့်ရှိတယ် ကျောင်းထိုင်မဲ့ဆရာတော်ကလဲရှိတယ် ကျောင်းမဆောက်ဖြစ်လို့သာ ငြိမ်နေရတာ”
လွယ်အိတ်တစ်စောင်းလွယ်ထားတဲ့သူနဲ့ ကိုဖိုးလူတို့ပြောနေတာကို ဘာတစ်ခွန်းမှဝင်မပြောပဲ နားထောင်နေတဲ့ လူငယ်က(အောင်မြတ်သာ) အဲဒီအချိန်ရောက်မှ
” ဒါဆို ကျုပ်တို့ကိုခွင့်ပြုဦး လက်ဖက်ရည်ဖိုးလဲရှင်းထားခဲ့ပြီးပြီ “လို့နှုတ်ဆက်ရင်း လက်ဖက်ရည်ဆိုင်ထဲကနေ ထွက်လာခဲ့လိုက်တယ်။
အောင်မြတ်သာတို့သုံးယောက်လဲ ကိုဖိုးလူပြောတဲ့အိမ်ရှိရာဘက်ကို လျောက်သွားခဲ့တာ ညနေမှောင်ရီပျိုးစမှာ အိမ်အိုကြီးရှိရာဘက်ကိုရောက်ခဲ့တယ်။
အောင်မြတ်သာက အိမ်အိုကြီးထဲကိုဝင်မလို့ခြေလှမ်းရွယ်ပြီးတော့မှ ရုတ်တရက်ရပ်လိုက်ပြီး
” သွေးညှီနံ့တွေအရမ်းပြင်းနေပါလား အိမ်တစ်ခုလုံးလဲ မှောင်မိုက်နေတာကိုတွေ့ရတယ် ငါမပြောပဲဘာမှမလုပ်မိ‌စေနဲ့”မှားရင်း အိမ်အိုကြီးထဲကိုဝင်လာခဲ့လိုက်တယ်။
အိမ်အောက်ဆင်ဝင်ဝကိုရောက်တော့
” အိမ်ပေါ်မှာ တစ်ယောက်ယောက်လမ်းလျောက်နေတယ် အိမ်ထဲမဝင်နဲ့ဦး “လို့ပြောလိုက်တော့ သက်ခိုင်က
” အိမ်အောက်မှာလဲ ခြေသံတွေကြားတယ်ဆရာ လူနှစ်ယောက်သုံးယောက် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အသံလိုပဲ”
အောင်မြတ်သာလဲ သက်ခိုင်စကားအဆုံးမှာ မျက်လုံးကိုစုံမှိတ်ကာ အာရုံခံလိုက်တယ်ဆိုရင်ပဲ ယခင်ကဖြစ်ပျက်ခဲ့တာတွေက အာရုံထဲမှာ ရုပ်ရှင်ပြသလိုပေါ်လာခဲ့တယ်။ အတန်ကြာတော့ အောင်မြတ်သာရဲ့မျက်လုံးအစုံက ဖြေးဖြေးချင်းပွင့်လာပြီး
” ပြဿနာအရင်းခံက ကျိန်စာတိုက်ထားတဲ့ ဓါးတစ်လက်ကနေစတာပဲ အဲဒီဓါးကိုစိတ်စွဲပြီး နှစ်ပေါင်းများစွာမကျွတ်မလွတ်ဖြစ်နေတဲ့သူရယ် အဲဒီဓါးရဲ့ပယောဂကြောင့် မကျွတ်မလွတ်ဖြစ်နေတဲ့သူတွေရှိနေသေးတယ် သူတို့ကိုချေချွတ်နိုင်မှ အခုကြုံနေရတဲ့အခက်အခဲတွေ ကျော်လွှားနိုင်မှာဖြစ်တယ် တောက်ရ မင်းက ဒီအိမ်ရဲ့ အောက်ခြေအခန်းထဲမှာရှိနေတဲ့ ဓါးကိုယူလာခဲ့ အဲဒီဓါးကိုရတာနဲ့ ပြဿနာကိုဖြေရှင်းနိုင်မယ်”
တောက်ရလဲ အောင်မြတ်သာရဲ့စကားကိုကြားတော့ လွယ်အိတ်ကိုတင်းတင်းလွယ်ကာ အိမ်ထဲကိုဝင်သွားခဲ့တယ်။ တောက်ရဝင်သွားပြီးမကြာခင်မှာပဲ အိမ်ထဲကနေ ပြေးလွှားနေတဲ့ခြေသံတွေ တောက်ခတ်သံတွေ အသံနက်ကြီးနဲ့အော်ဟစ်သံတွေကိုအောင်မြတ်သာတို့အတိုင်းသားကြားလိုက်ရတယ်။
အချိန်အနည်းငယ်ကြာတော့ အိမ်ထဲကနေ တောက်ရပြန်ထွက်လာပြီး လက်ထဲမှာ ဖုန်းအလိမ်းလိမ်းကပ်နေတဲ့ ဓါးရှည်တစ်လက်ပါလာခဲ့တယ်။
တောက်ရက အောင်မြတ်သာအရှေ့ရောက်တော့
“ဒီကောင်တွေမလွယ်ဘူးဆရာ သာမန်လူဆိုရင် အသက်သေတဲ့ထိအန္တရာယ်ပေးကြမှာ ကျွန်တော်ကိုတောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ သုံးကောင်က ခြောက်လှန့်သေးတာ အနားကပ်မရတော့မှ ခပ်လှမ်းလှမ်းကနေ မကျေနပ်တဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေကြတာ ”
တောက်ရစကားကိုကြားတော့ အောင်မြတ်သာက
” ဘာပဲဖြစ်ဖြစ် ဓါးကိုရှာတွေ့ခဲ့တာကိုပဲ တာဝန်ကျေနေပါပြီ သက်ခိုင်က အိမ်အဝင်ဝကိုစည်းတားထား ဘယ်သူမှ အိမ်ထဲကနေ မထွက်စေနဲ့” လို့မှာပြီး တောက်ရချထားတဲ့ ဓါးပတ်ပတ်လည်ကိုတော့ အောင်မြတ်သာကိုယ်တိုင် စည်းသုံးထပ်တားလိုက်တယ်။
စည်းတားပြီးဓါးအပေါ်ကို အင်းစာရွက်တစ်ရွက်ချလိုက်တယ်ဆိုရင်ပဲ ငှက်ကြီးတောင်ဓါးက အသက်ဝင်လာသလို တဆတ်ဆတ်ခုန်လာတာကိုမြင်လိုက်ကြရတယ်။ အဲဒီအချိန် အိမ်ထဲကနေ ရုပ်ပျက်ဆင်းပျက်နဲ့ပြေးထွက်လာတဲ့ နာနာဘာဝသုံးကောင်က အိမ်အပေါက်ဝမှာ သက်ခိုင်တားထားတဲ့စည်းအနားရောက်တော့ အရှေ့ကိုဆက်မတိုးလာတော့ပဲ အနောက်ကို ပြန်ဆုတ်သွားတယ်။
အောင်မြတ်သာလဲ စည်းအတွင်းက ဓါးကိုကြည့်ပြီး
” သင်ဘယ်သူလဲဆိုတာ ကိုယ်ထင်ပြစေ “လို့အမိန့်ပြန်လိုက်တဲ့အခါ ဓါးအိမ်ထဲက ဓါးက အလိုလိုကျွတ်ထွက်လာပြီး ဓါးနှောင့်ကမြေကြီးပေါ်မှာ တည့်တည့်ကြီး ထောင်လာခဲ့ပြီး ဓါးနှောင့်ထဲကနေ အခိုးငွေ့လိုလို အရာတွေထွက်လာခဲ့တယ်။
အခိုးငွေ့တွေက တစ်ဖြေးဖြေး ပျောက်ကွယ်သွားချိန်မှာတော့ လုံချည်ခါးတောင်းကျိုက်ထားတဲ့ သူတစ်ယောက်ကျောပေးရပ်နေတာမြင်လိုက်ရတယ်။
အောင်မြတ်သာက ကျောပေးရပ်နေတဲ့ ခါးတောငိူကျိုက်နဲ့ပုဂ္ဂိုလ်ကိုမြင်တော့
” သင်ဘယ်သူလဲ ဘာကြောင့် ဒီအိမ်ထဲမှာရှိနေရတာလဲ”လို့မေးတော့ ကျောပေးထားတဲ့သူက
” ကျုပ်နာမည် ဗလမင်းထင် ဒီဓါးက ကျုပ်ပိုင်တဲ့ဓါး ဒီဓါးက နယ်ချဲ့မျက်နှာဖြူတွေရဲ့သွေးကိုသောက်လာခဲ့တာ ကျုပ်ကိုခွင့်မတောင်းပဲ ဒီဓါးကိုယူတဲ့သူတွေ အသေဆိုးနဲ့သေအောင် ကျုပ်လုပ်ခဲ့တာ ”
” သင့်အတ္တတွေကအရမ်းကြီးနေပါရောလား သင်ဓါးကိုကျုပ်အလှူခံပါတယ် သင်စွဲလမ်းနေတဲ့ဒီအရာကိုစွန့်လွှတ်လိုက်ပါ ”
” ကျုပ်လွယ်လွယ်နဲ့ မပေးနိုင်ဘူး ဒီဓါးမှာကျုပ်ဝဉာဉ်ကိန်းအောင်းနေသလို ကျုပ်ဘဝလွတ်မယ်ဆိုရင်လဲ ဒီဓါးကိုဖျက်စီးမှရမယ် သင်တို့ပညာကစွမ်းပါတယ် သင်တို့ကိုကျုပ်မယှဉ်နိုင်ဘူး ဒါပေမယ့် ဒီဓါးက ကျုပ်ပိုင်တဲ့ပစ္စည်း ကျုပ်ပစ္စည်းကို ကျုပ်မပေးပဲယူရင် သင်တို့ခိုးတာပဲ သင်တို့လိုလူတွေက သီလကိုမဖောက်ဖျက်သင့်ဘူး”
ခါးတောင်းကျိုက်ထားတဲ့သူရဲ့စကားကြောင့် အောင်မြတ်သာ အနည်းငယ်နှုတ်ဆိတ်သွားပြီး
” ကောင်းပြီ သင်နဲ့ကျုပ်အပေးအယူလုပ်မယ် သင်ဓါးကိုကျုပ်အတင်းအကြပ်မတောင်းဘူး ဒါပေမယ့် သင်ကြောင့်သေခဲ့ရတဲ့သူတွေအတွက် သင်အပြစ်တော့ခံယူရမယ်”
” ကျုပ်ဘာမှမကြောက်ဘူး သင်တို့ကိုမယှဉ်နိုင်တဲ့အတွက် သင်တို့လုပ်သမျှခံရမှာပဲ သင်တို့ကျုပ်ကိုဘယ်လိုနှိပ်စက်မလဲ ကျုပ်ခံယူမယ်”
” ကျုပ်သင့်ကိုမနှိပ်စက်ပါဘူး သင့်အနေနဲ့ ဒီအိမ်ကနေထွက်သွားပေးပါ သင့်ရဲ့ဓါးကိုလဲ သင်ထားလိုတဲ့နေရာမှာ ထားပေးပါမယ် ဒါ‌ကျုပ်ရဲ့နောက်ဆုံးကမ်းလှမ်းချက်ပဲ”
အောင်မြတ်သာရဲ့ ပြတ်သားတဲ့စကားကိုကြားတော့ ခါးတောင်းကျိုက်ထားတဲ့သူက-
” ကျုပ်ဖမ်းထားတဲ့သူတွေကိုလွှတ်ပေးမယ် သင်တို့ကျုပ်ကိုတစ်ခုတော့ကူညီရမယ် ”
ခါးတောင်းကျိုက်ထားတဲ့သူရဲ့စကားကိုကြားတော့ အောင်မြတ်သာက


” သင်ဖြစ်ချင်တာကိုပြောပါ ကျုပ်တို့ကတိအတိုင်း လုပ်ခွင့်ရှိရင် ကူညီပါ့မယ်”လို့ပြောတော့
” ကျုပ်ဓါးမှာ အမွှာဓါးတစ်လက်ရှိသေးတယ် ဒီဓါးကိုစသွန်းလုပ်တဲ့အချိန် ကောင်းကင်မှာ နေရောလရောထွက်ပေါ်နေလို့ ဒီဓါးနှစ်လက်ကို နေဓါးလဓါးလို့သမုတ်ခဲ့တယ် ကျုပ်မှာရှိတာက နေဓါး နောက်တစ်လက်ဖြစ်တဲ့ လဓါးက ရှမ်းပြည်နယ်ဘက်မှာ ရှိနေတယ် ကျုပ်အကိုတော်ကိုင်ခဲ့တဲ့ လဓါးကိုတွေ့အောင်ရှာ‌ပေးပါ အဲဒီဓါးကိုတွေ့ရင် သင်တို့ဖြစ်စေချင်တဲ့အတိုင်းကျုပ် ထွက်သွားပေးမယ် ”
” ကောင်းပြီ သင်တစ်ခုသိထားရမှာက ကျုပ်တို့လဓါးကိုရှာနေတဲ့အချိန် သင်မည်သူကိုမှ အနံ့အသံကိုယ်ထိလက်ရောက် ပြုစားစော်ကားခြင်းမပြုရ သင့်ရဲ့ဓါးကိုလဲ လုံခြုံတဲ့နေရာမှာ ကျုပ်တို့ထိန်းသိမ်းပေးခဲ့မယ် ကျုပ်တို့ကတိတည်ခဲ့ရင် သင်လဲကတိတည်ပေးပါ” လို့ပြောတော့ ခါးတောင်းကျိုက်ထားတဲ့သူက
” ကျုပ်ကတိမတည်ရင် သင်တို့စိတ်ကြိုက် လုပ်လို့ရတယ် အခုသင်တို့ပြောသလို မည်သူ့ကိုမှဒုက္ခမပေးပဲနေပေးမယ် သင်တို့လဲကျုပ်ကိုကူညီနိုင်မယ်လို့ယုံကြည်ပါတယ်”
အောင်မြတ်သာတို့လဲ ကတိတွေအလဲအထပ်လုပ်ပြီး အိမ်အိုကြီးဆီကနေ ထွက်လာခဲ့ကြတယ်။ နောက်နေ့မနက်ရောက်တော့ ဦးဖိုးလူဆီသွားပြီး ဘုန်းကြီးကျောင်းဆောက်လို့ရပြီဆိုတဲ့အကြောင်းပြောတော့ ဦးဖိုးလူက မယုံတစ်ဝက်ယုံတစ်ဝက်ဖြစ်ခဲ့ရတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းက အိမ်အိုကြီးရဲ့အနောက်ဘက် မြေကွက်လပ်မှာပေါ်လာခဲ့ပြီး ကျောင်းထိုင်ဆရာတော်ကတော့ အိမ်အိုကြီးထဲကို မည်သူမျှမဝင်ကြဖို့နဲ့ ဝင်ရောက်မယ်ဆိုရင်လဲ ခွင့်တောင်းပြီးဝင်ကြဖို့ မိန့်တော်မူခဲ့တယ်။
အောင်မြတ်သာတို့ဆရာတပည့်တွေလဲ ပေးထားတဲ့ကတိကိုတည်ဖို့ လဓါးကိုရှာပုံတော်ဖွင့်ခဲ့ကြတယ်။ အောင်မြတ်သာတို့ ဘယ်နေရာမှာ လဓါးကိုတွေ့ကြမလဲ နေဓါးနဲ့လဓါးရဲ့ သမိုင်းကရောဘာဖြစ်မလဲဆိုတာကိုတော့ အောင်မြတ်သာ ဝတ္တုလေးမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment