ဦးဖိုးဝေ နှင့် အိမ်ပျောက်သူများ

” ဦးဖိုးဝေ နှင့် အိမ်ပျောက်သူများ ”
ရေးသားသူ— မောင်တင်ဆန်း
+++++++++++
*အခန်း (၁)

ဦးဖိုးဝေ နှင့် သူရိယသည် ပွေးကိုင်းရွာမှ ထွက်လာကြသည် ။သူတို့ သွားနေသည့်နေရာမှာ မီးကွင်းရွာဖြစ်ပြီး ကျတ်လယ် တွင် မကျွတ်မလွတ်ဘဲရှိနေသေးသော ပရလောကသားများ၏ အကျိုးကို ရှေ့ရှု၍ သွားနေခြင်းဖြစ်၏။လမ်းခရီး တလျှောက် လှည်းလမ်းသည် မြက်ပင်များ ဖုံးနေပြီး လူသွားလမ်း သာလျှင် မြက်များရှင်းနေသည် ကိုတွေ့ရသည် ။ သူရိယသည် ဦးဖိုးဝေ၏ နောက်မှ လျှောက်နေရင်း စကားဆိုလိုက်လေ၏ ။
“အဘ ကျနော်တို့ မီးကွင်းရွာရောက်ရင် ဘယ်ကို အရင်သွားမှာလဲ ”
“ဦးဝင်းမောင် ဆိုသူရဲ့ အိမ်ကို သွားရမှာပေါ့ ”
“ဟုတ်အဘ ကျနော်လည်း ကျတ်လယ်ထဲက ပရလောက သားတွေ အကြောင်း သိချင်နေတာ ”
“သိရမှာပေါ့လူလေး ရယ် ”
ဦးဖိုးဝေ နှင့် သူရိယတို့သည် စကားတပြောပြော နှင့် ခရီးဆက်လာရာ မကြာမီ ‌မီးကွင်းရွာ အဝင်သို့ ရောက်လာလေသည် ။မီးကွင်းရွာသည် သာမာန်ရွာလေး တရွာမျှသာ ဖြစ်သည်။လမ်းဆက်လျှောက်လာသောအခါ ဦးဖိုးဝေသည် ရွာထဲမှ မောင်းထွက်လာသော လှည်းတစီး သူတို့ အနားရောက်လာသည်နှင့် ကြုံ၍ လှည်းမောင်းသမားအား ဦးဖိုးဝေ မှ အမေးစကားဆိုလိုက်လေသည် ။
“တူမောင်ကြီး တခုလောက် မေးလို့ ရမလား ကွဲ့ ”
“မေးနိုင်ပါတယ် ဦးကြီး ကျုပ်သိတာဆို ဖြေပါ့မယ် ”
“ဒီ ရွာထဲမှာ ဦးဝင်းမောင်ဆိုတာ ရှိလား ”
“အရှည်ကြီး ဝင်းမောင်လား ဝက် ဝင်းမောင်လား ”
“ဘယ်လိုပြောရမလဲ ပွေးကိုင်းရွာဘက်မှာ လယ်ရှိတဲ့ ဝင်းမောင်ကို ပြောဝာာပါ ”
“အော် အဲ့ဦးဝင်းမောင်ကို ပြောတာလား ”
“ဟုတ်တယ် ငါ့တူကြီး ”
“သူတို့ အိမ်ကတော့ ရှိတယ် လူတွေတော့ မရှိတော့ဘူး ”
“ဆွေမျိုးနီးစပ် တော်တာလေးရော မရှိဘူးလား ”
“အင်း သူညီမ တော့ရှိတယ် ”
“ဟုတ်လား အဲ့တာဆို လမ်းညွှန်ပါဦး တူမောင် ”
“နာမည်က ကိုထွန်းသာ နဲ့ ဒေါ်ကြွေ တဲ့ သူတို့အိမ်ဆို သိပါတယ် ဒီလမ်း အတိုင်းသာ သွားပေတော့ ဦးကြီး ”
“ကျေးဇူးပါတူမောင်ကြီးရယ် ဦးကြီးတို့ သွားလိုက်ပါဦးမယ်”
ဦးဖိုးဝေသည် လှည်းသမားအား နှုတ်ဆက်ကာ ရွာလယ်လမ်းအတိုင်း ဆက်သွားလိုက်လေသည် ။ လမ်းတွင်တွေ့သူများကို ဦးထွန်းသာ ဒေါ်ကြွေတို့၏ အိမ်အား မေးမြန်းသွားရာ မကြာမီ အခက်အခဲမရှိ ထိုအိမ်သို့ရောက်ရှိသွားပြီ ဖြစ်ပါ‌သည် ။

*အခန်း (၂)

