အောင်မြတ်သာနှင့်အုတ်နီကန်သင်္ချိုင်း

” အောင်မြတ်သာနှင့်အုတ်နီကန်သင်္ချိုင်း ”
ရေးသားသူ— ဇေယန(ရာမည)
– – – – – – – – – – –
လအလင်းရောင်က မှိန်ပျပျသာကျနေတဲ့ အုတ်နီကန်သင်္ချိုင်းအနီးတစ်ဝိုက်မှာတော့ လင်းကောင်ပိုးငှက်(ခေါ်)ငှက်ဆိုးရဲ့အော်သံ‌တွေအပြင် အလောင်းကောင်တွေကို လာရောက်တူးဖော်စားသောက်နေကြတဲ့ တောခွေးတွေရဲ့ အစာလုမာန်ဖီသံကလဲ တစ်ခါတစ်ရံ သင်္ချိုင်းအပြင်ဘက်ကို လျှံပြီးထွက်လာခဲ့တယ်။

ညနေကမှ မီးရှို့ထားတဲ့ အလောင်းကောင်ရဲ့ဗိုက်အဆီမှာလောင်ကျွမ်းနေဆဲဖြစ်တဲ့ မီးစမီးပွှားလေးတွေက လေအဝှေ့မှာ ရဲခနဲ ရဲခနဲနဲ့ ထတောက်လာတတ်တယ်။ သာမန်လူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် အုတ်နီကန်သင်္ချိုင်းရဲ့ ပုံပန်းသဏ္ဍာန်က ထိတ်လန့်ကြောက်မက်ဖွယ် အတော်ကောင်းလှတယ်။

ဒီလိုအမင်္ဂလာမြင်ကွင်းတွေနဲ့ပြည့်နှက်နေတဲ့ သင်္ချိုင်းထဲကိုတော့ တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့အတူလူသုံးယောက်ဝင်လာခဲ့ကြတယ်။ ဝင်လာကြတဲ့လူသုံးယောက်ရဲ့မျက်ဝန်းတွေက ကြောက်ရွံ့မှုမရှိ၊ ထိတ်လန့်မှုမရှိတဲ့အပြင် လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာလဲ ရဲရင့်မှုဆိုတဲ့အမှတ်အသားတွေကပ်ပါနေရလောက်အောင် တက်ကြွနေခဲ့တယ်။

သင်္ချိုင်းထဲဝင်လာတဲ့လူသုံးယောက်ရဲ့ခြေလှမ်းတွေက သေဆုံးသူတွေကို သရဏဂုံတင်ပေးနေကြဖြစ်တဲ့ ဇရပ်အိုလေးပေါ်ကိုဦးတည်ခဲ့ကြတယ်။ ဇရပ်ပေါ်ရောက်တော့ လွယ်အိတ်ထဲကနေ ဖယောင်းတိုင်နဲ့မီးခြစ်ကိုထုတ်ပြီး ဇရပ်ပတ်ပတ်လည်နဲ့ ယိုင်တိုင်တိုင်ဖြစ်နေတဲ့ ဘုရားကျောင်းဆောင်မှာထွန်းညှိလိုက်ကြတယ်။

ဖယောင်းတိုင်မီးအလင်းရောင်ရုတ်တရက်ပေါ်လာတဲ့အတွက် အုတ်နီကန်သင်္ချိုင်းထဲမှာကြီးစိုးနေတဲ့အမှောင်ထုက ဘေးကိုအနည်းငယ်ဖယ်ပေးလိုက်ကြရတယ်။ ဖယောင်းတိုင်အလင်းရောင်ကြောင့် ဇရပ်ပတ်ပတ်လည်မှာ လှည့်ပတ်သွားလာနေကြတဲ့ ဧရာမမြေကြွက်ကြီးတွေက သူတို့ကိုရန်ပြုမယ်ထင်ပြီး ထွက်ပြေးကြတဲ့အပြင် ဇရပ်ထုတ်တန်းပေါ်မှာ ညအိပ်နေကြတဲ့ လင်းနို့တွေကလဲ တောင်ပံတဖျတ်ဖျတ်ခတ်ကာ အပြင်ကိုပျံပြေးသွားကြတယ်။

ဇရပ်ပေါ်ရောက်နေကြတဲ့လူသုံးယောက်ကလဲ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို စိတ်ဝင်းစားဟန်မပြပဲ သူတို့လုပ်စရာရှိတဲ့ကိစ္စတွေကိုသာ အာရုံစိုက်ပြီးလုပ်နေခဲ့ကြတယ်။ လူမနေတာကြာပြီဖြစ်တဲ့ဇရပ်ပေါ်ကို အချိန်အတန်ကြာရှင်းပြီးတဲ့နောက်မှာတော့ လူသုံးယောက် ကျောခင်းစရာနေရာတစ်ခုကိုရလာခဲ့တယ်။

” နေရာထိုင်ခင်းတော့ အဆင်ပြေသွားပြီ ဆရာ ဘာတွေထပ်လုပ်ရဦးမလဲ”

“သက်ခိုင်ရေ ငါတို့လဲဒီနေရာမှာ အချိန်တစ်ခုလောက်နေရမယ်ဆိုတော့ ဘုရားကျောင်းဆောင်ကိုတော့ပြင်စေချင်တယ် အခုလောလောဆယ်တော့ ဒီဆင်းတုတော်ကိုပဲ ပူဇော်ထားလိုက်ပါ”

ဆံပင်ကိုအနောက်ပြန်လှန်တင်ပြီး သေသပ်စွာစည်းနှောင်ထားတဲ့ လူငယ်က စကားအဆုံးမှာ လွယ်အိတ်ထဲမှာထည့်လာတဲ့ တစ်ထွာသာသာရှိတဲ့ ဆင်းတုတော်တစ်ဆူကိုထုတ်ပေးလိုက်တယ်။ သက်ခိုင်ဆိုတဲ့လူကလဲ ရွှေရောင်တဝင်းဝင်းနဲ့သပ္ပါယ်နေတဲ့ ဆင်းတုတော်ကို လက်နှစ်ဖက်နဲ့ ရိုသေစွာပင့်ပြီး ယိုင်နဲ့နေတဲ့ဘုရားကျောင်းဆောင်ပေါ်မှာတင်လိုက်တယ်။

ဘုရားဆင်းတုတော်ကို တင်လိုက်တဲ့အချိန် ဇရပ်အထဲကနေ ကြောက်လန့်တကြားပြေးထွက်နေကြတဲ့ခြေသံတွေအပြင် ‌မကျေမနပ်တောက်ခတ်သံ အော်ဟစ်ဆဲဆိုသံတွေကိုပါကြားလိုက်ရတယ်။

” ဘုရားဆင်းတုတော်ပူဇော်လိုက်တာနဲ့ သူတို့မနေနိုင်ကြတာဖြစ်မယ်နော်ဆရာ ကျွန်တော်တို့ကိုတော့ ကျေနပ်မယ်လို့မထင်ဘူး”

” အလင်းကိုတွေ့ရင် အမှောင်လောကသားတွေက ကြောက်ရတာထုံးစံပဲ တောက်ရ ဒါကြောင့် ငါတို့ကိုနည်းမျိုးစုံနဲ့ အနှောက်အယှက်ပေးနေဦးမှာပဲဆိုတာလဲသိတယ် ငါတို့ဒီကိုလာတဲ့ရည်ရွယ်ချက်က ရွှေခဲဆိုတဲ့ လူတစ်ပိုင်းဘီလူးတစ်ပိုင်းပုဂ္ဂိုလ်ကို ပြန်ခေါ်ဖို့ပဲ လုပ်ငန်းအောင်မြင်ဖို့အတွက် ငါတို့သုံးရမယ့်လက်နက်က မေတ္တာပဲ ဒီအတွက် အပ္ပါယ်လေးဘုံက သတ္တဝါတွေကို မလိုအပ်ပဲ နာကျင်‌အောင်မလုပ်ပါနဲ့ ”

