ဦးဖိုးဝေ နှင့် ယွမ်းအိုင်ရွာ

” ဦးဖိုးဝေ နှင့် ယွမ်းအိုင်ရွာ ”
ရေးသားသူ— မောင်တင်ဆန်း
+++++++++++

*အခန်း (၁)

မီးအိမ်၏အလင်းရောင်မှာ ပျဉ်ထောင်ပျဉ်ခင်းအိမ်ကြီး၏ အပေါ်ထပ်တွင် လင်းထိန်လို့နေသည်။ထိုအိမ်ကြီး၏အိမ်ရှင်ဖြစ်သူ ပြုံးချိုမှာ စားပွဲပေါ်တွင် တင်ထားသော အမယ်စုံလှသည့် ဟင်းများအား ကြည့်ကာ လိုလေသေးမရှိရအောင် စိတ် တိုင်းကျ ပြင်ဆင်နေသည်။မကြာသောအချိန်တွင် ရေချိုးထားဟန်ရှိသော လူနှစ်ယောက် အိမ်ပေါ်သို့ တက်လာသည်။ထိုလူနှစ်ယောက်မှာ ဦးဖိုးဝေ နှင့် သူရိယ တို့ဖြစ်ပေသည်။သူတို့နှစ်ယောက်သည် ဗိုလ်စောင့်တောင်မှ ဇော်ဂျီဖေမောင် နှင့် ရင်ဆိုင်ပြီး ပြုံးချို၏ ဖိတ်ကြားမှုကြောင့် ပြန်လည်ရောက်ရှိနေခြင်း ဖြစ်သည်။ပြုံးချိုသည် အိမ်ပေါ် တက်လာသော ဦးဖိုးဝေ နှင့် သူရိယအား ပြုံးရွှင်သောမျက်နှာဖြင့်
“ဆရာကြီး ညစာအတွက် ကျနော် ပြင်ထားပြီးပြီ။အကုန်လုံးက ဆရာကြီးတို့ ပြောထားလို့ ဆရာကြီးတို့အတွက် ရည်ရွယ်ပြီး ဖော်တဲ့အသား တခုမှမပါဘူး ”
“ကျေးဇူးပါ မောင်ပြုံးချိုရေ တကယ်ကို ဧည့်ဝတ်ကျေပါတယ် ”
“ကျေမှာပေါ့ အဘရယ် သူ့အတွက်လည်း အတော်အဆင်ပြေသွားတာကိုး ”
“ဘာအဆင်ပြေသွားတာလဲ လူလေးရဲ့ အဘ နားမရှင်းဘူး ”
“ဦးတင်အုန်းရဲ့ သမီး အမမိသေးလေ အဘရဲ့ ”
“ဪ ဟုတ်သား ဟုတ်သား ”
ဦးဖိုးဝေ နှင့် သူရိယ၏ စကားကြောင့် လူပျိုကြီးကိုပြုံးချို တယောက် ရှက်သွားကာ
“ဟာ သူရိယ ဆရာကြီးကို ဘာတွေပြောနေတာလဲ မသိဘူး ”
“အဘက နားလည်မှုရှိပါတယ်ဗျာ စိတ်မပူနဲ့ ဒါနဲ့ မနက်ဖြန် ကိုပြုံးချိုတို့ တဲကို သွားကြမှာ မဟုတ်လား ”
“ဟုတ်တယ် ဒီကိစ္စ မဖြေရှင်းဘူးဆို ကျနော်လည်း စီးပွား ပျက်တော့မှာ ”
“ငါ့တူကြီးက မွန်မြတ်တဲ့ စိတ်ထားရှိတော့ အရာအားလုံး အကောင်းတွေချည်း ဖြစ်လာတော့မှာပါကွယ် ”
“အခုတော့ ထမင်းသုံးဆောင်ပါဦး ဆရာကြီး ကျနော် ဖွယ် ဖွယ်ရာရာလေး ချက်ထားတယ်။ဒါလေးက ကြက်သား၊ဒီဟာလေးက ကျနော့်ရွာက ရှားပါးတဲ့ ဝက်သား၊ဟော့ဒါလေးက ငါးလေးချက် ”
“ကိုပြုံးချို ”
“အေး သူရိယ ”
“မိန်းမ မယူတော့နဲ့ဗျာ ”
“ဘာလို့လဲ သူရိယရ ”
သူရိယမှ ပြုံးပြုံးကြီးကြည့်နေလေရာ ပြုံးချိုတယောက် သူ့အား စနေသည်ကို သိပြီး
“မလုပ်ပါ နဲ့ သူရိယရာ ငါက မိသေးကိုပဲ ကြိုက်တာပါ မင်းပြောတာ ငါသဘောပေါက်တယ် ”
“ဟင်းချက်ကောင်းလို့ပါဗျ တခြားမတွေးပါနဲ့ ”
သူတို့ စိတ်လက်ပေါ့ပါးစွာ ရယ်မောလိုက်ကြသည်။ပြုံးချို သည်လည်း ဦးဖိုးဝေတို့၏ အစွမ်းအစအား ယုံကြည်သူမို့ သူ၏ ပြဿနာအား ဖြေရှင်းပေးနိုင်မည်ဟု ယတိပြတ် ယုံကြည်ထားပါလေတော့သည် ။

*အခန်း (၂)