ဦးဖိုးဝေ တို့ ဦးထွန်းသာ၏ အိမ်ရောက်သောအခါ အိမ်ရှင် ဖြစ်သော ဦးထွန်းသာ နှင့် ဒေါ်ကြွေတို့ မှာ ကောင်းမွန်စွာ ဧည့်ဝတ်ပြုပြီး ရေနွေးကြမ်း နှင့် ဧည့်ခံလေသည်၊၊ ထို့နောက် ကိုထွန်းသာ သည်
“ဒီက ဦးလေးက ဘာကိစ္စများရှိလို့ ကျုပ်အိမ်ကို လာရတာပါလဲ”
“သိချင်တာလေးတွေ ရှိလို့ပါ ကျုပ်က အထက်လမ်း ဆရာဆိုပါတော့”
“ဟုတ်ကဲ့ ဘာများ သိချင်လို့ပါလဲ ခင်ဗျ ”
“ကျုပ်တို့က ပွေးကိုင်းရွာက လာတာပါ ဦးဝင်းမောင် နဲ့ အမျိုးတော်တယ် မဟုတ်လား ”
ဦးဖိုးဝေမှာ ဦးဝင်းမောင် နှင့် အမျိုးတော်စပ်သည်လားဟု မေးရာ ဒေါ်ကြွေသည် ခေါင်းကိုညိတ်ပြလေ၏။သူမ၏ အမူအရာ မှာ စိတ်မကောင်းသော အရိပ်အယောင်များ ခြံလွှမ်းစ ပြုနေပြီ ဖြစ်၏ ။ ဦးဖိုးဝေ၏ အမေးစကားကို မဖြေမီ ကိုထွန်းသာသည် သူ၏ ဇနီးသည်ဖြစ်သူ ၏ လက်ကို ကြင်နာ နွေးထွေးစွာ ကိုင်လိုက်ပြီး
“အင်း ကျုပ် ဇနီး ရဲ့ အကိုပါ ဘာကိစ္စများ ရှိလို့ပါလဲဗျ ”
“ကျုပ်အမှန်တိုင်းပြောရင် ဒီက မိတ်ဆွေ လက်ခံနိုင်ပါ့မလား”
“ကျုပ်က မျှမျှ တတ တွေးတောနိုင်ပါတယ် ပြောကြည့်ပါ ”
“ပြောရရင်တော့ ပွေးကိုင်းရွာဘက်က လယ်ထဲမှာ ဦးဝင်းမောင်တို့က မကျွတ်မလွတ်ဖြစ်နေပါတယ်”
“ဗျာ ဟုတ်ရော ဟုတ်ပါ့မလား သူတို့ ဆုံးတာ အတော်ကို ကြာခဲ့ပါပြီ ”
“ကျုပ်က အမှန်တိုင်းပြောတာပါ ဒီမှာ သူရဲ့ သားမရှိဘူးလား လယ်တွေရောင်းတဲ့ တယောက်လေ”
ဦးဖိုးဝေ မှ ထိုသို့ ပြောလိုက်သောအခါ မကြွေသည် စိတ်လှုပ်ရှားသွားဟန်ဖြင့် စကားဆိုလာ၏ ။
“မိုးဟိန်း အကြောင်းတော့ ‌မပြောချင်ပါဘူးရှင် အခု အဲ့ ကောင်လေး ဘယ်တွေ ရောက်နေမှန်းလည်း မသိပါဘူး။ကျမတို့ တားတဲ့ ကြားက ပွေးကိုင်းရွာက လယ်တွေကို ရောင်းပစ်လိုက်တာ ပြီးတော့ လူစိမ်းတယောက်ကို အိမ်ခေါ် ပြီး ဘာတွေ လုပ်တယ်မှန်းမသိပါဘူး။တကယ်ဆို ပွေးကိုင်းက လယ်တွေကို ကျမ အကိုကြီးက ဘယ်တော့မှ မရောင်းဘူးလို့ ကျမ ကိုပြောဘူးတယ် ”
“အင်း အခုက တော်တော် စိတ်မကောင်းစရာပါ ပွေးကိုင်းရွာ က သူ့ လယ်မှာ မကျွတ်မလွတ် ဖြစ်နေတယ် သူတယောက်တည်း မဟုတ်ဘူး သူအပါအဝင် ငါးယောက် ”
“ရှင် ငါးယောက်ဟုတ်လား သူတို့တွေက ဦးဝင်းမောင် ပြီးတော့ သူရဲ့သား ငွေသိန်း နောက်ထပ် စိုးညွန့် ပြီးတော့ ရွှေကြ ည် နဲ့ ငွေကြည် မဟုတ်လား ”
ဒေါ်ကြွေမှ ထိုသို့ ပြောလိုက်သောအခါ တချိန်လုံး ငြိမ်နေသော သူရိယ မှ
“ဟုတ်တယ် အဒေါ် ။အဒေါ်ပြောတဲ့ နာမည်တွေပဲ အဲ့ဒီထဲက စိုးညွှန့်က တူလို့ပြောတယ် ”
“ဟုတ်တာပေါ့ကွယ် စိုးညွန့် ဆိုတာ အဒေါ့် ရဲ့ သားလေးပါ နှစ်တွေသာ ကြာသွားတာပါ အခုထိ အဒေါ့် ရဲ့ သားလေးကို မေ့ဖျောက်လို့ မရပါဘူး ”
ဒေါ်ကြွေ မှ စိတ်မကောင်းဖြစ်စွာဖြင့် သူရိယအား စကားဆို လေသည်။ထို့နောက် ဦးဖိုးဝေသည် ဒေါ်ကြွေအား နှစ်သိမ့်ပေးပြီးနောက်
“ဖြစ်နိုင်ရင် ကျုပ်ကို သူတို့ အကြောင်း သိသလောက်ပြောပြပါလား ”
“အင်း ဧည့်သည်ကြီးက သိချင်တယ်ဆိုတော့ လည်းပြောရတာပေါ့ ကျမ ရဲ့ အကိုကြီးက တကယ်ကို လူရိုးလူအေးကြီး ပါ ပွေးကိုင်းရွာက သူ့လယ်တွေကို အတော်ကို သဘောကျတာ။ အဲ့လို နဲ့ တနေ့ကြတော့ ”
ဒေါ်ကြွေသည် လွန်ခဲ့သော နှစ်အနည်းငယ်က သူမ မေ့ဖျောက် ၍မရခဲ့သော နာကျင်ဖွယ်အတိတ်အကြောင်းအား ဦးဖိုးဝေထံ ပြောပြလေပါတော့သည် ။

*အခန်း (၃)

မီးကွင်းရွာ၏ အာရုံတက်အချိန်တွင် ဖြစ်သည်။ဒေါ်ကြွေ၏ တဦးတည်းသော သားဖြစ်သူ စိုးညွန့်သည် မိခင်အား မနက်ခင်း ချက်ပြုတ်နေသည်ကို ကူညီပေးနေလေသည် ။မိခင်ကြီးသည် ငရုတ်သီးအား ကျောက်ငရုတ်ဆုံဖြင့် ငရုသီး ထောင်းနေသော အသက် ၁၈ နှစ်အရွယ် သားဖြစ်သူအား ထမင်းအိုးငှဲ့ ရင်း စကားဆိုလိုက်သည် ။
“ငါ့သား နင်မလည်းဟယ် နင့်ဘကြီး လယ်ထဲ လိုက်သွားမှာ မဟုတ်လား ဟိုရောက်ရင် ပင်ပန်းဦးမှာ အေးအေးဆေးလေးလေး အိပ်နေပါလား ငါ့သားရယ် အမေ ထမင်း၊ဟင်း ကျက်ရင် နှိုးလိုက်မယ် ”
“မဟုတ်တာ အမေလည်း အစောကြီး ထရ ချက်ရပြုတ်ရ နဲ့ ကျနော့်ထက် ပင်ပန်းပါတယ် အမေ့လက်က ဟိုတလောက ခိုက်မိထားတာ သိပ်ပြီး သန်တာ မဟုတ်ဘူး ပြီးတော့ ဒီ ငရုတ်ဆုံ နဲ့ ငရုတ် ကျည်ပွေ့ကလည်း ကြည့်ဦး ကြီးမားလိုက်တဲ့ ဖြစ်ခြင်း ”
ဒေါ်ကြွေသည် သားဖြစ်သူ၏ ပြောစကား နှင့် ဟန်ပန်အား ရေနံ ဆီမီးခွက် အလင်းရောက်လေးအောက်တွင် ကြည့်ရင်း ပြုံးကာ သဘောကျနေလေသည်။ထို့နောက် သူမသည် သားဖြစ်သူ၏ စကားအား
“အမလေး ငါ့သားရယ် အဲ့ဒီငရုတ်ဆုံအကြောင်း မပြောပါနဲ့ အဲ့တာ နင့်အဖွား လက်ထက်ကတည်းက ငရုတ်ဆုံတော့။အမေက သူများတွေလို စဉ့်ငရုတ်ဆုံလေး ဝယ်ရအောင်ဆိုတာ နင့် အဖေက သူအထုခံရမှာ ဆိုးလို့ ထင်တယ် မလဲပေးဘူးတော”
“အဖေက အကြံကြီးတာပေါ့ ”
သားအမိနှစ်ယောက် ရယ်ကာ မောကာ နှင့် ပြောဆိုနေစဉ် ဦးထွန်းသာသည် သူတို့ ချက်ပြုတ်နေသော မီးဖိုချောင်အနီး ရောက်လာကာ
“ဒီသားအမိတွေ ဘာတွေများ ပြောနေကြတာလဲ မနက်စော စောစီးစီး ရယ်ကာ မောကာ နဲ့ ”
“ဘာပြောရမှာလဲ အဖေက အမေ့ကို ဒီကျောက်ငရုတ်ဆုံ အလေးကြီးကို ဘာလို့ သုံးခိုင်းနေတာလဲ စဉ့်ငရုတ်ဆုံဆို အမေက နိုင်နိုင်နင်းနင်းဆိုတော့ အပစ်ခံရမှာ ကြောက်လို့ မဟုတ်လား ”
“အေး ပြောမရဘူးဟာ မင်း အမေရဲ့ အမေ မင်းအဖွားဆို သူရဲ့ ယောက်ျားကို ငရုတ်ကျည်ပွေ့ နဲ့ ပစ်နေကြ ဆိုလား အဲ့တာကြောင့် ဗီဇပါလာမှာ စိုးလို့ဟေ့ ”
ဦးထွန်းသာ မှ ပြံးရယ်ပြီး နောက်ပြောင် ပြောလိုက်သောအခါ ထမင်းရည်ငှဲ့ ပြီးပြီ ဖြစ်၍ ထမင်းအိုးကို မျက်နှာ သစ်နေသော ဒေါ်ကြွေ မကျေမနပ်ကြည့်ကာ
“တော် ဦးထွန်းသာ ကျမက ရှင့်ကို ကိုယ်ထိလက်ရောက် ဘယ်နှစ်ခါများ ပြုမူဖူးလဲ ဆိုစမ်းပါဦး ”
“ဟာ မကြွေကလည်း ငါက သားကို စနေတာပါဟ ”
ထို့နောက် ဦးထွန်းသာသည် သူ၏ သားတော်မောင် စိုးညွန့်ကို ကြည့်ကာ
“ငါ့သား မင်းက ငါတို့ လယ်ထဲတော့ မလိုက်ပဲ မင်းဘကြီး လယ်ထဲကျတော့ ဘာလို့လိုက်တာလဲ ”
“ဘကြီး လယ်ထဲက ငါးရှဉ့်တွေရော ငါးတွေရော ပေါတယ်ဗျ ပြီးတော့ ကိုသိန်းဝေတို့ မောင်နှမကလည်း ကျနော့်ကို အတော် ချစ်တယ် အဖေရ သူတို့နဲ့ဆို ပျော်စရာကောင်းတယ်။အမတို့ ချက်လာတဲ့ ဟင်းတွေဆို တကယ်ကောင်းတာ တောထဲမှာ ထမင်း စားလို့က တကယ်ကို မြိန်တာ အဖေရ ”
“အော် ငါ့သားက ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ကို မင်း ဘကြီး လယ်ထဲကို လိုက်သွားတာပဲ ”
‘အလုပ်လည်း တကယ် လုပ်ပါတယ် အဘရာ အမ ရွှေကြည်တို့ဆို ပျိုးလည်း နုတ်တတ်တယ်ဗျ ကျနော်ဆို အံ့ဩနေတာ အမတို့နှစ်ယောက် ပျိုးနုတ်တာ ကျနော့်ထက်တောင် မြန်သေး ”
“မင်း အမတွေအကြောင်း ငါတို့လည်း သိပါတယ် အစားကရောမကြီးဘူးလား ငွေကြည်ဆို ထမင်းနှစ်လုံးချက် အသာလေးမဟုတ်လား ”
“အဖေ အဲ့တာကို သူ့တို့ရှေ့သွားပြောမရဘူးဗျို့ စိတ်အတော်ဆိုးတာ အမှန်တိုင်းပြောရရင် အမ ငွေကြည်က ကျနော်ရယ် ဘကြီးရယ် အကိုရယ် စားသလောက်ကုန်တာဗျ”
“ဟားး ဟုတ်လားဟ အဲ့တာကို မင်းအမေက သူ့တူမကို မင်း မမွေးခင်က မွေးစားမလို့ဆိုပဲ သူ့သာ မွေးစားမိလို့ကတော့ ငါတို့ ဝမ်းစာ စပါးတောင်ထားနိုင်မှာ မဟုတ်ဘူးဟေ့ ”
“ကိုထွန်းသာ ကျမတူမလေးကို အပြစ်ချည်း မပြောပါနဲ့။စားတာတော့ ဟုတ်ပါပြီ အလုပ်လုပ်တာလည်း ထည့်ပြောဦးလေ ရှင်နဲ့တောင် ဟိုက ပြိုင်လုပ်နိုင်သေး”
“ဟုတ်ပါပြီ မမျိုးချစ်ရယ် ”
ဤသို့ဖြင့် နံနက်အခင်းအလင်းရောင် ကောင်းစွာမရသေးသောအချိန် အိမ်လေးတွင် ရယ်ရယ်မောမောဖြစ်စကားများပြောနေသော ဦးထွန်းသာ ဒေါ်ကြွေ နှင့် သားဖြစ်သူ စိုးညွန့်တို့ ဖြစ်ပါလေတော့သည် ။

*အခန်း (၄)

ဦးထွန်းသာ ၊ဒေါ်ကြွေတို့၏ နေအိမ်နည်းတူ ဦးဝင်းမောင်၏ နေအိမ်တွင်လည်း ဆီမီးခွက် အလင်းရောင်လေး အောက်တွင် မနက်စာ စားရင်း နှင့် ပျော်ရွှင် နေကြပေသည်။သို့ပေမဲ့ အိမ်ရှေ့ ခေါင်းရင်းခန်းတွင်တော့ လူငယ်တယောက်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲဖြစ်သည်။ထိုလူငယ်မှာ မိုးဟိန်းဖြစ်ပြီး ဦးဝင်းမောင်၏ သားအငယ်ဆုံးဖြစ်၏။ ဦးဝင်းမောင်ဟု အမည်ရသော လူကြီးသည် မီးကွင်းရွာတွင်တော့ လူရိုးလူအေးကြီးတယောက် ဖြစ်သည်။သူ့၌ သား နှင့် သမီး လေးယောက်ရှိကာ သားနှစ်ယောက် သမီး နှစ်ယောက် ဖြစ်၏။ဇနီးသည်မှာ အငယ် ဆုံးသော သားဖြစ်သူ မိုးဟိန်းအားမွေးပြီး သိပ်မကြာခင် ဆုံးပါး သွားလေသည်။ထို့ကြောင့် ဦးဝင်းမောင်သည် သူ၏ သားသမီး များကို အဖေလိုတမျိုး အမေလို တမျိုး ပြုစုစောင့်ရှောက်ခဲ့သည်။သားတယောက် နှင့် သမီး နှစ်ယောက်မှာ လိမ္မာရေးချားရှိသော်ငြား အငယ်ဆုံးသားမိုးဟိန်းမှာ တမိပေါက် တယောက် ထွန်း ဟု ပြောရအောင်ပင် အတော်ကို ဆိုးသွမ်းသော လူငယ်လေး ဖြစ်သည်။ မိသားစုအား မခင်တွယ် သူလုပ်ချင်သည်များကိုသာ လုပ်၍ မည်သူမှ ဂရုမစိုက်ပေ။ကျန်သော မိသားစုဝင်များမှာ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေချိန် သူသည် အေးဆေးစွာ အိပ်နေသည်။ဖခင်ကြီး ဦးဝင်းမောင် နှင့် ကျန်သော သူများက သူ့အား ဘေးမဲ့ပေးထားလေသည် ။ ဘေးမဲ့ပေးထားသည် ဆိုတာထက် ဥပေက္ခာ ပြုထားသည် ဆိုကပို၍ မှန်မည် ဖြစ်သည်။ဆိုပါစို့ မြင်းတကောင်အား လိမ္မာအောင် သင်ပြရသည် မှာ အဆင့်များစွာရှိ၏။တချို့ဆို့ စကားပြော ရုံ နှင့် သိသည် ။ တချို့ မြင်းများဆိုလျှင် ကြိမ်ပြ လိုက်သည် နှင့် သိ၏ ။ တချို့က ကြိမ်ပြမရ ရိုက်ရသည်။တချို့ မြင်းများ သည် သာမာန်ရိုက်ရုံ နှင့် မရသောအခါ အရေကွာအောင်ရိုက် ပေးရသည်။ထိုသို့ရိုက်သော်လည်း ထိန်း၍မရ ဆက်ပြီးပေကပ်နေသည့်အခါ ‌အကြောများ ပြတ်သည်အထိ ထပ်ရိုက်ရသည် ။ ထိုသို့ရိုက်သည့်တိုင်အောင် ထိန်းမရသော မြင်းအား အသားကို သာ သတ်စားလ်ိုက်ရသည် ဟု အဆို ရှိ၏။ထိုနည်းတူ ဆိုးသွမ်းသော သူများကိုလည်း ပထမ သိမြင်ရှိစေရန် အရိပ်ပြပြီး ပြော ဆိုဆုံးမရ၏။ထိုသို့ပြောသည်ကို မသိသောအခါ သူ့ကို တည့်ပြောရသည်။တည့်ပြောသည်ကိုပင် မသိတင်သေးက နာအောင် ပြောရသည် နာအောင်ပြောသည်ကိုပင် ဆက်၍ ဆိုးသွမ်း နေက ထိုသူအား နောက်ထပ် ဆုံးမခြင်းငှာ မစွမ်းသာတော့ပါ။ထိုသူကိုဖြင့် မည်သို့မျှ အရာမသွင်းပဲ ဥပေက္ခာသာ ပြုရမည် ဖြစ်၏။ ယခုလည်း ဦးဝင်းမောင်သည် သားဖြစ်သူ မိုးဟိန်းအား ချော့ တခါ ခြောက်တလှည့်ဖြင့် လိမ္မာရေးချားရှိအောင် ဆုံးမသော် လည်း မရပေ။ထို့အတွက်ကြောင့် လက်လျှော့ထားလိုက်ရသည်။ထို့နောက် ဦးဝင်းမောင်သည် သူ၏သားငယ် မိုးဟိန်းအကြောင်းတွေးရင်း မနက်စာ ထမင်းစားနေစဉ် သမီးကြီး ရွှေကြည်မှ
“အဖေ အဖေ ”
“ဟေ အေ ”
“ဘာတွေ တွေးနေတာလဲ ခရမ်းချဉ်သီးထောင်း ထည့်စားလေ အဖေ့အကြိုက် ထောင်းထားတာ ”
“ကောင်းပါတယ် သမီးရယ် အဖေကြိုက်ဖို့ အရေးမကြီးဘူး။ နင့်မောင် ကြိုက်ဖို့ အရေးကြီးတယ် ဒီကောင်လေးကလည်း တော်တော်ဟုတ်တဲ့ ကောင် နှစ်တိုင်း ပွေးကိုင်း ရွာနားက လယ်တွေ သွားလုပ်တိုင်း လိုက်တယ် ”
“ဟုတ်ပါ့ သူပါတာလည်း တခုကောင်းတယ် အဖေ ရဲ့ ငွေကြည်ကို စနေတာနဲ့ကို မပျင်းရဘူး သူတို့ကြည့်ပြီး ရယ်နေရတယ် ”
သားအဖများ ထမင်စားရင်း စကားပြောနေကြ၏။မကြာသောအချိန်တွင်တော့ အားလုံးထမင်းစားလို့ ပြီးပြီမို့ ထမင်းတောင်းများနှင့် တခြား လိုအပ်သည့် ပစ္စည်း၊ပစ္စရ များကို လှည်းပေါ်တင်ကာ ဦးဝင်းမောင် မှ လှည်းမောင်းလေသည်။ ရွာလှည်းလမ်းလေးတွင်တော့ တခြားမည်သည့် လှည်း၊နွားမှ ရှိမနေသေးပါ။ဦးဝင်မောင် လှည်းတစီးသာ ရှိ၏ ။ လှည်းလေးသည် တရွေ့ရွေ့သွားနေစဉ် သူတို့ လှည်းရှိရာသိူ့ လူငယ်လေး တဦး လမ်းလျှောက်လာလေသည်။ထိုလူငယ်လေးသည် လှည်းအနီးရောက်သောအခါ
“ဘကြီး နောက်ကျလိုက်တာဗျာ ကျနော်က အိမ်မှာ စောင့်နေတာ မစောင့်နိုင်တာ နဲ့ လမ်းလျှောက်လာတာ ထားခဲ့မှာ ကြောက်ရသေးတယ် ”
“ငါ့တူ စိုးညွန့် မပါရင် ငါတို့ အလုပ်လုပ်ရတာ ပျင်းနေမှာပေါ့ လာ လာ တက်တက် ”
စိုးညွှန့်သည် လှည်းပေါ် တက်လိုက်သောအခါ လှည်းကို ‌နောက်ဘက် လှည့်စီးနေသော ရွှေကြည်သည်
“လာလာ မောင်လေး တက် နင် ကြိုက်တဲ့ ခရမ်းချဉ်သီးနဲ့ ငါးခြောက် ချက်လာတယ် ”
“ကောင်းလိုက်တာ အမရွှေကြည် ရာ ”
“နင်က ခရမ်းချဉ်သီးနဲ့ ငါးခြောက်စား ငါကတော့ ကြက်သားချက်လာတာ ကြက်သားပဲ စားမယ် ”
ငွေကြည်သည် စိုးညွန့်အား စနောက်ပြီး ပြောလိုက်ရာ စိုးညွန့်သည် အမဖြစ်သူအား
“အမက တော့ တော်တော် အကောင်းကြိုက်တာပဲ အဲ့တာကြောင့် မိန်းကလေးတန်မဲ့ ထမင်းလေးလုံးချက် တထိုင်တည်းကုန်အောင်စားနိုင်တာကိုး ကျနော်လည်း ရွာလယ်က ကိုတိုးတို့နဲ့ ဆုံတုန်းလေး အဲ့ဒီ အကြောင်းကို ပြောဖြစ်တယ် ”
“ဘာအကြောင်းလဲ ”
“အမ ဆန်လေးလုံးချက် ကုန်တဲ့ အကြောင်းလေ ”
“နင်တော့နော် ဘာလို့ သူများတွေ ကြားထဲ လျှောက်ပြောနေတာလဲ ”
မကျေမနပ်ဖြစ်သွားသော ငွေကြည်ကြောင့် လှည်းပေါ်မှ ရှိသော သူအားလုံး ပြုံးစစ ဖြစ်ကုန်ကြလေသည် ။ဤသို့ဖြင့် ဦးဝင်းမောင် မောင်းသော နွားလှည်းလေးသည် မီးကွင်းရွာမှ တရွေ့ရွေ့နှင့် ထွက်ခွာသွားပါလေတော့သည်။

*အခန်း (၅)

ဦးဝင်းမောင် မောင်းသော နွားလှည်းလေးသည် မီးကွင်းရွာမှ အထွက် အလင်းရောင်ကောင်းစွာ ရသောအချိန်တွင် မီးကွင်း ရွာ နှင့် ပွေးကိုင်းရွာ ထက်ဝက်မျှတွင် လှည်းကို ခေတ္တ ရပ်လိုက်လေသည်။ထို့နောက် ဦးဝင်းမောင်သည် သူ၏ သားအားကြည့်ကာ
“ငွေသိန်း အဖေတို့ အပေါ်လမ်းကသွားရမလား အောက်လမ်း က သွားရမလား ”
“အင်း မိုးကလည်း စိုနေတယ် ဆိုတော့ အပေါ်လမ်းက ပဲ သွားရအောင်လား အဖေ ”
“အေး ဝန်လည်း မပါဘူးဆိုတော့ အပေါ်လမ်းက သွားကြတာပေါ့ ”
အပေါ်လမ်း အောက်လမ်း ရွေးနေရခြင်းမှ အကြောင်းရှိ၏။ မီးကွင်းရွာ နှင့် ပွေးကိုင်းရွာ အလယ်တွင် ဦးစံမျဂျပ် ဟု အမည်ရသော တောင်နှစ်တောင် ၏ အလယ်တွင် ချိုင့်ဝှမ်းလမ်းလေးရှိ၏။ထိုလမ်းသည် တောင်ကြားလမ်းဖြစ်သည့် အလျောက် အန္တရာယ်များသော လမ်းဖြစ်၍ ဝန်များလျှင် တောင်ပေါ်လမ်းအား နွားများမရုန်းနိုင်သောအခါမှ အရဲစွန့်ပြီး ထိုလမ်းကို အသုံးပြုကြရသည်။ယခု ဦးဝင်းမောင်သည် တောင်ပေါ်လမ်းမအား အသုံးပြုလိုက်ခြင်းဖြစ်သည်။နွားနှစ်ကောင်သည်လည်း အေးဆေးစွာဖြင့် တောင်‌ပေါ်လမ်းလေးအတိုင်း ဖြတ်သန်းသွားရာ နေလုံး နီနီကြီး စထွက်လာချိန်တွင်တော့ လယ်ရှိရာသို့ ရောက်ပြီဖြစ်သည်။လယ်ထဲ ရောက်သောအခါ သိန်းငွေသည် နွားနှစ်ကောင် နှင့် သမန်းနယ်နေလေသည်။ရွှေကြည် နှင့် ငွေကြည်တို့ ညီအမနှစ်ယောက်မှာ လယ်ထဲရှိ အမှိုက်သရိုက်များကို ရှင်းလင်းနေပြီး ကန်းသင်း ဆယ်နေသည်။ဦးဝင်းမောင်သည်က ရေမြောင်းများကို ဖော်နေပြီး စိုးညွန့်သည်သာ ဟိုဘက်သွားလိုက် သည်ဘက် သွားလိုက်နှင့် စကားများနေသည် ။ရွေကြည် နှင့် ငွေကြည်သည် မောင်ဝမ်းကွဲ စိုးညွန့်အား သူ၏ မောင်အရင်းမိုးဟိန်းထက်ပင် သံယောဇဉ်ပိုကြလေသည်။အရွယ်ချင်းမှာ အတူတူဖြစ်သော်ငြား မိုးဟိန်းသည် အရက်ကလေး တမျမျ နှင့် အတော်ကို အကျင့် စာရိတ္တ ပျက်ပြားနေပြီဖြစ်၏။ထို့အတွက် သူမတို့၏မောင် အရင်းထက်ပိုပြီး လိမ္မာရေးချား ရှိသော စိုးညွန့်အား ပိုချစ်ခင်ခြင်း ဖြစ်န်ိုင်သည်။ထို့နောက် ငွေကြည်သည် စိုးညွန့်အား
“စိုးညွန့် နင်က ငါတို့ နောက်လိုက်ပြီးဘာလုပ်တာလဲ ပြောစမ်းပါဦး ဟိုယောင်‌ယောင် ဒီယောင်ယောင် နဲ့ တခုတော့ ကောင်းပါတယ် နင်လမ်းလျှောက်တာနဲ့ အကိုသိန်းဝေတောင် သမန်း နယ်စရာမလိုဘူး သမန်းက ညက်တော့မယ် ”
“အမ‌ကတော့ ရွဲ့နေပြန်ပြီ ကျနော်မပါရင် အမတို့ ပျင်းနေတာ မဟုတ်လား ”
“အမလေးတော့ နင့်ကိုယ်နင် ရွာက လူပျက်ဦးပါလေး များထင်နေလားမသိဘူး”
“အမနော် အဲ့လို အပြောအဆိုကြောင့် ကြိုက်မဲ့လူ မရှိတာ အမ ရွှေကြည်ဆို သူ့ကို ကြိုက်တဲ့ သူတွေများ ပုံလို့ ”
ရွှေကြည်သည် လယ်၊ကန်သင်းကို ပေါက်တူး နှင့် ပေါက်ကာ ဆင့်နေရင်းမှ မောင်ဖြစ်သူ စိုးညွန့် နဲ့ ညီမ ဖြစ်သူ ငွေကြည်တို့ စကားပြောနေသည်ကို နားထောင်ကာ ပြုံးစစ နှင့် အလုပ် လုပ်နေသည်။စိုးညွန့်သည်က အတော်စကားများသည်ဟု ဆိုရမည်။ ငွေကြည် နှင့် စကားမပြောချင်တော့သောအခါ အမကြီး ရွှေကြည်ကိုကြည့်ပြီး
“အမ ရွှေကြည် မသိလို့ တခု မေးမယ် နော် ”
“မေး လေ ”
“ကျနော် မေးမယ် မေးမယ် နဲ့ မမေးဖြစ်တာ အမတို့ကို ဘာလို့ မုန့်နာမည်တွေ ပေးထားရတာလဲ တယောက်က ရွှေကြည် တယောက်က ငွေကြည် နဲ့ ကျနော်တို့ သီတင်းကျွတ် မုန့်လုပ်လို့ ရွှေကြည် ငွေကြည် မုန့်ဗန်းတွေ မြင်ရင် အမတို့ မျက်နှာ ကြီးတွေ တွေ့နေရတယ်။ကျနော့်အထင် ဘကြီးက မုန့် ကြိုက်လို့ အမတို့ကို အဲ့နာမည် တွေပေးထားတာ လားမသိဘူးနော် သိတယ် မဟုတ်လား ဘကြီးက ရွှေကြည် ငွေကြည် မုန့်ဆို သိပ်ကြိုက်တာ ”
“ဟဲ့ကောင်လေး နင်ကတော့နော် ပြောလေကဲလေ သွား သွား ဟို အပင်အောက်မှာ ထမင်းစားဖို့ ဖျာသွားခင်းထားလိုက် ”
“အမ ကတော့ အလုပ်တောင် မလုပ်ရသေးဘူး ထမင်းစားမလို့ ပြင်နေပြီ လား ”
“ကဲ ဒီကောင်လေးတော့နော် ပေါက်တူးနဲ့ ပေါက်လိုက်ရ ”
ငွေကြည်သည် မောင်ဖြစ်သူအား မာန်မဲလိုက်သည့်အခါမှ သူတို့ အနားက ထွက်သွားကာ လှည်းပေါ်ရှိ ဖျာကို အောက်သို့ ယူပြီး ပေါက်ပင်ကြီးအောက်ခြေတွင် ခင်းလိုက်ကာ ထမင်း တောင်းများကို ချလိုက်လေသည်။ထို့နောက် စိုးညွန့် သည်
“ဆရာမကြီး ‌ဒေါ်ငွေကြည် ပြီးပါပြီ ခင်ဗျ ”
“အေးအေး အဖေ နဲ့ အကို့ကို ခေါ်လိုက်ဦးမယ် ”
ငွေကြည်သည် မောင်ဖြစ်သူကို စကားပြန်ပြောပြီး နောက် သမန်းနယ်နေသော အကိုအား
“အကိုကြီး ငွေသိန်း ထမင်းစားမယ် အဖေ ထမင်းစားမယ် နေတောင် မွန်းတည့်တော့မယ် ”
“အေးအေး ဒီအတန်းလေး ပြတ်ရင် လာခဲ့မယ်ဟေ့ ”
“ဟုတ်ကဲ့ အကို ”
ငွေကြည်သည်လည်း သူမ၏ ပေါက်တူးမှ မြေများကို ကန်သင်းတွင် ခါလိုက်ကာ
“အမ ထမင်းသွားစားရအောင် ဟောဟိုမှာ မိုးတွေ က တက်လာတာ ရွာများ ရွာမလားမသိဘူး ”
“ဟုတ်ပါ့ အစောကြီး ရှိသေးတယ် မိုးက တက်လာပြီ ”
ညီအမနှစ်ယောက် ပေါက်တူး ကိုယ်စီ နှင့် စနေထောင့်မှ တက်လာသော မိုးသားတိမ်လိပ်များကို ကြည့်ကာ စကားဆိုရင်း စိုးညွန့် ရှိရာ ထမင်း၀ိုင်းဆီသို့ သွားလိုက်ကြပါတော့သည်။

*အခန်း (၆)

ရွှေကြည် နှင့်ငွေကြည်သည် ထမင်းတောင်းထဲမှ ပန်းကန် ခွက်ယောက် ‌များကို ယူပြီးထမင်းခူးခပ်ပေးနေသည်။မကြာသောအချိန်တွင် သိန်းငွေ နှင့် ဦးဝင်းမောင် ရောက်လာပြီး ထိုင်နေသော စိုးညွန့်အား
“ငါ့တူကြီး ပင်ပန်းသွားပြီလားကွ ”
“ဘကြီးကတော့ နောက်ရော့မယ် ကျနော်က မပင်ပန်းပါဘူး အမ ရွှေကြည်သာ ပင်ပန်းတာ ”
“ဟေ့ ဟုတ်လား ဘာလို့လဲကွ ”
စိုးညွန့်သည် ဦးဝင်းမောင်၏ အမေးကိုဖြေမည် ကြံနေစဉ် ထမင်းပန်းကန် တချပ်ကို ထမင်းခူးပြီး သူ၏ လက်ကိုကမ်းပေးကာ
“ရော့ ကောင်လေး စကားများမနေနဲ့ ထမင်းစားစရာရှိတာ စား အဖေ့ကို ပေါက်ကရ ပြောဖို့ မစဉ်းစားနဲ့ ”
“ပြီးရော ပြီးရော ”
ငွေကြည်သည် သူမအား မကျေမနပ် နှင့် ထမင်းစားနေသော မောင်ဝမ်းကွဲဖြစ်သူ၏ ထမင်းပန်းကန်ထဲသို့ ခရမ်းချဉ်သီးချက် ဟင်းအား ခပ်ထည့်ပေးလိုက်ရင်း
“ရော့ စား နင် ကြိုက်တတ်မှန်းသိလို့ ငါချက်လာတာ ငါ့ကို မကျေမနပ်ဖြစ်မနေနဲ့ မနေနဲ့စား ”
“သိတယ် အမက စေတနာကောင်းတယ် အပြောပဲ ဆိုးတယ် ”
“သိပြီးရော ”
မောင်နှမ နှစ်ယောက် တကြိတ်က်ြိတ်နှင့် ရန်ဖြစ်နေသည်ကို ထမင်းစားနေသော ကျန်သောသူများသည် ထမင်းစားရင်း ပြုံးကြည့်နေကြသည် ။ထို့နောက် ထမင်းကို ပြီးအောင်စားပြီး သော အခါ ပေါက်ပင်ကြီး၏ အောက်ခြေတွင် ခေတ္တ နားနေရင်း ဦးဝင်းမောင် မှ စကားဆိုလေသည် ။
“ငါတို့တွေ စောစော ပြန်ရမယ်ဟေ့ မိုးတွေက တက်လာပြီ မိုးရွာရင် လှည်းမောင်းရတာ မကောင်းဘူး ”
“အဖေ မိုးလေးအုံ့နေတုန်း လက်စလေး သပ်လိုက်ချင်သေးတယ် အဖေ”
“အေး အဲ့တာဆိုလည်း ခ‌ဏနေစတော့ သမီးတို့နှစ်ယောက်ကတော့ သိမ်းစရာရှိတာတွေ သိမ်းပြီး မြက်လေး ရိတ်လိုက်ဦး ”
“ဟုတ် အဖေ ”
“ကဲကဲ အဲ့ဒါဆိုရင်လည်း စကြတော့ကွယ် စောစော ပြီး စောစော ပြန်ရတာပေါ့ ”
ဦးဝင်းမောင်၏ စကားဆုံးသောအခါ သိန်းငွေ သည် နွားနှစ်ကောင်ကို ဆွဲကာ သမန်းနယ်ရန် ပြင်ဆင်နေသလို ရွှေကြည်၊ငွေကြည် ညီအမသည် လည်း မြက်ရိတ်ရန် ထွက်သွားလေသည်။ ဦးဝင်းမောင်သည် ပေါက်တူးကို ပုခုံးပေါ်ထမ်းပြီး ပုဆိုးတိုတို ဝတ်ကာ လယ်ထဲ ဆင်းသွားလေ၏။စိုးညွန့်သည် ထမင်းတောင်း များကို သိမ်းဆည်းပြီး ဖျာကို လှည်းပေါ်ပြန်ခင်းကာ ပြင်ဆင်နေပါလေတော့သည်။

*အခန်း (၇)

မိုးများသည် တဖွဲဖွဲကျလာလေသည် ။စနေ့ထောင့်မှ မိုးများသည် အလိပ်လိုက် အလိပ်လိုက် တက်လာလေသည်။ ထိုမိုးသားတိမ်လိပ်များ မရောက်မီ မိုးများသည် တစ နှင့် တစ သည်းလာလေ၏။မိုးဖျောက်ဖျောက် အသံများကို ဖောက်ထွင်း ပြီး အော်လိုက်သော ဦးဝင်းမောင်၏အသံကြောင့် အားလုံး လှည်းရှိရာ သို့ ရောက်လာကြသည် ။
“ဟေ့ သားတို့ သမီးတို့ရေ ပြန်ကြမယ်ဟေ့ နောက်နေ့မှ ဆက် လုပ်ကြတာပေါ့ ”
ရွှေကြည်၊ငွေကြည် ညီအမသည် သူတို့ ရိတ်ထားသော မြက်ထုံးများကို လှည်းပေါ် တင်လိုက်ကြသည်။ကိုသိန်းငွေ လည်း လှည်းကို ကောက်လိုက်ပြီး
“အဖေ လှည်းကောက်ပြီးပြီ ပြန်ကြရအောင် ”
“အေး အေး လယ်ထဲမှာလည်း အလုပ်က မပြီးသေးဘူးကွာ မိုးကလည်းရွာလာပြီ ကန်သင်းတွေက တင်ရဦးမှာ”
“ဟုတ်ပ အဖေရာ နောက်မှပေါ့ လာ လာ တက် တက် ”
သူတို့ သားအဖတို့သည် သူတို့၏ လယ်ကိုသာ စိတ်ရောက်နေသည်။သူတို့ နည်းတူ စိုးညွန့်သည်လည်း လယ်ထဲတွင် ပုဇွန်လုံး နှိုက်ချင်နေသည်။ထို့ကြောင့် လယ်ထဲမှ မပြန်ချင်သေးပေ။ ဤသို့ဖြင့် ဦးဝင်းမောင်တို့သည် လှည်းလေးပေါ်တက်၍ မီးကွင်းရွာသို့ အပြန်ခရီးကို စတင်လိုက်ကြပါတော့သည်။
ငွေသိန်းမောင်းသော လှည်းလေးသည် တရွေ့ရွေ့ နှင့် သွားနေ၏။မိုးတို့သည် သည်းလွန်းသည့် အပြင် လေပြင်းတို့သည်လည်း တိုက်၏။ထိုမိုး ထိုလေများကို အံတုပြီး လှည်းလေးသည် ပွေးကိုင်း နှင့် မီးကွင်းရွာအလယ်ရှိ ဦးစံမြဂျပ် သို့ ရောက်လာပြီဖြစ်သည်။အပေါ်လမ်းတွင်တော့ လှည်းတစီး လမ်းကျွံနေ၍ နွားတွေကို ဖြုတ်ပြီး လှည်းချည်းထားခဲ့ ပုံပေါ်၏။လှည်းပေါ်တွင်တော့ ထင်းများ အပြည့် တင်ထားရာ နွားမရုန်းနိုင်တော့၍ ဒီအတိုင်း လမ်းပေါ် လှည်းကို ပစ်ထားခဲ့ဟန်ရှိ၏။ဦးဝင်းမောင်သည် ထိုလှည်းကို တွေ့သောအခါ အပြစ် တင်ပြောဆိုလေသည်။
“လေတွေ မိုးတွေ တိုက်ပါတယ်ဆိုမှ အပေါ်လမ်းက ပိတ်နေပြန်ပြီလား”
“ဟုတ်တတ် အဘရ လှည်းကြီး‌က နောက်မြီးလန်နေပြီ။ဖယ်လို့လည်း ရမှမဟုတ်ဘူး ကျနော်တို့တော့ အောက်လမ်းက သွားရမယ် ထင်တယ် ”
“အေးပေါ့ကွာ သူတို့လည်း မတတ်နိုင်လို့ ရွာထဲ လူသွားခေါ်တာထင်တယ် ကဲ ကဲ အောက်လမ်းကပဲ မောင်းတော့ ”
သိန်းငွေသည် သူ၏ ဖခင်စကားကြောင့် ချိုင့်ဝှမ်းလမ်းထဲ မောင်းလိုက်လေသည်။လှည်းတစီးမောင်းရုံသာရှိပြီး ဘေးတွင် မြေနံရံ များဖြစ်၏။သူတို့သည် တောင်ကြားလမ်းလေးအတိုင်းမောင်းလာရာ ချိုင့်ဝမ်းအလယ် အရောက်တွင် သစ်ပင်တပင် လဲကျသံ နှင့် အတူ သူတို့ အပေါ်သို့ ပြိုင်တူ မော့ကြည့်လိုက်ချိန် ကြီးမားသော မြေထု မြေသားများသည့် သူတို့၏ မြင်ကွင်းကို မဲမှောင်စေပြီး အမှောင်အတိကျသွားစေပါလေတော့သည်။

*အခန်း (၈)

ဦးဝင်းမောင်သည် မြေများ ဖုံးလွမ်းနေသော ချိုင့်ဝမ်းထဲမှ ထွက်လာလေသည်။သူခံစားမိသည်က လယ်ထဲသွားရန်သာဖြစ်၏။သူသည် တောင်ကြားလမ်းလေးမှ ထွက်ပြီးလမ်း လျှောက်လာစဉ် တောင်ကြားလမ်းအတက်၌ သူ့အားစောင့်နေဟန်ရှိသော လူတစုကို တွေ့လိုက်ရသည်။သူတို့သည် မြေမှုန်များပေနေပြီး အခြားသူများမဟုတ်ဘဲ သားဖြစ်သူ ငွေသိန်း၊ သမီး နှစ်ယောက်ဖြစ်သော ရွှေကြည်၊ငွေကြည် နှင့် တူစိုးညွန့်တို့ဖြစ်သည် ။ထိုအထဲမှ ငွေသိန်းသည်
“အဖေ ဘာတွေငေးနေတာလဲ လာတော့လေဗျာ လယ်ထဲသွား ရမှာလေ အဲ့တာ ကျနော်တို့ အလုပ်တွေကျန်နေသေးတယ် ”
“အေး ဟုတ်တယ်ဟာ ငါက ဘယ်သွားရမလဲ ဘာလုပ်ရမလဲ စဉ်းစားနေတာ ”
“လယ်ထဲပဲ သွားစရာရှိတာကို ကျနော်တို့က ဘယ်သွားစရာရှိလို့လဲ ”
ဤသို့ဖြင့် ဦးဝင်းမောင်တို့ မိသားစုသည် ပွေးကိုင်းရွာရှ်ိ သူတို့၏ လယ်ဆီသို့သွားနေကြပါလေတော့သည် ။သူတို့ မသိသည်က မြေပြို၍ ပိသွားသော ‌သူတို့၏ အလောင်းများကို တူးဖော်နေသည်ကို ပင် ဖြစ်ပါလေတော့သည်။

*အခန်း (၉)

ဒေါ်ကြွေသည် သူမ၏ အကိုနှင့် တူ၊တူမများ ထို့နောက် သားဖြစ်သူတို့ မြေပြို၍ လှည်း နှင့် နွားပါ ပိသွားသည့် အကြောင်းကိုပြောပြီး မျက်ရည်များ ကျလာလေသည်။ထို့နောက် ဦးဖိုးဝေသည် ကျတ်လယ် မှ ပရလောကသားများအကြောင်း သိပြီးဖြစ်ပြီး သူတို့အား ချုပ်နှောင်ထားသော လူအား သိရန်လိုသေးသည်ဖြစ်ရာ


“ကဲ ကဲ တူမကြီး ပြောပြလို့ အကြောင်းစုံတော့ သိပြီ ဒါပေမဲ့ သူတို့ကို ချုပ်ပြီး စေခိုင်းနေတဲ့သူရှိတယ် အဲ့ဒီ လူကိုဖော်ထုတ်ရဦးမယ် ”
“အဲ့လူက ဘယ်သူမှ မဟုတ်ဘူး ဦးလေး မိုးဟိန်းဆို‌တဲ့ ကောင်ပဲ ဖြစ်မယ် ဟိုတလောက အောက်လမ်း ဆရာလိုလို ဘာလိုလို လူကို ခေါ်လာပြီး သူ့အိမ်မှာထားတယ် ပွေးကိုင်းက အကိုကြီး လယ်တွေကို ရောင်းပြီးမှ အဲ့လူကို ခေါ်လာတာ ”
“ဟုတ်လား အဲ့တာဆို အဲ့ဒီ မိုးဟိန်း ဆိုတဲ့ ကောင်လေးဘယ်မှာများ ရှိမလဲ ”
“ကျမလည်း သေချာ မသိဘူး သိနိုင်တဲ့ သူတယောက်တော့ရှိတယ် အဲ့ဒီကောင်ကတော့ ရွာနောက်ပိုင်းက စိုးလွင်ဦး ဆိုတဲ့ကောင်လေးပဲ သူတို့က အမြဲတတွဲတွဲဆိုတော့ သိမယ် ထင်တယ် ”
“ကျေးဇူးပါ တူမကြီး နောင်များ မကျွတ်မလွတ်တဲ့ သူတွေ အတွက် ရည်စူးပြီး အလှူအတန်း လုပ်ဖို့ လိုလာရင် လုပ်ပေးနိုင်မလား ”
ဦးဖိုးဝေ၏ အမေးစကားကို ဦးထွန်းသာသည်
“ရတာပေါ့ ဆရာကြီးရယ် ရတာပေါ့၊ကျုပ်ယောက်ဖကြီးက ယောက်ဖ ဆိုပေမဲ့ အကိုအရင်းလိုပါပဲ ပြီးတော့ ကျနော့် တူတွေ တူမတွေကလည်းမိန်းမ နဲ့ ပတ်သတ်မှ အမျိုးတော်ရတယ် ဆိုပေမဲ့ တကယ် ကျနော့် သားနဲ့ တူတူပါပဲဗျာ လိုအပ်တာ ရှိရင်သာ ပြောပါ ဆရာကြီး ”
ဖိုးဝေသည် ခေါင်းကို ညိတ်ပြီး အသိအမှတ်ပြုလိုက်ကာ စိတ်မကောင်းဖြစ်နေသော ဦးထွန်းသာ နှင့် ဒေါ်ကြွေအား နှုတ်ဆက်ကာ မိုးဟိန်းရှိသော နေရာကို သိသည့် စိုးလွင်ဦးဆိုသော လူငယ် ရှိရာသို့ သွားနေကြပါလေတော့သည်။

ပြီးပါပြီ။

မောင်တင်ဆန်း

Leave a Comment