” ဟုတ်ကဲ့ပါဆရာ ကျွန်တော်မှတ်သားထားပါမယ် ဒါပေမယ့် ကျွန်တော်မရှင်းတာလေးတစ်ခုတော့မေးခွင့်ပြုပါ ဆရာက ရွှေခဲလို ပုဂ္ဂိုလ်ကိုဘာကြောင့်ခေါ်ဖို့လုပ်ရတာလဲ သူကရော ဘာများအသုံးဝင်နိုင်မလဲဆရာ”

တောက်ရစကားအဆုံးမှာ အောင်မြတ်သာက ကြည်လင်အေးမြတဲ့အပြုံးကိုပြုံးလိုက်ပြီး

” ရွှေခဲနဲ့ငွေခဲဆိုတဲ့ပုဂ္ဂိုလ်က ငါတို့အင်းတော်ကြီးဂိုဏ်းအတွက်အရမ်းလိုအပ်တယ်လို့ပဲသိထားပါ ကဲ ပြောရင်းဆိုရင်း ငါတို့ကိုမောင်းထုတ်မယ့်သူတွေလာကြနေကြပြီ” လို့ပြောကာ မြေပုံမို့မို့တွေရှိနေတဲ့ သင်္ချိုင်းအတွင်းဘက်ကို လှမ်းကြည့်လိုက်တယ်။

သက်ခိုင်နဲ့တောက်ရလဲ အခြေအနေကိုရိပ်စားမိပြီး အောင်မြတ်သာငေးကြည့်နေတဲ့နေရာကို ကြည့်လိုက်တဲ့အချိန် အလောင်းကောင်တွေကိုဖော်စားနေကြတဲ့ တောခွေးတွေရဲ့ စူးစူးဝါးဝါးအူသံကို ကြက်သီးထဖွယ်ကောင်းအောင်ကြားလိုက်ရတယ်။

ခွေးအူသံတွေအဆုံးမှာတော့ ဇရပ်မလှမ်းမကမ်းမှာပေါက်နေတဲ့ ကုက္ကိုပင်ရဲ့ဂွကြားထဲမှာ ခါးထောက်ပြီးရပ်နေတဲ့ မဲမဲကောင်းတစ်ကောင်ကိုမြင်လိုက်ရတယ်။

မျက်လုံးနှစ်လုံးက မီးကျီခဲလိုရဲတောက်နေပြီး ခန္ဓာကိုယ်က လူသုံးဖက်စာလောက်ကြီးမားနေတဲ့သူက အောင်မြတ်သာတို့ရှိရာဇရပ်ကိုလက်ညိုးထိုးပြီး

” နင်တို့လုပ်လို့ ငါ့တပည့်တွေ နေစရာမရှိတော့ဘူး‌ပြောတယ်ဒီနေရာမှာနေချင်ရင် ငါ့ကိုအရင်ပသပူဇော်ပါ ငါ့ခွင့်ပြုချက်မရပဲနေရင် အသေဆိုးနဲ့သေသွားလိမ့်မယ် ” လို့ပြောကာ ကုက္ကိုပင်အောက်ကိုခုန်ဆင်းလာခဲ့တယ်။

အောင်မြတ်သာကတော့ ဇရပ်ပေါ်မှာ တင်ပလ္လင်ခွေထိုင်‌နေရင်း

” သင်က ဘယ်သူပါလဲ ကျုပ်တို့က မကောင်းတဲ့အမှုကိုပြုကြမယ့်သူတွေလဲမဟုတ်ဘူး နောက်ပြီး ကျုပ်တို့နေတဲ့ဇရပ်က အများပြည်သူတွေခိုနားလို့ရအောင် ဆောက်ထားပေးတဲ့ဇရပ်ဖြစ်လို့ သင့်ကိုလဲခွင့်တောင်းစရာမလိုဘူးထင်ပါတယ်” လို့ပြောလိုက်ပြီး မီးငြိမ်းခါနီးဖြစ်နေတဲ့ ဖယောင်းတိုင်တစ်တိုင်ကို အသစ်ပြန်လဲနေလိုက်တယ်။

” နင်တို့က အကြောက်အလန့်မရှိကြပါလား ဒီနယ်တစ်ဝိုက်မှာ ငလက်တိုလို့ပြောလိုက်ရင် မသိတဲ့သူမရှိဘူး ဒီသင်္ချိုင်းက ငါပိုင်တဲ့နေရာ ငါ့နေရာကိုလဲလာသေးတယ် ငါ့ကိုလဲ လေးစားရကောင်းမှန်းမသိဘူး ငကျွဲနဲ့ငသဲ လာစမ်း”

ငလက်တိုရဲ့အမိန့်သံအဆုံးမှာ သင်္ချိုင်းမြေကြီးထဲကနေ သရဲနှစ်ကောင် ကုန်းရုန်းပြီးထလာခဲ့ကြတယ်။ ပါးစပ်အပြင်ကို တစ်ထွာလောက်ထွက်ကျနေတဲ့အစွယ်နှစ်ချောင်းက ပါးစောင်ဘက်ကိုကော့တက်နေပြီး မျက်လုံးတွေက ဘဲဥတစ်လုံးစာလောက်အပြင်ကိုပြူးထွက်နေတဲ့ သရဲနှစ်ကောင်က ဇရပ်ထဲမှာထိုင်နေတဲ့ အောင်မြတ်သာတို့ကို စားမတတ် ဝါးမတတ် စိုက်ကြည့်နေကြတယ်။

” ငကျွဲ နဲ့ ငသဲ ဒီသုံးယောက်ရဲ့ အသည်းကို ငါစားချင်တယ် မင်းတို့ရအောင်ယူပေးရင် ငါလတ်လတ်ဆတ်ဆတ်လာမြုပ်တဲ့အလောင်းတွေကို စားခွင့်ပေးမယ်”

ငလက်တိုရဲ့စကားကြောင့် သရဲနှစ်ကောင်က ကြက်သီးထဖွယ်ကောင်းလောက်တဲ့အသံနက်တွေနဲ့ အော်ရယ်လိုက်ပြီး ဇရပ်ပေါ်ကိုတက်လာခဲ့ကြတယ်။

သရဲနှစ်ကောင်က ဇရပ်ပေါ်ကိုရောက်ဖို့ လှေကားထစ်နှစ်ထစ်လောက်အလိုမှာတော့ အောင်မြတ်သာထွန်းထားတဲ့ဖယောင်းတိုင်တွေကနေ မီးတောက်မီးလျှံတွေထွက်လာပြီး သရဲနှစ်ကောင်ကို ဟပ်မိပါလေရော။

” အား ပူတယ် ပူတယ် ”
လှေကားပေါ်တက်လာတဲ့နှစ်ကောင်က မီးဟပ်တဲ့ဒဏ်ကြောင့် ဇရပ်အောက်ကမြေကြီးပေါ်ပြုတ်ကျကာ လူးလိမ့်နေပါလေရော။

” တောက် နင်တို့က ဒီလိုပညာတွေတတ်လို့ ငါ့ကိုမထီမဲ့မြင်လုပ်တာကိုး ဟဲ့ ဗိုက်ပေါက်မ ဒီတစ်ခါ နင့်အလှည့်ပဲ ဒီလူတွေကို အသေသတ်စမ်း ငါကအရှင်မလိုချင်ဘူးနော် အသေပဲလိုချင်တာ နင်မသတ်နိုင်ရင် ငါနဲ့အတွေ့ပဲ”

ကုက္ကိုပင်အောက်မှာရပ်နေတဲ့ ငလက်တိုက သင်္ချိုင်းထဲမှာရှိနေတဲ့ ဗိုက်ပေါက်မဆိုတဲ့သရဲကို ထပ်ခေါ်ပါလေရော။

ငလက်တိုရဲ့ဒေါသတကြီးအော်ဟစ်လိုက်တဲ့အသံအဆုံးမှာ ဇရပ်ပေါ်ကို ဆနွင်းနံ့နဲ့အပုတ်နံ့တွေရောနှောနေတဲ့ အနံ့တွေထောင်းခနဲထအောင် တက်လာခဲ့တယ်။ အနံ့ရပြီးမကြာခင်မှာပဲ တစ်ကိုယ်လုံးဝါထိန်နေပြီး မျက်တွင်းကဟောက်ပက် ဝမ်းဗိုက်နေရာကလဲဟက်တက်ကွဲနေပြီးအထဲကနေ အချင်းနဲ့ရစ်ပတ်ကာ တွဲလောင်းကျနေတဲ့ မွေးကင်းစကလေးငယ်တစ်ဦးကို ပိုက်လျက်ထွက်လာတဲ့ သရဲမကိုမြင်လိုက်ရတယ်။