“ယွမ်းအိုင်ရွာ”
နာမည်ဆန်းဆန်းနှင့် ထိုရွာလေးသည် မြေလတ်ဒေသရှိ အခြားရွာများနှင့် အတူတူ လုပ်ကိုင်စားသောက်ကြသော်လည်း လူများသည်က မတူပေ။ဘေးပတ်၀န်းကျင်ရှိရွာသားများသည် အညိုရောင် သို့မဟုတ် ကြေးနီရောင်အသားအရည်ရှိကြပြီး ယွမ်းအိုင်ရွာတွင်ရှိသော ရွာသူရွာသားများသည် အသားဖြူကြ၏။ယွမ်းအိုင်ရွာလေးသည် အခြားရွာများ နှင့် ကူးလူးဆက် ဆံမှုရှိသော သာမာန်ရွာလေးတရွာမျှသာ ဖြစ်သည်။ထိုရွာလေး ၏ အိမ်လေးတအိမ်တွင်တော့
“‌ကျင်စူး နင် ငါပြောသလို လုပ်လား ”
“လုပ်တယ် တလကို သုံးကြိမ်လောက်ပဲ အဆင်ပြေမယ် ထင်တယ် အမေကြီး အရမ်းများရင် ရွာလူကြီးက ရိပ်မိလောက်တယ် ”
“နင် အဲ့ဒီအစီအရင်ကို ဘယ်နားမှာထားခဲ့တာလဲ ”
“သူတို့ နွားတင်းကုတ်မှာပါ ”
“ဒီနားဝန်းကျင်က ရွာတွေထဲမှာ အဲ့ဒီကောင်က အချမ်းသာဆုံးဆိုတော့ သူ့ပဲ လုပ်ရမှာပဲ ”
“ရွာလူကြီး ဦးမွန်လူးကတော့ အံ့ဩနေတာ ”
“အခုတခေါက် တပင်တရာက များတယ် ငါးဆယ်လောက်ပဲ တောင်းကြမလား အမေကြီး ”
“တရာပဲထားလိုက် ဒီကောင်မှာ လယ်တွေယာတွေက နည်းတာ မဟုတ်ဘူး ”
“ဟုတ်ကဲ့ပါ ကဲ အဲ့တာဆို အမေကြီး ဒီနေ့ နွားတွေ ခေါ်တော့ မှာလား ”
“တို့လည်း အသုံးစရိတ်ပြတ်နေပြီဆိုတော့ ခေါ်ကြတာပေါ့ ”
“အဲ့တာဆို ကျနော် အခင်းထဲ သွားလိုက်ဦးမယ် ”
“အေး အေး ”
ထို့နောက် ကျင်စူးဟု အမည်ရသည့်လူငယ်သည် အသားဖြူဖြူ နှင့် အမယ်အိုကို နှုတ်ဆက်ကာ အိမ်လေးထဲမှ ထွက်သွားတော့သည်။ထို့နောက် ကျင်စူးသည် ရွာလမ်းလေးအတိုင်း ဆက်သွားကာ အတန်အသင့်ကြီးသော အိမ်တအိမ်ရှိရာ အိမ်ဝိုင်း ထဲသို့ဝင်သွားလိုက်၏။အိမ်အပေါက်ဝရောက်သောအခါ
“ဦးလူပေါ ”
“ဟေ့ ဘယ်သူတုန်း ”
“ကျနော် ကျင်စူးပါ ”
“ဘာထူးလို့လဲ ကျင်စူး ”
“အမေကြီးက အစီအစဉ်ရှိတယ်တဲ့ ပါဦးမလား ”
“ပြောစရာ လိုသေးလား ကျင်စူးရာ ပါတာပေါ့ကွာ ”
“အဲ့တာဆို ကျနော် နောက်လူတွေကို ပြောလိုက်ဦးမယ်”
“အေး အေး ကျင်စူး ”
ကျင်စူးသည် တအိမ်တက်တအိမ်ဆင်းဖြင့် ထိုအကြောင်းကို လိုက်ပြော‌နေလေသည်။စုစုပေါင်းဆယ်အိမ်မျှပြောပြီးသော် ရွာလမ်းလေးအတိုင်း တယောက်တည်း လမ်းလျှောက်လာစဉ် သူ၏ ရှေ့တည့်တည့်၌ သူစိမ်းလူသုံးယောက်ကို တွေ့ရလေသည်။ထိုအထဲမှ အသက်ကြီးရင့်နေပြီဖြစ်သော လူကြီးသည် သူ့အား ပြုံးပြကာ
“ငါ့တူ မင်းတို့ရွာက ရွာလူကြီးရဲ့အိမ်လေး‌ ပြပေးလို့ရမလား ”
“ရပါတယ် ဒါနဲ့ ကိုပြုံးချိုက ဘာလာလုပ်တာလဲ ”
“ငါ့တူက သူ့ကို သိနေတာလား ”
“အင်း သိတယ် ”
ကျင်စူးသည် လူကြီးအား စကားပြန်ပြောနေချိန် ပြုံးချိုမှ တချက်ပြုံးကာ
“ဆရာကြီးရယ် သူကသိတာပေါ့ ကျနော့်နွား ကြံခင်းစားတိုင်း သူပဲ ဖြေရှင်းပေးနေတာလေ ဟုတ်တယ်မလား ကိုကျင်စူး ”
“ဟုတ်တယ် ကိုပြုံးချိုက ရွာလူကြီးအိမ်ကို သိပါတယ် ”
“ဪ ဟုတ်သား မေ့သွားတယ်ကွယ် ကဲ ကဲ အဲ့တာဆို ဦးကြီးတို့ကို ခွင့်ပြုဦး ”
ပြုံးချိုတို့သည် ကျင်စူးကို နှုတ်ဆက်ကာ ယွမ်းအိုင်ရွာလူကြီး အိမ်သို့ဆက်သွားလေသည်။ကျင်စူးသည်သာ ပြုံးချိုတို့အားငေးမောပြီး နားမလည်ဟန်နှင့် သူပထမဆုံး ဝင်ခဲ့သည့် အမေကြီးအိမ်သို့ သုတ်ခြေတင်လိုက်ပါလေတော့သည် ။

*အခန်း (၃)

ကျင်စူးသည် အမေကြီးဟု ခေါ်သော အမယ်အို၏ အိမ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။မျက်စိမျက်နှာပျက်ကာ အိမ်ပေါ်တက်လာသော ကျင်စူးအား အမယ်ကြီးမှ ထူးဆန်းအံ့ဩစွာ ကြည့်ကာ
“ကျင်စူး နင့်မယ် ဘယ်လိုဖြစ်တာလဲ ရေးကြီးသုတ်ပြာနဲ့ ”
“အမေကြီးဝမ်ရေ ကျနော်တို့တော့ ပြဿနာတက်ပြီ ထင်တယ် ဗျို့ ”
“ဘာဖြစ်လို့လဲ ကျင်စူး ”
“ကျနော်တို့ရဲ့ ငွေတွင်းက အခု ဒီကို ရောက်နေတယ် ”
“ဟေ ဘယ်လိုဖြစ်တာတုန်း”
“မသိဘူး အမေကြီးဝမ် နွားတွေ လွှတ်လိုက်ပြီလား လာတော့မှာ မဟုတ်လား ”
“အေးလေး လာခိုင်းလိုက်ပြီ ”
“အဲ့တာမှ ဒုက္ခ မလာခိုင်းလို့ မရဘူးလား ကိုပြုံးချိုကို ကြည့်ရတာ တခုခုကို သိနေတဲ့ပုံနော်”
“မရတော့ဘူးဟေ့ မလာစေချင်ရင် နင်မြှုပ်ထားတဲ့အစီအရင် ကို ဖော်မှပဲ ရတော့မယ် နေပါဦး သူ့ကိစ္စနဲ့ သူလာတာရော မဖြစ်နိုင်ဘူးလားဟယ်။နင် လုပ်လိုက်ရင် အလန့်တကြား သူတို့က နင့်ကို ဘယ်လိုပြောလို့တုန်း ကျင်စူးရဲ့ ”
အမေကြီးဝမ်၏စကားအား ကျင်စူး မဖြေနိုင်ပဲ ခေါင်းကုတ်လို့သာ နေ၏။ထိုအခါ အမေကြီးဝမ်သည်
“ကျင်စူး သွား ဘာမှမကြောက်နဲ့ သူ ရောက်နေတော့လည်း နင် သွားပြောစရာမလိုတော့ဘူးပေါ့။ငါ့အထင် နွားတွေရောက်တော့မယ် သွားဖမ်းတော့၊ဟုတ်စိန်ပါ ခေါ်သွားကြားလား ”
“အင်းပါ အမေကြီးဝမ် ဖမ်းမဲ့သာ ဖမ်းရမှာ ကိုပြုံးချိုနဲ့ အတူ ပါလာတဲ့ သူစိမ်း နှစ်ယောက်ကို ကြည့်ရတာ သာမာန်လူနဲ့ မတူဘူးလို့ ခံစားရတယ် ”
“နင့်ရဲ့ စိုးရိမ်စိတ်ကို ဖျောက်လိုက်စမ်းပါ ကျင်စူးရယ် ငါ ကိုယ်တိုင်ပဲ သွားဖမ်းလိုက်ရမလား ပြော ”
“ရတယ် ရတယ် ကျုပ် နဲ့ ဟုတ်စိန်ပဲ သွားဖမ်းလိုက်‌ပါ့မယ် ”
ကျင်စူးသည် အမေကြီးဝမ်အား နှုတ်ဆက်ကာ အိမ်ပေါ်မှ ဆင်းသွားလေသည်။အိမ်ပေါ်တွင်ကျန်ခဲ့သည့် အမေကြီးဝမ်သည် စိတ်လှုပ်ရှားနေသည့် မျက်နှာနှင့် နေမထိထိုင်မသာဖြစ်နေစဉ် အိမ်အပေါ်ထပ် အခန်းထဲမှ မိန်းကလေးတယောက်၏ အသံက ပေါ်ထွက်လာလေသည်။
“ဝမ်မေ နင် ဒီလောက်ကိစ္စလေးကိုတောင် ကယောက်ဂယက် ဖြစ်နေပါ့လား ”
“မယ်တော် ကျမ စိတ်ကို ထိန်းနိုင်ပါတယ် ”
ထို့နောက် အိမ်ခန်းထဲမှ အနီရောင်ဝတ်စုံကို ဝတ်ဆင်ကာ လက်ကို နောက်ပစ်ပြီး ထွက်လာသော မိန်းမပျိုလေးကို မြင် သည်နှင့် အမေကြီးဝမ်သည် ထိုင်နေရာမှ အိမ်ကြမ်းပြင်သို့ ဒူးထောက်အရိုအသေပေးမည်ပြုစဉ် မိန်းကလေးမှ လက်ကာ ပြလိုက်ပြီး
“ဝမ်မေ ထိုင်မြဲထိုင်နေ နင့်ခန္ဓာကိုယ်က ဒူးထောက်ရင် သက် သောင့်သက်သာရှိမှာ မဟုတ်ဘူး ”
“ကျေးဇူးကြီးလှပါတယ် မယ်တော် ”
“ရတယ် နင် အခုကိစ္စကို ကောင်းကောင်းကိုင်တွယ်ကြားလား ငါ ဝင်မပါရစေနဲ့ နင်တို့အမှားက ဒီလူအပေါ်ကိုပဲအကြိမ်ကြိမ်လုပ်နေမှတော့ ရိပ်မိပြီပေါ့ အခု ရွာထဲကို ပါလာတဲ့ လူစိမ်းနှစ်ယောက်ကို မပေါ့နဲ့ ကြားလား ”
“ဟုတ်ကဲ့ပါ မယ်တော် ကျမ ဂရုစိုက်ပါ့မယ် ”
“ကဲ အဲ့တာဆို ပြန်မယ် ငါ တောင်ညီနောင်မှာပဲ ရှိမယ် ”
“ဟုတ်ကဲ့ပါ မယ်တော် ”
အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမပျိုလေးသည် အနီရောင်ခန်းစီးများကာထား‌သော အိမ်ခန်းထဲသို့ ဝင်ရောက်သွားပါလေတော့သည် ။

*အခန်း (၄)

ယွမ်းအိုင်ရွာလူကြီး၏ နေအိမ်တွင် ဖြစ်သည်။မြောက်တဲစု ရွာမှ ပြုံးချိုနှင့် ပါလာသူနှစ်ယောက်မှာ ဦးဖိုးဝေ နှင့် သူရိယတို့ ဖြစ်ပြီး ယခုအချိန်တွင်တော့ ယွမ်းအိုင်ရွာလူကြီး ဦးမွန်လူးသည် စိတ်သဘောကောင်းမွန်သူဖြစ်သည့်အလျောက် ဧည့် သည်များအား ကောင်းမွန်စွာဧည့်ခံပြီး တန်းလျားတွင် ထိုင်ကာ စကားဆိုနေကြ၏။
“ပြုံးချို မင်း နဲ့ ငါလည်း တို့ရွာကကြံခင်းတွေ မင်းနွားစားတဲ့ ကိစ္စနဲ့ပဲ ခင်လာကြတာ ငါလည်း အားနာတယ်ကွာ ကာယကံရှင် တွေက မကျေနပ်တော့ သူတို့ပြောတဲ့အတိုင်းပဲ ငါက လုပ်ပေးနေရတာပါ ”
“ကျနော် နားလည်ပါတယ် ရွာလူကြီးရာ အားမနာပါနဲ့ ”
“အေးကွာ ငါလည်း ထူးဆန်းနေတာ မင်းနွားတွေကလည်း တို့ ရွာကအခင်းတွေချည်း လာစားနေတာ စားလိုက်ပြန်တော့လည်းငါစကားသိပ်မပြောချင်တဲ့ လူတွေရဲ့ အခင်းတွေချည်းပဲ ”
“ဟုတ်ပါ့ အဲ့တာကို ရွာလူကြီး ထူးဆန်းတယ်လို့ မထင်ဘူးလား ”
“နည်းနည်းတော့ ထူးဆန်းတယ်လို့ ငါလည်းထင်နေတာ တခါ လည်း မဟုတ် နှစ်ခါလည်း မဟုတ်ဘူးလေကွာ ”
“အဲ့တာကြောင့် ကျနော် ဆရာကြီးကို ခေါ်လာခဲ့တာ ဆရာကြီးနာမည်က ဦးဖိုးဝေ ဆရာကြီး ဘေးက သူရိယတဲ့”
“ဟုတ်ကဲ့ ကျုပ်နာမည်ကတော့ မွန်လူးတဲ့ ဒီယွမ်းအိုင်ရွာရဲ့ ရွာလူကြီး ဆိုပါတော့ဗျာ ”
ဦးဖိုးဝေသည် ရွာလူကြီးအား ကောင်းမွန်စွာပင် နှုတ်ဆက် စကားဆိုလိုက်ပြီးနောက်
“ရွာလူကြီး သိပ်မကြာခင်မှာပဲ ဒီက မောင်ပြုံးချိုရဲ့နွားတွေ ခင်ဗျားတို့ ယွမ်းအိုင်ရွာက ကြံခင်းတွေကို လာစားလို့ဆိုပြီး ရွာလူကြီးဆီကို ရောက်လာကြလိမ့်မယ် ”
“ဟုတ်ပါ့မလားဗျာ ”
“ဟုတ်လား မဟုတ်လားတော့ စောင့်ကြည့်ပေါ့။အခြား တောင်းဆိုချင်တာလည်း ရှိတယ်။အဲ့တာက သူတို့အခင်းတွေ အစားခံရလို့ လျော်ကြေးတောင်းတာ ကျုပ် နားလည်ပါတယ်။တပင်တရာနှုန်း နဲ့ လျော်ရတာတော့ တကယ်ကို ဆိုးပါတယ် ရွာလူကြီးရယ် ”
“ကျုပ်လည်း မတရားမှန်း သိပါတယ် ဒါပေမဲ့ သူတို့က ကျုပ်ကိုတောင် ရန်မူမဲ့ အနေအထားဖြစ်နေလို့ ကျုပ်လည်း မတတ်သာတာပါ ပြံးချိုကို မေးနိုင်ပါတယ် ”
ရွာလူကြီး၏ စကားဆုံးသောအခါ ပြုံးချိုသည်
“ဟုတ်တယ် ဆရာကြီးရေ အခင်းပိုင်ရှင်တွေက တကယ်ကို မလွယ်တာဗျ ရွာလူကြီးကိုလည်း လေးစားပုံ မပေါ်ဘူး”
“ကျုပ် နားလည်ပြီ အဲ့တော့ ရွာလူကြီး ကျုပ်တခု တောင်းဆို ပါရစေ ”
“ပြောပါ ကျုပ်တတ်နိုင်ရင် လိုက်လျောပါမယ် ”
“ကျန်တာတော့ မဟုတ်ပါဘူး အခင်းရှင်တွေနဲ့ စကားပြောရင် ကျုပ်တို့ဘာသာ ရှင်းလို့ ပြောပေးနိုင်မလား ”
“အဲ့ အဲ့တာတော့ ”
“တကယ်ဆို အပင်တွေက တန်လှ တဆယ်ပေါ့ အဲ့တာကို ဆယ်ဆ တရာတောင်းတာ‌ ရွာလူကြီးက ပြီး ပြီးရော လက်ခံခိုင်းတာ ကျုပ်ဖြင့် မယုံနိုင်ဘူး ”
ဦးဖိုးဝေ၏ စကားကြောင့် ရွာလူကြီးဦးမွန်လူး မျက်စိမျက်နှာ ပျက်သွားပြီး စိတ်တိုသည့် အမူအယာပြောင်းသွားတော့သည်။ပြုံးချိုသည် ရွာလူကြီးအား မကြည့်ဝံ့တော့ပဲ အားနာနေလေသည်။ရွာလူကြီးသည် ဦးဖိုးဝေကို စေ့စေ့ကြည့်ကာ
“ခင်ဗျား ဒေါ်ဝမ်မေအကြောင်း ဘယ်လောက်သိလဲ။အမှန်အ တိုင်းပြောရရင် မတရားတာ ကျုပ်သိတယ် ဒါပေမဲ့ ဒေါ်ဝမ်မေ တို့ နဲ့ ကျုပ် အတိုက်အခံ မလုပ်ရဲဘူး ”
“ခင်ဗျားက ဘာတွေ ကြောက်နေတာလဲ ”
” ‌အဲ့ဒီ အဒေါ် ကြီး ”
ရွာလူကြီး၏ စကားမဆုံးခင်မှာပင် အိမ်ဝိုင်းထဲသို့ နွားနှစ်ကောင်အား တယောက်တကောင် ဆွဲလာသော ကျင်စူး နှင့် ဟုတ်စိန်တို့ကို တွေ့လိုက်ရ၍ ရွာလူကြီးမှ စကားလှမ်းဆို လိုက်လေသည် ။
“ဟေ့ကောင်တွေ မင်းတို့အခင်း အစားခံရပြန်ပြီလား ”
“ဟုတ်တယ် ဒီတခါ တော်တော်များတယ် အခင်းဆယ်ခင်းကို မျှစားသွားတာ ”
“ဘယ်သူ့ နွားတွေလဲ ”
ရွာလူကြီးမှ မေးလိုက်သည်ကို ကျင်စူးတို့ မဖြေပဲ ငြိမ်နေလေသည်။ထိုအခါ ရွာလူကြီး၏ အရှေ့တွင် ထိုင်နေသော ပြုံးချိုမှ
“ဘယ်သူ့နွားရှိရမှာလည်း ကျုပ်နွားတွေပဲပေါ့ဗျာ ”
“ဟုတ်တယ် ကိုပြုံးချိုရဲ့နွားတွေပဲ။ကျုပ်တို့ နွားတွေကို ရွာ လူကြီးအိမ်မှာ ချည်ခဲ့မယ်။ပိုင်ရှင်တွေကို ခေါ်ပြီး စားတဲ့အပင် အရေအတွက်ပါ တခါတည်းတွက်ခိုင်းလိုက်မယ် ”
ရွာလူကြီး မည်သည့်စကားမှ ပြန်မပြောနိုင်ခင် ကျင်စူး နှင့် ဟုတ်စိန်သည် နွားများကို ရွာလူကြီး၏ အိမ်တိုင်တွင် ချည်ခဲ့ ကာ အိမ်ဝိုင်းအပြင်သို့ ထွက်သွားလေသည်။ရွာလူကြီးသည် လည်း ထွက်ခွါသွားသော ကျင်စူးတို့၏ ကျောပြင်ကို ကြည့်ကာ သက်ပျင်းချလိုက်မိပါတော့သည် ။

*အခန်း (၅)

ပြုံးချိုတယောက် ရွာလူကြီး၏ အိမ်အောက်ခုံတန်းလျားတွင် ထိုင်ကာ ချွေးများပြန်လျက်ရှိ၏။သူ၏နွားနှစ်ကောင် စားလိုက်သော ကြံခင်းပိုင်ရှင်များမှာ ဆယ်ဦးရှိပြီး ထိုသူများသည် သူတို့ ၏ အခင်းထဲမှ အစားခံရသောကြံပင်များကို ရေတွက်ပြီး၍ ကျသင့်သည့်ငွေများအား ပြောနေခြင်းကြောင့် ဖြစ်သည်။
“ကျုပ်အခင်းထဲက ပျမ်းမျှ တဘောင်စာလောက် စားပစ်တာ အပင်သုံးဆယ်ပဲ ထားပေးလိုက်မယ် အပင်သုံးဆယ်ဆိုတော့ ငွေ သုံးထောင်ကျတယ် ”
“ငါ့အခင်းထဲလည်း နှစ်ဆယ်ဆိုတော့ နှစ်ထောင် ”
“ငါ့အခင်းထဲက လေးဆယ် ”
ငါတို့ အားလုံး စုစုပေါင်းတွက်လိုက်တာ အကုန်လုံးဆို သုံးရာ လောက်ရှိမယ် ‌ငွေသုံးသောင်းကျတယ် ”
ပြုံးချိုသည် မည်သည့်စကားမှမပြောနိုင်ပဲ ငေးငိုင်လို့နေလေသည်။ရွာလူကြီးမှာလည်း ကြားထဲကနေ၍ မည်သို့ပြောရမည်မှန်းမသိအောင် ဖြစ်နေပုံရ၏။မကြာသောအချိန်တွင် တောင် ဝှေးတချောင်းနှင့် အမေကြီးဝမ်မေ ရောက်လာကာ ဦးဖိုးဝေတို့နှင့် မျက်နှာချင်းဆိုင် တန်းလျားတွင် ထိုင်လိုက်ပြီး
“ဒီက နွားပိုင်ရှင် မင်းရဲ့နွားကို သေချာဂရုစိုက်စေချင်တယ် တောက်လျှောက်ကြီး ငါတို့ အခင်းတွေ လာစားနေတာကတော့ ကြာရင် အဆင်မပြေဘူး ”
“ခင်ဗျားက အဆင်မပြေတာပဲ ရှိတယ် ဒီက မောင်ပြုံးချိုက မွဲတော့မယ် ဘယ့်နှယ်ဗျာ ကြံတတန်ကိုမှ ငါးထောင်ပဲ ရှိတာ ကြံက တတန်မပြည့်တဲ့ အနေအထား၊နွားစားတာကို ငွေသုံးသောင်းနဲ့ ခင်ဗျားတို့ အဲ့နွားတရှဉ်းပဲယူထားတော့ ”
“ကြားက ဝင်နာနေတာ နင်က ဘာကောင်လဲ ပြောစမ်း ”
‌‌ဒေါ်ဝမ်မေသည် သူ၏တောင်မွေးဖြင့် မြေပြင်ကို ဆောင့်ချ လိုက်ကာ ဦးဖိုးဝေအား ကြည့်၍ စကားဆိုလိုက်ခြင်း ဖြစ်သည် ။ထိုအခါ ဦးဖိုးဝေသည် သူ၏ ရှေ့စားပွဲကို လက်သီးဆုပ် နှင့် ထုကာ
“ဘယ်သူတွေ မတရားလုပ်နေတာလဲဆိုတာ ငါသိတယ် တကြိမ်လည်း မဟုတ်၊နှစ်ကြိမ်လည်း မဟုတ်ဘူး နွားပေးတော့ လည်း နွားမယူဘူး။မင်းတို့က အတော်ကို ယုတ်မာတဲ့ လူတွေပဲ”
“ဟဲ့အကောင် နင်က ငါတို့ ရွာကိုလာပြီး ငါတို့ကို စော်ကားနေတာလား ”
“ငါ တခုပြောမယ် မင်းတို့ရဲ့လုပ်ရပ်ကို ဒီမှာတင်ရပ်ပြီး ပြုံးချိုကို တောင်းပန်မလား ဒါမှမဟုတ် ငါ အပြစ်ပေးရမလား ”
ပွဲက ကြမ်းလာပြီ ဖြစ်၏။ဦးဖိုးဝေသည် ဒေါ်ဝမ်မေ၏ မျက် နှာကို ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သော်လည်း သူ၏ နောက် မှ ကြံခင်းပိုင်ရှင်များ နှင့် အပေါင်းအပါများမှာ ဒေါသချောင်း ချောင်းထွက်ကာ ရိုက်ပုတ်ဖို့ရာအတွက် ရွာလူကြီး၏ အိမ်ရှေ့ရှိ ထင်းပုံမှ ထင်းချောင်းများကို ဆွဲလိုက်ကြလေသည်၊၊ထိုအခါ ရွာလူကြီးသည်
“ဟေ့ ရပ်စမ်း မင်းတို့ကောင်တွေက ဘယ်လိုကောင်တွေလဲ ငါက ဒီရွာက ရွာလူကြီးပဲ၊မင်းတို့တတွေ အတော်ကို လူပါးဝ လွန်းတယ် နောက်ပြီးတော့ ဒေါ်ဝမ်မေ ခင်ဗျားက ကျုပ်တို့ ရွာ ကျုပ်တို့မျိုးနွယ်တွေ မျက်နှာပျက်အောင် လုပ်နေတာပဲ ”
ရွာလူကြီး၏ ဒေါကြီးမောကြီး ပြောစကားကြောင့် ဒေါ်ဝမ်မေ အံ့ဩသည့် မျက်နှာဖြင့် ကြည့်ကာ
“မွန်လူး နင်ဘယ်ကသတ္တိတွေရလာတာလဲ နင် အခုပြောနေတဲ့ ဝမ်မေဆိုတဲ့ ငါက ဘာကောင်မလည်းဆိုတာ နင်မမေ့နဲ့နော် ”
“သိတယ် ခင်ဗျားကို ကြောက်ပြီး မတရားလုပ်တာတွေကို ထိုင်ကြည့်နေရတာ အခုတော့ ခင်ဗျားတို့က လိုတာထက်ပိုသွားပြီ။ဘယ်ရွာမှာပဲဖြစ်ဖြစ် မတော်လို့ အခင်းတွေ နွားစားမိရင်နည်းနည်းလေးဆို ခွင့်လွှတ်ကြတယ်။တော်ရုံတန်ရုံဆို မြေဩဇာဖိုးလောက်ပဲ ယူကြတာ ခင်ဗျားတို့က အတော်ကို လွန်လာပြီ တဖက်သားကိုလည်း ပြန်ကြည့်ဦး ကြံတချောင်းကို တဆယ် တောင်းရင်တောင် လွန်နေတဲ့ကိစ္စကို တရာတောင်းတယ် ဒါတွေကို ခင်ဗျားက တရားတယ် ထင်နေတာလား ‌ခင်ဗျားတို့လို လောဘသားတွေကြောင့် ကျုပ်တို့ ယွမ်းအိုင်ရွာက နာမည်ပျက် လာတာ ”
ရွာလူကြီးဦးမွန်လူးမှာ ဒေါသကြောင့် မျက်နှာများပင် နီနေ သည်။မည်မျှဒေါသသံနှင့် စကားပြောနေပါမူ ဒေါ်ဝမ်မေနှင့် သူ၏ အပေါင်းအပါများသည် ဂရုမစိုက်ပေ။ထို့နောက် ဦးဖိုးဝေသည် စားပွဲခုံကို လက်သီးဆုပ် နှင့် ထုလိုက်ရာ အသံ အတော် ကျယ်လောင်စွာ ထွက်သွားပြီး စားပွဲခုံပေါ်မှ ရေနွေးကြမ်းအိုး နှင့် ရေနွေးပန်းကန်တို့ မှောက်ကျကုန်သလို ဒေါင်းမီးဆေးလိပ်ပြာခွက်မှာလည်း မှောက်လို့ သွားလေသည်။ဦးဖိုးဝေသည် အသံခပ်မာမာဖြင့်
“မင်းတို့က ငါ့စကားကို နားမထောင်ပဲ ငါ့တို့ကိုပါ ရန်ပြူမလို့ပေါ့လေ ကဲ သူများ မသထာရေစာ စားထားတဲ့ သူမှန်သမျှ သွေးပွက်ပွက် အန်စေ ”
ဦးဖိုးဝေ၏ စတင် ကျိန်စာတိုက်လိုက်ချိန်တွေ လူအားလုံး တိတ်ဆိတ် သွားကြ၏။သို့ပေမဲ့ မည်သူမှ ဘာမှ မဖြစ်သေးပေ။ ထိုအခါ ကျင်စူး စတင်ရယ်မောလိုက်သည် ။
“ဟားးး ဟားး အဟွတ် အဟွတ်”
ရယ်မောနေရင်းမှ ချောင်းဆိုးကာ ပါးစပ်ထဲမှ သွေးများ စတင် အန်လာလေသည်။ထိုအခါမှ ကျန်သူများလည်း ထိတ်ထိတ်ပြာပြာဖြစ်သွားရင်း ချောင်းများဆိုးကာ သွေးများ အန်လာကြလေသည်။ဦး‌ဖိုးဝေသည် သူ၏ ရှေ့တွင်ရှိနေသော ဒေါ်ဝမ်မေအား စူးစိုက်ကြည့်ကာ
“နင့်ရဲ့ အစီအရင်တွေ ဖျက်ရတာ မခက်ပါဘူး ငါပြောလိုက်မယ် ကြံပင်တပင်ကို တဆယ်နှုန်းနဲ့ယူပြီး အရင်က ယူခဲ့တဲ့ ငွေတွေ အကုန်ပြန်လာအပ် မအပ်ရင် နင်တို့ ထိုက်နဲ့ နင်တို့ကံပဲ အခု သွားတော့ ”
ဒေါ်ဝမ်မေသည် ဦးဖိုးဝေ၏ စကားကို မည်သို့မှ ခွန်းတုန့် မပြန်ပဲ ရွာလူကြီး၏အိမ်ဝိုင်း အပြင်သို့သာ ထွက်သွားလေသည်။ ရွာလူကြီး၏ အိမ်နှင့် အတော်လှမ်းသော နေရာအရောက် သူမသည် ခေါင်းကို အောက်ငုံ့ကာ သွေးများကို အန်ထုတ်လို့နေပါတော့သည် ။

*အခန်း (၆)

ယွမ်းအိုင်ရွာလူကြီးသည် ဦးဖိုးဝေကိုကြည့်ကာ အတော်ပင် အံ့ဩလျက် ရှိနေသည်။ဦးဖိုးဝေနှင့် သူရိယသည် ရေနွေးကြမ်း အသောက်မပျက် စကားတပြောပြော နှင့် သာဖြစ်၏။နွားစား သည်ကို အလျော်တောင်းသောသူများသည် အိမ်သို့ အကုန်ပြန် သွားကာ မတရားယူထားမိသော ငွေများကို ပြန်သွားယူနေကြလေသည်။ရွာလူကြီး ဦးမွန်လူးမှာ သူသိချင်သည်များကို မထိန်းနိုင် ဖြစ်ကာ မေးလေ၏။
“ဒီက ဆရာကြီးရဲ့ပညာကို ကျုပ် အတော်လေးစားပါတယ် ဒါနဲ့ ကျုပ်ရွာသားတွေ ဘာတွေလုပ်ထားလို့ ဒီလိုဖြစ်တာလဲ ဆိုတာ ပြောပြလို့ ရမလားဗျ ”
“အင်း ကျုပ်ပြောရမှာတော့ အားနာတယ်။ ဒေါ်ဝမ်မေက ဒီက မောင်ပြုံးချိုရဲ့ နွားတွေကို အစီအရင်လုပ်ပြီး ခေါ်နေတာ ပြီးတော့ သူတို့ ကြံခင်းတွေကို စားခိုင်းတယ် နောက် မတန်တဆ လျော်ကြေးတောင်းတယ်ပေါ့လေ ”
“ဒေါ်ဝမ်မေ ပညာသည်ဆိုတာတော့ကျုပ်သိတယ် အပေါင်းအပါတွေ ဒီလောက်များမယ်ဆိုတာ ကျုပ်မသိဘူး သူကျတော့ ဘာသွေးမှ မအန်ဘူးနော် ဆရာကြီး ”
ရွာလူကြီး စကားကို ဦးဖိုးဝေပြန်ဖြေခြင်း မပြုပဲ ပြုံးလိုက်မိသည်။သူ၏ကျိန်စာသည် အသက်သေဆုံးသည်အထိတော့ မဖြစ်ပေ။သို့ပေမဲ့ ‌သွေးအန်ခြင်းက တော်ရုံတန်ရုံအစွမ်းရှိ‌သူပင် ရပ် တန့်အောင် စွမ်းနိုင်မည် မဟုတ်ပေ။ဒေါ်ဝမ်မေ၏ပုံစံ ကြည့်ရသည်မှာ အသက်သာ အသေခံမည်။မာန အထိမခံသည့် လူ စားမျိုးဖြစ်၍ ငွေပြန်ပေးမည့် ပုံတော့မပေါ်ပေ။မကြာသောအချိန်တွင်တော့ ပါးစပ်တွင် သွေးသံရဲရဲနှင့် ကျင်စူးတို့ လူတစု ရောက်လာလေ၏။ထို့နောက် လက်ထဲမှ ငွေများကို ဦးဖိုးဝေတို့အား ပေးလိုက်ကာ
“ကျုပ် ကျုပ်တို့ ကိုပြုံးချိုဆီက အလျော်စားထားတဲ့ ငွေတွေပါ ”
“အေး နောက်တခါ မဟုတ်တာ ဘာမှမလုပ်နဲ့ ဒီမြေဒီရေမှာ မင်းတို့ သမာအာဇီဝ နဲ့ လုပ်စားလည်း မငတ်ပါဘူးကွာ ”
“ကျုပ်တို့ နားလည်ပါပြီ နောက်တခါ မလုပ်ဝံ့တော့ပါဘူး ”
“ကဲ မင်းတို့ တယောက်တဆယ် အလျော် နှုတ်ပြီးပြီလား ”
” မ မနှုတ်ရသေးပါဘူး ယူလည်း မယူတော့ပါဘူး”
သဘောကောင်းသော ပြုံးချိုသည် သူ့အား လျော်ကြေးတောင်းသော ရွာသားများအား ယခုပုံစံ နှင့် ပြန်မြင်ရသော အခါ စိတ်မကောင်း ဖြစ်နေဟန်ရှိ၏။ထို့နောက် ဦးဖိုးဝေအား
“ဆရာကြီး ကျနော် သူတို့ဆီက ငွေတွေ မယူတော့ပါဘူးဗျာ လှုတယ်လို့ သဘောထားလိုက်ပါ့မယ် နောက်တခါ မလုပ်တော့ ရင် ပြီးတာပါပဲ ”
“ဟာ မဟုတ်တာ ကိုပြုံးချိုရယ် ကျုပ်တို့ တောင်းပန်ပါတယ် နောက်တခါလည်း မလုပ်ပါဘူး အခုတော့ ဒီငွေလေးကို လက်ခံပါဗျာ ”
ကျင်စူး ထိုသို့ ပြောလိုက်သောအခါ အလျော်စားထားသော ကြံပိုင်ရှင်များသည်လည်း ငွေကို ပေးပြီးနောက် သူတို့ကို ခွင့် လွတ်ဖို့ရာ တောင်းပန်ကြလေသည်။ထိုအခါ ပြုံးချိုသည်
“အေးဗျာ ဒီလိုလုပ် ကျုပ် နွားစားတဲ့အတွက် တပင်ကို နှစ်ဆယ်တော့ အလျော်ယူလိုက်ဗျာ ကျန်တာတွေကို ကျုပ်ပြန်ယူမယ် ”
ဤသို့ဖြင့် ပြုံးချို၏ပြောသော စကားကို ကျင်စူးတို့ လူစု လက်ခံလိုက်ကာ ပြန်ပေးသောငွေများထဲမှ အလျော်ငွေကို ယူကာ ဦးဖိုးဝေ နှင့် ပြုံးချို တို့ကို နှုတ်ဆက်ပြီး ပြန်သွားကြလေသည်။အ‌တော်ကြာသည်အထိ ဦးဖိုးဝေသည် သူထင်ထားသလို ဒေါ်ဝမ်မေမှာ ပေါ်မလာသဖြင့် ရေနွေးကြမ်းသောက်ရင်းမှ ပြုံးလိုက်ပါတော့သည်။

*အခန်း (၇)

‌တောလမ်းလေးအတိုင်း အမယ်အိုကြီးတယောက် လမ်း လျှောက်လို့နေသည်။ထိုအမယ်အိုသည် တောင်ဝှေးကို ထောက်ပြီး သွားနေကာ မကြာခဏ နားပြီး ပါးစပ်ထဲမှလည်း သွေးများကို လမ်းပေါ်သို့ အန်နေသည်။သူမကို ကြည့်ရသည်မှာ အတော် ကို အားအင်ကုန်ခန်းနေသည့်ပုံ ပေါ်နေသည်။သို့ပေမဲ့ သူမ၏ မျက်လုံးတို့သည် စူးရှပြီး အရောင်တောက်လျက်ရှိ၏။ထိုအမယ်အိုမှာ တခြားသူ မဟုတ်ပေ။ ယွမ်းအိုင်ရွာမှ ဒေါ်ဝမ်မေ သာဖြစ်သည်။
ဒေါ်ဝမ်မေသည် သူမ၏ အစီအရင်များကို အလွယ်တကူသိပြီး သူမတို့ တဖွဲ့လုံးအား ကျိန်စာတိုက်သည့် ဦးဖိုးဝေ ဆိုသည့် လူစိမ်းအား အတော်အံ့ဩနေမိသည်။တခြားသူများသည် နွားပိုင်ရှင် ပြုံးချို နှင့် ဦးဖိုးဝေ ဆိုသူအား အလျော်စားထားသော ငွေများကို ပြန်အပ်ပြီး တောင်းပန်ကြသော်လည်း ဒေါ်ဝမ်မေမှာ တယောက်တည်း တောင်ညီနောင်ဆီသို့ ထွက်လာခဲ့ခြင်းဖြစ်၏ ။ယခု သူမသည် တောင်ညီနောင်ရှိ ပေါက်ရောက်နေသော သစ် ပင်များအား ရှင်းလင်းစွာ မြင်နိုင်သည့် နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ထိုတောင်ညီနောင် အနားသို့ ရောက်လာလေလေ သူမ၏ ပင်ပန်းမှု့ နှင့် သွေးအန်ခြင်း တို့က ပိုတိုးလို့လာလေ ဖြစ် ၏။ထို့နောက် တောင်ပေါ် တက်သည့် လမ်းနားအရောက်တွင် သူမ၏ ဦးခေါင်းတခုလုံး ခြာခြာလည်ကာ မူဝေလာပြီး မျက် လုံးတခုလုံး ပြာဝေကာ လောကကြီးနှင့်ပါ အဆက်အသွယ် ပြတ်သွားပါတော့သည် ။
“ဟဲ့ ဝမ်မေ ဝမ်မေ ထစမ်း ”
“ရှင် မယ်တော် မယ်တော် ကျမကိုကယ်ပါဦး ”


“အေး နင်တို့ မိုက်ပြစ် နင်တို့ခံရပြီ မဟုတ်လား ”
“ဟုတ်ပါတယ် မယ်တော် သမီးတော်တို့ မိုက်ခဲ့ပါတယ် ”
“ဒါပေမဲ့ ဒီကောင် အထက်လမ်း ဆရာဖြစ်ပြီး ဒီလောက် ရက်ရက်စက်စက် အပြစ်ပေးဖို့ မသင့်ဘူး ”
ဒေါ်ဝမ်မေသည် လှဲနေရာမှ ထလိုက်သည်။သူမ ပတ်ဝန်း ကျင်အား ကြည့်လိုက်သောအခါ အခန်းကျယ်ကြီးတခုထဲတွင် ကျွန်းပရိဘောဂအသုံးအဆောင်များအစုံအလင်ရှိကာ အနီရောင်ခန်းဆီးများ၊အနီရောင် အိပ်ယာခင်း၊အနီရောင်စောင်တို့ နှင့် အတော်ကို ခမ်းနားသော အိပ်ခန်းကြီးထဲ ရောက်နေခြင်းဖြစ်သည်။ဒေါ်ဝမ်မေ တွေးလိုက်မိသည်က တောင်ညီနောင်ကဲ့ သို့ တောနက်ကြီးထဲတွင် ယခုလို ခမ်းနားလွန်းပြီး အိပ်ခန်းပါသည့် အိမ် အဘယ်ကြောင့်ရှိနေပါသနည်းဟု ဖြစ်၏ ။သူမ အတွေးပေါင်းစုံ နှင့် အိပ်ခန်းကို ကြည့်ကာ ငေးနေစဉ်
“ဝမ်မေ နင်က ငါ့ကို လေးစားပြီး ငါလိုတာ အမြဲဖြည့်ဆည်းပေးလို့ နင် မိနေတဲ့ အထက်လမ်းဆရာရဲ့ ကျိန်စာကို ဖယ်ပေးထားတယ် နင့်ကို ဒီလောက် ထိခိုက်အောင် လုပ်တဲ့ အထက် လမ်းဆရာကို ငါမကျေနပ်ဘူး အဲ့ဒီတော့ ဝမ်မေ ”
“ရှင် မယ်တော်”
” ညည်းပြန်တော့ ”
“ရှင် ”
“အေး နင်ပြန်ပြီးရင် နင့်ကို ဒုက္ခပေးတဲ့ အထက်လမ်းဆရာကို ငါ့ရဲ့ တောင်ညီနောင်ဆီကို ခေါ်ခဲ့ပေတော့ ဝမ်မေ ”
ငယ်ရွယ်နုပျိုပြီးလှပလွန်းသော အနီရောင်ဝတ်စုံဝတ်ထားသည့် မိန်းကလေးသည် ဇရာထောင်းနေပြီ ဖြစ်သော ဒေါ်ဝမ်မေ ၏အနားကို ကပ်ကာ သူမ၏လက်ဝါးဖြင့် ဒေါ်ဝမ်မေ၏ မြင် ကွင်းအား ပိတ်လိုက်လေသည်။မျက်လုံးအား လက်ဝါးနှင့် ပိတ် လိုက်သောကြောင့် မှောင်မဲသွား၍ မျက်လုံးအား မှိတ်ထား လိုက်မိသည်။ထို့နောက် ဒေါ်ဝမ်မေ မျက်လုံးကို ပြန်ဖွင့်ချိန်တွင်နေဝင်လုလုအနီရောင်သမ်းနေသော ကောင်းကင်ကြီးကို သာတွေ့ ရလေ၏။ခမ်းနားလွန်းလှသော အိပ်ခန်းကြီး နှင့် အိပ်ယာတို့ရှိမနေတော့ပဲ ငှက်ခါးအော်သံများ၊အိပ်တန်းဝင်တော့မည့် ငှက်အော်သံများ နှင့် တောကြက်တွန်သံတို့ကိုသာ ကြားနေရ သည့် တောင်ညီနောင်၏ တောင်ခြေတွင်သာ ဖြစ်ပါလေတော့ သည် ။

မကြာမီ ဦးဖိုးဝေ နှင့် တောင်ညီနောင် မယ်တော် အမည်ရ ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။

ပြီးပါပြီ။
မောင်တင်ဆန်း

Leave a Comment