ဗိုက်ပေါက်မလို့ခေါ်တဲ့သရဲမက လှုပ်လီလှုပ်လှဲ့နဲ့ လမ်းလျောက်လာရင်း ဟက်တက်ကွဲကာ သွေးပုတ်တွေတစ်စက်ချင်းကျနေတဲ့နေရာကိုအုံခဲနေတဲ့ ယင်ကောင်မဲမဲတွေကို လက်နဲ့သပ်ယူပြီး ပါးစပ်ထဲထိုးထည့်လိုက်တယ်။

ယင်ကောင်တွေကိုဖြေးဖြေးချင်းဝါးစားရင်း လျောက်လာခဲ့တာ ငလက်တိုရှေ့ရောက်တော့ –

” ငါ့ကိုခေါ်တာဘာလုပ်ဖို့လဲ ”

” နင့်ကိုခေါ်တာက အခြားမဟုတ်ဘူး ဇရပ်ပေါ်မှာရှိနေတဲ့လူသုံးယောက်က ငါ့ကိုမထီလေးစားလုပ်နေလို့ နင့်ကိုဆုံးမခိုင်းမလို့ခေါ်တာ”

ငလက်တိုစကားအဆုံးမှာ ဗိုက်ပေါက်မက တဟီးဟီးတဟားဟားနဲ့အော်ရယ်လိုက်ပြီး

” သင်္ချိုင်းရဲ့သခင်ဘွဲ့ကိုယူထားပြီး ဒီလူတွေကိုတောင် မောင်းမထုတ်နိုင်ဘူးလား ဒါဆို နင့်ကိုပေးထားတဲ့ရာထူးကို ငါ့ကိုလွှဲဖို့ပြင်ပေတော့ “လို့ ဝမ်းခေါင်းသံကြီးနဲ့ပြောလိုက်ရာ အချင်းကြိုးတန်းလန်းဖြစ်နေတဲ့ မွေးကင်းစကလေးက တအီးအီးနဲ့ငိုပါလေရော။

” ဟဲ့ ငါ့ကလေးငိုနေပြီ နင်ခိုင်းတာကိုလုပ်လို့အောင်မြင်ရင် အရှင်မဖဲဝါကို ဒီကြောင်းတွေပြောပြပြီး နင့်နေရာကိုငါယူမယ် ”

အောင်မြတ်သာတို့ကလဲ ဇရပ်ပေါ်ကနေပြီး ငလက်တိုနဲ့ ဗိုက်ပေါက်မတို့ရဲ့ ရန်ပွဲကိုထိုင်ကြည့်နေခဲ့တယ်။

” ဟိုကောင်မ စကားမများနဲ့ ငါ့တင်းပုတ်စာမိချင်လို့လား နင့်ထက်သာလို့ အရှင်မက ငါ့ကိုဒီနေရာပေးထားတာ အခုငါခိုင်းတာကိုနင်လုပ် နောက်ထပ်လျာရှည်ရင် နင်ရော နင့်လက်ထဲက ကလေးရော ငါညှာမှာမဟုတ်ဘူး”

ငလက်တိုရဲ့မာထန်တဲ့စကားကြောင့် ဗိုက်ပေါက်မမျက်နှာချိုးကိုပြန်ပြင်လိုက်ပြီး ဇရပ်ပေါ်ကို မျက်စောင်းထိုးကြည့်ကာ

” ဇရပ်ပေါ်က အကောင်သုံးကောင် နင်တို့ကြောင့် ငါပါအလုပ်ပိုရပြီ အခုချက်ချင်းဇရပ်ပေါ်ကဆင်းပြီး ပြန်မလား ငါလာပြီးဂုတ်ချိုးသတ်ရမလား ” ဆိုပြီးပြောပါလေရော။

အောင်မြတ်သာကတော့ ဇရပ်အောက်မှာရပ်နေတဲ့ ဗိုက်ပေါက်မကိုကြည့်လိုက်ပြီး

” သင်တို့ရဲ့အကုသိုလ်ကလဲ တယ်ကြီးသကိုး ကျုပ်တို့ကလဲ အတတ်နိုင်ဆုံး သင်တို့နာကျင်အောင်မလုပ်ဖို့ စိတ်ကူးထားပါတယ် ဒါကြောင့် ကျုပ်တို့ကိုမောင်းထုတ်မယ့်အကြံကိုလက်လျော့ကြပါ ” လို့လေသံအေးအေးနဲ့ပြောလိုက်ပေမယ့် ဗိုက်ပေါက်မက လက်မခံပဲ ဇရပ်ပေါ်ကိုတက်မယ့်အပေါက်ဝရှေ့မှာ ခါးထောက်ကာမတ်တပ်ရပ်လိုက်ပြီး ဗိုက်အပေါက်နားမှာ အုံနေတဲ့ယင်ကောင်တွေကို လက်နှစ်ဖက်နဲ့ယူလိုက်ပြီး အောင်မြတ်သာတို့ရှိရာဇရပ်ပေါ်ကို ပစ်ထည့်လိုက်တယ်။

” ဝီး ဝီး ဝီး “ဆိုတဲ့အသံနဲ့အတူ ပျံလာကြတဲ့ယင်ကောင်ပေါင်းများစွာက ဇရပ်အဝင်ဝမှာထွန်းထားတဲ့ ဖယောင်းတိုင်နားလဲရောက်ရော လျှပ်စစ်နဲ့အတို့ခံလိုက်ရသလို ဖောက်ခနဲ ဖောက်ခနဲမြည်ပြီး အောက်ကိုပြုတ်ကျကုန်တယ်။ ဗိုက်ပေါက်မကလဲ မာန်မလျော့သေးပဲ လက်ထဲမှာကိုင်ထားတဲ့ မွေးကင်းစကလေးကို ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ ဗိုက်ထဲကိုထိုးထည့်ပြီး ဇရပ်ပေါ်ကို ကိုယ်တိုင်တက်ဖို့ခြေလှမ်းတွေပြင်နေတဲ့အချိန် ဘယ်ကနေရောက်လာမှန်းမသိတဲ့ ကိုးတောင်ကျားတစ်ကောင်က ဗိုက်ပေါက်မရဲ့ကိုယ်ကို ကိုက်ပြီးဆွဲမွှေ့ကာ ခါထုတ်လိုက်တယ်။

” ဝေါင်း ”
” ဝေါင်း”
” ဝေါင်း”

‌ဇရပ်ရဲ့လှေကားအဝမှာ ဒေါသတကြီးမာန်ဖီနေတဲ့ကိုးတောင်ကျားကြီးကိုမြင်တော့ အောင်မြတ်သာက ထိုင်နေရာကနေထလာပြီး

” မောင်မဲခေါင် ဒေါသတွေကိုလျော့ပါ သူတို့က ဆရာကိုဘာဒုက္ခမှမပေးနိုင်ပါဘူး” လို့ပြောပြီး လည်ကုတ်လေးကိုပွတ်သပ်ပေးလိုက်တော့မှ မာန်ဖီနေတဲ့ကိုးတောင်ကျားက မာန်ကိုလျော့လိုက်ပြီး ပဒပ်ထရပ်လိုက်ရာ အပေါ်ပိုင်းဗလာကျင်းထားပြီး လုံချည်ကိုခါးတောင်းကျိုက်ထားတဲ့ လူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။

” ဆရာတို့ဘာဖြစ်သွားသေးလဲ ”

” ဘာမှမဖြစ်ပါဘူး ‌မင်းကဘယ်လိုဖြစ်လို့ ရောက်လာခဲ့တာလဲ”

” ကျုပ်တရားထိုင်နေတုန်း ဆရာတို့ကိုအန္တရာယ်ပေးနေတယ်ဆိုတဲ့မြင်ကွင်းကိုတွေ့လို့ စိတ်ပူပြီးအရောက်လာခဲ့တာ ဆရာတို့က ဒီကောင်တွေကို မေတ္တာနဲ့ပြောဆိုနေတာကိုး တစ်ချို့အရာတွေက မေတ္တာနဲ့ပြောရင် မရဘူး ကျုပ်လိုအကြမ်းနည်းသုံးရတယ် ဆရာခဏစောင့်ပါ”

မောင်မဲခေါင်ဆိုတဲ့လူက အောင်မြတ်သာကို အရိုအသေပေးပြီး ကျားခနဲမာန်သွင်းကာ နောက်ပြန်ကျွမ်းထိုးလိုက်တဲ့အချိန် အဝါနဲ့အမဲကျားနဲ့အရမ်းကိုလှတဲ့ကိုးတောင်းကျားအသွင်ပြောင်းသွားပြီး မလှမ်းမကမ်းမှာ ရှိနေတဲ့ ငလက်တိုတို့ အုပ်စုထဲကို ခုန်ဝင်သွားခဲ့တယ်။

ရုတ်တရက်လျင်မြန်လွန်းတဲ့ မောင်မဲခေါင်ရဲ့ အပြုအမူကြောင့် အောင်မြတ်သာတားချိန်မရလိုက်တဲ့အချိန် မောင်မဲခေါင်ရဲ့ ကြမ်းကြမ်းတမ်းတမ်းနှုတ်ဆက်မှုကြောင့် ငလက်တိုတို့အုပ်စုတွေ သင်္ချိုင်းအထဲကို ပြေးကြပါလေရော။

မောင်မဲခေါင်ကလဲ ငလက်တိုတို့အုပ်စုပြေးတဲ့နောက်ကို လွှားခနဲ လွှားခနဲ ခုန်ပြီးလိုက်သွားခဲ့တယ်။ မကြာခင် သင်္ချိုင်းအတွင်းဘက်ကနေ ကမ္ဘာပျက်တဲ့အလား ကြောက်လန့်တကြားအော်ဟစ်သံ၊ ကျားရိုင်းတစ်ကောင်ရဲ့မာန်ဖီသံတွေအပြင် ကလေးငယ်တွေရဲ့ ငိုသံတွေကိုပါကြားလိုက်ရတယ်။

မကြာခင် အော်ဟစ်သံတွေတိတ်ဆိတ်သွားပြီး အုတ်ဂူအပျက်တွေပေါ်ကနေ လွှားခနဲ လွှားခနဲ ခုန်ကျော်ကာ ပြန်လာတဲ့ ကိုးတောင်ကျားတစ်ကောင်ကိုမြင်လိုက်ရတယ်။ ကိုးတောင်ကျားက အောင်မြတ်သာအရှေ့ရောက်တော့ သခင်အနားကိုရောက်တဲ့ ကြောင်တစ်ကောင်ပမာ တိုးဝေ့ကာကျီစယ်ဆော့ကစားပါလေရော။

အောင်မြတ်သာကလဲ ကိုးတောင်ကျားရဲ့ ခေါင်းကိုသုံးချက်ပွတ်ပေးလိုက်ပြီးတဲ့အချိန်မှာတော့ ကျားအသွင်ပျောက်သွားပြီး လူအသွင်ပြန်ပေါ်လာခဲ့တယ်။

” ဆရာနဲ့ပြန်တွေ့ရတာဝမ်းသာပါတယ် ဒီကောင်တွေတော့ ထပ်မနှောက်ယှက်ရဲတော့ဘူး ဆရာတို့ကိစ္စပြီးတဲ့အထိ ကျုပ်စောင့်ရှောက်ပေးပါမယ်” လို့ပြောတော့အောင်မြတ်သာက

” မဲခေါင် မင်းအရင်လိုမဆိုးသွမ်းတော့ပေမယ့် အရင်ကလက်စလက်နတွေတော့ ကျန်နေသေးပါလား” ဆိုပြီးပြောကာ ခပ်သဲ့သဲ့ရယ်လိုက်တယ်။

” ကျုပ်အရင်စိတ်နဲ့ဆိုရင် ဒီကောင်တွေနောက်တစ်ခါထပ်သေသွားမယ် အခုစိတ်ကိုမနည်းလျော့ထားတာဆရာရေ အော် ဒါနဲ့ ဆရာသက်ခိုင်နဲ့ ဆရာတောက်ရလဲပါနေတာကိုး ”

မောင်မဲခေါင်ရဲ့စကားကြောင့် သက်ခိုင်နဲ့တောက်ရတို့ကြောင်တောင်တောင်ဖြစ်သွားပြီး

” ကျုပ်တို့ကို သင်ကသိလို့လား သင်နဲ့ကျုပ်တို့တစ်ခါမှလဲမဆုံဘူးသေးဘူးနော်”

” ဟုတ်ပါတယ် ဆရာတို့နဲ့ကျုပ်တစ်ခါမှမဆုံဘူးသေးပါဘူး ဒါပထမဆုံးပါပဲ သို့ပေမယ့် ဆရာတို့အကြောင်းကို ဟောဒီက ကျုပ်ဆရာက ပြောပြဖူးလို့သိနေတာပါ”

မောင်မဲခေါင်နဲ့ သက်ခိုင်တို့အဖြစ်ကိုကြည့်ကာပြုံးနေတဲ့ အောင်မြတ်သာက

” မောင်မဲခေါင်အကြောင်းကိုတော့ နောက်မှအစအဆုံးပြောပြပေးပါမယ် အခုငါတို့မေးမယ့်သူတွေကလဲ မောင်မဲခေါင် ရမ်းလိုက်လို့ ပျောက်ကုန်ကျပြီ နောက်နေ့မှပဲ ချော့မော့ပြီးပြန်မေးရမယ် ညလဲအတော်နက်နေပြီဖြစ်လို့ အားလုံးနားကြဦး ကျုပ်လဲ လုပ်စရာကိစ္စတွေရှိသေးတယ်”လို့ပြောကာ ဇရပ်ပေါ်ပြန်တက်လာပြီး ဘုရားကျောင်းဆောင်အရှေ့မှာထိုင်ကာ နိစ္စဓူဝကိစ္စတွေကိုလုပ်နေလိုက်တယ်။ မောင်မဲခေါင်၊ သက်ခိုင်နဲ့ တောက်ရတို့ကလဲ မိမိတို့ကိုယ်စီလုပ်နေကြအလုပ်တွေဖြစ်တဲ့ အင်းကွက်ဆွဲခြင်း၊ တရားထိုင်ခြင်းအမှုတွေကို ဆက်လုပ်ခဲ့ကြတယ်။

– – – – – – – – –

မနက်အလင်းရောင်စထွက်တဲ့အချိန်မှာတော့ အောင်မြတ်သာတရားထိုင်တာကိုဖြုတ်လိုက်ပြီး လှည့်ကြည့်လိုက်တော့ သက်ခိုင်နဲ့တောက်ရ ဘုရားကျောင်းဆောင်ကိုအသစ်လုပ်ဖို့ သစ်တိုသစ်စတွေသယ်နေကြတာမြင်လိုက်ရတယ်။

” ဆရာ တရားဖြုတ်ပြီလား ဒီနားမှာ လူနေအိမ်ခြေလဲသိပ်မတွေ့ရဘူး ဘုရားကျောင်းဆောင်အသစ်လုပ်ဖို့ဆိုရင် သံတွေ တူတွေလိုလိမ့်မယ်”

” မပူပါနဲ့ မကြာခင် ဒီကိုထင်းခုတ်သမားတွေလာလိမ့်မယ် သူတို့မှာလိုအပ်တာတွေပါလာပါလိမ့်မယ်”

အောင်မြတ်သာစကားဆုံးပြီးသိပ်မကြာခင်မှာပဲ ပုဆိန်ကိုယ်စီကိုင်ပြီးလျောက်လာတဲ့ ထင်းခုတ်သမားလေးယောက်ကိုတွေ့လိုက်ရတယ်။ ထင်းခုတ်သမားတွေကလဲ ယောဂီဝတ်စုံဝတ်ထားတဲ့အောင်မြတ်သာတို့ကိုမြင်တော့

” ဟေ့လူတွေ ဟေ့လူတွေ ခင်ဗျားတို့ကမကြောက်မရွံ့နဲ့ဒီဇရပ်မှာနေရဲတယ်ပေါ့လေ” လို့ပြောတော့ သက်ခိုင်က

” ဒီဇရပ်ကဘာများဖြစ်လို့လဲဗျ ကျုပ်တို့ကခရီးသွားတွေဆိုတော့ ဒီနယ်အကြောင်းမသိဘူး ဒါကြောင့်ခေတ္တနေနေတာ”

” အော် ဒါကြောင့်နေရဲကြတာကိုး ဒီနေရာကအရမ်းကြမ်းတာဗျ အနားတစ်ဝိုက်ရွာကလူတွေတောင် ညနေမှောင်စပျိုးရင် ဒီလမ်းကဘယ်သူမှမဖြတ်ကြတော့ဘူး ”

” ဘာလို့မဖြတ်ရဲတာလဲ ပြောပါဦး”

” အရင်က အုတ်နီကန်သင်္ချိုင်းဆိုတာ ရွာလေးရွာရဲ့အလယ်မှာရှိလို့ ဘယ်ရွာကလူသေသေ ဒီသင်္ချိုင်းမှာလာမြုပ်ကြရတယ် ရွာဓလေ့တွေအရပြောရရင် သင်္ချိုင်းကိုရောက်တာနဲ့ ငလက်တိုဆိုတဲ့သရဲကို ထမင်းထုပ်နဲ့အရင်ပသရတယ် အဲလိုမပသဘူးဆိုရင် သရဏဂုံတောင်မတင်ရဲအောင် ခြောက်လှန့်တာဗျ အချို့သိက္ခာနုသေးတဲ့ဘုန်းကြီးတွေဆိုရင် နေ့ခင်းဘက်တောင် ထပြေးရတယ် ကျုပ်တို့အိမ်ထောင်ကျပြီးတဲ့အချိန်လောက်ရောက်တော့ ရွာတစ်ရွာဆီမှာ သင်္ချိုင်းမြေတစ်ခုဆီဖော်ခဲ့တယ် ဒါကြောင့်အုတ်နီကန်သင်္ချိုင်းကိုမသုံးဖြစ်ကြတော့ဘူး တစ်ရွာနဲ့တစ်ရွာသွားချင်ရင်တော့ ဒီလမ်းကအနီးဆုံးဖြတ်လမ်းပဲ အချို့မကြောက်တတ်တဲ့ကောင်တွေကတော့ ဒီလမ်းကိုသုံးကြတယ် ညဘက်သွားတဲ့သူတိုင်း တစ်နည်းမဟုတ်တစ်နည်းခြောက်ခံထိတာပဲဗျို့ အခုကျုပ်တို့တောင် မနက်လင်းအားကြီးအချိန်မို့လို့သာ လာရတာ ကျောကခပ်ချမ်းချမ်းဗျ”

” ခင်ဗျားတို့ပြောတာဖြစ်နိုင်တယ် ညကတောင် ကျုပ်တို့နေလို့မရအောင်ခြောက်လှန့်သေးတယ် အော် ဒါနဲ့ ခင်ဗျားတို့မှာ ပုဆိန်တွေပါရင်ခဏငှားပါလား ကျုပ်တို့ဘုရားကျောင်းဆောင်အသစ်လေးလုပ်ချင်လို့”

” ဒီလောက်ကတော့ကျုပ်တို့ပဲလုပ်ပေးပါမယ် အလွန်ဆုံးကြာ နာရီဝက်ပေါ့ ”

” ဒါဆိုပိုအဆင်သင့်တာပေါ့ဗျာ လိုအပ်တဲ့သစ်တွေတိုသစ်စတွေကိုတော့ကျုပ်တို့ရှာထားပါတယ်”

ထင်းခုတ်သမားတွေလဲ သက်ခိုင်တို့ရှာထားတဲ့ သစ်တိုသစ်စတွေကိုအသုံးပြုပြီး ဘုရားကျောင်းဆောင်အသေးတစ်ခုကိုပြုလုပ်ပေးခဲ့ကြတယ်။

” ကျောင်းဆောင်လဲပြီးပြီဆိုတော့ ကျုပ်တို့ထင်းရှာသွားလိုက်ဦးမယ်ဗျို့ ဒီညတော့အခြားနေရာပြောင်းကြဦးနော် နေစရာမရှိရင် ကျုပ်တို့ရွာလိုက်ခဲ့လဲရတယ်”

” ရပါတယ်ဗျာ အခုလိုကူညီပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ မိတ်ဆွေတို့လဲ သွားလမ်းသာလို့လာလမ်းဖြောင့်ကြပါစေ”

သက်ခိုင်လဲ ထင်းခုတ်သမားတွေကိုနှုတ်ဆက်ပြီ ဘုရားကျောင်းဆောင်အသစ်ကို ကိုင်ကာ ဇရပ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။
ဇရပ်ပေါ်ရောက်တော့ ဘုရားကျောင်းဆောင်အဟောင်းကိုဖြုတ်ပြီး ကျောင်းဆောင်အသစ်ကိုတပ်ဆင်လိုက်တယ်။

ပထဝီမြေအနေအထားကျွမ်းကျင်တဲ့မောင်မဲခေါင်ကတော့ အနီးအနားမှာရှိတဲ့ သစ်ဥသစ်ဖုတွေကိုရှာပြီး အောင်မြတ်သာတို့ကိုကျွေးခဲ့တယ်။

ညနေ နေဝင်ရီတစ်ရောအချိန်ရောက်တော့ အောင်မြတ်သာတို့အားလုံး ဘုရားကျောင်းဆောင်အရှေ့မှာထိုင်ပြီး အင်းကွက်ဆွဲနေတဲ့အချိန် အန္တရာယ်အငွေ့အသက်တစ်ခုကိုခံစားလိုက်ရတယ်။

အကင်းပါးတဲ့မောင်မဲခေါင်က အင်းကွက်ဆွဲနေရာကိုရပ်လိုက်ပြီး ဇရပ်ပတ်ပတ်လည်ကို မျက်လုံးဝေ့ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို အနောက်ကျွမ်းပစ်ကာ ကျားအသွင်းပြောင်းပြီး ဇရပ်အောက်ကိုခုန်ဆင်းသွားတဲ့အချိန် ဇရပ်ဘေးမှာပေါက်နေတဲ့ ခြုံအကွယ်ကနေ လူခါးစောင်းလောက်ရှိတဲ့ ခွေးနက်ကြီးတစ်ကောင်ထွက်လာခဲ့တယ်။

ခွေးနက်ကြီးက မောင်မဲခေါင်ကိုမြင်တော့ တဂီးဂီးနဲ့ မာန်ဖီရင်း အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။ မောင်မဲခေါင်ကလဲ ခွေးနက်ကြီးကိုကြည့်ပြီး မာန်ဖီကာ တစ်ကောင်နဲ့တစ်ကောင် တည်နေကြတယ်။

ခွေးနက်ကြီးကလဲအကြောက်အလန့်မရှိသလို မောင်မဲခေါင်ကလဲ အလစ်မပေးပဲ ကျားချောင်းချောင်းနေရင်း ရုတ်တရက်ခုန်အုပ်ချလိုက်တယ်။

” ဂီးဂီးဂဲ ဂူး ဂရောင်း”

” ဝေါင်း ဝေါင်း ”

” ဖြောင်း ဂျွတ် ဝုန်း ဂလုန်း”

အရွယ်မစားသိပ်မကွာတဲ့ ခွေးနက်ကြီးနဲ့ မောင်မဲခေါင်တစ်ဖြစ်လဲ ကိုးတောင်ကျားတို့ရဲ့တိုက်ပွဲက ပြင်းထန်ခဲ့တယ်။ မောင်မဲခေါင်က ကိုက်တယ်။ ခွေးနက်ကြီးက ရှောင်ရင်း လက်သည်းနဲ့ပြန်ကုတ်တယ်။ မောင်မဲခေါင်ကလဲ လျင်မြန်သူပီပီ သတိမလစ်ပဲ ခွေးနက်ကြီးရဲ့ ဂုတ်ပေါ်ကိုခုန်ကာ ခဲဖို့ကြိုးစားတယ်။ တစ်ချက်မှာတော့ မောင်မဲခေါင်ရဲ့လက်သည်းချက်က ခွေးနက်ကြီးရဲ့ မျက်နှာကိုထိသွားပြီး သွေးလိုလိုအရည်အမဲတွေစီးလာခဲ့တယ်။ ခွေးနက်ကြီးက မောင်မဲခေါင်ရဲ့လက်သည်းချက်မိသွားတော့ ဒေါသပိုထွက်ပြီး အနာခံကာ အတင်းဝင်လုံးတယ်။ မောင်မဲခေါင်ကလဲ အပူးမခံပဲ လစ်ရင်လစ်သလို ကိုက်လိုက်ပြန်ဆုတ်လိုက်လုပ်နေတာ အချိန်ကြာလာတော့ ခွေးနက်ကြီးခြေကုန်လက်ပန်းကျလာတယ်။ ခွေးနက်ကြီး ခြေတွေလက်တွေလှုပ်ရှားမှုနှေးလာတဲ့အချိန် မောင်မဲခေါင်က လည်မြိုကိုခဲဖို့ ခုန်အအုပ်မှာ ” ဖြောင်း”ဆိုတဲ့အသံနဲ့အတူ အနောက်ကို ဆယ်ပေလောက်လွင့်ထွက်သွားခဲ့တယ်။

မောင်မဲခေါင်လဲရုတ်တရက်ခံလိုက်တဲ့အတွက် ဒေါသထွက်ပြီး မာန်ဖီကာပြန်ထဖို့အလုပ် ခွေးနက်ကြီးရဲ့ကိုယ်ပေါ်မှာ ဆံပင်ဖားလျားချကာ ‌ဆေးပြင်းလိပ်ကိုခဲထားတဲ့ မိန်းမတစ်ယောက်ရပ်နေတာမြင်လိုက်ရတယ်။

တစ်ဇွတ်ထိုးသမားမောင်မဲခေါင်ကလဲ ခွေးနက်ကြီးကိုရော ရပ်နေတဲ့မိန်းမကိုပါ ကိုက်သတ်ဖို့ ဟန်အပြင်

” မောင်မဲခေါင် တော်ပြီ ဒီကိစ္စကို ကျုပ်ဖြေရှင်းပါ့မယ်” ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာ ဇရပ်အောက်ကိုဆင်းလာခဲ့တယ်။

မောင်မဲခေါင်လဲ အောင်မြတ်သာစကားကြောင့် မာန်ကိုပြန်ချလိုက်ပြီး မတ်တပ်ရပ်နေတဲ့ အောင်မြတ်သာအနားကိုသွားကာ ခါးကိုနိမ့်ပေးလိုက်တယ်။

အောင်မြတ်သာလဲ မောင်မဲခေါင်ရဲ့ဆန္ဒကို လိုက်လျောပေးတဲ့အနေနဲ့ နိမ့်ပေးထားတဲ့ကျောပေါ်ကိုတက်လိုက်တယ်။

ခွေးနက်ကြီးပေါ်မှာရပ်နေတဲ့မိန်းမက ဆေးပြင်းလိပ်ကို အားပြင်းပြင်းနဲ့ရှိုက်ဖွာလိုက်ပြီး

” နင်တို့က ငါ့လူတွေကို ထိခိုက်ဒဏ်ရာရအောင်လုပ်လိုက်တယ်ဆို အဲဒါဟုတ်သလား ဟင်းဟင်း”

” ကျုပ်က မေတ္တာရှေ့ထားပြီး ကောင်းကောင်းမွန်မွန်မေးပါသေးတယ် သူတို့ကရန်ပြုတော့ ကျုပ်တပည့်က မနေနိုင်လို့ ဝင်ကူရာကနေ မဖြစ်သင့်တာတွေဖြစ်ခဲ့ရတာပါ”

” ဟားဟားဟားဟား သူတော်ကောင်းကြီးတွေနဲ့လာတွေ့နေပါရောလား ငါ့ပိုင်နက် ငါ့နယ်မြေထဲကိုရောက်နေတာတောင် ငါ့ကိုအသိမပေးပဲ ထင်ရာစိုင်းနေကြတဲ့သူတွေ နင်တို့ကို ငါခွင့်လွှတ်မယ်ထင်နေလား”

” ကျုပ်ကဒီကိုလာတာ ဘယ်သူ့ကိုမှဒုက္ခပေးဖို့မဟုတ်ဘူး သင့်ဆီမှာ ရွှေခဲဆိုတဲ့နာမည်နဲ့သူတစ်ယောက်ရှိနေတယ်မဟုတ်လား”

ရွှေခဲဆိုတဲ့အသံကြားတော့ ခွေးနက်ကြီးကျောပေါ်မှာရပ်နေတဲ့မဖဲဝါက ရှည်ကျနေတဲ့ဆံပင်တွေလှုပ်ရမ်းတဲ့ထိ ရယ်မောလိုက်ပြီး –

” ငါ့သင်္ချိုင်းထဲဝင်ပြီး ငါ့အခွင့်မရှိပဲ အလောင်းတွေကိုဖော်စားတဲ့ဘီလူးတစ်ပိုင်း လူတစ်ပိုင်းကောင်ကိုပြောတာလား ”

” ဟုတ်ပါတယ် သူ့ကိုကျုပ်တို့လက်ထဲအပ်ပေးပါ လို့တောင်းဆိုပါတယ်”

” နင်တို့တောင်းတိုင်းပေးရအောင် ငါကနင်တို့အစေခံလား နင်တို့ဒုက္ခမရောက်ပဲ လာရာလမ်းအတိုင်းပြန်ချင်ရင် ငါ့ကိုပြန်တောင်းပန်စမ်း အေး နင်တို့မတောင်းပန်ရင်တော့ ဖဲဝါအကြောင်း
သိစေရမယ် ”

” သင်ကမပြစ်မှားသင့်တဲ့သူကိုပြစ်မှားမိနေပြီ ကျုပ်တို့ဘက်ကအမှားလုပ်ထားတာမရှိတဲ့အတွက် သင့်ကိုမတောင်းပန်နိုင်ဘူး သင်ဘက်ကဖြစ်ချင်တဲ့အတိုင်းလုပ်ပါ ”

အောင်မြတ်သာစကားအဆုံးမှာ မဖဲဝါက မြေကြီးပေါ်ကိုဆင်းကာ တောက်တစ်ချက်ခေါက်လိုက်ပြီး မြေကြီးကို‌ဖနောင့်နဲ့ပေါက်ချလိုက်တဲ့အချိန် အရပ်ကထန်းပင်တစ်ပင်စာလောက်အထိ မြင့်တက်သွားခဲ့တယ်။

” ကဲ သင်စိတ်ကြိုက်ဖန်ဆင်းပြီးပြီဆိုတော့ သင်လုပ်လိုရာလုပ်လို့ရပါပြီ သင်ကျုပ်ကိုမြူမှုန်တစ်မှုန်လောက်သာထိခိုက်အောင်လုပ်နိုင်ရင် ကျုပ်လာရာလမ်းအတိုင်းလှည့်ပြန်ပါမယ် သင်မလုပ်နိုင်ရင်တော့ ရွှေခဲဆိုသူကို ကျုပ်ဆီအပ်ပါ”

” နင်ကစကားအရမ်းများတဲ့သူပဲ ငါ့ဖဝါးအောက်မှာ စိစိညက်ညက်ကြေပြီးသေပေတော့”

မဖဲဝါက ပြောရင်းဆိုရင်း တောင်လောက်ရှိတဲ့ခြေဖဝါးကိုမြောက်လိုက်တဲ့အချိန် အောင်မြတ်သာရဲ့ဘေးပတ်ပတ်လည်မှာ နဖူးမှာအင်းစမကွက်တွေပါတဲ့ရွှေဓါးကိုင်အစောင့်ကိုးယောက်ပေါ်လာခဲ့တယ်။ အောင်မြတ်သာကတော့ ဘာမှမလုပ်ပဲ မဖဲဝါကိုပြုံးပြီးကြည့်နေခဲ့တယ်။

ရွှေဓါးကိုင်အစောင့်တွေက အောင်မြတ်သာ ခေါင်းပေါ် ခြေထောက်မရောက်ခင် လေပေါ်ကိုခုန်တက်သွားပြီး ရွယ်ထားတဲ့ခြေဖဝါးကို ဓါးနဲ့ခုတ်ပိုင်းချလိုက်တယ်။

ရုတ်တရက်ဆိုတော့သတိမထားမိလိုက်တဲ့ မဖဲဝါက ရွှေဓါးကိုင်အစောင့်တွေရဲ့ ဓါးချက်မိပြီး အနောက်ကိုသုံးလှမ်းလောက်ပြန်ဆုတ်လိုက်ရတယ်။

” နင်ကလဲ ခေသူမဟုတ်သလို ငါကလဲ သင်္ချိုင်းတကာကိုအပိုင်စားရထားတဲ့ဖဲဝါတဲ့ဟေ့ ” လို့အော်ပြီး ညာဘက်လက်နဲ့ ရွှေဓါးကိုင်အစောင့်တွေကို ရိုက်ထုတ်လိုက်ရာ အစောင့်ပုဂ္ဂိုလ်တွေ ဘေးကိုလွှင့်ထွက်သွားခဲ့တယ်။

ဂိုဏ်းစောင့်အောက်နတ်တွေကိုပါ ဖရိုဖရဲဖြစ်အောင်လုပ်လိုက်တဲ့မဖဲဝါကိုမြင်တော့ သက်ခိုင် စိတ်တိုသွားပြီး အရှေ့ကိုတက်ဖို့ဟန်ပြင်လိုက်တဲ့အချိန် အောင်မြတ်သာက လက်ကာပြပြီး

” ဝင်မပါနဲ့သက်ခိုင် သူစိတ်ကျေနပ်တဲ့ထိ တိုက်ပါစေ ” လို့ပြောကာ မျက်လုံးကိုစုံမှိတ်လိုက်တဲ့အချိန် သင်္ချိုင်းမြေတစ်ခုလုံးငလျင်လှုပ်သလို တုန်ဟီးသွားခဲ့တယ်။

ရုတ်တရက်တုန်ခါသွားတဲ့အရှိန်ကြောင့် မဖဲဝါအနောက်ကိုယိုင်ကျသွားမလိုဖြစ်သွားခဲ့တဲ့အချိန် အနောက်ဘက်မှာရှိတဲ့တောင်တန်းတွေကို တစ်လှမ်းချင်းခွကျော်ပြီး အောင်မြတ်သာရှိရာကိုလာနေတဲ့ အမွှေးစုတ်ဖွားနဲ့မဲမဲကောင်တစ်ကောင်ကိုလှမ်းမြင်လိုက်ရတယ်။

သက်ခိုင်နဲ့တောက်ရတော့ အမွှေးစုတ်ဖွားနဲ့ကောင်ကိုကြည့်ပြီး

” ခြေဖဝါးသုံးတောင် ရောက်လာပြီဟေ့” ဆိုပြီးဝမ်းသာအားရ အော်ဟစ်လိုက်ကြတယ်။
(ခြေဖဝါးသုံးတောင်အကြောင်းကိုတော့ အောင်မြတ်သာနှင့်ခြေဖဝါးသုံးတောင်ဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါတယ်)

မဖဲဝါက သူ့ထက်သုံးဆလောက်ကြီးတဲ့ အကောင်ကိုမြင်တော့ နည်းနည်းလန့်သွားခဲ့တယ်။ ခြေဖဝါးသုံးတောင်ကလဲ ကြီးမားကျယ်ပြန့်တဲ့ခြေလှမ်းကျဲကြီးတွေနဲ့ သင်္ချိုင်းထဲကိုဝင်လာတဲ့အချိန် မလှမ်းမကမ်းကနေ အခြေအနေကိုကြည့်နေကြတဲ့ နာနာဘာဝတွေအကုန်ထွက်ပြေးကြပါလေရော။

အောင်မြတ်သာက ခြေဖဝါးသုံးတောင်ကိုကြည့်ပြီး

” ကျုပ်ဆင့်ခေါ်လိုက်ရတဲ့အကြောင်းကိုတော့ သင်သိလောက်ပြီထင်ပါတယ် အခုသင့်အရှေ့မှာရပ်နေတဲ့သူက သင်္ချိုင်းတွေကိုအပိုင်စားရတဲ့ မဖဲဝါပဲဖြစ်တယ် ” လို့ပြောလိုက်တော့ ခြေဖဝါးသုံးတောင်က မဖဲဝါကိုငုံ့ကြည့်လိုက်ပြီး ဘေးမှာရပ်နေတဲ့ ခွေးနက်ကြီးကို အမြှီးကနေကိုင်ကာ ပစ်ထုတ်လိုက်တယ်။

” သရဲမသာသာအဆင့်ရှိတဲ့ ကောင်မက ငါ့ဆရာကိုခြေနဲ့ရွယ်ရဲတယ်ဟုတ်လား ငါက အင်းတော်ကြီးဂိုဏ်းရဲ့အောက်နတ်စာရင်းပဲဝင်တဲ့ ခြေဖဝါးသုံးတောင်ပဲ ငါ့ကိုအရင်နိုင်အောင် တိုက်စမ်း နင်မနိုင်ရင် ငါကိုယ်တိုင်နင့်ကို ရိုက်သတ်မယ် ” လို့ကြိမ်းဝါးလိုက်တဲ့အချိန် မဖဲဝါက အနောက်ကိုဆုတ်လိုက်ပြီး

” ကျွန်တော်မျိုးမရဲ့ အရှင်သခင် အနောက်မယ်တော်(အမေရေယာဉ်)ကိုပင့်ဖိတ်ပါတယ် ယခုကျွန်တော်မျိုးမရဲ့ပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့သူတွေကိုမောင်းထုတ်ဖို့ တန်ခိုးစွမ်းအားတွေပေးတော်မူပါ ” လို့အော်လိုက်တဲ့အချိန် ထန်းတစ်ပင်လောက်ရှိတဲ့ အရပ်ကနေထပ်မကြီးလာပဲ တစ်ဖြေးဖြေးသေးလာကာ သာမန်အရွယ်အစားကိုရောက်လာခဲ့တဲ့အချိန် သင်္ချိုင်းထဲကို ထဘီအနက်ရောင်ကိုစွန်တောင်ဆွဲကာ ဝင်လာတဲ့မိန်းမကြီးတစ်ယောက်ကို အောင်မြတ်သာမြင်လိုက်ရတယ်။

အပေါ်အောက်အနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့မိန်းမကြီးက မဖဲဝါအနားကိုရောက်တော့ ဘာမပြောညာမပြောနဲ့ ပါးနားတွေကိုလှိမ့်နေအောင်ရိုက်ပါလေရော။

” ဟဲ့ကောင်မ နင့်ကိုယ်နင်ဘာထင်လို့ ဒီပုဂ္ဂိုလ်တွေကိုစော်ကားရတာလဲ ဖြောင်း ဖြောင်း”

” အမလေး ကြောက်ပါပြီ မရိုက်ပါနဲ့တော့ နာလှပါပြီ”

” ဒါနဲ့များ နင်က ငါ့ဆီကနေ တန်ခိုးစွမ်းအင်တွေ တောင်းရဲသေးတယ် နင့်လိုကောင်မကို ဒီတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူး အထိန်းတော်တွေ ဒီကောင်မကို လက်ပြန်ကြိုးတုပ်ပြီးချုပ်ထားစမ်း ”

အနက်ရောင်အပေါ်အောက်ဝတ်ထားတဲ့မိန်းမကြီးရဲ့စကားအဆုံးမှာ မဖဲဝါဘေးကနေ မိန်းမကြီးနှစ်ဦးပေါ်လာပြီး လက်ကိုနောက်ပြန်ကြိုးတုပ်လိုက်တယ်။

“ဆရာတွေရှိနေလို့ ငါအယုတ်တအနတ္တတွေမဆဲသေးဘူး ဒီပုဂ္ဂိုလ်တွေက သူတို့ဖိနပ်ကိုနင့်ခေါင်းပေါ်မှာတင်ရင်တောင် နင်ဘာမှပြန်ပြောခွင့်မရှိဘူးဟဲ့ တယ် ငါလုပ်လိုက်ရရင် သေတော့မယ် ဆရာတို့ကိုတောင်းပန်ပါတယ် ကျွန်တော်မျိုးမရဲ့သွန်သင်မှုအားနည်းလို့ အခုလို‌တွေဖြစ်ရတာပါ အပြစ်ပေးမယ်ဆိုရင် ကျွန်တော်မျိူမကိုပေးတော်မူပါ”

အနက်ရောင်ဝတ်စုံဝတ်ထားတဲ့မိန်းမကြီးရဲ့စကားကိုကြားတော့ အောင်မြတ်သာက –

” ဘာမှစိတ်ထဲမထားပါနဲ့ ကျုပ်တို့ကလဲ သင့်တပည့်အပေါ်ထိခိုက်အောင်မလုပ်ကြပါဘူး သင်ရောက်လာတာကိုပဲ ကျုပ်တို့ကကျေနပ်နေပါပြီ”

” အခုလိုခွင့်လွှတ်ပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ် ဆရာတို့က ဒီလိုနေရာကို အကြောင်းမဲ့သက်သက်တော့လာမှာမဟုတ်လောက်ဘူး ဘယ်လိုအရေးကိစ္စများရှိလဲဆိုတာ သိခွင့်ရှိရင်သိချင်ပါတယ်”

” အနောက်မယ်တော်က မဖဲဝါရဲ့သခင်ဆိုတော့ အပူကပ်ရဦးမယ်ထင်ပါရဲ့ သင့်ရဲ့တပည့်မဆီမှာ ရွှေခဲလို့ခေါ်တဲ့ ဘီလူးတစ်ပိုင်းလူတစ်ပိုင်းပုဂ္ဂိုလ်တစ်ယောက်ရှိတယ် သူ့ကိုကျုပ်တို့ခေါ်သွားချင်ပါတယ်”

အောင်မြတ်သာစကားကြောင့် အနောက်မယ်တော်က မဖဲဝါဘက်လှည့်ပြီး

” ဟိုကောင်မ ဆရာ‌တို့ပြောတဲ့သူ နင့်ဆီမှာရှိနေတာလား”

” ဟုတ်ကဲ့ ရှိပါတယ် အလောင်းကောင်တွေကို အခွင့်မရှိပဲဖော်စားလို့ ဖမ်းထားတာပါ”

” အခုချက်ချင်း အဲဒီကောင်ကိုခေါ်လာခိုင်း”

” ဟုတ်ကဲ့ပါ အရှင်မ ”

မဖဲဝါလဲ အနောက်မယ်တော်ရဲ့အမိန့်ကိုမလွန်ဆန်ရဲဘဲ သင်္ချိုင်းထဲမှာဖမ်းထားတဲ့ ရွှေခဲကိုခေါ်ထုတ်ပေးခဲ့တယ်။

ဆံပင်တွေက စုတ်ဖွား၊ အစွယ်တွေကတကားကားနဲ့ ကြောက်မယ်ဖွယ်ကောင်းတဲ့အသွင်ဖြစ်နေတဲ့ ရွှေခဲကိုမြင်တော့ အောင်မြတ်သာက

” ခြေဖဝါးသုံးတောင်ရေ ဒီတစ်ခါတော့ မင်းကိုပဲအကူအညီတောင်းရဦးမယ် ဒီကောင်ကိုခေါ်ပြီး မင်းနေတဲ့တောင်မှာခဏထားထားပါဦး သိပ်မကြာခင်သူ့ညီကိုခေါ်ပြီးပြန်လာခဲ့မယ်” လို့ပြောလိုက်တော့ ခြေဖဝါးသုံးတောင်က အောင်မြတ်သာကိုအရိုအသေပေးကာ ရွှေခဲကိုဂုတ်ကနေဆွဲကိုင်ကာ ပြန်လည်ထွက်သွားခဲ့တယ်။

အနောက်မယ်တော်ကလဲ နောက်နောင်ဒီလိုအဖြစ်မျိုးမဖြစ်အောင် သူ့လက်အောက်မှာရှိတဲ့သူတွေကို ဆုံးမပေးမယ်ဆိုတဲ့ကတိကိုပေးပြီး ပျောက်ကွယ်သွားခဲ့တယ်။

မောင်မဲခေါင်လဲ ကိစ္စတွေပြီးလို့ လူအဖြစ်ပြန်ပြောင်းလိုက်တဲ့အချိန် ကိုယ်ပေါ်မှာဒဏ်ရာဒဏ်ချက်အနည်းငယ်ကျန်ရှိခဲ့တယ်။

အောင်မြတ်သာလဲ မောင်မဲခေါင်ရဲ့ ရဲရင့်မှုကိုချီးကျူးရင်း ဒဏ်ရာတွေကို လွယ်အိတ်ထဲကဆီမန်းပုလင်းကိုထုတ်ကာ လိမ်းပေးခဲ့တယ်။

သက်ခိုင်နဲ့တောက်ရကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အောင်မြတ်သာနဲ့မောင်မဲခေါင်တို့ဘယ်လိုဆုံခဲ့ကြလဲဆိုတာကိုမေးဖို့ တိုင်ပင်ကိုက်နေကြတယ်။

မောင်မဲခေါင်လဲ ဆီမန်း‌အစွမ်းကြောင့်ဒဏ်ရာတွေပျောက်ကင်းသွားတဲ့အချိန် အောင်မြတ်သာကိုကန်တော့ကာ ဌာနေကိုပြန်သွားခဲ့တယ်။ မောင်မဲခေါင်ပြန်သွားတာနဲ့ သက်ခိုင်နဲ့တောက်ရက

” ဆရာ နဲ့ မောင်မဲခေါင် ဘယ်လိုဆုံဖြစ်ခဲ့ကြလဲဆိုတာ အရမ်းသိချင်နေပြီ” လို့ပြောလိုက်တော့ အောင်မြတ်သာက

” မင်းတို့မေးတော့မယ်ဆိုတာ ငါကကြိုသိနေပါတယ် အခုတော့ ဒီဇရပ်ကို စွန့်ခွာကြရအောင်” လို့ပြောကာ ဘုရားကျောင်းဆောင်မှာရှိတဲ့ ဆင်းတုတော်ကို ရိုသေစွာကန်တော့ပြီး ဇရပ်ပေါ်ကနေဆင်းလာခဲ့လိုက်တယ်။

အောင်မြတ်သာရဲ့အနောက်မှာတော့ သက်ခိုင်နဲ့တောက်ရ လွယ်အိတ်ကိုယ်စီဖြင့် ထပ်ချပ်မကွာလိုက်ပါလျက်။

လမ်းတစ်ဝက်ရောက်တော့
” မောင်မဲခေါင်နဲ့ကမထင်မှတ်ထားပဲဆုံခဲ့တာ အဲဒီအချိန်မင်းတို့က ရဟန်းဝတ်နေကြတယ်လေ မဲခေါင်ကအရမ်းဆိုးတဲ့ကောင် သူ့ကိုအခုလိုအခြေအနေရောက်အောင်အချိန်အတော်ယူခဲ့ရတယ်” ဆိုပြီးအစချီကာပြောပြခဲ့တယ်။

အောင်မြတ်သာနဲ့မောင်မဲခေါင်တို့ဘယ်လိုဆုံတွေ့ခဲ့လဲ မောင်မဲခေါင်ကရော ဘယ်လိုအစွမ်းတွေရှိလဲ၊ ဘယ်လိုရက်စက်ဆိုးသွမ်းခဲ့လဲဆိုတာကိုအောင်မြတ်သာ၀တ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment